← Chapters

သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေကြပြီလား

Vol. 52 Ch. 774

သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေကြပြီလား

Vol. 52 Ch. 774

၂၄နာရီဟူသော အချိန်ကာလလေးမှာ တဖြည်းဖြည်းနည်းပါးလာပြီး ကြိမ်နှုန်းမြင့် ထုတ်လွှင့်ရေးစက်မှတစ်ဆင့် ပုံရိပ်များကို ဂြိုဟ်ပတ်လမ်းသုံး ဝီချက်ဖြင့် ကမ္ဘာမြေဆီသို့ တစ်ပြေးညီပေးပို့နေသည်။

အမေရိကန်စစ်ယာဉ်တန်းက လူသားများကို ပေးစွမ်းလိုက်သည့် ယုံကြည်မှုကြောင့်လားတော့ မသိသော်ငြား ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများမှာ အရေးပါလှသော ဤအဆက်အသွယ်ကို စောင့်မျှော်နေကြသည်။ ဤထိပ်တိုက်ဆုံတွေ့မှုအတွက် လူအများစုမှာ ယုံကြည်ချက်ပြည့်ဝနေကြပြီး သတင်းထောက်များပင် အင်တာဗျူးသတင်းများကို ဦးဦးဖျားဖျားရယူနိုင်ရန် အာကာသယာဉ်ဆိုက်ကပ်ရာ ဆိပ်ကမ်း၌ စုဝေးနေကြပြီဖြစ်၏။

"ဗိုလ်ချုပ်ရှက်တာလီ.. ပစ်မှတ်အာကာသယာဉ်က ရုတ်တရက်အရှိန်တင်လိုက်တဲ့အတွက် အလင်းအမြန်နှုန်းရဲ့ ငါးရာခိုင်နှုန်းအထိ ရောက်သွားပါတယ်။ ခန့်မှန်းခြေကြာမြင့်ချိန်က တစ်နာရီဝန်းကျင်လောက်အထိ တိုတောင်းသွားပါပြီ"

"သူတို့ တကယ်မစောင့်နိုင်တော့ဘူးပဲ"

ဗိုလ်ချုပ်ရှက်တာလီမှာ အနည်းငယ်မျှပင် ပျာယာခတ်မသွားဘဲ စိတ်လှုပ်ရှားတက်ကြွနေဟန် အရိပ်အယောင်ပင် ပေါ်နေသေးသည်။ သူသည် မရေမတွက်နိုင်သော စစ်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသော်လည်း ဂြိုဟ်သားများကို ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ ဤတစ်ကြိမ်တွင်သာ အောင်ပွဲခံပြီး ပြန်လာနိုင်ခဲ့လျှင် လူသားများ၏ သမိုင်းတစ်လျှောက်တွင် သူ့နာမည်ကို ကမ္ပည်းတင်မှတ်တမ်းပြုခံရတော့မည်ဖြစ်၏။

ဆိုရိုးစကားရှိသည်မဟုတ်လော။ အောင်မြင်သောယောက်ျားတစ်ယောက်ဆိုသည်မှာ အသက်သုံးနှစ်မှာ အိပ်ရာထဲ သေးမပေါက်တော့ဘဲ၊ အသက်ငါးနှစ်တွင် ကိုယ်တိုင် ထမင်းစားတတ်ရမည်။ ၁၈နှစ်မှာ ကားမောင်းတတ်ပြီး အသက်နှစ်ဆယ်တွင် ရည်းစားရှိရမည်။ အသက်သုံးဆယ်တွင်မူ ပိုက်ဆံရှိရမည်။ အသက်လေးဆယ်မှာလည်း ပိုက်ဆံရှိဆဲဖြစ်ပြီး ငါးဆယ်မှာလည်း ပိုက်ဆံရှိနေရမည်။

