အခန်း (၂၆၃)
Vol. 24 Ch. 263
📝အပိုင်း - ၂၆၃
ဘာသာပြန် - Na Gar🐉
"ဝုန်း——"
သူ ဘာဆက်လုပ်ရမလဲလို့ စဉ်းစားနေတုန်းမှာပဲ သူ့ရင်ဘတ်ထဲမှာ ထည့်ထားတဲ့ နက်နဲပုတီးစေ့ က တစ်စုံတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ တုန်ခါလာပါတယ်။
ဒီနက်နဲပုတီးစေ့ဟာ... အမွှေးတိုင်ချီ တွေကို သိုလှောင်နိုင်စွမ်း ရှိပုံရပါတယ်။
ချန်ဆန်းရှီ က နက်နဲပုတီးစေ့ကို ချက်ချင်း ထုတ်ယူလိုက်ပါတယ်။
တကယ့်ကို ထင်ထားတဲ့အတိုင်းပါပဲ။
ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုရဲ့ ဆွဲငင်မှုကြောင့် အမွှေးတိုင်အိုးထဲမှာ အချိန်အကြာကြီး စုပုံနေခဲ့တဲ့ ခရမ်းရောင်ချီတွေဟာ နက်နဲပုတီးစေ့ထဲကို အကုန်လုံး စီးဝင်သွားပါတယ်။ အဲဒီခရမ်းရောင်ချီတွေဟာ ပုတီးစေ့ထဲမှာ အရင်ကတည်းက ရှိနေတဲ့ အဖြူရောင် နက်နဲတဲ့စွမ်းအားတွေနဲ့ အနှောင့်အယှက်မဖြစ်ဘဲ အတူတူ ယှဉ်တွဲ တည်ရှိနေကြပါတယ်။ ဒါ့အပြင် ဒီပုတီးစေ့မှာ အကာအကွယ်ပေးတဲ့ အစွမ်းလည်း ရှိပုံရပါတယ်၊ အကယ်၍ လက်ထဲမှာ ဆုပ်ကိုင်မထားဘူးဆိုရင် အထဲမှာ ခရမ်းရောင်ချီတွေ ရှိနေတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
"ဒီပုတီးစေ့က တကယ်ပဲ ဒီလို အသုံးဝင်တာကိုး"
လက်ဖက်ရည်တစ်ခွက် သောက်စာလောက်တဲ့ အချိန်အတွင်းမှာပဲ အမွှေး
တိုင်အိုးထဲက ခရမ်းရောင်ချီတွေဟာ တစ်စက်မကျန် သန့်စင်သွားပြီး နက်နဲပုတီးစေ့ထဲ ရောက်သွားပါတယ်။
ခရမ်းရောင်ချီကို ရပြီဆိုတော့ ချန်ဆန်းရှီဟာ လှည့်ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့ သူ နှမြောမိပြန်တယ်။
သူ့မှာ ရှိတဲ့ နက်နဲသံမဏိဆေးအိုးက ထူးခြားမီးတောက် ရဲ့ အပူဒဏ်ကို မခံနိုင်ပါဘူး။ ဒီလို ဆေးအိုးမျိုးကလည်း ဘယ်နေရာမှာမှ အလွယ်တကူ ဝယ်လို့မရသလို၊ ဆေးအိုးအသစ်တွေ ခဏခဏ ဝယ်လာတာကလည်း လူအာရုံစိုက်စရာ ဖြစ်နိုင်ပါတယ်။ သူ့မှာ ထူးခြားမီးတောက်ရဲ့ အပူဒဏ်ကို ခံနိုင်တဲ့ ဆေးအိုးတစ်ခု လိုအပ်နေတာပါ။
အခု အမွှေးတိုင်အိုးထဲမှာ စွမ်းအားတွေ မရှိတော့ပေမဲ့ ဒါကြီးကို ဒီအတိုင်း ထားခဲ့ရမှာကလည်း တကယ့်ကို နှမြောစရာပါပဲ။
ဒါပေမဲ့ ဒါကြီးကို ယူသွားမယ်ဆိုရင်လည်း နောက်ကွယ်က လူက တစ်နည်းနည်းနဲ့ ခြေရာခံနိုင်မလားဆိုတာ သူ မသိပါဘူး။
ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ ချန်ဆန်းရှီက အကြံတစ်ခု ရသွားပါတယ်။
