← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

Chapter 481: (၅) ယောက်နဲ့ (၃) ယောက် ပြိုင်မလား

ကျူးရွှမ်ကျီ ခပ်ဖွဖွ ပြုံးလိုက်သည်။

"နှစ်ပေါင်းတစ်ရာကျော်ကြာ ပုန်းအောင်းနေခဲ့ရတာ အခုတော့ အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"

"လူကြီးမင်းတို့... နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ထဲမှာ မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးအဆီအနှစ်တွေ ပါဝင်နေတယ်… ဒါဟာ ဘယ်နတ်ဆိုးကြီးအတွက်မဆို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ"

"ဒါ့အပြင် နတ်ဆိုးကြီးတွေက အဲဒီနတ်ဆိုးဧကရာဇ်ရဲ့ လက်ကို တိုက်ပွဲမှာ အသုံးချနိုင်ကောင်း အသုံးချနိုင်လိမ့်မယ်… အကယ်၍ အဲဒီအရာသာ တိုက်ပွဲထဲ ပါဝင်လာရင် ကျွန်တော်တို့အတွက် အကြီးအကျယ် အထိနာစေလိမ့်မယ်"

"ဒါကြောင့် ကျွန်တော်တို့ နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို လုယူပြီး ဖျက်ဆီးပစ်ရမယ်”

အောင်းချင်နှင့် အယ်ယွမ်တို့ ခိုင်မာစွာ ခေါင်းငြိမ့်လိုက်ကြသည်။ မျိုးနွယ်စု သုံးခုကြားတွင် ရန်ငြိုးများ ရှိကြသော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင် ဘုံရန်သူကို တိုက်ခိုက်ရန်အတွက် သူတို့ သေချာပေါက် စည်းလုံးကြမည် ဖြစ်သည်။ ကျန်းလုံရှန်း၏ ဖိတ်ခေါ်မှုကို လက်ခံပြီး ဤစစ်ဆင်ရေးတွင် ပါဝင်လာခြင်းမှာလည်း နတ်ဆိုးများကို ခုခံတွန်းလှန်ရန်ဟူသော တူညီသည့် စိတ်ဓာတ်ကြောင့်ပင်။

"ဒါဆို စလိုက်ကြရအောင်"

အယ်ယွမ်မှာ ယုတ်မာသော ရယ်သံဖြင့် သူ၏ ခန္ဓာကိုယ်မှာ အရူးအမူး ကြီးထွားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အမြင့်ပေ ၈၀၀ ကျော်အထိ ကြီးမားသွား၏။

အောင်းချင်း အားရပါးရ ရယ်မောလိုက်ပြီး

"မင်းရဲ့ ကိုယ်ပွားက တော်တော်ကြီးတာပဲ… ငါ့နီးပါးလောက် ရှိတာပဲ”

သူသည်လည်း ရုတ်တရက် ကြီးထွားလာပြီး အမြင့်ပေ ၉၀၀ အထိ ရောက်ရှိသွားသည်။ သူတို့နှစ်ဦးမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးနတ်ဘုရားများကဲ့သို့ နတ်ဆိုးတပ်စုများကြားထဲသို့ တိုက်ရိုက် တိုးဝင်သွားကြတော့၏။ ထို့နောက် နတ်ဆိုးအုပ်စုကြီးမှာ ခဏချင်းအတွင်း အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည်။ အောင်းချင်နှင့် အယ်ယွမ်တို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် နတ်ဆိုးကြီးအဆင့်အောက်ရှိ မည်သည့်နတ်ဆိုးမဆို အနားကပ်ရုံနှင့် ဒဏ်ရာရပြီး ထိမိရုံနှင့် သေဆုံးကုန်ကြသည်။ အလျင်အမြန် တုံ့ပြန်နိုင်သော နတ်ဆိုးကြီး အနည်းငယ်သာ အသက်လု၍ ထွက်ပြေးနိုင်ကြသည်။

ကျူးရွှမ်ကျီကတော့ သူ၏ မူလရုပ်သွင်ကို ထုတ်မပြသေးပေ။ ထိုအစား ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ နတ်ဆိုးများကြားထဲသို့ ပြန်လည်ဝင်ရောက်ပြီး အန်ယွန်းနှင့် အန်ရွှယ်တို့၏ ဘေးနားသို့ ဆုတ်ခွာသွားခဲ့သည်။ ထိတ်လန့်ဖွယ် အော်ဟစ်သံများကြောင့် နတ်ဆိုးကြီးနှစ်ဦးမှာ သတိပြန်ဝင်လာကြ၏။ သူတို့ အောင်းချင်နှင့် အယ်ယွမ်တို့ကို ထိတ်လန့်ဒေါသထွက်စွာ စိုက်ကြည့်နေကြ၏။

နတ်ဆိုးနှိမ်နင်းရေး ခံတပ်ဆယ်ခု၏ ခံတပ်အရှင်များမှာ ရာစုနှစ်များစွာကြာအောင် ပြောင်းလဲလေ့မရှိသဖြင့် သူတို့၏ ရုပ်ရည်များကို သဘာဝကျကျပင် မှတ်မိနေကြခြင်း ဖြစ်သည်။

"အောက်ချင်… အယ်ယွမ်… မင်းတို့က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ”

အန်ယွန်းမှာ ထိတ်လန့်မှုရော ဒေါသပါ တစ်ပြိုင်တည်း ခံစားနေရသည်။

အန်ရွှယ်မှ

"နတ်ဆိုး ပင်လယ်ရဲ့ စတုတ္ထအဆင့်မှာ ဘာသတိပေးချက်မှ မရှိဘဲ ဒီလောက် အချိန်တိုအတွင်း ပေါ်လာတာ... မင်းတို့ စီရင်ချက်တစ်ခုခုကို သုံးခဲ့တာ ဖြစ်ရမယ်”

"သစ္စာဖောက် ရှိနေတာပဲ… တခြားမျိုးနွယ်စုက သူလျှိုတစ်ယောက် ငါတို့ထဲမှာ ခိုးဝင်နေတယ်"

ပတ်ဝန်းကျင်ရှိ နတ်ဆိုးကြီးများသည် တစ်ဦးကိုတစ်ဦး သံသယဖြင့် ကြည့်ကာ အလွန်အမင်း သတိထားနေကြသည်။

အောင်းချင် အကျယ်ကြီး ရယ်မောလိုက်သည်။

"အကြီးမားဆုံး သစ္စာဖောက်တွေက မင်းတို့ နတ်ဆိုးကြီး နှစ်ယောက် မဟုတ်ဘူးလား”

"မင်းတို့ရဲ့ ကိုယ်ကျိုးအတွက် မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို ကိုယ်တိုင်သိမ်းထားချင်လို့ မင်းတို့ ဒီနေရာကို လုံးဝ ပိတ်ဆို့ထားပြီး သတင်းတစ်စက်မှ အပြင်မထွက်အောင် လုပ်ခဲ့ကြတာလေ"

"အခုတော့ ဒီနေရာဟာ မင်းတို့အတွက် အကျဉ်းထောင် ဖြစ်သွားပြီ”

အယ်ယွမ် ခပ်ပြုံးပြုံးဖြင့်

"ငါ မိကျောင်းကြီးက နတ်ဆိုးကြီးတစ်ကောင်နဲ့ မတိုက်ရတာ နှစ်ပေါင်း လေးရာကျော်ပြီ မင်းတို့နှစ်ယောက်က အဆင့်တက်ခါစတွေပဲ… အရှိန်အဝါ စွမ်းအားတွေလည်း မရှိသေးဘူး… ငါ့အတွက်တော့ အကောင်းဆုံး လေ့ကျင့်ဖော်တွေပဲ"

