ဧကရီက နည်းနည်းလေး ဆိုးတာ ဘာမှားလို့လဲ
Vol. 5 Ch. 60
ဝိုးတဝါး အိပ်မက်ထဲတွင် မုန့်ချင်ကျိုးက အနှိုင်းမဲ့ အလှဘုရင်မတစ်ပါးကို တွေ့လိုက်ရသည်။ သူက မြင့်မြတ်လွန်းရာကနေ ရုတ်တရက် လူ့လောကထဲကို ဆင်းသက်လာပြီး သူ့လည်ပင်းကို ဖက်ကာ ရင်သပ် ရှုမောဖွယ် မျက်နှာလေးကို သူ့ရင်ခွင်ထဲ အသာအယာ တိုးဝင်လာ၏။
ရှက်စနိုးနှင့် ပြောလိုက်သော အသံလေးကိုလည်း သူ သဲ့သဲ့လေး ကြားလိုက်ရသည်။ “မျက်လုံးစည်းမပါတော့ ရှင်က ပိုကြည့်ကောင်းသားပဲ.... အနံ့နံတဲ့ ငါးပိကောင်ရဲ့။”
မုန့်ချင်ကျိုး ရုတ်တရက် နိုးလာပြီး ရင်းနှီးနေသော မွှေးရနံ့တစ်မျိုးကို ရှူရှိုက်မိလိုက်သည်။
ဒါက... တုန်းဖန်လျူလီပဲ...
ထို့နောက် မုန့်ချင်ကျိုးက သူ့ရင်ဘတ်နှင့် ကျောပြင်တွင် နွေးထွေးသော အထိအတွေ့တစ်ခုကို ခံစားလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ခါးကို ဖက်ထားပြီး မျက်နှာကို ရင်ခွင်ထဲ အပ်ထားခြင်းပင်။ နားနားမှာ ကြားနေရသော စည်းချက်မှန်မှန်နှင့် အေးချမ်းသော အသက်ရှူသံအရ တုန်းဖန်လျူလီ အိပ်ပျော်သွားကြောင်း သိသာနေ၏။
အိပ်မက်ထဲမှာ သူ မြင်ခဲ့သော အနှိုင်းမဲ့အလှလေးက သူ့နှလုံးသားထဲမှ တုန်းဖန်လျူလီ၏ပုံရိပ် ဖြစ်ပြီး၊ ထိုစကားကလည်း တကယ့်လက်တွေ့တွင် သူ ပြောလိုက်ခြင်း ဖြစ်နိုင်ကြောင်း မုန့်ချင်ကျိုး သိလိုက်သည်။
ဒီလိုအခြေအနေမျိုးမှာ သွေးကြွနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ တုံ့ပြန်မှုရှိလာတာက သဘာဝပဲလေ။
မုန့်ချင်ကျိုး၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထလာသည်။ သူက စိတ်ထဲမှ မကောင်းသော အတွေးများကို မနည်းထိန်းချုပ်ရန် အသက်ကို အကြိမ်ကြိမ် ပြင်းပြင်းရှူလိုက်ရသည်။
တုန်းဖန်လျူလီ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ခံစားမိသောအခါ မုန့်ချင်ကျိုးက မနေနိုင်ဘဲ သူ့ကို ပြန်ဖက်ပြီး နဖူးလေးကို အသာအယာ နမ်းလိုက်မိ၏။
ထိုထက်ပိုပြီး ရှေ့မတိုးဘဲ ညတာရှည်တွင် ဘဝ၏ အစအမြစ်များနှင့် ရူပဗေဒသဘောတရားများကို အနီးကပ် မလေ့လာခဲ့သည့် အကြောင်းရင်းကတော့...
မုန့်ချင်ကျိုး ခံစားချက်အရ သူတို့နှစ်ယောက် ဆက်ဆံရေးကို အတည်ပြုသည်မှာ တစ်ရက်သာ ရှိသေးသည် ဖြစ်ရာ တုန်းဖန်လျူလီ၏ ခန္ဓာကိုယ်ကို အငမ်းမရ ရယူလိုက်ခြင်းက သူပေးခဲ့သော ကတိကဝတ်များက ရည်ရွယ်ချက်တစ်ခုအတွက် ဟန်ဆောင်ထားသော လူယုတ်မာတစ်ယောက်လို ဖြစ်သွားမည်ကို စိုး၍ပင်။
“အင်း...”
