ပထမနှစ်ထိပ်တန်းကျောင်းသားတွေပဲ ရှိသေးတာ
Vol. 52 Ch. 768
"မဖြစ်ဘူး... မဖြစ်ဘူး"
ကျောင်းအုပ်ပ်ိုဒေါ့ခမျာ ကြောက်လန့်သွားပြီး ဇောချွေးပါ ပြန်နေရှာသည်။ ဤအင်ဟိုတက်ကို ရန်သွားစ၍မဖြစ်ချေ။ ကြွက်သားအဖုအထစ်များနှင့် ခေါင်းပြောင်နေသည့် ဤမှော်ပညာရှင်က မဟာမှော်ပညာရှင်အဆင့်ဖြစ်ပြီး သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်သည်ဟုပင် သံသယဝင်နေမိသည်။
"ဒီနေ့ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လေ့လာသင်ယူဖို့လေ... ဌာနမှူးအင်ဟိုတက်က အလုပ်များနေမှန်း တစ်ချက်ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲ့ဒါကြောင့် သူ့ကို ထပ်မနှောင့်ယှက်တော့ပါဘူး"
"ရပါတယ်"
ကျန်းမုန့်လောင်က အင်ဟိုတက်ကို မျက်ရိပ်ပြလိုက်သည်။
"ဟွန်း... သူရဲဘောကြောင်တဲ့ကောင်တွေ"
အင်ဟိုတက်က ကျောင်းအုပ်ကြီးလေးယောက်ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သဲအဖြစ် ပြောင်းလဲကာ ကျောင်းတော်ထံသို့ ပျံသန်းသွားလေတော့သည်။
"တောင်းပန်ပါတယ်ဗျာ... ဌာနမှူးအင်ဟိုတက်က နည်းနည်းစိတ်ဆတ်လို့"
ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။
"တခြားနေရာကို သွားကြည့်ကြမလား"
"ကောင်းသားပဲ။ တခြားနေရာကို သွားကြည့်ကြတာပေါ့"
ကျောင်းအုပ်ကြီးပိုဒေါ့ခမျာ ဤမှော်အတတ်သင်ကျောင်းခွဲ၏ ကျွန်းပျံပေါ်က အမြန်ဆုံး ထွက်ခွာချင်လှပြီဖြစ်၏။ မဟုတ်ပါက အစွမ်းထက်ကျောင်းသားတစ်ယောက်ယောက် ထွက်လာပြီး သေမင်းမှော်ကျိန်စာဖြင့် ပစ်ထည့်လိုက်ရင် ဒုက္ခရောက်ချေရော့မည်။ သူ့အနေနှင့် ထိုကဲ့သို့ အရှက်တကွဲအကျိုးနည်းတော့ အဖြစ်မခံနိုင်ပေ။
…
"ဒါကတော့ ကျွန်တော်တို့ရဲ့ဂမ္ဘီရအတတ်သင်ကျောင်းခွဲပါ"
ကျန်းမုန့်လောင်က ရှေးဟောင်းပုံစံ ကျောင်းဆောင်တစ်ခုရှေ့သို့ ခေါ်သွားသည်။
"ကျုပ်တို့ကျောင်းက ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေကို ဖတ်ဖူးရင် ဒီမှာဘာသင်လဲဆိုတာ သိမှာပါ"
ကျန်းမုန့်လောင်က ကျောင်းကြီးလေးကျောင်းမှ ဧည့်သည်များကို ဝေ့ကြည့်လိုက်သည်။
"သူတို့ကို ဟွာရှားရဲ့ ထူးခြားတဲ့စိတ်စွမ်းအားရှင်တွေလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ သူတို့သုံးတာက သဘာဝလွန်စွမ်းအင်တွေ မဟုတ်သလို ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲမှုတွေလည်း မဟုတ်ပါဘူး။ ကမ္ဘာကြီးဆီက စွမ်းအင်ကို စုပ်ယူအသုံးပြုကြတာပါ"
