အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း (၂၃၈) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၅)
~တစ်ခဏမျှ ကြာသောအခါ...
စုယွီသည် သူ၏ စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေ၏။
ပထမဆုံး အနေဖြင့် သူသည် 'လျှပ်စီးအဆောင်' ရေးဆွဲခြင်း ကျွမ်းကျင်မှုကို တိုးတက်အောင် လုပ်ဆောင်ရပေမည်။ ထို့နောက်မှ 'ခရမ်းရောင် မိုးကြိုးဝါး' (၅) ပိုင်းကို အသုံးပြု၍ 'လျှပ်စီးအဆောင် ရတနာ' ကို ဖန်တီးရမည် ဖြစ်ချေသည်။
ကျန်ရှိနေသော (၅) ပိုင်းကိုမူ 'မီးမိုးကြိုး ဓားအဆောင်' ပြုလုပ်ရန်အတွက် အသုံးပြုလိုက်လေသည်။
'မီးမိုးကြိုး ဓားအဆောင်' ဆိုသည်မှာ မီးဓာတ်နှင့် လျှပ်စီးဓာတ် ပေါင်းစပ်ထားသော တိုက်ခိုက်ရေး သီးသန့် အဆောင်လက်နက် ဖြစ်၏။
မူလက ၎င်းသည် ဒုတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက် တစ်ခုမျှသာ ဖြစ်သော်လည်း၊ 'အဆောင်ရတနာ'အဖြစ် ပြောင်းလဲ ဖန်တီးလိုက်ပါက... မိမိ၏ စွမ်းအင်ဖြင့် တဖြည်းဖြည်း ပြုစုပျိုးထောင်ပေးနိုင်ပြီး စွမ်းအားကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။
အချိန်တန်လျှင် 'အင်မော်တယ် လက်ညှိုးအဆောင်' ၏ စွမ်းအားကိုပင် ယှဉ်နိုင်သည်သာမက၊ ကျော်လွန်သွားနိုင်မည့် အလားအလာ ရှိပေသည်။
အဘယ်ကြောင့်ဆိုသော် 'ခရမ်းရောင် မိုးကြိုးဝါး' ဆိုသည်မှာ တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ပစ္စည်း ဖြစ်နေသောကြောင့်တည်း။
"ဟားဟား... ဒီတစ်ခေါက် လေ့ထင်း ဈေး ခရီးစဉ်ကတော့ ငါ့အတွက် မမျှော်လင့်ထားတဲ့ ရွှေတွင်းကြီးပါလားကွ"
စုယွီ၏ ရင်ထဲ၌ ကျေနပ်မှုများ လှိုင်းထနေလေ၏။
"ငါ့ရဲ့ ရုပ်သေးကိုယ်ပွားလေး နည်းနည်းတော့ စွန့်စားလိုက်ရတာ မှန်ပေမယ့်... ပြန်ရလိုက်တဲ့ အမြတ်က တန်မှတန်ပဲ... ဒီလောက် ပစ္စည်းတွေ ရလာမှတော့ အေးဆေး ကျင့်ကြံလို့ ရပြီပေါ့"
သူ့စိတ်ထဲတွင် တွေးတောနေမိ၏။
"ကဲ... အခုတော့ တံခါးပိတ်ပြီး ကောင်းကောင်း ကျင့်ကြံလိုက်ဦးမှ"
အပြင်လောကတွင်မူ...
ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ဆေးပညာရှင် လီမိသားစု နှင့် ခိုင်ယန်နန်းတော်၊ ဓားမြို့တော် ချင်မိသားစု စသော အင်အားကြီး ဂိုဏ်းများသည် ကိုယ်စီ လှုပ်ရှားမှုများ ပြုလုပ်လာကြလေ၏။ ယွီမိသားစု သည်လည်း ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် ပိုမို ရင်းနှီးလာခဲ့ပြီး၊ ယွင်ကျန်းဂိုဏ်း၏ အရင်းအမြစ် နယ်မြေအချို့ကို မျက်စောင်းထိုးလာကြ၏။
အပြင်လောက၏ အခြေအနေမှာ တဖြည်းဖြည်း လေးလံ တင်းမာလာသော်လည်း စုမိသားစုနှင့်မူ မသက်ဆိုင်သကဲ့သို့ ရှိနေပေသည်။
ဟွမ်မိသားစု ပိုင်ဆိုင်ခဲ့သော အရင်းအမြစ် နယ်မြေအချို့ကို သိမ်းပိုက်ပြီးနောက် စုမိသားစုသည် ပုံမှန် တိုးတက်မှုကိုသာ ဆက်လက် လုပ်ဆောင်နေလေ၏။
ဆေးလုံးလုပ်ငန်း အပိုင်းတွင် ယွင်ကျန်းဂိုဏ်းက စုမိသားစုကို ယွင်ရှန်းမြို့တွင် ပိတ်ပင်ထားသဖြင့် အချို့သော မိသားစုများက စုမိသားစုထံ ဆေးမအပ်ရဲကြတော့ပေ။ သို့သော် ယွီခယ်အာက ကြိုတင် ပြင်ဆင်ထားခဲ့၏။
သူမသည် စုမိသားစု၏ ဆေးဆိုင်များကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ တာ့ယွဲ့ မှောင်ခိုဈေး နှင့် ခိုင်ယန်နန်းတော်၊ ဓားမြို့တော် ချင်မိသားစု စသည့် နေရာများတွင် ဖွင့်လှစ်နိုင်ရန် လမ်းကြောင်း ဖောက်ပေးခဲ့သည် မဟုတ်ပါလော။
ဤ ဆေးဆိုင်များမှတစ်ဆင့် စုမိသားစုသည် ဝိညာဉ်ကျောက်တုံးများနှင့် အခြားသော အရင်းအမြစ်များကို ပုံမှန် ရရှိနေ၏။
ဈေးများမှာ တစ်ခုနှင့်တစ်ခု အလွန် ဝေးကွာသဖြင့် စွန့်စားရသည်မှာ မှန်သော်လည်း၊ အိမ်မှာ ထိုင်ပြီး ရှိတာလေး ထိုင်စားနေရသည်ထက် စာလျှင်တော့ အများကြီး သာလွန်ပေသည်။
မိသားစု တစ်ခု တိုးတက်ဖို့ ဆိုတာ ထိုင်ပြီး သေမည့် နေ့ကို စောင့်နေလို့ မရပါလေ။
စွန့်စားသင့်လျှင် စွန့်စားရမည်ပင်။
စုယွီသည် ထိုကိစ္စများကို ဝင်ရောက် မစွက်ဖက်ဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထား၏။
'နေလမင်း ကျွန်း' ပေါ်တွင် တံခါးပိတ် ကျင့်ကြံနေစဉ် အားလပ်ချိန်များ၌ နန်းတော် ဝန်းကျင်တွင် လမ်းလျှောက် ထွက်လေ့ ရှိပါ၏။
*
သို့နှင့်၊ အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး (၃) နှစ် ကြာမြင့်သောအခါ...
ယွင်ကျန်းဂိုဏ်း၏ နယ်မြေအတွင်း၌ မငြိမ်သက်မှုများ၊ ဖရိုဖရဲ ဖြစ်မှုများ စတင် ဖြစ်ပေါ်လာလေတော့သည်။
ဧည့်ခန်းမဆောင် အတွင်း၌...
