နွေဦးပွဲတော်အတွက် ဗြောက်အိုးနှစ်ရာ
Vol. 52 Ch. 772
အမေရိကတိုက်၏ ပထမဆုံးသော လေတပ်ဖွဲ့ကြီးပင်။
၎င်းမှာ လေယာဉ်တင်သင်္ဘောကြီးများနီးနီး ကြီးမားခမ်းနားလှသော အာကာသစစ်သင်္ဘော နှစ်ရာခန့် ဆိုက်ကပ်ထားသည့် ဧရာမဆိပ်ကမ်းကြီးတစ်ခု ဖြစ်၏။
ရေတပ်ဗိုလ်ချုပ်အဆင့် အဆောင်အယောင်များ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခမ်းနားထည်ဝါလှသော ထိုဧရာမရေယာဉ်တန်းကြီးကို ကြည့်ကာ ကျေနပ်အားရနေပေသည်။
"မစ္စတာအိုတိုနဲ့ မစ္စတာဘရုစ်... ဒီတစ်ခေါက်တော့ ခင်ဗျားတို့ကို ကျေးဇူးတင်ရမှာပဲ"
ထိုအမျိုးသား၏ မျက်နှာချင်းဆိုင်တွင် ရုရှားနိုင်ငံမှ တန်ဖိုးမဖြတ်နိုင်သော အချက်အလက်များကို သယ်ဆောင်လာခဲ့သည့် စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲရှိ အဓိကခေါင်းဆောင်နှစ်ဦး ရှိနေပေသည်။
ပြီးခဲ့သည့်တစ်ခေါက်က သူတို့ယူဆောင်လာခဲ့သော ခေါင်းတလားနှင့် အိမ်သာခွက်ကြောင့် သူတို့ခမျာ စိတ်ဓာတ်ကျခဲ့ရသော်လည်း ထိုအမှိုက်ပုံထဲမှ အဖိုးတန်အချက်အလက်များစွာ ပါဝင်နေသည့် hard driveတစ်ခုကို ရှာတွေ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
အမှန်တကယ်တော့ အမေရိကတိုက်သားများမှာ ဂြိုဟ်သားများနှင့် သူတို့၏နည်းပညာများကို သုတေသနပြုလာခဲ့သည်မှာ ရာစုနှစ်တစ်ခုနီးပါးပင် ရှိနေခဲ့ချေပြီ။ သူတို့၏အင်အားအကြီးမားဆုံးသော B2ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များမှာ ကမ္ဘာပေါ်သို့ ကျဆင်းလာခဲ့သည့် ပထမအဆင့်မျိုးနွယ်စုအဖွဲ့အစည်းပိုင် အာကာသယာဉ်တစ်စင်း၏ အချက်အလက်များကို အသုံးပြု၍ တည်ဆောက်ထားခဲ့ခြင်းပင်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ထိုရှေးဟောင်းလက်ရာကို ယှဉ်နိုင်မည့် ဗုံးကြဲလေယာဉ် ဘာကြောင့် မထွက်ပေါ်လာခဲ့သလဲဆိုလျှင် သူတို့၏နည်းပညာများမှာ ခေတ်ကာလထက် ရာစုနှစ်ပေါင်းများစွာ တိုးတက်နေသောကြောင့်ပင်။
ထိုအစိတ်အပိုင်းများကို စုဆောင်းလေ့လာကြည့်ရာမှတစ်ဆင့် ယခင်က သုတေသနပြုခဲ့သော မျိုးနွယ်စုအဖွဲ့အစည်းများ၏ အရေးအသားနှင့် အလွန်တူညီနေကြောင်း တွေ့ရှိခဲ့ရပြီး ၎င်းမှာ အဆင့်မြင့်မျိုးနွယ်စုအဖွဲ့အစည်းအချို့ကြားတွင် အသုံးပြုသော စကြာဝဠာသုံး ဘာသာစကားတစ်ခု ဖြစ်နေဟန်တူသည်။