ရှေးဟောင်း ရေခဲနဂါးကြီးတစ်ကောင်၏ ပုံရိပ်မှာ အောင်းချင်၏ ခန္ဓာကိုယ်မှ ရုန်းကြွထွက်ပေါ်လာသည်။ ခေါင်းသုံးလုံးပါသော မိကျောင်းရုပ်လုံးမှာလည်း အယ်ယွမ်၏ အထက်တွင် ဖြစ်တည်လာ၏။ နဂါးတစ်စင်း၊ သားရဲတစ်ကောင်မှာ သွေးနှင့် စွမ်းအင်များ ဆူဝေလှုပ်ရှားလျက် ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်သွားကြသည်။ အန်ယွန်းနှင့် အန်ရွှယ်တို့သည် အံကြိတ်ကာ သူတို့ကို ရင်ဆိုင်ရန်မှအပ အခြားရွေးချယ်စရာ မရှိတော့ပေ။

ကျူးရွှမ်ကျီ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။

"ငါတို့လည်း ကူကြမယ်… ဒီနတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး နှစ်ယောက်ကို အတူတူ နှိမ်နင်းကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူ နတ်ဆိုးစွမ်းအင် နည်းစနစ်များကို ထုတ်ဖော်ကာ ရှေ့သို့ တိုးဝင်သွားသည်။ ၎င်းကို မြင်သော် အသက်ရှင်ကျန်နေသော နတ်ဆိုးကြီး အနည်းငယ်ကလည်း လိုက်ပါတိုက်ခိုက်ကြလေ၏။

သို့သော် ခဏချင်းမှာပင် ကျူးရွှမ်ကျီ၏ နတ်ဆိုးစွမ်းအင် နည်းစနစ်မှာ တုံ့ပြန်လာပြီး ဆွဲဆောင်မှုရှိသော အချိုးအစားရှိသည့် ကြီးမားလှပသော အနက်ရောင် အရိပ်ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရိပ်ပုံရိပ်က သူ့လက်ကို မြှောက်လိုက်ပြီး ရေခဲစများကဲ့သို့ အနက်ရောင် အလင်းတန်းပေါင်း မြောက်မြားစွာမှာ မုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာပြီး ရှေ့သို့ တိုးဝင်သွားသည်။ ဤဝိညာဉ်စွမ်းအား နည်းစနစ်မှာ သာမန်မဟုတ်ပေ။ ၎င်းမှာ သာမန်ဝိညာဉ်စွမ်းအားထက် များစွာ ပိုမိုစင်ကြယ်ပြီး ရက်စက်လှသည်။ ၎င်း၏ စွမ်းအားမှာ နတ်ဆိုးစွမ်းအင်နှင့် တန်းတူပင် ဖြစ်ပြီး သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ဦးမှာ ဤကဲ့သို့သော စွမ်းအားကို လုံးဝ သန့်စင်နိုင်စွမ်း မရှိပေ။

ဘုန်း!

နတ်ဆိုးကြီးများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီ အနက်ရောင်အရိပ်ပုံရိပ်၏ နည်းစနစ်မှ သူတို့ကို ဝါးမြိုသွားတော့သည်။ ထိုဝိညာဉ်စွမ်းအား တိုက်ကွက်မှာ အရှိန်မသေဘဲ အန်ယွန်းနှင့် အန်ရွှယ်တို့ထံသို့ တိုက်ရိုက် ထိမှန်သွား၏။

ဘုန်း!

နတ်ဆိုးနှစ်ကောင်မှာ ဝေဟင်မှနေ၍ မြေပြင်ပေါ်သို့ လွင့်စင်သွားကြသည်။ သူတို့သည် နက်ရှိုင်းသော သွေးကန်အတွင်းသို့ ကျသွားကြပြီး သွေးများမှာ ပေရာကျော်အထိ စင်တက်သွား၏။ နတ်ဆိုးနှစ်ကောင်မှာ အောင်းချင်နှင့် အယ်ယွမ်တို့၏ ရုပ်လုံးတိုက်ကွက်များကို ခုခံရန် အလုပ်ရှုပ်နေသဖြင့် အခြားအရာကို ခုခံရန် အခွင့်အရေး မရခဲ့ကြပေ။ သူတို့ အယုံကြည်ရဆုံးသော လက်အောက်ခံက... အမှန်တကယ်တွင် ရုပ်လုံးပေါ်လာခြင်းအဆင့်ရှိ လူသားကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"မင်း... အဲဒီ အနက်ရောင် အရိပ်ပုံရိပ်... မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ကျဆုံးသွားခဲ့တဲ့ ကျူးရွှမ်ကျီပဲ”

အန်ယွန်း ထိတ်လန့်ဒေါသထွက်စွာဖြင့် ကျူးရွှမ်ကျီကို လက်ညှိုးထိုးရင်း ဟိန်းဟောက်လိုက်သည်။ ကျူးရွှမ်ကျီ ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်ဟန်တစ်ချက်ဖြင့် အန်ကျန့်ကျူး၏ ထွားကျိုင်းသော ရုပ်သွင်ကို ဖယ်ခွာလိုက်သည်။

ထိုအခါ လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ အထင်းသား ပေါ်လာတော့သည်။ သူ၏ ဖြူစင်သော မျက်နှာထက်တွင် လှပကျော့ရှင်းသော ရုပ်ရည်က ထင်ရှားနေ၏။ ရုပ်ဆိုးသော နတ်ဆိုးတစ်ကောင်၏ အရိပ်အယောင်ပင် မရှိပေ။ သူ ပြုံးကာ ပြောလိုက်သည်။

"မှန်တယ်… ငါဟာ တောင်ဘက်အာဂန္တုငှက်ခံတပ်ရဲ့ ခံတပ်အရှင်ဟောင်း ကျူးရွှမ်ကျီပဲ"

"အခုတော့ ငါဟာ မင်းတို့ရဲ့ အသက်ကို နှုတ်ယူမယ့်သူပဲ”

အောင်းချင်နှင့် အယ်ယွမ်တို့ နှစ်ဦးစလုံး အကျယ်ကြီး ရယ်မောလိုက်ကြသည်။ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး သုံးဦးစလုံးသည် သူတို့၏ ရုပ်လုံးများကို တစ်ပြိုင်နက် အသက်သွင်းလိုက်ကြပြီး ရုပ်လုံးနည်းစနစ်များကို ထုတ်ဖော်ကာ ရှေ့သို့ ပစ်လွှတ်လိုက်ကြတော့သည်။ ဝိညာဉ်စွမ်းအား၊ သွေးစွမ်းအင်နှင့် နတ်ဆိုးအရှိန်အဝါများမှာ ရှေးဟောင်းယဇ်ပလ္လင်၏ အထက်တွင် ရောထွေးရှုပ်ထွေးနေပြီး ပြင်းထန်သော တိုက်ပွဲများအတွင်း တစ်ခုနှင့်တစ်ခု ထိမှန်ပျောက်ကွယ်သွားကြသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲမှ ထွက်ပေါ်လာသော လှိုင်းလုံးများကို မည်သည့်နတ်ဆိုးမှ ကြံ့ကြံ့မခံနိုင်ပေ။

...

