← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

Chapter 490: အန်းဝူနဲ့အတူ သေကြပေတော့

နတ်ဆိုးနှိမ်နင်းရေး ပင်လယ်၊ စတုတ္ထအလွှာ။

ဝူး... ဝူး... ဝူး...

လမ်းကြောင်းထဲမှနေ၍ ပုံရိပ်အချို့ လျှပ်စီးလက်သကဲ့သို့ ပြေးထွက်လာကြသည်။ ၎င်းတို့မှာ အန်းမိုင်၊ လန်ပန် နှင့် ယွမ်ထိုက် တို့ပင် ဖြစ်သည်။

အန်းမိုင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ရွေ့လျားနေ၏။ ဒဏ်ရာရထားသည့်တိုင်အောင် သူနှင့် သားရဲဘုရင်နှစ်ပါးကြားရှိ အကွာအဝေးကို အလွယ်တကူပင် ပိုမိုဝေးကွာသွားစေသည်။

လန်ပန်နှင့် ယွမ်ထိုက်တို့မှာမူ ကျန်ရှိနေသော သွေးစွမ်းအင်များကို သွေးလောင်ကျွမ်းစေသည့် ကိုယ်ခံပညာနည်းစနစ်များအထိ သုံးကာ အတင်းလိုက်သော်လည်း အန်းမိုင်ကို မမီနိုင်ကြပေ။

သူတို့ရှေ့တွင် အန်းမိုင်မှာ လမ်းတွင်တွေ့သမျှ ကင်းစခန်းတိုင်းကို အပျော်သဘောဖြင့် အမှုန့်ကြိတ်ဖျက်ဆီးသွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။

ဝုန်း!

ဧရာမ နှာမောင်းလက်တံကြီးတစ်ခု ထပ်မံ၍ ရိုက်ချလိုက်ပြန်၏။ ရှေးဟောင်းနတ်ဆိုးနတ်ဘုရားတစ်ပါး၏ ကမ္ဘာပျက်ကိန်း စီရင်ချက်အလားပင်။ မြေပြင်တုန်ဟည်းသွားသော ဟိန်းဟောက်သံကြီးနှင့်အတူ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များစွာ၏ သွေး၊ ချွေး၊ အသက်များဖြင့် တည်ဆောက်ထားသော အခြားကင်းစခန်းတစ်ခုမှာလည်း အမှိုက်ပုံအဖြစ်သို့ ပြောင်းလဲသွားရပြန်သည်။ ထိုနေရာတွင် တပ်စွဲထားသော အစောင့်အကြပ်များစွာမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ သွေးရဲရဲသံရဲရဲ အသားစိုင်များအဖြစ် အပြားလိုက် ဖိခြေခြင်း ခံလိုက်ရလေသည်။

"တောက်!"

လန်ပန်နှင့် ယွမ်ထိုက်တို့၏ မျက်လုံးများတွင် ဒေါသအရှိန်ကြောင့် မီးဟုန်းဟုန်းတောက်နေ၏။ ယခုလေးတင် ပျက်စီးသွားသော ကင်းစခန်းနှစ်ခုမှာ ဝံပုလွေဟောင်ခံတပ် နှင့် ရွှေတောင်ခံတပ်တို့မှ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနေရာရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များမှာ သူတို့၏ ကိုယ်ပိုင်သားချင်း မျိုးဆက်များပင် ဖြစ်ကြသည်။

သားရဲမျိုးနွယ်စုများတွင် လူသားများကဲ့သို့ ကိုယ်ကျင့်တရားနှင့် မိသားစုသံယောဇဉ် အားမကောင်းလှသော်လည်း မိမိတို့၏ သွေးသားရင်းချာများ မဟာနတ်ဆိုးတစ်ကောင်၏ ခြေမွခြင်းကို ခံလိုက်ရသည်ကို မြင်ရသောအခါတွင်မူ ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်ရလောက်အောင်ပင် နာကြည်းဒေါသထွက်ကြရလေသည်။

ဝူး... ဝူး...

လမ်းကြောင်းထဲမှနေ၍ နောက်ထပ်ပုံရိပ်နှစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

၎င်းတို့မှာ ကျန်းလုံရှန်း နှင့် ထန်ကျင်လုံ တို့ ဖြစ်သည်။ ထိုနှစ်ဦးစလုံးမှာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များထဲတွင် ထိပ်တန်းအဆင့်ရှိသူများ ဖြစ်ကြ၏။ သူတို့ စောစောက စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းထားသဖြင့် ယခုအခါ အရှိန်အပြည့်ဖြင့် လှုပ်ရှားနိုင်ကြပြီ ဖြစ်သည်။

“ရွှေ့ဝူ-၄၁ ကင်းစခန်းတော့ အကုန်ပြောင်သွားပြီ..."

ကျန်းလုံရှန်းသည် ပျက်စီးယိုယွင်းနေသော ကွင်းပြင်ကို ဖြတ်ကျော်သွားရင်း ရင်ထဲတွင် သွေးစိမ်းရှင်ရှင်ထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ရှန်မို မည်သည့်ကင်းစခန်းတွင် တပ်စွဲထားသည်ကို သူ မသိပေ။ အကယ်၍သ ၎င်းမှာ ရွှေ့ဝူ-၄၁ ကင်းစခန်းသာ ဖြစ်ခဲ့ပါက ယခုအချိန်တွင် ရှန်မိုတစ်ယောက် အခြားသူများနည်းတူ အရိုးအသားများ ကြေမွပျက်စီးကာ အပျက်အစီးများအောက်တွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။

သို့သော်ငြားလည်း သူ မရပ်တန့်ခဲ့ပေ။

အန်းမိုင်မှာ သောင်းကျန်းနေဆဲဖြစ်ပြီး ကင်းစခန်းများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေဆဲပင်။ အချိန်စက္ကန့်တိုင်း နှောင့်နှေးမှုသည် ကင်းစခန်းတစ်ခု မြေပုံပေါ်မှ ပျောက်ကွယ်သွားခြင်းနှင့် အစောင့်အကြပ်များ ထပ်မံသေဆုံးခြင်းကို ဆိုလိုနေ၏။ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တစ်ဦးအနေဖြင့် ကျန်းလုံရှန်းသည် သူ၏ ဘဝတစ်ခုလုံးကို ခံတပ်များနှင့် နတ်ဆိုးစစ်ပွဲများအတွက် ပေးဆပ်ခဲ့သူ ဖြစ်သည်။ ရှန်မိုသည် သူ အလွန်မျှော်လင့်ချက်ထားရသော ဆက်ခံသူဖြစ်ပြီး ဤထူးချွန်ထက်မြက်သည့် လူငယ်လေးကို အလွန်သံယောဇဉ်ရှိသော်လည်း သူ ရပ်တန့်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းလုံရှန်း ဖြစ်နေ၍ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တစ်ဦး ဖြစ်နေ၍ပင်။

"မင်းတို့နှစ်ယောက် အနားယူလိုက်တော့… ငါတို့ပဲ ဆက်လိုက်တော့မယ်"

ကျန်းလုံရှန်းနှင့် ထန်ကျင်လုံတို့သည် လန်ပန်နှင့် ယွမ်ထိုက်တို့ကို ထိုစကားတစ်ခွန်းသာ ပြောကာ ဖြတ်ကျော်သွားကြသည်။ ထိုအခါမှသာ သားရဲဘုရင်နှစ်ပါး အသက်ဝဝရှူရန် ခေတ္တရပ်နားနိုင်ကြတော့သည်။

"အခုချက်ချင်း ရပ်လိုက်စမ်း!"

