အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) : အခြားနိယာမတစ်ခုကို သင်ယူခြင်း
ထိုရှေးဟောင်းစာလုံးမှာ အနက်ရောင်ဖြစ်သော်လည်း အမှောင်ထုထဲတွင် အလင်းစက်အချို့ ရံဖန်ရံခါ လင်းလက်နေသည်။ ထိုပုံစံကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ဟင်းလင်းပြင်ကို ကိုယ်စားပြုနေကြောင်း လုံချန်း ခံစားမိသည်။
လုံချန်းသည် သူ၏ သိုင်းဟင်းလင်းပြင်ကို အလင်းပေးနေသည့် အနီရောင် အမြုတေကို သေချာစွာ ကြည့်ရှုပြီးနောက် သူ၏ အသိစိတ်ကို ပြင်ပသို့ ပြန်ထုတ်လိုက်သည်။
"ငါ့သိုင်းဝိညာဉ်ရဲ့ လက်မှာ ပုံစံအသစ်တစ်ခု ပေါ်နေတယ်။ အဲဒါက ဘာလဲ" ဟု လုံချန်းက ရွှင်းကို မေးလိုက်သည်။
"အဲဒါအတွက် စိတ်ပူစရာမလိုပါဘူး။ နင် ဟင်းလင်းပြင် နိယာမကို သင်ယူပြီးသွားပြီဆိုတဲ့ သဘောပဲ။ နင့်သိုင်းဝိညာဉ်ရဲ့ လက်က စာလုံးက ဟင်းလင်းပြင် နိယာမကို ကိုယ်စားပြုပြီး နင်ဟာ ဟင်းလင်းပြင်နဲ့ တစ်သားတည်း ဖြစ်သွားပြီဆိုတာကို ပြတာပါ" ရွှင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ဪ... ဒါနဲ့ နင်ပြောတုန်းက လူတွေဟာ နိယာမတစ်ခု သင်ယူဖို့ နှစ်ပေါင်းများစွာ ကြာတတ်တယ်ဆိုတာက အခုလို နိယာမမျိုးစေ့လေး ဖြစ်တည်လာဖို့ကို ပြောတာလား"
"ဟုတ်တယ်။ အပြင်ပန်း အကူအညီမပါဘဲ ကိုယ့်ဘာသာ နိယာမကို နားလည်အောင် လုပ်တဲ့သူတွေဟာ နှစ်ပေါင်းများစွာ ကြိုးစားပြီးမှ နိယာမမျိုးစေ့ကို ရကြတာ။ သခင်ကြီးရဲ့ သွေးမျိုးဆက် မရှိဘဲ နိယာမအလုံးကို သုံးတဲ့သူတွေဆိုရင် နိယာမမျိုးစေ့တောင် မရနိုင်ဘူး။ ရတနာလုံးက သူတို့ကို လမ်းတစ်ဝက်အထိပဲ ကူညီပေးနိုင်တာ။ သူတို့ဟာ နိယာမရဲ့ အနှစ်သာရကလွဲလို့ ကျန်တာတွေကိုပဲ သင်ယူနိုင်ကြတယ်။ အဲဒီနောက်မှာမှ သူတို့ဟာ ကိုယ့်ဘာသာ အနှစ်သာရကို နားလည်အောင် ထပ်ကြိုးစားပြီးမှ မျိုးစေ့ကို ရရှိကြတာ။ ဒါပေမဲ့ နင့်ရဲ့ မျိုးစေ့ကတော့ သခင်ကြီးရဲ့ ဆက်ခံသူတွေအတွက် သီးသန့်ဖြစ်လို့ တခြားသူတွေထက် ပိုပြီး ထူးခြားတယ်"ရွှင်းက ရှင်းပြသည်။
"ဘာတွေ ထူးခြားလို့လဲ" လုံချန်းက မေးလိုက်သည်။
"အချိန်တန်ရင် နင် သိလာပါလိမ့်မယ်။ ကဲ... ငါလည်း စကားတွေ အများကြီး ပြောရလို့ မောနေပြီ။ ငါတို့ ဒီမှာ အချိန်တွေ အများကြီး ကုန်သွားပြီပဲ။ နင် အပြင်မထွက်တော့ဘူးလား" ရွှင်းက မေးလိုက်သည်။