ယွီခယ်အာသည် စုယွီအား ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း မျက်ခုံးအနည်းငယ် ကြုတ်ကာ ပြောဆိုလိုက်လေ၏။
"ယောက်ျားရေ... ဟွမ်မိသားစုနဲ့ ကျန်းမိသားစု ပူးပေါင်းပြီး ငါတို့ ယွီမိသားစုရဲ့ နယ်မြေတွေနဲ့ အရင်းအမြစ် နေရာတွေကို အလုံးအရင်းနဲ့ တိုက်ခိုက်နေကြပြီ.. ဟွမ်မိသားစုက အခင်းအကျင်း ကျွမ်းကျင်တယ်... ကျန်းမိသားစုကကျတော့ ရုပ်သေးတွေ သုံးတယ်... သူတို့နှစ်ဖွဲ့ ပေါင်းတိုက်တော့ ငါတို့ မိသားစုခမျာ ခံစစ်ပဲ ကစားနေရပြီး တော်တော်လေး ဖိအားများနေတယ်ဟယ်"
ထိုသတင်းကို ကြားလိုက်ရသောအခါ၊ စုယွီသည် တုန်လှုပ်ခြင်း မရှိပေ။ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်၏။
"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဘက်ကရော... ဘာသံမှ မကြားဘူးလား"
ယွီခယ်အာက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"ငါတို့ မိသားစုက သူတို့နဲ့ ဘယ်လို သဘောတူညီချက်တွေ ရထားလဲ၊ ဘာအစီအစဉ်တွေ ရှိလဲ ဆိုတာ ငါလည်း သိပ်မရှင်းဘူး... ဒါပေမဲ့ ငါ.. ထင်တာကတော့... မဟာမိတ် ဖွဲ့ထားရင်တောင်မှ ပိုင်ယွဲ့ မြို့တော်က လွယ်လွယ်နဲ့ ဝင်ပါမှာ မဟုတ်ဘူး"
"အနည်းဆုံးတော့... ယွင်ကျန်းဂိုဏ်းက မလှုပ်သရွေ့... သူတို့လည်း ငြိမ်နေကြမှာပါပဲ"
စုယွီ မျက်ခုံး အနည်းငယ် ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် ပြန်လည် ပြေလျော့သွားလေ၏။ ဤအခြေအနေမှာ မမျှော်လင့်ထားသော အရာတော့ မဟုတ်ပေ။
လွန်ခဲ့သော ကာလအနည်းငယ်က စုဇီသည် ယွင်ကျန်းဂိုဏ်း အတွင်းမှ သတင်းအချို့ ကြားသိခဲ့ရသည်။ ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ်ဟောင်း၏ တပည့်ရင်း ဖြစ်သူ 'ကုန်းစွန်းယီ' သည် အမြုတေဖွဲ့စည်းခြင်း ပထမအဆင့်ကို အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်သွားပြီ ဟူသတတ်။
သို့သော် ယွင်ကျန်းဂိုဏ်း၏ အကြီးအကဲများက ဂိုဏ်းချုပ်ရာထူးကို ကုန်းစွန်းယီထံ လွှဲပြောင်းပေးရန် ဆန္ဒရှိပုံ မရသေးပေ။
ထို့ကြောင့် ဤကာလ အတွင်း ကုန်းစွန်းယီ တစ်ယောက် သူ့အဆင့်ကို ခိုင်မာအောင် လုပ်နေရရှာသည်။
ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့ ထကြွလာခြင်းမှာ ယွင်ကျန်းဂိုဏ်း၏ မြှောက်ပင့်ပေးမှုကြောင့် ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။
ယွီမိသားစုက ပိုင်ယွဲ့ မြို့တော်ဘက်ကို ပါချင်နေသည် ဆိုသော သတင်းက ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ ပျံ့နေတာ ကြာပြီလေ။
ယအခု ကုန်းစွန်းယီက အမြုတေဖွဲ့စည်းခြင်း အဆင့် ရောက်သွားပြီ ဆိုတော့... ယွီမိသားစုကို ဘယ်လွှတ်ထားတော့မည်လဲ။ ပညာပေးပြီပင်။
ယွီခယ်အာက စုယွီ့ကို ကြည့်ကာ ခပ်တိုးတိုး မေးမြန်းလိုက်လေ၏။
"ဖေဖေတို့က သိချင်နေကြတယ်... ငါတို့ စုမိသားစု အနေနဲ့ ဆေးလုံးတောင်ကို စွန့်ခွာပြီး ခဏလောက် ရှောင်တိမ်းသင့်လား တဲ့"
"ပြီးတော့လေ... ဖေဖေတို့က ဒုတိယအဆင့် အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် အဆောင်လက်နက်တွေ အများကြီး လိုချင်နေတယ်... ဈေးကျွန်မတို့ငါတို့ပဲ.. သတ်မှတ်ပေးပါ တဲ့"
စုယွီ စဉ်းစားခန်း ဝင်သွား၏။ ထို့နောက် ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
"ဆေးလုံးတောင်ကနေ ထွက်ခွာဖို့ ကိစ္စကတော့ လောလောဆယ် မလိုသေးဘူး... စောင့်ကြည့်ကြတာပေါ့"
"အဆောင်လက်နက် ကိစ္စကတော့ ရပါတယ်... ဒုတိယအဆင့် အဆင့်နိမ့် တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၀၀)... အလယ်အလတ်အဆင့် တစ်ခုကို (၈၀၀) ဈေးနဲ့ ပေးလိုက်ပါ"
သူ့ရင်ထဲတွင် တွက်ချက်လိုက်မိ၏။
‘ဒုတိယအဆင့် အဆောင်လက်နက်တွေ အများကြီး ဆိုတာ ရှားတယ်... တစ်ခုနှစ်ခု ဆိုရင်တော့ ထားပါတော့... ဒီလောက် အများကြီး လိုချင်ရင် ကိုယ်ပိုင် အဆောင်ဆရာ မရှိဘဲ ဘယ်လိုမှ မရနိုင်ဘူး..
ပြီးတော့ အခုတလော အပြင်မှာ စစ်ပွဲတွေ ဖြစ်နေတော့ ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်နေတာလေ။
သူ ပေးလိုက်တဲ့ ဈေးက သူများတွေနဲ့ ယှဉ်ရင် တော်တော် သက်သာနေပြီ... ယွီမိသားစုကို မျက်နှာထောက်ထားလို့ ဒီဈေးနဲ့ ပေးလိုက်တာ…’
တကယ်တော့ ဟွမ်မိသားစုနှင့် ကျန်းမိသားစုက ယွီမိသားစုကို ပစ်မှတ်ထားနေတာ ဖြစ်ပြီး၊ စုမိသားစုကတော့ ယွီမိသားစုရဲ့ အကာအကွယ်အောက်မှာ ယာယီ ဘေးကင်းနေတာ ဖြစ်သည်။
ယွီမိသားစုကို အဆောင်လက်နက်တွေ ရောင်းပေးလိုက်ရင် သူတို့ ကြံ့ကြံ့ခံနိုင်မယ့် အခွင့်အရေး ပိုများလာမည်။
အနည်းဆုံးတော့ ယွင်ကျန်းဂိုဏ်းက ဝင်မပါမချင်း ယွီမိသားစု တောင့်ခံထားနိုင်လျှင်... စုမိသားစု အတွက်လည်း အချိန်ဆွဲ၍ ရသည်ပင်။
စုယွီ သိထားသည်မှာ ယွီမိသားစု ခေါင်းဆောင်ကြီး ဆိုတာ သာမန် ပုဂ္ဂိုလ် မဟုတ်။ 'အမြုတေတစ်ဝက် အဆင့်' ရှိသည့်အပြင် သူ့ရဲ့ သားရဲထိန်းကျောင်း ပညာကလည်း တိုးတက်နေလောက်ပြီ။ တတိယအဆင့် သားရဲထိန်းကျောင်းသူ မဖြစ်လျှင်တောင်မှ...
