← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅) စစ်ပွဲ စတင်ပြီ

​"အို... ဘုရားရေ။ ဒီလောက် များပြားတဲ့ စစ်တပ်ကြီးပါလား။ ထောင်ချောက်တွေ အားလုံးကို ဖြတ်ကျော်လာပြီးတာတောင် ဒီလောက် အင်အားကြီးတဲ့ စစ်တပ်ကြီး ကျန်နေသေးတာလား။ ဒါက ကျုပ်တို့ထက် အနည်းဆုံး ဆယ်ဆလောက် ပိုများတယ်" မကောင်းဆိုးဝါး စစ်တပ်ကို လှမ်းမြင်လိုက်ရသည်နှင့် သရဲမျိုးနွယ်စုမှ စစ်သည်များမှာ ထိတ်လန့်သွားကြသည်။

​"ဟို အိမ်မြှောင်ကြီးက မကောင်းဆိုးဝါး ဘုရင်လား ဒါမှမဟုတ် ဧကရာဇ်လား။ သူ့ရဲ့ အရှိန်အဝါက တကယ်ကို ကြောက်စရာကောင်းလိုက်တာ" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်ကို စိုက်ကြည့်ရင်း သရဲစစ်သည်တစ်ဦးက မှတ်ချက်ပေးလိုက်သည်။ စစ်သည်များမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။

​ဘုရင်မသည် ခက်ထန်သော မျက်နှာပေးဖြင့် မကောင်းဆိုးဝါး စစ်တပ်ကို စိုက်ကြည့်နေသည်။

​"မင်းတို့ ရှေ့ကို ချီတက်ကြတော့။ အဲဒီလူသား ဝင်မပါသရွေ့ ငါတို့ ဒီစစ်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူး။ အခုက မင်းတို့ လူငယ်တွေ ဦးဆောင်ရမယ့် အချိန်ပဲ၊ ဒီစစ်တပ်ကို ကိုင်တွယ်ပြီး မင်းတို့ရဲ့ ခွန်အားကို သက်သေပြကြစမ်း" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက မကောင်းဆိုးဝါး ဘုရင် ဆယ်ပါးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

​"ငါတို့ကို စိတ်မပျက်စေနဲ့" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က မကောင်းဆိုးဝါး ဘုရင်များကို ပြောလိုက်၏။

​"စိတ်ချပါ" မကောင်းဆိုးဝါး ဘုရင်အားလုံးက တစ်သံတည်း ပြန်ဖြေကြသည်။ သူတို့သည် ချက်ချင်းပင် စစ်တပ်ကို ရှေ့တိုးရန် အမိန့်ပေးလိုက်၏။ စစ်တပ်ကြီးသည် သရဲမျိုးနွယ်စု စစ်တပ်ဆီသို့ ပုံမှန်အရှိန်ဖြင့် စတင် ချီတက်လာကြပြီး သရဲစစ်သည်များကလည်း နောက်မဆုတ်ဘဲ စနစ်တကျ နေရာယူ ရင်ဆိုင်ထားကြသည်။

​မကောင်းဆိုးဝါး စစ်တပ်သည် အကွာအဝေး တစ်ဝက်ခန့် ရောက်ရှိလာသည်နှင့် စစ်မြေပြင်၏ ညာဘက်ခြမ်းမှ နှင်းမြား ရာပေါင်းများစွာသည် မကောင်းဆိုးဝါး စစ်တပ်ဆီသို့ ပျံသန်းလာကြသည်။ စစ်မြေပြင် ညာဘက်ခြမ်း တောအုပ်ထဲတွင် လေးများကို ကိုင်ဆောင်ထားသည့် ထောင်ပေါင်းများစွာသော စစ်သည်များ ပုန်းကွယ်နေသည်ကို မကောင်းဆိုးဝါးများ နောက်ဆုံးတွင် သတိပြုမိလိုက်ကြသည်။ မြားများသည် မကောင်းဆိုးဝါး စစ်တပ်ပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်လာပြီး မကောင်းဆိုးဝါး အမြောက်အမြားကို သတ်ဖြတ်လိုက်၏။