ငါးရက်တိတိ နေ့မအားညမနား ဘာသာပြန်ဆိုပြီးနောက်တွင်မူ 12TBပမာဏရှိသော အချက်အလက်များအားလုံးကို လူသားများ နားလည်နိုင်သော စာသားများအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ကြချေပြီ။
ဤအာကာသယာဉ်ကို လမ်းသစ်ဖောက်ရန်အတွက် ရည်ရွယ်ထားသော်ငြား ယခင်ကမူ မျိူးနွယ်စုအဖွဲ့အစည်းများအကြား ကြယ်တာရာဖြတ်ကျော်ကုန်သွယ်မှုများတွင် အထူးသီးသန့်အသုံးပြုခဲ့သော ကုန်တင်အာကာသယာဉ်တစ်စင်းသာဖြစ်၏။ ထိုယာဉ်က အခြားဒုတိယအဆင့် မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုနှင့် အချက်အလက်ဖလှယ်သည့် ကုန်သွယ်မှုတစ်ခုကို ပြုလုပ်ခဲ့ဖူးသည်။ ယခုမူ သူတို့ ပြန်သယ်ဆောင်လာခဲ့သည်မှာလည်း ထိုအာကာသယာဉ်ပေါ်တွင် ကျန်ရစ်ခဲ့သည့် အရာများပင်။
"ဟားဟားဟား... ဗိုလ်ချုပ်ရှာချယ်လီ.. အဲ့ဒီကျန်းမုန့်လောင်ဆိုတဲ့ကောင်က ကျုပ်တို့ အာကာသယာဉ်ပေါ်က ယူလာတဲ့ ပစ္စည်းတွေထဲမှာ ဒုတိယအဆင့်မျိုးနွယ်စုအဖွဲ့အစည်းရဲ့ စစ်သင်္ဘောပုံကြမ်းတွေ ပါလာလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ဘူး"
"တကယ်ပဲဗျာ... ကျုပ်တို့ဆီမှာ ဒီစစ်သင်္ဘောရဲ့ ဒီဇိုင်းတွေတင်မကဘဲ လက်ရှိခေတ်ထက် ကျော်လွန်နေတဲ့ သတ္တုစပ်ဖော်မြူလာတွေတောင် ရှိနေသေးတာ။ မဟုတ်လို့ကတော့ ဒီလောက်ကြီးတဲ့ ရေယာဉ်တန်းကြီးကို လပိုင်းအတွင်း ဘယ်လိုလုပ်ပြီး တည်ဆောက်နိုင်ပါ့မလဲ"
လအနည်းငယ်အကြာက ဂြိုဟ်သားမျိုးနွယ်တစ်ခု ကမ္ဘာမြေသို့ မကြာခင်ရောက်လာနိုင်ချေရှိကြောင်း သိရပြီးကတည်းက သူတို့ ကြိုတင်ပြင်ဆင်မှုများကို စတင်နေခဲ့သည်။ အမှန်တကယ်တော့ လိုအပ်သည့်ပစ္စည်းများအားလုံး အသင့်ရှိနေလျှင်ပင် ဤကဲ့သို့သော စစ်သင်္ဘောတစ်စင်းကို တည်ဆောက်ရန်မှာ ပုံမှန်အားဖြင့် အနည်းဆုံးငါးနှစ်မှ ခြောက်နှစ်အထိ အချိန်ယူရမည်သာ။
သို့သော် အချိန်ကုန်သက်သာစေရန်အတွက် အခြားသာမညလုပ်ဆောင်ချက်များစွာကို စွန့်လွှတ်လိုက်ပြီး စွမ်းအင်နှင့် လက်နက်ပိုင်းဆိုင်ရာကိုသာ အဓိကထား၍ အာရုံစိုက်ခဲ့ကြသည်။ ကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်၍လည်း ကမ္ဘာပေါ်ရှိ ရှားပါးဒြပ်စင်များစွာကို လိုအပ်နေသည့်အတွက် အာကာသယာဉ်တည်ဆောက်ရေး ပစ္စည်းများမှာ အရည်အသွေးပိုင်း အနည်းငယ်လျော့ကျသွားခဲ့ရရှာသည်။
သို့စေကာမူ ယခုလက်ရှိ ကမ္ဘာပေါ်ရှိ အမာကျောဆုံးသတ္တုစပ်များနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် ဤသတ္တုစပ်၏ကြံ့ခိုင်မှုမှာ အဆပေါင်းများစွာ သာလွန်နေဆဲပင်။
