← Chapters

မင်းက လူသားတွေ လွှတ်လိုက်တဲ့ သူလျှိုလဲ

Vol. 5 Ch. 59

မင်းက လူသားတွေ လွှတ်လိုက်တဲ့ သူလျှိုလဲ

Vol. 5 Ch. 59

နောက်တစ်နေ့ မနက်ခင်း။

မုန့်ချင်ကျိုးက ထုံးစံအတိုင်း စောစောနိုးလာပြီး မနက်စာပြင်ရန် ပြင်ဆင်လိုက်သော်လည်း မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်တိုက်သံများကို ကြားလိုက်ရသည်။

“နိုးပြီလား၊ လက်ဆေးပြီး လာစားတော့...” ခါးစည်း ဝတ်ထားသော တုန်းဖန်လျူလီက ဆန်ပြုတ်နှစ်ပန်းကန်ကို ကိုင်လာရင်း မုန့်ချင်ကျိုးကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ ဧည့်ခန်းရှိ ထမင်းစားပွဲပေါ်တွင် မနက်စာ ဟင်းလျာများမှာ အဆင်သင့် ဖြစ်နေလေပြီ။

မျက်မမြင်ဖြစ်၍ မမြင်ရသော်လည်း မုန့်ချင်ကျိုးက စားပွဲပေါ်မှ ပူပူနွေးနွေး ဟင်းနံ့များနှင့် ပေါက်စီနံ့များကြောင့် ခဏမျှ မှင်တက်သွားမိသည်။

“နောက်ထပ် ခဏလောက် ထပ်အိပ်ပါဦးလား။ ဘာလို့ ဒီလောက်စောစော ထတာလဲ...” မုန့်ချင်ကျိုး သတိ ပြန်ဝင်လာပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။

လွန်ခဲ့သော သုံးနှစ်က ထိုမိုးရွာသောညတွင် လောကအလယ်သို့ ခြေဆန့်လာစ လေလွင့်သူလေးဟု ဟန်ဆောင် ထားသော မိန်းကလေးတစ်ဦးက ယနေ့တွင် သူ့အတွက် မာနများကို စွန့်လွှတ်ကာ အဝတ်လျှော်၊ ဟင်းချက် ပေးသည့် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။

ဒီလိုဇနီးမျိုးကို ရထားပြီဆိုတော့ ယောက်ျား တစ်ယောက်အနေနဲ့ ဘာများ ထပ်တောင်းဆိုစရာ လိုဦးမှာလဲ။

ထာဝရရှင်သန်ခြင်း လမ်းစဉ် ဆိုတာတွေ၊ ဂူထဲမှာ နှစ်တစ်ရာလောက် တစ်ယောက်တည်း ကျင့်ကြံနေတာတွေက လူ့လောကထဲက ဆန်ပြုတ်တစ်ပန်းကန်လောက်တောင် အဖိုးမတန်ပါဘူး။

သူတို့နှစ်ဦးက တိတ်ဆိတ်စွာ စားသောက်ကြပြီးနောက် မုန့်ချင်ကျိုးကပင် ဦးဆောင်၍ ပန်းကန်များကို ဆေးကြောပေးလိုက်သည်။

မနေ့က သူတို့၏ဆက်ဆံရေးကို အတည်ပြုခဲ့ပြီး အတုအယောင်အိမ်ထောင်ရေးစာချုပ်ကို ဆုံးဖြတ်ခဲ့သော်လည်း သူတို့ကြားတွင် အတားအဆီးတစ်ခု ရှိနေဆဲဖြစ်ရာ အခန်းခွဲ၍သာ အိပ်ကြပြီး ထိုထက်ပို၍ ရှေ့မတိုးခဲ့ကြသေးပေ။

တစ်ဦးက ဓားတစ်ချက်ဖြင့် လူပေါင်းသောင်းခြောက်ထောင်ကို နှိမ်နင်းနိုင်သည့် ဧကရီ။

အခြားတစ်ဦးမှာမူ ငယ်ငယ်ရွယ်ရွယ်နှင့် မသေဆုံးခဲ့ပါက သတ္တဝါအားလုံးကို ငဲ့စောင်းကြည့်နိုင်သည့် ပြိုင်ဘက်ကင်း အချိန်နှင့်နေရာလွတ် ဓားသူတော်စင်။

သူတို့နှစ်ဦးစလုံး ဝေခွဲမရဖြစ်နေကြပြီး သူတို့၏ခံစားချက်များကို မည်သို့ဖော်ပြရမည်ကို မသိကြသလို၊ ပိုင်ဆိုင် ရမည်ကိုရော ဆုံးရှုံးရမည်ကိုပါ ကြောက်လန့်နေကြသည်။

“ချန်း...” တုန်းဖန်လျူလီ ပါးစပ်ဟလိုက်ပြီး “ချန်ယွမ် ဓားသူတော်စင် သေဆုံးရခြင်း၏ အကြောင်းရင်းအမှန်၊ မုန့်ချင်ကျိုးက တကယ် ပညာရှိလား၊ သူက ဘာလို့ ရှေးဟောင်းနတ်ဘုရားမြို့တော်မှာ ဆက်နေချင်တာလဲ” စသည့် မေးခွန်းများကို မေးရန် ပြင်လိုက်သည်။

