သူတို့က ကျောင်းအုပ်ကြီးတို့ မိသားစုရဲ့ ကိုယ်ရံတော်တွေပဲ
Vol. 52 Ch. 777
"ဝုန်း"
အာကာသယာဉ်ကြီးတစ်စင်းလုံး တောင်တန်းနယ်မြေပေါ်သို့ ထိုးကျသွားတော့သည်။
သို့သော် တစ်စိတ်တစ်ပိုင်း အလုပ်လုပ်နေသေးသော ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်ကြောင့် ယာဉ်ကြီး၏ကျဆင်းမှုမှာ အလွန်နှေးကွေးခဲ့ပြီး ထပ်ဆင့်ပျက်စီးဆုံးရှုံးမှုများများစားစားတော့ မဖြစ်ခဲ့ပေ။
"အာကာသယာဉ်ရဲ့အခြေအနေ ဘယ်လိုရှိလဲ။ အစီရင်ခံစမ်း"
"ကပ္ပတိန်... ယာဉ်ရဲ့တွန်းကန်အားစနစ်က ၈၃ရာခိုင်နှုန်း၊ လက်နက်စနစ်က ၇၂ရာခိုင်နှုန်း၊ အသက်ကယ်စနစ်က ၅၆ရာခိုင်နှုန်းနဲ့ ပြင်ပအကာအကွယ်ဒိုင်းက ၆၆ရာခိုင်နှုန်း ပျက်စီးသွားပါပြီ။ ကျွန်တော်တို့ရဲ့ အာကာသယာဉ်က သံတိုသံစအဖြစ် စွန့်ပစ်ရမယ့် အနေအထားကို ရောက်နေပါပြီ"
"လေယာဉ်ဝန်ထမ်းတွေရော"
ဘိတ်စ်က အံကြိတ်ရင်း မေးလိုက်သည်။
"ယာဉ်ရဲ့ကိုယ်ထည်ကတော့ အကောင်းပကတိနီးပါး ရှိနေသေးလို့ ယာဉ်မောင်းအများစု ဘာမှမဖြစ်ပါဘူး။ ယာဉ်ပေါ်က စစ်သည်အများစုလည်း အထိအခိုက်မရှိပါဘူး။ ဒါပေမဲ့ အပြာရောင်ဂြိုဟ်သားက ကျွန်တော်တို့စစ်သည်တွေရဲ့ လေ့ကျင့်ခန်းကို ထိုးဖောက်လိုက်တဲ့အတွက် အဆင့်နှစ် စစ်သည်အယောက်၂၀၀၀လောက်တော့ အနည်းနဲ့အများ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်"
ဤသည်ကို ကြားသောအခါ ဘိတ်စ် အနည်းငယ်စိတ်အေးသွားသည်။ စစ်လေယာဉ်ပေါ်တွင် စစ်သည်အင်အားနှစ်သောင်းနီးပါး ရှိသည်ဖြစ်ရာ ဆယ်ပုံတစ်ပုံခန့်သာ ဆုံးရှုံးလိုက်ရခြင်းမှာ လက်ခံနိုင်စရာကောင်းသော ရလဒ်ပင်။
"ကပ္ပတိန်... ကျွန်တော်တို့ အခြေအနေဆိုးနေပြီ။ ကျွန်တော်တို့က အပြာရောင်ဂြိုဟ်သားတွေရဲ့ စစ်ယာဉ်တန်းကို ဖျက်ဆီးထားတာဆိုတော့ အဲဒီလူသားက ကျွန်တော်တို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ ဒီနေရာကနေ ချက်ချင်းထွက်ခွာမှဖြစ်မယ်"
သုန်းချီဖြင့် ဓားကြီးကို ကိုင်ဆောင်ထားသော ထိုလူသားအကြောင်း တွေးမိသည်နှင့် ဘိတ်စ်၏ရင်ထဲတွင် နက်ရှိုင်းလှသော ကြောက်ရွံ့မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
ဤလူသည် စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆင့်သုံးမျိုးနွယ်စုနှင့် အဆင့်လေးမျိုးနွယ်စုများတွင် အဆင့်ငါးသက်ရှိဆိုသည်မှာ အလွန်တရာ ရိုသေလေးစားခံရသော ဖြစ်တည်မှုမျိုးပင်။
