← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃) - ဘိုးဘေးကြီး နှစ်ပါး (အပိုင်း ၄)

~ဒီနွားအိုကြီးက အပေါ်ယံ ကြည့်လျှင် ရိုးအဖြောင့်အစင်း ကျမည့်ပုံ ပေါက်သော်လည်း၊ တကယ်တမ်းတွင်မူ လူ့သဘောသဘာဝကို နက်နက်ရှိုင်းရှိုင်း နားလည်သူ ဖြစ်၏။

ယူဟွာ အဆင့်မြင့်ဂိုဏ်းက "ပေါင်းစည်းခြင်း နယ်ပယ်" ထိပ်သီး မဟာစွမ်းအားရှင်ကြီး တစ်ပါးကို စေလွှတ်ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဖျက်ဆီးရန် ကြိုးစားချိန်တွင်၊ သူ ဘာကြောင့် မလှုပ်ရှားဘဲ နေခဲ့သလဲ ဆိုတာကို သူ့စကားများက သက်သေပြနေ၏။

ထို့ကြောင့် နင်ချီက ပြုံးပြီး ပြောလိုက်သည်။

“အစ်ကိုကြီးနျူ... ကျွန်တော်က မသေချာတဲ့ စစ်ပွဲဆိုရင် မတိုက်ဘူး [Tn-1] ဆိုတာ ခင်ဗျား သိပါတယ်... ကျွန်တော် ကိုယ်တိုင် လှုပ်ရှားမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက... သေချာပေါက် အစီအစဉ် ရှိပြီးသားပါ...”

နင်ချီသည် နွားမိစ္ဆာများကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

နျူတင်းထျန် က ပြောလိုက်သည်။

“ဒါပေမဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ဒုက္ခရောက်နေချိန်မှာ... ငါတို့ နွားမိစ္ဆာဂိုဏ်း ရောက်မလာခဲ့တာ... ငါ တော်တော်လေး မျက်နှာပူမိတယ်ကွာ...”

နင်ချီက လက်ကာပြလိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည်။

“အစ်ကိုကြီးနျူ... ဒီလို မပြောပါနဲ့ဗျာ... ပြီးခဲ့တဲ့ တစ်ခေါက် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းရဲ့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး ရောက်လာတုန်းက... ကျွန်တော်က ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အဆင့်ပဲ ရှိသေးတာ... အဲဒီတုန်းက အစ်ကိုကြီးနျူ ကိုယ်တိုင် လာကူညီပေးခဲ့တာ... စေတနာတွေ အများကြီး ရှိမှန်း ကျွန်တော် သိပါတယ်...”

“အခုတစ်ခေါက်ကတော့... ကံကောင်းထောက်မစွာနဲ့ ကျွန်တော် ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်သွားပြီ... ယူဟွာ အဆင့်မြင့်ဂိုဏ်းက လူတွေကို ဖြေရှင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာနဲ့... အစ်ကိုကြီးနျူ ကို မခေါ်လိုက်မိတာပါ...”

“တကယ်လို့ ကျွန်တော်သာ မယှဉ်နိုင်ဘူး ဆိုရင်... သေချာပေါက် လူလွှတ်ပြီး အစ်ကိုကြီးနျူ ကို လာကူညီဖို့ အကူအညီ တောင်းမိမှာပါ...”

ထိုစကားကို ကြားရသောအခါမှ နျူတင်းထျန် စိတ်သက်သာရာ ရသွားသည်။

အမှန်တကယ်တော့ သူ ပေါ့ဆမိခဲ့သည်။ နင်ချီ ဒီလောက်မြန်မြန် ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သိခဲ့လျှင် သူ တံခါးပိတ် ကျင့်ကြံမနေခဲ့ပါ။

နျူတင်းထျန် ကောင်းကောင်း သဘောပေါက်သည်။ နင်ချီသည် သေချာပေါက် လျှော့တွက်လို့ရသော သူ မဟုတ်။ နင်ချီ အင်အားမကြီးခင် အချိန်မှာ မကူညီခဲ့လျှင်၊ နောင်တစ်ချိန် နင်ချီ ကြီးပွားလာသောအခါ သူ မော့ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည်။

ကံကောင်းစွာပင် နင်ချီက သဘောထား မသိမ်နုပ်ခဲ့ပေ။

နင်ချီ သဘောထား မသိမ်နုပ်သည်မှာ အမှန်ပင်။

မူလက သူသည် ဓားဘိုးဘေးကြီးကို နွားမိစ္ဆာဂိုဏ်းသို့ အကူအညီ တောင်းရန် စေလွှတ်ခဲ့ခြင်းမှာ... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ကြောက်ရွံ့နေကြသော မိမိဂိုဏ်းသားများကို နှစ်သိမ့်ပေးလို၍သာ ဖြစ်၏။

ထိုအချိန်က နင်ချီသည် တိတ်တဆိတ် ထွက်ခွာသွားပြီး၊ "ဆရာသခင် ဇာန်ရွှမ်" အဖြစ် အသွင်ပြောင်းကာ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို တစ်ယောက်တည်း သွားရောက် ချေမှုန်းခဲ့သည် မဟုတ်ပါလား။

ထိုစဉ်ကတည်းက သူသည် ပေါင်းစည်းခြင်း နယ်ပယ်ကို မကြောက်ခဲ့သည်မှာ၊ ယခုအချိန်တွင် ဆိုဖွယ်ရာ ရှိပါဦးမည်လား။

မည်သို့ပင် ဆိုစေကာမူ... ဂိုဏ်းနှစ်ခုကြား ရင်းနှီးမှုသည် နှစ်ဦးနှစ်ဖက်စလုံး အတွက် အကျိုးရှိပေ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အများစုသည် နင်ချီ၏ အင်အား အတိမ်အနက်ကို မသိကြပေ။ မဟာမိတ် များများ ရှိနေခြင်းက တပည့်များ၏ ယုံကြည်မှုကို တိုးပွားစေသည်။

ထို့ကြောင့် သူတို့သည် ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ လက်စားချေမှုကို တွေးပူပြီး စိုးရိမ်မနေကြတော့ပေ။

မကြာမီ... ဧည့်ခံပွဲ ပြီးဆုံးသွားသည်။

နျူတင်းထျန် သည် နင်ချီကို ကြည့်ပြီး စကားပြောရန် ချိန်ဆနေ၏။

“အစ်ကိုကြီးနျူ... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါဗျာ...” နင်ချီက လမ်းဖွင့်ပေးလိုက်၏။

နျူတင်းထျန် ခေါင်းကို ကုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“အခု ညီလေးနင် က ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်နေပြီ ဆိုတော့... ငါ မင်းနဲ့ လက်ရည်စမ်းချင်တယ်ကွာ... ပေါင်းစည်းခြင်း နယ်ပယ် အောက်မှာ ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်ကို မင်း ဘယ်လို ထုတ်သုံးမလဲ ဆိုတာ သိချင်လို့ပါ... ညီလေးနင် သဘောက...”

