အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း (၂၃၂) - မျိုးစေ့များ ရှင်သန်ကြီးထွားခြင်းနှင့် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ဖြစ်တည်လာခြင်း (အပိုင်း - ၅)
~ဝိညာဉ်အာရုံ အပိုင်းတွင်တော့... စုယွီသည် အမြုတေဖွဲ့စည်းခြင်း အဆင့်ကို အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
အကယ်၍ စုယွီသာ သူ၏ ဝိညာဉ်အာရုံကို အပြည့်အဝ ထုတ်သုံးပြီး၊ သဘာဝ ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ဖိအားပေးလိုက်ပါက၊ သူ၏ အရှိန်အဝါသည် စစ်မှန်သော အရှင်သခင် တစ်ပါး၏ အရှိန်အဝါနှင့် မည်သို့မျှ ခြားနားခြင်း ရှိမည် မဟုတ်ပေ။
သို့သော် ဝိညာဉ်အာရုံ ပြောင်းလဲသွားပြီးနောက် စုယွီသည် သူ၏ ရုပ်ခန္ဓာနှင့် ချီစွမ်းအားများအပေါ် ဖိအားတစ်ခု သက်ရောက်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ဒါဟာ မွေးကင်းစ ကလေးငယ်တစ်ယောက်က လူကြီးတစ်ယောက်ရဲ့ ဝိညာဉ်ကို သယ်ဆောင်ထားရသလို ဖြစ်နေတာကိုး။
ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ခန္ဓာသည် ခန္ဓာကိုယ် သန့်စင်ခြင်း (၁၆) ဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့မဟုတ်ပါက သူ၏ ဝိညာဉ်အာရုံ အဆင့်တက်ခြင်းသည် ဤမျှ ချောမွေ့နိုင်လိမ့်မည် မဟုတ်ပေ။
မိမိ၏ ပြောင်းလဲမှုများကို ဆင်ခြင်သုံးသပ်ရင်း စုယွီသည် အတွေးကမ္ဘာထဲတွင် အချိန်အတော်ကြာအောင် မျောပါသွားရ၏။
သတိပြန်ဝင်လာသောအခါ စုယွီသည် လေပူတစ်ချက်ကို ရှိုက်လိုက်ပြီး၊ သူ၏ မျက်လုံးအိမ်များ ကျယ်သွားကာ တီးတိုး ရေရွတ်လိုက်မိ၏။
"အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ... ငါ့ရဲ့ ဝိညာဉ်အမြစ်က တကယ်ကြီး ပြောင်းလဲသွားခဲ့ပြီ... အဆင့်တက်သွားပြီဟေ့"
သူ့စိတ်ထဲတွင် ပြောပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှား ဝမ်းသာနေမိသည်။
အဆင့်နိမ့် ဝိညာဉ်အမြစ်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်တို့၏ ကွာခြားချက်မှာ ရှင်းပြနေစရာပင် မလိုလောက်အောင် ထင်ရှားလှပေသည်။
အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော သာမန် ကျင့်ကြံသူတစ်ဦး အနေဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်း နည်းပါးလှ၏။
သို့သော် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားပါက အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိရန် သေချာသလောက် ရှိရုံသာမက၊ မမှိတ်မသုန် ကြိုးစားကျင့်ကြံလျှင် သက်တမ်းမကုန်ဆုံးမီ အမြုတေဖွဲ့စည်းခြင်း အဆင့်ကိုပါ ကြိုးစားကြည့်နိုင်သည့် အခွင့်အရေး ရှိလာမည် ဖြစ်သည်။
စုယွီ အနေဖြင့် အသက်ရှည်ရှည် နေရဖို့၊ အမြုတေဖွဲ့စည်းခြင်း အဆင့် ရောက်ဖို့ ဆိုတာတွေကို သိပ်ဂရုမစိုက်လှသော်လည်း...
သူ့ဝိညာဉ်အမြစ် အလယ်အလတ်အဆင့် ဖြစ်သွားတာကြောင့် ကျင့်ကြံမှုနှုန်း သိသိသာသာ မြန်ဆန်လာမည့် အချက်ကိုတော့...
အဲဒါကိုတော့ သူ ဂရုစိုက်သည်လေ။
ဝိညာဉ်အာရုံကို ဒန်တျန် အတွင်းသို့ ပို့ဆောင်ပြီး သူ၏ ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း အုတ်မြစ်ကို သေချာ စွာ စစ်ဆေးကြည့်ရှုလိုက်၏။ ဝိညာဉ်အမြစ် ပြောင်းလဲသွားစဉ် အတွင်း၊ ဤအုတ်မြစ်သည်လည်း သိသာထင်ရှားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။
ယခုအခါ ဓာတ်ကြီးငါးပါး အုတ်မြစ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို မြင်တွေ့လိုက်ရသောအခါ၊ စုယွီ အသက်ပြင်းပြင်း ရှူလိုက်မိတော့သည်။
လက်ရှိ အခြေအနေအရ ဆိုလျှင် ရှေးဟောင်း ဓားတာအို လမ်းစဉ်ကို လိုက်စားနေသော လော့ချန်ယွီ၏ ဓားချက်ကိုပင် လက်တစ်ဖက်တည်းဖြင့် ခုခံနိုင်မည့် ယုံကြည်ချက်မျိုး ရရှိနေပြီ ဖြစ်သည်။
ထို့ထက်မက... ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို စောင့်ဆိုင်းနေစရာ မလိုဘဲ ရွှေအမြုတေ လမ်းစဉ် သို့ ခြေလှမ်းလှမ်းနိုင်တော့မည်ဟု ခံစားလိုက်ရ၏။
'''ငါသာ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ကျင့်ကြံလိုက်မယ် ဆိုရင်...'''
