← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက် (အပိုင်း - ၅)

~ဤသို့ဖြင့် ဖရိုဖရဲ ဖြစ်ရပ်များကြားတွင် ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစု၊ ကျန်းမိသားစု၊ ယွီမိသားစု နှင့် စုမိသားစုတို့သည် ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်သွားကြ၏။ စုမိသားစုကြောင့် ယွင်ကျန်းဂိုဏ်း မျက်နှာပျက်ခဲ့ရသော်လည်း၊ ဂိုဏ်းဘက်မှ နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်ခြင်း မရှိတော့ချေ။

အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး (၂) နှစ်တာ ကြာမြင့်ခဲ့လေပြီ။

ထိုအချိန်တွင် လော့ချန်ယွီသည် နန်းတော် လျှို့ဝှက်ခန်း အတွင်းမှ ထွက်ခွာလာခဲ့၏။ သူမ၏ အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း 'အထွတ်အထိပ်' သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ချေသည်။

လျှို့ဝှက်ခန်းမှ ထွက်လာသည့်နေ့တွင် သူမသည် အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် စုပင်း၊ စုဇီ၊ စုဖုန်း နှင့် ထျဲမုန်ကျူး တို့အားလုံး သတိထားမိသွားကြသည်။

လော့ချန်ယွီ ပြန်လည် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ စုဇီနှင့် ထျဲမုန်ကျူးတို့မှာ ဝမ်းသာလွန်း၍ ယုံပင် မယုံနိုင်အောင် ဖြစ်သွားကြတော့သည်။

စုမိသားစုက သူမအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးပြီးနောက်၊ လော့ချန်ယွီသည် ယွင်ကျန်းဂိုဏ်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်ပါ၏။

ထိုသတင်းကို ကြားသိရသောအခါ စုဇီနှင့် ထျဲမုန်ကျူးတို့ကလည်း သူမနှင့်အတူ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်ကြသည်။

*

လဝက်ခန့် ကြာသောအခါ...

ယွင်ကျန်းဂိုဏ်းဆီမှ တုန်လှုပ်ဖွယ် သတင်းတစ်ပုဒ် ပျံ့နှံ့ထွက်ပေါ်လာလေတော့သည်။

လော့ချန်ယွီသည် စုဇီ၊ ထျဲမုန်ကျူး တို့နှင့်အတူ ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာပြီး၊ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိစ 'အရှင်သခင် ကုန်းစွန်းယီ' ကို ဓားချက်တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည် ဟူသတတ်။

ထို့အပြင် လက်ရှိ ပထမ အကြီးအကဲ ချန်ကွမ်းမင် နှင့် သူ့တပည့် ချန်ပိုင်လိုင် တို့ကိုလည်း နောက်ထပ် ဓားချက်တစ်ချက်ဖြင့် ခေါင်းပြတ် သေဆုံးစေခဲ့၏။

ယွင်ကျန်းဂိုဏ်း တစ်ခုလုံးသည် သူမ၏ ထက်ရှလှသော ဓားချီအောက်တွင် ပြားပြားမှောက်သွားခဲ့ရပြီး မည်သူမျှ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။

ထိုအချိန်က လော့ချန်ယွီသည် အခြေခံတည်ဆောက်ခြင်း 'အထွတ်အထိပ်' အဆင့်၌သာ ရှိနေသေးသည် မဟုတ်ပါလော။

ကုန်းစွန်းယီကို ဒဏ်ရာရစေပြီး၊ ချန်ကွမ်းမင်နှင့် ချန်ပိုင်လိုင်တို့ကို သတ်ဖြတ်ပြီးနောက်... လော့ချန်ယွီသည် လက်ရှိ ဂိုဏ်းချုပ်ကို ရာထူးမှ ဖယ်ရှားပစ်လိုက်၏။ ထို့နောက် အနားယူနေသော ပထမ အကြီးအကဲဟောင်းကို ဂိုဏ်းချုပ် ရာထူးသို့ တွန်းတင်လိုက်ပြီး ယွင်ကျန်းဂိုဏ်း တစ်ခုလုံးကို ပြန်လည် ဖွဲ့စည်းလိုက်လေတော့သည်။

ထိုကိစ္စများ ပြီးဆုံးသွားသည့် အချိန်မှစ၍ ယွင်ကျန်းဂိုဏ်းသည် တောင်တံခါးပိတ်ကာ ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်လေတော့သည်။

ဤသတင်း ရိုက်ခတ်သွားသောအခါ ယွင်ကျန်းဂိုဏ်း ပိုင်နက်နယ်မြေ တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်.. ဖြစ်သွားကြ၏။

ဆေးလုံးတောင်သို့ သတင်းရောက်ရှိလာသောအခါ စုယွီသည် လော့ချန်ယွီ၏ ပြတ်သားပြီး ဘွင်းဘွင်းရှင်းရှင်း လုပ်ဆောင်ချက်များကြောင့် အနည်းငယ် အံ့သြသွားမိသည်။ သို့သော် သူမ၏ စွမ်းအားကိုတော့ မအံ့သြမိချေ။

‘ဟွန်း... ဒါ လော့ချန်ယွီပဲလေ... သူက သာမန်မှ မဟုတ်တာ’

စုယွီ့ စိတ်ထဲတွင် ကြိတ်၍ ချီးကျူးမိလိုက်၏။

"အရင်တုန်းက ရှေးဟောင်း ဓားတာအို မကျင့်ကြံရသေးခင်ကတည်းက... အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်နဲ့ ဖုန်းလော့ စီရင်စုက ဖေးမိသားစုရဲ့ အမြုတေဖွဲ့စည်းခြင်း အရှင်သခင်ကို ချုံခိုတိုက်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသူပဲ... အဲ့ဒီတုန်းက ဖေးမိသားစုတောင် ကြောက်လန့်ပြီး တာ့ယွဲ့ စီရင်စုကနေ ထွက်ပြေးခဲ့ရတာလေ"

ယခုအခါ လော့ချန်ယွီသည် ကျင့်ကြံမှုကို ပြန်လည် တည်ဆောက်ပြီး ယခင် အဆင့်သို့ ပြန်ရောက်လာပြီ ဖြစ်ရာ... သူမ၏ စွမ်းအားမှာ ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်တော့ချေ။ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့်ကို အခုမှ ရောက်ကာစ ကုန်းစွန်းယီ လောက်ကို ဓားချက် တစ်ချက်တည်းနှင့်.. ဒဏ်ရာရစေတာက သိပ်တော့ မဆန်းလှပေ။

ချန်ကွမ်းမင်နဲ့ ချန်ပိုင်လိုင်တို့ကို သတ်လိုက်တာကတော့...

