← Chapters

သူတို့တွေ ဘဝင်မြင့်လာကြတာလား

Vol. 52 Ch. 771

သူတို့တွေ ဘဝင်မြင့်လာကြတာလား

Vol. 52 Ch. 771

ချန်ရှောင်ယွမ် အနိုင်ကျင့်ခံရသည့်သတင်းမှာ တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ ရာဂဏန်းအထိ အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ဟာသပဲ... ဆရာတူအစ်မရဲ့ ညီမလေးကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ ကတုံးတုံးခံချင်နေကြတာလား...

ချန်ရှောင်ယွမ်က ပုံမှန်အားဖြင့် ဆော့ကစားတတ်ပြီး ဂျစ်ကန်ကန်နိုင်သော်လည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လေသည်။ လူတစ်ယောက်၏ တန်ဖိုးဆိုသည်မှာ ရုပ်ရည်သွင်ပြင်နှင့် လိုက်ဖက်ညီရမည်။ ချန်ရှောင်ယွမ်ကို အနိုင်ကျင့်ရဲသည့် မည်သူမဆို ကျောင်းတစ်ကျောင်းလုံးနှင့် ရန်ဖြစ်ဖို့ ပြင်ထားရပေမည်။

"ဝှစ်..."

ငွေရောင်ဓားပျံတစ်လက်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ချန်ရှောင်ယွမ်နှင့် သူ(မ)ကိုဖမ်းခေါ်ရန် ကြိုးစားနေသော မဟာသူရဲကောင်းကျောင်းတော်မှ ဆရာတို့ကြားတွင် ဆယ်မီတာခန့်ရှည်လျားပြီး နှစ်မီတာသုံးမီတာခန့်နက်သော ဓားရာကြီးတစ်ခုကို ပိုင်းချလိုက်တော့သည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဓားပျံစီးနင်းကာ လေဟုန်ခွင်း၍ ရောက်ရှိလာပြီး သူ့ပတ်ပတ်လည်တွင်လည်း ဓားပျံအချောင်းနှစ်ဆယ်ကျော် လည်ပတ်နေ၏။ ဓားတစ်လက်စီတွင် ဖုံးလွှမ်းထားသော ဓားသိုင်းစွမ်းအားမှာ သာမန်ထျန်းယွမ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း အလွယ်လေးသတ်နိုင်စွမ်းရှိသည်။

"သူပါလား"

ထိုလူကို မြင်လိုက်ရသောအခါ ကျောင်းကြီးလေးကျောင်းရှိ လူများမှာ ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြရှာသည်။

သူက ဒုတိယနှစ်ရဲ့ ဓားပျံမီတာတစ်သောင်းတာဝေးပြိုင်ပွဲချန်ပီယံ မဟုတ်လား။

ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်အစစ်အမှန်ကို မသိကြသော်လည်း သူ့အမြန်နှုန်းမှာမူ သူတို့ အိပ်မက်ထဲတွင်သာ မက်နိုင်သည့် အရာမျိုးပင်။

မီတာတစ်သောင်းကို ၂.၈စက္ကန့်ဖြင့် ပျံသန်းနိုင်ပြီး တစ်စက္ကန့်လျှင် မီတာသုံးထောင်ကျော်ရှိလေရာ အသံအမြန်နှုန်း၏ ဆယ်ဆနီးပါးရှိသည်။ ထိုလူငယ်၏ မျက်စိအောက်က လွတ်နိုင်မည်ဟု မည်သူ့တွင်မှ ယုံကြည်မှုမရှိကြချေ။

"ညီမလေးရှောင်ယွမ်ကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ။ သေချင်နေတာလား"

နောက်ထပ် လူရိပ်တစ်ခုကလည်း ထပ်ကြပ်မကွာ လိုက်ပါလာ၏။

"ဟိုတစ်ယောက်... ဟိုလူလေ။ သုန်းချီကို မြင်းအဖြစ် ဖန်တီးခဲ့တဲ့လူ... သူက ဒုတိယနှစ်ရဲ့တိုက်ခိုက်ရေးဒုတိယချန်ပီယံပဲ"