အဲဒီကျရင် လော့ချန်ယွီလို အစွမ်းထက်တဲ့ ပါရမီရှင်မျိုးကိုတောင် လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်ထားနိုင်မလား။
ထိုသို့ တွေးမိရင်း စုယွီ အနည်းငယ် စိတ်လွင့်သွားရပြန်သည်။
သဘာဝ ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်း အုတ်မြစ် ရှိသည်ဟု ဆိုကြသော ရှေးဟောင်း တာအိုသခင် ဆိုသူကရော ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ။
သတိပြန်ဝင်လာသောအခါ စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ထပ်မံ ကြည့်ရှုလိုက်၏။
ထိုအခါ သူ၏ သက်တမ်းသည် နောက်တစ်ကြိမ် ပြောင်းလဲသွားကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။
"အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ်" ၏ ကျင့်ကြံမှု အဆင့် တိုးတက်လာခြင်း မရှိသေးပေ။
[သက်တမ်း - (၇၈) / (၃၅၇)]
သူ၏ သက်တမ်းသည် (၆၂) နှစ်တိတိ ထိုးတက်သွားခဲ့တော့သည်။
စုယွီသည် သူ၏ သက်တမ်း ပြောင်းလဲမှုကို ကြည့်ရင်း အံ့ဩမှုကို မထိန်းနိုင်တော့ချေ။
'''သက်တမ်းက (၃၅၀) ကျော်နေပြီ... ဒါက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ခုလေးတင် ရောက်သွားတဲ့ အရှင်သခင် တစ်ပါးရဲ့ သက်တမ်းနဲ့ သိပ်မကွာတော့ပါလား'''
အမြုတေဖွဲ့စည်းခြင်း (၉) ဆင့်မြောက် ရောက်မှ သက်တမ်း (၅၀၀) ခန့် ရှိကြသည်။
အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် တစ်ပါး၏ သက်တမ်းမှာမူ နှစ် (၃၀၀) ကျော်သာ ရှိတတ်ကြသည်။
ကျင့်ကြံမှု မြင့်မားလာမှသာ သက်တမ်း (၅၀၀) ကန့်သတ်ချက်သို့ တဖြည်းဖြည်း ရောက်ရှိသွားကြခြင်း ဖြစ်သည်။
ဒါပေမဲ့ သူက အခုမှ အခြေခံတည်ဆောက်ခြင်း (၅) ဆင့်မြောက်ပဲ ရှိသေးတာလေ။
သူ့တွက်ချက်မှုသာ မှန်ကန်ပါက၊ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ရောက်သည့်အခါ သူ၏ သက်တမ်းသည် နှစ် (၅၀၀) နီးပါး ရှိလာနိုင်ပေသည်။ ဒါက တကယ့်ကို ယုတ္တိမရှိနိုင်လောက်အောင် အံ့ဖွယ်ကောင်းလှပေသည်။
'''ကြည့်ရတာ... ငါ့ရဲ့ လက်ရှိ သက်တမ်းနဲ့တင် အခြေခံတည်ဆောက်ခြင်း အဆင့်တွေ မပြောနဲ့... အမြုတေဖွဲ့စည်းခြင်း အဆင့်တွေထက်တောင် အသက်ပိုရှည်နေဦးမှာပဲ'''
စုယွီသည် လေပူတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး ရင်ထဲမှ ဝမ်းသာမှုများကို ထိန်းချုပ်လိုက်၏။
*
နောက်တစ်နေ့ နံနက်ခင်း အခါသမယ၌၊
စုယွီသည် ရေခဲနှင့် မီး ဂူစံအိမ် အလယ်ဗဟိုတွင် တင်ပလ္လင်ခွေ ထိုင်နေ၏။ သူသည် "ပြီးပြည့်စုံသောအဆင့်" ဒုတိယတန်းစား အလယ်အလတ် ဝိညာဉ်ဖွင့် ဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။ ထို့နောက် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသက်သွင်းပြီး မြေနှင့် သစ်သား ကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။
"ဝုန်း"
ယခင်ကနှင့် မတူတော့ပေ။
ယခုတစ်ကြိမ်တွင် စုယွီ.. မြေနှင့် သစ်သား ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ယခင်ကထက် ပိုမို အားကောင်းသော ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာပြီး အရပ်လေးမျက်နှာမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကြီးမားလှသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများသည် စုယွီ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာကြတော့သည်။
ဤကြီးမားသော လှုပ်ရှားမှုသည် အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိစဉ်က စွမ်းဆောင်နိုင်ခဲ့သော အရာများနှင့် လုံးဝ (လုံးဝ) မတူညီတော့ပေ။
"ဟူး... ဟူး"
သဘာဝ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စီးဆင်းလာကြ၏။
စုယွီသည် မြေနှင့် သစ်သား ကျင့်စဉ်ကို အသက်သွင်းကာ ဤစွမ်းအင်များကို ပြုပြင်ပြောင်းလဲရင်း၊ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ဖြင့် ကျင့်ကြံရခြင်း၏ ကွာခြားချက်ကို တပြိုင်နက်တည်း ခံစားနေမိ၏။
သူ တစ်ကိုယ်တည်း ခေါင်းညိတ်လိုက်မိ၏။
'''ဝိညာဉ်စွမ်းအင် စုပ်ယူပြီး လှည့်ပတ်တဲ့ နှုန်းက ပိုမြန်လာတယ်... ကျင့်စဉ် လည်ပတ်နှုန်းကလည်း ပိုသွက်လာတယ်'''
ဆိုလိုသည်မှာ သူ၏ နေ့စဉ် ကျင့်ကြံချိန်ကို ပိုမို လျှော့ချနိုင်တော့မည် ဖြစ်သည်။
အမှန်ပါပေ။
နာရီဝက် ကျော်ကျော်လေး အကြာတွင် စုယွီသည် ရပ်တန့်သွားရ၏။ သူ၏ ဒန်တျန်အတွင်း၌ အသစ်ဖြစ်ပေါ်လာသော မြေနှင့် သစ်သား ချီစွမ်းအားများသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီ ဖြစ်၍၊ ၎င်းတို့ကို ဦးစွာ ထိန်းချုပ် ပေါင်းစပ်ရန် လိုအပ်လာသည်။ အသစ်ရရှိသော ချီစွမ်းအား ပမာဏကို ခံစားကြည့်ပြီးနောက် သူ ရေရွတ်လိုက်မိ၏။
'''အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ကြောင့် တစ်နေ့တာ စုဆောင်းနိုင်တဲ့ မာန ပမာဏကလည်း တိုးလာတာပဲ'''
ကျင့်စဉ် လည်ပတ်မှုကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
"ဟူး"
စုယွီ၏ စိတ်အာရုံသည် ကျွမ်းကျင်မှု မျက်နှာပြင်ဆီသို့ ရောက်ရှိသွား၏။