"ဒါ သူက ငါနဲ့ စုမိသားစုအပေါ် တင်ရှိနေတဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်လိုက်တာပဲ"

လက်ရှိ ဂိုဏ်းချုပ်ကို ဖြုတ်ချပြီး၊ ပထမ အကြီးအကဲဟောင်းကို ပြန်တင်လိုက်တာကလည်း မျှော်လင့်ထားပြီးသား ကိစ္စပင်။

ကုန်းစွန်းယီနဲ့ ဂိုဏ်းချုပ်ဟောင်းကို ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကတော့ ယွင်ကျန်းဂိုဏ်း၏ အတွင်းရေး ကိစ္စဖြစ်၍.. စုယွီ ဝင်မပါတော့ပေ။

လော့ချန်ယွီက ယွင်ကျန်းဂိုဏ်းကို တကယ် ထိန်းချုပ်လိုက်နိုင်ပြီ ဆိုတာ သိလိုက်ရတော့ စုယွီ သက်ပြင်းချနိုင်လေတော့သည်။ လော့ချန်ယွီသာ ယွင်ကျန်းဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေသရွေ့... ဒီနယ်မြေ တစ်ဝိုက်မှာ စုမိသားစုအတွက် ဘာအန္တရာယ်မှ ရှိတော့မှာ မဟုတ်ပေ။

နောင်လာမည့် အနာဂတ်တွင် စုမိသားစု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယွင်ကျန်းဂိုဏ်းကို ကျောထောက်နောက်ခံ ပြုလို့ ရသွားပြီတည်း။

မိသားစု ခေါင်းဆောင် စုဖုန်း နှင့် ဘိုးဘေး စုပင်း တို့မှာမူ ထိုသတင်းကို ကြားရသောအခါ ကောင်းကင်မှ ရွှေမိုးငွေမိုး ရွာချလိုက်သကဲ့သို့ အံ့သြဝမ်းသာ ဖြစ်နေကြရရှာသည်။

နောက်ပိုင်း ရက်များတွင် သူတို့သည် ယွီခယ်အာနှင့် တိုင်ပင်ဆွေးနွေးကြပြီး၊ ယွီမိသားစုနှင့် ပူးပေါင်းကာ ဟွမ်မိသားစုနှင့် ကျန်းမိသားစုကို ပြန်လည် တိုက်ခိုက်ရန် ကြံစည်ကြ၏။

သို့သော် ယွင်ကျန်းဂိုဏ်းက တောင်တံခါး ပိတ်ထားခြင်း၊ ယွီမိသားစုနှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တို့၏ ဆက်ဆံရေး အခြေအနေများကြောင့် စုမိသားစုသည် ချက်ချင်း မလှုပ်ရှားရဲဘဲ တုံ့ဆိုင်းနေခဲ့သည်။

ထိုကိစ္စများကို စုယွီ ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ လူကြီးများကိုသာ စီမံခန့်ခွဲစေလိုက်၏။

သူကတော့ 'နေလမင်း ကျွန်း' ပေါ်က 'ယင်နှင့်ယန်' ဂူစံအိမ်ထဲမှာ အေးအေးလူလူ ကျင့်ကြံနေလိုက်သည်။

*

တစ်လကျော် ကြာပြီးနောက်...၊

စုယွီသည် သူ၏ 'ရုပ်သေးကိုယ်ပွား' ကို ဂူစံအိမ်မှ ထွက်ခွာစေပြီး၊ (၁၀) နှစ် တစ်ကြိမ် ကျင်းပသော လေ့ထင်း ဈေးကွက် ကုန်သွယ်ပွဲကြီးသို့ စေလွှတ်လိုက်၏။

ကုန်သွယ်ပွဲတွင် စုယွီသည် ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။ 'အရက်ကြမ်း တာအိုဆရာမလေး' ၊ ဆေးပညာရှင် လီမိသားစုကို ထိန်းချုပ်ထားသော 'အရှင်သခင် ချန်ချင်း' ၊ တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ချင်းချွမ် နှင့် နတ်မိမယ် ဖုန်းလင် တို့ကို တွေ့မြင်လိုက်ရ၏။

ကုန်သွယ်ပွဲကြီးတွင် ပါဝင်သော ပစ္စည်းများသည် စုယွီ မျှော်မှန်းထားသည်ထက် များစွာ သာလွန်ကောင်းမွန်နေသည်။

သူသည် 'ဟောက်ထျန်း ဆေးလုံး' အတွက် လိုအပ်သော တွဲဖက် ဆေးဖက်ဝင် ပစ္စည်း အများစု၊ 'ရွှေရောင်မူလ ဆေးလုံး' အတွက် ကုန်ကြမ်းပစ္စည်း အချို့နှင့် သာမန် တတိယအဆင့် အဆင့်နိမ့် ဆေးလုံးများ၊ အဆောင်လက်နက်များ၊ ဝိညာဉ်သတ္တုများကို ရရှိလိုက်သည်။

ဒီတစ်ခါတော့ သူ့ရုပ်သေးကိုယ်ပွားက သိုသိုသိပ်သိပ်ပဲ နေခဲ့သည်။ အရောင်းအဝယ် အနည်းငယ်သာ ပြုလုပ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက်သာ သုံးစွဲခဲ့၏။ ထို့နောက် လေ့ထင်း ဈေးကွက်မှ သိုသိပ်စွာ ထွက်ခွာလာခဲ့တော့၏။

လအနည်းငယ် ကြာသောအခါ...

စုယွီသည် ရုပ်သေးကိုယ်ပွားကို 'တာ့ယွဲ့ မှောင်ခိုဈေးကွက်' ၌ (၈) နှစ် တစ်ကြိမ် ကျင်းပသော လေလံပွဲသို့ စေလွှတ်လိုက်ပြန်သည်။ ထိုလေလံပွဲမှလည်း တတိယအဆင့် အဆင့်နိမ့် ဆေးလုံးများ၊ အဆောင်လက်နက်များနှင့် ဝိညာဉ်သတ္တု ကုန်ကြမ်းများကို ထပ်မံ ရရှိခဲ့၏။

ထို့နောက် 'တာအိုဆရာ ရှုယွီ' ထံသို့ ဝင်ရောက် လည်ပတ်ပြီး ပြန်လာခဲ့လေသည်။

မူလက သူသည် တတိယအဆင့် အဆောင်ဆရာ ပညာရပ် လမ်းစဉ် ကို ရှာဖွေရန် ရည်ရွယ်ထားသော်လည်း၊ ကုန်သွယ်ပွဲတွင်ရော လေလံပွဲတွင်ပါ ရှာဖွေမတွေ့ရှိခဲ့ပေ။

"တတိယအဆင့် အဆောင်ပညာရပ် ဆိုတာက... ထိပ်တန်း မှော်လက်နက်တွေထက်တောင် ရှားပါးနေသေးပါလား... ဖီးနစ်ငှက် အမွေးအတောင် လိုပဲ ရှာရခက်လိုက်တာ"

သူ့စိတ်ထဲတွင် ညည်းတွားမိသည်။

သူ စုဆောင်းထားသော ပစ္စည်းများသည် အနာဂတ်တွင် သူ၏ ဆေးပညာ၊ အဆောင်ပညာ နှင့် ရုပ်သေးပညာ တို့ကို တတိယအဆင့် အဆင့်နိမ့်သို့ မြှင့်တင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။

အထူးသဖြင့် သူ့အတွက် အလားအလာ အရှိဆုံးမှာ တတိယအဆင့် အဆင့်နိမ့် ရုပ်သေးပညာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲတွင် 'တာအိုဆရာ ကျဲ' ထံမှ ရရှိထားသော 'သင်္ချိုင်း ရုပ်သေး နည်းပညာ' ရှိနေသည် မဟုတ်ပါလော။

သေချာ လေ့လာသုတေသန ပြုပြီးနောက်... စုယွီသည် 'အမွေးဖြူ ဖီးနစ်လင်းယုန်' ဟု အမည်ရသော ရုပ်သေးသားရဲ တစ်ကောင်ကို ဖန်တီးရန် စီစဉ်လိုက်၏။

