အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း (၆၃၄) - ပေါက်ကွဲသွားသော ဘိုးဘေးကြီး (အပိုင်း ၃)
~ချင်မင်ဟောက်၏ စိန်ခေါ်မှုကို မိုထျန်းရှင်းက အလွန် သတိကြီးစွာဖြင့် တုံ့ပြန်လိုက်သည်။
“ငါတို့ သွေးမိစ္ဆာဂိုဏ်းက ဒီနေရာမှာ အခြေချနေထိုင်လာတာ နှစ်ပေါင်း သိန်းချီနေပြီ... မင်းတို့ တကယ် စွမ်းရည်ရှိတယ် ဆိုရင်... ငါတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အရင် ချိုးဖျက်ပြီး ဝင်လာခဲ့လေ... အဲဒါဆိုရင် ငါ..မင်းနဲ့ တိုက်ပေးမယ်...”
ထိုစကား ကြားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများ ဆူညံစွာ ထွက်ပေါ်လာတော့၏။
ချင်မင်ဟောက် သည် မိုထျန်းရှင်း၏ မျက်နှာပြောင်တိုက်မှုကြောင့် ဘာမှ ဆက်မပြောနိုင်တော့ဘဲ နင်ချီကို လှည့်ကြည့်လိုက်သည်။
နင်ချီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလေသည်။
“မင်ဟောက်... သူက ဒီလို ပြောလာမှတော့လည်း... ငါပဲ သူတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ပေးလိုက်ပါ့မယ်... ပြီးမှ မင်းက ဝင်တိုက်ခိုက်ပေါ့...”
ချင်မင်ဟောက် ချက်ချင်း ဝမ်းသာသွားသည်။
“မင်ဟောက်... ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ်...”
နင်ချီ ကိုယ်တိုင် လှုပ်ရှားတော့မည် ဆိုသည်ကို ကြားလိုက်ရသဖြင့် ဘေးမှ ကြည့်ရှုနေသူများသည် အသေးစိတ် အချက်အလက် တစ်ခုမှ လွတ်မသွားစေရန် လည်ပင်းများကို ဆန့်ထုတ်ကာ စောင့်ကြည့်နေကြတော့၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် ရောက်လာကတည်းက စစ်အခင်းအကျင်း ပုံစံဖြင့် တည်ငြိမ်စွာ နေခဲ့ကြသဖြင့် မည်သူကမျှ သူတို့၏ အင်အားအစစ်အမှန်ကို အကဲမခတ်နိုင်ခဲ့ကြပေ။
ချင်မင်ဟောက်က သူ၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်ပြလိုက်မှသာ မိုထျန်းရှင်း သတိထားမိသွားခြင်း ဖြစ်၏။
ထိုအခိုက်အတန့်၌... ၊
နင်ချီ၏ မျက်လုံးများထဲမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသည်။
"ဆန်းကြယ်မှု ဖျက်ဆီးခြင်း ရွှေရောင် မျက်လုံး" ၏ စွမ်းအားအောက်တွင် သွေးမိစ္ဆာဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်း တစ်ခုလုံးသည် ကွင်းကွင်းကွက်ကွက် ပေါ်လာတော့၏။
“ဝှစ်..”
မျက်စိစွမ်းအား စီးကြောင်းများသည် အခင်းအကျင်း တစ်ခုလုံးကို ထိုးဖောက်သွားပြီး၊ အတွင်းအပြင် အကုန်လုံးကို အခိုက်အတန့် အတွင်းမှာပင် ဖောက်ထွင်း မြင်လိုက်ရသည်။
ဘေးလူများက သေချာ မမြင်ရသော်လည်း၊ နင်ချီ၏ မျက်လုံးကို လှမ်းကြည့်လိုက်မိသော သွေးမိစ္ဆာဂိုဏ်းသားများ၏ ရင်ထဲတွင်မူ လှုပ်ခါသွားကြရ၏။
နင်ချီက သူတို့ကို တိုက်ရိုက် ကြည့်မနေသော်လည်း၊ သူ၏ ဘေးတိုက် အကြည့်အောက်၌ပင် မိမိတို့၏ လျှို့ဝှက်ချက် အားလုံး ပေါ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တောက်ပသော နေမင်းကြီး ကမ္ဘာမြေကို ဖြာကျလိုက်သကဲ့သို့၊ လောကရှိ အရာခပ်သိမ်းသည် သူ့ရှေ့တွင် ပေါ်လွင် ထင်ရှားသွားတော့၏။
ထို့နောက်... လူတိုင်း၏ အကြည့်အောက်မှာပင် နင်ချီသည် သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ချောင်းများကို ဓားပုံသဏ္ဌာန် ဖော်ဆောင်လိုက်သည်။
ထိုလက်ချောင်း ဓားသွားသည် ပေါ့ပါးစွာပင် သွေးမိစ္ဆာဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်း ဆီသို့ ဝှေ့ယမ်း ပိုင်းဖြတ်လိုက်လေသည်။
ဟင်းလင်းပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အသံမထွက်သော အသံလှိုင်းများ ဖြတ်သန်းသွားပြီးနောက်၊ မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးကြိုးပစ်ချသလို အသံများ လူတိုင်း၏ နားထဲတွင် မြည်ဟိန်းသွားတော့၏။
နင်ချီ၏ ရှေ့တွင် မီတာ (၁၀၀၀၀) ခန့် ရှည်လျားသော ဖောက်ထွင်းမြင်နိုင်သည့် ဓားအလင်းတန်းကြီး တစ်ခု ဖြစ်တည်လာပြီး၊ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ပေါ်သို့ ကျဆင်းသွားလေသည်။
ဓားချက် ထိမှန်သည့် အချိန်မှာပင်... ထို ဓားအလင်းတန်းကြီး ပေါ်မှ အရောင်စုံ အလင်းများ ရုတ်တရက် ဖြာထွက်လာ၏။ "စည်းမျဉ်း စွမ်းအားမျှင်" ပေါင်းများစွာသည် ဓားအလင်းတန်း ထဲမှ ခွဲထွက်လာသည်။
တစ်ခုစီသည် မီတာ (၁၀၀၀၀) ခန့် ရှည်လျားကာ မီးပန်းများ ပေါက်ကွဲသကဲ့သို့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း တစ်ခုလုံးကို ရစ်ပတ် ဖြိုခွင်းလိုက်တော့၏။
မြင်ကွင်းကို ကြည့်နေသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ရိုးရှင်းသည်ဟု ထင်ရသော ဤဓားချက် အတွင်း၌ မရေမတွက်နိုင်သော လမ်းစဉ်များ ကိန်းအောင်းနေသည် မဟုတ်ပါလား။
ပါဝင်နေသော စည်းမျဉ်းများကို ထားဦး၊ ထို မီတာ (၁၀၀၀၀) ရှည်လျားသော "စည်းမျဉ်း စွမ်းအားမျှင်" ကြီး တစ်ခုတည်းကပင် လူတိုင်းကို ကြောက်ဒူးတုန်သွားစေရန် လုံလောက်နေပြီတည်း။
အခင်းအကျင်း အတွင်းရှိ သွေးမိစ္ဆာဂိုဏ်းသားများသည် ကောင်းကင် ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော "စည်းမျဉ်း စွမ်းအားမျှင်" များသည် ဓားများအဖြစ် ပြောင်းလဲကာ သူတို့ထံသို့ ဦးတည်လာနေ၏။