ယခုအခါ အမေရိကတိုက်သားများမှာ စကြာဝဠာအာကာသအတွင်း တိုက်ပွဲဝင်နိုင်စွမ်းရှိသည့် ကမ္ဘာ့အင်အားအကြီးမားဆုံး တပ်ဖွဲ့ကြီးကို ပိုင်ဆိုင်ထားပြီဟုပင် ဆိုနိုင်လေသည်။
ဟွာရှား၏ စစ်လက်နက်ပစ္စည်းများမှာ အထင်ကြီးလောက်စရာ ကောင်းသော်ငြား သူတို့၏မျက်လုံးထဲတွင်မူ လေထုအတွင်း၌သာ တိုက်ခိုက်နိုင်စွမ်းရှိပြီး သူတို့၏စစ်သင်္ဘောများနှင့် ယှဉ်လျှင် လက်နက်အင်အား အများကြီး နိမ့်ကျနေသေးသည်ဟု ထင်မြင်နေကြသည်။
ယင်းအချက်ကပင် တစ်ချိန်က ဟွာရှား၏ ဖိနှိပ်မှုကို ခံခဲ့ရသော သူတို့အား ယခုအချိန်တွင် ယုံကြည်မှုများ ပြန်လည်ရရှိလာစေရန် စွမ်းဆောင်ပေးလိုက်သည်။
နောက်နှစ်လအကြာတွင် ဂြိုဟ်သားမျိုးနွယ် အဖွဲ့အစည်းတစ်ခု၏ စစ်သင်္ဘောတစ်စင်း ကမ္ဘာမြေသို့ ရောက်လာနိုင်ကြောင်း ဟွာရှားဘက်က သတင်းရရှိသောအခါ သူတို့ ဝမ်းသာလုံးဆို့သွားကြသည်။
အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးနောက်တွင်မူ သူတို့၏အင်အားကို သက်သေပြနိုင်မည့် အခွင့်အရေးတစ်ခုကို ရလိုက်ပြီဖြစ်၏။
ကျန်းမုန့်လောင်က အာကာသယာဉ်တစ်စင်းကို ပြန်လည်သယ်ဆောင်လာခဲ့သော်လည်း ၎င်းမှာ တိုက်ခိုက်ရေးအမျိုးအစား မဟုတ်သည့်အပြင် ယိုယွင်းပျက်စီးနေသဖြင့် အသုံးပြုရန် မဖြစ်နိုင်ပေ။ သူတို့၏ လုံယင်တိုက်လေယာဉ်များမှာ စွမ်းအားကြီးမားလှသော်ငြား အရေအတွက် အလွန်နည်းပါးပြီး လေထုပြင်ပသို့ ထွက်ခွာ၍ တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။
ဤတစ်ကြိမ်တွင်မူ သူတို့က လူသားမျိုးနွယ်ကို ကိုယ်စားပြု၍ အဆိုပါ အမည်မသိအဖွဲ့အစည်းနှင့် ဆက်သွယ်ရတော့မည်ဖြစ်၏။
တစ်ဖက်က ပိုအဆင့်မြင့်နေလျှင်ပင် ဒုတိယအဆင့်အချက်အလက်များကို အသုံးပြု၍ တည်ဆောက်ထားသည့် အင်အားကြီးမားသော အာကာသယာဉ်အစင်းနှစ်ရာခန့် ရှိနေသည့်အတွက် သူတို့အနေနှင့် အရေအတွက်အားဖြင့် လုံးဝအသာစီးရနေသဖြင့် ရှုံးနိမ့်မည်မဟုတ်ကြောင်း သေချာနေကြသည်။
"ဒီတစ်ခေါက် ဂြိုဟ်သားမျိုးနွယ်စုနဲ့ ပထမဆုံး အကြိမ် အဆက်အသွယ်လုပ်ဖို့ အောင်မြင်သွားမယ်ဆိုရင် တစ်ကမ္ဘာလုံးက ငါတို့ကို အသိအမှတ်ပြုလာကြလိမ့်မယ်"
