ဓားသူတော်စင် မုန့်ချင်းကို ပေါ်ထွက်လာစေခြင်း
Vol. 5 Ch. 58
ချန်ယွမ် ဓားသူတော်စင် သေဆုံးသွားပြီဟူသော သတင်းက တက်ရောက်လာသူ အများအပြားကို တုန်လှုပ်၍ သွားစေသည်။
သမိုင်းတစ်လျှောက်တွင် အချိန်နှင့်နေရာလွတ် တာအိုကို ဓားအသိ အတွင်းသို့ ပထမဆုံးအကြိမ် ပေါင်းစပ်နိုင်ခဲ့သူ၊ အချိန်မြစ်၏ အဆုံးသတ်တွင် ရပ်တည်ကာ လောကကြီး၏ အပြောင်းအလဲများကို ငဲ့စောင်းကြည့်ရှုရန် ကံပါလာသူ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် သည် တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ပြီလား...
ရှေးဟောင်းနတ်ဘုရားမြို့တော်ရှိ အာဏာပိုင်အချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ကြသည်။
သေသွားတာ ကောင်းတာပေါ့။
ထိုမတိုင်ခင်က မြို့ထဲရှိ အစွန်းရောက် အဆင့်မြင့်အရာရှိအချို့သည် အနိုင်မတိုက်နိုင်သော လူသားတစ်ဦး ထပ်မံပေါ်ထွက်မလာစေရန် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို မည်သို့ဖယ်ရှားရမည်နည်းဟု ဆွေးနွေး နေခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ အစီအစဉ်ကို အကောင်အထည်မဖော်ရသေးခင်မှာပင် ချန်ယွမ် ဓားသူတော်စင် သေသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“သူ ဘယ်လိုသေသွားတာလဲ...” ချုံးက မေးလိုက်သည်။
မုန့်ချင်ကျိုးက သက်ပြင်းအရှည်ကြီးချကာ နောင်တရသလိုမျိုး ရင်ဘတ်ကို ထုရင်း ပြောလိုက်သည်။ “သူက ကျောက်ယွီဟွမ်ရဲ့ ကြယ်နက်ကို ပေါက်ကွဲစေတဲ့ဒဏ်ကြောင့် သေသွားတာပါ။ အစက သူ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ပေမဲ့ ကျွန်တော့်ကို ကာကွယ်ဖို့အတွက်နဲ့ပဲ ကပ်ဘေးနဲ့ ကြုံခဲ့ရတာ...”
ချုံးက အင်အား အကုန်လုံး ဆုံးရှုံးသွားသကဲ့သို့ ခေါင်းကို အားငယ်စွာ ငုံ့လိုက်ပြီး ပြောလိုက်သည်။
“နားလည်ပါပြီ။ ရှင်တို့ အခု သွားလို့ရပါပြီ။ ဝန်ကြီးမုန့်... ရှင်လည်း ပြန်ပြီး စောစောစီးစီး အနားယူလိုက်ပါဦး။”
၎င်းကို ကြားလိုက်ရသောအခါ မုန့်ချင်ကျိုးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အမြန်ပင် မတ်တပ်ရပ်ကာ လက်အုပ်ချီ ဂါရဝပြုလိုက်သည်။ “ကျေးဇူးတင်ပါတယ် မြို့တော်ဝန်။ ကျုပ်တို့ ဇနီးမောင်နှံ ခွင့်ပြုပါဦး...”