"ငါ နိယာမကိုလည်း သင်ယူပြီးပြီ၊ စမ်းသပ်မှုကိုလည်း အောင်မြင်ပြီဆိုတော့ ဒီကမ္ဘာကနေ ဘယ်တော့ ထွက်ရမှာလဲ"
"နိယာမမျိုးစေ့ ရပြီး သုံးရက်အကြာမှာ နင် ဒီကမ္ဘာကနေ ထွက်ခွာရလိမ့်မယ်။ အခု အပြင်မှာ ညတောင် ရောက်နေပြီ။ နင် မျိုးနွယ်စုခေါင်းဆောင် အိမ်မှာ သွားနားမလား၊ ဒါမှမဟုတ် ဒီမှာပဲ တစ်ညလုံး စကားပြောနေမလား" ရွှင်းက ပြုံးစစဖြင့် မေးသည်။
"ညရောက်နေပြီဆိုတော့ ဒီမှာပဲ ကျင့်ကြံနေလိုက်မယ်။ မနက်ကျမှပဲ သွားတော့မယ်" လုံချန်းက ပြန်ဖြေလိုက်သည်။ သို့သော် သူသည် မကျင့်ကြံမီ အချိန်အတော်ကြာကတည်းက မလုပ်ဖြစ်ခဲ့သည့် အလုပ်တစ်ခုကို သတိရသွားသည်။ သူသည် လက်စွပ်ထဲမှ ဥလေးအား ထုတ်ယူကာ ဝိညာဉ်စွမ်းအင်များ ကျွေးလိုက်သည်။ ထို့နောက်မှ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ရှစ်နာရီခန့် ကုန်လွန်သွားချိန်တွင် လုံချန်း၏ ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေ အဆင့် ၅ ကို ကျော်လွန်ကာ အဆင့် ၆ ၏ အစောပိုင်း အဆင့်သို့ ရောက်ရှိသွားသည်။ သူသည် ဤကမ္ဘာ၏ အလွန်မြန်ဆန်သော ကျင့်ကြံမှုနှုန်းကို နှမြောမိသော်လည်း ရွှင်းကမူ ထူးဆန်းသော အမူအရာဖြင့် ပြုံးနေခဲ့သည်။
"နောက်ထပ် နှစ်ရက်အတွင်း တခြားနိယာမတစ်ခု ထပ်သင်လို့ရဦးမလား။ ရေခဲနိယာမက တော်တော်လေး ကောင်းပုံရတယ်" လုံချန်းက မေးလိုက်သည်။ "ကြိုးစားကြည့်ပေါ့" ရွှင်းက ဆိုသည်။
သို့သော် လုံချန်းသည် အခန်းအတွင်း လိုက်ရှာသော်လည်း ရေခဲနိယာမ ရတနာလုံးကို မတွေ့တော့ပေ။
"အဲဒါကို ထားလိုက်ပါဦး၊ သစ်သားနိယာမကို သွားစမ်းကြည့်ပါလား" ရွှင်းက ပြောသဖြင့် လုံချန်းသည် ခန်းမအလယ်ရှိ သစ်သားနိယာမအလုံးကို သွားကိုင်ကြည့်သည်။ သို့သော် သူ၏လက်မှာ နိယာမအလုံးကို မထိဘဲ ဖောက်ထွက်သွားသည်။
"ဘာလို့လဲဆိုတာ ငါ့ကို တိုက်ရိုက်ပဲ ပြောပြပါတော့" လုံချန်းက စိတ်ပျက်လက်ပျက် မေးလိုက်သည်။
