← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက် (အပိုင်း - ၂)

~ကျန်းမိသားစု ခေါင်းဆောင်သည် စုပင်းနှင့် အခြားသူများကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် အပြစ်တင်သော လေသံဖြင့် အော်ဟစ် ပြောဆိုလိုက်လေတော့သည်။

"ဟေ့လူတွေ... ယွီမိသားစု လက်ထဲက အဆောင်လက်နက်တွေက ခင်ဗျားတို့ စုမိသားစုဆီက လာတာ မဟုတ်လား... ခင်ဗျားတို့သာ မကူညီခဲ့ရင် ငါ့ကျန်းမိသားစုရော၊ ဟွမ်မိသားစုနဲ့ ယွင်ကျန်းဂိုဏ်းပါ ဒီလောက်ထိ အသေအပျောက် များပါ့မလားကွ"

"ကဲ... ပြောစမ်းပါဦး... စုပင်း၊ စုဖုန်း... ခင်ဗျားတို့ စုမိသားစုကို ကျုပ်တို့က ဘာလို့ သေဒဏ် မပေးသင့်တာလဲ ဆိုတာ အကြောင်းပြချက် ပေးကြည့်စမ်းပါဦး"

သူတို့ ပြောဆိုပြီးသည့် အချိန်တွင် ချန်ကွမ်းမင်သည် စုပင်းတို့ကို ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်ကာ အမိန့်ပေးလိုက်၏။

"မင်းတို့ကို နောက်ဆုံး အခွင့်အရေး ပေးမယ်... တောင်ကာကွယ်ရေး အခင်းအကျင်းကို အခုချက်ချင်း ဖွင့်လိုက်စမ်း"

စုပင်းနှင့် မိသားစုဝင်များသည် တိတ်ဆိတ် ငြိမ်သက်နေကြပြီး အေးစက်သော မျက်လုံးများဖြင့်သာ ပြန်လည် စိုက်ကြည့်နေကြ၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချန်ကွမ်းမင်သည် လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေတော့သည်။

"ဖျက်ဆီးပစ်လိုက်"

ဟွမ်မိသားစု ခေါင်းဆောင်သည် သရော်ပြုံး ပြုံးလိုက်၏။ သူ၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်နှင့် တူသော မှော်လက်နက် တစ်ခု ပေါ်ထွက်လာသည်။ သူသည် ရှေ့တည့်တည့်ရှိ စုမိသားစု၏ တောင်ကာကွယ်ရေး အခင်းအကျင်းကို ကြည့်ကာ လှောင်ပြောင် ပြောဆိုလိုက်၏။

"ဒီ ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းလောက်နဲ့ ငါတို့ကို တားနိုင်မယ်များ ထင်နေကြသလားကွ"

"ဒီအခင်းအကျင်းက ခင်ဗျားတို့ စုမိသားစုကို ကယ်တင်နိုင်မယ်လို့ တကယ်ကြီး ယုံကြည်နေကြတာလား... မိုက်မဲလိုက်ကြတာဗျာ"

"ဝီ..."

ဟွမ်ခေါင်းဆောင်သည် အခင်းအကျင်းကို စတင် ဖျက်ဆီးလိုက်လေတော့သည်။ သူ၏ ချီစွမ်းအင်များ သံလိုက်အိမ်မြှောင်ထဲသို့ စီးဝင်သွားပြီး၊ ထူးခြားသော စွမ်းအားတစ်ခုသည် ထိုလက်နက်မှတစ်ဆင့် တောင်ကာကွယ်ရေး အခင်းအကျင်းပေါ်သို့ ကျရောက်သွား၏။

ကနဦးတွင် မည်သည့် ထူးခြားမှုမှ မရှိသကဲ့သို့ပင်။

သို့သော် ခဏအကြာတွင်...

စုမိသားစု၏ အခင်းအကျင်း အလင်းတန်း အတားအဆီးပေါ်တွင် လှိုင်းဂယက်များ တဖြည်းဖြည်း ပေါ်ထွက်လာလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုပင်း၊ စုဖုန်းနှင့် အခြားသူများ၏ မျက်နှာထားများ ပျက်ယွင်းသွားကြရရှာသည်။

"သွားပြီ... အခြေအနေ မကောင်းတော့ဘူး"

ထိုသို့ တွေးတောနေစဉ်မှာပင် စုပင်း၊ စုဖုန်း နှင့် စုရိုဆုတို့သည် နောက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်မိကြ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် လူရိပ်သုံးခုသည် သူတို့ရှေ့၌ ရောက်ရှိလာကြသည် မဟုတ်ပါလော။

ယွီခယ်အာ၊ စုယွီ နှင့် စုဇီ တို့ပင် ဖြစ်ချေသည်။

"ရွှီး... ရွှီး..."

စုယွီ၊ ယွီခယ်အာနှင့် စုဇီတို့သည် စုပင်းတို့၏ ရှေ့တွင် ခြေချလိုက်ကြသည်။

သူတို့ သုံးဦးကို မြင်လိုက်ရသောအခါ စုပင်း၊ စုဖုန်းနှင့် စုရိုဆုတို့၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး အနားသို့ အလျင်အမြန် တိုးကပ်လာကြ၏။

စုဖုန်းသည် စုယွီ့နားသို့ ကပ်ကာ တီးတိုး သတင်းပို့လိုက်သည်။

"တတိယ ဘိုးဘေးကြီး... အခြေအနေ မကောင်းတော့ဘူး... ယွင်ကျန်းဂိုဏ်းရော၊ ဟွမ်နဲ့ ကျန်း မိသားစုတွေပါ ဝိုင်းထားကြပြီ... ဟွမ်ခေါင်းဆောင်က အခင်းအကျင်းကို ဖျက်နေပြီဗျ... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ... အတင်းပဲ တိုက်ပြီး ဖောက်ထွက်ကြမလား"

စုယွီသည် တည်ငြိမ်နေ၏။ သူ၏ မျက်ဝန်းထောင့်များတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အခင်းအကျင်း အပြင်ဘက်ရှိ လူအုပ်ကြီးကို လှမ်း၍ အကဲခတ်လိုက်သည်။