တစ်ချက် ကြည့်လိုက်သည်နှင့် သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။
ယခုတစ်ခေါက် မြေနှင့် သစ်သား ကျင့်စဉ်၏ တိုးတက်မှုသည် (၀.၀၅) ရာခိုင်နှုန်းခန့် ရှိ၏။
ဆိုလိုသည်မှာ... အခြေခံတည်ဆောက်ခြင်း အဆင့် (၅) အစမှ အဆင့် (၆) သို့ ရောက်ရှိရန် (၅) နှစ်ကျော်ကျော်လေးသာ ကြာမြင့်တော့မည် ဖြစ်သည်။
လက်ရှိတွင် သူ၏ မြေနှင့် သစ်သား ကျွမ်းကျင်မှု အဆင့်မှာ (၄၀) ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်၏။
ယခင်ကဆိုလျှင် အဆင့်တက်ရန် (၄) နှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။
ယခုမူ (၃) နှစ်ပင် မပြည့်တော့ချေ။
စုယွီ၏ ရင်ထဲတွင် ဝမ်းသာပီတိများ ဖြစ်ပေါ်လာရသည်။
'''ဆက်ပြီး ကျင့်ကြံကြတာပေါ့'''
*
အချိန်ကာလများသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသတည်း။
(၂) လ ကြာပြီးနောက်၊
တာအိုခန္ဓာ ရုပ်သေးသည် ရေခဲနှင့် မီး ဂူစံအိမ်မှ ထွက်ခွာပြီး လေ့ထင်း ဈေးဆီသို့ ဦးတည် ထွက်ခွာသွား၏။ စုယွီကမူ ဂူစံအိမ်ထဲတွင် ကျန်ရစ်ခဲ့ပြီး ဆက်လက် တံခါးပိတ် ကျင့်ကြံနေပါ၏။
လေ့ထင်း ဈေးကို အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော တစ်ကိုယ်တော် ကျင့်ကြံသူ အရှင်သခင် လေ့ထင်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤဈေးသည် အရှင်သခင် လေ့ထင်း တစ်ဦးတည်း ပိုင်ဆိုင်သည်ဟု ပြော၍ မရနိုင်ပေ။
အကြောင်းမူကား သူတစ်ယောက်တည်း အနေဖြင့် ဤမျှ ကြီးမားသော ဈေးကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သောကြောင့်တည်း။
ထို့ကြောင့် လေ့ထင်း ဈေး၏ နောက်ကွယ်တွင် တာ့ယွဲ့ နန်းတော် နှင့် ကောင်းကင် အပျက်အစီး ခန်းမ ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေပြီး၊ အားလုံးက ဤရွှေတွင်းကြီးကို ဝိုင်းဝန်း တူးဖော်နေကြခြင်း ဖြစ်ပေသည်။
အခန်း (၂၃၃) -အစေ့အသစ် ပြန်လည်ပေါက်ဖွားခြင်းနှင့် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ဖြစ်ပေါ်လာခြင်း
~လေ့ထင်း ဈေး မြို့တော်၏ တည်နေရာကား... ဓားမြို့တော် ချင်မိသားစုနှင့် မြေဆရာ မာမိသားစုတို့၏ နယ်မြေကြားတွင် တည်ရှိလေ၏။
အတိအကျ ပြောရမည် ဆိုလျှင် မိုးကြိုးဝါးတော ဟု ခေါ်ဆိုကြသည့် တောင်တန်းကြီး အတွင်း၌ ဖြစ်ချေသည်။
အချိန်ကာလအားဖြင့် တစ်ပတ်ခန့်မျှပင် မကြာလိုက်ပါချေ။ ထို မိုးကြိုးဝါးတော အတွင်း၌ ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ယောက် လမ်းလျှောက်လာနေသည်ကို တွေ့မြင်ရပေမည်။ သူ၏ ခြေလှမ်းများက သာမန်မဟုတ်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကိုက်ပေါင်းများစွာသော ခရီးကို ပေါက်ရောက်သွား၏။
ထိုအဘိုးအိုကား... စုယွီ၏ ရုပ်သေးရုပ်ပင် ဖြစ်လေသတည်း။
သို့သော် သစ်တောနက် တစ်နေရာသို့ အရောက်တွင်မူ...
"ဝီ..."
လေထုက တုန်ခါသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တမုဟုတ်ချင်း ပြောင်းလဲသွားလေတော့သည်။ စုယွီ့ မြင်ကွင်းထဲ၌ အစိမ်းရောင် သစ်တောများ ပျောက်ကွယ်သွားပြီး၊ မိစ္ဆာအငွေ့အသက်များ လှိုင်လှိုင်ထနေသော ငရဲခန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားချေပြီ။ မြေပြင်ပေါ်၌ အလောင်းကောင်များ ပြန့်ကျဲနေပြီး သေမင်း၏ အနံ့အသက်များက နှာခေါင်းထဲသို့ အတင်း တိုးဝင်လာတော့သည်။
ထို မိစ္ဆာ အခင်းအကျင်းကြီး၏ ဗဟိုချက်တွင်တော့...
သွေးဓားဂိုဏ်းမှ လော့ပန်း ဆိုသူက 'ကောင်းကင်ပိုက်ကွန် ထီး' ကို လက်ထဲတွင် ကိုင်ထားရင်း ရပ်နေ၏။ သူ့မျက်လုံးများက အနီရောင် ဖျော့ဖျော့ တောက်လောင်နေပြီး မျက်နှာပေါ်တွင်တော့ ရက်စက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
သူက မိစ္ဆာ အခင်းအကျင်းထဲသို့ ကျရောက်လာသော ရုပ်သေးအဘိုးကြီးကို ကြည့်ရင်း လှောင်ပြောင်လိုက်၏။
"ဟားဟား... တတိယမြောက် သားကောင်ဝဖြိုးကြီး တစ်ကောင် တိုးပြန်ပြီဟေ့... ဒီလေ့ထင်း ဈေးက ငါ့အတွက်တော့ ရွှေတွင်းကြီးပါပဲလား... မိတဲ့ သားကောင်တိုင်းမှာ ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေ ပါလာတာချည်းပဲ"
လော့ပန်းက လျှာသပ်လိုက်ရင်း ဆက်ပြောလိုက်သည်။
"ဒီလို အသားတုံးကြီးကိုမှ ငါ မစားရင်... ငါ့လိပ်ပြာ ငါ ဘယ်လိုသန့်နိုင်ပါ့မလဲ... ဟုတ်တယ်မလား"
"ဝုန်း"
လော့ပန်း၏ ထိန်းချုပ်မှုအောက်တွင် မိစ္ဆာ အခင်းအကျင်းကြီး တစ်ခုလုံး တုန်ခါသွားပြီး မိစ္ဆာအငွေ့အသက်များ မိုးထိအောင် ထောင်တက်လာတော့သည်။ 'မိစ္ဆာ ဝိညာဉ် အလံ' များဆီမှ နာကျည်း ဝိညာဉ် ပေါင်းများစွာသည် ရေကာတာကျိုးသကဲ့သို့ တိုးဝှေ့ ထွက်ပေါ်လာကြ၏။
ထိုအထဲတွင် အခြေခံတည်ဆောက်ခြင်း အဆင့်ရှိသော ဝိညာဉ်များပင် ပါဝင်နေသေး၏။ ထို နာကျည်းဝိညာဉ်များ အားလုံး ပေါင်းစပ်သွားကြပြီးနောက် ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာသတ္တဝါကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေတော့သည်။
ပုံသဏ္ဍာန် မရှိ၊ အကောင်အထည် မရှိသော်လည်း မည်းနက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။
"ကျွီ..."