"ကောင်းပြီ... ငါပြောပြမယ်။ နင်ဟာ ဒီကမ္ဘာမှာ စမ်းသပ်မှုအောင်ဖို့အတွက် နိယာမတစ်ခုပဲ သင်ယူခွင့်ရှိတယ်။ စမ်းသပ်မှု အောင်သွားပြီဖြစ်တဲ့အတွက် တခြားအလုံးတွေကို နင် သုံးခွင့်မရှိတော့ဘူး။ တကယ်လို့ ရေခဲနိယာမကို သင်ချင်တယ်ဆိုရင် ပြင်ပကမ္ဘာမှာ အဲဒီအလုံးကို ရှာရလိမ့်မယ်" ရွှင်းက ရှင်းပြသည်။ ရေခဲနိယာမအလုံးမှာလည်း လုံချန်း နိယာမတစ်ခု သင်ယူပြီးသွားသည့်အတွက် ၎င်း၏ မူလနေရာဖြစ်သော သရဲမျိုးနွယ်စု၏ ဘုရားကျောင်းသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း သူမက ဆက်လက်ပြောပြသည်။
လုံချန်းသည် ကန့်သတ်ချက်များ များပြားလွန်းသည့်အတွက် စိတ်ပျက်သွားသော်လည်း အပြင်သို့ ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူ ဘုရားကျောင်းတံခါးကို ဖွင့်လိုက်သောအခါ အပြင်တွင် နွမ်းလျနေသော ကင်းသမားများကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လုံချန်းကို မြင်သည်နှင့် အစာငတ်နေသော ဝံပုလွေများကဲ့သို့ ပြေးဝင်လာကြသည်။
"အရှင်သခင် ချန်း... နောက်ဆုံးတော့ ထွက်လာပြီပဲ" ကင်းသမားများမှာ အမောတကော ပြောကြသည်။ သူတို့သည် အတားအဆီးကြောင့် အထဲသို့ ဝင်မရသဖြင့် ရက်အနည်းငယ်ပတ်လုံး အပြင်မှနေ၍ လုံချန်းကို အလှည့်ကျ အော်ခေါ်နေခဲ့ကြခြင်း ဖြစ်သည်။
အတားအဆီးမှာလည်း လုံချန်း အပြင်ထွက်လာချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကင်းသမားများက လုံချန်းအတွက် မြင်းတစ်ကောင် အဆင်သင့်ပြင်ပေးထားပြီး မျိုးနွယ်စုခေါင်းဆောင် အိမ်သို့ အမြန်ဆုံးသွားရန် ပြောကြသည်။ လုံချန်းသည် မြင်းစီးကာ တန်ရှာ၏ အိမ်သို့ အမြန်နှင်ခဲ့သည်။
သူ အိမ်ထဲသို့ ဝင်လိုက်သောအခါ တန်ရှာကို မတွေ့ဘဲ တံခါးဖွင့်ပေးသည့် အဘိုးကြီးကိုသာ တွေ့ရသည်။
"မျိုးနွယ်စုခေါင်းဆောင် တန်ရှာ ဘယ်မှာလဲ" လုံချန်းက မေးလိုက်သည်။
"သခင်ကြီးက စစ်တပ်နဲ့အတူ စစ်တိုက်ထွက်သွားပါပြီ။ အသေးစိတ်ကိုတော့ သခင်လေး တာရာက ပြောပြပါလိမ့်မယ်" အဘိုးအိုက ပြန်ဖြေသည်။
လုံချန်းသည် စစ်ပွဲဟူသော စကားလုံးကြောင့် အံ့ဩသွားပြီး အကျိုးအကြောင်း သိနိုင်ရန် တာရာရှိရာသို့ အမြန်သွားလိုက်တော့သည်။
အခန်း (၉၀) သွေးနှင့် အပျက်အစီး
တာရာနှင့် ရှားတို့သည် ခန်းမထဲတွင် အတွေးကိုယ်စီဖြင့် ထိုင်နေကြစဉ် လုံချန်းသည် အဘိုးကြီး၏ နောက်မှ လိုက်ကာ ဝင်လာခဲ့သည်။
"ဘာလို့ နှစ်ယောက်လုံး ဒီလောက်တောင် စိတ်ဓာတ်ကျနေကြတာလဲ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