နင်ချီ ပြတ်သားစွာ ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ... လက်ရည်စမ်းကြတာပေါ့...”

ထို့နောက် သူတို့နှစ်ဦးသည် အလယ်ဗဟို တောင်ထွတ်များကြားရှိ ကွင်းပြင်ကျယ်ကြီးတွင် ပြန်လည် နေရာယူလိုက်ကြသည်။

ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး နှစ်ပါး နှစ်ယောက်ချင်း တိုက်မည့် သတင်းသည် ဂိုဏ်းတစ်ခုလုံးသို့ ရိုက်ခတ်သွားပြီး၊ ကြည့်ရှုသူ အများအပြား ရောက်ရှိလာကြသည်။

ပြီးခဲ့သော တစ်ခေါက်က လူနည်းစုသာ ကြည့်ခွင့်ရခဲ့၏။ ယခုမူ ဂိုဏ်းချုပ်အစ်ကိုကြီးနှင့် တသားတည်းဖြစ်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် ရှိသော နျူတင်းထျန် တို့၏ တိုက်ပွဲ ဖြစ်ရာ မည်သူက လက်လွှတ်ခံနိုင်ပါမည်နည်း။

မရေမတွက်နိုင်သော လူအုပ်ကြီးသည် ကွင်းပြင်ဘေးပတ်လည်တွင် နေရာယူလိုက်ကြသည်။

[တိုက်ပွဲ စတင်ပြီ]

နျူတင်းထျန် နှင့် နင်ချီ... စကားပို မပြောကြတော့။

တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

နျူတင်းထျန် သည် ယခင်ကကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်ကို နင်ချီနှင့် အရွယ်အစားတူအောင် ကျုံ့လိုက်သည်။

လူတစ်ယောက်... နွားတစ်ကောင်...

"ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။

ခန္ဓာကိုယ်များမှ စည်းမျဉ်း အရိပ်များ ထွက်ပေါ်လာ၏။

တဆက်တည်း၌၊ ဒဏ္ဍာရီလာ နဂါးကိုးကောင်ဝင် "ချုံနျုံ" ပုံသဏ္ဌာန် ဖွဲ့စည်းလိုက်၏။

ချုံနျုံ အရိပ်နှစ်ခု ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။

ထိပ်တိုက် တွေ့ဆုံသွားသည်။

“အူး....”

နွားမြည်သံကြီး တစ်ခု ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

သို့သော် နားမငြီးပေ။

ထိုအသံထဲတွင် ဂီတသင်္ကေတများ ပါဝင်နေ၏။

အသံလှိုင်းများ ပေါင်းစပ်သွားသည်။

နက်ရှိုင်းပြီး ဆန်းကြယ်လှသည်။

ဒဏ္ဍာရီလာ ချုံနျုံ သည် ဂီတကို မြတ်နိုးသည်။ ဂီတနတ်ဘုရား ဖြစ်၏။ ရှေးဟောင်း စောင်းများပေါ်တွင် ၎င်း၏ ပုံသဏ္ဌာန်ကို ထုလုပ်လေ့ ရှိကြသည်။

“ဝုန်း... ဒုန်း...”

ဟင်းလင်းပြင်ထဲတွင် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံကြသည်။

ရိုက်ချက်တိုင်းသည် အသားချင်း ထိခတ်မိရုံ သက်သက် မဟုတ်။

ထွက်ပေါ်လာသော အသံသည် နားဝင်ချိုသယောင် ရှိသော်လည်း၊ နားမလည်နိုင်သော အရာများ ပါဝင်နေ၏။

သာမန်လူများ နားမလည်သည်မှာ မဆန်းပေ။

သူတို့နှစ်ဦး လေ့ကျင့်ထားသည်မှာ နတ်ဘုရား သားရဲ၏ ပုံသဏ္ဌာန် သက်သက် မဟုတ်။

နတ်ဘုရား သားရဲ၏ "ဂီတ" ကိုပါ ကျင့်ကြံထားခြင်း ဖြစ်၏။

ရိုက်ချက်တိုင်းသည် စည်းမျဉ်းများ၏ တိုက်ပွဲ ဖြစ်၏။

တိုက်ခိုက်မှုတိုင်းတွင် အသံလှိုင်းများ ထည့်သွင်းထားသည်။

ပြိုင်ဘက်ကို ရိုက်နှက်နေစဉ်မှာပင် အသံလှိုင်းဖြင့် ထိုးဖောက် တိုက်ခိုက်သည်။

နားမလည်သူများ အဖို့ အသံလှိုင်းများ၏ ထိုးဖောက်မှုကို မလွဲမသွေ ခံရမည်။

စည်းမျဉ်း စွမ်းအား ပါဝင်သော အသံလှိုင်းများသည် သိစိတ်ကို နှောင့်ယှက်သည်။

တင်းမာမှု... စိတ်လိုက်မာန်ပါ ဖြစ်မှု... ဒေါသ... ကြောက်ရွံ့မှု...

ခံစားချက်မျိုးစုံကို အသံလှိုင်းထဲတွင် ထည့်သွင်းထားသည်။

စည်းမျဉ်း အသံလှိုင်းများသည် ပြိုင်ဘက်၏ ကိုယ်တွင်း စည်းမျဉ်းများကိုလည်း ပြိုကွဲစေသည်။

ကြာကြာတိုက်လေ... ပိုပြီး အရေးနိမ့်လေ ဖြစ်လာ၏။

ဆယ်စုနှစ်များစွာ တံခါးပိတ် ကျင့်ကြံခဲ့သဖြင့် နှစ်ဦးစလုံး တိုးတက်လာခဲ့ကြသည်။

နျူတင်းထျန်၏ ချုံနျုံ သည် ယခင်ကလို တုံးအ မနေတော့။

ပိုမို လျင်မြန် ဖျတ်လတ်လာ၏။

သူ့ကိုယ်သူ နတ်ဘုရား သားရဲ "ချုံနျုံ" အစစ်အဖြစ် ပြောင်းလဲထားသကဲ့သို့ ဖြစ်နေ၏။

အချီပေါင်းများစွာ တိုက်ခိုက်ပြီးနောက်...

ရုတ်တရက်...

