← Chapters

အစ်မကြီးက..ငါ့နောက်ကို လိုက်နေတာလား

Vol. 5 Ch. 57

အစ်မကြီးက..ငါ့နောက်ကို လိုက်နေတာလား

Vol. 5 Ch. 57

ရှေးဟောင်းနတ်ဘုရားမြို့တော်တွင် ရှေးကျသော အမွေအနှစ်များ ရှိသလို စားသောက်ပွဲ စည်းမျဉ်းများကလည်း ရှေးထုံးတမ်းစဉ်လာများကို လိုက်နာ၏။

မြို့၏ အာဏာပိုင်များ အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။ မြို့တော်ဝန်က အဘယ်ကြောင့် သာမန်လူသား သမားတော်တစ်ယောက်အတွက် ထိုမျှအထိ ကိုယ်တိုင်ကိုယ်ကျ စားသောက်ပွဲ ကျင်းပပေးရကြောင်းကို သူတို့ နားမလည်ကြသော်လည်း အားလုံးက နွေးထွေးသော အပြုံးများနှင့် မောက်မာမှုမရှိဘဲ စကားပြောဆိုကြသည်။

မုန့်ချင်ကျိုး၏ ဘယ်ဘက်တွင်တော့ တုန်းဖန်လျူလီ ရှိနေပြီး ညာဘက်တွင်မူ ချုံး ရှိနေ၏။

မြို့၏ ထုံးစံအရ ဧည့်သည်များသည် အဓိကနေရာ၏ ဘယ်နှင့်ညာ ဘေးထိုင်ခုံများတွင် ထိုင်ရသည်။

တုန်းဖန်လျူလီက မုန့်ချင်ကျိုးနှင့် ခွဲမထိုင်ချင်သလို၊ ပုံစံဆန်းပြားလှသော တိုင်းတပါးသားများ အကြားတွင်လည်း မထိုင်ချင်သောကြောင့် ထိုအကြံပြုချက်ကို ငြင်းပယ်ပြီး မုန့်ချင်ကျိုး၏ ဘေးနားတွင်သာ ကပ်ထိုင်လိုက်သည်။

အရက်သုံးခွက်၊ ဟင်းငါးခွက်ခန့် ကုန်သွားပြီးနောက်တွင်တော့...

စားပွဲဝိုင်းက ဧည့်သည်များအားလုံး ပျော်ရွှင်နေကြ၏။ မုန့်ချင်ကျိုးက အောင့်သက်သက်နှင့် သည်းခံနေရသည်။ ခေတ်သစ်လူသားတစ်ယောက်အနေဖြင့် သူက ထိုကဲ့သို့ ကျဉ်းကျပ်လွန်းသော အရက်သောက်ယဉ်ကျေးမှုတွေကို သိပ်မနှစ်မြို့ပေ။

ကံကောင်းသည်မှာ မြို့ထဲတွင် ချက်သော အရက်က ပြင်းမနေခြင်းပင်။ ၎င်းကို “ချုံးယွီပုလဲ” အမည်ရှိ အသီးနှင့် လုပ်ထားသည်ဖြစ်ရာ ချိုမြိန်ပြီး နူးညံ့ပေသည်။ သို့သော်လည်း ချုံးယွီပုလဲက အလွန်ပင် ဈေးကြီးပြီး အရေးကြီး ဧည့်သည်များအတွက်သာ ဖြစ်သည်။ ထိုအရက်ကို တစ်ခွက်သောက်လိုက်ရုံဖြင့် သာမန်လူတစ်ယောက်သည်ပင် ပထမအဆင့် ကျင့်ကြံသူ ဖြစ်သွားနိုင်သည်ဟု ကောလာဟလများ ရှိလေသည်။

“သမားတော်မုန့်...”

ချုံးက နုနယ်လှသော အရက်ခွက်ကို ကိုင်ထားရင်း သူ၏ ဖြူဖွေးသောမျက်နှာလေးမှာ နီမြန်းနေပြီး တိုးတိုးလေး ပြောလိုက်သည်။

“မဟုတ်ဘူး... ကျွန်မ ရှင့်ကို ဝန်ကြီးမုန့်လို့ပဲ ခေါ်ရမလား။ မဟာကျင်းတိုင်းပြည်ရဲ့ ဒုတိယအဆင့် အရာရှိကြီးပေါ့။ ဝန်ကြီးမုန့်ဟာ သာမန်အရပ်သားဘဝကနေ တစ်ရက်တည်းနဲ့ ဒုတိယအဆင့် အရာရှိ ဖြစ်လာတယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေတာလေ...”

“တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာပဲ အနာဂတ်ကို ကြိုတင်မြင်နိုင်တဲ့ စွမ်းအားကို သုံးပြီး လုံရှန်းဘုရင်ရဲ့ အတိတ်က အမည်းစက်တွေကို ဖော်ထုတ်ခဲ့လို့ ဧကရီက သူ့ကို အသားလွှာပေါင်း တစ်ထောင်ဖြတ်ပြီး ကွပ်မျက်ခဲ့တယ်။ စကားတစ်ခွန်းတည်းနဲ့ အထက်တန်းလွှာတွေရဲ့ အသက်ကို ဆုံးဖြတ်နိုင်ခဲ့တာ...”

“ဧကရီရဲ့ မွေးနေ့စားသောက်ပွဲမှာ အဓိက အင်အားစု (၇)ခုက လူငယ်ပါရမီရှင်တွေ တက်ရောက်ခဲ့ကြတယ်။ အဲဒီမှာ ဝန်ကြီးမုန့်ရဲ့ ဒုတိယတပည့် ချန်ယွမ် ဓားသူတော်စင် ပေါ်ထွက်လာပြီး ဓားတစ်လက်တည်းနဲ့ ပါရမီရှင် (၇)ယောက်လုံးကို အနိုင်ယူခဲ့တယ်”

“အဲဒီနောက် သူပုန် ကျောက်ယွီဟွမ်က မြို့တော်ကို တိုက်ခိုက်ပြီး ဧကရီကို အသေအလဲ တိုက်ဖို့ ကြံစည်ခဲ့တယ်။ မထင်မှတ်ဘဲ ဧကရီ ချောင်းမြောင်းတိုက်ခိုက်ခံရချိန်မှာ ဝန်ကြီးမုန့်က ချန်ယွမ် ဓားသူတော်စင်နဲ့အတူ တခြားနေရာလွတ်ထဲကို ဝင်ရောက်ပြီး ဧကရီကို ကျောက်ယွီဟွမ်ကို နှိမ်နင်းဖို့ ကူညီပေးခဲ့တယ်...”

“ကျွန်မ ပြောတာ မှန်တယ်မလား... ဝန်ကြီးမုန့်။”

သူ စကားဆုံးသွားသည်နှင့် စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

မြို့၏ အာဏာပိုင်များအားလုံး မျက်နှာပျက်ကုန်ပြီး မုန့်ချင်ကျိုးကို ကြည့်လိုက်ကြသည်။ ချုံးက အဘယ်ကြောင့် သူ့အတွက် ထိုမျှအထိ အခမ်းအနားကြီး ကျင်းပပေးရကြောင်း သူတို့ နောက်ဆုံးတော့ နားလည်သွားကြလေပြီ။

မကြာသေးခင်က ဧကရီရဲ့ ချစ်သူ၊ မဟာကျင်းရဲ့ ဒုတိယအဆင့် အရာရှိ မုန့်ချင်း ဆိုပြီး နာမည်ကြီးနေတဲ့သူက သူ ဖြစ်နေတာကိုး...

သို့သော် မကြာခင်မှာပင် အာဏာပိုင်များက ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။

တကယ်လို့ ဒီလူက မုန့်ချင်းသာ ဆိုရင် သူ့ဘေးက အမျိုးသမီးက ဘယ်သူလဲ။

ဤမြို့က သီးခြားကမ္ဘာတစ်ခုလို ဖြစ်နေ၏။ မကြာသေးခင်က မဟာကျင်း၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ မရှိလျှင် ထိုသတင်းများက ရှေးဟောင်းနတ်ဘုရားမြို့တော်ဆီ ရောက်လာမည် မဟုတ်သလို ဧကရီ၏ ရုပ်ရည်အစစ်အမှန်ကိုလည်း မည်သူမှ သိလိမ့်မည် မဟုတ်ပေ။

အဆင့်မြင့် တိုင်းတပါးသားအချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွား၏။

ဧကရီရဲ့ ချစ်သူက တကယ်တော့ အိမ်ထောင်သည်ကြီးလား။

ကြီးမြတ်လှတဲ့ မဟာကျင်း ဧကရီက ဒီလိုမျိုး ထူးဆန်းတဲ့ အကြိုက်ရှိတာလား...