ထို့နောက် မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ လက်ကို ဆွဲကာ ကပျာကယာ ထွက်သွားတော့သည်။
သို့သော် မုန့်ချင်ကျိုး မသိသည်မှာ သူ လှည့်ထွက်သွားသည့် ခဏမှာပင် ချုံး၏ မျက်နှာပေါ်ရှိ အားငယ်သော အမူအရာများ ပျောက်ကွယ်သွားပြီး ကမြတ်ကသီ အပြုံးတစ်ခု အစားထိုး ဝင်ရောက်လာခြင်းပင်။
အဆင့်မြင့် အရာရှိများနှင့် မုန့်ချင်ကျိုး ဇနီးမောင်နှံ ထွက်သွားပြီးနောက် စားသောက်ပွဲခန်းမတွင် ချုံးနှင့် တမန်တော်မလေး လျန်ယွဲ့ တို့သာ ကျန်ရစ်တော့သည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ...” ချုံးက သူ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျလှပသော ခြေတံရှည်များကို တစ်ခုပေါ်တစ်ခု တင်လိုက်ရာ ဂါဝန်အကွဲကြောင်းမှတဆင့် သူ၏ ဆွဲဆောင်မှုရှိသော အချိုးအစားကို မြင်တွေ့ လိုက်ရသည်။ သူက ထိုင်ခုံနောက်မှီတွင် အေးအေးလူလူ မှီလိုက်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။
“ဒီဝန်ကြီးမုန့်က မရိုးရှင်းဘူး။ ငါ့ရဲ့ မေးခွန်းနှစ်ခုတည်းနဲ့တင် ငါက အချိန်နဲ့နေရာလွတ် ဓားသူတော်စင် အနောက်ကို လိုက်နေတယ်ဆိုတာကို သူ ပြောင်းပြန်တွက်ဆသွားနိုင်တယ်။ အဲဒါကြောင့် နောက်ဆုံးမေးခွန်းမှာ သူက လိမ်ညာဖို့ ရွေးချယ်ခဲ့တာ။ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် အသက်ရှင်နေသေးတယ်ဆိုတဲ့ အချက်ကို တမင်ဖုံးကွယ်ခဲ့တာ...”
လျန်ယွဲ့က အံ့ဩတုန်လှုပ်သွားကာ မေးလိုက်သည်။ “မြို့တော်ဝန်... ဓားသူတော်စင်က မသေသေးဘူးလို့ ပြောချင်တာလား...”
ချုံးက လျန်ယွဲ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် ပြောသည်။
“သေချာပေါက် မသေဘူးပေါ့။ နင့်ရဲ့ တင်ပါးပေါ်မှာ ကျန်နေသေးတဲ့ အချိန်နှင့်နေရာလွတ် ဓားအသိက ခိုင်လုံတဲ့ သက်သေပဲလေ”
လျန်ယွဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူ၏ တင်ပါးကို အမြန်ဖုံးကာ ပြောလိုက်သည်။ “မြို့တော်ဝန်... ဒါက အချိန်နဲ့နေရာလွတ် ဓားအသိဆိုတာ ဘယ်လိုလုပ် သေချာမှာလဲ။ တစ်ခုခု မှားနေတာလည်း ဖြစ်နိုင်တာပဲလေ...”