နားစည်ကွဲမတတ် စူးရှသော အသံကြီးနှင့်အတူ ထို မိစ္ဆာသတ္တဝါကြီးသည် စုယွီ ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
အခင်းအကျင်း အတွင်း၌...
စုယွီက ထို နာကျည်းဝိညာဉ်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ မျက်နှာထား တင်းမာသွားလေ၏။
"ဒီကောင်... တကယ်ကို မိုက်ရိုင်းတာပဲ"
နောက်တစ်ခဏတွင်တော့...
ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်အာရုံ တစ်ခုသည် စုယွီ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်ပေါ်လာလေတော့သည်။ ကောင်းကင်နှင့် မြေကြီးပါ တုန်ခါသွားသလား ထင်မှတ်ရလောက်အောင် အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ မိစ္ဆာ အခင်းအကျင်းကြီး တစ်ခုလုံးပင် တသိမ့်သိမ့် တုန်ခါသွားရချေပြီ။
သဘာဝ ဝိညာဉ်စွမ်းအင်များ လှုပ်ရှားသွားပြီး အခြေခံတည်ဆောက်ခြင်း အဆင့်ကို ကျော်လွန်သော ဖိအားတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ လွှမ်းခြုံသွား၏။
တဆက်တည်းမှာပင် စုယွီက သူ့စိတ်ထဲ၌ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို အသက်သွင်းလိုက်လေတော့သည်။
"ဒုန်း"
အခြေခံတည်ဆောက်ခြင်း အဆင့်ထက် သာလွန်သော ဖိအားကြီး ကျရောက်လာသည်နှင့် တစ်ပြိုင်နက်... အခင်းအကျင်းထဲ၌ အနိုင်ပိုင်းမည့် အပြုံးနှင့် ရပ်နေသော လော့ပန်း တစ်ယောက် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရရှာသည်။
ရိုင်းရိုင်း ပြောရလျှင်... တောဘုရင် ကျားကြီးနှင့် သွားတိုးမိသော တောကြောင်လေး တစ်ကောင်လို ဖြစ်သွားခြင်းပင်။
လော့ပန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး အကြောက်တရားက.. ရင်ထဲတွင် ဗုံးတစ်လုံးလို ပေါက်ကွဲသွားတော့သည်။
"ချီးပဲ... ဒီ... ဒီ ဝိညာဉ်ဖိအားက... အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်ကြီးဟ"
သူ့စိတ်ထဲတွင် ကျိန်ဆဲမိလိုက်သည်။
"ဘယ်လိုလုပ်ပြီး... အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးက အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ပုံစံ ဖမ်းပြီး လျှောက်သွားနေရတာလဲ... ဒါ သက်သက်မဲ့ ထောင်ချောက်ဆင်တာပဲ"
သွေးဓားမိစ္ဆာ လော့ပန်း တစ်ယောက် တည်ငြိမ်မှုများ ပျောက်ဆုံးကုန်ပြီ ဖြစ်၏။
"ပြေးမှ... အမြန်ပြေးမှ ဖြစ်မယ်"
သူက ချက်ချင်းပင် 'သွေးထွက်ပြေး ကျင့်စဉ်' ကို ထုတ်သုံးပြီး ဒီနေရာကနေ လွတ်အောင်ပြေးရန် ပြင်ဆင်လိုက်သည်။ သို့သော်...
နောက်ကျသွားချေပြီ။
အခင်းအကျင်း အတွင်း၌...
ဟို မိစ္ဆာသတ္တဝါကြီးက စုယွီဆီသို့ ပြေးဝင်သွားဆဲ ဖြစ်သည်။ သို့သော် လမ်းတစ်ဝက်ပင် မရောက်လိုက်ပါ။ မျက်စိဖြင့် မမြင်နိုင်သော ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွားလေ၏။
ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်။
"ဝုန်း"
အမြုတေဖွဲ့စည်းခြင်း ပထမအဆင့်နှင့် ညီမျှသော ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ပြောမပြတတ်အောင် ပြင်းထန်လွန်းလှသည်။
စုယွီက ထို မိစ္ဆာသတ္တဝါကြီးကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ သူ့မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားရုံသာ။
နောက်တစ်စက္ကန့်တွင်တော့...
"ဘုန်း"
ဧရာမ မိစ္ဆာသတ္တဝါကြီး ပေါက်ကွဲထွက်သွားပြီး၊ နာကျည်းဝိညာဉ်များ အားလုံးသည် မိုးရွာပြီးစ နှင်းများ အရည်ပျော်ကျသကဲ့သို့ ပျောက်ကွယ်သွားကြလေတော့သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် စူးရှသော အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီးနောက်... အရာအားလုံးသည် မီးခိုးငွေ့များအလား လွင့်ပါးသွားကြလေကုန်၏။
ထို့နောက်...
စုယွီက နေရာတစ်နေရာဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။
သူ့မျက်လုံးများက အရာအားလုံးကို ထွင်းဖောက်မြင်နေရသကဲ့သို့ပင်။ အခင်းအကျင်းထဲတွင် ပုန်းအောင်းနေသော လူရိပ်ကို သူ တွေ့လိုက်ရတော့သည်။
ထိုသူကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအပြုံးက အေးစက်လွန်းလှ၏။
"သွေးဓားမိစ္ဆာ လော့ပန်း ပါလား..."
စုယွီ၏ ထက်ရှသော အသံက လော့ပန်း၏ နားထဲတွင် ဘုရားကျောင်း ခေါင်းလောင်းထိုးသံအလား ကျယ်လောင်စွာ မြည်ဟည်းသွား၏။
"ဖူး..."
ရွှေရောင် ဝိညာဉ်အလင်းတန်း တစ်ခုသည် နေရာလပ်ကို ထိုးဖောက်သွားပြီး 'ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်' အဖြစ် ပြောင်းလဲကာ လော့ပန်း၏ စိတ်အာရုံထဲသို့ တိုးဝင်သွားလေတော့သည်။
ရွှေရောင် ဓားတစ်ချောင်းနှင့် ဝိညာဉ်ကို ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။
တစ်ခဏချင်းမှာပင်...
ထွက်ပြေးရန် ပြင်နေသော လော့ပန်းခမျာ ယိုင်နဲ့သွားရရှာသည်။ ခေါင်းထဲတွင် ခံစားလိုက်ရသော နာကျင်မှုကြောင့် အော်ဟစ်လိုက်မိပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။ မျက်နှာပေါက် (၇) ပေါက်လုံးမှ သွေးများ ယိုစီးကျလာပြီး သွေးလူ တစ်ယောက် ဖြစ်သွားလေတော့၏။
"အ... အား..."
