အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း (၂၅၀) - ဟင်းလင်းပြင် စွမ်းအားသုံး အဆောင်လက်နက် နှင့် ပိုင်ယန် ဆေးပညာရှင် သေဆုံးခြင်း (အပိုင်း - ၅)
~အဝေးကြီးသို့ပင် မရောက်လိုက်ပါချေ။
ဝိညာဉ်အကြီးအကျယ် ထိခိုက်သွားသော ဆေးပညာရှင် ပိုင်ယန်သည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး သတိမေ့မြောသွားလေတော့သည်။
ထိုနေရာနှင့် မလှမ်းမကမ်းတွင်...။
စုချင်းယီသည် ရုတ်တရက် ပေါ်ထွက်လာသော အစိမ်းရောင် ဝတ်စုံနှင့် လူရိပ်ကို ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။ စုယွီ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ စုချင်းယီ၏ မျက်နှာပေါ်ရှိ ရက်စက်သော အမူအရာများ ပျောက်ကွယ်သွားပြီး၊ ၎င်း၏ နေရာတွင် အဆုံးမရှိသော ကြောက်ရွံ့ခြင်းများ ဝင်ရောက် နေရာယူသွားလေတော့သည်။
စုယွီ ရှေ့တိုးလာလေလေ၊ စုချင်းယီ နောက်ဆုတ်မိလေလေ ဖြစ်နေရရှာသည်။
"မင်း... မင်း... ရှေ့မတိုးနဲ့နော်"
"ဝုန်း"
စုယွီ ခြေလှမ်း ရပ်တန့်လိုက်သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်ဖိအားကြီးသည် စုချင်းယီ အပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့ ဖိနှိပ်လိုက်လေတော့သည်။
ယခုတစ်ကြိမ်တွင် စုယွီသည် 'ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်' ကိုပါ ထုတ်သုံးလိုက်၏။
"ဖူး..."
စုချင်းယီ၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ ခန္ဓာကိုယ် ယိုင်နဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
"အား..."
နောက်တစ်ခဏတွင် စုချင်းယီသည် ကုန်းရုန်းထလိုက်ပြီး ခွေးတစ်ကောင်ကဲ့သို့ တောင်းပန် ခယလေတော့သည်။
"အစ်ကိုယွီ... အစ်ကိုယွီ... ကျွန်တော့်ကို လွှတ်ပေးပါဗျာ... ဆွေမျိုးတွေပါဗျာ... သွေးသားတော်စပ်တာတွေကို ထောက်ထားပြီး လွှတ်ပေးပါနော်... တောင်းပန်ပါတယ်"
စုယွီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ဖွဖွ ချလိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော အလင်းတန်း တစ်ခု ကောင်းကင်ယံတွင် ရှပ်ပြေးသွားသည်။
"ရွှီး..."
စုချင်းယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စုယွီကို မယုံနိုင်စွာ မော့ကြည့်လိုက်၏။
ထိတ်လန့်ခြင်းများ ပြည့်နှက်နေသော မျက်ဝန်းများ။
မကြာမီမှာပင်... သူ၏ နဖူးပြင်ပေါ်၌ သွေးစက်ကြောင်း တစ်ခု ပေါ်ထွက်လာလေတော့သည်။
သွေးများ ပန်းထွက်လာ၏။
သူ၏ ခန္ဓာကိုယ်သည် တစ်ဖက်သို့ ယိုင်လဲသွားပြီး အသက်ရှူသံများ ရုတ်ချည်း ရပ်တန့်သွားလေတော့သည်။ အသက်ဓာတ်ဟူ၍ အစအနပင် မကျန်တော့ချေ။
မြေကြီးပေါ်သို့ လဲကျသွားသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်သည် နဖူးမှစ၍ နှစ်ခြမ်း ကွဲသွားလေတော့သည်။
"နောက်ဘဝကျရင်... ကျင့်ကြံသူ ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပေတော့"
စုယွီ တီးတိုး ရေရွတ်လိုက်၏။
ထို့နောက် လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ အေးစက်သော အလင်းတန်း တစ်ခုသည် ဘေးနားတွင် မေ့မြောနေသော ဆေးပညာရှင် ပိုင်ယန်၏ လည်ပင်းကို ဖြတ်သန်းသွားပြီး ခေါင်းပြတ် သေဆုံးသွားစေခဲ့သည်။
'ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်' ထပ်မံ အသက်ဝင်လာပြီး ထိုလူနှစ်ဦးစလုံး၏ ဝိညာဉ်များကို စိစိညက်ညက် ကြေမွသွားအောင် ဖျက်ဆီးပစ်လိုက်၏။
ပြီးနောက် မီးလုံးများ ပစ်လွှတ်ကာ သူတို့၏ ရုပ်အလောင်းများကို ပြာကျသွားသည်အထိ မီးသင်္ဂြိုဟ်လိုက်လေတော့သည်။ အရာအားလုံးသည် လေထဲတွင် လွင့်ပါး ပျောက်ကွယ်သွားကြလေကုန်၏။
စုယွီသည် ထိုလူနှစ်ယောက်ထံမှ ကျန်ရစ်သော ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် အနောက်ဘက် ရေစီးမြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ တစ်ခေါက်လောက်တော့ ဝင်ကြည့်သင့်သည်ဟု ဆုံးဖြတ်လိုက်၏။
---
တာ့ယွဲ့ စီရင်စု၏ ဝေးလံခေါင်ဖျားသော သစ်တောနက် တစ်နေရာရှိ လျှို့ဝှက် စခန်းတစ်ခု အတွင်း၌...။
သွေးကန်ကြီး တစ်ခုအတွင်းရှိ သွေးတံဆိပ်တုံး တစ်ခုသည် မရပ်မနား တုန်ခါနေ၏။ နာကျည်းမှု အရှိန်အဝါများ ထွက်ပေါ်လာပြီး သွေးကန်ကြီး တစ်ခုလုံးကို ဆူပွက်သွားစေသည်။
အချိန်အတော်ကြာမှ သွေးကန်ကြီး ပြန်လည် ငြိမ်သက်သွားသည်။
