← Chapters

ကျောင်းရဲ့အသည်းကျော်ပဲ‌လှော်လေးကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ

Vol. 52 Ch. 770

ကျောင်းရဲ့အသည်းကျော်ပဲ‌လှော်လေးကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ

Vol. 52 Ch. 770

"မင်းတို့... မင်းတို့သစ္စာဖောက်တွေ"

ကျောင်းသားများ၏ ရုတ်တရက်ဘက်ပြောင်းမှုက ကျောင်းကြီးလေးကျောင်းရှိ ကျောင်းအုပ်ကြီးများ၏ နှလုံးသားကို ဓားဖြင့် ထိုးစိုက်လိုက်သလို ခံစားရစေသည်။ သူတို့ ထိုကျောင်းသားများအပေါ် ရင်းနှီးမြှုပ်နှံထားသည့်အရာများမှာ မတွေးဝံ့စရာပင်။ သူတို့ကို သားသမီးအရင်းအချာများနှယ် ဆက်ဆံခဲ့ကြသည်။

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့။ ထူးရှယ်နတ်ဘုရားကျောင်းတော်က တော်လွန်းနေလို့ပါ"

"ဟုတ်တယ်လေ... ကြည့်ပါဦး... ဒီဆယ်ကျော်သက်တွေက ကျောင်းအုပ်ကြီးတို့ထက်တောင် ပိုစွမ်းနေတာ... ခင်ဗျားတို့ကျောင်းကို ဆက်ဖွင့်နေလို့ အနာဂတ်ရှိဦးမယ် ထင်လို့လား"

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ အကြံပေးတာကို နားထောင်နော်။ ကျောင်းဆက်ဖွင့်မနေဘဲ ထူးရှယ်နတ်ဘုရားကျောင်းတော်ကိုသာ ဝင်လိုက်ပါတော့။ ကျောင်းအုပ်ကြီးက အသက်ကြီးနေလို့ ဝင်ခွင့်မမီဘူးဆိုပေမဲ့... ခင်ဗျားမှာ သမီးအမြွှာလေးသုံးယောက် ရှိတယ်မဟုတ်လား"

"ဟုတ်တယ် ကျောင်းအုပ်ကြီး... အနာခံမှ အသာစံရမှာလေ"

"ဘာ။ အမြွှာသုံးယောက်လား။ ဖောင်ယူခဲ့... ဖောင်ယူခဲ့စမ်း"

ကျန်းမုန့်လောင်၏ဘေးနားရှိ စာရင်းသွင်းရန် တာဝန်ယူထားသော ကျောင်းသား၏ မျက်လုံးများမှာ အရောင်တောက်လာလေတော့သည်။

"တော်ကြပါတော့"

ကျောင်းကြီးလေးကျောင်းရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာများမှာ ယနေ့တွင် သိက္ခာဟူသမျှ ကုန်ဆုံးသွားခဲ့လေပြီ။ သူတို့ လာရောက်စဉ်က လူရှစ်ဆယ်ကျော် ပါလာခဲ့သော်လည်း ယခုအချိန်တွင်မူ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။ ကျောင်းသားအားလုံးမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ဘက်သို့ ချက်ချင်း ဘက်ပြောင်းသွားကြချေပြီ။

"ကျောင်းအုပ်ကျန်း... ကျွန်တော်တို့ရှေ့မှာတင် ကျောင်းသားတွေကို ဆွဲခေါ်နေတာက နည်းနည်းမလွန်လွန်းဘူးလား"

ကျောင်းအုပ်ပိုဒေါ့ခမျာ နောက်ဆုံးတွင် စကားတစ်ခွန်းကို မနည်းညှစ်ထုတ်ပြီး မေးလိုက်ရသည်။

"ဆွဲခေါ်တာလား"

ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန် မျက်နှာပေးဖြင့် ပြောလိုက်၏။

"ကျုပ် ဘာမှမလုပ်ရပါဘူး။ အကုန်လုံးက သူတို့ဆန္ဒနဲ့သူတို့ပါ... ကျုပ် အတင်းအကျပ်မလုပ်သလို မြှောက်ပင့်ပြီးလည်း မခေါ်ပါဘူး။ သူတို့ဘာသာသူတို့ ဝင်ချင်လို့ ဝင်တာလေ။ ဟုတ်မဟုတ် မေးကြည့်လိုက်ပါ့လား"