နှစ်ပေါင်း သိန်းချီ၍ ပြုပြင် မွမ်းမံထားခဲ့သော ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကြီးသည် ရေနွေးပူပွက်သကဲ့သို့ ဆူပွက်လာပြီး၊ အဝေးမှ လှမ်းကြည့်လျှင်ပင် ပြိုလဲတော့မည့် အရိပ်အယောင်များ ပေါ်လာ၏။
နင်ချီ၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် မိုထျန်းရှင်း တစ်ယောက် ရေခဲတောင်အောက် ဆွဲချခံလိုက်ရသလို ခံစားလိုက်ရသည်။ အေးစက်သော ခံစားမှုတစ်ခုက သူ့ရင်ထဲမှတဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။
ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် ဤ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း အကြောင်းကို သူ အသိဆုံး ဖြစ်၏။
မည်သည့်နေရာတွင် အခင်းအကျင်း၏ မျက်လုံး ရှိသည်၊ မည်သည့်နေရာက အားနည်းချက် ရှိသည်၊ မည်သည့်နေရာက အစွမ်းထက်ဆုံး ဖြစ်သည် ဆိုတာကို မိုထျန်းရှင်း ကောင်းကောင်း သိသည်။
သို့သော် ယခု သူ မြင်နေရသည်မှာ... နင်ချီ၏ ဓားချက်သည် ကျွမ်းကျင်လှသော သားသတ်သမား တစ်ယောက်က နွားတစ်ကောင်ကို အသားခွဲစိတ်နေသည့်နှယ် ဖြစ်နေ၏။ ရှုပ်ထွေးသည်ဟု ထင်ရသော "စည်းမျဉ်း ဓားတာအို" သည် သူတို့၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အလွန် ထိရောက်စွာနှင့် စနစ်တကျ ဖြိုခွင်းနေခြင်း ဖြစ်၏။
ဓားတစ်ချက်တည်းမှ ထောင်ပေါင်းများစွာ ကွဲထွက်သွားသော်လည်း၊ ဓားချက်တိုင်းတွင် တိကျသော အစီအစဉ် ရှိနေ၏။
နင်ချီသည် အခင်းအကျင်း၏ အားနည်းချက်များကို ဦးစွာ တိုက်ခိုက်သည်၊ ထို့နောက် ထိုအားနည်းချက်များကို သုံးပြီး အခင်းအကျင်း မျက်လုံးများကို ဖျက်ဆီးသည်၊ တိုက်ခိုက်ရေး စွမ်းရည်ကို ဖြတ်တောက်သည်၊ ကာကွယ်ရေး စွမ်းရည်ကို ချိုးဖျက်သည်၊ နောက်ဆုံးတွင် မိစ္ဆာစိတ်ကူးယဉ် အခင်းအကျင်းများကို ရှင်းလင်းပစ်လိုက် တော့သည်။
နင်ချီ၏ ဓားချက်သည် အနုစိတ် ကျလွန်းပြီး အံ့မခန်း ဖြစ်နေတော့၏။
"တာအို သည် တစ် ကို မွေးဖွား၏... တစ် သည် နှစ် ကို မွေးဖွား၏... နှစ် သည် သုံး ကို မွေးဖွား၏... သုံး သည် လောကရှိ အရာခပ်သိမ်းကို မွေးဖွားလေ၏..." ဟူသော သဘောတရားအတိုင်းပင်။
သာမန်ဟု ထင်ရသော်လည်း နက်ရှိုင်းသော သဘောတရားများ ပါဝင်နေသဖြင့် လူတိုင်း အံ့ဩတကြီး နှုတ်ခမ်းများ လှုပ်ရွလိုက်ကြသည်။
"ဒါက တကယ်ပဲ ဓားတစ်ချက်တည်းနဲ့ လုပ်လိုက်တာလား..."
အင်မော်တယ် တစ်ပါး ဓားကို ဝှေ့ယမ်းလိုက်လျှင်ပင် ဤမျှလောက်သာ ရှိပေလိမ့်မည်။
သွေးမိစ္ဆာဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းသည် ထောပတ်တုံးကို ဓားပူဖြင့် လှီးဖြတ်လိုက်သကဲ့သို့၊ မျက်စိတစ်မှိတ် အတွင်းမှာပင် လွယ်ကူစွာ ပေါက်ကွဲ ပျက်စီးသွားလေတော့၏။
“ဖောင်း... ဖောင်း... ဖောင်း...”
ကြိုးပြတ်သွားသော အသံကဲ့သို့ တဖောင်းဖောင်း မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ သွေးမိစ္ဆာဂိုဏ်း အတွင်းရှိ အရာအားလုံးသည် လူအများ၏ ရှေ့မှောက်တွင် ပေါ်လွင် ထင်ရှားသွားတော့၏။
သွေးမိစ္ဆာဂိုဏ်းသားများ ဆန်ကောထဲထည့် လှုပ်ခံရသလို တုန်ခါသွားကြသည်။
ယခင်က သူတို့ ထင်ထားသည်မှာ နင်ချီသည် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ယခုမှ ဝင်ရောက်ခါစ ဖြစ်သဖြင့်၊ မိမိတို့ အကြီးအကဲများထက် အဆင့်တစ်ဆင့် သာသည် ဆိုလျှင်တောင် အကန့်အသတ် ရှိလိမ့်မည် ဟူ၍ ဖြစ်၏။
သို့သော် ယခု သူတို့ စိတ်ပျက်လက်ပျက်ဖြင့် သိလိုက်ရသည်မှာ... နင်ချီ၏ ဓားချက်သည် သာမန် ပေါင်းစည်းခြင်း နယ်ပယ်နှင့် လားလားမျှ မသက်ဆိုင်ပေ။
သူတို့ လောင်းရဲသည်။ တောင်ပိုင်း အစစ်အမှန်နယ်မြေမှ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ စုပေါင်း တိုက်ခိုက်လျှင်ပင် နင်ချီကဲ့သို့ ဤမျှ ကျွမ်းကျင် လွယ်ကူသော အဆင့်မျိုး ရောက်နိုင်မည် မဟုတ်ပေ။
ချင်မင်ဟောက် သည် ပျက်စီးသွားသော အခင်းအကျင်းထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်ရောက်သွားပြီး၊ မိုထျန်းရှင်း ကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။ စောစောက ပြောထားသည့်အတိုင်း ပြုလုပ်ရန် ဖြစ်၏။
မိုထျန်းရှင်း၏ မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ချင်မင်ဟောက်၏ ဓားသွားသည် သူ၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်ထားသကဲ့သို့ ခံစားနေရသည်။
မိုထျန်းရှင်း နားလည်လိုက်သည်မှာ သူ ကြောက်နေသည်မှာ ချင်မင်ဟောက်ကို မဟုတ်၊ နင်ချီကို ဖြစ်၏။
နင်ချီ၏ ဓားချက်မှ ကျန်ရစ်သော စွမ်းအား အရှိန်အဝါများသည် ချင်မင်ဟောက်၏ ဓားပေါ်တွင် ကပ်ငြိနေပြီး သူ့ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားခြင်း ဖြစ်၏။
မိုထျန်းရှင်း ဒူးများ ပျော့ခွေလာ၏။ နင်ချီရှေ့တွင် ဒူးထောက်ချင်စိတ်များ ပေါ်လာသော်လည်း လျှာကို ကိုက်ကာ အတင်း တောင့်ခံထားလိုက်သည်။
စက္ကန့်တိုင်းသည် နှစ်ပေါင်းများစွာ ကြာညောင်းနေသကဲ့သို့ ခံစားရပြီးနောက်... နောက်ဆုံးတွင် သူ မျှော်လင့်စောင့်စားနေသော အသံကြီး တစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် ထွက်ပေါ်လာတော့၏။
“ဘယ်သူကများ... ငါတို့ ယူဟွာ အဆင့်မြင့်ဂိုဏ်းရဲ့ မဟာမိတ်ကို အနိုင်ကျင့်ရဲတာလဲ...”