"အဲ့ဒါက ခင်ဗျားတို့ဟွာရှားလူမျိုးတွေပြောတဲ့ ကျင့်ကြံခြင်းနဲ့ ဘာကွာလို့လဲ"
ကျောင်းအုပ်ကြီးလေးယောက်က မေးလိုက်ကြသည်။
"အင်း... ကွာခြားချက်တချို့တော့ ရှိပါတယ်"
ကျန်းမုန့်လောင်ကိုယ်တိုင်လည်း မည်သို့ရှင်းပြရမှန်း မသိတော့ပေ။
"ဟိုမှာကြည့်လိုက်... ဓားပျံစီးနေတာက ကျင့်ကြံရေးဌာနက ကျောင်းသားတွေပေါ့။ ဟိုဘက်က သုန်းချီကို မြင်းအဖြစ် ဖန်တီးနေတာက ဂမ္ဘီရအတတ်သင်ဌာနက ကျောင်းသားတွေလေ"
အမှန်တကယ်တော့ ကျောင်းကြီးလေးကျောင်းရှိ လူများမှာ အရှေ့တိုင်း၏ ဆန်းကြယ်သော စွမ်းအားများအကြောင်း အမြဲစူးစမ်းချင်ခဲ့ကြသော်လည်း ယနေ့ ဤကျောင်းသို့ ရောက်မှသာ သူတို့သိထားသော ဟွာရှားနိုင်ငံ၏ သမိုင်းကြောင်းမှာ အပေါ်ယံမျှသာရှိကြောင်း နားလည်သွားကြတော့သည်။
"ကောင်းတယ်... ချကွာ"
"နောက်တစ်ခေါက်"
"ဟားဟားဟား... မိုက်တယ်ဟေ့"
ရုတ်တရက်ဆိုသလို တစ်ဖက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
"ဘာသံတွေလဲ"
"ကျောင်းအုပ်ကြီး... ခင်ဗျားတို့ကျောင်းမှာ ဘာပွဲကြီးပွဲကောင်းများ ရှိလို့လဲ"
"အာ ဒါက..."
ကျန်းမုန့်လောင်တစ်ယောက် ရုတ်တရက်တုံ့ဆိုင်းသွားပုံရသည်။
"ကျောင်းအုပ်ကျန်း... ဒါကတော့ မတရားဘူးနော်"
ကျောင်းအုပ်ကြီးပိုဒေါ့က အထွန့်တက်လိုက်၏။
"ကျွန်တော်တို့က အဝေးကြီးကနေ ပညာဖလှယ်ဖို့လာကြတဲ့ ဧည့်သည်တွေလေ။ ခင်ဗျားက ကျုပ်တို့ကို ဖုံးကွယ်ထားတယ်ဆိုတော့ ကျုပ်တို့ကြည့်လို့မရတဲ့ အရာတစ်ခုခုများ ရှိနေလို့လား"
"ဟုတ်တယ်... ကျောင်းအုပ်ကျန်းက ကျုပ်တို့ကျောင်းကြီးလေးကျောင်းကို ခင်ဗျားတို့ရဲ့ ပွဲကြီးပွဲကောင်းတွေကိုကြည့်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ထင်နေတာလား"
ကျန်ကျောင်းအုပ်ကြီးသုံးယောက်ကလည်း ဝင်ထောက်ကြသည်။
"အဲ့ဒီလိုမဟုတ်ပါဘူးဗျာ"
ကျန်းမုန့်လောင် ခေါင်းကုတ်လိုက်သည်။
"ကျောင်းသားတွေအတွက် လုပ်ထားတဲ့ ဖျော်ဖြေရေးပွဲလေးပါ။ ခင်ဗျားတို့ကြည့်ပြီးရင် ကိုယ့်ဘဝကိုယ် သံသယဝင်သွားမှာစိုးလို့"
"ဟားဟားဟား"
ဆိုင်ရယ်က အားရပါးရရယ်မောလိုက်သည်။
"ကျုပ်တို့အသက်တွေက ရာကျော်နေပါပြီ... မမြင်ဖူးတာ ဘာရှိတော့မှာလဲ။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုလောက်ကို ကြောက်နေရမှာလား"
"ကောင်းပြီလေ... လိုက်ပြပါ့မယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ခင်ဗျားတို့ တကယ်ကံကောင်းတယ်နော်... ဒီနေ့က ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ အားကစားနေ့လေ"