ဤ ရုပ်သေးသားရဲသည် ပျံသန်းမှုတွင် ကျွမ်းကျင်ပြီး အလွန် လျင်မြန်သည်။ ၎င်း၏ စွမ်းအားမှာ သာမန် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှသော်လည်း၊ အမြန်နှုန်းမှာမူ တွေးကြည့်လို့ပင် မရနိုင်လောက်အောင် မြန်ဆန်လှပေ၏။

ဤ ရုပ်သေးသားရဲ အတွက် အဓိက လိုအပ်သော ပစ္စည်းမှာ 'လေဓာတ် ခြင်ဆီကျောက်' ဟု ခေါ်သော တတိယအဆင့် ဝိညာဉ်သတ္တု ဖြစ်သည်။ ထို့အပြင် 'အရိပ်ကျောက်' ၊ 'ပဲ့တင်သံ အရိပ် ဝိညာဉ်ကျောက်'နှင့် အခြား တတိယအဆင့် သတ္တုများ၊ လေဓာတ် ပါဝင်သော တတိယအဆင့် အဆင့်နိမ့် မိစ္ဆာအမြုတေ နှင့် သားရဲအရေခွံတို့ကို ဖြည့်စွက် အသုံးပြုရမည် ဖြစ်၏။

ပစ္စည်း ရှာဖွေရတာ သိပ်တော့ မခက်ခဲလှပေ။ သူ့လက်ထဲတွင် 'အရိပ်ကျောက်' နှင့် 'ပဲ့တင်သံ အရိပ် ဝိညာဉ်ကျောက်' တို့ ရှိနေပြီးသား ဖြစ်သည်။

'လေဓာတ် ခြင်ဆီကျောက်' ကိုတော့ တာအိုဆရာ ရှုယွီကို ရှာဖွေခိုင်းထားလိုက်သည်။

ဆေးပညာရှင် အပိုင်းတွင်မူ... တတိယအဆင့် အဆင့်နိမ့် ဆေးလုံးများ ဖော်စပ်ရန် သူ သိပ်မလောလှပေ။

အဆောင်ပညာရှင် အပိုင်းတွင်တော့...

"တတိယအဆင့် အဆောင်ပညာရပ် လမ်းစဉ်ကို ရှာမတွေ့သေးဘူး... ခုနက လေ့ထင်း ဈေးကွက် ကုန်သွယ်ပွဲကြီးမှာတောင် ဘယ်သူမှ ရောင်းချင်တဲ့သူ မတွေ့ခဲ့ရဘူး"

စုယွီစိတ်ထဲတွင် အနည်းငယ် စိတ်ပျက်မိပါ၏။

အခန်း (၂၄၅) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက် (အပိုင်း - ၆)

~စုယွီ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုကို သေချာစွာ ရေးဆွဲလိုက်၏။

ပထမဦးဆုံး အနေဖြင့် သူ၏ ရုပ်သေးကိုယ်ပွားကို စေလွှတ်၍ တတိယအဆင့် အဆောင်ပညာရပ် လမ်းစဉ်ကို လိုက်လံ ရှာဖွေစေရမည်။ အကယ်၍ ကံကောင်းထောက်မစွာ တွေ့ရှိခဲ့လျှင် အကောင်းဆုံးပင် ဖြစ်ချေသည်။

အကယ်၍ မတွေ့ရှိခဲ့လျှင်မူ... တစ်နည်းသာ ကျန်ရှိတော့ပေသည်။

သူ ကိုယ်တိုင် ကိုယ်ကျ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက်ကို စမ်းသပ် ဖန်တီးရပေတော့မည်။

ယခင်က ဒုတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက်ကို ဖန်တီးခဲ့စဉ်ကကဲ့သို့ပင်... ကိုယ်ပိုင် ဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှုကို အသုံးပြု၍ အဖြေရှာရမည် ဖြစ်ချေသည်။

ဒါက တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပေသည်။

အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

လေးနှစ်ကျော် ကြာမြင့်ပြီးနောက်...

နေလမင်း ကျွန်း ပေါ်ရှိ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။

"ဝူး... ဝူး... ဝူး..."

ထူထဲသိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် လေပွေတစ်ခုအလား လည်ပတ်နေပြီး၊ ဂူအလယ်တည့်တည့်တွင် တင်ပလ္လင်ခွေ ထိုင်နေသော အစိမ်းရောင် ဝတ်စုံနှင့် လူရိပ်ထံသို့ ဒီရေအလား တိုးဝင် စီးဆင်းနေကြ၏။

ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းဆမှာ အလွန် မြင့်မားလှသဖြင့် ထိုလူရိပ်၏ ပတ်ပတ်လည်တွင် ပါးလွှာသော ဝိညာဉ်မြူခိုးများပင် ဖြစ်ပေါ်နေသည်။

ခမ်းနားထည်ဝါပြီး စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခုသည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ဂူတစ်ခုလုံးကို လွှမ်းခြုံထား၏။ စိမ်းပြာရောင် အလင်းတန်းနှင့် မြေဝါရောင် အလင်းတန်းတို့သည် ကောင်းကင်တစ်ဝက်စီကို ခွဲဝေ နေရာယူထားကြသကဲ့သို့ တောက်ပနေသည်။

ဝိုးတဝါး မြင်ကွင်းတစ်ခု အနေဖြင့်... ထို အစိမ်းရောင် ဝတ်စုံနှင့် လူရိပ်၏ နောက်ကျောဘက်တွင် ဆန်းကြယ်သော ပုံရိပ်တစ်ခု ပေါ်ထွက်နေ၏။ ထူထဲသော မြေကြီးပေါ်တွင် ကောင်းကင်နှင့် မြေကြီးကို ထောက်ကန်ထားသကဲ့သို့ ကြီးမားလှသော ရှေးဟောင်း သစ်ပင်ကြီး တစ်ပင် မတ်မတ် ရပ်တည်နေသည်။

စုယွီသည် မြေကမ္ဘာသစ်သား ကျင့်စဉ် ၏ မဟာ စက်ဝန်း လည်ပတ်ခြင်း ကို လုပ်ဆောင်နေသည်နှင့်အမျှ... မရေမတွက်နိုင်သော သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြပြီး၊ အစိမ်းရောင် သစ်သား ချီစွမ်းအင်နှင့် မည်းနက်သော မြေကမ္ဘာ ချီစွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။

သူ၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာလေတော့သည်။

ထို့နောက် အခိုက်အတန့် တစ်ခုသို့ ရောက်ရှိသောအခါ...

"ဝုန်း"

စုယွီ၏ ခန္ဓာကိုယ် အတွင်းရှိ သစ်သား ချီစွမ်းအင်နှင့် မြေကမ္ဘာ ချီစွမ်းအင်များသည် ကန့်သတ်ချက် တစ်ခုကို ရောက်ရှိသွားသကဲ့သို့ ဖြစ်ပေါ်လာ၏။ မူလက အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်တွင် ရှိနေသော သူ၏ အရှိန်အဝါသည် စတင် ပြောင်းလဲလာပြီး အဆင့်မြှင့်တင်မှု ဖြစ်ပေါ်လာလေတော့သည်။

လေးလံသော ဖိအားနှင့် ကြွယ်ဝသော သက်စောင့်စွမ်းအင်များသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားသလား ထင်မှတ်ရသည်။ ဝိညာဉ်စွမ်းအင်များသည် တုန်ခါသွားပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် စုစည်းလာကြ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဂူစံအိမ် အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို မမြင်ရသော စွမ်းအားတစ်ခုက စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားလေတော့သည်။

"ရွှီး... ရွှီး... ရွှီး..."