သို့သော် ခဏမျှ စဉ်းစားပြီးနောက် တုန်းဖန်လျူလီက မမေးတော့ရန် ဆုံးဖြတ်လိုက်၏။

သူ ပြောပြချင်ရင် ပြောပြလိမ့်မယ်။ မပြောပြဘူးဆိုရင်လည်း သူ့မှာ အကြောင်းပြချက် ရှိမှာပေါ့။

တစ်ချိန်တည်းမှာပင် မုန့်ချင်ကျိုးကလည်း တုန်းဖန်လျူလီက မိမိ ရှေးဟောင်းနတ်ဘုရားမြို့တော်မှာ ရှိနေမှန်း မည်သို့ သိသွားကြောင်းကို သိချင်နေသည်။

ရှေးဟောင်းနတ်ဘုရားမြို့တော်က မြို့တော်နှင့် မိုင်ပေါင်း သောင်းချီဝေးကွာသည်။ မုန့်ချင်ကျိုး ဤနေရာတွင် ရှိနေသည်ကို သိခဲ့လျှင်ပင် တုန်းဖန်လျူလီက ဤနေရာသို့ မည်သို့ရောက်လာသနည်း။

ထားလိုက်ပါတော့လေ...

မုန့်ချင်ကျိုး ခေါင်းခါလိုက်သည်။ တုန်းဖန်လျူလီတွင် လျို့ဝှက်ချက်များစွာ ရှိနေသည်ကို သူ ကောင်းကောင်း သိသည်။

လွန်ခဲ့သော သုံးနှစ်က အလျင်အမြန် ထွက်ခွာသွားပုံ၊ မိုးရွာသောညတွင် မျက်မမြင် လေလွင့်သူတစ်ဦးကို သူ၏ အနာဂတ်ခင်ပွန်းအဖြစ် ကျပန်းရွေးချယ်ခဲ့ပုံတို့ကို ကြည့်လျှင် တုန်းဖန်လျူလီက သာမန်မိန်းကလေး မဟုတ်မှန်း သိသာလှသည်။

ဘယ်တိုင်းပြည်ရဲ့ အမျိုးသမီးအရာရှိက မြို့တော်နဲ့ မိုင်ရာပေါင်းများစွာ ဝေးတဲ့ ကျေးရွာမှာ လာနေမှာလဲ။ ပြီးတော့ ဘယ်သာမန်အမျိုးသမီးက ရှေးဟောင်းနတ်ဘုရားမြို့တော်ထဲကို ဘယ်သူမှမသိအောင် ခိုးဝင်နိုင်မှာလဲ။

၎င်းတင် မကသေးပေ။ မုန့်ချင်ကျိုးက မြို့တော်တွင် အရာရှိလုပ်လာသည်မှာ တစ်လကျော်ရှိပြီ ဖြစ်သော်လည်း တုန်းဖန်းဆိုသည့် မျိုးရိုးအမည်နှင့် အမျိုးသမီးအရာရှိတစ်ယောက်အကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။

အစကတည်းက ဟာကွက်တွေအပြည့်နဲ့ ရုပ်ဖျက်ထားတာပဲ။ သူက ငါ သံသယဝင်မှာကို ဂရုမစိုက်ခဲ့လို့ တမင်တကာ မဖုံးကွယ်ခဲ့တာလည်း ဖြစ်နိုင်တယ်။

မုန့်ချင်ကျိုး ပြုံးလိုက်ပြီး အတွေးများကို ဘေးဖယ်ထားလိုက်သည်။

ရိုးသားမှုကို ဘယ်တော့မှ မသံသယဝင်နဲ့၊ စေတနာကို ဘယ်တော့မှ မစောင့်ကြည့်နဲ့။ ၎င်းက မုန့်ချင်ကျိုး အမြဲတမ်း နားလည်ထားသော မူတစ်ခုပင်။

ထိုနေ့ မွန်းလွဲပိုင်း၌။

မြို့တော်ဝန် ကိုယ်တိုင်ရေးသားထားသော အသိပေးချက်တစ်ခုကို ရှေးဟောင်းနတ်ဘုရားမြို့တော်၏ ထောင့်တိုင်းတွင် ကပ်ထားသည်။ ၎င်းတွင် မြို့အတွင်း ရုတ်တရက် ပျံ့နှံ့လာသော ကပ်ရောဂါအကြောင်းကို ဖော်ပြထားပြီး၊ မြို့တော်ဝန်က လူသား သမားတော်နှစ်ဦးကို ဖိတ်ကြားထားသဖြင့် ရောဂါကူးစက်ခံရသူများက မြို့တော်ဝန်ရုံးမှ ကျခံပေးသော ကုန်ကျစရိတ်ဖြင့် ကုသမှုခံယူနိုင်ကြောင်း ရေးသားထားသည်။

