အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း (၂၅၃) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၂)
~နန်းတော်သို့ ပြန်ရောက်ပြီး မကြာမီအချိန်တွင် ယွီခယ်အာသည် စာတစ်စောင်ကို ကိုင်လျက် ဝင်ရောက်လာ၏။
"ဒါ တာအိုမိတ်ဆွေ လော့ (Lu ပို့လိုက်တဲ့ စာပါရှင်"
စုယွီသည် စာကို ဖွင့်ဖောက် ဖတ်ရှုလိုက်သည်နှင့် တစ်ပြိုင်နက်... သူ၏ မျက်နှာထားသည် လေးနက် တည်ကြည်သွား၏။ သူ ယွီခယ်အာကို မော့ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောဆိုလိုက်သည်။
"ယွင်ကျန်းဂိုဏ်းရဲ့ ဘိုးဘေးကြီးက... ကွယ်လွန်သွားပြီတဲ့... နတ်ပြည်ကို တက်လှမ်းသွားပြီတဲ့လေ... တာအိုမိတ်ဆွေ လော့က ငါတို့ကို အသုဘ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားထားတယ်"
ဤသတင်းကို ကြားလိုက်ရသောအခါ ယွီခယ်အာ၏ ချောမောလှပသော မျက်နှာလေးသည်လည်း တည်ငြိမ် လေးနက်သွားရရှာသည်။
သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းသွားပြီး တီးတိုး ပြောဆိုလိုက်၏။
"တာအိုမိတ်ဆွေ လော့က အမြုတေဖွဲ့စည်းခြင်း အဆင့် ကို မရောက်သေးဘူး ထင်တယ်နော်... အခု ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီးကလည်း ဆုံးသွားပြီ ဆိုတော့... ယွင်ကျန်းဂိုဏ်းထဲမှာ နောက်ထပ် မငြိမ်မသက်မှုတွေ ဖြစ်လာဦးမလား မသိဘူး"
စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်သည်။
"မဖြစ်လောက်ပါဘူး"
စာထဲတွင် အခမ်းအနား ကျင်းပမည့် အချိန်ကို အတိအကျ ဖော်ပြထားရာ နောက်ထပ် ရက် (၂၀) ခန့် လိုသေးကြောင်း တွေ့ရ၏။
ထိုအချိန်ကျမှ ယွင်ကျန်းဂိုဏ်းသည် အင်အားစု အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြားပြီး ဘိုးဘေးကြီးကို နှုတ်ဆက်ခိုင်းမည် ဖြစ်သည်။
ဤမျှ စနစ်တကျ ပြင်ဆင်ထားပုံကို ကြည့်ခြင်းအားဖြင့် လော့ချန်ယွီသည် ယွင်ကျန်းဂိုဏ်း၏ အခြေအနေကို သိပ်ပြီး စိုးရိမ်ပူပန်နေပုံ မရပေ။
မဟုတ်ပါက... ဘိုးဘေးကြီး ကွယ်လွန်သွားပြီးနောက် ယွင်ကျန်းဂိုဏ်း အနေဖြင့် တံခါးပိတ်ပြီး ခဏလောက် ငြိမ်နေလိုက်ရုံသာ ရှိမည်။ ဤမျှ ကြီးကျယ်ခမ်းနားသော အခမ်းအနားမျိုး ကျင်းပနေစရာ အကြောင်း မရှိပေ။
ဘိုးဘေးကြီး ကွယ်လွန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများနှင့် ယွင်ကျန်းဂိုဏ်း အတွင်း ဖြစ်လာနိုင်သော မငြိမ်မသက်မှုများ အကြောင်းကို ခေတ္တမျှ ဆွေးနွေးပြီးနောက်... စုယွီသည် စာကို သိမ်းဆည်းလိုက်၏။
ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ... ပထမအဆင့် 'အာရုံထွေပြားလမင်း အဆောင်' အချို့နှင့် ဒုတိယအဆင့် အဆင့်နိမ့် အဆောင် (၁၀၀) ခန့် ပေါ်ထွက်လာသည်။
သူသည် အဆောင်အားလုံးကို 'ချန်ခွန်းအိတ်' တစ်လုံးထဲသို့ ထည့်သွင်းလိုက်ပြီး ယွီခယ်အာအား ကမ်းပေးလိုက်၏။
"ဒါတွေက ဒီရက်ပိုင်း.. အသစ် ဖန်တီးထားတဲ့ အဆောင်တွေလေ... 'အာရုံထွေပြားလမင်း အဆောင်' လို့ နာမည်ပေးထားတယ်"
"သူတို့မှာ ချုပ်နှောင်နိုင်စွမ်းရယ်၊ ပုံရိပ်ယောင် ဖန်တီးနိုင်စွမ်းရယ် ပါဝင်တယ်... စွမ်းအားက မသေးလှဘူး"
"ဒီအဆောင်တွေကို မိသားစုထဲမှာ ထားခဲ့လိုက်ပါ... မိသားစုဝင်တွေ လဲလှယ် သုံးစွဲလို့ ရတာပေါ့"
ယွီခယ်အာ အံ့သြသွားမိ၏။
"အဆောင်သစ် ဟုတ်လား... အာရုံထွေပြားလမင်း အဆောင် တဲ့လား"
စုယွီသည် သူမကို အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး၊ 'ဟူတာ' နှင့် 'ဟူအာ' ဟု အမည်ရသော တိမ်တိုက်ကျား နှစ်ကောင်ကို လှမ်းခေါ်လိုက်သည်။ လွန်ခဲ့သော (၃) နှစ်ကျော် ကာလကတည်းက ဤကျားနှစ်ကောင်သည် ဒုတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ယွီခယ်အာ၏ ယဉ်ပါးသော သားရဲများ ဖြစ်လာခဲ့ကြပြီ မဟုတ်ပါလော။
"ဝေါင်း..."
"ဝေါင်း..."
