← Chapters

ရှိုက်ကြီးတငင် ငိုကြွေး‌တော့မည့် တုန်းဖန်လျူလီနှင့် အမှန်တရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေခြင်း

Vol. 5 Ch. 61

ရှိုက်ကြီးတငင် ငိုကြွေး‌တော့မည့် တုန်းဖန်လျူလီနှင့် အမှန်တရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေခြင်း

Vol. 5 Ch. 61

တုန်းဖန်လျူလီက လက်ပိုက်ထားရင်း လှပသော မျက်နှာထက်တွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေသည်။ “ဆက်ပြောပါဦး၊ ဆက်ပြီးတော့ ဟန်ဆောင်နေလိုက်ဦး။”

အချိန်အတော်ကြာပြီးနောက်တွင် သူက နောက်ဆုံးတွင် စကားဆိုလာသည်။ “ကျွန်မ အမှန်တရားကိုပဲ ကြားချင်တယ်။”

ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဦးတည်နိုင်သည့် အမွေအနှစ်အမှတ်အသား တစ်ခုသည် တိုင်းပြည်များ အကြား စစ်မီးတောက်လောင်စေရန်နှင့် နံနက်ခင်းအလင်းနယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်ထူးများ ထွက်ပေါ်လာပြီး လုယူတိုက်ခိုက်ရမည့် သွေးချောင်းစီးသောခေတ် တစ်ခေတ်ကို ဖန်တီးရန် လုံလောက်လှသည်။

သို့သော် ယခုတွင်မူ မုန့်ချင်ကျိုးက ၎င်းကို သူ့အား အမှတ်မထင် ပေးအပ်ခဲ့သည်။ တုန်းဖန်လျူလီအတွက် လက်ခံရန် အလွန်ခက်ခဲနေခဲ့၏။

မုန့်ချင်ကျိုး ကြောင်အမ်းသွားရသည်။

သူ မျှော်လင့်ထားသည့် “တုန်းဖန်လျူလီက မထင်ထားတဲ့ လက်ဆောင်ကြောင့် စိတ်လှုပ်ရှားသွားမှာ” ဆိုသည့် မြင်ကွင်းက ဖြစ်မလာခဲ့ပေ။ ထိုအစား လျူလီက သူ့ကို ပြန်လည်မေးခွန်းထုတ်နေသည်။

၎င်းက သူ့ကို လုံးဝဇဝေဇဝါ ဖြစ်သွားစေ၏။ အရာအားလုံးကို သိနေပုံရသည့် မုတ်ဆိတ်ဖြူအဘိုးကြီး ပေးခဲ့သော ဆေးလုံးမှာ အဆင်ပြေပုံရသော်လည်း...

ထိုမုတ်ဆိတ်ဖြူအအဘိုးကြီး ပေါ်လာသည့် အကြိမ်အရေအတွက်က နည်းနည်း များလွန်းနေသလိုပင်။

မုန့်ချင်ကျိုး သက်ပြင်းချလိုက်ပြီး ပြောသည်။ “တကယ်တော့... ကိုယ် ရှေးဟောင်းအပျက်အစီးတစ်ခုထဲမှာ ချိပ်ပိတ်တစ်ခု တွေ့ခဲ့တာ။ အဲဒါက ပုဂ္ဂိုလ်ထူးတစ်ယောက်ရဲ့ အမွေအနှစ်အမှတ်အသားလို့ ပြောကြတယ်။”

“မင်းမှာ ကျင့်စဉ်အဆင့် မရှိတာကို ကိုယ် သိတယ်။ မင်းရဲ့ အရည်အချင်း မလောက်ငလို့ပဲ ဖြစ်ဖြစ်ပေါ့... ဒါပေမဲ့ အနာဂတ်မှာ ကိုယ်တစ်ယောက်တည်း ကျန်ရစ်ခဲ့မယ့် အခြေအနေမျိုးကို မမြင်ချင်ဘူး။”

မုန့်ချင်ကျိုးက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောသည်။ “လျူလီ... ကိုယ် မင်းနဲ့အတူ လက်တွဲပြီး အိုမင်းသွားချင်တာပါ...”