သို့သော် သွေးကန်၏ မျက်နှာပြင်ပေါ်တွင် ဝဲဂယက် အသေးလေး တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာပြီး၊ ကန်အတွင်းရှိ သွေးလတ်လတ်ဆတ်ဆတ်များကို စတင် စုပ်ယူနေလေတော့သည်။
---
အနောက်ဘက် ရေစီးမြို့တော်။
ချန်မိသားစု၏ ဘိုးဘေး ချန်ရွှီ၊ မိသားစုခေါင်းဆောင် ချန်ချူ နှင့် အခြားသူများ အားလုံးမှာ မှင်သက် နေကြရရှာသည်။
သူတို့သည် စုယွီက နတ်ဘုရား တစ်ပါးအလား မိုးကြိုးနှင့် လျှပ်စီးများကို ဆင့်ခေါ်ပြီး ဆင်းသက်လာသည်ကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ ထို ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားကြီးသည် အနောက်ဘက် ရေစီးမြို့တော်ရှိ လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ကြောက်စရာ ကောင်းလိုက်တာ။
တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပါသည်။
သို့သော် ဆေးပညာရှင် ပိုင်ယန်နှင့် စုချင်းယီတို့ အသတ်ခံလိုက်ရပြီးနောက်၊ ကောင်းကင်နှင့် မြေကြီး၏ သန့်ရှင်းသော စွမ်းအင်များသည် ပြန်လည် လွှမ်းခြုံလာကာ သောင်းကျန်းနေသော မိစ္ဆာချီများကို ဖယ်ရှားပစ်လိုက်လေတော့သည်။
နွေးထွေးသော နေရောင်ခြည်သည် မည်းမှောင်နေသော တိမ်တိုက်များကို ဖောက်ထွက်ပြီး သူတို့အပေါ်သို့ ကျရောက်လာ၏။
ထိုနွေးထွေးမှုကို ခံစားလိုက်ရမှသာ ချန်ရွှီ၊ ချန်ချူနှင့် အခြားသူများ သတိပြန်ဝင်လာကြလေတော့သည်။
စုယွီက အနောက်ဘက် ရေစီးမြို့တော်ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသောအခါ ချန်ရွှီသည် ကာကွယ်ရေး အခင်းအကျင်း အတားအဆီးကို အမြန် ဖွင့်ပေးလိုက်ပြီး လူအုပ်ကြီးကို ဦးဆောင်ကာ ကြိုဆိုရန် ထွက်ခွာလာခဲ့၏။
တစ်ချိန်က ဂျူနီယာ လူငယ်လေး တစ်ယောက် ဖြစ်ခဲ့ဖူးသော စုယွီကို မြင်လိုက်ရသည့် အချိန်တွင်... ချန်ရွှီသည် အနားသို့ တိုးကပ်သွားပြီး ခါးကို ကိုင်းညွှတ်ကာ ရိုသေစွာ ဂါရဝ ပြုလိုက်လေတော့သည်။
"ချန်မိသားစုက ချန်ရွှီ နဲ့တကွ... တစ်မိသားစုလုံးက အရှင်သခင်ကို ဂါရဝပြုပါတယ်"
စုယွီသည် သူ့ရှေ့မှ လူများကို ကြည့်လိုက်ရာ ချန်ရွှီ၏ ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်၏။
မိသားစုခေါင်းဆောင် ချန်ချူ လည်း ထို့အတူပင်။
ကြည့်ရတာ သူတို့ သက်တမ်း ကုန်ဆုံးဖို့ ရာစုနှစ် တစ်ခုရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့မည့်ပုံ ပေါက်နေသည်။
သို့သော်လည်း ချန်မိသားစု အတွင်း၌ 'ချီစွမ်းအင် စုစည်းခြင်း' ကိုးဆင့်မြောက်နှင့် ရှစ်ဆင့်မြောက် ရောက်ရှိနေသူများ ရှိနေသေးသကဲ့သို့၊ လူငယ် ကျင့်ကြံသူ အမျိုးသား အမျိုးသမီး အများအပြားကိုလည်း တွေ့မြင်နေရ၏။
ချန်မိသားစုသည် နှစ်တွေ ကြာညောင်းခဲ့သော်လည်း ယိုယွင်းပျက်စီးသွားခြင်း မရှိဘဲ မျိုးဆက်သစ်များဖြင့် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
နောက်ဆုံးတွင် စုယွီ၏ အကြည့်သည် မိန်းမပျိုလေး တစ်ဦးအပေါ်သို့ ကျရောက်သွား၏။ မိန်းကလေးဟု ခေါ်ရမလား၊ မိန်းမပျိုဟု ခေါ်ရမလား မသေချာပေ။
လွန်ခဲ့သော နှစ်များစွာကနှင့် ယှဉ်လျှင် ထိုကလေးမလေးသည် အရွယ်ရောက် ကြီးပြင်းလာခဲ့ချေပြီ။ သွယ်လျသော ခန္ဓာကိုယ်နှင့် ချောမောလှပသော မျက်နှာလေး ပိုင်ဆိုင်ထားပြီး... သူမ၏ မျက်နှာပေါက်သည် 'ချန်စီစီ' ၏ ငယ်ဘဝနှင့် တူလွန်းလှပေသည်။
ထိုအချိန်တွင် စုယွီသည် သူ၏ ဝိညာဉ်ဖိအားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သဖြင့် သူ၏ ပုံစံမှာ တည်ငြိမ်အေးဆေးနေ၏။ သူက လက်ကို အမြန် ဝှေ့ယမ်းလိုက်ပြီး ငြင်းဆန်လိုက်သည်။
"မိတ်ဆွေတို့... ဒီလို လုပ်စရာ မလိုပါဘူးဗျာ"
"ပြီးတော့... ကျွန်တော်က အမြုတေဖွဲ့စည်းခြင်း အရှင်သခင် မဟုတ်ပါဘူး... ဟို မိစ္ဆာနှစ်ကောင်ကို လှည့်စားဖို့ ဟန်ရေးပြလိုက်ရုံ သက်သက်ပါ"
ချန်ရွှီနှင့် ချန်ချူတို့ အံ့သြသွားကြ၏။
"အရှင်သခင် မဟုတ်ဘူး ဟုတ်လား"
စုယွီသည် မိန်းမပျိုလေးကို ကြည့်ကာ စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"မင်း နာမည် ဘယ်သူလဲ"
မိန်းမပျိုလေး၏ ရင်ထဲတွင် လှုပ်ခါသွားရရှာသည်။ စုယွီက သူမကို ဘာကြောင့် ကြည့်နေမှန်း မသိသဖြင့် ပျာယာခတ်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်သွား၏။
"ရှင်..."