"ကျွန်တော်တို့ မိမိသဘောဆန္ဒအလျောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဝင်ရောက်ပါတယ်။ ကျောင်းရဲ့ မူဝါဒတွေကို ထောက်ခံပြီး စည်းကမ်းတွေကို လိုက်နာပါ့မယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော်သားတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပြီး ကျောင်းရဲ့ဆုံးဖြတ်ချက်တွေကို နာခံပါ့မယ်။ စည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး ကျောင်းရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပါ့မယ်။ ကျောင်းတော်အပေါ် သစ္စာရှိပြီး တက်တက်ကြွကြွလေ့လာသင်ယူပါ့မယ်။ ကျောင်းတော်အတွက်ဆိုရင် အရာအားလုံးကို ပေးဆပ်ဖို့ အသင့်ရှိပြီး ဘယ်တော့မှ သစ္စာမဖောက်ပါဘူး"

ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်လာကြသော နိုင်ငံခြားကျောင်းသားများက သစ္စာဆိုလိုက်ကြတော့သည်။

"ကောင်းတယ်... အရမ်းအားရစရာကောင်းတာပဲ"

ကျန်းမုန့်လောင်က ထပ်ခါတလဲလဲ ချီးကျူးလိုက်သည်။

"မင်းတို့ကို အဓိကကျောင်းသားတွေအဖြစ် မွေးထုတ်ပေးရမယ်။ ပြီးတော့ ပါတီဝင်ဖို့အတွက်လည်း စီစဉ်ပေးရဦးမယ်။ တော်တော်လေးကို နားလည်လွယ်ကြတာပဲ"

"မင်း... မင်း"

အားမာန်ပြင်းထန်သော သစ္စာဆိုသံများက ကျောင်းအုပ်ကြီးလေးယောက်၏ စိတ်အစဉ်ကို ရိုက်ချိုးပစ်လိုက်သည်။

"ကျောင်းအုပ်ကျန်း... ခင်ဗျားက ကျွန်တော်တို့နဲ့ လုံးဝအပြတ်ဖြတ်ချင်နေတာလား"

"အပြတ်ဖြတ်ရမယ်။ ခင်ဗျားတို့က အဲ့လောက်တောင် တန်ဖိုးရှိလို့လား"

ကျန်းမုန့်လောင်က လှောင်လိုက်သည်။ "

"ကျုပ်က ခင်ဗျားတို့ကို လေးစားလို့ အခုထိ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာနော်။ မမေ့နဲ့... ခင်ဗျားတို့က ဒီနေ့ ဟွာရှားနိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာကြတာ။ အဲ့ဒီကိစ္စကိုတောင် စာရင်းမရှင်းရသေးဘူး။ ဒါတောင် ခင်ဗျားတို့ကများ ဘဝင်မြင့်နေကြသေးတယ်"

"ပြီးတော့ ကျုပ်က ခင်ဗျားတို့နဲ့ အပြတ်ရှင်းမယ်ဆိုရင်ရော ဘာဖြစ်လဲ"

ကျန်းမုန့်လောင်က သူ့ကျောင်းသားများကို လက်ညှိုးထိုးပြလိုက်၏။

"ကျွန်တော့်ကျောင်းသားတွေထဲက ကြုံတဲ့လူတစ်ယောက်ကတောင် ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ကျောင်းတွေကို ဖြိုပစ်လို့ရတယ်။ ခင်ဗျားတို့မှာ ကျုပ်နဲ့ယှဉ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"

ကျောင်းအုပ်ပိုဒေါ့၏ မျက်နှာကြွက်သားများမှာ ထိန်းချုပ်၍မရလောက်အောင် တဆတ်ဆတ် တုန်ရီလာတော့သည်။

နိဗ္ဗာန်ကျွန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အတွက် ဟွာရှားနိုင်ငံ၏ ဒုတိယကမ္ဘာမှာ ယခင်ကလို အင်အားမကြီးတော့ဘူးဟု ထင်မြင်ယူဆကာ ဒုတိယကမ္ဘာ၏စည်းမျဉ်းများကို ချိုးဖောက်ပြီး ဟွာရှားနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြခြင်းပင်။

