← Chapters

အပြာရောင်ဂြိုဟ်မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ်

Vol. 52 Ch. 773

အပြာရောင်ဂြိုဟ်မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ်

Vol. 52 Ch. 773

ဤသည်ကား လူသားမျိုးနွယ်အတွက် ယခင်က မကြုံဖူးသော ဘေးအန္တရာယ်ကြီးတစ်ခုဖြစ်လေရာ ဖုံးကွယ်ထားရန်လည်း လုံးဝမဖြစ်နိုင်တော့ပေ။ နိုင်ငံအသီးသီးက အရေးပေါ်အစီအစဉ်များ စတင်လုပ်ဆောင်ခဲ့ကြသော်လည်း သတင်းများကမူ ပေါက်ကြားသွားခဲ့လေပြီ။

ရည်ရွယ်ချက်မသိရသော ပြင်ပဂြိုဟ်သားမျိုးနွယ်အဖွဲ့အစည်းတစ်ခု ကမ္ဘာမြေသို့ ချဉ်းကပ်လာသည်ဟူသော ဤသတင်းမှာ လူသားများအကြား ချက်ချင်းဆိုသလို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

လူသားများမှာ ဂြိုဟ်သားများနှင့်ပတ်သက်သော ရုပ်ရှင်အများအပြား ရိုက်ကူးခဲ့ဖူးသည်။ ထိုဇာတ်လမ်းများထဲတွင် အဆုံးသတ်တိုင်း လူသားများကသာ အမြဲအနိုင်ရလေ့ရှိသော်ငြား ပြင်ပဂြိုဟ်သားမျိုးနွယ်စုများ၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများက လူသားများ၏စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် စွဲထင်နေခဲ့သည်မှာ ကြာမြင့်နေချေပြီ။

ထိုအချိန်တွင် အမေရိကတိုက်က စစ်သင်္ဘောအစင်းနှစ်ရာပါဝင်သော တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်း တရားဝင်ကြေညာလိုက်သည်။ သူတို့က လူသားမျိုးနွယ်ကို ကိုယ်စားပြုပြီး ထိုတည်နေရာရှိ မျိုးနွယ်စုအဖွဲ့အစည်းနှင့် သွားရောက်ဆက်သွယ်ပေမည်။

ဤတပ်ဖွဲ့၏အင်အားကို သက်သေပြနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် သူတို့က အာကာသယာဉ်တစ်စင်းကို ဂြိုဟ်သိမ်ဂြိုဟ်မွှားရပ်ဝန်းဆီသို့ မောင်းနှင်သွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသော လေဆာအမြောက်ကိုသုံးကာ အချင်းငါးကီလိုမီတာကျော်ရှိသော ဂြိုဟ်သိမ်တစ်ခုကို ချက်ချင်းပင် တစ်စစီပစ်ခတ်ပြခဲ့ကြသည်။

စိတ်အားထက်သန်ဖွယ်ကောင်းသော ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသောအခါ လူသားထုကြီးတစ်ရပ်လုံး စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ဆူပွက်သွားတော့သည်။

စစ်သင်္ဘော၏စွမ်းအားက သူတို့ထင်ထားသည်ထက် အများကြီးသာလွန်ချေသည်။ တစ်ခါက သိပ္ပံပညာရှင်တစ်ဦး ခွဲခြမ်းစိတ်ဖြာဖူးသည်မှာ လက်ရှိလူသားများ၏ နျူကလီးယားဗုံးများဖြစ်စေ အခြားမည်သည့်လက်နက်များဖြစ်စေ အချင်းငါးကီလိုမီတာကျော်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ကြားဖြတ်ဟန့်တားနိုင်စွမ်း လုံးဝမရှိကြောင်း ဆိုခဲ့ဖူးသည်။

ဒိုင်နိုဆောများ မျိုးတုံးပျောက်ကွယ်သွားရခြင်းမှာ အချင်းဆယ်ကီလိုမီတာရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ဝင်တိုက်မိခြင်းကြောင့် ဖြစ်နိုင်ခြေများသည်။ ထိုအရွယ်အစား၏ တစ်ဝက်ခန့်သာရှိလျှင်ပင် လူသားများအတွက် ခြိမ်းခြောက်မှုက အလွန်ကြီးမားလိမ့်မည်သာ။

သို့သော် ဤအာကာသယာဉ်၏ လေဆာအမြောက်က ငါးကီလိုမီတာရှိသော ဂြိုဟ်သိမ်ကို တိုက်ရိုက်နီးပါး ချေမှုန်းပစ်နိုင်ခဲ့ပြီး အကြီးဆုံးအပိုင်းအစဆိုလျှင်ပင် အချင်းငါးမီတာထက် မပိုတော့ပေ။