စကားလုံးတိုင်းမှာ သူ့နှလုံးသားထဲမှ လာသည့် စစ်မှန်သော စကားများပင်။ သို့သော်လည်း မုန့်ချင်ကျိုးက အရေးကြီးသော အချက်ကို ရှောင်လွှဲပြီး သာမန်အချက်ကိုသာ ဇောင်းပေးသည့် နည်းလမ်းကို ပါးနပ်စွာ သုံးကာ အမွေအနှစ်အမှတ်အသား၏ တန်ဖိုးနှင့် ဇစ်မြစ်ကို ဖုံးကွယ်ခဲ့သည်။

မင်းနဲ့အတူ လက်တွဲပြီး အိုမင်းသွားချင်တယ်...

တုန်းဖန်လျူလီ ဆွံ့အသွားရ၏။ ထိုစကားအနည်းငယ်က သူ၏ နားထဲတွင် မိုးထစ်ချုန်းသံလို ဟိန်းထွက်နေသည်။

သူကလည်း သက်တမ်းနှစ်(၁၀၀)ပဲရှိတဲ့ သာမန်လူသားတစ်ယောက်ပဲလေ... ဒါတောင် ငါ့ကို သာမန်လူ တစ်ယောက်လို့ ထင်ပြီး ဒီလောက်တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်အမှတ်အသားကို ပေးခဲ့တယ်...

ဒါပေမဲ့ ငါကျတော့...

သူက သာမန်လူတစ်ယောက်ဆိုတာ သိခဲ့ပေမဲ့ တစ်ခါမှ အလေးအနက် မထားခဲ့မိဘူး။

တုန်းဖန်လျူလီ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရုတ်တရက် ဝဲတက်လာသည်။ သူက အောက်နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားရင်း စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပြောလိုက်သည်။ “အမွေအနှစ် အမှတ်အသားရဲ့ တန်ဖိုးကို လူတိုင်းသိတယ်။ လရောင်ထွန်းလင်းနယ်ပယ်အောက်က လူတွေဆိုရင် ဒါကို ဆက်ခံဖို့တောင် မထိုက်တန်ဘူး။ ဘာလို့ ရှင်က ဘာမှမစဉ်းစားဘဲ ကျွန်မကို ပေးလိုက်ရတာလဲ။”

မုန့်ချင်ကျိုး ရှင်းပြရန် ပြင်လိုက်သော်လည်း တုန်းဖန်လျူလီက ကြားဖြတ်ပြောလိုက်ပြန်သည်။

သူ၏အသံမှာ ရှိုက်သံသဲ့သဲ့ ပါနေသော်လည်း နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းမျိုး မဟုတ်ဘဲ မေးခွန်းထုတ်သည့် အသံမျိုးဖြစ်သည်။ “ပြီးတော့ ရှင်...ရှင်က သာမန်လူသားတစ်ယောက်ပဲ။ ဒီလောက် အဘိုးတန်တဲ့ ကျင့်စဉ်အခွင့်အရေးကို ကျွန်မဆီ ပေးလိုက်ပြီးရင် ရှင်က ကျွန်မနဲ့ ဘယ်လိုလုပ်ပြီးတော့ အတူတူ အိုမင်းနိုင်မှာလဲ။”

“မုန့်ချင်ကျိုး၊ ကျွန်မ မေးတာကိုဖြေ...”

မုန့်ချင်ကျိုး ခဏမျှ တိတ်ဆိတ်သွားသည်။ ပြင်ဆင်ထားသည့် ရှင်းပြချက် အားလုံးကို မေ့လျော့သွားပြီး ရိုးရှင်းစွာပင် ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ရဲ့ ဇနီးလေ။ အဲဒီအကြောင်းပြချက်က လုံလောက်ရဲ့လား။”

ချက်ချင်းဆိုသလိုပင် တုန်းဖန်လျူလီ၏ နှလုံးသားထဲမှ အတားအဆီးတစ်ခု ပြိုလဲသွားသလို ခံစားလိုက်ရသည်။ သူက မုန့်ချင်ကျိုးကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းနှင့် နှလုံးသားထဲတွင် စုတ်ချာချာ လူငယ်လေးမှအပ ဘာမှ မရှိတော့။

တစ်သက်လုံး စစ်မြေပြင်တွင် အချိန်ကုန်ခဲ့ပြီး၊ တိုင်းပြည်ပေါင်းစုံကို နှိမ်နင်းကာ ပထမဆုံးအချစ်ကို ရှာဖွေ နေခဲ့သည့် ဧကရီက ရုတ်တရက် ခံစားလိုက်ရသည်မှာ...