ဩဇာရှိသော အသံသည် မိုးကုပ်စက်ဝိုင်းဆီမှ လွင့်ပျံလာပြီး၊ မီးခိုးရောင် လူရိပ်တစ်ခု လျှပ်တပြက် ချဉ်းကပ်လာ၏။
ပထမတစ်ချက် ကြည့်လိုက်ချိန်တွင် ထိုမီးခိုးရောင် လူရိပ်သည် မိုးကုပ်စက်ဝိုင်း အစွန်း၌ ရှိနေသေးသော်လည်း၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့၏ ရှေ့မှောက်သို့ ဗြုန်းစားကြီး ရောက်ရှိလာခဲ့တော့၏။
ထိုမီးခိုးရောင် လူရိပ်သည် မိုထျန်းရှင်း၏ ဘေးတွင် ရပ်တန့်လိုက်ပြီး၊ မိုထျန်းရှင်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်မို...”
မိုထျန်းရှင်း သည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ၊ ရောက်လာသူကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲမှ အေးစက်မှုများ ပျောက်ကွယ်သွားပြီး နွေးထွေးမှုကို ပြန်လည် ရရှိလိုက်သည်။
“စီနီယာယဲ့...”
“မင်ဟောက်... ပြန်လာခဲ့လိုက်...”
နင်ချီက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ချင်မင်ဟောက် သည် ဓားကို ပြန်သိမ်းပြီး နင်ချီ၏ ဘေးတွင် သွားရောက် ရပ်နေလိုက်သည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ "ထိပ်သီး မဟာစွမ်းအားရှင်ကြီး" ( / ) ရောက်လာပြီ ဖြစ်သဖြင့်၊ သူ ဆက်လက် လှုပ်ရှားရန် မသင့်တော်တော့ပေ။ ထိပ်သီး မဟာစွမ်းအားရှင်ကြီးများ၏ စစ်မြေပြင်သည် သဘာဝကျကျပင် ဂိုဏ်းချုပ်အစ်ကိုကြီး အတွက်သာ ဖြစ်ပေတော့၏။
ကောင်းကင်ယံတွင် "စည်းမျဉ်း စွမ်းအားမျှင်" များ တစ်ခုပြီးတစ်ခု ဖြတ်သန်း ပျံသန်းလာကြသည်။ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ အခြား မဟာစွမ်းအားရှင်များ ရောက်ရှိလာကြခြင်းပင်။
သူတို့သည် စီနီယာယဲ့ ၏ နောက်ကျောဘက်တွင် တစ်လှမ်းအကွာ၌ ရပ်တန့်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့ စေလွှတ်လိုက်သော အင်အားမှာ စုစုပေါင်း မဟာစွမ်းအားရှင် (၁၁) ယောက် ဖြစ်၏။
ထိုပုဂ္ဂိုလ်တို့အနက် တစ်ယောက်မှာ "ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်" ဖြစ်ပြီး၊ နှစ်ယောက်မှာ "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" ဖြစ်ကာ၊ ကျန်လူများမှာ "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်း အဆင့်" များ ဖြစ်ကြလေသည်။
အခန်း (၆၃၅) - ပေါက်ကွဲသွားသော ဘိုးဘေးကြီး (အပိုင်း ၄)
~သွေးမိစ္ဆာဂိုဏ်းမှ မဟာစွမ်းအားရှင် (၁၅) ယောက်... ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၁၁) ယောက်... စုစုပေါင်း မဟာစွမ်းအားရှင် (၂၆) ယောက်နှင့်အတူ၊ "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိနေသော ထိပ်သီး မဟာစွမ်းအားရှင်ကြီး တစ်ပါး...။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးမှ ကြည့်ရှုနေကြသော ပရိသတ်များသည် အသက်ရှူမှားမတတ် ဖြစ်သွားကြရတော့၏။
ယူဟွာ အဆင့်မြင့်ဂိုဏ်းက တကယ်ပဲ အကြီးအကျယ် ပွဲထုတ်လာခဲ့ပြီကိုး။
သွေးမိစ္ဆာဂိုဏ်း၏ လောင်းကြေးထပ်မှုက မှန်ကန်သွားခဲ့တော့၏။ သူတို့သည် နောက်ဆုံးအချိန်အထိ အံခဲပြီး တောင့်ခံထားခဲ့ကြသည်။ ကျန် ဂိုဏ်း (၄) ဂိုဏ်းက ဒူးထောက် အရှုံးပေးလိုက်သည့် အချိန်တွင်၊ ပေ့ရွှမ်နယ်မြေ၌ ကျန်ရှိနေသေးသော တစ်ခုတည်းသော ခြေကုပ်စခန်းဖြစ်သည့် သွေးမိစ္ဆာဂိုဏ်းကို ကာကွယ်ရန် ယူဟွာဂိုဏ်းကြီးက အင်အားအပြည့်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ထိုအခါမှ သွေးမိစ္ဆာဂိုဏ်းသားများသည် ကြောက်ရွံ့မှုများ ပျောက်ကွယ်ကာ စိတ်သက်သာရာ ရသွားကြသည်။
အကယ်၍သာ ယူဟွာ အဆင့်မြင့်ဂိုဏ်း အနည်းငယ် နောက်ကျခဲ့မည် ဆိုပါက၊ သူတို့အားလုံး "ယင် နှင့် ယန်" ကမ္ဘာခြားကာ သေပွဲဝင်ရတော့မည် မဟုတ်ပါလား။
[ဘာသာပြန်သူ၏ မှတ်ချက် - ယင် နှင့် ယန် ကမ္ဘာခြားခြင်း ဆိုသည်မှာ တရုတ်စကားပုံအရ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း ၊ တစ်နည်းအားဖြင့် သေဆုံးသွားခြင်းကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပါ၏။]
ကံကောင်းထောက်မစွာပင် ယူဟွာဂိုဏ်းက သူတို့ကို စိတ်ပျက်စေခြင်း အလျဉ်းမရှိခဲ့ပေ။ သူတို့ဂိုဏ်းချုပ်၏ လောင်းကြေး မှန်ကန်သွားခဲ့ပြီပင်။
သွေးမိစ္ဆာဂိုဏ်းသားများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်သို့ တစ်ဖန်ပြန်၍ လှမ်းကြည့်လိုက်ကြသည်။ "ပေါင်းစည်းခြင်း နယ်ပယ်" ရောက်နေသော နင်ချီ တစ်ယောက်မှလွဲ၍၊ ကျန်လူများသည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မဟာစွမ်းအားရှင် (၁၅) ယောက်မျှသာ ရှိလေသည်။
အရေအတွက်အရ ကြည့်မည်လော... ကျင့်ကြံခြင်း အဆင့်အရ ကြည့်မည်လော... သူတို့ဘက်က အစစအရာရာ အသာစီး ရနေတော့၏။ ဤတိုက်ပွဲကား သေချာပေါက် နိုင်ပွဲပင် ဖြစ်တော့၏။
“ဟား... ဟား... ဟား... ဂိုဏ်းချုပ်နင်... ကောင်လေး... အခုတော့ အခြေအနေတွေ ပြောင်းပြန်လှန်သွားပြီဆိုတော့ မင်း ဘာပြောချင်သေးလဲ...”