တတိယအဆင့်တွင်လည်း အလားတူပင် ကြီးမားသော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေသည်။ ကျန်းလုံရှန်း၊ ထန်းကျင့်လုံနှင့် ရှီထျန်တို့ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး သုံးဦးသည် နတ်ဆိုးကြီး သုံးပါးဖြစ်သည့် အန်မိုင်၊ အန်ဝူယွဲ့နှင့် အန်ချန်တို့ကို တိုက်ခိုက်နေကြ၏။ ဝေဟင်တွင် နဂါးဆင်ရုပ်လုံး၊ အပြာရောင်ကြာပန်းရုပ်လုံး နှင့် ခရမ်းရွှေရောင် ခြင်္သေ့ရုပ်လုံးတို့မှာ အတူတကွ ပေါ်ထွက်လာပြီး စွမ်းအားအမျိုးမျိုးမှာ အရူးအမူး ရိုက်ခတ်နေကြ၏။ ထိုစွမ်းအားများမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကြောင့် မည်သူမျှ အနားမကပ်ရဲကြပေ။ ရုပ်လုံးပေါ်လာခြင်းအဆင့် သို့မဟုတ် နတ်ဆိုးဧကရာဇ်အဆင့် အောက်ရှိသူ မည်သူမျှ ဤတိုက်ပွဲတွင် ဝင်မပါနိုင်ကြပေ။

နတ်ဆိုးကြီး သုံးပါးမှာ ကြိုပြင်ဆင်လာခဲ့ကြပြီး သူတို့ တစ်ဦးစီတွင် ကိုယ်ပိုင်အရှိန်အဝါ စွမ်းအားများ ပါရှိနေကြသည်။ ကျန်းလုံရှန်းတို့ အားနည်းချက် ရှိနေပြီ ဖြစ်သည်။ အရှိန်အဝါ စွမ်းအားကို ခုခံရန် ကြိုးစားခြင်းမှာ အရာရာကို ပို၍ ခက်ခဲစေသည်။

အန်မိုင် ရူးသွပ်စွာ ရယ်မောလိုက်၏။

"သုံးယောက်အချင်းချင်းမှာ မင်းတို့မှာ ဘာအားသာချက်မှ မရှိဘူး”

"ငါတို့ လုပ်ရမှာက မင်းတို့ကို ဒီမှာ ပိတ်ထားဖို့ပဲ… အဲဒီအချိန်မှာ စတုတ္ထအဆင့်က အခြေစိုက်စခန်းတွေ ပျက်စီးသွားလိမ့်မယ်"

"မင်းတို့ ကယ်ဖို့ ကြိုးစားနေတဲ့ လူတွေအားလုံး တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး”

အန်ဝူယွဲ့ ဘာမှမပြောသော်လည်း သူ၏မျက်နှာတွင် လှောင်ပြောင်သော အမူအရာ အထင်းသား ရှိနေသည်။ သူ့အတွက်မူ ကျန်းလုံရှန်းနှင့် အခြားသူများမှာ သူတို့၏ ထောင်ချောက်ထဲသို့ ဝင်လာခဲ့ကြပြီ ဖြစ်သည်။ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက် ရောက်လာသည်နှင့် သူတို့၏ ရှုံးနိမ့်မှုမှာ အချိန်တစ်ခုသာ လိုတော့မည်ဖြစ်သည်။

အန်ချန်ကလည်း ဘာမှမပြောသော်လည်း သူ၏မျက်လုံးများက ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေသည်။ လူသားမျိုးနွယ်မှာ သူတို့၏ ပါးနပ်မှုကြောင့် နာမည်ကျော်သည်။ အရင်တုန်းက သူနှင့် အန်ဖုန်းတို့ မြောက်ဘက်ရွှေ့ဝူခံတပ်ကို အတူတိုက်ခိုက်စဉ်က ကျန်းလုံရှန်း သူ့ကို အကြီးအကျယ် လှည့်စားခဲ့ဖူးသည်။ ထိုအချိန်မှစ၍ သူသည် ဤလူသား စစ်သူကြီးကို အမြဲတမ်း သတိထားနေခဲ့ခြင်း ဖြစ်၏။ ကျန်းလုံရှန်းတွင် တစ်ခုခု ဖုံးကွယ်ထားဦးမလားဆိုသည်ကို သူ စိုးရိမ်နေမိသည်။

ကျန်းလုံရှန်းမှ လက်ဝါးချက်တစ်ခုကို အားကုန်လွှဲရိုက်လိုက်ပြီး ထူထပ်သော နတ်ဆိုးစွမ်းအင်များကို ဖယ်ရှားကာ ပြုံးလိုက်သည်။

"ဟုတ်လို့လား… သုံးယောက်ချင်းချင်းမှာ မင်းတို့ကို ငါတို့ မနိုင်ဘူးဆိုပေမဲ့... ငါးယောက်နဲ့ သုံးယောက်ဆိုရင်ကော ဘယ်လိုလဲ”

နတ်ဆိုး သုံးကောင်စလုံး၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

"အချိန်တန်ပြီ စစ်သူကြီးတို့"

ကျန်းလုံရှန်း ပြုံး၍ ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် အလွန်အမင်း ပြင်းထန်လှသော ရုပ်လုံးနှစ်ခု ပေါ်ထွက်လာသည်။ တစ်ခုမှာ ငွေဖြူရောင် ဝံပုလွေကြီးဖြစ်ပြီး ကောင်းကင်ယံသို့ ဟောင်မြည်နေ၏။ ၎င်း၏ ဒေါင်လိုက်မျက်ဝန်းများတွင် လပြည့်ဝန်းပုံရိပ် ထင်ဟပ်နေပြီး အေးစက်ကာ ကြမ်းတုပ်သော အကြည့်များ ရှိနေသည်။ ၎င်းမှာ 'လမင်းဟောင်သံ ဝံပုလွေရုပ်လုံး' ပင် ဖြစ်သည်။ အခြားတစ်ခုမှာ လက်တစ်ဖက်ဖြင့် တောင်တန်းများကို မနိုင်ပြီး လက်သီးတစ်ချက်ဖြင့် မြစ်များကို ဖြတ်တောက်နိုင်သော ဧရာမ မျောက်ဝံကြီး ဖြစ်၏။ သူ လက်လှမ်းလိုက်သောအခါ ညကောင်းကင်ယံမှ ကြယ်များကို ဆွတ်ခူးနိုင်သည့်အလား ထင်ရသည်။ ၎င်းမှာ 'ကြယ်ဆွတ်မျောက်ဝံရုပ်လုံး' ဖြစ်လေ၏။

ထိုရုပ်လုံးနှစ်ခု ပေါ်လာသည်နှင့် ၎င်းတို့၏ နည်းစနစ်များကို ထုတ်ဖော်လိုက်ကြရာ မြေကမ္ဘာကို တုန်ဟိန်းစေသော အရှိန်အဝါများနှင့်အတူ အန်မိုင်ထံသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

နောက်တစ်ခဏတွင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး နှစ်ဦးမှာ သူတို့၏ ပုံရည်မှန်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့မှာ အခြားသူများမဟုတ်ဘဲ လမင်းဟောင်သံခံတပ်၏ အရှင်သခင် 'လန်မန်' နှင့် ရွှေတောင်ခံတပ်၏ အရှင်သခင် 'ယွမ်ထိုက်'တို့ ဖြစ်ကြသည်။ သူတို့ သွေးနတ်ဘုရားခံတပ် အဖွဲ့ဝင်များကြားတွင် သာမန် ဝံပုလွေနှင့် မျောက်နတ်ဆိုးများအဖြစ် ဟန်ဆောင်ကာ တစ်လျှောက်လုံး ပုန်းအောင်းလိုက်ပါလာခဲ့ကြခြင်းပင်။

Chapter 482: နတ်ဆိုး (၃) ပါးနှင့် တိုက်ခိုက်ခြင်း

သွေးနတ်ဘုရားခံတပ်သည် အမျိုးစုံလှသော သားရဲနတ်ဆိုးမျိုးနွယ်စုများ စုဝေးရာနေရာ ဖြစ်သည်။ ခြင်္သေ့နတ်ဆိုးနှင့် ဝက်ဝံနတ်ဆိုးများမှာ အရေအတွက်အများဆုံး ဖြစ်သော်လည်း ၎င်းတို့ကြားတွင် ကျားနတ်ဆိုး၊ ဝံပုလွေနတ်ဆိုးနှင့် မျောက်နတ်ဆိုးများလည်း အများအပြား ရှိနေကြ၏။

၎င်းမှာ ဝံပုလွေနှင့် မျောက်နတ်ဆိုးများသာ သီးသန့်နီးပါးရှိသော လမင်းဟောင်သံခံတပ်နှင့် ရွှေတောင်ခံတပ်တို့နှင့် မတူညီသည့်အချက်ပင်။ ထို့ကြောင့် အစပိုင်း၌ နတ်ဆိုးများထဲမှ မည်သူမျှ သွေးနတ်ဘုရားခံတပ် စစ်ကြောင်းအတွင်းရှိ သားရဲနတ်ဆိုးနှစ်ကောင်ကို သာမန်ကာလျှံကာဖြင့် သတိမပြုမိခဲ့ကြခြင်း ဖြစ်သည်။ ဤရုတ်တရက် အပြင်းအထန် တိုက်ခိုက်မှုကြောင့် အန်မိုင် လုံးဝ အငိုက်မိသွားတော့၏။