သို့သော် ချန်ရွှီနှင့် ချန်ချူတို့မှာမူ တစ်စုံတစ်ခုကို ရိပ်မိလိုက်သကဲ့သို့ ဖြစ်သွားကြသည်။ မိန်းမပျိုလေး၏ မျက်နှာကို ကြည့်လိုက်သောအခါ သူတို့၏ သံသယများ ပိုမို ခိုင်မာသွား၏။
ချန်ချူက အလျင်စလို ဝင်ပြောလိုက်သည်။
"ယောင်ယောင်... ဟိုလေ...စီနီယာစုက မင်းကို မေးနေတယ်လေ... ဖြေလိုက်ပါဦး"
မိန်းမပျိုလေး၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး ခေါင်းကို ငုံ့ကာ စုယွီကို တိုးတိုးလေး ဖြေကြားလိုက်၏။
" စီနီယာ... သမီးနာမည်က ချန်ယောင်ယောင် ပါ"
ထိုအချိန်တွင် ချန်ချူက အသံကို နှိမ့်၍ ဖြည့်စွက် ပြောကြားလိုက်သည်။
"စုစီနီယာ... ယောင်ယောင်က စီစီ ရဲ့ တူမလေ... ဒါကြောင့် သူတို့နှစ်ယောက် ရုပ်ချင်း ဆင်နေတာပါ"
ချန်ယောင်ယောင်။
စုယွီ တီးတိုး ရေရွတ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။
"နာမည်လေးက လှသားပဲ"
ထို့နောက် သူသည် ပေါ့ပေါ့ပါးပါးပင် လက်ကို ဝှေ့ယမ်းလိုက်ရာ 'ချန်ခွန်းအိတ်' တစ်လုံး ပေါ်ထွက်လာပြီး ချန်ယောင်ယောင်ထံသို့ တွန်းပို့ပေးလိုက်သည်။
"ကောင်းကောင်း ကျင့်ကြံနော်... မင်းရဲ့ ပါရမီက မဆိုးပါဘူး... အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး... တကယ်လို့ မင်း ဆန္ဒရှိရင် ယွင်ကျန်းဂိုဏ်းကို သွားပြီး ကျင့်ကြံလို့ ရတယ်"
ချန်ယောင်ယောင် အတွက် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ ချန်ထားခဲ့ပြီးနောက်၊ စုယွီသည် ချန်ရွှီနှင့် ချန်ချူတို့ကို ခေါင်းညိတ် နှုတ်ဆက်လိုက်၏။
"မိစ္ဆာတွေကို ရှင်းပြီးပါပြီ... တစ်ယောက်က ဆေးပညာရှင် ပိုင်ယန် ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အရင်တုန်းက စုမိသားစုကို သစ္စာဖောက်ခဲ့တဲ့ စုချင်းယီ ပါ"
"အခုတော့... ကျွန်တော် သူတို့ကို ရှင်းပစ်လိုက်ပါပြီ... အိမ်တွင်းရေး ကိစ္စလေးကို ရှင်းလင်းလိုက်တာပါ"
"ကဲ... မိတ်ဆွေတို့... သွားခွင့်ပြုပါဦး"
စုယွီသည် ကြာကြာ နေမနေတော့ပေ။ အနောက်ဘက် ရေစီးမြို့တော်မှ ထွက်ခွာပြီး ဆေးလုံးတောင်သို့ ပြန်လာခဲ့လေတော့သည်။
ချန်ရွှီသည် စုယွီ ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ပါးစပ်ပြင်လိုက်၊ ပြန်ပိတ်လိုက်နှင့် ဖြစ်နေရှာသည်။ တကယ်တမ်းတွင် သူက စုယွီအား ချန်ယောင်ယောင်ကို တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုချင်ခဲ့ခြင်းပါ။
သို့သော် စုယွီက ချန်မိသားစု တစ်ခုလုံးကို ကယ်တင်ပေးခဲ့ပြီး ကျေးဇူးကြီးမားစွာ ပြုခဲ့သည်ကို တွေးမိလိုက်သောအခါ... ထိုစကားကို သူ မပြောထွက်တော့ပေ။
အခန်း (၂၅၁) - ဟင်းလင်းပြင် စွမ်းအားသုံး အဆောင်လက်နက် နှင့် ပိုင်ယန် ဆေးပညာရှင် သေဆုံးခြင်း (အပိုင်း - ၆)
~ဤကဲ့သို့ မဆင်မခြင် တောင်းဆိုလိုက်ခြင်းသည် အနည်းငယ် ရိုင်းစိုင်းရာကျပြီး အကင်းပါးမှု မရှိရာ ရောက်နေပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ချန်ရွှီသည် ထိုအကြံအစည်ကို ယာယီ ဘေးဖယ်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် မကြာမီမှာပင် ချန်ရွှီ၏ စိတ်ထဲ၌ အတွေးသစ်တစ်ခု ဝင်ရောက်လာပြန်သည်။
"အခွင့်အရေး တစ်ခုခု ရှာပြီးတော့... ယောင်ယောင်ကို ဆေးလုံးတောင်ဆီ ခေါ်သွားရမယ်... ဒီကျင့်ကြံသူကြီးရဲ့ နောက်လိုက် လုပ်ခွင့်များ ရမလားလို့ သွားပြီး ကြိုးစားကြည့်ဦးမှပါ"
စောစောက စုယွီ ထွက်ပေါ်လာသည့် မြင်ကွင်းကို ပြန်တွေးမိတိုင်း ချန်ရွှီ၏ ရင်ထဲတွင် တုန်လှုပ်နေဆဲ ဖြစ်၏။
မြန်လိုက်တာမှ လွန်ရော။
ထို ကြောက်မက်ဖွယ် အရှိန်အဝါကြီး ဆိုသည်မှာလည်း ပြောမပြတတ်အောင်ပင်။
မိုးကြိုးနှင့် လျှပ်စီးများ ခြံရံပြီး ဆင်းသက်လာပုံ၊ လက်ကွက် အနည်းငယ်လောက်ဖြင့် ကြောက်စရာ ကောင်းလှသည့် မိစ္ဆာဆေးပညာရှင် ပိုင်ယန်ကို အပြတ်ရှင်းပစ်လိုက်ပုံ...။ အကယ်၍ ယောင်ယောင်သာ ဒီပုဂ္ဂိုလ်ကြီးနှင့်အတူ ကျင့်ကြံခွင့် ရမည် ဆိုပါက... အစေခံမလေး တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်ပါ... ၎င်းသည် ယောင်ယောင်အတွက် ကံကောင်းခြင်း လက်ဆောင် ဖြစ်လာမည်မှာ အသေအချာပင်။
ထိုသို့ တွေးတောနေရင်း ချန်ရွှီသည် စုမိသားစုအကြောင်း ထွက်ပေါ်နေသော ကောလာဟလ ဟောင်းများကို ပြန်လည် သတိရလိုက်မိ၏။
ယခင်ကမူ စုမိသားစုသည် အဆောင်လက်နက်များကို အားကိုး၍ ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့၏ ရန်မှ လွတ်မြောက်အောင် ကာကွယ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည် မဟုတ်ပါလော။
သို့သော် ယခု ပြန်ကြည့်လိုက်သောအခါ...