ဟူတာ နှင့် ဟူအာ တို့သည် တောင်တန်းများကြားမှ အပြေးအလွှား ပြန်ရောက်လာကြ၏။ စုယွီနှင့် ယွီခယ်အာကို မြင်လိုက်ရသောအခါ အမြီးလေးများကို တနှံ့နှံ့ ခါယမ်းရင်း ပျော်ရွှင်စွာ ပြေးလာကြလေတော့သည်။
(၂၀) ပေကျော် ကြီးမားသော ခန္ဓာကိုယ်ကြီးများဖြင့် ပြေးလွှားလာကြပြီး၊ စုယွီနှင့် (၉) ပေခန့် အလိုတွင် ရုတ်တရက် အရှိန်မြှင့်လိုက်ကြ၏။
ထို ကောက်ကျစ်စဉ်းလဲသော အကြံအစည်ကြောင့် သူတို့၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
'ဟဲဟဲ... ဒီနေ့တော့ မင်းကို ငါတို့ ညီအစ်ကို နှစ်ယောက် ပညာပြပြီး လှဲသိပ်လိုက်တော့မယ်... ခြေနှစ်ချောင်း သတ္တဝါရေ'
တိမ်တိုက်ကျား နှစ်ကောင်၏ သိမ်မွေ့သော လှုပ်ရှားမှုများကို ကြည့်ရင်း စုယွီသည် ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ချင်စိတ်ကို အတင်း ထိန်းချုပ်လိုက်ရ၏။ ထို့နောက် ဒုတိယအဆင့် အဆင့်နိမ့် 'အာရုံထွေပြားလမင်း အဆောင်' တစ်ခုကို ထုတ်ယူလိုက်သည်။
သူသည် ကျောက်စိမ်းပြားနှင့် တူသော အဖြူရောင် အဆောင်လက်နက်ကို လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်လိုက်ပြီး ချီစွမ်းအင်များ ထည့်သွင်းကာ အသက်သွင်းလိုက်၏။
တိမ်တိုက်ကျား နှစ်ကောင် ခုန်အုပ်လိုက်သည့် အချိန်တွင်... စုယွီသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး 'အာရုံထွေပြားလမင်း အဆောင်' ကို ပစ်လွှတ်လိုက်လေတော့သည်။
"ဝီ..."
'အာရုံထွေပြားလမင်း အဆောင်' သည် ပျောက်ကွယ်သွားပြီး၊ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင် သည် အနည်းငယ် တုန်ခါသွားကာ မျက်စိကျိန်းလောက်အောင် တောက်ပပြီး ဆွဲဆောင်မှု ရှိသော အလင်းရောင်များ ထွက်ပေါ်လာ၏။
နောက်တစ်ခဏတွင်...
ခုန်အုပ်ရန် ပြင်ဆင်နေသော ဟူတာနှင့် ဟူအာတို့သည် လေပေါ်တွင် ရုတ်တရက် တောင့်တင်းသွားကြလေတော့သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်သော သွားများနှင့် လက်သည်းများသည် အထင်းသား ပေါ်လွင်နေသော်လည်း... လှုပ်ရှားမှု မရှိတော့ချေ။
ကြည့်ရသည်မှာ... သားကောင်ကို ခုန်အုပ်နေသော ကျားနှစ်ကောင်၏ 'သက်ရှိထင်ရှား ပန်းချီကားတစ်ချပ်' အလား ဖြစ်သွားရရှာသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ယွီခယ်အာ၏ လှပသော မျက်နှာလေးသည် ချက်ချင်း အရောင်ပြောင်းသွား၏။
သူမ၏ ဝိညာဉ်အာရုံ ဖြင့် သေချာစွာ အာရုံခံကြည့်လိုက်သောအခါ... 'အာရုံထွေပြားလမင်း အဆောင်' ၏ စွမ်းအား ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျားနှစ်ကောင်သည် ထို ဟင်းလင်းပြင် နေရာလပ် ထဲတွင် ပိတ်မိသွားသည်ကို တွေ့ရှိလိုက်ရသည်။
သာမန် မျက်စိဖြင့် ကြည့်လျှင်မူ... တိမ်တိုက်ကျား နှစ်ကောင်သည် 'ပန်းချီကား' တစ်ချပ် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်မြင်ရ၏။
သူမသည် စိတ်စွမ်းအားကို အသုံးပြုပြီး ဟူတာနှင့် ဟူအာကို ရုန်းကန်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ သို့သော် ဖော်ပြမတတ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူတို့ကို ချုပ်နှောင်ထားသည့်အပြင်... ပုံရိပ်ယောင် တစ်ခုကလည်း သူတို့၏ ဝိညာဉ်များကို ဖမ်းစားထားသဖြင့် မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိကြရှာပေ။
(၁၀) စက္ကန့်ခန့် ကြာမြင့်ပြီးမှသာ 'အာရုံထွေပြားလမင်း အဆောင်' ၏ စွမ်းအား အနည်းငယ် လျော့ပါးသွားလေတော့သည်။
"ဝေါင်း..."
ကျားနှစ်ကောင်သည် ပုံရိပ်ယောင် ကမ္ဘာထဲမှ ရုန်းထွက်နိုင်ခဲ့ကြပြီး၊ မိစ္ဆာစွမ်းအင်များကို အပြည့်အဝ ထုတ်လွှတ်ကာ ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ အသံသည် ဆေးလုံးတောင် တစ်ခုလုံး၊ စုမိသားစု တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ထို ကြမ်းတမ်းသော အရှိန်အဝါကြောင့် စုမိသားစုဝင် အများအပြား မျက်နှာ ရှုံ့မဲ့သွားကြရ၏။
"ဝုန်း"
ကျားနှစ်ကောင်ကို ချုပ်နှောင်ထားသော 'အာရုံထွေပြားလမင်း အဆောင်' ၏ စွမ်းအားသည် ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
"ဘုန်း..."
ကျားနှစ်ကောင်သည် လေပေါ်မှ ပြုတ်ကျလာသော်လည်း၊ သူတို့၏ ခန္ဓာကိုယ်များက ပေါ့ပါးသွက်လက်လှသဖြင့် ဟန်ချက်ညီအောင် ထိန်းနိုင်လိုက်ကြပြီး ခြေလေးချောင်းဖြင့် မြေပြင်ပေါ်သို့ ကျရောက်နိုင်ခဲ့ကြသည်။ မျက်နှာနှင့် မြေကြီး မိတ်ဆက်ပွဲ ကျင်းပရမည့် ဘေးမှ သီသီလေး လွတ်သွားကြခြင်း ဖြစ်ပေသည်။
သို့သော် 'အာရုံထွေပြားလမင်း အဆောင်' ၏ စွမ်းအားအောက်တွင် အချုပ်နှောင် ခံလိုက်ရခြင်းက ဟူတာနှင့် ဟူအာကို အကြီးအကျယ် စိတ်ပျက် ဒေါသထွက်စေခဲ့၏။ သူတို့၏ နှာခေါင်းပေါက်များမှ လေပူများကို မှုတ်ထုတ်လိုက်ပြီး၊ ကျားမျက်လုံး ပြူးပြူးကြီးများဖြင့် စုယွီကို စိုက်ကြည့်ကာ မကျေမနပ် ဟိန်းဟောက်နေကြသည်။
ဟူတာက အော်ဟစ်လိုက်၏။
"ဝေါင်း..."