တစ်လောကလုံးနှင့် ဆုပ်ကိုင်ရခက်သော ကျင့်စဉ်လမ်းထက်စာလျှင် သူ့အရှေ့မှ လူသားသည်သာ အရေးအကြီးဆုံး ဖြစ်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် တုန်းဖန်လျူလီ၏ စိတ်ထဲ၌ နောင်တများ ပြည့်နှက်သွားပြီး မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။

...

ငါ ဘာလို့ ဒီလို အလိမ်အညာတွေကို ဖန်တီးဖို့ ဒီလောက်ထိ ကြိုးစားနေခဲ့မိတာလဲ။ ငါက မဟာကျင်းရဲ့ ဧကရီပါ၊ ရှင်က ဧကရီရဲ့ ကြင်ရာတော်လို့ ဘာလို့ စောစောက မပြောခဲ့မိတာလဲ...

ငါ့အတွက် မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဒီအမွေအနှစ်အမှတ်အသား မလိုဘူး။ ပိုခက်ခဲမယ် ဆိုရင်တောင် အခွင့်အရေးက ရှိနေသေးတာပဲ...

...

သို့သော် ယခုမူ ဤတစ်ခုတည်းသော အစစ်အမှန်ဇာမဏီအမွေ အနှစ်အမှတ်အသားကို သူတို့နှစ်ယောက်ထဲတွင် ၎င်းကို အလိုအပ်ဆုံးမဟုတ်သည့် သူ့ထံ ပေးအပ်လိုက်မိလေပြီ။

“လျူလီ၊ ဘာလို့ ငိုနေတာလဲ။” မုန့်ချင်ကျိုးက လက်လှမ်းပြီး သူ၏ ပါးပြင်ကို တို့ထိကာ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်သည်။

တုန်းဖန်လျူလီ၏ ပခုံးများမှာ ရှိုက်ငိုမှုကြောင့် တုန်ရင်နေပြီး နီရဲနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ကာ ပြောသည်။ “ချင်ကျိုး... ကျွန်မ အရမ်းကို နောင်တရတယ်၊ တကယ်ကို နောင်တရမိတယ်...”

မုန့်ချင်ကျိုးက ဇဝေဇဝါဖြင့် ခေါင်းစောင်းကြည့်ပြီး ပြောသည်။ “ကိုယ့်ကို လက်ထပ်မိတာ နောင်တရတာလား။ မလုပ်ပါနဲ့... မင်းက တကယ်ကြီးလား။ အတူတူနေပြီးမှ ငါ့ကို အသားလွတ်ကြီး ပစ်ပယ်တော့မလို့လား။”

ဟစ်...

တုန်းဖန်လျူလီမှာ ရယ်ချင်သွားပြီး သူ့ရင်ဘတ်ကို အသာအယာ ထိုးလိုက်ကာ နှုတ်ခမ်းလေးစူလျက် ပြောသည်။ “ဘာတွေ လျှောက်ပြောနေတာလဲ...”

ထို့နောက် တုန်းဖန်လျူလီက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆိုသည်။ “ကျွန်မ ရှင့်ကို အလေးအနက် မေးခွန်းတစ်ခု မေးချင်တယ်။ နောက်ပြောင်တာမျိုး မလုပ်နဲ့နော်။ နားလည်လား။”

မုန့်ချင်ကျိုးမှာ နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ “အင်းပါ။ မေးလေ။”

တုန်းဖန်လျူလီက ကြီးမားသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အသက်ကို ခပ်ပြင်းပြင်းရှူကာ တစ်လုံးချင်း ပြောလိုက်သည်။ “မဟာကျင်းနဲ့ ဧကရီအပေါ် ရှင့်ရဲ့ အမြင်က ဘယ်လိုလဲ။ ကျွန်မကို ရှင့်ရဲ့ ခံစားချက်အမှန် ပြောပြ...”