စုမိသားစုတွင် အဆောင်လက်နက်များသာမက တကယ့်ကို ကြောက်စရာ ကောင်းသော ကိုယ်ပိုင် အင်အားကြီးလည်း ရှိနေသည်မှာ ထင်ရှားနေချေပြီ။
'တာအိုရုပ်ခန္ဓာ ရုပ်သေး' သည် ဆေးလုံးတောင်ဆီသို့ ဖြည်းညှင်းစွာ ပြန်ရောက်လာခဲ့၏။
'နေလမင်း ကျွန်း' ပေါ်ရှိ တတိယအဆင့် 'ရေခဲနှင့် မီး' ဂူစံအိမ် အတွင်း၌...။
စုယွီသည် သက်ပြင်းတစ်ချက် ဖွဖွ ချလိုက်မိသည်။ သူ၏ မျက်နှာထားမှာ ဝေခွဲရခက်သော ခံစားချက်များ ယှက်သန်းနေ၏။ သူ တီးတိုး ရေရွတ်လိုက်မိသည်။
"ဒီလို ဖြစ်မယ်မှန်း သိရင်... အစကတည်းက ဘာလို့များ စခဲ့ကြသေးလဲ"
ဤခရီးစဉ်တွင် ဆေးပညာရှင် ပိုင်ယန်ရော၊ စုချင်းယီပါ ချန်မိသားစုကို ဒုက္ခပေးရန် ကြံစည်နေကြလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
ချန်မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရန် ကြံစည်နေကြခြင်းလော။
ထိုအကြောင်းကို တွေးမိတိုင်း စုယွီ၏ ရင်ထဲတွင် မကျေမနပ် ဖြစ်ကာ ကျိန်ဆဲချင်စိတ်များ ပေါက်လာရသည်။
တစ်ချိန်တုန်းက ချန်စီစီသည် သူ့နားတွင် နေထိုင်ခဲ့ပြီး သူ့၏ တာအိုလက်တွဲဖော် ဖြစ်ခဲ့ဖူးသူ မဟုတ်ပါလော။
နောက်ဆုံးကျတော့... စုချင်းယီသည် မိစ္ဆာလမ်းစဉ် လိုက်သွားပြီး ချန်မိသားစုကိုပါ မျိုးဖြုတ်ရန် ကြိုးစားခဲ့သည်တဲ့လား။
"မင်းက နောက်ဘဝတွေ ဘာတွေ ပြောနေသေးတယ်... မင်းလိုကောင်က သံသရာ ပြန်လည်မွေးဖွားခွင့်တောင် မရသင့်ဘူး... ပြာကျပြီး လုံးဝ ပျောက်ကွယ်သွားသင့်တဲ့ကောင်"
ကျိန်ဆဲပြီးမှ စုယွီ စိတ်နည်းနည်း သက်သာရာ ရသွားသည်။
စုယွီ တင်ပလ္လင်ခွေ ထိုင်လိုက်၏။
စိတ်တည်ငြိမ်သွားအောင် အချိန်အတော်ကြာ ပြုလုပ်ယူလိုက်ရသည်။
ထို့နောက် စုယွီသည် ကျောက်စိမ်း စားပွဲခုံဆီသို့ သွားပြီး ပထမအဆင့် အဆင့်မြင့် စုတ်တံ အသစ်တစ်ချောင်းကို ထုတ်ယူကာ ပထမအဆင့် အဆင့်နိမ့် 'ကြေးမုံလမင်း အဆောင်' ကို စတင် ရေးဆွဲလေတော့သည်။
ပထမအဆင့် အဆင့်နိမ့် အဆောင်လက်နက် ဖန်တီးမှုတွင် ကျွမ်းကျင်လာအောင် ဦးစွာ လုပ်ဆောင်မည်၊ ပြီးမှ အဆင့်မြင့်တာတွေကို တဖြည်းဖြည်းချင်း စမ်းသပ်သွားမည်ဟု စိတ်ကူးထား၏။
အချိန်ကာလများ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့လေပြီ။
မိစ္ဆာဆေးပညာရှင် ပိုင်ယန်နှင့် အဖွဲ့က အနောက်ဘက် ရေစီးမြို့တော် ချန်မိသားစုကို ဝင်ရောက် စီးနင်းခဲ့သည့် သတင်းသည် အတိုင်းအတာ တစ်ခုအထိသာ ပျံ့နှံ့သွားခဲ့သည်။ အခြားသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် မိသားစုများက သိပ်ပြီး အရေးတယူ မလုပ်ကြချေ။ သို့သော် လွန်ခဲ့သော ကာလများက ပိုင်ယန်သည် ဒုတိယအဆင့် ဆေးပညာရှင် ဒါဇင်ကျော်ကို ဖမ်းဆီးပြီး ယဇ်ပူဇော်ရန် စီမံကိန်းချခဲ့ဖူးသည် မဟုတ်ပါလော။
ထို့ကြောင့် ပိုင်ယန် သေဆုံးသွားသည့် သတင်းသည် ထိုဆေးပညာရှင်များ၏ မိသားစုများကို လှုပ်ခတ်သွားစေခဲ့သည်။
ပိုင်ယန်ကို သတ်လိုက်သူမှာ စုမိသားစုမှ စုယွီ ဖြစ်ကြောင်း သိလိုက်ရသောအခါ... ထို မိသားစုဝင်များ အားလုံးသည် လက်ဆောင်ပဏ္ဍာ များစွာ သယ်ဆောင်ပြီး ဆေးလုံးတောင်သို့ ရောက်ရှိလာကြကာ သူတို့၏ အမုန်းတရားများကို လက်စားချေပေးခဲ့သည့် အတွက် ကျေးဇူးတင်စကား လာရောက် ပြောကြားကြလေတော့သည်။
တကယ်တမ်း ပြောရလျှင်... စုယွီသာ ဝင်မပါခဲ့လျှင်တောင်မှ ပိုင်ယန်က သိပ်အကြာကြီး နေရတော့မည့်သူ မဟုတ်ပေ။ သူ၏ သက်တမ်းက ကုန်ခါနီးနေပြီ ဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက် ဝင်ရောက်ရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။
အထူးသဖြင့် မိစ္ဆာလမ်းစဉ် အတွက်ဆိုလျှင် ပို၍ ခက်ခဲသေးသည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းက မှန်ကန်သော လမ်းစဉ်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုလွယ်ကူ မြန်ဆန်သည် ဆိုသော်လည်း... အဆင့်တက်မည့် အဟန့်အတားများကို ကျော်ဖြတ်ရခြင်း၊ အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်း အဆင့်ကဲ့သို့သော နေရာမျိုးတွင် ကျော်ဖြတ်ရခြင်းက... မှန်ကန်သော လမ်းစဉ်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုပြီး ခက်ခဲပါလိမ့်မည်။
မှန်ကန်သော လမ်းစဉ်က ပါရမီရှင် (၁၀) ယောက်မှာ တစ်ယောက်လောက် အမြုတေဖွဲ့စည်းခြင်း အဆင့်ကို အောင်မြင်နိုင်သည် ဆိုပါစို့။
မိစ္ဆာလမ်းစဉ်တွင်မူ...
အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ရောက်နေသည့် မိစ္ဆာ (၁၀၀) တွင် (၁) ယောက်လောက်သာ အောင်မြင်နိုင်ချေ ရှိပေသည်။
အရာရာတွင် အပေးနှင့် အယူ ဆိုသည်မှာ ရှိစမြဲ ဖြစ်သည်။
ဒါက မိစ္ဆာလမ်းစဉ် လိုက်တဲ့သူတွေ ပေးဆပ်ရမယ့် တန်ကြေးတွေထဲက တစ်ခုပေါ့။
တစ်လကျော် ကြာပြီးနောက်...