နျူတင်းထျန် ကွင်းပြင်ထဲသို့ ဘုန်းခနဲ.. ပြုတ်ကျသွားသည်။

တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။

လူတိုင်း မှင်သက်သွားကြသည်။

နျူတင်းထျန် တွင်းထဲမှ တွားသွားပြီး ပြန်တက်လာ၏။

အမောဆို့နေ၏။

ဟင်းလင်းပြင်ထဲတွင် သက်သောင့်သက်သာ ရပ်နေသော နင်ချီကို မော့ကြည့်လိုက်သည်။

ဒီတစ်ခါ သူ အစွမ်းကုန် ထုတ်သုံးခဲ့သည်။

ဒါတောင်မှ နင်ချီကို မနိုင်ခဲ့ပါ။

နင်ချီကြောင့် ဟင်းလင်းပြင်ပေါ်မှ ပြုတ်ကျခဲ့ရသည်။

နင်ချီ လက်လျှော့ထားသည်ကို သူ ရိပ်မိလိုက်သည်။

တကယ်လို့သာ အဆုံးထိ တိုက်ခဲ့လျှင်... အချီ (၂၀) အတွင်း သူ ရှုံးနိမ့်သွားနိုင်သည်ဟု နျူတင်းထျန် ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေနေ၏။

အားမရှိတော့။

သူ့ကိုယ်တွင်း စည်းမျဉ်းများကိုပင် ပြန်လည် မစုစည်းနိုင်တော့ပေ။

ဒါက ယာယီမှန်း သူသိသည်။ နင်ချီက ရက်ရက်စက်စက် မလုပ်ခဲ့ပါ။

နျူတင်းထျန် သည် နင်ချီ ထုတ်ဖော်ပြသခဲ့သော "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" ကို တပ်မက်စွာ ငေးကြည့်နေမိသည်။

သူ့မျက်လုံးကြီးများ ကြေးခေါင်းလောင်းကြီးများကဲ့သို့ ပြူးကျယ်နေ၏။

ပြီးခဲ့သော တစ်ခေါက်က နင်ချီသည် "ဟင်းလင်းပြင် လမ်းစဉ်" အဆင့်ဖြင့် စွမ်းအင် သက်သက်ကိုသာ သုံးပြီး ချုံနျုံ ပုံသဏ္ဌာန် ဖော်ခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ... သူ၏ ရုပ်ခန္ဓာ အစစ်ကို အသုံးပြုပြီး ချုံနျုံ အဖြစ် ပြောင်းလဲပြလိုက်ခြင်း ဖြစ်၏။

နျူတင်းထျန် နှိုင်းယှဉ်ကြည့်လိုက်သည်။

အံ့ဩစရာ ကောင်းသည်မှာ... သူသည် နင်ချီထံမှ ဤပညာကို သင်ယူခဲ့ရသော်လည်း၊ နင်ချီ၏ တင်ပြပုံက သူ့ထက် ပိုမို ပြီးပြည့်စုံနေသည် မဟုတ်ပါလား။

နျူတင်းထျန် စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်လာ၏။

နင်ချီ၏ ချုံနျုံ တွင် အခြားသော ပုံသဏ္ဌာန်များနှင့် နတ်ဘုရား အလိုဆန္ဒများ ပါဝင်နေသကဲ့သို့ ခံစားရသည်။

ဥပမာ ပေးရလျှင်...

အားလုံးက မျောက်များ ဖြစ်ကြသည်။

တချို့က မျောက်အလုပ်ကို ပီပြင်အောင် လုပ်ဖို့ ကြိုးစားနေရသည်။ ဒါကပင် ခက်ခဲလှသည်။

ဒါပေမဲ့ တချို့ကျတော့ မျောက်ခန္ဓာကိုယ်ကို သုံးပြီး "အမျိုး ၇၂ ပါး" [Tn-2] ပြောင်းလဲနိုင်စွမ်း ရှိနေကြသည်။

နျူတင်းထျန် က ပထမ အမျိုးအစား ဖြစ်ပြီး... နင်ချီ ကတော့ "အမျိုး ၇၂ ပါး" တတ်မြောက်ထားသော "နတ်မျောက်ဘုရင်" ဖြစ်နေ၏။

ကြည့်ရှုသူများ တိတ်ဆိတ်နေကြသည်။

ကွင်းပြင်ထဲမှ အခြေအနေကို လူတိုင်း သဘောပေါက်သွားကြပြီ။

"တသားတည်းဖြစ်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" ရှိသော နျူတင်းထျန် သည်... သူတို့၏ ဂိုဏ်းချုပ်အစ်ကိုကြီးကို ရှုံးနိမ့်သွားခဲ့တော့၏။

နျူတင်းထျန်၏ ပုံစံကို ကြည့်ရသည်မှာ... အလွန် ကျေနပ်အားရစွာဖြင့် ရှုံးနိမ့်သွားပုံ ရပေသည်...။

---

[Tn - ရှင်းလင်းချက်များ]

* [Tn-1] မသေချာတဲ့ စစ်ပွဲဆိုရင် မတိုက်ဘူး : ဆွန်ဇူး၏ စစ်သေနင်္ဂဗျူဟာ မှ လာသော သဘောတရား ဖြစ်၏။ "မိမိကိုယ်ကို သိပြီး၊ ရန်သူကို သိလျှင် စစ်ပွဲတစ်ရာ တိုက်သော်လည်း အန္တရာယ် မရှိ" ဟူသော ဆိုလိုရင်းနှင့် ဆက်စပ်ပါသည်။

* [Tn-2] အမျိုး ၇၂ ပါး : တရုတ် ဂန္ထဝင်ဝတ္ထု "အနောက် အရပ်သို့ ခရီးသွားခြင်း" မှ မျောက်ဘုရင် "စွန်းဝူခုန်း" ၏ အသွင်ပြောင်းလဲနိုင်သော စွမ်းရည် (၇၂) မျိုးကို ရည်ညွှန်းခြင်း ဖြစ်ပါ၏။

အခန်း (၆၄၄) - အမြန်လာခဲ့ပါ

~ဗဟို ကွင်းပြင်ကျယ်ကြီး၌... လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

နျူမန်နှင့် အခြား နွားမိစ္ဆာများ၏ ရင်ထဲတွင်မူ မုန်တိုင်းထန်နေသကဲ့သို့ ခံစားချက်များ လှုပ်ရှားနေကြသည်။ သူတို့၏ အသက်ရှူသံများ ပြင်းထန်နေပြီး၊ မျက်စိရှေ့မှောက်က ရလဒ်ကို မယုံနိုင်အောင် ဖြစ်နေကြ၏။

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း၏ ဘိုးဘေးကြီးက... တကယ်ပဲ ရှုံးနိမ့်သွားခဲ့တာလား။

စဉ်းစားကြည့်ပါ... အချိန် ဘယ်လောက် ကြာသွားခဲ့လို့လဲ။

သူတို့ နင်ချီနှင့် စတင် သိကျွမ်းခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသေးသည်။ ထိုစဉ်ကဆိုလျှင် သူတို့အားလုံး၏ အင်အားသည် သိပ်မကွာခြားခဲ့ကြပေ။

