← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉) ဒါက သတ်ဖြတ်ခြင်း နိယာမ မဟုတ်ဘူး

​လုံချန်းသည် သူ၏ ဝိညာဉ်အာရုံဖြင့် အခန်းထဲသို့ ကြည့်လိုက်သောအခါ အဝတ်အစားမပါသော တန်ရှာသည် ထိုင်ခုံတစ်ခုံပေါ်တွင် မှီနေပြီး သူ၏ ပေါင်ပေါ်တွင် မှင်စာ အမျိုးသမီးတစ်ဦးကလည်း အဝတ်မဲ့လျက်ပင် လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ ထိုသို့သော ရမ္မက်ဆန္ဒ ပြင်းပြနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်နှင့် လုံချန်းသည် သူ၏ ဝိညာဉ်အာရုံအား ချက်ချင်း ပြန်ရုတ်သိမ်းလိုက်လေတော့သည်။

​လုံချန်းသည် ဘာမှမသိသလို ဟန်ဆောင်ကာ တံခါးကိုသာ ခေါက်လိုက်၏။

​"ဘယ်... အင့်... ဘယ်သူလဲ" အခန်းထဲမှ ပြင်းထန်သော အသက်ရှူသံများနှင့် ညည်းညူသံများ ရောပြွမ်းလျက် ထွက်ပေါ်လာသည်။

​"ကျုပ်ပါ၊ အခု အလုပ်ရှုပ်နေလို့လား" လုံချန်းက သိလျက်နှင့် တမင် မေးလိုက်သည်။

​လုံချန်း၏ အသံကို ကြားလိုက်ရသည်နှင့် အထဲမှ တစ်ခုခု ပြိုလဲကျသွားသည့် အသံအကျယ်ကြီး ထွက်လာ၏။

​"အာ... ဆရာကြီးချန်းပါလား။ အရှင်... ခဏလေး စောင့်ပါဦး၊ ကျွန်တော် အခုပဲ တံခါးဖွင့်ပေးပါ့မယ်" အထဲမှ အလျင်အမြန် ပြန်ထူးသံ ထွက်လာသည်။

​"ရပါတယ်၊ အေးအေးဆေးဆေး လုပ်ပါ။ ကျုပ် ဒီမှာပဲ စောင့်နေပါ့မယ်" လုံချန်းက ပြန်ပြောလိုက်၏။

​မကြာမီမှာပင် တန်ရှာက အဝတ်အစားများကို စနစ်တကျ ပြန်ဝတ်ပြီး တံခါးဖွင့်ပေးလာသည်။

​"ခင်ဗျားက စာကြည့်ခန်းထဲမှာပဲ အမြဲ ရှိနေတာဆိုတော့ စာဖတ်ရတာ တော်တော် ဝါသနာပါပုံရတယ်" လုံချန်းက ပြုံးလျက် အခန်းထဲသို့ ဝင်ကာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း မေးလိုက်သည်။

​"အာ... ဟုတ်တာပေါ့။ ကျွန်တော်က စာဖတ်ရတာ တကယ် ဝါသနာပါတယ်။ လူတွေ ပြောလေ့ရှိတဲ့ စကား ရှိတယ် မဟုတ်လား။ စာအုပ်တွေဆိုတာ ကမ္ဘာကြီးကို လှည့်လည်ကြည့်ရှုဖို့ တံခါးပေါက်တွေပဲလေ။ ဟားဟား" တန်ရှာက ပျာပျာသလဲနှင့် ရယ်မောရင်း ပြန်ဖြေသည်။

​"အဲဒါလည်း ဟုတ်တာပဲ။ ဒါနဲ့ ခင်ဗျားရဲ့ အဲဒီ တံခါးပေါက်ကြီးထဲမှာ သူက ဘာလုပ်နေတာလဲ" လုံချန်းက စာအုပ်ပေါ်က ဖုန်များကို လိုက်သုတ်နေသော အစေခံမလေးအား လက်ညှိုးထိုးပြလိုက်သည်။

​"ဪ... သူလား။ သူက အခန်း သန့်ရှင်းရေး လုပ်ပေးနေတာပါ" ထန်းရှာက ပြန်ဖြေ၏။

​"သူ ဘာတွေ သန့်ရှင်းရေး လုပ်နေတာလဲ။ ကျုပ်ကြည့်ရသလောက်တော့ သူက သန့်ရှင်းပြီးသား နေရာတွေကိုပဲ ထပ်ပြီး ဖုန်သုတ်နေသလိုပဲ" လုံချန်းက သူ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့ အသည်းအသန် ကြိုးစားနေသည့် တန်ရှာအား စနောက်လိုက်သည်။