အခင်းအကျင်း အတွင်း၌ စုယွီက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်သည် တမုဟုတ်ချင်းပင် အေးစက်ပြီး ထက်ရှသော 'ဓားသွားလက်တံ' ကြီးအဖြစ် ပြောင်းလဲသွားကာ တစ်နေရာသို့ ခုတ်ပိုင်းချလိုက်၏။
"ခွမ်း"
ထိုနေရာရှိ အခင်းအကျင်း တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး ဝှက်ထားသော 'မိစ္ဆာအလံ' တစ်လက်မှာလည်း စုယွီ၏ လက်ချက်ဖြင့် စိစိညက်ညက် ကြေမွသွားလေတော့သည်။
နာကျည်းဝိညာဉ်များ မရှိတော့သည့်နောက်တွင် မိစ္ဆာ အခင်းအကျင်းသည် အစွမ်းကုန်ဆုံးသလောက် ဖြစ်သွားချေပြီ။
မျက်စိတစ်မှိတ် အတွင်းမှာပင်...
စုယွီသည် မိစ္ဆာအလံ ထက်ဝက်ကျော်ကို ဖျက်ဆီးပစ်လိုက်၏။ ကြီးမားလှသော မိစ္ဆာ အခင်းအကျင်းကြီးမှာ သူ့လက်ချက်ဖြင့် ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရတော့သည်။
ထို့နောက် သူသည် မြေပြင်ပေါ်တွင် သတိမေ့မြောလုနီးပါး ဖြစ်နေသော လော့ပန်း ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။ လော့ပန်းခမျာ စုယွီ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ဒဏ်ရာရထားရှာသည်။
ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားလှသော ဤ မိစ္ဆာကျင့်ကြံသူကို ကြည့်ရင်း စုယွီ ပြုံးလိုက်မိသည်။ ထိုအပြုံးထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်ပါနေလေ၏။
"ဖိနပ်မပါဘဲ လမ်းလျှောက်နေတုန်း ရွှေထုတ် ကောက်ရသလိုပါပဲလား... မင်းက ငါ့တံခါးဝအထိ လာပြီး အသေခံတာပဲ"
သူ တီးတိုး ရေရွတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက စုယွီ စတွေ့ဖူးချိန်တုန်းက လော့ပန်းသည် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက်သာ ရှိသေးသော မိစ္ဆာပေါက်စလေး တစ်ကောင်သာ ဖြစ်ခဲ့သည်။
အခုတော့ နှစ်တွေ အများကြီး ကြာခဲ့ပြီပဲ။
စုယွီက လော့ပန်း၏ အရှိန်အဝါကို အကဲခတ်ကြည့်လိုက်သည်။
"မဆိုးဘူး... အမြုတေတစ်ဝက် အဆင့်ရှိတဲ့ အရှင်သခင် တစ်ပါးလောက်တော့ စွမ်းအားရှိသားပဲ"
စုယွီက အသံလွှင့် စနစ်ဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက... မင်း မိစ္ဆာ တောင်ကြား ရှစ်ခုမှာ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့တယ်လေ... ဘယ်သူလဲ ဆိုတာ မင်းမေ့နေလောက်ပြီ... ဒါပေမဲ့ ငါကတော့ မှတ်မိနေတယ်... မင်းလို မိစ္ဆာကောင်က ငါ့မိတ်ဆွေ တစ်ယောက်ကို သတ်ခဲ့တယ် ဆိုတာကိုပေါ့"
လော့ပန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ကြောက်လန့်တကြား ဖြစ်သွားရသည်။
သူ ပါးစပ်ဟပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း...
နောက်တစ်ခဏတွင် သူ့ခေါင်းတစ်ခုလုံး အက်ကွဲစပြုလာတော့၏။
"ဖောင်း"
ကြီးစိုးသော ဝိညာဉ်ဖိအားဖြင့် စုယွီက လော့ပန်း၏ ဦးခေါင်းခွံကို လက်တစ်ဖက်တည်းဖြင့် ဖျစ်ညှစ် ချေမွပစ်လိုက်လေတော့သည်။
လော့ပန်း သေဆုံးသွားသည့် အခိုက်အတန့်မှာပင်... စုယွီ၏ စိတ်အာရုံထဲတွင် ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားပြန်သည်။ 'ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်' ကို ထပ်မံ အသက်သွင်းလိုက်ခြင်းတည်း။
"ဝိညာဉ်ရှာဖွေခြင်း"
"ဝုန်း"
များပြားလှသော မှတ်ဉာဏ် အပိုင်းအစများသည် စုယွီ၏ ခေါင်းထဲသို့ ရုပ်ရှင်ပြသလို ဝင်ရောက်လာတော့သည်။ စုယွီက လူနှစ်ယောက်၏ သဲလွန်စကို အသည်းအသန် ရှာဖွေနေခြင်း ဖြစ်သည်။ လော့ပန်း၏ လက်ကျန် ဝိညာဉ်ခမျာမှာတော့ မဆုံးနိုင်သော နာကျင်မှုကြောင့် အော်ဟစ် နေရှာတော့သည်။
ဝိညာဉ်ရှာဖွေခြင်း ခံရသူ၏ ဝေဒနာမှာ သေရတာထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။
"တွေ့ပြီ..."
စုယွီက ဆေးပညာရှင် ပိုင်ယန် နှင့် အခြား လူတစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ထိုလူကို မြင်လိုက်ရသည့် အချိန်တွင်တော့ စုယွီ၏ မျက်နှာထား အနည်းငယ် ညိုမဲသွား၏။
ရင်ထဲတွင် ဒေါသများ ဆူပွက်လာပြီး သတ်ဖြတ်လိုစိတ်များက ပိုမို ပြင်းထန်လာတော့သည်။
"တကယ်ပဲ မင်း ဖြစ်နေတာကိုး... စုချင်းယီ"
သူ့စိတ်ထဲတွင် ဒေါသထွက်မိသော်လည်း... ပိုင်ယန် နှင့် စုချင်းယီတို့ သွားနေသည့် နေရာကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်နှာထား ပြောင်းလဲသွားပြန်သည်။
လျှို့ဝှက် နေရာတစ်ခု။
ထိုနေရာတွင် ပိုင်ယန်နှင့် စုချင်းယီတို့ အပြင်... လော့ပန်းသည် အခြားသော အမြုတေဖွဲ့စည်းခြင်း အဆင့် မိစ္ဆာကျင့်ကြံသူများနှင့် မိစ္ဆာတပ်သား အများအပြားကိုပါ တွေ့ဆုံခဲ့သည်ကို တွေ့လိုက်ရသည်။
"ကိုးဝိညာဉ် မိစ္ဆာနန်းတော် ပါလား"
ဒီအဖွဲ့အစည်းက သာမန် မဟုတ်ပေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မိစ္ဆာ တောင်ကြား ရှစ်ခုမှာ တာ့ယွဲ့ စီရင်စုက ကျင့်ကြံသူတွေနှင့် မိစ္ဆာလောကသားတွေကြား စစ်ပွဲကြီး ဖြစ်ပွားအောင် မီးမွှေးခဲ့သည့် အဖွဲ့အစည်း မဟုတ်ပါလော။
ဆေးပညာရှင် ပိုင်ယန်နဲ့ စုချင်းယီက ကိုးဝိညာဉ် မိစ္ဆာနန်းတော်နဲ့ ပတ်သက်နေတာလား။
"ဒီ လျှို့ဝှက်နေရာက... တာ့ယွဲ့ စီရင်စုရဲ့ နယ်စပ်မှာပဲ"
“ဖောင်း”
စုယွီက သတင်းအချက်အလက်ကို ဆက်လက် ရှာဖွေနေတုန်းမှာပင် လော့ပန်း၏ ဝိညာဉ်သည် ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပေါက်ကွဲသွားပြီး လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
စုယွီက မျက်ခုံးအနည်းငယ် ကြုတ်လိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ လော့ပန်း၏ ရုပ်အလောင်းနှင့် မိစ္ဆာအလံများကို ဖျက်ဆီးပစ်လိုက်သည်။ လော့ပန်း၏ 'ကောင်းကင်ပိုက်ကွန် ထီး' မှော်လက်နက်နှင့် 'ချန်ခွန်းအိတ်' ကိုတော့ သိမ်းဆည်းလိုက်လေ၏။
နောက်တစ်ခဏတွင်တော့...
