အာကာသယာဉ်ကို လက်ဗလာဖြင့် တစ်စစီဖျက်ဆီးခြင်း
Vol. 52 Ch. 776
မြေပြင်ပေါ်တွင် ယာဉ်များနှင့် လမ်းသွားလမ်းလာများအားလုံး ရပ်တန့်သွားကြသည်။ အမေရိကန်စစ်ယာဉ်တန်းတစ်ခုလုံး ချေမှုန်းခံလိုက်ရသည့်သတင်းကို သူတို့ သိရှိထားကြပြီးဖြစ်သည့်အပြင် ယခုလည်း ထိုဧရာမအာကာသယာဉ်ကြီးက သူတို့၏ခေါင်းပေါ်သို့ တည့်တည့်ဆင်းသက်လာချေပြီ။
ဤခံစားချက်မှာ အရေးမပါသော လူသားများအဖို့ ဘုရားသခင်၏စီရင်ချက်ကို စောင့်ဆိုင်းနေရသလိုပင်။ သေခြင်းတရားကို စောင့်ဆိုင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"စစ်တပ်က ဘယ်ရောက်နေတာလဲ။ ငါတို့မှာ အစွမ်းထက်တဲ့လက်နက်တွေ အများကြီးရှိသေးတယ်မဟုတ်လား။ မနှစ်က စစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တဲ့ လက်နက်တွေရော။ အဲဒါတွေနဲ့ သူတို့ကို ရင်မဆိုင်နိုင်ဘူးလား"
"ငတုံး... နည်းပညာကွာဟချက်က အရမ်းကြီးလွန်းတယ်။ အမေရိကန်စစ်ယာဉ်တန်းတောင် ပျက်စီးသွားပြီဆိုမှတော့ ငါတို့ဘက်က သူတို့ကိုယှဉ်ဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး"
ထိုအခိုက်အတန့်တွင် လူသားထုတစ်ရပ်လုံးလည်း မျှော်လင့်ချက်မဲ့ခြင်းပင်လယ်ထဲသို့ နစ်မွန်းသွားရလေသည်။ သို့သော် ထူးဆန်းသည်မှာ ထင်မှတ်ထားသလို ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း သို့မဟုတ် ရူးသွပ်သောင်းကျန်းခြင်းများ မရှိပါဘဲ နက်ရှိုင်းသော ငြိမ်သက်ခြင်းသာ စိုးမိုးနေခဲ့သည်။
ထိုကဲ့သို့သော ရန်သူမျိုးကိုခုခံရန် အင်အားမရှိကြောင်းနှင့် ထွက်ပြေးခြင်းကလည်း အဓိပ္ပာယ်မရှိကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။
"ယောကျ်ား... အဲဒါက ဘာကြီးလဲ"
အမျိုးသမီးတစ်ယောက်က ကားထဲက ခေါင်းပြူထွက်ကာ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။
"ကောင်းကင်ယံအစွန်းကနေ တစ်ခုခုပျံလာတယ်။ ကျွန်မတို့နိုင်ငံက တိုက်လေယာဉ်တွေ လာနေတာလား"
"တိုက်လေယာဉ်တွေက ဘာလုပ်နိုင်မှာလဲ"
ကားမောင်းသူနေရာတွင် ထိုင်နေသော အမျိုးသားက သူ့မိဘများကို နောက်ဆုံးအကြိမ် ဗီဒီယိုကောခေါ်ဆိုမှု ပြုလုပ်ရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။
"ဒီအချိန်မှာ နတ်ဘုရားတစ်ပါးဆင်းမလာသရွေ့ ဘယ်သူမှ ငါတို့ကို မကယ်နိုင်တော့ဘူး။ အာကာသစစ်ယာဉ်တန်းတောင် မရှိတော့တာ။ တိုက်လေယာဉ်တွေကို အားကိုးနေလို့ ရဦးမလား"
"မဟုတ်ဘူး။ အဲဒါက လူတစ်ယောက်နဲ့တူတယ်။ ပြီးတော့ သူက ပျံသန်းနိုင်တဲ့ တိရစ္ဆာန်တစ်ကောင်ကို စီးလာတာ"
"ဘာ... တိရစ္ဆာန်စီးလာတာ ဟုတ်လား"
ထိုအမျိုးသားလည်း သူ့ဖုန်းကိုချပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် သိပ်သည်းသောအလင်းများဖြင့် ဖွဲ့စည်းထားဟန်တူသော အပြာရင့်ရောင် မြင်းတစ်ကောင်က ဒုန်းစိုင်းနှင်လာချေသည်။ ထိုမြင်းတွင် ဧရာမအတောင်ပံတစ်စုံလည်း ပါရှိပြီး ကျောပေါ်တွင်မူ ရတနာဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် လူရိပ်တစ်ခု ရှိနေပေသည်။
"အဲဒီလူက ဘယ်သူလဲ"
"ငါတို့ကိုကယ်ဖို့ နတ်ဘုရားတစ်ပါး တကယ်ကြွလာတာလား"
...