စုယွီ၏ နောက်ကျောဘက်တွင် အစိမ်းရောင် အလင်းရောင်များသည် ပိုမို တောက်ပလာ၏။ သူ၏ ကျင့်ကြံမှု အဆင့်တက်သွားသည့် အခိုက်အတန့်တွင်... ဟို မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးသည် လှုပ်ရှားသွားပြီး အစိမ်းရောင် အလင်းစက်ကလေးများကို သူ့အပေါ်သို့ ဖြန်းပက်လိုက်သကဲ့သို့ ဖြစ်ပေါ်လာသည်။

ထို အလင်းစက်ကလေးများ ကျရောက်လာသည်နှင့် တစ်ပြိုင်နက်... စုယွီ၏ သစ်သား ချီစွမ်းအင်နှင့် ရှေးဟောင်းဆန်သော အရှိန်အဝါတို့သည် ပိုမို အားကောင်းလာလေတော့သည်။

နာရီဝက်ခန့် ကြာသောအခါ...

"ဟူး..."

စုယွီသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ ဒန်တျန် အတွင်းမှ ပြင်းထန်သော ချီစွမ်းအင်များကို ခံစားလိုက်ရသဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ လက်သီးကို ဖွဖွ ဆုပ်လိုက်ပြီး၊ အသက်ကို ဝဝရှူသွင်းကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။

"အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်ကို ရောက်သွားပြီပဲ"

သူ၏ စိတ်ထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။

သူ၏ ချီစွမ်းအင် ပြောင်းလဲသွားသည်ကို အတိုင်းသား ခံစားနေရ၏။

ခြောက်ဆင့်မြောက်မှ ခုနစ်ဆင့်မြောက်သို့ ကူးပြောင်းခြင်းသည် ခြေလှမ်းအသေးလေး တစ်ခုသာ ဖြစ်သော်လည်း... ချီစွမ်းအင်၏ အရည်အသွေးမှာမူ လုံးဝ ကွာခြားသွားပြီ ဖြစ်ချေသည်။

ဒါက အဆင့်နိမ့် စစ်ဆေးရေးဂိတ် တစ်ခုကို ကျော်ဖြတ်လိုက်ခြင်း ဖြစ်ပြီး၊ ချီစွမ်းအင်၏ စွမ်းအားနှင့် အရည်အသွေးတို့သည် သိသိသာသာ တိုးတက်လာသည်။

ထိုမျှမကသေးပေ။

အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်သို့ ရောက်ရှိသွားသဖြင့် သူ၏ ဝိညာဉ်အာရုံ နှင့် ဝိညာဉ် တို့သည်လည်း အနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ရ၏။

ယခင်က သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံးနှင့် ဖိထားသကဲ့သို့ ခံစားနေရသော ဝိညာဉ်ဖိအားများသည် ယခုအခါ အနည်းငယ် လျော့ပါးသွားပြီ ဖြစ်သည်။

သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို စိတ်ဖြင့် လှမ်းကြည့်လိုက်၏။

[သက်တမ်း - ၈၆ နှစ် / ၄၀၄ နှစ်]

[ကျင့်စဉ် - မြေကမ္ဘာသစ်သား ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်၊ ကျွမ်းကျင်မှု ၀.၀၁ ရာခိုင်နှုန်း)၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (တတိယအဆင့်၊ ကျွမ်းကျင်မှု ၃.၁၅ ရာခိုင်နှုန်း)]

"အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်မှာတင်... သက်တမ်းက လေးရာလေးနှစ်တောင် ဖြစ်သွားပြီလား"

ဒီအချက်အလက်ကို မြင်လိုက်ရတော့ စုယွီ့ရင်ထဲမှာ အံ့သြမှင်သက်သွားမိသည်။ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ် ကို ကျင့်ကြံလေလေ၊ ၎င်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို ပိုမို သိရှိလာလေလေ ဖြစ်နေသည်။ သက်တမ်း တိုးပွားမှုနှုန်းက ကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလော။

အခြေခံတည်ဆောက်ခြင်း အဆင့်မှာတင် သက်တမ်း လေးရာကျော် ရှိသူ ဆိုတာ တစ်ခါမှ မကြားဖူးခဲ့ပေ။

ထို့ပြင်၊ မိမိဆီက ထွက်ပေါ်နေသော ရှေးဟောင်းဆန်သည့် အရှိန်အဝါတွေကလည်း အလွန် နက်နဲလွန်းလှသည်။

ဒီနေ့အထိ ထိုအရှိန်အဝါတို့၏ သဘောတရားကို စုယွီ နားမလည်နိုင်သေးပေ။

ထို့အပြင် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ် က ရရှိသော ချီစွမ်းအင်တွေက တခြား ကျင့်စဉ်တွေထက် ပိုပြီး အားကောင်းနေပြန်သည်။

"အခု ခုနစ်ဆင့်မြောက် ရောက်သွားပြီ ဆိုတော့... ရေခဲမီး ကျင့်စဉ် နဲ့ ကုန်းကျင်း ကောင်းကင်ဓားသိုင်း တို့လည်း မကြာခင် လိုက်မီတော့မယ်"

ကျန်ရှိနေသော ကျင့်စဉ်နှစ်ခု၏ ကျွမ်းကျင်မှုကို ကြည့်လိုက်ရာ... နှစ်ခုစလုံး ကိုးဆယ့်ရှစ် ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီ ဖြစ်သည်။

အများဆုံး လဝက်လောက် ဆိုရင်... ကျန်တဲ့ ဝိညာဉ်အမြစ် သုံးခုစလုံးရဲ့ ချီစွမ်းအင်တွေလည်း ခုနစ်ဆင့်မြောက်ကို ရောက်ရှိသွားမှာ သေချာသည်။

အဲ့ဒီအချိန်ကျမှ တတိယအဆင့် အဆင့်နိမ့် ဆေးလုံးတွေကို ဖော်စပ်ဖို့ ကြိုးစားကြည့်မယ်။ ပြီးတော့ အဆောင်လက်နက် အသစ်တွေ ဖန်တီးဖို့လည်း စဉ်းစားရမယ်။

သူ ဆက်လက်၍ တံခါးပိတ် ကျင့်ကြံလိုက်သည်။

လဝက် ကြာပြီးနောက်...

ရေခဲမီး ကျင့်စဉ် နှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း တို့သည် ချောမွေ့စွာပင် အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်သို့ ရောက်ရှိသွားကြလေတော့သည်။

စုယွီ တံခါးပိတ် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။

*

ယွင်ရှန်း ဈေးကွက်၊ ကောင်းကင်သိုင်းကျမ်းမျှော်စင်သို့၊

စုယွီ ရောက်ရှိလာခဲ့သည်။ ယခင် ယွင်ရှန် ဈေးကွက်ဟောင်းကို ဖုန်းလော့ စီရင်စုမှ ဖေးမိသားစုက ဖျက်ဆီးခဲ့စဉ်က... ဤကောင်းကင်သိုင်းကျမ်းမျှော်စင် တစ်ခုတည်းသာ ဘာမှ မဖြစ်ဘဲ ကျန်ရစ်ခဲ့သည် မဟုတ်ပါလော။ အကြောင်းမှာ ထိုပြတိုက်ကို စောင့်ကြပ်နေသော အဘိုးအို ရှိနေသောကြောင့်ပင်။

ဈေးကွက် ပြန်လည် တည်ဆောက်ပြီးသည့် နောက်တွင်လည်း ပြတိုက်သည် မူလနေရာတွင်ပင် မူလအတိုင်း တည်ရှိနေဆဲ ဖြစ်သည်။

