← Chapters

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇) - ဓာတ်ကြီးငါးပါး ဓားသခင် ၊ ပေ့ရွှမ်၏ ပြိုင်ဘက်ကင်း (အပိုင်း ၂)

~ဝမ်ယဲ့သည် မူလက ကိုယ်ခန္ဓာ သန့်စင်သူ တစ်ယောက် ဖြစ်ပါ၏။

မှော်စွမ်းအင် လမ်းစဉ်တွင် ပါရမီ အသင့်အတင့်သာ ရှိသူ။ သို့သော် ဆယ်စုနှစ်များစွာ နင်ချီ၏ ပျိုးထောင်မှုကို ခံယူခဲ့ရသည်။

နင်ချီ သင်ကြားပေးသော နည်းစနစ်သည် အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလှသည်။ လမ်းညွှန်ချက်အတိုင်း လိုက်နာရုံဖြင့် လမ်းမှားရောက်စရာ အကြောင်းမရှိ။

နင်ချီသည် လူတိုင်းနှင့် ကိုက်ညီသော "အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း" များကို ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ပါရမီ သာမန်ရှိသူများပင် ခပ်မြန်မြန် တတ်မြောက်ပြီး စွမ်းရည်များကို ပြောင်းလဲ အသုံးပြုနိုင်ခဲ့ကြသည်။

နင်ချီသည် "ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက်" ကို အထူး ဂရုစိုက် ပျိုးထောင်ခဲ့သည်။ ယခု သူတို့၏ လှုပ်ရှားမှုတိုင်းသည် ကမ္ဘာကို တုန်လှုပ်စေ၏။

[တိုက်ပွဲ စတင်လေပြီ]

ဝမ်ယဲ့ လှုပ်ရှားလိုက်သည်။

လက်ခြောက်ဖက်တွင် ဝိညာဉ် ရတနာ ခြောက်မျိုး ကိုင်ဆောင်ထားသည်။

ပထမဆုံး တိုက်ခိုက်လိုက်၏။

ရန်သူ့ဘက်မှ မဟာစွမ်းအားရှင် သုံးယောက် တောင့်ခနဲ ဖြစ်သွားသည်။

မလှုပ်ရှားနိုင်တော့။

ထိုစဉ်၊ ဘေးမှ ချင်မင်ဟောက်နှင့် ဟွမ်မင်းကွမ်းတို့လည်း ဝင်ရောက်လာ၏။

လက်နက်များ ဝင်းလက်သွားသည်။

ညှပ်ပူးညှပ်ပိတ် တိုက်လိုက်သည်။

ရန်သူ သုံးယောက်လုံး ခေါင်းပြတ်ကျသွားကြသည်။

ကျန်းချင်းရွှယ် ပျံသန်းလာ၏။

သူမ၏ ကိုယ်ဟန်က ကောင်းကင်ယံတွင် နတ်မိမယ် တစ်ပါး ကခုန်နေသည့်နှယ်။

ဓားကကွက်ကို ထုတ်သုံးလိုက်သည်။

ဟင်းလင်းပြင်ထဲတွင် ငန်းမွှေးကဲ့သို့ နှင်းပွင့်များ ကျဆင်းလာ၏။

ရန်သူများ တွေဝေသွားကြသည်။ နှင်းပွင့်များကို ငေးကြည့်ရင်း မျောလွင့်သွားကြသည်။

ထိုအခိုက်အတန့်ဝယ်၊

ကျန်းချင်းရွှယ် ဓားကို ဝှေ့ယမ်းလိုက်သည်။

"ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" မဟာစွမ်းအားရှင် တစ်ယောက် လည်ပင်းပြတ်သွားသည်။

လော့ကျန့်၏ ဓားသည် ထူးဆန်းသည်။

ဓားနှင့်လည်း တူသည်၊ လှံနှင့်လည်း တူသည်။

ကောင်းကင်ကို ခွဲထုတ်လိုက်သည်။

ဓားရိပ်များစွာ ပေါ်လာ၏။

ဓားတာအိုနှင့် လှံတာအို ပေါင်းစပ်သွားသည်။

ရှောင်တိမ်းချိန် မရလိုက်။

သွေးမိုးကြီး…ရွာကျသွားတော့၏။

...

အစစ်အမှန် အမွေခံ (၁၀) ယောက် လှုပ်ရှားသည်။

တစ်ယောက်လျှင် ရန်သူ တစ်ယောက်နှုန်း သတ်ဖြတ်လိုက်သည်။

ချက်ချင်းပင် ရန်သူ (၁၀) ယောက် သေဆုံးသွားရ၏။

ကျန်ရှိနေသော အကန့်အသတ်မဲ့ ဓားဂိုဏ်း မဟာစွမ်းအားရှင် (၅) ယောက် ပူးပေါင်းလိုက်သည်။

နောက်ထပ် ရန်သူ (၃) ယောက်ကို သတ်ဖြတ်လိုက်ပြန်သည်။

ရန်သူများ သတိပြန်ဝင်လာချိန်တွင် သူတို့ဘက်၌ မဟာစွမ်းအားရှင် (၁၃) ယောက်သာ ကျန်တော့၏။

ပရိသတ်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ယခင်က လူတိုင်း ထင်ခဲ့ကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အင်အားသည် နင်ချီ တစ်ယောက်တည်းပေါ်တွင်သာ မူတည်သည် ဟူ၍။

နင်ချီ၏ ထူးချွန်မှုကိုသာ မြင်ခဲ့ကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နှစ်တစ်သန်းမှ တစ်ခါပေါ်သော "အင်မော်တယ် မျိုးစိတ်" ကို ရရှိထားသဖြင့် ကံကောင်းသည်ဟုသာ တွေးခဲ့ကြသည်သာ။

ယခုမှ အမှန်တရားကို မြင်လိုက်ရလေသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ စွမ်းရည်က သူတို့ အတွေးများကို ရိုက်ချိုးပစ်လိုက်ပြီတည်း။

အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် နင်ချီ တစ်ယောက်တည်း ရှိသည် မဟုတ်။

မဟာစွမ်းအားရှင် တိုင်းသည် ပြိုင်ဘက်ကင်းများ ဖြစ်နေကြသည်။

ကြည့်ရှုသူများသည် မိမိတို့ဂိုဏ်းမှ မဟာစွမ်းအားရှင်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

မျှော်လင့်ချက် ကင်းမဲ့သွားကြရသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူတိုင်းသည် သူတို့ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်နေကြ၏။

ပို၍ လက်မခံနိုင်စရာ ကောင်းသည်မှာ...