မိုထျန်းရှင်း က မိုးချုန်းသံပမာ အားရပါးရ ဟားတိုက်လိုက်သည်။
“မိုထ
ျန်းရှင်း... ခင်ဗျား ခုနလေးတင် ခွေးတစ်ကောင်လို တုန်လှုပ်နေခဲ့တာကို မေ့သွားပြီလား... သခင်အားကိုးပြီး ဟောင်တဲ့ခွေးလို လူမျိုးကများ... ခင်ဗျားသခင် ရှေ့ရောက်မှ ပါးစပ်သရမ်းမနေစမ်းနဲ့...”
ချင်မင်ဟောက် က နှာခေါင်းရှုံ့ကာ ပြန်လည် တုံ့ပြန်လိုက်ခြင်းပါ။
“....”
ပေ့ရွှမ်နယ်မြေ တစ်ခုလုံးမှ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် ဂျူနီယာ တစ်ယောက်က ဤကဲ့သို့ ခွေးနှင့် နှိုင်း၍ ဆဲဆိုလိုက်သဖြင့် မိုထျန်းရှင်း ဒေါသထွက်လွန်း၍ ဆံပင်များပင် ထောင်မတ်ကုန်တော့၏။
သို့သော်... သူသည် ယူဟွာ အဆင့်မြင့်ဂိုဏ်းကို ခိုလှုံခဲ့သည်မှာ အမှန်ပင် ဖြစ်နေ၏။ ယခုလည်း သူတို့ ကယ်တင်မှ အသက်ချမ်းသာရာ ရမည့် အခြေအနေ ဖြစ်နေသဖြင့်၊ သူတို့ရှေ့တွင် ခွေးမဟုတ်ပါဘူး ဟု ငြင်းရအောင်လည်း အခြေအနေက မပေးပြန်ချေ။
သူ့ဘေးတွင် ရပ်နေသော ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ ထိပ်သီး မဟာစွမ်းအားရှင်ကြီး ယဲ့ဝူရှင်း ၏ မျက်လုံးများသည် နင်ချီ တစ်ယောက်တည်း အပေါ်၌သာ စူးစိုက်ထားသည်။
နင်ချီကလည်း သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်ရင်း မေးလိုက်၏။
“ခင်ဗျားတို့ ယူဟွာ အဆင့်မြင့်ဂိုဏ်းက တကယ်ပဲ ဝင်ပါတော့မလို့လား...”
သူ့အား ယဲ့ဝူရှင်း က အထင်တသေး.. လှောင်ပြုံး၍ ကြည့်လိုက်ပြီး ပြန်ဖြေသည်။
“လူငယ်လေး... မင်းက လူကြီးသူမကို မလေးစားတတ်ပါလား... ငါက မူလကတော့ မင်းမှာ ပါရမီလေး ရှိတယ်ဆိုပြီး ငါတို့ ယူဟွာဂိုဏ်းထဲ ခေါ်သွင်းမလို့ စိတ်ကူးထားတာ... ဒါပေမဲ့ အခုပုံစံ ကြည့်ရတာတော့ မင်းက အဲဒီလောက် တန်ဖိုးမရှိပုံပဲ...”
နင်ချီ ပြုံးလိုက်မိသည်။
အဘိုးကြီးတွေက ဘာဖြစ်လို့များ သူတို့ရဲ့ အသက်ကြီးတာကို ဂုဏ်ဖော်ပြီး ဆရာကြီး လုပ်ချင်ကြရတာလဲ။
လူတစ်ယောက်က မေးခွန်းတစ်ခု မေးလိုက်လျှင် တည့်တည့် မဖြေဘဲ၊ ခေါင်းစဉ် လွဲပြီး ဆရာလုပ်ကာ ဆိုဆုံးမချင်နေကြသည်။
“ခင်ဗျားရဲ့ နားကြားစွမ်းရည်က... ခင်ဗျားရဲ့ အရည်အချင်းလိုမျိုး မထိုင်းမှိုင်းပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်...”
နင်ချီက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
စကားဆုံးသည်နှင့် တပြိုင်နက်... နင်ချီ၏ ခန္ဓာကိုယ်သည် ကျည်ဆန်တစ်တောင့်ကဲ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားပြီး ယဲ့ဝူရှင်း ဆီသို့ တိုးဝင်သွားတော့၏။
ယဲ့ဝူရှင်း က လက်ဝါးတစ်ဖက်ကို ရိုက်ထုတ်လိုက်၏။
ကောင်းကင်ယံထက်တွင် တိမ်တိုက်လွှာများ လိပ်တက်လာပြီး၊ ထိုလက်ဝါးချက် အတွင်း၌ တာအို သဘောတရားများ ကိန်းအောင်း ပါဝင်နေ၏။
သူ၏ လက်ဝါးကြီးသည် ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ကမ္ဘာကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲနိုင်သော ဖန်ဆင်းရှင်၏ လက်ဝါးကြီးပမာ ကြီးမားကျယ်ပြန့်လာတော့၏။
သို့သော်... နင်ချီက အရှိန်အနည်းငယ်မျှ မလျှော့ဘဲ တိုးဝင်သွားသည်။ သာမန်ကာလျှံကာဟု ထင်ရသော်လည်း၊ သူ၏ ခန္ဓာကိုယ်သည် ထိုဧရာမ လက်ဝါးကြီးကို စက္ကူစုတ် တစ်ရွက်လို အလွယ်တကူ ဆွဲဖြဲပစ်လိုက်လေသည်။
“ဝုန်း...”
ကောင်းကင်ယံတွင် သွေးမိုးများ ရွာကျလာ၏။ ဟင်းလင်းပြင် တစ်ခုလုံး ဆူပွက်သွား၏။ ယဲ့ဝူရှင်း၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး နင်ချီကို လှမ်းကြည့်လိုက်သည်။
“ငါ မင်းကို လျှော့တွက်မိတာပဲ...”
သူက ရေရွတ်လိုက်သည်။ ဟင်းလင်းပြင်ထဲမှ "စည်းမျဉ်း စွမ်းအားမျှင်" များ အလိုအလျောက် ထွက်ပေါ်လာပြီး၊ ပြတ်သွားသော သူ၏ လက်ဝါးကို ချက်ချင်း ပြန်လည် ဆက်စပ် ကုသပေးလိုက်သည်။
ထို့နောက် ယဲ့ဝူရှင်း သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ၊ ကြီးမားသော အနက်ရောင် အတောင်ပံကြီး တစ်စုံအဖြစ် ပြောင်းလဲသွားပြီး၊ မုန်တိုင်းကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် နင်ချီကို ပိုင်းဖြတ်ရန် တိုးဝင်လာ၏။
ထိုအခိုက်အတန့်၌... နင်ချီသည် ယဲ့ဝူရှင်း၏ ဟန်ပန်ကို အတုယူလိုက်သည်။ သူသည်လည်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ကြီးမားလာပြီး ရိုက်ချလိုက်တော့၏။
ယဲ့ဝူရှင်း သည် သူ၏ အတောင်ပံများကို အရူးအမူး ခတ်လိုက်ပြီး၊ နင်ချီက သူ့လက်ဝါးကို ဖျက်ဆီးခဲ့သလိုမျိုး နင်ချီ၏ လက်ဝါးကို ပြန်လည် ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
“ဒုန်း...”