(ထူးဆန်းတဲ့ ပစ္စည်းတွေ မသုံးနဲ့ကွာ... ယောကျာ်းချင်း တစ်ယောက်ချင်း ချမယ်)
ထိုအချိန်တွင် စုယွီသည် လက်ချောင်းများကို ပေါ့ပေါ့ပါးပါး တောက်လိုက်ရာ ဆေးလုံးနှစ်လုံးသည် နောက်ဘက်သို့ လွင့်ပျံသွား၏။
ဟူတာနှင့် ဟူအာတို့သည် နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီး အနံ့ခံလိုက်ကြသည်။ ထို့နောက် ဆေးလုံးများ ရှိရာသို့ အလုအယက် ပြေးသွားကြလေတော့သည်။
ဟူတာက ပိုမြန်သဖြင့် ဆေးလုံးတစ်လုံးကို အရင် မျိုချလိုက်၏။ ထို့နောက် နောက်ပြန်လှည့်ပြီး ကျန်သော ဆေးလုံးတစ်လုံးကိုပါ ထပ်မံ မျိုချရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ဟူအာ ရောက်ရှိလာ၏။ ဟူတာ၏ အရှက်မရှိသော လုပ်ရပ်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်သွားပြီး ဟူတာကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဟူတာခမျာ လွင့်ထွက်သွားရရှာသည်။
ထို့နောက် ဟူအာသည် ပါးစပ်ကို ဖြဲပြီး ကျန်ရှိနေသော ဆေးလုံးကို မျိုချလိုက်ကာ ကျေနပ်သော မျက်နှာထားဖြင့် နေလိုက်၏။
ခေါင်းကို ရိုက်ခံလိုက်ရသော ဟူတာမှာ ဒေါသအိုး ပေါက်ကွဲသွားလေတော့သည်။ ဟူအာဆီသို့ ပြေးဝင်သွားပြီး လုံးထွေး သတ်ပုတ်ကြလေတော့သည်။ သူတို့၏ ဟိန်းဟောက်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေ၏။
*
အဝေးတစ်နေရာရှိ နန်းတော် ခေါင်မိုးပေါ်မှ...။
မိခင် တိမ်တိုက်ကျားမကြီးသည် သားနှစ်ကောင် သတ်ပုတ်နေသည်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေ၏။ ဝင်ရောက် ဟန့်တားမည့် အရိပ်အယောင် လုံးဝ မပြချေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ယွီခယ်အာမှာ ရယ်ရခက် ငိုရခက် ဖြစ်နေရရှာသည်။ သူမသည် စုယွီကို ကြည့်ကာ ညည်းတွားလိုက်၏။
"နင်ကတော့လေ... တကယ်ပါပဲ... သူတို့ကို ရန်ဖြစ်အောင် လုပ်ပြန်ပြီ"
ထိုအခါ၊ စုယွီက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။
"'အာရုံထွေပြားလမင်း အဆောင်' ရဲ့ စွမ်းအားက သေးသေးလေး မဟုတ်ဘူး... အနိမ့်ဆုံး အဆင့် အဆောင် ဆိုရင်တောင်မှ 'ချီစွမ်းအင် စုစည်းခြင်း' ခြောက်ဆင့်မြောက် ကျင့်ကြံသူကို ခဏလောက် ချုပ်နှောင်ထားနိုင်တယ်... အဆင့်မြင့် အဆောင် ဆိုရင်တော့ 'အခြေခံတည်ဆောက်ခြင်း အဆင့်' တွေကိုတောင် ထိခိုက်စေနိုင်တယ်"
"ဒုတိယအဆင့် အဆင့်နိမ့် 'အာရုံထွေပြားလမင်း အဆောင်' ဆိုရင်... အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ဖောက်ထွက်ဖို့ အချိန်တော်တော် ယူရလိမ့်မယ်”
အခန်း (၂၅၄) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၃)
~"ဒီအဆောင်ကို မှန်မှန်ကန်ကန် သုံးတတ်မယ် ဆိုရင်... အသက်ကိုတောင် ကယ်နိုင်မှာ"
အို... အသက်ကိုတောင် ကယ်နိုင်တယ် ဆိုပါလား...။
ယွီခယ်အာသည် သူ့ကို မျက်စောင်းလေး တစ်ချက် ထိုးလိုက်၏။ သူမ၏ အမူအရာလေးမှာ အနည်းငယ် ချွဲနွဲ့ရာ ပါနေပြီး၊ အချိန်ကာလများ ကုန်ဆုံးသွားသော်လည်း သူမ၏ အရှိန်အဝါသည် ပိုမို ရင့်ကျက် တည်ငြိမ်လာပြီး ဆွဲဆောင်မှု ရှိလာခဲ့သည်။
ဒီ 'အာရုံထွေပြားလမင်း အဆောင်' ရဲ့ စွမ်းအားက အသက်ကယ်ရုံ သက်သက်ပဲ မဟုတ်ဘူးလေ။
ဒီလို အဆောင်လက်နက်မျိုးသာ လက်ထဲမှာ ရှိနေရင်... စုမိသားစုကို ဘယ်သူကမှ လာပြီး ရန်စရဲတော့မှာ မဟုတ်ဘူး။
ဟူတာနှင့် ဟူအာ၊ ထို ရန်ပွဲကြိုက်သော ကျားနှစ်ကောင်သည် စုမိသားစုဝင် အများအပြားကို ဆွဲဆောင်ထားနိုင်ခဲ့၏။
နာရီဝက်ခန့် ကြာသောအခါမှသာ... သူတို့နှစ်ကောင်စလုံး အမောဆို့ပြီး မြေပြင်ပေါ်တွင် ဟောဟဲလိုက်ကာ လဲကျသွားကြတော့သည်။
ရက်အနည်းငယ် ကြာသောအခါ... 'အာရုံထွေပြားလမင်း အဆောင်' သည် မိသားစု ခန်းမဆောင်တွင် ပေါ်ထွက်လာပြီး၊ အမှတ်များဖြင့် လဲလှယ် ရယူနိုင်သော ပစ္စည်းစာရင်းထဲသို့ ရောက်ရှိလာ၏။
'အာရုံထွေပြားလမင်း အဆောင်' ၏ အစွမ်းထက်ပုံကို သိရှိသွားကြသောအခါ... စုမိသားစု တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မိသားစုဝင် အများအပြားသည် ထိုအဆောင်လက်နက် အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေး ပြောဆိုနေကြတော့သည်။
ဒီအဆောင်ရဲ့ စွမ်းအားက သူတို့ ထင်ထားတာထက် အများကြီး ပိုသာလွန်နေသည် မဟုတ်ပါလော။
မူလက စုယွီသည် ယွင်ကျန်းဂိုဏ်းသို့ သွားရောက်ပြီး ကွယ်လွန်သူ ဘိုးဘေးကြီးအား နှုတ်ဆက်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ဆယ်ရက်ခန့် အကြာတွင် မမျှော်လင့်ထားသော ဧည့်သည်တစ်သိုက် ဆေးလုံးတောင်သို့ ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
*
ဘိုးဘေးမြေ၊ ခန်းမဆောင်ကြီး အတွင်း၌...။