အထူးသဖြင့် ယွင်ကျန်းဂိုဏ်း၏ ဒုတိယ အကြီးအကဲဟောင်း ချန်ကွမ်းမင်၊ ဟွမ်ခေါင်းဆောင်၊ ကျန်းခေါင်းဆောင် နှင့် ကျန်းမိသားစု ပထမ အကြီးအကဲတို့ကို အဓိကထား ကြည့်ရှုလိုက်၏။

အပြင်ဘက်ရှိ ချန်ကွမ်းမင်နှင့် အခြားသူများသည်လည်း စုယွီ၊ စုဇီ နှင့် ယွီခယ်အာတို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ကြသည်။

သို့သော် မည်သူကမျှ အရေးတယူ မလုပ်ကြချေ။ သူတို့သည် အခင်းအကျင်း အတွင်းရှိ စုမိသားစုဝင်များကို သေလူများအလား သဘောထားကာ စိုက်ကြည့်နေကြပြီး၊ ဟွမ်ခေါင်းဆောင် အခင်းအကျင်းကို ဖြိုခွင်းမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြ၏။

ဟွမ်မိသားစု အခင်းအကျင်းကို ဖြိုခွင်းလိုက်နိုင်သည့် အချိန်သည် စုမိသားစု၏ နိဂုံးချုပ်ချိန်ပင် ဖြစ်ချေတော့မည်။

ယွီမိသားစုက ယွင်ကျန်းဂိုဏ်းကို ကျောခိုင်းပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဘက်သို့ ခိုလှုံသွားခြင်းက ကျင့်ကြံသူ လောကတွင် ရယ်စရာ တစ်ခု ဖြစ်ခဲ့ရသည် မဟုတ်ပါလော။

ယွင်ကျန်းဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါတို့မှာလည်း အကြီးအကျယ် ထိခိုက်ခဲ့ရသည်။

ထို့ကြောင့် ယခုအချိန်သည် ယွင်ကျန်းဂိုဏ်း အနေဖြင့် 'ကြက်ကို သတ်ပြီး မျောက်ကို ခြိမ်းခြောက်' ရမည့် အချိန်ပင် ဖြစ်သည်။ ယွင်ကျန်းဂိုဏ်း ဆိုသည်မှာ မည်သူမဆို လွယ်လွယ်ကူကူ ပုတ်ခတ် ပြောဆို၍ ရသော အဖွဲ့အစည်း မဟုတ်ကြောင်း အားလုံး သိစေရန် ပြသရပေမည်။

ယွင်ကျန်းဂိုဏ်း ခေါင်းဆောင်မျိုးဆက်၏ မျက်စိထဲတွင် ဆူးငြောင့်ခလုတ် ဖြစ်နေသော စုမိသားစုသည် သတ်ပြရန် အလွယ်ကူဆုံး ကြက်တစ်ကောင် ဖြစ်လာခဲ့ချေပြီ။

စုယွီသည် အပြင်ဘက်ရှိ လူအုပ်ကြီးကို ကြည့်ရှုရင်း သူတို့၏ အရှိန်အဝါများကို အာရုံခံလိုက်မိ၏။

"ဟားဟား... ပွဲကြီးပွဲကောင်းပါလား"

ချန်ကွမ်းမင် ဆိုသော အမြုတေတစ်ဝက် အဆင့် အပြင်... ဟွမ်ခေါင်းဆောင်၊ ကျန်းခေါင်းဆောင်၊ ကျန်းမိသားစု ပထမ အကြီးအကဲ နှင့် အခြား သူစိမ်း နှစ်ယောက် အပါအဝင် စုစုပေါင်း အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူ (၅) ဦး ရှိနေသည်ကို တွေ့ရသည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ စုစုပေါင်း အယောက် (၂၀) နီးပါး ရှိနေပေသည်။

ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစု နှင့် ကျန်းမိသားစုတို့ ပေါင်းလိုက်လျှင် ကျင့်ကြံသူ (၃၀၀) ကျော် စုဝေးနေကြခြင်း ဖြစ်သည်။

အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်မှာ 'ချီစွမ်းအင် စုစည်းခြင်း' စတုတ္ထအဆင့်နှင့် အထက်တွင် ရှိကြ၏။

ဟွမ်မိသားစု ခေါင်းဆောင်သည် အခင်းအကျင်းကို ဖျက်ဆီးရန် အာရုံစိုက် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ စုယွီသည် ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' ရုပ်သေးကြီးသည် သူ့ဘေးတွင် ဘွားခနဲ ပေါ်ထွက်လာလေတော့သည်။ တစ်ချိန်တည်းမှာပင် 'နဂါးမိကျောင်း' ရုပ်သေးကြီးလည်း ပေါ်ထွက်လာ၏။

ရုပ်သေးများကို ဆင့်ခေါ်ပြီးနောက် စုယွီသည် ဟွမ်ခေါင်းဆောင်ကို ကြည့်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

"ဟွမ်မိသားစု ခေါင်းဆောင်ကြီး... ခင်ဗျား ကြိုးစားလှချည်လား... ဒါပေမဲ့ ကျွန်တော် သိချင်တာကလေ... ခင်ဗျားက အခင်းအကျင်းကို ဖျက်ချင်တာလား... ဒါမှမဟုတ် သေလမ်း ရှာချင်နေတာလား ဗျာ"

ဟွမ်ခေါင်းဆောင်သည် မူလက အခင်းအကျင်း ဖျက်ဆီးခြင်း၌သာ အာရုံစိုက်နေပြီး စုယွီကို ဂရုစိုက်ရန် အစီအစဉ် မရှိခဲ့ပေ။

သို့သော်လည်း မျက်လုံးထောင့်စွန်းမှ နှံကောင်ရုပ်သေးကြီး၏ ပုံသဏ္ဍာန်ကို ရိပ်ခနဲ မြင်လိုက်ရသောအခါ သူ့မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။ အကြည့်ကို လွှဲဖယ်၍ မရနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်ကာ စုယွီဘေးရှိ လက်ရှစ်ဖက် နှံကောင်ကြီးကို ကြက်သေသေ စိုက်ကြည့်နေမိ၏။

ဟွမ်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီလာလေတော့သည်။

"ဝီ..."