​"ငါ အဲဒါကို ကိုင်တွယ်လိုက်မယ်" ယင်းကို မြင်လိုက်ရသော ဝက်ဝံဘုရင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူသည် ချက်ချင်းပင် မြားပစ်သမားများရှိရာဘက်သို့ စတင် ရွေ့လျားသွား၏။ မြားများသည် သူ့ဆီသို့ ဆက်တိုက် ကျရောက်နေသော်လည်း သူသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် မြားများကို အလွယ်တကူ ပုတ်ထုတ်ကာ မြားပစ်သမားများဆီသို့ ချဉ်းကပ်သွားသည်။ ရုတ်တရက် မြားတစ်စင်းသည် သာမန်မြားထက် ငါးဆခန့် မြန်သော အရှိန်ဖြင့် သူ့ဆီသို့ ပြေးဝင်လာသည်။ သူသည် ပုတ်ထုတ်ရန် ကြိုးစားလိုက်သော်လည်း မြားက သူ့ကို အလွယ်တကူ ရှပ်ထိသွားကာ ဘယ်ဘက်လက်မောင်းတွင် သွေးထွက်သံယို ဒဏ်ရာတစ်ချက် ရသွားစေသည်။

​သူသည် ထိုမြား ထွက်ပေါ်လာရာ နေရာကို ကြည့်လိုက်သောအခါ အညိုရောင် ဆံပင်များနှင့် ရွှေဝါရောင် လေးကို ကိုင်ဆောင်ထားသည့် အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အရပ် ၆ ပေခန့် မြင့်ပြီး အပြာရောင် အသားအရေ ရှိသည်။ ထို့ပြင် သူ့မျက်နှာ၏ ဘေးတစ်ဖက်တစ်ချက်တွင် နားရွက်နှစ်ခု ရှိနေခြင်းက သူသည် ခြင်္သေ့ဘီလူးမျိုးနွယ်စုမှ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

​လေနိယာမကို ပိုင်ဆိုင်သည့် ခြင်္သေ့ဘီလူးမျိုးနွယ်စုသည် အားအနည်းဆုံး မျိုးနွယ်စုဟု လူသိများသော်လည်း ထိုမျိုးနွယ်စု၏ အစွမ်းထက်ဆုံးသူသည် အားနည်းသည်ဟု မဆိုလိုပေ။ ခြင်္သေ့ဘီလူးမျိုးနွယ်စု၏ အစွမ်းထက်ဆုံးသူ၊ မျိုးနွယ်စုခေါင်းဆောင် ဘာလာသည် တစ်ပြည်လုံးတွင် အတော်ဆုံး မြားပစ်သမားဟု ဆိုကြပြီး သူ၏ မြားများတွင် လေနိယာမကို အသုံးချလိုက်ပါက ပို၍ပင် သေစေနိုင်သော အစွမ်း ရှိသည်။

​တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် သူသည် သရဲမျိုးနွယ်စု ဘုရင်မ မီယာ၊ မှင်စာ မျိုးနွယ်စု ခေါင်းဆောင် တန်ရှာနှင့် မူလန် မျိုးနွယ်စု ခေါင်းဆောင် မာဇူးမတ်စ် တို့ကဲ့သို့ အင်အားအကြီးဆုံး မျိုးနွယ်စု ခေါင်းဆောင် အနည်းငယ်ထက်သာ အားနည်းသည်။ မူလန်မျိုးနွယ်စုသည် သူတို့မျိုးနွယ်စုကို တိုက်ခိုက်ပြီး မျိုးတုန်းလုနီးပါး ဖြစ်အောင် လုပ်ခဲ့သဖြင့် အကာအကွယ် ရရှိရန်အတွက် သရဲမျိုးနွယ်စုထံ သလင်းကျောက်တစ်လုံး ပေးအပ်ခဲ့ရခြင်း ဖြစ်သည်။