သာမန် အမြုတေတစ်ဝက် အဆင့်လောက်ကိုတော့ ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်း ရှိသည်။
တကယ်လို့သာ ယွီခေါင်းဆောင်ကြီး ကိုယ်တိုင် ဝင်တိုက်ရင် ဟွမ်မိသားစုနှင့် ကျန်းမိသားစု နှစ်စု ပေါင်းတောင် သူ့ကို နိုင်မှာ မဟုတ်ပေ။
"ဒါပေမဲ့ ဒီအဘိုးကြီးက အဲ့ဒီလို မလုပ်ဘဲ အချိန်ဆွဲပြီး ကစားနေတယ်... ကြည့်ရတာ ယွင်ကျန်းဂိုဏ်းက သူတို့ကို အပြတ်ရှင်းဖို့ အကြောင်းပြချက် မရအောင် လုပ်နေပုံပဲ"
သူ့စိတ်ထဲတွင် ယွီခေါင်းဆောင်ကြီး၏ နည်းဗျူဟာကို သဘောကျမိ၏။
ရက်အနည်းငယ် ကြာပြီးနောက်...
ယွီမိသားစုမှ အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲ တစ်ဦး လျှို့ဝှက်၍.. ရောက်ရှိလာလေ၏။ သူသည် ဆေးလုံးအချို့၊ ဒုတိယအဆင့် အဆင့်နိမ့် အဆောင် (၁၀၀) နှင့် အလယ်အလတ်အဆင့် အဆောင် (၅၀) တို့ကို ယူဆောင်သွားပြီး... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၀,၀၀၀) နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀) တို့ကို ချန်ထားရစ်ခဲ့လေတော့သတည်း။
အခန်း (၂၃၉) - အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်နှင့် ဆေးလုံးတောင်ကို ဝိုင်းရံခြင်း (၆)
~စုစုပေါင်း အဆောင်လက်နက်များ၏ တန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈၀,၀၀၀) ခန့် ရှိလေ၏။ ကျန်ရှိသည့် ငွေကြေးပမာဏမှာ ဆေးလုံးများ၏ တန်ဖိုး ဖြစ်ချေသည်။
ဆိုလိုသည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀,၀၀၀) ခန့် တန်ဖိုးရှိသော ဆေးလုံးများ ရောင်းချလိုက်ခြင်းဖြင့် စုမိသားစု အတွက် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ခန့် အမြတ်ကျန်ရှိမည် ဖြစ်ပေသည်။
စုယွီ၏ အဆောင်လက်နက်များ အတွက်မူ...
ရင်းနှီးငွေမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ကျော်မျှသာ ရှိလေ၏။
လွန်ခဲ့သော အချိန်က သူသည် လေ့ထင်း ဈေးမှ ဒုတိယအဆင့် သားရဲအရေခွံ အမြောက်အမြားကို ရရှိခဲ့ပြီး၊ ၎င်းတို့ကို အဆောင်စာရွက်များ အဖြစ်သို့ ပြောင်းလဲလိုက်၏။ စုစုပေါင်း ပစ္စည်းအစုံ (၂,၂၀၀) ကျော် ရှိခဲ့ရာ... အားလုံးကို အဆောင်လက်နက် အဖြစ် မပြောင်းလဲရသေးသော်လည်း လက်ရှိတွင် ဒုတိယအဆင့် အဆောင်လက်နက် (၈၀၀) ကျော်ကို သူ ပိုင်ဆိုင်ထားပြီး ဖြစ်ချေသည်။
စုယွီသည် 'နေလမင်း ကျွန်း' ပေါ်ရှိ ဂူစံအိမ် နှစ်လုံးတွဲဆီသို့ ပြန်လာခဲ့လေ၏။
သူသည် ဝိညာဉ်သစ်သီးပင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ဤ ဝိညာဉ်သစ်သီးပင်ကို 'နေလမင်း ကျွန်း' ပေါ်သို့ ရွှေ့ပြောင်း စိုက်ပျိုးခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော (၂) နှစ်ခန့်ကပင် စတင်၍ အပွင့်များ ပွင့်ကာ အသီးများ သီးလာခဲ့၏။
ယခုအခါ အပင်ပေါ်တွင် မှည့်ဝင်းလုနီးပါး ဖြစ်နေသော ဝိညာဉ်သစ်သီး (၃) လုံးကို တွေ့မြင်ရလေ၏။
ဤ ဝိညာဉ်သစ်သီးပင်သည် (၅) နှစ်လျှင် တစ်ကြိမ်သာ အသီးသီးလေ့ ရှိပြီး၊ တစ်ကြိမ်လျှင် နှစ်လုံး သို့မဟုတ် သုံးလုံးခန့်သာ သီးလေ့ ရှိ၏။
အပွင့်ပွင့်ချိန်မှ အသီးမှည့်ချိန်အထိ (၃) နှစ်ခန့် ကြာမြင့်တတ်ပေသည်။
ရွှေ့ပြောင်း စိုက်ပျိုးပြီးနောက်ပိုင်း ဤသည်မှာ ပထမဆုံးအကြိမ် အသီးသီးခြင်းပင် ဖြစ်ချေ၏။
"ဒီသစ်သီး (၃) လုံးနဲ့ဆိုရင်... 'အခြေခံတည်ဆောက်ခြင်း ဆေးလုံး' (၃) လုံး ဖော်စပ်ဖို့ လုံလောက်ပြီ... မိသားစု အတွက် ၇ နှစ်၊ ၈ နှစ် စာလောက်တော့ ဖူလုံသွားမှာပဲ"
စုယွီသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဂူစံအိမ် နှစ်လုံး၏ အလယ်တည့်တည့်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်၏။
လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ကျောက်စိမ်းတုံးများနှင့် တူသော 'အဆောင်ရတနာ' နှစ်ခုသည် သူ့လက်ထဲတွင် ပေါ်လာလေ၏။
တစ်ခုမှာ 'လျှပ်စီးထွက်ပြေး အဆောင်' ဖြစ်ပြီး၊ ကျန်တစ်ခုမှာ 'မီးမိုးကြိုး ဓားအဆောင်' ဖြစ်ချေသည်။
'မီးမိုးကြိုး ဓားအဆောင်' ကို လွန်ခဲ့သော (၂) နှစ်ခန့်က ဖန်တီးခဲ့ခြင်း ဖြစ်၏။ စုယွီသည် သူ၏ 'ကောင်းကင်ဖီးနစ် ချီစွမ်းအား'၊ 'ရွှေဓာတ် ချီစွမ်းအား' နှင့် 'သစ်သားဓာတ် ချီစွမ်းအား' တို့ဖြင့် (၂) နှစ်တိုင်တိုင် ပြုစုပျိုးထောင်ပေးခဲ့ရာ... ယခုအခါ ၎င်း၏ အရှိန်အဝါမှာ သာမန် ဒုတိယအဆင့် အဆင့်မြင့် အဆောင်လက်နက် တစ်ခုထက် များစွာ သာလွန်နေပြီ ဖြစ်ပါသည်။
'လျှပ်စီးထွက်ပြေး အဆောင်' မှာမူ လွန်ခဲ့သော တစ်နှစ်ခန့်က ပြီးစီးခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်တာ ပြုစုပျိုးထောင်ပြီးနောက် ၎င်း၏ အရှိန်အဝါမှာလည်း သာမန်မဟုတ်တော့ချေ။
'ခရမ်းရောင် မိုးကြိုးဝါး' ကို အသုံးပြု၍ ဖန်တီးထားသော ဤအဆောင်လက်နက်များသည် စုယွီ မျှော်မှန်းထားသည်ထက် ပိုမို ကောင်းမွန်နေ၏။
"ဝီ..."