ချုံးက ငြင်းခုံမနေဘဲ ခေါင်းညိတ်ပြကာ ပြောသည်။
“အချိန်နဲ့နေရာလွတ် ဓားအသိကို ခွဲခြားနိုင်ဖို့ဆိုတာ လောကကြီးတစ်ခုလုံးမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကသာ တမင်တကာ ဖုံးကွယ်ထားမယ်ဆိုရင် ဘယ်သူမှ ရိပ်မိနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း သူက ယုံကြည်မှုအပြည့်နဲ့ သဲလွန်စတွေကို ပေါ့ပေါ့ဆဆ ချန်ထားခဲ့တာပေါ့။”
ထိုနေရာတွင် ချုံး၏ မျက်ဝန်းများမှာ အပြုံးတစ်ခုနှင့်အတူ ကွေးညွှတ်သွား၏။
“ဒါပေမဲ့ ကံမကောင်းတာက ခြွင်းချက်တစ်ခု ရှိတယ်။ အဲဒါက ငါပဲ။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင် အကြောင်း ငါ့ထက်ပိုသိတဲ့သူ မရှိသလို၊ အချိန်နဲ့နေရာလွတ် ဓားအသိအကြောင်း ငါ့ထက်ပိုနားလည်တဲ့သူလည်း မရှိဘူး။”
လျန်ယွဲ့က နားမလည်သလိုဖြင့် ခေါင်းကုတ်ကာ မေးလိုက်မိသည်။
“မြို့တော်ဝန်က အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို သိတာလား။”
“ဒါတင်မကသေးဘူး၊ ကျွန်မရဲ့ ရောဂါကို ကုပေးခဲ့တာက သမားတော်မုန့်လေ၊ ဓားသူတော်စင် မဟုတ်ဘူး။ မြို့တော်ဝန် တစ်ခုခု မှားနေတာ မဟုတ်ဘူးလား။”
ချုံးက ခေါင်းခါလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။
“လုံးဝ မမှားနိုင်ဘူး။ ဒီည စားသောက်ပွဲက မုန့်ချင်းမှာ ကျင့်စဉ်ရှိမရှိ စမ်းသပ်ဖို့ပဲ။ အခုလို အနီးကပ် ရှိနေတာတောင်မှ ဒဏ္ဍာရီလာ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ မဟုတ်ရင်တော့ ငါ့ရဲ့ အာရုံကနေ လွတ်အောင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး...”
“မုန့်ချင်းက သာမန်လူတစ်ယောက် ဖြစ်နေမှတော့ နင့်ကို ကူညီဖို့ ဘယ်သူက အချိန်နှင့်နေရာလွတ် ဓားအသိကို သုံးခဲ့တာလဲ။ အဖြေက တစ်ခုတည်းပဲ ရှိတယ်။ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ပဲ။ သူက မုန့်ချင်းရဲ့ ဘေးမှာ ပုန်းနေပြီး အရေးကြီးတဲ့ အချိန်ကျရင် ကူညီဖို့ အဆင်သင့် စောင့်နေတာပဲ”
သူ တွက်ဆထားသည့် အဖြေက မှန်ကန်သည်ဟု ယုံကြည်လိုက်သည့်အခါ ချုံးက ပို၍ စိတ်လှုပ်ရှားလာသည်။
သူသာ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို ရှာတွေ့ခဲ့လျှင် နှစ်ပေါင်း သိန်းချီတိုင်အောင် သူ့ကို နှိပ်စက် နေခဲ့သည့် နတ်ဘုရားကပ်ဘေးကို ဖြေရှင်းနိုင်မည့်နည်းလမ်း ရရှိမည်ဖြစ်ပြီး နာကျင်မှုများကိုလည်း ဆက်လက် သည်းခံနေစရာ မလိုတော့ပေ။
ထို့ပြင် အရေးကြီးဆုံးက လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက ထိုသူနှင့် ထားခဲ့သော ကတိကို သူ ဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်သည်။
ရုတ်တရက် ချုံး၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာပြီး ပါးပြင်ပေါ်သို့ စီးကျလာသော်လည်း သူ၏ အသံမှာမူ တည်ငြိမ်နေဆဲပင်။
“နှစ်ပေါင်း သုံးသောင်း ကုန်ဆုံးသွားခဲ့ပြီ။ ကျွန်မတို့ ပြန်ဆုံကြပြီပေါ့။ ဒီတစ်ခါတော့ ရှင့်ကို ကျွန်မ အလွတ် မပေးတော့ဘူး...”