မကြာမီမှာပင် ရှေးဟောင်းမြို့တော်ရှိ တိုင်းတပါးသား ထက်ဝက်ကျော်က မီတာအနည်းငယ်သာ ဝေးသော ဆေးခန်းနှစ်ခုဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

မုန့်ချင်ကျိုးက ဆေးခန်းတံခါးကို ဖွင့်လိုက်သည့်အခါ အမျိုးမျိုးသော ပုံသဏ္ဌာန်ရှိသည့် တိုင်းတပါးသား ထောင်ပေါင်းများစွာမှာ တန်းစီနေကြပြီး သူတို့၏ အော်ဟစ်သံများက လေထုထဲတွင် ပဲ့တင်ထပ်နေသည်။

“သမားတော်ကြီး... ကျွန်တော်တို့ကို ကယ်ပါဦး။”

“ကျွန်တော် သေတော့မယ်၊ အသားတွေက ပုပ်ကုန်ပြီ၊ ဝိညာဉ်ကလည်း ပြိုကွဲတော့မလို ဖြစ်နေပြီ။”

“ဒီကပ်ရောဂါက ကြောက်စရာကြီး၊ တောင်ရွှေ့နယ်ပယ် အောက်ကလူတွေဆိုရင် သေဖို့ပဲ ရှိတော့တာ။ သမားတော်ကြီး... ကျွန်တော်တို့ကို ဘယ်လိုကယ်မလဲ။”

“နာလိုက်တာ... ခေါင်းက ပေါက်ထွက်တော့မယ်၊ တစ်ကိုယ်လုံးလည်း ဆွဲဖြဲခံထားရသလိုပဲ...”

ညည်းတွားသံများက အဆုံးမရှိပေ။ နတ်ဘုရားကပ်ဘေး ကူးစက်ခံထားရသော တိုင်းတပါးသားများမှာ စိတ်ဓာတ် ကျဆင်းနေကြပြီး မျက်နှာများမှာ ဖြူဖျော့ကာ လူသားမဆန်သော နာကျင်မှုကို ခံစားနေကြရသည်။

မုန့်ချင်ကျိုး မှင်တက်သွားပြီးမှ သက်ပြင်းအသာချလိုက်၏။

သန်မာသူက အားနည်းသူကို အနိုင်ယူသည့် ဤလောကတွင် အားနည်းသူများ၏ ကံကြမ္မာက အမြဲပင် နင်းခြေခံရရန် အန္တရာယ်ရှိနေပြီး၊ နတ်ဘုရားကပ်ဘေးကြောင့်ပင် မရေတွက်နိုင်သော သက်ရှိများမှာ သေခြင်းနှင့် ရှင်ခြင်းကြားတွင် ဝေခွဲမရ ဖြစ်နေကြရသည်။

ဒါက ဝမ်းနည်းစရာ တစ်မျိုး မဟုတ်လား။

“စိတ်မပူကြပါနဲ့၊ တန်းစီပြီး တစ်ယောက်ချင်းစီ ဝင်လာကြပါ...”

တစ်နေ့လုံး မုန့်ချင်ကျိုးက စားပွဲတွင်ထိုင်ကာ လူနာများကို တစ်ယောက်ပြီးတစ်ယောက် ကုသပေးခဲ့သည်။

ချန်ယွမ် ဓားသူတော်စင် ကိစ္စပြီးနောက် သူက ပိုမိုသတိထားလာပြီး ရောဂါရှာဖွေကုသရာတွင် တရုတ် တိုင်းရင်းဆေးပညာ နည်းလမ်းများကို သုံးနေဟန်ဆောင်သော်လည်း၊ ကုသစဉ်အတွင်း လူနာများ၏ ကိုယ်တွင်းရှိ နတ်ဘုရားကပ်ဘေး၏ အရင်းအမြစ်ကို ဂရုတစိုက် စစ်ဆေးပြီး ၎င်းကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးလိုက်သည်။

ဤနည်းလမ်းသည် အချိန်ကုန်ပြီး ပင်ပန်းသော်လည်း အချိန်နှင့်နေရာလွတ် ဓားအသိ၏ သဲလွန်စကို လုံးဝ မကျန်စေခဲ့ပေ။

နတ်ဘုရားကပ်ဘေးဆိုသည်မှာ အခြေခံအားဖြင့် နတ်ဘုရားများ၏ ကပ်ရောဂါ ဖြစ်ပြီး မရေတွက်နိုင်သော ဘေးအန္တရာယ်များ၏ စုစည်းမှု ဖြစ်သည်။ လူနာများသည် ခေါင်းကိုက်ဖျားနာခြင်း၊ ကျင့်စဉ်အဆင့်များ ကျဆင်းခြင်း၊ အသားပုပ်ခြင်း၊ ဝိညာဉ်ပြိုကွဲလုနီးပါးဖြစ်ခြင်း စသည့် မည်သည့်လက္ခဏာမျိုးမဆို ခံစားရနိုင်သည်။