သူကိုင်ထားသော သံလိုက်အိမ်မြှောင် မှော်လက်နက်သည် တုန်ခါသွားပြီး အခင်းအကျင်း ဖျက်ဆီးသည့် မန္တန်မှာ ရပ်တန့်သွားရ၏။

သူသည် ရုပ်သေးကြီးကို လက်ညှိုးထိုးကာ မျက်နှာတွင် ထိတ်လန့်ခြင်းများ အထင်းသား ပေါ်လွင်နေလျက် တုန်တုန်ရီရီ အော်ဟစ်လိုက်လေတော့သည်။

"ဒါ...မင်း... တကယ်ပဲ မင်းကိုး"

အခြားသော ဟွမ်မိသားစုဝင် ကျင့်ကြံသူများသည်လည်း နှံကောင်ရုပ်သေးကြီး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့သွားကြ၏။ ထိတ်လန့်တုန်လှုပ်မှုများသည် သူတို့၏ မျက်နှာပေါ်တွင် နေရာယူသွားကြသည်။

"လက်ရှစ်ဖက် နှံကောင်ကြီးဟေ့"

"ပထမ အကြီးအကဲ၊ ဒုတိယ အကြီးအကဲ၊ တတိယ အကြီးအကဲ နဲ့ ပဉ္စမ အကြီးအကဲ တို့ကို သတ်သွားတဲ့ အကောင်ကြီးလေ"

"အဲ့ဒီကိစ္စကို လုပ်ခဲ့တာ... စုမိသားစု ဖြစ်နေတာလား"

"ဘုရား..ဘုရား..."

ဟွမ်မိသားစုဝင် ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက် ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ မျက်နက်ဝန်းများ ကျယ်လာပြီး အလိုအလျောက် နောက်သို့ ခြေလှမ်း ဆုတ်မိကြ၏။ သူတို့၏ မျက်နှာများတွင် ဖုံးကွယ်၍ မရနိုင်သော ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။

ချန်ကွမ်းမင် အပါအဝင် ယွင်ကျန်းဂိုဏ်းသားများနှင့် ကျန်းမိသားစု ခေါင်းဆောင်တို့မှာ ဟွမ်မိသားစု ခေါင်းဆောင်နှင့် အဖွဲ့သားများ၏ အဖြစ်အပျက်ကို ကြည့်ကာ မှင်သက်သွားကြရသည်။

သို့သော် ဟွမ်မိသားစု အကြီးအကဲများ အသတ်ခံရသည့် ကိစ္စကို ပြန်လည် ကြားယောင်မိလိုက်သောအခါ ချန်ကွမ်းမင်နှင့် ကျန်းခေါင်းဆောင်တို့၏ မျက်နက်ဝန်းများ ကျဉ်းမြောင်းသွားကြလေတော့သည်။

သဘောပေါက်လိုက်ကြချေပြီ။

သူတို့သည် စုယွီ ဆင့်ခေါ်ထားသော နှံကောင်ရုပ်သေးကြီးနှင့် စုယွီကို ကြည့်လိုက်ကြပြီး မျက်နှာထားများ အနည်းငယ် ပျက်ယွင်းသွားကြ၏။

ချန်ကွမ်းမင်၏ မျက်နှာထားမှာ လေးနက် တည်ကြည်သွားသည်။ သူသည် စုယွီကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် မေးမြန်းလိုက်၏။

"အရင်တုန်းက ဟွမ်မိသားစုကို တိုက်ခိုက်ပြီး... ဟွမ်မိသားစုဝင် ဒါဇင်နဲ့ချီ သတ်ပစ်ခဲ့တာ... မင်း လက်ချက်လား"

စုယွီသည် ဂရုမစိုက်သော ပုံစံဖြင့်သာ ရှိနေသည်။ ချန်ကွမ်းမင်၏ မေးခွန်းကို ကြားသောအခါ သူသည် အေးဆေးစွာ ပြုံးလိုက်ပြီး ပြန်လည် ဖြေကြားလိုက်၏။

"ခင်ဗျား ဘာတွေ ပြောနေမှန်း ကျုပ်.. နားမလည်ပါဘူးဗျာ... ဒါပေမဲ့ တစ်ခုတော့ ကျွန်တော် သိတယ်... ယွင်ကျန်းဂိုဏ်းရယ်၊ ဟွမ်နဲ့ ကျန်း မိသားစုတွေရယ် ပေါင်းပြီး ကျုပ်တို့ စုမိသားစုကို ဒုက္ခပေးဖို့ ကြိုးစားနေတာ ကြိမ်ဖန်များလှပြီ ဆိုတာကိုတော့ ကောင်းကောင်းကြီး သိထားတယ်ဗျ”

အခန်း (၂၄၂) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက် (အပိုင်း - ၃)

"ကျုပ်တို့ စုမိသားစုက အင်အားမကြီးတာတော့ မှန်ပါတယ်... ဒါပေမဲ့ ကျုပ်တို့ကို သန်းခေါင်ယံမှာ သေစေချင်တဲ့ကောင် ရှိရင်လေ... အဲ့ဒီကောင်ကို ညဦးပိုင်း မတိုင်ခင် အသက်ပျောက်အောင် လုပ်ဖို့တော့ ကျုပ် စုယွီမှာ တာဝန်ရှိတယ်ဗျ"

စုယွီထံမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်လာခြင်း မရှိချေ။ သူ၏ စကားလုံးများမှာ တည်ငြိမ်အေးဆေးလွန်းလှ၏။

သို့သော် ထိုအချိန်၊ ထိုအခိုက်အတန့်၌ သူ၏ စကားလုံးများသည် ချန်ကွမ်းမင်နှင့် အခြားသူများ၏ နားထဲတွင် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားလေတော့သည်။