နေလမင်း ကျွန်းပေါ်ရှိ ဂူစံအိမ်မှ ပြန်လာသော စုယွီသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာ၏။
ထိုအခ့၊ ထိပ်ဆုံး ခုံနေရာတွင် ထိုင်နေသော ထူးခြားပြောင်မြောက်လှသည့် မိန်းမပျို တစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ဘေးတွင် အခြားသော လူလေးဦး ရှိနေပြီး၊ အားလုံးမှာ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။
ဆေးလုံးတောင်သို့ ရောက်ရှိလာသော ဤ မမျှော်လင့်ထားသော ဧည့်သည်မှာ... ပိုင်ယဲ့ အင်မော်တယ် မြို့တော်မှ 'အရှင်သခင် ပိုင်ယဲ့' ၏ ဒုတိယ တပည့်ရင်း ဖြစ်သူ 'နတ်မိမယ် ဖုန်းလင်' ပင် ဖြစ်ချေသည်။
ယခုအချိန်တွင် အစိမ်းဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော နတ်မိမယ် ဖုန်းလင်သည် စုမိသားစု ခေါင်းဆောင် ထိုင်ရမည့် ထိပ်ဆုံးနေရာကို ဝင်ရောက် နေရာယူထား၏။ လက်ထဲတွင် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ဆောင်ထားပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဖြည်းညှင်းစွာ သောက်သုံးနေသည်။ မျက်လုံးလေးများကို မှေးစင်းထားပြီး ဝိညာဉ်လက်ဖက်ရည်၏ အရသာကို ခံစားနေသယောင် ရှိ၏။
ဆန့်ကျင်ဘက် အနေဖြင့်... မိသားစု ခေါင်းဆောင် စုဖုန်း နှင့် အကြီးအကဲ စုပင်း တို့မှာမူ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေရပြီး ထိုင်ခွင့်ပင် မရကြရှာပေ။
ခန်းမဆောင် အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်... စုယွီသည် ထူးခြားဆန်းကြယ်သော မိန်းမပျို ကိုယ်သင်းနံ့ တစ်မျိုးကို ရရှိလိုက်သည်။
သို့သော် ထိပ်ဆုံးနေရာတွင် ထိုင်နေသော နတ်မိမယ် ဖုန်းလင်ကို မြင်လိုက်ရသောအခါ စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ သူသည် ယွီခယ်အာနှင့်အတူ ရှေ့သို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် လူတစ်ယောက် မတ်တပ်ရပ်လိုက်ပြီး စုယွီ၏ လမ်းကို ပိတ်ရပ်လိုက်၏။ စုယွီကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ရပ်လိုက်စမ်း"
စုယွီသည် ထိုလူကို တစ်ချက် ကြည့်လိုက်ပြီး၊ ထိုလူ၏ နောက်ဘက်ရှိ နတ်မိမယ် ဖုန်းလင်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"နတ်မိမယ် ဖုန်းလင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ... ဒါပေမဲ့ ဒီနေ့ နတ်မိမယ် ရောက်လာတာက သိပ်ပြီး ရည်ရွယ်ချက် ကောင်းပုံ မရပါလား"
ထိုအခါ၊ နတ်မိမယ် ဖုန်းလင်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး၊ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်ထွက်လာ၏။ ထိုအပြုံးသည် တောင်ပေါ်တွင် ပွင့်လန်းနေသော ကြာနီပန်း တစ်ပွင့်အလား လှပပြီး ဆွဲဆောင်မှု ရှိလှပေသည်။
နတ်မိမယ် ဖုန်းလင်၏ သာယာနာပျော်ဖွယ် အသံလေး ထွက်ပေါ်လာ၏။
"နောက်ဆုတ်လိုက်ပါ... သခင်လေး စု ကို အနှောင့်အယှက် မပေးပါနဲ့"
"ဟုတ်ကဲ့ပါ... နတ်မိမယ်"
အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်ရှိသော ထို ကြွက်သားအဖုအထစ်နှင့် လူကြီးသည် ချက်ချင်းပင် ရိုသေကိုင်းရှိုင်းသွား၏။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လမ်းဖယ်ပေးလိုက်သည်။
နတ်မိမယ် ဖုန်းလင်သည် စုယွီကို ကြည့်ကာ ဆွဲဆောင်မှု ရှိသော အပြုံးလေးဖြင့် ညင်သာစွာ ပြောဆိုလိုက်၏။
"သခင်လေး စု... စိတ်ထဲ မထားပါနဲ့နော်... ကျွန်မရဲ့ လူက တောသားလေးမို့လို့ အနေအထိုင် မတတ်တာပါ... တစ်ခါတလေ ရိုင်းမိသွားတတ်တယ်... သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်ရှင်"
စုယွီ မျက်ခုံးပင့်လိုက်ပြီး နတ်မိမယ် ဖုန်းလင်ကို မေးမြန်းလိုက်သည်။
"နတ်မိမယ်က... ဆေးလုံးတောင်ကို ဘာကိစ္စများ ရှိလို့ ရောက်လာတာပါလိမ့်"
နတ်မိမယ် ဖုန်းလင်သည် စုယွီ၏ ပွင့်လင်းပြတ်သားမှုကို သဘောကျသွားပုံ ရ၏။ သူမသည် စုယွီကို အကဲခတ် ကြည့်ရှုလိုက်ပြီး၊ ဘေးနားရှိ ယွီခယ်အာကိုပါ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ အပြုံးသည် ပိုမို တောက်ပလာ၏။
"သေချာတာပေါ့... ကောင်းတဲ့ ကိစ္စမို့လို့ လာတာပါ"
နတ်မိမယ် ဖုန်းလင်က အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။
"အရင်တုန်းက ယွီမိသားစုဟာ ယွင်ကျန်းဂိုဏ်းရဲ့ ဖိနှိပ်မှုကို ခံရလို့... ပိုင်ယဲ့ အင်မော်တယ် မြို့တော်ကို ခိုလှုံဖို့ ရွေးချယ်ခဲ့တယ်လေ"
"ရှင်တို့လည်း ယွင်ကျန်းဂိုဏ်းကြောင့် တော်တော်လေး ခံခဲ့ရတယ် မဟုတ်လား... သူတို့နဲ့ အဆက်အသွယ် ဖြတ်လိုက်သင့်ပြီလို့ မထင်ဘူးလား"
"ယွီမိသားစုလိုပဲ... ကျွန်မတို့ဆီမှာ ဝင်ရောက် ခိုလှုံလိုက်ရင် မကောင်းဘူးလားဟင်"
"ရှင် သိထားရမှာက..."