​တန်ရှာမှာ ဘာပြန်ပြောရမှန်းမသိဘဲ အကျပ်ရိုက်နေစဉ်မှာပင် လုံချန်းက စကား ဆက်ပြောလိုက်သည်။

​"ဘာပဲဖြစ်ဖြစ် ကျုပ် စကားအများကြီး ပြောနေဖို့ အချိန်မရှိဘူး။ ကျုပ် ခဏလောက် ကျင့်ကြံဖို့အတွက် ခင်ဗျားတို့ရဲ့ ဘုရားကျောင်းကို သွားဦးမယ်။ ဘယ်သူ့ရဲ့ အနှောင့်အယှက်မှ မလိုချင်ဘူး၊ ဒါကြောင့် ဘုရားကျောင်းထဲကို ဘယ်သူ့ကိုမှ အဝင်မခံနဲ့" လုံချန်းက အမိန့်ပေးသလို ပြောကာ အခန်းထဲမှ ထွက်လာခဲ့သည်။

​"ကောင်းပါပြီ" တန်ရှာက ဘာမှ မစဉ်းစားဘဲ ပြန်ပြောလိုက်၏။

​'နေဦး... ငါ ကိုယ့်လျှို့ဝှက်ချက်ကို ဖုံးဖို့ပဲ စိတ်စောနေလို့ သူ ဘာလို့ ပြန်ရောက်လာတာလဲ ဆိုတာနဲ့ သရဲမျိုးနွယ်စုမှာ ဘာဖြစ်ခဲ့လဲဆိုတာ မေးဖို့တောင် မေ့သွားတယ်' တန်ရှာသည် သတိရသွားသည်နှင့် သူ၏ ဦးခေါင်းကို ရိုက်လိုက်မိသည်။ သူသည် လုံချန်း၏ နောက်သို့ အပြေးအလွှား လိုက်သွားလေသည်။

​"ဆရာကြီးချန်း" တန်ရှာသည် အိမ်ထဲမှ ထွက်ခါနီး လုံချန်းကို လှမ်းခေါ်လိုက်သည်။

​"ဘာလဲ" လုံချန်းက သိလိုစိတ်ဖြင့် မေးလိုက်၏။

​"အရှင့်အချိန်ကို ယူမိတဲ့အတွက် အားနာပါတယ်၊ ဒါပေမဲ့ သရဲမျိုးနွယ်စုမှာ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲဆိုတာ ကျွန်တော် မမေးဘဲ မနေနိုင်လို့ပါ။ သရဲမျိုးနွယ်စုက ကျွန်တော်တို့ထက် ပိုပြီး ခမ်းနားသလို အရှင် လိုချင်တဲ့ အရာလည်း သူတို့ဆီမှာ ရှိတာပဲ မဟုတ်လား။ အဲဒီမှာ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ" တန်ရှာက မေးခွန်းများ တသီတတန်း မေးလိုက်သည်။

​"ခင်ဗျားက ကျုပ်ကို ဒီမှာ မနေစေချင်ဘဲ သရဲမျိုးနွယ်စုမှာပဲ နေစေချင်နေသလိုပဲနော်" လုံချန်းက ပြုံးလျက် စနောက်ကာ မေးလိုက်သည်။

​"အဲဒါ... အဲလို မဟုတ်ပါဘူး။ အရှင်ကိုယ်တိုင် အဲဒီကို သွားချင်ခဲ့တာဆိုတော့ ဘာဖြစ်ခဲ့လဲဆိုတာ သိချင်ရုံသက်သက်ပါ" တန်ရှာက စကားလုံး ပြန်ပြင်ကာ မေးလိုက်၏။

​"ဘာမှ အရေးကြီးတာ မဖြစ်ပါဘူး။ ဘုရင်မက သလင်းကျောက်တွေကို ကြည့်ဖို့ ငြင်းလိုက်လို့လေ။ နောက်ပြီး ကျုပ်က အဲဒီနေရာကို သိပ်သဘောမကျဘူး၊ ခင်ဗျားတို့ မျိုးနွယ်စုကိုပဲ သတိရနေတာနဲ့ ပြန်လာခဲ့တာ။ ခင်ဗျားတို့ဆီက သလင်းကျောက်ကိုပဲ ဆက်ပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

​"ဪ... အရှင်က အသေးစိတ်တွေကို ချန်ခဲ့မှန်း ကျွန်တော် သိပေမဲ့ နားလည်ပါပြီ။ ဘုရားကျောင်းမှာ သွားပြီး လေ့လာနိုင်ပါတယ်။ အရှင် ပြန်ထွက်မလာမချင်း ဘုရားကျောင်းနားကို ဘယ်သူမှ မချဉ်းကပ်စေဖို့ ကျွန်တော် အစောင့်တွေကို အမိန့်ပေးထားလိုက်ပါ့မယ်" တန်ရှာက ပြုံးလျက် ပြောလိုက်၏။