​"အပြာရောင် အသားအရေနဲ့ ဒီလောက် စွမ်းအားမျိုးဆိုတော့ ငါ မမှားဘူးဆိုရင် မင်းက ခြင်္သေ့ဘီလူးမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဘာလာ ဖြစ်ရမယ်။ ငါက မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါး ဘုရင်ပဲ။ ငါ့လက်နဲ့ သေရတာကို မင်း ဂုဏ်ယူသင့်တယ်။ ပြီးတော့ ငါတို့က နိယာမတွေကို သုံးနေကြတာဆိုတော့ ငါ့ရဲ့ နိယာမကိုလည်း တစ်ချက်လောက် ကြည့်လိုက်ဦးလေ" ဝက်ဝံဘုရင်က ရုပ်ဆိုးသော အပြုံးဖြင့် ပြောလိုက်ပြီး သူ၏ လက်ထဲတွင် မီးလုံးတစ်လုံး ပေါ်လာကာ ခေါင်းဆောင် ဘာလာထံသို့ ပစ်ပေါက်လိုက်သည်။

​တောက်လောင်နေသော မီးလုံးသည် ဘာလာထံသို့ အလွန်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။ ဘာလာသည် မိမိကိုယ်ကို လေဝဲတစ်ခုဖြင့် ဝန်းရံကာ မီးကို စုပ်ယူပြီး ကာကွယ်လိုက်၏။ သို့သော် လေဝဲထဲတွင် ပိတ်မိနေသော မီး၏ အပူရှိန်ကြောင့် သူသည် ချွေးများ အလွန်အမင်း ထွက်လာသည်။ သူသည် လေဝဲ၏ အချင်းကို ပိုမိုကျယ်ပြန့်အောင် လုပ်လိုက်ပြီး လုံလောက်အောင် ကျယ်သွားသောအခါ လေဝဲငယ် လေးခုအဖြစ် ခွဲထုတ်ကာ မတူညီသော ဦးတည်ချက်လေးခုသို့ လွှင့်ထုတ်လိုက်သဖြင့် သူကိုယ်တိုင် ဘေးကင်းသွားလေသည်။

​"ကောင်းတယ်၊ အဲဒါကို ငါလည်း လုပ်တတ်တယ်" ဝက်ဝံဘုရင်က ပြောလိုက်ပြီး သူ၏ ရှေ့တွင် မီးဖြင့် ပြုလုပ်ထားသော လေဝဲကြီးတစ်ခု ပေါ်လာကာ ဘာလာထံသို့ တိုးဝင်သွားသည်။ ထိုမျှမကသေးဘဲ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် လေဝဲများလည်း ပေါ်လာပြီး ဘာလာထံသို့ မတူညီသော ဦးတည်ချက်များမှ တိုးဝင်လာကြသည်။

​ဝက်ဝံဘုရင်သည် ခြင်္သေ့ဘီလူးမျိုးနွယ်စု ခေါင်းဆောင်နှင့် တိုက်ခိုက်နေစဉ်တွင် မကောင်းဆိုးဝါးများသည် ခြင်္သေ့ဘီလူး စစ်သည်များ၏ မြားမိုးများအောက်တွင် ဆက်တိုက် သေဆုံးနေကြသည်။ ခြင်္သေ့ဘီလူးစစ်သည်များသည် သရဲမျိုးနွယ်စုကို ကူညီရန် စောစောစီးစီး ရောက်ရှိနေကြပြီး မျိုးနွယ်စုအားလုံး ဆွေးနွေးထားသည့် အစီအစဉ်အတိုင်း ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။