လေသံက ရိုးရှင်းသော်လည်း... သူတို့၏ ကျောရိုးတစ်လျှောက် အေးစက်သွားစေခဲ့သည် မဟုတ်ပါလော။

ချန်ကွမ်းမင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ စုယွီကို အထင်သေးသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဟားဟား... အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက်လေး ဖြစ်နေပြီးတော့... လေကြီးလှချည်လားကွ... မင်းမှာ သတ္တိတွေ တော်တော် ရှိနေပါလား"

စောစောက အခင်းအကျင်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သော ဟွမ်မိသားစု ခေါင်းဆောင်သည် မည်သူမျှ သတိမထားမိလိုက်ခင်မှာပင် နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့၏။ ခြေသံလုံလုံဖြင့် ရွေ့လျားသွားပြီး ချန်ကွမ်းမင်၏ ကျောဘက်တွင် ဝင်ရောက် ပုန်းအောင်းလိုက်သည်။

ကျန်းမိသားစု ခေါင်းဆောင်သည် ဟွမ်ခေါင်းဆောင်၏ သိမ်မွေ့သော လှုပ်ရှားမှုကို သတိထားမိလိုက်သဖြင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရရှာသည်။

'ဟိုက်... ဟွမ်ခေါင်းဆောင်က စုမိသားစုကို ကြောက်နေတာလား'

သူ့စိတ်ထဲတွင် ထိုသို့ တွေးတောနေစဉ်မှာပင်... တောင်ကာကွယ်ရေး အခင်းအကျင်း အတွင်းမှ စုယွီသည် ချန်ကွမ်းမင်၏ စကားကို လှောင်ရယ် ရယ်မောကာ ပြန်လည် တုံ့ပြန်လိုက်၏။

"ခင်ဗျား ပြောတာ ဟုတ်ပါတယ်... ဒီမှာ ကျုပ်တစ်ယောက်တည်း ရှိတာပါ"

ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်၏။ တစ်ခုပြီး တစ်ခုသော ဒုတိယအဆင့် အဆောင်လက်နက်များသည် လေထဲတွင် ဘွားခနဲ ပေါ်ထွက်လာကြလေတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်...

ရာပေါင်းများစွာသော ဒုတိယအဆင့် အဆောင်လက်နက်များသည် စုယွီ၏ ဘေးပတ်လည်တွင် ပြည့်နှက်သွား၏။

ထိုအဆောင်များထဲတွင် ဒုတိယအဆင့် အဆင့်နိမ့်၊ အလယ်အလတ်စား နှင့် အဆင့်မြင့်စားများ ရောနှော ပါဝင်နေသည်။

ဒုတိယအဆင့် အဆောင်လက်နက် တစ်ခုတည်း ဆိုလျှင် ထူးခြားမှု မရှိနိုင်ပေ။

သို့သော် ရာနှင့်ချီသော အဆောင်လက်နက်များ စုဝေးသွားသည့် အခါတွင်မူ... ၎င်းတို့ ဖန်တီးလိုက်သော ဖိအားမှာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေနိုင်သည် မဟုတ်ပါလော။

ကျန်းမိသားစု ခေါင်းဆောင်ခမျာ မျက်လုံးများ ပြူးကျယ်သွားရရှာသည်။ အခင်းအကျင်း အတွင်း၌ ပျားအုံကြီးသဖွယ် စီတန်းနေသော အဆောင်လက်နက်များကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"သောက်... သောက်ကျိုးနည်း"

ကျန်းခေါင်းဆောင်သည် ပါးစပ်မှ ထွက်လုနီးပါး ဖြစ်သွားသော ဆဲရေးသံကို အနိုင်နိုင် ပြန်မျိုချလိုက်ရသည်။ သူ့ခြေထောက်များက အလိုအလျောက် လှုပ်ရှားသွားပြီး ဟွမ်ခေါင်းဆောင် နည်းတူ ချန်ကွမ်းမင်၏ ကျောဘက်သို့ ဝင်ရောက် ပုန်းအောင်းလိုက်လေတော့သည်။

ခေါင်းကို ငုံ့ထားလိုက်မိ၏။

ကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလော။

ချန်ကွမ်းမင်၏ မျက်နှာထားမှာလည်း ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။ မရေမတွက်နိုင်သော ဒုတိယအဆင့် အဆောင်လက်နက်များကို ကြည့်ရင်း သူ၏ မျက်ခွံများ တဆတ်ဆတ် တုန်ခါလာ၏။

ဟွမ်ခေါင်းဆောင်နှင့် ကျန်းခေါင်းဆောင် နှစ်ဦးစလုံး သူ့နောက်ကျောတွင် လာရောက် ပုန်းအောင်းနေကြသည်ကို သတိထားမိလိုက်သောအခါ ချန်ကွမ်းမင် မျက်မှောင်ကြုတ်လိုက်မိသည်။ နောက်သို့ လှည့်ပြီး ထိုကောင် နှစ်ကောင်ကို မန္တန်များဖြင့် ပစ်ပေါက်လိုက်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏။

'တောက်... ဒီကောင်တွေ... ငါ့ကို လူသားဒိုင်းကာ လုပ်နေကြတာလား'

ချန်ကွမ်းမင်သည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး အခြေအနေကို အမြန် စစ်ဆေးကြည့်လိုက်သည်။

စုယွီ ဆင့်ခေါ်ထားသော အဆောင်လက်နက် အရေအတွက်မှာ (၅၀၀) ကျော် ရှိနေပြီး၊ ထိုအထဲမှ (၁၀၀) ခန့်မှာ ဒုတိယအဆင့် အဆင့်မြင့် အဆောင်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

ဤမျှ များပြားသော ပမာဏ ဆိုလျှင်... သူတို့ ယွင်ကျန်းဂိုဏ်း၏ ဘိုးဘေးကြီး ကိုယ်တိုင် ရောက်လာလျှင်တောင်မှ နောက်လှည့် ပြေးရမည့် အနေအထား ဖြစ်ချေသည်။

ချန်ကွမ်းမင်သည် လေကို ဝဝရှူသွင်းလိုက်၏။ တစ်စက္ကန့်မျှပင် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ နောက်သို့ ချက်ချင်း လှည့်ကာ အသံကုန် အော်ဟစ်လိုက်လေတော့သည်။

"ပြေး... ပြေးကြဟေ့"

"ရွှီး... ရွှီး... ရွှီး..."