မကြာသေးခင်က ယှဉ်ပြိုင်မှုတွင် ထိုနှစ်ယောက်၏တိုက်ပွဲမှာ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ကျောင်းကြီးလေးကျောင်းက နည်းပညာလမ်းကြောင်းကို မလိုက်သော်လည်း ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ပြီး စွမ်းအားတိုင်းတာသည့် ကိရိယာတချို့ကို ပိုင်ဆိုင်ထားကြ၏။

အစောပိုင်းက တိုက်ပွဲတွင် ထိုလူငယ် ထုတ်ဖော်ပြသခဲ့သော အမြင့်ဆုံးစွမ်းအားမှာ ယူနစ်နှစ်ဆယ့်ငါးနီးပါးရှိပြီး ထိုပမာဏမှာ ကျောင်းအုပ်ကြီးများနှင့် တန်းတူနီးပါးဖြစ်နေချေပြီ။

ထို့ပြင် သူအသုံးပြုသော နည်းဗျူဟာမြောက်များစွာကို ပေါင်းစပ်လိုက်ပါက ထိုကျောင်းသားကို အနိုင်ယူနိုင်မည်ဟု မည်သူမှ ယုံကြည်မှုမရှိကြပေ။

"ဘယ်မှာလဲ။ ဘယ်မှာလဲ။ ရှောင်ယွမ် ဘယ်ရောက်သွားလဲ"

"တောက်... ငါတို့ကျောင်းရဲ့ အသည်းကျော်လေးကို ဘယ်ကောင် အနိုင်ကျင့်ရဲတာလဲ။ ပြဿနာကို မီးခွက်ထွန်းပြီးရှာနေတာလား"

"ဆရာတူအစ်ကိုတို့ ညီလေးတို့ရေ... ဝိုင်းရိုက်ကြဟေ့"

"လခွမ်း... ဟိုအပြင်လူတွေပဲ... သူတို့ကို မှတ်လောက်သားလောက်ဖြစ်သွားအောင် လုပ်လိုက်ကြ"

သူတို့ရှေ့တွင် ပေါ်လာသော လူအရေအတွက်မှာ ထပ်တိုးလာသဖြင့် ရုတ်တရက်ဆိုသလို တောင်ခါးပန်းတစ်ခုလုံးမှာ အလွန်တရာစည်ကားသွားတော့သည်။

"ဆရာတူအစ်မ လာပြီ"

"ဖယ်ကြ... ဖယ်ကြ... ဆရာတူအစ်မ လာပြီ"

ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ခြည်းကျဆင်းသွားပြီး လူအုပ်ကြားထဲမှ မိန်းကလေးတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူ(မ)မှာ စောစောက ကျန်းမုန့်လောင်နောက်သို့ လိုက်ပါသွားသော မိန်းကလေးပင်။

သူ(မ)၏မျက်နှာထားမှာ အေးစက်နေသော်ငြား မျက်လုံးများထဲတွင်မူ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ယခုလက်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် တတိယနှစ်သို့ တက်ရောက်နိုင်သူဟူ၍ နှစ်ယောက်သာရှိပြီး တစ်ယောက်မှာ ကျန်းမုန့်လောင်နှင့် အစကတည်းက လက်တွဲလာခဲ့သော ချန်ပင်းယွီဖြစ်သည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ပထမဆုံးကျောင်းသား ဖြစ်သည့်အားလျော်စွာ ဆရာများအားလုံးက သူ(မ)ကို ရတနာတစ်ပါးကဲ့သို့ သဘောထားကြပြီး သူတို့၏ ပညာရပ်အားလုံးနီးပါးကိုလည်း လက်ဆင့်ကမ်း သင်ကြားပေးထားကြသည်။ ထို့ကြောင့် ချန်ပင်းယွီထံတွင် နည်းစနစ်ပေါင်းမြောက်များစွာ ရှိနေပေသည်။

နတ်ဘုရားအဆင့်ရှိသော စိတ်စွမ်းအားရှင် နည်းနည်းလောက်ကို သူ(မ)အနေနှင့် လုံးဝ ဂရုစိုက်နေစရာမလို​ပေ။

"ရှင်တို့လား။ ကျွန်မညီမလေးကို အနိုင်ကျင့်တာ"

"မဟုတ်ပါဘူး... နားလည်မှုလွဲတာပါ... နားလည်မှု လွဲတာပါ"

