အခန်း (၂၅၉)
Vol. 24 Ch. 259
📝အပိုင်း - ၂၅၉
ဘာသာပြန် - Na Gar🐉
"အရှင်မင်းကြီး... ဒါဟာ ကျွန်တော်မျိုးရဲ့ ဗျူဟာမဟုတ်ပါဘူး။ ရှက်ရှက်နဲ့ ဝန်ခံရရင် မင်ပြည်နယ်မှာ စစ်ပွဲဖြစ်ပွားပြီးကတည်းက ကျွန်တော်မျိုးနဲ့ ချန်ဆန်းရှီ ကြားမှာ ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူး"
ဖန်ချင်းယွမ်က ဆက်ပြီး"ဒါတွေအားလုံးဟာ သူကိုယ်တိုင် အခြေအနေအပေါ် မူတည်ပြီး လိုက်လျောညီထွေ ဆုံးဖြတ်ခဲ့တာတွေပဲ ဖြစ်ပါလိမ့်
မယ်"
သူသည် မြေပုံပေါ်ရှိ အနီရောင်ဖြင့် ဆွဲထားသော စစ်ချီလမ်းကြောင်းကို ကြည့်ရင်း မိမိကိုယ်တိုင် ပြန်ရောက်သည့်အခါတွင်ပင် သေချာလေ့လာပြီး မှတ်တမ်းတင်ရမည်ဟု တွေးကာ ရင်လေးနေမိသည်။ ဤစစ်ပွဲတွင် သူကိုယ်တိုင်သာ ဦးဆောင်ခဲ့လျှင်ပင် ဤကဲ့သို့သော အောင်မြင်မှုမျိုး ရရှိရန် မဖြစ်နိုင်ဘဲ အလွန်ဆုံးမှ မိမိအသက်ကို ကာကွယ်နိုင်ရုံသာ ရှိပေလိမ့်မည်။
"ဟုန်ကျီမြစ်ကို လေးကြိမ်ဖြတ်ကျော်ခြင်း"
ဤစကားလုံးများသည် နောင်နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီသည့်တိုင်အောင် စစ်ပညာသင်ယူသူများ လေ့လာကြည်ညိုရမည့် စစ်သမိုင်းမှတ်တမ်းများတွင် သေချာပေါက် ပါဝင်လာတော့မည်ဖြစ်သည်။
သူက အသက် ၁၈ နှစ်ပဲ ရှိသေးတာလေ။
သမိုင်းတစ်လျှောက်မှာ အသက် ၁၈ နှစ်နဲ့ ဒီလောက် ကျော်ကြားတဲ့ စစ်သူကြီး ဘယ်နှစ်ယောက်ရှိလို့လဲ။
"အခြေအနေအပေါ် မူတည်ပြီး လိုက်လျောညီထွေ ဆုံးဖြတ်တာ ဟုတ်လား"
နန်းတွင်းအရာရှိများမှာမူ ဤအောင်မြင်မှုများသည် ဖီးနစ်နှင့် မသက်ဆိုင်ဘဲ ချန်ဆန်းရှီ၏ ကိုယ်ပိုင်အရည်အချင်းသက်သက်ဖြစ်ကြောင်း ကြားရသောအခါ ပို၍ပင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
"နတ်စစ်သူကြီးပဲ"
"ကောင်းကင်က ပေးသနားလိုက်တဲ့ နတ်စစ်သူကြီးပဲ"
အရာရှိများအားလုံး ဦးညွှတ်လိုက်ကြသည်။
"အရှင်မင်းကြီးအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ် ဘုရား"
"အင်း... ကောင်းပြီ"
ခံစားချက်ကို ခဲယဉ်းစွာ ထိန်းချုပ်လေ့ရှိသော ဧကရာဇ် လုံချင်သည်ပင် သူ၏မျက်လုံးထဲမှ ဝမ်းသာရိပ်ကို မဖုံးကွယ်နိုင်တော့ဘဲ လက်ကို ဝေ့ယမ်းကာ "သူ့ကို ဆုလာဘ် ပေးရမယ်၊ ငါ သူ့ကို အကြီးအကျယ် ဆုချချင်တယ်။ ဒီလိုလုပ်မယ်... မင်ပြည်နယ် အခြေအနေ လုံးဝတည်ငြိမ်သွားတာနဲ့ သူ့ကို မြို့တော်ဆီ ခေါ်လိုက်ကြ အဲဒီ အသက် ၁၈ နှစ်အရွယ် စစ်သူကြီးကို ငါကိုယ်တိုင် တွေ့ချင်တယ်"
ဖန်ချင်းယွမ်က တုံ့ဆိုင်းစွာဖြင့် "အရှင်မင်းကြီး... ဒါက..."
