အခန်း (၂၆၄)
Vol. 24 Ch. 264
📝အပိုင်း - ၂၆၄
ဘာသာပြန် - Na Gar🐉
ယွမ်ရှီးလေး အိမ်အလုပ်တွေ ဝိုင်းကူလုပ်နေတာကို တားဆီးဖို့အတွက် သူတို့ကသူမကို အသိပညာဗဟုသုတတွေ စတင်လေ့လာသင်ယူနိုင်အောင် ဘုရင်ခံအိမ်တော်ဆီကိုပဲ ပို့ထားလိုက်ကြပါတယ်။
အချိန်တွေဟာ ကုန်ဆုံးသွားခဲ့တာ... အခုဆိုရင် နောက်ထပ် ဆယ်ရက်ခန့် ကြာမြင့်သွားခဲ့ပါပြီ။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(အသေးစား အောင်မြင်မှု့)]
[တိုးတက်မှု့ - ၁၈၅၅/၂၀၀၀]
နောက်ထပ် အနည်းငယ်ဆိုရင်ပဲ ဟွာကျင်းအဆင့်ကြီးမားသောအောင်မြင်မှု့ ကို ရောက်တော့မှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ မဟာသွေးကြောအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
...
မနက်စာ စားပြီးတဲ့နောက်မှာတော့ စစ်တပ်မြို့တော်မှာ လူစုဖို့အတွက် တစ်ယောက်ယောက်က လာရောက် အကြောင်းကြားပါတယ်။
"ရှောင်ရှင်း... မင်း ဘာဖြစ်နေတာလဲ"
ချန်ဆန်းရှီ ဟာ သူ့ခြေထောက်ကြားက မြင်းဖြူလေး စိတ်ကောက်နေတာကို သိသိသာသာ ခံစားလိုက်ရပါတယ်။
"..."
"အေးပါ... ငါ့အမှားပါ"
သူ့ရဲ့ ချစ်စနိုးတိရစ္ဆာန်လေး ဘာဖြစ်ချင်နေလဲဆိုတာကို ချန်ဆန်းရှီ ချက်ချင်း နားလည်သွားပါတယ်။ ရှောင်ရှင်းက သူ ကတိဖျက်ခဲ့လို့ စိတ်ကောက်နေတာပါ။ မြစ်ကို ဖြတ်ကျော်တုန်းက ဝိညဉ်ဆေးယိုအချို့ ကျွေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ အကုန်စားပစ်ခဲ့တာကိုး။
"ဒီညကျရင် ငါ ကျွေးပါ့မယ်၊ ဟုတ်ပြီလားအခုတော့ ဂျီမတိုက်ပါနဲ့တော့သွားကြစို့"
ချန်ဆန်းရှီက တိုက်တွန်းလိုက်ပြီး မြင်းက စထွက်ဖို့ ပြင်တုန်းမှာပဲ နောက်ထပ် ရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပြန်ပါတယ်။
"ဗိုလ်ချုပ်ချန်"
ကျောက်ကျောက်က ခနဲ့တဲ့ လေသံနဲ့"ရှင်ကတော့ တကယ့်ကို သူငယ်ချင်းဟောင်းတွေကို မေ့တတ်တာပဲနော် ပြန်ရောက်တာ ဒီလောက်ရက်ကြာနေပြီ၊ ကျွန်မတို့ သခင်မလေးဆီ လာလည်ဖို့တောင် စိတ်မကူးဘူးလား"
"လာမလို့ပါပဲ"
ချန်ဆန်းရှီက တစ်ဖက်လူနဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့ ကတိပေးထားသလို၊ လေးနဲ့ မြှားအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေဖို့လည်း အကူအညီ တောင်းထားတာပါ။ အမွှေးတိုင်မီးကိစ္စ မပြောနဲ့ဦး၊ ဘာပဲဖြစ်ဖြစ် သူ သွားဖို့ အစီအစဉ် ရှိပြီးသားပါ။
သူက"ဒီည ငါ့ကို စောင့်နေဖို့ မင်းတို့ သခင်မလေးကို ပြောလိုက်ပါ။ ပြီးတော့ မင်းလည်း နောက်ဆိုရင် ငါ့ကို စကားပြောတဲ့အခါ ပိုပြီး လေးလေးစားစား ပြောနော်၊ မဟုတ်ရင် မင်းမျက်နှာပေါ်မှာ နောက်ထပ် အမာရွတ်တစ်ခု ထပ်ထင်သွားအောင် လုပ်မိမယ်" လို့ ပြောလိုက်ပါတယ်။
"ရှင်..."
