သုန်းချီကို မြင်းတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သော အပြာရောင်ဂြိုဟ်သား
Vol. 52 Ch. 775
ဖန်သားပြင်ပေါ်တွင် စစ်သင်္ဘောအစင်းနှစ်ရာလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရလေပြီ။ တစ်ချိန်က စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်နိုင်လောက်သည်အထိ ခန့်ညားထည်ဝါခဲ့သော အရှိန်အဝါတို့မှာ ယခုမူ တောက်ပသော မီးရှူးမီးပန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အမည်းရောင်အာကာသစစ်လေယာဉ်ကြီးများမှာ ပြန့်ကျဲနေသော အပျက်အစီးအကြွင်းအကျန်များကြားမှ ဖြတ်သန်းကာ ကမ္ဘာမြေဆီသို့ အရှိန်ခပ်နှေးနှေးဖြင့် ဆက်လက်ဦးတည်လာသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ စစ်လေယာဉ်အစင်းနှစ်ရာ ပေါင်းတိုက်တာတောင် သူတို့ရဲ့လေယာဉ်တစ်စင်းတည်းကို ဘာလို့ မတားဆီးနိုင်ရတာလဲ"
"ဒါက ယဉ်ကျေးမှုအဆင့်အတန်း ကွာဟချက်ရဲ့ ရလဒ်ပဲလား"
ကမ္ဘာမြေပေါ်ရှိ မြောက်အမေရိက စစ်ယာဉ်တန်းဌာနချုပ်တွင် လူတိုင်းက ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြသည်။ စိုးရိမ်မှု၊ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့မှာ သူတို့၏စိတ်ထဲတွင် အပြင်းအထန်နေရာယူထားလေသည်။
ရုတ်တရက်ဆိုသလိုပက် ဖန်သားပြင်ပေါ်တွင် အလင်းရောင်တစ်ချက် လက်သွားပြီးနောက် အမှောင်ထုကြီး ဖုံးလွှမ်းသွားတော့သည်။
"ဗိုလ်ချုပ်... ကျွန်တော်တို့ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းသုံးဂြိုဟ်တု ဖျက်ဆီးခံလိုက်ရပါပြီ"
"ဂြိုဟ်တုအမှတ်တစ် အချက်ပြမှုပြတ်တောက်သွားပါပြီ"
"ဂြိုဟ်တုအမှတ်သုံး အချက်ပြမှုပြတ်တောက်သွားပါပြီ"
"ဂြိုဟ်တုအမှတ်၁၇ အချက်ပြမှု ပြတ်တောက်သွားပါပြီ"
...
အာကာသယာဉ်ရှိရာဘက်သို့ မျက်နှာမူထားသော ထောက်လှမ်းရေးဂြိုဟ်တုအားလုံးမှာ တစ်ပြိုင်နက်တည်းနီးပါး အဆက်အသွယ် ပြတ်တောက်သွားသည်။ လူသားများလည်း အာကာသအတွင်းရှိ အခြေအနေများကို မမြင်နိုင်တော့ဘဲ မျက်စိကန်းသွားသည့်အလား ဖြစ်ကုန်သည်။
"မုန့်လောင်... မင်းပြောတာ မှန်တယ်။အဆင့်အတန်းချင်းမတူတဲ့ မျိုးနွယ်စုတွေက တကယ့်ကို ယှဉ်လို့မရဘူးပဲ"
ကျန်းမုန့်လောင်၏ ဘေးတွင်ရှိနေသော ဗိုလ်ချုပ်ချင်းက ဆိုလိုက်သည်။
လွန်ခဲ့သောမိနစ်အနည်းငယ်က လူအများစုမှာ ယုံကြည်မှုအနည်းငယ် ရှိနေသေးသော်လည်း ယခုအချိန်တွင်မူ သူတို့သည် အလွန်အမင်းနုံအလွန်းကြောင်း နားလည်သွားကြပြီဖြစ်၏။
"ဒါက သဘာဝပါပဲ။ စစ်လေယာဉ်အစင်းနှစ်ရာသာ တကယ်အသုံးဝင်မယ်ဆိုရင် ပုရွက်ဆိတ်အကောင်နှစ်ရာကလည်း လူတစ်ယောက်ကို သတ်နိုင်မှာပေါ့"