နှစ်ဦးသား ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းများကြောင့် ဘေးမှ လူများအားလုံး နောက်သို့ ဆုတ်ခွာသွားကြရသည်။
ကြည့်ရှုနေသူ အားလုံး မျက်လုံး မလွှဲရဲကြပေ။
"ပေါင်းစည်းခြင်း နယ်ပယ်" အဆင့်ရှိသော တိုက်ပွဲမျိုးကို မြင်တွေ့ရခြင်းက အလွန် ရှားပါးပြီး၊ မိမိတို့၏ ကျင့်ကြံခြင်း အတွက်လည်း အလွန် အကျိုးများပေ၏။
သို့သော်... နောက်ဆက်တွဲ မြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရတော့၏။
"ပေါင်းစည်းခြင်း နယ်ပယ်" နှောင်းပိုင်းအဆင့် ရောက်နေသော ယဲ့ဝူရှင်း သည် နင်ချီ၏ လက်ထဲတွင် အရုပ်ကျိုး တစ်ရုပ်လို ရိုက်ပုတ်ခြင်း ခံလိုက်ရပြီး၊ လေထဲတွင် ဂျွမ်းထိုးမှောက်ခုံ လည်ထွက်သွားကာ အောက်ဘက် မြေကြီးဆီသို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားလေသည်။
“ဝုန်း... ခွမ်း...”
မြေကြီးပေါ်တွင် လူပုံသဏ္ဌာန် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့၏။
လူအုပ်ကြီးမှာ ဆွံ့အလျက်...။
သွေးမိစ္ဆာဂိုဏ်းမှ တပည့်များအားလုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင်များသည် မိမိတို့ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
နှစ်ချီ တွေ့ဆုံ တိုက်ခိုက်ကြသည်။ နှစ်ချီစလုံးတွင် မိမိတို့၏ ဘိုးဘေးကြီးက ဘာကြောင့်များ အရေးနိမ့်နေရသနည်း။
သူတို့နှစ်ယောက် နေရာချင်း လဲနေကြသည် မဟုတ်ပါလော။
“အဟွတ်...”
ယဲ့ဝူရှင်း သည် တွင်းနက်ထဲမှ ဒုံးပျံတစ်ခုလို ပြန်လည် ပျံတက်လာ၏။ သူ၏ ဆံပင်ဖြူများသည် ဖရိုဖရဲ လွင့်ပျံနေပြီး၊ သူ၏ ခန္ဓာကိုယ်သည် "နတ်ငှက် ဇာမဏီ" ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားကာ နင်ချီထံသို့ ပြေးဝင်လာ၏။
သူ့တစ်ကိုယ်လုံးတွင် မြင့်မြတ်သော မီးတောက်များ ဖုံးလွှမ်းနေပြီး ဟင်းလင်းပြင် တစ်ခုလုံးကို အနီရောင် ဆိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။
“ဟ...”
နင်ချီက သက်ပြင်းတစ်ချက်သာ မှုတ်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ကလီစာ ငါးခုမှ "မဟာ လမ်းစဉ် အသံ" များ ထွက်ပေါ်လာပြီး၊ ပါးစပ်မှ "ဓာတ်ကြီးငါးပါး စွမ်းအင်" များကို မှုတ်ထုတ်လိုက်ရာ... ရောင်စုံ "စည်းမျဉ်း စွမ်းအားမျှင်" များအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဝူရှင်းကို ရစ်ပတ်လိုက်တော့၏။
ယဲ့ဝူရှင်း ခန္ဓာကိုယ်ပေါ်မှ ဇာမဏီ အရိပ်သည် စွမ်းအားမျှင်များနှင့် တွေ့သည်နှင့် တပြိုင်နက် ကျုံ့ဝင်သွားတော့၏။ သူ၏ မြင့်မြတ်သော မီးတောက်များသည် "စည်းမျဉ်း စွမ်းအားမျှင်" ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး၊ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း သဘောတရားများ အရောင်ငါးမျိုး ဖြာထွက်လာကာ သူ့ကို ပိုမို တင်းကျပ်စွာ ချည်နှောင်လိုက်တော့သည်။
သုံးချီ တိုက်သည်... သုံးချီလုံး ရှုံးသည်။
ယဲ့ဝူရှင်း မျက်နှာပြောင်တိုက် နိုင်သည် ဆိုလျှင်တောင် ယခုအချိန်တွင် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ပေ။
နင်ချီသည် သိပ်ကို ထူးဆန်းလွန်းသည်ဟု သူ ခံစားနေရသည်။
ကလေး တစ်ယောက်နှင့် တိုက်ခိုက်နေရသလို လွယ်ကူနေသော်လည်း၊ ဘာကြောင့် မိမိက အဖက်ဖက်မှ ရှုံးနိမ့်နေရသနည်း။
သူက "ပေါင်းစည်းခြင်း နယ်ပယ်" နှောင်းပိုင်း အဆင့် ဖြစ်ပြီး၊ နင်ချီက အစောပိုင်း အဆင့်မျှသာ ရှိသေးသည် မဟုတ်လော။
ယဲ့ဝူရှင်း သည် အသည်းအသန် ရုန်းကန်သော်လည်း၊ ခဏချင်း အတွင်းမှာပင် ထို "စည်းမျဉ်း စွမ်းအားမျှင်" များ အတွင်းမှ ရုန်းမထွက်နိုင်တော့ပေ။
နင်ချီသည် ခြေတစ်လှမ်း တိုးလိုက်ပြီး၊ ယဲ့ဝူရှင်း၏ ဦးခေါင်းကို လက်ဖြင့် လှမ်းကိုင်လိုက်သည်။
သံကွင်းစွပ်ထားသကဲ့သို့ ကြီးမားလှသော ဖိအား တစ်ခုက သူ့ခေါင်းကို ညှစ်ထားလိုက်ရာ၊ ယဲ့ဝူရှင်း၏ စိတ်အာရုံများသည် ပင်လယ်ပြင်တွင် မုန်တိုင်းမိသလို လန်ထွက်သွားပြီး အော့အန်ချင်လာ၏။
သူ ထိတ်လန့်သွားလေပြီ။
နင်ချီက ထူးဆန်းတာလား ဆိုတာ သူ မဝေခွဲတတ်တော့။ လက်ရှိတွင် သူ သိလိုက်သည်မှာ သူ့အသက်သည် နင်ချီ၏ လက်ထဲတွင် ရောက်နေပြီ ဆိုသည့် အချက်သာ။
ထိန်းချုပ်၍ မရသော ကြောက်ရွံ့မှုများ သူ့ရင်ထဲတွင် ဖြစ်ပေါ်လာ၏။ ကြောက်ရွံ့ခြင်း ဆိုသည့် အရသာကို သူ မခံစားရသည်မှာ ဘယ်လောက်ကြာပြီလဲ ဆိုတာပင် သူ မမှတ်မိတော့ပေ။
ယခု ထိုခံစားချက် ပြန်ဝင်လာသောအခါ သူ ဘာလုပ်ရမှန်း မသိတော့။ ပုံမှန် လုပ်နေကျ ပုံစံအတိုင်းသာ တုံ့ပြန်လိုက်မိသည်။
“ကောင်စုတ်လေး... ငါ့ကို လွှတ်စမ်း... ငါသာ လွတ်သွားရင် မင်း ဘဝပျက်အောင် လုပ်ပစ်မယ်...”
