← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၂)

~ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်...။

ဆေးပညာရှင် ပိုင်ယန်သည် သွေးကန်ကြီး အတွင်းမှ သွေးများကို ခြောက်ခန်းသွားအောင် စုပ်ယူပြီးသည့် အချိန်၌ စုချင်းယီနှင့်အတူ ထွက်ခွာသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးဝါးတော၏ အပြင်ဘက် ဆယ်မိုင်ခန့် အကွာအဝေးတွင် ရှိသော တောင်ကြီးတစ်လုံး၏ ဗဟိုချက်မဆီ၌ ဖြစ်ချေ၏။

စုယွီသည် တောင်၏ ဝမ်းဗိုက်ထဲသို့ တိုးဝင်ကာ ဂူတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး 'မီးလုံးပြုစားခြင်း' အသေးစားလေး တစ်ခု ဖန်တီးကာ ဂူတစ်ခုလုံး လင်းထိန်သွားအောင် ပြုလုပ်လိုက်လေ၏။

ထိုမျှမကသေးပေ။ အလံငယ်လေး အချို့ကို ထုတ်ယူကာ အခင်းအကျင်း တစ်ခု ခင်းကျင်းလိုက်ပြီး သူ၏ အငွေ့အသက်များကို လုံးဝ ဖုံးကွယ်လိုက်၏။

"ဟူး... ဘယ်သူမှ လိုက်မလာပါဘူး"

ခဏလောက်ကြာသောအခါ မည်သူမျှ သူ့နောက်သို့ လိုက်မလာကြောင်း၊ စောင့်ကြည့်နေသည့် အငွေ့အသက်များ မရှိကြောင်း သေချာသွားမှသာ စုယွီတစ်ယောက် သက်ပြင်းချနိုင်လေတော့သည်။ စိတ်ကို အနည်းငယ် လျှော့ချလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ လော့ပန်းထံမှ ရရှိခဲ့သော 'ကောင်းကင်ပိုက်ကွန် ထီး' နှင့် 'ချန်ခွန်းအိတ်' ကို ထုတ်ယူလိုက်လေ၏။

"အင်း... မိစ္ဆာအငွေ့တွေ နံဟောင်နေတာပဲ"

ထိုပစ္စည်းနှစ်ခုလုံး၌ လော့ပန်း၏ 'မဟာမိစ္ဆာ တာအို' စွမ်းအင်များ ကပ်ငြိနေသည်ကို ခံစားလိုက်ရသဖြင့် စုယွီ မျက်ခုံးကြုတ်လိုက်မိပေသည်။ သူသည် ချက်ချင်းပင် သူ၏ စွမ်းအားကို အသုံးပြု၍ ထိုအငွေ့အသက်များကို ဖယ်ရှားပစ်လိုက်လေ၏။

ထို့နောက်မှ 'ကောင်းကင်ပိုက်ကွန် ထီး' ကို ကောက်ယူပြီး သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။

ဤထီးမှာ သာမန်ထီး မဟုတ်ပေ။ သတ္တုနက်များဖြင့် ထုလုပ်ထားသော သတ္တုထီး တစ်လက် ဖြစ်ချေသည်။ မူလက တတိယအဆင့် သားရဲရေဖြင့် ပြုလုပ်ထားသည့် အမိုးပါရှိမည့်ပုံ ပေါက်၏။ ယခုမူ ထိုအမိုးများ မရှိတော့ဘဲ ထီးရိုးနှင့် ထီးကိုင်းများသာ ကျန်ရှိတော့၏။ ပျက်စီးယိုယွင်းနေသော ပုံစံမျိုး ဖြစ်နေပေသည်။

ကြည့်လိုက်လျှင်မူ သာမန် ထီးပျက်ကြီး တစ်လက်နှင့် မည်သို့မျှ မခြားနားလှပေ။ သို့သော်...

"ဝုန်း"

စုယွီသည် သူ၏ ဝိညာဉ်အာရုံကို ထီးထဲသို့ အတင်း ထိုးသွင်းလိုက်ပြီး လော့ပန်း ခတ်နှိပ်ထားသော ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်လိုက်၏။ ပြီးသည်နှင့် သူ၏ ကိုယ်ပိုင် အမှတ်အသားကို ချက်ချင်း ခတ်နှိပ်လိုက်ကာ သူပိုင်ဆိုင်သော ပစ္စည်းဖြစ်အောင် ပြုလုပ်လိုက်လေတော့သည်။

သူ၏ စွမ်းအားများ ထီးထဲသို့ စီးဝင်သွားသည့် အချိန်၌ ဖော်ပြမတတ်နိုင်လောက်အောင် ထက်ရှသည့် အရှိန်အဝါ တစ်ခုသည် ထီးဆီမှ ဖြာထွက်လာလေ၏။

"ဝီ..."

ဤ ထက်ရှမှုမှာ သာမန်ကာလျှံကာ မဟုတ်ချေ။ ထီး၏ အချွန်အတက်များမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ၊ ထီးကိုင်း တစ်ချောင်းချင်းစီ၊ သတ္တုသား တစ်ခုချင်းစီမှ ဓားသွားများသဖွယ် ထက်ရှသော အငွေ့အသက်များ ထွက်ပေါ်နေခြင်း ဖြစ်ပေသည်။

"ကောင်းကင်ပိုက်ကွန် ထီး... အပိုင်းအစ ဖြစ်နေတာတောင် ဒီလောက် အစွမ်းထက်နေသေးပါလား... တကယ့် ထိပ်တန်း မှော်လက်နက် ပါလား"

လွန်ခဲ့သည့် နှစ် ၅၀ ခန့်က လော့ပန်းသည် ဤထီးကို ယွင်ရှန် ဈေး၌ လုယူခဲ့ခြင်း ဖြစ်၏။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ဤပစ္စည်းသည် သူ့လက်ထဲသို့ ပြန်ရောက်လာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

"ဒီကောင်က အခင်းအကျင်းတွေကို ဖျက်ဆီးနိုင်ရုံတင် မကဘူး... လူသတ်လက်နက် အနေနဲ့လည်း သုံးလို့ ရတာပဲ"

ထီးဆီမှ ထွက်ပေါ်နေသော သွေးညှီနံ့သင်းသင်းနှင့် ရက်စက်သည့် အငွေ့အသက်များကို ခံစားရင်း စုယွီ တွေးလိုက်မိပြန်သည်။

