အသက်ကိုလိုချင်တယ်လို့သာ ပြောလိုက်ပါတော့။
Vol. 52 Ch. 767
"လေဝိညာဉ်... ငါ့ရဲ့ခေါ်သံကို နာခံလော့... ဒီလောကကြီးရဲ့အပြစ်တွေကို ဆေးကြောပေးစေ..."
"မြေကမ္ဘာကြီး... ငါ့ရဲ့ခေါ်သံကို နာခံလော့..."
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက ကလေးကလားဂါထာများကို တစ်ယောက်ပြီးတစ်ယောက် ရွတ်ဆိုနေကြပြီးနောက် ခဏတွင်းချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး မီးပင်လယ်များ၊ လျှပ်စီးများ၊ ရေခဲများနှင့် သဲမုန်တိုင်းများ ပြည့်နှက်သွားပြီး ငရဲခန်းအလား ပြောင်းလဲသွားတော့သည်။
အခြားလူများက နားမလည်ကြသော်လည်း မာလင်မှော်အတတ်သင်ကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာများနှင့် ကျောင်းသားများကမူ ကောင်းကောင်းနားလည်ကြသည်။
ဒါတွေက မကောင်းဆိုးဝါးတွေပဲ...
ယခုအချိန်အထိ မာလင်မှော်အတတ်သင်ကျောင်းရှိ ကျောင်းသားတစ်ယောက်မှ ဤမျှအစွမ်းထက်သော တားမြစ်မှော်ကျိန်စာကို ထုတ်သုံးနိုင်စွမ်းမရှိသေးချေ။
သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအတွက်မူ တားမြစ်မှော်ကျိန်စာ သုံးခြင်းကပင် အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်နေပုံရသည်။ အကယ်၍ ထုတ်မသုံးနိုင်ပါက အထင်သေးခံရမည့် အခြေအနေမျိုးပင်။
အဆိုးဆုံးအချက်မှာ ဤသင်တန်းခေါင်းစဉ်က "တားမြစ်မှော်ကျိန်စာအခြေခံ" ဖြစ်နေခြင်းပင်။ အခြေခံက ဤမျှအထိ စွမ်းအားကြီးနေပါလျှင် အဆင့်မြင့်တားမြစ်မှော်ကျိန်စာများဆိုပါက ကမ္ဘာပျက်မည့် အခြေအနေမျိုး ဆိုက်ရောက်သွားလေမလား။
တစ်မိနစ်ခန့်ကြာသော် ကျောင်းသားများက တားမြစ်မှော်ကျိန်စာများကို ထုတ်ပြီးသွားကြသော်လည်း မောပန်းနွမ်းနယ်နေပုံမရဘဲ တက်ကြွနေကြဆဲပင်။
"မဆိုးဘူး... အားလဲ့.. မင်းရဲ့တားမြစ်မှော်ကျိန်စာ အကွာအဝေးက လွန်ခဲ့တဲ့တစ်ပတ်ကထက် နှစ်ဆ
ယ်ရာခိုင်နှုန်းလောက် ပိုတိုးလာတယ်နော်"
"ဟာ... ဘာထူးမှာလဲ။ ဒီလ စာမေးပွဲအောင်ဖို့ဆိုရင် အနည်းဆုံး အချင်းဝက်မီတာတစ်ရာလောက် ရှိမှရမှာ။ ငါ အများကြီး လေ့ကျင့်ရဦးမယ်"
"ဒုတိယနှစ်တွေဆိုရင်လအနည်းဆုံး အချင်းဝက် မီတာငါးရာလောက်အထိ လုပ်နိုင်တယ်လို့ ကြားတယ်။ မီတာငါးရာမပြည့်ရင် ပထမနှစ်နောက်ဆုံး စာမေးပွဲကိုတောင် အောင်မှာမဟုတ်ဘူးတဲ့"