လူသားနှင့် သားရဲနတ်ဆိုး… နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြသော မျိုးနွယ်စုနှစ်ခုမှာ ဤကဲ့သို့သော အချိန်မျိုးတွင် အမှန်တကယ် လက်တွဲနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ လန်မန်နှင့် ယွမ်ထိုက်တို့မှာ သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားပြီး သာမန် ဝံပုလွေနှင့် မျောက်နတ်ဆိုးများအဖြစ် ဟန်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။

အန်မိုင် အံကြိတ်ကာ သူ၌ ကျန်ရှိနေသော အရှိန်အဝါ စွမ်းအားအနည်းငယ်ကို မတတ်သာဘဲ ထုတ်ဖော်လိုက်ရသည်။

ရက်စက်သော စွမ်းအား။

သူ၏ ခန္ဓာကိုယ်မှာ မူလထက် သုံးဆခန့် ရုတ်တရက် ကြီးထွားလာသည်။ သူ၏ စွမ်းအားများသည် ပျစ်ချွဲသော အရည်ကြည်အင်အားများအလား ပေါက်ကွဲထွက်လာ၏။ ဧရာမ ခြေလက်အင်္ဂါကြီးများကဲ့သို့ ကြွက်သားများဖြင့် ကျစ်လျစ်နေသော ရေဝေငါးလက်တံ ရှစ်ခုမှာ အရှေ့တွင် အကာအကွယ်အဖြစ် ခုခံလိုက်သည်။

ဘုန်း!

မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော တိုက်မိသံကြီး ဟိန်းထွက်သွား၏။ အရှိန်အဝါ စွမ်းအားကို အသုံးပြုထားသော်လည်း အန်မိုင်မှာ အဝေးသို့ လွင့်စင်သွားရပြီး အဝေးရှိ တောင်ကုန်းသုံးကုန်းကို ဆင့်ကာရိုက်ခတ် ချေဖျက်မိပြီးနောက်မှသာ ရပ်တန့်သွားတော့သည်။

ကျန်းလုံရှန်း ပြုံးလိုက်သည်။

"ဒါက 'ကွေ့ရွှီ ဖုံးကွယ်ခြင်း အတတ်' ထိပ်တန်း ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုပဲ"

"ငါ အဲဒါကို လဲယူပြီးနောက်မှ စစ်သူကြီး လန်မန်နဲ့ ယွမ်ထိုက်တို့ကို လက်ဆင့်ကမ်း ပေးခဲ့တာ"

အန်ဝူယွဲ့သည် ထိုစကားကို ကြားသော် ထိတ်လန့်သွားသည်။ အန်ချန်မှာ တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။

ကျန်းလုံရှန်း ဆိုသည်မှာလည်း အမှန်တကယ်ပင်။

သူသည် တောင်ပုံရာပုံရှိသော စစ်မှုထမ်း ကုသိုလ်အမှတ်များကို သုံး၍ ထိပ်တန်း ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုကို လဲလှယ်ယူခဲ့ပြီးနောက် တခြား နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများကို တိုက်ရိုက် ပေးကမ်းခဲ့သည်။ ဤကဲ့သို့သော စရိုက်၊ ဤကဲ့သို့သော ပြတ်သားမှုမျိုးမှာ... တကယ့်ကို လက်မခံနိုင်စရာပင်။

လန်မန်နှင့် ယွမ်ထိုက်တို့ အားရပါးရ ရယ်မောလိုက်ကြသည်။

"ကျေးဇူးပဲ စစ်သူကြီးကျန်း!"

ရှီထျန် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြုံးကာ

"စကားတွေ အများကြီး မပြောနဲ့တော့… လှုပ်ရှားကြရအောင်!"

"ဒီနတ်ဆိုးကြီး (၃) ကောင်ကို အမြန်ဆုံး သတ်နိုင်လေ၊ စတုတ္ထအဆင့်ကို အမြန်ဆုံး ဖောက်ထွက်နိုင်လေပဲ"

ထန်းကျင့်လုံမှ ဟိန်းဟောက်လိုက်သည်။

"စတုတ္ထအဆင့် အခြေစိုက်စခန်းတွေမှာရှိတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တွေ အကြာကြီး ခံနိုင်မှာ မဟုတ်ဘူး… ငါတို့က ငါးယောက်၊ သူတို့က သုံးယောက်ပဲ… အမြန် အဆုံးသတ်ကြစို့"

"သူတို့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ လမ်းဖယ်ပေးအောင် အတင်းအကျပ် လုပ်ရမယ်"

ကျန်ရှိသော နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများ သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ကြသည်။ နောက်တစ်ခဏတွင် စစ်သူကြီး ငါးဦးစလုံး ရှေ့သို့ တိုးဝင်သွားကြတော့၏။ ကြီးကျယ်သော ရုပ်လုံး ငါးခုစလုံး တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြရာ ကောင်းကင်နှင့် မြေပြင်မှာ တုန်လှုပ်သွားပြီး ခရမ်းနက်ရောင် နတ်ဆိုးစွမ်းအင်များကို လွှင့်စင်ပျောက်ကွယ်သွားစေတော့သည်။

...

နတ်ဆိုး ပင်လယ်၏ စတုတ္ထအဆင့် မှောင်မည်းနေသော အနက်ရှိုင်းဆုံး နေရာများတွင်မူ။

အဝေးကမ္ဘာ့အစွန်းတွင် ပုံရိပ်မည်းကြီးများ ဒီရေလှိုင်းအလား စတင်ပေါ်လာသည်။ ၎င်းမှာ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာနေသော နတ်ဆိုးငယ်များ၏ အုပ်စုကြီး ဖြစ်သည်။ ၎င်းတို့ကြားတွင် နတ်ဆိုးစစ်တပ်၏ ဦးနှောက်နှင့် တပ်မှူးများအဖြစ် တာဝန်ယူထားကြသည့် စစ်မှန်သော နတ်ဆိုးများစွာ ပါဝင်သည်။ နတ်ဆိုးငယ်များသည် အမိန့်ကို စောင့်ဆိုင်းရင်း မငြိမ်မသက် ဟိန်းဟောက်နေကြ၏။ စစ်မှန်သော နတ်ဆိုးများမှာလည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုရင်း စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများမှာ တစ်ခါတစ်ရံ ကောင်းကင်ယံသို့ လှမ်းကြည့်နေကြ၏။ ထိုနေရာတွင် နတ်ဆိုးကြီးများ၏ သားတော် သုံးပါးသည် ဝေဟင်၌ ပျံဝဲလျက် အောက်ခြေ အခြေအနေကို လေ့လာနေကြသည်။

အရှေ့ဆုံးတွင် ရပ်နေသူမှာ အန်ချန်၏ အမြတ်နိုးဆုံး သားဖြစ်သူ အန်ကျန့်ယင်း ဖြစ်သည်။ သူ့နောက်တွင်မူ အန်မိုင်၏ အမွေခံ အန်ကျန့်အယ် နှင့် အန်ဝူယွဲ့၏ အမွေခံ အန်ကျန့်ရွှမ်းတို့ ရှိနေကြသည်။ အန်ဝူယွဲ့မှာ အသစ်တက်လာသော နတ်ဆိုးကြီးတစ်ဦး ဖြစ်သော်လည်း သူရရှိခဲ့သော အရှိန်အဝါ စွမ်းအားကြောင့် သူ့သားသမီးများ၏ ကျင့်စဉ်မှာ တစ်ညတည်းနှင့် လျင်မြန်စွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အန်ကျန့်ရွှမ်းမှာ အန်ကျန့်ယင်း နှင့် အန်ကျန့်အယ် တို့ကဲ့သို့ နာမည်ကျော် အမွေခံများနှင့် တန်းတူ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