ကံကောင်းသည်မှာ အချိန်နှင့်နေရာလွတ် ဓားအသိက အရာရာကို လုပ်ဆောင်နိုင်သည်။ နေရာလွတ်တာအိုကို အသုံးပြု၍ လူနာများ၏ ခန္ဓာကိုယ်ထဲမှ ကပ်ရောဂါအရင်းအမြစ်ကို အပြင်သို့ ထုတ်လိုက်ပြီး၊ ထို့နောက် အချိန်တာအိုကို အသုံးပြု၍ ၎င်းကို သမိုင်းဝင် သံသရာထဲသို့ ပို့ဆောင်လိုက်သည်။

အမှန်စင်စစ် နတ်ဘုရားကပ်ဘေးကို အမြစ်ပြတ်အောင် မဖျက်ဆီးနိုင်ဘဲ အချိန်ကြာလာသည်နှင့် ၎င်းဘာသာ ပျက်စီးသွားအောင်သာ လုပ်ဆောင်နိုင်သည်။

“ငါ့ရောဂါလက္ခဏာတွေ သက်သာလာပြီ၊ ငါ့ဝိညာဉ်ကလည်း ပြန်ပြီး စုစည်းလာပြီ... ဒါ မယုံနိုင်စရာပဲ...”

“နတ်ဘုရားသမားတော်ကြီးပဲ၊ ငါတို့ရဲ့ ကယ်တင်ရှင်...”

“ကျေးဇူးတင်ပါတယ် သမားတော်မုန့်၊ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ခိုင်းစရာရှိရင် ပြောပါ။ ကျွန်တော်တို့ အသက်နဲ့လဲပြီး ကျေးဇူးဆပ်ပါ့မယ်...”

“လူသားတွေထဲမှာလည်း လူကောင်းတွေ ရှိသားပဲ။ သမားတော်မုန့်ကတော့ ဟိုကောက်ကျစ်တဲ့ လူသားတွေနဲ့ မတူဘူး”

...

...

မကြာမီမှာပင် တိုင်းတပါးသား အုပ်စုကြီးက ဆေးခန်းအပြင်ဘက်တွင် ဒူးထောက်ကာ အားရပါးရ ဦးချနေကြတော့သည်။

ဤမြင်ကွင်းကြောင့် ဘေးမှကြည့်နေသော တုန်းဖန်လျူလီမှာ အံ့အားသင့်သွားရသည်။

တိုင်းတပါးသားများအတွက် လူသားဆိုသည်မှာ သဘာဝရန်သူများ ဖြစ်ကြပြီး မျိုးရိုးဗီဇထဲအထိ စွဲမြဲနေသော မုန်းတီးမှုမှာ မည်သည့်အခါမျှ ပြေလည်နိုင်စရာ မရှိပေ။

တိုင်းတပါးသား အုပ်စုကြီးက လူသားတစ်ဦးကို ဒူးထောက်နေခြင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်း တစ်ခုပင်။

နေထွက်မှ နေဝင်သည်အထိ မောပန်းခြင်း၊ စိတ်မရှည်ခြင်း အလျဉ်းမရှိဘဲ လူနာများကို ချော့မော့ကာ ဆေးဖော်စပ်ပေးနေသော မုန့်ချင်ကျိုးကို တုန်းဖန်လျူလီ ငေးကြည့်နေမိသည်။

ဒါက ငါးပိကောင်မုန့်ရဲ့ စရိုက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ...

“ကရုဏာ...” တုန်းဖန်လျူလီက သူဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပြီး သူရှေ့က အမျိုးသားကို ပို၍ နားလည်ရ ခက်လာသည်ဟု ခံစားလိုက်ရသည်။ “ရှင်က တကယ်ကို ပညာရှိ တစ်ယောက်နဲ့ ပိုပိုတူလာပြီပဲ...”

...

တစ်ချိန်တည်းမှာပင်။

မုန့်၏ဆေးခန်းနှင့် မီတာအနည်းငယ်သာ ဝေးသော အခြားဆေးခန်းတစ်ခု၌။

“ဟေ့ကောင် ကော်၊ ငါတို့ ဘာလို့ ဒီလောက်အထိ လုံအောင်ပတ်ထားရတာလဲ။ ဘယ်သူမှ မြင်မှာမဟုတ်တာကို။” ဝမ်ထန်က ညည်းညူလိုက်သည်။ သူ၏ မျက်နှာကို အဝတ်နက်ဖြင့် စည်းထားပြီး ဦးထုပ်ဆောင်းထားသဖြင့် မျက်လုံးနှစ်လုံးသာ ပေါ်နေသည်။

ကျောက်ကော်က ပို၍ပင် ဆိုးသေးသည်။ သူက ဓားပြတစ်ယောက်လိုမျိုး မျက်လုံးအထိ ဖုံးထားသည့် ခေါင်းစွပ်ကို ဝတ်ထားသည်။

“ပါးစပ်ပိတ်ထားစမ်း၊ ဘေးအိမ်မှာ ဘယ်သူနေလဲ မင်းသိလား။” ကျောက်ကော်က ဒေါသတကြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ဘယ်သူလဲ။” ဝမ်ထန်က စပ်စုလိုက်သည်။

ကျောက်ကော်က သွားကြိတ်ပြီး ပြောသည်။ “မဟာကျင်းရဲ့ ဧကရီနဲ့ သူရဲ့ ကြင်ရာတော် မုန့်ချင်ကျိုးလေ... မြို့တော်ဝန်ရဲ့ ကြော်ငြာချက်ထဲက သမားတော်ဆိုတာ မုန့်ချင်ကျိုးပဲ...”