အသက်ခြောက်ဆယ်ရောက်တော့လည်း ရည်းစားရှိနေဆဲဖြစ်ရမည်။ အသက်ခုနစ်ဆယ်တွင်လည်း ကားမောင်းနိုင်သေး​သည်။ အသက်ရှစ်ဆယ်မှာ ကိုယ်တိုင်လမ်းလျှောက်နိုင်ပြီး အသက်ကိုးဆယ်မှာ အိပ်ရာထဲ သေးမပေါက်ပေ။ အသက်တစ်ရာတွင်မူ နံရံပေါ်၌ သူသေဆုံးကြောင်း ဓာတ်ပုံချိတ်စရာမလိုသေးဘဲ အသက်သုံးရာရောက်သည်အထိ သူ့ပုံရိပ်က ထင်ကျန်နေဆဲဖြစ်ရမည်။

ထိုကဲ့သို့သော အောင်မြင်သည့်ယောက်ျားတစ်ယောက် ဖြစ်လာရန်အတွက် အခွင့်အရေးက လက်တစ်ကမ်းတွင် ရောက်ရှိနေပြီဖြစ်၏။

"သူတို့ကို သတင်းစကားပါးပြီးပြီလား။ သူတို့က ငါတို့နဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုချင်တဲ့ ဆန္ဒရှိရဲ့လား"

ဗိုလ်ချုပ်ရှက်တာလီက မေးလိုက်သည်။ လွန်ခဲ့သည့်တစ်ပတ်ခန့်က သူတို့အနေနှင့် ရန်သူ့တပ်ဖွဲ့ဆီသို့ သူတို့၏ဘာသာစကားဖြင့် သတင်းစကားတစ်ခု ပေးပို့ထားပြီးဖြစ်၏။

သတင်းစကား၏ အကြောင်းအရာမှာ ရိုးရှင်းလှသည်။ အကယ်၍ သူတို့သာ စိတ်စေတနာကောင်းဖြင့် လာရောက်ခြင်းဖြစ်လျှင် ကမ္ဘာ့ဂြိုဟ်ပတ်လမ်းပြင်ပတွင် တရားဝင်တွေ့ဆုံသင့်သည်။ ထို့နောက် နောက်ထပ်ဆက်သွယ်ပြောဆိုမှုများ လုပ်ဆောင်ရန် လူသားများ၏ စစ်သင်္ဘောဖြင့် ကမ္ဘာမြေဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်၏။

အကယ်၍ သူတို့သာ စိတ်စေတနာကောင်းဖြင့် လာသည်ဆိုလျှင် လူသားများအနေနှင့် သူတို့ကို ကြောက်နေမည်မဟုတ်ပေ။ အဆိုးဆုံး အခြေအနေဆိုလျှင်တော့ တိုက်ပွဲဆင်နွှဲရုံပင်။

"ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ လွန်ခဲ့တဲ့လေးနာရီက တုံ့ပြန်ချက်တစ်ခုရရှိခဲ့ပါတယ်။ အဲဒီသတင်းစကားက..."

"ပြောလေ။ ဘာတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတာလဲ"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်။ တစ်ဖက်က သူတို့ဟာ အိုရီယွန်ကြယ်စုတန်းထဲက အလင်းနှစ်၁၅၀၀အကွာအဝေးမှာရှိတဲ့ အဆင့်နှစ်ဂြိုဟ်ကနေ လာတာလို့ ဆိုပါတယ်။ သူတို့က ကျွန်တော်တို့ဂြိုဟ်ကို သိမ်းပိုက်ဖို့ လာခဲ့တာပါတဲ့။ လူသားတွေဘက်က အသာတကြည် လက်နက်ချမယ်ဆိုရင် ကျွန်တော်တို့တွေလည်း ကျွန်တွေဖြစ်သွားပြီး တခြားဂြိုဟ်ကို ရောင်းစားခံရမှာဆိုပေမဲ့ အနည်းဆုံးတော့ အသက်ချမ်းသာပေးမယ်တဲ့"

"ဟွန့်၊း... သူတို့ရဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့တောင် မကြိုးစားပါလား။ ငါတို့က အဆုံးအထိ ခုခံမယ်ဆိုရင်ရော သူတို့က ဘာလုပ်မှာတဲ့လဲ"

"ဒါဆိုရင်တော့ သူတို့က လူသားတွေအားလုံးကို ကမ္ဘာမြေပေါ်ကနေ ရှင်းလင်းဖယ်ရှားပစ်မယ့် မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ်ကို စတင်ရလိမ့်မယ်လို့ ဆိုပါတယ်"