ချန်ကွမ်းမင်သည် 'လွတ်မြောက်ခြင်း စွမ်းရည်' ကို ထုတ်သုံးကာ သူ၏ ပျံသန်းသော သားရဲပေါ်သို့ လျှပ်စီးလက်သလို ခုန်တက်လိုက်သည်။ အခြားသော ယွင်ကျန်းဂိုဏ်းသားများကိုပင် စောင့်ဆိုင်းခြင်း မရှိတော့ဘဲ ချက်ချင်းပင် မောင်းနှင် ထွက်ပြေးလေတော့သည်။

ပြေးပြီဗျို့...။

"ရွှီး... ရွှီး... ရွှီး..."

ဟွမ်မိသားစု ခေါင်းဆောင်သည်လည်း အလျင်စလို အော်ဟစ်လိုက်၏။

"စုမိသားစု ခေါင်းဆောင်ကြီးရေ... အထင်လွဲတာပါဗျာ... အားလုံးက အထင်လွဲမှုပါ"

"ကျွန်တော်တို့ ဟွမ်မိသားစုက... ဒီကိစ္စ အတွက် တောင်းပန်တဲ့ အနေနဲ့ လက်ဆောင်တွေ အများကြီး ပို့ပေးပါ့မယ်ဗျာ... ခွင့်လွှတ်ပေးပါ"

ထိုသို့ အော်ဟစ်ရင်း သူ၏ နောက်လိုက်များကိုလည်း အမိန့်ပေးလိုက်၏။

"ပြေးကြ... မြန်မြန် ပြေးကြစမ်း... ဒီနေရာကနေ အမြန် ထွက်ကြ"

မျက်စိတစ်မှိတ် အတွင်းမှာပင်...

စုမိသားစု၏ နယ်မြေကို ပိတ်ဆို့ထားသော ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစု နှင့် ကျန်းမိသားစုတို့မှ ကျင့်ကြံသူ အားလုံးသည် ကြက်ပျောက် ငှက်ပျောက် ထွက်ပြေးသွားကြလေတော့သည်။ ပျံသန်းသော သားရဲအုပ်စုကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ဆေးလုံးတောင်နှင့် ဝေးရာသို့ အသက်လု၍ ပြေးလွှားသွားကြလေကုန်၏။

တောင်ကာကွယ်ရေး အခင်းအကျင်း အတွင်း၌...

စုပင်း၊ စုဇီ၊ စုဖုန်း၊ စုရိုဆု၊ စုရွီအန်း၊ စုချီ နှင့် အခြားသူများ အားလုံးမှာ ကျောက်ရုပ်များသဖွယ် ဖြစ်ကျန်ရစ်ခဲ့ကြသည်။

သူတို့သည် စုယွီ၏ ခေါင်းပေါ်တွင် ပျံဝဲနေသော ထူထပ်များပြားလှသည့် ဒုတိယအဆင့် အဆောင်လက်နက် တပ်မဟာကြီးကို ကြည့်ရင်း စကားမပြောနိုင် ဖြစ်နေကြရှာသည်။

'သောက်ကျိုးနည်း...'

'ဒီလောက် အများကြီးလား... အကုန်လုံးက ဒုတိယအဆင့်တွေချည်းပါလား'

'တတိယ ဘိုးဘေးကြီးက... ဒါတွေကို ဘယ်တုန်းက စုထားတာလဲဟ'

'ညီလေး စုယွီက... တကယ်ကို အရင်းအမြစ်တွေ တောင့်တင်းလွန်းတာပဲ'

စုဇီ တစ်ယောက် မှင်သက်နေမိသည်။ ရာနှင့်ချီသော ဒုတိယအဆင့် အဆောင်လက်နက်များကို မြင်လိုက်ရသောအခါ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လှန်သွားသလို ခံစားလိုက်ရ၏။ ကမ္ဘာကြီး ပျက်သုဉ်းသွားနိုင်လောက်သည့် အင်အားကို မြင်တွေ့လိုက်ရသဖြင့် ကြက်သီးမွေးညှင်းများပင် ထသွားရရှာသည်။

ယွီခယ်အာသည်လည်း ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မျက်ဝန်းများ လှုပ်ရှားသွား၏။ သူမသည် အဆောင်လက်နက်များကို တစ်ချက်ကြည့်၊ ပြီးတော့ စုယွီဘေးမှ လက်ရှစ်ဖက် နှံကောင် ရုပ်သေးကြီးကို တစ်ချက်ကြည့်လိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး တစ်ခု ပေါ်ထွက်လာ၏။

'ငါ ထင်တာ မမှားပါဘူး... တကယ်ပဲ သူ လုပ်ခဲ့တာကိုး'

နောက်ဘက်တွင် စုဝေးနေကြသော သာမန် စုမိသားစုဝင်များသည် ကြောက်မက်ဖွယ် ကောင်းလှသော ရုပ်သေးရုပ်ကြီး နှစ်ကောင်နှင့် ကောင်းကင်အပြည့် နေရာယူထားသော အဆောင်လက်နက်များကို ကြည့်ကာ မျက်နှာများ ဖြူဖျော့နေကြသည်။ တံတွေးများကို အကြိမ်ကြိမ် မျိုချနေမိကြပြီး မျက်လုံးများ ပြူးကျယ်နေကြ၏။

'ဒါ... ဒါ... ဒါ...'

'ငါတို့ စုမိသားစုက... ဒီလောက်ထိ အစွမ်းထက်သွားပြီလား'

မူလက သူတို့အားလုံး ပြင်ပလူများနှင့် သေလုမြောပါး တိုက်ခိုက်ရတော့မည်ဟု တွေးထင်ထားခဲ့ကြသည်။

သို့သော် ယခုမူ...