မုန့်ချင်ကျိုး၏ အပြုံးက ပျက်မသွားပေ။ သူက အရက်ကို တစ်ငုံတည်း မော့ချလိုက်ပြီး နှုတ်ခမ်းမှ အရက်ကြွင်း အရက်ကျန်များကို သုတ်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

“မှန်ပါတယ်။ ကျုပ် မြို့ထဲရောက်တာ နာရီပိုင်းပဲ ရှိသေးတယ်။ ဘဝသမိုင်းကြောင်း တစ်ခုလုံးကို မြို့တော်ဝန်က ဖော်ထုတ်လိုက်ပြီပဲ။ တကယ့်ကို အထင်ကြီးစရာပါပဲ...”

ချုံးက သူ၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ခြင်းက နတ်ဘုရားကပ်ဘေး အကြောင်း သူပြောခဲ့၍ သူကို နည်းနည်း လန့်သွားစေခဲ့သည့်အတွက် လက်စားချေလိုက်ခြင်းပင်။

ဒီမိန်းကလေးက ငပျင်းလိုပုံစံမျိုး ရှိပေမဲ့ လက်စားချေချင်တဲ့ စိတ်တော့ အတော်လေး ပြင်းထန်တာပဲ။

ချုံးက စားပွဲပေါ်မှာ တံတောင်ဆစ်ထောက်၊ ပါးလေးကို လက်ဝါးနှင့် အုပ်ပြီး ပြောလိုက်သည်။

“ဝန်ကြီးမုန့်ကို မေးစရာ မေးခွန်း(၃)ခု ရှိပါတယ်။ ဖြေပြီးရင်တော့ သွားပြီး အနားယူလို့ ရပါပြီ...”

“မေးပါ မြို့တော်ဝန်...” မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်သည်။

ချုံးက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။

“ဝန်ကြီးမုန့်က နတ်ဘုရားကပ်ဘေးအကြောင်း ဘယ်လိုသိတာလဲ။ ပြီးတော့ အဲဒီကပ်ဘေးက ဘယ်အချိန်မှာ စတင်မယ်ဆိုတာကို ဘယ်လိုမျိုး အတိအကျ ခန့်မှန်းနိုင်တာလဲ။”

မုန့်ချင်ကျိုးသည် ယခင်တုန်းက အမြဲတမ်း အလုပ်ဖြစ်ခဲ့သော အနာဂတ်ကို ကြိုမြင်ခြင်း ဆိုသော ဆင်ခြေကို ပေးရန် ပြင်လိုက်၏။

ဘာလဲ... မင်းက ငါ့ကို မယုံဘူးလား။

မယုံရင် ကောင်းကင်ကြီးကို သွားမေးလိုက်လေ။ ငါ့ကို အဖြေပေးတာ အဲဒီကောင်းကင်ကြီးပဲ။

“အနာဂတ်ကို မြင်တယ်ဆိုတဲ့ ဆင်ခြေကိုတော့ မပေးနဲ့။ ငါက မွေးကတည်းက နတ်ဘုရားတစ်ပါး ဖြစ်တာမို့လို့ ငါ့ရဲ့ ကံကြမ္မာကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူး...” ချုံးက ထပ်ပြောလိုက်သည်။

မုန့်ချင်ကျိုး မျက်ခုံးပင့်လိုက်ပြီး တိတ်သွားမိသည်။

လခွမ်း... ဒါကို ငါ ထည့်မတွက်မိလိုက်ဘူး။

ငါက ဇာတ်ကြောင်းကို အရမ်းသိလွန်းလို့ မင်းရဲ့ အတွင်းခံအရောင်ကအစ သိနေတာလို့ ပြောရမလား။ မင်းက ဘီဆိုဒ်ကို အေဆိုဒ်လိုမျိုး ဖြစ်အောင် အတင်းလုပ်နေတာကအစ သိတယ်လို့ ပြောရမလား။

မုန့်ချင်ကျိုး၏ အခက်တွေ့နေသော အမူအရာကို မြင်သော် ချုံး၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“အချိန်နဲ့ နေရာလွတ် ဓားသူတော်စင်က ရှင့်ကို ပြောပြတာလား။”