"ဟုတ်တယ်... သူတို့သာ ရည်ရွယ်ချက်ကောင်းနဲ့ လာတာဆိုရင် ငါတို့ရဲ့ အင်အားက သူတို့ကို သေချာပေါက်လွှမ်းမိုးနိုင်ပြီး ဂြိုဟ်သားတွေနဲ့ ပထမဆုံးအဆက်အသွယ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ သံတမန်ရေးရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆက်သွယ်မှုတွေမှာ ငါတို့သာ ဦးဆောင်နိုင်မယ်ဆိုရင် သေချာပေါက် တစ်ပန်းသာသွားမှာ"
"တကယ်လို့ သူတို့ဘက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာမယ်ဆိုရင်လည်း စကြာဝဠာထဲမှာတင် အကုန်သုတ်သင်ပစ်လိုက်ရုံပေါ့။ အဲ့ဒီအာကာသယာဉ်က ငါတို့ရဲ့စစ်နိုင်လက်ဆောင်ဖြစ်လာမှာနော်။ ပြီးတော့... ပိုအဆင့်မြင့်တဲ့ နည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်လာတာနဲ့အမျှ ပိုအင်အားကြီးမားတဲ့ လက်နက်တွေ၊ စက်ပစ္စည်းတွေကို ဖန်တီးနိုင်လာလိမ့်မယ်။ ဒီတစ်ခေါက်တော့ ငါတို့ ပြန်ခေါင်းထောင်နိုင်စေရမယ်ဟေ့"
...
"မစ္စတာကျန်း... အခြေအနေကတော့ အဲ့ဒီလိုပါပဲ။ သူတို့ဘက်က ကန့်ကွက်မှုတွေအားလုံးကို သူတို့ရဲ့ စစ်ရေးအင်အားနဲ့ ဖိနှိပ်လိုက်ပြီး ဂြိုဟ်သားမျိုးနွယ်နဲ့ ပထမဆုံးဆက်သွယ်မှုလုပ်ဖို့ချည်း တကဲကဲဖြစ်နေကြတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဟွာရှားနိုင်ငံကနေ ဒါကို ကန့်ကွက်ထားတာမျိုး မရှိသေးပါဘူး"
ပါမောက္ခလျိုက ကျန်းမုန့်လောင်အား အခြေအနေများအကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်သည်။
"သူတို့တော့ တကယ်ထီပေါက်သွားတာပဲ"
ကျန်းမုန့်လောင်မှာမူ သူတို့တစ်သိုက် ထိုအမှိုက်ပုံထဲတွင် တန်ဖိုးရှိသည့် ပစ္စည်းတချို့ကို ရှာတွေ့သွားလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။
ထိုအမေရိကတိုက်သားများမှာလည်း စင်စစ်ဇွဲကောင်းလှသည်။ လအနည်းငယ်အတွင်း စစ်သင်္ဘောနှစ်ရာပါဝင်သည့် ယာဉ်တန်းကြီးတစ်ခုကို တကယ်တည်ဆောက်နိုင်ခဲ့လိမ့်မည်ဟု ထင်မထားပေ။ တွေးကြည့်ရုံမျှဖြင့် ထိုအရာကို အောင်မြင်ရန်အတွက် မည်မျှများပြားသော ကြိုးစားအားထုတ်မှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံခဲ့ရမည်ကို ခန့်မှန်းကြည့်ရန် အလွန်ခက်ခဲလှ၏။
"စစ်သင်္ဘောနှစ်ရာတောင်... သူတို့ဆီမှာ အဲ့ဒါတွေတည်ဆောက်ဖို့ ပိုက်ဆံတွေ ရှိနေသေးတယ်ဆိုတော့ အစကတည်းက ငါတို့ သူတို့ကို ကုပ်သွေးစုပ်တာ နည်းသွားလို့ပဲဖြစ်ရမယ်"
ပါမောက္ခလျိုခမျာ မျက်ဖြူလန်သွားရတော့သည်။
ဤမျှအရေးကြီးသော အချိန်အခါမျိုးမှာမှ....