အန်ကျန့်ယင်း မျက်မှောင်ကြုတ်ကာ အဝေးရှိ အခင်းအကျင်းကို လှမ်းကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းပေးနေသော အခြေစိုက်စခန်း နှစ်ခုကို သူ မြင်နေရ၏။ သွေးနတ်ဘုရားခံတပ်၏ ၄၂ ခုမြောက်နှင့် ၄၃ ခုမြောက် အခြေစိုက်စခန်းများ ဖြစ်ပြီး မဟာမိတ် မျိုးနွယ်စု သုံးခုက စတုတ္ထအဆင့်တွင် အနက်ရှိုင်းဆုံး တည်ဆောက်ထားသော အခြေစိုက်စခန်း နှစ်ခုလည်း ဖြစ်သည်။

"သွေးနတ်ဘုရားခံတပ်ဟာ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ဆယ်ခုထဲမှာ အင်အားအကြီးဆုံး ဆိုတဲ့အတိုင်း ဂုဏ်သတင်းနဲ့ ညီတာပဲ"

"တခြားခံတပ်တွေက အခြေစိုက်စခန်း နှစ်ခုတောင် မနည်းလုပ်နေရချိန်မှာ သူတို့က သုံးခုတောင် တည်ဆောက်နိုင်ခဲ့တယ်"

အန်ကျန့်ယင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

အန်ကျန့်အယ် ယုတ်မာသော ရယ်သံဖြင့်

"ဒါတော့ ဒါပေါ့… ဒါပေမဲ့ ငါတို့ရဲ့ ကုဋေချီတဲ့ အင်အားရှေ့မှာ အခြေစိုက်စခန်း နည်းနည်းလောက် ပိုရှိနေတာက ဘာလုပ်နိုင်မှာလဲ”

အန်ကျန့်ရွှမ်း ခပ်ပြုံးပြုံးဖြင့်

"အဲဒီအခြေစိုက်စခန်းတွေကို ဝိုင်းထားတဲ့ နတ်ဆိုးတွေဆိုတာ အမြည်းပဲ ရှိသေးတာ"

"ငါတို့ သုံးယောက်က မဟာမိတ်ဖွဲ့လိမ့်မယ်ဆိုတာရယ်၊ ပဉ္စမနဲ့ ဆဋ္ဌမအဆင့်က နတ်ဆိုးငယ် သန်းပေါင်းများစွာကိုတောင် ဆွဲခေါ်လာလိမ့်မယ်ဆိုတာရယ်ကိုတော့ သူတို့ ဘယ်တော့မှ ထင်ထားမှာ မဟုတ်ဘူး"

အန်ကျန့်အယ် စိတ်ဝင်တစားကြည့်ရင်း

"စောင့်နေရတာ တော်ပြီ… စလိုက်ကြစို့… ငါ သူတို့ရဲ့ သွေးတွေကို သောက်ချင်လှပြီ”

အန်ကျန့်ယင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းပြီ!"

သူသည် သူ၏ နတ်ဆိုးအရှိန်အဝါကို လှည့်ပတ်လိုက်ရာ အသံမှာ ကောင်းကင်ယံတွင် မိုးခြိမ်းသံများအလား ဟိန်းထွက်သွားတော့သည်။

"နတ်ဆိုးတပ်ဖွဲ့အားလုံး စစ်ကြောင်း သုံးကြောင်းခွဲလိုက်”

"အလယ်ဗဟို စစ်ကြောင်းကို ငါကိုယ်တိုင် ဦးဆောင်ပြီး သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်းတွေဆီ တိုက်ရိုက် ဦးတည်မယ်"

"အရှေ့ဘက်စစ်ကြောင်း အန်ကျန့်အယ်၊ မင်းက နဂါးပြာ ၄၁ နဲ့ ၄၂ အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာကို ဦးဆောင်"

"အနောက်ဘက်စစ်ကြောင်း အန်ကျန့်ရွှမ်း၊ ထျန့်ကျန်း ၄၂ နဲ့ ရွှေတောင် ၄၂ အခြေစိုက်စခန်းတွေဆီကို ဖိအားပေး တိုက်ခိုက်"

"မင်းတို့ နှစ်ယောက်... ဒီသတ်ပွဲကြီးကို ကောင်းကောင်းကြီး ပျော်ပျော်ပါးပါး ဆင်နွှဲလိုက်ကြ"

အန်ကျန့်အယ်နှင့် အန်ကျန့်ရွှမ်းတို့ ပြုံးလိုက်ကြပြီး

"သတ်ပစ်”

နတ်ဆိုးကြီးများ၏ အမွေခံ သုံးဦးဖြစ်သော အန်ကျန့်ယင်း၊ အန်ကျန့်အယ် နှင့် အန်ကျန့်ရွှမ်း တို့၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးတပ်ဖွဲ့ သုံးဖွဲ့သည် စတုတ္ထအဆင့် တစ်ခွင်ရှိ အခြေစိုက်စခန်း ၁၆ ခုစလုံးကို ပြင်းထန်စွာ စတင်တိုက်ခိုက်ကြတော့သည်။ တိုက်ပွဲ စတင်ကတည်းကပင် မဟာမိတ် မျိုးနွယ်စု သုံးခုလုံး အားနည်းချက် ရှိနေခဲ့၏။

ဤနေရာမှာ နတ်ဆိုးစွမ်းအင်များ စိုးမိုးထားသည့် နတ်ဆိုးနယ်မြေ ဖြစ်သော နတ်ဆိုး ပင်လယ်၏ စတုတ္ထအဆင့် ဖြစ်သည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များသည် ဗီဇအရ ဖိနှိပ်ခြင်းခံရသဖြင့် အဆင့်တူ နတ်ဆိုးများထက် အားနည်းနေကြသည်။ ထို့အပြင် ဤအကြီးစား စစ်ဆင်ရေးကို အောင်မြင်စေရန်နှင့် အခြေစိုက်စခန်းအားလုံးကို တစ်ကြိမ်တည်းနှင့် အပြတ်ရှင်းရန်အတွက် နတ်ဆိုးများသည် ပဉ္စမနှင့် ဆဋ္ဌမအဆင့်များမှ နတ်ဆိုးငယ် အမြောက်အမြားကို အမြှောက်စာအဖြစ် ဆွဲခေါ်လာခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အခြေစိုက်စခန်းများ၏ အကာအကွယ်များကို ပျက်စီးစေရန်နှင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များကို ကုန်ခမ်းသွားစေရန် ဖြစ်သည်။ မှောင်မည်းပြီး အလုံးအရင်းနှင့် တိုးဝင်လာသော နတ်ဆိုးဒီရေလှိုင်းကြီးကို ရင်ဆိုင်ရသည့်အခါ နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တိုင်း မျှော်လင့်ချက်မဲ့ခြင်းများကို စတင် ခံစားလာရသည်။ အခြေစိုက်စခန်းများ ပတ်ဝန်းကျင်ရှိ သဘာဝအတားအဆီးများနှင့် ခံစစ်စီရင်ချက်များသာ မရှိလျှင် ဤအစောင့်အရှောက်များသည် တစ်ရက်ပင် ကြံ့ကြံ့ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။

...

မြောက်ဘက်ရွှေ့ဝူ- ၄၁ အခြေစိုက်စခန်း။

ဤနေရာမှာ ကျောက်ဆောင်တောင်ကပ်ပါးတွင် တည်ဆောက်ထားပြီး တတိယနှင့် စတုတ္ထအဆင့်အကြားရှိ လမ်းကြောင်းကို မျက်နှာမူထားသော အစောဆုံး တည်ဆောက်ခဲ့သည့် အခြေစိုက်စခန်း ဖြစ်သည်။ ၎င်းမှာ အခြေစိုက်စခန်း ၁၆ ခုအနက် အနောက်တန်း စစ်ကြောင်းဟု ဆိုနိုင်၏။ ဤနေရာသို့ နတ်ဆိုးအနည်းငယ်သာ လာရောက်တိုက်ခိုက်ကြပြီး တင်းမာမှုနှင့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း၊ ပြိုလဲခြင်းမျိုး မရှိသေးပေ။

"တပ်မှူးရှန်… တပ်မှူးကျန့်က ခန်းမဆောင်ကို လာခဲ့ဖို့ ဖိတ်ကြားလိုက်ပါတယ်"

ရှန်မို၏ အခန်းတံခါးအပြင်ဘက်မှ သတိကြီးစွာထားပြောသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဂျိမ်း...