​"ခင်ဗျားက ဘုရင်မထက် အများကြီး ပိုပြီး အမြော်အမြင် ရှိပါတယ်" လုံချန်းက ထိုသို့ပြောကာ ထွက်သွားလေတော့သည်။

​'သူ ပြောတဲ့ ဘုရင်မထက် ပိုပြီး အမြော်အမြင် ရှိတယ်ဆိုတာ ဘာကို ဆိုလိုတာပါလိမ့်' တန်ရှာ တွေးနေမိသည်။

​သူသည် သူ၏ ကိုယ်ရံတော်ကို ခေါ်ကာ ဘုရားကျောင်းပတ်ဝန်းကျင်သို့ မည်သူမျှ မဝင်စေရန်နှင့် ဆူညံသံများ မပြုလုပ်စေရန် အမိန့်ပေးလိုက်သည်။ အစောင့်က မြင်းစီး၍ အလျင်အမြန် ထွက်သွားပြီးနောက် တန်ရှာသည်လည်း အိမ်ထဲမှ ထွက်ကာ ဒုတိယခေါင်းဆောင်ရွှီ၏ အိမ်သို့ လျှောက်သွားလေသည်။

​လုံချန်းသည် ဆက်လက် လျှောက်လှမ်းလာပြီး ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့သည်။ အစောင့်များမှာ မြင်းစီး၍ အရင်ရောက်နေသော ကိုယ်ရံတော်ကြောင့် ခေါင်းဆောင်၏ အမိန့်ကို သိရှိပြီး ဖြစ်ကြသည်။ လုံချန်းသည် ဘုရားကျောင်းထဲသို့ အေးအေးဆေးဆေး ဝင်ပြီး တံခါးကို ပိတ်လိုက်၏။

​"ဟေး... ရွှင်း" လုံချန်းက လှမ်းခေါ်လိုက်သည်။

​"ဘာလဲ" ရွှင်းက သူ၏ အနားတွင် ချက်ချင်း ပေါ်လာသည်။

​"ငါ တစ်ခု စဉ်းစားမိလို့။ ငါ ဒီမျိုးဆက်သွေးကို ရထားကတည်းက နင်က ငါ့ရဲ့ ဝိညာဉ်အစောင့်အရှောက် ဖြစ်နေတာဆိုတော့ ငါ တမင် ကြားစေချင်မှ နင်က ငါ့အတွေးတွေကို ကြားနိုင်တယ် ဆိုပေမဲ့ ငါမြင်သမျှကိုတော့ နင် မကြည့်ချင်လည်း မြင်နေရတာ မဟုတ်လား" လုံချန်းက ရွှင်းကို ကြည့်ကာ မေးလိုက်သည်။

​"ဟုတ်တယ်၊ နင် မြင်သမျှကို ငါ မြင်ရတယ်" ရွှင်းက အမှန်တရားတစ်ခုအား ပြောနေသကဲ့သို့ ခေါင်းလေးကို အပေါ်အောက် ညိတ်ရင်း ပြောလိုက်၏။

​"ဒါဆိုရင် ဒီနေ့ စောစောက ငါ မြင်ခဲ့တာတွေကိုလည်း နင် မြင်ခဲ့တာပေါ့" လုံချန်းက သူမကို ကြည့်ကာ မေးလိုက်သည်။

​"နင် မြင်သမျှ အကုန်လုံးကို ငါ မြင်ရတာပဲ၊ နင် ဘာတွေ ပြောနေတာလဲ" သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။

​"ငါ့ရဲ့ ဝိညာဉ်အာရုံနဲ့ မြင်လိုက်ရတဲ့ အရာလေ" လုံချန်းက ဆိုသည်။

​"ဪ... အဲဒါလား၊ မြင်တာပေါ့။ အဲဒါ ဘာဖြစ်လဲ" သူမက ထူးမခြားနားသော မျက်နှာပေးဖြင့် မေးလိုက်၏။

​"နင် နင့်ရဲ့ အာရုံတွေကို အပြင်က အရာတွေ မမြင်ရအောင် ပိတ်ထားလို့ ရမလား" လုံချန်းက မေးလိုက်သည်။

​"ရတာပေါ့၊ ဒါပေမဲ့ အဲဒီလို ခံစားချက်ကို ငါ မကြိုက်လို့ ဘယ်တော့မှ မလုပ်ဘူး" ရွှင်းက အပြစ်ကင်းစင်စွာ ပြန်ပြောသည်။

