အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အခန်း (၆၃၁) - ကြက်ကိုသတ်၍ မျောက်ကိုခြောက်ခြင်း (အပိုင်း ၄)
~အချိန်အတန်ကြာ ပြီးနောက်...
လူတိုင်း၏ စိတ်နှလုံးသည် တည်ငြိမ်သွားကြတော့၏။ သူတို့အားလုံး အသိစိတ် ပြန်ဝင်လာကြပြီး အခြေအနေကို လက်ခံလိုက်ကြတော့၏။
“ဂိုဏ်းချုပ်နင်ကို ဂုဏ်ပြုပါတယ်ဗျာ... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး ပျက်စီးသွားပေမယ့် အကန့်အသတ်မဲ့ ဓားဂိုဏ်းက ပိုပြီး မြင့်မားတဲ့ နေရာကို ရောက်လာခဲ့ပြီဆိုတော့ ကျုပ်တို့အားလုံး စိတ်အေးရပါပြီ...”
သူတို့ စိတ်အေးရသည် ဆိုခြင်းမှာ အကြောင်းရင်း ရှိပေ၏။ ပေ့ရွှမ်နယ်မြေ အတွင်း၌ "ပေါင်းစည်းခြင်း နယ်ပယ်" ရှိသော စွမ်းအားရှင် တစ်ပါး မပေါ်ထွန်းခဲ့သည်မှာ ကြာမြင့်လှလေပြီ။
အိမ်နီးချင်း ဖြစ်သော "တောင်ပိုင်း အစစ်အမှန်နယ်မြေ" သည် ပေ့ရွှမ်နယ်မြေကို မျက်စိကျနေသည်မှာ ရှေးရှေးကတည်းကပင်။
သူတို့ဘက်မှ ပေါင်းစည်းခြင်း နယ်ပယ် ထိပ်သီးများကို စေလွှတ်၍ သူလျှိုလုပ်ခိုင်းတတ်သည်။
ပေ့ရွှမ်နယ်မြေသည် တောင်ပိုင်း အစစ်အမှန်နယ်မြေနှင့် ယှဉ်လျှင် အင်အားကွာခြားလွန်းလှသော်လည်း နယ်မြေတစ်ခုလုံးကို ဝါးမျိုနိုင်မည့် အခွင့်အရေးမျိုး ရလာပါက တောင်ပိုင်းမှ ထိပ်တန်းဂိုဏ်းကြီးများသည် မည်သို့ လက်ပိုက်ကြည့်နေမည်နည်း။
ဧည့်သည်တော်များသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် မိမိတို့ဂိုဏ်း အသီးသီးသို့ ပြန်သွားကြပြီး ဂိုဏ်းချုပ်များကို သတင်းပို့ကြလေသည်။
ထိုသတင်းကြောင့် ဂိုဏ်းချုပ်များအားလုံး တုန်လှုပ်ချောက်ချား သွားကြပြန်တော့၏။
သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း အမိန့်ထုတ်လိုက်ကြသည်။ ယနေ့မှစ၍ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို မည်သူမျှ ရန်သွားမစရ၊ ပြဿနာ မရှာရ။
သို့သော်... ထိုပွဲသို့ မလာရောက်ကြသော ဂိုဏ်းများလည်း ရှိနေသေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုဂိုဏ်းများသည် ပြီးခဲ့သည့် တစ်ခေါက်က နင်ချီ၏ လက်ချက်ဖြင့် မဟာစွမ်းအားရှင် (၅) ဦး အသတ်ခံလိုက်ရသော ဂိုဏ်းများပင် ဖြစ်လေသည်။
သူတို့၏ မဟာစွမ်းအားရှင်များ အသတ်ခံရပြီးသည့်တိုင် နင်ချီက လိုက်လံ လက်စားမချေသည်ကိုပင် ကံကောင်းသည်ဟု မမှတ်ယူကြဘဲ၊ သူတို့ဂိုဏ်းတွင်း၌ မကျေနပ်ချက်များ ပြည့်နှက်နေခဲ့သည်။
ထို့ကြောင့် တောင်ပိုင်း အစစ်အမှန်နယ်မြေမှ "ယူဟွာ အဆင့်မြင့်ဂိုဏ်း" ၏ လူများ ပေ့ရွှမ်နယ်မြေသို့ ရောက်လာသောအခါ ထိုဂိုဏ်း (၅) ဂိုဏ်းသည် ချက်ချင်းပင် တက်ကြွစွာ တုံ့ပြန်ခဲ့ကြသည်။
သူတို့သည် ယူဟွာဂိုဏ်း၏ အရှိန်အဝါကို အခွင့်ကောင်းယူကာ အကန့်အသတ်မဲ့ ဓားဂိုဏ်း ပိုင်ဆိုင်သော ပိုင်နက်နယ်မြေနှင့် အရင်းအမြစ် အချို့ကို အတင်းအကြပ် ဝင်ရောက် သိမ်းပိုက်ခဲ့ကြသည်။
သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားချေပြီ။
သူတို့ ကိုယ်တိုင် မလာရောက်ခဲ့သော်လည်း အခြားဂိုဏ်းများထံမှတဆင့် နင်ချီသည် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း အတည်ပြုသတင်း ရရှိလိုက်ကြသည်။
ထိုသတင်း ကြားကြားချင်းပင် ဂိုဏ်း (၃) ဂိုဏ်းမှ လူများသည် ချက်ချင်း ပြေးလွှားရောက်ရှိ လာကြတော့၏။
နင်ချီသည် သူတို့ကို မျက်နှာသာ မပေးခဲ့ချေ။ ကိုယ်တိုင် ထွက်မတွေ့ဘဲ ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ်ကိုသာ ဖြေရှင်းခိုင်းလိုက်လေသည်။
နောက်ဆုံးတွင်တော့ ချန်ဝမ်ဟယ်၏ ဧည့်ခံမှုအောက်၌...