ထိုအခိုက်၌ မျက်ခုံး အနည်းငယ် ကြုတ်လိုက်မိလေ၏။

"ကြည့်ရတာ... လော့ပန်းက ဒီထီးနဲ့ လူပေါင်းမနည်း သတ်ခဲ့ပုံပဲ"

ခဏမျှ စဉ်းစားပြီးနောက် စုယွီသည် ထီး၌ ကပ်ငြိနေသော သွေးစွန်းသည့် 'မိစ္ဆာအငွေ့အသက်' များကို မဖယ်ရှားရန် ဆုံးဖြတ်လိုက်၏။ ဤအတိုင်းပင် သူ၏ ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းလိုက်လေတော့သည်။

အကြောင်းမူကား ထို သွေးမိစ္ဆာ အငွေ့အသက်များ ရှိနေမှသာ ထီး၏ စွမ်းအားက ပိုမို ပြင်းထန်မည် မဟုတ်ပါလော။

အပိုင်းအစ ဖြစ်နေသည့် ထိပ်တန်း မှော်လက်နက် ဆိုသော်လည်း... တကယ့် ထိပ်တန်း မှော်လက်နက် အစစ်များနှင့် ယှဉ်ပြိုင်လျှင် သိပ်မလျော့လှပေ။

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဤကဲ့သို့သော လက်နက်မျိုးကို အသုံးပြုရန်မှာ စွမ်းအင်ကုန်ခန်းမှု ဒဏ်ကို မနည်း ခံနိုင်ရည် ရှိအောင် ကြိုးစားရပေလိမ့်မည်။

သို့သော် စုယွီ အတွက်မူ... ဤ 'ကောင်းကင်ပိုက်ကွန် ထီး' မှာ အလွန်ပင် သင့်လျော်လှပေသည်။

"ဒါပေမဲ့..."

စောစောက တိုက်ပွဲဖြစ်ပွားစဉ် အမြုတေဖွဲ့စည်းခြင်း အဆင့်များနှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များက လှမ်း၍ အကဲခတ်နေကြသည် မဟုတ်လော။ တော်ကြာ ဤထီးကို သူ ကိုင်ဆောင်ထားသည်ကို တွေ့ရှိသွားပါက... လော့ပန်းကို သတ်ဖြတ်လိုက်သူမှာ စုယွီ ဖြစ်ကြောင်း သိရှိသွားကြပေလိမ့်မည်။

သူသည် သူ၏ မူလခန္ဓာကိုယ်ကို ဤကိစ္စနှင့် မပတ်သက်စေလိုပေ။

ထို့ကြောင့်...

"ထားလိုက်ပါတော့... ငါ့မှာလည်း ဒီလို လက်နက်မျိုး မရှားပါဘူး... အခွင့်အရေး ရရင် ရောင်းထုတ်ပစ်လိုက်တာပဲ ကောင်းပါတယ်"

ဆုံးဖြတ်ချက် ချလိုက်တော့၏။

ထို့နောက် လော့ပန်း၏ 'ချန်ခွန်းအိတ်' ကို ဖွင့်ကြည့်လိုက်လေ၏။ အထဲမှ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပြီး သူ၏ ဝိညာဉ်အာရုံဖြင့် ဝင်ရောက် ကြည့်ရှုလိုက်ရာ...

"ဟာ... ဘုရားရေ..."

စုယွီ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

"ဒီကောင်... ဒီလောက်တောင် အများကြီး စုဆောင်းထားတာလား"

ပြန်လည် စဉ်းစားကြည့်လျှင်လည်း ဟုတ်မှန်ပေသည်။ လော့ပန်း ဆိုသူမှာ သူ့ကဲ့သို့ လူကိုပင် သတ်ဖြတ်ရဲသူ ဖြစ်ရာ... အခြားသူများကို သတ်ဖြတ်ရန် ဝန်လေးနေမည့်သူ မဟုတ်ချေ။

"ဒါတွေ အကုန်လုံးက... လေ့ထင်း ဈေးကို လာတဲ့ ကုန်သည်တွေကို သတ်ပြီး လုယူထားတာတွေ ဖြစ်မယ်"

အိတ်ထဲမှ ပစ္စည်းများ အားလုံးကို အပြင်သို့ ထုတ်လိုက်၏။

တစ်ခဏချင်းမှာပင်...

ဂူကြမ်းပြင်ပေါ်၌ ဝိညာဉ်ကျောက်တိုင်များနှင့် သတ္တုရိုင်းများ တောင်လို ပုံသွားလေတော့သည်။

ရေတွက်ကြည့်လိုက်သောအခါ...

"ဟားဟား... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅,၀၀၀) ကျော်နဲ့... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂,၀၀၀) ကျော်တောင် ပါလားကွ"

စုယွီ ပြုံးလိုက်မိ၏။

"ပြီးတော့ ဒီသတ္တုတွေက..."

မည်းနက်နေသော သတ္တုတုံးပုံကြီးကို ကြည့်ရှုရင်း စုယွီ အံ့သြသွားရပါ၏။

"တတိယအဆင့် ဝိညာဉ်သတ္တု... 'အရိပ်စုပ် ဝိညာဉ်ကျောက်' တွေပါလား"

သတ္တုပုံမှာ သိပ်မကြီးလှချေ။ တစ်ကုဗမီတာ ခန့်သာ ရှိပေမည်။ သို့သော် ဤသတ္တုများ၏ စွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အလင်းရောင်နှင့် ဝိညာဉ်အာရုံများကို စုပ်ယူနိုင်စွမ်း ရှိသည် မဟုတ်ပါလော။

ဆိုလိုသည်မှာ ဤသတ္တုများဖြင့်သာ ဝတ်ရုံ သို့မဟုတ် ချပ်ဝတ်များ ပြုလုပ်ဝတ်ဆင်ထားမည် ဆိုပါက... အခြား ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံဖြင့် ရှာဖွေခြင်းကို ခံရရန် အခွင့်အလမ်း များစွာ နည်းပါးသွားပေလိမ့်မည်။

ထိုမျှ မကသေးပေ။

ဤသတ္တုများကို မြင်လိုက်သည်နှင့် စုယွီ၏ ခေါင်းထဲ၌ 'တာအိုဆရာ ကျဲ'၏ အမွေအနှစ်ထဲမှ နည်းပညာ တစ်ခုကို သွားရောက် သတိရလိုက်မိ၏။