​"နောက်ဆို ငါ့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ အဲဒီလို ခဏလောက် ပိတ်ထားသင့်တယ်။ နင်က ငယ်သေးတယ်လေ၊ ဒီလို အရာတွေကို မမြင်သင့်ဘူး" လုံချန်းက တည်တည်တံ့တံ့ဖြင့် ပြန်ပြောလိုက်၏။

​"ဪ... ငါက ဘာတွေကို မမေးရမှာလဲ။ ဟို မှင်စာ မိန်းကလေးရဲ့ နောက်ကနေ မြင်းစီးလာတုန်းက နင် ဖြစ်သွားတဲ့ အရာမျိုးလား" ရွှင်းက ပြုံးစစဖြင့် မေးလိုက်သည်။

​"အဲ... အဲဒါက ဘာမှ မဟုတ်တဲ့ သဘာဝ တုံ့ပြန်မှုပါ၊ စောစောက မြင်ခဲ့ရတာတွေလို ညစ်ညမ်းတာ မဟုတ်ဘူး" လုံချန်းက မျက်နှာနီမြန်းလျက် ချောင်းဟန့်ကာ အတည်ပြောလိုက်ရသည်။

​"မပူပါနဲ့ ကောင်လေးရာ၊ ငါက မြင်ရတာသာ ငယ်တာ၊ နင့်ထက် အများကြီး အသက်ကြီးပါတယ်။ နင် ပြောတဲ့ အရာတွေဆိုတာ ငါ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးသား။ ထျန်းရှန် သူ့ချစ်သူတွေနဲ့ အဲဒီလို လုပ်နေတာကို ငါ ရာနဲ့ချီပြီး မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ..." ရွှင်းက ပြောရင်း လမ်းတစ်ဝက်တွင် စကားစ ပြတ်သွားသည်။

​"ဪ... နင်က ဒီလောက် အသက်ကြီးနေတာတောင် လူငယ်တွေ ချစ်တင်းနှောတာကို ကြည့်နေတာလား။ နင်ကိုယ်တိုင်ကလည်း တော်တော် အရှက်မရှိတာပဲ။ အခုမှတော့ ငါ့ကို သလင်းကျောက် ခိုးလို့ အရှက်မရှိဘူးလို့ ပြောနေတာလား" လုံချန်းက မရယ်ဘဲ မနေနိုင်တော့ပေ။

​"နင် စကား ပြန်ပြင်လို့ မရတော့ဘူးနော်။ နင် အာရုံတွေကို ပိတ်ထားလို့ ရတယ်ဆိုတာရော၊ ထျန်းရှန် အဲဒီလို လုပ်တာတွေကို အကြိမ်ပေါင်းများစွာ မြင်ဖူးတယ်ဆိုတာရော နင်ကိုယ်တိုင် ဝန်ခံပြီးပြီ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

​"နင်... နင်" ယခု တစ်လှည့်ပြန်ပြီး မျက်နှာနီရမည့်အလှည့်မှာ ရွှင်း ဖြစ်သွားကာ သူမ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားလေသည်။

​"ထားလိုက်ပါတော့၊ နင် အရှက်မရှိတာ ငါ သိပြီးသားပါ။ ဆင်ခြေပေးနေစရာ မလိုပါဘူး။ ဒါနဲ့ နင့်အသက်က ဘယ်လောက်လဲ" လုံချန်း တွေးလိုက်သည်။

​"နင် သိစရာ မလိုပါဘူး။ ငါ နင့်ထက် အသက်ကြီးတယ်ဆိုတာပဲ မှတ်ထား" သူမက ဒေါသတကြီး ပြန်ဖြေသည်။

​"စိတ်မဆိုးပါနဲ့၊ ငါ နင့်ကို စတာပါ။ ဒါနဲ့ နိယာမတစ်ခုကို လေ့လာဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြနိုင်မလား။ ငါ့ဆီမှာ သတ်ဖြတ်ခြင်း နိယာမ သလင်းကျောက် ရှိနေပြီလေ" လုံချန်းက သိုလှောင်လက်စွပ်ထဲမှ ကြည်လင်သော သလင်းကျောက်လုံးကို ထုတ်ယူရင်း အကြောင်းအရာ ပြောင်းလိုက်သည်။

​"ဒါကို သရဲမျိုးနွယ်စုမှာတုန်းက နင် ပြန်ရောက်ရင် ပြောမယ်ဆိုလို့ ငါ ပြောမလို့ လုပ်နေတာလေ" သူမက ပါးစပ်လေး ဆူကာ ပြောလိုက်သည်။