တံခါးဝသို့ ဝင်လိုက်သည်နှင့် ကောင်တာတွင် ထိုင်ကာ ရှေးဟောင်းစာအုပ် တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသော အဘိုးအိုကို တွေ့လိုက်ရ၏။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက စုယွီ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကလည်း အဘိုးအိုသည် ဤပုံစံအတိုင်းပင် ရှိနေခဲ့သည်။

အခု ပြန်ကြည့်လိုက်တော့လည်း... ဆယ်စုနှစ်တွေ ကြာသွားတာတောင် အဘိုးအိုရဲ့ ရုပ်ရည်က နည်းနည်းလေးမှ မပြောင်းလဲသေးပါလား။

ထာဝရ အသက်ရှည်ဆေး စားထားသလား အောက်မေ့ရသည်။

စုယွီသည် အဘိုးအိုထံမှ သာမန် သာမည အရှိန်အဝါများကိုသာ ခံစားနေရ၏။ သာမန် အဘိုးကြီး တစ်ယောက်နှင့် ဘာမှ မခြားနားပေ။ သို့သော် ဤအချက်ကပင် စုယွီ၏ သံသယကို ပိုမို ခိုင်မာစေခဲ့သည်။

ဒီအဘိုးအိုက... သေချာပေါက် စွမ်းအားကြီး ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်။

သာမန် အမြုတေဖွဲ့စည်းခြင်း အဆင့်လောက် ဆိုလျှင် မိမိအနေနှင့် တစ်ခုခုတော့ ခံစားမိမှာ သေချာသည်။

သို့သော်၊ ယခုတော့... ဘာမှ မခံစားရပါ။

'ဒါဆိုရင်... ဒီအဘိုးကြီးက အမြုတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်... ဒါမှမဟုတ် အခြေတည် ဝိညာဉ်အဆင့် အရှင်သခင် များ ဖြစ်နေမလား'

စုယွီ၏ မျက်နက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

သူသည် အဘိုးအို အနီးသို့ တိုးကပ်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်၏။

"အကြီးအကဲ... နေကောင်းပါရဲ့လား"

"ဟမ်..."

အဘိုးအိုက စာအုပ်မှ မျက်နှာခွာပြီး ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။ စုယွီကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် စူးရှသော အရောင်တစ်ချက် ဝင်းလက်သွားပြီး၊ နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်၏။

ခဏအကြာတွင် သူ့စိတ်ထဲ၌ တုန်လှုပ်သွားရရှာသည်။

'ဒါ.. ဒုတိယအဆင့် အဆင့်မြင့် ပြီးပြည့်စုံသော ဆေးလုံး ရဲ့ အနံ့ပဲ... ပြီးတော့ တစ်မျိုးတည်း မဟုတ်ဘူး'

သူသည် စုယွီကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်မိ၏။

"မင်းက ရုပ်ရည် သာမန်ကာလျှံကာ လေးနဲ့... တိတ်တိတ်လေး အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်ကို ရောက်သွားပါလားကွဟေ"

သေချာ တွက်ချက်ကြည့်လိုက်လျှင်... သာမန် ဝိညာဉ်အမြစ် ပိုင်ရှင် တစ်ယောက် အနေနှင့် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာဖို့ ဆိုတာ မဖြစ်နိုင်ပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အကြံတစ်ခု ဝင်လာသည်။

'ဒါ... ဟို ပြီးပြည့်စုံသော ဆေးလုံးတွေကြောင့်များလား'

အဘိုးအို၏ မျက်နှာတွင် ခံစားချက် အမျိုးမျိုး ပြောင်းလဲသွား၏။

သိချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး အဘိုးအိုသည် စုယွီကို ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်း ဒီကို ရောက်လာတာ... စာဖတ်ချင်လို့လား"

ထိုအခါ၊ စုယွီက စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရင်း ပြန်လည် ဖြေကြားလိုက်၏။

"ကျွန်တော်... တတိယအဆင့် အဆောင်ပညာရပ် လမ်းစဉ်နဲ့ ပတ်သက်တဲ့ ရှေးဟောင်း စာအုပ်တွေကို ရှာဖွေချင်လို့ပါ"

ထို့နောက် မျက်နှာပြောင်တိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါမှမဟုတ်... တတိယအဆင့် အဆောင်ပညာရပ် လမ်းစဉ် တစ်ခုလောက် ပေးသနားမယ် ဆိုရင်လည်း ယူပါတယ်ဗျာ"

အဘိုးအိုသည် စုယွီကို ကြည့်ပြီး ဆွံ့အသွားရရှာသည်။

သူ့မှတ်ဉာဏ် မမှားဘူး ဆိုရင်... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီကောင်လေးကို ဒုတိယအဆင့် ထိပ်တန်း အဆောင်ပညာရပ် လမ်းစဉ် ပေးခဲ့ဖူးတယ် မဟုတ်လား။

အခု ဒီကောင်လေးက အချောင်လိုချင်စိတ် ဝင်သွားပြီး တတိယအဆင့် ပညာရပ်ကိုပါ လာတောင်းနေတာလား။

"မင်း... တော်စမ်းပါကွာ"

အဘိုးအို ခေါင်းခါလိုက်ပြီး ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ပြတိုက်၏ နေရာအနှံ့အပြားမှ ရှေးဟောင်း စာအုပ် သုံးအုပ်သည် ပျံသန်းလာပြီး သူ့လက်ထဲသို့ ရောက်ရှိလာ၏။

သူသည် စာအုပ်များကို စုယွီထံသို့ ကမ်းပေးလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒီစာအုပ် သုံးအုပ်ထဲမှာ... တတိယအဆင့် အဆောင်ပညာရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ပါဝင်တယ်... ဖြည်းဖြည်းချင်း ဖတ်ကြည့်ပေါ့ကွာ"

ပြောပြီးသည်နှင့် လက်ကာပြလိုက်၏။

စုယွီ၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။

ဤအဘိုးအိုသည် ကောင်းကင်သိုင်းကျမ်းမျှော်စင်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့သူ ဖြစ်ရာ စာအုပ်ပေါင်းစုံကို ဖတ်ရှုဖူးမည်မှာ မလွဲဧကန်ပင်။ သူကိုယ်တိုင် ရွေးချယ်ပေးလိုက်သော စာအုပ်များ ဖြစ်သဖြင့် သေချာပေါက် အကျိုးရှိမည့် အရာများ ပါဝင်နေပေလိမ့်မည်။

သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို အလျင်အမြန် ထုတ်ယူပြီး အဘိုးအိုအား ပေးကမ်းလိုက်၏။

"ကျေးဇူးတင်ပါတယ်... အကြီးအကဲ"

အဘိုးအိုသည် ကျောက်တုံး သုံးတုံးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ တစ်တုံးတည်းကိုသာ ယူလိုက်ပြီး ပြောဆိုလိုက်၏။

"တစ်တုံး ဆိုရင် ရပါပြီကွာ"

စုယွီသည် ငြင်းဆန်ခြင်း မပြုတော့ဘဲ ကျေးဇူးတင်စကား ထပ်မံ ပြောကြားပြီးနောက် စာအုပ် သုံးအုပ်ကို ယူဆောင်ကာ ထွက်ခွာလာခဲ့လေတော့သည်။