ယခုမူ... နျူမန်သည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ အခုလေးတင် ရောက်ရှိခါစသာ ရှိသေးသည်။ သို့သော် နင်ချီကမူ သူတို့၏ ဘိုးဘေးကြီးကို မြေကြီးပေါ် ဆွဲချပြီး အနိုင်ယူနိုင်နေပြီ ဖြစ်၏။

အကယ်၍သာ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" မှ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ချက်များ မရှိခဲ့လျှင်၊ နင်ချီ၏ ကြောက်ခမန်းလိလိ တိုးတက်မှုကို ရင်ဆိုင်ရချိန်တွင် နျူမန် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် တိုင်ပတ်ပြီး ရပ်နေသကဲ့သို့ ခံစားမိနေပေလိမ့်မည်။

သူ့ဘိုးဘေးကြီး နျူတင်းထျန် သည်လည်း ခါးသီးသော ခံစားမှုကို မြိုသိပ်နေရသည်။

နျူတင်းထျန် သည် အစကတည်းက နင်ချီကို မြင့်မြတ်သော နေရာမှ ဆက်ဆံခဲ့သူ ဖြစ်၏။ နင်ချီကို အထင်သေးခဲ့သည်ဟု မဆိုသာသော်လည်း၊ ကိုယ့်ကိုယ်ကိုယ်တော့ စီနီယာတစ်ယောက် အနေဖြင့် သတ်မှတ်ခဲ့သည်။

နင်ချီသည် "ရေကန်အောင်းမည့် ငါး" မဟုတ်မှန်း သူ သိခဲ့သော်လည်း၊ သူနှင့် တစ်တန်းတည်း ဖြစ်လာရန် အချိန်ကာလ တစ်ခုတော့ ကြာမြင့်ဦးမည်ဟု ထင်မှတ်ခဲ့သည်။

`[ရှင်းလင်းချက် - "ရေကန်အောင်းမည့် ငါး"ဆိုသည်မှာ နေရာကျဉ်းကျဉ်းလေးတွင်သာ နေမည့် သာမန်လူကို ဆိုလိုပါသည်။]`

သို့သော်...

သူ တံခါးပိတ် ကျင့်ကြံနေခဲ့သည့် ဆယ်စုနှစ် အနည်းငယ်မျှသည် မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်ခဲ့သည်။

တံခါးပိတ်ရာမှ ထွက်လာပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ပြန်ရောက်သောအခါ၊ နင်ချီ၏ ဖိနှိပ် ရိုက်နှက်မှုကို ခံလိုက်ရတော့၏။

ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း မဟုတ်ပါက၊ နျူတင်းထျန် အနေဖြင့် ဤအဖြစ်အပျက်ကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ဟုသာ ထင်မှတ်မိပေလိမ့်မည်။

ကံကောင်းသည်မှာ... ကျင့်ကြံသူများသည် ကောင်းကင်တာရာ လမ်းစဉ်ကို လျှောက်လှမ်းသူများ ဖြစ်ကြရာ၊ အမှန်တရားကို လက်ခံရန် ဝန်မလေးကြပေ။

နျူတင်းထျန် ပခုံးတွန့်လိုက်ပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။

“ညီလေးနင်... မင်းရဲ့ ကျင့်ကြံခြင်း တိုးတက်နှုန်းနဲ့... မင်းရဲ့ ဆန်းကြယ်လှတဲ့ နတ်ဘုရား နည်းစနစ်တွေက... ဒီနွားအိုကြီးကို တကယ် အံ့အားသင့်သွားစေတာပဲ...”

နင်ချီနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သူ ဖြစ်သဖြင့်၊ နင်ချီ လက်လျှော့ထားမှန်း သူ ကောင်းကောင်း သိသည်။

နင်ချီသည် သူ့ကို အနိုင်ယူရန်အတွက် "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" တစ်ခုတည်းကိုသာ ကန့်သတ်ပြီး သုံးစွဲခဲ့ခြင်း ဖြစ်၏။

ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် ဆိုသည်မှာ နျူတင်းထျန်၏ အားအထားရဆုံးသော နည်းစနစ် ဖြစ်သော်လည်း၊ နင်ချီ အတွက်မူ ထိုသို့ မဟုတ်ပေ။

စောစောက ရရှိထားသော သတင်းများအရ... နင်ချီ၏ အဓိက စွမ်းအားသည် ဤပုံသဏ္ဌာန်တွင် မရှိဘဲ၊ "ဓာတ်ကြီးငါးပါး စည်းမျဉ်း စွမ်းအားမျှင်"ဟု ခေါ်သော နည်းစနစ်တွင် ရှိကြောင်း နျူတင်းထျန် သိထားသည်။

ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ ယဲ့ဝူရှင်း ကို နင်ချီက ထိုစွမ်းအားမျှင် တစ်ခုတည်းဖြင့် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ မကျန်အောင် ချေမှုန်းပစ်ခဲ့သည်။ ထို့ကြောင့်ပင် ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းများက နင်ချီအား "ဓာတ်ကြီးငါးပါး ဓားအရှင်" ဟု ဘွဲ့ပေး ခေါ်ဝေါ်ခဲ့ကြခြင်း မဟုတ်ပါလား။

ထိုအချက်များကို တွေးမိသောအခါ နျူတင်းထျန် သည် နင်ချီကို အတွင်းစိတ်ထဲမှ နှစ်နှစ်ကာကာ လေးစားကြည်ညိုသွားတော့၏။

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းတွင် သူသည်လည်း "ချုံနျုံ အရှင်"ဟု ခေါ်ဝေါ်ခံရသူ ဖြစ်၏။

"ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" ရောက်ရှိသူများကို အောက်လူများက "အရှင်" ဟု ခေါ်ဝေါ်လေ့ ရှိကြသည်။

အဘယ်ကြောင့်ဆိုသော်... ဤအဆင့်သို့ ရောက်ရှိခြင်းသည် "တသားတည်းဖြစ်ခြင်း နယ်ပယ်" နှင့် လက်တစ်ကမ်း အလိုသို့ ရောက်နေပြီဟု ဆိုလိုသောကြောင့် ဖြစ်၏။

အကယ်၍ ထပ်မံ အဆင့်တက်လိုပါက၊ ကမ္ဘာ့ကပ်ဘေး မိုးကြိုး ၏ စမ်းသပ်မှုကို ခံယူရမည်။ ထိုစမ်းသပ်မှုကို ခံနိုင်ရည် ရှိသူများသာ "တသားတည်းဖြစ်ခြင်း နယ်ပယ်" သို့ ခြေလှမ်းလှမ်း ဝင်ရောက်နိုင်ကြသည်။