"ဟေး... ဟိုဘက်ကို ကြည့်လိုက်စမ်း။ တောသားတွေ ရောက်နေကြတာလား။ ဟားဟားဟား... ငါတို့ကိုကြည့်ပြီး ကြောက်လန့်သွားကြတာတော့ မဟုတ်ပါဘူးနော်"
"ဟေ့လူတွေ... အရမ်းလည်း အံ့သြမနေကြပါနဲ့။ ဒါက ကျွန်တော်တို့ သင်ရမဲ့ မသင်မနေရ ဘာသာရပ်တွေထဲက တစ်ခုပဲ ရှိသေးတယ်။ ခင်ဗျားတို့ရဲ့ဝတ်စားပုံအရ မှော်ပညာရှင်တွေပဲနေမှာ… ဟုတ်တယ်ဟုတ်။ ကျွန်တော်တို့နဲ့ လက်ရည်ချင်း ယှဉ်ကြည့်မလား"
…
"ဟုတ်သား... မစ္စတာပိုဒေါ့ .. ခင်ဗျားရဲ့ လာရင်းရည်ရွယ်ချက်ကလည်း ကျွန်တော်တို့နဲ့ လက်ရည်ယှဉ်ဖို့ပဲ မဟုတ်လား။ ကျွန်တော့်ကျောင်းသားတွေကလည်း ဆန္ဒရှိနေကြတယ်"
ကျန်းမုန့်လောင်က ပိုဒေါ့၏အနောက်ရှိ လူငယ်မှော်ပညာရှင်များကို ကြည့်ရင်း ပြောလိုက်သည်။
"ဒီနေရာမှာ မှော်ပညာရှင်တွေအတွက် သီးသန့်လေ့ကျင့်ကွင်း ရှိတယ်။ အချိန်မရွေးရပ်လို့ရသလိုမှော်ပညာနဲ့ မိတ်ဖွဲ့လို့လည်း ရတာပေါ့"
"မင်းတို့ထဲက... ဘယ်သူသွားပြီး သူတို့နဲ့ ယှဉ်မလဲ"
ပိုဒေါ့က ကျောင်းသားများကို ကြည့်လိုက်သော်လည်း သူတို့ခမျာ တစ်ကိုယ်လုံး တုန်ရီနေကြချေသည်။
ဒါကို လက်ရည်ချင်းယှဉ်တယ်လို့ ခေါ်တာလား...
ဒီထူးရှယ်နတ်ဘုရားကျောင်းတော်က လူတွေက ငါတို့ကိုသတ်ဖို့ ကြိုးစားနေကြတာလား....
တားမြစ်မှော်ကျိန်စာတစ်ခုတည်းကိုပင် သူတို့ ယှဉ်နိုင်မည်မဟုတ်။ ယခု လာရောက်ကြသော မှော်ပညာရှင်အလုပ်သင်များအားလုံး ပေါင်းလိုက်လျှင်ပင် ကျိန်စာတစ်ခုတည်းဖြင့် အားလုံးပြာကျသွားနိုင်သည်။
"အဲ... ကျောင်းအုပ်ကြီး... ကျွန်တော် ဗိုက်နာနေလို့ သန့်စင်ခန်း သွားရှာလိုက်ဦးမယ်"
"စီနီယာ... ခင်ဗျား သွားလိုက်ပါ့လား။ ခင်ဗျားပဲ ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေနဲ့ ပြိုင်ချင်တယ်ဆို"
"ဂျူနီယာလေးရာ... ဒီအခွင့်အရေးကို ငါ မင်းကိုပဲ ပေးလိုက်တော့မယ်။ အပြန်အလှန်ဖလှယ်မှ တိုးတက်မှာလေ"
ဤသည်ကို လက်ရည်ယှဉ်ခြင်းဟု ခေါ်လေသလား။ သွားလိုက်လျှင် လည်စင်းပေးလိုက်သလို ဖြစ်နေမည်သာ။ သူတို့အနေနှင့် ဂါထာတစ်ပုဒ်ကိုပင် ကာကွယ်နိုင်မည်မဟုတ်ချေ။
…
"အဗာဒါ ကာဒါဗရာ"
ကျောင်းသားတစ်ယောက်၏ မှော်တုတ်တံမှ အစိမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် လေထဲတွင်ဝဲနေသော ခြင်တစ်ကောင်ကို ထိမှန်သွားသည်။ အနှီခြင်ခမျာ မြေကြီးပေါ် မကျခင်မှာပင် အသက်ပျောက်သွားရရှာ၏။