စုယွီသည် လက်တစ်ဖက်စီတွင် အဆောင်ရတနာ တစ်ခုစီ ကိုင်ဆောင်ထားပြီး ချီစွမ်းအားများ ပေးပို့ကာ ဆက်လက် ပြုစုပျိုးထောင်ပေးလိုက်လေ၏။
တစ်နာရီခန့် ကြာသောအခါ...
စုယွီသည် အဆောင်ရတနာ နှစ်ခုကို သစ်သားလက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် စိတ်ကူးတစ်ချက်ဖြင့် အစိမ်းရောင် အစေ့တစ်စေ့ကို လက်ထဲတွင် ပေါ်လာစေလိုက်၏။
သူသည် ထိုအစေ့ကို သစ်သားဓာတ် ချီစွမ်းအားဖြင့် ဆက်လက် ပြုစုပျိုးထောင်ပေးလိုက်၏။
ထို့နောက်တွင်မူ အဆောင်လက်နက်များ ဆက်လက် ရေးဆွဲရန် ပြင်ဆင်လိုက်လေတော့သည်။
လွန်ခဲ့သော အချိန်က လျှပ်စီးဓာတ် ပါဝင်သော ဒုတိယအဆင့် အဆင့်မြင့် သားရဲအရေခွံ တစ်ချပ်ကို အဆောင်စာရွက် (၄၇) ရွက် ရရှိအောင် ပြုလုပ်ခဲ့၏။ တစ်လကြာ လေ့ကျင့်ပြီးနောက် ထိုစာရွက်များဖြင့် 'လျှပ်စီးထွက်ပြေး အဆောင်' (၆) ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေ၏။
ရွှေဓာတ် ပါဝင်သော ဒုတိယအဆင့် အဆင့်မြင့် သားရဲအရေခွံ နှစ်ချပ်မှ အဆောင်စာရွက် (၈၉) ရွက် ရရှိခဲ့သည်။
နောက်ဆုံးတွင် 'အင်မော်တယ် လက်ညှိုးအဆောင်' (၁၈) ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့၏။
ကျန်ရှိနေသော ဒုတိယအဆင့် အဆင့်မြင့် သားရဲအရေခွံ (၅) ချပ်မှ အချို့ကို အရည်အသွေးမြင့် အဆောင်စာရွက်များ အဖြစ် ပြောင်းလဲခဲ့ပြီး၊ အချို့ကိုမူ သာမန် အဆောင်စာရွက်များ အဖြစ် ပြုလုပ်ခဲ့၏။ စုစုပေါင်း (၂၃၅) ရွက် ရရှိခဲ့လေသည်။
နောက်ဆုံး ရလဒ် အနေဖြင့် ဒုတိယအဆင့် အဆင့်မြင့် အဆောင်လက်နက် (၁၄၃) ခုကို ရရှိခဲ့၏။
ယခင်က စုဆောင်းထားသော (၁၉၁) ခုနှင့် ပေါင်းလိုက်လျှင်... ယခုအခါ စုယွီ၏ လက်ထဲတွင် ဒုတိယအဆင့် အဆင့်မြင့် အဆောင်လက်နက် ပေါင်း (၃၃၄) ခု တိတိ ရှိနေပြီ ဖြစ်ချေသည်။
တစ်ရက်တာ ကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိလာလေ၏။
"ဟူး..."
စုယွီသည် အဆောင်ရေးဆွဲသည့် စုတ်တံကို ချလိုက်ပြီး ကျောက်စိမ်း စားပွဲပေါ်ရှိ ပြီးစီးသွားသော ဒုတိယအဆင့် အဆောင်လက်နက် တစ်ခုကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိ၏။ လက်ကို ဝှေ့ယမ်းကာ လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး သက်ပြင်းချလိုက်လေသည်။
ခေါင်းငဲ့ကြည့်လိုက်ရာ 'မြေကမ္ဘာ မီးလျှံမျောက်ဝံ' နှင့် 'အမွှေးနက် လင်းယုန်' တို့မှာ.. သူ့ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် စုယွီ တစ်ချက် ရယ်လိုက်မိလေ၏။ လက်ချောင်းလေးဖြင့် ပစ်ခတ်လိုက်ရာ ဒုတိယအဆင့် အဆင့်မြင့် 'သားရဲဆေးလုံး' နှစ်လုံး လွင့်ပျံသွားပြီး သားရဲနှစ်ကောင်က တစ်ကောင်တစ်လုံးစီ မျိုချလိုက်ကြလေတော့သည်။
"ဝေါင်း..."
"ကျွီ..."
မျောက်ဝံနှင့် လင်းယုန်တို့မှာ အတိုင်းမသိ ပျော်ရွှင်သွားကြလေ၏။
နှစ်အနည်းငယ် အတွင်း မျောက်ဝံ၏ အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက် ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။
လင်းယုန်မှာ အနည်းငယ် နိမ့်ကျသော်လည်း (၈) ဆင့်မြောက်သို့ ချဉ်းကပ်လာနေပြီ ဖြစ်၏။
သူတို့၏ တိုးတက်မှုနှုန်းမှာ မနှေးကွေးလှပေ။
သားရဲနှစ်ကောင်ကို နှစ်သိမ့်ပေးပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ရန် မှာကြားပြီးနောက် စုယွီ ထွက်ခွာလာခဲ့လေသည်။
နောက်တစ်နေ့ မနက်ခင်းတွင်... စုယွီသည် ဂူစံအိမ် အတွင်းသို့ ပြန်လာပြီး နေ့စဉ် ကျင့်ကြံခြင်းကို စတင်လိုက်၏။
"ဝုန်း"
'မြေကမ္ဘာသစ်သား ကျင့်စဉ်' အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက်... အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက် အရှိန်အဝါသည် စုယွီ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာလေ၏။ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဆူပွက်လာပြီး စုယွီထံသို့ ဒီရေအလား တိုးဝင်လာကြကာ ဝိညာဉ်စွမ်းအင် လေပွေ တစ်ခု ဖွဲ့တည်လာလေတော့သည်။
ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းဆမှာ မြူခိုးများ အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေချေပြီ။
လွန်ခဲ့သော နှစ်လကျော်က စုယွီ၏ 'မြေကမ္ဘာသစ်သား ကျင့်စဉ်' သည် 'ရေခဲမီး ကျင့်စဉ်' ထက် ဦးစွာ အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်သို့ ရောက်ရှိခဲ့၏။
ထို့ကြောင့် စုယွီ၏ သက်တမ်းမှာ (၂၃) နှစ် ထပ်မံ တိုးပွားလာပြီး နှစ်ပေါင်း (၃၈၀) အထိ ရောက်ရှိသွားပြီ ဖြစ်ချေသည်။
ယခုအခါ စုယွီ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်များ အားလုံးသည် 'အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်' အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကျင့်ကြံမှုနှုန်းမှာ အဆမတန် မြန်ဆန်လာခဲ့လေ၏။
နာရီဝက်ခန့် အကြာတွင် စုယွီသည် 'မြေကမ္ဘာသစ်သား ကျင့်စဉ်' ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။
"ဟူး..."
စုယွီ မျက်လုံးဖွင့်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်လေ၏။ ထို့နောက် ကျွမ်းကျင်မှု ဇယားကို စစ်ဆေးကြည့်ရှုလိုက်၏။
[ကျင့်စဉ်: မြေကမ္ဘာသစ်သား ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်၊ ကျွမ်းကျင်မှု ၂.၅၆%)]
"၀.၀၄% လောက်ပဲ တက်လာတာပါလား"
စုယွီသည် အချက်အလက်များကို ကြည့်ရှုရင်း စိတ်ထဲ၌ တွက်ချက်လိုက်မိလေ၏။
"ဒီနှုန်းအတိုင်း သွားမယ် ဆိုရင်... (၇) ဆင့်မြောက် ရောက်ဖို့ (၆) နှစ်ကျော်လောက် ကြာဦးမယ်... မဆိုးပါဘူးလေ"
ထို့နောက်...