ချင်မင်ဟောက်နှင့် အဖွဲ့သည် "ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့်" သာ ရှိသေးသည်လေ။

သို့သော် သူတို့သည် "နှောင်းပိုင်းအဆင့်" များကို မြက်ပင်များ ရိတ်သင်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေကြသည်။

အဆင့်ကျော် တိုက်ခိုက်နေကြခြင်းပင်။

“အကန့်အသတ်မဲ့ ဓားဂိုဏ်းက... လောကရဲ့ ပါရမီရှင် အကုန်လုံးကို သိမ်းသွင်းထားတာလား...”

လူအများ ရင်တုန်ပန်းတုန် ရေရွတ်လိုက်ကြသည်။

ထိုစဉ်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ မဟာစွမ်းအားရှင် (၁၅) ယောက် ထပ်မံ လှုပ်ရှားလိုက်ပြန်၏။

ယူဟွာဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းမှ ကျန်ရစ်သူများ မှင်သက်နေရာမှ သတိဝင်လာရ၏။

"ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်" နှင့် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" (၃) ယောက်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။

“နင်ချီ ရှိနေသရွေ့ ငါတို့ သေရမှာ သေချာတယ်... မထူးတော့ဘူး... သေအတူ ရှင်မကွာ ဆွဲချကြစို့ ... ငါတို့ သေတာ အလကား မဖြစ်စေနဲ့... ယူဟွာဂိုဏ်းကြီး အတွက် ရန်သူ လျော့သွားအောင် လုပ်ပေးခဲ့ကြမယ်...”

ရန်သူ (၄) ယောက် ရှေ့ထွက်လာ၏။

သူတို့၏ ခန္ဓာကိုယ်များမှ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

အသက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြပြီတည်း။

ဝှက်ဖဲ..ရှိသမျှ အကုန် ထုတ်သုံးလိုက်ကြသည်။

နောက်မှ လူများလည်း အားကျလာ၏။

လွတ်မြောက်လမ်း မရှိမှတော့ အကုန်ရင်းပြီး တိုက်ကြမည်။

ဟင်းလင်းပြင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။

စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။

မရေမတွက်နိုင်သော "စည်းမျဉ်း စွမ်းအားမျှင်" များ ဖွဲ့တည်လာ၏။

ကောင်းကင်တစ်ခုလုံးကို ပိုက်ကွန်သဖွယ် ဖုံးလွှမ်းသွားတော့ သည်။

သွေးမိစ္ဆာဂိုဏ်းသားများ၏ ကိုယ်ပေါ်တွင် သွေးရောင် မီးတောက်များ လောင်ကျွမ်းလာ၏။

အသားအရည်များ နီရဲလာသည်။

ယူဟွာဂိုဏ်းသားများ၏ နောက်ကျောတွင် အတောင်ပံများ၊ သားရဲရိပ်များ၊ နတ်ဘုရားရိပ်များ ထင်ဟပ်လာ၏။

သူတို့သည် "မူလဝိညာဉ်" ကို အကန့်အသတ်အထိ လောင်ကျွမ်းလိုက်သည်။

ဘဝတစ်ခုလုံးတွင် အပြင်းထန်ဆုံးသော "စည်းမျဉ်း စွမ်းအား" ကို စုစည်းလိုက်သည်။

"အနှစ်သာရ၊ ချီ နှင့် ဝိညာဉ်" ကို မီးရှို့လိုက်သည်။

ရန်သူ့ဘက်မှ အစစ်အမှန် အမွေခံ (၁၀၀) လည်း ပါဝင်လာ၏။

သူတို့၏ တိုက်ကွက်များကို ရှေ့မှ မဟာစွမ်းအားရှင်ကြီးများ၏ တိုက်ကွက်နှင့် ပေါင်းစပ်လိုက်သည်။

ချင်မင်ဟောက်နှင့် (၁၅) ယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။

နောက်မှ အမွေခံများနှင့်လည်း အချက်ပြလိုက်သည်။

ရန်သူ၏ "အသေခံ တိုက်ကွက်" ကို မည်သို့ တုံ့ပြန်ရမည်ကို နားလည်လိုက်ကြသည်။

သူတို့ ဟင်းလင်းပြင်ထဲတွင် နေရာယူလိုက်သည်။

မညီမညာ ဟု ထင်ရသော်လည်း အရှိန်အဝါချင်း ဆက်စပ်နေ၏။

ရန်သူ့ဘက်မှ "စည်းမျဉ်း ပိုက်ကွန်" ကြီး ကျဆင်းလာ၏။

ချင်မင်ဟောက်နှင့် အဖွဲ့ ဓားများကို တပြိုင်နက် ဆွဲထုတ်လိုက်သည်။

“ဓားတစ်သောင်းဖြင့် တာအိုကို ဖြတ်တောက်ခြင်း...”

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် မတူညီသော လမ်းစဉ်များကို လျှောက်လှမ်းကြသော်လည်း၊ အရင်းခံ နည်းစနစ်က နင်ချီထံမှ လာ၏။

အမြစ်တူသည်။

သူတို့၏ အရှိန်အဝါများ တစ်သားတည်း ဖြစ်သွားသည်။

သံတုံးတစ်တုံးကဲ့သို့ မာကျောသွားလေသည်။

ဓားအလင်းတန်းများ ပေါင်းစပ်သွားသည်။

နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ရင်း၊

ရန်သူ့တပ်ဖွဲ့ ဆီသို့ တိုးဝင်သွားတော့သည်။

“သတ်ကြ...”

