ရက်ပေါင်းတစ်ရာလောက် ကြိုးစားရမယ်ဆိုရင်တောင် ကျွန်တော် ထူးရှယ်နတ်ဘုရားကျောင်းတော်ကို တက်ချင်ပါတယ်
Vol. 52 Ch. 769
တိုက်ပွဲစင်မြင့်ထက်တွင် လှုပ်ရှားမှုများ ပြင်းထန်နေသော်လည်း ပွဲကြည့်စင်ရှိ ကျောင်းသားတိုင်းကမူ အလွန်အမင်း အေးဆေးတည်ငြိမ်နေကြသည်။
"သူတို့တွေက ဒုတိယကမ္ဘာစစ်ကို ဖြတ်သန်းဖူးကြတာလား။ ဘာလို့ ဒီလောက်တောင် အေးဆေးနေကြတာလဲ"
ကျောင်းကြီးလေးကျောင်းရှိ လူများမှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်တက်နေကြသော်ငြား သူတို့ဘေးနားရှိ အခြားကျောင်းသားများကို ကြည့်လိုက်သောအခါ ပုံမှန်အတိုင်း စားသောက်နေကြပြီး သဲကြီးမဲကြီးတိုက်ခိုက်နေသူများကိုပင် ဝေဖန်နေကြကြောင်း တွေ့လိုက်ရ၏။
"သူငယ်ချင်း... မင်း ဒီလောက်ကြမ်းတဲ့ တိုက်ပွဲမြင်ကွင်းကို ကြည့်ပြီး အံ့သြမနေဘူးလား"
မဟာသူရဲကောင်းကျောင်းတော်မှ ကျောင်းသားတစ်ယောက်က သူ့ဘေးနားရှိ ထူးရှယ်နတ်ဘုရားကျောင်းသားကို မမေးဘဲ မနေနိုင်တော့ပေ။
"အံ့သြရမှာလား၏ ဘာကိစ္စနဲ့ အံ့သြရမှာလဲ။ ဒီလိုတိုက်ပွဲလေးကို အဲဒီလောက်အထိ အံ့သြဖို့လိုလို့လား"
"မေးနေဖို့တောင် လိုသေးလို့လား"
ထိုကျောင်းသားခမျာ သူ့လောကအမြင်တစ်ခုလုံး ပြိုလဲလုမတတ် ခံစားလိုက်ရသည်။
"အထူးပြုလုပ်ချက်တွေနဲ့တောင် ဒီလိုတိုက်ပွဲမျိုး ဖန်တီးနိုင်ပါ့မလား။ ကျောင်းသားနှစ်ယောက် ဒီလိုချနေတာကို ငါတို့ အံ့သြသင့်တယ် မဟုတ်ဘူးလား"
ထိုအချိန်မှသာ ထိုကျောင်းသား တကယ်အံ့သြသွားတော့သည်။ သူ အံ့သြနေခြင်းမှာ မဟာသူရဲကောင်းကျောင်းတော်မှ ကျောင်းသားက ဘာကြောင့် ဤမျှအထိ တုန်လှုပ်နေရသလဲဆိုသည်ကိုပင်။
"မင်းက ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသား မဟုတ်ဘူးမလား"
"ငါက ပီတာမန်းမဟာသူရဲကောင်းကျောင်းတော်က ကျောင်းသားပါ။ မင်းတို့နဲ့ ပညာချင်းဖလှယ်ဖို့ လာခဲ့တာ"
"ဪ... ဧည့်သည်ကိုး"
ထိုကျောင်းသားက ရုတ်တရက်သဘောပေါက်သွားပြီး သူ့အတန်းဖော်များ ပြောဖူးသည့်စကားကို သတိရသွားသည်။
"အဲ့ဒါကြောင့်မို့လို့ မင်းတို့ပုံစံက ဘာမှမမြင်ဖူးမတွေ့ဖူးတဲ့ပုံစံ ပေါက်နေတာကိုး"
"ဘာသဘောလဲ"
မဟာသူရဲကောင်းကျောင်းတော်ရှိ ကျောင်းသားတစ်ယောက် ဒေါသထွက်သွားလေတော့သည်။
"အားကစားပွဲမှာ ဝင်ပြိုင်ရုံလေးကို မင်းက ဒီလောက်အထိ ကြောက်နေတာလား။ ဒါနဲ့များ ဗဟုသုတစုံတဲ့လူလို့ ပြောလို့ရပါဦးမလား"
ထိုကျောင်းသားက လက်လျော့လိုက်သည့်ပုံစံဖြင့် ခေါင်းခါလိုက်၏။
"ငါတို့ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်းပါဦး... အများစုက အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တွေချည်းပဲ။ လူငယ်တွေဆိုတာ သွေးဆူလွယ်တယ်လေ။ စကားတစ်ခွန်း အဆင်မပြေတာနဲ့ ထချကြတာ ပုံမှန်ပဲမဟုတ်လား"