စုယွီသည် 'ရေခဲမီး ကျင့်စဉ်' ကို စတင် ကျင့်ကြံလိုက်သည်။
နာရီဝက်ခန့် ကြာသောအခါ စုယွီ၏ ခန္ဓာကိုယ် အတွင်းရှိ ရေခဲနှင့် မီး ချီစွမ်းအားများမှာ သိသိသာသာ ပြောင်းလဲလာပြီး၊ (၅) ဆင့်မြောက်မှ (၆) ဆင့်မြောက်သို့ ချိုးဖျက် ဝင်ရောက်သွားလေတော့သည်။
[ကျင့်စဉ်: ရေခဲမီး ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်၊ ကျွမ်းကျင်မှု ၀.၀၁%)]
စုယွီသည် နောက်ထပ် နာရီဝက်ခန့် ဆက်လက် ကျင့်ကြံပြီးနောက် ဖြည်းညှင်းစွာ ရပ်တန့်လိုက်လေ၏။
ကျွမ်းကျင်မှု ဇယားတွင် 'ရေခဲမီး ကျင့်စဉ်' လည်း (၆) ဆင့်မြောက် ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးရိပ် တစ်ခု ယှက်သန်းသွား၏။
"ငါ့ရဲ့ ဓာတ်ကြီးလေးပါး ကျင့်စဉ်တွေ အကုန်လုံး (၆) ဆင့်မြောက်ကို ရောက်ကုန်ကြပြီပဲ"
ထို့နောက် သူသည် 'ကုန်းကျင်း ကောင်းကင်ဓားသိုင်း' ၏ ကျွမ်းကျင်မှုကို ကြည့်ရှုလိုက်လေ၏။
[ကျင့်စဉ်: ကုန်းကျင်း ကောင်းကင်ဓားသိုင်း ((၁၄) ဆင့်မြောက်၊ ကျွမ်းကျင်မှု ၉၈.၇၂%)]
"နီးနေပြီ... နောက်ထပ် လဝက်လောက် ဆိုရင် နောက်တစ်ဆင့် တက်နိုင်တော့မယ်"
စုယွီ တီးတိုး ရေရွတ်လိုက်မိလေ၏။
သူ့စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိရန် သိပ်မလိုတော့ဘူး မဟုတ်ပါလော။
နောက်ပိုင်း ကာလများတွင် အပြင်လောကမှ သတင်းများ တရစပ် ဝင်ရောက်လာ၏။
စုယွီသည် 'ကုန်းကျင်း ကောင်းကင်ဓားသိုင်း' ကို အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက် ရောက်ရှိအောင် အာရုံစိုက် ကျင့်ကြံနေစဉ်... ယွင်ကျန်းဂိုဏ်း၏ ပထမ အကြီးအကဲ (ယခင် အမြုတေတစ်ဝက် အဆင့် အကြီးအကဲ) သည် ယွီမိသားစုကို လျှို့ဝှက်၍ စတင် တိုက်ခိုက်လာလေ၏။
ယွီခယ်အာ၏ ဦးလေးတော်စပ်သူ၊ ယွီမိသားစု၏ ဒုတိယ သခင်ကြီး 'ယွီပိုင်လုံ' သည် ယွင်ကျန်းဂိုဏ်း၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
ကံကောင်းသည်မှာ ယွီပိုင်လုံသည် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိထားပြီး၊ ဒုတိယအဆင့် ထိပ်တန်း သားရဲထိန်းကျောင်းသူ တစ်ဦးလည်း ဖြစ်နေခြင်းပင်။
ထို့အပြင် သူ့လက်ထဲတွင် ဒုတိယအဆင့် အဆောင်လက်နက် ဒါဇင်နှင့်ချီ ရှိနေသေး၏။
အကြီးအကျယ် ပေးဆပ်လိုက်ရသော်လည်း... ယွီပိုင်လုံသည် အသည်းအသန် တိုက်ခိုက်ပြီးနောက် လွတ်မြောက်သွားခဲ့၏။
ယွင်ကျန်းဂိုဏ်း၏ ပထမ အကြီးအကဲမှာ ဒေါသအိုး ပေါက်ကွဲသွားလေတော့သည်။
သူသည် ဟွမ်မိသားစုနှင့် ကျန်းမိသားစု အပါအဝင် ယွင်ကျန်းဂိုဏ်းသားများကို ဦးဆောင်ပြီး ယွီမိသားစု တည်ရှိရာ 'ဟေးယန် တောင်' ကို ဝိုင်းရံတိုက်ခိုက်လေတော့သည်။ ဟွမ်မိသားစုဝင်များက ယွီမိသားစု၏ 'တောင်ကာကွယ်ရေး အခင်းအကျင်း' ကို ချိုးဖျက်တော့မည့် အချိန်တွင်...
ယွီမိသားစု ခေါင်းဆောင်ကြီး ထွက်ပေါ်လာပြီး လက်စွမ်းပြလေတော့သည်။
သူသည် သာမန် ဒုတိယအဆင့် အဆင့်မြင့် သားရဲများထက် သာလွန်သော သားရဲအချို့ကို ဦးဆောင်ပြီး တိုက်ခိုက်လိုက်ရာ... ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့၏ ပူးပေါင်းတပ်ဖွဲ့ကြီးမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြိုကွဲသွားလေတော့၏။
ယွီခေါင်းဆောင်ကြီး၏ 'အမြုတေဖွဲ့စည်းခြင်း အဆင့်' စွမ်းအားကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။
တိုက်ပွဲပြီးဆုံးချိန်တွင် ယွင်ကျန်းဂိုဏ်း ပထမ အကြီးအကဲ၏ အကာအကွယ်ဖြင့် မဟာမိတ်တပ်ဖွဲ့ကြီးမှာ ဆုတ်ခွာသွားခဲ့ရပြီး၊ ကျင့်ကြံသူ (၂၀၀) နီးပါး သေကျေ ဒဏ်ရာရခဲ့ကြ၏။
ဤတိုက်ပွဲ သတင်းသည် ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် အခြားသော မိသားစုများကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့လေသည်။
"ယွီခေါင်းဆောင်ကြီးက... အမြုတေတစ်ဝက် အဆင့် ကို ရောက်နေတာလား"
"ဘယ်တုန်းက ရောက်သွားတာလဲ... ယွီမိသားစုက ဒီလျှို့ဝှက်ချက်ကို တော်တော် လုံအောင် ဖုံးထားတာပဲ"
လူအများက ယွင်ကျန်းဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်များ ဝင်ပါဦးမလားဟု စောင့်ကြည့်နေကြစဉ်... 'နတ်မိမယ် ဖုန်းလင်' သည် ယွင်ကျန်းဂိုဏ်းသို့ ရောက်ရှိလာခဲ့၏။
တစ်ရက်ခန့် နေထိုင်ပြီးနောက် သူမ ပြန်လည် ထွက်ခွာသွားရာတွင် ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံးသို့ သတင်းစကား တစ်ခု ချန်ထားရစ်ခဲ့လေ၏။
"ဒီနေ့ကစပြီး... ယွီမိသားစုဟာ 'ပိုင်ယွဲ့ နတ်မိမယ် နန်းတော်' ရဲ့ လက်အောက်ခံ အင်အားစု ဖြစ်သွားပါပြီ"
ယွင်ကျန်းဂိုဏ်း ပထမ အကြီးအကဲသည် သူ၏ လူများကို ခေါ်ဆောင်ပြီး ဂိုဏ်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။ ဟွမ်မိသားစုနှင့် ကျန်းမိသားစု တို့လည်း ဒဏ်ရာကိုယ်စီဖြင့် ပြန်လှည့်သွားကြရရှာ၏။
ထူးဆန်းစွာ ပြီးဆုံးသွားသော ဤစစ်ပွဲကြောင့် ယွင်ကျန်းဂိုဏ်း နယ်မြေရှိ ကျင့်ကြံသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ကြတော့သည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ (၂) ပါး ရှိသည့် ယွင်ကျန်းဂိုဏ်းကြီးက... ပိုင်ယွဲ့ အင်မော်တယ် နန်းတော်ကို ကြောက်လန့်ပြီး ဆုတ်ခွာသွားခဲ့ရတာလား။
---
ဆေးလုံးတောင်...