ရန်သူ့ဘက်မှ ခေါင်းဆောင်များ အသံကုန် အော်ဟစ်လိုက်သည်။

သူတို့၏ ကိုယ်ခန္ဓာများ ကြယ်များ ပေါက်ကွဲသကဲ့သို့ လင်းလက်သွားသည်။

“ဝုန်း...”

တိုက်ကွက် နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည်။

ဟင်းလင်းပြင်ကြီး စုတ်ပြဲသွားသည်။

မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။

ကြည့်ရှုသူများ မျက်တောင်မခတ်ရဲကြပေ။

မရေမတွက်နိုင်သော ဓားများ ပေါင်းစပ်ထားသည့် "ဓားအလင်းတန်းကြီး" သည် ရန်သူ့ဘက်မှ "စည်းမျဉ်း စွမ်းအားမျှင်" များကို အပိုင်းပိုင်း ဖြတ်တောက် ပစ်လိုက်သည်ကို ပြတ်ပြတ်သားသား.. မြင်လိုက်ရလေတော့၏။

အခန်း (၆၃၈) - ဓာတ်ကြီးငါးပါး ဓားအရှင် ၊ ပေ့ရွှမ်၏ ပြိုင်ဘက်ကင်း (အပိုင်း ၃)

~ဓားအလင်းတန်းကြီး ဖြတ်သန်းသွားသည်။

ယူဟွာဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းသားများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။

ဟင်းလင်းပြင်ကြီး ပြိုကျသွားသည်။

တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ရန်သူအားလုံး ထိုတွင်းနက်ကြီး အတွင်းသို့ စုပ်ယူခံလိုက်ရသည်။

ဖုန်မှုန့်မျှပင် မကျန်တော့။

အားလုံး ပျက်စီးသွားကြလေပြီ။

“ဝုန်း... ဝုန်း...”

ဟင်းလင်းပြင် တွင်းနက်ကြီးသည် အချိန်အတန်ကြာမှ ပြန်လည် ပိတ်သွားသည်။

တွင်းနက်ကြီး ပျောက်ကွယ်သွားချိန်တွင် အတွင်း၌ ဘာမှ မရှိတော့ပေ။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် လေထဲတွင် မောဟိုက်နေကြသည်။

သို့သော် သူတို့၏ မျက်နှာများတွင် အတိုင်းထက်အလွန် ပီတိဖြစ်နေကြသည်။

သူတို့ လုပ်နိုင်ခဲ့ပြီပင်။

ဂိုဏ်းချုပ်၏ ကျေးဇူး... နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု...။

ယခုအချိန်တွင် သူတို့၏ ရုတ်တရက် တိုးတက်လာမှုသည် ကမ္ဘာလောကကြီးကို တုန်လှုပ်သွားစေခဲ့ပြီပင်။

ဘေးမှ ကြည့်ရှုနေသူများမှာမူ ပြန်လည် ကောင်းမွန်သွားသော ဟင်းလင်းပြင်ကို ကြည့်ရင်း ကျောချမ်းသွားကြသည်။

ချွေးစေးများ ပြန်လာကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် သူတို့ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမို ကြောက်စရာကောင်းနေ၏။ သူတို့၏ စိတ်ကူးယဉ်မှု အကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့ပြီပင်။

မူလက ဂိုဏ်းကြီး (၃) ဂိုဏ်း တိုက်ခိုက်လျှင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ရန်သူ့ဂိုဏ်းများ နှစ်ဖက်စလုံး အထိနာကြလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ဒါတောင်မှ အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်ကို အတော်လေး အထင်ကြီးပြီး တွက်ချက်ပေးထားခြင်း ဖြစ်၏။

သို့သော် လက်တွေ့တွင်...

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ရန်သူ နှစ်ဂိုဏ်းပေါင်းကို ခုခံနိုင်ရုံသာမက၊ မိမိတို့ဘက်မှ တစ်ယောက်မျှ အထိအခိုက်မရှိဘဲ ရန်သူအားလုံးကို မျိုးဖြုတ် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်၏။

“ဒီလောက် ကြောက်စရာကောင်းတဲ့ ပူးပေါင်းတိုက်ခိုက်ရေး အခင်းအကျင်းမျိုးကို ဘယ်သူများ မြင်ဖူးကြသလဲ...”

လူတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

အားလုံး ခေါင်းခါလိုက်ကြသည်။

နယ်ပယ်မတူညီသော ကျင့်ကြံသူများက တပြိုင်နက်တည်း တည်ဆောက်ထားသည့် အခင်းအကျင်း။

ဓာတ်သဘောသဘာဝ အမျိုးမျိုး ပေါင်းစပ်ထားသည့် တိုက်ကွက်။

ဒါသည် အင်မော်တယ်များ ချပေးခဲ့သည့် အခင်းအကျင်းပါဟု ပြောလျှင်ပင် သူတို့ ယုံကြည်ကြပေလိမ့်မည်။

“အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အရင်တုန်းက အင်အားကို ငါတို့ သိကြတာပဲ... သူတို့ရဲ့ အကန့်အသတ်မဲ့ ဓားကျမ်း က ဒီလိုအဆင့်မျိုးအထိ မလုပ်နိုင်ပါဘူး... ဘာလို့များ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားရတာလဲ...”

လူတစ်ယောက်က နားမလည်နိုင်စွာ ခေါင်းကို ကုတ်နေမိသည်။

“ဒါ စဉ်းစားနေစရာ လိုသေးလို့လား... ဂိုဏ်းချုပ်နင် ကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲပေါ့... အကန့်အသတ်မဲ့ ဓားဂိုဏ်းက နှစ်ပေါင်း သိန်းချီ ကြာတာတောင် သိပ်မပြောင်းလဲခဲ့ဘူး... ဂိုဏ်းချုပ်နင် ပေါ်ထွက်လာမှ အခုလို ကြောက်စရာကောင်းတဲ့ အမြင့်ကို ရောက်သွားတာလေ...”