ရုတ်ခြည်းဆိုသလို လူအုပ်ကြီးထံမှ သောင်းသောင်းဖြဖြ အားပေးသံများ ထွက်ပေါ်လာသည်။
လူသားတစ်ယောက် ကောင်းကင်တွင် ပျံသန်းနိုင်စွမ်းရှိသည်ဆိုခြင်းမှာ ဂြိုဟ်သားများထက်ပင် နားလည်ရခက်သောကိစ္စပင်။
သိပ္ပံပညာ၏အဆုံးသတ်မှာ လောကုတ္တရာပညာပင်။
ဧရာမအာကာသယာဉ်ကြီးက လူသားများ၏ စစ်လေယာဉ်အုပ်စုကို ဖျက်ဆီးလိုက်ခြင်းမှာ သိပ္ပံနည်းကျ ရှင်းပြ၍ရပေသည်။ ဤသည်မှာ နှစ်ဖက်ကြားရှိ နည်းပညာကွာဟချက်ကြောင့် ဖြစ်ပေါ်လာသည့် စစ်ရေးအဆင့်အတန်း ကွာခြားမှုပင်။
သို့သော် လူတစ်ယောက် ကောင်းကင်ထက်မှာ ပျံသန်းနေခြင်းကိုမူ ဘယ်လိုရှင်းပြလေမလဲ။ ဤသည်မှာ ဒဏ္ဍာရီထဲက အကြောင်းအရာပင် မဟုတ်လော။
ဤသည်မှာ ဂြိုဟ်သားများထက် ပိုအစွမ်းထက်နေခြင်းမဟုတ်လော။
ထိုအခိုက်ဝယ် လူသားများအနေနှင့် မျှော်လင့်ချက်ရောင်ခြည်သမ်းသွားလေတော့သည်။
...
အားတက်သွားကြသော လူသားများနှင့် မတူသည်မှာ အာကာသယာဉ်၏ကပ္ပတိန် ဘိတ်စ်ပင်။ သူသည် သူ့ဘဝကိုပင် သံသယဝင်နေမိသည်။
"၄၀ယူနစ်ကျော်တယ် ဟုတ်လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက အဆင့်နိမ့်တဲ့ အဆင့်တစ်ဂြိုဟ် မဟုတ်ဘူးလား။ ဒီလိုလူမျိုးက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ထောက်လှမ်းရေးစက် ချို့ယွင်းနေတာများလား"
ဘိတ်စ်၏မျက်နှာလည်း ဖြူဖျော့နေရာမှ စိမ်းဖန့်ဖန့်အရောင်သို့ ပြောင်းလဲသွားသည်။
"ကပ္ပတိန်... ကျွန်တော်တို့ သုံးကြိမ်တိတိ အတည်ပြုပြီးပါပြီ။ ထောက်လှမ်းရေးစက်မှာ ဘာပြဿနာမှမရှိပါဘူး"
"မဖြစ်နိုင်တာ"
ဘိတ်စ်က ထိုကဲ့သို့အဓိပ္ပာယ်မရှိသော ဖြစ်ရပ်ကို လုံးဝမယုံကြည်နိုင်ပေ။
"ဒီဂြိုဟ်ပေါ်က လူတွေက အဆင့်တစ်သက်ရှိတွေပဲ ဖြစ်ရမှာလေ။ သူတို့က စကြဝဠာမျိုးနွယ်စုတွေနဲ့တောင် အဆက်အသွယ်မရှိသေးဘူး။ တစ်ခါတလေကျမှ အဆင့်နှစ်သက်ရှိတစ်ယောက်လောက် ပေါ်လာတတ်တာ။ အဆင့်ငါးသက်ရှိတစ်ယောက်ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"
စွမ်းအင်ယူနစ်လေးဆယ်ကျော်ဆိုသည်မှာ အဆင့်ငါးသက်ရှိတစ်ဦး၏ စံနှုန်းကို ပြည့်မီသွားခြင်းဖြစ်လေရာ ထိုကဲ့သို့အစွမ်းထက်လှသော ပုဂ္ဂိုလ်မှာ စကြဝဠာလူ့အဖွဲ့အစည်း တစ်ခုလုံးတွင် အဆင့်မြင့်သက်ရှိအဖြစ် သတ်မှတ်ခံထားရသည်။
