← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

Chapter 493: အရင်တည်းက ရှန်မိုနဲ့ ရင်းနှီးရင်

"ကောင်းကင်ကြီး... ဒါ ဘာမီးတောက်ကြီးလဲ"

လန်ပန် နှင့် ယွမ်ထိုက် တို့မှာ စွံ့အမှင်သက်နေကြသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ မီးမျိုး တစ်ခါမှ မမြင်ဖူးဘူး… ဒါ နတ်ဆိုးမျိုးနွယ်တွေအတွက်တော့ သဘာဝတရားကပေးတဲ့ ဘေးအန္တရာယ်တစ်ခုပဲ" ထန်ကျင်လုံ ရင်ထဲမှ တုန်လှုပ်နေ၏။

"ဒါ... ဒဏ္ဍာရီလာ ထာဝရမီးတောက်လား"

ကျန်းလုံရှန်းကမူ မယုံကြည်နိုင်သလို ဖြစ်နေသည်။

ကင်းစခန်းအတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များစွာမှာလည်း စကားမဆိုနိုင်ဘဲ မှင်သက်နေကြရ၏။ သူတို့သည် ဘဝရှစ်ဆက်စာအတွင်း တစ်ခါမှမတွေ့ဖူးနိုင်သော ရတနာတစ်ပါးကို မြင်တွေ့နေရသည်ဟု ခံစားနေရ၏။ ထိုဖြူလျော့လျော့ ရေခဲမီးတောက်မှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသော နတ်ဘုရားအဆင့် အရာဝတ္ထုတစ်ခု ဖြစ်နေပေသည်။

"ကိုးဘုံငရဲ ရေခဲမီးတောက်… ဒါ အသေအချာကို ကိုးဘုံငရဲ ရေခဲမီးတောက်ပဲ"

"မင်းက တကယ်ပဲ ဒီလို ထာဝရမီးတောက်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလား”

မီးတောက်များထဲမှ အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။ ၎င်းမှာ အန်းမိုင်၏ နာကျင်စွာ အော်ဟစ်သံများပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ငြိမ်းသတ်ခြင်းခံခဲ့ရသော ကိုးဘုံငရဲ ရေခဲမီးတောက်သည် ယခုအခါ ရှန်မို ၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်ပွဲကြီးတွင် နတ်ဆိုးများမှ သူတို့၏ အင်အားအားလုံးကို သုံးကာ ကိုးဘုံငရဲ ရေခဲမီးတောက်ကို လုံးဝ ချေမှုန်းနိုင်ခဲ့သည်ဟု အန်းချန်းက ပြောခဲ့ဖူးသည် မဟုတ်လား။

"သွားရမယ့် အချိန်ရောက်ပြီ"

ရှန်မို သူ၏လက်ကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။

ကိုးဘုံငရဲ ရေခဲမီးတောက်သည် ပြင်းထန်စွာ ဝုန်းခနဲ တောက်လောင်သွား၏။

ဝုန်း!

မီးလျှံများထဲတွင် အန်းမိုင်၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် နာကျင်စွာ အော်ဟစ်ရင်း လျင်မြန်စွာ သေးသိမ်သွားသည်။ ခဏအကြာတွင် ကိုးဘုံငရဲ ရေခဲမီးတောက်သည် ရှန်မို၏ လက်ဖဝါးထဲသို့ ပြန်လည်ရောက်ရှိလာလေ၏။

တတိယမြောက် မဟာနတ်ဆိုးကြီးအတွက်မူ...

နံစော်နေသော အမည်းရောင် ပြာပုံတစ်ခုမှလွဲ၍ ဘာမျှ မကျန်တော့ပေ။ လေတိုက်လိုက်သောအခါတွင် ထိုပြာများမှာ မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်ပါးပျောက်ကွယ်သွားကာ အစအနပင် ရှာမရတော့ချေ။

"သေသွားပြီလား… ဒီအတိုင်းကြီးပဲလား… သူက ခွေးတစ်ကောင်ထက်တောင် ပိုပြီး ဆိုးဆိုးရွားရွား သေသွားတာလား"

ကင်းစခန်းအတွင်းရှိ ယင်းယဲ့၊ အောက်ဟုန်၊ ထန်ကျန့်မို နှင့် အခြားသူများမှာ မယုံကြည်နိုင်ဘဲ မှင်သက်နေကြဆဲ ဖြစ်သည်။ ၎င်းမှာ အဓိပ္ပာယ်မရှိသော အိပ်မက်တစ်ခုအလား ခံစားနေရ၏။

"ရက်စက်သောခွန်အား" အာဏာစက်ကို ပိုင်ဆိုင်ထားပြီး အနီးကပ်တိုက်ခိုက်ရေးတွင် ရက်စက်ကြမ်းကြုတ်လှသော အဆင့်သုံး မဟာနတ်ဆိုးကြီး၊ နတ်ဆိုးဧကရာဇ်အဆင့်ရှိသော ထိုသတ္တဝါကြီး...

ဒီအတိုင်းကြီးပဲ သေသွားတာလား။

ဒီလောက် အရှက်ရစရာကောင်းကောင်းနဲ့လား။

ဒီလောက် အရေးမပါသလိုမျိုးနဲ့လား။

"သူ သေသွားပြီ… တတိယမြောက် မဟာနတ်ဆိုးကြီး သေသွားပြီ"

"ငါတို့ နိုင်ပြီ… ဒါ အောင်ပွဲကြီးပဲ"

"တပ်မှူးရှန်… အောင်ပွဲတစ်သောင်း ဆင်နွှဲနိုင်ပါစေ တပ်မှူးရှန်… အောင်ပွဲတစ်သောင်း ဆင်နွှဲနိုင်ပါစေ"

နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝဲလျက် အော်ဟစ်လိုက်သည်။ အခြားအစောင့်များစွာကလည်း ထိုနည်းတူပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အော်ဟစ်ကြတော့သည်။ သူတို့၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေ၏။ ဘေးအန္တရာယ်မှ လွတ်မြောက်လာခြင်းအတွက် တစ်ဦးကိုတစ်ဦး ဖက်ကာ အလွန်အမင်း ကျေးဇူးတင်နေကြသည်။ ကောင်းကင်တွင် ဝဲပျံနေသော လူငယ်လေးကို မော့ကြည့်သောအခါ သူတို့၏ မျက်လုံးများထဲတွင် အားကျလေးစားမှုများဖြင့် ပြည့်နှက်နေလေ၏။

ကျန့်ပိုင်ရှန့်သည် စိတ်သက်သာရာရစွာဖြင့် ပြုံးလျက်

"ငါတို့မှာ အလံတော်ကို ဆက်ခံမယ့်သူ ရှိပြီ… တကယ်ပဲ လက်ဆင့်ကမ်းမယ့်သူ ရှိပြီ"

"ငါ သိတယ်… ငါ သိတယ်… ရှန်မို က တကယ့်ကို အံ့ဩစရာကောင်းတဲ့လူပဲ"

ဝမ်ရှင်းအန်း အသက်ပြင်းပြင်းရှူလိုက်ပြီး ရုတ်တရက် အားကုန် အော်ဟစ်လိုက်သည်။ သူ၏ ဖောင်းအိနေသော မျက်နှာမှာ အသက်ရှူကျပ်သွားသလား ထင်ရလောက်အောင်ပင် နီရဲနေ၏။

ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များက သူ့ကို ထူးဆန်းသလို ကြည့်နေကြသည်။ ကျန့်ပိုင်ရှန့် ချောင်းတစ်ချက် ခြောက်ဟန့်လိုက်ပြီး ဝမ်ရှင်းအန်းနှင့် အမြန် လှမ်းခွာလိုက်သည်။ သူ လက်ကိုပင် ယမ်းပြရင်း

"ငါ ဒီဝတုတ်ငတုံးကို မသိဘူးနော်"

ကျိုးမင်ယီ၊ လီကျန်ထောင်း၊ မိုလင်ရှောင် နှင့် အခြားသူများမှာမူ ရှန်မိုကို ဂုဏ်ယူဝင့်ကြွားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အထူးတလည် အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ သူတို့အားလုံးမှာ နေရာတစ်ခုတည်းမှ လာသူများဖြစ်ကြပြီး ရှန်မိုကို အခြားသူများထက် စောစီးစွာ သိကျွမ်းခဲ့ကြသောကြောင့် ဖြစ်၏။

"အစ်ကိုကျိုး… တပ်မှူးရှန်ကို အစ်ကိုတို့က ဟိုးအရင်ကတည်းက သိတယ်လို့ ကြားတယ်… ကောင်းကင်အလိုတော် သူ့ကို မခေါ်ယူခင်က သူက ဘယ်လိုလူမျိုးလဲဟင်”

နတ်ဆိုးနှိမ်နင်းရေး အစောင့်လူငယ်တစ်ဦးက စပ်စုလိုက်သည်။

ကျိုးမင်ယီ အားရပါးရ ရယ်မောလိုက်ပြီး

"အဲဒါက ပြောရရင် အရှည်ကြီးပဲကွ… ငါသိသလောက်ဆိုရင်တော့ တပ်မှူးရှန်က ငါတို့ ကျင်းတိုင်းပြည်ရဲ့ ကျောက်စိမ်းဂိုဏ်းက အကြီးအကဲတစ်ယောက်လေ..."