ထိုဂိုဏ်း (၃) ဂိုဏ်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းထံမှ လုယူထားသော အရင်းအမြစ်များကို ပြန်လည် ပေးအပ်ရုံသာမက၊ နင်ချီ၏ ရာထူးတက်ပွဲအတွက် ဂုဏ်ပြုလက်ဆောင်ဟု ခေါင်းစဉ်တပ်ကာ နောက်ထပ် ပစ္စည်းများစွာကိုပါ ထပ်မံ ပုံအောပေးအပ် ခဲ့ရလေသည်။
နင်ချီက သူတို့ကို စာရင်းရှင်းမည်ကို ကြောက်ရွံ့သောကြောင့်သာ ဤကဲ့သို့ လျော်ကြေးပေးပြီး ခေါင်းငုံ့ခံခြင်း ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြ၏။
တောင်ပိုင်းမှ ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် ပေ့ရွှမ်နယ်မြေကို ကျူးကျော်ရန် ကြံရွယ်နေသည်မှာ မှန်သော်လည်း၊ လက်ရှိ နင်ချီ၏ စွမ်းအားနှင့် ယှဉ်လိုက်လျှင် သူတို့ ပို၍ ထိတ်လန့်သွားကြသည်။
စဉ်းစားကြည့်ပါ... နင်ချီသည် အဆင့်မတက်ခင် ကတည်းက ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်များကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခု ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်သွားပြီ ဆိုလျှင် သူ၏ စွမ်းအားက မည်မျှ ကြောက်စရာ ကောင်းနေမည်နည်း။
ထိုဂိုဏ်း (၅) ဂိုဏ်းထဲတွင် (၃) ဂိုဏ်းက ကိုယ်တိုင် လာရောက် တောင်းပန်ခဲ့သော်လည်း၊ ကျန်ရှိနေသော (၂) ဂိုဏ်းကမူ အရိပ်အယောင်မျှ မတွေ့ရပေ။
သူတို့သည် လုယူထားပြီးသား အရာများကို ပြန်မပေးချင်ကြပေ။ နင်ချီက သူတို့၏ မဟာစွမ်းအားရှင်များကို သတ်ခဲ့သဖြင့်၊ ယခု လုယူထားသော ပစ္စည်းများသည် ထိုဆုံးရှုံးမှုအတွက် လျော်ကြေးဖြစ်သည်ဟု မှတ်ယူထားကြသည်။ ထိုသို့ တွေးမှသာ သူတို့ဂိုဏ်းသားများကို နှစ်သိမ့်နိုင်မည် မဟုတ်ပါလား။
ထို့ပြင် ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် တောင်ပိုင်း အစစ်အမှန်နယ်မြေ၌ နှစ်ပေါင်း သိန်းချီ၍ အခြေချခဲ့သော ဂိုဏ်းကြီးဖြစ်၏။ သူတို့၏ ထိပ်တန်းဂိုဏ်းများသည် ပေ့ရွှမ်နယ်မြေထက် အဆပေါင်းများစွာ သာလွန်ပေ၏။
နင်ချီသည် ယခုမှ ပေါင်းစည်းခြင်း နယ်ပယ်သို့ ခြေချခါစသာ ရှိသေးသည်။ တောင်ပိုင်းနယ်မြေမှ စွမ်းအားရှင်ကြီးများကို သူ မည်သို့ ယှဉ်နိုင်မည်နည်း။
နင်ချီ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
'နောက်ဆုံးတော့... စံပြ လုပ်ပြရမယ့် သားကောင် ထွက်လာပြီပဲ...'
သူသည် ဂိုဏ်းအကြီးအကဲ တစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်သည်။
ထိုမလာရောက်သော ဂိုဏ်း (၂) ဂိုဏ်းကို အချိန် (၁) လ တိတိ ပေးလိုက်သည်။ အကယ်၍ (၁) လ အတွင်း လာရောက် မတောင်းပန်ပါက ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကိုယ့်ဘာသာ တာဝန်ယူရမည် ဟူ၍ ရာဇသံ ပေးလိုက်လေသည်။
ထို (၂) ဂိုဏ်းထဲမှ တစ်ဂိုဏ်းသည် ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် အစစ်အမှန် အမွေခံများကို ခေါ်ယူ၍ အရေးပေါ် အစည်းအဝေး ထိုင်ကြတော့၏။
နောက်ဆုံးတွင် သူတို့ ကောက်ချက်ချလိုက်သည်မှာ...
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အရှိန်အဝါသည် ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနေပြီပင်။
နင်ချီသည် "အင်မော်တယ် မျိုးစိတ်" ဟု ကျော်ကြားလာချိန်မှ စ၍ တိုက်ပွဲပေါင်းများစွာကို အနိုင်ယူခဲ့သည်။ အရေးကြီးဆုံးအချက်မှာ... မည်သူမျှ သူ၏ အစစ်အမှန် စွမ်းအားကုန်ကို ထုတ်သုံးသည်ကို မမြင်ဖူးကြသေးပေ။
တစ်ဖက်တွင် ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် တောင်ပိုင်း၌ အခြေစိုက်သည်။ သူတို့ တကယ်တမ်း မြောက်ပိုင်းသို့ ချီတက်လာလျှင်ပင်၊ မိမိတို့လို ဂိုဏ်းငယ်လေးများ၏ အသက်အသေအပျောက်ကို ဂရုစိုက်ပါ့မလား။
ထို့ကြောင့် သတ်မှတ်ရက် မပြည့်မီ နောက်ဆုံး (၃) ရက်အလိုတွင်...
ထိုဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်တိုင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ရောက်ချလာလေသည်။
သူ၏ ဟန်ပန်သည် လွန်စွာ နှိမ့်ချထားပြီး သိမ်ငယ်နေပုံရသည်။ သူတို့ လုယူထားသော ပစ္စည်းများကို ပြန်ပေးရုံသာမက၊ ဂိုဏ်း၏ နှစ်ပေါင်း (၅၀) စာ အရင်းအမြစ်များကိုပါ လျော်ကြေးအဖြစ် ဆက်သလေသည်။
ထို့ပြင် သူတို့၏ လုပ်ရပ်များ နောက်ကွယ်တွင် ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ သွေးထိုးလှုံ့ဆော်မှု ပါဝင်ကြောင်းနှင့်၊ "ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း" ကပါ ဝင်ရောက်စွက်ဖက်ရန် ကြံစည်နေကြောင်း နင်ချီကို သတင်းပေးလေသည်။
သူတို့ လုပ်ခဲ့သမျှကို နင်ချီအနေဖြင့် ခွင့်လွှတ်ပေးရန် တုန်လှုပ်စွာ တောင်းပန်ရှာသည်။
နင်ချီသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ထိုဂိုဏ်းချုပ်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်၏။
ထိုအကြည့်အောက်တွင် ဂိုဏ်းချုပ်ခမျာ အသက်ပင် မရှူရဲတော့ချေ။ ရေထဲမှ ဆယ်ထားသော ကြွက်စုတ်ကဲ့သို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေတော့၏။
သူသည် ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ စေလွှတ်သော တမန်တော်နှင့် တွေ့ဆုံဖူးသည်။ ထိုစဉ်က ယူဟွာဂိုဏ်း၏ တမန်တော်သည် ခန့်ညားထည်ဝါပြီး ထိပ်တန်းဂိုဏ်းကြီး၏ ဂုဏ်ဒြပ်နှင့် ညီညွတ်သည်ဟု သူ ထင်ခဲ့ဖူး၏။
သို့သော် ယခု နင်ချီနှင့် ရင်ဆိုင်လိုက်ရသော အခါမှ... မိုးနှင့် မြေကြီး၊ တိမ်တိုက်နှင့် ရွှံ့နွံ့ လို ကွာခြားလွန်းကြောင်း သူ နားလည်လိုက်ရတော့သည်။
“ကောင်းပြီ... ဒီတစ်ခါတော့ မင်းတို့ကို ငါ အလွတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်လုပ်ရဲရင်တော့... ဘာဖြစ်မယ်ဆိုတာ မင်းတို့ကိုယ်တိုင် သိလာရလိမ့်မယ်...”