မဟာသူရဲကောင်းကျောင်းတော်ရှိ ကျောင်းသားကလည်း သဘောတူလေဟန်ဖြင့် ခေါင်းညိတ်လိုက်ရသည်။ ဤကိစ္စမှာ သူတို့၏ ကျောင်းကြီးလေးကျောင်းတွင်လည်း ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စပင်။ လူငယ်များမှာ စိတ်မြန်လက်မြန်ရှိပြီး သဘောထားကွဲလွဲမှုများ ရှိလာပါက ရန်ဖြစ်ကြသည်မှာ ပုံမှန်ပင်။
"ငါတို့ကျောင်းသားတွေ နေ့တိုင်းကျီစယ်ကြတာက ဒီပြိုင်ပွဲလောက် မပြင်းထန်ပေမဲ့ အနည်းဆုံးတော့ ပထမနှစ်ထိပ်တန်းကျောင်းသားတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်တော့ ရှိတယ်။ တစ်ခါတလေစိတ်ပါလာရင် ဒီထက်တောင် ပိုကြမ်းသေးတယ်။ နေ့တိုင်း ဒီလိုပွဲမျိုး အနည်းဆုံးတော့ လေးငါးပွဲလောက် ဖြစ်နေကျ။ ဒီမြင်ကွင်းလောက်က တကယ်ရှားလို့လား"
ရှားတာပေါ့လို့...
ထိုမေးခွန်းကြောင့် သူ့ခမျာ ဆွံ့အသွားရတော့သည်။
ရှားလို့လား။ သေချာပေါက် ရှားတာပေါ့။
သူတို့ကျောင်းကြီးလေးကျောင်းရှိ ကျောင်းအုပ်ကြီးများ တိုက်ခိုက်လျှင်ပင် ဤမျှခမ်းနားကြီးကျယ်သော မြင်ကွင်းမျိုးကို မြင်ရမည်မဟုတ်ပေ။
သူတို့၏မှတ်ဉာဏ်ထဲတွင် ကြောက်စရာအကောင်းဆုံးတိုက်ပွဲမှာ လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ဖြစ်ပွားခဲ့သော ကျောင်းကြီးလေးကျောင်းကြားက ရန်ပွဲတွင် ယခင်ကျောင်းအုပ်ကြီးများ တိုက်ခိုက်ခဲ့ကြခြင်းသာ။
ထန်ကုစကာပေါက်ကွဲမှုကြီးက တက်စလာပေါက်ကွဲမှုကြောင့်မဟုတ်ဘဲ ထိုကျောင်းအုပ်ကြီးလေးယောက် ရန်ဖြစ်ကြရာမှ ဖြစ်ပွားခဲ့ခြင်းပင်။
ထိုတိုက်ပွဲမှာ ကျောင်းကြီးလေးကျောင်း၏ သမိုင်းမှတ်တမ်းများတွင်ပင် ပါဝင်ခဲ့သည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့တစ်သက်တွင် တစ်ကြိမ်ပင် မြင်တွေ့ရမည်မဟုတ်။
သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ကျောင်းသားများ၏ နေ့စဉ်ရန်ပွဲများက ဤသို့ဖြစ်နေသတဲ့လား။
"ဟိုမှာကြည့်... သူတို့ ရန်ဖြစ်ပြန်ပြီ"
Ultrasoundဌာနရှိ ကျောင်းသားတစ်ယောက်က အားကစားကွင်းအဝင်ဝကို ညွှန်ပြလိုက်လေရာ ထိုနေရာတွင် ကောင်လေးနှစ်ယောက် စကားများနေကြသည်ကို တွေ့လိုက်ရသည်။
"မင်းက ဒီအရွယ်တောင်ရောက်နေပြီ။ တန်းစီရမဲ့ယဉ်ကျေးမှုတောင် နားမလည်ဘူးလား"
"လာပြန်ပြီ... မင်းဘာသာ စောစောထွက်သွားလို့ ငါဝင်ရပ်တာ ပုံမှန်ပဲလေ"
"ငါ ပစ္စည်းမေ့ကျန်ခဲ့လို့ သွားယူတာ။ စက္ကန့်ပိုင်းလေးပဲ ကြာတာလေ"
"စက္ကန့်ပိုင်းပဲဖြစ်ဖြစ် ထွက်သွားတာက ထွက်သွားတာပဲ။ ဒါကို နေရာလုတယ်လို့ မခေါ်ဘူး"
"မင်းက သက်သက်မဲ့ ယုတ္တိမရှိတာတွေ လျှောက်ပြောနေတာ"
"သဘောမတူဘူးလား... သဘောမတူရင် ချမလား"
"ချမယ်... မင်းတို့ ရုပ်နယ်လွန်ပညာဌာနကို ငါတို့ရှေးဟောင်းသိုင်းပညာဌာနက ကြောက်နေမယ်များထင်လို့လား"
"ယွမ်တစ်ကျော့ပြန်သိုင်း"
"မိုးမြေလွှမ်းမိုးရေးချီစွမ်းအင်"
...
