အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
အခန်း (၂၂၆) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၆)
~စုယွီသည် ဓာတ်ကြီးငါးပါးလုံးကို ကျင့်ကြံနေသူ ဖြစ်သော်လည်း၊ အမှန်စင်စစ်အားဖြင့်မူ ဓာတ်ကြီးငါးပါး လမ်းစဉ်စစ်စစ်ကို လိုက်စားနေသူ မဟုတ်ချေ။
သူ၏ အဓိက အစွမ်းသတ္တိများမှာ မြေနှင့် သစ်သား ချီစွမ်းအားများ၊ ရေခဲနှင့် မီး ချီစွမ်းအားများ ပေါ်တွင်သာ အခြေခံထားဆဲ ဖြစ်သည်။
စုယွီသည် လော့ချန်ယွီ၏ မျက်နှာသွင်ပြင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း စိတ်ထဲမှ အံ့ဩနေမိ၏။
…သူက ကိုယ်ပိုင် ဒန်တျန်ကို စွန့်လွှတ်ပြီး ဓားတာအို လမ်းစဉ်ကို လိုက်စားဖို့ ပြန်လည် ကျင့်ကြံခဲ့တာ... တကယ့်ကို အံ့မခန်း အပြောင်းအလဲပါပဲ... အခုဆိုရင် အခြေခံတည်ဆောက်ခြင်း အဆင့် (၅) ပဲ ရှိသေးတာတောင် ဒီလောက် စွမ်းအားကြီးနေပြီ..
သူမသာ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်အထိ ပြန်ရောက်သွားရင်တော့ဖြင့်...
စုယွီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက်၊ လော့ချန်ယွီ အနေဖြင့် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိရန် ရွှေရောင်လမ်းမကြီးကို လျှောက်လှမ်းနိုင်လိမ့်မည်ဟု သုံးသပ်မိလိုက်သည်။
အချိန်အတန်ကြာသောအခါ...
လော့ချန်ယွီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် အံ့ဩရိပ်များ လုံးဝ မတွေ့ရချေ။
မျက်လုံးဖွင့်လိုက်သည့် ခဏတာအတွင်း စုယွီကိုပင် ကြက်သီးထသွားစေသော စူးရှသည့် ဓားအကြည့်များ ဖြတ်ပြေးသွားသော်လည်း၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအရှိန်အဝါများ အားလုံး ပျောက်ကွယ်သွားတော့သည်။
ယခုအခါ သူမသည် သာမန် အမျိုးသမီးတစ်ဦးကဲ့သို့ ရိုးရှင်းစွာ ရှိနေ၏။ စုယွီပင်လျှင် သူမ၏ အစွမ်းထက်လှသော အရှိန်အဝါ ဖုံးကွယ်ခြင်း နည်းစနစ်ကို အားကျသွားမိရ၏။
နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။
စုယွီတွင် ဒန်တျန် ရှိနေသေးသော်လည်း၊ လော့ချန်ယွီ၏ ဒန်တျန်မှာမူ သူမ၏ အသက်ဝိညာဉ် ဓားတာအို အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမသည် ထိုဓားကို လုံးဝ (လုံးဝ) ထိန်းချုပ်ထားနိုင်တော့သည်။
သူမ၏ ချီစွမ်းအားများကို ဖုံးကွယ်လိုက်သည့်အခါ သူမသည် သက်မဲ့ လက်နက်တစ်ခုကဲ့သို့ ငြိမ်သက်သွားတော့သည်။
စုယွီ ရောက်နေသည်ကို မြင်သော်လည်း လော့ချန်ယွီက မအံ့ဩပေ။ သူမကို စုယွီ စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်းကိုပင် သူမ သိရှိနေ၏။ သူမက အသာအယာ ပြုံးလိုက်ပြီး မေးလိုက်၏။
"နင် ကျင့်ကြံသူ ကောင်မလေးတစ်ယောက်ကို အိမ်ခေါ်လာတယ်လို့ ကြားတယ်"
စုယွီ လန့်သွားပြီး တိတ်ဆိတ်စွာ ပြန်ဖြေလိုက်၏။
"မိတ်ဆွေကျစ်ယန်ကို ပြောတာလား... ဟုတ်ပါတယ်"
"သူက ငါ့နောက်လိုက်ချင်တယ် ပြောလို့လေ... ငါက ငြင်းလိုက်တော့ သူက ငါ့မိသားစုထဲ ဝင်ပါရစေ ဆိုပြီး တောင်းဆိုလာတာနဲ့ လက်ခံလိုက်တာပါ"
လော့ချန်ယွီ၏ မျက်ဝန်းများ တောက်ပသွားပြီး ညင်သာစွာ ပြုံးလျက် ဆိုလိုက်၏။
"ဪ... နောက်လိုက်ချင်တာလား... အဖော်ပြုချင်တာလား... ငါ့အမြင်မှာတော့လေ... နင့်ရဲ့ အရှိန်အဝါတွေက ပိုပြီး နက်ရှိုင်းလာသလို၊ ရုပ်ရည်ကလည်း ပိုချောလာတော့... သူက နင့်အိပ်ရာပေါ် တက်ချင်နေတာလို့ မြင်မိသလိုပဲ"
စုယွီက ခေါင်းခါယမ်းလျက် ငြင်းလိုက်၏။
"ဟာ... မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး...ကျွန်တော့်သိက္ခာတွေ မချပါနဲ့ဗျာ"
ပြောပြောဆိုဆိုနှင့်၊ စုယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း ကျောက်စိမ်းသေတ္တာ (၂) လုံး ဘွားခနဲ ပေါ်လာ၏။ သူ၏ အမိန့်ပေးမှုကြောင့် သေတ္တာများသည် လော့ချန်ယွီ၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားကြ၏။