“ကျေး... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်နင်... ကျေးဇူးကြီးလှပါတယ်...”
(၃) ရက် အချိန်ကား တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့တော့၏။
နောက်ဆုံးအချိန် အထိ ကျန်ရစ်နေသော "သွေးမိစ္ဆာဂိုဏ်း" ကမူ ရောက်မလာခဲ့ပေ။
နင်ချီ ဒေါသ မထွက်ခဲ့ပါ။ ပြောရလျှင် ဝါးရခက်သော အရိုးတစ်ချောင်း ကျန်နေခြင်းက သူ အလိုချင်ဆုံး အရာပင် ဖြစ်၏။ ကြက်ကို
သတ်ပြဖို့ ကြက်တစ်ကောင်တော့ လိုသည် မဟုတ်ပါလား။
ထိုနေ့တွင်ပင်...
နင်ချီသည် ဓားဘိုးဘေးကြီးကို ဂိုဏ်းစောင့်ရန် ထားရစ်ခဲ့ပြီး၊ သူကိုယ်တိုင် ဦးဆောင်၍ မဟာစွမ်းအားရှင်များနှင့် အစစ်အမှန် အမွေခံများစွာကို ခေါ်ဆောင်ကာ သွေးမိစ္ဆာဂိုဏ်း ရှိရာသို့ ချီတက်သွားလေတော့၏။
အခန်း (၆၃၂) - ပေါက်ကွဲသွားသော ဘိုးဘေးကြီး
~ပေ့ရွှမ်နယ်မြေ... သွေးမိစ္ဆာဂိုဏ်း။
လွန်ခဲ့သော (၁) လ ခန့်က နင်ချီသည် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ခြေလှမ်းဝက် ဝင်ရောက်သွားပြီ ဟူသော သတင်းသည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုသတင်း အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက် သွေးမိစ္ဆာဂိုဏ်း၏ တုံ့ပြန်ပုံမှာ ထူးခြားစွာပင် တည်ငြိမ်အေးဆေး နေခဲ့၏။
သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ မိုထျန်းရှင်း က ဂိုဏ်းသားများရှေ့တွင် ဤသို့ ကြေညာခဲ့သည်။
“ဘာကြောက်စရာ ရှိသလဲ... ကျုပ်တို့ ဂိုဏ်း (၅) ဂိုဏ်းလုံးရဲ့ ထိပ်သီး မဟာစွမ်းအားရှင်တွေ နင်ချီလက်ချက်နဲ့ သေဆုံးခဲ့ရတာ... ကျုပ်တို့ (၅) ဂိုဏ်းလုံးက ကံကြမ္မာတူ အကျိုးတူတွေပဲ... နင်ချီအနေနဲ့ ကျုပ်တို့ (၅) ဂိုဏ်း ပေါင်းစည်းထားတဲ့ အင်အားကို တစ်ယောက်တည်း ရင်ဆိုင်ရဲမယ်လို့ ကျုပ် မယုံဘူး...”
သို့သော် သူ မထင်မှတ်ထားသည်မှာ ထိုနေ့တွင်ပင် အခြား ဂိုဏ်း (၃) ဂိုဏ်းက အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ကိုယ်တိုင်သွားရောက်ကာ ဒူးထောက် တောင်းပန်လိုက်ကြခြင်း ဖြစ်၏။
ထိုသတင်း ပြန်ရောက်လာသောအခါ မိုထျန်းရှင်း ခေတ္တမျှ တိတ်ဆိတ်သွားရသည်။
ထိုအချိန်တွင် အကြီးအကဲ လီရှင်းရွှမ် က အကြံပြုလေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့လည်း လူလွှတ်ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အခြေအနေကို သွားကြည့်သင့်တယ် ထင်ပါတယ်... တကယ်လို့ နင်ချီရဲ့ အခြေခံအုတ်မြစ်က မခိုင်မာသေးရင် ကိစ္စမရှိပေမယ့်... တကယ်လို့များ သူက တကယ်စွမ်းနေရင်တော့ ကျွန်တော်တို့လည်း ရေလိုက်ငါးလိုက် နေသင့်တယ်... ဘယ်လိုသဘောရပါသလဲ...”
ထိုအခါ၊ မိုထျန်းရှင်း သည် စကားပြောနေသော အကြီးအကဲကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
“ဒီကိစ္စ ထပ်မပြောနဲ့... ဟို (၃) ဂိုဏ်းက ကျုပ်တို့လောက် အခြေခံအုတ်မြစ် မခိုင်မာလို့ အခုလို အမြန် လက်မြှောက်သွားတာ... မနေ့တုန်းကတော့ သူတို့ကို မိတ်ဆွေတွေလို့ ထင်ခဲ့မိသေးတယ်... ဘယ်သူထင်မှာလဲ... သူတို့က ခါးရိုးမရှိတဲ့ သစ္စာဖောက်တွေ ဖြစ်နေမယ်ဆိုတာ... ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်းက အဲဒီလိုလူတွေနဲ့ မပေါင်းဖော်ဘူး...”