သူတို့၏ အဆင့်နှစ်အာကာသယာဉ်ကို အသာထားလိုက်ဦး။ အဆင့်သုံးအာကာသယာဉ်များပင် ထိုလူကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့သော အဆင့်မြင့်သက်ရှိများအတွက်မူ အဆင့်နှစ်မျိုးနွယ်စု၏ ပစ္စည်းများမှာ ကလေးကစားစရာအလား ဖြစ်နေပေလိမ့်မည်။
"မောင်း အခုချက်ချင်းမောင်းတော့။ ပြန်လှည့်။ အဆင့်လေးအရှိန်နှုန်းနဲ့ ဒီနေရာကနေ အမြန်ဆုံးထွက်မယ်"
ဘိတ်စ်က ချက်ချင်းအမိန့်ပေးလိုက်သည်။
"ပြီးတော့ ငါတို့ရဲ့မိခင်ဂြိုဟ်ကို အကြောင်းကြားလိုက်။ ဒီဂြိုဟ်မှာ အဆင့်ငါးသက်ရှိတွေ ရှိနေတယ်။ ငါတို့အထက်က အဆင့်သုံး ဒါမှမဟုတ် အဆင့်လေးမျိုးနွယ်စုတွေကိုပါ အသိပေးရမယ်"
"ဟုတ်ကဲ့။ သတင်းစကားကို ပေးပို့လိုက်ပါပြီ"
"ကပ္ပတိန်... ထွက်ပြေးဖို့ နောက်ကျသွားပြီ။ ကျွန်တော်တို့ ခုနကတင် တွန်းကန်အင်ဂျင်တွေရဲ့အရှိန်ကို လျှော့ချလိုက်မိတာ။ အခု ပြန်နှိုးဖို့ အနည်းဆုံးငါးမိနစ်လောက်တော့ ကြာလိမ့်မယ်။ အဲဒီအချိန်ဆိုရင် အပြာရောင်ဂြိုဟ်သားက ဒီကို ရောက်လာတော့မှာ"
"ဒါဆိုရင် ရှိသမျှလက်နက်တွေ အကုန်သုံးပြီး သူ့ကို တားဆီးထားလိုက်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့ ဒီကနေ လွတ်အောင်ထွက်သွားရမယ်"
"ဟုတ်ကဲ့"
"ဝှစ်... ဝှစ်... ဝှစ်..."
ရွှေရောင်အလင်းတန်းများက အာကာသယာဉ်ပေါ်က ထပ်မံထွက်ပေါ်လာပြန်သည်။ အလင်းခဲလက်နက်များက ကောင်းကင်ပေါ်တွင် သုန်းချီဖြင့် ဖန်တီးထားသောမြင်းကို စီးနင်းလာသည့်လူရိပ်ကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် အာကာသယာဉ်ကလည်း ဖြည်းဖြည်းချင်း လှည့်ပြန်ရန် ကြိုးစားနေပြီး တွန်းကန်အင်ဂျင်များ၏ အနောက်တွင် တွန်းကန်အားအလင်းလှိုင်းများ စတင်ပေါ်ထွက်လာသည်။
"ပြေးချင်တာလား"
ကျန်းမုန့်လောင်က သူ့ဓားကြီးကို ဝှေ့ယမ်းကာ ထိုအလင်းလက်နက်များကို ခုတ်ပိုင်းလိုက်သည်။
ဤအလင်းခဲလက်နက်များမှာ အဆင့်နှစ်မျိုးနွယ်စု၏ နည်းပညာသုံးလက်နက်များပင်။ အခြေခံအားဖြင့် အစွမ်းထက်သော ဒြပ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးလက်နက်များသာဖြစ်၏။ ထိုအရာထက် ပိုအစွမ်းထက်သည့် လက်နက်နှင့် တွေ့ပါက ၎င်းမှာ ပလတ်စတစ်ပူပေါင်းလေးများအလား ပျော့ဖတ်သွားလိမ့်မည်။