ထန်ကျင်လုံသည် ဝေးလံသောနေရာမှ အန်းမိုင်၏ ပုံရိပ်ကို စိုက်ကြည့်ကာ အိုမင်းနေသော မျက်နှာထက်တွင် ဒေါသရိပ်များ လွှမ်းသွားသည်။ ရုတ်တရက် သူသည် ရင်ဘတ်ကို ရိုက်လိုက်ပြီး သွေးစွမ်းအင်များ အန်ထုတ်လိုက်၏။ သူ့ မျက်နှာမှာ ချက်ချင်းပင် ပိုမိုနွမ်းလျသွားသည်။ နဖူးပေါ်တွင် အရေးအကြောင်းများ ပိုမိုထင်ရှားလာပြီး နားထင်မှ ဆံပင်ဖြူများမှာလည်း ပိုမိုပြန့်နှံ့သွား၏။

ထိုသွေးစွမ်းအင်ဖြင့်ပင် သူ အကြိမ်ပေါင်း တစ်ဆယ်ကျော်မျှ သုံးထားပြီးဖြစ်သော စိမ်းပြာရောင် ကြာပန်း ဓမ္မရုပ်ပွားတော်ကို အတင်းအကျပ် ထပ်မံခေါ်ယူလိုက်ပြန်သည်။

ထိုအခါ ထူထဲသန်မာသော နွယ်ပင်ကြီးများစွာ ရုတ်ချည်းထွက်ပေါ်လာ၏။ ထိုနွယ်ပင်များသည် ပေပေါင်းထောင်ချီ ရှည်လျားရုံသာမက ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သွားကြသည်။ ခဏချင်းအတွင်းမှာပင် ထိုနွယ်ပင်များသည် ထန်ကျင်လုံ၏ ရှေ့မှနေ၍ အန်းမိုင်၏ နောက်ကျောဘက်တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။

အန်းမိုင်သည် မဟာနတ်ဆိုးများထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အထက်မြက်ဆုံးသူ ဖြစ်သည်မှာ အမှန်ပင်။ သူသည် ဓမ္မရုပ်ပွားတော် အတတ်ကို မျက်စိဖြင့် မမြင်ရသော်လည်း သူ၏ တိုက်ပွဲဝင်ဗီဇက နိုးကြားလာသည်။ သူ၏ နှာမောင်းလက်တံများကို တုံ့ပြန်မှုအရှိန်ဖြင့် လှည့်ယမ်းကာ နွယ်ပင်အများစုကို ရှောင်တိမ်းလိုက်၏။ သို့သော်ငြားလည်း သူ၏ နှာမောင်းလက်တံတစ်ခုမှာ ထူထဲသော နွယ်ပင်အချို့၏ ရစ်ပတ်မှုကို ခံလိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် သူ့ အရှိန် သိသိသာသာ လျော့ကျသွားသည်။ တစ်ဖက်တွင်မူ ကျန်းလုံရှန်းနှင့် ထန်ကျင်လုံတို့၏ အရှိန်မှာ ပိုမိုမြန်ဆန်လာ၏။ အန်းမိုင်မှာ နွယ်ပင်များကို အမြန်ဖြတ်တောက်လိုက်သော်လည်း သူတို့ကြားရှိ အကွာအဝေးမှာ တာတစ်ထောင်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထိုအကွာအဝေးမှာ ကိုယ်ခံပညာနည်းစနစ်အများစု ရောက်ရှိနိုင်ရန် လုံလောက်သော အကွာအဝေးပင်။

"အခွင့်အရေးပဲ”

ကျန်းလုံရှန်း ဟိန်းဟောက်လိုက်ပြီး နဂါးဆင်မင်း ဓမ္မရုပ်ပွားတော်သည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ ပြင်းထန်သော ခြေလှမ်းဖြင့် နဂါးဆင်မင်းသည် ပေါက်ကွဲထွက်မတတ် စွမ်းအားများဖြင့် ရှေ့သို့ တိုးဝင်သွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် တာတစ်ထောင်အကွာအဝေးကို ဖြတ်ကျော်ကာ အန်းမိုင်၏ နောက်ကျောကို အရှိန်ပြင်းစွာ တိုက်မိတော့သည်။

အန်းမိုင်၏ ခန္ဓာကိုယ် လွင့်စင်သွားပြီး တောင်ငယ်တစ်ခုကို ရိုက်မိကာ ပြိုကျသွားလေသည်။ သို့သော် ကျန်းလုံရှန်းနှင့် ထန်ကျင်လုံတို့ လိုက်မမီခင်မှာပင် ဧရာမ နှာမောင်းလက်တံအချို့ မြေပြင်ကို ရိုက်ချလိုက်ပြီး တစ်ခဏချင်းမှာပင် ထိုလက်တံများသည် သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။

ဝုန်း!

လျှပ်စီးကဲ့သို့သော အသံကြီးနှင့်အတူ အန်းမိုင်၏ ခန္ဓာကိုယ်သည် အရှိန်အပြည့်ဖြင့် လွှတ်လိုက်သော မြားတစ်စင်းအလား ရှေ့သို့ ထိုးထွက်သွားသည်။

ထန်ကျင်လုံမှ

"သူ့ရဲ့ အရှိန်ကို မြှင့်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်နှာမောင်းလက်တံ သုံးခုကို ဖောက်ခွဲလိုက်တာပဲ!"

မဟာနတ်ဆိုးတစ်ကောင်အတွက် သွေးတစ်စက်၊ ကြွက်သားတစ်ခု၊ အရိုးတစ်ချောင်းမှာ အလွန်တန်ဖိုးရှိလှသည်။ အလျင်အမြန် ပြန်လည်ရှင်သန်နိုင်သော အထူးအာဏာစက်စွမ်းအား မရှိဘဲနှင့် မိမိ၏ အင်္ဂါအစိတ်အပိုင်းကို ဖျက်ဆီးပစ်ရန်မှာ မတွေးဝံ့စရာပင်။

အန်းမိုင် အမှန်တကယ်ပင် ဒေါသအထွတ်အထိပ်သို့ ရောက်နေပြီမှာ ထင်ရှားလှသည်။ အင်အားများစွာ ဆုံးရှုံးရမည်ဖြစ်စေ၊ နောက်ထပ် ရာစုနှစ်ပေါင်းများစွာ အားနည်းသွားမည်ဖြစ်စေ သူ အရှိန်မြှင့်ကာ ကျန်းလုံရှန်းနှင့် ထန်ကျင်လုံတို့ကို မျက်ခြေဖြတ်မည်ဖြစ်သည်။

ထို့နောက် သူတို့၏ မျက်စိရှေ့မှာတင် စတုတ္ထအလွှာရှိ ကင်းစခန်းတိုင်းကို အစပျောက်အောင် ဖျက်ဆီးပစ်မည်ပင်။

ကျန်းလုံရှန်း အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာဖြင့်

"ဆက်လိုက်ကြမယ်… ငါတို့ ရပ်လို့မရဘူး!"

လူနှင့် နတ်ဆိုးတို့သည် ရူးသွပ်စွာ ပြိုင်ဆိုင်နေကြ၏။ သူတို့၏ ပုံရိပ်များသည် ကြက်ဖနီ-၄၁ ကင်းစခန်းနားသို့ နီးကပ်လာသည်။ သူတို့၏ အာရုံခံနိုင်စွမ်းအရ ထိုနေရာတွင် သက်ရှိများစွာရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များမှာလည်း ပြည့်လျှံနေကြောင်း သိလိုက်ရသည်။ ထိုနေရာတွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ် အမြောက်အမြား စုဝေးနေကြသည်မှာ သိသာလှ၏။

အန်းမိုင်လည်း ထိုအရာကို အာရုံခံမိလိုက်၏။ ဝေးလံသောနေရာမှပင် ကင်းစခန်း၏ တံတိုင်းများပေါ်တွင် အစောင့်အကြပ်များ ပြည့်နှက်နေသည်ကို သူ မြင်နေရပြီဖြစ်သည်။ လူသားများ၊ သားရဲများ၊ နဂါးပျံများ။ ကောင်းကင်အဆင့်ရှိ ဝါရင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များပင် ပါဝင်နေသည်။

အန်းမိုင် ရုတ်တရက် ခပ်ရှရှနှင့် ယုတ်မာသော ရယ်သံကြီးဖြင့် ရယ်မောလိုက်သည်။

"တွေ့ပြီ... နောက်ဆုံးတော့ တွေ့ပြီဟေ့”

"စောစောက ကင်းစခန်းတွေမှာ ဘာလို့ အစောင့်တွေ ဒီလောက်နည်းနေရတာလဲဆိုတာ အခုမှ သိတော့တယ်"

"ဒါဆို သူတို့အားလုံးက ဒီမှာ စုနေကြတာပေါ့"

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ... ကင်းစခန်းတစ်ခုတည်းမှာ စုပြီး ငါလာမှာကို စောင့်နေကြတာလား”

တုန်လှုပ်ဖွယ်ရာ ရယ်သံကြီးနှင့်အတူ အန်းမိုင် အရှိန်ထပ်မြှင့်ရန်အတွက် နောက်ထပ် နှာမောင်းလက်တံနှစ်ခုကို ထပ်မံဖောက်ခွဲလိုက်ပြန်သည်။

ဝုန်း!