အကြီးအကဲ လီရှင်းရွှမ် ခမျာ သက်ပြင်းချကာ ဆက်လက် အကြံမပေးရဲတော့ချေ။
ရက်ပေါင်း (၃၀) သာ လိုတော့၏။
ဤရက် (၃၀) အတွင်း ဂိုဏ်းချုပ် စိတ်ပြောင်းပါစေဟုသာ သူ ဆုတောင်းနေမိသည်။
“ပူစရာမလိုပါဘူး... တောင်ပိုင်း အစစ်အမှန်နယ်မြေက ယူဟွာ အဆင့်မြင့်ဂိုဏ်းက ကျုပ်တို့နဲ့ အနီးဆုံးမှာ ရှိတယ်... သူတို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... ပြီးတော့... အဆုံးမဲ့ဂိုဏ်း ကလည်း ကျုပ်တို့ဘက်မှာ ရှိနေသေးတယ် မဟုတ်လား...”
ထိုအကြောင်းပြချက်ဖြင့် မိုထျန်းရှင်း သည် အဆုံးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ကိုယ်တိုင် ဆက်သွယ်ခဲ့သည်။
ဂိုဏ်းကြီး နှစ်ဂိုဏ်းသည် အတူတကွ ရှေ့ဆက်တိုးမည်၊ အတူတကွ ဆုတ်ခွာမည်၊ ဘယ်တော့မှ အညံ့မခံ ဟူ၍ သစ္စာဆိုခဲ့ကြသည်။
ထိုအခါမှ သွေးမိစ္ဆာဂိုဏ်းသားများ စိတ်ငြိမ်သွားကြတော့၏။
*
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ... သတ်မှတ်ရက် ပြည့်ရန် (၄) ရက်သာ လိုတော့သည့် အချိန်သို့ ရောက်လာခဲ့တော့၏။
“ဂိုဏ်းချုပ်... ပြဿနာတက်ပြီ... အဆုံးမဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားပြီး နင်ချီကို ဦးညွတ်လိုက်ပြီတဲ့...”
သတင်းဆိုး လာပို့သူမှာ အခြားသူ မဟုတ်၊ အကြီးအကဲ လီရှင်းရွှမ် ပင် ဖြစ်၏။
“တကယ်ပြောနေတာလား...”
ထိုစကားကို ကြားလိုက်ရသောအခါ မိုထျန်းရှင်း၏ မျက်နှာသည် မည်းမှောင်သွားတော့၏။ သူ၏ မျက်လုံးများသည် လူကို ဝါးမျိုတော့မည့် သားရဲတစ်ကောင်အလား ရုတ်ခြည်း သွေးရောင် လွှမ်းသွား၏။
လီရှင်းရွှမ် သည် ဂိုဏ်း၏ သတင်းထောက်လှမ်းရေး ခေါင်းဆောင်ကို ရှေ့သို့ တွန်းပို့လိုက်သည်။
“ဂိုဏ်းချုပ်ကို ကိုယ်တိုင်သာ လျှောက်တင်လိုက်...”
“ဂိုဏ်းချုပ်... ဒီသတင်းက လုံးဝ မှန်ကန်ပါတယ် ခင်ဗျာ...”
အတည်ပြုချက် ရသည်နှင့် တပြိုင်နက် မိုထျန်းရှင်း သည် ဒေါသအိုး ပေါက်ကွဲလေတော့၏။ သူ၏ နှာခေါင်းပေါက်မှ ဖြူဖွေးသော အခိုးအငွေ့များပင် ထွက်လာသည်အထိ ဒေါသထွက်နေ၏။
“အဆုံးမဲ့ဂိုဏ်း... သောက်ကြောက်တွေ... ကတိမတည်တဲ့ ကောင်တွေ... ငါ့ကို ယုံကြည်မှု ချိုးဖောက်ရဲတယ်ပေါ့...”
“ဝုန်း...”
မိုထျန်းရှင်း သည် ဒေါသတကြီးဖြင့် ကြမ်းပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်ရာ ခန်းမဆောင်ကြီး၏ ကြမ်းပြင်တွင် အောက်ခြေမမြင်ရသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့၏။ ထို့နောက် သူသည် ထိုင်ခုံမှ ထကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့၏။
အောက်မှ လူများသည် ဂိုဏ်းချုပ်၏ အမူအရာကို ကြည့်ကာ၊ ဂိုဏ်းချုပ်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားရောက် ဂါရဝပြုဖို့ စဉ်းစားနေပြီဟု ထင်မှတ်လိုက်ကြသည်။
ထို့ကြောင့် လီရှင်းရွှမ် က ထပ်မံ လျှောက်တင်လိုက်သည်။
“ဂိုဏ်းချုပ်... အခုသွားရင် မနောက်ကျသေးပါဘူး... ပြောရရင် ကျွန်တော်တို့က နောက်ဆုံးမှ သွားတာဆိုတော့ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်...”
ခန်းမဆောင် ဘေးဘက်ရှိ လူအချို့ကလည်း လီရှင်းရွှမ်၏ စကားကို ထောက်ခံကြသည်။
အခြား ဂိုဏ်း (၄) ဂိုဏ်းက နင်ချီကို ဦးညွတ်လိုက်ခြင်းသည် သိက္ခာကျစရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သူတို့သည် အရူးများ မဟုတ်ကြပေ။
တကယ်လို့ နင်ချီကသာ အသေးအဖွဲ ကောင်လေး ဖြစ်နေလျှင် သူတို့ ဘာကိစ္စ ဒီလောက် လွယ်လွယ် အရှုံးပေးကြမည်နည်း။
အထူးသဖြင့် နောက်ဆုံးအချိန်အထိ တောင့်ခံထားသည့် အဆုံးမဲ့ဂိုဏ်း ပင်လျှင် ယခုလို အချိန်မျိုးကျမှ သစ္စာဖောက်သွားခြင်းကို ကြည့်လျှင်၊ သူတို့သည် နင်ချီ၏ အခြေအနေကို သေချာ သုံးသပ်ပြီး နင်ချီ၏ ကြောက်မက်ဖွယ် စွမ်းအားကို ရှင်းရှင်းလင်းလင်း သိမြင်သွား၍သာ ဖြစ်ပေလိမ့်မည်။
ထိုလူများသည် ရင်ထဲတွင် ထိတ်လန့် တုန်လှုပ်လာကြသည်။ ယခုအခါ သူတို့ သွေးမိစ္ဆာဂိုဏ်း တစ်ခုတည်းသာ အထီးကျန်စွာ ကျန်ရစ်တော့၏။ ဆက်ပြီး ခေါင်းမာနေပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
“ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ...”