နင်ချီက သူ့စကားကို ဂရုမစိုက်ပါ။ သူ၏ လက်ကိုသာ ဖြည်းဖြည်းချင်း ပို၍ တင်းကျပ်လိုက်သည်။
“ရှီး...”
ယဲ့ဝူရှင်း သည် အံကိုကြိတ်လျက် လေကို ရှူသွင်းလိုက်ရာ လေတိုးသံများပင် ထွက်ပေါ်လာ၏။
လာရောက် ကြည့်ရှုကြသော ဂိုဏ်းသားများ ဖြစ်စေ၊ သွေးမိစ္ဆာဂိုဏ်းသားများ ဖြစ်စေ... နင်ချီ၏ လက်ထဲတွင် ရုန်းကန်နေရသော အဘိုးအိုကြီးကို ကြည့်ရင်း အိပ်မက်မက်နေသည်ဟု ထင်မှတ်နေကြသည်။
“နင်ချီ... ငါတို့ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှာ နောက်ထပ် ထိပ်သီး မဟာစွမ်းအားရှင်ကြီး (၂) ပါး ကျန်သေးတယ်ကွ... ငါသာ သေသွားရင်... သူတို့က မင်းတို့ တစ်ဂိုဏ်းလုံးကို အပိုင်းပိုင်း လုပ်ပစ်လိမ့်မယ်...”
နင်ချီက သူ့ကို လွှတ်ပေးလိုက်သည်။ သို့သော် လွှတ်ပေးလိုက်သည်မှာ ယဲ့ဝူရှင်းကို လေပေါ်သို့ ပစ်တင်လိုက်ခြင်း ဖြစ်၏။
ယဲ့ဝူရှင်း သည် ကျောက်တုံးတစ်တုံးလို လေပေါ်သို့ လွင့်စဉ်သွားသည်။ သူ အသက်ရှူချိန်ပင် မရလိုက်ပါ။ သူ၏ ခါးတွင် ရစ်ပတ်ထားသော "စည်းမျဉ်း စွမ်းအားမျှင်" သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ "စည်းမျဉ်း စွမ်းအား"များကို ရုတ်တရက် စုပ်ယူလိုက်ကြောင်း ခံစားလိုက်ရသည်။
သူ့ကိုယ်ပိုင် စွမ်းအားများ တစ်စစ ခန်းခြောက်လာပြီး အားနည်းလာချိန်တွင်၊ "စည်းမျဉ်း စွမ်းအားမျှင်" ပေါ်မှ စွမ်းအားများကမူ ပိုမို သည်းထန်လာပြီး ပြင်းထန်လာ၏။
နောက်ဆုံးတွင်...
ကောင်းကင်ယံထက်၌ ရောင်စုံ မီးပန်းများ ပေါက်ကွဲသွားသကဲ့သို့... လှပသော၊ သို့တိုင်၊ ပြင်းထန်သည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
ယဲ့ဝူရှင်း တစ်ယောက်... ခမ်းခမ်းနားနားကြီး သေဆုံးသွားခဲ့တော့သည်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့၏။
ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ လူများ၏ ရင်ထဲတွင်မူ ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး၊ စကားလုံး (၄) လုံးသာ ပဲ့တင်ထပ် ကျန်ရစ်တော့၏။
ဘိုးဘေးကြီး ပေါက်ကွဲသွားလေပြီ...။
အခန်း (၆၃၆) - ဓာတ်ကြီးငါးပါး ဓားသခင်၊ ပေ့ရွှမ်၏ ပြိုင်ဘက်ကင်း
~ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်ရှန်တောင် သည် သွေးမိစ္ဆာဂိုဏ်းထံမှ သတင်းစကား ရရှိသည်နှင့် တပြိုင်နက်၊ မြောက်ဘက်အရပ်ဆီသို့ အင်အားကြီးမားသော တပ်ဖွဲ့တစ်ဖွဲ့ကို ချက်ချင်း စေလွှတ်လိုက်လေသည်။
ပထမ ရည်ရွယ်ချက်မှာ ပေ့ရွှမ်နယ်မြေ အတွင်းရှိ သူတို့၏ နယ်ရုပ်တစ်ရုပ် ဖြစ်သော သွေးမိစ္ဆာဂိုဏ်းကို ကယ်ဆယ်ရန် ဖြစ်ပြီး၊ ဒုတိယ ရည်ရွယ်ချက်မှာ ပေ့ရွှမ်နယ်မြေ၏ လက်ရှိ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်လာသော အကန့်အသတ်မဲ့ ဓားဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ကာ၊ ၎င်းနယ်မြေ တစ်ခုလုံးကို သူတို့၏ ဩဇာအာဏာအောက်သို့ သွတ်သွင်းရန် ဖြစ်ပေ၏။
သေချာမှု ရှိစေရန်အတွက် သူသည် "ပေါင်းစည်းခြင်း နယ်ပယ်" အဆင့်ရှိ ဘိုးဘေးကြီး တစ်ပါးကို ကိုယ်တိုင် ဖိတ်ကြားခဲ့သည်။ ထို့ပြင် "ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်" တစ်ယောက်နှင့် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" ကျင့်ကြံသူ (၂) ယောက် အပါအဝင်၊ စုစုပေါင်း မဟာစွမ်းအားရှင် (၁၁) ယောက်ကို သွေးမိစ္ဆာဂိုဏ်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်၏။
ဤမျှ ခမ်းနားထည်ဝါသော လူစာရင်းကို မြင်လိုက်ရသောအခါ ဂိုဏ်းအတွင်းရှိ အခြား အကြီးအကဲများက ဂိုဏ်းချုပ် ဖန်ရှန်တောင် သည် "ကြက်သတ်ရန် ဓားမကြီး သုံးနေသည်" ဟု မတွေးမိဘဲ မနေနိုင်ကြပေ။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး ပြိုလဲသွားပြီးနောက်၊ ပေ့ရွှမ်နယ်မြေရှိ အခြားသော ဂိုဏ်းများသည် ထည့်သွင်းစဉ်းစားစရာပင် မလိုလောက်အောင် အားနည်းသွားပြီ မဟုတ်ပါလား။
အကယ်၍သာ တောင်ပိုင်း အစစ်အမှန်နယ်မြေရှိ "ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း" နှင့် "နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း" တို့က အင်အားချိန်ခွင်လျှာ ညှိမထားခဲ့လျှင်၊ ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက မြောက်ဘက်သို့ ချီတက်ကာ ပေ့ရွှမ်နယ်မြေကို သိမ်းပိုက်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ယခုမူကား... သေးငယ်သော အကန့်အသတ်မဲ့ ဓားဂိုဏ်းလေး တစ်ခုကို ရှင်းလင်းရန်အတွက် ဂိုဏ်းချုပ်က ဤမျှ ကြီးမားသော တပ်ဖွဲ့ကြီးကို စေလွှတ်လိုက်သည်။ ကောင်းကင်တာရာဂိုဏ်းနှင့် နွားမိစ္ဆာဂိုဏ်းတို့သာ သိသွားလျှင် သူတို့ကို လှောင်ပြောင်ကြလိမ့်မည် မဟုတ်လော။
သို့သော်...