ရုတ်တရက် တုန်းဖန်လျူလီက သူ့ရင်ခွင်ထဲ လူးလွန့်လိုက်ပြီး သူ၏ နှုတ်ခမ်းနီနီလေးများက မုန့်ချင်ကျိုး၏ မေးစေ့ကို မတော်တဆ ဖိကပ်မိသွားသည်။
“ပြွတ်...”
တုန်းဖန်လျူလီက သတိလစ်နေသလိုနှင့် ပါးစပ်လေးဟပြီး စုပ်လိုက်ကာ မုန့်ချင်ကျိုး၏ခါးကို ဖက်ထားသော လက်များကို ပိုပြီး တင်းကျပ်လိုက်၏။
မုန့်ချင်ကျိုး - ....
ဒါက လူကို စမ်းသပ်နေတာလား...
မရတော့ဘူး၊ ငါက မိန်းမစိုး မဟုတ်ဘူး။ ငါက သန်မာတဲ့ ယောကျ်ားတစ်ယောက်ကွ...
မုန့်ချင်ကျိုး၏ လက်များက တုန်းဖန်လျူလီ၏ မို့မောက်သော ရင်အစုံဆီကို တက်လှမ်းသွားပြီး ရှေ့ဆက်ရန် ပြင်လိုက်စဉ်မှာပင် တုန်းဖန်လျူလီက အိပ်မက်ဆိုးမက်သလိုမျိုး ညည်းလိုက်ပြီး မုန့်ချင်ကျိုးကို တွန်းထုတ်ကာ ဘေးဘက်ကို ကွေးကွေးလေး လှိမ့်သွားတော့သည်။
ဒီကြောင်သူတော်မလေးတော့...
“မင်း အိပ်ချင်ယောင်ဆောင်နေတာ မဟုတ်လား...” မုန့်ချင်ကျိုးက နဖူးတွင် အကြောတွေ ထောင်ထလာပြီး အံကြိတ်ကာ မေးလိုက်သည်။
တုန်းဖန်လျူလီ ဘာမှပြန်မဖြေဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုမျိုး ကွေးနေလိုက်သည်။
ကောက်ကျစ်တဲ့ ကောင်ကလေး၊ တစ်နေ့ကျရင်တော့ မင်းကို ရတနာမျှော်စင်ထဲ ထည့်ပစ်ရမယ်... အဲဒီကျမှ မင်း ဆိုးဦးမလား ကြည့်ရသေးတာပေါ့။
မုန့်ချင်ကျိုးက စိတ်ငြိမ်ဂါထာကို စိတ်ထဲက ရွတ်ဆိုရင်း တွေးလိုက်သည်။
ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်မှ တုန်းဖန်လျူလီလေးကို လက်စားချေမယ်။
“ဒုတိယအစ်ကို၊ အိပ်ချင်သေးလား။”
“အစ်ကိုကြီး၊ ကျွန်တော် အိပ်လို့မရတော့ဘူး၊ ရင်တွေ အရမ်းခုန်နေပြီ...”
ညတာက ဘာမှ ထပ်မဖြစ်ဘဲ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် တုန်းဖန်လျူလီက အိပ်ရေးဝဝနှင့် အပျင်းကြောဆန့်ပြီး ခေါင်းလှည့် ကြည့်လိုက်ရာ ကုတင်ဘေးတွင် သစ်သားရုပ်ထုကြီးလို ထိုင်နေသော မုန့်ချင်ကျိုးကို တွေ့လိုက်ရ၏။
“ဟမ်...”
“ရှင် ကျွန်မကုတင်ပေါ်မှာ ဘာလုပ်နေတာလဲ။”
မုန့်ချင်ကျိုးက နှာခေါင်းရှုံ့လိုက်ရင်း ပြောသည်။ “ဆက်ပြီး ဟန်ဆောင်နေလိုက်...”