"ဒါတွေက ဒုတိယတန်းစား ထိပ်တန်း ဝိညာဉ်ဖွင့် ဆေးလုံး တွေနဲ့ အစာရှောင်ဆေးလုံး အချို့ပါ... လက်ခံပေးပါဦး... မိတ်ဆွေလော့"
လော့ချန်ယွီသည် သေတ္တာ (၂) လုံးကို ညင်သာစွာ ယူလိုက်ပြီး စုယွီကို ပြုံးပြကာ ပြောလိုက်၏။
"ဘာမှ မရှိဘူးဆိုတာ ကြားရတာ ဝမ်းသာပါတယ်... ကျင့်ကြံခြင်းလောကမှာ မယားပြိုင်ထားတာက ကိစ္စမရှိပေမယ့်... နင်.. ခယ်အာ့ကိုတော့ ကောင်းကောင်း ဆက်ဆံပါနော်"
"ကဲ... ငါ ဆက်ပြီး ကျင့်ကြံလိုက်ဦးမယ်"
လော့ချန်ယွီသည် စုယွီကို ကြည့်ရင်း ပြုံးနေဆဲပင်။
စုယွီက ပြန်ပြောလိုက်၏။
"ကောင်းပါပြီ... သဘောရှိသာ လုပ်ပါတော့"
သူသည် တီးတိုး ရေရွတ်ရင်း လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့၏။
‘ယွီခယ်အာနဲ့ လော့ချန်ယွီက သူငယ်ချင်းတွေ ဖြစ်သွားကြပြီလား။ သူမတို့နှစ်ယောက် ကြားထဲမှာ အရာရာကို တိုင်ပင်ဆွေးနွေးနေကြပုံ ရသည်။
ပြီးတော့ လော့ချန်ယွီက ဒီလိုကိစ္စတွေကို ဂရုစိုက်တတ်လို့လား။’
လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက် စုယွီ ခေတ္တမျှ ရပ်တန့်ကာ စဉ်းစားခန်း ဝင်နေမိ၏။
‘လော့ချန်ယွီရဲ့ လက်ရှိ ကျင့်ကြံမှု တိုးတက်နှုန်းအရ ဆိုရင် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်ကို ရောက်ဖို့ နောက်ထပ် (၅) နှစ်၊ (၆) နှစ်လောက်ပဲ ကြာတော့မှာပဲ။
သူမ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ဘယ်အချိန်များ စတင် ကြိုးစားမလဲ မသိဘူး။’
---
နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့၏။
တစ်နေ့တွင် စုယွီသည် နေလမင်းကျွန်းမှ သူ၏ နန်းတော်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် လီပင်ချန်း အပြေးအလွှား ရောက်ရှိလာ၏။ သူ၏ မျက်နှာထားမှာ လေးနက်နေပြီး လေသံတိုးတိုးဖြင့် တင်ပြလိုက်၏။
"ဆေးလုံး မျှော်စင်သခင်... လီမိသားစုရဲ့ ဆေးပညာရှင် ကိစ္စ ကြားပြီးပြီလား... သူတို့ရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ဘိုးဘေးကြီးက တကယ်ပဲ ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပြီတဲ့"
"ဒါကြောင့်လည်း ဒီရက်ပိုင်း လီမိသားစုက ငြိမ်ကုပ်နေတာကိုး"
"မကြာသေးခင်ကပဲ... လီမိသားစုရဲ့ သမက်ဖြစ်သူ ရှုချန်ချင်းက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီလို့ တရားဝင် ကြေညာလိုက်တယ်ဗျ... ကောလာဟလတွေအရတော့ သူက လီမိသားစုကိုပါ ထိန်းချုပ်လိုက်ပြီလို့ ပြောနေကြတယ်"
"ကြည့်ရတာ... ကောင်းကင်ဆေးလုံးကျွန်း အထက်က ကောင်းကင်ယံနဲ့ ကြာနီကန် မှာ အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ့်ပုံပဲ"
စုယွီ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။
ရှုချန်ချင်းက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားပြီ ဟုတ်လား။ အရှင်သခင် တစ်ပါး ဖြစ်သွားပြီပေါ့။
သူက ကိုယ့်အစွမ်းအစနဲ့ကိုယ် တက်လှမ်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် အခွင့်အလမ်း တစ်ခုခု ရခဲ့တာလား။ ဒါမှမဟုတ် လီမိသားစုမှာ "ရွှေအမြုတေ ဆေးလုံး" ဝှက်ထားတာများ ရှိနေသလား။
မူလက စုယွီသည် လီမိသားစု၏ ဆေးပညာရှင်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် မသတ်မှတ်ခဲ့ပေ။
သို့သော် ယခုအခါ စုယွီ၏ ရင်ထဲတွင် လေးလံသွားသလို ခံစားလိုက်ရသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှိသော လီမိသားစုနှင့် မရှိသော လီမိသားစုသည် ကွာခြားလှပေသည်။ အကယ်၍ လီမိသားစု ဘိုးဘေးကို သတ်ဖြတ်ခဲ့သူမှာ သူဖြစ်ကြောင်း ပေါက်ကြားသွားခဲ့လျှင်...