ဤမျှ အင်အားတောင့်တင်းသော လူစာရင်းကြီးဖြင့် ရောက်ရှိလာခဲ့သော်လည်း၊ နင်ချီနှင့် တွေ့ဆုံလိုက်သည့် အခိုက်အတန့်၌ သူတို့၏ "ပေါင်းစည်းခြင်း နယ်ပယ်" ထိပ်သီး မဟာစွမ်းအားရှင်ကြီး သည် လူအများ၏ ရှေ့မှောက်တွင် မီးပန်းများအဖြစ် ပေါက်ကွဲကာ ပျောက်ကွယ်သွားခဲ့ရတော့၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုလူသား တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားခြင်း ဖြစ်၏။
သွေးမိစ္ဆာဂိုဏ်း အပြင်ဘက်၌...
လူတိုင်းသည် ကောင်းကင်ယံထက်တွင် ပေါက်ကွဲသွားသော စည်းမျဉ်း မီးပန်းများကို ကြည့်ရင်း ကြက်သေသေကာ ငေးမောနေမိကြသည်။ အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။
ထို့နောက် သူတို့၏ အကြည့်များသည် နင်ချီထံသို့ ရွေ့လျားသွားကြသည်။ ထိုအကြည့်များထဲတွင် လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အပြည့်အဝ ကိန်းအောင်းနေလေ၏။
နင်ချီ၏ စွမ်းအားသည် ပြိုင်ဘက်ကင်း လွှမ်းမိုးထားနိုင်လွန်းသည်။ ယခင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို စွမ်းအားထက်မြက်သည်။ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ စေလွှတ်လိုက်သော "ပေါင်းစည်းခြင်း နယ်ပယ်" စွမ်းအားရှင်ကို မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်လိုက်ပုံမှာ၊ ယူဟွာဂိုဏ်းကြီး၏ နောက်ခံအင်အားကို လုံးဝ ဂရုမစိုက်ကြောင်း ပြသလိုက်ခြင်းပင်။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး အင်အားကြီးမားခဲ့သည် ဆိုသော်ငြား၊ ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို မည်သည့်အခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းများ၏ တုံ့ပြန်မှုမှာ အနည်းငယ် တည်ငြိမ်သယောင် ရှိသော်လည်း၊ သွေးမိစ္ဆာဂိုဏ်းသားများ မှာမူ အသုဘအိမ် ရောက်နေသူများကဲ့သို့ ဖြစ်နေကြသည်။ သူတို့၏ မျက်နှာများသည် သွေးအလွန်အကျွံ ထွက်သွားသူများကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေကြ၏။
အချို့ဆိုလျှင် မျှော်လင့်ချက် ကင်းမဲ့သွားသော စိတ်ကြောင့် ဒူးထောက်လျက်သား ပြိုလဲကျကုန်ကြသည်။
ကျန်ရစ်ခဲ့သော ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၁၁) ယောက်မှာမူ ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ကို မော့ကြည့်နေမိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေ၏။
ဘိုးဘေးကြီး ယဲ့ဝူရှင်း က ဘာကြောင့် သေသွားရတာလဲ...။
နင်ချီက "ပေါင်းစည်းခြင်း နယ်ပယ်" ထဲကို အခုလေးတင် ဝင်ရောက်လာတာ မဟုတ်ဘူးလား။
ဘိုးဘေးကြီးက "ပေါင်းစည်းခြင်း နယ်ပယ်" နှောင်းပိုင်းအဆင့် ရောက်နေသူလေ...။ နင်ချီက ဘိုးဘေးကြီး ယဲ့ဝူရှင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...။
ဤအဖြစ်အပျက်သည် ယူဟွာ အဆင့်မြင့်ဂိုဏ်းသားများ အတွက် လုံးဝ နားမလည်နိုင်စရာ ဖြစ်နေ၏။
စဉ်းစားကြည့်ပါ... သူတို့နှစ်ယောက် တွေ့ဆုံပြီး တိုက်ခိုက်ကြသည်မှာ (၅) ချီပင် မပြည့်လိုက်ပေ။ ဘိုးဘေးကြီး အနေဖြင့် နင်ချီ၏ ဖိနှိပ်ခြင်းကို ခံရသည် ဆိုလျှင် ထားပါတော့၊ သို့သော် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ဘဲ အသတ်ခံလိုက်ရခြင်းမှာ တကယ်ကို ယုံတမ်းစကား ဆန်လွန်းနေ၏။
အကယ်၍သာ သူတို့ အနည်းငယ် စောရောက်ခဲ့ပြီး၊ သွေးမိစ္ဆာဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းကြီးကို နင်ချီက မီတာ (၁၀၀၀၀) ရှည်လျားသော ဓားအလင်းတန်းကြီး တစ်ချက်တည်းဖြင့် ဖြိုခွင်းလိုက်သည်ကို မြင်ခဲ့ရပါက၊ ဤရလဒ်ကို လက်ခံရန် ပိုလွယ်ကူကောင်း လွယ်ကူပေလိမ့်မည်။
ပြောရလျှင် "ပေါင်းစည်းခြင်း နယ်ပယ်" အချင်းချင်း တူညီသည် ဆိုလျှင်တောင်၊ တစ်ယောက်နှင့် တစ်ယောက်၏ အခြေခံအုတ်မြစ် နက်ရှိုင်းမှုမှာ ကွာခြားပေ၏။
အဆုံးစွန်အားဖြင့် "ပေါင်းစည်းခြင်း နယ်ပယ်" ထိပ်သီး မဟာစွမ်းအားရှင်ကြီး တစ်ပါး ဖြစ်လာရန်မှာ၊ "မူလဝိညာဉ် နယ်ပယ်" နှင့် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" တို့မှ အခက်အခဲ များစွာကို ဖြတ်ကျော်ပြီးမှ ရောက်လာကြရခြင်း ပင်။
အဆင့်တက်ခြင်း တစ်ကြိမ်စီတိုင်းတွင် ထူးခြားသော အခွင့်အရေးများ လိုအပ်သည်။ ကျင့်ကြံသူ တိုင်းသည် နယ်ပယ်တစ်ခုစီကို အကန့်အသတ် ရောက်သည်အထိ တွန်းပို့ပြီးမှ အဆင့်တက်ကြသည် မဟုတ်ပေ။ "ဝိညာဉ် ကမ္ဘာ" ရှိ ကျင့်ကြံသူ အများစုသည် အဆင့်တက်ရန် လိုအပ်ချက်ကို မီရုံမျှဖြင့် ကျေနပ်ကာ အဆင့်တက်သွားကြသူများ ဖြစ်၏။
ဥပမာအားဖြင့် - "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" ကျင့်ကြံသူ တစ်ယောက်၏ စံသတ်မှတ်ချက်သည် အနည်းဆုံး ပေ (၃၀) [၁၀ မီတာခန့်] ရှည်လျားသော "စည်းမျဉ်း စွမ်းအားမျှင်" (၅) ချောင်းကို ဖွဲ့စည်းနိုင်ရမည် ဖြစ်၏။
"ပေါင်းစည်းခြင်း နယ်ပယ်" သို့ တက်လှမ်းမည့် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" ကျင့်ကြံသူ တစ်ယောက် အနေဖြင့်မူ၊ မီတာ (၁၀၀) ခန့် ရှည်လျားသော "စည်းမျဉ်း စွမ်းအားမျှင်" (၁၀) ချောင်းခန့် ရှိလျှင် ပုံမှန်ဟု သတ်မှတ်ကြသည်။