မုန့်ချင်ကျိုး အံ့ဩသွားပြီး ခေါင်းကို မသိစိတ်နဲ့ ကုတ်လိုက်မိသည်။

ဒီကိစ္စက အချိန်နဲ့ နေရာလွတ် ဓားသူတော်စင်နဲ့ ဘာဆိုင်လို့လဲ။

ဘယ်လိုလုပ်ပြီး အဲဒါနဲ့ သွားဆက်စပ်သွားတာလဲ။

“ဟုတ်ပါတယ်၊ ကျုပ်ရဲ့ တပည့်က ပြောပြတာပါ။ ဒါပေမဲ့ သူ ဘယ်လိုသိသလဲဆိုတာတော့ ကျုပ်လည်း မသိဘူး။” မုန့်ချင်ကျိုးက ရောချလိုက်သည်။

ချုံး၏ မျက်ဝန်းများက ချက်ချင်း တောက်ပလာ၏။ သူ၏ ပျင်းရိသော ပုံစံကို ပြင်ထိုင်လိုက်ပြီး မုန့်ချင်ကျိုးကို စိုက်ကြည့်ကာ ဆက်မေးသည်။

“ဒုတိယမေးခွန်း၊ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က တကယ်ပဲ ရှင့်ရဲ့ တပည့်လား။”

၎င်းကို ကြားသော် မုန့်ချင်ကျိုး ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်သည်။

ချုံးက ထိုမေးခွန်းကို ဘာရည်ရွယ်ချက်ဖြင့် မေးကြောင်းကို သူ မသေချာပေ။

သို့သော် မုန့်ချင်ကျိုးက တစ်ခုခု ခံစားမိနေသည်။ အကယ်၍ သူ အဖြေမှားသွားလျှင် ချုံးက သူ လိမ်နေကြောင်း သေချာပေါက် သိသွားလိမ့်မည် ဆိုသည်ပင်။

“ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး...” မုန့်ချင်ကျိုး ခေါင်းခါလိုက်သည်။

ဘာပဲဖြစ်ဖြစ် ချုံးက မေးလာတယ်ဆိုကတည်းက သူက အချိန်နဲ့ နေရာလွတ် ဓားသူတော်စင်နဲ့ မုန့်ချင်းမှာ ဘာပတ်သက်မှုမှ မရှိဘူးလို့ ယုံကြည်နေပြီး အတည်ပြုချက် တောင်းနေတာပဲ။

သူတို့နှစ်ယောက် အမေးအဖြေ ဆက်လုပ်နေကြပြီး စားပွဲဝိုင်းက လူတိုင်းကလည်း အသက်ရှူရန်ပင် မေ့နေပြီး နားထောင်နေကြသည်။

အမြဲပင် တက်ကြွနေတတ်သော တုန်းဖန်လျူလီသည်ပင် ယနေ့တော့ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ကြားဖြတ်မပြောပေ။ သူက မုန့်ချင်ကျိုး၏လက်ကို ဆုပ်ကိုင်ထားပြီး လက်ချောင်းလေးများကို အဆက်မပြတ် ညှစ်နေ၏။

“အသေးစိတ် ပြောပြလို့ ရမလား။” ချုံးက အနည်းငယ် ပျာယာခတ်လာသည်။

မုန့်ချင်ကျိုး ပို၍ စိတ်မသက်မသာ ဖြစ်လာပြီး ညာဘက်မျက်ခုံးကလည်း အဆက်မပြတ် လှုပ်နေ၏။ သို့သော် အခုအချိန်တွင်တော့ သူက ဆက်လက်ပြီး လေကန်နေရပေဦးမည်။

“ကျုပ် ချန်ယွမ်နဲ့ စတွေ့တုန်းက သူက လူကြီးဖြစ်နေပြီ။ ဒါပေမဲ့... သူက အတိတ်ကို မေ့နေတဲ့ပုံပဲ။ သူ အရင်က ဓားပညာ သင်ခဲ့ဖူးတယ်ဆိုတာလောက်ပဲ မှတ်မိတော့တယ်။ ကျုပ်က သူ့ကို သနားစရာ လူမိုက်လေး တစ်ယောက်လို့ မြင်ပြီး ခေါ်ထားလိုက်တာ။ ဆရာ တပည့်လို့ ခေါ်ပြီး သူ့ကို ဓားပညာတွေ သင်ပေးခဲ့တာပေါ့...”