ဂြိုဟ်သားမျိုးနွယ်စုအဖွဲ့အစည်းနှင့် ဆက်သွယ်ရမည့် အခွင့်အရေးကို မည်သို့ယှဉ်ပြိုင်ယူရမည်ကိုဖြစ်စေ သို့မဟုတ် ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများကို မည်သို့ကြိုတင်ကာကွယ်ရမည်ကိုဖြစ်စေ တွေးတောရမည့်အစား သူတို့ဆီက ပိုက်ဆံကို ဘယ်လိုညာယူရမလဲဆိုသည်ကိုသာ တွေးနေချေသည်။
သူက တကယ့်လူယုတ်မာပါလား။
"မစ္စတာကျန်း... ခင်ဗျားဆီမှာ ထိပ်တန်းပါရမီရှင်တွေ အများကြီးကို မွေးထုတ်ပေးနေတဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော် ရှိတယ်လို့ ကြားထားတယ်။ ပြီးခဲ့တဲ့ စစ်ရေးပြအခမ်းအနားက လုံယင်တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေကလည်း အဲ့ဒီကျောင်းက ဖန်တီးထားတာတဲ့။ ခင်ဗျားဆီမှာ အဲ့ဒီထက်ပိုကောင်းတဲ့ စက်ပစ္စည်းတွေ ရှိနေမှာပဲမဟုတ်လား။ သူတို့ဆီမှာ ဒီအခွင့်အရေးကို အလုခံလိုက်လို့ မဖြစ်ဘူးနော်"
"ဟားဟားဟား... ပါမောက္ခလျို.. စိတ်မပူပါနဲ့ဗျာ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"စစ်သင်္ဘောအစင်းနှစ်ရာလောက်နဲ့ အဲ့ဒီအာကာသယာဉ်ကို အဆက်အသွယ်လုပ်နိုင်မယ်... ဒါမှမဟုတ် အနိုင်ယူနိုင်လိမ့်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား"
"မစ္စတာကျန်း... သူတို့က အဲ့ဒီအာကာသယာဉ်ရဲ့ အချက်အလက်တွေကို ချပြထားပြီးပြီ။ အမြင့်ဆုံးအမြန်နှုန်းက အလင်းအလျင်ရဲ့တစ်ရာခိုင်နှုန်းအထိရှိပြီး သတ္တုစပ်တွေကလည်း ကမ္ဘာပေါ်က အမာကျောဆုံး တိုက်တေနီယမ် သတ္တုစပ်ထက် ခုနစ်ဆလောက်ပိုကြံ့ခိုင်တယ်။ အစွမ်းထက်တဲ့ လေဆာအမြောက်တွေ၊ လျှပ်စစ်သံလိုက်အမြောက်တွေ တပ်ဆင်ထားတဲ့အပြင် စွမ်းအင်အပြည့်ဖြည့်ထားမယ်ဆိုရင် အာကာသထဲမှာ သုံးနှစ်လောက်အထိ မောင်းနှင်နိုင်တယ်တဲ့။ ဒီလိုစစ်သင်္ဘောကြီးနဲ့ ရှုံးသွားဖို့ဆိုတာ စိတ်ကူးကြည့်ရခက်တယ် မဟုတ်ဘူးလား"
"ခင်ဗျား 'သုံးကိုယ်ပွား'ဝတ္ထုကို မဖတ်ဖူးတာ သေချာနေပြီ"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်သည်။