ပြီးခဲ့သည့် တစ်လအတွင်းတွင် စုယွီသည် ပထမအဆင့် အဆင့်နိမ့် 'ကြေးမုံလမင်း အဆောင်' (၃၀၀) ကျော်ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။ သူ၏ ကျွမ်းကျင်မှုကလည်း (၅၀) ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ပြီး၊ ဟင်းလင်းပြင် စွမ်းအားနှင့် အာရုံထွေပြား စွမ်းအားတို့အပေါ် နားလည်မှု အသစ်အဆန်း အချို့ကိုလည်း ရရှိခဲ့၏။
နောက်ထပ် နှစ်လ၊ သုံးလလောက် ဆိုလျှင်... ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
ထိုအချိန်တွင်...
ဂူစံအိမ် အစွန်အဖျားတွင် ထိုင်လျက် တတိယအဆင့် ဝိညာဉ်သတ္တုများကို တိတ်တဆိတ် စုပ်ယူနေသော 'တာအိုရုပ်ခန္ဓာ ရုပ်သေး' ၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။
ကြောက်မက်ဖွယ် ကောင်းလှသော ထက်ရှမှု တစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး၊ စုယွီ၏ ကျောရိုးတလျှောက် အေးစိမ့်သွားစေခဲ့၏။
"ဝီ..."
မျက်စိတစ်မှိတ် အတွင်းမှာပင်... နေလမင်း ကျွန်း တစ်ခုလုံးသည် ဓားသွားများဖြင့် ပြည့်နှက်သွားသကဲ့သို့ ဖြစ်သွားပြီး၊ ရုပ်သေးရုပ်ထံမှ ထွက်ပေါ်လာသော ထက်ရှမှု အရှိန်အဝါကြီးက လွှမ်းခြုံသွားလေတော့သည်။
သို့သော် ရုပ်သေးရုပ်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သောအခါ စုယွီ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သူ ရေးဆွဲလက်စ အဆောင်လက်နက် ပျက်စီးသွားသည်ကိုပင် ဂရုမစိုက်တော့ဘဲ ရုပ်သေးရုပ် ရှိရာသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်... ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ပြောင်းလဲနေ၏။
မူလက (၁၀) ပေကျော် ရှည်လျားသော ခန္ဓာကိုယ်နှင့် ဓားလက်တံကြီးများသည် ယခုအခါ စတင် ကျုံ့ဝင်လာနေသည်။
အညစ်အကြေးဟု ထင်ရသော ပါးလွှာသည့် အမျှင်တန်းလေးများသည် ခန္ဓာကိုယ်ထဲမှ စစ်ထုတ်ခံလိုက်ရသကဲ့သို့ ထွက်ကျလာ၏။
ရုပ်သေးရုပ်၏ ခန္ဓာကိုယ် (၅) ပေအထိ ကျုံ့ဝင်သွားပြီး၊ ဓားလက်တံ (၈) ချောင်းပါ တိုဝင်သွားသည့် အချိန်ကျမှသာ ပြောင်းလဲမှု ဖြစ်စဉ် ပြီးဆုံးသွားလေတော့သည်။
အံ့သြစရာ ကောင်းလှသည်မှာ... ရုပ်သေးရုပ်၏ အရှိန်အဝါသည် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပေသည်။
ထို့အပြင်...
ရုပ်သေးရုပ် အတွင်းရှိ 'ရုပ်သေးဝိညာဉ်' သည်လည်း ပြောင်းလဲမှု ဖြစ်စဉ် အတွင်း အကျိုးကျေးဇူးများ ရရှိလိုက်ပုံရသည်။ ၎င်း၏ အရှိန်အဝါသည် မသိမသာ မြင့်တက်သွားပြီး အမြုတေဖွဲ့စည်းခြင်း တတိယအဆင့် သို့ ရောက်ရှိသွားလေတော့သည်။
ပြောင်းလဲသွားသော ရုပ်သေးရုပ်မှာ တစ်ကိုယ်လုံး မည်းနက်နေပြီး သတ္တုရောင် တောက်နေ၏။ စုယွီ သာမန် မျက်စိဖြင့် ကြည့်လိုက်သောအခါ ဂူအတွင်းရှိ အလင်းရောင် (၉၀) ရာခိုင်နှုန်းလောက်ကို ရုပ်သေးရုပ်က စုပ်ယူထားသကဲ့သို့ ခံစားလိုက်ရသည်။
သာမန် မျက်စိဖြင့် ကြည့်လျှင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ဝိုးတဝါး အရိပ်တစ်ခုလို၊ ဖောက်ထွင်းမြင်နိုင်သော အရာတစ်ခုလို ဖြစ်နေ၏။
သေချာ ဂရုစိုက် မကြည့်လျှင် ရှိမှန်းပင် သိသာမည် မဟုတ်ပေ။
ဒါက ‘အရိပ်စုပ် ဝိဉာဉ်ကျောက်’၏ အာနိသင် တစ်ခုဖြစ်သော 'အလင်းစုပ်ယူခြင်း' ပင် ဖြစ်သည်။
စုယွီက ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင်လည်း... ဝိညာဉ်အာရုံ အများစုကို စုပ်ယူသွားသည်ကို တွေ့ရသည်။ သေချာ အာရုံစိုက် မကြည့်လျှင် ရုပ်သေးရုပ် ရှိနေသည်ကို သတိမထားမိဘဲ၊ ထိုနေရာတွင် ဘာမှ မရှိသော လေဟာနယ် တစ်ခုကဲ့သို့သာ ထင်မြင်မိစေနိုင်သည်။
ပြောင်းလဲသွားသော ရုပ်သေးရုပ်ကို ကြည့်ရင်း စုယွီ အတိုင်းမသိ ဝမ်းသာသွားမိ၏။
"တတိယအဆင့် အဆင့်နိမ့် ရုပ်သေး... နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာခဲ့ပြီပဲ"
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရုပ်သေးရုပ်က တတိယအဆင့် ဝိညာဉ်သတ္တုတွေ အများကြီး စားသုံးခဲ့တာ... ဝိညာဉ်ကျောက်တုံး တန်ဖိုးနဲ့ တွက်ရင် မနည်းမနောပါပဲ။
သူ့လက်ထဲမှာ ရှိနေတဲ့ 'နှစ်ပတ်လည် အလင်း ဝိညာဉ်ကျောက်' ရဲ့ တန်ဖိုးကို ထည့်တွက်လိုက်လျှင်... ကုန်ကျစရိတ်က တော်တော် များပါသည်။
‘ဒါပေမဲ့...