သူတို့အနေနှင့် ဟွာရှားနိုင်ငံတွင် ကြိုက်သလို ဝင်ထွက်သွားလာနိုင်ပြီး ကြောက်စရာမလိုဘူးဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ဤကျောင်းသို့ ခြေချလိုက်သည့်အချိန်တွင်မူ သူတို့ မည်မျှမှားယွင်းသွားကြောင်း နားလည်လိုက်ရသည်။ မှားယွင်းမှုကလည်း အကြီးကြီးပင်။

ဤနေရာတွင် လေ့ကျင့်ပေးထားသော ကျောင်းသားများမှာ မကောင်းဆိုးဝါးများဖြစ်ပြီး မည်သူမဆို သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

သူတို့၏ ကျောင်းသားများပင် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အံ့ဖွယ်များကို မြင်တွေ့ပြီးနောက် ချက်ချင်း ဘက်ပြောင်းသွားကြသည်။

သူတို့ဘက်က ရန်စချင်လျှင်ပင် ထိုသို့လုပ်ဆောင်ရန် ထိုက်တန်မှုရှိဖို့တော့ လိုသေးသည်။

"ခင်ဗျားတို့ကို သတိပေးလိုက်မယ်... ဟွာရှားကိုရောက်ရင် ဟွာရှားစည်းကမ်းကို လိုက်နာရမယ်။ ဒီနေ့တော့ ခင်ဗျားတို့ နားမလည်လို့ လုပ်မိတာလို့ သဘောထားပြီး တရားမဝင်ကျူးကျော်မှုကို ဗွေယူတော့ဘူး။ ဒါပေမဲ့ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့..."

ကျန်းမုန့်လောင်က လွှမ်းမိုးချုပ်ကိုင်နိုင်သော သူ့အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။

"ခင်ဗျားတို့ဝင်လာတဲ့ လူအရေအတွက်အတိုင်း အသတ်ခံရမယ်... ကျုပ်က တကယ်လုပ်တာနော်"

"ကဲ... လိုက်ပြတာတော့ ပြီးပြီ။ ခင်ဗျားတို့လည်း ပြန်လို့ရပြီ"

"ဟွန်း"

ဆူပူကြိမ်းမောင်းခံလိုက်ရသော်လည်း ကျောင်းကြီးလေးကျောင်းရှိ လူများမှာ တင်းမာချင်ယောင်ဆောင်နေကြဆဲပင်။

"ပြန်ကြမယ်ဟေ့"

...

တောင်အောက်သို့ ဆင်းလာချိန်တွင် ကျောင်းအုပ်ကြီးလေးယောက်၏ မျက်နှာထားမှာ အလွန်တရာတည်ကြည်လေးနက်နေသည်။ ဤတစ်ကြိမ်တွင် အရှေ့တိုင်း၏ ဆန်းကြယ်သော စွမ်းအားကို သူတို့ အမှန်တကယ် ခံစားလိုက်ရပြီဖြစ်၏။

"ကျန်းမုန့်လောင်ဆိုတာ ဘယ်သူလဲကွ။ ဒီလောက်အရည်အချင်းရှိပြီး ထူးခြားတဲ့လူတွေကို သူ ဘယ်လိုရှာတွေ့တာလဲ"

"သူ့ဆရာတွေအကုန်လုံးက အနည်းဆုံးတော့ ထျန်းယွမ်အဆင့် ဒါမှမဟုတ် စိတ်စွမ်းအားရှင်တွေချည်းပဲ... နျဲ့ရှောင်ချန်းဆိုတဲ့ ဆရာမကို တွေ့လိုက်လား။ သူက ကျောင်းအပ်လက်ခံတဲ့နေရာမှာ တာဝန်ကျတာလေ။ ဒါပေမဲ့ သူ့ဆီက ထွက်နေတဲ့ သေမင်းအငွေ့အသက်တွေက ငါ့ကိုတောင် အသက်ရှူကျပ်မတတ် ဖြစ်သွားစေတယ်"

"ဟွာရှားဆိုတဲ့နေရာက တော်တော်ကြောက်စရာကောင်းတာပဲ... နောက်ဆိုရင် ဒီလို ရှုပ်ထွေးတဲ့ကိစ္စတွေထဲ ဝင်မပါတော့ဘူး။ ငါတို့ကျောင်းကြီးလေးကျောင်းက ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာ... ဒီမှာကျတော့ အားကစားပွဲတော်လေးကတောင် နတ်ဘုရားတွေ စစ်ခင်းနေသလိုပဲ"