ထို့ကြောင့် ဤကဲ့သို့သော စံနှုန်းများဖြင့် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိသွားသူများ အချင်းချင်း ကြားတွင် ကွာဟချက်သည် မိုးနှင့်မြေလို ကြီးမားသွားခြင်းပင်။
အကယ်၍ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ လူများသည် ခြေတစ်လှမ်း စောရောက်ခဲ့ပြီး၊ နင်ချီ၏ မီတာ (၁၀၀၀၀) ရှည်လျားသော "စည်းမျဉ်း စွမ်းအားမျှင်" များကိုသာ မြင်ခဲ့ရလျှင်၊ ယဲ့ဝူရှင်း တစ်ယောက် ဒီလောက် မောက်မာရဲခဲ့မည် မဟုတ်ပေ။
နင်ချီ၏ နောက်တွင် ရှိနေကြသော အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများမှာမူ အံ့ဩနေကြသော်လည်း၊ သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာပီတိများ ဖုံးလွှမ်းနေကြသည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက်၊ လူတိုင်းသည် နင်ချီအပေါ် အဆုံးစွန်သော လေးစားမှုကို ထားရှိခဲ့ကြ၏။ နင်ချီသည် သေချာမှု မရှိဘဲ ဘယ်ကိစ္စကိုမှ မလုပ်ဆောင်တတ်ကြောင်း သူတို့ သိထားကြသည်။
သွေးမိစ္ဆာဂိုဏ်းကို ဖျက်ဆီးရန် လာရောက်ကတည်းက၊ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ "ပေါင်းစည်းခြင်း နယ်ပယ်" ထိပ်သီး မဟာစွမ်းအားရှင်ကြီး တစ်ပါး ဝင်ရောက် စွက်ဖက်လာမည်ကို သူတို့ မျှော်လင့်ထားပြီး ဖြစ်၏။
သို့သော် နင်ချီသည် အဆင့်နိမ့်သူ အနေဖြင့် အဆင့်မြင့်သူကို သတ်ဖြတ်ခြင်း ဆိုသည့် အံ့မခန်း လုပ်ရပ်ကို တိုက်ကွက် အနည်းငယ်မျှဖြင့် လုပ်ပြလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။
ကောင်းကင်ယံမှ မီးပန်းများ ပျောက်ကွယ်သွားသောအခါ နင်ချီသည် သူ့နောက်မှ လူများကို လှည့်ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ကျန်တဲ့လူတွေကို ရှင်းပစ်လိုက်ပါ... ခင်ဗျားတို့ လုပ်နိုင်မယ်မလား...”
ချင်မင်ဟောက် က ရှေ့ဆုံးမှ တက်ကြွစွာ ဖြေကြားလိုက်သည်။
“ကျွန်တော်တို့ လုပ်နိုင်ပါတယ်...”
ဤတစ်ကြိမ်တွင် နင်ချီ ခေါ်ဆောင်လာသော လူများထဲ၌ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မဟာစွမ်းအားရှင် (၁၅) ယောက် ပါဝင်ပြီး၊ ၎င်းတို့အနက် (၁၀) ယောက်မှာ မူလ "ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက်" ဖြစ်ကြ၏။
ထို (၁၀) ယောက်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနာဂတ် တိုင်မတ်များ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာ အတူတကွ လေ့ကျင့်လာခဲ့ကြသဖြင့် သူတို့၏ စည်းလုံးညီညွတ်မှုသည် အပ်ချမရအောင် သိပ်သည်းလှသည်။
ထို့ပြင် နင်ချီ ကိုယ်တိုင် သင်ကြားပေးထားသော တာအိုတရားများနှင့် နည်းစနစ်များကြောင့်၊ သူတို့သည် ယခင်က နင်ချီလောက် မစွမ်းဆောင်နိုင်လျှင်တောင်၊ သာမန် "ဟင်းလင်းပြင် လမ်းစဉ်" ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်ပေ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ မဟာစွမ်းအားရှင် (၁၅) ယောက်နှင့် အစစ်အမှန် အမွေခံ (၅၀) တို့သည် နင်ချီ၏ နောက်မှ ထွက်ပေါ်လာပြီး၊ ကျန်ရှိနေသော သွေးမိစ္ဆာဂိုဏ်းနှင့် ယူဟွာ အဆင့်မြင့်ဂိုဏ်းသားများထံသို့ တည့်တည့်မတ်မတ် ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
ရန်သူ့ဘက်တွင် မဟာစွမ်းအားရှင် (၂၆) ယောက်နှင့် အစစ်အမှန် အမွေခံ (၁၀၀) ကျော် ရှိနေသေး၏။
သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် အားဆေးထိုးထားသကဲ့သို့ ရန်သူ့အရေအတွက် အသာစီးရမှုကို လုံးဝ ဂရုမစိုက်ကြဘဲ ရဲရဲတောက် ဝင်ရောက်သွားကြသည်။
နင်ချီကမူ ကောင်းကင်ယံ အမြင့်တွင် ရပ်နေပြီး ထပ်မံ လှုပ်ရှားရန် ဆန္ဒမရှိတော့ပေ။
တစ်ဖက်တွင် "ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်" တစ်ယောက်နှင့် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" (၃) ယောက် (သွေးမိစ္ဆာဂိုဏ်းမှ တစ်ယောက် အပါအဝင်) ရှိနေသော်လည်း နင်ချီ ဂရုမစိုက်ပါ။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ ဝင်ရောက် တိုက်ခိုက်လာသည်ကို မြင်သောအခါ ယူဟွာဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းသားများလည်း ပြန်လည် တုံ့ပြန်လိုက်ကြ၏။
သို့သော် သူတို့ဘက်မှ ထိပ်သီး ခေါင်းဆောင်များသည် နင်ချီကို ကြောက်ရွံ့နေသဖြင့်၊ သူတို့၏ အာရုံအများစုကို နင်ချီအပေါ်တွင်သာ ထားရှိနေရသည်။
နင်ချီက ဝင်ရောက်တိုက်ခိုက်ရန် စိတ်ကူးမရှိသည်ကို သူတို့ မသိရှာကြပေ။
ထိုအချိန်တွင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများထဲမှ လူတစ်ယောက်သည် ရုတ်တရက် ပေ (၂၀၀) အမြင့်ရှိသော ဧရာမ သတ္တဝါကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့၏။
ထိုသူမှာ နင်ချီ သင်ပေးထားသော "ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ" ကို ကျင့်ကြံထားသူ "ဝမ်ယဲ့" ပင် ဖြစ်သည်။
ယခုအခါ သူ၏ လက်ခြောက်ဖက်တွင် မတူညီသော ဝိညာဉ် ရတနာများကို ကိုင်ဆောင်ထားသည်။
ထိုလက်နက်များမှ ရောင်ခြည် ခြောက်မျိုး ဖြာထွက်နေပြီး၊ သက်ဆိုင်ရာ စည်းမျဉ်း (၆) မျိုး၏ စွမ်းအားများ ပါဝင်နေ၏။
ဝမ်ယဲ့ သည် နင်ချီ သင်ကြားပေးထားသော ပြီးပြည့်စုံသည့် နည်းစနစ်အတိုင်း ကျင့်ကြံထားသူ ဖြစ်သဖြင့်၊ သိုင်းပညာ နှင့် တာအိုပညာ နှစ်မျိုးလုံးကို ညီမျှစွာ အလေးပေးထားသူ ဖြစ်ပေ၏။