စကားကို ခဏ ရပ်လိုက်ပြီး နတ်မိမယ် ဖုန်းလင်သည် စုယွီကို စိုက်ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းနီလေးများ အနည်းငယ် ကွေးညွှတ်သွားပြီး တိုးညှင်းစွာ ဆက်ပြောလိုက်သည်။
"ဟွမ်မိသားစုနဲ့ ကျန်းမိသားစုကတော့... ပိုင်ယဲ့ အင်မော်တယ် မြို့တော်ကို ခိုလှုံဖို့ ဆုံးဖြတ်ပြီးသွားကြပြီ... ကျွန်မတို့ရဲ့ လက်အောက်ခံ ဖြစ်သွားကြပြီလေ... ရှင်တို့ စုမိသားစုကရော ဘယ်လို ရွေးချယ်မလဲ... တာအိုမိတ်ဆွေ စု က ဉာဏ်ပညာ ကြီးမားသူ တစ်ယောက် ဆိုတာ ကျွန်မ ယုံကြည်ပါတယ်"
ဟင်...။
ဒီသတင်းကို ကြားလိုက်ရတော့ စုယွီ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ရင်ထဲတွင် ထိတ် ဖြစ်သွားရ၏။
ဟွမ်မိသားစုနဲ့ ကျန်းမိသားစုက... ပိုင်ယဲ့ အင်မော်တယ် မြို့တော်ဆီမှာ သစ္စာခံလိုက်ကြပြီလား။
ဒါ သတင်းကောင်း မဟုတ်ပေ။
"ယွီမိသားစုက အရင်ကတည်းက ပိုင်ယဲ့ မြို့တော်ကို ခိုလှုံဖို့ ရွေးချယ်ခဲ့ပြီးသား... အခု တာအိုမိတ်ဆွေ လော့ အာဏာရလာတော့... ကျောထောက်နောက်ခံ ပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့တဲ့ ဟွမ်နဲ့ ကျန်း မိသားစုတွေကလည်း ပိုင်ယဲ့ မြို့တော်ကို ခိုလှုံဖို့ ရွေးချယ်လိုက်ကြတာ... မဖြစ်နိုင်စရာတော့ မရှိပါဘူး"
"ဒါပေမဲ့ ဒီလိုသာ ဆိုရင်... ယွင်ကျန်းဂိုဏ်းရဲ့ နယ်မြေ တစ်ဝက်လောက်က ပြောင်သွားပြီ မဟုတ်လား"
နတ်မိမယ် ဖုန်းလင်ကို ကြည့်ရင်း စုယွီ့ စိတ်ထဲတွင် တွက်ချက်နေမိသည်။
"ပိုင်ယဲ့ မြို့တော်က ငါ့ စုမိသားစုကို သိမ်းသွင်းပြီး ဘာလုပ်ချင်တာလဲ... ဘာတွေ ကြံစည်နေတာလဲ"
"ယွင်ကျန်းဂိုဏ်း နယ်မြေထဲက တခြား အင်အားစုတွေကို အရင် ဖြိုခွင်းပြီးတော့မှ... ယွင်ကျန်းဂိုဏ်း တစ်ခုလုံးကိုပါ မျိုချပစ်ဖို့ ကြံစည်နေကြတာများလား"
ဘေးနားရှိ စုပင်း၊ စုဖုန်း နှင့် ယွီခယ်အာ တို့၏ မျက်နှာထားများလည်း ပျက်ယွင်းသွားကြ၏။ အခြေအနေ မကောင်းတော့ဘူးဟု သူတို့ စိတ်ထဲတွင် တွေးမိလိုက်ကြသည်။
ပိုင်ယဲ့ မြို့တော်က အခွင့်အရေးကို အသုံးချနေသည်ပင်။
ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီး ကွယ်လွန်သွားလို့ အင်အား နည်းနေသော အချိန်ကို အခွင့်ကောင်းယူပြီး... ဟွမ်နှင့် ကျန်း မိသားစုတွေကို သူတို့ဘက် ပါအောင် ဆွဲဆောင်နေ၏။
အခုဆိုရင် အိမ်ပေါက်ဝအထိ ကိုယ်တိုင် ရောက်လာပြီး... စုမိသားစုကိုပါ လက်အောက်ခံ ဖြစ်လာအောင် ဖိအားပေးနေကြလေပြီ။
သူတို့က ယွင်ကျန်းဂိုဏ်းကို အထဲမှ.. လှိုက်စားပြီး ထွက်ပေါက်ပိတ်ဖို့ ကြိုးစားနေကြသည်ပင်။
စုယွီသည် မျက်နှာပေါ်တွင် အပြုံး တစ်ခု ဆင်မြန်းလိုက်ပြီး နတ်မိမယ် ဖုန်းလင်ကို ကြည့်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
"နတ်မိမယ် ပြောတာ အဓိပ္ပာယ် ရှိပါတယ်... ဒါပေမဲ့ ဒီကိစ္စက သိပ်ကို အရေးကြီးတဲ့ ကိစ္စလေ... ဒါကြောင့် နတ်မိမယ် အရင် ပြန်နှင့်ပါဦး... ကျွန်တော်တို့ စုမိသားစု အတွင်းမှာ သေချာ တိုင်ပင်ဆွေးနွေးပြီးရင်... နတ်မိမယ် ကျေနပ်လောက်မယ့် အဖြေတစ်ခု ပြန်ပေးပါ့မယ်"
နတ်မိမယ် ဖုန်းလင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူမသည် အပြုံးမပျက် စုယွီကို ဆက်လက် ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ရှင်တို့ စုမိသားစုရဲ့ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ အကုန်လုံး ဒီမှာ ရှိနေကြတာပဲ... အခုပဲ ဆုံးဖြတ်လိုက်လို့ ရပါတယ်"
"တာအိုမိတ်ဆွေ စု က... ကျွန်မရဲ့ စေတနာကို ငြင်းပယ်ဖို့ မရွေးချယ်လောက်ပါဘူးနော်"
"တကယ်လို့များ ငြင်းပယ်ခဲ့မယ် ဆိုရင်တော့... ကျွန်မ တော်တော်လေး စိတ်ပျက်မိသွားမှာပါ... ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒါက မိုက်မဲပြီး ဉာဏ်နည်းရာ ကျလွန်းလို့လေ”
အခန်း (၂၅၅) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၄)
~"ယွင်ကျန်းဂိုဏ်းက ဟိုမိန်းမက... ရှင်တို့ စုမိသားစုကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးနော်"
"ဟူး..."