လျှပ်စီးလက်သကဲ့သို့ သူ တာပေါင်းထောင်ချီကို ဖြတ်ကျော်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြက်ဖနီ-၄၁ ကင်းစခန်း၏ ကောင်းကင်ယံအထက်တွင် ထွက်ပေါ်လာတော့သည်။

ကျန်းလုံရှန်း နှင့် ထန်ကျင်လုံ တို့ မျက်မှောင်ကြုတ်သွား၏။

တတိယအလွှာက တိုက်ပွဲတွင် အန်းမိုင်သည် ရှီထျန်း၏ လက်ချက်ကြောင့် နှာမောင်းလက်တံ နှစ်ခု ဆုံးရှုံးခဲ့ရသည်။ ထို့နောက် လွတ်မြောက်ရန် သုံးခုကို ဖောက်ခွဲခဲ့သည်။ ယခု ကြက်ဖနီ-၄၁ ကင်းစခန်းသို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိရန်အတွက် နောက်ထပ် နှစ်ခုကို ထပ်မံဖောက်ခွဲလိုက်ပြန်သည်။

ယခုအခါ သူ့တွင် နှာမောင်းလက်တံ တစ်ခုတည်းသာ ကျန်တော့သည်။ သူ၏ အင်အားမှာလည်း အလွန်အမင်း ကျဆင်းသွားပြီဖြစ်၏။ ထိုလက်တံများ ပြန်ပေါက်ရန်အတွက် အနည်းဆုံး နှစ်ပေါင်းခုနစ်ရာခန့် ကြာပေလိမ့်မည်။ သို့သော်ငြားလည်း အန်းမိုင် တွေဝေခြင်းမရှိဘဲ ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့သည်။ မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သော ရက်စက်ပြတ်သားမှုပင်။

"နှာမောင်းလက်တံ တစ်ခုတည်း..."

ကျန်းလုံရှန်း၏ မျက်လုံးများထဲတွင် နောင်တရိပ်များ ပြည့်နှက်နေသည်။ နတ်ဆိုးဧကရာဇ်အဆင့်ရှိ နတ်ဆိုးတစ်ကောင်၏ နှာမောင်းလက်တံ တစ်ခုတည်းသည်ပင် ကင်းစခန်းတစ်ခု၏ ကာကွယ်ရေးစနစ်များကို ဖျက်ဆီးရန်၊ အတွင်းရှိ သက်ရှိမှန်သမျှကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်လှသည်။

သူတို့သည် ဒေါသထွက်နေသော တတိယမြောက် မဟာနတ်ဆိုးကို မတားဆီးနိုင်ခဲ့ကြပေ။

ကြက်ဖနီ-၄၁ ကင်းစခန်းတွင်မူ။

နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်တိုင်းမှာ သူတို့၏ ရင်ဘတ်ပေါ်တွင် လေးလံသော ဖိအားတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့ အလိုလိုနေရင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် နတ်ဆိုးသွေးများ တစက်စက်ကျနေလျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ဧရာမ မဟာနတ်ဆိုးကြီးကို မြင်လိုက်ရသည်။

နှာမောင်းလက်တံ ရှစ်ခုအနက် တစ်ခုတည်းသာ ကျန်တော့သည်။ သို့သော် ထိုကျန်ရှိနေသော လက်တံတစ်ခုမှာ မယုံနိုင်လောက်အောင် ထူထဲကြီးမားလှပြီး ရှေးဦးဆန်၍ အတိုင်းအဆမဲ့သော စွမ်းအားများ ပြည့်လျှံနေသည်။ ၎င်းသည် အတောင့်တင်းဆုံးသော တံတိုင်းများ၊ အခိုင်မာဆုံးသော ကာကွယ်ရေးများကို အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိ၏။

မည်သူမျှ မတွန်းလှန်နိုင်ပေ။

မည်သည့်အရာကမှ မတားဆီးနိုင်ပေ။ သေခြင်းတရား၏ ထိတ်လန့်မှုသည် လူတိုင်း၏ နှလုံးသားထဲတွင် စိုးမိုးသွားလေသည်။

"မင်းတို့အားလုံး သေကြပေတော့… အန်းဝူ နဲ့အတူ မြေမြှုပ်ပစ်လိုက်စမ်း”

အန်းမိုင် ဟိန်းဟောက်လိုက်သည်။

"သေရမှာက မင်းပဲ"

တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ချက်ချင်းပင် ကျယ်ပြောလှပြီး အတိုင်းအဆမဲ့သော စွမ်းအားကြီးတစ်ခု ကောင်းကင်ယံသို့ တိုးဝင်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ခန့်ညားထည်ဝါလှသော ဆင်မင်း ဓမ္မရုပ်ပွားတော်ကြီးအဖြစ် အသွင်ပြောင်းသွားလေသည်။

သူ့ ခြေထောက်များသည် ငရဲဘုံကို နင်းခြေထားပြီး မျက်လုံးများက ကောင်းကင်ဘုံကို ထိုးဖောက်ကြည့်ရှုနေသည်။ နတ်ဆိုးနတ်ဘုရားများကို နှိမ်နင်းလျက်၊ နတ်ဘုရားများနှင့် ဗုဒ္ဓများကိုပင် ငုံ့ကြည့်နေသည့်အလားပင်။

Chapter 491: တစ်ခုတည်းနဲ့ မရရင် နှစ်ခုရော

ရှေးဦးဆင်မင်း ဓမ္မရုပ်ပွားတော်သည် ဟင်းလင်းပြင်ကို ခွဲဖျက်ကာ လေဟာနယ်ကို နင်းခြေလျက် ကြက်ဖနီ-၄၁ ကင်းစခန်း၏ အထက်တွင် ရုတ်တရက် ဆင်းသက်လာခဲ့သည်။

၎င်း၏ မျက်လုံးများသည် သေးငယ်သော်လည်း နတ်ဆိုးနှင့် မိစ္ဆာမှန်သမျှကို ငုံ့ကြည့်နေသည့်အလား လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ အန်းမိုင် ၏ ဧရာမ နှာမောင်းလက်တံကြီး ရိုက်ချလိုက်သောအခါတွင် မြင့်မားလှသော တောင်တန်းကြီးတစ်ခုကို သွားတိုက်မိသကဲ့သို့ ဖြစ်သွားလေသည်။

မတုန်မလှုပ်။

မပျက်စီးနိုင်။

ထိုမျှမက အန်းမိုင် သည် သူ၏ နှာမောင်းလက်တံမှတစ်ဆင့် ပြင်းထန်သော တုံ့ပြန်မှုဒဏ်ကို ခံစားလိုက်ရ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ အသားစိုင်များ စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာတော့သည်။

အန်းမိုင် တုန်လှုပ်သွားသလို ဒေါသလည်း ထွက်သွား၏။ သူသည် လူသားများ၊ မိစ္ဆာများနှင့် နဂါးပျံများကြားတွင် နှစ်ပေါင်းထောင်ချီ တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ ဤအရာက ဘာလဲဆိုသည်ကို မသိဘဲ မနေပေ။