"ဟိုမှာကြည့်… ဟိုနှစ်ယောက်က ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်လီ နဲ့ အကြီးအကဲမိုတို့ပဲ။"

သူ ထိုသို့ပြောလိုက်သည်နှင့် အစောင့်အကြပ်များ၏ မျက်လုံးများမှာ ဝင်းလက်သွားကြသည်။

"စီနီယာလီ… တွေ့ရတာ ဂုဏ်ယူပါတယ်… ကျွန်တော်က နဂါးစိမ်းခံတပ်ရဲ့ ဒုတိယတပ်မှူးပါ… စီနီယာ့အစွမ်းနဲ့ဆိုရင် အဖွဲ့ခေါင်းဆောင်လုပ်ဖို့က မတန်ပါဘူး… ကျွန်တော့်လက်အောက်မှာ တပ်ကြပ်ကြီး အဖြစ် လာပူးပေါင်းပါလား"

"ခင်ဗျားက အကြီးအကဲမိုလား… ကျွန်တော်တို့ လက်နက်တိုက်ခန်းမမှာ ကျွမ်းကျင်တဲ့ လက်နက်ပညာရှင်တစ်ယောက် အသည်းအသန် လိုအပ်နေတာ… ခံတပ်ကို ပြန်ရောက်ရင် လက်နက်တိုက်ခန်းမကို ပြောင်းလာဖို့ ဆန္ဒရှိပါသလား"

ခဏချင်းအတွင်းမှာပင် ကျိုးမင်ယီ၊ လီကျန်ထောင်း နှင့် မိုလင်ရှောင် တို့သည် နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရ၏။ အချို့က လက်ဖက်ရည် တိုက်ကြ၊ အချို့က ပုခုံးနှိပ်၊ ကျောနှိပ်ပေးကြ၏။ အချို့ဆိုလျှင် ဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များကိုပင် ပေးကမ်းနေကြသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့သည် လက်ရှိစစ်ဖက်ရာထူးထက် များစွာသာလွန်သော ဆက်ဆံမှုကို ရရှိနေကြတော့သည်။

လောကအတွေ့အကြုံများစွာ ရှိပြီးသားဖြစ်သော လီကျန်ထောင်း နှင့် မိုလင်ရှောင် တို့သည် လူငယ်လေးများကဲ့သို့ ကြောင်တောင်တောင် မဖြစ်နေဘဲ လူအုပ်ထဲတွင် သဘာဝကျကျပင် ရောနှောနေကြလေ၏။

"ဟားဟား… ရတာပေါ့… နောက်တစ်ခါကျ အသေအချာပဲ”

"ကျွန်တော့်ကို အကြီးအကဲမိုလို့ ခေါ်နေစရာ မလိုပါဘူး… ငါတို့အားလုံးက နတ်ဆိုးနှိမ်နင်းရေး အစောင့်တွေချည်းပါပဲ… ငါတို့ကြားမှာ အဆင့်အတန်းတွေ၊ ရာထူးတွေဆိုတာ မရှိပါဘူး"

သူတို့သည် လက်အုပ်ချီ နှုတ်ဆက်ရင်း စေတနာဖြင့် ကမ်းလှမ်းလာသော အစောင့်များကို ပြုံးပြနေကြသည်။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာတွင် အဓိပ္ပာယ်တစ်ခု ပါဝင်နေ၏။ ဤကဲ့သို့ ရုတ်တရက် ဆက်ဆံမှု ပြောင်းလဲသွားခြင်းမှာ ရှန်မို ကြောင့်သာ ဖြစ်ကြောင်း ကောင်းကောင်း သိထားကြသည်။

ရှန်မိုသည် ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်သို့ တစ်ရှိန်ထိုး တက်လှမ်းသွားခဲ့ပြီဖြစ်ရာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ရာထူးကို ရယူရန် အပြည့်အဝ အရည်အချင်း ပြည့်မီသွားပြီဖြစ်သည်။ ယခုမှစ၍ သူ၏ အဆင့်အတန်းမှာ သာမန်နတ်ဆိုးနှိမ်နင်းရေး အစောင့်များထက် အဆပေါင်းများစွာ သာလွန်သွားပေလိမ့်မည်။ ရှန်မိုကို မျက်နှာလိုမျက်နှာရ လုပ်ချင်သော်လည်း တိုက်ရိုက်မချဉ်းကပ်ရဲသူများမှာ အလိုလိုနေရင်း သူ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများထက်သို့ အာရုံရောက်လာကြခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့မှာ ကြားခံလူများ ဖြစ်သွားကြရတော့၏။ အကယ်၍ သူတို့မှတစ်ဆင့် ရှန်မိုနှင့် ဆက်သွယ်နိုင်ခဲ့လျှင် ထိုသူအတွက် ကောင်းကင်ဘုံက ပေးသော အခွင့်အရေးပင် မဟုတ်ပါလား။

ရွှယ်ကျီယီသည် လီကျန့်ထောင်း၊ မိုလင်ရှောင် နှင့် အခြားသူများ နတ်ဆိုးနှိမ်နင်းရေး အစောင့်အကြပ်များ၏ ဝိုင်းဝိုင်းလည် အဖားခံနေရသည်ကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးနေမိသည်။

"ကျီယီ မင်းလည်း အခေါ်ခံရတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက်ပဲလေ… တပ်မှူးရှန်ကို သိလား… မင်းတို့ ပတ်သက်မှုက ဘယ်လိုလဲ"

ဘေးမှ ကျူးလန်က ရုတ်တရက် မေးလိုက်သည်။

ရွှယ်ကျီယီ အားတင်းကာ ရယ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

"သာမန် သိကျွမ်းရုံပါပဲ… ဂိုဏ်းချုပ်လီ တို့နဲ့ ရှန်မို ကြားက ပတ်သက်မှုမျိုးတော့ မရှိပါဘူး"

ကျူးလန် သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း အားကျသံဖြင့် ပြောလိုက်သည်။

"နှမြောစရာပဲ… တပ်မှူးရှန်က မကြာခင် ဗိုလ်ချုပ်ရှန် ဖြစ်တော့မှာ… တကယ်လို့ မင်းသာ အခု သူ့မျက်နှာသာပေးတာ ခံရရင် တစ်ဘဝလုံး သူ့ရဲ့ လူယုံအသိုင်းအဝိုင်းထဲ ပါသွားမှာ... အား..."

ထိုစကားကို ကြားသောအခါ ရွှယ်ကျီယီ ရင်ထဲတွင် ပို၍ပင် ရှုပ်ထွေးသွားရသည်။

'ငါသာ ရှန်မို နဲ့ အစောကတည်းက ရင်းနှီးအောင် လုပ်ခဲ့ရင်... အခု ငါလည်း ဒီလိုမျိုး ဆက်ဆံခံရမှာ မဟုတ်ဘူးလား’

ဝူး... ဝူး... ဝူး...