“ဟူး...”

“ချန်ယွမ်က အရမ်းကြိုးစားတယ်၊ ပြီးတော့ သူကလည်း ပါရမီ အရမ်းပါတာကိုး။ ဆယ်နှစ်အတွင်းမှာတင် သူက ဓားသူတော်စင် ဖြစ်လာခဲ့တာပဲ...”

ချုံး၏ အသက်ရှူသံများ ရုတ်တရက် မြန်လာပြီး သူဘာသာ ရေရွတ်လိုက်သည်။

“တကယ်... တကယ်ပဲပေါ့...”

မုန့်ချင်ကျိုးက နားစွင့်ပြီး နားထောင်နေသော်လည်း နားမလည်သောကြောင့် ဇဝေဇဝါ ဖြစ်နေ၏။

ဟေး... ဟေး... စကားကို ဆုံးအောင် ပြောဦးလေ။

တကယ်ပဲ ဘာဖြစ်တာလဲ။ တကယ်ပဲ အဓိပ္ပာယ် မရှိတာလား။

“တတိယမေးခွန်း...” ချုံး၏ လေသံက ပို၍ လေးနက်သွားသည် သူ တစ်ခုခုကို အကြီးအကျယ် အတည်ပြု လိုက်နိုင်သလိုမျိုး အသံက စိတ်အားထက်သန်နေသည်။

“ပြော...”

“ချန်ယွမ် ဓားသူတော်စင် အခု ဘယ်မှာလဲ...”

မုန့်ချင်ကျိုး၏ ညာဘက်မျက်ခုံး ပြင်းပြင်းထန်ထန် လှုပ်သွားပြီး သူ၏ မကောင်းသော နိမိတ်က နောက်ဆုံးတွင် အတည်ဖြစ်သွားလေပြီ။

အကုန် ရှုပ်ကုန်ပြီ...

ချုံးက တကယ်တော့ ချန်ယွမ် ဓားသူတော်စင်နောက်ကို လိုက်နေတာကိုး...

ဒါပေမဲ့... ချန်ယွမ်က ငါပဲလေ။ ငါက ချန်ယွမ်ပဲ... ဒါဆိုရင်... အစ်မကြီး၊ မင်းက ငါ့နောက်ကို လိုက်နေတာလား။

သူရဲ့ စိတ်အားထက်သန်နေတဲ့ ပုံစံကို ကြည့်ဦ။ မသိတဲ့သူဆိုရင် သူက သူ့အဖေကို သတ်သွားတဲ့ လူသတ်သမားရဲ့ သဲလွန်စကို ရှာတွေ့သွားတယ်လို့ ထင်ရလောက်တယ်။

လူသတ်သမားလား... ဒါမှမဟုတ် အချိန်နဲ့နေရာလွတ် ဓားအသိကို လိုချင်နေတဲ့ ရန်သူလား။

မုန့်ချင်ကျိုး၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူက အဓိက ဇာတ်ကြောင်းများနှင့် ဝေးဝေးနေခဲ့၏။ အဓိက ဗီလိန်များ၊ ဗီလိန်အရန်များဆီမှပါ ပစ်မှတ်ထား မခံရဘဲ သာမန်လူတစ်ယောက်လို ပုံဖော်နေနိုင်ခဲ့လေသည်။

သို့သော် မထင်မှတ်ဘဲနှင့် ထိုဂုဏ်ပုဒ်တစ်ခုကြောင့် ဇာတ်ကြောင်းထဲ အပြင်အဆင်လောက်သာ ပါသော ချုံး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရလေပြီ။

၎င်းကို တွေးမိသော်...

မုန့်ချင်ကျိုးက နာကျင်နေသော အမူအရာကို ပုံဖော်လိုက်ပြီး သက်ပြင်းချကာ ပြောသည်။

“ချန်ယွမ်... သေသွားပြီ။”

ချုံး၏ မျက်ဝန်းထဲမှ မျှော်လင့်ချက် အလင်းတန်းများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။ သူက ထပ်ခါတလဲလဲ ရေရွတ်နေမိ၏။ “သေသွားပြီလား...”

All Chapters