*

ယွင်ရှန်း ဈေး၊ စုမိသားစု ဆေးဆိုင်။

မူလနေရာဟောင်းသို့ ပြန်လည် ရောက်ရှိခြင်းပင်။

လော့ချန်ယွီ ယွင်ကျန်းဂိုဏ်းကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်၊ စုမိသားစုသည် ယွင်ရှန်းဈေးသို့ ပြန်လာပြီး ဆေးဆိုင်ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဆေးဆိုင် တာဝန်ခံမှာ စုရင်း ဖြစ်သည်။ ယခင်က စုယွီထံတွင် ဆေးပညာ သင်ယူခဲ့ဖူးသော်လည်း ပါရမီ သိပ်မပါလှသဖြင့် နှစ်များစွာ ကြာမြင့်မှ ပထမအဆင့် အဆင့်မြင့် ဆေးပညာရှင် အဆင့်ကိုသာ ကပ်သီလေး ရောက်ရှိခဲ့သူ ဖြစ်၏။

ယခုအခါ သူသည် ဆေးဆိုင်၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို တာဝန်ယူ ဆောင်ရွက်နေရသည်။

စုယွီသည် ဆေးဆိုင်၏ လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်သွားပြီး ရရှိလာသော ရှေးဟောင်း စာအုပ် သုံးအုပ်ကို စတင် လေ့လာလေတော့သည်။

၁။ 'ကောင်းကင်နှင့် မြေကြီး အဆောင်ပညာ လေ့လာမှု လမ်းညွှန်' - တာအိုဆရာ ဇီဇိုင် ရေးသားသည်။

၂။ 'ယွင်ဝူ အင်မော်တယ် ဂိုဏ်း၏ ထူးခြားဖြစ်စဉ်များ မှတ်တမ်း'။

၃။ 'လော့ယွဲ့ မဟာမိတ်အဖွဲ့မှ တာအိုဆရာ ချန်ယွီ၏ အမွေအနှစ်'။

ပထမ စာအုပ်ကို ဖွင့်လိုက်သောအခါ အဆောင်စွမ်းအား၏ မြစ်ဖျားခံရာ အကြောင်းအရာများ၊ အဆောင်ပညာ၏ အခြေခံ အမြစ်တွယ်ပုံများကို နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာထားသည်ကို တွေ့ရသည်။ ဆက်လက် ဖတ်ရှုလိုက်သောအခါ သဘာဝ စွမ်းအင်များနှင့် အဆောင်ပညာကြားမှ ဆန်းကြယ်သော လျှို့ဝှက်ချက်များကို ဆွေးနွေး တင်ပြထား၏။

စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ မသိမသာပင် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို လည်ပတ်လိုက်မိ၏။ စိတ်အာရုံ ကြည်လင်သွားသည်နှင့် တစ်ပြိုင်နက် နားလည်ရ ခက်ခဲသော စာသားများသည် မျက်စိရှေ့တွင် အသက်ဝင် လှုပ်ရှားလာသကဲ့သို့ ဖြစ်ပေါ်လာလေတော့သည်။

ဉာဏ်အလင်း အမျိုးမျိုးသည် သူ့ခေါင်းထဲတွင် လျှပ်စီးလက်သလို ဖြတ်သန်းသွားကြ၏။ စုယွီ၏ မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့သွားပြီး နောက်ဆုံးတွင် ဝမ်းသာသော အပြုံးတစ်ခု ပွင့်သီးလာလေတော့သည်။

"ဪ... ဒီလိုကိုး"

စုယွီ တီးတိုး ရေရွတ်လိုက်မိ၏။

တစ်ခေါက်ပြီးတော့ နောက်တစ်ခေါက် ထပ်ဖတ်သည်။ ဤစာအုပ်တွင် တတိယအဆင့် အဆောင်ပညာနှင့် ပတ်သက်သော တိကျသည့် နည်းလမ်းများ မပါဝင်သော်လည်း၊ စုယွီ၏ အမြင်အာရုံကို ကျယ်ပြန့်သွားစေပြီး အသိဉာဏ်သစ်များ ရရှိစေခဲ့သည်။

ကောင်းကင်နှင့် မြေကြီး၏ သဘာဝ စွမ်းအား အားလုံးသည် အဆောင် ဖြစ်လာနိုင်သည်... ဖန်တီးနိုင်သည်... ပြောင်းလဲနိုင်သည်... သယ်ဆောင်နိုင်သည်...။

လဝက်ခန့် ကြာသောအခါ စုယွီသည် ပထမ စာအုပ်ကို ချလိုက်ပြီး ဒုတိယ စာအုပ်ကို ကောက်ယူ ဖတ်ရှုလိုက်၏။

ထို့နောက် တတိယ စာအုပ်ပင်တည်း...။

အခန်း (၂၄၆)- ဟင်းလင်းပြင်စွမ်းအား အဆောင်လက်ဖွဲ့ စာရွက်နှင့် ပိုင်ယန် ဆေးပညာရှင် အသတ်ခံရခြင်း

~"ယွင်ဝူ အင်မော်တယ်ဂိုဏ်း၏ ထူးခြားဆန်းပြားသော ပုံပြင်များ" ဟု အမည်ရသည့် ဒုတိယမြောက် ရှေးဟောင်းမှတ်တမ်း...။

ဤစာအုပ်တွင် ရှေးဟောင်းခေတ်ကာလ လော့ယွဲ့ကန် အတွင်းရှိ ကျွန်းငယ်လေးတစ်ခုပေါ်မှ 'ကြေးမုံလမင်း တာအိုဆရာ'ဆိုသည့် ပါရမီရှင်တစ်ဦး၏ ဘဝအကြောင်းကို မှတ်တမ်းတင်ထားသည်။

အစပိုင်းတွင် ယွင်ဝူ အင်မော်တယ်ဂိုဏ်း ဆိုသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ပါးက ဦးဆောင်သော သာမန် အင်အားစုလေးတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ကြေးမုံလမင်း တာအိုဆရာ ပေါ်ထွန်းလာချိန်မှစ၍၊ ထိုဂိုဏ်းသည် လော့ယွဲ့ကန် ဒေသတစ်ခုလုံး၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး (၁၀) ခု စာရင်းဝင်အဖြစ်သို့ တိုးတက်ပြောင်းလဲသွားခဲ့လေသည်။

တကယ်တမ်းတွင် ကြေးမုံလမင်း တာအိုဆရာ၏ ကျင့်ကြံခြင်း ပါရမီသည် ထူးခြားထက်မြက်လှသည်တော့ မဟုတ်ချေ။ သူသည် သာမန် အရည်အသွေးမြင့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားရုံမျှသာ ဖြစ်ပြီး၊ အစောပိုင်းကာလများတွင် မည်သူ့အာရုံကိုမျှ ဖမ်းစားနိုင်ခြင်း မရှိခဲ့ပေ။

သူသည် အသက် (၃၀) အရွယ်ရောက်မှ အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိခဲ့ပြီး၊ အသက် (၈၀) အရွယ်ရောက်မှသာ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် ပြင်ပလောကသို့ ခရီးထွက်နေစဉ် တစ်ခုသော အခိုက်အတန့်၌၊ ကြေးမုံလမင်း တာအိုဆရာသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားခဲ့သည်။ ရေပြင်ပေါ်တွင် ထင်ဟပ်နေသော လရိပ်ကို ကြည့်ပြီး အာရုံထွေပြားသဘောတရားကို သဘောပေါက်ကာ "ကြေးမုံလမင်း" ဟု အမည်ပေးထားသည့် အဆောင်လက်ဖွဲ့ ပညာရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။ ထိုအချိန်မှစ၍ သူသည် မိမိကိုယ်ကို 'ကြေးမုံလမင်း တာအိုဆရာ' ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