"သူတို့က တော်တော်ယုံကြည်မှုရှိနေကြတာပဲ"

ဗိုလ်ချုပ်ရှက်တာလီက ရယ်မောလိုက်၏။

"လွန်ခဲ့တဲ့နှစ်တွေကဆိုရင် ငါတို့ ဒီကံကြမ္မာကနေ တကယ်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ ငါတို့ကိုမျိုးတုံးအောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး လုပ်မလဲဆိုတာ တကယ်သိချင်မိတယ်"

"စစ်သင်္ဘောတွေအကုန်လုံး တိုက်ပွဲဝင်ဖို့ ပြင်ထားကြ"

တစ်နာရီ... မိနစ်ငါးဆယ်... မိနစ်လေးဆယ်...

နောက်ဆုံးတွင်မူ အမည်းရောင်ဧရာမစစ်အာကာသယာဉ်ကြီးများက လူသားများ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ၂.၄ကီလိုမီတာရှိသော သူတို့၏အရွယ်အစားနှင့် ယှဉ်လိုက်သောအခါ ပျမ်းမျှအားဖြင့် အလျားရှစ်ရာမီတာသာရှိသော မြောက်အမေရိကစစ်ယာဉ်တန်းမှာ သေးငယ်သွားသယောင် ထင်ရပေသည်။

သို့သော် ထိုစစ်လေယာဉ်အစင်းနှစ်ရာကို တိုက်ပွဲဝင်အစီအစဉ်အတိုင်း ဖြန့်ကြက်ချထားလိုက်သည့်အခါ အဝေးတစ်နေရာက အမည်းရောင်စစ်လေယာဉ်များကို အမြင်အရ ဖိနှိပ်ခြိမ်းခြောက်ထားနိုင်ခဲ့သည်။

"တိုက်ပွဲစတင်မယ်။ လေဆာအမြောက်တွေကို အသင့်ပြင်ထား။ တတ်နိုင်သမျှ အသေအပျောက်မရှိလောက်မဲ့ နေရာတွေကို ချိန်ပစ်ကြ။ ငါတို့ သူတို့ကို အရှင်ဖမ်းနိုင်အောင် ကြိုးစားကြမယ်"

ထိုခဏမှာပင် နှစ်ပေါင်းသန်းရာနှင့်ချီ၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကမ္ဘာ့ဂြိုဟ်ပတ်လမ်းမှာ လူသားများနှင့် ပြင်ပဂြိုဟ်သားများ၏ ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံရာ စစ်တလင်းပြင် ဖြစ်သွားတော့သည်။

လေဆာအမြောက်များက အမည်းရောင်ဧရာမစစ်လေယာဉ်ကြီးများကို တိတိကျကျချိန်ရွယ်ထားပြီး ကြီးမားလှသော ထိုယာဉ်များ၏ အရွယ်အစားကလည်း ပစ်မှတ်ထားချင်စရာကောင်းသည့် အရာတစ်ခုသဖွယ် ဖြစ်နေချေသည်။

"ကပ္ပတိန်... ကျွန်တော်တို့ကို အပြာရောင်ဂြိုဟ်သားတွေ တိုက်ခိုက်နေပါပြီ။ ပြန်တုံ့ပြန်လိုက်ရမလား"

"အလင်းခဲအကာအကွယ်ဒိုင်းကို ဖွင့်လိုက်"

ဘိတ်စ်က ရယ်မောလိုက်၏။

"ငါတို့မှာ အချိန်တွေပေါပါတယ်။ သူတို့နဲ့ ဖြည်းဖြည်းချင်း ကစားပေးလို့ရတယ်။ အကြွင်းမဲ့စွမ်းအားတစ်ရပ်ရှေ့မှာ အရေအတွက်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာရယ်၊ သတင်းအချက်အလက်နည်းနည်းပါးပါးလေး ရသွားရုံနဲ့ ဒီလိုငနုလေးတွေအနေနဲ့ ယဉ်ကျေးမှုအဆင့်အတန်းကွာဟချက်ကို ပြန်ဖြည့်လို့ မရနိုင်ဘူးဆိုတာကိုရယ် သူတို့သိသွားအောင် လုပ်ပေးရမယ်"