​"ဟုတ်သားပဲ၊ ငါတို့ အဲဒီကနေ မြန်မြန် ထွက်လာခဲ့တာ ကံကောင်းတာပေါ့။ ငါတို့ ပုန်းနေတာကို တစ်ယောက်ယောက်က သိသွားခဲ့တာကိုး။ ဒါနဲ့ နင် ဘာပြောမလို့လဲ" လုံချန်းက မေးလိုက်သည်။

​"ငါ ပြောမလို့က... နင် ကိုင်ထားတဲ့ သလင်းကျောက်က သတ်ဖြတ်ခြင်း နိယာမ မဟုတ်ဘူးလို့ ပြောမလို့" ရွှင်းက အပြည့်အဝ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်လေတော့သည်။

အခန်း (၈၀) သတင်းဆိုး

​"ငါ ပြောမလို့ပဲ... နင် ကိုင်ထားတဲ့ သလင်းကျောက်က သတ်ဖြတ်ခြင်း နိယာမ မဟုတ်ဘူးလို့ ပြောမလို့" ရွှင်းက ယုံကြည်မှုအပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်ရာ လုံချန်းမှာ အံ့ဩသွားရသည်။

​"နင် ဘာတွေ ပြောနေတာလဲ။ ထျန်းရှန် လေ့လာခဲ့တဲ့ သလင်းကျောက်က ဒီမှာရှိတယ်လို့ တန်ရှာက ငါတို့ကို လိမ်ပြောတယ်လို့ ဆိုလိုတာလား" လုံချန်းက မေးလိုက်၏။

​"အဲဒါတော့ မဖြစ်နိုင်ဘူး။ ငါမှတ်မိသလောက် ဘုရင်မ မီယာနဲ့ တွေ့တုန်းက ထျန်းရှန် လေ့လာခဲ့တဲ့ သလင်းကျောက်ကို ကြည့်ခွင့်ပေးဖို့ ငါ ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့တာ။ သူက ကြည့်ခွင့်မပေးပေမဲ့ ထျန်းရှန် သုံးခဲ့တဲ့ သလင်းကျောက်က အဲဒီမှာ မရှိဘူးလို့ တစ်ခါမှ မပြောခဲ့ဘူး"

​"အဲဒါကိုပဲ ငါလည်း စဉ်းစားနေတာ။ သူတို့ထဲက ဘယ်သူမှ လိမ်ပြောနေတယ်လို့ ငါမထင်ဘူး။ ဖြစ်နိုင်ခြေတစ်ခုကတော့ တစ်ယောက်ယောက်က မူလသလင်းကျောက်ကို ခိုးသွားပြီး အခု နင်ကိုင်ထားတဲ့ တစ်ခုနဲ့ အစားထိုးထားခဲ့တာ ဖြစ်နိုင်တယ်" ရွှင်းက လုံချန်းကို ကြည့်ရင်း ပြန်ဖြေသည်။

​"နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ ခြင်္သေ့ဘီလူးမျိုးနွယ်စုက ထျန်းရှန် သုံးခဲ့တဲ့ နိယာမ သလင်းကျောက်ကို သူတို့ကို မပေးဘဲ အခု မြင်နေရတဲ့ တစ်ခုကိုပဲ ပေးလိုက်တာမျိုးပေါ့။ ဘုရင်မအနေနဲ့ ဘယ် သလင်းကျောက်က ထျန်းရှန် အမှန်တကယ် သုံးခဲ့တာလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူးလေ၊ ဒါကြောင့် ဘာမှမသိတဲ့ ဘုရင်မကို လှည့်စားဖို့က တော်တော်လေး လွယ်ကူမှာပဲ" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

​"အဲဒါ ဟုတ်နိုင်တယ်။ သူတို့ဆီက ခိုးယူတာထက် သူတို့ကို လှည့်စားဖို့က ပိုလွယ်တာကိုး" ရွှင်းက သဘောပေါက်သွားသော မျက်နှာပေးဖြင့် ဆိုသည်။