'သင်္ချိုင်း ရုပ်သေး နည်းပညာ' ။

ထိုအထဲတွင် 'အရိပ်ရုပ်သေး' ဆိုသည့် တတိယအဆင့် အဆင့်နိမ့် ရုပ်သေး တစ်မျိုး ပြုလုပ်၍ ရနိုင်ပေသည်။ လူသားပုံသဏ္ဍာန် ရုပ်သေး ဖြစ်ချေ၏။

ပုန်းအောင်းခြင်း၊ ခြေရာခံခြင်း နှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့တွင် ဆရာတစ်ဆူ ဖြစ်ပေသည်။

ဤ အရိပ်စုပ် ဝိညာဉ်ကျောက်များသည် ထိုရုပ်သေး ပြုလုပ်ရန် အဓိက ကုန်ကြမ်းများ ဖြစ်ကြသည်။ သို့သော် အခြား တတိယအဆင့် သတ္တုများနှင့်... 'ကောင်းကင်လင်းယုန် ခွေးအ' ဟု ခေါ်သော တတိယအဆင့် မိစ္ဆာသားရဲ၏ 'အမြုတေ' လိုအပ်သေး၏။

ထိုအကောင်မှာ အရိပ်ပညာရပ်များကို ကျွမ်းကျင်သော ရှားပါး သားရဲမျိုး ဖြစ်၏။

စုယွီ မျက်ခုံးကြုတ်လိုက်မိ၏။

"ကောင်းကင်လင်းယုန် ခွေးအ ဆိုတာ ရှာရခက်တဲ့ အမျိုး... တွေ့ရင်တောင်မှ တတိယအဆင့် သားရဲကို သတ်ဖို့ ဆိုတာ မလွယ်ဘူး... အန္တရာယ် များလွန်းတယ်"

ထို့ကြောင့် အရိပ်ရုပ်သေး ပြုလုပ်ရန် အစီအစဉ်မှာ မဖြစ်နိုင်သေးချေ။

"ဒါပေမဲ့..."

အရိပ်စုပ် ဝိညာဉ်ကျောက်များကို ကြည့်ရှုရင်း စုယွီ၏ ခေါင်းထဲ၌ အကြံတစ်ခု ဝင်ရောက်လာ၏။

"ငါ့ရဲ့ 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' ရုပ်သေးထဲကို အရိပ်ရုပ်သေးရဲ့ နည်းပညာတွေ ပေါင်းထည့်လိုက်ရင်ကော... အဆင်မပြေနိုင်ဘူးလား"

အရိပ်ရုပ်သေး၏ စွမ်းရည် အကုန်လုံး မရရှိလျှင်တောင်မှ... ပုန်းအောင်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်သည့် စွမ်းရည်များ တိုးတက်လာလျှင်ပင် မဆိုးလှပေ။

တွေးတောပြီးသည်နှင့် စုယွီသည် အရိပ်စုပ် ဝိညာဉ်ကျောက်များကို သိမ်းဆည်းလိုက်လေ၏။

တကယ်လို့သာ သူ၏ နှံကောင်ရုပ်သေးကို တတိယအဆင့် ရောက်ရှိအောင် မြှင့်တင်မည် ဆိုပါက... ဤမျှသော သတ္တုပမာဏဖြင့် လုံလောက်မည် မဟုတ်ချေ။

"လော့ပန်းက ဒီဟာတွေ ဘယ်က ရလာပါလိမ့်"

ကျန်ရှိသော ပစ္စည်းများကို ဆက်လက်၍ စစ်ဆေးကြည့်ရှုလိုက်ရာ...

"အို... ဒုတိယအဆင့် သားရဲအရေခွံ (၅) ချပ်တောင် ပါလား... (၂) ချပ်က အရည်အသွေးမြင့် အမျိုးအစားတွေပဲ"

စုယွီ ဝမ်းသာသွားမိလေ၏။

"ဒါတွေနဲ့ဆိုရင် အရည်အသွေးမြင့် ဒုတိယအဆင့် 'အဆောင်စာရွက်' တွေ အများကြီး လုပ်လို့ ရပြီဟေ့”

အခန်း (၂၃၆) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၃)

~ထို့အပြင်...

စုယွီသည် ကျောက်စိမ်းပေလွှာ အချို့ကိုလည်း ရှာဖွေတွေ့ရှိလိုက်၏။

ထိုအထဲမှ တစ်ခုတွင် 'သွေးသန့်စင်ခြင်း အဆင့်ကိုးဆင့် အင်မော်တယ်ကျမ်း' ဟု အမည်ရသော မိစ္ဆာကျင့်စဉ် တစ်ခု ပါဝင်နေသည်ကို တွေ့လိုက်ရ၏။

စုယွီသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ထို မိစ္ဆာကျင့်စဉ်ကို လေ့လာကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်လေတော့သည်။

ဤကဲ့သို့သော အရာမျိုးကို သူသည် မည်သို့မျှ သည်းမခံနိုင်ချေ။

အခြား သက်ရှိများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီး မိမိ၏ စွမ်းအားကို တိုးမြှင့်ရခြင်း၊ အဆုံးမရှိသော သတ်ဖြတ်ခြင်းများကို ပြုလုပ်ရခြင်း စသည်တို့မှာ အလွန် ယုတ်မာ ရိုင်းစိုင်းလှသည့် အလုပ်များ ဖြစ်ပေသည်။ သို့ပါလျက်နှင့် ဤကျင့်စဉ်ကို 'အင်မော်တယ်ကျမ်း' ဟု အမည်ပေးထားခြင်းမှာ အလွန် ရွံရှာဖွယ် ကောင်းလှပေစွ။

လော့ပန်း၏ 'ချန်ခွန်းအိတ်' ကို ရှင်းလင်းပြီးနောက် မိစ္ဆာပစ္စည်းများ အားလုံးကို ဖျက်ဆီးပစ်လိုက်၏။ သို့သော် အဆိပ်များနှင့် မေ့ဆေးများ ကဲ့သို့သော ပစ္စည်းအချို့ကိုမူ ချန်ထားလိုက်လေ၏။ စုယွီ၏ အမြင်အရ ထိုပစ္စည်းများသည် သွေးဓားမိစ္ဆာ လော့ပန်းက အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူများကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ရာ အလွန် ထိရောက်မှု ရှိနိုင်သည် မဟုတ်ပါလော။

ဤလက်နက်များမှာ ပစ္စည်းကောင်းများ ဖြစ်သဖြင့် သူ သိမ်းဆည်းထားရပေမည်။

သူ၏ ကိုယ်ပိုင် အခင်းအကျင်းအလံများကို ပြန်လည် သိမ်းဆည်းရင်း စုယွီသည် တစ်ခဏမျှ ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်မိလေ၏။