ဓမ္မရုပ်ပွားတော်။

ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်ရှိသော တန်ခိုးရှင်တစ်ဦးသာ ခေါ်ယူနိုင်သည့် ဓမ္မရုပ်ပွားတော်ပင်။

စတုတ္ထအလွှာမှာ ဘာဖြစ်လို့ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာရတာလဲ။

ဒါက မဖြစ်နိုင်တာပဲ။

ဝေးလံသောနေရာမှ ကျန်းလုံရှန်း နှင့် ထန်ကျင်လုံ တို့သည်လည်း အံ့အားသင့်နေကြ၏။ ဓမ္မရုပ်ပွားတော်အဆင့်လား။

ပို၍ ဝေးသောနေရာတွင်မူ လန်ပန် နှင့် ယွမ်ထိုက် တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

စတုတ္ထအလွှာမှာ ဘယ်တုန်းက ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူ ရှိနေလို့လဲ။

ဒါ ကျန်းလုံရှန်းရဲ့ ဝှက်ဖဲလား။

"ဗိုလ်ချုပ်ကျန်းက တကယ်ကို အကွက်စေ့တာပဲ… စတုတ္ထအလွှာမှာတောင် ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင်တစ်ယောက် ထားခဲ့သေးတယ်”

"ဒါ နဂါးပတ်ခံတပ်က ဗိုလ်ချုပ် အောက်ကွမ်မလား"

ယွမ်ထိုက် အားကျလေးစားသော မျက်နှာပေးဖြင့် အကျယ်ကြီး အော်ပြောလိုက်သည်။

ကျန်းလုံရှန်း၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူ အောက်ကွမ်ကို ဤစစ်ပွဲတွင် ပါဝင်ရန် အမှန်တကယ် ဖိတ်ခေါ်ခဲ့ဖူးသည်။ သူသာ ပါလာလျှင် မဟာနတ်ဆိုးများစွာကို အသေအချာ သုတ်သင်နိုင်မည်ဖြစ်သည်။ သို့သော် အောက်ကွမ်သည် မာနကြီးပြီး ခေါင်းမာသူဖြစ်ကာ အခြားသူ၏ စေခိုင်းမှုကို ခံရသည်ကို အမြဲမုန်းတီးသူ ဖြစ်သည်။ နောက်ဆုံးတွင် သူ ခံတပ်ကို စောင့်ရှောက်ရန်နှင့် နောက်တန်းကို ကာကွယ်ရန် လိုအပ်သည်ဟု အကြောင်းပြကာ ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ကျန်းလုံရှန်းကလည်း ထိုအကြံကို လက်လျှော့ခဲ့ရခြင်း ဖြစ်လေ၏။

"ဒါဆို... အောက်ကွမ်က မလာဘူးပြောပြီး တိတ်တိတ်ကလေး ခိုးဝင်လာတာလား"

ဘေးတွင်ရှိနေသော ထန်ကျင်လုံမှ သံသယဖြင့် ခန့်မှန်းလိုက်သည်။

ကျန်းလုံရှန်းသည် တောင်ကြီးတစ်လုံးအလား ရှိနေသော ရှေးဦးဆင်မင်း ဓမ္မရုပ်ပွားတော်ကို စိုက်ကြည့်ရင်း ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး… အောက်ကွမ်ရဲ့ ရုပ်ပွားတော်က နှင်းခဲနဂါးပျံပဲ… ဒီလို အမည်မသိတဲ့ ဆင်ကြီး မဟုတ်ဘူး"

ထန်ကျင်လုံ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုသို့ဆိုလျှင်... ဤဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူသည် တစ်ခါမှ မပေါ်ဖူးသူ ဖြစ်ရမည်။ ၎င်းမှာ အမှန်တကယ်ပင် ထူးဆန်းလှ၏။ နှစ်ပေါင်းငါးရာနီးပါးအတွင်း နတ်ဆိုးနှိမ်နင်းရေး ခံတပ်သည် ဓမ္မရုပ်ပွားတော်အဆင့် တန်ခိုးရှင်အသစ် တစ်ဦးမျှ ထွက်ပေါ်မလာခဲ့ပေ။

"ဘယ်သူလဲ… ဘယ်သူလဲလို့ ငါမေးနေတယ်… ထွက်ခဲ့စမ်း”

အန်းမိုင်မှာ သူ၏ နတ်ဆိုးအရှိန်အဝါများကို လှိုင်းလုံးများအလား ထုတ်လွှတ်ရင်း ဟောက်လိုက်သည်။ ခရမ်းနက်ရောင် မြူထုကြီးသည် ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး အသက်ရှူရကျပ်ကာ ပျို့အန်ချင်စရာ ကောင်းလှ၏။

လူတိုင်း၏ အကြည့်မှာ တစ်နေရာတည်းသို့ စုပြုံသွားကြသည်။ ထိုနေရာတွင် ပုံရိပ်တစ်ခုသည် အန်းမိုင် နှင့် မျက်နှာချင်းဆိုင်လျက် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူသည် နတ်ဆိုးနှိမ်နင်းရေး ခံတပ်၏ တပ်မှူးဝတ်စုံကို ဝတ်ဆင်ထားပြီး မတ်မတ်ရပ်နေကာ ရုပ်ရည်မှာလည်း ထင်ပေါ်လှပသည်။

လူငယ်လေးတစ်ယောက်။

ထိုမျက်နှာကို အန်းမိုင် မှတ်မိသည်။ အမဲလိုက်စာရင်းတွင် အဆင့် (၁၅) သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းလာသော နာမည်တစ်ခု... လူသားလူငယ်လေးတစ်ဦး။

သူ၏သား အန်းကျန့်ယင်ကပင် ဤလူကို အစာအဖြစ်သုံးကာ ကျန်းလုံရှန်းနှင့် အခြားဗိုလ်ချုပ်များကို မျှားထုတ်ရန် အကြံပြုခဲ့ဖူးသည်။

သူ၏ မျက်နှာအမူအရာမှာ လုံးဝ မယုံကြည်နိုင်သောကြောင့် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသား၏ နာမည်မှာ... ရှန်မို ဖြစ်နေ၍ပင်။

"ရှန်မိုလား”

ထန်ကျင်လုံ ခဏမျှ စွံ့အသွားသည်။

မယုံနိုင်လောက်အောင် ငယ်ရွယ်သော ဤနတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်ကို သူ မသိဘဲ မနေပေ။ သူ တပ်ဖွဲ့ထဲသို့ ဝင်ရောက်သည်မှာ မကြာသေးသော်လည်း မြေကမ္ဘာအဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ပါရမီနှင့် ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

ဤအရှိန်အတိုင်းဆိုလျှင် ရှန်မို နောက်ထပ် နှစ်ပေါင်းသုံးရာအတွင်း ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ရောက်ရှိလိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့သည်။ ထို့ပြင် သူသည် ရွှေ့ဝူခံတပ်၏ နောက်ထပ်သခင် ဖြစ်လာလိမ့်မည်မှာလည်း မြေကြီးလက်ခတ်မလွဲပင်။

သို့သော် ယခုမူ...