ရုပ်သေးဝိညာဉ်ရဲ့ စွမ်းအားကို အသုံးပြုပြီး တတိယအဆင့် အဆင့်နိမ့် ရုပ်သေး အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီလေ။
ဒါတွေအားလုံးက တန်ပါတယ်။
ရုပ်သေးရုပ်က အရွယ်အစား သေးငယ်သွားပြီး ကြောက်စရာ သိပ်မကောင်းတော့ဘူးလို့ ထင်ရပေမယ့်... တကယ်တမ်းကျတော့…’
"ရွှီး..."
ရုပ်သေးရုပ် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် 'နေရာရွှေ့ပြောင်းခြင်း' လုပ်လိုက်သကဲ့သို့ မြန်ဆန်လွန်းလှပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် ဂူ၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားလေတော့သည်။
သူ့ရဲ့ အမြန်နှုန်းက ဘယ်လောက်တောင် မြန်သလဲ ဆိုလျှင်... စုယွီရဲ့ သာမန်မျက်စိနှင့်တောင် လိုက်မကြည့်နိုင်တော့ပါ။
အခြေခံတည်ဆောက်ခြင်း အဆင့်ထက် ကျော်လွန်နေသည့် စုယွီ၏ ဝိညာဉ်အာရုံနှင့် ကြည့်မှသာ ရုပ်သေးရုပ်၏ ကြောက်မက်ဖွယ် ရွေ့လျားမှုကို ဝိုးတဝါး လိုက်မီနိုင်တော့သည်။
အရွယ်အစား သေးငယ်သွားခြင်းက ရုပ်သေးရုပ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် မာကျောမှုကို တိုးတက်စေရုံသာမက၊ အမြန်နှုန်းကိုပါ သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
ဓားလက်တံတွေက (၁၀) ပေ အရှည်ကနေ (၅) ပေ အထိ တိုသွားပေမယ့်... ဒါက ရုပ်သေးရုပ်၏ သတ်ဖြတ်နိုင်စွမ်းကို မထိခိုက်စေပါချေ။
တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ တစ်ကောင် အနေနှင့်... လူသတ်ဖို့အတွက် ခန္ဓာကိုယ်နှင့် ဓားလက်တံတွေကို တကယ်ကြီး ထိတွေ့နေစရာ မလိုတော့ပါလေ။
လမ်းဘေး ရန်ပွဲမှ မဟုတ်သည်ကိုး။
ရုပ်သေးရုပ်က တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ အဆင့်ကို ရောက်ရှိသွားတာ မြင်တော့... စုယွီ လေကို ဝဝရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်၏။
"တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် အချို့ကို ဖန်တီးပြီး စုဆောင်းထားလိုက်ရင်... 'တာ့ယွဲ့ တောင်တန်း' ထဲကို ဝင်ပြီးတော့ ရှေးဟောင်း အင်မော်တယ် ဂိုဏ်းတစ်ခု ဖြစ်တဲ့ 'လော့ယွဲ့ မဟာမိတ်' ရဲ့ အပျက်အစီးတွေကို သွားရှာဖို့ ကြိုးစားကြည့်လို့ ရပြီ"
စုယွီသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရုပ်သေးရုပ်ကို ဝိညာဉ်သတ္တုများ ဆက်လက် စုပ်ယူစေလိုက်သည်။
သူကိုယ်တိုင်ကတော့ ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်း ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်ရန် ပြင်ဆင်လိုက်၏။
သူ့မှာ အချိန်တွေ အများကြီး ရှိပါသေးသည်။ သက်တမ်းက နှစ် (၃၀၀) ကျော်တောင် ကျန်နေသေးသည် မဟုတ်ပါလော၊
အားလပ်ချိန်တွေမှာ ကြေးမုံလမင်း အဆောင် ပညာရပ်ကို လေ့လာလိုက်လျှင် သူ၏ စွမ်းအားတွေ အများကြီး တိုးတက်လာမှာ သေချာသည်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပင်။
ပြီးတော့ ဒီပညာရပ်ကို နားလည်လာလျှင်... ဒဏ္ဍာရီလာ ဟင်းလင်းပြင် စွမ်းအားကိုလည်း ထိတွေ့ခွင့် ရလာနိုင်သည်လေ။
ဒါက အခွင့်အရေးကြီး တစ်ခုပါပင်။
အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်လေပြီ။ တစ်နှစ်ကျော် ကြာပြီးနောက်...
ယွင်ကျန်းဂိုဏ်းဆီမှ သတင်းတစ်ခု ရောက်ရှိလာ၏။ ယွင်ကျန်းဂိုဏ်း၏ ဘိုးဘေးကြီး သည် လောကကြီးကို စွန့်ခွာပြီး နတ်ပြည်သို့ တက်လှမ်းသွားပြီ ဟူသတတ်။
လော့ချန်ယွီက ကိုယ်တိုင်ရေး စာတစ်စောင် ပေးပို့လာပါသည်။ ကွယ်လွန်သူ ဘိုးဘေးကြီးကို ဂါရဝပြုရန်အတွက် ယွင်ကျန်းဂိုဏ်းသို့ လာရောက်ရန် စုယွီအား ဖိတ်ကြားလိုက်ခြင်း ဖြစ်လေသတည်း။
အခန်း (၂၅၂) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၁)
~နေလမင်း ကျွန်း ။
တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။
စုယွီသည် စိတ်အာရုံကို အပြည့်အဝ စူးစိုက်ထားပြီး၊ သူ၏ လက်ထဲတွင် ဒုတိယအဆင့် ထိပ်တန်း စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထား၏။ သူ၏ စိတ်ထဲတွင် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို လည်ပတ်နေပြီး၊ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို စုတ်တံမှတစ်ဆင့် စီးဆင်းစေကာ ကျောက်စိမ်း စားပွဲခုံပေါ်တွင် 'ကြေးမုံလမင်း အဆောင်' တစ်ခုကို အသေအချာ ဂရုတစိုက် ရေးဆွဲနေသည်။
နှစ်နာရီခန့် ကြာပြီးနောက်...
"ဝီ..."