​ကျန်ရှိသော စစ်တပ်ကြီးသည် ခြင်္သေ့ဘီလူး စစ်သည်များကို ကိုင်တွယ်ရန် ဝက်ဝံဘုရင်၏ စစ်တပ်ကို ထားရစ်ခဲ့ပြီး သရဲမျိုးနွယ်စုဆီသို့ ဆက်လက် ချီတက်လာကြသည်။ သို့သော် ထပ်မံ၍ ထိုအခြေအနေမျိုးပင် ကြုံတွေ့ရပြန်သည်။ ယခုတစ်ကြိမ်တွင် မြားမိုးများအစား ကောင်းကင်မှ လေးလံသော ကျောက်တုံးကြီးများ ကျဆင်းလာကာ မကောင်းဆိုးဝါးများကို ဖိချေလိုက်သဖြင့် မိနစ်တိုင်းတွင် ရာနှင့်ချီသော မကောင်းဆိုးဝါးများ သေဆုံးနေကြသည်။

​"အခုတော့ ငါ့အလှည့် ရောက်ပြီထင်တယ်။ ငါ မမှားဘူးဆိုရင် အဲဒါ မူလန်မျိုးနွယ်စုရဲ့ ခေါင်းဆောင် မာဇူးမတ်စ်ပဲ" ကျောက်တုံးကြီးများ ကျလာရာ အရပ်ကို ကြည့်ရင်း နွားသိုးဘုရင်က ပြောလိုက်သည်။ ထိုနေရာတွင် မြို့သိမ်းလက်နက်များဖြင့် တိုက်ခိုက်နေသော စစ်တပ်ကြီးကို တွေ့လိုက်ရ၏။ ရှေ့ဆုံးတွင် ရပ်နေသူမှာ မူလန်မျိုးနွယ်စု ခေါင်းဆောင် မာဇူးမတ်စ် ဖြစ်သည်။

​မာဇူးမတ်စ်သည် ၄ ပေခန့်သာ မြင့်သော်လည်း သရဲမျိုးနွယ်စုဝင်များကဲ့သို့ ငယ်ရွယ်သော ပုံစံမဟုတ်ဘဲ မျက်နှာတွင် အရေးအကြောင်းများဖြင့် အဘိုးကြီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ မျက်နှာမှလွဲ၍ တစ်ကိုယ်လုံးကို အညိုရောင် အခွံများဖြင့် ဖုံးအုပ်ထားသည်။ သူ၏ ကြွက်သားများသည် ကြီးမားသန်မာသော်လည်း သူ၏ အရပ်အမောင်းကြောင့် ပုံသဏ္ဌာန်မှာ ပျက်ယွင်းနေသည်။ သူ့တွင် လက်လေးဖက် ပါရှိပြီး ဘယ်ဘက်တွင် နှစ်ဖက်၊ ညာဘက်တွင် နှစ်ဖက် ဖြစ်သည်။

​"မင်းက ငါ တိုက်ချင်နေတဲ့ လူတွေထဲက တစ်ယောက်ပဲ၊ ခေါင်းဆောင် မာဇူးမတ်စ်။ မင်းက ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခုခံနိုင်စွမ်းမှာ အသန်မာဆုံးလို့ ပြောကြတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့" နွားသိုးဘုရင်က ရယ်မောရင်း ပြောလိုက်သည်။

​"ဪ... မင်း ငါ့အကြောင်း သိတာလား။ မင်းအကြောင်း ငါမသိတာကိုတော့ တောင်းပန်ပါတယ်" ခေါင်းဆောင် မာဇူးမတ်စ်က ပြုံးလျက် ပြောလိုက်၏။

​"ဒါပေမဲ့ စဉ်းစားကြည့်ရင် ငါမသိဘူးဆိုမှတော့ မင်းက ဘာမှ ထူးခြားတဲ့သူ မဟုတ်လို့ပဲ ဖြစ်ရမယ်" ခေါင်းဆောင် မာဇူးမတ်စ်က သူ့ကို တောင်းပန်လိုက်သဖြင့် နွားသိုးဘုရင် သဘောကျနေစဉ်မှာပင် နောက်ဆက်တွဲ ထွက်လာသော မာဇူးမတ်စ်၏ စကားများကြောင့် သူ မကျေမနပ် ဖြစ်သွားရသည်။