နန်းတော်၏ လျှို့ဝှက်အခန်း တစ်ခုအတွင်း... လော့ချန်ယွီသည် စုယွီထံမှ ဤသတင်းကို ကြားသိလိုက်ရသောအခါ ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ ထို့နောက် အေးစက်သော လေသံဖြင့် ပြောဆိုလိုက်၏။
"ကျွန်မ တံခါးပိတ် ကျင့်ကြံတာ ပြီးသွားတဲ့ အချိန်ကျရင်... 'ယွင်ကျန်းဂိုဏ်း အစစ်' ပြန်လည် ပေါ်ထွက်လာလိမ့်မယ်"
"အဲ့ဒီအချိန်ကျရင်... ပိုင်ယွဲ့ အင်မော်တယ် နန်းတော်ကို ငါ ကိုယ်တိုင် သွားလည်ဦးမယ်"
သူမ၏ စကားလုံးများမှာ ပြတ်သားပြီး လေးနက်လှပေသည်။
ထိုကိစ္စများကို စုယွီ သိပ်ပြီး ဂရုမစိုက်လှပေ။ လော့ချန်ယွီကို သာမန်ကာလျှံကာ ပြောပြလိုက်ခြင်းသာ ဖြစ်၏။
လော့ချန်ယွီထံမှ အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် စုယွီ ပြန်ထွက်လာရင်း သုံးသပ်ခိုကိမိ၏။
"ကြည့်ရတာ... သူ (၉) ဆင့်မြောက် ရောက်ဖို့ (၁) နှစ်၊ (၂) နှစ် လောက်ပဲ လိုတော့မယ် ထင်တယ်"
ထိုအချိန်ကျလျှင်...
လော့ချန်ယွီက ယွင်ကျန်းဂိုဏ်းကို ပြန်သွားလိမ့်မည်။
အကြောင်းကတော့၊ ယွင်ကျန်းဂိုဏ်းထဲမှာ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော တည်ရှိသည်ဟူ၍ ကောလာဟလတွေ နေသည်ကိုး။
ထိုနေရာမှာ 'အမြုတေ' ဖွဲ့စည်းဖို့ ကြိုးစားလျှင် အောင်မြင်နိုင်ချေ ပိုများသည်လေ။
ယွင်ကျန်းဂိုဏ်း၏ ရှေးဟောင်း ဘိုးဘေးကြီး ရှိနေသေးသရွေ့... လော့ချန်ယွီ အနေနှင့် တိတ်တဆိတ် ပြန်ဝင်ဖို့ မခက်ခဲပါချေ။
သူမ အောင်အောင်မြင်မြင် အမြုတေ ဖွဲ့စည်းနိုင်ပါစေဟုသာ ဆုတောင်းရပါမည်။
'အမြုတေ တာအို' ကို အောင်မြင်ထားသော ပါရမီရှင် တစ်ယောက်အပေါ် ရင်းနှီးမြှုပ်နှံထားတာက... စုယွီရော၊ စုမိသားစု အတွက်ပါ အကျိုးရှိမှာ သေချာပါ၏။
စုယွီသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး 'နေလမင်း ကျွန်း' ပေါ်ရှိ ရေခဲနှင့် မီး ဂူစံအိမ်သို့ ပြန်သွားကာ နေ့စဉ် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်လိုက်လေတော့သည်။
သူ၏ ရေတို ရည်မှန်းချက်မှာ အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက်သို့ ရောက်ရှိရန် ဖြစ်၏။ ထို့နောက် 'အဆောင်ဆရာ' နှင့် 'ရုပ်သေးဆရာ' အဆင့်များကို မြှင့်တင်ရန် ကြိုးစားရမည်။ အထူးသဖြင့် သူ၏ 'ကိုယ်ပွားရုပ်သေး' ကို ပထမအဆင့် အဆင့်နိမ့် သို့ မြှင့်တင်နိုင်လျှင် အကောင်းဆုံးပင်။
ထိုကိစ္စများ ပြီးစီးပါက... သူသည် 'တာ့ယွဲ့ တောင်တန်း' သို့ သွားရောက်ပြီး ယခင် 'လော့ယွဲ့ မဟာမိတ်'၏ အပျက်အစီးများကို ရှာဖွေကာ ဝိညာဉ်အမြစ်ပေါင်းစုံ ကျင့်ကြံခြင်းကို ဆက်လက် ကြိုးစားရပေမည်။
အကယ်၍သာ သူသည် 'ဓာတ်ကြီးငါးပါး တာအို' ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင်... တာ့ယွဲ့ စီရင်စု၏ ကျင့်ကြံခြင်း လောကတွင် သူ့ကို ယှဉ်နိုင်မည့် ပါရမီရှင် ရှိတော့မည် မဟုတ်ချေ။
သို့သော်...
ယွီမိသားစု တိုက်ပွဲ ပြီးဆုံးပြီး (၃) လ အကြာတွင်... ဟွမ်မိသားစု၊ ကျန်းမိသားစု နှင့် ယွင်ကျန်းဂိုဏ်း တို့သည် ပူးပေါင်း၍ ဆေးလုံးတောင်ကို ဝိုင်းရံတိုက်ခိုက်လာကြလေတော့သတည်း။
အခန်း (၂၄၀) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက်
~"ရွှီး... ရွှီး... ရွှီး..."