ရှန်မို တံခါးကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် ပိန်ပိန်ပါးပါး အမျိုးသမီး နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တစ်ဦး ဖြစ်သည်။

"တပ်မှူးကျန့်က ဘာကိစ္စလဲဆိုတာ ပြောလိုက်သေးလား”

သူ ပြန်မေးလိုက်သည်။

အစောင့်အရှောက်မလေးမှ ခပ်တိုးတိုးဖြင့်

"သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်းတွေနဲ့ ပတ်သက်နေပုံရပါတယ်"

"တပ်မှူးဝမ်နဲ့ ဒုတိယတပ်မှူးဖုန်းတို့လည်း ရောက်နေကြပါပြီ… ရှင် တစ်ယောက်ပဲ ကျန်ပါတော့တယ်"

ရှန်မို နောက်ဆုံးတွင် ခေါင်းငြိမ့်ပြလိုက်သည်။ တပ်မှူးတစ်ဦးအနေဖြင့် သူ ပုံမှန် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လေ့ရှိပြီး စီမံခန့်ခွဲရေး ကိစ္စများတွင် ဝင်ပါလေ့မရှိပေ။ ကျန့်ပိုင်ရှန့်ကလည်း သူ၏ ဝါသနာကို သိသဖြင့် သာမန်ကိစ္စများဖြင့် သူ့ကို အနှောင့်အယှက် ပေးခဲ၏။ ယခုကဲ့သို့ အရေးတကြီး ခေါ်ယူခြင်းမှာ တကယ် အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။ ခဏအကြာတွင် ရှန်မို အခြေစိုက်စခန်း၏ ခန်းမဆောင်သို့ ရောက်ရှိလာသည်။ ကျန့်ပိုင်ရှန့်မှာ အလယ်ထိုင်ခုံတွင် ထိုင်နေပြီး ဝမ်ရှင်းအန်းနှင့် ဖုန်းချန်းတို့ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေကြ၏။

"ဘာတွေဖြစ်နေတာလဲ"

ရှန်မို အခန်းထဲသို့ လှမ်းဝင်လိုက်ရင်း တိုက်ရိုက်ပင် မေးလိုက်သည်။ သူ့ကို မြင်သော် ကျန့်ပိုင်ရှန့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူ လေးနက်သောလေသံဖြင့်

"သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်းတွေ ကျဆုံးသွားပြီ"

ဝမ်ရှင်းအန်း နှာခေါင်းရှုံ့လိုက်ရင်း

"ဒါက အချိန်တစ်ခုပဲ စောင့်ရမှာလေ… သူတို့က အဲဒီနေရာမှာရှိတဲ့ ရှားပါးရတနာတွေကို လောဘတက်ပြီး အခြေစိုက်စခန်းတွေကို အဝေးကြီးမှာ သွားဆောက်ထားကြတာ"

"နတ်ဆိုးတွေက တိုက်ခိုက်လာပြီဆိုရင် သူတို့က အရင်ဆုံး အထိခံရမှာပဲ"

ဖုန်းချန်း တိုးတိုးလေး ထပ်ပြောသည်။

"တပ်မှူးကျန့်က အဲဒီအခြေစိုက်စခန်း နှစ်ခုရဲ့ ဒုတိယတပ်မှူးတွေကို မကြာခင်ကတင် လူကိုယ်တိုင် ဆက်သွယ်ပြီး ခုခံဖို့အတွက် နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်တွေ လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတယ်"

"ဒါပေမဲ့ သူတို့က မာန်တက်ပြီး ငြင်းခဲ့ကြတာ"

"အခုတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ဘူး"

ကျန့်ပိုင်ရှန့် လက်ကာလိုက်ပြီး

"အဲဒီအကြောင်းတွေကို ထပ်မပြောကြပါနဲ့တော့… ငါတို့က စိတ်ရင်းနဲ့ ကမ်းလှမ်းခဲ့တာပါ… သူတို့က အင်အားအကြီးဆုံး ခံတပ်ဆိုတော့လည်း သူတို့မာန်နဲ့သူတို့ ရှိမှာပေါ့"

ရှန်မို နားထောင်ရင်း မျက်ခုံးပင့်လိုက်သည်။ သူ အခုတော့ အခြေအနေကို အကြမ်းဖျင်း နားလည်သွားပြီ။ နတ်ဆိုးများ မတိုက်ခိုက်ခင်ကတည်းက ကျန့်ပိုင်ရှန့် တစ်ခုခုမှားနေပြီဆိုတာကို ရိပ်မိခဲ့ပြီး စစ်ကူလွှတ်ပေးဖို့ ကြိုတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်း တပ်မှူးများမှ ငြင်းပယ်ခဲ့ကြပြီး ယခုတော့ ထိုအခြေစိုက်စခန်း နှစ်ခုလုံး ကျဆုံးသွားလေပြီ။

ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပေ။

Chapter 483: ထွက်ပြေးမလား တပ်စွဲမလား

"တခြားထူးခြားတာရှိသေးလား"

ရှန်မို ထပ်မံမေးမြန်းလိုက်သည်။

ကျန့်ပိုင်ရှန့်၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။

"ငါတို့ရရှိထားတဲ့ သတင်းတွေအရဆိုရင် နဂါးပြာ ၄၁ နဲ့ ၄၂ အခြေစိုက်စခန်းတွေ၊ ထျန့်ကျန်း ၄၂ နဲ့ ကျန်းဆန်း ၄၂ အခြေစိုက်စခန်းတွေအားလုံးကို နတ်ဆိုးတွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြတာ"

"ဒါ့အပြင် သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်းတွေကိုလည်း အလုံးအရင်းနဲ့ တိုက်ခိုက်နေကြတယ်..."

"ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးတွေက လမ်းကြောင်းသုံးခုခွဲပြီး တိုက်စစ်ဆင်လာတာပဲ… အရေအတွက် အတိအကျကို မသိရပေမဲ့ အဆမတန် များပြားမှာတော့ သေချာတယ်"

"သူတို့ကို ဦးဆောင်နေတဲ့သူတွေထဲမှာ အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင်တွေ အများကြီး ပါဝင်နေလောက်တယ်… အဲဒီလိုမှမဟုတ်ရင် သွေးနတ်ဘုရား ၄၂ နဲ့ ၄၃ အခြေစိုက်စခန်းတွေ ဒီလောက်မြန်မြန် ကျဆုံးသွားမှာ မဟုတ်ဘူး"

ဝမ်ရှင်းအန်း သံသယရှိသောအကြည့်ဖြင့်

"ဟုတ်ပါတယ်… ကျွန်တော် မှတ်မိသလောက်ဆိုရင် သွေးနတ်ဘုရား ၄၂ အခြေစိုက်စခန်းကို ဦးဆောင်နေတာက ယင်းယဲ့လေ… သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီလောက် လွယ်လွယ်နဲ့တော့ အရှုံးမပေးသင့်ဘူး"

ဖုန်းချန်း တိုးတိုးလေး ရေရွတ်မိသည်။

"နတ်ဆိုးကြီးတစ်ကောင်ရဲ့ သားသမီးတွေများ ပါဝင်နေတာလား”

ကျန့်ပိုင်ရှန့်နှင့် ဝမ်ရှင်းအန်းတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

အခြေစိုက်စခန်းများ ဤမျှမြန်မြန် ပြိုလဲသွားရခြင်းမှာ အမှန်ပင် နတ်ဆိုးကြီးများ၏ သားသမီးများကြောင့် ဖြစ်နိုင်ခြေ များလှသည်။

"ငါတို့ ရန်သူ့အကြောင်း သိတာ နည်းလွန်းတယ်..."