တစ်ခါက သူတို့၏ကိုလိုနီပြုရေး စစ်ယာဉ်တန်းက ဂြိုဟ်တစ်ခုပေါ်ရှိ သက်ရှိအားလုံးနီးပါး အဆင့်သုံးဖြစ်နေသည့် အခြေအနေမျိုးနှင့် ကြုံဖူးခဲ့လေရာ သူတို့၏ နယ်မြေသိမ်းပိုက်ရေးအာကာသယာဉ်က မည်မျှအစွမ်းထက်စေကာမူ ဘီလီယံနှင့်ချီသော အဆင့်သုံးသက်ရှိများကို ဘယ်လိုမှရင်မဆိုင်နိုင်ခဲ့ပေ။
သို့သော် ယနေ့တွင်မူ သူတို့သည် အဆင့်တစ်မျိုးနွယ်စုဂြိုဟ်တစ်ခုပေါ်တွင် အဆင့်ငါးသက်ရှိတစ်ဦးနှင့် လာဆုံနေရချေပြီ။ တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းအား လေးဆယ်ယူနစ်ကျော်သော အဆင့်ငါးသက်ရှိတစ်ဦးဆိုသည်မှာ အဆင့်သုံးမျိုးနွယ်စု၏ အာကာသယာဉ်များကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။
သူတို့က အဆင့်လေးမျိုးနွယ်စု၏ ယာဉ်များကို အထိအခိုက်မဖြစ်စေနိုင်လျှင်ပင် အဆင့်လေးမျိုးနွယ်စု၏ ယာဉ်များကလည်း သူတို့ကို ဘာမှလုပ်နိုင်မည်မဟုတ်သည်မှာ သေချာသည်။ ဤဂြိုဟ်ပေါ်တွင် ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး ရှိနေလေသည်။
"ငတုံးတွေ... အချက်အလက်တွေကို ဘယ်လိုများစုဆောင်းခဲ့ကြတာလဲ။ ဒီဂြိုဟ်ပေါ်က အစွမ်းအထက်ဆုံး သက်ရှိတွေက အဆင့်သုံးအခြေခံအဆင့်လောက်ပဲရှိပြီး အဲဒီလူတွေကလည်း ဆယ်ယောက်တောင် မပြည့်ဘူးဆို"
အဆင့်သုံးသက်ရှိအယောက်တစ်ထောင်ကျော်နှင့် အဆင့်နှစ်သက်ရှိနှစ်သောင်းနီးပါး ပါဝင်သော သူတို့၏ နယ်မြေသိမ်းပိုက်ရေးတပ်ဖွဲ့ကြီးက ကြီးမားလှသော နည်းပညာ ကွာဟချက်နှင့် တစ်ဦးချင်းစွမ်းရည်တို့ကြောင့် ဤဂြိုဟ်ကို အလွယ်တကူကျွန်ပြုနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသည်။
သို့သော် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ခါးသီးလှသော အမှန်တရားကို မျက်ဝါးထင်ထင် တွေ့လိုက်ရချိန်တွင် ကပ္ပတိန်ဘိတ်စ်ခမျာ အကျပ်ရိုက်ရလိမ့်မည်ဟု ဘယ်သူကထင်ထားမည်နည်း။
သူတို့သည် သက်ရှိများနေထိုင်သည့် ဂြိုဟ်တစ်ခုကို တွေ့ရှိခဲ့ပြီဖြစ်၍ ကြီးပွားတော့မည်ဟု တွေးထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် ဤနေရာက ငရဲဘုံဖြစ်နေကြောင်း သိလိုက်ရသည်။
"ငါတို့ အရင်ပုန်းနေမှဖြစ်မယ်"