"မိတ်ဆွေ ချန်... ငါ မင်းအတွက် လက်စားချေပေးလိုက်ပြီ"

"ဒီကောင့်ကို ငါ ကိုယ်တိုင် အမှုန့်ကြိတ်ပြီးပြီ ဆိုတော့... သူ့အုတ်ဂူပေါ်တက်ပြီး ကခုန်နေစရာ မလိုတော့ပါဘူး... ငါ့အမုန်းတွေလည်း ပြေပါပြီ"

"ငါ ပြန်ရောက်ရင် မင်းအတွက် ဝိညာဉ်ဝိုင် တစ်ခွက် လောင်းပြီး ဂါရဝပြုပါ့မယ်နော်"

ထို့နောက် သူ ထွက်ခွာလာခဲ့၏။

စုယွီသည် တောင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး သူ၏ ရုပ်ရည်ကို သန်မာထွားကျိုင်းသော လူလတ်ပိုင်း အရွယ် တစ်ဦးအဖြစ် ပြောင်းလဲလိုက်လေ၏။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးခြင်းကို ကာကွယ်ပေးနိုင်သည့် မျက်နှာဖုံး တစ်ခုကိုလည်း တပ်ဆင်လိုက်ပြီး လေ့ထင်း ဈေး တည်ရှိရာ ဝါးတောဆီသို့ ဦးတည် သွားရောက်လိုက်၏။

မကြာမီ အချိန်အတွင်းမှာပင် မိုးကြိုးဝါးပင်များ ပြည့်နှက်နေသော တောင်တန်းကြီး တစ်ခုသည် သူ၏ ရှေ့မှောက်၌ ပေါ်လာလေတော့သည်။

စုယွီ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး တမုဟုတ်ချင်း ပြောင်းလဲသွားလေ၏။

သူသည် မည်းမှောင်နေသော သစ်တောအုပ် တစ်ခုအတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်ချေသည်။

ဤသည်မှာ 'အာရုံထွေပြား အခင်းအကျင်း' တစ်ခု ဖြစ်ပေသည်။

ကျောက်စိမ်းပေလွှာထဲတွင် 'တာအိုဆရာ ရှုယွီ' သင်ကြားပေးထားသည့် နည်းလမ်းအတိုင်း စုယွီ ဆက်လက် လျှောက်လှမ်းလိုက်ရာ ခဏအကြာတွင် မြင်ကွင်းများ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သဘာဝ ဝိညာဉ်စွမ်းအင်များ တိုးဝှေ့ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး၊ စိမ်းစိုနေသော ကျောက်စိမ်းရောင် လမ်းကလေး တစ်ခု ပေါ်လာလေ၏။ ထိုလမ်းကလေးသည် တောင်ပေါ်သို့ ဦးတည်နေပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ခရမ်းရောင် မိုးကြိုးဝါးပင်များ စီတန်း ပေါက်ရောက်နေသည်။

တောင်၏ ဝင်ပေါက်တွင်မူ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦးက စောင့်ကြပ်နေကြသည်ကို တွေ့ရှိရလေ၏။

စုယွီသည် သူတို့ အနီးသို့ လျှောက်သွားလိုက်ပြီး 'ကောင်းကင် အပျက်အစီးခန်းမ' ၏ 'အထူး တံဆိပ်ပြား' နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ထုတ်ပေးလိုက်သည်။

စောင့်ကြပ်သူများက ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်ပြီး တံဆိပ်ပြားကို စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြကာ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်ကြလေ၏။

"ကြွပါ.. မိတ်ဆွေ... အတွင်းကို ဝင်နိုင်ပါပြီ"

တိတ်ဆိတ် ငြိမ်သက်နေသော လမ်းကလေး အတိုင်း တစ်မိုင်ခန့် လျှောက်လှမ်းလာပြီးနောက် အိမ်ကြီးရာအိမ် တစ်ခုသည် သူ၏ ရှေ့မှောက်၌ ပေါ်လာလေတော့သည်။

ပင်မ တံခါးဝတွင် ဧည့်သည်များကို ကြိုဆိုရန် လူတစ်ဦး စောင့်ဆိုင်းနေလေ၏။

စုယွီသည် ထိုသူ၏ နောက်မှ လိုက်ပါသွားပြီး အိမ်ကြီးရာအိမ် အတွင်း၌ (၃) ရက်ခန့် တည်းခို နေထိုင်လိုက်၏။ (၃) ရက်မြောက်နေ့ မနက်ခင်း ရောက်သောအခါ 'လေ့ထင်း ဈေး' ၏ ကုန်သွယ်ပွဲကြီး စတင် ကျင်းပလေတော့သည်။

ကျယ်ဝန်းလှသော ခြံဝင်းကြီး တစ်ခု အတွင်း၌ စားပွဲပုလေးများကို စက်ဝိုင်းပုံစံ စီတန်း ခင်းကျင်းထားပြီး ဝိညာဉ်လက်ဖက်ရည်များနှင့် ဝိညာဉ်သစ်သီးများကို တည်ခင်းထား၏။

စုယွီသည် စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

ဤ ပုံမှန် ကုန်သွယ်ပွဲသို့ ရောက်ရှိလာကြသော အဆင့်မြင့် ကျင့်ကြံသူ ဦးရေမှာ အမှန်တကယ်ပင် မများပြားလှပေ။ လေလံပွဲများကဲ့သို့ လူ မစည်ကားဘဲ လူဦးရေ (၁၀၀) အောက်သာ ရှိ၏။

သို့သော်လည်း ရောက်ရှိလာသူ အားလုံးမှာ အခြေခံတည်ဆောက်ခြင်း အဆင့် သို့မဟုတ် ထို့ထက် မြင့်မားသော အဆင့်ရှိသည့် ကျင့်ကြံသူများချည်း ဖြစ်ကြပေသည်။

ကျင့်ကြံသူများ အားလုံး စုံလင်သွားသည့် အချိန်၌ ကောင်းကင်မှ ပြင်းထန်သော စွမ်းအင်လှိုင်း တစ်ခု ကျဆင်းလာသည်။

ဂျိန်းခနဲ..အသံ တစ်ခုနှင့်အတူ လူရိပ်တစ်ရိပ်သည် စားပွဲဝိုင်းများ၏ အလယ်တည့်တည့်တွင် ပေါ်ထွက်လာလေတော့သည်။