ထို့နောက် စစ်သင်္ဘောက အချင်းဆယ်ကီလိုမီတာကျော်ရှိသော ဂြိုဟ်သိမ်တစ်ခုကို ထပ်မံပစ်ခတ်ခဲ့လေရာ ထိုဂြိုဟ်သိမ်မှာ စိစိညက်ညက် ကြေမသွားသော်လည်း အပိုင်းအစငယ်လေးများ ရာနှင့်ချီ၍ ကွဲထွက်သွားခဲ့သည်။

ပေါက်ကွဲသွားသည့် ဂြိုဟ်သိမ်အပိုင်းအစများက အလွန်လျင်မြန်လှသောအရှိန်ဖြင့် အာကာသယာဉ်၏ မျက်နှာပြင်ကို လာစင်သော်လည်း အာကာသယာဉ်၏ ကြံ့ခိုင်သော သတ္တုမျက်နှာပြင်ပေါ်တွင် အပေါ်ယံခြစ်ရာလေးများသာ ကျန်ရစ်ခဲ့သည်။

ဤသည်မှာ ဘာကို ကိုယ်စားပြုလေသလဲ။ ဤသည်မှာ အမေရိကန်အာကာသစစ်ရေယာဉ်စုမှာ ကြယ်တာရာတိုက်ပွဲကို အပြည့်အဝ ဆင်နွှဲနိုင်ပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင်။

ဤသို့သော စစ်သင်္ဘောအစင်းတစ်ရာဖြင့်ဆိုလျှင် ရန်သူ့အာကာသယာဉ်တစ်စင်းတည်းကို ရင်ဆိုင်ရမည်ဖြစ်လေရာ သူတို့အနေနှင့် အောင်ပွဲခံနိုင်ပေလိမ့်မည်ဟူသော ယုံကြည်ချက်က လှုပ်ခတ်၍မရလောက်အောင် ခိုင်မာနေတော့သည်။

...

"ဗိုလ်ချုပ်ရှက်တာလီ... ရန်သူ့ အာကာသယာဉ်က ကျွန်တော်တို့ဆီကို ရောက်ဖို့ ၂၄နာရီ လိုပါသေးတယ်။ ကျေးဇူးပြုပြီး အမိန့်ပေးပါ"

စစ်သားတစ်ယောက်က ဗိုလ်ချုပ်ရှက်တာလီကို အလေးပြုလျက် ပြောလိုက်သည်။

"တပ်ဖွဲ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ"

"ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ စစ်သင်္ဘောတွေအားလုံး အသင့်အနေအထားမှာ ရှိနေပါတယ်။ စွမ်းအင်၊ စက်ယန္တရားနဲ့ လက်နက်တွေအားလုံးကိုလည်း စစ်ဆေးပြီးပြီမို့ ဘယ်အချိန်ဖြစ်ဖြစ် တိုက်ပွဲဝင်မစ်ရှင်တွေကို စတင်နိုင်ပါပြီ"

"တိုက်ပွဲဝင်မစ်ရှင် ဟုတ်လား"

ဗိုလ်ချုပ်ရှက်တာလီက ရယ်မောလိုက်၏။

"ငါတို့ အဲဒီအဆင့်အထိ ရောက်စရာမလိုလောက်ဘူးလို့ ထင်တယ်။ သူတို့သာ ငါတို့ရဲ့ စစ်သင်္ဘောတွေကို မြင်သွားရင် တော်တော်အံ့အားသင့်သွားမယ်ထင်တယ်။ နှစ်ပေါင်းသောင်းဂဏန်းအတွင်းမှာ အပြာရောင်ဂြိုဟ်က ကျောက်ခေတ်လူရိုင်းဘဝကနေ သူတို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဉာဏ်ရည်မြင့်သတ္တဝါအဆင့်အထိ တိုးတက်လာခဲ့ပြီလေ"

"ဟားဟားဟား ဟုတ်ပါတယ် ဗိုလ်ချုပ်။ သူတို့သာ ကျွန်တော်တို့တပ်ဖွဲ့ကို မြင်လိုက်ရရင် ထွက်ပြေးချင်စိတ်တောင် ရှိတော့မှာမဟုတ်ဘူး"

"ဒါပေမယ့် ဗိုလ်ချုပ်... သမ္မတကြီးက ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးရည်ရွယ်ချက်က သူတို့ကို အနိုင်ယူဖို့မဟုတ်ဘဲ သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားရမယ်လို့ ညွှန်ကြားထားပါတယ်"