"မြေပြင်တယ်လီစကုပ်တွေဖွင့်လိုက်"
လုံရှားအခြေစိုက်စခန်းတွင် ဟွာရှားနိုင်ငံဘက်က အရေးပေါ်လုပ်ငန်းစဉ်များကို ချက်ချင်း စတင်လိုက်သည်။
"လူသားတွေအနေနဲ့ ခုခံမယ်ဆိုရင် သူတို့ကလည်း မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ်ကို စတင်မယ်လို့ ပြောထားတယ်။ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
လူတိုင်း၏မျက်နှာထက်တွင် စိုးရိမ်မှုများ ယှက်သမ်းနေသည်။
"ဒီထက်ပိုဆိုးတဲ့ သတင်းရှိသေးတယ်"
လောင်ကျိုးက တယ်လီစကုပ်မှရရှိသော ပုံရိပ်များနှင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရင်း ပြောလိုက်သည်။
"သူတို့ရဲ့လက်ရှိအရှိန်နဲ့ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းအရဆိုရင် သူတို့သာ လမ်းကြောင်းမပြောင်းဘူးဆိုရင် ငါတို့ဟွာရှားနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသကို ရောက်လာလိမ့်မယ်"
"ဘာ... ဒါဆို ငါတို့က သူတို့ရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်သွားတာလား"
"သေစမ်း... အမေရိကန်တွေက ကြားဖြတ်တိုက်ဖို့ စစ်ယာဉ်တန်းတွေ လွှတ်ခဲ့တာကို။ ဘာလို့ သူတို့က ဟွာရှားဘက်ကို ဦးတည်လာရတာလဲ"
"ဒီအရှိန်အတိုင်းဆိုရင် မိနစ်အနည်းငယ်အတွင်းမှာတင် ငါတို့ခေါင်းပေါ်ကို ရောက်လာတော့မယ်။ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ ပုန်းခိုခိုင်းဖို့အတွက်တောင် အချိန်အလုံအလောက်မရှိတော့ဘူး"
"ကံဆိုးတာပဲ"
"ဘာကြောက်နေရမှာလဲ။ တိုက်ပွဲအကြောင်း ပြောလာရင် ငါတို့ဟွာရှားလူမျိုးတွေက ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး"
ဗိုလ်ချုပ်ချင်းက စားပွဲကို အားမာန်အပြည့်ဖြင့် ရိုက်ချလိုက်သည်။
"သူတို့က တိုက်ချင်တယ်ဆိုတော့လည်း ငါတို့က တိုက်ပေးမှာပေါ့။ ငါတို့က အနိုင်ကျင့်ခံနေမယ့် ကောင်တွေမဟုတ်ဘူး။ အသက်ပေးရမယ်ဆိုရင်တောင် သူတို့ဆီက အသားတစ်စတော့ စုတ်ဖြဲခဲ့ရမယ်"
"အခု ငါတို့ဆီမှာ လုံယင်တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ ဘယ်လောက်ရှိနေပြီလဲ"
"လောလောဆယ်မှာ လုံယင်ပထမမျိုးဆက်အစင်းခုနစ်ရာ၊ ဒုတိယမျိုးဆက်အစင်းသုံးရာနဲ့ ဒရုန်းအစင်းနှစ်ရာရှိပါတယ်"
အခြားဗိုလ်ချုပ်တစ်ဦးက သတင်းပို့သည်။
"ဒီလက်နက်ကိရိယာတွေအားလုံးက အဏုမြူသက်ရောက်ရေးဒြပ်စင်နဲ့ ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်တွေကို အသုံးပြုထားတာပါ။ လှုပ်ရှားမှုမြန်ဆန်ပြီး ကာကွယ်ရေးစွမ်းအားလည်း ကောင်းမွန်တဲ့အပြင် အားအပြင်းဆုံး ပိုစီထရွန်အမြောက်တွေလည်း တပ်ဆင်ထားပါတယ်"
"အားလုံးကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားလိုက်။ သူတို့ကို ဝင်တိုက်ပစ်ရမယ်ဆိုရင်တောင် သူတို့ဆီမှာ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားအောင် ချေမှုန်းပစ်မယ်"
"ဟုတ်ကဲ့"
"နေဦး"
ကျန်းမုန့်လောင်က သူတို့ကို ချက်ချင်းတားလိုက်သည်။
"ဗိုလ်ချုပ်ချင်း... ကျွန်တော်တို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအားလုံး သူတို့ကို ဝင်တိုက်ရင်တောင် သူတို့ရဲ့သံမဏိပြားလေးတစ်ပြားကိုတောင် ပိန်လိမ်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ဆက်ရှင်းပြသည်။
"သူတို့ရဲ့အကာအကွယ်ဒိုင်းက လေဆာလက်နက်တွေနဲ့ အမှုန်လက်နက်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရုံတင်မကဘူး။ အဏုမြူသက်ရောက်ရေးဒြပ်စင်တွေရဲ့ တိုက်ခိုက်မှုကိုပါ ဒြပ်စင်အဆင့်မှာတင် ချေဖျက်ပစ်နိုင်စွမ်းရှိတယ်"
သူတို့၏ ဇဝေဇဝါဖြစ်နေလေဟန် အမူအရာများကိုကြည့်ရင်း ကျန်းမုန့်လောင်က ထပ်ပြောလိုက်သည်။
"ဒီလိုလုပ်တာက ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုပဲ ဖြစ်နေမှာ"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"
ဗိုလ်ချုပ်ချင်းက အော်ဟစ်လိုက်သည်။
"သူတို့ဘက်က မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ် အကောင်အထည်ဖော်တာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား။ အောက်မှာ ရှိနေတာတွေက ငါတို့ပြည်သူတွေလေ။ ဒီနေရာမှာ ပုန်းနေရတာကလွဲလို့ ငါတို့ တကယ်ပဲ ဘာမှမလုပ်နိုင်တော့ဘူးလား"
"ကျွန်တော့်တာဝန်ထားလိုက်ပါ"
ကျန်းမုန့်လောင်က လက်သီးတင်းတင်းဆုပ်လိုက်လေရာ အရိုးသံများပင် ထွက်ပေါ်လာသည်။
"ကမ္ဘာမြေက ကျွန်တော်တို့နယ်မြေပဲ။ ကျွန်တော် လက်ခံလား၊ လက်မခံဘူးလားဆိုတာကိုတောင် မမေးဘဲ ကျွန်တော်တို့နယ်မြေပေါ်မှာ လာရမ်းကားချင်တာလား"
"မင်း ဘာလုပ်ဖို့စိတ်ကူးထားလို့လဲ"
ကျန်းမုန့်လောင်၏ အမူအရာကိုကြည့်ပြီး ဤကဲ့သို့သော အခြေအနေမျိုးအတွက် သူ့လက်ထဲတွင် အဖြေတစ်ခုခု ရှိနေနိုင်မလားဟု သူတို့ တွေးတောမိကြသည်။
ကျန်းမုန့်လောင်က တိုက်ခိုက်ရေးတွင် ထက်မြက်ကြောင်းနှင့် သူ့အဆင့်မှာ ထျန်းယွမ်အဆင့်ထက်ပင် သာလွန်ကြောင်း သူတို့သိထားကြသော်လည်း ဤကဲ့သို့သော အာကာသစစ်သင်္ဘောကြီးများကို ရင်ဆိုင်ရန်မှာ ကျန်းမုန့်လောင်တစ်ယောက်တည်းနှင့် မဖြစ်နိုင်ဘူးဟု ယူဆနေကြသည်။
သူ ဘယ်လောက်အစွမ်းထက်ပါစေ အချင်းတစ်ဆယ်ကီလိုမီတာရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ဖျက်ဆီးနိုင်ပါ့မလား။