ထိုသူမှာ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခရမ်းရောင် ကျောက်စိမ်း သရဖူကို ဆောင်းထား၏။ မျက်နှာထားမှာ တည်ကြည်ခန့်ညားပြီး ခန္ဓာကိုယ်မှာ သန်မာထွားကျိုင်း၍ ယောကျ်ားကောင်း ပီသလေ၏။

တစ်ချက်တစ်ချက်တွင် သူ့ခန္ဓာကိုယ် ပတ်လည်၌ လျှပ်စီးကြောင်းများ ရစ်သိုင်းနေသည်ကို တွေ့ရပေမည်။ အမြုတေဖွဲ့စည်းခြင်း အဆင့် 'အရှင်သခင်' တစ်ပါး၏ ကြီးမြတ်သော အရှိန်အဝါသည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး ကြည့်ရှုသူများကို တုန်လှုပ်သွားစေ၏။

ဤသူကား 'လေ့ထင်း ဈေး' ၏ ပိုင်ရှင် 'အရှင်သခင် လေ့ထင်း'ပင် ဖြစ်ချေသည်။

အရှင်သခင် လေ့ထင်းသည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်လေ၏။

"ဟားဟား... မိတ်ဆွေတို့ အားလုံးပဲ... ကျုပ်ရဲ့ ကုန်သွယ်ပွဲကို လာရောက် အားပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ... ထုံးစံအတိုင်းပဲ အရောင်းအဝယ်ကို စလိုက်ကြရအောင်... ကျုပ်ကပဲ အရင် စဖွင့်ပေးပါ့မယ်"

"မင်္ဂလာပါ... အရှင်သခင် လေ့ထင်း"

"ဂါရဝပြုပါတယ်... အကြီးအကဲ လေ့ထင်း"

"ဟားဟား... ကောင်းတာပေါ့ဗျာ... အရှင်သခင် လေ့ထင်းက ဘယ်လို ရတနာမျိုးတွေ ထုတ်ပြမလဲ ဆိုတာ သိချင်လှပါပြီ... ကျုပ်တို့ လီမိသားစုကတော့ မျှော်လင့်နေပါတယ်ဗျ"

ကျင့်ကြံသူများထံမှ တုံ့ပြန်သံ အမျိုးမျိုး ထွက်ပေါ်လာကြ၏။ အချို့က ရိုသေလေးစားစွာ နှုတ်ဆက်ကြသလို၊ အချို့ကလည်း မြှောက်ပင့် ပြောဆိုနေကြလေ၏။

အရှင်သခင် လေ့ထင်းသည် အသံများ ငြိမ်သက်သွားသည် အထိ စောင့်ဆိုင်းလိုက်ပြီးမှ လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သုံးပေခန့် ရှည်လျားသော ခရမ်းရောင် 'မိုးကြိုးဝါး' တစ်ချောင်း ပေါ်ထွက်လာလေ၏။

"ဒါကတော့ နှစ် (၃၀၀) သက်တမ်းရှိတဲ့... တတိယအဆင့် အဆင့်နိမ့် 'ခရမ်းရောင် မိုးကြိုးဝါး' ပါ... ကျုပ်ရဲ့ မိုးကြိုးဝါးတောင်က ထွက်တဲ့ အဓိက ပစ္စည်းပေါ့ဗျာ"

"ဒီဝါးကို မိုးကြိုးဓာတ် မှော်လက်နက်တွေ သွန်းလုပ်ရာမှာ သုံးလို့ ရသလို... အဆောင်စာရွက်တွေ၊ အဆောင်လက်နက်တွေ ပြုလုပ်ရာမှာလည်း သုံးလို့ ရပါတယ်"

"ကျုပ်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လိုချင်တယ်... ဒါမှမဟုတ် တတိယအဆင့် အဆောင်စာရွက်တွေနဲ့ လဲမယ်ဗျာ"

အရှင်သခင် လေ့ထင်း၏ တတိယအဆင့် အဆင့်နိမ့် ခရမ်းရောင် မိုးကြိုးဝါးကို မြင်လိုက်ရသောအခါ စုယွီ့ခမျာ တံတွေး တစ်ချက် မျိုချလိုက်မိ၏။ ရင်ထဲတွင် လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာပြီး အံ့သြမှင်သက်သွားမိလေ၏။

အရှင်သခင် လေ့ထင်း၏ လက်ထဲတွင် ဤကဲ့သို့သော အဆင့်ရှိသည့် ဝိညာဉ်အပင်မျိုး ရှိနေပါလား။

ခရမ်းရောင် မိုးကြိုးဝါးကို ကြည့်ရှုလိုက်ရာ ပြန်လည် ရှင်သန်ကြီးထွားနိုင်စွမ်း ရှိသည့် ဝိညာဉ်အပင် တစ်မျိုး ဖြစ်ကြောင်း သိသာ ထင်ရှားနေပေသည်။

နှစ် (၃၀၀) သက်တမ်း ဆိုသော်လည်း တကယ်တမ်း နှစ်ပေါင်း (၃၀၀) ကြာအောင် ပေါက်ရောက်ခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဝိညာဉ်အရည်ကြည် သို့မဟုတ် ဝိညာဉ်အပင် စိုက်ပျိုးသူများ၏ နည်းစနစ်များကို အသုံးပြု၍ ကြီးထွားနှုန်းကို မြှင့်တင်ထားခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း နှစ် (၃၀၀) သက်တမ်းရှိသော ခရမ်းရောင် မိုးကြိုးဝါး ဆိုသည်မှာ ထိပ်တန်း မှော်လက်နက် တစ်ခု၏ တန်ဖိုး တစ်ဝက်ခန့် ရှိနိုင်ပေသည်။

အမြင့်ဆုံး ဈေးနှုန်း အနေဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁,၀၀၀) သို့မဟုတ် တတိယအဆင့် အဆင့်နိမ့် အဆောင်စာရွက် (၁၀) ခု ထက်တော့ ကျော်လွန်မည် မဟုတ်ချေ။

ပွဲအတွင်းရှိ ကျင့်ကြံသူများသည် ခေတ္တမျှ စဉ်းစားတွေးတောနေကြပြီးနောက် ဈေးပြိုင် ခေါ်ယူကြလေတော့သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀) မှ စတင် ခေါ်ယူကြလေ၏။

နောက်ဆုံးတွင်မူ စုယွီက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၉၇၀) ဖြင့် လေလံအောင်မြင်သွားလေတော့သည်။

"ဂုဏ်ယူပါတယ် မိတ်ဆွေ..."