"အားကစားနေ့တဲ့လား။ ခင်ဗျားတို့ကျောင်းက အားကစားပွဲတော် ကျင်းပတယ်လား"
"စိတ်ဝင်စားစရာပဲ... အရမ်း စိတ်ဝင်စားသွားပြီ"
"ဒါဆို လိုက်ခဲ့ကြလေ"
ကျန်းမုန့်လောင်က သူ့ဘေးနားရှိ ချန်ပင်းယွီကို ပြောလိုက်သည်။
"ပင်းယွီ... သွားညွှန်ကြားလိုက်ဦး... ဒီနေ့ ဧည့်သည်တွေ ရောက်နေတယ်... အားလုံးကို အကောင်းဆုံးယှဉ်ပြိုင်ကြဖို့နဲ့ ငါတို့ကို အရှက်မကွဲစေနဲ့လို့ ပြောလိုက်"
"ဟုတ်ကဲ့ပါ... ကျောင်းအုပ်ကြီး"
…
ဤနေရာမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အကြီးမားဆုံးကျွန်းပျံကြီးဖြစ်ပြီး အလွှာလိုက်ထပ်ထားသော ကိတ်မုန့်ကြီးတစ်ခုနှင့်ပင် တူချေသည်။ အလွှာတိုင်းတွင်လည်း ပြိုင်ပွဲအမျိုးမျိုးဖြင့် စည်ကားနေ၏။
"ဒါက အပြေးပြိုင်ပွဲလား"
ကျောင်းအုပ်ကြီးလေးယောက်က စက်ဝိုင်းပုံ ပြေးလမ်းကို ကြည့်ရင်း မေးလိုက်ကြသည်။
"ဟုတ်ပါတယ်... ဒါက ကျုပ်တို့ရဲ့ကီလိုတစ်သောင်းတာဝေးအပြေးပြိုင်ပွဲလေ။ အခု စတော့မယ်ထင်တယ်"
"ကီလိုတစ်သောင်းလား"
ထိုကိန်းဂဏန်းကြောင့် သူတို့ ထိတ်လန့်သွားကြသည်။ ထိုအကွာအဝေးမှာ ကမ္ဘာတစ်ပတ်၏ လေးပုံတစ်ပုံနီးပါးရှိ၏။
ပြိုင်ပွဲကြေညာသူက စင်မြင့်ပေါ်သို့ တက်လာသည်။
"လမ်းကြောင်းနံပါတ်တစ်... စက်မှုသိပ္ပံဌာနက ရှယွီ... သူက Mark 50သံချပ်ကာဝတ်စုံကို ကိုယ်တိုင် ဖန်တီးထားတာပါ"
"လမ်းကြောင်းနံပါတ်နှစ်... ဂမ္ဘီရဌာနက ရှောင်လဲ့... သူကတော့ ပြီးခဲ့တဲ့လကမှ သုန်းချီကို မြင်းအဖြစ်ဖန်တီးရာမှာ အောင်မြင်ခဲ့ပြီး သူ့မြင်းကလည်း သုန်းချီကို အတောင်ပံအဖြစ် ပြောင်းလဲနိုင်ပါတယ်"
"လမ်းကြောင်းနံပါတ်သုံး... ကျင့်ကြံရေးဌာနက ရွှီအန်း.. သူက တစ်ကျောင်းလုံးဓားသိုင်းအဆင့်ရှစ်စာမေးပွဲကို မနေ့ကမှ အောင်မြင်ထားတာပါ... ဒီနေ့ပွဲမှာ အနိုင်ရဖို့ ထင်ကြေးပေးထားတဲ့ ရေပန်းအစားဆုံးလူဆိုလည်း ဟုတ်ပါတယ်"
"လမ်းကြောင်းနံပါတ်လေး... သဘာဝလွန်စွမ်းအားဌာနက ရှန့်လင်ကျား... သူက အမြန်နှုန်းစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်မှုအမြန်ဆုံးဖြစ်ပြီး သူလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်"
…
"အလေးမပြိုင်ပွဲကနေ ကြိုဆိုပါတယ် ကျောင်းသားတို့... ဒီနှစ်ပြိုင်ပွဲဝင်တွေကတော့ အပြည့်အဝ ပြင်ဆင်ထားကြပါတယ်"
"ပြိုင်ပွဲဝင်နံပါတ်တစ်... ဇီဝသိပ္ပံဌာနက တုလဲ့ရှင်းပါ.. သူက ဟော့ခ်ရဲ့မျိုးရိုးဗီဇကို သူ့ခန္ဓာကိုယ်ထဲမှာ အောင်အောင်မြင်မြင်ပေါင်းစပ်ထားပြီး ပြောင်းလဲပြီးတာနဲ့ စွမ်းအားတွေ အများကြီးတိုးလာမှာပါ"
