ဒါကို အခြေခံလို့ ခေါ်တယ်ပေါ့လေ
Vol. 52 Ch. 766
"ဘာ... မီးကင်စားလိုက်ပြီတဲ့လား"
ပိုဒေါ့ခမျာ သူ့အဖိုးတန်ဇီးကွက်များမှာ ကျန်းမုန့်လောင်၏ဗိုက်ထဲ ရောက်သွားလိမ့်မည်ဟု ထင်မထားပေ။
"အာ... ဇီးကွက်အကောင်နည်းနည်းလေးပဲဟာကို"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ပြန်လျော်ပေးမယ်လေ။ နောက်ထပ်ရော ရဦးမလား။ ဝယ်ချင်လို့။ ဒီလောက်အရသာရှိတဲ့ ဇီးကွက်မျိုး တစ်ခါမှ မစားဖူးဘူး"
"ကျောင်းအုပ်ကျန်း... ခင်ဗျားသိရဲ့လား..."
ပိုဒေါ့ ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲတွင် ဆိုင်ရယ် ကြားဖြတ်ပြောလိုက်သည်။
"ကျောင်းအုပ်ကျန်း... ဒီနေ့တော့ စိတ်ညစ်စရာတွေ မပြောဘဲနေကြရအောင်။ ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်က ထူးရှယ်နတ်ဘုရားကျောင်းတော်ကို လာလည်ပြီး ကျောင်းသားအချင်းချင်း ပညာဖလှယ်ကြဖို့လေ။ ခင်ဗျားတို့ကျောင်းက ဆရာတွေနဲ့ အရင်မိတ်ဆက်ပေးပါ့လား"
"ဟုတ်သားပဲ မေ့နေတာ။ ဧည့်ဝတ်မကျေသလို ဖြစ်သွားပြီ။ ကဲ... ကြွကြပါ... ဒီဘက်ကို ကြွပါ"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်၏။
ဤတောင်တန်းက ယခင်နှင့် လုံးဝမတူတော့ချေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ မူလကျောင်းခွဲမှာ သီးသန့်နယ်မြေတစ်ခုတွင် တည်ရှိသော်လည်း ကျန်းမုန့်လောင် ပြုပြင်မွမ်းမံပြီးနောက် တောင်တစ်ခုလုံးနှင့် ပေါင်းစပ်သွားခဲ့သည်။ ယခုမူ ဤတောင်တန်းမှာ မီတာထောင်ချီမြင့်မားပြီး ကျောင်းဆောင်များအားလုံးကိုလည်း တောင်ထိပ်နှင့် တောင်ခါးပန်းတို့တွင် တည်ဆောက်ထား၏။
အဝေးကလှမ်းကြည့်လျှင် မီတာနှစ်ရာသုံးရာခန့်သာ မြင့်မားသည်ဟု ထင်ရသော်လည်း ၎င်းမှာ အမြင်အာရုံလှည့်စားမှုတစ်ခုသာ ဖြစ်၏။ တောင်ပေါ်သို့ ခြေချလိုက်သူများသာလျှင် ထိုအရာ၏ဆန်းကြယ်မှုကို ခံစားမိကြလိမ့်မည်။
"ဒါက ကျုပ်တို့ကျောင်းရဲ့ဝင်ပေါက်လေ"
ကျန်းမုန့်လောင်က ဓားဖြင့်ထွင်းထားသည့် ကျောက်တုံးကြီးကို ညွှန်ပြလိုက်၏။
"ထူးရှယ်နတ်ဘုရားကျောင်းတော် ကျန်းနန်ကျောင်းခွဲ"
သို့သော် ထိုအပေါ်ရှိ ဓားရာများကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မွန်းကျပ်သွားသလို ခံစားလိုက်ရသည်။
"ဒီစာလုံးတွေကို ထိုးထားတဲ့သူက တောင်အောက်မှာ ရေးထားတဲ့သူတွေထက် အဆင့်အတန်း ပိုမြင့်တာပဲ"