စုယွီ မျက်ခုံးကြုတ်လိုက်မိသည်။ ခဏမျှ စဉ်းစားပြီးနောက် စိတ်ထဲမှ တွေးလိုက်၏။
'''အခြေအနေအရ ဆိုရင်တော့... ပျံသန်းရေး လှေပျံကို အတတ်နိုင်ဆုံး မသုံးတာ အကောင်းဆုံးပဲ... လီမိသားစုက လူတွေ မှတ်မိနေရင် ဒုက္ခရောက်လိမ့်မယ်'''
သူ လှေပျံကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်သော်လည်း၊ တာအိုဆရာ ရှုယွီ၏ လှေပျံနှင့် ပုံစံရော အတွင်းပိုင်း အပြင်အဆင်ပါ တူညီနေသည်ကို တွေ့ရသည်။
ဆိုလိုသည်မှာ ဤလှေပျံသည် စံသတ်မှတ်ချက်မီ မှော်လက်နက် တစ်ခု ဖြစ်သဖြင့် မှတ်မိရန် ခဲယဉ်းပေလိမ့်မည်။
သို့သော် ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုလိုနိုင်ပေ။
ထို့ပြင် လီမိသားစု ဘိုးဘေးထံမှ ရရှိထားသော အခြား မှော်လက်နက်များကိုလည်း လောလောဆယ် သတိထားပြီး ကိုင်တွယ်တာ ပိုကောင်းလိမ့်မည်။
လီပင်ချန်းက လီမိသားစု အကြောင်းများကို ဆက်လက် ပြောပြနေစဉ်၊ စုယွီက သူ့ကို တန်ဆောင်း တစ်ခုသို့ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်၏။ ထို့နောက် လက်ဖက်ရည် စတင် ကျိုချက်ရင်း ပြောလိုက်၏။
"ကဲ... လက်ဖက်ရည်သောက်ရင်း ပြောကြတာပေါ့ဗျာ"
လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် လီပင်ချန်းက ချီးကျူးလိုက်၏။
"ဆေးလုံး မျှော်စင်သခင်ရဲ့ ဝိညာဉ်လက်ဖက်ရည်က တကယ့်ကို ထူးခြားတာပဲဗျာ"
ထို့နောက် လီပင်ချန်းက ဆက်ပြော၏။
"ဟို ရှုချန်ချင်းလေ... ဪ... အခုတော့ သူ့ကို 'အရှင်သခင် ချန်ချင်း' လို့ ခေါ်နေကြပြီ... သူ့ရဲ့ ဆုံးဖြတ်ချက်က တော်တော် ပြတ်သားတယ်ဗျ"
"ကြားတာတော့... မကြာခင်ကပဲ ခိုင်ယန် နန်းတော်က အမြုတေ တဝက် အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ချင်မိသားစု၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က လူတွေ အပါအဝင် တခြား အင်အားစုတွေက ကြာနီကန်ကို သွားပြီး လီမိသားစုရဲ့ အခြေအနေကို အကဲခတ်ခဲ့ကြသတဲ့"
"ဒါပေမဲ့ သူတို့ အံ့အားသင့်သွားကြရတယ်... ချန်ချင်းက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်နှင့်နေပြီကိုး... ဒါနဲ့ တခြားသူတွေလည်း လန့်သွားပြီး အကဲခတ်မယ့်အစား ဂုဏ်ပြုစကား ဆိုပြီး လက်ဆောင်တွေ ပုံပေးပြီး.. ပြန်ခဲ့ရတယ်တဲ့ဗျာ"
"ကောလာဟလတွေအရတော့... နောက်တစ်နှစ်လောက် နေရင် အရှင်သခင် ချန်ချင်းက ကောင်းကင်ဆေးလုံးကျွန်းမှာ ဧည့်ခံပွဲကြီး ကျင်းပပြီး တာ့ယွဲ့ စီရင်စု တစ်ခုလုံးက ကျင့်ကြံသူတွေကို ဖိတ်ကြားမယ်တဲ့"
"အဲဒီအချိန်ကျရင်တော့... အဲဒီနေရာက တော်တော်လေး စည်ကားတော့မှာပဲ”
အခန်း (၂၂၇) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၇)
~စုယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း၊ ခိုင်ယန် နန်းတော် ကဲ့သို့သော အင်အားစုများ၏ တုံ့ပြန်မှုအပေါ် သူ မအံ့ဩမိပေ။
အကယ်၍ ရှုချန်ချင်းသာ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင်၊ မကြာမီမှာပင် လီမိသားစု ပြိုကွဲသွားနိုင်ပေသည်။ ကြာနီကန် ကဲ့သို့သော ကောင်းကင်ဘုံမြေနေရာကို လက်လွှတ်လိုက်ရခြင်းက အသေးအဖွဲ ကိစ္စမျှသာ ဖြစ်သွားနိုင်သည်။
အဆိုးဆုံး အခြေအနေတွင် လီမိသားစုတစ်ခုလုံး မျိုးပြုန်းသွားသည်အထိပင် ဖြစ်နိုင်ပေသည်။ စုယွီ အနေဖြင့် လီမိသားစု လုံးဝ ပြိုလဲသွားမည့် အခြေအနေကို အမှန်တကယ် လိုလားခဲ့ခြင်း ဖြစ်သော်လည်း...