ကျောက်စိမ်း စားပွဲခုံ အထက်ရှိ ဟင်းလင်းပြင် သည် အနည်းငယ် တုန်ခါသွားပြီးနောက်... ပတ်ဝန်းကျင်မှ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေအလား တိုးဝင်လာပြီး စားပွဲပေါ်ရှိ အဖြူရောင် ကျောက်စိမ်း အဆောင်စက္ကူလေးထဲသို့ စီးဝင်သွားကြ၏။
ဝိုးတဝါး အလင်းရောင်များ ဖြာထွက်လာသည်။ အဆောင်စက္ကူသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့်အမျှ တဖြည်းဖြည်း ပုံရိပ်ယောင် တစ်ခုအလား ပြောင်းလဲသွားလေတော့သည်။
သို့သော် သဘာဝ ဝိညာဉ်စွမ်းအင်များ ပြန်လည် ငြိမ်သက်သွားပြီး၊ အဆောင်လက်နက် အောင်မြင်စွာ ဖွဲ့စည်းသွားသည့် အချိန်တွင်မူ... အဖြူရောင် ကျောက်စိမ်း အဆောင်စက္ကူလေးသည် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ ကျောက်စိမ်း စားပွဲပေါ်တွင် တိတ်ဆိတ် ငြိမ်သက်စွာ တည်ရှိနေပြီး၊ မည်သည့် ထူးခြားသော အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိတော့ချေ။
ပြီးပြည့်စုံစွာ ဖွဲ့စည်းသွားသော ကြေးမုံလမင်း အဆောင်ကို ကြည့်ရင်း စုယွီ စုတ်တံကို ချလိုက်ကာ ပြုံးလိုက်မိ၏။
"ဒီ ကြေးမုံလမင်း အဆောင်က... တကယ်ကို အလိုလိုက်ရ ခက်တာပဲ... နည်းနည်းလေး မှားတာနဲ့ အရှိန်အဝါတွေ ယိုစိမ့်ထွက်ပြီး အဆောင်တစ်ခုလုံး ပျက်စီးသွားတတ်တယ်... ဒီလို ပြီးပြည့်စုံတဲ့ အခြေအနေမျိုး ရမှသာ 'ကြေးမုံလမင်း အဆောင် အစစ်' လို့ သတ်မှတ်လို့ ရတာ"
သူ ပထမဆုံးအကြိမ် ရေးဆွဲခဲ့စဉ်ကလိုပင်... အရှိန်အဝါ ယိုစိမ့်မှုကြောင့် အဆောင်လက်နက်သည် ပုံရိပ်ယောင် အဖြစ် ပြောင်းလဲသွားပြီး၊ ဤလောက၊ ဤဟင်းလင်းပြင်နှင့် အချိန်ကာလ အတွင်း၌ မရှိသကဲ့သို့ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။
ထိုကဲ့သို့သော ကြေးမုံလမင်း အဆောင်မျိုးကို သူမှလွဲ၍ အခြားသူများ အသုံးပြုရန် ခက်ခဲပေလိမ့်မည်။
သို့သော် ယခုကဲ့သို့ အပြစ်အနာအဆာ ကင်းမဲ့သော အဆောင်လက်နက်မျိုး ဆိုလျှင်မူ... ၎င်းတွင် ပါဝင်သော ဟင်းလင်းပြင် စွမ်းအားနှင့် အာရုံထွေပြား စွမ်းအား တို့သည် အနည်းငယ်မျှပင် ယိုစိမ့်ထွက်လာမည် မဟုတ်ချေ။
မည်သူမျှ ဤအဆောင်၏ စွမ်းအားနှင့် အရှိန်အဝါကို ကြိုတင် အာရုံခံနိုင်မည် မဟုတ်ပေ။
အာရုံမခံနိုင်ဘူး ဆိုကတည်းက... ကြိုတင် မခန့်မှန်းနိုင်၊ ကြိုတင် မပြင်ဆင်နိုင်တော့ပေ။
ဒါမှသာ အဆောင်လက်နက်ရဲ့ စွမ်းအားနှင့် ထိရောက်မှုက ပိုပြီး မြင့်မားလာမှာ ဖြစ်သည်။
တခြားသူတွေလည်း သုံး၍ ရသွားမည်။
ကျောက်စိမ်း စားပွဲပေါ်မှ အခြားသော အဆောင်လက်နက်များကို ကောက်ယူလိုက်ပြီးနောက်၊ စုယွီသည် ဒုတိယအဆင့် ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်း ကျွမ်းကျင်မှုကို စစ်ဆေးကြည့်ရှုလိုက်၏။ (၇၀) ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီ ဖြစ်သဖြင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် မဝေးတော့ပေ။
သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့ရှိ လေထုထဲတွင် ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။
တစ်ခဏတာမျှ ဖော်ပြမတတ်နိုင်သော အရှိန်အဝါ တစ်ခု ရိုက်ခတ်သွား၏။
သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် တည်ငြိမ်သော ရေကန်ထဲသို့ မိုးစက်တစ်စက် ကျသွားသကဲ့သို့ လှိုင်းဂယက်များ ထသွားသည်ကို တွေ့လိုက်ရသည်။
သို့သော် ခဏအကြာတွင် စုယွီ လက်ကို ပြန်ရုပ်လိုက်၏။ (၁၀) စက္ကန့် တောင် မပြည့်လိုက်သော အချိန်တိုလေး အတွင်းမှာပင်... သူ့၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်များထဲမှ တစ်ခုဖြစ်သော 'မြေကမ္ဘာ ဝိညာဉ်အမြစ်' ၏ စွမ်းအင် သုံးပုံတစ်ပုံခန့် ကုန်ခမ်းသွားခဲ့ရသည် မဟုတ်ပါလော။
ဤမျှ များပြားသော စွမ်းအင် ကုန်ခမ်းမှုကို တွေ့လိုက်ရသောအခါ စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဝိညာဉ်အမြစ် တစ်ခုတည်းနဲ့ ဆိုရင် စက္ကန့် (၃၀) လောက်ပဲ ခံမယ်... ဝိညာဉ်အမြစ် (၅) ခုစလုံး ပေါင်းရင်တောင် (၁၅၀) စက္ကန့်လောက်ပဲ ရမှာပါလား"
အကယ်၍ ဤစွမ်းအားကို 'လွတ်မြောက်ခြင်း စွမ်းရည်' တွင် အသုံးပြုမည် ဆိုပါက...
"ရွှီး..."