ထိုစစ်သားက ပြောလိုက်သည်။

"သူတို့က လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာကတည်းက ကြယ်တာရာခရီးသွားနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုတော့ သူတို့ရဲ့ လူ့အဖွဲ့အစည်းက ကျွန်တော်တို့နဲ့ လုံးဝမတူညီတဲ့ အဆင့်တစ်ခုအထိ တိုးတက်နေဖို့ အလားအလာအရမ်းများပါတယ်"

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

ဗိုလ်ချုပ်ရှက်တာလီက စစ်သားတစ်ယောက်ဖြစ်သဖြင့် လူမှုဗေဒသဘောတရားများကို နားမလည်ပေ။

"ကျွန်တော်တို့ကမ္ဘာမြေပေါ်မှာ အမြင့်မားဆုံး လူမှုဖွဲ့စည်းပုံဆိုတာ နိုင်ငံတကာနဲ့ တိုက်ကြီးတွေအကြား အပြန်အလှန်ဆက်သွယ်ရေးတွေထက် မပိုပါဘူး။ ဒါပေမယ့် အဆင့်မြင့်မျိုးနွယ်စုတွေမှာတော့ မျိုးနွယ်စုတွေအချင်းချင်းကြား၊ ကြယ်တာရာစနစ်တွေအကြား အပြန်အလှန်ဆက်သွယ်မှုလိုမျိုး ပိုအဆင့်မြင့်တဲ့ လူမှုဖွဲ့စည်းပုံအဆင့်ကို သူတို့တွေ နားလည်သဘောပေါက်ထားလောက်တယ်"

ထိုစစ်သားလေးက ရှင်းပြလေသည်။

"ကျွန်တော်တို့သာ သူတို့နဲ့ ပထမဆုံး အဆက်အသွယ်လုပ်နိုင်မယ်ဆိုရင် သူတို့ရဲ့ လူမှုဖွဲ့စည်းပုံထဲကို ဝင်ရောက်ပြီး စကြဝဠာထဲက တခြားမျိုးနွယ်စုတွေနဲ့ ပထမဆုံးဆက်ဆံနိုင်တာမို့ ပိုများတဲ့ မျိုးနွယ်စုအသိပညာတွေကို အမြန်ဆုံးနှုန်းနဲ့ ရယူနိုင်မှာပါ"

"သမ္မတကြီးပီသပါပေတယ်။ ငါတို့ထက်ပိုပြီး အမြော်အမြင်ရှိတာပဲ"

ဗိုလ်ချုပ်ရှက်တာလီက ခပ်ပြုံးပြုံးဖြင့် ဆိုလေသည်။

ဟွာရှားနိုင်ငံက စင်စစ်အထင်ကြီးချင်စရာကောင်းသော်လည်း မည်မျှပင် အစွမ်းထက်စေကာမူ ပိုအဆင့်မြင့်သည့် မျိုးနွယ်စုတစ်ခုနှင့် နှိုင်းယှဉ်၍ရမည်လော။ အာကာသလူ့အဖွဲ့အစည်းထဲသို့ ပထမဆုံးဝင်ရောက်ပေါင်းစပ်နိုင်သူများ ဖြစ်နေသရွေ့ သူတို့၏ နည်းပညာအဆင့်အတန်းက အချိန်တိုအတွင်းမှာပင် ဟွာရှားနိုင်ငံကို တစ်ဖန်ပြန်ကျော်တက်သွားလိမ့်မည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် အခြားမျိုးနွယ်စုနှင့် ဆက်သွယ်ခြင်းမှာ အလွန်အရေးကြီးနေခြင်းပင်။

...

ကမ္ဘာမြေထက် နက္ခတ္တဗေဒယူနစ်တစ်ခုနည်းသော အကွာအဝေးတွင် မည်းနက်နေသော အာကာသယာဉ်တစ်စင်းက နေအဖွဲ့အစည်း၏ ဗဟိုချက်သို့ တည်ငြိမ်စွာ ဦးတည်ပျံသန်းလာသည်။

အာကာသယာဉ်၏အလျားမှာ ၂.၄ကီလိုမီတာခန့် ရှိ၏။ ထိုအာကာသယာဉ်က စကြဝဠာကြီးနှင့် တစ်သားတည်းကျလုမတတ် ပေါင်းစပ်နေလေရာ ဘယ်လိုအလင်းရောင်မှလည်း ရောင်ပြန်ဟပ်ခြင်းမရှိဘဲ အရိပ်များအကြား လျှို့ဝှက်တိုးဝင်လာသည့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် တူလှပေသည်။