ဆိုင်ရယ်က လေးစားအားကျစွာ ပြောလိုက်သည်။
"ကျောင်းအုပ်ကြီးဆိုင်ရယ်က အမြင်ရှိသားပဲ"
ကျန်းမုန့်လောင်က ထောက်ပြလိုက်၏။
"အောက်ဘက်က စာလုံးတွေက ကျုပ်ရဲ့ကျောင်းသားတွေ ဓားသိုင်းလေ့ကျင့်ရင်း ကျန်ခဲ့တဲ့အရာတွေလေ။ ဒီနေရာက ဓားရာတွေကတော့ ကျုပ်တို့ကျောင်းက ဆရာတုကုရဲ့ လက်ရာပေါ့"
"ခဏ... ဟိုဟာက ဘာကြီးတုန်း"
ဝင်ပေါက်နားရှိ စက်ရုပ်ကြီးနှစ်ရုပ်ကြောင့် သူတို့၏ ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားကြသည်။
ထိုစက်ရုပ်များမှာ အမြင့်မီတာနှစ်ဆယ်ကျော် ရှိပြီး ခမ်းနားထည်ဝါသော အငွေ့အသက်များကို ထုတ်လွှတ်နေချေသည်။
"ဪ... ဒါတွေက ကျောင်းတွင်းသွားလာရေးယာဉ်တွေပါ။ ဘာမှမဟုတ်ပါဘူး။ ကျောင်းသားတွေ အတန်းတက်ရတာ အဆင်ပြေအောင်လို့လေ"
"သေစမ်း... နောက်ကျတော့မယ်"
"လခွမ်း…ဒီနေ့ ဆရာအာမူရိုရဲ့အတန်းရှိတယ်ကွာ။ နောက်ကျရင်တော့ သေပြီပဲ"
"ဟေး... ဒီမှာ ဂန်ဒမ်တက္ကစီနှစ်စီးရှိတယ်"
ကျောင်းသားနှစ်ယောက်က အမြန်ပြေးလာကြပြီး ဖုန်းဖြင့် QRကုဒ်ကို စကန်ဖတ်ကာ ဂန်တမ်နှစ်စီး၏ မောင်းနှင်ခန်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်ကြသည်။
"ဘွန်း ဘွန်း..."
တုန်ခါမှု ခပ်ဖျော့ဖျော့နှင့်အတူ ထိုဂန်တမ်နှစ်စီးမှာ တောင်ထိပ်သို့ ပျံထွက်သွားလေသည်။
"သယ်ယူပို့ဆောင်ရေးယာဉ်တဲ့လား။ ဒီလောက်ကြီးတဲ့ အရုပ်တွေကိုလေ"
ကျောင်းကြီးလေးကျောင်းမှ လူများခမျာ ဆွံ့အသွားကြချေပြီ။ ဂန်တမ်ကို သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် သုံးခြင်းမျိုး ဘယ်သူကများ တွေ့ဖူးသလဲ။
သူတို့ ဘာစကားတွေ ကြားလိုက်ရတာလဲ...
"ဂန်ဒမ်တက္ကစီ"တဲ့လား။ ဒီအရာတွေကို မျှသုံးလို့ ရတယ်ပေါ့။ မင်းတို့တွေ ရူးနေကြတာလား....
"ဒီလိုပါ... ရှင်းပြပါရစေ"
ကျန်းမုန့်လောင်က အမြန်ပြောလိုက်၏။
"ကျုပ်တို့ကျောင်းက ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ ကာယနဲ့ အနုပညာစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးတာမို့ ရှေးဟောင်းသိုင်းပညာနဲ့ သဘာဝလွန်စွမ်းအင်တွေအပြင် မှော်ပညာနဲ့ တခြားဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်"