ကောင်းကင်ယံမှ ပုံရိပ်လေးခု ပျံသန်းလာပြီး ရှန်မို၏ ဘေးတွင် ဆင်းသက်လိုက်ကြသည်။

ထန်ကျင်လုံ အားရပါးရ ရယ်မောလျက်

"ဟားဟား… ကောင်းတယ်… ကျန်းလုံရှန်းက မင်းအကြောင်းကို နေ့ရောညပါ ချီးကျူးနေတာ မဆန်းပါဘူး… မင်းက တကယ့်ကို မျိုးဆက်တစ်ခုမှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်ပဲ"

လန်ပန် ဘာမှ မပြောသော်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းကို ခပ်ပြင်းပြင်း ငြိမ့်ပြလိုက်သည်။ ယွမ်ထိုက်မှာ ရှန်မိုကို အသေအချာ အကဲခတ်ကြည့်ရင်း

"ရွှေ့ဝူခံတပ်မှာ နောက်ဆုံးတော့ အမွေဆက်ခံမယ့်သူ ရှိပြီပေါ့"

သူ ချီးကျူးမဆုံး ဖြစ်နေသည်။

ကျန်းလုံရှန်းမှာမူ ရှန်မိုကို ချီးကျူးသမျှသည် မိမိကို ချီးကျူးသကဲ့သို့ ခံစားနေရသဖြင့် ပါးစပ်မစိနိုင်အောင် ပြုံးနေတော့၏။

"ရှန်မို… မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်… တကယ်ကို ထူးထူးခြားခြား လုပ်နိုင်ခဲ့တာ”

ကျန်းလုံရှန်း သူ၏ မျက်လုံးများတွင် ဂုဏ်ယူရိပ်များဖြင့် လက်မထောင်ပြလိုက်သည်။

"မင်း ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်ကို ဘယ်တုန်းက တက်သွားတာလဲ"

ရှန်မို ပြုံးလျက်

"မကြာသေးပါဘူး… လအနည်းငယ်ပဲ ရှိပါသေးတယ်"

နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်လေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း အနည်းငယ် အံ့အားသင့်သွားကြသည်။

သူက ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့်ကို အခုမှ စဝင်တာလား... ပြီးတော့ ဒုတိယရုပ်ပွားတော်ကိုတောင် ပုံဖော်နိုင်နေပြီလား။

ကျန်းလုံရှန်း တစ်ခုခု ဆက်ပြောမည်အပြုတွင် ရုတ်တရက် စတုတ္ထအလွှာ၏ အနက်ရှိုင်းဆုံးနေရာမှ နားကွဲလုမတတ် ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။

"အဲဒါ နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို ရှင်သန်အောင်လုပ်ဖို့ သုံးတဲ့ ရှေးဟောင်းယဇ်ပလ္လင်ပဲ”

"ကျူးလေး တို့ တိုက်ပွဲဝင်နေတာ အဲဒီနေရာ ဖြစ်ရမယ်"

ကျန်းလုံရှန်း၏ မျက်နှာမှာ တည်ကြည်သွားသည်။

"အခုက အောင်ပွဲခံရမယ့် အချိန်မဟုတ်သေးဘူး… အခုချက်ချင်း အဲဒီကို သွားကြရအောင်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ဤတိုက်ပွဲမှာ စစ်မျက်နှာ အတော်များများ ကွဲနေကြောင်း ကြိုတင်သိထားပြီးသား ဖြစ်၏။

တတိယအလွှာက တိုက်ပွဲမှာ ပြီးလုနီးပါး ဖြစ်နေပြီး စတုတ္ထအလွှာက တိုက်ပွဲမှာလည်း ပြီးသွားပြီ။ စတုတ္ထအလွှာ၏ အနက်ရှိုင်းဆုံးနေရာမှ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်အတွက် တိုက်ပွဲသာ ကျန်တော့သည်။

စစ်မျက်နှာ သုံးခုစလုံးတွင် အောင်နိုင်မှသာလျှင် စစ်မှန်သော အောင်ပွဲဟု သတ်မှတ်နိုင်ပေလိမ့်မည်။ ထို့ပြင် ထိုဘယ်ဘက်လက်မှာ မသေမျိုး နတ်ဆိုးဧကရာဇ်ထံမှ လာခြင်း ဖြစ်ပြီး မသေမျိုး နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်အားလုံး၏ ဖခင်/မိခင် အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ အချို့ကမူ နတ်ဆိုး ပင်လယ်ကို မူလက မသေမျိုး နတ်ဆိုးဧကရာဇ်ကို ပိတ်လှောင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟုပင် ယူဆကြ၏။

ဒါဟာ မဟာနတ်ဆိုးဧကရာဇ် တစ်ပါးဖြစ်ကြောင်း သိထားရမည်။ အကယ်၍ သူတို့သာ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ဖျက်ဆီးနိုင်လျှင် သို့မဟုတ် ကောင်းကင်အလိုတော်ထံ ပူဇော်နိုင်လျှင် ရရှိမည့် စစ်မှုထမ်းကောင်းမှု ရမှတ်မှာလည်း မိုးထိအောင် များပြားပေလိမ့်မည်။

တတိယမြောက် မဟာနတ်ဆိုး အန်းမိုင် ကို သတ်ခြင်းထက်ပင် ဆုလာဘ်က ပိုကြီးပေလိမ့်မည်။

ဤကဲ့သို့သော ကောင်းမှုရမှတ်မျိုး လက်တစ်ကမ်းတွင် ရှိနေပါလျက် သူတို့ ဘယ်လိုလုပ် လက်လွတ်ခံပါမည်နည်း။

ဝူး... ဝူး... ဝူး...

ပုံရိပ်ငါးခုမှာ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်တန်းများကို ချန်ရစ်ခဲ့ပြီး ကောင်းကင်ယံသို့ ထိုးထွက်သွားကြကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

Chapter 494: ငါ့အဖေရဲ့လက်ပါ ရအောင် ယူသွားမှာ

စတုတ္ထအလွှာ၏ အနက်ရှိုင်းဆုံးနေရာ။

ဤနေရာတွင် ရှေးဟောင်းယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ၎င်း၏ပတ်ဝန်းကျင်တွင် အင်အားစုသုံးစုမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ နတ်ဆိုးအရှိန်အဝါမှာ အသာစီးရဆုံးဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင် နှစ်ခုစလုံးမှာ ၎င်း၏ဖိနှိပ်မှုကို အကြီးအကျယ် ခံနေရသည်။ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းများ ငြိမ်သက်သွားချိန်တွင် အလယ်ဗဟိုရှိ ပုံရိပ်အချို့ ထွက်ပေါ်လာသည်။

စစ်မြေပြင်၏ အလယ်ဗဟိုတွင် ပိန်ပိန်ပါးပါးနှင့် ခေါင်းအချိုးအစား မမျှအောင် ကြီးမားသော ပုံရိပ်တစ်ခု ရှိနေသည်။ ၎င်းမှာ ပထမမြောက် မဟာနတ်ဆိုးကြီး အန်းချန်းပင်။ သူ၏ပတ်ဝန်းကျင်တွင် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်နှစ်ဦးဖြစ်သော ကျူးရွှမ်ကျီး နှင့် အောက်ချင်း တို့က ဝိုင်းရံထားကြ၏။

မြေပြင်ပေါ်တွင် နတ်ဆိုးအလောင်းများ ပြန့်ကျဲနေသည်။ ၎င်းတို့ထဲတွင် ကိုးခုမြောက်နှင့် ဆယ်ခုမြောက် မဟာနတ်ဆိုးကြီးများ၏ အလောင်းများလည်း ပါဝင်၏။ ထျန်းကျန်းခံတပ်သခင် အယ်ယွမ်မှာမူ ခန္ဓာကိုယ် ထက်ပိုင်းပြတ်နေပြီး အထက်ပိုင်းမှာ တောင်ကုန်းလေးတစ်ခုပေါ်တွင် တင်နေကာ အောက်ပိုင်းမှာ သွေးအိုင်ထဲသို့ ပြုတ်ကျနေလေသည်။ သူ၏ အသက်ဝိညာဉ်မှာ လုံးဝ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်၏။

တိုက်ပွဲအခြေအနေကို ကြည့်ခြင်းအားဖြင့် အန်းချန်းမှာ သက်သောင့်သက်သာ ရှိနေဆဲဖြစ်သော်လည်း ကျူးရွှမ်ကျီးနှင့် အောက်ချင်းတို့မှာမူ သိသိသာသာ ရုန်းကန်နေရသည်။

ဝုန်း!