သူ့ပုံရိပ်သည် နေရာမှာတင် ပျောက်ကွယ်သွားလေတော့သတည်း။
အခန်း (၂၃၄) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၁)
~"ရွှီး... ရွှီး... ရွှီး..."
လေတိုးသံ တဝေါဝေါနှင့်အတူ စုယွီ ထွက်ခွာသွားပြီး မကြာမီမှာပင်...
ထိုနေရာသို့ လူရိပ်သုံးခု ကောင်းကင်မှ သက်ဆင်းလာ၏။ ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦး၊ ရုပ်ရည်ချောမောသော လူငယ်တစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦးတို့ ဖြစ်ကြ၏။ သူတို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် ကျန်ရစ်နေသေးသော 'မဟာမိစ္ဆာ တာအို' ၏ အငွေ့အသက်များကို ခံစားမိလိုက်ကြသဖြင့် မျက်နှာထားများ ပျက်ယွင်းသွားကြတော့သည်။
အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်၏ မျက်နှာထားမှာ အေးစက်တင်းမာနေ၏။ သူ့ကို ကြည့်ရသည်မှာ အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်သို့ ရောက်ရှိထားသူ တစ်ဦး၏ မာနမျိုး ရှိနေပုံရ၏။
သို့သော်လည်း...
ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာအငွေ့အသက်များကို အာရုံခံမိလိုက်သည့် အချိန်တွင်တော့ ထိုလူငယ်၏ မာနများ လျော့ကျသွားပြီး အသံကို နှိမ့်ကာ ရေရွတ်လိုက်၏။
"ဒီ မိစ္ဆာစွမ်းအားက... မဟုတ်သေးပါဘူး... အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်မှာ ရှိနေတယ်ဗျ... သာမန် ကိုးဆင့်မြောက်လောက်က သူ့ကို ယှဉ်နိုင်မယ့် အနေအထား မဟုတ်ဘူး"
ဆံပင်ဖြူနှင့် အဘိုးအိုကတော့ မျက်ခုံးကို အသာအယာ ကြုတ်လိုက်၏။ သူက စုယွီ ပျောက်ကွယ်သွားရာ အရပ်မျက်နှာကို ငေးကြည့်ရင်း တွေးဆဆ ပြောလိုက်၏။
"ဒီ မိစ္ဆာအငွေ့အသက်က... သွေးဓားမိစ္ဆာ လော့ပန်းရဲ့ အငွေ့အသက်နဲ့ ဆင်သလိုလိုပဲ... ဒါပေမဲ့ ကြည့်ရတာ ဒီတစ်ခါတော့ လော့ပန်း တစ်ယောက် တကယ်ပဲ ကိစ္စတုံးသွားပြီ ထင်ပါရဲ့…"
"သွေးဓားမိစ္ဆာ လော့ပန်း ဟုတ်လား"
လူငယ်နှင့် မိန်းမပျိုလေးတို့၏ မျက်နှာတွင် သံသယ အရိပ်အယောင်များ ယှက်သန်းသွားကြသည်။
သွေးဓားမိစ္ဆာ လော့ပန်း ဆိုသည့် နာမည်က တာ့ယွဲ့ စီရင်စုတွင် သာမန်ကာလျှံကာတော့ မဟုတ်ပေ။ ယွင်ကျန်းဂိုဏ်းတွင်သာ လူသိများသည် မဟုတ်၊ အခြားသော အင်အားကြီး ဂိုဏ်းများ၏ 'အလိုရှိစာရင်း' တွင်လည်း ထိပ်ဆုံးက ပါဝင်နေသူ မဟုတ်ပါလော။
ဘာကြောင့်လဲ ဆိုတော့... လော့ပန်း ဆိုတာက တကယ့် မိစ္ဆာစစ်စစ် ဖြစ်နေ၍ပါပင်။ သူ ပေါ်လာတိုင်း သွေးချောင်းစီးသည့် အမှုအခင်းတွေ အမြဲ ဖြစ်ပွားလေ့ ရှိသည်ကိုး။
မိန်းမပျိုလေးက အံ့သြတကြီး မေးလိုက်၏။
"အဘိုး... ဒါဆို ခုနက လက်စွမ်းပြသွားတာ ဘယ်သူများလဲဟင်"
အဘိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ သူ့မျက်နှာတွင်လည်း ဝေခွဲမရသော ပုံစံများ ပေါ်နေလေ၏။
"အဘိုး ခုနက 'အရှင်သခင်' တစ်ပါးရဲ့ အငွေ့အသက်ကို ခံစားမိလိုက်သလိုပဲ... ဒီတိုက်ပွဲ အခြေအနေကို ကြည့်ရတာ သွေးဓားမိစ္ဆာက ယှဉ်တောင်မယှဉ်လိုက်ရဘဲ အဲ့ဒီ အရှင်သခင်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပုံပဲကွယ့်"
အဘိုးအိုက စကားကို ခေတ္တရပ်ပြီး သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ အဘိုးလည်း ဒီအငွေ့အသက်ကို မရင်းနှီးဘူး... ဘယ်က အရှင်သခင်လဲ ဆိုတာ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်"
အဘိုးအိုခမျာ ခေါင်းစားနေရှာသည်။