ထိုစကားကို ကြားသောအခါ မည်သူမျှ မငြင်းရဲကြတော့ပေ။ ဒါသည် အမှန်တရား ဖြစ်ကြောင်း လက်ခံလိုက်ကြရသည်။

ထို့ကြောင့်...

လူတိုင်း၏ မျက်လုံးများသည် ကောင်းကင်ယံတွင် လက်နောက်ပစ်ကာ ရပ်နေသော အဖြူရောင် ဝတ်ရုံနှင့် လူငယ်လေးထံသို့ တစ်ဖန် ရောက်ရှိသွားကြပြန်သည်။

ကောင်းကင်ထက်မှ နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေ၏။

သူ၏ အဖြူရောင် ဝတ်ရုံသည် လောကီအရာ မဟုတ်သကဲ့သို့ တောက်ပနေပြီး၊ လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးအလား ထင်မှတ်ရသည်။

ကောင်းကင်ကြီးကို မေးခွန်းထုတ်ရဲပါ၏။

ကျွန်ုပ်တို့ ရှေ့မှောက်တွင် ရှိနေသော သူသည် အင်မော်တယ် တစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။

လူတိုင်း၏ မျက်ဝန်းများတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေကြသည်။

ထိုလူငယ်လေး၏ တောက်ပမှုအောက်တွင်၊ သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို မော့ကြည့်ရုံမှတပါး အခြား မတတ်နိုင်တော့ကြောင်း နားလည်လိုက်ကြသည်။

ပရိသတ်ထဲတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ပဋိပက္ခ မရှိသော ဂိုဏ်းများက ထိုသို့ တွေးမိကြသည်။

ရန်ငြိုးရှိခဲ့ဖူးသော ဂိုဏ်း (၅) ဂိုဏ်းအနက်၊ စောစီးစွာ လာရောက် တောင်းပန်ခဲ့ကြသော ဂိုဏ်း (၃) ဂိုဏ်းမှ ကျင့်ကြံသူများသည် နဖူးမှ ချွေးများကို သုတ်လိုက်ကြသည်။

စိတ်သက်သာရာ ရသွားကြသည်။

ကံကောင်းလိုက်လေခြင်း...။

သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ရန်ငြိုးကို ပထမဆုံး အချိန်မှာပင် ဖြေရှင်းခဲ့မိကြသည်။

(၃) ရက်ကြာမှ လက်နက်ချခဲ့သော "အဆုံးမဲ့ဂိုဏ်း" မှ ကျင့်ကြံသူများမှာမူ တုန်ရီနေကြသည်။

သူတို့သည် သွေးမိစ္ဆာဂိုဏ်းကဲ့သို့ နိဂုံးမျိုးနှင့် ကြုံတွေ့ရရန် ခြေဖျားလေး တစ်ဖျားစာသာ လိုတော့သည် မဟုတ်ပါလား။

ကံကောင်းစွာပင် နောက်ဆုံးအချိန်၌ သူတို့ဂိုဏ်းချုပ် ကိုယ်တိုင်လာရောက်ပြီး ကပ်ဘေးကို ဖြေရှင်းခဲ့၍သာ တော်တော့၏။

ယခုအခါ သွေးမိစ္ဆာဂိုဏ်း ပျက်စီးသွားပြီ။ ကူညီရန် လာရောက်သော ယူဟွာ အဆင့်မြင့်ဂိုဏ်းသားများလည်း သေဆုံးသွားပြီ။

အရာအားလုံး ပြီးဆုံးသွားတော့၏။

နင်ချီ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ ဂရုမစိုက်သော အေးစက်စက် မျက်လုံးများသည် လူအုပ်ကြီးကို ဝေ့ဝဲ ကြည့်လိုက်သည်။

သူ့အကြည့် ရောက်လေရာ အရပ်တိုင်းတွင် လူတိုင်း ခေါင်းငုံ့သွားကြရသည်။

နောက်ဆုံးတွင် နင်ချီ၏ အကြည့်သည် "အဆုံးမဲ့ဂိုဏ်း" မှ ကျင့်ကြံသူများ အပေါ်သို့ ကျရောက်သွားသည်။

ထိုလူနည်းစုသည် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ လေပေါ်မှ မြေကြီးပေါ်သို့ တန်းကနဲ ပြုတ်ကျသွားကြသည်။

သူတို့ ကပျာကယာ ပြန်ထလိုက်ပြီး အသံကုန် အော်ဟစ်လိုက်ကြသည်။

“ဓာတ်ကြီးငါးပါး ဓားအရှင်... ပေ့ရွှမ်ရဲ့ ပြိုင်ဘက်ကင်း... ကျွန်တော်တို့ အဆုံးမဲ့ဂိုဏ်းက ကြည်ဖြူစွာ ခိုလှုံပါတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ခေတ္တမျှ မှင်သက်သွားကြသည်။

ကျင့်ကြံသူ တစ်ယောက်သည် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်လျှင် "ထိပ်သီး မဟာစွမ်းအားရှင်" ဟု ခေါ်ဝေါ်လေ့ ရှိကြ၏။

သို့သော် ထိုနယ်ပယ်၏ "ပြီးပြည့်စုံခြင်း အဆင့်" သို့ ရောက်မှသာလျှင် "အရှင်" ဟူသော ဘွဲ့ထူးကို သုံးစွဲလေ့ ရှိကြသည်။

အဆုံးမဲ့ဂိုဏ်းသားများသည် နင်ချီကို ကြောက်ရွံ့လွန်းသဖြင့် "ဓာတ်ကြီးငါးပါး ဓားအရှင်" ဟု တင်စား ခေါ်ဝေါ်လိုက်ကြခြင်း ဖြစ်၏။