နတ်ဆိုးအရှိန်အဝါဖြင့် ဖွဲ့စည်းထားသော လက်သည်းကြီးတစ်ခု ကောင်းကင်ကို ခွဲထွက်ကာ ရိုက်ချလိုက်သည်။ ကျူးရွှမ်ကျီး အချိန်မီ မရှောင်နိုင်ဘဲ အသားစိုင်များ ချက်ချင်း စုတ်ပြဲသွားရ၏။ ထို့နောက် ရင်ဘတ်တွင် နက်ရှိုင်းပြီး ကျဉ်းမြောင်းသော ဒဏ်ရာကြီးတစ်ခု ထင်ကျန်ရစ်သည်။ ဒဏ်ရာအတွင်း၌ နတ်ဆိုးစွမ်းအင်များ စိမ့်ဝင်နေသဖြင့် ဒဏ်ရာကို ပြန်မကျက်အောင် တားဆီးထားလေသည်။

"ပထမမြောက် မဟာနတ်ဆိုးကြီးဆိုတာနဲ့ တန်ပါတယ်… တကယ်ကို ကြောက်စရာကောင်းတဲ့ အစွမ်းပဲ" ကျူးရွှမ်ကျီး နာကျင်စွာ ညည်းတွားရင်း နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာလိုက်ရသည်။

အန်းချန်းသည် မည်သည့်ခံစားချက်မျှမရှိဘဲ လေဟာနယ်ကို နင်းခြေလျက် သွေးအိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွား၏။ ထိုစဉ် ဧရာမ နတ်ဆိုးလက်သည်းကြီးတစ်ခု ရှေ့သို့ တိုးထွက်သွားပြီး နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို လှမ်းဖမ်းလိုက်၏။ အောက်ချင်းလည်း ဟိန်းဟောက်လိုက်ရင်း သူ၏ နဂါးဖြူ ဓမ္မရုပ်ပွားတော်ကို ထုတ်ဖော်လိုက်သည်။ နက်ရှိုင်းသော ဟိန်းဟောက်သံနှင့်အတူ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးလက်သည်းကြီးကို လမ်းခုလတ်မှာတင် ချေမှုန်းပစ်လိုက်လေ၏။

အန်းချန်း မျက်မှောင် အနည်းငယ်ကြုတ်သွားကာ နောက်သို့ဆုတ်ပြီး ရှောင်တိမ်းလိုက်ရပြန်သည်။ ၎င်းမှာ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ရယူရန် ကြိုးစားသည့် တတိယအကြိမ်မြောက် ဖြစ်သော်လည်း အကြိမ်တိုင်းတွင် အနှောင့်အယှက် ခံခဲ့ရသည်။ ဤနတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်နှစ်ဦးမှာ ဝိညာဉ်စွမ်းအင်နှင့် သွေးစွမ်းအင်များ ကုန်ခမ်းနေပြီဖြစ်သလို ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များအားလုံးကိုလည်း အသုံးပြုပြီး ဖြစ်သည်။ သို့သော် အကြိမ်တိုင်းတွင် သူ့ကို အနားမကပ်နိုင်အောင် တားဆီးရန်အတွက် စွမ်းအားများကို တစ်နည်းနည်းဖြင့် ညှစ်ထုတ်နိုင်နေကြဆဲ ဖြစ်၏။

"ကိုးယောက်မြောက်နဲ့ ဆယ်ယောက်မြောက်က မင်းတို့ကို အထင်သေးခဲ့ကြတာပဲ… သူတို့ သေသွားတာ မတန်ဘူးလို့ မဆိုနိုင်ဘူး"

အန်းချန်းမှာ အောက်ချင်းနှင့် ကျူးရွှမ်ကျီးကို တစ်ချက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူရောက်လာစဉ်တွင် ကိုးခုမြောက်နှင့် ဆယ်ခုမြောက် မဟာနတ်ဆိုးများ ကျဆုံးနေပြီဖြစ်ကာ ကျူးရွှမ်ကျီး၊ အောက်ချင်းနှင့် အယ်ယွမ်တို့သည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ဖျက်ဆီးရန် ပြင်ဆင်နေကြသည်။ အကယ်၍ သူသာ အနည်းငယ် နောက်ကျပြီး ရောက်လာခဲ့လျှင် ထိုဘယ်ဘက်လက်မှာ ပျက်စီးသွားလောက်ပြီ ဖြစ်ကာ နှစ်ပေါင်းထောင်ချီ ကြံစည်ခဲ့သမျှမှာလည်း ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

အောက်ချင်းမှာ သွေးများကို ထွေးထုတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"မင်းတို့ နတ်ဆိုးတွေကတော့... အမြဲတမ်း ဒီလိုပါပဲ"

အန်းချန်း တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"ငါက သူတို့နဲ့ မတူဘူး… ငါက အမှားတိုင်းကို မှတ်မိနေလောက်အောင် အသက်ရှည်ခဲ့ပြီးသား… ပြီးတော့ အဲဒီအမှားမျိုးကို ဘယ်တော့မှ ထပ်မလုပ်ဘူး… ငါ့မှာ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေနဲ့ ကိုယ်ခံပညာတွေ ရှိတယ်… တစ်ခုချင်းစီက ပေးဆပ်ရတဲ့ တန်ဖိုးရှိပေမဲ့ပေါ့… မင်းတို့နှစ်ယောက်ကတော့ ခွန်အားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ် သက်သေပြပြီးသားပဲ… မင်းတို့ကို ဒီနည်းစနစ်နဲ့ ပို့ဆောင်ပေးဖို့ ထိုက်တန်ပါတယ်"

သူပြောနေစဉ်တွင် အသံထဲ၌ လုံးဝ မယိမ်းယိုင်သော ယုံကြည်ချက်များ ပါဝင်နေသည်။ အရာအားလုံးမှာ သူ၏ လက်ခုပ်ထဲမှာသာ ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေခြင်း ဖြစ်သည်။

ကျူးရွှမ်ကျီးနှင့် အောက်ချင်းတို့၏ မျက်နှာများမှာ အနည်းငယ် ပျက်သွားကြ၏။ သူတို့မှာ အားအင်ကုန်ခမ်းနေသော မြားတစ်စင်းကဲ့သို့ ဖြစ်နေလေပြီ။

အန်းချန်းကမူ... သူ၏ စစ်မှန်သော စွမ်းအားကိုပင် အသုံးမပြုရသေးပေ။

အောက်ချင်းမှ တည်ငြိမ်စွာ ရှေ့သို့ တိုးထွက်လိုက်သည်။

"ဗိုလ်ချုပ်ကျူး... ကျွန်တော့်သက်တမ်းကလည်း ကုန်ခါနီးနေပါပြီ… ကျွန်တော် အရင်သွားနှင့်မယ်"

ကျူးရွှမ်ကျီး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး နှလုံးသားမှာ တုန်လှုပ်သွားရသည်။ ကျောက်မျိုးနွယ်စု၏ နဂါးဗိုလ်ချုပ်များအကြားတွင် အောက်ကွမ်နှင့် အောက်ချင်း တို့မှာ စရိုက်လက္ခဏာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ တစ်ဦးက အတ္တကြီးပြီး၊ ကျန်တစ်ဦးကမူ လုံးဝ အနစ်နာခံတတ်သူ ဖြစ်သည်။ အောက်ချင်း၏ စကားမှာ သူ့ကို အလွန် စိတ်လှုပ်ရှားသွားစေသည်။

"ဘယ်သူ အရင်သေမလဲဆိုတာ ဆုံးဖြတ်နေစရာ မလိုပါဘူး"

အန်းချန်း၏ လေသံမှာ ပြောင်းလဲမသွားပေ။ သူသည် မဟာနတ်ဆိုးကြီး၏ အနှစ်သာရသွေး တစ်ငုံကို ထွေးထုတ်လိုက်သည်။ ထို့နောက် နက်မှောင်သော မြူထုကြီးသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းလာတော့၏။

သူ ရုတ်တရက် လက်ကို မြှောက်လိုက်ရာ နက်မှောင်သော မြူထုမှာ အထက်သို့ ထိုးတက်သွားပြီး စတုတ္ထအလွှာ၏ မျက်နှာကြက်ကို ဖောက်ထွက်သွားလေသည်။