မူလက ပစ္စုပ္ပန်ရွာကို တည်ဆောက်ပြီး နန်းတွင်းအရာရှိများကို အမှန်တရား ဖုံးကွယ်ထားခြင်းမှာ မုန့်ချင်ကျိုးကို ကောက်ကျစ်သော အမတ်များ၏ အသုံးချခံခြင်း မခံရစေရန် ဖြစ်သည်။ သူ့ကို အေးအေးဆေးဆေး နေစေပြီး ဧကရီအတွက် အရာရှိများ၏ ပါးစပ်ကို ပိတ်ပေးထားသည့် ဒိုင်းတစ်ခုအဖြစ် ထားရှိရန်သာ ဖြစ်သည်။

ယခုအချိန်တွင်မူ ဧကရီက မုန့်ချင်ကျိုးကို ကောင်းမွန်စွာ နားလည်လာခဲ့ပြီ ဖြစ်ကာ သူ့ကို နှလုံးသားထဲမှ အရေးကြီးပုဂ္ဂိုလ်၊ သူ၏ တရားဝင်ကြင်ရာတော်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရန်မှာ မလိုအပ်တော့ဟု ထင်သည်။

သို့သော် အရာအားလုံးကို မဖွင့်ဟခင် ဧကရီအပေါ် မုန့်ချင်ကျိုး၏ ခံစားချက်အမှန်ကို သိလိုသေးသည်။ အမှန်တရားကို ဖွင့်ပြောပြီးပြီးချင်း ကွာရှင်းပြတ်စဲသည့် မြင်ကွင်းမျိုး ဖြစ်သွားမှာကို သူ မလိုလားပေ။

၎င်းကို ကြားလိုက်ရသော် မုန့်ချင်ကျိုး အံ့အားသင့်သွားသည်။

ဘုရားရေ... နောက်ဆုံးတော့ ဒီအကြောင်းအရာ ရောက်လာပြီပဲ...

မဟာကျင်းတွင် သူသည် မုန့်ချင်း ဟု နာမည်ပြောင်းကာ ယဉ်ကျေးမှုနှင့် သာသနာရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ တုန်းဖန်လျူလီက ၎င်းကို အမြဲသိနေခဲ့ပြီး ဧကရီ၏ချစ်သူဆိုသည့် ကောလာဟလ ကိုလည်း ကြားဖူးပေလိမ့်မည်။

မုန့်ချင်ကျိုးက ဤကောလာဟလသည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ထိခိုက်မည် စိုးရိမ်နေခဲ့ပြီး မည်ကဲ့သို့ ရှင်းပြရမမည်ကိုလည်း ကြိုတင်စဉ်းစားထားခဲ့သည်။

တုန်းဖန်လျူလီက စတင်မေးလာမှတော့ သူ ကောင်းကောင်း ဖြေရှင်းပြရမည် မဟုတ်ပါလား။

မုန့်ချင်ကျိုးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး တရားမျှတမှုကို မြတ်နိုးသူ တစ်ယောက်ကဲ့သို့ မျက်နှာပေးဖြင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဧကရီရဲ့ ဂုဏ်သတင်းက အထူးတလည် ရှင်းပြနေစရာ မလိုဘူး မဟုတ်လား။ ရက်စက်ကြမ်းကြုတ်ပြီး၊ အလုပ်ကိုပဲ ဦးစားပေးတဲ့ ဘာခံစားချက်မှ မရှိတဲ့ မိန်းမကြီးလေ။ လူသတ်စက်ရုပ်တစ်ရုပ်လိုပဲ။ တိုင်းပြည်တွေအတွက် အိပ်မက်ဆိုးကြီးပေါ့၊ ငရဲခန်းကို ဖန်တီးတဲ့သူ...”

“အဲဒီ ဧကရီကသာ ကိုယ့်ကို မြို့တော်ကို လာပြီး အရာရှိလုပ်ဖို့ အတင်းအကျပ် မခိုင်းခဲ့ရင် ကိုယ်ကတော့ သူ့ကို အဖက်တောင် လုပ်မှာမဟုတ်ဘူး...”