"သူတို့ရဲ့သစ်သင်္ဘောက ကျွန်တော်တို့ရဲ့ လက်ရှိအဆင့်နဲ့ယှဉ်ရင် အသုံးချနည်းပညာအပိုင်းမှာ ရာစုနှစ်နည်းနည်းလောက် ပိုတိုးတက်နေရုံလေးပဲ။ အခြေခံသီအိုရီပိုင်းမှာတော့ သူတို့က သူများဆီက ကူးချထားတာဆိုတော့ ကျွန်တော်တို့ရဲ့အသုံးချမှုက အပေါ်ယံဆန်လွန်းနေသေးတယ်။ တကယ်လို့များ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်တော့ ကပ်ဘေးကြီး ဆိုက်သွားနိုင်တယ်"
"ဘာကိုဆိုလိုတာလဲ"
"ကျွန်တော့်ရဲ့ လုံယင်တိုက်လေယာဉ်က လောလောဆယ် လေထုထဲမှာပဲ သွားလာနိုင်သေးတယ်ဆိုပေမဲ့... ပြင်းထန်တဲ့အပြန်အလှန်သက်ရောက်မှုအားတွေပေါ် အခြေခံထားတဲ့ ပစ္စည်းတွေကို အသုံးပြုထားတာမို့ ဘယ်လိုလေဆာအမြောက်၊ လျှပ်စစ်သံလိုက်အမြောက်နဲ့မှ ဖျက်ဆီးလို့မရဘူး။ အလွန်ဆုံးရှိလှ မော်လီကျူးတုန်ခါမှုလောက်ပဲ ဖြစ်စေနိုင်တာ။ ပြီးတော့ ဒီလိုပစ္စည်းမျိုးက အဆင့်မြင့်ပထမအဆင့်မျိုးနွယ်စုအဖွဲ့အစည်းက ဖန်တီးထားတာနော်"
"သူတို့ ကျရှုံးသွားနိုင်တယ်လို့ ဆိုလိုချင်တာလား"
"သေချာပေါက်ကျရှုံးမှာပေါ့"
ကျန်းမုန့်လောင်က အလေးအနက်ထား၍ ပြောလိုက်သည်။
"ကျွန်တော် ယူလာတဲ့ အာကာသယာဉ်ကို သေချာလေ့လာကြည့်ပြီးပြီ။ အဲ့ဒီပေါ်မှာပါတဲ့ ကာကွယ်ရေးနည်းပညာမျိုးစုံကို သူတို့ရဲ့လေဆာအမြောက်တွေနဲ့ ဖျက်ဆီးပစ်လို့ မရနိုင်ဘူး။ အချိုးက နှစ်ရာ အချိုး တစ်တဲ့လား"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။
"ပါမောက္ခလျို... နွေဦးပွဲတော်မှာဖောက်တဲ့ ဗြောက်အိုးအလုံးနှစ်ထောင်ဆိုတာ ခင်ဗျား ကြားဖူးလား"
"အဲ့ဒါက 'ကမ္ဘာမြေတစ်ခွင်'ဇာတ်လမ်းထဲက ဟာသစကားစုလေး မဟုတ်လား"
"မဟုတ်ဘူးဗျ"
ကျန်းမုန့်လောင်က ခေါင်းယမ်းလိုက်သည်။
"အဲ့ဒါက အဆင့်မြင့်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုကနေ အဆင့်နိမ့်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်တဲ့ အတိုင်းအတာတစ်ခုပဲ။ နွေဦးပွဲတော်က ဗြောက်အိုးအလုံးနှစ်ထောင် ဖောက်တဲ့အသံကိုတော့ ကျွန်တော်တို့ ကြားရမှာမဟုတ်ဘူး။ ဒါပေမဲ့... အလုံးနှစ်ရာဖောက်တဲ့အသံကိုတော့ မြင်တွေ့ခွင့်ရနိုင်မယ်လို့ ထင်တယ်"
ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီးနောက် ချန်ပင်းယွီထံသို့ ဖုန်းခေါ်လိုက်တော့သည်။
"ပင်းယွီ... ဒီည ရူပဗေဒမေဂျာနဲ့ စက်မှုမေဂျာက ကျောင်းသားတွေကို လူစုခိုင်းထားလိုက်။ ငါ အရေးကြီးကိစ္စတစ်ခု ကြေညာစရာရှိတယ်"