"ဒါ...ဒါ ဘာဂါထာလဲ"
သေခြင်းတရားကို အာရုံခံနိုင်သော မှော်ပညာရှင်များ ဖြစ်ကြသည့်အလျောက် ယခင်တားမြစ်မှော်ကျိန်စာများမှာ သဘာဝဓာတ်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သော်လည်း ဤဂါထာကမူ အသက်ကို တိုက်ရိုက်နုတ်ယူသွားခြင်း ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
"ဒါက သေမင်းမှော်ကျိန်စာ အဗာဒါကာဒါဗရာလေ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ခင်ဗျားတို့က မှော်ပညာရှင်တွေ မဟုတ်ဘူးလား။ ဟယ်ရီပေါ်တာ မကြည့်ဖူးကြဘူးလား။ အဲ့ဒီထဲက အဗာရာကာဒါဗရာလေ"
ကျန်းမုန့်လောင်က ထိုကျောင်းသားအနားသို့ လျှောက်သွားပြီး ခေါင်းကို ပိတ်ရိုက်လိုက်သည်။
"ဘယ်သူက မင်းကို ဒီဂါထာလျှောက်သုံးခိုင်းလို့လဲ။ လမ်းကြောင်းလွဲပြီး လူတစ်ယောက်ယောက်ကို ထိသွားရင် အလကားနေရင်း သေမင်းဆီကို ပို့လိုက်ရသလို ဖြစ်မသွားဘူးလား"
ထိုကျောင်းသားကမူ လျှာတစ်လစ်ထုတ်လိုက်၏။
"ကျောင်းအုပ်ကြီး... ဒါက တကယ့်သေမင်းမှော်ကျိန်စာ ဟုတ်လို့လား"
မှော်ပညာရှင်များမှာ ထိုအရာကို လေ့လာခဲ့ဖူးသော်ငြား မည်သည့်သဲလွန်စမျှ မတွေ့ခဲ့ရပေ။ ဤမှော်ပညာရှင်များမှာ ဂါထာအသစ်များကို မည်သို့ ဖန်တီးရမည်ကို မသိကြဘဲ ရှေးခေတ်က လက်ဆင့်ကမ်းလာသော ဂါထာများကိုသာ သုံးစွဲနေကြခြင်းပင်။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါ ခင်ဗျားတို့ကျောင်းက ဆရာ သင်ပေးထားတာလား။ ကျုပ် သူနဲ့ တွေ့လို့ရမလား"
ကျောင်းအုပ်ကြီးပိုဒေါ့က စိတ်လှုပ်ရှားစွာ မေးလိုက်၏။ သူ့စိတ်ထဲတွင်မူ ဤမျှစွမ်းအားကြီးသော ကျိန်စာကို တတ်မြောက်ထားသူမှာ အလွန် စွမ်းအားကြီးမားသော မှော်ပညာရှင်တစ်ယောက် ဖြစ်ရမည်ဟု မှတ်ယူထားသည်။
"ပါမောက္ခရစ်ဒယ်"
"ပါမောက္ခရစ်ဒယ်လား"
"ပါမောက္ခတွမ်လား"
"ဗိုဒါမော့... ဒီဘက်ထွက်လာပြီး ဧည့်သည်တွေကို နှုတ်ဆက်လိုက်ဦး"
မှော်ကျောင်းဆောင်ဘက်မှ အနက်ရောင်မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် အစိမ်းရောင် ဧရာမဦးခေါင်းခွံကြီးတစ်ခု ပေါ်လာကာ ဝတ်ရုံရှည်ဝတ်ထားသော လူတစ်ယောက်က ကျောင်းအုပ်ကြီးလေးယောက်ရှေ့တွင် ဘွားခနဲ ပေါ်လာချေသည်။
"ခင်ဗျား ဘာလို့ ဖိနပ်မစီးတာလဲ"