​"ငါတို့က ဘာဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းရုံပဲ ရှိသေးတာ။ အမှန်တရားကို သိဖို့ဆိုရင် သူတို့နဲ့ ငါတို့ကိုယ်တိုင် သွားတွေ့ဖို့ လိုလိမ့်မယ်။ ငါ သိချင်တာက သူတို့ဆီမှာ ဘာလို့ သလင်းကျောက် သုံးလုံးတောင် ရှိနေတာလဲဆိုတာပဲ။ ထျန်းရှန် သုံးခဲ့တဲ့ တစ်လုံး၊ သူတို့ သုံးနေတဲ့ လေနိယာမ သလင်းကျောက် တစ်လုံးနဲ့ ဘုရင်မ မီယာကို ပေးလိုက်တဲ့ တစ်လုံးပေါ့။ ပြီးတော့ ဘာလို့ သူတို့က ဘုရင်မကို လိမ်ညာပြီး တကယ့် နိယာမ မဟုတ်တဲ့ တခြား နိယာမ သလင်းကျောက်ကို ပေးလိုက်တာလဲဆိုတာလည်း ငါ သိချင်တယ်" လုံချန်းက ကြည်လင်သော သလင်းကျောက်လုံးကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ဒါတွေကိုတော့ နောက်မှ လုပ်လို့ ရပါတယ်။ အရင်ဆုံး ငါ့ကို ပြောပြပါဦး၊ ဒီသလင်းကျောက်ကရော အသုံးဝင်ရဲ့လား၊ ဒါမှမဟုတ် ငါတို့ အခုပဲ ခြင်္သေ့ဘီလူး မျိုးနွယ်စုဆီ သွားပြီး နင်ပြောတဲ့ တစ်ခုကို သွားယူရမှာလား" လုံချန်းက ရွှင်းကို မေးလိုက်၏။

​"နင် အဲဒီလူတွေကို လိုက်ရှာဖို့ စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိယာမက သတ်ဖြတ်ခြင်း နိယာမထက် တန်ဖိုးမနည်းဘူးလို့ ငါ ထင်လို့ပဲ။ အမှန်အတိုင်း ပြောရရင် ဒါက ပိုတောင် အစွမ်းထက်နိုင်သေးတယ်" ရွှင်းက ပြုံးလျက် ပြောလိုက်သည်။

​"ပိုပြီး အစွမ်းထက်တယ် ဟုတ်လား။ အဲဒါက ဘာနိယာမလဲ" လုံချန်းက သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

​"ငါ ပြောပြမှာပေါ့။ ဒါပေမဲ့ နင်က အခြေခံ နိယာမတွေကလွဲရင် တခြားဟာတွေကို သိပ်မသိသေးတော့ ငါ အရင်ဆုံး ရှင်းပြပေးရမယ်"

​"နင် အခြေခံ နိယာမ ငါးခုအကြောင်း သိပြီးသားပဲ။ မီးနိယာမ၊ မြေနိယာမ၊ လေနိယာမ၊ သစ်သားနိယာမနဲ့ ရေနိယာမပေါ့။ မီးနိယာမ ရှိတဲ့သူတွေက မီးဓာတ်ကို ထိန်းချုပ်နိုင်သလို မြေနိယာမ ရှိတဲ့သူတွေက မြေကြီးကို ထိန်းချုပ်နိုင်တယ်၊ ကျန်တဲ့ ဓာတ်တွေလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ ဒီအခြေခံ ဓာတ်ကြီး ငါးပါး နိယာမတွေအပြင် ဒီကမ္ဘာမှာ အထူးနိယာမတွေလို့ သတ်မှတ်ထားတဲ့ တခြား နိယာမတွေ အများကြီး ရှိသေးတယ်" ရွှင်းက ရှင်းပြလိုက်၏။

​"သတ်ဖြတ်ခြင်း နိယာမက အထူးနိယာမ တစ်ခုလို့ နင် အရင်က ပြောဖူးတာ ငါ မှတ်မိတယ်" လုံချန်းက ပြန်ပြောသည်။

​"ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက တိကျတဲ့ ဖော်ပြချက်တော့ မဟုတ်သေးဘူး။ ငါ နင့်ကို မပြောရသေးတာက အဲဒီ အထူးနိယာမတွေကို အဆင့်တွေ ထပ်ပြီး ခွဲထားသေးတယ် ဆိုတာပဲ။ နင် သရဲမျိုးနွယ်စုဆီက ခိုးလာတဲ့ နှင်းနိယာမလိုမျိုး အဆင့်နိမ့် အထူးနိယာမတွေ ရှိတယ်။ ပြီးရင် အလယ်အလတ်တန်းစား အထူးနိယာမတွေ ရှိပြီး နောက်ဆုံးမှာတော့ အထက်တန်းစား အထူးနိယာမတွေ ရှိတယ်။ ထျန်းရှန် နားလည်သဘောပေါက်ခဲ့တဲ့ သတ်ဖြတ်ခြင်း နိယာမက အထက်တန်းစား အထူးနိယာမ တစ်ခုပဲ" ရွှင်းက ရှင်းပြသည်။