အာကာသယာဉ်၏ မောင်းနှင်ခန်းအတွင်း၌ ကမ္ဘာမြေသားများနှင့် အနည်းငယ်ဆင်တူသော သက်ရှိအချို့ရှိနေချေသည်။ သို့သော် သူတို့၏ အသားအရေမှာ ခရုသင်းရောဂါသည်များအလား ဖြူဖျော့ဖျော့ဖြစ်နေချေသည်။ သွယ်လျသော ခန္ဓာကိုယ်နှင့် ရှည်လျားသော ခြေတံလက်တံများရှိပြီး သူတို့၏ဦးခေါင်းများမှာ ကမ္ဘာမြေသားများထက် ထက်ဝက်နီးပါးခန့် ပိုကြီးသည်။

သူတို့က ငွေဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အာကာသယာဉ်၏ စက်လည်ပတ်မှုစနစ်တွင် အလုပ်လုပ်နေကြသည်။

လူအားလုံး၏ အလယ်ဗဟိုတွင် အရပ်ရှည်လှသော ဉာဏ်ရည်မြင့်သက်ရှိတစ်ဦး မတ်တတ်ရပ်နေပေသည်။ အခြားအာကာသယာဉ်မှူးများနှင့်မတူပါဘဲ သူ့ကြွက်သားများမှာ ကျစ်လျစ်သိပ်သည်းနေပြီး သာလွန်မြင့်မြတ်သော အရှိန်အဝါတစ်ခုကလည်း သူ့ထံမှ ထွက်ပေါ်နေသည်။

"အပြာရောင်ဂြိုဟ်ဆီကိုရောက်ဖို့ အချိန်ဘယ်လောက် လိုသေးလဲ"

"ကပ္ပတိန်ဘိတ်စ်... အပြာရောင်ဂြိုဟ်ရဲ့အချိန်နဲ့ဆိုရင် ၂၄နာရီလောက် လိုပါသေးတယ်"

ကပ္ပတိန်ဟု အခေါ်ခံရသော ထိုဉာဏ်ရည်မြင့်သက်ရှိ၏ဘေးနားတွင် မတ်တတ်ရပ်နေသူက ပြောလိုက်သည်။

"ဒီလောက်အကြာကြီး ရှာဖွေပြီးမှ ဒီအပြာရောင်ဂြိုဟ်က အိုရီယွန်နက်ဗျူလာရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရှိနေမယ်လို့ ယုံတောင်မယုံနိုင်ဘူး။ ငါတို့ဘိုးဘေးတွေက တော်တော်ကံဆိုးတာပဲ"

ကပ္ပတိန်ဘိတ်စ်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ ငါတို့ အပြာရောင်ဂြိုဟ်က ပျံသန်းရေးယာဉ်တစ်စင်းကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့တာကိုး။ နှစ်သောင်းပေါင်းများစွာအတွင်း သူတို့က အခြေခံမျိုးနွယ်စုတစ်ခုအဖြစ် တိုးတက်လာခဲ့ကြတာပဲ"

"ကပ္ပတိန်... ဒါက ကျွန်တော်တို့အတွက် သတင်းကောင်းပါပဲ။ သက်ရှိတွေရှိတဲ့ဂြိုဟ်တစ်လုံးက တော်တော်တန်ဖိုးကြီးတယ်လေ။ အဲဒီက လူတွေကိုသာ အရောင်းအဝယ်လုပ်လိုက်ရင် ကျွန်တော်တို့ ကြီးပွားပြီ"

"ဒီဂြိုဟ်ပေါ်က သက်ရှိတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရထားပြီလား"

"ကနဦးအကဲဖြတ်မှုတွေတော့ လုပ်ပြီးပါပြီ။ ဒီမျိုးနွယ်စုက အဆင့်တစ်အခြေခံမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့က ကပ္ပတိန်ရဲ့ဘိုးဘေးတွေဆီက အာကာသယာဉ်ဒေတာတချို့ကို ရထားပုံရတယ်။ သူတို့ဆီမှာ အဆင့်မြင့်မျိုးနွယ်စုရဲ့ ထုတ်ကုန်တချို့ရှိနေတယ်။ အခု အပြာရောင်ဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းနားမှာ အဆင့်တစ်အလယ်အလတ်နဲ့ အဆင့်မြင့်မျိုးနွယ်စုအဆင့်ကြားရှိတဲ့ တပ်ဖွဲ့တစ်ခုက ကျွန်တော်တို့ကို စောင့်နေပါတယ်"