ဆရာဂါလန် ပေးအပ်လိုက်သော ထိုဓားကြီးမှာ မည်သည့်အဆင့်ရှိကြောင်း ကျန်းမုန့်လောင် အတိအကျမသိသော်လည်း ဆရာဂါလန်၏ စွမ်းအင်အဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ၄၅ယူနစ်အထိ ရှိသည်။ သို့ဖြစ်လေရာ သူ့လက်နက်မှာ မည်သို့နှယ် သာမန်ဖြစ်နိုင်မည်နည်း။
လေထဲတွင် အလင်းတန်းများ ပေါက်ကွဲသွားပြီးနောက် ကျန်းမုန့်လောင်၏လက်ထဲရှိ ဓားကြီးကြောင့် အလင်းခဲလက်နက်များလည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။
အလင်းခဲလက်နက်များကြားတွင် ဧရာမလေဆာအမြောက်များလည်း ရောနှောပါဝင်နေသော်ငြား ကျန်းမုန့်လောင်၏သုန်းချီသံချပ်ကာက ထိုတိုက်ခိုက်မှုများကို လုံးဝလျစ်လျူရှုထားနိုင်သည်။ ယူနစ်သုံးဆယ်သာရှိသော စွမ်းအင်တိုက်ခိုက်မှုမှာ သူ့သုန်းချီသံချပ်ကာကို ခြစ်ရာလေးတစ်ခုပင် ထင်အောင် မလုပ်နိုင်ပေ။
"ဒါတွေက ဘယ်လိုအမှိုက်တွေလဲ။ အဆင့်နှစ်မျိုးနွယ်စု ဟုတ်လား။ ထိပ်တန်းအဆင့် အထူးချွန်ဆုံးတွေ ဟုတ်လား။ ငါ မင်းတို့ကို အသေဆော်ပြမယ်"
တစ်မိနစ်မပြည့်ခင်မှာပင် ကျန်းမုန့်လောင်သည် အာကာသယာဉ်၏ ဘေးနားသို့ ပျံသန်းရောက်ရှိသွားပြီး ကောထန်ပေးထားသော မြေပုံအညွှန်းအတိုင်း ယာဉ်၏စွမ်းအင်ထိန်းချုပ်ခန်းကို တစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်သည်။
"ဒီမားစီးယားရဲ့အစွမ်းသတ္တိ"
ဤသည်မှာ ထိုတော်ဝင်ဓားကြီးတွင် ပါဝင်သော အစွမ်းထက်လျှို့ဝှက်တိုက်ကွက်ပင်။
ရွှေရောင်အလင်းဓားကြီးတစ်လက်က အာကာသယာဉ်၏ အတွင်းပိုင်းတစ်ခုလုံးကို ဖြတ်သန်းသွားလေရာ ယာဉ်၏တစ်ဝက်ခန့်မှာ ချက်ချင်းဆိုသလို ပေါက်ကွဲမှုများအတွင်း နစ်မြုပ်သွားလေတော့သည်။
"ကပ္ပတိန်... ကျွန်တော်တို့ရဲ့စွမ်းအင်စနစ်တွေ ပျက်စီးသွားပါပြီ။ အာကာသယာဉ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော် ပျက်စီးသွားပြီး လူပေါင်းနှစ်ထောင်ကျော် ကျဆုံးသွားပါပြီ"
"ကပ္ပတိန်... ကျွန်တော်တို့ လွတ်အောင် မပြေးနိုင်တော့ဘူး"
"ဒါက ဘယ်လိုနေရာကြီးလဲ။ ငရဲပြည်လား"
ဘိတ်စ်ခမျာ အဖြစ်အပျက်များကိုကြည့်ရင်း ဤဂြိုဟ်မှာ သူထင်ထားသလို အဆင့်နိမ့်သက်ရှိများသာ နေထိုင်သည့်ဂြိုဟ်ဟုတ်ရဲ့လားဟုပင် သံသယဖြစ်လာသည်။
ဒီလိုဂြိုဟ်မျိုးမှာ ဘာကြောင့် ဒီလိုလူသားမျိုး ရှိနေရတာလဲ။
"နဂါးကိုးဖော်မိုးကြိုးမီးတောက်!"