ကျန်းမုန့်လောင်က ဗိုဒါမော့၏တင်ပါးကို ဆောင့်ကန်လိုက်သည်။
"ပြီးတော့ နှာခေါင်းသွားလုပ်ပါလို့ ပြောထားတယ်လေ။ ဘယ်နှခါပြောရမလဲ။ ကလေးတွေ လန့်ကုန်ရင် မကောင်းဘူးလေ။ ကလေးတွေမလန့်ရင်တောင် ဧည့်သည်တွေကို ခြောက်သလိုဖြစ်နေမှာပေါ့... နားလည်လား"
"နားလည်ပါပြီ ကျောင်းအုပ်ကြီး... ကျွန်တော့်ကို မရိုက်ပါနဲ့တော့"
ဗိုဒါမော့ခမျာ စိတ်ထဲတွင် အလွန်ခံစားလိုက်ရရှာသည်။
"ဒါက ကျွန်တော်တို့ရဲ့ စုန်းအတတ်ပညာသင်တန်းက ပါမောက္ခတွမ်လေ။ သူပဲ ဒီကျိန်စာတွေကို သင်ပေးတာ"
"ဒါက မှော်နက်အရှင်လား"
ကျောင်းအုပ်ပိုဒေါ့ခမျာ ဗိုဒါမော့ထံမှ ထွက်ပေါ်နေသော စွမ်းအားလှိုင်းများကို ခံစားမိသည်။ ထိုစွမ်းအားများမှာ သူ့ထက် ပိုသာလွန်ချေသည်။
စွမ်းအားကြီးလှသော မှော်ပညာရှင်တစ်ယောက်က ကျန်းမုန့်လောင်ကို ဘာကြောင့် ဤမျှအထိ လေးစားနေရသလဲဆိုသည်ကို နားမလည်နိုင်ပေ။ ဤကဲ့သို့သောအဆင့်မျိုးကို ပိုင်ဆိုင်ထားသည့် မှော်ပညာရှင်များက မောက်မာတတ်ကြသည်မဟုတ်လော။
ယခုမူ ပါမောက္ခဗိုဒါမော့ခမျာ ခွေးတစ်ကောင်အလားပင်။
"ဆရာကြီး... ဆရာကြီးက ဒီမှော်အတတ်သင်ကျောင်းရဲ့ ကျောင်းအုပ်လား"
ကျောင်းအုပ်ပိုဒေါ့က မဟာမှော်ပညာရှင်တစ်ယောက်၏ ရှေ့မှောက်တွင် ရိုကျိုးစွာဖြင့် သတိထားလျက် မေးမြန်းလိုက်သည်။
"ကျောင်းအုပ်တဲ့လား။ ကျွန်တော် မလုပ်ရဲပါဘူး"
ပါမောက္ခရစ်ဒယ်က လက်ခါပြလိုက်၏။
"ကျွန်တော်က စွမ်းအား လုံလုံလောက်လောက် မရှိသေးပါဘူး။ ကျွန်တော့်ရဲ့ မှော်ပညာအဆင့်က ဒီမှော်ကျောင်းက ဆရာတွေအားလုံးထဲမှာ အညံ့ဆုံးပါ"
"ဘာ... အညံ့ဆုံးလား"
ကျောင်းအုပ်ကြီးပိုဒေါ့ခမျာ ဆွံ့အသွားရချေသည်။ အစွမ်းထက်လှသော မှော်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်တိုင် အညံ့ဆုံးမှော်ပညာရှင်ဟု ပြောနေသည်ဖြစ်ရာ ဤမှော်အတတ်သင်ကျောင်း၏ ကျောင်းအုပ်ကြီးက မည်မျှအထိ ကြောက်စရာကောင်းလိုက်လေမလဲ။
"ခင်ဗျား မြင်တဲ့အတိုင်း ကျွန်တော်တို့က ဂါထာသုံးဖို့ ဒီသစ်သားချောင်းအစုတ်တွေကို အားကိုးနေရတုန်းပဲ"
ပါမောက္ခရစ်ဒယ်က လက်ထဲရှိ မှော်တုတ်တံကို ဝှေ့ယမ်းပြလိုက်သည်။
"တကယ့်မဟာမှော်ပညာရှင်တွေက မှော်တုတ်တံတောင် မလိုဘူး။ သူတို့က သဘာဝဓာတ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး စွမ်းအားကြီးတဲ့ ဂါထာတွေကို ထုတ်သုံးနိုင်ကြတယ်"