ချန်ရှောင်ယွမ်ကို ဖမ်းဆွဲရန် ကြိုးစားခဲ့သော မဟာသူရဲကောင်းကျောင်း​တော်မှ ဆရာခမျာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြရှာသည်။

ထိုမိန်းကလေးဆီက ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်အေးစက်လှသဖြင့် သူတို့၏ပတ်ဝန်းကျင်ရှိ လေထုကိုပင် အေးခဲသွားစေမတတ်ပင်။ သူ ယခုလေးတင် ကြားလိုက်ရသည်။ ဤလူများက အနှီမိန်းကလေးကို ဆရာတူအစ်မဟုပင် ခေါ်နေကြသည်။

ဒုတိယနှစ်ကျောင်းသားများပင် ဤမျှကြောက်စရာကောင်းနေလျှင် ဤဆရာတူအစ်မဆိုလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လေမလဲ။ သို့ဖြစ်လေရာ သူတို့က ရန်စရဲမည်လော။

"မမ... သူတို့ သမီးကို အနိုင်ကျင့်ကြတယ်"

ချန်ရှောင်ယွမ်က ချက်ချင်းတိုင်တောလိုက်တော့သည်။

"ရှောင်ယွမ်က စေတနာနဲ့ သူတို့ကို တောင်အောက် လိုက်ပို့ပေးမယ်လို့ ပြောတာကို ကျေးဇူးမတင်တဲ့အပြင် သမီးကို စော်ကားပြီး ရိုက်တောင် ရိုက်ကြသေးတယ်"

"ငါတို့ ဘယ်တုန်းက မင်းကိုဆဲပြီးရိုက်လိုက်လို့လဲ"

ကျောင်းကြီးလေးကျောင်းရှိ လူများမှာ မတရားစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ကြရသည်။ သူတို့မှာ ထိုသို့လုပ်ရန် ကြံရွယ်ခဲ့ကြသော်လည်း လက်တွေ့မူ မလုပ်ရသေးချေ။

"သူတို့က​ ရှောင်ယွမ်ကို ကလေးဆိုးတဲ့။ လူလိမ်လေးတဲ့။ ခုနကဆိုရင် သမီးကို ဖမ်းတောင်ဖမ်းမလို့ လုပ်ကြတာ"

"ရှင်တို့ သတ္တိတွေ တော်တော်ကောင်းနေပါ့လား။ ထူးရှယ်နတ်ဘုရားကျောင်းတော်က လူကို ဖမ်းမယ်ပေါ့"

ချန်ပင်းယွီက လှောင်လိုက်သည်။

"မဟုတ်ပါဘူး... မဟုတ်ရပါဘူးဗျာ"

သူတို့ ကပျာကယာရှင်းပြလိုက်ကြသည်။

"ကျွန်တော်တို့က ဒီညီမလေးကို စနောက်နေတာ... တောင်အောက်လိုက်ပို့ပေးဖို့ ဖိတ်ချင်လို့ပါ။ ဒီမှာကြည့်... ချက်လက်မှတ်တွေတောင် ပြင်ထားပြီးပါပြီ"

"ဟီးဟီး... တစ်ယောက်ကို ယူရိုတစ်ဘီလီယံနော်"

ချန်ရှောင်ယွမ်၏ မျက်လုံးလေးများမှာ အရောင်တောက်လာတော့သည်။

"ဦးဦးတို့က သဘောကောင်းလို့ လျှော့ဈေးပေးလိုက်မယ်"

"ဒီကလေးမလေးက အရိုးထဲအထိ ပုပ်သိုးနေတာတော့ မဟုတ်သေးပါဘူးလေ"

ယနေ့တွင် သေချာပေါက် ပိုက်ဆံကုန်ရမည် ဖြစ်သော်လည်း ​ဈေးသက်သာလျှင် ပိုကောင်းပေသည်။

"၉.၉၉% လျှော့ပေးမယ်"

ချန်ရှောင်ယွမ်က လက်တစ်ဖက် ထောင်ပြလိုက်သည်။

"ငါလေလည်သလောက်တောင် မရှိဘူး။ ဒီကောင်မလေးက အရိုးထဲအထိကို ကောက်ကျစ်တာပဲ"