တာရာနှင့် ရှားတို့သည် လုံချန်းကို မြင်လိုက်ရသည်နှင့် နေရာမှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ကြသည်။
"နောက်ဆုံးတော့ ထွက်လာပြီပဲ။ တော်သေးတာပေါ့။ အကူအညီ တောင်းပါရစေ... ကျွန်တော်တို့ကို ကူညီပေးပါဦး" တာရာက တောင်းပန်တိုးလျှိုးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ။ မျိုးနွယ်စုခေါင်းဆောင် တန်ရှာက မှင်စာမျိုးနွယ်စု စစ်တပ်နဲ့အတူ စစ်တိုက်ထွက်သွားတယ်လို့ပဲ ငါကြားရသေးတယ်" လုံချန်းက တစ်စုံတစ်ရာ ကတိမပေးမီ ဦးစွာ မေးမြန်းလိုက်သည်။
ရှာက သူမ၏ လက်များကို တင်းတင်းဆုပ်ထားရင်း ဝမ်းနည်းဖွယ် မျက်နှာထားဖြင့် ရှင်းပြသည်။ "မကောင်းဆိုးဝါး မျိုးနွယ်စုက စစ်ပြန်ကြေညာလိုက်ပြီ။ သူတို့က သရဲမျိုးနွယ်စုကို တိုက်ခိုက်နေတာ။ တခြားမျိုးနွယ်စုအားလုံးလည်း မကောင်းဆိုးဝါးတွေကို ခုခံဖို့ အဲဒီကို သွားကြတယ်။ ဒါပေမဲ့ ငါတို့ အောင်နိုင်ဖို့ အခွင့်အရေးကတော့ အရမ်းနည်းနေတယ်"
"ဒါဆို မှင်စာမျိုးနွယ်စု စစ်တပ်လည်း အဲဒီမှာ ရောက်နေတာပေါ့။ အားလုံးနဲ့အတူ တိုက်နေကြတာလား" လုံချန်းက လေးနက်သော အမူအရာဖြင့် ထပ်မံ မေးမြန်းသည်။
"ဟုတ်တယ်... ဒီတစ်ခေါက် တိုက်ပွဲက ငါတို့အားလုံးရဲ့ လွတ်လပ်မှုအတွက် အရမ်းအရေးကြီးတယ်။ ငါ့အဖေ၊ ဦးလေး တန်ရှာနဲ့ ငါတို့ရဲ့ စစ်သည်တော် အများစုဟာ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အဲဒီစစ်ပွဲကို သွားကြတာ" ရှားက စိုးရိမ်တကြီး ပြောရှာသည်။
"စီနီယာက အရမ်းသန်မာတော့ ဒီစစ်ပွဲရဲ့ ရလဒ်က စီနီယာအပေါ် သက်ရောက်မှု မရှိနိုင်မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော် တောင်းပန်ပါတယ်။ အားလုံးကို ကယ်တင်ပေးပါဦး" တာရာကလည်း တောင်းဆိုလိုက်သည်။
လုံချန်းသည် သူတို့စကားကို ကြားပြီးနောက် အတွေးနက်သွားတော့သည်။
သရဲမျိုးနွယ်စု နယ်မြေတွင်မူ စစ်ပွဲမှာ အရှိန်အဟုန်ဖြင့် ပြင်းထန်နေလေပြီ။ စစ်မြေပြင်တစ်ခုလုံးတွင် သွေးများနှင့် ပျက်စီးခြင်းများကိုသာ တွေ့မြင်နေရပြီး စက္ကန့်တိုင်းမှာပင် မျိုးနွယ်စုအသီးသီးမှ စစ်သည်တော်များနှင့် မကောင်းဆိုးဝါးများ ရာနှင့်ချီ၍ သေဆုံးနေကြသည်။ နေရာအနှံ့တွင် မီးတောက်များနှင့် ပေါက်ကွဲမှုများ ပြည့်နှက်နေသည်။
မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်နှင့် ရှန်တီးယားတို့သည် စစ်မြေပြင်၏ အခြားတစ်ဖက်မှနေ၍ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
"အဲဒီလူသားက အခုထိ ထွက်မလာသေးဘူး။ သူ သေရတော့မယ်ဆိုတာ သိလို့ ကြောက်နေတာ နေမှာပေါ့။ သရဲမျိုးနွယ်စုထဲကို ကိုယ်တိုင်ဝင်ပြီး သူ့ကို သွားရှာကြရအောင်" ဧကရာဇ် တာရပ်စ်က ပြောသည်။
"အဲဒီလောက် မလောပါနဲ့ဦး။ ဒီကောင်လေးတွေ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေတာကို ဒီကနေပဲ အသာလေး ကြည့်နေရအောင်။ အားလုံးနဲ့အတူ အထဲဝင်သွားပြီး အဲဒီလူသားကို ငါတို့မျိုးနွယ်စုဝင်တွေရှေ့မှာတင် သတ်ပြတာပေါ့။ သူ ဘယ်မှလည်း ပြေးမလွတ်ပါဘူး" ဧကရာဇ် ရှန်တီးယားက အေးအေးဆေးဆေးပင် ပြန်ပြောသည်။
"ငါတို့ရဲ့ အဓိက ပစ်မှတ်က အဲဒီလူသားလေ။ ဒီပိုးမွှားတွေကို တိုက်ဖို့ မဟုတ်ဘူးဆိုတာ မင်း မေ့နေပြီလား" တာရပ်စ်က စိတ်ပျက်စွာ ဆိုသည်။
"နေပါဦး... အဲဒီလူသားက ပုန်းနေပြီး စစ်ပွဲထဲမှာ ဝင်မတိုက်ရဲဘူးဆိုကတည်းက သူဟာ ကြောက်တတ်တဲ့ အားနည်းသူဆိုတာ သက်သေပြနေတာပဲ။ သမိုင်းမှာ ထျန်းရှန်က ငါတို့မျိုးနွယ်စုရဲ့ ဧကရာဇ်တွေကိုတောင် အလွယ်တကူ သတ်နိုင်ခဲ့တယ်လို့ ချီးမွမ်းကြပေမဲ့ သူ့ရဲ့ ဆက်ခံသူကိုတော့ ငါတို့ရဲ့ ဧကရာဇ်တွေ မဟုတ်ဘဲ မကောင်းဆိုးဝါးဘုရင်တွေ လက်နဲ့ သတ်ခိုင်းလိုက်တာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပါ" ရှန်တီးယားက ရယ်မောရင်း ပြောလိုက်သည်။
စစ်မြေပြင်၏ အခြားတစ်ဖက်တွင်မူ ခြင်္သေ့ဘီလူးမျိုးနွယ်စု ခေါင်းဆောင် ဘာလာသည် ဝက်ဝံဘုရင်နှင့် အပြင်းအထန် တိုက်ခိုက်နေရသည်။
"ဟားဟား... ပျော်စရာ ကောင်းလာပြီ။ မင်းက သတ်လို့မရတဲ့ ပိုးကောင်လိုပဲ၊ အမြဲတမ်း အသက်ဘေးက လွတ်နေတာပဲ" ဝက်ဝံဘုရင်က ရယ်မောရင်း ဘာလာကို တရစပ် တိုက်ခိုက်နေသည်။ ဘာလာသည် လက်ရှိအချိန်အထိ အသက်ရှင်နေသော်လည်း တစ်ကိုယ်လုံးတွင် ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများစွာ ရရှိထားသည်။ သို့သော် ဝက်ဝံဘုရင်မှာလည်း လုံးဝ ဘေးကင်းသည်တော့ မဟုတ်ပေ။ ဘာလာ၏ မြားချက်များကြောင့် သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေသော်လည်း ဘာလာထက်စာလျှင် အခြေအနေမှာ ပို၍ ကောင်းမွန်နေသည်။