ထူးခြားဆန်းကြယ်လှသော ဤ 'ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်' ၏ စွမ်းအားကြောင့်ပင်၊ ဆယ်နှစ်ဟူသော တိုတောင်းလှသည့် ကာလအတွင်း သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ရုံသာမက၊ တတိယအဆင့် အဆောင်လက်ဖွဲ့ ဆရာ တစ်ဦးပါ ဖြစ်လာခဲ့လေသည်။

နောက်ဆုံးတွင် သူသည် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ လော့ယွဲ့ကန် ဒေသ၏ ထင်ရှားကျော်ကြားသော အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါး ဖြစ်လာခဲ့ပြီး၊ စတုတ္ထအဆင့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

သူ့ဘေးနားတွင် ယွင်ဝူ အင်မော်တယ်ဂိုဏ်း သည်လည်း လော့ယွဲ့ကန်၏ ထိပ်သီးအင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းအဖြစ် တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့လေသည်။

ဤရှေးဟောင်းစာအုပ်တွင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက် ရှိခဲ့ကြောင်းကို အံ့သြဖွယ်ရာ မှတ်တမ်းတင်ထားပြီး၊ ဤအဆောင်လက်ဖွဲ့ စာရွက်ထဲတွင် 'ဟင်းလင်းပြင်' နှင့် 'အာရုံထွေပြား'ဆိုင်ရာ နည်းစနစ်များ ပေါင်းစပ်ပါဝင်နေကြောင်း မှတ်ချက်ပြုထားသည်။ အပေါ်ယံ သဘောတရားမျှသာ ပါဝင်သည် ဆိုလျှင်ဦးတော့၊ ဤအဆောင်လက်ဖွဲ့ စာရွက်သည် ကြေးမုံလမင်း တာအိုဆရာအား လော့ယွဲ့ကန် ဒေသ၏ ပြိုင်ဘက်ကင်း ရှားပါးပါရမီရှင်တစ်ဦး ဖြစ်လာစေရန် လုံလောက်ခဲ့ပေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်သည် ထူးခြားလွန်းပြီး နက်နဲခက်ခဲလွန်းလှသဖြင့်၊ ယွင်ဝူ အင်မော်တယ်ဂိုဏ်း တစ်ခုလုံးတွင် မည်သူမျှ ကြေးမုံလမင်း တာအိုဆရာ၏ အဆောင်လက်ဖွဲ့ ပညာ အမွေအနှစ်ကို ဆက်ခံနိုင်ခြင်း မရှိခဲ့ကြပေ။

သူ၏ ဘဝနေဝင်ချိန် ရောက်သောအခါ၊ ကြေးမုံလမင်း တာအိုဆရာသည် ထိုက်တန်သော ဆက်ခံသူတစ်ဦးကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်၏ အမွေအနှစ်ကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

သို့သော် ဟင်းလင်းပြင် သဘောတရားကို မဆိုထားနှင့်၊ အာရုံထွေပြား နည်းစနစ်များကိုပင် ဤလောကတွင် မည်သူကများ နားလည်သဘောပေါက်နိုင်ပါမည်နည်း။

ရှေးဟောင်းစာအုပ်ပါ မှတ်တမ်းသည် ဤနေရာတွင် အဆုံးသတ်သွားလေသည်။

"ဒါ အကုန်ပဲလား..."

စာအုပ်ကို ဖတ်ပြီးနောက် စုယွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။

ခေတ္တမျှသော အခိုက်အတန့်တွင်၊ သူသည် ရှေးဟောင်းခေတ်ကာလဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ အားနည်းသော အင်အားစုလေးတစ်ခုကို တိုးတက်ကြီးပွားအောင် ဦးဆောင်ရသည့် ခက်ခဲကြမ်းတမ်းမှုများနှင့် အန္တရာယ်များကို နက်ရှိုင်းစွာ နားလည်လိုက်မိသည်။

'ဟင်းလင်းပြင်' နှင့် 'အာရုံထွေပြား' နည်းစနစ်များကို နားလည်သဘောပေါက်ပြီး ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်ထဲသို့ ထည့်သွင်းပေါင်းစပ်နိုင်ခဲ့သော ကြေးမုံလမင်း တာအိုဆရာသည် ရှားပါးပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

ယွင်ဝူ အင်မော်တယ်ဂိုဏ်းကို ရှေးဟောင်း လော့ယွဲ့ကန်၏ ထိပ်တန်း အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာအောင် ဦးဆောင်ခဲ့ခြင်းသည် ကောင်းကင်ဘုံကို ဖြတ်ကျော်ရသကဲ့သို့ ခက်ခဲကြီးမားသော တာဝန်ကြီးတစ်ရပ် ဖြစ်ပေလိမ့်မည်။

စုယွီ သူ့ကို လေးစားမိသွားသည်။

'ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်' အမွေအနှစ် မှတ်တမ်းများကို ကြည့်ရင်း စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။

ဤ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်သည် သာမန် နတ်ဘုရားအမြန်နှုန်း အဆောင်လက်ဖွဲ့ စာရွက် နှင့် အသက်ရှူသံထိန်းချုပ် အဆောင်လက်ဖွဲ့ စာရွက်တို့ကဲ့သို့ပင် ပထမအဆင့်၊ ဒုတိယအဆင့် မှသည် ကြေးမုံလမင်း တာအိုဆရာ ချန်ထားခဲ့သော စတုတ္ထအဆင့် အဆောင်လက်ဖွဲ့ စာရွက် အထိ အဆင့်ဆင့် ရှိနေသည်။

သာမန်လူတစ်ယောက် အနေဖြင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်ထဲတွင် ပါဝင်သော ဟင်းလင်းပြင်နှင့် အာရုံထွေပြား နည်းစနစ်များကို နားလည်သဘောပေါက်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

သို့သော် စုယွီကတော့ တခြားလူများနှင့် မတူပေ။ ကျွမ်းကျင်မှု တိုးတက်လာရုံဖြင့်၊ သူသည် အင်းရေးဆွဲခြင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသူ ဖြစ်သည်။

ဤ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်၏ နက်နဲမှုကို ထောက်ချင့်ကြည့်လျှင်၊ ၎င်းကို နားလည်သဘောပေါက်ပြီးနောက် သူ ရရှိမည့်အရာသည် "ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်" အမွေအနှစ် တစ်ခုတည်း မကနိုင်ပေ။

စုယွီသည် ဟင်းလင်းပြင်နှင့် အာရုံထွေပြားဆိုင်ရာ နည်းစနစ်များကိုပါ နားလည်သဘောပေါက်သွားနိုင်သည် မဟုတ်ပါလော။

ဤအချက်ကပင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်ကို သာမန် အဆောင်လက်ဖွဲ့ စာရွက်များနှင့် ကွဲပြားခြားနားသွားစေခြင်း ဖြစ်သည်။

"ရတနာပဲ..."