ဤမျှအထိ အဖျက်အားပြင်းသော လက်နက်များကို သုံးခဲ့သည့်တိုင် ဘာမှမဖြစ်ခဲ့ပေ။
"အဲဒါကို ဖျက်ဆီးပစ်မှာပေါ့"
ကျန်းမုန့်လောင်က ကြေညာလိုက်သည်။
"အပေါ်ကကောင်တွေ လက်နက်ချရင် ဖမ်းဆီးပြီး ကျွန်ပြုထားမယ်။ လက်နက်မချရင်တော့ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေအတွက် လက်စားချေတဲ့အနေနဲ့ အကုန် သတ်ပစ်မယ်"
"ဟုတ်သားပဲ။ ဒီညအတွက် အောင်ပွဲခံအရက်တွေသာ အသင့်ပြင်ထားတော့။ ခဏနေရင် ဘာတွေပဲမြင်ရမြင်ရ လန့်မသွားကြနဲ့နော်"
"ကောထန်... အဲဒီအာကာသယာဉ်ကို စကန်ဖတ်စမ်း"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"ကျောင်းအုပ်ကြီး... အဲဒါက အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ KHP-7080မော်ဒယ် တိုက်ခိုက်ရေးယာဉ်တစ်စီးပါ။ လျှို့ဝှက်တန်စတင်သံမဏိစပ်နဲ့ ပြုလုပ်ထားပြီး အလင်းခဲ ကာကွယ်ရေးစနစ် တပ်ဆင်ထားပါတယ်။ သူ့ရဲ့ တစ်ကိုယ်တည်းဖျက်ဆီးနိုင်စွမ်းက အင်အား၃၀ယူနစ်အထိရှိပြီး အင်အား၄၀ယူနစ်ရှိတဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်စွမ်းရှိပါတယ်။ အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ ထိပ်တန်းတိုက်ခိုက်ရေး အာကာသယာဉ်တွေထဲက တစ်ခုပါပဲ"
"မဆိုးဘူးပဲ"
အဆင့်နှစ်မျိုးနွယ်စု၏ ထိပ်သီးအဖွဲ့အစည်းတစ်ခုကို သွားဆွမိလိမ့်မည်ဟု ကျန်းမုန့်လောင် မထင်ထားခဲ့ပေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက အဆင့်နှစ်ကို ရောက်နေခဲ့ခြင်းဖြစ်လေရာ အဆင့်သုံးမျိုးနွယ်စု မဖြစ်သေးသည်ကပင် ကံကောင်းသည်ဟု ဆိုရပေမည်။
"သူတို့ဘက်က လူဘယ်လောက်လွှတ်ထားလဲ"
"ယာဉ်ပေါ်မှာ သက်ရှိပေါင်း ၂၀၀၀၀ကျော် ရှိပါတယ်။ အဲဒီအထဲက ၅၀၀ကတော့ စွမ်းအင်၅ယူနစ်အောက်ပဲရှိတဲ့ သာမန်သက်ရှိတွေပါ။ အများစုကတော့ အဆင့်နှစ်သက်ရှိတွေဖြစ်ပြီး ကမ္ဘာမြေရဲ့သတ်မှတ်ချက်အရ ဒဏ္ဍာရီလာအထွတ်အထိပ်အဆင့်နဲ့ ညီမျှပါတယ်။ အင်အား၂၀ကနေ ၂၅ကြားမှာရှိတဲ့ သက်ရှိပေါင်း၁၀၀၀ရှိပြီး အားအကောင်းဆုံး တစ်ယောက်ကတော့ ယူနစ်၃၀နီးပါး ရှိပါတယ်"
"အဲဒီလောက်တောင် အင်အားကောင်းတာလား။ သူတို့က အထူးတပ်ဖွဲ့တစ်ခုကို လွှတ်ထားတာလား"
"ကျောင်းအုပ်ကြီး... စကြဝဠာမျိုးနွယ်စုတွေကို လျှော့မတွက်ပါနဲ့။ အဆင့်နှစ်ကို ရောက်နေတဲ့ ဂြိုဟ်တွေမှာဆိုရင် ကျောင်းအုပ်ကြီးတို့ခေါ်တဲ့ အဆင့်ငါးသိုင်းပညာရှင်အဆင့်ကို ရောက်နိုင်တဲ့ သက်ရှိတွေရှိပါတယ်။ ၁၀ယူနစ်ကနေ ၂၀ယူနစ်ဆိုတာ သူတို့ရဲ့စစ်တပ်အင်အားနဲ့ နှိုင်းယှဉ်လို့တောင်ရတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်ဆိုရင် ဒီလိုမျိုးဆင့်ကဲပြောင်းလဲမှုအဆင့်တွေကို ရောက်ရှိနိုင်ပါတယ်"