နင်ချီသည် လက်ရှိတွင် "ပေါင်းစည်းခြင်း နယ်ပယ်" အစောပိုင်းအဆင့် သာ ရှိသေးသဖြင့်၊ ပြီးပြည့်စုံခြင်း အဆင့်နှင့် အလှမ်းဝေးနေသေးသည်။

သို့သော်... နှောင်းပိုင်းအဆင့် ရောက်နေသော ယဲ့ဝူရှင်း ကို အလွယ်တကူ အနိုင်ယူလိုက်သည်ကို ထောက်ချင့်လျှင်၊ "ဓားအရှင်" ဟူသော ဘွဲ့ထူးနှင့် သူ ထိုက်တန်ပေ၏။

မည်သူမျှ မငြင်းရဲကြတော့။

ဉာဏ်ကောင်းသော လူအချို့ကလည်း စတင် သံယောင်လိုက် လိုက်ကြသည်။

မကြာမီ အချိန်အတွင်းမှာပင် လူတိုင်း တညီတညွတ်တည်း လိုက်လံ ဟစ်ကြွေးကြတော့၏။

နင်ချီအား "ဓာတ်ကြီးငါးပါး ဓားအရှင်" ဟူ၍...။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ ရင်ထဲတွင် စိတ်ဓာတ်ခွန်အားများ တက်ကြွလာကြသည်။

“ခင်ဗျားတို့ အခြေအနေကို သဘောပေါက်တာ ကောင်းပါတယ်...”

နင်ချီက ယဉ်ကျေးစွာပင် ပြန်ပြောလိုက်၏။

ထို့နောက် လူအုပ်ကြီးထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများဘက်သို့ လှည့်လိုက်သည်။

“ဂိုဏ်းကို ပြန်ကြစို့...”

“ဟုတ်ကဲ့ပါ...”

မျက်စိတစ်မှိတ် အတွင်းမှာပင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် နေရာမှ ပျောက်ကွယ်သွားကြသည်။

ဓားအလင်းတန်းများ အသွင်ပြောင်းလဲကာ မြောက်ဘက်ရှိ အကန့်အသတ်မဲ့ ဓားဂိုဏ်း တည်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားကြတော့၏။

ဘေးမှ ကြည့်ရှုနေသူများသည် သူတို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှသာ ပြန်ရဲကြပါသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း အကြောင်း သတင်းသည် ပေ့ရွှမ်နယ်မြေ တစ်ခုလုံးသို့ တမုဟုတ်ချင်း.. ရိုက်ခတ်သွားတော့သည်။ နင်ချီနှင့် အစစ်အမှန် အမွေခံများ၏ အချက်အလက် အသေးစိတ်ကို တစ်လုံးမကျန် မှတ်တမ်းတင်ထားကြသည်။

ဤအဖြစ်အပျက်၏ နောက်ဆက်တွဲ ဂယက်များသည် ဆက်လက် ပြန့်ကားနေပြီး ပေ့ရွှမ်နယ်မြေ တစ်ခုလုံးကို ကိုင်လှုပ်လိုက်သည်။

ယနေ့မှစ၍ ပေ့ရွှမ်နယ်မြေသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း လွှမ်းမိုးသော ခေတ် တစ်ခေတ် ဖြစ်လာတော့မည်။ မည်သည့်ဂိုဏ်းမျှ သူတို့ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ချေ။

တချို့သော ဂိုဏ်းများကမူ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနာဂတ်ကို သံသယ ဝင်နေကြဆဲ ဖြစ်၏။

တောင်ပိုင်း အစစ်အမှန်နယ်မြေ ရှိနေသေးသမျှ ကာလပတ်လုံး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အနေဖြင့် ယူဟွာ အဆင့်မြင့်ဂိုဏ်းသားများကို အပြတ်ရှင်းလိုက်ခြင်းသည် ပညာမရှိရာ ကျသည်ဟု သူတို့ ယူဆကြသည်။

*

ယူဟွာ အဆင့်မြင့်ဂိုဏ်း အတွင်း၌ "ပေါင်းစည်းခြင်း နယ်ပယ်" ကျင့်ကြံသူ (၂) ယောက် ကျန်ရှိနေသေး၏။

တစ်ယောက်မှာ "နှောင်းပိုင်းအဆင့်" ဖြစ်ပြီး၊ နောက်တစ်ယောက်မှာ "ပြီးပြည့်စုံခြင်း အဆင့်" ရောက်နေသော "အရှင်" တစ်ပါးတည်း။

ယခင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးထက် ပိုမို အင်အားကြီးမားသည်။

ထို့ပြင် တောင်ပိုင်း အစစ်အမှန်နယ်မြေတွင် "ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း" နှင့် "နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း" တို့လည်း ရှိနေသေးသည်။

အထူးသဖြင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းသည် မကြာသေးမီက ယူဟွာ အဆင့်မြင့်ဂိုဏ်းနှင့် အလွန် ရင်းနှီးနေသည် မဟုတ်ပါလား။

သို့သော်လည်း ဂိုဏ်းအများစုကမူ ယုံကြည်ကြသည်။

နင်ချီ ရှိနေသရွေ့... ယခု မဟုတ်လျှင်တောင် နောက်ပိုင်းတွင် တောင်ပိုင်း အစစ်အမှန်နယ်မြေကို ကျော်တက်နိုင်မည့် နေ့တစ်နေ့ မလွဲမသွေ ရောက်လာပေလိမ့်မည်။

ထိုနေ့ရက်သည်လည်း သိပ်ဝေးတော့မည် မဟုတ်ပေ။

ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းများသည် တောင်ပိုင်း အစစ်အမှန်နယ်မြေမှ ဂိုဏ်းများ၏ အထင်သေး နှိမ်ချမှုကို အမြဲ ခံခဲ့ကြရသည်။