သူ၏ အနက်ရှိုင်းဆုံး အမှတ်တရများထဲတွင်။
ချုံးသည် လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက လူသားပုံစံ မယူရသေးသည့် သားရဲတစ်ကောင် ဘဝကို ပြန်လည် အောက်မေ့လိုက်သည်။ နတ်ဘုရားတစ်ပါးအဖြစ် မွေးဖွားလာသော်လည်း သူ မွေးဖွားစဉ်က တိမ်တက်နယ်ပယ် ကျင့်စဉ်သာ ရှိခဲ့သည်။ သူ ထိုသူနှင့် ဆုံတွေ့ချိန်တွင်မူ သူ၏ ကျင့်စဉ်မှာ ပင်လယ်လွှမ်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားများ၏ သက်တမ်းမှာ အကန့်အသတ် မရှိသလောက်ပင် ဖြစ်သော်လည်း ဆုလာဘ်တိုင်းတွင် တန်ဖိုးတစ်ခု ပေးဆပ်ရမြဲဖြစ်သည်။ ထာဝရရှင်သန်ခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ နှစ်(၁၀၀)လျှင် တစ်ကြိမ် ကျရောက်သည့် နတ်ဘုရားကပ်ဘေးပင် ဖြစ်ပြီး ၎င်းက ကျင့်စဉ်တိုးတက်မှုကို အလွန်အမင်း နှေးကွေးစေခဲ့သည်။
အမှတ်တရများမှာ ဝေဝါးနေပြီ ဖြစ်သော်လည်း...
သူ့အား ကျောခိုင်း၍ ကောင်းကင်ကြီးကို မော့ကြည့်နေသော ဆံပင်ရှည်ရှည်နှင့် အရပ်ရှည်ရှည် အမျိုးသား တစ်ဦးကို ဝိုးတဝါး မှတ်မိနေသည်။ သူ၏ ခြေရင်းတွင် မြစ်တစ်စင်းကဲ့သို့ ကျယ်ပြောလှသော အချိန်မြစ်ကြီး ရှိနေသည်။ သူက ထိုအချိန်မြစ်ကို လိုက်၍ မသိနိုင်သော ခေတ်ကာလတစ်ခုဆီသို့ သွားတော့မည် ဖြစ်သည်။ မထွက်ခွာခင် ထိုအမျိုးသားက စကားတစ်ခွန်း ချန်ထားခဲ့သည်။
“နှစ်ပေါင်း သုံးသောင်း ကြာတဲ့အခါ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်။ အဲဒီကျရင် မင်းရဲ့ရောဂါကို ဖြေရှင်းဖို့ သူ့ဆီမှာ အကူအညီတောင်းနိုင်တယ်။ ဟားဟား... အဲဒီနေ့အထိ မင်း ကံကောင်းလို့ အသက်ရှင်နေသေးရင်ပေါ့လေ။ နှုတ်ဆက်ပါတယ် ရှုံးတာ့စုန့်ရေ...”
ချုံးက မျက်ရည်များကို သုတ်လိုက်ကာ ပန်းတစ်ပွင့်လို ပြုံးလိုက်သော်လည်း သူ၏ မျက်ဝန်းတွင်မူ ရူးသွပ်မှုနှင့် စွဲလမ်းမှုအရိပ်အယောင်များ ရှိနေသည်။
“လူလိမ်...”
“ဘယ်ကလာတဲ့ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် အသစ်ပေါ်လာမှာလဲ။ ကျွန်မကို အရူးမှတ်နေတာလား။ အချိန်နှင့်နေရာလွတ် ဓားလမ်းစဉ်ဆိုတာ အမြဲတမ်း တစ်မူထူးခြားတာ။ တစ်ကြိမ်မှာ တစ်ယောက်တည်းပဲ လျှောက်လှမ်းခွင့်ရှိတာလေ။ ရှင် သေပြီး လမ်းဖယ်ပေးမှပဲ နောက်တစ်ယောက် ပေါ်လာနိုင်မှာ။”
“ဒါပေမဲ့ ရှင် သေလိမ့်မယ်ဆိုတာ မယုံဘူး။ ဒါကြောင့်... ချန်ယွမ် ဓားသူတော်စင်က ရှင်ပဲ ဖြစ်ရမယ်...”