၎င်းကို ကြားလိုက်ရသောအခါ ဝမ်ထန်၏မျက်နှာ ပျက်သွားပြီး မအော်ရုံတမယ် ပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဧကရီနဲ့ သူရဲ့ကြင်ရာတော်က ဘာလို့ ဒီနတ်ဘုရားမြို့တော်အထိ လာရတာလဲ။ ငါတို့ကို လာဖမ်းတာလား။”

ဤအချိန်တွင် ဝမ်ထန်က သူ့ကိုယ်သူ ပြန်လည် သံသယဝင်လာမိသည်။

မုန့်ချင်ကျိုးနှင့် တွေ့ကတည်းက သူ၏ ကံဆိုးခြင်းများကို ပြောင်းပြန် လှန်နိုင်သည့်ကံမှာ အလုပ်မလုပ်တော့ သယောင်ပင်။

“ငါလည်း မသိဘူး။ ဒါပေမဲ့ ငါတို့ အရိုက်ခံရတော့မယ်ဆိုတာကိုတော့ ငါသိတယ်...” ကျောက်ကော်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဝမ်ထန်က မျက်နှာညှိုးငယ်စွာဖြင့် မော့ကြည့်လိုက်သည်။ “တောက်... မင်းက ဆေးပညာသိတယ်၊ ဒဏ္ဍာရီလာ နတ်ဘုရားသမားတော်ကြီးရဲ့ အမွေဆက်ခံသူပါဆို...”

ကျောက်ကော် စိတ်ဓာတ်တွေ ပြိုလဲလုနီးပါး ဖြစ်နေ၏။ “ငါလည်း မသိတော့ဘူး။ ငါ နည်းမျိုးစုံနဲ့ စမ်းကြည့်ပြီးပြီ။ ဒါပေမဲ့ ဒီကပ်ရောဂါက သတ်လို့လည်းမရ၊ ဖျက်ဆီးလို့လည်း မရဘူး။ ငါကုလေ ပိုဆိုးလေပဲ၊ တုံ့ပြန်မှုတွေက ပိုပြင်းလာတယ်...”

ကျောက်ကော်၏ဆေးခန်း အပြင်ဘက်တွင်။

ကျောက်ကော် ကုသပေးထားသော တိုင်းတပါးသား ထောင်ပေါင်းများစွာမှာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေကြသည်။ သာမန်ခေါင်းကိုက်ဖျားနာခြင်းမှ စတင်ခဲ့ရာမှ ယခုအခါ အသားအရေများ ပုပ်စပ်ကုန်ပြီး၊ မျက်လုံးအိမ်များထဲတွင် မျက်လုံးပေါင်း ဒါဇင်နှင့်ချီ၍ ပေါက်ပွားလာကြသည်။

အချို့သော တိုင်းတပါးသားများမှာ သေခါနီးဖြစ်နေပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

အချို့ကလည်း သံသယဝင်လာကြပြီး ဒေါသတကြီး အော်ဟစ်ကြသည်။

“အလကား သမားတော်အတု၊ မင်းက ငါတို့ကို အပြတ်ရှင်းဖို့ လူသားတွေ လွှတ်လိုက်တဲ့ သူလျှိုမလား။”

“ဘာတွေ စကားများနေမှာလဲ။ သူတို့ရဲ့ ခိုးကြောင်ခိုးဝှက် ရုပ်ဖျက်ထားတာကို ကြည့်ဦး၊ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာ သေချာတယ်။ ရိုက်ကြဟေ့...”

“မြို့တော်ဝန်က သမားတော်တွေကို မသတ်ရဘူးလို့ တားထားပေမဲ့၊ ဒုက္ခိတမဖြစ်ရဘူးလို့ မပြောထားဘူး။ ငါ သူတို့ရဲ့ တတိယခြေထောက်ကို ရိုက်ချိုးပစ်မယ်...”

ဒေါသထွက်နေသော တိုင်းတပါးသားအုပ်စုကြီး လက်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ အားအင်ကုန်ခမ်းနေပြီး အစွမ်းများမှာလည်း စုစည်းလိုက်သည်နှင့် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ပိုဆိုးသောသူများမှာ အစွမ်းကို အတင်းအကျပ် သုံးလိုက်သည်နှင့် ချက်ချင်းပင် လဲကျသေဆုံးသွားကြသည်...