ရှန်မို သည် ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီလား။

၎င်းမှာ တုန်လှုပ်စရာထက်ပင် ပိုနေသေး၏။ ဤလူငယ်လေး... သူ အသက်ဘယ်လောက်ရှိပြီမို့လို့လဲ။

ဝေးလံသောနေရာမှ လန်ပန် နှင့် ယွမ်ထိုက် တို့သည်လည်း ထိုလူငယ်ကို မှတ်မိသွားသောအခါ အံ့အားသင့်သွားကြသည်။

ရွှေ့ဝူခံတပ်က နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ် ရှန်မို လား။

ထိုဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင်က ဘာလို့ သူ ဖြစ်နေရတာလဲ။

အခြားသူများနှင့်မတူဘဲ ကျန်းလုံရှန်း၏ တုံ့ပြန်မှုမှာ ထိတ်လန့်မှုမှ အတိုင်းအဆမဲ့သော ဝမ်းမြောက်မှုသို့ ကူးပြောင်းသွားသည်။ သူ ရှန်မို အပေါ် အမြဲတမ်း မျှော်လင့်ချက်ကြီးစွာ ထားခဲ့သူ ဖြစ်သည်။

ရှန်မို သည် အထွတ်အထိပ် နတ်ဆိုးသခင် နှစ်ပါးကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့ပြီး မဟာနတ်ဆိုးတစ်ကောင်၏ သားစဉ်မြေးဆက်ကိုပါ ခြေမှုန်းနိုင်ခဲ့သည့် သတင်းသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များအကြား ဂယက်ထခဲ့ဖူးသည်။ အချို့သော တပ်မှူးများမှာ ရှန်မို ၏ စွမ်းအားကို သံသယဝင်ခဲ့ကြသော်လည်း ယခုမူ ထိုသံသယများအားလုံး လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

ယခု ဤအခိုက်အတန့်တွင် ရှန်မိုသည် ဓမ္မရုပ်ပွားတော်ကို အမှန်တကယ် ပုံဖော်နိုင်ခဲ့ပြီး ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေပြီ။ ကျန်းလုံရှန်းသည် မိမိကိုယ်တိုင် အဆင့်တက်စဉ်ကထက်ပင် ပို၍ ဝမ်းသာပီတိ ဖြစ်နေရသည်။

၎င်းမှာ ရွှေ့ဝူခံတပ်တွင် ဆက်ခံသူတစ်ဦး အမှန်တကယ် ရှိလာပြီဟု အဓိပ္ပာယ်ရသောကြောင့်ပင်။

အကယ်၍ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ဖြစ်သော သူ တစ်ခုခုဖြစ်ခဲ့လျှင်တောင် ယခုဆိုလျှင် သူ နောင်တမရှိဘဲ သေနိုင်ပြီဖြစ်သည်။

"မင်းက ဓမ္မရုပ်ပွားတော်ကို ပုံဖော်နိုင်ခဲ့တာလား… အမဲလိုက်စာရင်းရဲ့ အဆင့် (၁၅) ဆိုတာနဲ့ တန်ပါတယ်"

"ဒါပေမဲ့... ဒီလောက် အတင်းအကျပ် ပုံဖော်ထားတာဆိုတော့ ဒါက သာမန်အဆင့် ဓမ္မရုပ်ပွားတော်ပဲ ဖြစ်မှာပါ"

"အဲဒီအဆင့်နဲ့ဆိုရင် မင်းရဲ့ ရုပ်ပွားတော်က ငါ့ရဲ့ အခုလက်ရှိ အင်အားနဲ့ပဲ ယှဉ်နိုင်မှာ"

"အကယ်၍ ငါက ဒီကင်းစခန်းကို ဖျက်ဆီးချင်တယ်ဆိုရင် မင်း ငါ့ကို တားလို့မရဘူး"

"အကယ်၍ ငါက ထွက်သွားချင်တယ်ဆိုရင်လည်း မင်း ငါ့ကို မတားနိုင်ဘူး"

အန်းမိုင်မှ အေးစက်သော လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ဓမ္မရုပ်ပွားတော်များအကြားတွင် အဆင့်တစ်ခုကွာခြားခြင်းသည် တောင်နှင့် ချောက်ကမ္ဘာကဲ့သို့ ဖြစ်သည်။ အကယ်၍ အဆင့်အတန်း တစ်ခုလုံး ကွာသွားပါက တိမ်နှင့် ရွှံ့နွံကဲ့သို့ပင်။

ရှန်မို အတင်းအကျပ် တိုးတက်လာပြီး အဆင့်နိမ့် ဓမ္မရုပ်ပွားတော်ကိုသာ ပုံဖော်နိုင်ခဲ့ခြင်းဖြစ်လျှင် ၎င်းမှာ ကောင်းသောကိစ္စပင်။ ထိုသို့ဆိုလျှင် ရှန်မို၏ အလားအလာမှာ အလွန်အမင်း လျော့ကျသွားမည် ဖြစ်၏။ ယခု သူ့ကို မသတ်နိုင်ခဲ့လျှင်တောင် ဤလူငယ်လေး၏ အနာဂတ်မှာ ဝေးဝေးရောက်လိမ့်မည် မဟုတ်ပေ။

အန်းမိုင် ၏ စကားကို နားထောင်ပြီးနောက် ရှန်မို အနည်းငယ် ပြုံးလိုက်သည်။

“ဪ... ဟုတ်လား"

"ဓမ္မရုပ်ပွားတော် တစ်ခုတည်းက မင်းကို မတားနိုင်ဘူးဆိုရင် နှစ်ခုဆိုရင်ကော"

ရှန်မို၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး စိတ်ဝိညာဉ်စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာ၏။ ထိုစွမ်းအင်များသည် အမျှင်တန်းလေးများအဖြစ် ပြောင်းလဲသွားကာ ပုံရိပ်အသစ်တစ်ခုကို ရေးဆွဲလိုက်ကြသည်။

ခဏချင်းအတွင်းမှာပင် မဆုံးနိုင်သော မြစ်တစ်စင်းသည် လေထုထဲတွင် ထွက်ပေါ်လာလေ၏။ အဆုံးမဲ့သော၊ ထာဝရတည်တံ့သော၊ မသေမျိုးမြစ်။

ဒါက မသေမျိုးမြစ် ဓမ္မရုပ်ပွားတော်။

သူ့အထက်တွင် ရှေးဦးဆင်မင်း ဓမ္မရုပ်ပွားတော်သည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းစေမည့် ရှည်လျားသော ဟိန်းဟောက်သံကြီးကို ပြုလိုက်သည်။ မသေမျိုးမြစ် ပေါ်ထွက်လာခြင်းကို ဂုဏ်ပြုနေသည့်အလားပင်။

"ဓမ္မရုပ်ပွားတော် နှစ်ခု”

ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျန်းလုံရှန်း၊ ထန်ကျင်လုံ၊ လန်ပန် နှင့် ယွမ်ထိုက် တို့အားလုံး စွံ့အသွားကြသည်။ ကင်းစခန်းအတွင်းရှိ ရေတွက်မရနိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များမှာလည်း မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးသွားကြ၏။

ဓမ္မရုပ်ပွားတော် တစ်ခုတည်းကို ပုံဖော်ရန်မှာပင် မယုံနိုင်လောက်အောင် ခက်ခဲလှသော ကိစ္စဖြစ်သည်။ သို့သော် နှစ်ခုကို ပုံဖော်ရန်မှာမူ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သို့သော် အသစ်စက်စက် ဓမ္မရုပ်ပွားတော်အဆင့် တန်ခိုးရှင်ဖြစ်သော ရှန်မို သည် ဒုတိယတစ်ခုကို ပုံဖော်ရန်အတွက် အချိန်၊ စွမ်းအင်နှင့် အရင်းအမြစ်များ ဘယ်လိုလုပ် ရှိနေရတာလဲ။

ကြောက်စရာကောင်းလိုက်တာ။

ဤလူ၏ ပါရမီမှာ... မိစ္ဆာတစ်ကောင်အလားပင်။

အန်းမိုင် ၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်ချိုးသွားသည်။

ဓမ္မရုပ်ပွားတော် နှစ်ခု။

ကောင်းကင်တုန်စေသော ဆင်မင်းကြီးပဲဖြစ်ဖြစ်... မဆုံးနိုင်သော မြစ်ရေစီးကြောင်းပဲဖြစ်ဖြစ်... နှစ်ခုစလုံးမှာ သူ့ကို ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားရစေသည်။