ထို "အရှင်" များ အချင်းချင်း ကြားတွင်လည်း အဆင့်အတန်း ခွဲခြားမှုများ ရှိသေးသည်။

မည်သည့် စည်းမျဉ်းကို ကျွမ်းကျင်သလဲ၊ စည်းမျဉ်း ဘယ်နှမျိုး ပိုင်ဆိုင်သလဲ၊ မိမိ ခန္ဓာကိုယ်မှ နတ်ဘုရား နည်းစနစ် ဘယ်နှမျိုး မွေးဖွားနိုင်သလဲ ဆိုသည့်အပေါ် မူတည်၍ ကွာခြားကြသည်။

ယခင်က နျူတင်းထျန် သည် သာမန် အရှင် အဆင့်တွင်သာ ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် "နတ်ဘုရား သားရဲ ချုံနျုံ" ၏ ပုံသဏ္ဌာန်ကို မီရုံသာ ရှိပြီး၊ စွမ်းအား အနည်းငယ်ကိုသာ ရရှိထားခဲ့သောကြောင့် ဖြစ်၏။

နင်ချီထံမှ "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" အစစ်ကို ရရှိပြီးနောက်၊ ယခုအချိန်အထိ ကျင့်ကြံအားထုတ်ခဲ့ရာ၊ သူ၏ နည်းစနစ်တွင် "နတ်ဘုရား အလိုဆန္ဒ"

ပါဝင်လာပြီး၊ ထိပ်တန်း အရှင် စာရင်းဝင် ဖြစ်လာခဲ့သည်။

သို့သော်... အဆုံးစွန်သော အရှင် ဖြစ်လာရန်မူ လိုအပ်ချက်များ ရှိနေသေးသည်။

အနည်းဆုံးတော့ သူသည် နင်ချီ၏ အဆင့်ကို မီအောင် လေ့ကျင့်ရပေဦးမည်။ ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်ခြင်း၊ တိုက်ခိုက်မှုတွင် နတ်ဘုရား ဂီတသံစဉ်များ ထည့်သွင်းနိုင်ခြင်း စသည်တို့ကို တတ်မြောက်မှသာ အဆုံးစွန် အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။

ဤအချက်ကို တွေးမိသောအခါ နျူတင်းထျန် ခါးသက်သက် ထပ်ပြုံးမိပြန်သည်။

သူက နွားမိစ္ဆာဂိုဏ်း၏ "ချုံနျုံ အရှင်" ဖြစ်သော်လည်း၊ နင်ချီနှင့် ယှဉ်လိုက်လျှင် နင်ချီကသာ "အရှင်" တစ်ပါးနှင့် ပိုတူနေသည် မဟုတ်ပါလား။

နင်ချီသည် "ချုံနျုံ နတ်ဘုရား အရိပ်" ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေပေါ်မှ ဆင်းသက်လာ၏။ သူ၏ အဖြူရောင် ဝတ်ရုံပေါ်တွင် ဖုန်မှုန့် တစ်စက်မျှ မတင်ပေ။

လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ၊ စောစောက ပျက်စီးသွားသော ကွင်းပြင် မြေပြင်သည် "မြေ စည်းမျဉ်း"၏ စွမ်းအားကြောင့် ချက်ချင်း ပြန်လည် ကောင်းမွန်သွားတော့၏။

“အစ်ကိုကြီးနျူ... ခန်းမဆောင်ထဲ ပြန်သွားပြီး ဆက်ဆွေးနွေးကြတာပေါ့...”

နျူတင်းထျန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် လူအုပ်ကြီး ကွဲသွားကြသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ မဟာစွမ်းအားရှင်များသည် "ပေါင်းစည်းခြင်း နယ်ပယ်" ၏ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသဖြင့် အသိအမြင်များ ပွင့်လင်းသွားကြသည်။

နျူမန်နှင့် အခြား နွားမိစ္ဆာများကိုလည်း ခန်းမဆောင် အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

သူတို့ နင်ချီကို ပြန်ကြည့်လိုက်သောအခါ၊ မျက်လုံးထဲတွင် လေးစားကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေတော့၏။

သူတို့ ရှေ့မှောက်တွင် ရှိနေသော အဖြူရောင် ဝတ်ရုံနှင့် လူသားသည် သူတို့ နွားမိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံး ဘိုးဘေးကြီးထက်ပင် သာလွန်နေပြီ မဟုတ်ပါလား။

ထိုအချိန်တွင်... "ဓားဘိုးဘေးကြီး" လည်း ရောက်ရှိလာ၏။

ဓားဘိုးဘေးကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော "ပေါင်းစည်းခြင်း နယ်ပယ်" အရှိန်အဝါကို မြင်လိုက်ရသောအခါ နျူတင်းထျန် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

ဘုရားရေ...။

ယူဟွာ အဆင့်မြင့်ဂိုဏ်းမှာ "ပေါင်းစည်းခြင်း နယ်ပယ်" သုံးယောက် ရှိတာကို နင်ချီ ဘာလို့ မကြောက်သလဲ ဆိုတာ အခုမှ သိတော့၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာလည်း "ပေါင်းစည်းခြင်း နယ်ပယ်" နှစ်ယောက် ရှိနေပြီကိုး။

နှစ်ယောက်စလုံးက တိုက်ခိုက်ရေး စွမ်းရည် အလွန်မြင့်မားသူများ ဖြစ်နေကြသည်။ နျူတင်းထျန် အားကျမိသည်။ သူတို့ နွားမိစ္ဆာဂိုဏ်းမှာကျတော့ ဘာလို့ ဒီလိုလူမျိုးတွေ ပေါ်မလာရတာလဲ။

“ညီလေးဓား ... ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ...”

နျူတင်းထျန်က လက်သီးဆုပ်ကာ အားပါးတရ..နှုတ်ဆက်လိုက်သည်။

ဓားဘိုးဘေးကြီး၏ မျက်နှာတွင် အပြုံးကြီး တစ်ခု ဖြစ်ပေါ်လာ၏။

‘သိပ်ကို ကျေနပ်စရာ ကောင်းလိုက်တာ။

ပြီးခဲ့တဲ့ တစ်ခေါက် ဒီနွားအိုကြီး လာတုန်းက သူ့ကို "ဓားကလေး" ဆိုပြီး တတွတ်တွတ် ခေါ်ခဲ့တာ။ နင်ချီကျတော့ "ညီလေးနင်" တဲ့။ အဲဒီတုန်းက သူ တော်တော် စိတ်ဆိုးခဲ့ရတာ။

အခုတော့ ဒီနွားအိုကြီး ပါးစပ်က သူ့ကို လေးလေးစားစား ခေါ်အောင် လုပ်နိုင်ခဲ့ပြီလေ။’

“ကျေးဇူးပါပဲ အစ်ကိုကြီးနျူ... အခု အစ်ကိုကြီးနျူ ကိုယ်တိုင် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ရောက်လာတာ... နင်ကလေး နဲ့ လက်ရည်စမ်းဖို့ သက်သက်တော့ မဟုတ်လောက်ဘူးမလား...”