​"ဪ... ဒါဆိုရင် အခု ဒီနိယာမက ဘယ်အဆင့်မှာ ရှိတာလဲ" လုံချန်းက မေးလိုက်၏။

​"အထက်တန်းစား အထူးနိယာမတွေရဲ့ အပေါ်မှာ နောက်ထပ် အဆင့်တစ်ခု ရှိသေးတယ်။ အဲဒါက အထွတ်အထိပ် နိယာမတွေပဲ။ ငါ မမှားဘူးဆိုရင် နင်ကိုင်ထားတဲ့ သလင်းကျောက်ထဲမှာ ပါတာက အထွတ်အထိပ် နိယာမပဲ" ရွှင်းက ပြောလိုက်သည်။

​"ဘာ..." လုံချန်းမှာ ဘာပြန်ပြောရမှန်း မသိဘဲ ပါးစပ်အဟောင်းသားနှင့် ရွှင်းကိုသာ ကြည့်နေမိတော့သည်။

​"အဲဒီထဲမှာ ဘာနိယာမ ပါလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပါဦး" အတော်ကြာ တိတ်ဆိတ်သွားပြီးမှ လုံချန်းက မေးလိုက်သည်။

​"ဒါက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားနိုင်သလို ဘာမှမရှိတဲ့ အရာလည်း ဖြစ်တယ်။ ဒီသလင်းကျောက်ထဲမှာ ပါတာက အထွတ်အထိပ် ဟင်းလင်းပြင် နိယာမပဲ" ရွှင်းက ရှင်းပြလိုက်၏။

​လုံချန်းသည် သလင်းကျောက်လုံးကို ခေတ္တမျှ ကြောင်ကြည့်နေပြီးမှ ရွှင်းထံသို့ အာရုံ ပြန်လှည့်လိုက်သည်။

​"ဟင်းလင်းပြင် နိယာမ ဟုတ်လား။ အဲဒါဆိုရင် ငါ့ကို တစ်ခုလောက် အမှန်အတိုင်း ပြောပြပါ။ နိယာမက ပိုပြီး အစွမ်းထက်လေ နားလည်သဘောပေါက်ဖို့ ပိုပြီး ခက်ခဲလေ မဟုတ်လား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။

​"အင်း... နင် တကယ် ကံကောင်းတာပဲ။ ဟင်းလင်းပြင် နိယာမကို ကျင့်ကြံအောင်မြင်တဲ့သူ နည်းနည်းလောက်ပဲ ငါ မြင်ဖူးတယ်။ အခု ဒီသလင်းကျောက်ကို ရထားတာက နင် နားလည်ဖို့ ပိုလွယ်ကူသွားစေမှာမို့ နင် တကယ် ကံကောင်းတာပါ" ရွှင်းက အနည်းငယ် ပြုံးလျက် ပြောလိုက်၏။

​"ဪ... ဟုတ်လား။ နင် တစ်ခုခု မေ့နေတာ မဟုတ်ဘူးလား" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

​"ငါလား။ ငါ ဘာမေ့နေလို့လဲ" သူမက ဇဝေဇဝါဖြင့် မေးသည်။

​"အခု ငါတို့က ဒီကမ္ဘာမှာ ပိတ်မိနေတာလေ၊ အပြင် ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီကမ္ဘာက နိယာမတစ်ခုကို လေ့လာဖို့ပဲ။ နင်ပြောတဲ့အတိုင်းဆို ပါရမီရှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် အခြေခံနိယာမကိုပဲ လေ့လာနိုင်တာ။ အခု နင်က အခြေခံနိယာမတွေထက် သုံးဆင့်တောင် မြင့်တဲ့ အထွတ်အထိပ် နိယာမကို ရလို့ ငါ့ကို ဂုဏ်ပြုနေတယ်ပေါ့လေ။ အဲဒါကြောင့် ငါ နင်ကို မေးချင်တာက နင့်ရဲ့ တွက်ချက်မှုအရ အထွတ်အထိပ် နိယာမကို လေ့လာဖို့ ဘယ်လောက် ကြာမလဲဆိုတာပဲ" လုံချန်းက ရွှင်းကိုကြည့်ပြီး ပိုမိုကျယ်ပြန့်လာသော အပြုံးဖြင့် မေးလိုက်၏။

​"နင့်ရှေ့မှာ ဟင်းလင်းပြင် နိယာမကို နားလည်သဘောပေါက်ခဲ့တဲ့ သူတွေက အစောပိုင်း အဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်း ငါးရာကျော် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ နင့်မှာ ကူညီပေးမယ့် ဒီသလင်းကျောက် ရှိနေတော့ အရာအားလုံး အဆင်ပြေမယ်ဆိုရင် နှစ်ပေါင်း တစ်ရာအောက်မှာ နားလည်သဘောပေါက်နိုင်မှာပါ" ရွှင်းက အပြစ်ကင်းစင်စွာ ပြန်ဖြေသည်။ ထိုအဖြေကို ကြားလိုက်ရသည်နှင့် လုံချန်းသည် သူ၏ မျက်နှာကို လက်နှင့် အုပ်လိုက်မိတော့သည်။