လူအများက ဝိုင်းဝန်း တိုက်တွန်းကြလေသည်။
မိုထျန်းရှင်း သည် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရာမှ ရပ်တန့်လိုက်သည်။ သူတစ်ပါး၏ အကြံဉာဏ်များကို လျစ်လျူရှုလျက် ရုတ်တရက် အသံကုန် ဟားတိုက် ရယ်လိုက်တော့၏။
“ဟား... ဟား... ဟား... အခုတော့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဆန့်ကျင်နေတာ ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်း တစ်ခုတည်း ရှိတော့တယ်... ဒါက ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်း တောက်ပလာမယ့် အချိန်ပဲ...”
အကြံပေးသူများ အားလုံး ကြောင်အသွားကြသည်။
အခြား အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။ “ဂိုဏ်းချုပ်... ဒါ ဘယ်လို အဓိပ္ပာယ်လဲ ခင်ဗျာ...”
မိုထျန်းရှင်း သည် သူ၏ ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်သည်။
“ယူဟွာ အဆင့်မြင့်ဂိုဏ်းက ပေ့ရွှမ်နယ်မြေကို စိုးမိုးဖို့ လွန်ခဲ့တဲ့ နှစ် (၃၀) လုံးလုံး အကွက်ချ စီစဉ်လာခဲ့တာ... အခုမှ အသီးအပွင့် ခူးစားရတော့မယ့် အချိန်ကျမှ သူတို့ နောက်ဆုတ်သွားပါ့မလား...”
ယူဟွာ အဆင့်မြင့်ဂိုဏ်း အကြောင်း ပါလာသောအခါ လူတိုင်း အနည်းငယ် စိတ်အေးသွားကြသည်။
တောင်ပိုင်း အစစ်အမှန်နယ်မြေ၏ ထိပ်တန်းဂိုဏ်းကြီး ဖြစ်သည့်အားလျော်စွာ၊ ယူဟွာဂိုဏ်း အတွင်း၌ "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိနေသော ထိပ်သီး မဟာစွမ်းအားရှင်ကြီးများ တစ်ပါးမက ရှိနေသည် မဟုတ်ပါလား။
“အခြား ဂိုဏ်း (၄) ဂိုဏ်းလုံးက နင်ချီကို ဦးညွတ်သွားကြပြီ... ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်း တစ်ခုတည်းပဲ ခေါင်းမငုံ့ဘဲ ကျန်တော့တယ်... ဒီလိုအခြေအနေမှာ ယူဟွာ အဆင့်မြင့်ဂိုဏ်းက ကျုပ်တို့ကို အပြည့်အဝ မကူညီဘဲ နေမလား...”
“နင်ချီက တစ်ယောက်တည်း... ဒါပေမဲ့ ယူဟွာ အဆင့်မြင့်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အများကြီး ပိုနက်ရှိုင်းတယ်... နင်ချီ ကျုပ်တို့ဂိုဏ်းကို လာတိုက်ရင်တောင်၊ ကျုပ်တို့ရဲ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းက ယူဟွာဂိုဏ်းက လူတွေ ရောက်လာတဲ့အထိ တောင့်ခံထားနိုင်တယ်...”
“အဲဒီအချိန်ကျရင် အကန့်အသတ်မဲ့ ဓားဂိုဏ်း ပျက်စီးသွားပြီး... ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်းက အမြင့်ဆုံးကို တက်လှမ်းနိုင်လိမ့်မယ်...”
ထိုသို့၊ မိုထျန်းရှင်း သည် လူအုပ်ကြီးကို စိတ်ဓာတ်ခွန်အား ပေးလိုက်လေသည်။
လီရှင်းရွှမ် နှင့် အခြားလူများကမူ မျက်မှောင်ကြုတ်နေကြသည်။ ကိစ္စရပ်များသည် မိုထျန်းရှင်း ပြောသလောက် ရိုးရှင်းမည်ဟု သူတို့ မထင်ကြပေ။
သို့သော် ဒီအခြေအနေ ရောက်မှတော့ သူတို့ ဘာမှ ထပ်ပြော၍ မရတော့။
ဂိုဏ်းသား အများစုက သူတို့စကားထက် ဂိုဏ်းချုပ်၏ စကားကို ပိုမို ယုံကြည်နေကြသည်မှာ ထင်ရှားနေ၏။
...
နင်ချီ သည် လွန်ခဲ့သော နှစ် (၃၀) အတွင်း အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အကျိုးစီးပွားများကို ထိပါးခဲ့သော ဂိုဏ်းများကို လာရောက် တောင်းပန်ရန် (၁) လ အချိန် ပေးခဲ့သည်။
ထို့ကြောင့် တစ်လလုံးလုံး ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းအားလုံး၏ အာရုံသည် ဤကိစ္စပေါ်တွင်သာ ရောက်နေခဲ့သည်။ တောင်ပိုင်း အစစ်အမှန်နယ်မြေ ကပင် စောင့်ကြည့်နေကြသည်။
နင်ချီ ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ပြီးနောက်၊ မည်သည့်ဂိုဏ်းမဆို အမိန့်မနာခံပါက၊ ထိုဂိုဏ်းသည် နင်ချီ၏ ပထမဆုံး သားကောင် ဖြစ်လာပေလိမ့်မည်။
ယခု တစ်လ ပြည့်သွားခဲ့ပြီပင်။ ဂိုဏ်းကြီး (၅) ဂိုဏ်းအနက် (၄) ဂိုဏ်းက ဒူးထောက်သွားခဲ့ပြီး၊ သွေးမိစ္ဆာဂိုဏ်း တစ်ခုတည်းသာ ထူးထူးခြားခြား "ခေါင်းမာ" နေခဲ့သည်။
အခြားဂိုဏ်းများက မည်သို့ပင် တွေးကြစေကာမူ၊ ဆဲရေးသည်ဖြစ်စေ၊ လေးစားသည်ဖြစ်စေ၊ သူတို့အားလုံး လုပ်ဆောင်သည့် အရာမှာ တူညီကြသည်။
သူတို့သည် အကြီးအကဲများနှင့် အစစ်အမှန် အမွေခံများကို ကုလားထိုင်များ ပေးလျက် သွေးမိစ္ဆာဂိုဏ်း၏ အပြင်ဘက်သို့ စေလွှတ်လိုက်ကြသည်။ နင်ချီ၏ "ပေါင်းစည်းခြင်း နယ်ပယ်" ပထမဆုံး တိုက်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်လိုကြ၍ ဖြစ်၏။