"သောက်ကျိုးနည်း... တကယ်ချနေကြတာဟ"
ကျောင်းသားနှစ်ယောက်၏ လှုပ်ရှားမှုများမှာ စင်မြင့်ပေါ်ရှိ လူများလောက် ကြောက်မက်ဖွယ် မကောင်းသော်လည်း မီတာရာပေါင်းများစွာ အကွာအဝေးမှတစ်ဆင့် သူတို့၏ လက်သီးချက်များနှင့် ကန်ချက်များမှ ပေါက်ကွဲထွက်လာသော စွမ်းအားများကို ခံစားနေရဆဲပင်။ ဤအရာက နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များ၏ အဆင့်ထက် ကျော်လွန်နေလေပြီ။
"တွေ့လား... ငါပြောသားပဲ... ဒီလိုကိစ္စတွေက နေ့တိုင်းဖြစ်နေကျမို့ အထွေအထူးလုပ်နေစရာ မလိုပါဘူးလို့။ မင်းသာ ငါတို့ကျောင်းက ကျောင်းသားဆိုရင် နှစ်ရက်သုံးရက်လောက်နဲ့ အသားကျသွားမှာ"
ထိုကျောင်းသားက ပိုစိတ်လှုပ်ရှားလာဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ပွဲကြီးပွဲကောင်းကြည့်ချင်တာဆိုရင်တော့ ငါတို့ကျောင်းက ဆရာတွေ ရန်ဖြစ်တဲ့ပွဲကို ကြည့်ရမှာ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျင့်ကြံရေးဌာနက ဆရာလီရှောင်ယောင်နဲ့ ရွှမ်းဌာနက ဆရာရှောင်းယန်တို့ ချကြတာလေ။ အဲ့ဒါကမှ ကမ္ဘာပျက်မတတ်ပြင်းထန်တဲ့တိုက်ပွဲလို့ ခေါ်တယ်"
"မင်း ယုံမှာတောင်မဟုတ်ဘူး။ ကျောင်းတစ်ခုလုံးတောင် ပြားတော့မလို့။ ကော်မရှင်အဖွဲ့ဝင်သာနို့စ်သာ ဝင်မထိန်းပေးရင် တစ်ကျောင်းလုံး ပျက်စီးသွားလောက်ပြီ။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားမပြောနဲ့ဦးနော်။ သူ အဲ့ဒီကိစ္စကို မသိသေးဘူး"
"ဘာဖြစ်လို့လဲ။ မင်းတို့ဆရာတွေက မတည့်ကြဘူးလား။ ဘယ်လိုလုပ်ရန်ဖြစ်ကြတာလဲ"
မဟာသူရဲကောင်းကျောင်းတော်ရှိ ကျောင်းသားတစ်ယောက်က စပ်စုချင်စိတ်များ တောက်လောင်လာသဖြင့် မေးလိုက်သည်။
"သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဆရာလီရှောင်ယောင်ရဲ့ အမျိုးသမီးက နူဝါမျိုးဆက်လေ။ ဆရာရှောင်ယန်ရဲ့ အမျိုးသမီးကကျတော့ မြွေမျိုးနွယ်။ သူတို့က နူဝါမျိုးဆက်နဲ့ မြွေမျိုးနွယ်ရဲ့ ကွာခြားချက်တွေ အရင်းအမြစ်တွေအကြောင်း ဆွေးနွေးရင်း ဘယ်သူကပိုလှလဲဆိုပြီး ငြင်းကြရာက ပေါက်ကွဲကုန်ကြတာ"
"စကားတစ်ခွန်းလေးနဲ့တင် တကယ်ကြီး ထချကြတာပဲ"
…
တိုက်ပွဲမှာ ဆယ်မိနစ်ခန့်ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ရွှမ်းကျောင်းတော်ရှိ ကျောင်းသားက အနိုင်ရရှိသွားပြီး ဤကျောင်းအားကစားပွဲတော်၏ တိုက်ခိုက်ရေးချန်ပီယံ ဖြစ်လာခဲ့သည်။
"ဒါနဲ့ ဆရာတို့..."