ဓားဘိုးဘေးကြီးက ဦးဆောင် မေးမြန်းလိုက်သည်။ ဓားလမ်းစဉ် လိုက်သူ ပီပီ စိတ်သဘောထား ဖြောင့်မတ်သဖြင့် လိုရင်းကို တဲ့တိုး မေးလိုက်ခြင်း ဖြစ်ပါ၏။

နျူတင်းထျန် သူတို့နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဒီတစ်ခေါက် ငါလာတာက... ပထမအချက် အနေနဲ့ ယူဟွာ အဆင့်မြင့်ဂိုဏ်းကို တားဆီးဖို့ မကူညီနိုင်ခဲ့တဲ့ အတွက် တောင်းပန်ဖို့ပါ... ဒုတိယ အချက်ကတော့ အကန့်အသတ်မဲ့ ဓားဂိုဏ်း အနေနဲ့ တခြား အကူအညီ လိုအပ်တာ ရှိမလား ဆိုပြီး လာမေးတာပါ...”

သူ ခဏ ရပ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။

“ဒါပေမဲ့ အခု ညီအစ်ကို နှစ်ယောက်လုံးက ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်နေကြပြီ ဆိုတော့... ငါကူညီပေးနိုင်တာ သိပ်မရှိတော့ပါဘူး...”

ဓားဘိုးဘေးကြီး က ပြန်ပြောသည်။

“အစ်ကိုကြီးနျူ... ဒီလို မပြောပါနဲ့... ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းက မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အပြန်အလှန် ဖလှယ်စရာတွေ အများကြီး လိုပါသေးတယ်...”

အခု ဝိညာဉ်ကမ္ဘာ စစ်ပွဲလည်း ဖြစ်တော့မည်။ မိတ်ဆွေ တစ်ယောက် တိုးခြင်းသည် အားတစ်ချက် တိုးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မာနကြီးသော ဓားဘိုးဘေးကြီး ပင်လျှင် နွားမိစ္ဆာဂိုဏ်းနှင့် မဟာမိတ် ဖွဲ့လိုစိတ် ရှိနေ၏။

ထိုစကားကို ကြားသောအခါ နျူတင်းထျန် သည် သူတို့နှစ်ယောက်ကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး၊ ရုတ်တရက် ဆိုလိုက်လေသည်။

အခန်း (၆၄၅) - အမြန်လာခဲ့ပါ (အပိုင်း ၂)

~“ညီလေးနင်... ညီလေးဓား... မင်းတို့ နှစ်ယောက်လုံး ဒီလို ပြောလာမှတော့... ငါ့ခေါင်းထဲ အခုလေးတင် ပေါ်လာတဲ့ အကြံတစ်ခု ရှိတယ်... မင်းတို့ ဘယ်လို သဘောရသလဲ ဆိုတာ သိချင်တယ်...”

နင်ချီက လမ်းဖွင့်ပေးလိုက်သည်။

“အစ်ကိုကြီးနျူ... လွတ်လွတ်လပ်လပ်သာ ပြောပါ...”

နျူတင်းထျန် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါတို့ ဂိုဏ်းတွေက မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေမှာ နာမည်ကြီးတယ် ဆိုပေမယ့်... တကယ်တမ်း ဝိညာဉ်ကမ္ဘာ စစ်ပွဲ စလာပြီ ဆိုရင်... ငါတို့က အဲဒီ စစ်ပွဲကြီးထဲက သာမန် ကျင့်ကြံသူလေးတွေလောက်ပဲ ဖြစ်နေဦးမှာ...”

“ဒါကြောင့် ဝိညာဉ်ကမ္ဘာ စစ်ပွဲ မစခင်မှာ... မင်းနဲ့ ငါ... အခွင့်အရေးကို အရယူပြီး အရင်းအမြစ်တွေကို ပိုမို ထိန်းချုပ်ထားနိုင်ဖို့ လိုတယ်... အပြည့်အဝ ပြင်ဆင်ထားမှ... အခြေခံအုတ်မြစ် နက်ရှိုင်းမှ တော်ကာကျမယ်...”

“လက်ရှိ အခြေအနေအရ... ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းလုံးကို ယူဟွာ အဆင့်မြင့်ဂိုဏ်းက ရန်သူအဖြစ် သတ်မှတ်ထားပြီးသား... ဒါကြောင့် ငါတို့ နှစ်ဂိုဏ်း ပေါင်းပြီး...”

နွားအိုကြီးက သူ၏ လည်ပင်းကို ခွာဖြင့် ဖြတ်ဟန် ပြလိုက်သည်။

နင်ချီနှင့် ဓားဘိုးဘေးကြီး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ရုတ်တရက် ပြိုင်တူ ပြုံးလိုက်ကြသည်။

နျူတင်းထျန် ရောက်လာသည့် အချိန်ကိုက်က တကယ် ကွက်တိပဲ။ အမှန်တကယ်တော့ သူတို့လည်း ယူဟွာ အဆင့်မြင့်ဂိုဏ်းကို ဒုက္ခပေးဖို့ ဆွေးနွေးထားပြီးသား ဖြစ်၏။

ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် ပေ့ရွှမ်နယ်မြေကို ဝင်ရောက် စွက်ဖက်ခဲ့သည်။ အခြား ဂိုဏ်းများကို မြှောက်ပေးပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းပိုင် လုပ်ငန်းများကို လုယူခိုင်းခဲ့သည်။ နောက်ပိုင်းတွင် "ပေါင်းစည်းခြင်း နယ်ပယ်" ကို စေလွှတ်ပြီး သူတို့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

နှစ်ဖက်စလုံးကြားတွင် ပြေပျောက်နိုင်စရာ မရှိသော သွေးကြွေး ရှိနေပြီ။

နင်ချီ ဦးဆောင်ပြီး ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ "ပေါင်းစည်းခြင်း နယ်ပယ်" တစ်ယောက်နှင့် မဟာစွမ်းအားရှင် (၁၁) ယောက်ကို သတ်ဖြတ်လိုက်ကတည်းက၊ သူတို့ဂိုဏ်း၏ အင်အား သုံးပုံတစ်ပုံခန့် ချက်ချင်း လျော့ကျသွားခဲ့သည်။

ယခု သူတို့ ငြိမ်နေခြင်းသည် လက်လျှော့လိုက်ခြင်း မဟုတ်။ တခုခု ကြံစည်နေခြင်းသာ ဖြစ်ပေမည်။

ထို့ကြောင့် နျူတင်းထျန် က ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အမြစ်ဖြတ်ရန် မဟာမိတ် ဖွဲ့လိုကြောင်း ကမ်းလှမ်းလာသောအခါ၊ နင်ချီနှင့် ဓားဘိုးဘေးကြီး မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