​"မင်း သေချင်နေပြီပဲ" နွားသိုးဘုရင်က အော်ဟစ်ကာ မာဇူးမတ်စ်ထံ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။ မာဇူးမတ်စ်ကလည်း ပြန်ထိုး၏။ နှစ်ယောက်လုံး နိယာမ သို့မဟုတ် သိုင်းပညာများ မသုံးဘဲ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သက်သက်ဖြင့်သာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ နွားသိုးဘုရင်က အနည်းငယ်သာ တုန်ခါသွားသော်လည်း မာဇူးမတ်စ်မှာမူ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။

​"ငါ ထင်ထားတဲ့အတိုင်းပဲ၊ မကောင်းဆိုးဝါးတွေရဲ့ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်တာပဲ။ ဒါပေမဲ့ ကံဆိုးတာက ငါ့မှာ အားကိုးစရာ ဒါတစ်ခုတည်း ရှိတာ မဟုတ်ဘူး" မာဇူးမတ်စ်က ပြောလိုက်စဉ်မှာပင် မြေကြီးထဲမှ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော လက်သီးကြီးတစ်လုံး ထွက်ပေါ်လာပြီး နွားသိုးဘုရင်ကို တိုက်ခိုက်လိုက်သည်။

​နွားသိုးဘုရင်က ပြန်ထိုးလိုက်သဖြင့် ထိုလက်ကြီး ကွဲအက်သွားသော်လည်း အခြေအနေက မပြီးဆုံးသေးပေ။ နွားသိုးဘုရင်၏ ရှေ့နှင့် နောက်တွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ထူထဲသည့် နံရံကြီးနှစ်ချပ် ပေါ်လာပြီး သူ့ကို ညှပ်ပစ်ရန် ချက်ချင်း ပိတ်လိုက်သည်။ သို့သော် နွားသိုးဘုရင်က အလွယ်တကူပင် ရိုက်ခွဲလိုက်သဖြင့် ထိုနံရံများက ဘာမှ မလုပ်နိုင်ခဲ့ပေ။

​"မင်းက ငါ ထင်ထားတာထက် ပိုပြီး အစွမ်းထက်တာပဲ" မာဇူးမတ်စ်က မှတ်ချက်ပေးလိုက်သည်။

​"ဟုတ်တယ်၊ မင်းကရော အစွမ်းထက်လား မထက်လား ကြည့်ကြတာပေါ့" နွားသိုးဘုရင်က ဒေါသတကြီး ပြောလိုက်စဉ် မာဇူးမတ်စ်၏ ပတ်ပတ်လည်တွင် မီးနံရံ လေးခု ပေါ်လာပြီး သူ့ကို ပိတ်ဆို့လိုက်သည်။ နွားသိုးဘုရင်က မာဇူးမတ်စ် လုပ်ခဲ့သည့် တိုက်ကွက်မျိုးကိုပင် ပြန်သုံးကာ ထိုမီးနံရံများဖြင့် သူ့ကို သတ်ရန် ကြိုးစား လိုက်လေတော့သည်။

အခန်း (၈၆) : တိုက်ချင်ရင် တိုက်ကြတာပေါ့

​သရဲမျိုးနွယ်စုက နှင်းနိယာမ ကို နားလည်သဘောပေါက်ကြသလို မူလန်မျိုးနွယ်စုက မြေကြီး နိယာမ ကိုလည်းကောင်း၊ တန်ရှာ တို့၏ မှင်စာမျိုးနွယ်စုက သစ်သား နိယာမ ကိုလည်းကောင်း၊ ခြင်္သေ့ဘီလူး မျိုးနွယ်စုက လေနိယာမ ကိုလည်းကောင်း အသီးသီး ကျင့်ကြံကြသည်။