ကျန့်ပိုင်ရှန့် သက်ပြင်းချလိုက်သည်။

သူတို့အတွက်တော့ ဤစတုတ္ထအဆင့်တစ်ခုလုံးမှာ ရန်လိုသော တောနက်ကြီးတစ်ခုနှင့် တူသော်လည်း နတ်ဆိုးများအတွက်မူ စိတ်ကြိုက် လှည့်လည်သွားလာနိုင်သော မြက်ခင်းပြင်ကျယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူတို့မှာ အလင်းထဲမှာ ရှိနေပြီး ရန်သူက အမှောင်ထဲ၌ ပုန်းကွယ်နေသည်။

အစကတည်းက သတင်းအချက်အလက် ရရှိမှုမှာ နှစ်ဖက်စလုံး အလွန်အမင်း ကွာခြားနေခဲ့ခြင်း ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ခံနေရတဲ့ အခြေစိုက်စခန်းတွေကို ငါတို့ သွားကူညီရမယ်"

"အကယ်၍ အဲဒီစခန်းတွေ ကျဆုံးသွားရင် ငါတို့အလှည့် ရောက်ဖို့က အချိန်တစ်ခုပဲ လိုတော့မှာ"

ဝမ်ရှင်းအန်း လေးနက်စွာ ပြောလိုက်သည်။

ဖုန်းချန်းကလည်း ခေါင်းငြိမ့်၍

"သူပြောတာ မှန်တယ်"

ရှန်မိုက ခေါင်းအသာငြိမ့်လိုက်ပြီး

"ကျွန်တော် တိုက်ပွဲဝင်ပါ့မယ်"

ယခု သူ၏ ရုပ်လုံးပေါ်လာခြင်းအဆင့် ကျင့်စဉ်နှင့်ဆိုလျှင် ရန်သူများကို အဟန့်အတားမရှိ ချေမှုန်းနိုင်စွမ်း ရှိသည်။

နတ်ဆိုးကြီးများ၏ သားသမီးများ ပေါ်လာလျှင်ပင် ဆယ်ယောက်မျှကို သူ တစ်ယောက်တည်းနှင့် လုံလောက်သည်။

ကျန့်ပိုင်ရှန့်မှာ ရှန်မိုကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။

ဤကဲ့သို့ ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လူအများစုမှာ ပထမဆုံးအကြိမ် ကြောက်ရွံ့ပြီး နောက်ဆုတ်ချင်ကြ၏။

သို့သော် ရှန်မိုမှာတော့ ဘာမှ မကြောက်သည့်အပြင် ရန်သူကို လက်တစ်ဖက်တည်းနှင့် ခြေမွပစ်နိုင်သည့်အလား အရှိန်အဝါရှိနေသည်။

ကျန့်ပိုင်ရှန့် လေးနက်စွာဖြင့်

"ကောင်းပြီ… ဒီရက်ပိုင်းအတွင်းမှာ ကျင့်ကြံတာကို ခေတ္တရပ်နားထားပါ… ငါ တခြားအခြေစိုက်စခန်းတွေကို ချက်ချင်း ဆက်သွယ်လိုက်မယ်"

"ငါတို့ အမြန်ဆုံး သွားကူညီကြတာပေါ့"

"အကယ်၍ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရရင် ချက်ချင်း ပြန်ဆုတ်ကြမယ်"

ရှန်မိုလည်း ခေါင်းအသာငြိမ့်လိုက်၏။

...

သုံးရက်အကြာ၊ တောင်ဘက်အာဂန္တုငှက်-၄၁ အခြေစိုက်စခန်း။

တခြား အခြေစိုက်စခန်းများနှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ အတော်လေး သေးငယ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက တောင်ဘက်အာဂန္တုငှက်ခံတပ် အပြင်းအထန် ပျက်စီးသွားပြီးကတည်းက နာလန်ပြန်မထူနိုင်ခဲ့ပေ။

ထို့အပြင် ပြန်လည်တည်ဆောက်မှုမှာ အနှေးကွေးဆုံး ဖြစ်ခဲ့သည်။

လူသား နတ်ဆိုးနှိမ်နင်းရေး အစောင့်အရှောက်များ၏ ကူညီမှုကြောင့်သာ ယခုလောက်အထိ ဖြစ်လာခြင်း ဖြစ်၏။

သို့သော် ယခုအခါ အခြေစိုက်စခန်းတစ်ခုလုံး လူများနှင့် ပြည့်နှက်နေ၏။

ဒဏ်ရာရနေသော အစောင့်အရှောက်များကို နေရာတိုင်းမှာ တွေ့နိုင်သလို ၎င်းတို့ထဲတွင် လူသားများသာမက နတ်ဆိုးများနှင့် ရေနဂါးမျိုးနွယ်စုဝင်များလည်း ပါဝင်နေကြသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်သောကများ ထင်ဟပ်နေလေ၏။

ရှန်မိုမှာ အစောင့်အရှောက်များကြား လျှောက်လှမ်းရင်း စိတ်ထဲမှ သက်ပြင်းချမိသည်။

နတ်ဆိုးများ၏ တိုက်စစ်မှာ ပြင်းထန်လွန်းပြီး အခြေစိုက်စခန်းများ ကျဆုံးမှုကလည်း မြန်လွန်းလှသည်။

လွန်ခဲ့သော သုံးရက်က ရှန်မို၊ ကျန့်ပိုင်ရှန့်နှင့် ဝမ်ရှင်းအန်းတို့ နဂါးပြာ-၄၁ အခြေစိုက်စခန်းကို ကူညီရန် ထွက်ခွာခဲ့ကြသော်လည်း လမ်းခုလတ်မှာပင် နဂါးပြာ ၄၁ နှင့် ၄၂ စခန်းများ ကျဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများမှာ အနီးဆုံးရှိသော ဤတောင်ဘက်အာဂန္တုငှက်-၄၁ အခြေစိုက်စခန်းသို့ ဆုတ်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဤအခြေစိုက်စခန်းမှာ ဘေးတစ်ဖက်တစ်ချက်တွင် တောင်များ ဝိုင်းရံထားသဖြင့် သဘာဝအတားအဆီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

အကယ်၍ ဤနေရာကိုသာ ခိုင်ခိုင်မာမာ ခုခံနိုင်လျှင် အဆင်ပြေမည် ဖြစ်သော်လည်း ဤနေရာသာ ကျိုးပေါက်သွားပါက နောက်ကွယ်ရှိ လမ်းကြောင်းမှာ လုံးဝ ပွင့်ထွက်သွားပေလိမ့်မည်။

ထို့ကြောင့်ပင် အသက်ရှင်ကျန်ရစ်သူ အများစုမှာ ဤနေရာသို့ စုရုံးလာကြခြင်း ဖြစ်၏။

ရှန်မိုတို့ သုံးဦးလည်း ဆွေးနွေးပြီးနောက် ဤနေရာသို့ပင် လိုက်ပါလာခဲ့ကြသည်။

နောက်ရက်များတွင်လည်း အစောင့်အရှောက်များ တစ်သုတ်ပြီးတစ်သုတ် ဆုတ်ခွာလာကြသဖြင့် အခြေစိုက်စခန်းမှာ လူများနှင့် ပြည့်ကျပ်သွားပြီး ဒဏ်ရာရသူများဖြင့် ပြည့်နှက်နေတော့သည်။