သူတို့သည် ရှင်းလင်းသွားသော အခင်းအကျင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။ ရန်သူများမှာ အရိပ်အယောင်ပင် မကျန်တော့ချေ။

ဘာတိုက်စရာ လိုတော့မှာလဲဗျာ။

တတိယ ဘိုးဘေးကြီး တစ်ယောက်တည်းနှင့်တင် ရန်သူ ရာပေါင်းများစွာကို မရှုမလှ ထွက်ပြေးအောင် လုပ်လိုက်နိုင်ပြီ မဟုတ်ပါလော။

ထိုစဉ်၊ စုယွီသည် တည်ငြိမ်အေးဆေးစွာပင် လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆောင်လက်နက် အားလုံးနှင့် ရုပ်သေးနှစ်ကောင်ကို ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် စုပင်း၊ စုဖုန်း၊ စုဇီ တို့ဘက်သို့ လှည့်လိုက်ပြီး၊ နောက်ဘက်ရှိ မိသားစုဝင်များကိုပါ ဝေ့ဝဲ ကြည့်ရှုလိုက်သည်။

"ကဲ... အဆင်ပြေသွားပြီ"

"အားလုံးပဲ ပြန်လို့ ရကြပါပြီ... ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ကြပါ"

"ဟုတ်ကဲ့ပါ... တတိယ ဘိုးဘေးကြီး"

စုမိသားစုဝင် ကျင့်ကြံသူများနှင့် သာမန် မိသားစုဝင်များက တလေးတစား ပြိုင်တူ ဖြေကြားလိုက်ကြသည်။

ထို့နောက် စုယွီ၊ စုပင်း၊ စုဇီ နှင့် အခြား ခေါင်းဆောင်ပိုင်းများသည် အိမ်သို့ ပြန်လာခဲ့ကြ၏။

သူတို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် စုမိသားစုဝင်များသည် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ် ဂါရဝပြုလိုက်ကြပြန်သည်။

"တတိယ ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်"

မိသားစု ဧည့်ခန်းမဆောင် အတွင်းသို့ ရောက်ရှိသောအခါ...

စုယွီ၊ စုပင်း၊ စုဖုန်း နှင့် အခြားသူများသည် နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။ စုယွီသည် မိသားစု၏ ဝါရင့် လူကြီးများ ဖြစ်ကြသော စုပင်းနှင့် စုဖုန်းတို့ကို ထိပ်ဆုံးနေရာ၌ ထိုင်စေပြီး၊ သူကမူ ဘယ်ဘက် ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်၏။

အားလုံး နေရာကျသွားသည့် အချိန်တွင် စုပင်းသည် စုယွီကို ကြည့်ကာ ခါးသီးသော အပြုံးတစ်ခုဖြင့် သက်ပြင်းချလိုက်သည်။

"တကယ်ပါပဲကွာ... ဒီပြဿနာကို မင်းက ဒီလို လွယ်လွယ်ကူကူ ရှင်းပစ်လိုက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး”

အခန်း (၂၄၃) - ယွင်ကျန်းဂိုဏ်းမှ အပြောင်းအလဲကြီးနှင့် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက် (အပိုင်း - ၄)

~စုယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

"ကိစ္စက လုံးဝ ပြီးပြတ်သွားတာ မဟုတ်သေးဘူးဗျ... ကုန်းစွန်းယီက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို အောင်မြင်သွားပြီး 'အရှင်သခင်' ဖြစ်သွားပြီ... ဒီသတင်းကို ကြားရင် သူကိုယ်တိုင် ဆင်းလာမလား ဆိုတာ မပြောတတ်သေးဘူး"

စုယွီ၏ စကားကို ကြားလိုက်ရသောအခါ စုပင်း၊ စုဖုန်းနှင့် အခြားသူများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြ၏။

သို့သော် စုပင်းသည် စုယွီ ပိုင်ဆိုင်ထားသော ဒုတိယအဆင့် အဆောင်လက်နက် တောင်ပုံရာပုံကို ပြန်လည် တွေးမိလိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိလေတော့သည်။

"ဟားဟား... သိပ်တော့လည်း ကြောက်စရာ မလိုလောက်ပါဘူးကွာ... မင်းလက်ထဲမှာ ဒီလောက် အဆောင်တွေ အများကြီး ရှိနေမှန်း သိရင်လေ... သူက အရှင်သခင် ဖြစ်နေရင်တောင်မှ စုမိသားစုကို ရန်စဖို့ နှစ်ခါပြန် စဉ်းစားရလိမ့်မယ်"

သူက လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်၏။

"တကယ်လို့များ အခြေအနေ မဟန်တော့ဘူး ဆိုရင်... မင်းက ခယ်အာနဲ့ ရှောင်ဇီကို ခေါ်ပြီး အရင်ဆုံး လွတ်အောင်ပြေး... မင်းတို့နှစ်ယောက် ရှိနေသရွေ့ တစ်နေ့ကျရင် ယွင်ကျန်းဂိုဏ်းကို ပြန်ပြီး လက်စားချေနိုင်မှာ ငါ ယုံတယ်"

စုပင်း၏ စကားကို ကြားသောအခါ စုဖုန်းနှင့် စုရိုဆုတို့၏ မျက်လုံးများ အရောင်တောက်သွားကြ၏။

စုဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ဟုတ်တယ်... အကြီးအကဲ ပြောတာ မှန်တယ်... ကျွန်တော်တို့မှာ အဆောင်လက်နက်တွေ အများကြီး ရှိနေတာပဲ... ယွင်ကျန်းဂိုဏ်းက မလုပ်ရဲလောက်ပါဘူး"

"ဒါမှမဟုတ်... စုယွီလေးတို့ အရင် ရှောင်တိမ်းနေကြမလား”

စုရိုဆုက ‌တွေးဆဟန်ဖြင့်၊ စဉ်းစားလိုက်ပြီး အကြံပြုလိုက်ခြင်းပါ။

စုယွီသည် ခေါင်းကို ခါယမ်းရင်း ပြုံးလိုက်၏။

"မလိုပါဘူးဗျာ... ကုန်းစွန်းယီ တကယ် ရောက်လာရင်တောင်မှ ကျွန်တော့်မှာ သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်း ရှိပါတယ်... ပုန်းနေစရာ မလိုပါဘူး"