​နှင်းနိယာမသည် အဆင့်နိမ့် နိယာမထက် အနည်းငယ်သာလွန်သော အဆင့်နိမ့်အထူးနိယာမ ဖြစ်သည့်အတွက် မကောင်းဆိုးဝါးမျိုးနွယ်စု၏ မီးနိယာမ ကို အနည်းငယ် အသာစီးရနိုင်သည်။ သို့သော် မကောင်းဆိုးဝါးမျိုးနွယ်စုတွင် နိယာမ သလင်းကျောက် နှစ်လုံးရှိပြီး နိယာမနှစ်မျိုးကို တစ်ပြိုင်နက် ကျင့်ကြံအောင်မြင်နိုင်သည့် တစ်ခုတည်းသော မျိုးနွယ်စုလည်း ဖြစ်သည်။

​မကောင်းဆိုးဝါးအများစုသည် မီးနိယာမ နှင့်အတူ ခွန်အား နိယာမကိုပါ ပူးတွဲကျင့်ကြံထားကြသည်။ ဤနိယာမနှစ်မျိုးနှင့် စစ်တပ်အင်အားကြောင့် သူတို့သည် ဤနယ်မြေတွင် အသန်မာဆုံး ဖြစ်နေခြင်းဖြစ်သည်။ အထူးသဖြင့် မကောင်းဆိုးဝါး ဧကရာဇ်များမှာ ဤကမ္ဘာတွင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးသူများပင် ဖြစ်သည်။

​မကောင်းဆိုးဝါးဘုရင် နှစ်ပါးသည် မူလန်နှင့် ခြင်္သေ့ဘီလူး မျိုးနွယ်စု ခေါင်းဆောင်များကို ရင်ဆိုင်နေချိန်တွင် ကျန်ရှိနေသော မကောင်းဆိုးဝါးဘုရင် ရှစ်ပါးမှာမူ သူတို့၏ စစ်တပ်များနှင့်အတူ ရှေ့သို့ ဆက်လက်ချီတက်နေကြသည်။

​"ဟိုနှစ်ယောက်ကတော့ ပျော်နေကြပြီ။ ငါလည်း တိုက်ချင်လှပြီ။ ဒါပေမဲ့ သူတို့က ကောင်းတဲ့ပြိုင်ဘက်တွေကို အရင်ဦးသွားတာပဲ။ သူတို့ပြိုင်ဘက်ကို ငါက လူအင်အားနဲ့ သွားပြီး မနှိပ်စက်ချင်ဘူး" ကျားဘုရင်က ပြုံးလျက် ဆိုသည်။

​"သူတို့ကို လွှတ်ထားလိုက်ပါ။ ငါတို့ကတော့ သရဲဘုရင်မနဲ့ မှင်စာခေါင်းဆောင်တို့ကို တိုက်ခိုက်ပြီး ပျော်ရအောင်။ သူတို့က ရန်သူတွေထဲမှာ အသန်မာဆုံးပဲလေ" အရိုးစုဘုရင်က လေးနက်သော လေသံဖြင့် မှတ်ချက်ပေးသည်။

​သူတို့ ရှေ့ဆက်လာစဉ် လမ်းတစ်လျှောက်တွင် အခြားမျိုးနွယ်စုများက ချုံခိုတိုက်ခိုက်ကြသဖြင့် မကောင်းဆိုးဝါးဘုရင်များမှာ တစ်ပါးပြီးတစ်ပါး ထိုသူများကို ရင်ဆိုင်ရန် ကျန်ရစ်ခဲ့ကြသည်။ ဤသည်မှာလည်း အခြားမျိုးနွယ်စုများ၏ အစီအစဉ်ပင် ဖြစ်သည်။ အင်အားနည်းသော မျိုးနွယ်စုခေါင်းဆောင် နှစ်ဦး၊ သုံးဦးခန့် ပူးပေါင်း၍ မကောင်းဆိုးဝါးဘုရင် တစ်ပါးကို ထိန်းထားရန် ကြိုးစားကြခြင်းဖြစ်သည်။