ကျောင်းအုပ်ပိုဒေါ့လည်း ခေါင်းညိတ်လိုက်၏။ မာလင်မှော်အတတ်သင်ကျောင်း၏ စာကြည့်တိုက်ထဲတွင် ထိုကဲ့သို့သော မှော်ပညာရှင်များအကြောင်း မှတ်တမ်းတင်ထားကြောင်း တွေ့ဖူးသည်။ သူတို့က မဟာမှော်ပညာရှင်အဆင့်ကို ကျော်လွန်ပြီး ဂါထာသုံးရန် မှော်တုတ်တံပင် မလိုကြတော့ပေ။ သို့သော် ထိုကဲ့သို့ စွမ်းအားကြီးလှသော မှော်ပညာရှင်မျိုး ပေါ်ထွက်မလာသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ချေပြီ။
ဟွာရှားရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ထိုသို့သောလူစားမျိုး ရှိနေလေသလား။
"ဪ... ကျုပ်တို့မှော်ကျောင်းခွဲရဲ့ ဒုတိယကျောင်းအုပ် ရောက်လာပြီ"
ကျန်းမုန့်လောင်က ကောင်းကင်ယံကို လက်ညှိုးထိုးပြလိုက်သည်။
ကျောင်းအုပ်ကြီးပိုဒေါ့နှင့် အခြားလူများလည်း ထိုနေရာသို့ ကြည့်လိုက်ကြလေရာ သဲမုန်တိုင်းများ ပြည့်နှက်နေသော ကောင်းကင်ယံမှတစ်ဆင့် ခေါင်းပြောင်ပြောင်လူတစ်ယောက်က နတ်ဘုရားတစ်ပါးအလား ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။
"ဒါ လေဓာတ်နဲ့ မြေဓာတ်ပဲ"
"ပြီးတော့ သေမင်းစွမ်းအားလည်း ပါတယ်"
"ဒီလောက်ကြီးမားတဲ့ မှော်စွမ်းအင်နဲ့ဆိုတော့... ဒီဒုကျောင်းအုပ်က မဟာမှော်ပညာရှင်အဆင့်ကို ကျော်လွန်နေပြီလား"
ထိုခေါင်းပြောင်ပြောင်လူက မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဗိုဒါမော့ကို စိုက်ကြည့်လိုက်သည်။
"မင်း ဘာလို့ အတန်းမဝင်တာလဲ။ ဒီမှာ ဘာလုပ်နေတာလဲ။ အလုပ်ပြုတ်ချင်လို့လား"
"ဟုတ်ကဲ့... ကျောင်းအုပ်ကြီးအင်ပိုတက်... ကျွန်တော် အခုချက်ချင်း အတန်းသွားလိုက်ပါ့မယ်"
ဗိုဒါမော့ခမျာ လက်ပါးစေတစ်ယောက်အလား ကုန်းကုန်းကွကွ ဖြစ်သွားရှာသည်။
ကျန်းမုန့်လောင်က ကျောင်းအုပ်ပိုဒေါ့ဘက်သို့ လှည့်လိုက်သည်။
"ကျောင်းအုပ်ကြီးပိုဒေါ့ ... ကျောင်းသားတွေက မပြိုင်ချင်ကြဘူးဆိုတော့ ခင်ဗျားအနေနဲ့ ကျွန်တော်တို့မှော်ကျောင်းခွဲက ဒုကျောင်းအုပ်နဲ့ ပြိုင်ကြည့်မလား"
ကျောင်းအုပ်ကြီးပိုဒေါ့ခမျာ အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။
ဒီလိုပုဂ္ဂိုလ်နဲ့ လက်ရည်ယှဉ်ရမယ် ဟုတ်လား...
ငါ့အသက်ကို လိုချင်တယ်လို့သာ ပြောလိုက်ပါတော့....