"သန့်စင်သောကြာပန်းမိစ္ဆာမီးတောက်"
ကျန်းမုန့်လောင်က ဘယ်ဘက်လက်တွင် ခရမ်းရောင်မီးလုံးနှင့် ညာဘက်လက်တွင် အစိမ်းရောင်မီးလုံးတို့ကို ကိုင်ဆောင်ရင်း ထိုယာဉ်ပေါ်တွင် အထိန်းအကွပ်မဲ့ ရမ်းကားဖျက်ဆီးနေတော့သည်။
သူ့တိုက်ခိုက်မှုမှာ ယာဉ်၏ အကာအကွယ်သံချပ်ကာအပြားကြီးများကို ဆွဲခွာပစ်ခြင်း သို့မဟုတ် နေရာအနှံ့ကိုဖျက်ဆီးပစ်ခြင်းတို့ပင်။
"မင်းတို့က ကိုယ့်ကိုယ်ကိုယ် တအားအစွမ်းထက်တယ်များ ထင်နေတာလား"
"အပြာရောင်ဂြိုဟ်မျိုးတုံးသတ်ဖြတ်ရေးအစီအစဉ် ဟုတ်လား။ မင်းတို့အမေကိုပဲ သွားပြီး မျိုးတုံးခိုင်းလိုက်"
"လူသတ်ချင်တယ် ဟုတ်လား။ ဟွာရှားလူမျိုးတွေကို သတ်ချင်တယ်ပေါ့။ မင်းတို့မှာ အသက်ဘယ်နှချောင်းရှိလို့လဲ"
...
"ယောကျ်ား... ကျွန်မ အမြင်မှားနေတာလား။ အဲဒီလူက အာကာသယာဉ်ကြီးကို လက်ဗလာနဲ့ ဆွဲဖြဲနေသလိုပဲနော်"
"ဒီလိုမြင်ကွင်းမျိုးကို အန်နီမေးရှင်းတွေထဲမှာပဲ မြင်ဖူးတာ။ ဒါက တကယ်ကြီးလား။ အဲဒီလူက ဘယ်သူလဲ။ နိုင်ငံတော်က လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ စူပါစစ်သည်တော်များလား"
"ငါတို့တွေ ကယ်တင်ခံရတော့မယ်ထင်တယ်"
"ဟုတ်လောက်တယ်"
လူသားအားလုံးလည်း ယခုအခါတွင်မူ အလွန်အမင်း တုန်လှုပ်အံ့သြနေကြသဖြင့် အော်ဟစ်ရန်ပင် မေ့လျော့နေကြသည်။
နောက်ဆုံးတွင်မူ အာကာသယာဉ်ကြီးမှာ လုံးဝ ပျက်စီးသွားပြီး ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ကျဆင်းလာကာ အနီးအနားရှိ တောင်တန်းတစ်ခုဆီသို့ ဦးတည်ပြီး ဝိုက်ဆင်းသွားတော့သည်။
"ကျောင်းအုပ်ကြီး သတိထားပါ။ ဒီယာဉ်ပေါ်မှာ အဆင့်နှစ်နဲ့ အဆင့်သုံးသက်ရှိတွေ အများကြီး ကျန်နေသေးပါတယ်။ သူတို့က အပြာရောင်ဂြိုဟ်ပေါ်က သက်ရှိတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ကို ဖြစ်စေနိုင်ပါတယ်"
"ငါသိတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဲဒီအတွက် အဆင်သင့်ပြင်ထားပြီးသား"
ကျန်းမုန့်လောင်က သူ့စွမ်းအားကို ငါးမိနစ်ခန့် အပြည့်အဝ အသုံးပြုခဲ့သဖြင့် သူ စုဆောင်းထားသမျှ ခွန်အားများအားလုံးနီးပါး ကုန်သွားခဲ့သည်။ သို့သော် သူ လုပ်ချင်သည့်အရာကိုတော့ နောက်ဆုံးတွင် ပြီးမြောက်အောင်လုပ်နိုင်ခဲ့သည်။
ထို့နောက် ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ဆက်လိုက်သည်။
"ကျန်းမိသားစုကိုယ်ရံတော်တွေ... တပ်ဖွဲ့အားလုံး ထွက်ခွာကြ"
"ထူးရှယ်နတ်ဘုရားကျောင်းတော်က ဒုတိယနှစ်နဲ့အထက် ကျောင်းသားအားလုံး...လက်နက်ကိရိယာအပြည့်အစုံနဲ့ ချက်ချင်းလူစုကြ"
"ငါ့နောက်ကလိုက်ခဲ့။ သူတို့ကို ဝိုင်းထား။ မင်းတို့ ဂြိုဟ်သားအရှင်လတ်လတ်ကို မမြင်ဖူးကြဘူး မဟုတ်လား။ ဒီနေ့ သူတို့ကို အရှင်လတ်လတ်ဖမ်းခဲ့"