​ဤသို့ဖြင့် မကောင်းဆိုးဝါး စစ်တပ်အများစုမှာ တိုက်ပွဲများအတွင်း ပိတ်မိနေပြီး ကျားဘုရင်နှင့် အရိုးစုဘုရင် ဦးဆောင်သော စစ်တပ်အနည်းငယ်သာ သရဲမျိုးနွယ်စု၏ စစ်တပ်ရှိရာသို့ ဆက်လက်ချီတက်နိုင်ခဲ့သည်။ သို့သော် ထိုစစ်တပ်အနည်းငယ်ဆိုသည်မှာပင် သရဲမျိုးနွယ်စု စစ်တပ်တစ်ခုလုံးထက် အဆပေါင်းများစွာ သာလွန်နေလေသည်။

​"မျိုးနွယ်စု အတော်များများရဲ့ စစ်တပ်ကို မြင်ပြီးပြီ၊ ဒါပေမဲ့ မှင်စာမျိုးနွယ်စုရဲ့ စစ်တပ်ကိုတော့ မတွေ့သေးဘူး။ သူတို့ မလာကြတာလား" ကျားဘုရင်က ရေရွတ်သည်။

"လာလည်း ဘာမှ ထူးမှာမဟုတ်ပါဘူး။ ဒီနေ့ဟာ ငါတို့ သမိုင်းသစ်ရေးထိုးပြီး ဒီနယ်မြေကို အုပ်စိုးမယ့်နေ့ပဲ။ သူတို့ ပုန်းနေလည်း မလွတ်ပါဘူး။ ဒီကလူတွေကို အကုန်သတ်ပြီးရင် မှင်စာမျိုးနွယ်စုဆီ သွားပြီး ပျော်ရတာပေါ့" အရိုးစုဘုရင်က ယုတ်မာစွာ ပြောလိုက်သည်။

​ထို့နောက် အရိုးစုဘုရင်နှင့် ကျားဘုရင်တို့သည် သူတို့၏ စစ်တပ်များကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြသည်။ နှစ်ဖက်စစ်တပ်များ ထိပ်တိုက်တွေ့သောအခါ သရဲမျိုးနွယ်စုက မြေပြင်ကို ရေခဲပြင်အဖြစ် ပြောင်းလဲပစ်သဖြင့် မကောင်းဆိုးဝါးများ လဲကျကုန်သော်လည်း မကောင်းဆိုးဝါးများ၏ မီးလှိုင်းကြီးများက ရေခဲများကို ပြန်လည်အရည်ပျော်စေသည်။ စစ်မြေပြင်တစ်ခုလုံး ရေခဲနှင့် မီးကြောင့် ရေနွေးငွေ့များဖြင့် ပြည့်နှက်သွားတော့သည်။

​"ဘုရင်မ မီယာ... နင့်ရဲ့ စစ်တပ် အသတ်ခံနေရတာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား။ ငါတို့နဲ့အတူ စစ်မြေပြင်မှာ လာပြီး မပျော်ချင်ဘူးလား" ကျားဘုရင်က အော်ပြောသည်။

ဘုရင်မ မီယာသည် စိုးရိမ်သော မျက်နှာထားဖြင့် သူမ၏ စစ်တပ် အထိနာနေသည်ကို ကြည့်နေမိသည်။ သူမသည် ပုခုံးအောက်ပိုင်းကို ဖုံးအုပ်ထားသော ဝတ်ရုံဖြူတစ်ထည်ကို ဝတ်ဆင်ထားသည်။