ဝူးးး - ဝူးးး - ဝူးးး

ပတ်ဝန်းကျင်ရှိ နတ်ဆိုးအရှိန်အဝါများမှာ ပြင်းထန်စွာ ဆူဝေလာသည်။ ခဏချင်းအတွင်းမှာပင် မိုင်ပေါင်းထောင်ချီရှိသော အရှိန်အဝါများသည် လက်သီးဆုပ်ခန့်ရှိသော အလင်းလုံးလေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုနတ်ဆိုးအလင်းလုံးလေးများသည် အမိန့်ကို စောင့်မျှော်နေသည့်အလား လေထဲတွင် ဝဲပျံနေကြ၏။ အောက်ချင်းနှင့် ကျူးရွှမ်ကျီးတို့အတွက်မူ ထိုအလင်းလုံးလေးများသည် အလွန်ပင် မတည်မငြိမ် ဖြစ်နေသလို ခံစားရသည်။ ၎င်းတို့ထဲတွင် ပြင်းထန်ပြီး ပေါက်ကွဲလွယ်သော စွမ်းအားများ ပြည့်နှက်နေ၏။ တစ်ချက် ထိမိရုံမျှဖြင့် ဖျက်ဆီးနိုင်စွမ်းကြီးမားသော ပေါက်ကွဲမှု ဖြစ်သွားပေလိမ့်မည်။

"သူတော်စင်အဆင့် နိမ့်ပါး ကိုယ်ခံပညာ - သတ္တဝါအပေါင်းတို့၏ စစ်မှန်သော ကပ်ဆိုး"

အန်းချန်း အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်သည်။

သတ္တဝါအပေါင်းတို့၏ စစ်မှန်သော ကပ်ဆိုး - သက်ရှိအားလုံးအတွက် အဆုံးစွန်သော ကပ်ဆိုးကြီးပင်။

နောက်တစ်ခဏတွင် နတ်ဆိုးအလင်းလုံးလေးများ အားလုံးမှာ ပြင်းထန်စွာ လှုပ်ရှားလာပြီး အောက်ချင်းနှင့် ကျူးရွှမ်ကျီးတို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

အောက်ချင်းနှင့် ကျူးရွှမ်ကျီးတို့၏ မျက်နှာများမှာ မယိမ်းယိုင်သော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ ကျူးရွှမ်ကျီးသည် နတ်ဆိုးနှိမ်နင်းရေး ပင်လယ်ထဲတွင် သူလျှိုအဖြစ် နှစ်ပေါင်းတစ်ရာကြာ နေထိုင်ခဲ့သူဖြစ်ရာ စတင်ရောက်ရှိလာကတည်းက သေရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကြီးမားသော စိတ်ဓာတ်ခွန်အားနှင့် ဆုံးဖြတ်ချက်မရှိဘဲ သူ ဤမျှကြာအောင် ရှင်သန်နိုင်မည် မဟုတ်ပေ။ အောက်ချင်းမှာမူ မယုံနိုင်လောက်အောင် အသက်ကြီးရင့်သူ ဖြစ်၏။ သူသည် လူသားများနှင့် မိစ္ဆာမျိုးနွယ်များ ပူးပေါင်းကာ နတ်ဆိုးများကို တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးတွင် ပါဝင်ခဲ့ဖူးကာ တောင်ပိုင်းပင်လယ်၏ ပထမဆုံးသော ဘုရင် ဖြစ်ခဲ့သည်။ သူ့ဆုံးဖြတ်ချက်မှာ ကျူးရွှမ်ကျီးထက်ပင် သာလွန်ပေလိမ့်မည်။

သူလည်းပဲ မကြောက်ပေ။

အန်းချန်းကို ခဏမျှဖြစ်စေ ဆွဲထားနိုင်လျှင် သူတို့၏ ပေးဆပ်မှုမှာ ထိုက်တန်ပေလိမ့်မည်။

ထိုအချိန်တွင် ဝေးလံသောနေရာမှ နားကွဲလုမတတ် ဟိန်းဟောက်သံကြီး တစ်သံ ကောင်းကင်ယံကို ဖြတ်သန်းလာသည်။ အန်းချန်း၏ ကျောရိုးတစ်လျှောက်တွင် ဓားတစ်စင်းဖြင့် ထောက်ထားသကဲ့သို့ အေးစိမ့်သော ခံစားချက်တစ်ခု ချက်ချင်း ဝင်ရောက်လာ၏။

သူ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ ရေတွက်မရနိုင်သော နတ်ဆိုးအလင်းလုံးများ သူ၏ နောက်ကျောဘက်သို့ ပြန်ဆုတ်သွားကြသည်။ အောက်ချင်းနှင့် ကျူးရွှမ်ကျီးတို့အပေါ် ကျရောက်နေသော ဖိအားမှာလည်း ချက်ချင်းပင် လျော့ပါးသွားတော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် အောက်ချင်းနှင့် ကျူးရွှမ်ကျီးတို့ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ အန်းချန်း၏ နောက်ကျောဘက်တွင် ပုံရိပ်ငါးခုမှာ စစ်မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြ၏။

အန်းချန်း မျက်နှာပျက်လျက်

"မင်းတို့ အားလုံး ရောက်လာကြတာလား"

"အန်းမိုင်၊ အန်းဝူ နဲ့ အန်းချန် တို့ ဘယ်မှာလဲ”

"ဘာဖြစ်လို့ ငါးယောက် ဖြစ်နေတာလဲ”

ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက် အန်းချန်း အခြေအနေကို စပ်ဆက်မိသွားသည်။

သူ မှတ်မိသော ပုံရိပ်လေးခုမှာ ကျန်းလုံရှန်း၊ ထန်ကျင်လုံ၊ လန်ပန် နှင့် ယွမ်ထိုက် တို့ ဖြစ်ကြသည်။ လန်ပန်နှင့် ယွမ်ထိုက်တို့ ရောက်လာခြင်းမှာ အနည်းငယ် မျှော်လင့်မထားသော်လည်း အကြောင်းပြချက် ရှိပေသည်။ သူတို့အတွက်လည်း သူ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။

သို့သော် သူတို့ကြားမှ လူငယ်ပုံရိပ်ကမူ ဘယ်သူလဲ။

ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူလား။

ဒါက သူ၏ အစီအစဉ်ထဲတွင် လုံးဝ မပါဝင်ခဲ့ပေ။

အောက်ချင်းနှင့် ကျူးရွှမ်ကျီး တို့သည်လည်း ထိုလူငယ်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။ ထိုလူငယ်လေးက... အမှန်တကယ်ပဲ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင်လား။ စတုတ္ထအလွှာ စစ်မြေပြင်၏ အလှည့်အပြောင်းမှာ သူ၏ ပေါ်ထွက်လာမှုကြောင့် ဖြစ်ရတာလား။

"မင်းတို့ အားလုံး ရောက်လာကြပြီဆိုတော့... ဒီစစ်ဆင်ရေးက အကြီးအကျယ် ရှုံးနိမ့်သွားပြီလို့ ဆိုရမှာပဲ"

အန်းချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ယခုအခါ သူ့ကို ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင် ခုနစ်ဦး ဝိုင်းရံထားကြပြီ။ သူသည် အနက်နဲဆုံးနှင့် ရှေးအကျဆုံးဟု ယူဆရသော ပထမမြောက် မဟာနတ်ဆိုးကြီး ဖြစ်သော်လည်း တစ်ပြိုင်နက်တည်း ခုနစ်ဦး၏ ဝိုင်းရံမှုကိုမူ မခုခံနိုင်ပေ။

ဆုတ်ခွာရမည့် အချိန်ရောက်ပြီဆိုသည်ကို သူ သိလိုက်သည်။

အကယ်၍ သူသာ အမှန်တကယ် ထွက်ပြေးချင်လျှင် ဤခုနစ်ဦးစလုံးကပင် သူ့ကို တားနိုင်မည် မဟုတ်ပေ။ သို့သော် သူ မထွက်ခွာမီ အရေးအကြီးဆုံး အရာကိုတော့ ယူသွားရပေလိမ့်မည်။

နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ပင်။

အခြား အစီအစဉ်များ အားလုံး ရှုံးနိမ့်သွားနိုင်သော်လည်း ဘယ်ဘက်လက်ကိုမူ သူ အရယူရမည်။ ၎င်းမှာ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်၏။

ထန်ကျင်လုံမှ လေးနက်သော လေသံဖြင့်

"အန်းချန်း… ဒီမှာ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင် ခုနစ်ယောက် ရှိတယ်… မင်း ထွက်ပြေးနိုင်ရင်တောင် အပြင်းအထန် ဒဏ်ရာရမှာပဲ… အကယ်၍ မင်းသာ မသေမျိုး နတ်ဆိုးဧကရာဇ်ရဲ့ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘယ်မှာလဲဆိုတာ ပြောမယ်ဆိုရင် မင်းကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးမယ်"