"ဟွမ်မိသားစုနဲ့ ကျန်းမိသားစု ကိစ္စကိုတော့... အချိန်တန်ရင် ဖြည်းဖြည်းချင်း စာရင်းရှင်းကြတာပေါ့"

ဟွမ်နှင့် ကျန်း မိသားစုကို တွေးမိလိုက်သည်နှင့် စုယွီ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

ဒီတစ်ခါ သူ ဘာလို့ လက်နက်အကုန် ထုတ်မသုံးသလဲ၊ ဘာလို့ မတိုက်ခိုက်သလဲ ဆိုတာ အကြောင်းရှိသည်။ အကယ်၍ သူသာ စတင် တိုက်ခိုက်လိုက်လျှင် ယွင်ကျန်းဂိုဏ်း တစ်ခုလုံးက အလုံးအရင်းနှင့် ပြန်တိုက်လာနိုင်သည့်အပြင်၊ ဂိုဏ်းချုပ် ကိုယ်တိုင် ပါလာနိုင်သည် မဟုတ်ပါလော။

‘အဲ့ဒီအခါကျရင် အမြတ်ထက် အရှုံးက များသွားလိမ့်မယ်။

ဖဲချပ်အကောင်းစား ဆိုတာ ကိုယ့်လက်ထဲမှာ ဝှက်ထားမှ တန်ဖိုးရှိတာ... လှန်ပြလိုက်ရင် ဘာမှ ဆန်းကြယ်မှု မရှိတော့ဘူး'

သူ့ရင်ထဲတွင် တွက်ချက်နေမိသည်။

လက်ဝယ်ရှိ ဝိညာဉ်သတ္တဝါများ၊ မှော်ရတနာများနှင့် လျှို့ဝှက်လက်နက်များကို ထုတ်ဖော်အသုံးပြုလိုက်ပါက မျက်မြင်သက်သေ အားလုံးကို အစဖျောက် ပစ်နိုင်မှသာ ဖြစ်မည်။ သို့မဟုတ်ပါက သတင်းပေါက်ကြားသွားလျှင် သူသာ အန္တရာယ် များသွားနိုင်၏။

လက်ရှိ အခြေအနေသည် အကောင်းဆုံး ဖြစ်သည်။ ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုကို ခြိမ်းခြောက်ကာ ပြန်လွှတ်လိုက်နိုင်သည်။ အဆောင်လက်နက် တစ်ခုမှ မကုန်ဆုံးသကဲ့သို့၊ အင်အားလည်း စိုက်ထုတ်လိုက်ရခြင်း မရှိ။ ရုပ်သေးရုပ်မှလွဲ၍ ကျန်ရှိနေသည့် ဝှက်ဖဲများ အားလုံး လုံခြုံလျက် ရှိနေပါသေး၏။

သို့မှသာ နောက်ထပ် မမျှော်လင့်ထားသော အခြေအနေများ ကြုံတွေ့လာရပါက ဖြေရှင်းရန် လမ်းကြောင်း ကျန်ရှိနေမည်ပင်။

ထိုအချိန်တွင် စုရွီအန်းသည် စုယွီကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။

"တတိယ ဘိုးဘေးကြီး... ဟွမ်မိသားစု အကြီးအကဲတွေ အသတ်ခံရတဲ့ ကိစ္စက... တကယ်ပဲ ဘိုးဘေးကြီး လက်ချက်လားဟင်"

ထိုအခါ၊ အားလုံးက စုယွီကို ဝိုင်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေ၏။

စုယွီသည် စကားပြန်မပြောဘဲ ပြုံး၍သာ ခေါင်းခါပြလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ပြောကြားလိုက်၏။

"ဒီနေ့ကစပြီး... ယွင်ကျန်းဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကိုပဲ စောင့်ကြည့်နေလိုက်ပါ... သူတို့ မလှုပ်ရှားသရွေ့ ဆေးလုံးတောင်က ဘေးကင်းနေမှာပါ"

ထို့နောက် အားလုံး လူစုခွဲလိုက်ကြ၏။

စုယွီသည် စုဇီ၊ ယွီခယ်အာ တို့နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် 'နေလမင်း ကျွန်း' ရှိ ဂူစံအိမ်သို့ သွားရောက်ကာ ဆက်လက် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

သို့သော် နန်းတော်ထဲသို့ ရောက်ရှိချိန်တွင် လော့ချန်ယွီထံမှ သတင်းစကား ရောက်ရှိလာသဖြင့် လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ခဏအကြာတွင် စုယွီ ပြန်ထွက်လာပြီး မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်ကို အသုံးပြုကာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားလေတော့သည်။

အပြင်လောကတွင်မူ...

အဝေးသို့ ထွက်ပြေးသွားကြသော ကျင့်ကြံသူများသည် ယခုအခါ ပါးစပ်အဟောင်းသား ဖြစ်နေကြရရှာသည်။ ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့၏ ကြီးမားသော တပ်မဟာကြီးက စုမိသားစုကို ဝိုင်းရံထားပြီးမှ... ခဏအကြာတွင် ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ထွက်ပြေးသွားကြသည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။

ဒီမြင်ကွင်းက သူတို့၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

"ဟေ့လူတွေ... ဘာဖြစ်ကုန်တာလဲ"

"အင်အားကြီး သုံးဖွဲ့ပေါင်းပြီး စုမိသားစုကို ဝိုင်းတာလေ... ဘာလို့ ချက်ချင်းကြီး ထွက်ပြေးကုန်ကြတာတုန်း"

"ဘာတွေ ဖြစ်သွားတာလဲကွ"

"ရွှီး..."