​"နင် မတိုက်သေးတာက ငါတို့ သတ်ပစ်မှာကို ကြောက်နေလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို စောင့်နေတာလား။ ငါတို့တော့ တော်တော် ပျင်းနေပြီ။ တခြားဘုရင်တွေတောင် တိုက်ပွဲဖြစ်နေကြပြီ။ မင်းက အသန်မာဆုံးဆိုတော့ မင်းရဲ့ စွမ်းအားကို ပြပြီး တိုက်ပွဲစရအောင်လေ။ မင်းရှုံးသွားရင်တောင် မသတ်ပါဘူး၊ နွားဘုရင်နဲ့ ဝက်ဝံဘုရင်တို့က မင်းကို ကိုယ်လုပ်တော်အဖြစ် လိုချင်နေကြတာ" ကျားဘုရင်က အော်ဟစ် ပြောဆိုကာ ပြုံးလိုက်သည်။

​'မှင်စာမျိုးနွယ်စုက အကူအညီတွေ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။ သံတမန် ထွက်သွားတာလည်း တော်တော်ကြာပြီ။ သဝဏ်လွှာကို အနည်းဆုံး လွန်ခဲ့တဲ့ သုံးရက်ကတည်းက ရသင့်တာ။ သူတို့ တကယ်ပဲ မလာကြတော့တာလား' ဘုရင်မ မီယာက မကောင်းဆိုးဝါး ဘုရင်များကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး တွေးနေမိသည်။

​"ဖြေစမ်း" ကျားဘုရင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

​"တိုက်ချင်ရင် တိုက်ကြတာပေါ့" ဘုရင်မက ကျားဘုရင်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အဖြူရောင်ပြောင်းသွားပြီး ကောင်းကင်မှ ကျလာသော နှင်းပွင့်များမှာ ဧရာမ ရေခဲမြားကြီးတစ်စင်းအဖြစ် ပြောင်းလဲကာ ကျားဘုရင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

​ "ကောင်းကင်ဘုံ မီးတောက်လက်ညှိုး" ကျားဘုရင်က ဟိန်းဟောက်ကာ ရေခဲမြားကို လက်ညှိုးဖြင့် ထိုးလိုက်ရာ ဧရာမ မီးတောက်လက်ညှိုးကြီး ထွက်ပေါ်လာပြီး ရေခဲမြားနှင့် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသွားသည်။ မီးတောက်လက်ညှိုး ပျောက်ကွယ်သွားသော်လည်း ရေခဲမြားမှာမူ အနည်းငယ် အရည်ပျော်သွားပြီး ကျားဘုရင်ထံသို့ ဆက်လက်တိုးဝင်လာသည်။ ကျားဘုရင်က လက်သီးဖြင့် ထိုးချလိုက်မှသာ ရေခဲမြားမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားတော့သည်။ သို့သော် ကျားဘုရင်၏ လက်တွင် အလွန်အေးစက်သော အအေးဒဏ်ကို ခံစားလိုက်ရသဖြင့် မီးတောက်များကို အသုံးပြု၍ နွေးထွေးအောင် ပြန်လုပ်လိုက်ရသည်။

​"ဒါ တကယ့်ကို ကောင်းတဲ့ တိုက်ကွက်ပဲ။ ငါလည်း အတည် တိုက်ခိုက်ဖို့ အချိန်တန်ပြီ" ကျားဘုရင်က ရယ်မောလိုက်သည်။

​အခြားတစ်ဖက်တွင်မူ မှင်စာမျိုးနွယ်စု၏ ဘုရားကျောင်းအတွင်း၌ လုံချန်းသည် သူ၏ရှေ့တွင် ရှိနေသော ဖောက်ထွင်းမြင်ရသည့် သလင်းကျောက်ပေါ်သို့ လက်ဝဲဘက်လက် တင်ထားကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူသည် မျက်လုံးဖွင့်ထားသော်လည်း မျက်တောင်ပင် မခတ်ဘဲ ရှိနေသည်။ အချိန်များမှာ မည်မျှပင် ကုန်လွန်သွားသည်မသိ လုံချန်းအတွက်မူ အချိန်ဟူသော အသိစိတ်မှာ ပျောက်ဆုံးနေပြီ ဖြစ်သည်။

All Chapters