ယခု နင်ချီကဲ့သို့သော "အင်မော်တယ် မျိုးစိတ်" ပေါ်ထွန်းလာသောအခါ၊ သူတို့၏ စိတ်အာရုံသည် နင်ချီဘက်သို့ သဘာဝကျကျ တိမ်းညွတ်သွားကြသည်။

ယခုအချိန်တွင်... ယခင်က ပေ့ရွှမ်နယ်မြေ၏ ထိပ်တန်း အဆင့်မြင့်ဂိုဏ်း (၁၀) ဂိုဏ်း ရှိခဲ့ရာမှ၊ (၈) ဂိုဏ်းသာ ကျန်ရှိတော့၏။

ထိုတိုက်ပွဲ၏ ပဲ့တင်သံများ ဟိန်းထွက်နေချိန်မှာပင်... ကျန်ရှိနေသော အဆင့်မြင့်ဂိုဏ်း (၇) ဂိုဏ်းနှင့် အခြားသော ဂိုဏ်းငယ်ပေါင်း များစွာတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ သွားရောက်ကာ တညီတညွတ်တည်း ဂုဏ်ပြုစကား ဆိုကြလေတော့၏။

အခန်း (၆၃၉) - ဓာတ်ကြီးငါးပါး ဓားအရှင် ၊ ပေ့ရွှမ်၏ ပြိုင်ဘက်ကင်း (အပိုင်း ၄)

~သူတို့အားလုံး သစ္စာခံလိုက်ကြပြီ။

အကန့်အသတ်မဲ့ ဓားဂိုဏ်းကို "ပေ့ရွှမ်၏ အရှင်သခင်" အဖြစ် အသိအမှတ်ပြုလိုက်ကြသည်။ နင်ချီအား ပေ့ရွှမ်နယ်မြေ တစ်ခုလုံးကို ဦးဆောင်မည့် ခေါင်းဆောင်အဖြစ် ရှုမြင်လိုက်ကြသည်။

ထိုအချိန်မှာပင်...

ဂိုဏ်းပေါင်းစုံမှ လက်ဆောင်ပဏ္ဏာများ တဖွဲဖွဲ ရောက်ရှိလာတော့၏။

ဝိညာဉ်သွေးကြောများ၊ မြေနေရာများ၊ ကောင်းကင်နှင့် မြေကြီး ရတနာများ၊ သို့မဟုတ် စီးပွားရေး လုပ်ငန်းမျိုးစုံ... စသဖြင့် တန်ဖိုးကြီးမားသော အရာများ ပါဝင်လေသည်။

နင်ချီသည် ဤကိစ္စရပ်များကို ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ချန်ဝမ်ဟယ်သည် ပြုံးရွှင်စွာဖြင့် တာဝန်ယူလိုက်ပြီး၊ ဧည့်သည်နှင့် အိမ်ရှင်ပါ ပျော်ရွှင်ရသော အောင်ပွဲခံ စားပွဲသောက်ပွဲကြီးတစ်ခုကို ခမ်းနားစွာ ကျင်းပပေးလိုက်သည်။

*

အင်မော်တယ် စုဝေးရာ မျှော်စင်ဝယ်၊

ယခင်က ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပိုင်ဆိုင်ခဲ့သော်လည်း၊ ယခုအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။

ထိုနေ့တွင်...

နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ထွက်ခွာလာပြီး အင်မော်တယ် စုဝေးရာ မျှော်စင်သို့ ပြန်ရောက်လာခဲ့သည်။

မျှော်စင်အတွင်း၌ မီးရောင်စုံများ ထိန်ထိန်လင်းနေပြီး ယခင်ကထက်ပင် ပိုမို စည်ကား သိုက်မြိုက်နေ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းက ကျောထောက်နောက်ခံ ပေးထားသဖြင့်၊ ပေ့ရွှမ်နယ်မြေ တစ်ခုလုံးတွင် မည်သူမျှ ဤမျှော်စင် အတွင်း၌ ပြဿနာ မရှာရဲကြပေ။

အကြီးဆုံး သီးသန့် ခန်းမဆောင် အတွင်း၌...

လူအများအပြား ရောက်ရှိ စုဝေးနေကြပြီး နင်ချီ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

နင်ချီ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။

အခန်းထဲရှိ လူများကို တစ်ချက် ဝေ့ဝဲ ကြည့်လိုက်သည်။

ဤနေရာတွင် စုဝေးနေကြသူများသည် ပေ့ရွှမ်နယ်မြေ အတွင်းရှိ "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူများ ဖြစ်ကြသည်။ နင်ချီသည် သူတို့အနက်မှ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ ရောက်ရှိထားသူများကို ရွေးချယ် ဖိတ်ကြားထားခြင်း ဖြစ်၏။

ထိုလူများထဲတွင် ထင်ရှားသော သူနှစ်ယောက် ပါဝင်သည်။

တစ်ယောက်မှာ "လော့ထျန်း အဆင့်မြင့်ဂိုဏ်း" ဂိုဏ်းချုပ်၏ သား "ကျွမ်းချန်" ဖြစ်၏။

ကျွမ်းချန်၏ အရှိန်အဝါသည် ပေါ့ပါး လွတ်လပ်နေ၏။ ခန္ဓာကိုယ် ပြည့်ဖြိုးပြီး အန္တရာယ်ကင်းမည့် ပုံစံ ပေါက်နေသော်လည်း၊ ထက်မြက်သော အာဏာစက်ကို မသိမသာ ထုတ်လွှတ်နေ၏။

သူ့အဖေက လော့ထျန်း အဆင့်မြင့်ဂိုဏ်းကို (၈၀) ရာခိုင်နှုန်း ထိန်းချုပ်ထားလျှင်၊ သူက (၇၀) ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားနိုင်သူ ဖြစ်၏။

နောက်တစ်ယောက်မှာ "မြူပြာ အဆင့်မြင့်ဂိုဏ်း" မှ အခင်းအကျင်း ဆရာသခင် "တာအိုဆရာ ပိုင်ရှန်" ပင်။