ကျောက်ကျောက်က ပြန်အော်ချင်ပေမဲ့ ဒီလူက တကယ်လုပ်မယ့်လူဆိုတာ မှတ်မိသွားတော့ ချက်ချင်းပဲ အရှိန်လျော့သွားပြီး "နေဦးပေါ့... တစ်နေ့နေ့ကျရင်တော့ ကျွန်မ ကလဲ့စားပြန်ချေမှာပဲ" လို့ ကြုံးဝါးပြီး အမြန်ပြေးထွက်သွားပါတော့တယ်။
ချန်ဆန်းရှီက သူမကို ဂရုမစိုက်တော့ဘဲ ရှောင်ရှင်းကို စီးပြီး စစ်စခန်းဆီ အစီရင်ခံဖို့ သွားလိုက်ပါတယ်။
အရန်တပ်စခန်းက စစ်သည်အားလုံးဟာ စစ်ရေးလေ့ကျင့်ကွင်းမှာ စောစောစီးစီး စုရုံးရောက်ရှိနေကြပါပြီ။
မင်ပြည်နယ်က နယ်မြေရှင်းလင်းရေး အစီအစဉ်တွေလည်း အားလုံး ပြီးစီးသွားခဲ့ပါပြီ။ လူကျီနဲ့ တခြားလူတွေလည်း အဲဒီနေ့မှာပဲ ပြန်ရောက်လာကြပါတယ်။
ဒီနေ့ကတော့... သူတို့ကို ဂုဏ်ပြုဆုချမယ့်နေ့ပါပဲ။
မိန်းမစိုးချုပ်ဟောက်ပေါင် က စင်မြင့်ထက်မှာ ရပ်ပြီး ဧကရာဇ်ရဲ့ အမိန့်တော်ကို ကိုယ်တိုင် ဖတ်ကြားပါတယ်။
အရန်တပ်စခန်းက အသက်ရှင်ကျန်ရစ်သူ စစ်သည်တိုင်း ဆုလာဘ်တွေ ရရှိကြပါတယ်။
နောက်ဆုံး ခေါ်လိုက်တဲ့ နာမည်ကတော့ ချန်ဆန်းရှီ ဖြစ်ပါတယ်။
"ချန်ဆန်းရှီကို အဆင့် ၃ ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်ဟွမ်ယွမ်အဖြစ် တိုးမြှင့်
ခန့်အပ်လိုက်ပြီး လက်ထောက်ဗိုလ်ချုပ်တာဝန်ကို ထမ်းဆောင်စေမယ်"
'ဒါပဲလား'
အောက်မှာ ဒူးထောက်နေတဲ့ လူအုပ်ကြီးက စိတ်ထဲကနေ တီးတိုးရေရွတ်နေကြပါတယ်။
သူတို့ရဲ့ ခေါင်းဆောင်က ဒီလောက် ကြီးမားတဲ့ အောင်မြင်မှု့တွေ လုပ်ခဲ့တာကို ဘာလို့ ဆုလာဘ်က ဒီလောက်ပဲ ရတာလဲရွှေငွေ ရတနာတွေ၊ ဒါမှမဟုတ် ဂုဏ်ထူးဆောင်တံဆိပ်တွေတောင် မပါဘူးလား။
သူတို့ ထူးဆန်းနေတုန်းမှာပဲ ဟောက်ပေါင်က ဆက်ပြီး ဖတ်ကြားလိုက်ပါတယ်။
"ဒါ့အပြင်... ချန်ဆန်းရှီကို လျန်ကျိုးမှာ အမိန့်စောင့်ဆိုင်းစေပြီး၊ သင့်တော်တဲ့ ရက်ကို ရွေးချယ်ကာ ဘွဲ့ထူးဂုဏ်ထူးတွေကို လက်ခံရယူဖို့ နန်းမြို့တော်ကို လာရောက်ရမယ်"
ဘွဲ့နှင်းသဘင်အတွက် နန်းမြို့တော်ကို သွားရမယ်။
ဒါက...
ဘယ်လောက်တောင် ကြီးကျယ်တဲ့ ဆုလာဘ်မျိုးမို့လို့လဲ..
နန်းမြို့တော်အထိ သွားရမယ်ဆိုတော့..
ဧကရာဇ်နဲ့ တွေ့ဆုံဖို့ နန်းမြို့တော်ကို သွားရတာနဲ့ ဘွဲ့နှင်းသဘင် အမိန့်တော်အရ သွားရတာက လုံးဝ တခြားစီပါပဲ။
"ညီအစ်ကိုချန်... မင်းကတော့ တကယ့်ကို တစ်ဟုန်ထိုး တိုးတက်တော့မှာပဲ..." လို့ ယန်ချန်ချင်းက စိတ်ထဲကနေ ချီးကျူးနေမိပါတယ်။
အမိန့်တော်ကို ဖတ်ကြားပြီးတဲ့နောက် အားလုံးက ခေါင်းငုံ့ပြီး "ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်ကို အထူးတင်ရှိပါတယ်၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ သက်တော်ရာကျော်၊ သက်တော်ရာကျော်၊ သက်တော်ရာကျော်တည်မြဲပါစေ" လို့ သံပြိုင် အော်ဟစ်လိုက်ကြပါတယ်။
"..."