သူတို့သည် တစ်ရက်ကြို၍ပင် နေရာယူ ပြင်ဆင်ထားကြသေးသည်။
သွေးမိစ္ဆာဂိုဏ်းက နောက်ဆုံးအထိ ခုခံမလား ဆိုသည်ကို သိချင်ကြသလို၊ အခြေအနေကို အတည်ပြုပြီးသည်နှင့် မိမိတို့ဂိုဏ်းကို ချက်ချင်း သတင်းပို့ရန်လည်း ဖြစ်၏။
ထို့ကြောင့် နင်ချီ သွေးမိစ္ဆာဂိုဏ်းသို့ မရောက်လာသေးသော်လည်း၊ အခြားဂိုဏ်းများမှ လူများသည် သွေးမိစ္ဆာဂိုဏ်း အပြင်ဘက်တွင် ကြိတ်ကြိတ်တိုး စည်ကားနေကြပြီ ဖြစ်၏။
သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း လည်ပတ်နေသဖြင့် အပြင်လူများက အတွင်းကို မမြင်ရသော်လည်း၊ သွေးမိစ္ဆာဂိုဏ်းကမူ အပြင်ဘက်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
လီရှင်းရွှမ် သည် ဂိုဏ်းတံခါးဝ အောက်ခြေသို့ ရောက်လာပြီး အပြင်ဘက်သို့ မော့ကြည့်လိုက်ရာ... သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေတော့၏။
အခန်း (၆၃၃) - ပေါက်ကွဲသွားသော ဘိုးဘေးကြီး (အပိုင်း ၂)
~ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းအများအပြားသည် သွေးမိစ္ဆာဂိုဏ်း၏ အပြင်ဘက်သို့ လာရောက်ပြီး စောင့်ကြည့်နေကြသည်။ ဤအခြေအနေက အနည်းငယ်တော့ ထူးဆန်းနေ၏။
ဂိုဏ်းကြီး နှစ်ဂိုဏ်း တိုက်ခိုက်ကြလျှင် ကြားညပ်ပြီး မြေစာပင် ဖြစ်သွားမည်ကို သူတို့ မကြောက်ကြဘူးလော။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး ပြိုလဲသွားပြီးကတည်းက၊ ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းတိုင်းသည် မရိုးဖြောင့်သော ရည်ရွယ်ချက် ကိုယ်စီ ရှိနေကြသည်။ သူတို့အားလုံးသည် နယ်မြေအရှင်သခင် နေရာကို လုယူချင်နေကြသူများ ဖြစ်၏။
မည်သည့်ဂိုဏ်းမဆို အခြားဂိုဏ်းများကို သတိထား စောင့်ကြည့်နေကြသည်။
သူတို့သည် အခြားဂိုဏ်းများက မိမိတို့ထက် ကျော်တက်သွားပြီး အရှင်သခင် ဖြစ်သွားမည်ကို စိုးရိမ်ကြသည်။ ထို့ပြင် မိမိတို့က စတင် လှုပ်ရှားလိုက်ပါက၊ အခြားဂိုဏ်းများက ကြားဝင်ပြီး အမြတ်ထုတ်သွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။
ထို့ကြောင့် လွန်ခဲ့သော နှစ် (၃၀) လုံးလုံး ဂိုဏ်းအားလုံးသည် အလွန် သတိကြီးစွာ ထားခဲ့ကြသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက အသံတိတ် နေနေခြင်းနှင့် ပြင်ပကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မရှိသောကြောင့်သာ၊ သူတို့သည် ထိုဂိုဏ်းအောက်ရှိ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို တိတ်တဆိတ် ဝါးမျိုနိုင်ခဲ့ကြခြင်း ဖြစ်၏။
ယခုအခါ ဂိုဏ်းအားလုံးက လူလွှတ်ပြီး လာရောက် စောင့်ကြည့်နေကြသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းတို့ တိုက်ခိုက်ကြလျှင်၊ ဘေးလူများ ရှိနေသည့်အတွက် သူတို့ နှစ်ဂိုဏ်းလုံး သတိထားကြလိမ့်မည်ဟု တွေးတောနေကြခြင်းလော။
အကြီးအကဲ လီရှင်းရွှမ် ကမူ ဤအခြေအနေသည် သဘာဝ မကျဟု ခံစားနေရသည်။
ထိုဂိုဏ်းများသည် ဤတိုက်ပွဲတွင် တစ်ဖက်သတ် အနိုင်ရသွားမည်ဟု ထင်နေကြခြင်းလော၊ သို့မဟုတ် သူတို့ ရှိနေခြင်းက အနိုင်ရသူအတွက် ဘာမှ ခြိမ်းခြောက်မှု မရှိနိုင်ဟု ယုံကြည်နေကြခြင်းလော။
မည်သည့် အခြေအနေပင် ဖြစ်ပါစေ... လီရှင်းရွှမ်၏ စိတ်ထဲတွင် အလွန်အမင်း ဂနာမငြိမ် ဖြစ်နေရသည်။
အထူးသဖြင့် နင်ချီထံတွင် ဒူးထောက်သွားခဲ့သော ဂိုဏ်း (၄) ဂိုဏ်းမှ လူများကို မြင်လိုက်ရသောအခါ ပို၍ စိုးရိမ်သွားမိသည်။
ထိုဂိုဏ်း (၄) ဂိုဏ်းမှ လူများသည် အပြင်ဘက်တွင် ရပ်နေကြပြီး အလွန် သက်သောင့်သက်သာ ရှိနေပုံရသည်။ သွေးမိစ္ဆာဂိုဏ်းကို ကြည့်နေသော သူတို့၏ အကြည့်များသည် စဉ်းတီတုံးပေါ် ရောက်နေသော ငါးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်နေ၏။
လီရှင်းရွှမ် သည် သူ့ကဲ့သို့ပင် တွေးတောနေကြသော ဂိုဏ်းသားများကို စုစည်းပြီး ဂိုဏ်းချုပ်၏ ခန်းမဆောင်သို့ သွားကာ နောက်ဆုံးအကြိမ် တိုက်တွန်းရန် ကြိုးစားလိုက်သည်။
“ဂိုဏ်းချုပ်... အပြင်ဘက်က အခြေအနေတွေ သိပ်ဟန်မကျတော့ဘူး...”
“အကြီးအကဲလီ... ခင်ဗျား ဘာလို့ နောက်တစ်ခါ ရောက်လာပြန်တာလဲ... ဒီနေ့ ဒီအချိန် ရောက်နေတာတောင် ခင်ဗျားက ကျွန်တော်တို့ကို ဟိုကောင်စုတ်လေးဆီမှာ သွားပြီး အညံ့ခံခိုင်းချင်နေတုန်းလား...”