ကံမကောင်းစွာဖြင့် လီမိသားစု၏ ကံတရား မကုန်သေးဟု ဆိုရပေမည်။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သူတို့၏ အသုံးမကျသော သမက်က အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး၊ မိသားစုကို ဒုက္ခတွင်းမှ ဆွဲတင်ပေးလိုက်၏။
စုယွီ ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
"ယွင်ကျန်းဂိုဏ်းက ဟိုလူရော... ဘာသတင်း ထူးသေးလဲ"
လီပင်ချန်း အနည်းငယ် ကြောင်သွားပြီးမှ ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်၏။
"မထူးပါဘူး ဆေးလုံး မျှော်စင်သခင်... ယွင်ကျန်းဂိုဏ်းက ဒီရက်ပိုင်း အရမ်း ငြိမ်နေတယ်... သူတို့ တပည့်တွေတောင် အပြင်ထွက် ကျင့်ကြံတာ သိပ်မတွေ့ရဘူး"
ထို့နောက် ယွင်ကျန်းဂိုဏ်း နယ်မြေအကြောင်း ဆက်ပြောလိုက်၏။
"နောက်ပြီး ဟွမ်မိသားစုလေ... အရင်တုန်းက သူတို့ရဲ့ ပထမ၊ ဒုတိယနဲ့ တတိယ အကြီးအကဲတွေ လျှို့ဝှက်ဆန်းကြယ်စွာ အသတ်ခံလိုက်ရပြီးကတည်းက၊ ကွမ်လန်တောင်ကို အခုထိ ပိတ်ထားတုန်းပဲ"
"ဒါပေမဲ့ ယွီမိသားစုနဲ့ ကျန်းမိသားစုကြားမှာတော့ အခုတလော ပဋိပက္ခတွေ ဖြစ်နေတယ်ဗျ"
"ဟေ... ဟုတ်လား"
စုယွီ မျက်ခုံးပင့်လိုက်မိသည်။
"ယွီမိသားစုနဲ့ ကျန်းမိသားစု ရန်ဖြစ်နေကြတယ် ဟုတ်လား... ဘာဖြစ်ကြတာလဲ"
ထိုသို့ မေးမြန်းလာသောအခါ၊ လီပင်ချန်းက ရှင်းပြလိုက်၏။
"အရင်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ် အပျက်အစီး နေရာမှာ ကျန်းမိသားစုက ဝိညာဉ်သွေးကြော တစ်ခု ရထားတယ်လေ... ဟွမ်မိသားစုကလည်း အဲဒီနားမှာ ဝါးတော တစ်ခု ရထားခဲ့တာ... အခု ယွီမိသားစုက လှုပ်ရှားပြီး အဲဒီ နှစ်နေရာလုံးကို သိမ်းပိုက်လိုက်တယ်တဲ့"
"ဒါနဲ့ ကျန်းမိသားစုက ဒေါသထွက်ပြီး ရုပ်သေးသားရဲတွေနဲ့ ယွီမိသားစုကို စစ်ကြေညာလိုက်တာပေါ့... ဒါပေမဲ့ ယွီမိသားစုရဲ့ အင်အားက ဒီရက်ပိုင်း သိသိသာသာ တိုးတက်လာတယ်ဗျ... အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေ အများကြီး ထပ်တိုးလာသလို၊ ဒုတိယအဆင့် သားရဲထိန်းကျောင်းသူ တွေလည်း ရှိနေတယ်"
"အဲဒါအပြင် သူတို့လက်ထဲမှာ အဆောင်လက်နက်တွေကလည်း အများကြီး ရှိနေတော့... ကျန်းမိသားစုဘက်က အကြီးအကျယ် ရှုံးနိမ့်ပြီး ဆုတ်ခွာသွားရတယ်... ကြားတာတော့ အခြေခံတည်ဆောက်ခြင်း အဆင့် (၃) ယောက်နဲ့ ကျင့်ကြံသူ (၁၀၀) နီးပါးလောက် ကျဆုံးသွားတယ်တဲ့"
"သူတို့ရဲ့ ရုပ်သေးသားရဲ တော်တော်များများကိုလည်း ယွီမိသားစုက ဖျက်ဆီးတာတို့၊ သိမ်းပိုက်တာတို့ လုပ်လိုက်တယ် ဆိုပဲ... ကျန်းမိသားစု အထိနာသွားတာပေါ့"
"ဒီကိစ္စပြီးတာနဲ့ ကျန်းမိသားစုလည်း တံခါးပိတ်ပြီး ပုန်းအောင်းနေရပြီဗျ"
ယွီမိသားစုက ကျန်းမိသားစုကို တံခါးပိတ်သွားအောင် ရိုက်နှက်လိုက်သည်တဲ့လား။
ကြည့်ရတာ ယွီမိသားစုရဲ့ ဘိုးဘေးကြီးတောင် ဝင်ပါစရာ မလိုလိုက်ဘူး ထင်တယ်။
စုယွီ ခါးသီးစွာ ရယ်လိုက်မိသည်။ ကျန်းမိသားစုရော၊ ဟွမ်မိသားစုပါ ဆုတ်ခွာသွားကြပြီ ဆိုတော့... ယွင်ကျန်းဂိုဏ်း နယ်မြေကြီး ရုတ်တရက် ငြိမ်းချမ်းသွားသလို ဖြစ်နေတော့သည်။