"သခင်ကြီးဟောက်"
ချန်ဆန်းရှီက အခွင့်အရေးရတုန်း ပြောလိုက်တယ် "ကျွန်တော် ဒုဗိုလ်ချုပ် ယွီစုန် နဲ့ တပ်မှူး ချန်ချန်း တို့အတွက် ဆုလာဘ်တွေအကြောင်း မေးချင်လို့ပါ"
"ယွီစုန်"
သခင်ကြီးဟောက်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေတယ် "အဲဒီလူက စစ်မြေပြင်မှာ အမိန့်ကို ဖီဆန်ခဲ့တယ်။ အကယ်၍ ဗိုလ်ချုပ်ချန်ရဲ့ သူရဲကောင်းဆန်တဲ့ ကြိုးပမ်းမှုတွေသာ မရှိခဲ့ရင် မင်ပြည်နယ်က ပျက်စီးသွားနိုင်တယ်"
"အဲဒီအချိန်က အခြေအနေက ယန်ချွမ်းခရိုင်ကို တိုက်ခိုက်ဖို့ မသင့်တော်တာပါ၊ ဒါဟာ တမင်တကာ အမိန့်ဖီဆန်တာ မဟုတ်ပါဘူး"
ချန်ဆန်းရှီက ရှင်းပြတယ် "ပြီးတော့ ဒီစစ်ဗျူဟာက ကျွန်တော်တို့ အားလုံး တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ အကယ်၍ တစ်ယောက်ယောက်က အမိန့်ဖီဆန်တယ်လို့ စွပ်စွဲခံရမယ်ဆိုရင် ကျွန်တော်တို့ အားလုံးမှာ အပြစ်ရှိပါတယ်"
"မှန်ပါတယ်"
လုရှုဟွာက ပထမဆုံး ထောက်ခံလိုက်တယ် "သခင်ကြီးဟောက် ဗိုလ်ချုပ်ချန် ပြောတာ မှန်ပါတယ်"
တကယ်တော့ သူတို့ကိုယ်တိုင်လည်း အဲဒီအချိန်က မြစ်ကို ဖြတ်ကျော်ဖို့ သဘောမတူခဲ့ကြပါဘူး။ ဖိအားတွေကြောင့်သာ အမိန့်ဖီဆန်ခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ သူတို့အားလုံး ဒုဗိုလ်ချုပ်ယွီစုန်ကို အထူး လေးစားနေကြပါပြီ။
"သခင်ကြီးဟောက်... ဗိုလ်ချုပ်ယွီက ဒါရှန်အပေါ်မှာ တကယ့်ကို သစ္စာရှိခဲ့တာပါ၊ သူက ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်"
ရှဲ့စီရှုကလည်း "သူ့ရဲ့ မိသားစု၊ ဇနီးနဲ့ သားသမီးတွေအတွက်လည်း ရှင်းပြချက်တစ်ခု လိုပါတယ်" လို့ ပြောပါတယ်။
"ဗိုလ်ချုပ်ယွီရဲ့ နာမည်ကို သန့်ရှင်းပေးပါ"
ဒူးထောက်နေတဲ့သူတွေထဲမှာ ရာထူးရှိတဲ့သူတွေကတော့ အားလုံး ယွီစုန်
အတွက် တောင်းဆိုပေးနေကြပါတယ်။ ယန်ချန်ချင်း တစ်ယောက်ပဲ တိတ်ဆိတ်နေတာပါ။
"သခင်ကြီးဟောက်"
ချန်ဆန်းရှီက လေးလေးနက်နက် ပြောလိုက်တယ် "ဒုဗိုလ်ချုပ်ယွီက သူ့အသက်ကို ရင်းပြီး လော့ထျန်ဂိတ်ကို တိုက်ခိုက်ခဲ့လို့သာ မေရှန်းတောင်က လျန်ကျိနျန်ကို ခြိမ်းချောက်နိုင်ခဲ့တာပါ။ ဒါကြောင့်သာ ကျွန်တော်တို့ အခုလို နောက်ဆုံးအောင်ပွဲကို ရခဲ့တာပါ"
"ဒါကို ငါတို့ နန်းတွင်းကလည်း သိပါတယ်"