"ဘာလဲ မသင့်တော်တာ ရှိလို့လား"
ဧကရာဇ် လုံချင်က ကျီစယ်လိုက်သည် "ဖန်အမတ်မင်းက ငါက မင်းရဲ့ တပ်စခန်းရှစ်ခုက လူကို လုယူသွားမှာ ကြောက်နေတာလား"
"အရှင်မင်းကြီးရဲ့ စကားကြောင့် ကျွန်တော်မျိုး တုန်လှုပ်ချောက်ချားရပါတယ် ဘုရား"
ဖန်ချင်းယွမ်က ရှင်းပြသည် "တပ်စခန်းရှစ်ခုပဲဖြစ်ဖြစ်၊ တစ်လောကလုံးပဲဖြစ်ဖြစ် အားလုံးက အရှင်မင်းကြီးရဲ့ လက်အောက်ခံတွေချည်းပါပဲ။ ဘယ်သူ့ကိုမှ လုယူတယ်ဆိုတာ မရှိပါဘူး"
"ကြည့်စမ်း... မင်းကတော့ ကြောက်သွားပြန်ပြီ၊ ငါ စတာပါ"
ဧကရာဇ် လုံချင်က နဂါးပလ္လင်ပေါ်တွင် မှီထိုင်လိုက်ရင်း "ဒါဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။ စစ်ပွဲပြီးရင် ကျန်တဲ့သူတွေကိုတော့ သင့်တော်သလို ဆုချလိုက်ကြ။ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ် ချန်ဆန်းရှီ အတွက်ကတော့ သူ မြို့တော်ကို ရောက်လာတဲ့အထိ စောင့်မယ်။ အဲဒီအတောအတွင်းမှာ သူ့ကို ဘယ်လိုဆုမျိုး ပေးရမလဲဆိုတာ ငါ စဉ်းစားထားလိုက်ဦးမယ်"
"အရှင်မင်းကြီးဟာ အမြော်အမြင် ကြီးမားလှပါတယ် ဘုရား"
ဖန်ချင်းယွမ်ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူသည် ခန်းမအပြင်ဘက် မြောက်ဘက်ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်မိသည်။
မင်ပြည်နယ်ရဲ့ မငြိမ်မသက်မှုတွေ ပြီးဆုံးသွားပြီ။
လုံချင်၇၃ နှစ်မြောက်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် မင်ပြည်နယ် တောင်ဘက်ပိုင်း ငြိမ်းချမ်းသွားသည်။
ဩဂုတ်လ ၆ ရက်နေ့တွင် ဓားတံခါးချိင့်ဝှမ်းအနီးရှိ ကျုံးဝူရှင်း သည် သူ၏တပ်များကို ရုပ်သိမ်းခဲ့ပြီး တိင်ရှီးခရိုင်အခြေအနေကို ယာယီထိန်းညှိခဲ့သည်။ သူသည် တစ်ဖက်မှ ယန်ပြည်နယ်တပ်များကို ရင်ဆိုင်ရင်း တစ်ဖက်မှလည်း စနစ်တကျ ဆုတ်ခွာခဲ့သည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် လိပ်နက်တပ်စခန်း နှင့် ကျားဖြူတပ်စခန်း တို့သည် မင်ပြည်နယ် အနောက်ဘက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ကျုံးဝူရှင်း၏ တပ်များကို လိုက်လံတိုက်ခိုက်ခဲ့သည်။ အနောက်ချီ စစ်တပ်သည် အင်အား ၈၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရပြီး နက်နဲပုံရိပ်အဆင့်နှစ်ဦး၊ မဟာသွေးကြောအဆင့်၂၀ နှင့် အခြားသူများစွာ အသတ်ခံခဲ့ရသည်။ သူတို့သည် မဟာတံတိုင်း အပြင်ဘက်သို့ ဆုတ်ခွာသွားခဲ့ရပြီး အနောက်ချီနိုင်ငံအတွင်းမှ စစ်ကူများ ရောက်ရှိလာသော်လည်း နောက်ထပ် တိုက်ပွဲနှစ်ပွဲ ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက်တွင်မှ နယ်မြေအနေအထားကို အသုံးပြုကာ ခုခံနိုင်ခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပင်မစစ်တပ်ကြီးသည် မင်ပြည်နယ်အတွင်းရှိ ကျန်ရှိနေသော ပုန်ကန်သူအားလုံးကို ရှင်းလင်းခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်နေ့တွင် မင်ပြည်နယ် တည်ငြိမ်အေးချမ်းသွားခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဧကရာဇ်စစ်တပ်ကြီးသည် မြို့တော်သို့ အောင်ပွဲခံ ပြန်လည်ရောက်ရှိခဲ့ပြီး အခြားတပ်ဖွဲ့များမှာလည်း မိမိတို့၏ မူလစခန်းများသို့ ပြန်ခဲ့ကြသည်။ အရန်တပ်စခန်း လည်း အောင်ပွဲနှင့်အတူ ပြန်လာခဲ့သည်။
"ကျောက်ကြီး... ငါတို့ ဒီကို ဇန်နဝါရီမှာ လာတာလား၊ ဖေဖော်ဝါရီမှာလား"
"ငါလည်း မမှတ်မိတော့ဘူး"
"ဒီစစ်ပွဲက တစ်နှစ်နီးပါး ကြာသွားတာပဲ"
"ဟုတ်တယ်"
"ဒီတစ်ခါတော့ ငါတို့အရှင်က တကယ့်ကို နာမည်ကြီးသွားပြီထင်တယ်"
"ဒါပေါ့... မြို့တော်က စစ်နတ်ဘုရား ကျန်းဆိုတဲ့ တစ်ယောက်တောင် ငါတို့အရှင်ကို သုံးပုံတစ်ပုံလောက် ဦးညွှတ်ပေးရဦးမယ်"
"ထူးဆန်းတာက သူတို့တွေ စစ်ပွဲရလဒ်ကို ကြားရင် ဘာလို့ အဲဒီလောက် အံ့သြနေကြတာလဲ"
"အေးလေ... ငါတို့အရှင်နဲ့ဆိုရင် စစ်နိုင်တာက ပုံမှန်ပဲ မဟုတ်ဘူးလား"
လျန်ကျိုးသို့ ပြန်သည့် လမ်းခရီးတွင်...
ကျန်သည့်သူများက ဟုန်ကျီမြစ်ကို လေးကြိမ်ဖြတ်ကျော်သည့်အကြောင်းကို ဆွေးနွေးနေကြသော်လည်း ပိုယန်မှ ညီအစ်ကိုများမှာမူ ထူးထူးခြားခြား တည်ငြိမ်နေကြပြီး မိမိတို့ကိုယ်မိမိ အသုံးမကျလှဟုသာ ရှက်ရွံ့နေကြသည်။
"ညီအစ်ကိုတို့... ပြန်ရောက်ရင် ပိုပြီး ကြိုးစားပြီး လေ့ကျင့်ကြရမယ်"
"ဟုတ်တယ်... ငါတို့က အကူအညီ သိပ်မပေးနိုင်ခဲ့ဘူး"
"ဒါနဲ့... သခင်လေးကို တွေ့မိလား"
"ပိုင်ကောက်ခရိုင်ကို သွားတယ်ထင်တယ်"
ပိုင်ကောက်ခရိုင်..