"ပြိုင်ပွဲဝင်နံပါတ်နှစ်... ရုက္ခဗေဌာနက ဟွမ်းလဲ့... သူကတော့ စားလိုက်တာနဲ့ ခွန်အားတိုးစေတဲ့ ဟင်းနုနွယ်ရွက်ကို ဖန်တီးထားပါတယ်"
"ပြိုင်ပွဲဝင်နံပါတ်သုံး... ဟင်... ကင်မရာမန်းရေ... သူ့လည်ပင်းကို အနီးကပ်ဆွဲပြစမ်းပါ... အဲ့ဒါတာနို့စ်ရဲ့ စွမ်းအင်ကျောက်တုံးမဟုတ်ဘူးလား။ သူက စွမ်းအင်ကျောက်တုံးကို ငှားလာနိုင်တယ်တဲ့လား... ဒီပြိုင်ပွဲကို ဆက်ကျင်းပဖို့လိုသေးလို့လား"
…
"လွန်လွန်းတယ်... အရမ်းလွန်လွန်းတယ်"
"ဒါတွေအကုန်လုံးက မကောင်းဆိုးဝါးတွေပဲ။ ဒီကျောင်းက ဘယ်လိုတောင်ကြမ်းတဲ့ ပညာတွေကို သင်ပေးနေတာလဲ"
ထိုနေရာက ဖြတ်လျှောက်လာစဉ် ကျောင်းကြီးလေးကျောင်းရှိ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ် ထိခိုက်နေကြရှာသည်။ ဘယ်သူကများ ဤအရာများကို ခံနိုင်ရည်ရှိမည်နည်း။
"ဟိုဘက်က ဘာပြိုင်ပွဲလဲ"
သူတို့၏အထက်နားမှ အားပေးသံများ ထွက်ပေါ်လာသည်။
"ဪ... ဒါက စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြိုင်ပွဲလေ"
ကျန်းမုန့်လောင်က ကွင်းပြင်ကြီးတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။
"ဒါက အားကစားပွဲတော်တစ်ခုလုံးရဲ့ အဓိကပွဲစဉ်ဖြစ်တဲ့ တစ်ကိုယ်တော်တိုက်ခိုက်ရေးပြိုင်ပွဲပါ။ ကဲ... အားလုံး လာကြည့်ကြပါ"
"ဟားဟားဟား... ငါ အခုလေးတင် တတ်မြောက်ထားတဲ့ ဝိညာဉ်သိုင်းပညာနဲ့ မဟာအနိဋ္ဌာရုံကောင်းကင်ချုပ်လက်ညှိုးရဲ့အစွမ်းကို ပြလိုက်မယ်။ လက်တစ်ချောင်းတည်းနဲ့ ကောင်းကင်နဲ့မြေကြီးကို ချုပ်ထိန်းပြမယ်ကွ"
ကွင်းပြင်အထက်တွင် မိုးတိမ်မည်းများ စုဝေးလာပြီး ရှေးဟောင်းလက်ချောင်းကြီးတစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာကာ အချင်းမီတာဆယ်ဂဏန်းခန့်ကြီးမားသော နတ်ဘုရားတစ်ပါး၏ ဖိအားများဖြင့် တစ်ဖက်လူဆီသို့ တိုးဝင်သွားတော့သည်။
"မင်းကိုယ်မင်း တော်လှချည်ရဲ့လို့ထင်နေတာ... ပထမလက်ချောင်းကိုပဲ တတ်မြောက်ထားသေးတာကိုး"
အခြားကောင်လေးတစ်ယောက်က ထိုသို့ပြောလိုက်ပြီးနောက် သူ့မျက်လုံးထဲမှ အနီရောင်အမှတ်အသားများ လည်လာတော့သည်။
"သွေးမျိုးရိုးကန့်သတ်မှု... ဆူဆာနို"
အပြာရောင်ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသော ဧရာမအကောင်ကြီးတစ်ကောင်က ဒိုင်းနှင့် ဓားရှည်ကို ကိုင်ဆောင်လျက် ထိုလက်ချောင်းကြီးကို ခုတ်ပိုင်းချလိုက်သည်။
"ဘုန်း..."