ဟောက်ပေါင်က သူ့ရဲ့ စူးရှတဲ့အသံနဲ့ ပြောတယ် "ဒီအကြောင်းကြောင့်ပဲ နန်းတွင်းက သူ့ကို အပြစ်မပေးဖို့ ဆုံးဖြတ်ခဲ့တာပေါ့။ မဟုတ်ရင် အမိန့်ဖီဆန်မှုက ခေါင်းဖြတ်ခံရမယ့်အပြစ်ပဲ။ အကယ်၍ ဆိုးရွားတဲ့ အကျိုးဆက်တွေသာ ဖြစ်ခဲ့ရင် သူ့မိသားစုတစ်ခုလုံးကို ကွပ်မျက်တာတောင် မလွန်ဘူး... အကယ်၍ ဗိုလ်ချုပ်ချန်က တကယ်ပဲ စိတ်မကောင်းဖြစ်နေရင် သူ့မိသားစုကို သီးသန့် ငွေကြေးထောက်ပံ့ပေးလို့ ရတာပဲလေ"
"သခင်ကြီးဟောက်"
ချန်ဆန်းရှီက ထပ်ပြီး လေးလေးနက်နက် ပြောပါတယ် "ဒါက ငွေကြေးကိစ္စ မဟုတ်ပါဘူး။ ဒုဗိုလ်ချုပ်ယွီက လော့ထျန်ဂိတ်ကို သွားခဲ့တာ စည်းစိမ်ဥစ္စာတွေအတွက် သွားခဲ့တာ မဟုတ်ဘူး"
"ဗိုလ်ချုပ်ချန်... ခင်ဗျားရဲ့ တရားမျှတမှုကို လိုလားတဲ့စိတ်ကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ခင်ဗျား တစ်ခုတော့ သိထားရမယ်၊ အမိန့်ဖီဆန်တာက အမိန့်ဖီဆန်တာပဲ၊ ဒါက စစ်တပ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းပဲ။ ဒီတစ်ခါမှာ ဆိုးကျိုးမဖြစ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ လူတိုင်းကသာ 'အမိန့်ဖီဆန်ပြီး စစ်သူရဲကောင်းလုပ်မယ်' လို့ တွေးလာကြရင် စစ်တပ်တစ်ခုလုံး ပရမ်းပတွ ဖြစ်သွားမှာပေါ့"
သခင်ကြီးဟောက်က ခေတ္တရပ်ပြီး အသံကို နှိမ့်ကာ ဆက်ပြောပါတယ် "တကယ်လို့ ဗိုလ်ချုပ်ချန် ပြောသလို ဒီဗျူဟာကို ခင်ဗျားတို့ အတူတူ ဆုံးဖြတ်ခဲ့တာဆိုရင်... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒုဗိုလ်ချုပ်ယွီက အပြစ်အားလုံးကို ခေါင်းခံမသွားပေးဘူးဆိုရင် ခင်ဗျားကိုယ်တိုင်တောင် အပြစ်ပေးခံရမှာ"
"သခင်ကြီး..."
"ဗိုလ်ချုပ်ချန်... ဆက်မပြောပါနဲ့တော့"
ဟောက်ပေါင်က စကားဖြတ်လိုက်တယ် "ခင်ဗျား တကယ်ပဲ မကျေနပ်ဘူးဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနကတစ်ဆင့် အသနားခံစာ ရေးပြီး နန်းတွင်းကို တင်ပြနိုင်ပါတယ်။ ကျုပ်ကို ဘယ်လောက်ပဲ ပြောပြော ကျုပ် ခင်ဗျားအတွက် ဆုံးဖြတ်ပေးလို့ မရဘူး"
"နားလည်ပါပြီ"
ချန်ဆန်းရှီရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးနေပါတယ်။
ယွီစုန်ကတော့ အမိန့်ဖီဆန်လို့ ဆိုပြီး ဘာဆုမှ မရဘူး။
ဒါပေမဲ့ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ရှာဝမ်လုံ နဲ့ ချောင်ဖန် တို့အကြောင်းကျတော့ ဘာမှ မပါလာဘူး...
ဆန့်ကျင်ဘက်အနေနဲ့ သူတို့ရဲ့ တပ်ခွဲပြီး တိုက်ခိုက်မှုကိုတောင် ဂုဏ်တော်အဖြစ် သတ်မှတ်ပေးထားကြတယ်။ ဘာလို့ မြစ်ကို အတူတူ မဖြတ်ခဲ့တာလဲဆိုတဲ့ မေးခွန်းကိုတော့ 'တပ်မတော်တစ်ခုလုံး အကုန်အစင် အသတ်ခံရမှာ စိုးရိမ်လို့ သတိကြီးစွာ ထားခဲ့တာ' ဆိုပြီး အကြောင်းပြထားကြပါတယ်။