သို့သော် ရှုချန်ချင်း အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားသည်ကို ပြန်တွေးမိသောအခါ သူ၏ မျက်ခုံးများ ပြန်လည် တွန့်ချိုးသွားရပြန်သည်။
ယခင်က "ရွေးချယ်ခံရသူများ စုဝေးပွဲ"ကို တက်ရောက်ခဲ့ကြသူများထဲတွင်၊ အချို့မှာ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးများကြား၌ ထာဝရ ကျန်ရစ်ခဲ့ကြရသည်။
သို့သော် ပြန်လာနိုင်သူ အများစုမှာ အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြသည်။
ဥပမာ - စုဇီ ၊ လော့ချန်ယွီ၊ နတ်မိမယ်ဖုန်းလင် စသဖြင့်ပေါ့။
လော့ချန်ယွီနှင့် ဖုန်းလင်တို့ ဆိုလျှင် သေချာပေါက် အခွင့်အရေးကြီးကြီး ရခဲ့ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဒါဆို ကျန်သည့် သူတွေရော။
အခု ရှုချန်ချင်းက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားပြီ ဆိုတော့... နောက်တစ်ယောက်က ဘယ်သူ ဖြစ်လာမလဲ။
စုယွီသည် ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ ခါးသက်သော အရသာက လည်ချောင်းထဲသို့ စီးဝင်သွားပြီးနောက် ချိုမြိန်သော အရသာအဖြစ် ပြောင်းလဲကာ နှလုံးသားထဲထိ စိမ့်ဝင်သွား၏။
သူ တိတ်ဆိတ်စွာ တွေးတောလိုက်မိ၏။
'''တာ့ယွဲ့ စီရင်စုကြီးမှာ မကြာခင် မုန်တိုင်းတွေ ထန်တော့မယ် ထင်တယ်'''
တာ့ယွဲ့ စီရင်စု၏ အရင်းအမြစ် စုစုပေါင်းက အကန့်အသတ် ရှိသည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် အသစ်တစ်ပါး ပေါ်ထွက်လာတိုင်း၊ သူတို့ ဆက်လက် ကျင့်ကြံရန်အတွက် အရင်းအမြစ်များစွာ လိုအပ်လာမည် ဖြစ်သည်။
အကယ်၍ ထိုအရင်းအမြစ်များကို အခြား အင်အားစုများက သိမ်းပိုက်ထားလျှင်ရော ဘာလုပ်ကြမလဲ။
လုယူခြင်းနှင့် တိုက်ခိုက်ခြင်းမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
အပေါ်ယံတွင်တော့ တာ့ယွဲ့ စီရင်စုရှိ အင်အားစု အားလုံးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြသယောင် ရှိသည်။ သူတို့၏ ပါရမီရှင် မျိုးဆက်သစ်များသည်လည်း တွေ့ဆုံကြတိုင်း ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ခင်မင်ရင်းနှီးမှု ပြသကြသည်။ သို့သော် ကန့်လန့်ကာ နောက်ကွယ်တွင်မူ တစ်ယောက်ကိုတစ်ယောက် ကျောကုန်း ဓားနဲ့ထိုးဖို့ အမြဲ အသင့်ပြင်နေကြခြင်း ဖြစ်သည်။
လာမည့် နေ့ရက်များတွင် တာ့ယွဲ့ စီရင်စု၌ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိလာမည့် ပါရမီရှင်များ ပိုမို များပြားလာပေလိမ့်မည်။
ထို့ကြောင့် သူနှင့် စုမိသားစုသည် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေပေပြီ။
အခန်း (၂၂၈) - မျိုးစေ့များ ရှင်သန်ကြီးထွားခြင်းနှင့် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ဖြစ်တည်လာခြင်း
~လအနည်းငယ် ကြာပြီးနောက်၊
အကြီးအကဲ စုတာကျန်းသည် သူ၏ သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွား၏။ (၂) ရက်ခန့် အကြာတွင် မိသားစုဝင်များသည် သူ့အား ဆေးလုံးတောင်ရှိ မိသားစု သင်္ချိုင်းတော်သို့ ပို့ဆောင်ကာ စျာပနအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြ၏။