ယခု သူ့တွင် နှာမောင်းလက်တံ တစ်ခုတည်းသာ ကျန်တော့၏။ သူ၏ စွမ်းအားမှာလည်း နှစ်ဆယ်ရာခိုင်နှုန်းထက် မပိုပေ။ ဤအခိုက်အတန့်တွင် အကျိုးသင့်အကြောင်းသင့်အရှိဆုံး ရွေးချယ်မှုမှာ... ဆုတ်ခွာရန်ပင်။

သူ့ရှေ့က ပြိုင်ဘက်မှာ အသစ်တက်လာကာစ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူ မဟုတ်ပေ။ အကယ်၍ သူသာ တိုက်ပွဲထဲမှာ အချိန်ဆွဲခံရလျှင် နောက်က နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်လေးဦး ရောက်လာပေလိမ့်မည်။ ထိုအခါမှဆိုလျှင် ထွက်ပြေးရန် အချိန်နှောင်းသွားပေလိမ့်မည်။

အန်းမိုင်သည် ရှန်မို ကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏ နှာမောင်းလက်တံဖြင့် လေထုကို ရိုက်ခတ်လိုက်သည်။ သူ၏ ပုံရိပ်သည် နက်မှောင်သော တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စတုတ္ထအလွှာ၏ အနက်ရှိုင်းဆုံးနေရာသို့ ထွက်ပြေးသွားတော့သည်။

ကျန်းလုံရှန်း၊ ထန်ကျင်လုံ၊ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်လေးဦးနှင့် ကင်းစခန်းအတွင်းရှိ အစောင့်အကြပ်များစွာမှာ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။

သူ ထွက်ပြေးသွားပြီ။

ဒေါသ အာဏာစက်ကို ပိုင်ဆိုင်ထားပြီး ရက်စက်ကြမ်းကြုတ်လှသော တတိယမြောက် မဟာနတ်ဆိုးကြီး အန်းမိုင် သည် ထွက်ပြေးသွားလေပြီ။ ၎င်းမှာ အမှန်တကယ်ပင် ကောင်းမွန်သော ရလဒ်တစ်ခုဖြစ်၏။

အကယ်၍ အန်းမိုင်သာ အသေအလဲ တိုက်ခိုက်မည်ဆိုပါက ဗိုလ်ချုပ်များ အသက်ရှင်နိုင်သော်လည်း တိုက်ပွဲ၏ ရိုက်ခတ်မှုများကြောင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များစွာ သေကြေပျက်စီးသွားနိုင်ပေသည်။ ယခု အန်းမိုင်မှ သူ မယှဉ်နိုင်ကြောင်း သိပြီး ဆုတ်ခွာသွားခြင်းမှာ သူတို့ မျှော်လင့်နိုင်သည့် အကောင်းဆုံး ရလဒ်ပင်။

"ပြေးမယ်တဲ့လား”

"မင်း ငါ့လက်ထဲကနေ ပြေးလို့ရမယ် ထင်နေတာလား” ရှန်မို အေးစက်စွာ ပြုံးလိုက်သည်။

Chapter 492: အန်းမိုင် ပြိုလဲခြင်း

ရှန်မိုသည် အန်းမိုင် ပေါ်လာလိမ့်မည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

သူ အပြည့်အဝ ပြင်ဆင်ထားခဲ့၏။ ယခုအခါ အန်းမိုင်သည် သူ၏ အကောင်းဆုံး အခြေအနေတွင် မရှိသည်မှာ သိသာလှသည်။ ၎င်းမှာ သူ့ကို သတ်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။ အကယ်၍ သူ့ကို သတ်နိုင်ခဲ့လျှင် ရရှိမည့် စစ်မှုထမ်းကောင်းမှု ရမှတ်မှာလည်း မိုးထိအောင် များပြားပေလိမ့်မည်။ ဤကဲ့သို့ ကောင်းကင်ဘုံမှ ပေးသနားသော အခွင့်အရေးမျိုးကို သူ ဘယ်လိုလုပ် အလွတ်ပေးနိုင်ပါမည်နည်း။

"မင်း သွားရတော့မယ်”

ရှန်မို အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များကို ဝုန်းခနဲ ထုတ်လွှတ်လိုက်သည်။ ရှေးဦးဆင်မင်း၏ နှာမောင်းမှာ နောက်သို့ လိပ်တက်သွားပြီး နတ်ဘုရားလှံတစ်စင်းအဖြစ် ပေါင်းစည်းသွား၏။ မသေမျိုးမြစ်မှာလည်း တဟုန်းဟုန်းတောက်ကာ စီးဆင်းလာပြီး အရောင်နှစ်မျိုးရှိသော ထူးဆန်းသည့် မီးတောက်များမှာလည်း ရောယှက်လုံးထွေးနေကြသည်။

ငရဲဘုံ သန့်စင်သောလှံ။

လွင်တီးခေါင် ကြွေလွင့်ကြယ်။

လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓမ္မရုပ်ပွားတော် ကိုယ်ခံပညာ နည်းစနစ်နှစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ခွဲဖျက်နိုင်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး အန်းမိုင်၏ ပတ်ဝန်းကျင် မိုင်ပေါင်းထောင်ချီရှိသော ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

နတ်ဆိုးပင်လယ် စတုတ္ထအလွှာ၏ မှောင်မိုက်နေသော ကောင်းကင်ယံသည် ထိုတိုက်ကွက်နှစ်ခု၏ ပြင်းထန်သော စွမ်းအားကြောင့် စုတ်ပြဲသွားရ၏။ တောက်ပသော အလင်းတန်းများသည် ကြက်ဖနီ-၄၁ ကင်းစခန်း၏ ပတ်ဝန်းကျင် မိုင်ပေါင်းထောင်ချီကို လင်းထိန်သွားစေကာ ညကို နေ့အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ရေတွက်မရနိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များသည် ထိုနတ်ဘုရားနည်းစနစ် နှစ်ခုကို မျက်မြင်တွေ့လိုက်ကြရ၏။ သူတို့၏ မျက်စိသူငယ်အိမ်ထဲတွင် ဒေါသနှင့် ထိတ်လန့်မှုများကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အန်းမိုင်၏ မျက်နှာက အရိပ်ထင်နေသည်။

"တောက်… ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး”

အန်းမိုင် ရင်ထဲမှ တုန်လှုပ်လျက် ကျိန်ဆဲလိုက်သည်။ အဆင့်မြင့် မဟာနတ်ဆိုး ဆယ်ပါးထဲတွင် အကြမ်းတမ်းဆုံးနှင့် တိုက်ပွဲအတွေ့အကြုံ အရှိဆုံးသူ တစ်ဦးအနေဖြင့်... သူသည် အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဖြစ်သည်။ ဓမ္မရုပ်ပွားတော် နည်းစနစ်နှစ်ခု သူ့ကို မထိမှန်ခင်ကတည်းက ၎င်းတို့၏ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းကို သူ အာရုံခံမိနေလေပြီ။ သို့သော် ဤတိုက်ကွက်နှစ်ခု၏ အတိုင်းအဆနှင့် စွမ်းအားမှာ သူတစ်သက်နှင့်တစ်ကိုယ် မြင်ဖူးသမျှထက် အလွန် ကျော်လွန်နေ၏။

ယခုအခါ ရှောင်တိမ်းရန်ရော၊ ထွက်ပြေးရန်ပါ အချိန်မရှိတော့ပေ။ သူလုပ်နိုင်သည်မှာ ကျန်ရှိနေသော နတ်ဆိုးစွမ်းအင် တစ်စက်ချင်းစီကို လောင်ကျွမ်းစေပြီး ကျန်ရှိနေသော အာဏာစက်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ အသက်ရှင်သန်ခွင့် အနည်းငယ်အတွက် မျှော်လင့်ချက်ဖြင့် အသေအလဲ တုံ့ပြန်တိုက်ခိုက်ရန်သာ ရှိတော့သည်။

"ငါ ဒီမှာ အသေမခံနိုင်ဘူး”

အန်းမိုင်၏ ကြွက်သားများသည် အရေပြားအောက်တွင် ဧရာမ သံကောင်ကြီးများ လူးလွန့်နေသကဲ့သို့ ရူးသွပ်စွာ ဖောင်းကြွလာသည်။ ကြွက်သားများ ကြီးထွားလာကာ၊ အရိုးများ တကျွတ်ကျွတ် မြည်လာပြီး၊ အကြောများမှာလည်း ဖောင်းတက်လာ၏။

ဒိုင်း! ဒိုင်း! ဒိုင်း!