ဝိညာဉ်နွယ်ဝင် တိုင်းတပါးသား တစ်ဦးဆိုလျှင် ပုံသဏ္ဌာန်မရှိသော ခန္ဓာကိုယ်မှ အသားများ ရုတ်တရက် ပေါက်လာသည်။

ဝရဇိန်မျိုးနွယ်မှ ဧရာမဘီလူးကြီး တစ်ဦးဆိုလျှင် ကြွက်သားအဖုအထစ်များနှင့် မိန်းကလေးငယ်လေးအဖြစ် ပြောင်းလဲသွား၏။

ခဏချင်းအတွင်းမှာပင် တိုင်းတပါးသား ထောင်ပေါင်းများစွာက မြေပြင်ပေါ်သို့ လဲကျကုန်ပြီး သေသူသေ၊ မသန်မစွမ်းဖြစ်သူ ဖြစ်ကုန်ကြသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နည်းလမ်းလဲ၊ ဒီကောင်တွေက လူသားသူလျှိုတွေပဲ... ဆေးထဲမှာ အဆိပ်ပါတယ်...”

“အင်း... အမေပြောတာ မှန်တယ်၊ လူသားတွေက မွေးကတည်းက ကောက်ကျစ်တာ၊ ငါတို့ နောက်ဆုံးတော့ မလွတ်နိုင်ခဲ့ပါလား...”

“ငါ့ရဲ့ ကြွက်သားကြီးတွေ ဘယ်ရောက်ကုန်ပြီလဲ။... ခွေးကောင်... မင်း ငါ့ကို မိန်းကလေးအဖြစ် ပြောင်းပစ် လိုက်တာလား...”

...

...

ကျောက်ကော်က သူ့ရှေ့မှ ငရဲခန်းသဖွယ် မြင်ကွင်းကို မှင်တက်ကာ ငေးကြည့်နေမိပြီး ဝမ်ထန်နှင့်လည်း မျက်လုံးချင်းဆုံကာ ကြောင်နေကြသည်။

“ပြေးကြစို့။ မြို့တော်ဝန်ကို မျက်နှာလုပ်ဖို့ ထားလိုက်ပါတော့။ အခု သူ ငါတို့ကို သတ်ချင်နေလောက်ပြီ...” ဝမ်ထန်က သက်ပြင်းချလိုက်သည်။

ကျောက်ကော်သည် ခေါင်းကို ဟာလာဟင်းလင်းဖြင့် ခါယမ်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နတ်ဘုရားမြို့တော်မှ အဆင့်မြင့်အရာရှိ ဆယ်ဂဏန်းကျော်တို့သည် (အားလုံးမှာ လရောင်ထွန်းလင်းနယ်ပယ် အလယ်နှင့် အနှောင်းပိုင်းများ ဖြစ်ကြသည်) ဒေါသတကြီး စိုက်ကြည့်နေကြပြီး တစ်ဦးက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ “ဒီလူသား သစ္စာဖောက်နှစ်ယောက်ကို ဖမ်းကြစမ်း...”

တစ်ချိန်တည်းမှာပင် မုန့်၏ ဆေးခန်း၌။

နေဝင်ချိန် ရောက်သည့်အခါ မုန့်ချင်ကျိုးက ယနေ့အတွက် အနားယူမည်ဖြစ်ကြောင်းနှင့် မနက်ဖြန်မှ ဆက်လက် ကုသပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

တိုင်းတပါးသားအားလုံးက ကျေနပ်အားရစွာဖြင့် ကျေးဇူးတင်စကားဆိုရင်း ထွက်ခွာသွားကြသည်။

မူလဇာတ်ကြောင်းအရဆိုရင် ကျောက်ကော်က မြို့ထဲက ကပ်ရောဂါကို ရှာတွေ့ပြီး သူ့အဖေ ကျောက်ယွီဟွမ်ကို သတင်းပို့ရမှာ။ ရှုဘုရင်က လျို့ဝှက်ချက်တွေ အများကြီး သိထားတော့ ဒါက မရိုးရှင်းဘူးဆိုတာ သိပြီး သူ့သားကို ဝင်မပါဖို့ တားခဲ့တယ်။ အဲဒီနောက် ကျောက်ယွီဟွမ်က မန္တန်ဆရာတစ်ယောက်ကို ခေါ်ပြီး မြို့စားဂေဟာကို သီးသန့်ခွဲထုတ်လိုက်တဲ့အတွက် နတ်ဘုရားကပ်ဘေး ပျံ့နှံ့မှုကို သက်သာစေပြီး ချုံးရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာ။

အခုတော့ ကျောက်ယွီဟွမ်လည်း သေသွားပြီ။ ကျောက်ကော်ရဲ့ ကံကြမ္မာကလည်း မသေချာတော့ဘူးဆိုတော့ ရှေးဟောင်းနတ်ဘုရားမြို့တော်ကို ကယ်တင်ဖို့ တာဝန်က ငါ့ပုခုံးပေါ် ရောက်လာတာပေါ့။