အန်းချန်း ရယ်မောလိုက်ရာ သူ၏ အသံမှာ ခြောက်ကပ်ပြီး ကြမ်းတမ်းလှ၏။

"ထန်ကျင်လုံ… မင်း အများကြီး တွေးနေတာပဲ… မင်းတို့ ပြောနေတဲ့ မသေမျိုး နတ်ဆိုးဧကရာဇ် ဆိုတာ ငါ့ရဲ့ ဖခင်ပဲ… ငါနဲ့ သူကြားက ပတ်သက်မှုက တခြား မဟာနတ်ဆိုးတွေထက် ပိုနက်ရှိုင်းတယ်… နောက်ပြီး... မင်းတို့ထဲက ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး… ငါက ဒီအတိုင်း ထွက်သွားမှာ မဟုတ်ဘူး… ငါ့အဖေရဲ့ ဘယ်ဘက်လက်ကိုပါ တစ်ခါတည်း ယူသွားမှာ"

အန်းချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာတွင် သူ၏အသံမှာ တည်ငြိမ်လှသည်။ သို့သော် ထိုတည်ငြိမ်မှုအောက်တွင် လုံးဝ မေးခွန်းထုတ်စရာမလိုသော ယုံကြည်ချက်များ ပါဝင်နေ၏။ ဤနေရာရှိ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် တန်ခိုးရှင် ခုနစ်ဦးစလုံးမှာ သူ၏ အာရုံစိုက်မှုကို ခံရလောက်အောင် မထိုက်တန်ကြပေ။

ရှန်မို သည် အန်းချန်းကို အကဲခတ်ကြည့်ရင်း သူ၏ နတ်ဆိုးသက်တမ်း မျက်နှာပြင်ကို စိုက်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်မိသွားသည်။

'ဒါကြောင့်မို့လို့ သူက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး...'

'မဆန်းပါဘူး... သူက တကယ့်ကို မသေမျိုး နတ်ဆိုးဧကရာဇ် ကနေ မွေးဖွားလာတဲ့ သားပဲ!'

Chapter 495: မင်းအသိစိတ်ထဲ ဝင်မှဖြစ်မယ်

[နာမည် - အန်းချန်း]

[ကျင့်ကြံမှုအဆင့် - နတ်ဆိုးဧကရာဇ်အဆင့် အထွတ်အထိပ်]

[ကံကြမ္မာစရိုက်လက္ခဏာများ - မဟာနတ်ဆိုးဧကရာဇ်၏ အမွေဆက်ခံသူ၊ ပထမမြောက် မဟာနတ်ဆိုးကြီး၊ မွေးရာပါ မြင့်မြတ်သူ၊ ယိုယွင်းသောဉာဏ်ပညာ၏ အာဏာစက်၊ အမြော်အမြင်ရှိသော နည်းဗျူဟာရှင်၊ ဗဟုသုတဘဏ္ဍာတိုက်၊ မသေမျိုးကပ်ဆိုးခန္ဓာ]

[မဟာနတ်ဆိုးဧကရာဇ်၏ အမွေဆက်ခံသူ - အနီရောင်ကံကြမ္မာစရိုက်။ သင်သည် မဟာနတ်ဆိုးဧကရာဇ်၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည်။ သို့သော် သင်မမွေးဖွားမီမှာပင် မဟာနတ်ဆိုးဧကရာဇ် သေဆုံးခဲ့သည်။ သင်သည် မိခင်ဝမ်းဗိုက်ကို ကိုယ်ပိုင်စွမ်းအားဖြင့် အတင်းအကျပ် ခွဲထွက်လာခဲ့သည်။ ရလဒ်အနေဖြင့် သင်၏ပင်ကိုယ်စရိုက်မှာ အလွန်အမင်း ကြံ့ခိုင်သန်စွမ်းသည်။]

[ပထမမြောက် မဟာနတ်ဆိုးကြီး - အနီရောင်ကံကြမ္မာစရိုက်။ မဟာနတ်ဆိုးကြီး ဆယ်ပါးထဲတွင် သင်သည် အသက်အကြီးဆုံးနှင့် အသိဉာဏ်အရှိဆုံး ဖြစ်သည်။ သင်၏ လှုပ်ရှားမှုတိုင်းသည် ကျန်ရှိသော နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံးကို ဖိနှိပ်ချုပ်ကိုင်နိုင်သည်။]

[မွေးရာပါ မြင့်မြတ်သူ - အနီရောင်ကံကြမ္မာစရိုက်။ သင်သည် မသေမျိုး နတ်ဆိုးဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်ရာ မဟာနတ်ဆိုးကြီးများအကြား အမြင့်မြတ်ဆုံးသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ အခြားသော မဟာနတ်ဆိုးကြီးများကြားမှာပင် သင်၏သွေးမျိုးဆက်က သင့်ကို အသာစီးရစေသည်။]

[ယိုယွင်းသောဉာဏ်ပညာ၏ အာဏာစက် - အနီရောင်ကံကြမ္မာစရိုက်။ သင်သည် မသေမျိုး နတ်ဆိုးဧကရာဇ်၏ ပထမဆုံးသော အာဏာစက်ဖြစ်သည့် "ယိုယွင်းသောဉာဏ်ပညာ၏ အာဏာစက်" ကို ကိုင်စွဲထားသည်။ သင်၏အသိဉာဏ်သည် အခြားသူအားလုံးထက် သာလွန်သည်။ အစီအစဉ်တိုင်းက စေ့စပ်သေချာပြီး လှုပ်ရှားမှုတိုင်းက တိကျလှသည်။]

[အမြော်အမြင်ရှိသော နည်းဗျူဟာရှင် - လိမ္မော်ရောင်ကံကြမ္မာစရိုက်။ ငယ်စဉ်ကတည်းက ရေရှည်စီမံကိန်းများ၏ လိုအပ်ချက်ကို သင်နားလည်ခဲ့သည်။ သင်၏ အကွက်ချစီစဉ်မှုများသည် တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်စပ်နေပြီး အပြစ်ပြောစရာမရှိပေ။]

[ဗဟုသုတဘဏ္ဍာတိုက် - လိမ္မော်ရောင်ကံကြမ္မာစရိုက်။ သင်သည် ရှေးဟောင်းကျမ်းစာများနှင့် လူမျိုးပေါင်းစုံ၏ ကိုယ်ခံပညာနည်းစနစ်များကို လေ့လာလိုက်စားရန် ဝါသနာကြီးသည်။ ထို့ကြောင့် သင်သည် အမြဲတမ်း တည်ငြိမ်နေပြီး သင်နားမလည်နိုင်သော အရာမျိုးနှင့် ကြုံရခဲသည်။]

[မသေမျိုးကပ်ဆိုးခန္ဓာ - အနီရောင်ကံကြမ္မာစရိုက်။ အလယ်အလတ်အဆင့် သူတော်စင်အဆင့်ရှိ ကိုယ်ခန္ဓာဖွဲ့စည်းပုံ။ သေဆုံးပြီးနောက် သင်၏ နတ်ဆိုးနှလုံးသား တစ်ခုတည်း ကျန်ရှိနေရုံဖြင့် ပြန်လည်ရှင်သန်နိုင်သည်။ တစ်ကြိမ် ပြန်လည်ရှင်သန်တိုင်း သင်သည် ပိုမိုသန်မာလာကာ ပိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ခြေ ပိုများလာသည်။]

ရှန်မို ဆက်လက်ဖတ်ရှုလိုက်သည်။

[ကံကြမ္မာ - နောက်နှစ်ပေါင်း တစ်ရာအတွင်း မသေမျိုး နတ်ဆိုးဧကရာဇ်ကို အောင်မြင်စွာ ပြန်လည်ရှင်သန်စေမည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကို မြေလှန်ဖျက်ဆီးပြီး ဤအောက်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်မည်။ နောက်နှစ်ပေါင်း တစ်ထောင်အတွင်း မသေမျိုး နတ်ဆိုးဧကရာဇ်၏ နောက်သို့ လိုက်ပါကာ မဟာကမ္ဘာသို့ တက်လှမ်းပြီး မဟာနတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိမည်။]