အဘိုးအို ဆိုသည်မှာလည်း သာမန်လူတော့ မဟုတ်။ လျှို့ဝှက် မိသားစု တစ်ခုဖြစ်သော 'ထျဲ မိသားစု' ၏ ပထမ အကြီးအကဲ ဖြစ်၏။ တာ့ယွဲ့ စီရင်စု တစ်ခုလုံးရှိ အင်အားစု အသီးသီးမှ ဝါရင့် ကျင့်ကြံသူများ၊ တာ့ယွဲ့ နန်းတော် အတွင်းရှိ အခြားသော လျှို့ဝှက် မိသားစုများမှ လူများကိုပါ သူ ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်သည်။
သို့တိုင်၊... ခုနက အရှင်သခင်၏ အငွေ့အသက်ကိုတော့ သူ တစ်ခါမှ မကြုံဖူးခဲ့ပါချေ။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အဘိုးအိုက ခေါင်းခါလိုက်ရင်း ဆုံးဖြတ်ချက် ချလိုက်၏။
"ကဲ... ထားလိုက်ပါတော့... သွားကြစို့... လေ့ထင်းဈေးကိုပဲ အရင်သွားကြတာပေါ့... ခုနက ဒီနေရာမှာ ရှိနေတဲ့သူက လေ့ထင်းဈေးက လေလံပွဲကို သွားဖို့များလား... ဟိုရောက်ရင် တွေ့ချင်လည်း တွေ့ရမှာပါလေ"
ထို့နောက် သူတို့ သုံးဦးသား ဝှစ်ခနဲ.. ထွက်ခွာသွားကြလေတော့သည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် နောက်ထပ် လူအချို့ ရောက်ရှိလာကြပြန်သည်။ လျှို့ဝှက်သစ်တော အတွင်းမှ အခြေအနေကို မြင်လိုက်ရသောအခါ သူတို့အားလုံး လန့်ဖျတ်သွားကြရသည်။
သို့သော် လေ့ထင်း ဈေးထဲသို့ ရောက်ရှိသွားကြမှသာ... သေဆုံးသွားသူမှာ နာမည်ကျော် မိစ္ဆာကောင်ကြီး လော့ပန်း ဖြစ်ကြောင်း သူတို့..သတင်းကြားလိုက်ရတော့သည်။
"ဟေ့လူတို့... ကြားပြီးပြီလား... သွေးဓားမိစ္ဆာ လော့ပန်းက လေ့ထင်း ဈေး အပြင်ဘက်မှာ လေလံပွဲလာတဲ့ ဧည့်သည်တွေကို ဖြတ်တိုက်ဖို့ ချောင်းနေတာတဲ့... အဲ့ဒါ ကံဆိုးချင်တော့ အရှင်သခင် တစ်ပါးနဲ့ သွားတိုးပြီး အသတ်ခံလိုက်ရသတဲ့ဗျို့"
ဒီသတင်းက တည်ငြိမ်နေသော လေ့ထင်း ဈေးကြီး တစ်ခုလုံးကို လှုပ်ခတ်သွားစေတော့၏။
---
တာ့ယွဲ့ စီရင်စု၏ ဆင်ခြေဖုံး ရပ်ဝန်း၊ တစ်နှစ်ပတ်လုံး အဆိပ်မြူများ ဖုံးလွှမ်းနေသော လျှို့ဝှက် သစ်တောအုပ် တစ်ခုအတွင်း၌...။
ဒီနေရာမှာ အဆောက်အအုံတွေ ဝှက်ထားလိမ့်မည်ဟု ဘယ်သူက ထင်မပါမည်နည်း။
ကျောက်တုံးအိမ် တစ်လုံး၏ အောက်ခြေတွင် လျှို့ဝှက် အခန်းတစ်ခန်း ရှိ၏။ ထိုအခန်းထဲတွင်တော့ သွေးညှီနံ့များက ထောင်းခနဲ ထနေလေသည်။ အခင်းအကျင်း အတားအဆီး တစ်ခုလုံးက သွေးပင်လယ်ကြီး အဖြစ် ပြောင်းလဲနေပြီး၊ အခန်းအလယ်တည့်တည့်မှာတော့ ဆူပွက်နေသော သွေးကန်ကြီး တစ်ခု ရှိနေ၏။
ဆေးပညာရှင် ပိုင်ယန် ဆိုသူက ထို သွေးကန်ကြီးထဲတွင် ထိုင်နေလေ၏။ သူ့ဆံပင်ဖြူဖြူများက သွေးရောင် အလင်းတန်းများ ဖြာထွက်နေသည်။
သူက အဝတ်အစား တစ်ခုမှ ဝတ်ဆင်မထားဘဲ ဗလာကျင်းနေသည်။ ပိုပြီး ကြောက်စရာ ကောင်းတာက...သူ၏ အိုမင်းသော ခန္ဓာကိုယ်ပေါ်တွင် မြွေငယ်လေးများနှင့် တူသော သွေးကြောကြီးများက ဖုထစ်ရောင်ရမ်းနေခြင်းပင်။ မြင်ရသူအဖို့ ကြက်သီးထစရာ ကောင်းလှပေသည်။
"ဝူး... ဝူး... ဝူး..."
သွေးကန်ကြီး အတွင်းမှ နာကျည်းဝိညာဉ်များ၏ သနားစဖွယ် အော်ဟစ်သံများကလည်း ထွက်ပေါ်နေသေး၏။
ဆေးပညာရှင် ပိုင်ယန် တစ်ယောက် တံခါးပိတ် ကျင့်ကြံနေရခြင်းမှာ အကြောင်း ရှိသည်။ သူ့သက်တမ်းက သိပ်မကျန်တော့ပါ၊
သို့ကြောင့် သူက နည်းလမ်းပေါင်းစုံ သုံးပြီး အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်အောင် ကြိုးစားနေခြင်း ဖြစ်သည်။ ဒါမှသာ သူ အသက်ဆက်ရှင်နိုင်မည် မဟုတ်ပါလော။
ဒီအတွက် ဆိုရင် သူက ဘယ်လို တန်ကြေးမျိုးကိုမဆို ပေးဆပ်ဖို့ ဝန်မလေးပါချေ။
သို့သော်... ဒီအချိန်မှာတော့...