မုန့်ချင်ကျိုး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ညစာစားချိန်တွင်။

တုန်းဖန်လျူလီက အလွန်တိတ်ဆိတ်နေပြီးမှ ရုတ်တရက် စကားစလာသည်။

“ချင်ကျိုး... ရှင် ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားလဲ။”

မုန့်ချင်ကျိုး အံ့ဩသွားပြီးမှ တုန်းဖန်လျူလီက သူ့ကို လာရှာရန် အိမ်မှ အလျင်အမြန် ထွက်လာခဲ့ရသဖြင့် အပြင်မှာ အကြာကြီး နေနိုင်မည်မဟုတ်ကြောင်း သတိရသွားသည်။

တုန်းဖန်လျူလီ ဘာတွေလုပ်နေလဲဆိုတာ သူ မသိသော်လည်း ၎င်းက အလွန်အရေးကြီးသော ကိစ္စ ဖြစ်မည်မှာ သေချာပေသည်။။

“အင်း... မြို့ထဲက ကူးစက်ခံရတဲ့သူတွေကို အမြစ်ပြတ်အောင် ကုပေးပြီးရင်တော့ မဟာကျင်းကို အတူတူ ပြန်ကြတာပေါ့...” မုန့်ချင်ကျိုးက ပြောလိုက်သည်။

၎င်းကို ကြားသော် တုန်းဖန်လျူလီ တွန့်ဆုတ်သွား၏။

သူ ဆိုလိုသည်မှာ ထိုအရာမဟုတ်ကြောင်း ပြောချင်နေမိသည်။ အင်ပါယာ၏ အနှောင်အဖွဲ့များ မရှိသော၊ သိသူ မရှိသော၊ ဧကရီနှင့် ကြင်ရာတော် ဂုဏ်ပုဒ်များ မရှိသော ထိုနေရာလေးတွင် သူ့ကို အတူတူနေချင်ကြောင်း ပြောစေနေချင်ခြင်းပင်။ ထိုပရဒိသုဘုံလေးထဲ နောက်ထပ် ခဏလောက် အတူရှိချင်သေး၏။

ဧကရီက မသိလိုက်ဘဲ မုန့်ချင်ကျိုးကြောင့် ပြောင်းလဲသွားခဲ့ပြီး ဘဝ၏ အနှစ်သာရကို ခံစားတတ်လာကာ အရာရာကို အေးအေးဆေးဆေး ဖြတ်သန်းတတ်လာခဲ့ပြီ ဖြစ်သည်။

“ကောင်းပြီလေ...” တုန်းဖန်လျူလီ အတင်းပြုံးလိုက်သည်။

နွေးထွေးတဲ့ ဘဝဆိုတာ အိပ်မက်တစ်ခုလိုပဲ။ ငါတို့ နောက်ဆုံးတော့ လက်တွေ့ဘဝကို ပြန်သွားရမှာပဲလေ။

တုန်းဖန်လျူလီက ထမင်းပန်းကန်ကို တူဖြင့် ထိုးဆွရင်း သူဘာသာ ရေရွတ်နေမိသည်။ “ငတုံး ငါးပိကောင်၊ လူဆိုး ငါးပိကောင်၊ အနံ့နံတဲ့ ငါးပိကောင်၊ သစ်သားတုံးကြီး၊ ငတုံးကြီး...”

မုန့်ချင်ကျိုးက ဘာပြောရမှန်းမသိဘဲ ဇဝေဇဝါဖြစ်ကာ နှာခေါင်းကိုသာ ကုတ်နေမိတော့သည်။

သူတို့နှစ်ဦးစလုံး ကိုယ့်အတွေးနှင့်ကိုယ် အခန်းကိုယ်စီသို့ ပြန်သွားကြ၏။

ထိုညတွင် မုန့်ချင်ကျိုး အိပ်ပျော်သွားစဉ် စနစ်၏ အသိပေးသံက နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်-

[ တွီ... ကံကြမ္မာရဲ့ အရှင်သခင် ဇာတ်လိုက် ကျောက်ကော်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည် ]

[ ကံကြမ္မာ၏ အရှင်သခင် ကျောက်ကော် - ကံတရားတန်ဖိုး ၁၇၀၀ ရှိသည့်အနက် ၁၂၀၀ ကို သိမ်းပိုက်လိုက်ပြီ၊ ကျန်ရှိသော ကံတရားတန်ဖိုး ၅၀၀၊ ဆုလာဘ်များကို တွက်ချက်နေသည်... ]

[ ဆုလာဘ် (၁) - ဧကရာဇ်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေး၊ မည်သည့် အတားအဆီးကိုမဆို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်သည် ]