ဤ ပူးပေါင်းဆောင်ရွက်ခွင့်ကို လက်လွှတ်ခံ၍ မဖြစ်။

ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အမှန်တကယ် အမြစ်ဖြတ်နိုင်ရန်မှာ၊ တောင်ပိုင်း အစစ်အမှန်နယ်မြေ အတွင်းမှ အခြေအနေကို ကောင်းစွာ သိရှိနားလည်သော အကူအညီ လိုအပ်သည်။ သူတို့သည် နယ်မြေကျော်ပြီး လှုပ်ရှားရမည် ဖြစ်၍ ဖြစ်၏။

ယခု နျူတင်းထျန် က ဤကိစ္စကို စတင် ပြောလာခြင်းသည်... "အိပ်ချင်နေသောသူကို ခေါင်းအုံး လာပေးသကဲ့သို့" ဖြစ်နေတော့၏။

နင်ချီ ပြုံးလိုက်ပြီး မေးလိုက်သည်။

“အစ်ကိုကြီးနျူ... သေချာ စဉ်းစားပြီးပြီလား... ခင်ဗျားတို့သာ ယူဟွာ အဆင့်မြင့်ဂိုဏ်းကို စပြီး လှုပ်ရှားလိုက်ရင်... သူတို့ရဲ့ အဓိက ပစ်မှတ်က ခင်ဗျားတို့ နွားမိစ္ဆာဂိုဏ်း ဖြစ်သွားလိမ့်မယ်နော်...”

“ဘာပဲဖြစ်ဖြစ်... ခင်ဗျားတို့ နွားမိစ္ဆာဂိုဏ်းက တောင်ပိုင်း အစစ်အမှန်နယ်မြေ မှာ ရှိနေတာကိုး...”

နျူတင်းထျန်၏ နွားမျက်လုံးကြီးများ အရောင်တောက်သွားသည်။

“မင်းတို့ နှစ်ယောက်... ကိစ္စတစ်ခုကို သိထားကြလား...”

ဓားဘိုးဘေးကြီး က စိတ်ဝင်တစား မေးလိုက်သည်။

“ဘာကိစ္စလဲ...”

“ညီလေးဓား ကတော့ နည်းနည်း သိကောင်း သိနိုင်တယ်... ဒါပေမဲ့ ညီလေးနင် ကတော့ အသက်ငယ်သေးတော့ သိချင်မှ သိဦးမှာ...”

နင်ချီနှင့် ဓားဘိုးဘေးကြီး နှစ်ယောက်စလုံး နျူတင်းထျန် ဘာကို ဆိုလိုချင်မှန်း မသိဘဲ စဉ်းစားနေမိကြသည်။

နျူတင်းထျန် တဟားဟား ရယ်လိုက်သည်။

“နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ နဲ့ သက်ဆိုင်တဲ့ ကိစ္စလေ... လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီတုန်းက... အဲဒီ လျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာခဲ့လို့... မူလ 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' ကြီးက တောင်ပိုင်း နဲ့ မြောက်ပိုင်း ဆိုပြီး နှစ်ပိုင်း ကွဲသွားခဲ့ရတာ...”

“အခု... အဲဒီ လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားပြီ ဆိုတော့... ဘာဆက်ဖြစ်လာမယ်လို့ မင်းတို့ ထင်လဲ...”

နင်ချီနှင့် ဓားဘိုးဘေးကြီး ရုတ်တရက် သဘောပေါက်သွားကြသည်။ ဒါ သူတို့ ထည့်မတွက်မိသော အချက်ပင်။

နင်ချီ၏ သက်တမ်း နုနယ်သေးသဖြင့် ဤကိစ္စများကို မသိရှိခဲ့သလို၊ ဓားဘိုးဘေးကြီးကလည်း သတိမထားမိခဲ့ပေ။

နင်ချီက မေးလိုက်သည်။

“ခင်ဗျား ဆိုလိုတာက... လျှို့ဝှက်နယ်မြေ ပျောက်ကွယ်သွားတဲ့ အတွက်... နယ်မြေနှစ်ခု ပြန်ပေါင်းစည်းမယ့် အလားအလာ ရှိနေတယ် ဆိုတဲ့ သဘောလား...”

နျူတင်းထျန် ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။

“ဒါကြောင့်လည်း... ငါတို့ နှစ်ဂိုဏ်း ပေါင်းပြီး ယူဟွာ အဆင့်မြင့်ဂိုဏ်းကို ရှင်းပစ်ဖို့ အကြံပြုတာပေါ့...”

သူတို့ ဆက်ပြောကြသည်။

“နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းက... အဲဒီတုန်းက 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လေ... ကျင့်ကြံသူ အားလုံး အဲဒီ ပဋိပက္ခထဲ ပါဝင်ခဲ့ကြတယ်... ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးတွေကနေ သာမန် ကျင့်ကြံသူတွေ အထိ... သူတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ 'စည်းမျဉ်း စွမ်းအား' တွေကို အလွန်အကျွံ ထုတ်ယူ သုံးစွဲခဲ့ကြတယ်... အဲဒါကြောင့် သီးခြား ကွဲထွက်နေတဲ့ လျှို့ဝှက်နယ်မြေ ဖြစ်သွားခဲ့ရတာ...”

“အခု လျှို့ဝှက်နယ်မြေ ပြိုကျသွားပြီ ဆိုတော့... အဲဒီ ဖရိုဖရဲ ဖြစ်နေတဲ့ စည်းမျဉ်း စွမ်းအားတွေက စကြဝဠာကြီး ထဲကို ဖြည်းဖြည်းချင်း ပြန်လည် ပေါင်းစည်းသွားလိမ့်မယ်...”

“မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေ ပြန်လည် ပေါင်းစည်းပြီး... 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' ပြန်လည် ပေါ်ထွန်းလာတဲ့ အခါကျရင်... ဝိညာဉ် စွမ်းအင်တွေရဲ့ သိပ်သည်းဆက တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မယ်... အဲဒါကြောင့်...”

ဓားဘိုးဘေးကြီးက ပြုံးပြီး ဖြည့်စွက် ပြောလိုက်သည်။

“အဲဒါကြောင့်... မြောက်ပိုင်းနဲ့ တောင်ပိုင်း မပေါင်းစည်းခင်... ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အရင် ရှင်းပစ်ရမယ် ပေါ့...”

“အတိအကျပဲ...”

“အခု ခင်ဗျားတို့ နွားမိစ္ဆာဂိုဏ်းမှာ... ပေါင်းစည်းခြင်း နယ်ပယ် ဘယ်နှယောက် ရှိလဲ...”

နျူတင်းထျန် လျှို့ဝှက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီသတင်းက ငါ့ဂိုဏ်းရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ အရေးကြီး ကိစ္စပါ... မင်းတို့ နှစ်ယောက် လျှို့ဝှက်ထားပေးဖို့ မျှော်လင့်တယ်...”