"စွမ်းအင်၂၀ယူနစ်အထက်ရှိတဲ့ သက်ရှိတွေကိုတော့ အဆင့်သုံးသက်ရှိတွေလို့ သတ်မှတ်ပြီး အဆင့်နှစ်မျိုးနွယ်စုတွေထဲမှာတောင် ထိပ်တန်းအဆင့် အထူးချွန်ဆုံးတွေလို့ ယူဆနိုင်ပါတယ်"
"ဘယ်လို ထိပ်တန်းအမှိုက်တွေပဲဖြစ်ဖြစ် ငါကတော့ အဲဒီထိပ်တန်းဆိုတဲ့ကောင်တွေကိုပဲ ရွေးပြီးတိုက်မှာ"
ကျန်းမုန့်လောင်က အေးစက်စွာ လှောင်ရယ်လိုက်သည်။ အကယ်၍ အဆင့်တစ် သို့မဟုတ် သာမန်အဆင့်နှစ်မျိုးနွယ်စုသာဆိုလျှင် သူတို့စိတ်ကြိုက် လာရောက်ရမ်းကားနိုင်မည်ဖြစ်သော်လည်း ကံဆိုးချင်တော့ သူတို့ ရောက်လာသည်မှာ ကျန်းမိသားစုအခြေစိုက်ရာ ကမ္ဘာမြေဖြစ်နေပေသည်။
"ဒါဆို ငါက ၄၀ယူနစ်ထက်ကျော်တဲ့ အဖျက်ဓာတ်ကို ထုတ်သုံးနိုင်သရွေ့ သူတို့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ပစ်လို့ရတယ် ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က အတည်ပြုလိုက်သည်။
"လုံးဝပြဿနာမရှိပါဘူး"
"အရမ်းကောင်းတယ်"
ကျန်းမုန့်လောင်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာများ၏ အချက်အလက်များကို ကြည့်လိုက်သည်။ စွမ်းအင်ယူနစ်၄၀ ကျော်ရှိသော ဆရာများမှာ...
သေစမ်း မနည်းပါလား။
"ဒီတစ်ခေါက်တော့ ကမ္ဘာ့အဆင့်မီပြပွဲကြီးတစ်ခုကို ပြလိုက်ဦးမယ်"
"ကောထန်... ဆရာရှောင်ယန်ရဲ့စွမ်းအားကို လွှဲပြောင်းပေး။ ပြီးတော့ ဆရာဂါလန်ဆီက တော်ဝင်ဓားတစ်လက်ကို လဲလှယ်လိုက်"
...
"ကပ္ပတိန်... ကျွန်တော်တို့ အပြာရောင်ဂြိုဟ်ရဲ့လေထုထဲကို ရောက်လာပါပြီ။ အခု ကျွန်တော်တို့က ဟွာရှားလို့ခေါ်တဲ့နေရာရဲ့ အပေါ်မှာ ရောက်နေတာပါ"
"အရင်ဆုံး သူတို့ကို သင်ခန်းစာပေးတဲ့အနေနဲ့ မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်။ ပြီးရင် စစ်သည်အားလုံးကို ဖြန့်ကြက်ပြီး အပြာရောင်ဂြိုဟ်က လူသားတွေအားလုံးကို ထိန်းချုပ်လိုက်။ သူတို့ကို ရောင်းစားလို့မရရင်တောင် နောက်ရလာမဲ့ ဝယ်လက်တွေအတွက် ဒီဂြိုဟ်ပေါ်မှာပဲ ကျွန်တွေအဖြစ် ထားလို့ရတယ်"
"ဟုတ်ကဲ့"
"တီ... တီ... တီ..."
ရုတ်တရက်ဆိုသလိုပင် အာကာသယာဉ်ပေါ်တွင် အချက်ပေးသံတစ်ခု မြည်သွားသည်။
"ဘာဖြစ်တာလဲ။ စက်ချို့ယွင်းတာလား"
ဘိတ်စ်က စူးစမ်းလေဟန်ဖြင့် မေးလိုက်သည်။
"ကပ္ပ... ကပ္ပတိန်... စွမ်းအင်အဆင့်လေးဆယ်ကျော်ရှိတဲ့ အပြာရောင်ဂြိုဟ်ပေါ်က လူသားတစ်ယောက် ဓားကြီးတစ်လက်စွဲရင်း ကျွန်တော်တို့ဆီကို သုန်းချီကိုအသုံးပြုရင်း ဦးတည်နေပါတယ်"