ပထမဆုံးလေဆာအမြောက်က အမည်းရောင် အာကာသယာဉ်ကို တစ်စက္ကန့်မပြည့်သေးခင်အချိန်အတွင်း ထိမှန်သွားပြီး ထိုအခိုက်မှာပင် ထိမှန်တော့မည့် အစိတ်အပိုင်းဆီက ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက်လင်းလက်သွားသည်။

ထိုအခိုက်အတန့်တွင် လေဆာအမြောက်မှာ မျက်လှည့်ပြလိုက်သည့်အလား ကန်ထွက်သွားပြီး လူသားများ၏ စစ်လေယာဉ်များဆီသို့ လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်သွားလေသည်။

"ရှောင်ကြ"

သို့သော် လေဆာအမြောက်၏အရှိန်နှင့် ယှဉ်လျှင် ဧရာမစစ်လေယာဉ်ကြီးက အလွန်လေးလံလွန်းသည်။ ချက်ချင်းရှောင်တိမ်းရန်အတွက် အင်ဂျင်များကို နှိုးလိုက်သော်လည်း လေဆာအမြောက်က အာကာသယာဉ်၏ နံဘေးဘက်တွင် အပေါက်ကြီးတစ်ခုဖြစ်အောင် ဖောက်လိုက်လေပြီ။

စက္ကန့်အနည်းငယ်အကြာတွင် စစ်သင်္ဘော၏အလယ်၌ ပေါက်ကွဲသွားခဲ့သည်။ အချိန်ကန့်သတ်ချက်များကြောင့် မြောက်အမေရိကစစ်ယာဉ်တန်းခမျာ ကာကွယ်ရေးစနစ်အတွက် အရင်းအမြစ်များစွာ ထုတ်မသုံးနိုင်ခဲ့ပေ။ ထို့ကြောင့် အာကာသယာဉ်ပျက်စီးသွားသည်နှင့် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်ကာ လျင်မြန်စွာပျက်စီးသွားရချေသည်။

မရေမတွက်နိုင်သော အပိုင်းအစများ လွင့်စင်ထွက်လာခြင်းမှာ လူသားများ၏ ပထမဆုံးစစ်လေယာဉ်ပျက်စီးသွားခြင်းကို တရားဝင် အမှတ်အသားပြုလိုက်ခြင်းပင်။

ကျန်တိုက်ခိုက်မှုများကိုလည်း အလားတူနည်းလမ်းဖြင့်ပင် တန်ပြန်တိုက်ခိုက်ပစ်လေရာ နောက်ထပ်စစ်လေယာဉ်ခြောက်စင်းနှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူသားများ၏ မျက်နှာထက်ရှိ အပြုံးများမှာ အေးခဲသွားကြလေသည်။

"ဘာလို့လဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ"

ဗိုလ်ချုပ်ရှက်တာလီ၏ မျက်နှာထက်တွင် နားမလည်နိုင်ဟန်အမူအရာများဖြင့် ပြည့်နှက်နေပြီး သူတို့၏တိုက်ခိုက်မှုများ အဘယ်ကြောင့်ကန်ထွက်လာရသလဲဆိုသည်ကိုလည်း နားမလည်နိုင်တော့ပေ။

"မုန့်လောင် မင်း ဘယ်လိုထင်လဲ"

လုံရှားတပ်ဖွဲ့၏ ကွပ်ကဲရေးစင်တာတွင် ကျန်းမုန့်လောင်နှင့် လောင်ကျိုးတို့အပါအဝင် နိုင်ငံခေါင်းဆောင်များမှာ ဖန်သားပြင်ကို စိုက်ကြည့်ရင်း အတွေးနယ်ကျွံနေကြသည်။ အခြေအနေက အလွန်ဆိုးရွားပုံရသည်။ ရန်သူဘက်က တိုက်ခိုက်မှုမစတင်ရသေးခင်မှာပင် လူသားများ၏ စစ်လေယာဉ်ခုနစ်စင်း ပျက်စီးသွားခဲ့ရလေပြီ။