ယခုအခါ တာအိုဆရာ ပိုင်ရှန်၏ ဘဝသည် အလွန် သက်သောင့်သက်သာ ရှိပြီး ပျော်ရွှင်စရာ ကောင်းနေပုံ ရသည်။

သို့သော် သူ အလောတကြီး လာခဲ့ရပုံ ပေါ်သည်။ သူ့မျက်နှာပေါ်တွင် နှုတ်ခမ်းနီရာကြီး တစ်ခုကို ဖျက်ဖို့ မေ့ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။

မည်သူကမျှ ထိုကိစ္စကို မပြောကြပေ။

နင်ချီ ရောက်လာလျှင် ကိုယ်တိုင် မြင်တွေ့စေချင်သောကြောင့်ပါ။

ထင်ထားသည့် အတိုင်းပင်... နင်ချီသည် တာအိုဆရာ ပိုင်ရှန်ကို မြင်သည်နှင့် စနောက်လိုက်တော့၏။

“တာအိုဆရာ ပိုင်ရှန်... ဒါက သစ်ငုတ်တိုမှာ ပန်းပြန်ပွင့်တာလား [Tn-1]... ကြည့်ရတာ အချစ်နယ်ကျွံနေပုံပဲ...”

တာအိုဆရာ ပိုင်ရှန် ခဏမျှ ကြောင်အသွားသည်။ နင်ချီ ဘာကို ဆိုလိုမှန်း သူ နားမလည်။

အခန်းတစ်ခုလုံး ရယ်သံများ ပေါက်ကွဲထွက်လာတော့၏။ လူတိုင်းသည် အောင့်ထားရသော ရယ်သံများကို တားဆီးမထားနိုင်တော့ဘဲ အားရပါးရ ရယ်လိုက်ကြသည်။

ထိုအခါမှ ပိုင်ရှန် သဘောပေါက်သွားသည်။ သူ၏ ညာလက်ဖြင့် မျက်နှာကို ပွတ်ဆွဲလိုက်ပြီး ပြန်ကြည့်လိုက်ရာ...

သူ့လက်ဖဝါးတွင် တောက်ပသော အနီရောင် နှုတ်ခမ်းနီရာကြီး ထင်းကနဲ ပေါ်လာလေသည်။

ယခုဘဝတွင် သူသည် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်လေး ပုံစံ ဖြစ်နေသော်လည်း၊ မျက်နှာတစ်ခုလုံး ရဲတက်သွားပြီး ထကဲလိုက်တော့၏။

“ဟာ... မင်းတို့ကွာ... ကျွန်တော့်မျက်နှာပေါ်မှာ ဒီလောက်ကြီးတဲ့ အရာကြီး ပါနေတာကို နယ်မြေအရှင်သခင် ရောက်လာတဲ့အထိ ဘာမှ မပြောဘဲ ကြည့်နေကြတာလား... မင်းတို့မှာ ကိုယ်ချင်းစာတရား ဆိုတာ မရှိကြဘူးလားဟာ...”

လူတိုင်းကတော့ ဆက်လက် ရယ်နေကြဆဲ။

နင်ချီက ပြုံးစစဖြင့် ဝင်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲဗျ... ဒီလောက် မင်္ဂလာရှိတဲ့ ကိစ္စကို ကျွန်တော်တို့ကို အသိမပေးဘဲ နေမလို့လား... ကျွန်တော်တို့က သေချာပေါက် လာပြီး မင်္ဂလာလက်ဖွဲ့ ပေးမှာပေါ့...”

တာအိုဆရာ ပိုင်ရှန် မျက်နှာကြီး ရှုံ့မဲ့သွားပြီး ညည်းတွားလိုက်သည်။

“တော်ပါတော့ဗျာ... ငါ့ကို ဆက်မနောက်ပါနဲ့တော့... ငါတို့ မြူပြာဂိုဏ်းက ဂိုဏ်းချုပ်နဲ့ သူ့သမီးကြောင့် ငါ့မှာ ရူးချင်နေပြီ...”

“အိုး... ပြောပါဦး...”

ပိုင်ရှန်က ဆက်ညည်းညူလာသည်။

“သောက်ကျိုးနည်းဟာ... ဂိုဏ်းချုပ်က ငါ့ရဲ့ ထူးခြားတဲ့ ပါရမီကို သတိထားမိသွားပြီး... သူ့သမီးကလည်း ငါ့ကို ကြိုက်သွားတယ်တဲ့... အဲဒါ သူ့သမက် လုပ်ပါဆိုပြီး အတင်း လိုက်လုပ်နေတာ...”

“ငါက ငြင်းလိုက်ပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့သမီးကို တိတ်တိတ်လေး သင်ပေးနေတယ်ကွာ... ငါ့ကို ဆွဲဆောင်လို့ မရရင် ဆေးခပ်ပြီး ဖမ်းချုပ်လိုက်တဲ့... အဲဒီ သားအဖ နှစ်ယောက်ကြောင့် ငါဖြင့် စိတ်ညစ်လွန်းလို့ သေတော့မယ်...”

ထိုစကား ကြားသောအခါ အခန်းထဲရှိ လူများသည် ပို၍ ကျယ်လောင်စွာ ပွဲကျ ရယ်သွားရပြန်သည်။

“လက်ခံလိုက်ပါဗျာ... ဘာခက်တာ မှတ်လို့...”

“လက်ခံရမယ့် အစ်ကိုကြီးလား... သူက ဝက်တစ်ကောင်လို ဝ နေတာ... မင်းတို့ မတွေ့ဘူးလား...ငါ့မျက်နှာပေါ်က နှုတ်ခမ်းနီရာကြီး ဘယ်လောက် ကြီးပြီး ထူပိန်းနေလဲ ဆိုတာ... အသေပဲ ခံလိုက်မယ်... လုံးဝ ခေါင်းမငုံ့ဘူး...”