"ခင်ဗျားတို့ ဘာပြောလိုက်တာလဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများ၏ အမူအရာကား ချက်ချင်း ပြောင်းလဲသွားသည်။

"ဘာမှမဟုတ်ပါဘူး... ကောင်မလေးက ချစ်စရာကောင်းတယ်လို့ ပြောနေတာပါ"

"ဒီကျောင်းက လူတိုင်းက ဓားပြတွေချည်းပဲ"

သူတို့ခမျာ ဝေဒနာကို ထုတ်မပြောရဲဘဲ စိတ်ထဲကသာ ကျိန်ဆဲနေကြရရှာသည်။

…

"ဟမ်… ‌ပါမောက္ခလျိုဆီက ဖုန်းပါလား"

ကျန်းမုန့်လောင်တစ်ယောက် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ထွက်လာခါစရှိသေးသော်လည်း သူ့ဖုန်းတွင် မစ်စ်ကောတစ်ခုကို တွေ့လိုက်ရသည်။

"‌ပါမောက္ခလျို... ကျွန်တော့်ကို ရှာနေတာလား"

ကျန်းမုန့်လောင်က ဖုန်းပြန်ခေါ်လိုက်သည်။

"မစ္စတာကျန်း... ပြဿနာတက်ပြီ"

လျိူသုန်းရှန်း၏ လေသံမှာ အလွန်လေးနက်နေသည်။

"လွန်ခဲ့တဲ့နာရီပိုင်းလောက်က ကူပါဂြိုလ်သိမ်ဂြိုဟ်မွှားဆီက အချက်ပြမှုတစ်ခုကို လက်ခံရရှိခဲ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က တွေ့ခဲ့တာနဲ့ အတူတူပဲ။ ဒါပေမဲ့ ပြင်းအားကတော့ အဆပေါင်းများစွာ ပိုများတယ်။ နေအဖွဲ့အစည်းရဲ့ အလယ်ဗဟိုဆီကို ဦးတည်လာနေတဲ့ အရာဝတ္ထုကြီးတစ်ခုရှိတယ်လို့ သုံးသပ်မိတယ်"

"ဘာ... ခင်ဗျား ဆိုလိုတာက သူတို့ လာနေကြပြီလား"

ကျန်းမုန့်လောင်လည်း လေးနက်တည်ကြည်သွားသည်။

"ဖြစ်နိုင်ခြေများတယ်... သူတို့က ကျုပ်တို့ မျှော်လင့်ထားတာထက် ပိုမြန်နေတယ်"

လျိုသုန်းရှန်းက ပြောလိုက်၏။

"ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံရူပဗေဒနဲ့ အသုံးချသိပ္ပံပညာတွေက လွန်ခဲ့တဲ့တစ်နှစ်အတွင်း သိသိသာသာတိုးတက်လာပေမဲ့... ကျွန်တော် စိုးရိမ်မိတယ်"

"အချိန် ဘယ်လောက်ရသေးလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သူတို့က လက်ရှိ ကျွန်တော်တို့နဲ့ နက္ခတ်တာရာယူနစ်သုံးဆယ့်နှစ်လောက်မှာ ရှိနေပါတယ်။ သူတို့ရဲ့ လက်ရှိအမြန်နှုန်းကို အလင်းအလျင်ရဲ့ ၀.၃ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် နောက်နှစ်လလောက်ဆိုရင် ကမ္ဘာ့ပတ်လမ်းကြောင်းနားကို ရောက်လာပါလိမ့်မယ်"

"ဘုရားရေ... မြန်လှချည်လား"

အလင်းအလျင်၏ ၀.၃ရာခိုင်နှုန်းဆိုသည်မှာ ကြားရလျှင် နှေးသလိုရှိသော်ငြား အခြားယူနစ်သို့ ပြောင်းလဲလိုက်လျှင် တစ်စက္ကန့်ကို ကီလိုမီတာကိုးရာနှုန်း ဖြစ်လေရာ ကမ္ဘာ့အမြန်ဆုံး အာကာသယာဉ်ထက်ပင် ဆယ်ဆပိုမြန်နေသေးသည်။