နတ်မိမယ် ဖုန်းလင်၏ အလျှော့ပေးလိုစိတ် မရှိသော ဟန်ပန်အမူအရာကို ကြည့်ရင်း စုယွီ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ဖွဖွ ချလိုက်မိ၏။ ထို့နောက် သူမကို စိုက်ကြည့်ကာ အေးဆေးစွာ ပြောဆိုလိုက်သည်။
"မူလကတော့ ကျွန်တော် စကားတွေ အများကြီး မပြောချင်ခဲ့ပါဘူး... နတ်မိမယ်ကို မျက်နှာသာ ပေးတဲ့ အနေနဲ့ပေါ့... ကျွန်တော်တို့ အားလုံး အဆင်ပြေပြေ ဖြစ်သွားရင် အကောင်းဆုံးပါပဲ"
"ဒါပေမဲ့... နတ်မိမယ်က သဘောပေါက်ပုံ မရဘူး"
နတ်မိမယ် ဖုန်းလင်၏ မျက်ဝန်းထဲရှိ အရောင်အဝါများ အနည်းငယ် ပြောင်းလဲသွား၏။ သူမ ခေါ်ဆောင်လာသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ လေးဦးမှာလည်း ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ သို့သော် ချက်ချင်းပင် သူတို့၏ မျက်နှာများပေါ်တွင် ဒေါသအမျက်များ ဖုံးလွှမ်းလာပြီး၊ ခန္ဓာကိုယ်များမှ အရှိန်အဝါများ ရိုင်းစိုင်းစွာ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများသည် ခန်းမဆောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး စုယွီအား တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။
သို့သော် နောက်တစ်ခဏတွင်...
သူတို့၏ လှုပ်ရှားမှုများ အားလုံး တညီတညွတ်တည်း ရပ်တန့်သွားကြသည်။ ဒေါသထွက်နေသော မျက်နှာထားများနှင့် ထာဝရ ဘုရားသခင်ကဲ့သို့သော အရှိန်အဝါများ အားလုံး ရုတ်ချည်း ရပ်ဆိုင်းသွားပြီး၊ မျက်နက်ဝန်းများ ကျဉ်းမြောင်းသွားကြလေတော့သည်။
"ရွှီး..."
စုယွီသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ 'တာအိုရုပ်ခန္ဓာ ရုပ်သေး' တစ်ရုပ်သည် သူ့ဘေးတွင် ဘွားခနဲ ပေါ်ထွက်လာ၏။
ဤ ရုပ်သေးသားရဲသည် အရွယ်အစား သေးငယ်ပြီး (၅) ပေခန့်သာ ရှည်လျားသည်။ တစ်ကိုယ်လုံးမှ မည်းနက်သော သတ္တုရောင်များ တောက်ပနေပြီး၊ ခန္ဓာကိုယ်မှ ဓားသွားကဲ့သို့သော လက်တံ (၈) ချောင်း ထွက်ပေါ်နေ၏။ ထိုလက်တံများမှာလည်း (၅) ပေကျော်ကျော်မျှသာ ရှိသဖြင့် စုစုပေါင်း အရွယ်အစားမှာ မကြီးမားလှပေ။
စုယွီ၏ ဘေးတွင် ရပ်လိုက်သည့်အခါ... ပုံစံတူ အသေးစား ရုပ်သေးရုပ်လေး တစ်ရုပ်ကဲ့သို့ ထင်မှတ်ရသည်။
သို့သော် ထို ရုပ်သေးရုပ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်...
နတ်မိမယ် ဖုန်းလင် ခေါ်ဆောင်လာသော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ လေးဦး၏ ခန္ဓာကိုယ်များသည် နေရာတွင်ပင် တောင့်တင်း ခိုင်မာသွားကြရရှာသည်။
ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေနိုင်လောက်သည့် ထက်ရှပြီး ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသော အရှိန်အဝါ တစ်ခုသည် သူတို့ လေးဦးစလုံးကို ချက်ချင်း လှမ်း၍ ချိန်ရွယ်လိုက်သည် မဟုတ်ပါလော။
သူတို့၏ မျက်နက်ဝန်းများ ထိတ်လန့်တုန်လှုပ်စွာ ကျဉ်းမြောင်းသွားကြပြီး၊ အရိုးထဲထိ စိမ့်ဝင်သွားစေသော အအေးဓာတ် တစ်မျိုးကို ခံစားလိုက်ကြရသည်။
ထို ရုပ်သေးရုပ်ကို ကြည့်လိုက်မိသည့် အချိန်တွင် သူတို့၏ ရင်ထဲ၌ အဆုံးမရှိသော ကြောက်ရွံ့ခြင်းများ ပြည့်နှက်လာပြီး၊ ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြ၏။
"တ... တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲကြီး..."