​"ဒါဆိုရင် ငါ ဒီကမ္ဘာကနေ ထွက်သွားနိုင်ဖို့ ဒီအခန်းထဲမှာ နောက်ထပ် နှစ်ပေါင်း တစ်ရာလောက် နေရမယ်ပေါ့လေ။ ငါ့ရဲ့ ကံတရားက တကယ့်ကို ကောင်းလွန်းတာပဲ" လုံချန်းသည် သူ၏ အခြေအနေကို ရယ်ချင်စရာကောင်းသည်ဟု ယူဆကာ ရယ်မောလိုက်မိသည်။

​"ထားလိုက်ပါတော့၊ ဒီလိုမှ ဖြစ်မယ်ဆိုလည်း ငါ လုပ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အထွတ်အထိပ် နိယာမတစ်ခု ရတာက ငါ ဖြတ်ကျော်ရမယ့် အခက်အခဲတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးတစ်ခု ဖြစ်မှာပါ" လုံချန်းက အပေါ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

​"လိမ္မာတယ် ကောင်လေးရာ။ နင် မျှော်လင့်ချက် မပျက်သရွေ့ ဘာမဆို အောင်မြင်နိုင်ပါတယ်" ရွှင်းက လုံချန်းကို အားပေးလိုက်၏။

​"နေဦး... ငါ့မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ အထွတ်အထိပ် နိယာမတွေရဲ့ အထက်မှာ နောက်ထပ် နိယာမတွေ ရှိသေးလား" လုံချန်းက ရွှင်းကို ကြည့်ကာ မေးလိုက်သည်။

​"ရှိတာပေါ့။ အထွတ်အထိပ် နိယာမတွေရဲ့ အပေါ်မှာ ဘိုးဘေးနိယာမတွေ ရှိသေးတယ်၊ ဒါပေမဲ့ အခုလောလောဆယ် နင် ဒါတွေကို သိစရာ မလိုသေးပါဘူး" ရွှင်းက ဆိုသည်။

​"ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်။ ဒါက စမ်းသပ်မှုတစ်ခုဆိုရင် အခက်အခဲတွေက ဘယ်မှာလဲ။ ငါတို့မှာ ဒီကမ္ဘာမှာ နေဖို့ အကန့်အသတ်မရှိ အချိန်တွေ ရှိနေတယ်ဆိုရင် အတုံးဆုံး လူသားတောင် နှစ်ပေါင်း ရာနဲ့ချီ ကြိုးစားပြီးရင် နိယာမတစ်ခုကို လေ့လာနိုင်မှာပဲ။ အဲဒီမှာ ဘာစိန်ခေါ်မှု ရှိလို့လဲ" လုံချန်းက သိလိုစိတ်ဖြင့် မေးလိုက်၏။

​"ဪ... နင် တော်တော် သတိထားမိတာပဲ။ အမှန်တရားကတော့ နင့်မှာ အကန့်အသတ်မရှိ အချိန်တွေ ရှိနေတာ မဟုတ်ဘူး။ နင် ဒီမှာ ရှိနေတုန်းမှာ နင့်ရဲ့ ခန္ဓာကိုယ် အစစ်အမှန်က အပြင်က ကမ္ဘာမှာ ရှိနေတုန်းပဲဆိုတာ နင် သိတယ် မဟုတ်လား။ ဒီနေရာနဲ့ အပြင်ကမ္ဘာရဲ့ အချိန်စီးဆင်းမှု ကွာခြားချက်ကို ထည့်တွက်ရင်တောင်၊ နင် ပြန်ထွက်သွားတဲ့အချိန်မှာ အဘိုးကြီး တစ်ယောက် မဖြစ်ချင်ဘူးဆိုရင်တော့ နင် မြန်မြန် လုပ်သင့်တယ်။ နင် အချိန်တွေ အများကြီး ယူနေမယ်ဆိုရင် နင် ဒီမှာ အသက် ၁၂ နှစ် အရွယ်နဲ့ ရှိနေတုန်း အပြင်ကမ္ဘာက ခန္ဓာကိုယ်က အသက်ကြီးပြီး သေသွားတာမျိုးတောင် ဖြစ်နိုင်တယ်" ရွှင်းက ရှင်းပြလိုက်သည်။

​သူမ၏ စကားများကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်နှာမှာ တွန့်ရှုံ့သွားလေတော့သည်။

All Chapters