နောက်တစ်ခဏတွင် စုယွီသည် ရေခဲနှင့် မီး ချီစွမ်းအင်များကို အသုံးပြုပြီး 'ယင်နှင့်ယန် လွတ်မြောက်ခြင်း စွမ်းရည်'ကို ထုတ်သုံးလိုက်၏။ ထိုအထဲတွင် သူ ထိန်းချုပ်ထားနိုင်သော 'ဟင်းလင်းပြင် စွမ်းအား' အနည်းငယ်ကိုပါ ပေါင်းစပ် ထည့်သွင်းလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... သူသည် တစ်မိုင်ခန့် ဝေးကွာသော နေရာသို့ ရောက်ရှိသွားလေတော့သည်။
သူ မူလ ရပ်နေခဲ့သော နေရာတွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်မှာမူ... စက္ကန့် အနည်းငယ် ကြာမှသာ ပျောက်ကွယ်သွား၏။
သို့သော် ဤ စမ်းသပ်မှုက စုယွီကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
လွတ်မြောက်ခြင်း စွမ်းရည်ကို ဟင်းလင်းပြင် စွမ်းအားဖြင့် ပံ့ပိုးလိုက်ခြင်းသည် သူ၏ အမြန်နှုန်းကို ကြောက်ခမန်းလိလိ တိုးတက်သွားစေသည်မှာ မှန်သော်လည်း... ချီစွမ်းအင် ကုန်ခမ်းမှု နှုန်းကိုလည်း အဆမတန် မြင့်တက်သွားစေခဲ့သည် မဟုတ်ပါလော။
ဒီပုံစံအတိုင်း ဆိုရင်... သူ့ရဲ့ ဝိညာဉ်အမြစ် (၅) ခုစလုံးက ချီစွမ်းအင်တွေ ပေါင်းလျှင်တောင် (၁၀) စက္ကန့်လောက်သာ ခံတော့မည်။
သို့သော် မကြာမီမှာပင် စုယွီ၏ မျက်မှောင်များ ပြေလျော့သွား၏။
"အခု အနေအထားက တကယ် ကောင်းနေပါပြီ... လက်ရှိ အမြန်နှုန်းနဲ့ ဆိုရင်... အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် တစ်ပါးနဲ့ တွေ့ရင်တောင်မှ... ဟင်းလင်းပြင် စွမ်းအားကို သုံးပြီး မျက်စိတစ်မှိတ် အတွင်း မိုင်တစ်ရာလောက် ထွက်ပြေးလို့ ရနိုင်တယ်"
"သူကတော့ ငါ ပျောက်သွားတာကို ကြောင်ပြီး ကြည့်နေရုံပဲ တတ်နိုင်မှာ"
ထိုသို့ တွေးမိလိုက်သောအခါ စုယွီ၏ စိတ်ထဲတွင် ကျေနပ်မှုများ ဖြစ်ပေါ်လာ၏။
ဟင်းလင်းပြင် စွမ်းအား ဆိုတာ နာမည်နဲ့ လိုက်အောင် စွမ်းတာပါလား။ ငါက အနည်းအကျဉ်းလောက်ပဲ ထိန်းချုပ်နိုင်သေးတာတောင် ဒီလောက် အရာရောက်နေပြီ။
တကယ်လို့များ 'ဟင်းလင်းပြင် တာအို' ကိုသာ အပြည့်အဝ နားလည် သဘောပေါက်သွားရင်... အင်မော်တယ် တစ်ပါး ဖြစ်လာမလားတောင် မသိဘူး။
"ဟင်းလင်းပြင် ပြီးတော့... ငါ့မှာ အချိန် လည်း ရှိသေးတယ်"
စုယွီ၏ အာရုံသည် သူ့ခန္ဓာကိုယ် အတွင်းတွင် နက်ရှိုင်းစွာ ကြီးထွားနေသော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' ၏ နှစ်ကွင်းများဆီသို့ ရောက်ရှိသွားသည်။
တစ်ခါတုန်းက သူသည် ထိုကျင့်စဉ်၏ နေရာတိုင်းတွင် ရှိနေသော 'အချိန် အရှိန်အဝါ' ကို မတော်တဆ အသက်သွင်းမိခဲ့ဖူးသည်။ ထို ကံကောင်းသော အဖြစ်အပျက်ကြောင့် ကျင့်ကြံခြင်း အချိန်ကာလ များစွာကို သက်သာစေခဲ့သည် မဟုတ်ပါလော။
ဤ အချိန် အရှိန်အဝါသည် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' ၏ တကယ့် အနှစ်သာရ၊ တကယ့် ရတနာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
နှမြောစရာ ကောင်းသည်မှာ... ယနေ့အချိန်အထိ သူသည် ထို အချိန် အရှိန်အဝါကို အပြည့်အဝ နားမလည်နိုင်သေးသလို၊ အနည်းငယ်မျှပင် ထိတွေ့ခွင့် မရရှိသေးခြင်းပင်။
သို့မဟုတ်ပါက... ဟင်းလင်းပြင် အပေါ်တွင် အချိန် ကိုပါ ပေါင်းစပ်လိုက်မည် ဆိုလျှင်...
"ဖြစ်နိုင်ပါ့မလား"
စုယွီ မနေနိုင်ဘဲ လေကို ရှိုက်သွင်းလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်မိ၏။ သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသော စိတ်ကူးယဉ် အိပ်မက်များကို အတင်း ဖိနှိပ်လိုက်ရသည်။ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို လည်ပတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းညှိလိုက်ရ၏။
လောလောဆယ်တော့ သူ အိပ်မက်တွေ မက်လွန်းနေလေပြီ။
'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်'၏ အရှိန်အဝါကိုတောင် မထိတွေ့နိုင်သေးပါ။
ဟင်းလင်းပြင် စွမ်းအားကိုလည်း ယခုမှ အနည်းငယ်လေး ထိတွေ့ခွင့် ရခြင်းပင်။
အခုအချိန်မှာ ဘဝင်မြင့်၍ မဖြစ်သေး။
သူ့လက်ချောင်းတွင် ဝတ်ဆင်ထားသော သစ်သားလက်စွပ်ကို ကြည့်လိုက်ပြီး၊ ဝိညာဉ်အာရုံကို အတွင်းဘက်သို့ ပို့လွှတ်လိုက်၏။
ပြီးခဲ့သော တစ်နှစ်ကျော် ကာလအတွင်း... သူသည် ကြေးမုံလမင်း အဆောင် အမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့သည်။
သို့သော် ပထမအဆင့်နှင့် ဒုတိယအဆင့်များသာ ဖြစ်ကြ၏။
ဒုတိယအဆင့် ကြေးမုံလမင်း အဆောင် အရေအတွက်မှာ (၂၀၀) ကျော် ရှိပြီး၊ ပထမအဆင့်မှာ (၁၀,၀၀၀) နီးပါး ရှိနေပြီ ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
"ရှေးဟောင်းခေတ်တုန်းက 'လော့ယွဲ့ ကန်' မှာ ကြေးမုံလမင်း အဆောင်က တော်တော် နာမည်ကြီးခဲ့တာ... အခုခေတ်မှာ လူဘယ်နှယောက်လောက် သိကြမလဲ ဆိုတာ မသေချာပေမယ့်... ဘေးကင်းအောင် နာမည် ပြောင်းလိုက်တာ ကောင်းမယ်"
"ဒီနေ့ကစပြီး... ဒါကို 'အာရုံထွေပြားလမင်း အဆောင်' လို့ ခေါ်ကြတာပေါ့"
ဒုတိယအဆင့် အဆောင်လက်နက် အချို့ကို ကိုယ်တိုင် သုံးရန် ချန်ထားလိုက်မည်။
ကျန်တာတွေကိုတော့ မိသားစု အတွက် ပေးလိုက်မည်။
ပထမအဆင့် အဆောင်တွေကတော့ သူ့အတွက် သိပ်အသုံးမဝင်လှပေ။
ကျင့်ကြံခြင်း အိပ်မောကျနေဆဲ ဖြစ်သော မြေကမ္ဘာ မီးလျှံ မျောက်ဝံနှင့် အကြေးခွံနက် လင်းယုန်တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်... စုယွီသည် 'နေလမင်း ကျွန်း' ပေါ်ရှိ ဂူစံအိမ်မှ တိတ်တဆိတ် ထွက်ခွာကာ အပေါ်သို့ ပြန်တက်လာခဲ့လေတော့သည်။