ထိုဒဏ်ကို မခံနိုင်တော့ဘဲ သူ၏ အရေပြားမှာ ရုတ်တရက် စုတ်ပြဲသွားသည်။ နတ်ဆိုးသွေးများသည် အရပ်မျက်နှာ အနှံ့သို့ ပန်းထွက်သွား၏။ ထိုသွေးများ မြေပြင်ပေါ်သို့ ထိမှန်သည့် အခိုက်အတန့်တွင် ဆူညံသံနှင့်အတူ စူးရှသော မီးခိုးများ ထွက်ပေါ်လာသည်။ အသားစိမ်းပေါ်သို့ ဆီပူများ လောင်းချလိုက်သကဲ့သို့ပင်။ အန်းမိုင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာပြီး ပေပေါင်း သုံးရာကျော်အထိ မြင့်တက်သွားတော့သည်။ သူ၏ နောက်ဆုံးကျန်ရှိနေသော နှာမောင်းလက်တံ တစ်ခုတည်းကပင် ကောင်းကင်ယံကို လွှမ်းမိုးထားပြီး ကပ်ဆိုးကြီးတစ်ခုအလား စွမ်းအားများ ပြည့်နှက်နေသည်။

"ငါ ဒါကို တားနိုင်တယ်… ငါက ဒေါသရဲ့ အရှင်သခင်ပဲ… တတိယမြောက် မဟာနတ်ဆိုးကြီးပဲ”

အန်းမိုင် ဟိန်းဟောက်လိုက်ရင်း သူ၏ နှာမောင်းလက်တံကို အားကုန် လွှဲရိုက်လိုက်သည်။

ဝုန်း!

နားကွဲလုမတတ် ပေါက်ကွဲသံကြီးမှာ ကောင်းကင်ကို ခွဲထွက်သွားပြီး ကျောက်တုံးကြီးများ ကောင်းကင်မှ ကျဆင်းလာ၏။ ၎င်းတို့သည် ကင်းစခန်း၏ အကာအကွယ်ပေါ်သို့ ကျရောက်ပြီး ကာကွယ်ရေး အလင်းတန်းများကို အထပ်ထပ် လှိုင်းထသွားစေသည်။

ဘုန်း!

သွေးအိုင်ထဲမှ ဧရာမ အသားစိုင်ကြီးတစ်ခုမှာ အရှိန်အဟုန်ဖြင့် အောက်သို့ လွင့်ကျလာပြီး အကာအကွယ် အလင်းတံတိုင်းကို ရိုက်မိသွားသည်။ အလင်းတန်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ချက်ချင်းပင် မှေးမှိန်သွားတော့၏။

ယင်းယဲ့၊ အောက်ဟုန်၊ ထန်ကျန့်မို နှင့် အခြားသော နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များမှာ စွံ့အသွားကြပြီး အလိုလိုနေရင်း အထက်သို့ မော့ကြည့်လိုက်ကြသည်။ ရုတ်တရက် သူတို့၏ အမြင်အာရုံထဲတွင် အမည်းစက်လေးများ ပြည့်နှက်သွား၏။ ၎င်းတို့မှာ ပို၍ ပို၍ ကြီးလာသည်။ ထိုအရာများမှာ အစက်လေးများ မဟုတ်ဘဲ ဧရာမ အသားစိုင်ကြီးများ ဖြစ်ကြောင်း သူတို့ ချက်ချင်း သိလိုက်ရသည်။

ထန်ကျန့်မိုမှ

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ… အခုချက်ချင်း အူတိုင်ထဲကို ထည့်လိုက်ကြ”

ကြက်ဖနီခံတပ်မှ အစောင့်တစ်ဦး ပျာပျာသလဲ ပြန်ဖြေသည်။

"အကုန် ကုန်သွားပြီဗျ”

အောက်ဟုန် မျက်မှောင်ကြုတ်သွားကာ သူ ပြန်အော်ပြောလိုက်သည်။

"အစောင့်တွေ အားလုံး… အခုချက်ချင်း အဆောက်အအုံတွေထဲမှာ ပုန်းကြ”

ယင်းယဲ့မှလည်း

"အသားစိုင်တွေ ကျလာနေပြီ… ရှောင်ကြ… ရှောင်ကြ"

အစောင့်အကြပ်များ အားလုံး မျက်လုံးပြူးသွားကြပြီး ပုန်းခိုစရာနေရာ ရှာရန် ပျာပျာသလဲ ပြေးလွှားကြတော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

ဧရာမ အသားစိုင်ကြီးများ ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ဥက္ကာခဲများအလား မြေပြင်ကို ရိုက်ခတ်ကုန်၏။ မျက်တောင်တစ်ခတ်အတွင်း တောင်တန်းများ ထက်ပိုင်းပြတ်ကုန်သည်။ နက်ရှိုင်းသော ချိုင့်ဝှမ်းများ ဖို့မြေအဖြစ် ပြောင်းသွားသည်။ မြစ်များ ပြတ်တောက်သွားကာ ကညင်တောကြီးများမှာ အောက်ခြေမမြင်ရသော ချောက်နက်ကြီးများ ဖြစ်သွားတော့၏။

ကင်းစခန်းအတွင်းတွင်မူ အဆောက်အအုံများစွာမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားရသည်။ အချို့သော နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အသားစိုင်များအဖြစ် ကြေမွသွားကြ၏။ ယင်းယဲ့ကဲ့သို့ ကျော်ကြားသူပင်လျှင် ဘယ်ဘက်ခြမ်းကို ရိုက်မိသွား၏။ သူ၏ ဘယ်ဘက်တောင်ပံ တစ်ခုလုံး မြေပြင်ပေါ်တွင် ကြိတ်ခြေခံလိုက်ရပြီး နာကျင်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားရသည်။

ဝုန်း! ဝုန်း! ဝုန်း!

အသားစိုင်မိုးများမှာ အချိန်အတော်ကြာအောင် ရွာသွန်းနေပြီးမှ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။ ထိုအခါမှသာ နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များသည် ပုန်းခိုရာမှ ချောင်းကြည့်ရဲကြတော့၏။

ကြက်ဖနီ-၄၁ ကင်းစခန်းမှာ ယခုအခါ အပျက်အစီးပုံကြီး ဖြစ်နေပြီ။

သူတို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်ရှိ ကျင်းကြီးများကို စိုက်ကြည့်နေမိကြသည်။

"အသားစိုင်တွေ အများကြီးပဲ... ဒါတွေ ဘယ်ကနေ ရောက်လာတာလဲ"

"ဒါ... အဲဒီ မဟာနတ်ဆိုးကြီးရဲ့ အသားစိုင်တွေ ဖြစ်ရမယ်"

လူအများ ထိတ်လန့်တုန်လှုပ်လျက် တိုးတိုးလေး ပြောဆိုနေကြသည်။

"ဒါဆိုရင်..."