နောက်ဆုံးမှာတော့ သူဟာ အမွှေးတိုင်အိုးကို ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စီယွင်ဘုရားကျောင်းက ထွက်လာပြီးနောက် လော့ထျန်တောင်တန်း ဆီကို တိုက်ရိုက် ဦးတည်လိုက်ပြီး လမ်းမှာ ဝိညာဉ်စပါးအမြောက်အမြားကို စုဆောင်းခဲ့ပါတယ်။ သူ့ရဲ့ နဂို လျှို့ဝှက်စခန်းကို မသွားဘဲ ကျားဂူတစ်ခုကို မတော်တဆ တွေ့တာနဲ့ အထဲမှာ အိပ်ပျော်နေတဲ့ ကျားကို သတ်ပစ်လိုက်ပြီး အဲဒီနေရာမှာတင် ရတနာဆေးအိုးကို သုံးပြီး ဆေးဖော်စပ်ဖို့ ပြင်လိုက်ပါတယ်။
"ဒီပစ္စည်းတွေကို အကြာကြီး သိမ်းထားလို့ မရနိုင်ဘူးဆိုမှတော့ တစ်ခါတည်းနဲ့ လုံလုံလောက်လောက် ဖော်စပ်ထားတာ အကောင်းဆုံးပဲ"
"ဘုန်း——"
နီရဲတဲ့ မီးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး အမွှေးတိုင်အိုးကို ရစ်ပတ်လိုက်ပါတယ်။
ပြင်းထန်လှတဲ့ အပူဒဏ်အောက်မှာတောင် ဒီအမွှေးတိုင်အိုးဟာ နက်နဲသံမဏိဆေးအိုးလိုမျိုး ပုံပျက်သွားတာမျိုး မရှိပါဘူး။ ဒါဟာ သာမန် ပစ္စည်းတစ်ခု မဟုတ်တာ သေချာသွားပါပြီ။ ဒါပေမဲ့ ဝိညာဉ်စပါးတွေရဲ့ အစွမ်းကတော့ အရင်ဆေးအိုးနဲ့ ဖော်စပ်တာထက် သိပ်ပြီး ထူးခြားမလာပါဘူး။
အရာအားလုံးမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိတာကိုး။
ဒီအမွှေးတိုင်အိုးက အမွှေးတိုင်မီးစွမ်းအားကို စုပ်ယူဖို့အတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး ဆေးဖော်ဖို့ မဟုတ်ပါဘူး။ အခုလို ဆေးအိုးအဖြစ် သုံးလို့ရတာတင် တော်တော်လေး ကောင်းလှပါပြီ။
မီးတောက်ကို ထိန်းချုပ်ထားရင်းနဲ့ ချန်ဆန်းရှီက ဝိညာဉ်စပါးတွေကို တစ်အိုးပြီးတစ်အိုး ဖော်စပ်လိုက်ပါတယ်။ ဒုဗိုလ်ချုပ် ယွီ ထားခဲ့တဲ့ ရေဘူးတွေထဲမှာ အပြည့်ဖြည့်လိုက်သလို၊ ကြိုတင်ပြင်ဆင်ထားတဲ့ ဆေးဗူးတွေထဲမှာလည်း အပြည့်ထည့်လိုက်ပါတယ်။
ဒီလောက်ဆိုရင် နောက်ထပ် ခြောက်လ ဒါမှမဟုတ် တစ်နှစ်လောက်အထိတောင် လုံလောက်သွားပါပြီ။
အခုဆိုရင် အမွှေးတိုင်အိုးကို ဆက်သိမ်းထားဖို့ မလိုအပ်တော့ပါဘူး။ သူက ဒါကြီးကို သုံးပြီး တခြားဘုရားကျောင်းတွေက ချီတွေကို လိုက်လုဖို့လည်း အစီအစဉ်မရှိတာကြောင့် ဒါကို လက်ထဲမှာ ဆက်ထားတာက အန္တရာယ်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒါကို ပြန်တော့ မပေးပါဘူး၊ ဘာလို့လဲဆိုတော့ တခြား အသုံးချစရာ ရှိသေးလို့ပါ။
နေရာကို ရှင်းလင်းပြီးတဲ့နောက်။
ချန်ဆန်းရှီဟာ အမွှေးတိုင်အိုးကို ထမ်းပြီး မြို့ထဲကို ပြန်ဝင်လာပါတယ်။
သူက မြို့ထဲမှာ ကင်းလှည့်ရတဲ့သူဆိုတော့ မြို့ခံတွေရဲ့ အကြောင်းကို ကောင်းကောင်း သိထားပါတယ်။ ဒါကို အတွင်းရန်သူရဲ့ ခြိမ်းခြောက်မှု့ လို့ ခေါ်ရမှာပေါ့။ သူကဘာအခက်အခဲမှမရှိဘဲ ခြံဝင်းကြီးတစ်ခုဆီကို ရောက်သွားပါတယ်။