ဝေးကွာလှသော ကောင်းကင်ယံထက်တွင် ပျံသန်းနေသော သားရဲကြီးများသည် တစ်ကောင်ပြီး တစ်ကောင် ပေါ်ထွက်လာကြလေ၏။ မည်းမှောင်နေသော တိမ်တိုက်ကြီးများ ဖုံးလွှမ်းလာသကဲ့သို့ ကောင်းကင်တစ်ခုလုံး ပြည့်ကျပ်သွား၏။ သားရဲကြီး တစ်ကောင်ချင်းစီ၏ ကျောပေါ်တွင် အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦးစီ ပါရှိကြပြီး၊ သူတို့၏ စုစည်းထားသော အရှိန်အဝါကြီးသည် ဆေးလုံးတောင် ရှိရာဘက်သို့ ဦးတည်၍ တရိပ်ရိပ် တိုးဝင်လာလေတော့သည်။
ဆေးလုံးတောင်၏ အပြင်ဘက်တွင် စုမိသားစုထံသို့ ဆေးလုံးလာရောက် တောင်းခံကြသော ကျင့်ကြံသူများ ရှိနေကြ၏။ ကောင်းကင်မှ အခြေအနေကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများ တမုဟုတ်ချင်း ဖြူဖျော့သွားကြရှာသည်။
မရေမတွက်နိုင်သော သားရဲတပ်မဟာကြီးက ဆေးလုံးတောင်ဆီသို့ ဦးတည်လာနေသည် မဟုတ်ပါလော။ ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီးများသည် လူအုပ်ကြီးကြားတွင် ပျံ့နှံ့သွားလေတော့သည်။
ထိုအထဲမှ ခေါင်းဆောင်ဖြစ်သူက အသံကုန် အော်ဟစ်လိုက်လေ၏။
"ပြေးကြဟေ့... ပြေးကြ... ဆေးလုံးတောင်နားကနေ အမြန်ခွာကြ... စုမိသားစုတော့ ပြဿနာ တက်ပြီ"
ပြေးကြလေသတည်း...။
မြေအောက် လှိုဏ်ဂူထဲသို့ မဝင်ရသေးသော ကျင့်ကြံသူများသည် အသက်လု၍ ထွက်ပြေးကြလေတော့သည်။ အချို့ဆိုလျှင် ဖိနပ်ပင် မပါတော့ချေ။
သူတို့သည် ဆေးလုံးတောင်နှင့် ဝေးရာသို့ အသည်းအသန် ပြေးလွှားကြလေ၏။ စုမိသားစု၏ ပြဿနာကြားထဲတွင် ညပ်မပါသွားချင်ကြသည်မှာ လူ့သဘာဝပင် မဟုတ်ပါလော။
ဘေးကင်းလောက်မည့် အကွာအဝေး တစ်ခုသို့ ရောက်ရှိသွားကြမှသာ နောက်သို့ ပြန်လှည့်ကြည့်ရဲကြ၏။ မရေမတွက်နိုင်သော သားရဲများသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီးနောက်၊ စုမိသားစု၏ လှိုဏ်ဂူ ဝင်ပေါက်သို့ တစ်ရှိန်ထိုး ဆင်းသက် ဝိုင်းရံလိုက်ကြသည်ကို တွေ့မြင်လိုက်ရလေ၏။
ထိုလူအုပ်စုကို သေချာ ကြည့်ရှုလိုက်မိသောအခါ ကျင့်ကြံသူများ၏ မျက်နှာထားများ တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။
"ဘုရားရေ... ယွင်ကျန်းဂိုဏ်း ပါလား... ပြီးတော့ ဟွမ်မိသားစုနဲ့ ကျန်းမိသားစုလည်း ပါတာပဲ"
"သွားပြီ... သူတို့ သုံးဖွဲ့ပေါင်းပြီး စုမိသားစုကို ဝိုင်းတိုက်ကြတော့မှာလား... ဒါ စုမိသားစုကို မျိုးဖြုတ်ဖို့ ကြိုးစားတာပဲ"
"ကိစ္စ တုံးပါပြီ... ဒီတစ်ခါတော့ စုမိသားစု ပြေးမလွတ်တော့ဘူး"
ကျင့်ကြံသူများ၏ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားလေ၏။ မျက်စိရှေ့မှ မြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလော။
"ဝုန်း... ဝုန်း... ဝုန်း..."
များပြားလှသော ကျင့်ကြံသူများသည် ပျံသန်းနေသော သားရဲများပေါ်မှ ခုန်ဆင်းလာကြ၏။ မြေကြီးပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် နေရာအနှံ့ ဖြန့်ကျက် နေရာယူလိုက်ကြပြီး၊ မှော်လက်နက်များကို ထုတ်ကာ မြေအောက် လှိုဏ်ဂူ ဝင်ပေါက်များကို ပိတ်ဆို့လိုက်ကြလေတော့သည်။
အနည်းဆုံး ကျင့်ကြံသူ ရာပေါင်းများစွာသည် စုမိသားစု၏ နယ်မြေကို ပိတ်ဆို့ထားလိုက်ကြချေပြီ။
"ရွှီး..."
ဒုတိယအဆင့် အဆင့်မြင့် ပျံသန်းသော သားရဲတစ်ကောင်၏ ကျောပေါ်တွင် ယခင်က ယွင်ကျန်းဂိုဏ်း၏ ဒုတိယ အကြီးအကဲ၊ ယခုအခါ ပထမ အကြီးအကဲ ရာထူးကို ရယူထားသော 'ချန်ကွမ်းမင်' ထိုင်နေသည်။ သူ့မျက်နှာထားမှာ မသာမိုးမြုပ်သည့်နှယ် ညိုမဲနေပြီး အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေလေ၏။
သူသည် သားရဲပေါ်မှ ခုန်ဆင်းလိုက်ပြီး စုမိသားစု၏ ဂူပေါက်ဝ ရှေ့တည့်တည့်တွင် ခြေချလိုက်၏။
သူ့နောက်တွင် ဟွမ်မိသားစု ခေါင်းဆောင် (လက်ရှိ ပထမ အကြီးအကဲ) နှင့် ကျန်းမိသားစု ခေါင်းဆောင် (ပထမ အကြီးအကဲ) တို့လည်း အသီးသီး ဆင်းသက်လာကြလေ၏။
ပြီးခဲ့သော ယွီမိသားစု တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းက သူတို့ သုံးဖွဲ့စလုံးကို အထိနာစေခဲ့သည် မဟုတ်ပါလော။
ယွင်ကျန်းဂိုဏ်း ဆိုလျှင် လူအင်အား ဒါဇင်နှင့်ချီ ဆုံးရှုံးခဲ့ရသည်။
ဟွမ်မိသားစု ခေါင်းဆောင်နှင့် ကျန်းမိသားစု ခေါင်းဆောင်တို့၏ ဒဏ်ရာများမှာ ယခုမှပင် အနည်းငယ် ပြန်လည် သက်သာစ ပြုလာခြင်း ဖြစ်၏။
ယခု စုမိသားစု၏ နယ်မြေ အပြင်ဘက်သို့ ရောက်ရှိလာကြသောအခါ ယွင်ကျန်းဂိုဏ်း ပထမ အကြီးအကဲ ချန်ကွမ်းမင်၊ ဟွမ်ခေါင်းဆောင် နှင့် ကျန်းခေါင်းဆောင် တို့သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ကြလေ၏။ သူတို့၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်းနေသော်လည်း၊ တစ်ဖက်တွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များလည်း တွေ့မြင်နေရ၏။
ချန်ကွမ်းမင်သည် စုမိသားစု၏ ဂူဝင်ပေါက်ကို စိုက်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်လေ၏။
"ဒီတစ်ခါတော့... ငါတို့ အမှားခံလို့ မရတော့ဘူး"
"စုမိသားစုကိုသာ အနိုင်မယူနိုင်ရင်... 'ဘိုးဘေးကြီး ယိီ' က ဘယ်လောက်ပဲ သဘောကောင်းတယ် ပြောပြော... ဒီတစ်ခါတော့ ဒေါသထွက်မှာ သေချာတယ်"
ချန်ကွမ်းမင်၏ စကားကို ကြားလိုက်ရသောအခါ ဟွမ်ခေါင်းဆောင်နှင့် ကျန်းခေါင်းဆောင်တို့၏ မျက်နှာများ ပိုမို မည်းမှောင်သွားကြရရှာသည်။
သူတို့၏ ရင်ထဲတွင် မလုံခြုံမှုများ တိုးပွားလာလေ၏။
ခေတ်ကာလများ ပြောင်းလဲသွားခဲ့ချေပြီ။
'ကုန်းစွန်းယီ' သည် အမြုတေဖွဲ့စည်းခြင်း အဆင့် ကို အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်သွားပြီ ဖြစ်၏။
အမြုတေဖွဲ့စည်းခြင်း အစောပိုင်း အဆင့်သာ ရှိသေးသည် ဆိုသော်ငြားလည်း... သူတို့ ဟွမ်မိသားစုနှင့် ကျန်းမိသားစု အနေဖြင့် ကုန်းစွန်းယီကို သွားရောက် ပြစ်မှားရန် မတတ်နိုင်တော့ပေ။
အကယ်၍ ကုန်းစွန်းယီသာ ငြိုငြင်သွားပါက... ကံဆိုးမိုးမှောင် ကျမည့်သူများမှာ သူတို့ ဟွမ်မိသားစုနှင့် ကျန်းမိသားစုသာ ဖြစ်ပေလိမ့်မည်။
ဟွမ်ခေါင်းဆောင်နှင့် ကျန်းခေါင်းဆောင်တို့သည် လေးလံစွာ ခေါင်းညိတ်လိုက်ကြလေ၏။
"ပထမ အကြီးအကဲ... စိတ်ချပါဗျာ... စုမိသားစုလောက်ကတော့ ကျုပ်တို့ သုံးဖွဲ့ပေါင်းတာကို ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး... ဒီတစ်ခါ ယွင်ကျန်းဂိုဏ်းက ဝင်မပါရင်တောင်မှ ကျုပ်တို့ မိသားစု နှစ်ခုတည်းနဲ့တင် စုမိသားစုကို ရှင်းပစ်လို့ ရပါတယ်"
ချန်ကွမ်းမင်သည် မျက်လုံးကို ကျဉ်းမြောင်းလိုက်လေ၏။ ကောင်းပြီဟု ပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး လေသံ ပြောင်းကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"ဟွန့်... ပေါ့ပေါ့တန်တန် မတွေးနဲ့... တကယ်လို့များ လွဲချော်သွားခဲ့ရင်တော့... ငါ သဘောမကောင်းဘူး ဆိုတာသာ မှတ်ထားလိုက်ကြပေရော့"
"ဝီ..."