“ဒီလို မိန်းမမျိုးက ကိုယ့်ရဲ့ အရှေ့မှာ အဝတ်အစားမပါဘဲ ရှိနေရင်တောင် ကိုယ် မုန့်ချင်ကျိုးက မျက်တောင် တစ်ချက်တောင် ခတ်မှာ မဟုတ်ဘူး...”

သူ့စကား ဆုံးသည့်အခါ အခန်းထဲတွင် တိတ်ဆိတ်သွား၏။

မုန့်ချင်ကျိုးက သူပြောခဲ့သည့် စကားများကို သေချာပြန်စဉ်းစားကြည့်လိုက်ရာ ဘာမှ အမှားမရှိဟု ခံစားရသည်။ ဟုတ်ပြီ... စာမေးပွဲဖြေဆိုမှုနဲ့ အရေးအသားမှာ အမှတ်ပြည့်ပဲ...

ဧကရီ၏ ချစ်သူဆိုသည့် ကောလာဟလကို ရှင်းပြနေစရာ မလိုတော့ပေ။ ဧကရီအပေါ် သူ၏ ရွံရှာမုန်းတီးမှုကိုသာ ပြသလိုက်လျှင် တုန်းဖန်လျူလီ၏ စိုးရိမ်မှုများက သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မည်။

ငါကတော့ ပါရမီရှင်ပဲ။ မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်လိုက်၏။ မျက်မှန်သာ ရှိနေလျှင် ထိုထက်ပိုပြီး စတိုင် ကျသွားမည်မှာ သေချာသည်။

သို့သော် တုန်းဖန်လျူလီသည် သူ၏ ကြမ်းတမ်းသော တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းထဲက မျှော်လင့်ချက်များ ချက်ချင်း မှေးမှိန်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။

သူ လုံးဝ ဆွံ့အသွားရ၏။

ဒါဖြင့်... မုန့်ချင်ကျိုးရဲ့ နှလုံးသားထဲက ဧကရီရဲ့ပုံရိပ်က ဒီလောက်တောင် ကြည့်မရအောင် ဆိုးဝါးနေတာလား။ သူ့ရှေ့မှာ အဝတ်မပါဘဲ ရှိနေရင်တောင် ကြည့်မှာ မဟုတ်ဘူးတဲ့လား။

“အဲဒါ မဟုတ်ပါဘူး...” တုန်းဖန်လျူလီက ဇွတ်ငြင်းလိုက်သည်။ သူ၏ လှပသော မျက်နှာလေးမှာ ခရမ်းရောင် သမ်းကာ နီမြန်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “သူက ရက်စက်ကြမ်းကြုတ်တာ မဟုတ်ပါဘူး၊ ရန်သူတွေနဲ့ လက်အောက်ငယ်သားတွေကို နိုင်နင်းဖို့ နည်းနည်းလေး ခပ်ပြတ်ပြတ်နေတာပါ...”

“အလုပ်ကို ဦးစားပေးတယ်ဆိုတာ ဧကရီက ကြိုးစားတယ်လို့ အဓိပ္ပာယ်ရတာ မဟုတ်ဘူးလား။ အဲဒါ ကောင်းတဲ့ အချက်ပဲလေ၊ ဟုတ်တယ်မလား။”

“ဘာခံစားချက်မှမရှိတဲ့ လူသတ်စက်ရုပ်၊ တိုင်းပြည်တွေအတွက် အိပ်မက်ဆိုး၊ ငရဲခန်းကို ဖန်တီးသူ ဆိုတာတွေက အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပဲ... အဓိပ္ပာယ်မရှိလိုက်တာ...”

ဤသို့ပြောရင်း တုန်းဖန်လျူလီ ရှက်ရွံ့လွန်း၍ မျက်နှာနီမြန်းသွားကာ အိုးတိုးအန်းတန်းနှင့်င့် ပြောလိုက်သည်။ “တကယ်တော့... ဧကရီက အရမ်းနူးညံ့ပြီး သီလရှိတဲ့သူပါ၊ ပြီးတော့ သူရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း တကယ့်ကို လှတယ်...”

All Chapters