စုယွီ စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

သူသည် ပထမအဆင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်မှ စတင်လေ့ကျင့်ပြီး၊ တဖြည်းဖြည်းချင်း တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက် အထိ တက်လှမ်းနိုင်ပေသည်။

တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက်၏ နက်နဲမှုကို သဘောပေါက်သွားသည်နှင့် တပြိုင်နက်၊ အခြားသော တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက်များကိုပါ ဖန်တီးရန် ကြိုးစားနိုင်တော့မည်။

အခြားလူများ အစွမ်းထက်သော အဆောင်လက်ဖွဲ့ စာရွက်များကို ဖန်တီးနိုင်လျှင်၊ သူကရော ဘာလို့ မဖန်တီးနိုင်ရမှာလဲ။

"ယွင်ဝူ အင်မော်တယ်ဂိုဏ်း၏ ထူးခြားဆန်းပြားသော ပုံပြင်များ" ကို နောက်တစ်ကြိမ် ဖတ်ရှုပြီးနောက်၊ စုယွီ စာအုပ်ကို ချလိုက်ပြီး "လော့ယွဲ့ မဟာမိတ်အဖွဲ့မှ ချန်ယွီ တာအိုဆရာ၏ နောက်ဆုံးစကားများ" ဟု အမည်ရသော နောက်ဆုံးစာအုပ်ကို ကောက်ကိုင်လိုက်သည်။

ဤစာအုပ်ကတော့ အတော်လေး ရိုးရှင်းသည်။ လော့ယွဲ့ မဟာမိတ်အဖွဲ့ မှ တတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ဆရာ တစ်ဦး၏ သေတမ်းစာ မှတ်တမ်းဖြစ်သည်။ ၎င်းတွင် အဆောင်လက်ဖွဲ့ ပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် တတိယအဆင့် အဆောင်လက်ဖွဲ့ စာရွက်များ၏ ထူးခြားချက်များစွာကို မှတ်တမ်းတင်ထားသည်။

အချို့သော သာမန် တတိယအဆင့် အဆောင်လက်ဖွဲ့ ပုံစံများ ပါဝင်ပြီး၊ ချန်ယွီ တာအိုဆရာ၏ ရှင်းလင်းချက်များ ပါဝင်သော်လည်း အားလုံးသည် မပြည့်မစုံ ဖြစ်နေသည်။

သို့သော် ဒါကို မြင်လိုက်ရရုံဖြင့် စုယွီ ပျော်ရွှင်သွားပြီး ဂရုတစိုက် လေ့လာမှတ်သားလိုက်သည်။

သို့သော် ဤရှေးဟောင်းစာအုပ် သုံးအုပ်ကို ဖတ်ရှုလိုက်ရခြင်းက စုယွီအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးကို တွေ့လိုက်ရသကဲ့သို့ပင်။

ထို့နောက်တွင် စုယွီသည် ယွင်ရှန်းဈေး မှ ထွက်ခွာလာပြီး ဆေးလုံးတောင် သို့ ပြန်လာခဲ့သည်။ နေလမင်း ကျွန်း ရှိ ရေခဲနှင့် မီး ဓာတ်နှစ်ပါး ဂူစံအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်လိုက်သည်။

သူသည် ပထမအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ စုတ်တံ တစ်ချောင်းနှင့် ပထမအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက်များ၊ ကုန်ကြမ်းပစ္စည်း တစ်ပုံကြီးကို ထုတ်ယူလိုက်သည်။ သူ၏ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို လည်ပတ်လိုက်ရာ၊ စိတ်အာရုံ ကြည်လင်အေးချမ်းသွားပြီး တည်ငြိမ်သော ရေပြင်ညီကဲ့သို့ ဖြစ်သွားသည်။

"ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်" ၏ အမွေအနှစ် အချက်အလက်များသည် သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ဉာဏ်အလင်းရိပ်များ သူ့စိတ်ထဲတွင် ဖြတ်သန်းသွားစဉ် စုယွီသည် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ရပ်နေမိသည်။

အချိန် နာရီဝက် ခန့် ကြာပြီးနောက်၊ စုယွီ နောက်ဆုံးတော့ စတင် ရေးဆွဲလိုက်သည်။

"ဝုန်း..."

အဆောင်လက်ဖွဲ့ စုတ်တံ၏ ထိပ်ဖျားသည် အဆောင်လက်ဖွဲ့ စာရွက်ပေါ်သို့ ထိတွေ့သွားသည်နှင့် တပြိုင်နက်... မျဉ်းကြောင်း (၅) ကြောင်းမျှ ဆွဲသားပြီးချိန်မှာပင် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ ရုတ်တရက် ဆူပွက်ကာ ကစဥ့်ကလျား ဖြစ်သွားတော့သည်။

"ခွပ်" ခနဲ အသံနှင့်အတူ အဆောင်လက်ဖွဲ့ စာရွက်သည် အလယ်မှ ကွဲအက်သွားလေ၏။

ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက် ရေးဆွဲရန် ပထမဆုံးအကြိမ် ကြိုးစားမှု ကျရှုံးသွားခဲ့လေပြီ။

စုယွီ မျက်မှောင်ကြုတ်လိုက်ပြီး ကွဲအက်သွားသော အဆောင်လက်ဖွဲ့ စာရွက်ကို ကြည့်ကာ စောစောက အဖြစ်အပျက်ကို ပြန်လည် သုံးသပ်ကြည့်သည်။

သူ ရေးဆွဲတာ သေချာပေါက် မမှားပါဘူး... ဒါဆို ဘာလို့ စာရွက်က ကွဲသွားရတာလဲ။

"ဘာကြောင့် သဘာဝစွမ်းအင်တွေ ကစဥ့်ကလျား ဖြစ်သွားရတာလဲ... ဟင်းလင်းပြင် ပြောင်းလဲမှု တစ်ခုခု ဖြစ်သွားတာလား... ဒါပေမဲ့ ငါ ဘာမှ မခံစားမိပါလား..."

စုယွီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ရှိသည်။

ထို့နောက် သူသည် အဆောင်လက်ဖွဲ့ စာရွက် အသစ်တစ်ရွက်ကို လဲလှယ်လိုက်ပြီး ပထမအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်ကို ဆက်လက် ရေးဆွဲလေ့ကျင့်လိုက်သည်။

*

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

နေ့စဉ်နေ့တိုင်း စုယွီသည် ပထမအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက် ရာပေါင်းများစွာကို အသုံးပြုကာ လေ့ကျင့်ခဲ့သည်။ ထိုစာရွက်များသည် အရေအတွက် များပြားသလို ဈေးနှုန်းလည်း သက်သာသည်။ သားရဲသားရေများ၊ သာမန် ဝိညာဉ်ဝါးများ၊ သာမန် ဝိညာဉ်ကျောက်စိမ်းများကိုလည်း အင်းရေးဆွဲရန် အသုံးပြုနိုင်၏။

သို့မဟုတ်ပါက... ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ စာရွက် သို့မဟုတ် တတိယအဆင့် အဆင့်နိမ့် စာရွက်များကိုသာ အသုံးပြုရမည် ဆိုလျှင်၊ စုယွီ မွဲပြာကျသွားရန် လုံလောက်ပေသည်။

ပထမအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ စာရွက်ကို လေ့ကျင့်နေစဉ်အတွင်း၊ စုယွီသည် နေ့စဉ် ဓာတ်ကြီးငါးပါး ကျင့်စဉ် နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း တို့ကိုလည်း မပျက်မကွက် ဆက်လက် လုပ်ဆောင်ခဲ့ပါ၏။

*

တစ်လကျော် ကြာပြီးနောက်...၊

စုယွီသည် 'မိကျောင်း သားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်' ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း (၁၇) ဆင့်မြောက် အဆင့် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

ဤအဆင့်သည် အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့် ၏ ချီစွမ်းအင်နှင့် ညီမျှသော ခွန်အားပင် ဖြစ်ပေတော့သည်။

All Chapters