"ဒါတွေက စက်မှုပညာကျောင်းခွဲက ကျောင်းသားတွေ လုပ်ထားတာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"သူတို့က အများကြီးလုပ်ထားတာလေ... အပြင်ယူသွားရင် လူတွေလန့်ကုန်မှာစိုးလို့ ကျောင်းထဲမှာပဲထားပြီး လိုတဲ့သူ ယူသုံးဖို့ လုပ်ပေးထားတာ"
အပြင်ကလူတွေ လန့်သွားမှာစိုးလို့ မယူသွားဘူးဆိုပေမဲ့ ကျောင်းထဲမှာ ဒီတိုင်းထားပြီး ခြောက်လှန့်စရာလည်း မလိုဘူးမဟုတ်လား။ သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် သုံးရအောင် ခင်ဗျားတို့ရဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ဘယ်လောက်တောင် လက်ဖွာရတာလဲ။
"ကျောင်းအုပ်ကျန်း... ခုနက ရှေးဟောင်းသိုင်းပညာအပြင် သဘာဝလွန်စွမ်းအင်နဲ့ မှော်ပညာပါ သင်ပေးတယ်လို့ ပြောလိုက်တာလား"
ပိုဒေါ့တစ်ယောက် သူ စိတ်ဝင်စားမည့်အရာကို ကြားလိုက်ရသည်။
"ကျူပ် လိုက်ကြည့်လို့ရမလား"
ကမ္ဘာပေါ်တွင် သူတို့၏ မာလင်မှော်အတတ်သင်ကျောင်းကသာ စစ်မှန်သောမှော်ကျောင်းတစ်ခုပင်။ ထူးရှယ်နတ်ဘုရားကျောင်းတော်ကလည်း မှော်ပညာသင်ပေးနေသည်တဲ့လား။ ဤသည်မှာ မိကျောင်းမင်းကို ရေခင်းပြသလို ဖြစ်မနေပေဘူးလား။
"ကွက်တိပဲ... မှော်ကျောင်းခွဲက ဒီနားလေးတင်ရှိတယ်။ ကျောင်းအုပ်ပိုဒေါ့လည်း ကျုပ်ကျောင်းသားတွေကို နည်းနည်းပါးပါးလမ်းညွှန်ပေးနိုင်တာပေါ့"
ကျန်းမုန့်လောင်က လမ်းခွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားလေရာ တောင်ခါးပန်းအလယ်၌ လေထဲတွင်ပျံဝဲနေသော ကျွန်းကြီးတစ်ကျွန်းကို တွေ့လိုက်ရသည်။ ကောင်းကင်ထက်တွင် ပျံဝဲနေသော ကြီးမားခမ်းနားလှသည့် အဆောက်အအုံကို မြင်လိုက်ရချိန်ဝယ် ပိုဒေါ့ မျက်လုံးပြူးကျယ်သွားရတော့သည်။ သူတို့၏ မာလင်မှော်အတတ်သင်ကျောင်းမှာပင် ဤမျှခမ်းနားသော အဆောက်အအုံမျိုး မရှိပေ။
"ဝှစ်..."
ကျောင်းတော်၏အထက်တွင် လူရိပ်များက ဟိုဟိုသည်သည် ပျံသန်းနေကြသည်။
"ကျိုးခယ်ရှင်း... မင်းက တံမြက်စည်းကို ဘေးတိုက်ရပ်အောင်တောင် မလုပ်တတ်သေးဘဲနဲ့ ပျံရဲတယ်ပေါ့လေ။ ဆရာဆူမှာမကြောက်ဘူးလား"
"ဒီနေ့ ဆရာက ရုံးချုပ်ကို သွားတယ်။ ငါ့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ပါဘူး"
"ဟူရှင်း... မင်း အရှိန်လွန်နေပြီနော်။ ကျောင်းဝင်းထဲမှာ တစ်နာရီကို နှစ်ရာကီလိုမီတာပဲ မောင်းရမယ်လို့ ဆရာက သတ်မှတ်ထားတာကို မင်းက သုံးရာကီလိုမီတာနဲ့ မောင်းလာတယ်ပေါ့"
.....