လူအုပ်ကြီးမှာ လေစုပ်သံများ ထွက်ပေါ်လာပြီး ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြ၏။

သူတို့ အချိန်အတော်ကြာ စောင့်ဆိုင်းကြည့်ရှုနေကြသည်။

ဟွမ်မိသားစု၊ ကျန်းမိသားစုနှင့် ယွင်ကျန်းဂိုဏ်းတို့ ပြန်လှည့်မလာတော့သည်ကို မြင်ရပြီး၊ စုမိသားစုကလည်း တောင်ကာကွယ်ရေး အခင်းအကျင်းကို ပြန်လည် ရုပ်သိမ်းလိုက်သည်ကို တွေ့ရမှသာ... သူတို့သည် အံကို ကြိတ်ကာ စုမိသားစု ရှိရာသို့ ပြန်လာရဲကြတော့သည်။

ဆေးလုံးတောင် မျှော်စင်သို့ ရောက်ရှိသောအခါ စုမိသားစု အတွင်း၌ ကျန်ရှိနေခဲ့သော အခြား မိသားစုဝင်များနှင့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများကို တွေ့ရှိလိုက်ရသဖြင့် အပြေးအလွှား မေးမြန်းကြလေတော့သည်။

စုမိသားစု လက်ထဲတွင် ဒုတိယအဆင့် အဆောင်လက်နက် ရာပေါင်းများစွာနှင့် ကြောက်မက်ဖွယ် ရုပ်သေးရုပ်ကြီး နှစ်ရုပ် ရှိကြောင်း သိလိုက်ရသောအခါ...

သူတို့အားလုံး ဇာတ်ရည်လည်သွားကြလေတော့သည်။

"ဒုတိယအဆင့် အဆောင်လက်နက် ရာပေါင်းများစွာတဲ့လား"

ယွင်ကျန်းဂိုဏ်းတို့ တစ်ဖွဲ့လုံး ထွက်ပြေးသွားကြတာ မဆန်းပါဘူးလေ။ စုမိသားစုရဲ့ အဆောင်လက်နက်တွေကို ကြောက်လို့ ပြေးကြတာကိုး။

သူတို့၏ ရင်ထဲတွင် အားကျမှုများ ဖြစ်ပေါ်လာရ၏။

"စုမိသားစုရဲ့ လျှို့ဝှက် အင်အားက... တကယ်ကို ကြောက်စရာ ကောင်းပါလားနော်"

*

ရက်အနည်းငယ် ကြာသောအခါ...

ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစု နှင့် ကျန်းမိသားစုတို့က စုမိသားစုကို ဝိုင်းရံတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ပြန်လှည့်ပြေးခဲ့ရသည့် သတင်းသည် နယ်မြေတစ်ခုလုံးသို့ မီးလောင်ရာ လေပင့်သကဲ့သို့ ပျံ့နှံ့သွားလေတော့သည်။ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ မိသားစုများနှင့် ကျင့်ကြံသူများ အကြားတွင် အပြောများဆုံး သတင်းစကား ဖြစ်လာခဲ့၏။

'တိုက်ပွဲ မဖြစ်ဘဲ ရန်သူကို အနိုင်ယူလိုက်ခြင်း'

အင်အားကြီး သုံးဖွဲ့ ပေါင်းတိုက်တာကိုတောင်... စုမိသားစုက ယွီမိသားစုထက် ပိုပြီး အင်အားကြီးမားစွာ တုံ့ပြန်နိုင်ခဲ့သယောင် ခံစားနေကြရသည်။

စစ်ပွဲ တစ်ပွဲမှ မဖြစ်လိုက်ရ။

ဘယ်သူမှလည်း ဒဏ်ရာ မရလိုက်။

သို့သော်၊ အင်အားကြီး သုံးဖွဲ့စလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ရသည်လား။

"ငါ ကြားတာတော့... စုမိသားစုမှာ ဒုတိယအဆင့် အဆောင်လက်နက် ရာနဲ့ချီ ရှိသတဲ့ဟေ့"

"ဘာ... ရာနဲ့ချီ ဟုတ်လား... ထောင်နဲ့ချီ ရှိတာပါကွ"

"မဟုတ်တာ... စုမိသားစုမှာ အဆောင်လက်နက် သောင်းချီ ရှိတာလို့ ကြားတယ်... မင်းတို့ကလည်းကွာ... အဆောင်လက်နက် သောင်းချီကို မြင်ပြီး ယွင်ကျန်းဂိုဏ်းတို့ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြတာတဲ့... တကယ်ကြီးနော်"

"စုမိသားစုကတော့... တကယ်ကို နဂါးတစ်ကောင်လို ခေါင်းထောင်လာပြီပဲ"

ကောလာဟလ သတင်းများသည် ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံးသို့ လေထက်ပင် လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။

ယွီမိသားစုထံသို့ သတင်းရောက်ရှိသွားသောအခါ ယွီခေါင်းဆောင်၊ ယွီပိုင်ဟယ် နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရရှာ၏။

"စုမိသားစုက... ဒုတိယအဆင့် အဆောင်လက်နက် ထောင်ပေါင်းများစွာကို သုံးပြီး ယွင်ကျန်းဂိုဏ်းတို့ကို အပြတ်ရှင်းလိုက်တာ ဟုတ်လား... ဘယ်ကောင် လျှောက်ပြောနေတာလဲ... ပေါက်ကရတွေ"

ယွီခေါင်းဆောင်ကြီး ဒေါသတကြီး ဆဲရေးလိုက်မိ၏။ အမှန်တကယ် ဘာဖြစ်ခဲ့သလဲ ဆိုတာ စုံစမ်းခိုင်းလိုက်သည်။

သို့သော် အမှန်တရားကို သိလိုက်ရသည့် အချိန်တွင်လည်း သူတို့အားလုံး ထိတ်လန့်သွားကြရသည်သာ။

တစ်ချိန်တည်းမှာပင်...

ယွင်ကျန်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာ နောက်တစ်ကြိမ် ထပ်မံ ကျဆင်းသွားခဲ့ရပြီး၊ ကျင့်ကြံသူများနှင့် မိသားစုများ၏ လေးစားမှုမှာ ယခင်ကကဲ့သို့ မရှိတော့လေပြီ။

All Chapters