ကျန့်ပိုင်ရှန့် နှင့် ဝမ်ရှင်းအန်း တို့မှာ ကံကောင်းသဖြင့် ဒဏ်ရာအနည်းငယ်သာ ရခဲ့ကြသည်။ အသားစိုင်ကြီးများ အားလုံးမှာ အဆင့်သုံးရှိသော မဟာနတ်ဆိုး အန်းမိုင် ထံမှ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ ချက်ချင်းပင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။ ထိုနေရာတွင် ရှန်မိုတစ်ယောက် ကောင်းကင်ယံ၌ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရ၏။

သို့သော် အန်းမိုင်မှာမူ... အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

"သူ ထွက်ပြေးသွားတာလား"

ထန်ကျန့်မို ပုန်းခိုရာမှ ထွက်လာရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

"ငါ့ရှေ့မှာ သေချင်ယောင် ဆောင်နေတာလား”

ရှန်မို၏ တည်ငြိမ်သော အသံသည် ဧရာမ ကျင်းကြီးတစ်ခုကို စိုက်ကြည့်ရင်း ထွက်ပေါ်လာသည်။

ကျင်းကြီး၏ အောက်ခြေတွင် အန်းမိုင်၏ ပျက်စီးနေသော ဧရာမ ခန္ဓာကိုယ်ကြီး ရှိနေ၏။ သူ၏ နှာမောင်းလက်တံနှင့် ခန္ဓာကိုယ်အထက်ပိုင်း အတော်များများမှာ အသားစိုင်မိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့သာ ကျင်းထဲသို့ ပြုတ်ကျနေခဲ့ခြင်း ဖြစ်၏။

၎င်းမှာ အသက်မဲ့နေသည့်ပုံ ပေါက်နေသည်။

သို့သော် ရှန်မို၏ နတ်ဘုရားနန်းတော်အတွင်းရှိ ကိုးဘုံငရဲ ရေခဲမီးတောက်မှာမူ ပုံမှန် ပျင်းရိနေတတ်သော အမူအရာမျိုး မဟုတ်ဘဲ မငြိမ်မသက် လှုပ်ရှားနေသည်။

ရှန်မို ကောင်းကောင်း သိထား၏။

အန်းမိုင် မသေသေးပေ။

ဤငြိမ်သက်နေမှုမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

"သေချင်ယောင် ဆောင်နေတာလား”

ဝေးလံသောနေရာမှ ကျန်းလုံရှန်း နှင့် ထန်ကျင်လုံတို့ အမြန်ရောက်လာကြပြီး သူတို့၏ မျက်နှာများ တောင့်တင်းသွားကြသည်။

စကားထက် အလုပ်ကို အရင်လုပ်လေ့ရှိသော အန်းမိုင်က အမှန်တကယ်ပင် သေချင်ယောင် ဆောင်နေတာလား။

စစ်မြေပြင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုက လွှမ်းခြုံသွားသည်။

မည်သူမျှ အသံမထွက်ရဲကြပေ။

အကြည့်အားလုံးမှာ ကျင်းကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိနေသည်။ ရှန်မို ဖြည်းညင်းစွာ ဆင်းသက်လာ၏။ သူသည် ပေတစ်ထောင်အကွာတွင် အတိအကျ ရပ်လိုက်သည်။

ကျင်းထဲတွင်မူ အန်းမိုင်၏ ပျက်စီးနေသော ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် မလှုပ်ရှားပေ။

အမှန်တကယ် သေဆုံးနေသည့်အလား။

ရှန်မိုက ငရဲဘုံ သန့်စင်သောလှံကို ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်သည်။ လှံသည် အန်းမိုင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး ပို၍ ဝေးရာသို့ လွင့်စင်သွားစေ၏။

“ဪ... မင်း တကယ် သေသွားတာပဲ"

ရှန်မို အေးစက်စွာ ပြောလိုက်သည်။

နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြသည်။

ရှန်မို သူ့ကို စမ်းသပ်နေခြင်းသာ ဖြစ်သည်ဟု သူတို့ ထင်လိုက်ကြ၏။

ကျန်းလုံရှန်း နှင့် ထန်ကျင်လုံ တို့လည်း စိတ်အေးသွားကြသည်။ တစ်ချိန်တည်းမှာပင် ရှန်မိုအပေါ် သူတို့၏ လေးစားမှုမှာ ပိုမိုတိုးပွားလာသည်။ ငယ်ရွယ်သော်လည်း မယုံနိုင်လောက်အောင် ဂရုတစိုက် ရှိလှသည်။

အန်းမိုင် စိတ်ကို အတည်ငြိမ်ဆုံး ထားလိုက်သည်။ တော်သေးတာပေါ့။

သူ၏ သရုပ်ဆောင်မှုက ယုံကြည်လောက်ပေသည်။

ရှန်မို ဘာမှ မရိပ်မိလိုက်ပေ။

'နီးလာပြီ... နည်းနည်းလေးပဲ လိုတော့တယ်...'

'ငါ့မှာ အာဏာစက်စွမ်းအား တစ်စလေး ကျန်သေးတယ်’

'သူသာ တာတစ်ရာအတွင်း ဝင်လာရင် - ငါ သူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်!'

အန်းမိုင်သည် ရင်ထဲတွင် ကြုံးဝါးနေသော်လည်း အပြင်ပန်းတွင်မူ အသက်မဲ့နေသော အလောင်းတစ်ခု... သို့မဟုတ် သေနေသော နတ်ဆိုးကြီးတစ်ခုကဲ့သို့ ငြိမ်သက်နေဆဲ ဖြစ်သည်။

ရှန်မို တည်ငြိမ်စွာပင် ဆက်လက် တိုးကပ်လာ၏။ ပေတစ်ရာ အကွာအဝေးကို ကျော်ဖြတ်လိုက်သည့် အခိုက်အတန့်တွင် သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသည်။

"ဒီအကွာအဝေးက... မင်းကို ငါ အားမစိုက်ဘဲ သတ်နိုင်တဲ့ အကွာအဝေးပဲ"

"နတ်ဆိုးနှလုံးသားက မင်းအတွက်ပဲ"

နောက်ဆုံးစကားကိုမူ ကိုးဘုံငရဲ ရေခဲမီးတောက်အား ပြောလိုက်ခြင်း ဖြစ်သည်။

ရှူး!

ရှန်မို၏ လက်ဖဝါးထဲမှ ဖြူလျော့လျော့ ရေခဲမီးတောက်တစ်ခု ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် အန်းမိုင်၏ ခန္ဓာကိုယ်ပေါ်သို့ အလွယ်တကူ ခုန်တက်သွားပြီး သူ၏ စုတ်ပြဲနေသော ရင်ဘတ်ထဲသို့ တိုးဝင်သွားတော့သည်။

ဝုန်း!

ချက်ချင်းပင် အန်းမိုင်၏ ပျက်စီးနေသော ခန္ဓာကိုယ်ကြီးသည် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းသွားတော့၏!

"အားးးးးးးး”

ကျင်းကြီး၏ အောက်ခြေမှ အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ကောင်းကင်ယံကို တုန်ဟည်းသွားစေ၏။

"ဒါ ဘာမီးလဲ… ဒီ ကျိန်စာသင့်နေတဲ့ အရာက ဘာကြီးလဲ"

အန်းမိုင် ရူးသွပ်စွာ အော်ဟစ်နေပြီး နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်ကာ မီးကို ငြှိမ်းသတ်ရန် အသည်းအသန် ကြိုးစားနေသည်။ သို့သော် နတ်ဆိုးသွေးများသည် ကိုးဘုံငရဲရေခဲမီးတောက်အတွက် အာဟာရပင်။ နတ်ဆိုးစွမ်းအင်မှာမူ ၎င်းအတွက် လောင်စာပင် ဖြစ်သည်။

အသက်ရှူရုံ အကြိမ်အနည်းငယ်အတွင်းမှာပင် မီးတောက်များမှာ အားနည်းမသွားဘဲ ပို၍ပင် ပြင်းထန်လာတော့သည်။

၎င်းမှာ ကောင်းကင်ယံအထိ မြင့်တက်လာပြီး ကျင်းကြီး၏ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဆင်းသွား၏။ ကျယ်ပြောလှသော စတုတ္ထအလွှာရှိ ရေတွက်မရနိုင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များ၏ မျက်ဝန်းများထဲတွင် ထိုဖြူလျော့လျော့ ရေခဲမီးတောက်သာ ကျန်ရှိနေတော့သည်။

All Chapters