"ပြန်ရောက်ရင် ကျောင်းသားတွေကို သတိပေးရမယ်။ ဟွာရှားကို ခြေမချဖို့နဲ့ အထူးသဖြင့် ဒီလူတွေကို ရန်သွားမစဖို့။ ဘယ်သူမှန်းမသိဘဲ သွားစမိရင်တောင် ထူးရှယ်နတ်ဘုရားကျောင်းတော်က ဖြစ်နေနိုင်တယ်လေ"

"မြူတွေ ဘယ်လိုဖြစ်ပြီး ပြန်ကျလာတာလဲ"

တောင်တစ်ဝက်လောက်အရောက်တွင် သူတို့ကို မြူများက တားဆီးလိုက်ပြန်သည်။

မြူများက တောင်ပေါ်တက်စဉ်ကထက် ပိုမို ထူထပ်နေပြီး အဆုံးမဲ့သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားနေရ၏။

"ဘယ်လိုလုပ်ကြမလဲ"

"အဲဒီလူယုတ်မာ ကျန်းမုန့်လောင်"

"ဦးဦးတို့ ဒေါ်ဒေါ်တို့ရေ... ရှောင်ယွမ်ပြန်ရောက်လာပါပြီ"

သူတို့ အကြံအိုက်နေချိန်တွင် သွက်လက်တက်ကြွနေသော ချန်ရှောင်ယွမ်မှာ သူတို့ဘေးနားသို့ ရုတ်တရက်ရောက်လာသည်။

"ကလေး... ငါတို့ကို တောင်အောက်ပြန်ပို့ပေးလို့ရမလား"

"ရတာပေါ့"

ချန်ရှောင်ယွမ်က အပြစ်ကင်းစင်သော ပုံစံလေးဖြင့် ပြောလိုက်၏။

"အဲ့ဒါကြောင့် သမီးက သက်သက်လာကြိုတာပေါ့"

"ကလေးက ချစ်စရာကောင်းလိုက်တာ"

အမျိုးသမီးမှော်ပညာရှင်တစ်ယောက်က ချန်ရှောင်ယွမ်ကို ပွေ့ဖက်ပြီး ပါးကို နမ်းလိုက်သည်။

"ဒါပေမဲ့ ဒီတစ်ခါတော့ တစ်ယောက်ကို ယူရို တစ်ဘီလီယံ ပေးရမယ်နော်"

ချန်ရှောင်ယွမ်က ကြေညာလိုက်သည်။ လူအများစုက ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ကျန်ရစ်ခဲ့ကြသဖြင့် မူလက ရှစ်ဆယ်ကျော်ရှိရာမှ ယခုမူ တစ်ဒါဇင်ခန့်သာ ကျန်တော့သည်။ ထို့သို့ဆိုလျှင် သူ(မ) ပိုက်ဆံအရနည်းသွားလိမ့်မည်။

လူနည်းသွားသည့်အတွက် အခြေအနေအလိုက် ဈေးနှုန်းကိုမြှင့်ရမည်။

"ဘာ... တစ်ယောက်ကို ယူရိုတစ်ဘီလီယံလား။ နင် ငါတို့ကို ဓားပြတိုက်နေတာလား"

"ရှောင်ယွမ်က အမြဲတမ်း ဈေးနှုန်းအတိအကျ သတ်မှတ်ပြီး မျှမျှတတဆက်ဆံတာပါနော်"

ချန်ရှောင်ယွမ်က ပြန်ပြောလိုက်၏။

"ရှောင်ယွမ်က ဘယ်သူ့ကိုမှ အတင်းအကျပ် ဝယ်ခိုင်းတာ ရောင်းခိုင်းတာမျိုး မလုပ်ပါဘူး။ မပေးချင်ရင် ကိုယ့်ဟာကိုယ်ပဲ ဆင်းကြလေ"

ချန်ရှောင်ယွမ်က ဆက်ပြောလိုက်သည်။

"ဪ... ဒါနဲ့ မေ့လို့... ဆရာတစ်ယောက်က ပြောတယ်။ ကျောင်းရဲ့လုံခြုံရေးအဆင့်က မမြင့်ဘူးထင်လို့ မြူအစီအရင်ကို ကိုယ်တိုင် အဆင့်မြှင့်ထားတယ်တဲ့။ တတိယနှစ် ကျောင်းသားတောင် ဖောက်ထွက်လို့မရဘူးတဲ့"