ဤနှစ်များအတွင်း မိသားစု အကြီးအကဲအချို့ ကွယ်လွန်သွားကြသော်လည်း၊ စုမိသားစု၏ လူဦးရေမှာမူ တရိပ်ရိပ် တိုးပွားလာခဲ့ပေသည်။ မိသားစုခေါင်းဆောင် စုဖုန်းသည် အိမ်ထောင်များများပြု၍ ကလေးများများယူကြရန် အားပေးတိုက်တွန်းခဲ့၏။ ဝိညာဉ်အမြစ်ပါသော ကလေးမွေးဖွားပေးနိုင်သည့် မည်သည့် မိသားစုဝင်ကိုမဆို မိသားစုက ဆုလာဘ်များ ချီးမြှင့်ပေး၏။
အကယ်၍ ကလေးသည် ပါရမီ ထူးကဲပါက ဆုလာဘ်ကို နှစ်ဆတိုးပေး၏။
ရတနာများ၊ ဆေးဝါးများ၊ ကျင့်စဉ်များ၊ မှော်လက်နက်များ၊ အဆောင်များ သို့မဟုတ် ရုပ်သေးသားရဲများ... မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။ မိသားစုအတွက် အကျိုးပြုမှု တန်ဖိုးသတ်မှတ်ချက် ပြည့်မီသည်နှင့် တပြိုင်နက် ဆုလာဘ်ကို ရရှိမည် ဖြစ်သည်။
ရည်မှန်းချက်ကြီးသော သူအချို့ဆိုလျှင် ကလေးမွေးဖွားပေးရုံသက်သက်ဖြင့် မိသားစု မန်နေဂျာ၊ အကြီးအကဲ သို့မဟုတ် ဆွေမျိုးစု အကြီးအကဲ နေရာများကိုပင် ရရှိသွားနိုင်ပေသည်။
ဤနည်းဗျူဟာကြောင့် စုမိသားစုအတွင်းရှိ ကျင့်ကြံသူ အရေအတွက်သည် လွန်ခဲ့သော နှစ်များအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး၊ လက်ရှိတွင် ဝိညာဉ်အမြစ်ပါသော မိသားစုဝင် (၅၀၀) ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
လီပင်ချန်းသည် စုမိသားစုသို့ ရောက်ရှိလာပြီးနောက် ဝိညာဉ်အမြစ်ပါသော ကလေး (၃) ယောက်ကို မွေးဖွားပေးနိုင်ခဲ့၏။
ထိုအထဲမှ တစ်ယောက်သာ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပါသော်လည်း၊ ၎င်းသည် ကောင်းမွန်သော အစပျိုးမှုတစ်ခု ဖြစ်ပေသည်။
အကြီးအကဲ စုတာကျန်း၏ စျာပနပြီးနောက် စုယွီသည် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်၏။
ထိုအချိန်၌ ဘိုးဘေး စုပင်း၊ မိသားစုခေါင်းဆောင် စုဖုန်းနှင့် အခြား လူအချို့သည် ယွီမိသားစုထံသို့ သွားရောက်ကာ ကိစ္စရပ်တစ်ခုကို ဆွေးနွေးခဲ့ကြ၏။ လဝက်ခန့် အကြာတွင် ယွီမိသားစုနှင့် စုမိသားစုတို့ ပူးပေါင်းကာ ဟွမ်မိသားစု၏ အရင်းအမြစ် နယ်မြေအချို့ကို သိမ်းပိုက်လိုက်ကြ၏။
ထိုအထဲမှ စုမိသားစုသည် ပထမအဆင့် ဝိညာဉ်ကြော အရင်းအမြစ် နယ်မြေတစ်ခု၊ ဝိညာဉ်စမ်းရေတွင်း တစ်ခုနှင့် သဘာဝ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော မြေနေရာတစ်ခုတို့ကို ရရှိလိုက်၏။ ထိုမြေနေရာကို ဝိညာဉ်စိုက်ခင်းအဖြစ် ပြုပြင်လိုက်ကြသည်။
ပထမ အရင်းအမြစ် နယ်မြေတွင်လည်း ဝိညာဉ်စိုက်ခင်း တစ်ခု ပါရှိပြီး၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို တူးဖော်နိုင်သလို၊ စုမိသားစုဝင် သာမန်လူများကိုလည်း နေရာချထားပေးနိုင်ပေသည်။
ဝိညာဉ်စမ်းရေတွင်းမှာမူ စုမိသားစု၏ ဆေးဖော်စပ်ခြင်း လုပ်ငန်းအတွက် အလွန် အသုံးဝင်လှသည်။ ယခင်ကတည်းက စမ်းရေသုံးစွဲမှု ပမာဏ များပြားခဲ့သဖြင့်၊ ယခုကဲ့သို့ ကိုယ်ပိုင် စမ်းရေတွင်း ရရှိလိုက်ခြင်းသည် မိသားစု၏ ဆေးဖော်စပ်ရေး လုပ်ငန်းကို များစွာ အထောက်အကူ ပြုစေမည် ဖြစ်သည်။