အရှင်သခင် လေ့ထင်းက လက်ကို ဝှေ့ယမ်းကာ ခရမ်းရောင် မိုးကြိုးဝါးကို စုယွီထံသို့ ပေးပို့လိုက်ပြီး၊ စုယွီ ပေးသော ဝိညာဉ်ကျောက်တုံးများနှင့် ပွဲခွန် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို လက်ခံရယူလိုက်၏။

ထို့နောက် မျက်နှာဖုံး တပ်ဆင်ထားသော စုယွီကို ပြုံးပြလိုက်လေ၏။

"ကဲ... ဒီမိတ်ဆွေကြီးရေ... အလှည့်ကျပြီဗျို့... ခင်ဗျား လိုချင်တာ ရှိလား... ဒါမှမဟုတ် ရောင်းချင်တာ၊ လဲချင်တာများ ရှိသလားဗျာ"

စုယွီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပျက်စီးနေသော 'ကောင်းကင်ပိုက်ကွန် ထီး' ကို ထုတ်ပြလိုက်၏။

ထို့နောက် မျက်နှာဖုံးအောက်မှ အက်ကွဲကွဲ အသံဖြင့် ပြောဆိုလိုက်လေ၏။

"ဒါကတော့ ပျက်စီးနေတဲ့ ထိပ်တန်း မှော်လက်နက် တစ်ခုပါ... ကျွန်တော်ကတော့ အရည်အသွေးမြင့် ဒုတိယအဆင့် အဆောင်ပစ္စည်းတွေ... ဒါမှမဟုတ် တတိယအဆင့် ဝိညာဉ်သတ္တုတွေနဲ့ လဲချင်ပါတယ်”

အခန်း (၂၃၇) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၄)

~ရုတ်တရက်...

ကုန်သွယ်ပွဲ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေတော့သည်။

ကျင့်ကြံသူ အားလုံး၏ မျက်လုံးများမှာ စုယွီ ထုတ်ပြလိုက်သော 'ကောင်းကင်ပိုက်ကွန် ထီး' ဆီသို့ ရောက်ရှိသွားကြပြီး မျက်နက်ဝန်းများ ကျဉ်းမြောင်းသွားကြလေ၏။

အရှင်သခင် လေ့ထင်း အပါအဝင် လူတိုင်းသည် ထိုမြင်ကွင်းကြောင့် ခေတ္တမျှ မှင်သက်သွားကြရရှာသည်။

"ဒါ... ဒါက ပျက်စီးနေတဲ့ ထိပ်တန်း မှော်လက်နက်... ကောင်းကင်ပိုက်ကွန် ထီး မဟုတ်လား"

"သွေးဓားမိစ္ဆာ လော့ပန်းရဲ့ လက်နက်လေ"

လေစုပ်သံများ ထွက်ပေါ်လာလေ၏။

အချို့သော ကျင့်ကြံသူများမှာ အံ့အားသင့်လွန်းသဖြင့် အာမေဍိတ်သံများပင် ထွက်ပေါ်လာကြ၏။ သွေးဓားမိစ္ဆာ လော့ပန်း ဆိုသူသည် အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါးကို သွားရောက် စိန်ခေါ်မိသဖြင့် ထိုအရှင်သခင်၏ လက်ချက်ဖြင့် အစဖျောက် ခံလိုက်ရသည် ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့သည် မဟုတ်ပါလော။

ယခု သူတို့ မြင်တွေ့လိုက်ရသည်မှာ... သွေးဓားမိစ္ဆာ လော့ပန်းသည် ဤလူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းလော။

သို့သော်လည်း ပွဲအတွင်း ရှိနေသူများမှာ သာမန်လူများ မဟုတ်ကြပေ။ အထူးအဆင့်အတန်း ရှိသူများ နှင့် ဝါရင့်သမ္ဘာရင့်များသာ ဖြစ်ကြ၏။ ထို့ကြောင့် အနည်းငယ် အံ့သြသွားကြသော်လည်း ပွဲစဉ်၏ စည်းကမ်းကိုမူ ပျက်ပြားအောင် မလုပ်ဆောင်ကြပေ။

မကြာမီမှာပင် လူတစ်ဦးသည် သေချာစွာ စဉ်းစားချင့်ချိန်ပြီးနောက် ထို ပျက်စီးနေသော ထိပ်တန်း မှော်လက်နက် 'ကောင်းကင်ပိုက်ကွန် ထီး' ကို စတင်၍ ဈေးပေး ဝယ်ယူလေတော့သည်။

နောက်ဆုံး၌ စုယွီသည် ထိုလက်နက်ကို တတိယအဆင့် ဝိညာဉ်သတ္တု နှစ်မျိုးဖြင့် လဲလှယ်လိုက်လေ၏။ ထိုသတ္တု နှစ်မျိုးစလုံးမှာ သူ၏ 'တာအိုခန္ဓာ ရုပ်သေး' ကို တတိယအဆင့် အဆင့်နိမ့်သို့ မြှင့်တင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်ကြပေသည်။

ထို့နောက် စုယွီသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံး (၂,၀၀၀)၊ ဒုတိယအဆင့် အလယ်အလတ် ဆေးလုံး (၁,၀၀၀) နှင့် ဒုတိယအဆင့် အဆင့်မြင့် ဆေးလုံး (၁,၀၀၀) တို့ကို ထုတ်ယူကာ အရောင်းအဝယ် ပြုလုပ်ရန် ပြင်ဆင်လိုက်ပြန်၏။

သူသည် ထိုဆေးလုံးများကို ဒုတိယအဆင့် အဆင့်မြင့် အဆောင်ပစ္စည်းများ သို့မဟုတ် တတိယအဆင့် ဝိညာဉ်သတ္တုများဖြင့်သာ လဲလှယ်လိုကြောင်း ပြောဆိုလိုက်၏။

ဤမျှ များပြားလှသော ဆေးလုံး ပမာဏကို မြင်လိုက်ရသောအခါ ပွဲအတွင်းရှိ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရရှာသည်။

"ဘုရားရေ... ဒီလူ ဘယ်မိသားစုကိုများ ဝင်လုလာတာလဲဟ"

"ကျွတ်... ကျွတ်... သူက ဒုတိယအဆင့် ဆေးလုံးတွေကို ထောင်နဲ့ချီပြီး အရောင်းအဝယ် လုပ်နေပါလား"