မိုထျန်းရှင်း က စိတ်မရှည်သော ဟန်ပန်ဖြင့် နားဖာကလော်လိုက်ပြီး၊ လက်ညှိုးကို ဖူးခနဲ မှုတ်ထုတ်လိုက်သည်။
အခြား အကြီးအကဲများနှင့် အစစ်အမှန် အမွေခံ အများစုကမူ တည်ငြိမ်နေကြဆဲ ဖြစ်၏။
"ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" ရှိနေသည့်အပြင်၊ ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ ထောက်ပံ့မှုလည်း ရှိနေသဖြင့်၊ လီရှင်းရွှမ် ဘာကြောင့် ဒီလောက် ကြောက်နေရသလဲ ဆိုတာ သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။
“အကြီးအကဲလီ... ခင်ဗျား ကြောက်နေရင် သွေးမိစ္ဆာဂိုဏ်းကနေ ထွက်ပြီး ကိုယ့်အသက် လွတ်အောင် ပြေးပါလား... ဂိုဏ်းချုပ်က သဘောတူမယ်လို့ ကျွန်တော် ယုံပါတယ်...”
ဟု အကြီးအကဲ တစ်ယောက်က အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျားတို့ သိပ်ကို ယုံကြည်မှု လွန်ကဲနေကြပြီ... စကားမပြောခင် အပြင်ကို အရင် ထွက်ကြည့်ကြစမ်းပါ...”
ထိုအခါ၊ မိုထျန်းရှင်း က ရုတ်တရက် အေးစက်စွာ ဝင်ပြောလိုက်သည်။
“တော်တော့... အကြီးအကဲလီ... အခုချိန်မှာ စိတ်ဓာတ်ပျက်ပြားအောင် မလုပ်စမ်းနဲ့... ခင်ဗျား လူတွေကို ဆက်ပြီး စိတ်အနှောင့်အယှက် ပေးနေမယ်ဆိုရင်... ကျွန်တော် ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူးနော်...”
လီရှင်းရွှမ် သည် မွေးရာပါ ဝိညာဉ်အာရုံ စူးရှသူ ဖြစ်၏။ ယခုအချိန်တွင် သူ၏ မျက်ခုံးနှစ်ခုကြား၌ တဆတ်ဆတ် လှုပ်နေပြီး၊ အန္တရာယ် ခေါင်းလောင်းသံများ တရစပ် မြည်ဟိန်းနေသကဲ့သို့ ခံစားနေရသည်။
သို့သော် ယခုအခါ သူသည် ပုလင်းထဲ ပိတ်မိနေသော ပုရစ်တစ်ကောင်လို ဖြစ်နေရပြီ။ ပင်လယ်ပြင်အလယ်တွင် လှေတစ်စီးတည်း အတူစီးနေရသူ ဖြစ်နေသဖြင့် ဘာမှ ဆက်ပြောနေ၍ အပိုပင် ဖြစ်တော့မည်။
ရုတ်တရက်... အေးစက်သော အသံတစ်ခု ဂိုဏ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။
“မိုထျန်းရှင်း... ထွက်လာပြီး အသေခံစမ်း...”
မိုထျန်းရှင်း ဒေါသ ပေါက်ကွဲသွားတော့၏။
ဒီအချိန် ဒီနေရာမှာ ဒီလိုစကားမျိုး ဘယ်သူ ပြောရဲမလဲ...။ အကန့်အသတ်မဲ့ ဓားဂိုဏ်းက လူတွေ ရောက်လာတာပဲ ဖြစ်ရမည်။
“ဂိုဏ်းသားအားလုံး... ကျွန်တော်နဲ့ လိုက်ခဲ့ကြ... ဟိုကောင်စုတ်လေး နင်ချီကို သွားကြည့်ရအောင်... တခြားဂိုဏ်းတွေ ဒီလောက် ကြောက်နေရအောင် သူ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ပါနေသလားလို့...”
သွေးမိစ္ဆာဂိုဏ်းသားများသည် လေအလျင်လိုပင် ဂိုဏ်းတံခါးဝဆီသို့ ပျံသန်းသွားကြတော့၏။
ဂိုဏ်းချုပ် အပါအဝင် သွေးမိစ္ဆာဂိုဏ်း တစ်ခုလုံးတွင် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မဟာစွမ်းအားရှင် (၁၅) ယောက်နှင့် အစစ်အမှန် အမွေခံ (၁၀၀) ခန့် ရှိလေသည်။
ဤအင်အားစာရင်းသည် ပေ့ရွှမ်နယ်မြေတွင် ထည့်သွင်းစဉ်းစားလောက်သော အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းဟု ပြောနိုင်၏။
ယခုအချိန် အထိ သူတို့သည် မကြောက်မရွံ့သည့်အပြင်၊ ရက်စက် ကြမ်းကြုတ်သော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေကြသည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်းသာ ကူညီဖို့ ရောက်လာလျှင်၊ ဒီနေ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သေချာပေါက် ဖြိုချပစ်နိုင်မည်ဟု ယုံကြည်နေကြသည်။
မိုထျန်းရှင်း သည် ဂိုဏ်းတံခါးဝသို့ ရောက်လာပြီး အခင်းအကျင်း အတွင်းမှတဆင့် အပြင်ဘက်သို့ စစ်ဆေးလိုက်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူများသည် တောင်တံခါးဝ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် စီတန်း ရပ်နေကြသည်။ ပင်လယ်ထဲ စိုက်ထားသော အပ်ချောင်းများပမာ တည်ငြိမ် ခိုင်ခံ့ပြီး တုန်လှုပ်မည့်ပုံ မပေါ်ချေ။
“ကောင်စုတ်လေး နင်ချီ ဘယ်မှာလဲ...”
မိုထျန်းရှင်း က အေးစက်စွာ မေးလိုက်ပြီး၊ သူ၏ လက်ကို ဝှေ့ယမ်းကာ "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" ကို ဖွင့်လှစ်ပေးလိုက်သဖြင့် အပြင်မှ လူများ သူတို့ကို မြင်တွေ့နိုင်သွားသည်။
စောစောက စိန်ခေါ်လိုက်သော အသံရှင်မှာ ရှေ့ဆုံးမှ ချင်မင်ဟောက် ပင် ဖြစ်၏။
သွေးမိစ္ဆာဂိုဏ်းသားများ ထွက်လာသည်ကို မြင်သောအခါ ချင်မင်ဟောက် က ဆက်ပြောလိုက်သည်။
“မိုထျန်းရှင်း... ဂိုဏ်းချုပ်အစ်ကိုကြီးရဲ့ နာမည်က ခင်ဗျားလို လူ ခေါ်လို့ ရတဲ့ နာမည်လား... အချိန်မီသေးတုန်း အခင်းအကျင်းကို ဖွင့်ပြီး ကျွန်တော်တို့ကို ကြိုဆိုဖို့ အကြံပေးလိုက်မယ်...”