တတိယမြောက် အရင်းအမြစ် နယ်မြေသည် ဆေးလုံးတောင်နှင့် အနီးဆုံးဖြစ်ပြီး သဘာဝ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသဖြင့် စီမံခန့်ခွဲရ လွယ်ကူကာ အတော်အတန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။ စနစ်တကျ စီမံခန့်ခွဲနိုင်ပါက တစ်နှစ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အမြတ်ငွေ ရရှိနိုင်မည် ဖြစ်သည်။
ဟွမ်မိသားစုသည် ယွီမိသားစုနှင့် စုမိသားစုတို့၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ဒေါသထွက်သလို စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။ သို့သော် နောက်ဆုံးတွင်မူ သူတို့ ဘာမှ မတတ်နိုင်ကြပေ။ ကွမ်လန်တောင် အပြင်ဘက်သို့ပင် ခြေတစ်လှမ်း မချရဲကြတော့ချေ။
ထိုအချိန်မှစ၍ ဟွမ်မိသားစု၏ နယ်မြေသည် သိသိသာသာ ကျုံ့သွားခဲ့ပြီး၊ ကွမ်လန်တောင် အနီးတဝိုက်ရှိ အရင်းအမြစ် နယ်မြေ အနည်းငယ်သာ ကျန်ရှိတော့သည်။
ဤအဖြစ်အပျက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသော်လည်း ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း၌ လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့၏။ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ကျင့်ကြံရေး မိသားစု အများအပြားမှာ ထိတ်လန့်သွားကြ၏။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ ဆက်တိုက်ဆိုသလို တောင်တံခါး ပိတ်လိုက်ရသည်ကို မြင်တွေ့လိုက်ရပြီး၊ ယွင်ကျန်းဂိုဏ်းကလည်း မည်သည့် တုံ့ပြန်မှုမှ မလုပ်သည်ကို တွေ့ရသောအခါ သူတို့၏ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။
ယွီမိသားစုကတော့ ထားလိုက်ပါတော့။ သူတို့က အင်အားကြီးသည်။
ဒါပေမဲ့ စုမိသားစုကရော... ဟွမ်မိသားစုကို လက်ရဲဇက်ရဲ ထိပါးရဲတယ် ဆိုတော့... သူတို့က ခြင်္သေ့နှလုံးသားများ ပိုင်ဆိုင်ထားကြသလား။
သို့သော် နောက်ဆုံး ရလဒ်က လူအများကို အံ့အားသင့်စေခဲ့သည်။ ဟွမ်မိသားစုသည် ပြန်လည် တိုက်ခိုက်ရန် မဆိုထားနှင့်၊ စုမိသားစုကို လက်ဖျားနှင့်ပင် မတို့ရဲကြပေ။
ဤအချက်က ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် အခြား မိသားစုများကို စုမိသားစု၏ အင်အားအပေါ် ပြန်လည် သုံးသပ်စေခဲ့၏။
သို့သော် စုယွီကမူ ဤကိစ္စများကို သတိမထားမိပေ။ သူသည် မိသားစု ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိချေ။
တစ်နှစ် ကြာပြီးနောက်၊
ဆေးလုံးတောင် အောက်ခြေ ပေတစ်ထောင်ကျော် အနက်ရှိ ရေခဲနှင့် မီး ဂူအတွင်း၌ ဖြစ်၏။
"ဟူး... ဟူး... ဟူး"
စုယွီသည် တင်ပလ္လင်ခွေ ထိုင်နေ၏။ ဂူအတွင်းရှိ သိပ်သည်းသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် လေပွေတစ်ခု အသွင်ပြောင်းကာ ဗဟိုချက်ရှိ လူရိပ်ထံသို့ အရူးအမူး တိုးဝင်စီးဆင်းနေကြသည်။
အစပိုင်းတွင် ဂူအတွင်း၌ မြေနှင့် သစ်သား ချီစွမ်းအား အငွေ့အသက်များ ပြည့်နှက်နေသော်လည်း၊ တဖြည်းဖြည်းနှင့် ရေခဲနှင့် မီး စွမ်းအားများက လွှမ်းမိုးလာ၏။
နောက်ဆုံးတွင် စုယွီ၏ အရှိန်အဝါသည် တမုဟုတ်ချင်း ပြောင်းလဲသွားပြီး၊ စိတ်ကူးဖြင့်ပင် ပုံဖော်၍ မရနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ရုတ်တရက်...