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့က အားကစားနေ့ဆိုတော့ ကွင်းရော အားကစားသမားတွေရော အသင့်ရှိနေတာပဲ။ ခုနက ဆရာတို့ပြောတဲ့ 'ကျောင်းငါးကျောင်း ပညာဖလှယ်ပွဲ'ဆိုတာလေ။ နောက်နေ့အထိ စောင့်မနေဘဲ အခုချက်ချင်းလုပ်လိုက်ကြရင် မကောင်းဘူးလား။ အခုချက်ချင်း နည်းနည်းပါးပါး လက်ရည်စမ်းကြမလား"
"သူနဲ့ချရမှာလား"
ကျောင်းအုပ်ကြီးများက ကောင်းကင်ပေါ်တွင် သုန်းချီကို မြင်းအဖြစ် ဖန်တီးထားသော ကျောင်းသားကို ညွှန်ပြလိုက်ကြသည်။
"ဟုတ်တယ်"
"မဖြစ်နိုင်ပါဘူး"
"ကျွန်တော်တို့ကျောင်းသားတွေက လုံလောက်တဲ့အင်အား မရှိပါဘူး။ ခင်ဗျားတို့နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ"
"ဟုတ်တယ်... ကျွန်တော်တို့ကျောင်းသားတွေသာ အပေါ်တက်သွားရင် ပြန်ဆင်းလာတဲ့အခါ အလောင်းဖြစ်နေလောက်ပြီ"
ဤအချိန်တွင် သူတို့မှာ ယခင်ကလို တည်ငြိမ်ချင်ယောင်ဆောင်၍ မရတော့ပေ။
လက်ရည်စမ်းကြစို့ဟု အကြံပေးခဲ့သူများမှာ သူတို့ပင်။ ယခုမူ ကျောင်းကို လိုက်လံကြည့်ရှုခြင်းမှာ ပြီးလုနီးပါးဖြစ်နေပြီမို့ လက်ရည်စမ်းပွဲကိုလည်း စရတော့မယ်မဟုတ်လား။
သို့သော် ဤကျောင်းသားများမှာ သူတို့ကျောင်းရှိ အကောင်းဆုံးကျောင်းသားများပင်။ နောက်ထပ်တစ်ယောက်နှစ်ယောက်လောက် ပေါ်ထွက်လာဖို့ ဘယ်လောက်ကြာအောင် ပြုစုပျိုးထောင်ရလေမလဲ။ စင်ပေါ်တက်ပြီး လက်ရည်စမ်းရမည်တဲ့လား။ တက်သွားသည်နှင့် အသတ်ခံရမည်မှာ သေချာသလောက်ပင်။
"ဒါဆိုရင် ဆရာတို့ကိုယ်တိုင် ဝင်စမ်းကြည့်မလား"
ကျန်းမုန့်လောင်က ကျောင်းအုပ်ကြီးလေးယောက်ကို အကြံပြုလိုက်သည်။
"အသက်အရွယ်က ပြဿနာမှမဟုတ်တာ... အဓိကက ပါဝင်ယှဉ်ပြိုင်ဖို့ပဲ မဟုတ်လား"
ကျောင်းအုပ်ကြီးလေးယောက်ခမျာ ကျောပြင်တစ်ခုလုံး ချွေးများရွှဲနစ်သွားကြသည်။ သူတို့ ဝင်ချရမယ်တဲ့လား။ သူတို့ကိုယ်တိုင်လည်း နိုင်ဖို့လမ်းမမြင်ပေ။ ဤကျောင်းရှိ ကျောင်းသားများမှာ မကောင်းဆိုးဝါးများသာ။
ဟွာရှားနိုင်ငံရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ လာရောက်ခဲ့သော ဤခရီးစဉ်မှာ သူတို့ဘဝ၏ နောင်တအရဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာခဲ့လေပြီ။
နောင်လာမည့် ကျောင်းငါးကျောင်းပညာဖလှယ်ပွဲအတွက် ဘယ်လိုလုပ်ကြလေမလဲ။
ဒီလူတွေနဲ့ တကယ်ကြီး တိုက်ခိုက်ရမှာတဲ့လား။
"ဝှစ်..."