"ဒုတိယအဆင့် ဆေးလုံး စုစုပေါင်း လေးထောင်တောင် ရှိတယ်... ဒီလူက ဘယ်သူများလဲ"

တီးတိုး ပြောဆိုသံများ ခန်းမတစ်ခုလုံး ပျံ့လွင့်သွားလေ၏။

စောစောက စုယွီ 'ကောင်းကင်ပိုက်ကွန် ထီး' ကို ထုတ်ပြလိုက်စဉ်ကထက် ယခု အဖြစ်အပျက်က ပိုမို၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အချို့သော ကျင့်ကြံသူများမှာ အချင်းချင်း တွတ်ထိုးကာ တိုင်ပင်နေကြပြီး၊ အင်အားကြီး ဂိုဏ်းများမှ ကျင့်ကြံသူများမှာမူ ကနဦး အံ့သြမှု ပြေပျောက်သွားပြီးနောက် မည်သို့ ဈေးပေးရမည်ကို အသည်းအသန် စဉ်းစားနေကြလေ၏။

ပမာဏက အလွန် များပြားလွန်းလှသည် မဟုတ်ပါလော။

နာရီဝက်ခန့် ညှိနှိုင်းပြီးနောက်... တာ့ယွဲ့နန်းတော်၊ ခိုင်ယန်နန်းတော်၊ ဓားမြို့တော် ချင်မိသားစု နှင့် အခြားသော လျှို့ဝှက် ကျင့်ကြံသူ မိသားစုများမှ ကျင့်ကြံသူများသည် စုပေါင်း၍ ဤ ဒုတိယအဆင့် ဆေးလုံးများကို ဝယ်ယူသွားကြလေတော့သည်။

စုယွီသည် ဒုတိယအဆင့် သားရဲအရေခွံ (၅၀) ကျော်၊ ဒုတိယအဆင့် မိစ္ဆာသားရဲ သွေး အမြောက်အမြား နှင့် တတိယအဆင့် ဝိညာဉ်သတ္တု အများအပြားကို ရရှိလိုက်၏။ အားလုံးမှာ သူ လိုအပ်နေသော ပစ္စည်းများ ဖြစ်သည့်အပြင် အမျိုးအစားလည်း စုံလင်လှသဖြင့် စုယွီ့ခမျာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရလေ၏။

ဤ ဝိညာဉ်သတ္တုများကိုသာ စုပ်ယူပြီးပါက... သူ၏ 'တာအိုခန္ဓာ ရုပ်သေး' သည် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးအဖြစ်သို့ အဆင့်တက်သွားနိုင်မည်ဟု မျှော်လင့်ရပေသည်။

နောက်ပိုင်း အရောင်းအဝယ် ကဏ္ဍများတွင်မူ စုယွီသည် သူ စိတ်ဝင်စားသော ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူလေ၏။

အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ ကောင်းကင်ဆေးလုံး ကုန်ကြမ်းပစ္စည်းများ... ထိုမျှမကသေးပေ။ အမြုတေဖွဲ့စည်းခြင်း ဆေးလုံး အတွက် ကုန်ကြမ်းပစ္စည်း အချို့ကိုပင် သူ ဝယ်ယူ စုဆောင်းနိုင်ခဲ့၏။

ကုန်သွယ်ပွဲကြီးသည် တစ်ရက်တိတိ ကြာမြင့်ပြီးမှ ပြီးဆုံးသွားလေတော့သည်။

စုယွီ လေ့ထင်း ဈေးမှ ထွက်ခွာလာသောအခါ အချို့သော ကျင့်ကြံသူများသည် သူ၏ ကျောပြင်ကို လိုချင်တပ်မက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေ၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့၏ လောဘစိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ကြရရှာသည်။

'ကောင်းကင်ပိုက်ကွန် ထီး' ၏ အရှိန်အဝါက သူတို့၏ လောဘကို ရိုက်ချိုးပစ်လိုက်သည် မဟုတ်ပါလော။

သွေးဓားမိစ္ဆာ လော့ပန်းလောက် လူမိုက်ကြီးတောင်မှ ဒီလူ့လက်ချက်နှင့် သေသွားခဲ့တာ... ပြီးတော့ ဒီလူက အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်ဟု ကောလာဟလတွေ ထွက်နေသည်...။

အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သွားပြီး ရန်စတာက ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် ဘာမှ မခြားနားပါချေ။

စုယွီသည် လေ့ထင်း ဈေးနှင့် မိုင်တစ်ရာခန့် ဝေးကွာသည်အထိ မရပ်မနား ပြေးလွှားလာခဲ့၏။ နောက်မှ လိုက်ပါလာသော အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားမှသာ မြေအောက် ပေတစ်ထောင်ခန့် အနက်သို့ တိုးဝင် ပုန်းအောင်းလိုက်ပြီး သက်ပြင်းချနိုင်လေတော့သည်။

'ကောင်းကင်ပိုက်ကွန် ထီး' ၏ ဟန့်တားနိုင်စွမ်း ရှိမှုကြောင့်သာ တော်တော့သည်။

သို့မဟုတ်ပါက ထိုလူများသည် သူ့ကို ဤမျှ လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သူ့မှာ ရတနာ ပစ္စည်းတွေ အများကြီး ပါလာသည်ကိုး။

ကုန်သွယ်ပွဲမှာ သူ အရောင်းအဝယ် လုပ်ခဲ့သော ပစ္စည်းတွေဧ။် တန်ဖိုးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါး ရှိနေသည် မဟုတ်ပါလော။

လေ့ထင်း ဈေးမှ ထွက်ခွာလာစဉ်က အရှင်သခင် လေ့ထင်း၏ အငွေ့အသက်သည် သူ့နောက်သို့ ဝေခွဲမရသော ပုံစံဖြင့် လိုက်ပါလာသည်ကို စုယွီ ခံစားလိုက်ရသေး၏။

အရှင်သခင် လေ့ထင်း ကိုယ်တိုင်ပင် စုယွီ၏ ပစ္စည်းများကို မက်မောနေသည်မှာ ထင်ရှားလှပေသည်။

ကံကောင်းလှပေစွ။

နောက်ဆုံးတွင် အရှင်သခင် လေ့ထင်းသည် သူ၏ အငွေ့အသက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး လောဘစိတ်ကို ထိန်းချုပ်ကာ မည်သည့် အနှောင့်အယှက်မှ မပြုလုပ်ခဲ့ချေ။