တုန်းဖန်လျူလီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး နှုတ်ခမ်းလေးကို အံ့ဩသလို အုပ်ကာ ဆိုသည်။ “မဟုတ်ပါဘူး၊ ကျွန်မက ဘာလို့ ရှင့်ကုတင်ပေါ် ရောက်နေတာလဲ။”
ထိုသို့ပြောရင်း တုန်းဖန်လျူလီက ကျောက်စိမ်းလို လက်ချောင်းလေးနှင့် နှုတ်ခမ်းအောက်နားကို ထိလိုက်ပြီး တစ်ခုခုကို သတိရသွားသလိုမျိုး ရင်ဘတ်ကို အမြန်ဖုံးကာ ဒေါသတကြီး မေးလိုက်သည်။
“ရာဂစိတ်ထနေတဲ့ ငါးပိကောင်၊ မနေ့ညက ကျွန်မကို အခန်းထဲကနေ ခိုးထုတ်လာပြီး တစ်ခုခု လုပ်ခဲ့တာလား...”
မုန့်ချင်ကျိုးက လက်ခလယ် ထောင်ပြလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ဘာမှမပြောတော့ပေ။
“ဟီးဟီး...”
တုန်းဖန်လျူလီ၏ မျက်ဝန်းထဲ လည်ပတ်သော အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားတယ်။ သူက စောင်ကို မလိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ ဘေးမှ အဝတ်အစားများကို ယူပြီး အေးအေးလူလူပင် ဝတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က မျက်စိမမြင်တာဆိုတော့ သူ ဘာမှ စိုးရိမ်စရာမလိုပါဘူး။
“ရှင်က အခြေအနေကို အခွင့်ကောင်းမယူဘဲ အိပ်ခဲ့တာဆိုတော့ ဒီတစ်ခါတော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ် ပေးလိုက်မယ်။”
“ကဲ... တံခါးဖွင့်ပြီး လူနာတွေ လက်ခံဖို့ အချိန်တန်ပြီ။”
မုန့်ချင်ကျိုး မျက်နှာကြီး ရှုံ့မဲ့သွားပြီး သွားကိုက်သလို ဖြစ်သွားရသည်။ “တုန်းဖန်လျူလီ။ မင်းကို သိမ်မွေ့ပြီး လိမ္မာတဲ့ ဇနီးကောင်းလေးလို့ ထင်ခဲ့တာ၊ တကယ်တော့ မင်းက စုန်းမလေး ဖြစ်နေတာပဲ။”
တုန်းဖန်လျူလီက ပြန်မဖြေဘဲ ခိုးပြီး မျက်စောင်းထိုးလိုက်သည်။
ဧကရီပဲ၊ နည်းနည်းလေး ဆိုးတာ ဘာမှားလို့လဲ။ မိန်းမတစ်ယောက်က မဆိုးရင် ယောကျ်ားက ချစ်မှာမဟုတ်ဘူး။
ပြီးတော့ ကျွန်မကသာ အရင်ဦးအောင် မလှုပ်ရှားရင် ရှင့်လို သစ်သားတုံးကြီးက ဘယ်တော့မှ ကျွန်မရဲ့ ခံစားချက်တွေကို သိမှာလဲ။
တစ်သက်လုံး အချစ်ဂိမ်းတွေပဲ ဆော့နေစေချင်တာလား။
သို့သော်လည်း...
မနေ့ညက မုန့်ချင်ကျိုး ရုတ်တရက် သားရဲတစ်ကောင်လို အသက်ရှူသံများ ပြင်းထန်ပြီး ကြမ်းတမ်းလာပုံကို ပြန်တွေးမိရာ တုန်းဖန်လျူလီ နည်းနည်းတော့ ကြောက်မိသွားသည်။
တိုင်းပြည်ပေါင်းစုံ၏ ဝိုင်းရံပိတ်ဆို့မှုနှင့် သွေးချောင်းစီး စစ်မြေပြင်ကို ရင်ဆိုင်ရချိန်မှာပင် ဧကရီသည် မျက်မှောင်မကြုတ်ခဲ့ဖူးပေ။၊ ယခုတော့ သူ၏ ရင်များ တဒိန်းဒိန်း ခုန်နေရ၏။
မနက်စာစားပြီးနောက် မုန့်ချင်ကျိုးက လူနာလက်ခံရန် တံခါးကို ချက်ချင်း မဖွင့်သေးဘဲ တုန်းဖန်လျူလီကို မေးလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုခု ခံစားရလား။ သေချာလေး အာရုံစိုက်ကြည့်ပြီး ငါ့ကို ပြောပြဦး။”
၎င်းကို ကြားသော် တုန်းဖန်လျူလီ၏ အမူအရာက တည်တည်တံ့တံ့ ဖြစ်သွားပြီး သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ဘာကို ဆိုလိုတာလဲ။”
တုန်းဖန်လျူလီက ဝမ်းဗိုက်အောက်ပိုင်းကို အမြန်အုပ်လိုက်ပြီး အလွန်ပင် လေးလေးနက်နက်နဲ့ ပြောသည်။ “နေပါဦး... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလား။ မနေ့ညက ကျွန်မ သတိမထားမိတဲ့အချိန်မှာ ရှင် သားရဲတစ်ကောင်လို တစ်ခုခု လုပ်လိုက်တာလား။”
“အဲဒါဆိုရင် ကိုယ်က သားရဲထက်တောင် ယုတ်မာတဲ့သူ ဖြစ်မှာပေါ့...” မုန့်ချင်ကျိုးက စိတ်ပျက်လက်ပျက်နှင့် နဖူးကို ပွတ်လိုက်၏။
စုန်းမလေး... ငါ့ရဲ့ အရင်က တုန်းဖန်လျူလီကို ပြန်ပေးစမ်း...