ထိုလူ လေးဦးစလုံး ပြိုင်တူ အော်ဟစ်လိုက်မိကြလေတော့သည်။
"ဘုန်း..."
ထိုအထဲမှ တစ်ယောက်သည် ဖိအားကို မခံနိုင်တော့ဘဲ နောက်သို့ ယိုင်နဲ့ကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွား၏။ မျက်နှာတွင် ထိတ်လန့်ခြင်းများ အထင်းသား ပေါ်လွင်နေသည်။
စောစောက စုယွီ၏ လမ်းကို မောက်မောက်မာမာ ပိတ်ရပ်ခဲ့သော လူကြမ်းကြီး ဆိုလျှင်လည်း ယခုအခါ သေမလောက် ကြောက်ရွံ့နေရှာသည်။ ခြေထောက်များ တုန်ရီနေပြီး မြေကြီးပေါ်တွင် ဝပ်တွားနေကာ ဘောင်းဘီထဲတွင် သေးထွက်ကျလုမတတ် ဖြစ်နေလေပြီ။
ဘေးတစ်ဖက်တွင်မူ...
မူလက မိသားစု ခေါင်းဆောင် ထိုင်ရမည့် ထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်နေပြီး၊ စုယွီကို ဂရုမစိုက်သော ပုံစံဖြင့် ကြည့်ကာ စုမိသားစုကို လက်အောက်ခံ ဖြစ်လာစေရန် ကြံစည်နေသော နတ်မိမယ် ဖုန်းလင် သည်လည်း... ဤအချိန်တွင် ထိုင်ရာမှ ရုတ်ခနဲ မတ်တပ်ရပ်လိုက်မိသည်။ သူမ၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုများ အတိုင်းသား ပေါ်လွင်နေ၏။
တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့သော အရှိန်အဝါကြီးသည် သူမကိုပါ လှမ်း၍ ချိန်ရွယ်ထားသည် မဟုတ်ပါလော။
သူမသည် ရှေးဟောင်း ကျင့်စဉ်လမ်း တစ်ခု၏ အမွေအနှစ်ကို ရရှိထားပြီး ကံကောင်းခြင်းများဖြင့် ပြည့်စုံသူ ဖြစ်သော်လည်း... ဤအချိန်တွင်မူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တင်းမာသွားသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် အရှိန်အဝါသည် ဓားသွားများအလား သူမ၏ အသားအရေကို လှီးဖြတ်နေသကဲ့သို့ နာကျင်မှုကို ခံစားနေရ၏။
ဤ ရုပ်သေးရုပ်ထံမှ မကြုံစဖူး ထူးကဲသော ခြိမ်းခြောက်မှုကြီးကို သူမ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
နတ်မိမယ် ဖုန်းလင်၏ လှပသော မျက်နှာလေးသည် ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားသည်။ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' ပုံသဏ္ဍာန် ရှိသော ရုပ်သေးရုပ်ကို ခေတ္တမျှ စိုက်ကြည့်နေမိ၏။ ထို့နောက်မှ သူမ၏ အကြည့်ကို စုယွီထံသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
ယခုအချိန်တွင် နတ်မိမယ် ဖုန်းလင်၏ မျက်နှာပေါ်တွင် ရှိနေခဲ့သော ပေါ့ပါးသွက်လက်မှုနှင့် မောက်မာမှုများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူမ၏ ဆွဲဆောင်မှု ရှိသော မျက်လုံးလေးများကို အနည်းငယ် မှေးစင်းလိုက်ပြီး စုယွီကို ကြည့်ကာ... ရင်သပ်ရှုမောဖွယ် ကောင်းသော အပြုံးတစ်ခုကို ဖန်တီးလိုက်၏။ သူမသည် နူးညံ့စွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။
"တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ တစ်ကောင်ပါလား... စုယွီ... ရှင်က ဒီလောက်ထိ အင်အား တောင့်တင်းလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး... ကျွန်မ ဖုန်းလင် မဆင်မခြင် ဖြစ်သွားမိပါတယ်"
"ဒီလောက် အင်အားမျိုး ရှိနေမှတော့... စုမိသားစု အနေနဲ့ ဘယ်အင်အားစုရဲ့ လက်အောက်ခံမှ ဖြစ်စရာ မလိုတော့ပါဘူး"
"အရင်က ကိစ္စတွေ အတွက်... ကျွန်မ ရှင့်ကို တောင်းပန်ပါတယ် စုယွီ"
ပြောပြီးသည်နှင့် နတ်မိမယ် ဖုန်းလင်သည် သူမ ဝင်ရောက် နေရာယူထားသော မိသားစု ခေါင်းဆောင် ထိုင်ခုံမှ သဘောပေါက် နားလည်စွာဖြင့် ဖယ်ပေးလိုက်လေတော့သည်။
စုယွီ၏ မျက်နှာပေါ်တွင် အစကတည်းက ဖျော့တော့သော အပြုံးတစ်ခု ရှိနေခဲ့သည်။ နတ်မိမယ် ဖုန်းလင် နေရာဖယ်ပေးသည်ကို မြင်သောအခါ သူသည် တုံ့ဆိုင်းခြင်း မရှိဘဲ လျှောက်သွားလိုက်ပြီး၊ စုမိသားစု ပိုင်ဆိုင်သော ခေါင်းဆောင် ထိုင်ခုံတွင် ဝင်ရောက် ထိုင်လိုက်၏။ ထို့နောက် နတ်မိမယ် ဖုန်းလင် အပါအဝင် လူငါးယောက်ကို လှည့်ကြည့်လိုက်သည်။
စုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ပိုင်ယဲ့ အင်မော်တယ် မြို့တော်ကို ပထမဆုံး အကြိမ် ရောက်ဖူးတုန်းက အချိန်ကို ပြန်တွေးကြည့်မိတယ်... ခင်ဗျားတို့ မြို့တော်က ကျွန်တော့်အပေါ် အမှတ်တရတွေ တော်တော် များများ ပေးခဲ့တာဗျ"