“ဒါများ ဘာခက်လို့လဲ... ကျွန်တော်တို့ ကျင့်ကြံသူတွေပဲ... ရုပ်ပြောင်းရုပ်လွှဲ လုပ်ဖို့ လွယ်လွယ်လေးလေ... ဂိုဏ်းချုပ်သမီးကို ရုပ်ပြောင်းခိုင်းလိုက်ရင် ပြီးတာပဲ...”

ပိုင်ရှန်က.., ခေါင်းကို ဂျင်လည်သလို ခါလိုက်သည်။

“မရပါဘူး... ဂိုဏ်းချုပ်က သူ့ကွယ်လွန်သွားတဲ့ မိန်းမကို လွမ်းဆွတ်တမ်းတနေတာ... သူ့သမီးက သူ့မိန်းမနဲ့ အရမ်းတူတယ် ဆိုပြီး ရုပ်ပြောင်းတာကို လုံးဝ ခွင့်မပြုဘူး... ပြီးတော့ ဂိုဏ်းထဲက လူတွေကလည်း အဲဒီမိန်းကလေးကို နတ်သမီးလေးလို လှတယ်ဆိုပြီး ဝိုင်းမြှောက်ပေးထားကြတာ... သူက အဲ့ဒါကို အဟုတ်မှတ်ပြီး... ငါ့ကို အလှအပ ခံစားမှု မရှိဘူးလို့တောင် ပြောနေသေးတယ်...”

တဆက်တည်း၌၊ ပိုင်ရှန်သည် နင်ချီ၏ လက်ကို အတင်း ဆွဲကိုင်လိုက်ပြီး တောင်းပန်လိုက်သည်။

“နင်ချီ... ကျေးဇူးပြုပြီး မြန်မြန် လာတိုက်ပေးပါ... ငါ..မင်းအတွက် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ပေးပါ့မယ်... ဘာပဲဖြစ်ဖြစ် အခုဆိုရင် လော့ထျန်း အဆင့်မြင့်ဂိုဏ်းက လူတွေက မင်းကို သူတို့ ဘိုးဘေးကြီးထက်တောင် ပိုပြီး ရှိန်နေကြတာပဲ...”

နင်ချီ ပြုံးလိုက်မိသည်။

လူတိုင်း ပေါ့ပေါ့ပါးပါး ရောက်တတ်ရာရာလေးများ.., ပြောဆိုနေကြသည်။ ပိုင်ရှန်၏ အဖြစ်အပျက်ကဲ့သို့ အတင်းအဖျင်းများ ပြောကြသလို၊ နင်ချီ၏ လက်ရှိ ဘွဲ့ထူး ဂုဏ်ပုဒ်များ အကြောင်းကိုလည်း ဆွေးနွေးကြသည်။

အင်မော်တယ် မျိုးစိတ်၊ အစစ်အမှန် အမွေခံ နင် ၊ ပေါင်းစည်းခြင်း သခင် နင် ၊ ဓားတစ်ချက်ဆရာ နင် ၊ ဓာတ်ကြီးငါးပါး ဓားအရှင် ...စသဖြင့်၊ စသဖြင့်။

နှစ်ပေါင်းများစွာ ကွဲကွာနေပြီးမှ ပြန်ဆုံတွေ့ကြရသဖြင့်၊ တစ်ယောက်နှင့် တစ်ယောက် စနောက်ကြရင်း အခြားကမ္ဘာမှ လာသူများ ပီပီ ထူးခြားသော သံယောဇဉ်ကို ခံစားနေကြရသည်။

နောက်ဆုံးတွင်... သူတို့သည် အဓိက အကြောင်းအရာဆီသို့ ပြန်ရောက်လာကြပါ၏။

"ဝိညာဉ် ကမ္ဘာ စစ်ပွဲ" အကြောင်း ဆွေးနွေးကြသည်။ ဂိုဏ်းတိုင်းသည် စစ်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်၏။

ရောက်ရှိနေသူများထဲတွင် သတင်းထောက်လှမ်းရာ၌ အလွန် ကျွမ်းကျင်သော ဂိုဏ်းတစ်ခုမှ လူတစ်ယောက် ပါဝင်သည်။ သူသည် အခြားသူများ မသိသေးသော သတင်းတစ်ခုကို ယူဆောင်လာ၏။

“နယ်မြေအရှင်သခင်... ကျွန်တော်တို့ တောင်နှင့် ပင်လယ် ကမ္ဘာ နဲ့ တိုက်ခိုက်ရမယ့် ရန်သူ့ကမ္ဘာကို စုံစမ်းလို့ ရပါပြီ...”

လူတိုင်း သူ့ထံ အကြည့်များ စုပြုံ ရောက်ရှိသွားကြသည်။

နင်ချီက ပြုံးပြီး ပြောလိုက်သည်။

“သောက်တာလည်း သုံးချီ ရှိပြီ... စားတာလည်း ငါးမယ် ရှိပြီ... [Tn-2] ကျွန်တော့်ရဲ့ အင်မော်တယ် မျှော်စင်တောင် ပြောင်သလင်းခါတော့မယ်... ခင်ဗျားက လျှို့ဝှက်ချက် လုပ်နေတုန်းလား...”

အားလုံး ထပ်မံ ရယ်လိုက်ကြသည်။

ထိုသူက နောက်ဆုံးတွင် ဖွင့်ပြောလိုက်သည်။

“အဲဒီကမ္ဘာ နာမည်က 'ကျယ်ပြောသော ကမ္ဘာ' တဲ့... ကျွန်တော်တို့ တောင်နှင့် ပင်လယ် ကမ္ဘာ နဲ့ အင်အားချင်း ယှဉ်နိုင်တယ်... ဒါပေမဲ့ သူတို့ရဲ့ ကမ္ဘာတွင်း အခြေအနေက ကျွန်တော်တို့ထက် ပိုပြီး တည်ငြိမ်မှု ရှိပုံရတယ်...”

All Chapters