သူတို့ သုံးဦး စကားမဆုံးခင်မှာပင် ရှေ့တည့်တည့်ရှိ စုမိသားစု၏ 'တောင်ကာကွယ်ရေး အခင်းအကျင်း' သည် ရုတ်တရက် အသက်ဝင် လည်ပတ်လာလေ၏။
တောက်ပသော အလင်းတန်း အတားအဆီး တစ်ခုသည် အောက်ဘက်ရှိ လှိုဏ်ဂူတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
လေခွင်းသံများနှင့်အတူ စုဖုန်း၊ စုပင်း၊ စုယွင်၊ စုရိုဆု နှင့် အခြားသော မိသားစုဝင်များသည် အခင်းအကျင်း အလင်းတန်းများ အကာအကွယ်ဖြင့် ထွက်ပေါ်လာကြ၏။ မိမိတို့၏ လှိုဏ်ဂူကို ဝိုင်းရံထားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများကို မြင်လိုက်ရသည့် အချိန်တွင်၊ အထူးသဖြင့် ချန်ကွမ်းမင်၊ ဟွမ်ခေါင်းဆောင် နှင့် ကျန်းခေါင်းဆောင်တို့ကို တွေ့လိုက်ရသည့် အချိန်တွင်... စုဖုန်းနှင့် အခြားသူများ၏ မျက်နှာထားများ လုံးဝ ပျက်ယွင်းသွားကြလေတော့သည်။
စုဖုန်း၏ အသံမှာ တုန်ရီနေလေ၏။
"ယွင်ကျန်းဂိုဏ်း... ဟွမ်မိသားစု... ကျန်းမိသားစု... ခင်ဗျားတို့"
စုပင်း၏ မျက်နှာမှာလည်း တင်းမာခက်ထန်နေ၏။ သူသည် ဘယ်ညာ ဝေ့ကြည့်လိုက်ပြီး သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော စုရွီအန်းကို လှမ်းကြည့်လိုက်လေ၏။ ထို့နောက် စိတ်ချင်းဆက်သွယ်၍ မေးမြန်းလိုက်၏။
'တတိယ ဘိုးဘေးကြီးကော... ဘယ်ရောက်နေလဲ'
စုရွီအန်းက ချက်ချင်း ပြန်လည် ဖြေကြားလိုက်လေ၏။
'လာနေပါပြီ... မကြာခင် ရောက်လာတော့မှာပါ'
စုပင်း မျက်ခုံးကြုတ်လိုက်မိသည်။ ထို့နောက် မိသားစုဝင်များကို တည်ငြိမ်ရန် လက်ပြလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်လေ၏။ အခင်းအကျင်း အပြင်ဘက်ရှိ ချန်ကွမ်းမင်နှင့် ခေါင်းဆောင်များကို စိုက်ကြည့်ကာ တည်ငြိမ်သော အသံဖြင့် မေးမြန်းလိုက်၏။
"မိတ်ဆွေတို့... ခင်ဗျားတို့ ဘာသဘောလဲဗျ"
"ကျုပ်တို့ စုမိသားစုက... ခင်ဗျားတို့ဆီကနေ ဒီလို ခမ်းနားတဲ့ ကြိုဆိုမှုကို ရလောက်တဲ့အထိ ဘာများ အမှား လုပ်မိလို့ပါလိမ့်"
အပြင်ဘက်တွင်...
ချန်ကွမ်းမင်သည် စုပင်းကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခဏအကြာမှ ဖြည်းညှင်းစွာ ပြောဆိုလိုက်လေ၏။
"တောင်ကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ပေးလိုက်စမ်းပါ... ဒါဆိုရင် စုမိသားစု အတွက် အခွင့်အရေး တစ်ခုလောက်တော့ ရကောင်း ရနိုင်သေးတယ်... ခုခံနေရင် အလကားပဲ... အဓိပ္ပာယ် မရှိဘူး"
စုပင်း၏ လက်သီးများသည် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် လက်ဆစ်များပင် ဖြူဖျော့နေတော့သည်။ သူ အံကို ကြိတ်လိုက်လေ၏။
"မိတ်ဆွေတို့... ခင်ဗျားတို့က ကျုပ်တို့ကို အမြစ်ဖြတ် သုတ်သင်ချင်ကြတာလား"
"ဟွန့်... ပထမ အကြီးအကဲ... သူတို့နဲ့ ဘာစကားတွေ အများကြီး ပြောနေမှာလဲဗျာ"
ဟွမ်မိသားစု ခေါင်းဆောင်က ဝင်ရောက် ပြောဆိုလိုက်လေ၏။ စုပင်း၏ နောက်တွင် ရှိနေသော စုဖုန်းနှင့် အခြားသူများ၏ ကြောက်ရွံ့နေသော မျက်နှာများကို ကြည့်ရင်း သူ့စိတ်ထဲတွင် အတိုင်းမသိ ကျေနပ်နေ၏။
သူက လှောင်ပြောင်သရော်သော လေသံဖြင့် ဆက်ပြောလိုက်လေ၏။
"ငါ အခင်းအကျင်းကို ချိုးဖျက်ပြီးသွားရင်... သူတို့ရဲ့ ကံကြမ္မာက ငါတို့ လက်ထဲမှာပဲ ရှိတော့မှာပါကွ"
ထိုသို့ ပြောလိုက်ပြီးသည်နှင့် စုမိသားစုနှင့် ယွီမိသားစုတို့ ပူးပေါင်းပြီး ဟွမ်မိသားစု၏ အရင်းအမြစ် နယ်မြေများကို လုယူခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် သတိရသွား၏။ ဟွမ်ခေါင်းဆောင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး အံကို ကြိတ်ကာ အော်ဟစ်လိုက်လေတော့သည်။
"ငါ့ ဟွမ်မိသားစုကို စိန်ခေါ်ရဲတယ် ဆိုကတည်းက... သူတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ဆိုတဲ့ သဘောပဲ"
"သူတို့ကို မျိုးမဖြုတ်ပစ်ရင်... ငါ့ ဟွမ်မိသားစုရဲ့ သိက္ခာ ဘယ်မှာ သွားထားရမလဲကွ... ဟမ်”