နတ်မိမယ် ဖုန်းလင်သည် သူ၏ စကားကို စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်သည်။
"ဘယ်တုန်းကများလဲ... ဘယ်လို အမှတ်တရမျိုးလဲဟင်"
စုယွီက ပေါ့ပါးစွာ ရယ်မောလိုက်၏။
"အဲ့ဒီတုန်းက... ကျွန်တော်က 'ချီစွမ်းအင် စုစည်းခြင်း' အဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူ ပေါက်စလေးပါ... ပိုင်ယဲ့ မြို့တော်ကို သွားပြီး ကျင့်ကြံခဲ့ဖူးတယ်... အဲ့ဒီအချိန်မှာ ခင်ဗျားရဲ့ တတိယ ဂျူနီယာ မောင်လေး... တာအိုမိတ်ဆွေ 'ရွှီဝမ်ရှန်း' က ပင်မခန်းမဆောင်ကို တာဝန်ယူထားတာလေ"
"အဲ့ဒီအချိန်က ပင်မခန်းမဆောင် အတွက် ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေကို လိုက်လံ စုဆောင်းနေတဲ့ အချိန်ပေါ့"
"ကျွန်တော်ကလည်း ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် ဖြစ်နေတော့... စုဆောင်းခံရမယ့် စာရင်းထဲ ပါသွားတာပေါ့ဗျာ"
"ဝမ်းနည်းစရာ ကောင်းတာက... အဲ့ဒီတုန်းက ကျွန်တော်က ငယ်ရွယ်ပြီး သွေးကြွနေတဲ့ အရွယ် ဆိုတော့... တာအိုမိတ်ဆွေ ရွှီ ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်မိတယ်"
"တာအိုမိတ်ဆွေ ရွှီ ကတော့ တော်တော် ပြတ်သားပါတယ်... ကျွန်တော် ဆေးလုံးတွေ ဖော်စပ်ပြီး ရထားတဲ့ 'အကျိုးပြု ရမှတ်' တွေကို ချက်ချင်း ဖြတ်တောက် ပစ်လိုက်တာလေ"
"အခု ပြန်စဉ်းစားကြည့်တော့... တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ"
နတ်မိမယ် ဖုန်းလင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီး အံ့သြသွားရသည်။ စုယွီက ပိုင်ယဲ့ အင်မော်တယ် မြို့တော်နဲ့ ဒီလို ဇာတ်လမ်းမျိုး ရှိခဲ့ဖူးတာလား။
သူက သူမအပေါ် ဘာကြောင့် ဒီလောက် အေးစက်နေရသလဲ၊ ဘာကြောင့်..ယခုလို တုံ့ပြန်ရသလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါ။
တစ်ဖက်မှာက စုမိသားစုမှာ ကိုယ်ပိုင် အင်အား တောင့်တင်းနေ၍ ဖြစ်သလို...
နောက်တစ်ဖက်မှာကတော့ ဒီအကြောင်းပြချက်ကြောင့်လည်း ပါလိမ့်မည်။
ဘယ်သူမဆို ကိုယ့်ကို အနိုင်ကျင့်ဖူးသူကိုတော့ ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ချေ။
သို့သော်၊...
သူ ပြောသလိုသာ ဆိုလျှင်... ထိုအချိန်တုန်းက သူက ချီစွမ်းအင် စုစည်းခြင်း အဆင့်ပဲ ရှိသေးတာ ဆိုတော့... ဒီလို အနိုင်ကျင့်ခံရတာက သူ့အင်အား နည်းပါးလို့ ဖြစ်ရသည်ပဲလေ။
ယခု သူ့အင်အား ကြီးလာသော အချိန်မှာ ပိုင်ယဲ့ မြို့တော်အပေါ် ပြန်ပြီး အေးစက်တာကလည်း သဘာဝ ကျပါသည်။
လောကကြီးမှာ အကြောင်းရှိလျှင် အကျိုး ရှိစမြဲ မဟုတ်ပါလော။
မူလက နတ်မိမယ် ဖုန်းလင်သည် အခြား အကြောင်းအရာများကို ဆွေးနွေးချင်သေးသော်လည်း၊ ယခု အခြေအနေအရ သူမ သက်ပြင်း ဖွဖွ ချလိုက်၏။ သူမ၏ ဆွဲဆောင်မှု ရှိသော မျက်လုံးများဖြင့် စုယွီကို ကြည့်ကာ ပြောဆိုလိုက်သည်။
"နားလည်ပေးဖို့ မျှော်လင့်ပါတယ်ရှင်... ကျွန်မရဲ့ ဂျူနီယာ မောင်လေးက မာနကြီးတဲ့ သဘောသဘာဝ ရှိပြီး လုပ်ရပ်တွေက နည်းနည်းတော့ တစ်ဖက်သတ် ဆန်တတ်ပါတယ်... တကယ်လို့ သူက ရှင့်ကို စော်ကားမိခဲ့တယ် ဆိုရင်... သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်"
"နောက်တစ်ခါ အခွင့်အရေး ရရင်... သူ့ကို ကျွန်မ ကိုယ်တိုင် ခေါ်လာပြီး ရှင့်ကို တောင်းပန်ခိုင်းပါ့မယ်"
စုယွီ အနည်းငယ် ပြုံးလိုက်ပြီး တုံ့ပြန်လိုက်၏။
"ထားလိုက်ပါတော့ဗျာ... အတိတ်က အကြောင်းတွေပါ... ပြန်ပြောနေစရာ မလိုတော့ပါဘူး"
ဤကဲ့သို့သော အပေါ်ယံ စကားများ ပြောဆိုပြီးနောက်... နတ်မိမယ် ဖုန်းလင်သည် ဆက်လက် နေထိုင်ရန် အဆင်မပြေတော့သဖြင့် အလျင်အမြန်ပင် နှုတ်ဆက်ကာ သူမ၏ လူများကို ခေါ်ဆောင်ပြီး ဆေးလုံးတောင်မှ ထွက်ခွာသွားလေတော့သည်။
မထွက်ခွာခင်တွင် နတ်မိမယ် ဖုန်းလင်သည် 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' နှင့် တူသော ရုပ်သေးရုပ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သေးသည်။
သူမ၏ မျက်ဝန်းနက်နက် အတွင်း၌ ဝေခွဲမရခြင်းများ ပြည့်နှက်နေ၏။
‘စုမိသားစုက... တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ တစ်ကောင်ကို ဘယ်လိုလုပ်ပြီး ရရှိထားတာပါလိမ့်။’