ရှန်မို ခေါင်းကို အသာအယာ ယမ်းမိ၏။

သူ၏ စွမ်းအားနှင့်ဆိုလျှင်ပင် နတ်ဆိုးအားလုံးကို လိုက်လံသတ်ဖြတ်ရန် မဖြစ်နိုင်ပေ။

အကယ်၍ နတ်ဆိုးကြီးများ၏ သားသမီးများနှင့် အထွတ်အထိပ် စစ်မှန်သော နတ်ဆိုးသခင်များ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြလျှင် သူလည်း အကုန်လုံးကို အမိဖမ်းနိုင်မည် မဟုတ်ပေ။

ယခုအခါ ဤနေရာသည် နတ်ဆိုးတပ်ဖွဲ့၏ အဓိက ပစ်မှတ်ဖြစ်လာပြီ ဖြစ်ရာ ရန်သူ့ခေါင်းဆောင်များအားလုံး ဤနေရာသို့ စုရုံးလာကြပေလိမ့်မည်။

၎င်းမှာ သူတို့အားလုံးကို တစ်ကြိမ်တည်းနှင့် အပြတ်ရှင်းရန် အကောင်းဆုံး အခွင့်အရေးပင်။

ရှန်မို အစောင့်အရှောက်များကို ဖြတ်ကျော်ကာ ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်။

အတွင်းတွင် တပ်မှူး ၂၀ ကျော် စုဝေးနေကြပြီး အရှေ့ဘက်ဆုံး ထိုင်ခုံငါးခုတွင် သွေးနတ်ဘုရားခံတပ်မှ ယင်းယဲ့၊ နဂါးပတ်ခံတပ် မှ အောက်ဟုန်၊ နဂါးပြာခံတပ်မှ ထန်းကျန့်မို နှင့် မြောက်ဘက်လိပ်နက်ခံတပ်မှ ကျန့်ပိုင်ရှန့်တို့ ထိုင်နေကြသည်။

အလယ်ရှိ ထိုင်ခုံတစ်ခုမှာ လစ်လပ်နေ၏။

ရှန်မို ရောက်လာသည်နှင့် အစောင့်အရှောက်များ သူ့ကို ခေါင်းငြိမ့် အလေးပြုကြသည်။

ရှန်မိုလည်း အချိန်ဆွဲမနေဘဲ အလယ်ဗဟိုရှိ ထိုင်ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်။

သူ နတ်ဆိုးကြီးတစ်ကောင်၏ သားကို သတ်ခဲ့ပြီး အထွတ်အထိပ် နတ်ဆိုးသခင် နှစ်ကောင်ကို ချက်ချင်း ခေါင်းဖြတ်နိုင်ခဲ့သည့် သတင်းမှာ ခံတပ်တစ်ခွင်လုံး ပျံ့နှံ့နေပြီ ဖြစ်သည်။

ယင်းယဲ့နှင့် အောက်ဟုန်ကဲ့သို့သော ထိပ်တန်းပါရမီရှင်များပင်လျှင် ရှန်မို၏ စွမ်းအားမှာ သူတို့ထက် သာလွန်ကြောင်း ဝန်ခံထားရ၏။

ထို့ကြောင့် ရှန်မို အလယ်ဗဟိုနေရာတွင် ထိုင်သည်ကို မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

တကယ်တော့ ဤနေရာတွင် သွေးနတ်ဘုရားခံတပ်မှ ရှီဝူလည်း ရှိနေသင့်သော်လည်း သူ၏ကံမှာ ဆိုးရွားလှသည်။

သူ့အခြေစိုက်စခန်းကို နတ်ဆိုးကြီးတစ်ဦး၏ သားတစ်ယောက်နှင့် အထွတ်အထိပ် နတ်ဆိုးသခင် သုံးဦးမှ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် အခြေစိုက်စခန်းနှင့်အတူ ကျဆုံးသွားခဲ့ရသည်။

ယင်းယဲ့မှာ ရှီဝူ၏သားဖြစ်သူ ရှီမိုင်ကိုသာ အနိုင်နိုင် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရှန်မို ထိုင်လိုက်ပြီးနောက် အောက်ဟုန်မှ မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"အားလုံးပဲ… အခု တတိယအဆင့်နဲ့ ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားပြီ… အဲဒီမှာ တိုက်ပွဲကြီးတွေ ဖြစ်နေတယ်ဆိုတာလောက်ပဲ ငါတို့ အတည်ပြုနိုင်တယ်… ကျန်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရဘူး"

"စစ်သူကြီးတွေ ငါတို့ကို လာကယ်ဖို့ ကြိုးစားနေရင်တောင် သူတို့ ရောက်လာတဲ့အချိန်မှာ ငါတို့အားလုံး အလောင်းတွေ ဖြစ်နေနိုင်တယ်"

"မင်းတို့အားလုံးဟာ တပ်မှူးတွေ၊ ဒုတိယတပ်မှူးတွေပဲ… အခု ငါတို့ ဆုံးဖြတ်ရတော့မယ်.. ဒီစခန်းကို စွန့်လွှတ်ပြီး တတိယအဆင့်ကို အသက်လု ဆုတ်ခွာကြမလား… ဒါမှမဟုတ် ဒီမှာပဲ အသေခံ ခုခံရင်း စစ်ကူကို စောင့်ကြမလား”

သူ သက်ပြင်းချကာ ပြန်ထိုင်လိုက်သည်။ ခံတပ်အရှင် အောက်ကွမ်း၏ သားဖြစ်သူ သူကိုယ်တိုင်ပင်လျှင် ဖခင်ဖြစ်သူမှာ နတ်ဆိုးကြီးများ၏ ဖိအားကို ဖောက်ထွက်ပြီး သူတို့ကို လာကယ်နိုင်မည်ဟု သိပ်မယုံကြည်တော့ပေ။

တခြားသူများ၏ တုံ့ပြန်မှုမှာလည်း ထင်ထားသည့်အတိုင်းပင်။

ထန်းကျန့်မိုမှ

"ဒီမှာ ဆက်နေရင် သေဖို့ပဲ ရှိတယ်… တတိယအဆင့်ကို ဆုတ်ခွာတာကမှ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလိမ့်မယ်"

ယင်းယဲ့ကလည်း သဘောတူလေသည်။

အများစုမှာ ဆုတ်ခွာရန်သာ ဆန္ဒရှိနေကြပြီး ကျန့်ပိုင်ရှန့်ပင် ဝေခွဲမရ ဖြစ်နေ၏။

ရှန်မိုကတော့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ခေါင်းခါလိုက်သည်။

ယခုအချိန်မှာ ဆုတ်ခွာရမည့်အချိန် မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။

သူ၏ ကံကြမ္မာစနစ်မှ သတင်းအချက်အလက်များအရ ကျန်းလုံရှန်းနှင့် တခြားစစ်သူကြီး ငါးဦးတို့သည် အန်မိုင် အပါအဝင် နတ်ဆိုးကြီး သုံးပါးနှင့် တိုက်ခိုက်နေကြပြီး နတ်ဆိုးများကို ဒဏ်ရာအပြင်းအထန် ရရှိစေကာ ပြန်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ သူတို့ ယခု တတိယအဆင့်သို့ ဆုတ်ခွာပါက ထိုနတ်ဆိုးကြီး သုံးပါး၏ လမ်းကြောင်းပေါ်သို့ တိုက်ရိုက် တိုးဝင်မိသလို ဖြစ်သွားပေလိမ့်မည်။

နတ်ဆိုးကြီးများ၏ လက်ချက်နှင့်ဆိုလျှင် သူတို့အားလုံး မျက်တောင်တစ်ခတ်အတွင်း ပြာဖြစ်သွားကြမည်မှာ အမှန်ပင်။

ရှန်မို မတ်တပ်ရပ်လိုက်ပြီး

"အားလုံးပဲ… အခုအချိန်မှာ တတိယအဆင့်ကို ဆုတ်ခွာဖို့ ဆုံးဖြတ်တာဟာ ပညာရှိရာ မရောက်ပါဘူး"

"ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့

ဒီမြောက်ဘက်ရွှေ့ဝူ- ၄၁ အခြေစိုက်စခန်းမှာပဲ အခိုင်အမာ တပ်စွဲထားဖို့ပါပဲ"

All Chapters