သို့မဟုတ်ပါက... စုယွီသည် သူ၏ လက်ကျန် ဒုတိယအဆင့် အဆင့်မြင့် အဆောင်လက်နက် (၁၅၀) ၏ အရသာကို အရှင်သခင် လေ့ထင်းအား မြည်းစမ်းခိုင်းရပေလိမ့်မည်။

ရက်အနည်းငယ်ခန့် ပုန်းအောင်းနေပြီး မည်သည့် ထူးခြားမှုမှ မရှိတော့သည့် အချိန်ကျမှသာ 'တာအိုခန္ဓာ ရုပ်သေး' သည် တိတ်တဆိတ် ထွက်ခွာလာပြီး ဆေးလုံးတောင်သို့ ပြန်လာခဲ့လေတော့သည်။

*

(၇) ရက် ကြာပြီးနောက်... ဆေးလုံးတောင် အောက်ခြေရှိ 'နေလမင်း ကျွန်း' ပေါ်မှ ဂူစံအိမ် အတွင်း၌...။

'တာအိုခန္ဓာ ရုပ်သေး' ပြန်လည် ရောက်ရှိလာပြီး စုယွီအား 'ချန်ခွန်းအိတ်' ကို ပေးအပ်လိုက်၏။

စုယွီသည် အိတ်ထဲမှ ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်လေ၏။ လက်ရှိတွင် သူ မလိုအပ်သေးသော ဝိညာဉ်ဆေးပင် ကုန်ကြမ်း အနည်းငယ်ကို သစ်သားလက်စွပ်ဟောင်းလေး ထဲသို့ ပြောင်းရွှေ့ သိမ်းဆည်းလိုက်သည်။ ထို့နောက် 'အရိပ်မဲ့ ဝိညာဉ်ကျောက်မည်း' ကဲ့သို့သော တတိယအဆင့် ဝိညာဉ်သတ္တု အမြောက်အမြားကို စစ်ဆေးကြည့်ရှုလိုက်၏။

ဤ ဝိညာဉ်သတ္တုများမှာ အလွန် တန်ဖိုးရှိပြီး ပမာဏလည်း များပြားလှပေသည်။ အားလုံးကို ရုပ်သေးအတွက် အသုံးပြုမည်တော့ မဟုတ်ချေ။

နောင်တစ်ချိန်တွင် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးများကို ဖန်တီးနိုင်သည့် အခါကျမှ ရိုးရှင်းသော ရုပ်သေးသားရဲ အချို့ကို ဖန်တီးရာတွင် အသုံးပြုရပေဦးမည်။

စုယွီသည် ရုပ်သေးအတွက် လိုအပ်သော ပစ္စည်းများကို ခွဲထုတ်ပြီး 'ချန်ခွန်းအိတ်' ထဲသို့ ပြန်ထည့်လိုက်လေ၏။ ထို့နောက် အိတ်ကို ရုပ်သေးအား ပြန်ပေးလိုက်ပြီး ဘေးတစ်ဖက်တွင် တိတ်တဆိတ် စွမ်းအင်စုပ်ယူစေလိုက်၏။

ကျန်ရှိနေသော ပစ္စည်းများမှာ ဒုတိယအဆင့် သားရဲအရေခွံများနှင့် မိစ္ဆာသားရဲ သွေးများ ဖြစ်ကြပေသည်။

တတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ အရေခွံ နှစ်ချပ်နှင့် သွေး နှစ်ပုလင်းပင် ပါဝင်နေသေး၏။

စုယွီသည် ဒုတိယအဆင့် အဆင့်မြင့် သားရဲအရေခွံများကို ခွဲထုတ်လိုက်ရာ စုစုပေါင်း (၈) ချပ် ရှိသည်ကို တွေ့ရ၏။ ဤပမာဏ ဆိုလျှင် အဆောင်စာရွက် သုံးလေးရာ ခန့် ပြုလုပ်နိုင်ပေလိမ့်မည်။

ထို (၈) ချပ်ထဲတွင် လျှပ်စီးဓာတ် တစ်ချပ်နှင့် သတ္တုဓာတ် နှစ်ချပ် ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ...

စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

"ဒီဟာတွေနဲ့ ဆိုရင်တော့... 'လျှပ်စီးထွက်ပြေး အဆောင်'တွေကို စမ်းသပ် ရေးဆွဲလို့ ရပြီ... ပြီးတော့ 'အင်မော်တယ် လက်ညှိုးအဆောင်' ကိုလည်း ဆက်ပြီး လေ့ကျင့်လို့ ရပြီပေါ့"

အခြားသော ဒုတိယအဆင့် သားရဲအရေခွံများကို ပေါင်းလိုက်လျှင် (၄၇) ချပ်အထိ ရှိနေပေသည်။

"ဒီကာလ အတွင်းမှာတော့... အဆောင်ပစ္စည်း လိုအပ်ချက် ရှိမှာ မဟုတ်တော့ဘူး"

စုယွီ.. တကိုယ်တည်း တီးတိုး ချင့်ထောက်လိုက်မိ၏။

နောက်ဆုံးတွင် စုယွီသည် ခရမ်းရောင် မိုးကြိုးဝါး တစ်ပိုင်းကို ကောက်ယူလိုက်ပြီး မျက်ခုံး အနည်းငယ် ကြုတ်လိုက်မိလေ၏။ ဤ မိုးကြိုးဝါး အပိုင်းအစသည် အဆောင်ပစ္စည်း (၁၀) ခုစာခန့် ပြုလုပ်နိုင်သော ပမာဏ ရှိပေသည်။

သို့သော်... ၎င်းဖြင့် မည်သည့် အဆောင်မျိုး ပြုလုပ်လျှင် ကောင်းမည်နည်း။

"အဆောင်ရတနာ သန္ဓေသား ... ဒီဟာကို ဖန်တီးရတာက သာမန် အဆောင်တွေ ဖန်တီးရတာနဲ့ မတူဘူး... ကိုယ်ပိုင် စွမ်းအင်နဲ့ အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ပေးရတယ်... ပစ္စည်းရဲ့ ကန့်သတ်ချက် ပြည့်မီတဲ့ အထိပေါ့... ပြီးတော့ အောင်မြင်သွားတဲ့ အဆောင်ရတနာ သန္ဓေသားက အကြိမ်ကြိမ် ပြန်သုံးလို့ ရတယ်... တော်တော်လေး တန်ဖိုးရှိတာပဲ"

စုယွီ တစ်ယောက် နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေမိလေတော့သတည်း။

All Chapters