"ဒါက အလင်းခဲဒြပ်စင်နဲ့လုပ်ထားတဲ့ အကာအကွယ်ဒိုင်းပါ"

ကျန်းမုန့်လောင်က အာကာသယာဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

"သူတို့က ဖိုတွန်တွေကို ချုပ်နှောင်ပြီး အလင်းမှုန်တွေကို ရောင်ပြန်ဟပ်နိုင်အောင် ထိမှန်မယ့်နေရာမှာ အလိုအလျောက်ပေါ်လာနိုင်တဲ့ ဒြပ်စင်တစ်ခုအဖြစ် ပြောင်းလဲထားတာ။ ပြီးတော့ စွမ်းအင်သုံးစွဲမှုကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချပေးတယ်။ ဒါက အဆင့်နှစ်မျိုးနွယ်စုတွေ အသုံးများတဲ့ သာမန် ကာကွယ်ရေးကိရိယာတစ်ခုပါ"

ကျန်းမုန့်လောင်၏ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ကျောင်းသားအချို့က ဤဒြပ်စင်အကြောင်း လေ့လာနေကြပြီးဖြစ်သော်ငြား ယခုအချိန်အထိ စမ်းသပ်ဆဲအဆင့်တွင်သာ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာမြေ၏အရင်းအမြစ်များက ကန့်သတ်ချက်ရှိပြီး ကိရိယာတန်ဆာပလာများကို ဖန်တီးရန်ပင် အချိန်အတော်ကြာအောင် ယူရပေသည်။

"သူတို့ နိုင်နိုင်ပါ့မလား"

မုန့်ထျန်းဟယ်က အမည်းရောင်စစ်လေယာဉ်များကိုကြည့်ကာ မေးလိုက်သည်။

"လုံးဝမဖြစ်နိုင်ဘူး"

ကျန်းမုန့်လောင်က အချိန်ယူ၍ပင် မစဉ်းစားပေ။

"အခြေခံသိပ္ပံပညာကွာဟချက်က အရမ်းကြီးလွန်းတယ်။ သူတို့ရဲ့ အသုံးချနည်းပညာက ဘယ်လောက်ပဲ အားကောင်းနေပါစေ အားနည်းချက်ဆိုတာ ရှိသေးတာပဲ။ ကျွန်တော်က 'သုံးကိုယ်ပွား'ရုပ်ရှင်တောင် ရိုက်ပြခဲ့သေးတာပဲ။ သူတို့က ဒီသဘောတရားကို နားမလည်ကြသေးဘူးလား။ သူတို့ကို ရန်သူနဲ့ရင်ဆိုင်ဖို့ သတ္တိတွေ ပေးလိုက်တာက လျန်ကျင်းရူများလား"

...

"အဓိပ္ပာယ်မရှိလိုက်တာ"

ကပ္ပတိန်ဘိတ်စ်မှာ အဓိပ္ပာယ်မဲ့သော ဤခုခံမှုအတွက် အလွန်ငြီးငွေ့နေဟန်တူသည်။

"အလင်းခဲပျံသန်းအမြောက်"

အမည်းရောင်စစ်လေယာဉ်ထဲမှ ရွှေရောင်ကတော့အများအပြား ပျံသန်းထွက်ပေါ်လာပြီး လူသားများ၏ စခန်းဆီသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။

"ကာကွယ်ရေးဒိုင်းတွေ ဖွင့်ကြ"

လျှပ်စစ်သံလိုက်ဒိုင်းက ဤစစ်လေယာဉ်အုပ်စုတွင်ပါရှိသည့် တစ်ခုတည်းသော ကာကွယ်ရေးစနစ်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် လေဆာအလင်းတန်းတိုက်ခိုက်မှု နှစ်မျိုးစလုံးကို ကာကွယ်ရာတွင် ထိရောက်မှုရှိသည်။

သို့သော် သူတို့အနေနှင့် ရန်သူ့နည်းပညာအကြောင်း ဘာမှမသိချေ။ အလင်းခဲဒြပ်စင်ဖြင့် ပြုလုပ်ထားသော လက်နက်များမှာ သူတို့၏ ကာကွယ်ရေးဒိုင်းများကို အလွယ်တကူထိုးဖောက်သွားပြီးနောက် သူတို့၏စစ်လေယာဉ်များကိုပါ ဖောက်ထွင်းသွားခဲ့သည်။