ထိုစကားကြောင့် သူတို့မျက်နှာများ ချက်ချင်း ပြာနှမ်းသွား၏။

ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ပထမနှစ်ကျောင်းသားများမှာ သာမန်ရှေ့ဟောင်းသိုင်းပညာရှင်များနှင့် စိတ်စွမ်းအားရှင်များ ဖြစ်ကြသော်လည်း ဒုတိယနှစ်ကျောင်းသားများမှာမူ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များနှင့် ရွှေအဆင့် စိတ်စွမ်းအားရှင်များ ဖြစ်ကြပြီး တတိယနှစ်ကျောင်းသားများမှာ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များနှင့် ထျန်းယွမ်အဆင့် သိုင်းပညာရှင်များဖြစ်ကြကြောင်း သူတို့ သိထားသည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် သူတို့၏ အင်အားမှာ အလွန်ဆုံးရှိလှ တတိယနှစ်ကျောင်းသားနှင့်သာ ယှဉ်နိုင်မည်ဖြစ်ပြီး အကယ်၍ သူတို့သာ ဝင်ရောက်ရန် ကြိုးစားခဲ့လျှင် မနက်ဖြန်မှာပင် သူတို့၏မိသားစုများက ရက်လည်ဆွမ်းသွပ်နေရလောက်ပြီဟု ယုံကြည်နေကြသည်။

"ပိုက်ဆံမပေးချင်ရင် ရှောင်ယွမ် ပြန်တော့မယ်နော်။ သိလား...​ ရှောင်ယွမ်က အရမ်း အလုပ်ရှုပ်တာ"

​"ကျောင်းအုပ်ပိုဒေါ့... ဒီကောင်မလေးကို ဖမ်းခေါ်သွားလိုက်ရအောင်။ ကျန်းမုန့်လောင်ကို မနိုင်ရင်တောင် ဒီကောင်မလေးလောက်တော့ ကျုပ်တို့နိုင်ပါတယ်"

"ဟုတ်တယ်... လုပ်လိုက်"

ကိုယ့်လူများ အလုခံလိုက်ရသည့်အပြင် ကလေးတစ်ယောက်၏ ငွေညှစ်ခြင်းကိုပါ ထပ်ခါတလဲလဲခံနေရသဖြင့် သူတို့ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေကြလေပြီ။

"ဦးဦးတို့ ဘာလုပ်မလို့လဲ"

ချန်ရှောင်ယွမ်ကလည်း အနောက်ဆုတ်လိုက်၏။

"ဦးဦးတို့ သမီးကို အနိုင်ကျင့်မလို့လား"

ချန်ရှောင်ယွမ်မှာ ဘယ်နားက ဆွဲထုတ်လိုက်မှန်း မသိရသော အသံချဲ့စက်တစ်ခုကိုကိုင်ပြီး အော်ပြောလိုက်တော့သည်။

"ကိုကို မမတို့ရေ... ရှောင်ယွမ့်ကို အနိုင်ကျင့်မလို့တဲ့"

ချန်ရှောင်ယွမ်မှာ လူအများ လေးစားကြည်ညိုကြသော ချန်ပင်းယွီ၏ ညီမလေးဖြစ်သည့်အပြင် အလွန်ချစ်စရာကောင်းလှသဖြင့် ထူးရှယ်နတ်ဘုရားကျောင်းတော်တစ်ခုလုံး၏ အသည်းကျော်ပဲ‌လှော်လေးဖြစ်နေပေသည်။

"မြန်မြန်... သူ့ပါးစပ်ကို ပိတ်လိုက်"

သို့သော် အချိန်နှောင်းသွားခဲ့ချေပြီ။ ချန်ရှောင်ယွမ်၏ အသံမှာ ထူးရှယ်နတ်ဘုရားကျောင်းတော် တစ်ဝက်ခန့်အထိ ပျံ့လွင့်သွားတော့သည်။

"ချန်ရှောင်ယွမ်ကို ဘယ်ကောင်က အနိုင်ကျင့်ရဲတာလဲ"

"ဘာ.. ချန်ရှောင်ယွမ်ကို အနိုင်ကျင့်နေတယ်ပေါ့"

"ဘယ်ကောင်က ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ။ သတ်ပစ်ကြဟေ့"

All Chapters