ရေခဲနှင့် မီး ဂူအတွင်းရှိ လေထုသည် သေးငယ်သော ဓားသွားများအဖြစ် ဖွဲ့စည်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် ကောင်းသော ဖြတ်တောက်နိုင်စွမ်းက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားရာ၊ ဘေးနားတွင် ကျင့်ကြံနေသော မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် သစ်ပင်ပေါ်တွင် နားနေသော အမွှေးနက် လင်းယုန်တို့ပင် လည်ပင်းကို တွန့်ကာ ကျုံ့ဝင်သွားကြရရှာသည်။
(၆) နာရီ မပြည့်မီ အချိန်အတွင်းမှာပင် စုယွီသည် ယနေ့တာ ကျင့်ကြံခြင်းကို ပြီးမြောက်သွား၏။
"ဟူး"
သူသည် လေပူတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။ ရွှေရောင် အလင်းတန်း တစ်ခုသည် သူ၏ မျက်ဝန်းများထဲမှ ပစ်ခတ်ထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် တောက်ပနေ၏။
သူ၏ ဝိညာဉ်နှင့် ဝိညာဉ်အာရုံ အခြေအနေကို ခံစားကြည့်လိုက်သောအခါ၊ နယ်ပယ်အသစ် တစ်ခုသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားလိုက်ရ၏။
စုယွီ ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ တွေးလိုက်မိသည်။
'''ငါ့ရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်အာရုံက အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တွေရဲ့ အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းလေး တစ်ခုပဲ လိုတော့တာ ဖြစ်မယ်'''
"ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" သည် ရှေးဟောင်း ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်၏ ရတနာများထဲမှ တစ်ခု ဖြစ်ရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။
ဤကျင့်စဉ်ကြောင့်ပင် တာ့ယွဲ့ စီရင်စုရှိ ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများအကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး၊ အမြုတေဖွဲ့စည်းခြင်း အဆင့် မိစ္ဆာကျင့်ကြံသူ (၂) ဦး သေဆုံးခဲ့ရသည် မဟုတ်ပါလော။
ဤကျင့်စဉ်သည် ဝိညာဉ်စွမ်းအားကို အလွန်အမင်း မြှင့်တင်ပေးနိုင်ပေသည်။
ထို့ပြင် အားကောင်းသော ဝိညာဉ်စွမ်းအားဖြင့် ချီစွမ်းအားနှင့် ရုပ်ခန္ဓာကို ပြန်လည် ဖိနှိပ် ထိန်းချုပ်နိုင်၏။
၎င်းသည် သူ၏ ချီနှင့် ရုပ်ခန္ဓာကို သန့်စင်ပေးရုံသာမက၊ ကျင့်ကြံမှုနှုန်းကိုလည်း အဆမတန် မြန်ဆန်စေခဲ့သည်။
ထို့အပြင် ယခုအခါ သူ့တွင် ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ် ရှိနေပြီ ဖြစ်၍၊ ၎င်းကို တိုက်ခိုက်ရေး လက်နက်အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည်။
အကယ်၍ သူ၏ ဝိညာဉ်နှင့် ဝိညာဉ်အာရုံသာ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားပါက၊ အခြေခံတည်ဆောက်ခြင်း အဆင့်တွင် ရှိသော မည်သူကများ သူ၏ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ခံနိုင်ရည် ရှိပါဦးမည်နည်း။
အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်၊ စုယွီသည် သူ၏ ကျွမ်းကျင်မှု မျက်နှာပြင် ကို ကြည့်လိုက်၏။
တာ့ယွဲ့ မှောင်ခိုဈေးမှ ပြန်ရောက်လာသည်မှာ (၂) နှစ်နီးပါး ရှိခဲ့ပြီ။ သစ်သားနှင့် မြေ ကျင့်စဉ်၊ ရေခဲနှင့် မီး ကျင့်စဉ်တို့၏ တိုးတက်မှုမှာ မနှေးကွေးလှပေ။ ကျွမ်းကျင်မှု အဆင့်သည် (၁၀) ရာခိုင်နှုန်း ကျော်မှ (၄၀) ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
"အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်ကို ရောက်ဖို့ နောက်ထပ် (၄) နှစ်၊ (၅) နှစ်လောက်ပဲ လိုတော့တယ်"
ရွှေဓာတ် ဝိညာဉ်အမြစ် ကျင့်စဉ်ဖြစ်သော "ကုန်းကျင်း ကောင်းကင်ဓားသိုင်း" ၏ အဆင့်ကို ကြည့်လိုက်သောအခါ၊ ယခုအခါ ၎င်းသည်လည်း အခြေခံတည်ဆောက်ခြင်း (၅) ဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျွမ်းကျင်မှု အဆင့်မှာ (၂) ရာခိုင်နှုန်း ကျော်သာ ရှိသေးသော်လည်း၊ မြေ၊ သစ်သား၊ ရေနှင့် မီး ဟူသော အခြား ဝိညာဉ်အမြစ် (၄) ခု၏ ကျင့်ကြံမှု အရှိန်အဟုန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်ပေသည်။
"မဆိုးဘူး"
စုယွီ၏ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု သီးဝေလာ၏။