မင်း တစ်ခုခု ပူးကပ်ခံနေရတာလား။ ဘယ်လိုဖြစ်လို့ ဒီလိုကြီး ဖြစ်သွားတာလဲ...
“သားရဲထက် ယုတ်မာတယ်။” တုန်းဖန်လျူလီ မျက်မှောင်ကြုတ်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။ “ရှင် တကယ်ပဲ လုပ်လိုက်တာလား။”
“ဘာလို့ ကျွန်မ ဘာမှမခံစားရတာလဲ။ ဒါဆိုရင်... ချင်ကျိုး၊ ရှင်က တစ်မိနစ်ယောကျ်ား လား။”
မုန့်ချင်ကျိုး သွေးအန်မတတ် ဖြစ်သွားပြီး မနေ့ညက အဆုံးထိ မလုပ်ခဲ့မိသည်ကို ပိုပိုပြီး နောင်တရလာမိသည်။ ဘာစစ်မှန်တဲ့ အချစ်လမ်းစဉ်တွေ လျှောက်နေမိတာလဲ... အခုတော့ ကြည့်ဦး၊ ဒီစုန်းမရဲ့ စကားတွေအောက်မှာ လုံးဝ အရှုံးပေးလိုက်ရပြီ။
“စတာပါ...” တုန်းဖန်လျူလီ ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ် အပြောင်းအလဲကို စစ်ဆေးလိုက်သည်။
အစပိုင်းတွင် တုန်းဖန်လျူလီသည် မုန့်ချင်ကျိုးက မြို့ထဲမှ ကပ်ရောဂါ ကူးစက်ခံရမည်ကို စိုးရိမ်၍ လျှောက်မေးနေသည်ဟု ထင်ပြီး ပေါ့ပေါ့ပါးပါးပင် စစ်ဆေးနေခဲ့သည်။
သို့သော် မကြာခင်မှာပင် တုန်းဖန်လျူလီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး အမူအရာက အလေးအနက် ဖြစ်လာ၏။
ဒါ ဘာဖြစ်တာလဲ။
ငါ့ရဲ့ စိတ်အာရုံထဲမှာ ဘာလို့ အမွေအနှစ် အမှတ်အသား တစ်ခု ရှိနေတာလဲ။
တုန်းဖန်လျူလီ၏ နတ်ဘုရားအာရုံက စိတ်ပင်လယ်ထဲမှာ လွင့်မျောနေတဲ့ အနီရင့်ရောင် အမွေအနှစ် အမှတ်အသားထဲကို တိုးဝင်သွား၏။
နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် စိတ်ကူးတစ်ခုဟာ အဆင့်မြင့်ဆုံး ကွန်ပျူတာ တွက်ချက်မှုထက်ပင် မြန်ဆန်သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာတင် တုန်းဖန်လျူလီ မျက်လုံးကို ဖွင့်လိုက်သည်။
အစစ်အမှန် ဇာမဏီအမွေအနှစ်...
ဒဏ္ဍာရီလာ ကောင်းကင်ထောက်တိုင်နယ်ပယ် သတ္တဝါကြီးရဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်တဲ့လား...