"အာ... ရှက်စရာကောင်းလိုက်တာ။ ကိုယ့်ကျောင်းသားတောင် ကောင်းကောင်းမထိန်းချုပ်နိုင်ဘူး"
ကျန်းမုန့်လောင်၏ မျက်နှာမှာ ချက်ချင်း ရဲတက်သွားသည်။
"ဒါ... ဒါ တံမြက်စည်းပျံလား"
ပိုဒေါ့ခမျာ တုန်လှုပ်သွားပုံရ၏။ ထိုအရာများမှာ ဝတ္ထုများနှင့် ရုပ်ရှင်များထဲတွင် ရှိသော်လည်း မာလင်မှော်အတတ်သင်ကျောင်းတွင်မူ အမှန်တကယ်မရှိပေ။
"အယ်... ခင်ဗျားတို့က မှော်ကျောင်းမဟုတ်ဘူးလား။ တံမြက်စည်းပျံ တကယ်မရှိဘူးလား"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။ သူ့စိတ်ထဲတွင် ထိုအရာများမှာ အခြေခံပစ္စည်းများဟု ထင်မှတ်ထားပုံရသည်။
"ဒီမှာဆိုရင် မှော်ကော်ဇောတို့ မှော်လေသင်္ဘောတို့တောင် ရှိသေးတာ။ မဖြစ်နိုင်လိုက်တာ... ခင်ဗျားတို့က တကယ်ရော မှော်အတတ်သင်ကျောင်း ဟုတ်ရဲ့လား"
ပိုဒေါ့ခမျာ ပြန်မပြောနိုင်တော့ဘဲ မျက်နှာကြီး ရဲတက်လာချေသည်။
သို့သော် သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်၏။
"ကျောင်းအုပ်ကျန်း... ဒီအရာတွေက ပြင်ပအကူပစ္စည်းတွေပါ။ ကျုပ်တို့ရဲ့ မာလင်မှော်အတတ်သင်ကျောင်းက ကျောင်းသားတွေရဲ့ လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်ကို ပိုအလေးထားတယ်။ မှော်ပညာအသုံးပြုပုံ၊ မှော်စွမ်းအင်ထိန်းချုပ်ပုံနဲ့ ဂါထာရွတ်ဆိုပုံတွေပေါ့။ ဒါတွေကမှ မှော်ပညာရှင်တစ်ယောက် တကယ်လေ့လာသင့်တဲ့ အရာတွေလေ"
"ခင်ဗျားပြောတာ မှန်တယ်"
ကျန်းမုန့်လောင်က လက်ပတ်နာရီကိုကြည့်ရင်း ပြောလိုက်သည်။
"အခုအချိန်လောက်ဆိုရင် ပထမနှစ်ကျောင်းသားတွေရဲ့ 'တားမြစ်မှော်ကျိန်စာ အခြေခံ'သင်တန်းချိန်ပဲ"
"တားမြစ်မှော်ကျိန်စာလား။ ပထမနှစ် ကျောင်းသားတွေကို တားမြစ်မှော်ကျိန်စာ သင်ပေးနေပြီလား"
ပိုဒေါ့ခမျာ အံ့သြသွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားသည်။ ကျန်းမုန့်လောင်သင်ပေးသော မှော်ပညာနှင့် သူတို့၏မာလင်မှော်အတတ်သင်ကျောင်းရှိ စနစ်မှာ ကွာခြားပုံရသည်။ သူနားလည်ထားသော တားမြစ်မှော်ကျိန်စာမျိုးလည်း ဟုတ်ချင်မှဟုတ်လိမ့်မည်ဟု တွေးလိုက်မိ၏။
ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ရောက်လာသောအခါ ငယ်ရွယ်ဟန်တူသည့် မှော်ဆရာတစ်ယောက်က "ပထမနှစ်တားမြစ်မှော်ကျိန်စာအခြေခံသင်ရိုး"ဟု ရေးထားသော စာအုပ်ကိုကိုင်လျက် စာသင်နေကြောင်း တွေ့လိုက်ရသည်။
"ကဲ... ဆရာ ရှင်းပြလို့ ပြီးသွားပြီဆိုတော့ လက်တွေ့လေ့ကျင့်လို့ရပြီ"
"ဟားဟားဟား... ပထမနှစ်ဆိုတော့ ဆယ်ကျော်သက်လောက်ပဲ ရှိဦးမှာလေ။ သူတို့ရဲ့မှော်စွမ်းအင်က တားမြစ်မှော်ကျိန်စာ သုံးနိုင်လောက်အောင် အရည်အချင်းပြည့်မီလို့လား"