မိုထျန်းရှင်း က ချင်မင်ဟောက် ကို တစ်ချက် ကြည့်လိုက်သည်။
“မင်းက ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့်လေးနဲ့... ငါတို့ဂိုဏ်းရှေ့လာပြီး အော်ဟစ်နေရအောင် ဘာအရည်အချင်း ရှိလို့လဲ... မင်းတို့ ဂိုဏ်းချုပ် နင်ချီကို ထွက်လာခိုင်းစမ်း...”
နင်ချီ ကမူ ချင်မင်ဟောက် နှင့် မလှမ်းမကမ်းတွင် ရပ်နေ၏။
မိုထျန်းရှင်း ၏ စကားများတွင် မောက်မာမှုများ ပါဝင်နေသော်လည်း နင်ချီကမူ သွေးမိစ္ဆာဂိုဏ်းသားများကို ဂရုမစိုက်သော မျက်လုံးများဖြင့်သာ ကြည့်နေသည်။
လူသေ တစ်ယောက်ကို ဘယ်သူက ဒေါသထွက်နေမှာလဲ...။
ချင်မင်ဟောက် က နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောသည်။
“ဟုတ်တယ်... ကျွန်တော်က ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့် ဆိုတာ မှန်တယ်... ဒါပေမဲ့ ကျွန်တော်က မူလဝိညာဉ် နယ်ပယ် ကနေ ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့် ရောက်ဖို့ နှစ် (၆၀) ပဲ ကြာခဲ့တယ်... ဒီလောက်ဆိုရင်ရော အရည်အချင်း မရှိဘူးလား...”
သူ့စကား ဆုံးသွားသည်နှင့် တပြိုင်နက် ရှိနေသူ အားလုံး မှင်သက်သွားကြတော့၏။
“ဘာ... မူလဝိညာဉ် နယ်ပယ် ကနေ ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့် ရောက်ဖို့ နှစ် (၆၀) ပဲ ကြာတယ် ဟုတ်လား... ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ...”
“ဒီလို ပါရမီမျိုးက ငါတို့ဂိုဏ်းရဲ့ ထိပ်တန်း အစစ်အမှန် အမွေခံတွေထက်တောင် ပိုသာနေသေးတယ်...”
“ငါကြားတာတော့ သူက အရင်တုန်းက အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အစစ်အမှန် အမွေခံတွေထဲမှာ အောက်ဆုံးအဆင့်ပဲတဲ့... နင်ချီ နောက်လိုက် ဖြစ်လာပြီးမှ အခုလို အဆင့်အတန်း ရလာတာလို့ ပြောကြတယ်...”
“တကယ်လားဟ...”
ချင်မင်ဟောက် က မိုထျန်းရှင်း ကို စိုက်ကြည့်လိုက်သည်။
“ ထွက်လာခဲ့လေ မိုထျန်းရှင်း... ဂိုဏ်းချုပ်အစ်ကိုကြီးကို ခွင့်တောင်းပြီး ကျွန်တော်နဲ့ ခင်ဗျား တစ်ယောက်ချင်း လက်ရည်ယှဉ်မယ်... လက်ခံရဲလား...”
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကတော့ ထိုစကားကို ကြားသော်လည်း မျက်နှာ အမူအရာ မပြောင်းလဲသွားကြပေ။
သို့သော် ဘေးမှ ကြည့်နေကြသော အခြားဂိုဏ်းမှ လူများကမူ မျက်နှာပျက်ကုန်ကြသည်။
ချင်မင်ဟောက် သည် မောက်မာလွန်းသည်ဟု ရှုံ့ချလိုက်မိကြ၏။
ဘာပဲပြောပြော သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် မိုထျန်းရှင်း သည် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" ရောက်နေသူ ဖြစ်ပြီး၊ ချင်မင်ဟောက် မှာ အလယ်အလတ်အဆင့် သာ ရှိသေး၏။
အားနည်းသူက အားကြီးသူကို အနိုင်ယူသည့် ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်မျိုး မလုပ်ပြနိုင်လျှင်တောင်၊ မိုထျန်းရှင်း လက်ထဲတွင် အသက်ရှင်အောင် နေနိုင်ရုံဖြင့်တင် သူ့ကို လေးစားရပေမည်။
သို့သော် ယခုအချိန်တွင် မည်သူမျှ ထုတ်မပြောရဲကြပေ။ ချင်မင်ဟောက် က ရန်စသည့် နည်းဗျူဟာ သုံးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးနေကြသည်။
မိုထျန်းရှင်း မှာ သတ္တိရှိရှိ လက်ခံရဲမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမည်။
ထိုစကားကို ကြားလိုက်ရသောအခါ မိုထျန်းရှင်း၏ သွေးနီရောင် မျက်ခုံးမွှေး ထူထူကြီးများ တွန့်ချိုးသွားတော့၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ယခုမျိုးဆက် တပည့်များသည် ပါရမီ အလွန် ထူးချွန်ကြကြောင်း၊ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" မှ ပြန်လာရာတွင် တစ်ယောက်မျှ မသေဆုံးဘဲ ပြန်ရောက်လာကြကြောင်း သူ ကြားဖူးထားသည်။
ထို လျှို့ဝှက်နယ်မြေ ဆိုသည်မှာ အသားကြိတ်စက် တစ်ခုလို ကြမ်းတမ်းပြီး၊ ဟင်းလင်းပြင် လမ်းစဉ် မဟာစွမ်းအားရှင်များပင် ဝင်ရောက်နိုင်သည့် နေရာမျိုး ဖြစ်၏။
အခြား ထိပ်တန်း ဂိုဏ်းကြီးများမှ ပါရမီရှင် အမွေခံများစွာ သေဆုံးခဲ့ရသည့် နေရာမျိုးတွင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းက သူတို့ မည်မျှ ကြောက်စရာ ကောင်းကြောင်း သက်သေပြနေသည် မဟုတ်ပါလော။