မထင်မှတ်ထားသည့် အရာ တစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ဆေးပညာရှင် ပိုင်ယန် တစ်ယောက် ရုတ်တရက် လန့်ဖျပ်သွားပြီး မျက်နှာထား ပြောင်းလဲသွားလေ၏။ သူက သူ့အရှိန်အဝါကို ပြန်လည် သိမ်းဆည်းလိုက်ပြီး မျက်လုံးကို ဖွင့်ကာ တာ့ယွဲ့ စီရင်စု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်လာတော့သည်။
"သွေးဓားကောင်... ကိစ္စ တုံးသွားပြီလား"
သူ့မှာ သွေးဓားမိစ္ဆာ လော့ပန်းရဲ့ 'ဝိညာဉ် ကမ္ဗည်းပြား' တော့ မရှိပါ။ သို့သော်၊ သူ လေ့ကျင့်နေသည့် 'မဟာမိစ္ဆာ တာအို' ကျင့်စဉ် ဆိုသည်က.. လော့ပန်း သင်ပေးထားသည်လေ။ သူတို့ နှစ်ယောက်က ဇာစ်မြစ်တူသည်ဟု.. ပြော၍ ရသည်။
ခုနလေးတင်... သွေးဓားမိစ္ဆာ လော့ပန်း၏ တည်ရှိမှု.. ပျောက်ကွယ်သွားသည်ကို ဆေးပညာရှင် ပိုင်ယန်..ဝိုးတဝါး အာရုံခံလိုက်မိသည်။
ဒီခံစားမှုကြီးက တော်တော်လေး ထူးဆန်းသည်။ သူ့ကျင့်စဉ်နှင့် လော့ပန်း၏ ကျင့်စဉ်ကြားက ဆက်နွယ်မှု ကြိုးမျှင်လေး ပြတ်တောက်သွားသလိုမျိုးပင်။
ဆေးပညာရှင် ပိုင်ယန်၏ မျက်နှာတွင် ခံစားချက် အမျိုးမျိုး ပြောင်းလဲသွားပြီးနောက်... ရုတ်.တရက် သူက အရူးတစ်ယောက်လို တရစပ်.. အော်ရယ်လိုက်လေတော့သည်။
"ဟားဟားဟား..."
"သေတာတောင် နည်းသေးတယ်... ကောင်းတယ်ကွာ... သေသွားတာ ကောင်းတယ်"
ပိုင်ယန် တစ်ယောက် ပျော်လွန်း၍ ထကချင်စိတ်ပင် ပေါက်သွားသည်။
သူက အစကတည်းက လော့ပန်းကို မယုံကြည်ခဲ့ပါ။ ဒီကောင်ကြီးက သူ့ကို 'မဟာမိစ္ဆာ တာအို' ကျင့်စဉ် သင်ပေးတုန်းက ‘မရိုးသားဘူး၊ တခုခု ကြံနေတယ်’ ဟု သူ အမြဲ သံသယ ဝင်ခဲ့၏။
လော့ပန်းကို သူ အမြဲ သတိထား စောင့်ကြည့်နေခဲ့ရသည်လေ။
လော့ပန်း ရှင်နေသရွေ့ သူ ဘယ်တော့မှ စိတ်အေးရမှာ မဟုတ်ဘူးဟု တွေးနေခဲ့သည်သာ။
အခုတော့... ကျင့်စဉ်ချင်း ဆက်နွယ်မှု ပြတ်တောက်သွားပြီ ဆိုတော့ လော့ပန်း သေသွားပြီဆိုတာ သေချာသလောက် ရှိသွားပြီ။ ပိုင်ယန့် ရင်ထဲက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုတွေ အားလုံး လျှောခနဲ ပျောက်ကွယ်သွားလေတော့သည်။
ပျော်ရွှင်မှု ဒီရေအလျဉ် ဖြတ်သန်းသွားပြီးနောက်... ပိုင်ယန်က ကျေနပ်အားရစွာဖြင့် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
သူ့မျက်လုံးများထဲတွင်တော့ သွေးရောင်များ နီစွေးစွေး… တောက်ပလာသည်။
သူ့အောက်ခြေက သွေးကန်ကြီးကို ငုံ့ကြည့်လိုက်၊ ပြီးတော့ သူ့ခန္ဓာကိုယ်က ဆွေးမြည့်နေသည့် အငွေ့အသက်တွေကို အာရုံခံကြည့်လိုက်ရင်း... ပိုင်ယန် တစ်ယောက် အံကို ကြိတ်လိုက်မိသည်။
"ငါ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး... ဒီအတိုင်း ဆက်နေနေရင်တော့ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ လမ်းစ ပျောက်မှာပဲ"
သူက တာ့ယွဲ့ စီရင်စု ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြန်သည်။ ဒီတစ်ခါ သူ့မျက်လုံးတွေထဲမှာတော့ သွေးဆာခြင်း၊ လောဘတက်ခြင်း နှင့် ရူးသွပ်ခြင်းများ ရောယှက် တောက်လောင်နေလေ၏။
"ပြန်မယ်... ငါ ပြန်မှ ဖြစ်တော့မယ်"
"ကျင့်ကြံသူတွေရဲ့ သွေးလတ်လတ်ဆတ်ဆတ် လုံလုံလောက်လောက် ရမှသာ ငါ့ရဲ့ အဆင့်တက်မယ့် အဟန့်အတား ကို ဖွင့်နိုင်ပြီး အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်မှာ"
"သာမန်လူ တစ်ထောင်၊ တစ်သောင်းကို သတ်ရတာက... အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ရတာလောက် အရာမရောက်ဘူးကွ"
သူ့ခေါင်းထဲမှာ 'ယွင်ကျန်းဂိုဏ်း' ကို ပြေးမြင်လိုက်သည်။
‘ အချိန်ကိုက်ပါပဲ။ ယွင်ကျန်းဂိုဏ်းက ရှေးဟောင်း ဘိုးဘေးကြီးရဲ့ သက်တမ်းက ကုန်ခါနီးနေလောက်ပြီ မဟုတ်လား။
ဒီအချိန်မှာ ပြန်သွားတာ အလုံခြုံဆုံးပဲ။ ’
"ယွင်ကျန်းဂိုဏ်းရဲ့ ရှေးဟောင်း ဘိုးဘေးကြီးသာ မရှိတော့ရင်... အဲ့ဒီဂိုဏ်းထဲက ကျင့်ကြံသူတွေ အကုန်လုံးက ငါ့ရဲ့ 'မဟာမိစ္ဆာ တာအို' အောင်မြင်ဖို့အတွက် အစာတွေချည်းပဲ ဖြစ်လာမှာ... ဟားဟား"
"ငါ အမြုတေ ဖွဲ့စည်းမယ်... ငါ 'မိစ္ဆာဘုရင်' ဖြစ်ကို ဖြစ်ရမယ်"
ဆေးပညာရှင် ပိုင်ယန်၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေသော်လည်း တစ်ဖက်တွင်တော့ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေပြန်သည်။
သူ၏ ဝိညာဉ်အာရုံက သာမန်လူတွေထက် အများကြီး ပိုအားကောင်းသည်ကိုး။ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားသော်ငြား သူ့စိတ်သူ ထိန်းချုပ်ထားနိုင်သေးသည်။ လုံးဝကြီး အရူးဖြစ်မသွားသေးပေ။