မဟာသူရဲကောင်းကျောင်းတော်မှ ကျောင်းသားတစ်ယောက်က ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"လေးစားရပါသော ကျောင်းအုပ်ကျန်းခင်ဗျာ... ခင်ဗျားတို့ကျောင်းရဲ့ ဝင်ခွင့်လိုအပ်ချက်တွေကို မေးလို့ရမလား"
"ဒိုဘရီ... ဒါက ဘာသဘောလဲ။ မဟာသူရဲကောင်းကျောင်းတော်က မင်းကို ပြုစုပျိုးထောင်ပေးထားတာ အရင်းအနှီးတွေ မနည်းဘူးနော်... မင်းက အခုကျမှ ကျောင်းကို သစ္စာဖောက်တော့မလို့လား"
"တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး... ဒီနေ့ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို လာလည်ပြီးတဲ့နောက်မှာ ဒီနေရာကမှ ကျွန်တော့်အိပ်မက်တွေ ရှိတဲ့နေရာဆိုတာ သိလိုက်ရလို့ပါ။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... ရက်ပေါင်းတစ်ရာလောက် ကြိုးစားရမယ်ဆိုရင်တောင်... ကျွန်တော် ထူးရှယ်နတ်ဘုရားကျောင်းတော်ကို တက်ချင်ပါတယ်"
"စိတ်မရှိပါနဲ့... ငါတို့က လူတိုင်းကို လက်မခံဘူး... ကျောင်းသားတွေရဲ့ အရည်အသွေးကို ဦးစားပေးတာမို့လေ"
ကျန်းမုန့်လောင်မှာမူ စိတ်ထဲတွင် ကျိတ်သဘောကျနေသော်လည်း အပြင်ပန်းတွင်မူ တည်ကြည်လေဟန် မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
မင်းတို့ ကျောင်းကြီးလေးကျောင်းက တယ်ဟုတ်နေတယ်ပေါ့လေ။ ငါတို့ကို ဒုက္ခပေးချင်နေတာပေါ့။ အခုတော့ မင်းတို့ကျောင်းသားတွေက ဘက်ပြောင်းဖို့ စဉ်းစားနေကြပြီ။ ဘယ်လောက်တောင် အနေခက်လိုက်သလဲ။
"ကျောင်းအုပ်ကျန်း... ကျွန်တော်က ဥရောပ အချမ်းသာဆုံးသူဌေးရဲ့ တစ်ဦးတည်းသော သားပါ။ ကျွန်တော့်ကို လက်ခံမယ်ဆိုရင် ကျောင်းအတွက် ယူရိုဆယ်ဘီလီယံ လှူပါ့မယ်။း"
"အာ... ဒီလိုကျတော့လည်း... မင်းက ငါ့ကို အကျပ်ရိုက်အောင် လုပ်နေပြီ"
"ကျွန်တော်တို့မိသားစုရဲ့ပိုင်ဆိုင်မှုက ကမ္ဘာအနှံ့မှာ ရှိပါတယ်... စုစုပေါင်း ယူရိုဘီလီယံ ခြောက်ဆယ်ကျော်ပါ။ ကျွန်တော်တို့ မိသားစုလိုက်ပြောင်းလာပြီး အကုန်လုံးယူလာခဲ့ပါ့မယ်"
"ယူရိုဘီလီယံခြောက်ဆယ်တဲ့... မနည်းဘူးပဲ။ သွား... ဟိုဘက်သွားပြီး ဖောင်ဖြည့်လိုက်"
"ကျောင်းအုပ်ကျန်း... ကျွန်တော့်မှာ အစ်မ ဆယ့်တစ်ယောက် ရှိပါတယ်။ အကုန်လုံး အရမ်းလှကြတယ်... ခြောက်ယောက်က ဗစ်တိုးရီးယားစီးခရက်က စူပါမော်ဒယ်တွေလေ။ ငါးယောက်က ဟောလီးဝုဒ်မင်းသမီးတွေ... ဒီမှာ သူတို့ရဲ့ဓာတ်ပုံတွေပါ"
"အိုး... မိုက်လှချည်လား။ ဟိုမှာဖောင်သွားဖြည့်ချေ"