"ဆုတ်ကြ ဆုတ်ကြ"

ဗိုလ်ချုပ်ရှက်တာလီက အော်ဟစ်လိုက်သော်ငြား ရွှေရောင်အလင်းတန်းများက တဖြည်းဖြည်းနီးကပ်လာပြီး သူလည်း သေမင်းနှင့် ရင်ဆိုင်လိုက်ရသည်။

သုံးမိနစ်အကြာတွင် မြောက်အမေရိကစစ်ယာဉ်တန်း၏ စစ်လေယာဉ်အစင်းနှစ်ရာလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး လူသားစစ်သည်ပေါင်း ၁၇၀၀၀ကျော် ကျဆုံးသွားခဲ့လေပြီ။

"သေစမ်း"

လုံရှားတပ်ဖွဲ့၏ အစည်းအဝေးခန်းမထဲတွင် လူသားများ၏ မကျေမချမ်းအော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့သည်။

"မောက်မာပြီး မိုက်မဲတဲ့ကောင်တွေ... သေချင်လို့ ကိုယ့်သေတွင်းကိုယ်တူးကြတာပဲ။ သူတို့အတွက် ဘာလို့ဝမ်းနည်းပေးနေရမှာလဲ"

မြောက်အမေရိကစစ်ယာဉ်တန်းက ရန်သူကို ထိပ်တိုက်ရင်ဆိုင်မည်ဟု အတင်းအကျပ်ပြောဆိုခဲ့ပြီး ဟွာရှားနိုင်ငံကမူ ထိုကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု ကျန်းမုန့်လောင် ကြားထားသည်။

သို့သော် သူတို့က အကြံပေးချက်များကို နားမထောင်ခဲ့သည့်အပြင် ပြင်ပဂြိုဟ်သားမျိုးနွယ်စုတစ်ခုနှင့် အဆက်အသွယ်လုပ်ရန် သူတို့ရရှိထားသော အခွင့်အရေးများကို ဟွာရှားက မနာလိုဖြစ်နေသည်ဟုပင် အပြင်းအထန်စွပ်စွဲလှောင်ပြောင်ခဲ့ကြသေးသည်။

"အဲဒါလည်း မှန်တော့မှန်ပေမဲ့..."

လောင်ကျိုး၏ မျက်လုံးထဲတွင် မျက်ရည်များ အိုင်သွား၏။

"ဂြိုဟ်သားမျိုးနွယ်စုအဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ ပြင်ဆင်ထားတဲ့ သိပ္ပံပညာရှင်တွေနဲ့ ဘာသာဗေဒပညာရှင်တွေလည်း စစ်လေယာဉ်တစ်စီးပေါ်မှာ လိုက်သွားကြတယ်လေ။ အဲဒီအထဲမှာ ဟွာရှားပညာရှင်အယောက်နှစ်ဆယ်ကျော်တောင် ပါသွားတယ်"

"ဘာ"

ထိုသင်္ဘောပေါ်တွင် ဟွာရှားလူမျိုးများ ပါသွားသည်ဟု ကြားလိုက်ရချိန်ဝယ် ကျန်းမုန့်လောင်၏ဒီအန်အေများပင် ပွက်ပွက်ဆူသွားခဲ့သည်။

ထိုငတုံးများက ကိုယ့်အကန့်အသတ်ကိုယ် ဘာမှနားမလည်ဘဲ တစ်ကိုယ်တော်တိုက်ပွဲ ဆင်နွှဲချင်ခဲ့သဖြင့် ယခုလိုကြုံရသည်မှာ တန်သည်ဟုဆိုရပေမည်။ သို့သော် ဟွာရှားသိပ္ပံပညာရှင်များပါ စတေးခံလိုက်ရသည့်အတွက် ကျန်းမုန့်လောင် လုံးဝသည်းမခံနိုင်တော့ပေ။

"သောက်ကျိုးနည်း... ဒီခွေးကောင်တွေက အသက်ရှင်ရတာ ငြီးငွေ့နေကြပြီလား"

All Chapters