"ငါတို့လာနေတာကို သူတို့သိကြလား"

"အရင်က ဒီဂြိုဟ်ကို စေလွှတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာရေးယာဉ်တွေ သတင်းအချက်အလက်ပေးပို့တုန်းက လှိုင်းတုန်ခါမှု တချို့ကို သူတို့ ဖမ်းမိသွားတာ ဖြစ်နိုင်ပါတယ်"

"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ"

ဘိတ်စ်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက အချက်အလက်တွေနဲ့ တစ်ခုခုကို တီထွင်လိုက်ရုံနဲ့များ ငါတို့ကိုရင်ဆိုင်ဖို့ အခွင့်အရေးရှိတယ်လို့ သူတို့က ထင်နေကြတာလား"

"ကြည့်ရတာ သူတို့အပြာရောင်ဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းကနေ ကျွန်တော်တို့ကို ကြားဖြတ်တိုက်ခိုက်ဖို့ စီစဉ်နေပုံရတယ်"

"နေပါဦး။ ဒီဂြိုဟ်ပေါ်က သတ္တဝါတွေရဲ့ သက်ရှိအဆင့်အတန်းက ဘယ်လိုရှိလဲ"

ဘိတ်စ်က မေးလိုက်သည်။

"လွန်ခဲ့တဲ့ကြယ်နှစ်ထောင်ပေါင်းများစွာတုန်းက ငါတို့က နည်းပညာအဆင့်အတန်းအခြေခံအဆင့်တစ်တောင် မရှိတဲ့ဂြိုဟ်တစ်ခုကို ရှာတွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့သက်ရှိအဆင့်ကတော့ မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားနေခဲ့တယ်။ သူတို့က ငါတို့ရဲ့တပ်ဖွဲ့တစ်ခုလုံးကို အရိုးကြေကြေအရည်ခန်းခန်း သုတ်သင်ပစ်ခဲ့တာ။ ငါတို့ အဲဒီလိုအမှားမျိုး ထပ်မှားလို့မဖြစ်ဘူး"

"စိတ်ချပါ ကပ္ပတိန်... လွန်ခဲ့တဲ့နှစ်သောင်းပေါင်းများစွာတုန်းကဆိုရင် ဒီမျိုးနွယ်စုမှာ ဉာဏ်ရည်ဉာဏ်သွေးတောင် မရှိကြသေးဘူး။ အဲဒီတုန်းက ပြန်ပို့ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် ဒီဂြိုဟ်ပေါ်က သက်ရှိတွေဟာ အရမ်းအားနည်းတယ်တဲ့။ သူတို့ရဲ့ ပျမ်းမျှခွန်အားအဆင့်က ၂ယူနစ်ကနေ ၃ယူနစ်လောက်ပဲ ရှိပါတယ်။ အဆင့်တစ်သက်ရှိတွေထဲမှာတောင် အားအနည်းဆုံးစာရင်းကို ဝင်ပါတယ်"

"ဒါဆိုရင်လည်း တော်ပါသေးရဲ့"

ဘိတ်စ်က ဆို၏။

"ဒါပေမဲ့ ဒီလိုအားနည်းတဲ့ ကျွန်တွေက သိပ်တန်ကြေးမရှိဘူး။ သူတို့ကို ခေါ်သွားပြီး အရောင်းအဝယ်လုပ်မယ်ဆိုရင် သယ်ယူပို့ဆောင်ရေးစရိတ်တောင် ကာမိမှာမဟုတ်ဘူး။ ဒီဂြိုဟ်နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့တန်ဖိုးက အရေးလုပ်စရာတောင်မရှိဘူး"

"ဒါဆိုရင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ဒီကျွန်တွေကို စွန့်ပစ်လိုက်တော့မလို့လား"

"အပြာရောင်ဂြိုဟ်မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ်ကို စတင်လိုက်။ ဂေဟစနစ်ကို မထိခိုက်စေဘဲ ဉာဏ်ရည်မြင့်သက်ရှိတွေအားလုံးကို ရှင်းလင်းပစ်ရမယ်"

မျက်နှာပြင်ပေါ်တွင် ပြသနေသော တပ်ဖွဲ့ကို ကြည့်ရင်း ဘိတ်စ်က ပြောလိုက်သည်။

"ဒီကစားစရာတပ်ဖွဲ့လေးနဲ့ အရင်စလိုက်ကြတာပေါ့"

"အားမုလျူ... အရှိန်မြှင့်လိုက်တော့"

All Chapters