မှိုပွင့်ပုံသဏ္ဍာန် မီးခိုးလုံးကြီးတစ်ခုလည်း ကွင်းပြင်တစ်ခုလုံးကို အုပ်မိုးသွား၏။
"ဝှစ်..."
လူရိပ်နှစ်ခုက ဆန့်ကျင်ဘက်အရပ်များဆီသို့ လွင့်စဉ်သွားကြသော်လည်း သူတို့၏ပုံစံကမူ ဖရိုဖရဲဖြစ်နေရုံမှလွဲ၍ တက်ကြွနေကြဆဲပင်။
"မဆိုးဘူး... မင်းက ဆူဆာနိုအပြည့်အစုံကို ဆင့်ခေါ်နိုင်နေပြီပဲ"
"မင်းလည်း မဆိုးပါဘူး... မင်းရဲ့ ယွမ်စွမ်းအားထဲမှာ နိယာမစွမ်းအားတချို့ ပေါင်းစပ်ထားတာကိုး။ အဲ့ဒါကြောင့် ငါ့ရဲ့ဆူဆာနိုကို တောင့်ခံထားနိုင်တာ"
"ထပ်စမ်းကြည့်ရအောင်"
"ကောင်းပြီလေ"
"ငါ့ရဲ့ အနှိုင်းမဲ့ကျောက်စိုင်လက်သီးကို မြည်းကြည့်လိုက်…"
"မိုးကြိုးဒိုင်းကာ... ချီဒိုရီ"
…
"ဒါ... ဒါက ခင်ဗျားတို့ရဲ့ အားကစားပွဲတော် ဟုတ်ရဲ့လား"
"ဒါက လွတ်လွတ်လပ်လပ်တိုက်ခိုက်ရေးတဲ့လား... ဘာလို့ ကမ္ဘာပျက်မတတ် တိုက်ခိုက်နေကြတာလဲ"
"ကျောင်းအုပ်ကျန်း... ခင်ဗျားတို့ကျောင်းက ကျောင်းသားတွေက... ဒီလောက်တောင် အစွမ်းထက်တာလား"
ထိုမြင်ကွင်းများကြောင့် ကျောင်းအုပ်ကြီးလေးယောက်ခမျာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြရှာသည်။ ကျန်းမုန့်လောင် သူတို့ကို သတိပေးခဲ့ခြင်းမှာ အလကားမဟုတ်ပေ။ သူတို့သက်တမ်းတစ်လျှောက် ဒုက္ခမျိုးစုံကြုံဖူးသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကိုမူ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
ကျောင်းကြီးလေးကျောင်းရှန ထိပ်တန်းကျောင်းသားအချင်းချင်း ယှဉ်ပြိုင်လျှင်ပင် ဤတိုက်ပွဲ၏ ဆယ်ပုံတစ်ပုံလောက်အထိ ပြင်းထန်မည်လော။
"အကုန်လုံးကတော့ ဒီလောက်မစွမ်းပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။
"ဒါတွေက ထိပ်တန်းကျောင်းသားတွေမို့လို့ပါ"
"ထိပ်တန်းကျောင်းသားတွေလား"
"ဟူး…."
ဤစကားကို ကြားလိုက်ရမှသာ သူတို့ သက်ပြင်းချနိုင်ကြတော့သည်။
"ဒါပေမဲ့ ဒါတွေက ပထမနှစ်ထိပ်တန်းကျောင်းသားတွေပဲ ရှိသေးတယ်။ ဒုတိယနှစ် ထိပ်တန်းကျောင်းသားတွေက ဟိုဘက်ကွင်းမှာ"
ကျန်းမုန့်လောင်က အခြားတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။
မီတာရာပေါင်းများစွာရှိသော အကွာအဝေးတွင် လူရိပ်နှစ်ခုက လေထဲ၌ ပျံဝဲနေကြသည်။
"အလင်းဖောက်ထွင်းရေးမှော်အမြောက်"
"လိပ်ကျောင်းချီကုန်လှိုင်းလုံး"