ကောင်းကင်ထောက်တိုင်နယ်ပယ်အထိ တိုက်ရိုက်ရောက်အောင် လမ်းပြပေးနိုင်တဲ့ အမွေအနှစ်ပဲ...
၎င်းတင် မကသေးပေ။ တုန်းဖန်လျူလီက သူ၏ ကျင့်ကြံမှုနှုန်းမှာ အဆပေါင်းများစွာ တိုးတက်လာသည်ကို တွေ့လိုက်ရသလို၊ သူ၏ ဒန်တျန်ထဲမှ ဝိညာဉ်စွမ်းအင်များလည်း အကြီးအကျယ် ဖောင်းပွလာပြီး တိုက်ခိုက်ရေး စွမ်းရည်နှင့် ခံနိုင်ရည်က သိသိသာသာ တိုးလာသည်ကို တွေ့လိုက်ရ၏။
တစ်ညတည်း အတွင်းမှာတင် တုန်းဖန်လျူလီက ကောင်းကင်ထောက်တိုင်နယ်ပယ်အတွက် လျာထားခံရတဲ့သူ ဖြစ်သွားလေပြီ...
၎င်းကို တစ်စုံတစ်ယောက်ထံ သွားပြောလျှင် မည်သူမှ ယုံကြည်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းက လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်၍ပင်။ သို့သော် ၎င်းက တကယ်ဖြစ်လာခဲ့လေပြီ။
၎င်းကို အတင်းအကျပ် ဖော်ပြရမည်ဆိုလျှင်တော့ စကားလုံးတစ်လုံးတည်းပဲ ရှိတော့သည်။ ဒဏ္ဍာရီပင်...
“ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ။” တုန်းဖန်လျူလီ စိတ်လှုပ်ရှားမှုကို မနည်းထိန်းရင်း မုန့်ချင်ကျိုးကို ကြည့်လိုက်သည်။
“လန်းဆန်းသွားပြီး ကမ္ဘာကြီးက အရင်နဲ့မတူတော့သလိုမျိုး ခံစားရလား။” မုန့်ချင်ကျိုး ပြုံးလိုက်သည်။
ထိုအချိန် မုန့်ချင်ကျိုးက တုန်းဖန်လျူလီကို ကျင့်ကြံခြင်းလမ်းစဉ်ထဲ မည်ကဲ့သို့ အဆင့်ဆင့် လမ်းပြရမလဲ၊ အစစ်အမှန် ဇာမဏီအမွေအနှစ်ကို နားလည်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုသည်ကိုသာ တွက်ချက်နေ၏။
သူ့ဇနီးက မဟာကျင်း၏ အသန်မာဆုံးပုဂ္ဂိုလ်၊ မဟာကျင်း ဧကရီ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
တုန်းဖန်လျူလီက အစစ်အမှန် ဇာမဏီအမွေအနှစ်ကို အပြည့်အဝ နားလည်သွားပြီး ဧကရာဇ်အဆင့် ခန္ဓာကိုယ်ကိုပါ အသက်သွင်းလိုက်နိုင်ပြီ ဆိုသည်ကိုလည်း သူ မသိလိုက်ပေ။
“လွန်ခဲ့တဲ့ သုံးနှစ်က လောကအလယ် လှည့်လည်သွားလာရင်း မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးကြီးတစ်ယောက်ကို ငါတွေ့ခဲ့တယ်။ သူက ငါ့ကို ထူးခြားတဲ့ အာနိသင်ရှိတဲ့ ဆေးလုံးတစ်လုံး ပေးခဲ့တယ်။ အဲဒါက လူတစ်ယောက်ရဲ့ ပါရမီကို မြှင့်တင်ပေးပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်အောင် ကူညီပေးနိုင်တယ်တဲ့။”
“မနေ့ညက အဲဒါ မင်းကို ကိုယ် တိတ်တဆိတ် တိုက်လိုက်တာ။”
မုန့်ချင်ကျိုးက ဂုဏ်ယူဝင့်ကြွားစွာနှင့် သူ့ခါးသူ ထောက်လိုက်သည်။
ဟဲဟဲ... ငါ့ကို ချီးကျူးလိုက်စမ်းပါ။ ဇနီးလေး...