"မင်းကို မြန်မြန် သတ်ဖို့ ငါ့ရဲ့ ဒုတိယမြောက် နိယာမကို ခုထိ သုံးလို့ မရသေးဘူး။ မင်းက တော်တော်လည်း ဉာဏ်ကောင်းတာပဲ၊ အမြဲတမ်း အကွာအဝေးတစ်ခုကို ထိန်းထားနိုင်တယ်" ဝက်ဝံဘုရင်က ဆိုသည်။
"ဒါက လေးသမားရဲ့ အကျင့်ပဲ" ဘာလာက ဒဏ်ရာများကြားကပင် ပြန်ဖြေရင်း တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
"ငါ ပိုပြီး ပျော်ချင်သေးပေမဲ့ နွားဘုရင်က ငါ့မိန်းမ မီယာကို အရင်ဦးပြီး လုမသွားခင် ငါ သွားမှဖြစ်တော့မယ်။ အခုပဲ အပြတ်ဖြတ်လိုက်တော့မယ်" ထိုသို့ ပြောကာ ဝက်ဝံဘုရင်သည် အလွန်မြန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။ သူ၏ အရှိန်မှာ လေနိယာမကို သုံးထားသော ဘာလာထက်ပင် ပို၍ မြန်ဆန်နေသည်။
ဝက်ဝံဘုရင်သည် ခွန်အားနိယာမနှင့် မီးနိယာမတို့ကို ပေါင်းစပ်အသုံးပြုကာ ဘာလာကို ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်ရာ ဘာလာမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ ဘာလာ၏ မြားချက်က ဝက်ဝံဘုရင်၏ ပုခုံးကို ထိမှန်သွားသော်လည်း ဝက်ဝံဘုရင်မှာ နာကျင်စွာ အော်ဟစ်ရင်း ဘာလာရှိရာသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ ဘာလာမှာ အရိုးများစွာ ကျိုးပဲ့သွားပြီး သွေးများ အန်နေရသော်လည်း သူ၏ မျက်ဝန်းများမှာမူ တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
စစ်မြေပြင်၏ နောက်တစ်နေရာတွင်မူ မူလန်မျိုးနွယ်စု ခေါင်းဆောင် မာဇူးမားစ်သည် နွားဘုရင်နှင့် ရင်ဆိုင်နေရသည်။ မာဇူးမားစ်၏ တိုက်စစ်နှင့် ခံစစ်အားလုံးကို နွားဘုရင်က ခွန်အားနိယာမနှင့် မီးနိယာမတို့ကို သုံး၍ အလွယ်တကူ ချေမှုန်းနေသည်။ မာဇူးမားစ်သည် အဝေးတိုက်စစ်ရော အနီးကပ်တိုက်စစ်တွင်ပါ အကြီးအကျယ် ရှုံးနိမ့်နေရသည်။
မကြာမီမှာပင် နွားဘုရင်သည် မာဇူးမားစ်၏ လည်ပင်းကို ညှစ်၍ မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။ မာဇူးမားစ်သည် သွေးများ အန်ထွက်လာပြီး မျက်နှာမှာ ဖြူရော်သွားတော့သည်။ သူ၏ ကိုယ်ပေါ်ရှိ အကာအကွယ် အခွံအချို့ပင်လျှင် ကွဲအက်သွားရလေပြီ။