ဟွာရှားတွင် အကွေ့အဝိုက်မောင်းနှင်ခြင်းနည်းပညာ ရှိနေပြီဖြစ်သော်လည်း သီအိုရီအရ အကွေ့အဝိုက်အင်ဂျင်၏ အမြန်နှုန်းမှာ သုညဖြစ်ပြီး နေရာဒေသသဘောတရားအရသာ အလင်းအလျင်ထက် ကျော်လွန်နိုင်ခြင်းပင်။

သို့သော် လက်ရှိ လူသားတို့၏အသုံးချသိပ္ပံပညာအရ ပုံစံထုတ်ထားသည့် ဒီဇိုင်းရှိလျှင်ပင် တည်ဆောက်ရန် အချိန်အကြာကြီး ယူရဦးမည်။

"အရင်ဆုံး အကြီးအကဲကျိုးကို အကြောင်းကြားလိုက်ပါ။ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ သူ့အစီအစဉ်အတိုင်းပဲလုပ်လိုက်။ ကျန်တာကို ကျွန်တော်ကြည့်လုပ်ပါ့မယ်"

"အကြီးအကဲကျိုးကို ပြောပြီးပါပြီ"

ပါမောက္ခလျိုက ပြောလိုက်၏။

"သူလည်း နိုင်ငံတကာကို သတင်းပေးပို့ထားပြီးပါပြီ။ အသေးစိတ်အစီအစဉ်တွေတော့ မကြာခင် ထွက်လာလိမ့်မယ်"

"အင်း"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

တကယ်တမ်းပြောရလျှင် သူသည် ထိုအမည်မသိအဖွဲ့အစည်းအပေါ် ကြောက်ရွံ့ခြင်းမရှိပေ။ သတိထားနေရုံသာ ဖြစ်၏။ သူ့တွင် ခွန်အားအမှတ်ပေါင်းများစွာရှိပြီး ဆရာတစ်ယောက်ယောက်၏ စွမ်းအားကို ငှားလိုက်ပါက အဆင့်နှစ်မျိုးနွယ်စု၏ အာကာသယာဉ်ကို ဖောက်ခွဲပစ်ရန်မှာ မခဲယဉ်းပေ။

သို့သော် နောက်ဆုံးအဆင့် မရောက်မချင်း သူ ထိုနည်းလမ်းကို မသုံးချင်ပေ။ ဝှက်ဖဲကို ထုတ်ပြလိုက်သလို ဖြစ်သွားမည့်အပြင် လူထုအကြား ထိတ်လန့်မှုများ ဖြစ်သွားစေနိုင်သည်။ စစ်ရေးနှင့် နိုင်ငံတကာအင်အားစုများကတစ်ဆင့် ဖြေရှင်းခြင်းကသာ ပိုကောင်းလိမ့်မည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်နှင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့တွင် သူ တည်ဆောက်ထားသော ကွန်ရက်များကို အသုံးပြုရန် အချိန်တန်လေပြီ။

"မစ္စတာကျန်း.. ပြောစရာတစ်ခု ရှိသေးတယ်"

"ဘာရှိသေးလို့လဲ"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ခင်ဗျား ပြန်ယူလာတဲ့ အာကာသယာဉ်ကို မှတ်မိလား။ အမေရိကန်တွေက အဲ့ဒီထဲကနေ အကျိုးအမြတ်နည်းနည်း ရှာတွေ့သွားပုံရတယ်။ လပိုင်းလောက် သုတေသနလုပ်ပြီးတဲ့နောက်မှာ အသုံးချနည်းပညာပိုင်းမှာ သိသိသာသာ တိုးတက်လာခဲ့တယ်။ ကြားတာတော့ သူတို့က အာကာသထဲမှာ တိုက်ခိုက်ရေးစစ်လေယာဉ်အုပ်စုတစ်စုကိုတောင် နေရာချထားပြီးပြီတဲ့။ သူတို့က ဒီမျိုးနွယ်စုအဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားချင်တယ်လို့ အကြီးအကဲကျိုးကို အဆိုပြုထားတယ်"

"အာ... ကျုပ် နားမလည်တော့ဘူး။ တကယ်နားမလည်တော့တာ... ဒီလောက်အောင်မြင်မှုလေး ရရုံနဲ့ တခြားမျိုးနွယ်စုတစ်ခုကို ဆက်သွယ်ရဲတယ်ပေါ့။ သူတို့ ဘဝင်မြင့်လာကြတာလား"

All Chapters