"မဖြစ်နိုင်ဘူး"
မာလင်မှော်အတတ်သင်ကျောင်းရှိ ဆရာများလည်း အချင်းချင်း ပြောနေကြ၏။
"တားမြစ်မှော်ကျိန်စာသာ သုံးနိုင်ရင် ကျောင်းမှာ ဆရာလုပ်လို့ရနေပြီလေ။ ကျောင်းသားတွေက ဘယ်လိုလုပ်သုံးနိုင်မှာလဲ"
"ဒါပေါ့... တားမြစ်မှော်ကျိန်စာအတွက် လိုအပ်တဲ့မှော်စွမ်းအင်က အရမ်းများသလို ထိန်းချုပ်နိုင်စွမ်းမြင့်ဖို့လည်း လိုတယ်။ သူတို့အနေနဲ့ တကယ့်တားမြစ်မှော်ကျိန်စာကို ထုတ်သုံးနိုင်ဖို့ နောက်ထပ်ဆယ်နှစ်လောက် အချိန်ယူရဦးမှာ"
"ပြီးတော့ ဒါက တားမြစ်မှော်ကျိန်စာ အခြေခံလို့ ပြောထားတယ်လေ။ သာမန် မှော်ပညာကနေ တားမြစ်မှော်ကျိန်စာဆီကို ကူးပြောင်းတဲ့ ပညာလောက်ပဲ နေမှာပါ'
"ဟုတ်တယ်... ဒီအရွယ်လေးနဲ့သာ တားမြစ်မှော်ကျိန်စာကို သုံးနိုင်ရင် ငါတို့တွေ သက်သက်အသက်ကြီးလာကြသလိုပဲ ဖြစ်တော့မှာပေါ့"
"ကျွန်ုပ်ခေါ်သံကို နာခံကြလော့... မိုးကြိုးဝိညာဉ်တို့... သင်တို့ရဲ့အသက်ရှူသံကို ငှားရမ်းပေးသနားတော်မူပါ... သေမင်းထက် ပိုပူလောင်တဲ့စွမ်းအားကို ပေးသနားတော်မူပါ... လောကနိယာမအရ အားကြီးသူတို့ ကျရှုံးစေသတည်း..."
ကျောင်းသားတစ်ယောက်က စာအုပ်ထဲက အတိုင်း စတင်ရွတ်ဆိုလိုက်သည်။
ခဏအတွင်း မီတာရာပေါင်းများစွာ အကွာအဝေးရှိ ကောင်းကင်ယံတွင် မိုးတိမ်မည်းများ ဖုံးလွှမ်းသွားပြီး မြေပြင်နှင့် ကောင်းကင်ကြားတွင် ကြီးမားလှသော ရွှေရောင်အစီအရင်ကြီးတစ်ခု ပေါ်လာကာ ကြောက်မက်ဖွယ် စွမ်းအားများ စုဝေးလာတော့သည်။
"သူ... သူ တကယ်လုပ်တော့မှာတော့…"
ဤကဲ့သို့သော စွမ်းအားမျိုးကို တားမြစ်မှော်ကျိန်စာအဆင့်တွင်သာ တွေ့ရတတ်သဖြင့် ပိုဒေါ့၏ မျက်နှာထားမှာ ပျက်ယွင်းနေချေပြီ။
"ဂျိန်း..."
ကောင်းကင်ထက်တွင် မိုးကြိုးသံများ ဟိန်းထွက်လာပြီးနောက် ရေတွက်၍မရနိုင်သော မိုးကြိုးနဂါးများလည်း ကောင်းကင်ထက်က ဆင်းသက်လာကာ ထိုနေရာတစ်ဝိုက်ကို ငရဲခန်းအလား၊ သက်ရှိကင်းမဲ့ရာဇုန်အလား ချက်ချင်းပြောင်းလဲပစ်လိုက်သည်။
"တော်တယ်ဟေ့... ဝူရှောင်းက မိုးကြိုးစွမ်းအင်သုံးတားမြစ်မှော်ကျိန်စာအခြေခံကို အောင်အောင်မြင်မြင် ထုတ်သုံးနိုင်ခဲ့ပြီ။ ကဲ... အားလုံး ဆက်ကြိုးစားကြမယ်"
…
ပိုဒေါ့တစ်ယောက် မျက်နှာသေဖြင့် နောက်ဆုတ်သွားသည်။ သူကိုယ်တိုင် မိုးကြိုးစွမ်းအင်သုံးတားမြစ်မှော်ကျိန်စာ ထုတ်သုံးလျှင်ပင် အချင်းဝက်မီတာငါးဆယ်ခြောက်ဆယ် ခန့်သာ ရှိပေလိမ့်မည်။ မာလင်မှော်အတတ်သင်ကျောင်းတွင်မူ ထိုအဆင့်ဆိုလျှင် တားမြစ်အဆင့်ရှိသော အထူးတားမြစ်မှော်ကျိန်စာဟု သတ်မှတ်၍ ရနေပြီဖြစ်၏။
"ဒီလို မှော်ပညာမျိုးကို ခင်ဗျားက တားမြစ်မှော်ကျိန်စာအခြေခံလို့ ခေါ်တယ်ပေါ့လေ"