ဒီအိမ်မှာ ဆိုင်းဘုတ်မရှိပေမဲ့ ချမ်းသာတဲ့ မိသားစု နေထိုင်တယ်ဆိုတာ သိသာလှပါတယ်။
ဒီနေရာကတော့ ချောင်ဖန်ရဲ့ နေအိမ်ပါပဲ။
ချန်ဆန်းရှီက သွေးရောင်အလင်းတန်းနဲ့ နောက်ယောင်ခံစနစ် ပါနေတဲ့ ဒီအမွှေးတိုင်အိုးကို ချောင်ဖန်ဆီ လက်ဆောင်ပေးဖို့ စီစဉ်ထားတာပါ။
အဲဒီလိုဆိုရင် နောက်ကွယ်က လူက လိုက်ရှာတဲ့အခါ ချောင်မျိုးရိုးရှိတဲ့လူဆီကိုပဲ လမ်းစရောက်သွားပါလိမ့်မယ်။
ချောင်ဖန်ရဲ့ ဘေးမှာ မဟာသွေးကြောအဆင့် ရောက်နေတဲ့ မိန်းမစိုးအိုကြီးအမြဲရှိမနေဘူးဆိုရင် ချန်ဆန်းရှီဟာ ဒီညမှာတင် မိစ္စာဂိုဏ်း သားတစ်ယောက်လို ဟန်ဆောင်ပြီး ချောင်ဖန်ကို သတ်ပစ်လိုက်မှာပါ။ အရင်တုန်းကတော့ မဟာသွေးကြောအဆင့် အခြေခံလောက်ပဲ ရှိတဲ့သူကိုတောင် သူ အသည်းအသန် တိုက်ခဲ့ရတာ၊ အခု အဲဒီအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေတဲ့သူကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်သေးပါဘူး။ သူကိုယ်တိုင် မဟာသွေးကြောအဆင့်ကို ရောက်မှပဲ အရေးယူဖို့ စောင့်ရပါလိမ့်မယ်။
မိန်းမစိုးအိုကြီးက စစ်ပွဲထဲကို လိုက်မလာခဲ့ဘဲ ရှာဝမ်လုံ ရဲ့ အကာအကွယ်အောက်မှာ မြို့ထဲမှာပဲ နေခဲ့တာပါ။ သူက ဘာတာဝန်မှမရှိဘဲ မင်းသားလေးရဲ့ အလုပ်အကျွေးပြုအဖြစ်ပဲ နေတာ ဖြစ်ပါတယ်။
အကယ်၍ အမွှေးတိုင်အိုး ပိုင်ရှင်က လိုက်ရှာရင်းနဲ့ သူတို့ကို သတ်ပစ်လိုက်မယ်ဆိုရင် ချန်ဆန်းရှီအတွက် အလုပ်ရှုပ်သက်သာသွားမှာပါ။
ဒီအခွင့်အရေးကို သုံးပြီး အမွှေးတိုင်မီးစွမ်းအားကို စုဆောင်းနေတဲ့သူက ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုလည်း သူ သိချင်နေပါတယ်။
သူက အိမ်ခေါင်မိုးပေါ်ကို ခုန်တက်လိုက်ပြီး အရှိန်အဝါကြည့်ရှု့ခြင်းနဲ့ မိန်းမစိုးအိုကြီး ရှိတဲ့နေရာကို ရှာလိုက်ပါတယ်။ အဲဒီလူ အိပ်ပျော်နေတာကို အတည်ပြုပြီးနောက်မှာတော့ နောက်ဖေးဥယျာဉ်ဆီကို သွားလိုက်ပါတယ်။
ခြံဝင်းက အရမ်းကျယ်ပြီး နောက်ဖေးမှာ ရေကန်တစ်ခုတောင် ရှိပါတယ်။
ချန်ဆန်းရှီက အမွှေးတိုင်အိုးကို ရေထဲကို ညင်သာစွာ နှစ်မြှုပ်လိုက်ပြီး၊ ဘာအသံမှ မထွက်စေဘဲ ရောက်လာတုန်းကလိုပဲ တိတ်တဆိတ် ပြန်ထွက်လာခဲ့ပါတယ်။
အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကုတင်ပေါ်မှာ တရားထိုင်ရင်း နက်နဲပုတီးစေ့ကို ထုတ်ကြည့်နေပေမဲ့ ဓားချီမန္တန်ကိုတော့ ဇွတ်မှိတ်ပြီး မကျင့်သေးပါဘူး။
သူ့ရဲ့ ခံစားချက်အရ..