ချုံးက မုန့်ချင်ကျိုး၏ ဒုတိယမေးခွန်းအပေါ် ပေးခဲ့သော အဖြေကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
“ကျုပ် ချန်ယွမ်နဲ့ စတွေ့တုန်းက သူက လူကြီးဖြစ်နေပြီ၊ ဒါပေမဲ့... သူက အတိတ်ကို မေ့နေတဲ့ပုံပဲ...”
ချုံးက စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး အရာအားလုံးကို ချက်ချင်း နားလည်သွားတော့သည်။
ဪ... ဒါကြောင့်ကိုး... ဒါကြောင့်ကိုး...
ရှင်က မှတ်ဉာဏ်ရော ကျင့်စဉ်ပါ ဆုံးရှုံးသွားပြီးတော့ အရာအားလုံးကို အသစ်ကပြန်စသလိုမျိုး ဒုတိယဘဝကို ရှင်သန်နေတာပေါ့...
ဒါပေမဲ့ ရှင်က ရှင်ပါပဲ။ ရှင့်ရဲ့ အသိဉာဏ်က နိုးထမလာသေးတာရယ်၊ အတိတ်က ဖုန်မှုန့်တွေအောက်မှာ ပုန်းကွယ်နေတာရယ်ပဲ ရှိတာပါ။ အဲဒီဖုန်မှုန့်တွေကို သုတ်လိုက်တာနဲ့ အရာအားလုံး မူလအတိုင်း ပြန်ပြီးတော့ ဖြစ်သွားမှာပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက လူသားက နှစ်ပေါင်း သုံးသောင်းနောက်ပိုင်း ကိစ္စတွေကို ဘယ်လိုသိနေတာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့။
သူက အချိန်နှင့်နေရာလွတ် ဓားလမ်းစဉ်ကို ကျွမ်းကျင်ထားသူဖြစ်ရာ အနာဂတ်အချို့ကို ကြိုတင်မြင်နိုင်ရန်မှာ မခက်ခဲလှဘူးဟု ချုံးက ယုံကြည်ထားသည်။
“ရှုံးတာ့ ဆိုတာက ဘာအဓိပ္ပာယ်လဲ...” ချုံးက ရှိုက်ကြီးတငင် ငိုကြွေးနေရင်းမှ အားရပါးရ ရယ်မောလိုက်သည်။
ဘေးတွင် ရပ်နေသော လျန်ယွဲ့သည် မြို့တော်ဝန် ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို ကြည့်ပြီး ကျောထဲတွင် စိမ့်သွားရသည်။
မြို့တော်ဝန် ဘာဖြစ်နေတာလဲ။
ရူးသွားပြီလား...
“လျန်ယွဲ့... အချိန်နဲ့နေရာလွတ် ဓားသူတော်စင် ပေါ်ထွက်လာဖို့အတွက် နင့်ဆီက အကူအညီ လိုအပ်တယ်။ သူ့မှာ ပေါ်လာဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိအောင် လုပ်ရမယ်...” ချုံးက ရုတ်တရက် ပြောလိုက်သည်။
လျန်ယွဲ့က နားမလည်စွာဖြင့် မေးလိုက်သည်။ “ဟင်။ ကျွန်မလား။”
“ကျွန်မက တောင်ရွှေ့နယ်ပယ်ပဲ ရှိတာလေ။ လရောင်ထွန်းလင်းနယ်ပယ် ဓားသူတော်စင်ကို ဘယ်လိုလုပ်ပြီး အတင်းအကျပ် ပေါ်လာအောင် လုပ်နိုင်မှာလဲ...”
ချုံးက ရယ်မောလိုက်သည်။
“စိတ်မပူပါနဲ့၊ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ရဲ့ အားနည်းချက်က မုန့်ချင်းပဲ။ ငါတို့ မုန့်ချင်းကိုပဲ အာရုံစိုက်လိုက်ရင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က အလိုလို ပေါ်လာလိမ့်မယ်။”