[ ဆုလာဘ်(၂) ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီခန္ဓာ၊ ကျင့်ကြံမှုနှုန်းကို ၃၀၀%၊ တိုက်ခိုက်ရေးစွမ်းရည်ကို ၃၀၀%တိုးမြှင့်ပေးပြီး၊ ရှေးဟောင်းကာလကို အိပ်မက်မက်ကာ ရှေးဟောင်းနတ်ဘုရားများ၏ စစ်မှန်သော ဇာမဏီအမွေအနှစ်ကို နားလည်နိုင်မည့် အခွင့်အရေးရှိသည်... (အခြားသူသို့ လွှဲပြောင်းပေးနိုင်သည်) ]

မုန့်ချင်ကျိုး၏ အသက်ရှူသံများ ပြင်းထန်လာပြီး ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများ လှိုင်းထသလို ခံစားလိုက်ရ၏။

စနစ်ရဲ့ ဆုလာဘ်တွေက နောက်ကျနေပေမဲ့ နောက်ဆုံးတော့ ရောက်လာပြီပဲ။

နောက်ဆုံးတိုက်ပွဲမှာ ကျောက်ယွီဟွမ် ကျရှုံးအောင် သူ ပါဝင်ခဲ့၍ ဆုလာဘ်ရမည်ကို သူ မအံ့ဩသော်လည်း ထိုမျှအထိ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဧကရာဇ်အဆင့် ဆုလာဘ် နှစ်ခုတောင်...

“ဧကရာဇ်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေးကိုတော့ အနာဂတ်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းဖို့ သိမ်းထားလို့ရတယ်။ ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီခန္ဓာကတော့ ငါ့အတွက် အသုံးမဝင်ဘူး။ ငါ့မှာ ဧကရာဇ်အဆင့်ရှိတဲ့ ကောင်းကင်ကံထူးရှင်ခန္ဓာ ရှိပြီးသားပဲ။ ဒါပေမဲ့ ဇာမဏီခန္ဓာကိုတော့ တခြားသူကို ပေးလို့ရတယ်...”

မုန့်ချင်ကျိုး မျက်လုံးမှိတ်ကာ စဉ်းစားနေမိသည်။ အစစ်အမှန် ဇာမဏီခန္ဓာကို မည်သူ့ထံ ပေးရမည်ကို သူ ဝေခွဲမရ ဖြစ်နေသည်။

တုန်းဖန်လျူလီက ကျင့်စဉ်မရှိသော သာမန်လူတစ်ယောက် ဖြစ်နေတာကြောင့် ဇာမဏီခန္ဓာ ပေးလိုက်လျှင်ပင် သိပ်ပြီး အသုံးဝင်မည် မဟုတ်ပေ။

“တကယ်လို့ သူက သာမန်လူပဲဆိုရင် သက်တမ်းက နှစ်တစ်ရာပဲ ရှိမှာ။ နောက်ဆုံး မြေမှုန့်ပဲ ဖြစ်သွားမှာ...”

နောက်တစ်စက္ကန့်တွင်တော့ မုန့်ချင်ကျိုး ဆုံးဖြတ်ချက် ချလိုက်သည်။

“သူ ကျင့်စဉ် မသိရင် ငါ သင်ပေးမယ်။ ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီခန္ဓာသာ ရှိရင် တုန်းဖန်လျူလီရဲ့ အနာဂတ် အောင်မြင်မှုက ဧကရီထက် မနိမ့်နိုင်ဘူး။”

“ဖြစ်နိုင်ရင်... ငါ ဒုတိယမြောက် ဧကရီတစ်ယောက်ကို ဖန်တီးပေးမယ်...”

ထိုအတွေးနှင့်အတူ မုန့်ချင်ကျိုး တွန့်ဆုတ်မနေတော့ဘဲ ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီခန္ဓာကို သူ့ဆီ တိတ်တဆိတ် လွှဲပြောင်းပေးပြီး ကျင့်စဉ်သင်ပေးဖို့ စီစဉ်လိုက်သည်။

မုန့်ချင်ကျိုး၏ အသက်ရှူသံက တဖြည်းဖြည်း မှန်လာပြီး အိပ်ပျော်သွားတော့သည်။ ကျင့်ကြံသူများအတွက် အိပ်စက်ရန် မလိုသော်လည်း မုန့်ချင်ကျိုးက စောစောအိပ် စောစောထသည့် အလေ့အကျင့်ကောင်းကို အမြဲ ထိန်းသိမ်းထားသူ ဖြစ်သည်။

ထိုအချိန်တွင်။

မုန့်ချင်ကျိုး၏ အခန်းတံခါးမှာ အနည်းငယ် ပွင့်ဟလာပြီး၊ အေးစက်ကာ နီမြန်းနေသော မျက်လုံးတစ်စုံက အထဲသို့ ချောင်းကြည့်လိုက်သည်။ ထို့နောက် တံခါးမှာ အပြည့်အဝ ပွင့်သွားပြီး၊ ပါးလွှာသော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လှပသော အရိပ်တစ်ခုက မုန့်ချင်ကျိုး၏ အိပ်ရာပေါ်သို့ ခြေဖျားထောက်၍ တက်လာ တော့သည်။

All Chapters