ခရမ်းရောင်ချီက ဝိညာဉ်စွမ်းအား အစား ထိုက်သင့်သလောက် သုံးလို့ရနိုင်ပေမဲ့၊ ခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်တဲ့အခါ ဘယ်လို ကွာခြားချက်တွေ ရှိလာမလဲဆိုတာ မသေချာသေးပါဘူး။ လောလောဆယ်တော့ မိုက်မိုက်ကန်းကန်း မလုပ်တာ အကောင်းဆုံးပါပဲ။
လိုအပ်လာရင် သူ့ရဲ့ စတုတ္ထမြောက် စီနီယာအစ်ကို ကိုမေးဖို့ အခွင့်အရေး ရှာရပါမယ်။
ပြဿနာက သူတို့တွေ ဘယ်တော့ ပြန်လာမလဲဆိုတာ မသိရသေးတာပါပဲ။ စစ်ပွဲပြီးတော့ ဟိုင်တုန်ချင်း က ကိုးယောက်မြောက် စီနီယာအစ်မကို သွားရှာပါတယ်။ ဒီနက်နဲပုတီးစေ့ ရှိနေတာတောင်မှ မသေမျိုးပညာနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို သူ စာပို့ပြီး မမေးရဲပါဘူး။ အထူးသဖြင့် မြို့တော်လို နေရာမျိုးမှာ အနည်းငယ် မှားယွင်းသွားတာနဲ့ ဧကရာဇ်လက်ထဲ ရောက်သွားနိုင်ပြီး ဒုက္ခရောက်နိုင်လို့ပါ။
လောလောဆယ်တော့ မသေမျိုးရှာဖွေရေးမျှော်စင်ဆီကို သွားပြီး အရင်က မပြီးပြတ်သေးတဲ့ အရောင်းအဝယ်ကို အကြောင်းပြကာ ဗဟုသုတအချို့ကို မသိမသာ မေးမြန်းကြည့်ရပါမယ်။ တကယ်ပဲ အဲဒီကို သွားလည်ဖို့ အချိန်တန်ပါပြီ။
"ဒီခရမ်းရောင်ချီက ထင်သလောက် မများလှဘူးပဲ..."
ချန်ဆန်းရှီက နက်နဲပုတီးစေ့ထဲက စွမ်းအားကို အာရုံခံကြည့်လိုက်တဲ့အခါ သူထင်ထားတာထက် အများကြီး နည်းနေတာကို တွေ့ရပါတယ်။ တစ်စုံတစ်ယောက်က ဒါကို တစ်ကြိမ်လောက် ထုတ်ယူသွားပြီးသလိုမျိုး ခံစားရပါတယ်။
ဒါကလည်း သဘာဝကျပါတယ်။ တစ်စုံတစ်ယောက်က စုဆောင်းနေတယ်ဆိုရင် နောက်တစ်ယောက်က သုံးစွဲနေမှာပဲလေ။
"စောင့်ကြည့်ကြသေးတာပေါ့"
စစ်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့ ချန်ဆန်းရှီနောက်ဆုံးမှာ နားရက်အနည်းငယ် ရခဲ့ပါတယ်။
ချန်ဆန်းရှီက သူ့ရဲ့ အားလပ်ချိန်တွေကို သိုင်းကျင့်ရင်းနဲ့ သူ့ရဲ့ ကလေးတွေကို အဖော်လုပ်ပေးရင်း ကုန်ဆုံးစေပါတယ်။
ယွမ်ရှီး လေးကတော့ တကယ့်ကို သိတတ်လွန်းလို့ ရင်နာဖို့တောင် ကောင်းလှပါတယ်။
အိမ်ရောက်ပြီး ဒုတိယမြောက်နေ့မှာတင် သူမကစီချင် နဲ့ မိုဟွာ တို့ထက် စောစောနိုးနေပြီး၊ မီးဖိုချောင်ထဲမှာ အားလုံးအတွက် ဆန်ပြုတ်ပြုတ်ပေးတာ၊ အဝတ်လျှော်တာနဲ့ အိမ်သန့်ရှင်းရေး လုပ်တာတွေကို ဝိုင်းကူလုပ်ပေးနေပါတယ်။