သူ စဉ်းစားခန်း ဝင်သွားသည်။ သိသာသည်မှာ မသေမျိုး နတ်ဆိုးဧကရာဇ်သာ ပြန်လည်ရှင်သန်လာပါက မျိုးနွယ်စုသုံးခု၏ ခုခံမှုအားလုံးမှာ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ မဟာနတ်ဆိုးဧကရာဇ်၏ စွမ်းအားရှေ့မှောက်တွင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။

"အဲဒီလိုဆိုရင် အန်းချန်းကို နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို ယူခွင့် လုံးဝ မပေးနိုင်ဘူး"

ရှန်မိုသည် သူ၏ နတ်ဘုရားနန်းတော်ထဲသို့ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

"ခဏနေရင် ငါ့ကို ကူညီဦး"

ကိုးဘုံငရဲရေခဲမီးတောက်သည် အန်းမိုင်၏ နတ်ဆိုးနှလုံးသားကို ပျင်းရိစွာ ချေဖျက်နေရင်းမှ မီးတောက်ကို တချက်ယမ်းပြလိုက်သည်။

"ရတာပေါ့… ငါ လှုပ်ရှားပေးမယ်"

ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆတ်ခနဲ ပြောလိုက်ပြန်သည်။

"ငါက မင်းကို အမြဲတမ်း ကူညီနေမှာလို့ မထင်နဲ့ဦး… အလကား အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးနော်"

"ငါ ဒါကို နတ်ဆိုးနှလုံးသားအတွက်ပဲ လုပ်ပေးတာ"

ရှန်မို အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"ဟုတ်ပါပြီ… ဟုတ်ပါပြီ… အသေအချာပေါ့"

အချိန်ကြာလာသည်နှင့်အမျှ သူနှင့် ကိုးဘုံငရဲရေခဲမီးတောက်ကြားရှိ သံယောဇဉ်မှာ နက်ရှိုင်းလာခဲ့သည်။ ၎င်းသည် အစောပိုင်းကကဲ့သို့ သူ့အပေါ် အေးစက်စက် ဆက်ဆံခြင်း မရှိတော့ပေ။

"တိုက်ကြ!"

ကျန်းလုံရှန်းမှ ဟိန်းဟောက်လိုက်သည်။

ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ဦးသည် ချက်ချင်း လှုပ်ရှားလိုက်ပြီး အန်းချန်းထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။ အန်းချန်းမှာမူ တည်ငြိမ်နေဆဲဖြစ်ကာ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

ထူးခြားသော စွမ်းအားနှစ်မျိုး သူ၏ လက်နှစ်ဖက်မှ ပန်းထွက်လာသည်။ ဘယ်ဘက်လက်မှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသော်လည်း ညာဘက်လက်မှမူ အံ့ဩစရာကောင်းလောက်အောင် သွေးစွမ်းအင်များ ထွက်ပေါ်နေ၏။

နတ်ဆိုးတစ်ကောင်က သွေးစွမ်းအင်ကို သုံးနေတာလား။

"သွေးစွမ်းအင်က အားနည်းပေမဲ့ သူ့မှာလည်း အသုံးဝင်တဲ့နေရာ ရှိပါတယ်"

"ငါ စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ သွေးစွမ်းအင်နဲ့ နတ်ဆိုးစွမ်းအင်ကို ပေါင်းစပ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့တယ်"

"ဒါပေမဲ့ အချိုးအစားကိုတော့ ခန့်မှန်းရခက်တယ်… သွေးစွမ်းအင် အမျှင်တန်း (၁၀၉) ခုလောက်က နတ်ဆိုးစွမ်းအင် အမျှင်တန်း တစ်ခုနဲ့ ပေါင်းစပ်နိုင်တယ်"

"ငါ ဒီစွမ်းအားကို 'နတ်ဆိုးသွေးအင်အား'လို့ ခေါ်တယ်"

"ဒီပေါင်းစပ်ထားတဲ့ အင်အားက အရမ်းကို မတည်မငြိမ်ဖြစ်နေလို့ (၄) စက္ကန့်လောက် တည်ငြိမ်အောင်ပဲ နှစ်ပေါင်း ၂၈၂ နှစ်တောင် အချိန်ပေးခဲ့ရတယ်"

အန်းချန်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ အာဏာစက်စွမ်းအားကို တိုက်ပွဲထဲ ဘယ်တော့မှ မယူလာဘူး… ဘာလို့လဲဆိုတော့ ငါ့ရဲ့ ယိုယွင်းသောဉာဏ်ပညာ အားလုံးကို ဒါကို ဖော်ထုတ်ဖို့အတွက်ပဲ သုံးထားလို့ပဲ"

သူပြောပြီးသည်နှင့် စွမ်းအားနှစ်မျိုးကို အတင်းအကျပ် ပေါင်းစပ်ပစ်လိုက်သည်။

ဂျိန်း—!

သူ၏ လက်ဖဝါးထဲတွင် သွေးရောင်လွှမ်းသော နတ်ဆိုးစွမ်းအင်များ ပန်းထွက်လာသည်။ ၎င်းမှာ အန်းချန်း ခေါ်ဆိုသော "နတ်ဆိုးသွေးအင်အား" ပင် ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ပေရာပေါင်းများစွာ ကျယ်ပြောသော နတ်ဆိုးလက်သည်းကြီးအဖြစ် စုစည်းသွားသည်။ ထိုလက်သည်းကြီးသည် ဖြန့်ကားထွက်သွားပြီး ကျင့်ကြံသူ ခုနစ်ဦးစလုံးနှင့် စတုတ္ထအလွှာ တစ်ခုလုံးကိုပါ အရာအားလုံးကို ဆွဲဖြဲပစ်တော့မည့်အလား လွှမ်းခြုံသွားလေသည်။

ကျန်းလုံရှန်းနှင့် အခြားသူများ မျက်နှာပျက်သွားပြီး နည်းဗျူဟာကို ချက်ချင်း ပြောင်းလိုက်ကြသည်။ အမျိုးမျိုးသော ကာကွယ်ရေး ကိုယ်ခံပညာ နည်းစနစ်များ ပေါက်ကွဲထွက်လာသည်။

ရှန်မို၏ စိတ်ဝိညာဉ်စွမ်းအင်များ ဆူဝေလာပြီး မသေမျိုးမြစ် ဓမ္မရုပ်ပွားတော် ထွက်ပေါ်လာလေသည်။ လေပြင်းများမှာလည်း ပြင်းထန်စွာ တိုက်ခတ်လာ၏။ ၎င်းမှာ ကမ္ဘာဦးအဆင့် ကာကွယ်ရေး ကိုယ်ခံပညာဖြစ်သော "စကြာဝဠာပြောင်းရွှေ့ခြင်း ကျမ်းလိပ်"ပင် ဖြစ်သည်။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဆိုးလက်သည်းကြီးသည် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်တစ်ခုအလား ကျဆင်းလာသည်။ ဓမ္မရုပ်လုံးပေါ်ခြင်းအဆင့် ကျင့်ကြံသူတိုင်း ထိုလက်သည်းကြီးအတွင်း၌ ပါရှိသော ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသည်။

အဟွတ်!

ကျူးရွှမ်ကျီး သွေးများ အန်ထုတ်လိုက်ရပြီး မျက်နှာမှာ ဖြူလျော့သွားသည်။

"ဒါ နတ်ဆိုးသွေးအင်အားလား… တကယ်ကို ကြောက်စရာကောင်းတာပဲ!"

သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

အောက်ချင်း ငုံ့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများစွာမှာ ကွဲအက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ အရေပြားမှာ နေရာအတော်များများတွင် စုတ်ပြဲနေပြီး အသားစိုင်များနှင့် သွေးများ နေရာအနှံ့ လွင့်စင်နေ၏။ ကျန်းလုံရှန်း၊ ထန်ကျင်လုံ နှင့် အခြားသူများမှာလည်း အခြေအနေချင်း တူတူပင် ဖြစ်သည်။

ဒဏ်ရာ အနည်းဆုံးရသူမှာ ယွမ်ထိုက်ပင်။

သူ၏ "ကြယ်ခူးမျောက်မင်း" ဓမ္မရုပ်ပွားတော်သည် အံ့ဩစရာကောင်းလောက်အောင် ကြယ်တစ်လုံးကို ဆင့်ခေါ်ကာ သူ့ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုတိုက်ကွက်မှာ သူ အချိန်အတော်ကြာ စုဆောင်းထားရသည့် တိုက်ကွက်ဖြစ်ကြောင်း သိသာလှ၏။ ၎င်းကို ထပ်ခါတလဲလဲ အသုံးမပြုနိုင်ပေ။

ရှန်မိုသည်လည်း အခြေအနေ သိပ်မကောင်းလှပေ။ နတ်ဆိုးလက်သည်းကြီးမှ စွမ်းအားအတော်များများကို ဖယ်ရှားနိုင်ခဲ့သော်လည်း ဧရာမဆင်မင်း ရာပေါင်းများစွာက သူ့ကို တည့်တည့် တိုက်မိသွားသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ရူးသွပ်စွာ ဆူဝေနေ၏။ ဝမ်းဗိုက်ထဲတွင်လည်း လှိုင်းတံပိုးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရပြီး အော့အန်ချင်စိတ်က တားမရအောင် ဖြစ်ပေါ်လာသည်။

ရှန်မိုက အသက်ပြင်းပြင်းရှူကာ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားလိုက်သည်။ ပထမဆုံး အပြန်အလှန် တိုက်ခိုက်မှုအရ အန်းချန်းကို ယှဉ်နိုင်သည့် အဆင့်မှာ မရှိသေးကြောင်း သူ နားလည်လိုက်သည်။ ဤသတ္တဝါမှာ မဟာနတ်ဆိုးကြီးများအကြား အနက်နဲဆုံးနှင့် ရှေးအကျဆုံး ဆိုသည့် နာမည်နှင့် ထိုက်တန်လှပေသည်။ နတ်ဆိုးစွမ်းအင်နှင့် သွေးစွမ်းအင်ကို ပေါင်းစပ်ခြင်းသည်ပင် သူ အောင်မြင်ထားသည့် အရာတစ်ခု ဖြစ်နေသည်။

'သူ့ကို တိုက်ရိုက် ရင်ဆိုင်နိုင်ဖို့ ငါ အခုထက် ပိုသန်မာလာရမယ်’

ရှန်မိုသည် အခြားအတွေးအားလုံးကို ဖယ်ထုတ်လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ လှမ်းကြည့်လိုက်သည်။ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်မှာ ထိုနေရာတွင် ရှိနေဆဲပင်။ သို့သော် ၎င်းမှာ ငြိမ်သက်နေခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ထိုလက်ကြီးမှာ အနည်းငယ် လှုပ်ရှားနေတတ်သည်။ သေဆုံးပြီးနောက်မှာပင် ဖားခြေထောက်တစ်ချောင်း အလိုလို လှုပ်ရှားနေသကဲ့သို့ပင် ဖြစ်သည်။

နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်မှာ အန်းချန်း၏ စစ်မှန်သော ရည်မှန်းချက်ပင်။ အကယ်၍ ရှန်မို အမှားမရှိလျှင် အန်းချန်းသည် ၎င်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားပေလိမ့်မည်။

ထင်ထားသည့်အတိုင်းပင်။

လူတိုင်းကို တိုက်ကွက်တစ်ခုတည်းဖြင့် နောက်သို့ ဆုတ်သွားအောင် လုပ်ပြီးနောက် အန်းချန်း၏ ခန္ဓာကိုယ်သည် ယဇ်ပလ္လင်ဆီသို့ ချက်ချင်း ဝဲပျံသွားတော့သည်။

သူ၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ကျန်းလုံရှန်း၊ ထန်ကျင်လုံ နှင့် အခြားနတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြပေ။

အသက်ရှူရုံ အချိန်အတွင်းမှာပင် အန်းချန်းသည် ယဇ်ပလ္လင်၏ အထက်သို့ ရောက်ရှိသွားခဲ့ပြီ။ သူသည် နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ဖမ်းယူရန် ပေါ့ပေါ့ပါးပါးပင် လက်လှမ်းလိုက်၏။

"သူ့ကို တားကြ!"

အောက်ချင်း လှမ်း၍ ဟိန်းဟောက်လိုက်သည်။

သူသည် ယဇ်ပလ္လင်နှင့် အနီးဆုံးနေရာတွင် ရှိနေသူ ဖြစ်၏။ ထိုသို့မြင်သောအခါ ဝန်မလေးဘဲ သူ၏ အနှစ်သာရသွေးကို လောင်ကျွမ်းစေကာ ချက်ချင်း လှုပ်ရှားလိုက်တော့သည်။ ထိုအခါ နဂါးဖြူ ဓမ္မရုပ်ပွါးတော် အတင်းအကျပ် ထွက်ပေါ်လာ၏။ ကောင်းကင်တိုင်အောင် အေးစိမ့်သော အအေးဓာတ်ကြီး တစ်ခုမှာ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြေပြင်၊ ကျောက်နံရံများနှင့် လေထုပင်လျှင် ခဲသွားရသည်။ မျက်နှာကြက်တွင် ရေခဲပန်းဆွဲများစွာ တွဲလောင်းကျလာပြီး မြေပြင်မှလည်း ရေခဲဆူးချွန်များစွာ ထိုးထွက်လာ၏။ သူသည် အန်းချန်း၏ လှုပ်ရှားမှုကို ဟန့်တားရန် ကြိုးစားနေခြင်း ဖြစ်သည်။

"အားနည်းလိုက်တာ"

အန်းချန်း ခေါင်းပင်မလှည့်ဘဲ ဘေးတိုက်ကြည့်ကာ လက်ကို ပေါ့ပေါ့ပါးပါးပင် ယမ်းလိုက်သည်။ နတ်ဆိုးသွေးအင်အားများ ပန်းထွက်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ခြင်္သေ့ကြီးတစ်ကောင်အဖြစ် စုစည်းသွားသည်။ ခြင်္သေ့ကြီးက ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး နက်မှောင်သော မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

ရှူး—!

ထိုမီးလျှံများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အအေးဓာတ်အားလုံး အစအနပင် မကျန်တော့ဘဲ ချက်ချင်း အရည်ပျော်သွားရသည်။ လေထု၏ အပူချိန်မှာ ကျဆင်းမသွားဘဲ အလွန်အမင်း မြင့်တက်လာတော့၏။

"တောက်!"

အောက်ချင်း အံကို တင်းတင်းကြိတ်လိုက်သည်။ သူ၏ အနှစ်သာရသွေးမှာ ခန်းလုနီးပါး ဖြစ်နေပြီ။ သူ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အနှစ်သာရမှာပင် ကုန်ခမ်းရန် နီးကပ်နေပြီ ဖြစ်၏။ သို့သော်လည်း သူ အန်းချန်းကို မတားနိုင်သေးပေ။ အကယ်၍ အန်းချန်းသာ နတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ယူသွားပါက ဤတိုက်ပွဲကို စစ်မှန်သော အောင်ပွဲဟု ခေါ်ဆိုနိုင်မည် မဟုတ်တော့ပေ။

"မင်းက နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို သန့်စင်ချင်နေတာ မဟုတ်လား”

ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ နတ်ဘုရားနန်းတော်အတွင်းရှိ ကိုးဘုံငရဲ ရေခဲမီးတောက်မှာမူ ခေါင်းကို အသည်းအသန် ငြိမ့်ပြနေ၏။ ၎င်း၏ မီးတောက်မှာလည်း အရေးတကြီး လှုပ်ရှားနေသည်။

"ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် အန်းချန်းကို တားဖို့ မဖြစ်နိုင်သေးဘူး… ဒါပေမဲ့ မင်းရဲ့ နတ်ဆိုးနှိမ်နင်းနိုင်စွမ်းကိုပါ ပေါင်းစပ်လိုက်ရင်တော့ ငါတို့ အောင်မြင်ကောင်း အောင်မြင်နိုင်တယ်"

ရှန်မို လေးနက်စွာ ပြောလိုက်သည်။

"မင်း ငါနဲ့ အပြည့်အဝ ပူးပေါင်းရမယ်… မင်းရဲ့ သိစိတ်ထဲကို ငါ့ကို ဝင်ခွင့်ပေးပါ"

ကိုးဘုံငရဲ ရေခဲမီးတောက်သည် ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် လေးနက်စွာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ… ဝင်ခဲ့တော့"

All Chapters