ပျက်စီးနေသော တံတိုင်းအကြွင်းအကျန်များအောက်တွင် မြို့တံခါးဟောင်းကြီးသည် ဆောင်းဦးလေညင်းထဲ၌ တလှုပ်လှုပ်ဖြစ်နေသည်။
ချန်ဆန်းရှီ သည် ရှောင်ရှင်း ကို စီးနင်းကာ မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ မကြာသေးမီကမှ လိပ်နက်တပ်စခန်းနှင့် ကျားဖြူတပ်စခန်းတို့ ဤနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
လမ်းပေါ်ရှိ အလောင်းများအားလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ စစ်တပ်က မီးရှို့ခြင်း သို့မဟုတ် တောင်ပေါ်ရှိ သုသာန်ဟောင်းများထဲသို့ ပစ်ထည့်ခြင်း တစ်ခုခု ပြုလုပ်ခဲ့ပုံရသည်။ ခရိုင်တစ်ခုလုံးမှာ ခြောက်ကပ်နေပြီး မျက်လုံးအစုံမှာ အသက်မဲ့နေသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးနှစ်ဦးသာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ တစ်ခါတစ်ရံ ဖြတ်ပြေးသွားသော ကြွက်များကိုသာ တွေ့ရပြီး စည်ကားခဲ့သော မြို့လေးမှာ ယခုတော့ တစ္ဆေမြို့တော်အလား ဖြစ်နေပေပြီ။
ဤစစ်ပွဲပြီးနောက် အနောက်ချီနိုင်ငံမှာ အကြီးအကျယ် ထိခိုက်သွားခဲ့သဖြင့် နောင်နှစ်ပေါင်းများစွာအထိ ရန်စရဲတော့မည် မဟုတ်ပေ။ သို့သော်လည်း မင်ပြည်နယ်မှာလည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြန်လည်နလန်ထူရန် ၅ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရပေလိမ့်မည်။
ချန်ဆန်းရှီသည် မြင်းဖြူလေးကိုစီးကာ မြို့ထဲတွင် ပတ်ကြည့်နေသော်လည်း နောက်ဆုံးတွင် သူတွေ့ချင်သော ပုံရိပ်ကို မတွေ့ခဲ့ရပေ။ ကံပါမလာခြင်း ဖြစ်နိုင်သည်ဟု တွေးကာ စိတ်မကောင်းစွာဖြင့် မြင်းခေါင်းကို လှည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ဖေဖေ..."
အဲဒီအချိန်မှာပဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ သတ္တိမွေးပြီး ခေါ်လိုက်တဲ့ ကလေးငယ်တစ်ဦးရဲ့ အသံလေး ထွက်ပေါ်လာသည်။
ချန်ဆန်းရှီ နောက်လှည့်ကြည့်လိုက်သည်။
ကျဉ်းမြောင်းတဲ့ လမ်းကြားလေးထဲကနေ ပိန်လှီနွမ်းပါးတဲ့ ပုံရိပ်လေးတစ်ခု ထွက်လာသည်။ သူမဝတ်ထားတဲ့ ဖာထေးရာတွေနဲ့ အင်္ကျီလေးကတော့ အခုဆို စုတ်ပြတ်နေပြီ။ သူမရဲ့ လက်ထဲမှာတော့ တစ်နေရာကနေ ရလာတဲ့ ကြွက်သေတစ်ကောင်ကို ကိုင်ထားပြီး၊ ညစ်ပတ်ပေရေနေတဲ့ မျက်နှာလေးပေါ်မှာတော့ မျက်လုံးအဝိုင်းသားလေးတွေက ကြည်လင်တောက်ပနေပါတယ်။
သူမ ဘယ်လိုများ ဒီအချိန်အထိ အသက်ရှင်အောင် နေခဲ့သလဲဆိုတာ ကောင်းကင်ဘုံပဲ သိပါလိမ့်မယ်။
"မင်း ခုနက..."
ချန်ဆန်းရှီ ကုန်းဆင်းလိုက်ပြီး "ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ"
"ဖေဖေ"
မိန်းကလေးငယ်က အနားကို သိပ်မကပ်ရဲဘဲ ခုနစ်လှမ်း၊ ရှစ်လှမ်းအကွာမှာ ရပ်နေရင်း အလေးအနက် ပြောလိုက်တယ် "ဖေဖေက သမီးကို ပြောဖူးတယ်၊ သူ စကားမပြောနိုင်တော့တဲ့အခါကျရင် အပြင်ထွက်ပြီး ယောက်ျားတွေကို ဖေဖေလို့ခေါ်၊ မိန်းမတွေကို မေမေလို့ခေါ်ပါတဲ့..."
"ကောင်းပြီ"
ချန်ဆန်းရှီက မြင်းပေါ်က ဆင်းပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း သူ့အသံကို တတ်နိုင်သမျှ အနူးညံ့ဆုံးဖြစ်အောင် ကြိုးစားကာ ပြောလိုက်သည် "ဖေဖေ သမီးကို အိမ်ပြန်ခေါ်သွားမယ်"
တိုက်ပွဲတွေ အားလုံးကို ဖြတ်ကျော်ပြီးနောက်မှာတော့...