နင်ချီနှင့် ဓားဘိုးဘေးကြီး နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

“စိတ်ချပါ အစ်ကိုကြီးနျူ... ကျွန်တော်တို့လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဦးဆောင်နေကြသူတွေပါ... ဒီလို သတင်းမျိုးက ဂိုဏ်းအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ နားလည်ပါတယ်... နင်ကလေး ကလည်း ကျွန်တော့်ကို လျှို့ဝှက်ထားခိုင်းခဲ့လို့... လောကကြီးက အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ ပေါင်းစည်းခြင်း နယ်ပယ် တစ်ယောက်ပဲ ရှိတယ်လို့ ထင်နေကြတာလေ...”

ထိုစကားကြောင့် နျူတင်းထျန် ဘာမှ ဖုံးကွယ်မထားတော့ပေ။

ဓားဘိုးဘေးကြီး ပြောသလိုပင်... မူလက နင်ချီသည် ဓားဘိုးဘေးကြီးကို ဝှက်ဖဲ အဖြစ် ထားရှိခဲ့သော်လည်း၊ ယခု နျူတင်းထျန် နှင့် တွေ့ဆုံချိန်တွင် ဖဲအိတ်သွန်ပြလိုက်ပြီ မဟုတ်ပါလား။

အကန့်အသတ်မဲ့ ဓားဂိုဏ်းကတောင် ဒီလောက် ပွင့်လင်းနေမှတော့၊ နွားမိစ္ဆာဂိုဏ်းက ဘာကိစ္စ ဆက်ပြီး ပုန်းကွယ်နေရမည်နည်း။

နျူတင်းထျန် ဖွင့်ဟလိုက်သည်။

“ငါ့ နွားမိစ္ဆာဂိုဏ်းမှာ... ပေါင်းစည်းခြင်း နယ်ပယ် (၄) ယောက် ရှိတယ်... ငါ့အပြင်... အလယ်အလတ်အဆင့် တစ်ယောက်၊ နှောင်းပိုင်းအဆင့် တစ်ယောက် နဲ့... ပြီးပြည့်စုံခြင်း အထွတ်အထိပ် အဆင့် တစ်ယောက် ရှိသေးတယ်...”

ထိုစကား ကြားသောအခါ နင်ချီနှင့် ဓားဘိုးဘေးကြီး အံ့ဩသွားကြသည်။ နွားမိစ္ဆာဂိုဏ်းသည် အမှန်တကယ်ပင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်ပေ၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် (၁) ယောက်သာ ရှိခဲ့ပြီး၊ ယူဟွာ အဆင့်မြင့်ဂိုဏ်းတွင် (၃) ယောက် ရှိခဲ့သည်။

တောင်ပိုင်း အစစ်အမှန်နယ်မြေတွင် ယူဟွာ အဆင့်မြင့်ဂိုဏ်းနှင့် အင်အားချင်း တူညီသည်ဟု ယူဆရသော ကောင်းကင်တာရာဂိုဏ်း နှင့် နွားမိစ္ဆာဂိုဏ်း တို့တွင်လည်း (၃) ယောက်စီသာ ရှိမည်ဟု သူတို့ ထင်မှတ်ထားခဲ့သည်။

နွားမိစ္ဆာဂိုဏ်းက ဒီနှစ်တွေ အတွင်း နောက်ထပ် ပေါင်းစည်းခြင်း နယ်ပယ် တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့လိမ့်မည်ဟု မထင်ခဲ့ပေ။

နျူတင်းထျန် သာ ကိုယ်တိုင် ထုတ်မပြောခဲ့လျှင် မည်သူမျှ သိနိုင်မည် မဟုတ်ပါ။

နျူတင်းထျန် ဆက်ပြောသည်။

“တကယ်လို့ မင်းတို့ ညီအစ်ကို နှစ်ယောက် သဘောတူမယ် ဆိုရင်... ငါတို့ဘက်က ပေါင်းစည်းခြင်း နယ်ပယ် (၃) ယောက် စေလွှတ်ပေးမယ်... ပြီးရင် မင်းတို့ နှစ်ယောက် ဝင်တိုက်ပေါ့... ပြီးသွားရင် ယူဟွာ အဆင့်မြင့်ဂိုဏ်း ပိုင်ဆိုင်တဲ့ နယ်မြေတွေနဲ့ လုပ်ငန်းတွေကို ငါတို့ တစ်ဝက်စီ ခွဲယူကြမယ်... ဘယ်လိုလဲ...”

နျူတင်းထျန် ၏ ကမ်းလှမ်းချက်သည် အလွန်တရာ ရက်ရောလွန်းသဖြင့် နင်ချီနှင့် ဓားဘိုးဘေးကြီး ခေတ္တမျှ ကြောင်အသွားကြသည်။

နင်ချီ စောစောက ပြောခဲ့သလိုပင်... နွားမိစ္ဆာဂိုဏ်းကသာ စတင် လှုပ်ရှားလိုက်လျှင်၊ ယူဟွာ အဆင့်မြင့်ဂိုဏ်းနှင့် အတူ ယှဉ်တွဲနေထိုင်သော တောင်ပိုင်းနယ်မြေ အတွင်း၌ စစ်ပွဲ ချက်ချင်း ဖြစ်ပွားသွားပေလိမ့်မည်။ ထိုအခါ ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ အာရုံစိုက်မှုကို နွားမိစ္ဆာဂိုဏ်းက အဓိက ဆွဲယူထားရလိမ့်မည်။

အကယ်၍ ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အမြစ်မဖြတ်နိုင်ခဲ့လျှင်၊ နွားမိစ္ဆာဂိုဏ်း အတွက် နောင်တွင် ဒုက္ခများပေလိမ့်မည်။

ထို့ပြင် နျူတင်းထျန် က ပေါင်းစည်းခြင်း နယ်ပယ် (၃) ယောက်ကို စစ်ပွဲထဲ ထည့်သုံးမည်ဟု ကတိပေးသည်။ နင်ချီနှင့် ဓားဘိုးဘေးကြီး ပါဝင်တိုက်ခိုက်ရုံဖြင့်၊ ရရှိလာသော အကျိုးအမြတ် အားလုံးကို တစ်ဝက်စီ ခွဲပေးမည်ဟု ဆိုပြန်သည်။

ဤမျှ ရက်ရောသော အခြေအနေများကို ကြည့်လျှင်... နျူတင်းထျန် သည် သူတို့နှစ်ဦးအပေါ် ရင်းနှီးမြှုပ်နှံနေပြီး၊ သူတို့၏ အနာဂတ် အလားအလာကို မြင်တွေ့နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

“နင်ကလေး... မင်းက အခု ဂိုဏ်းချုပ် ဖြစ်နေပြီ... မင်းပဲ ဆုံးဖြတ်လိုက်ပါ...”

All Chapters