ဘိတ်စ်က အသက်ရှင်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေသည်။
"ငါတို့ရဲ့ မိခင်ဂြိုဟ်ဆီကို သတင်းပို့ထားပြီးပြီ။ ဒီဂြိုဟ်ပေါ်မှာ အဆင့်ငါးသက်ရှိ ရှိနေတယ်ဆိုတဲ့သတင်းကို သူတို့ အရမ်းစိတ်ဝင်စားသွားမှာ သေချာတယ်။ ငါတို့ရဲ့ အထက်ဂြိုဟ်တွေက သခင်တွေတောင် စိတ်ဝင်စားလောက်တယ်။ သူတို့ရောက်လာတဲ့အထိ တောင့်ခံထားနိုင်ရင် ငါတို့ အသက်ရှင်မှာပဲ"
ဘိတ်စ်က အဆင့်သုံးအထွတ်အထိပ်သက်ရှိတစ်ယောက် ဖြစ်သော်လည်း အဆင့်ငါးသက်ရှိတစ်ဦး၏ရှေ့တွင်မူ ပုရွက်ဆိတ်တစ်ကောင်မျှသာ အဆင့်ရှိသည်ဟု ခံစားရသဖြင့် အခြားမည်သည့်အတွေးမျိုးကိုပင် မတွေးရဲတော့ချေ။
"သူက တစ်ယောက်တည်းပဲ ရှိတာ။ ငါတို့ လမ်းခွဲပြီး ပြေးကြမယ်။ ကိုယ်ယောင်ဖျောက်ထားရမယ်"
"ကပ္ပတိန်ဘိတ်စ်... သူတို့... သူတို့ဆီမှာ လူတစ်ယောက်တည်း ရှိတာ မဟုတ်လောက်ဘူး"
ဘိတ်စ်၏လက်ထောက်က ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။
"ကျွန်တော်တို့ကို သက်ရှိတွေအများကြီး ဝိုင်းထားပြီ။ အဆင့်နှစ်နဲ့ အဆင့်သုံးသက်ရှိတွေအများကြီး ကျွန်တော်တို့ဆီကို လာနေကြတယ်"
"အရေအတွက် ဘယ်လောက်ရှိလဲ"
"အဆင့်နှစ်နဲ့ အဆင့်သုံးသက်ရှိအရေအတွက်က နှစ်သောင်းကျော်တယ်"
"နှစ်သောင်း ဟုတ်လား။ ဘယ်လိုလုပ်ပြီး အဲဒီလောက်အများကြီး ဖြစ်နေရတာလဲ။ ဒါက အဆင့်တစ်မျိုးနွယ်စုဂြိုဟ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူတို့ဆီမှာ အဆင့်မြင့်သက်ရှိတွေ ဒီလောက်အများကြီး ရှိနေရတာလဲ"
"အစီအစဉ်ပြောင်းမယ်။ ငါတို့ တစ်ဖက်ဖက်က ဖောက်ထွက်ကြမယ်။ ပြေးနိုင်သလောက် ပြေးကြ"
"ကပ္ပတိန်.. ကျွန်တော်တို့ ပြေးလို့မရတော့ဘူး။ အဆင့်လေးသက်ရှိတွေအများကြီးကို ကျွန်တော် အခုလေးတင် ထောက်လှမ်းမိတယ်... အရေအတွက်က တစ်သိန်းနီးပါးလောက် ရှိတယ်"
"အဆင့်လေးသက်ရှိ တစ်သိန်းနီးပါး ဟုတ်လား"
မျှော်လင့်ချက်တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားသေးသော ဘိတ်စ်ခမျာ ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ နောက်ဆုံးခုခံလိုစိတ်များပင် ပျောက်ကွယ်လုမတတ် ဖြစ်သွားရသည်။
အဆင့်လေးသက်ရှိတစ်သိန်းဆိုသည်မှာ ဘာကိုဆိုလိုလေသလဲ။ အဆင့်လေးမျိုးနွယ်စုကြီး တစ်ခုပင် အဆင့်လေးသက်ရှိကို တစ်သိန်းတိတိစုစည်းနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
စကြဝဠာထဲတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသော်လည်း ဤမျှမြင့်မားသော အဆင့်မြင့်သက်ရှိများ ရှိနေသည့် ဂြိုဟ်မျိုးမှာ မည်သို့နှယ်ရှိနေနိုင်မည်နည်း။
ပြီးခဲ့သည့်အကြိမ်က သူတို့မျိုးနွယ်စု၏ နယ်မြေသိမ်းပိုက်ရေးစစ်ယာဉ်တန်းက အဆင့်သုံးသက်ရှိ သန်းတစ်ရာကျော်နှင့်သာ ကြုံတွေ့ခဲ့ရခြင်းမှာ မည်မျှကံကောင်းကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။
အဆင့်သုံးသက်ရှိများနှင့် ကြုံတွေ့ရစဉ်က အနည်းဆုံးတော့ သူတို့၏အာကာသယာဉ်များကို စက်နှိုးပြီး ထွက်ပြေးနိုင်ခဲ့သေးသည်။ သို့သော် ယခုအခါတွင်မူ ထွက်ပြေးရန် ရွေးချယ်စရာပင် မရှိတော့ပေ။
ဖောက်ထွက်မယ် ဟုတ်လား။ ဘာနဲ့ ဖောက်ထွက်မှာလဲ။
ယခုအချိန်တွင် ထိုလူသား၏ဒေါသကို ဘယ်လို ခံနိုင်ရည်ရှိအောင် လုပ်မလဲဆိုသည်ကိုပင် အဖြေရှာရပေတော့မည်။
သတိထားရမည့်အချက်မှာ သူတို့သည် အပြာရောင်ဂြိုဟ်၏ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုကို ဖျက်ဆီးခဲ့ပြီး လူသောင်းနှင့်ချီ၍ သတ်မိကောင်းသတ်ခဲ့မိနိုင်သည်ဟူသော အချက်ပင်။ မည်သည့်မျိုးနွယ်စုမဆို အခြားမျိုးနွယ်စုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ရန်သူကို ခြွင်းချက်မရှိ ညီညီညွတ်ညွတ် တွန်းလှန်ကြစမြဲပင်။
သူတို့က အစောကတင် အပြာရောင်ဂြိုဟ်ကို မျိုးတုံးသတ်ဖြတ်ရန် စတင်ခဲ့သည်မဟုတ်လော။
ပုံမှန်အခြေအနေမျိုးတွင် မျိုးနွယ်စုတစ်ခုနှင့်တစ်ခု ပထမဆုံးအကြိမ် စတင်တွေ့ဆုံကြပါက ပထမဆုံးလုပ်ချင်ကြမည့်အရာမှာ သူတို့၏ သက်ရှိများကို လေ့လာစမ်းသပ်ရန်ပင်။ သူတို့သည် စမ်းသပ်ခံသတ္တဝါများ ဖြစ်လာနိုင်ပြီး စမ်းသပ်မှုအမျိုးမျိုးကို ခံရနိုင်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ...
ထိုမြင်ကွင်းက အလွန်"လှပ"လွန်းသဖြင့် သူတို့ ဆက်မတွေးရဲကြတော့ပေ။
...
"ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူပရိသတ်များခင်ဗျာ.. ကျွန်တော်တို့ရဲ့ သတင်းထောက်က အခုဆိုရင် ဂြိုဟ်သားတွေရဲ့ အာကာသယာဉ် ပျက်ကျတဲ့နေရာကို အသက်စွန့်ပြီး ရောက်ရှိနေပြီ ဖြစ်ပါတယ်"
ရုပ်သံလိုင်းတစ်ခုရှိ သတင်းထောက်တစ်ယောက်က စွန့်စားမှုကြီးတစ်ခုကို ပြုလုပ်ကာ ရဟတ်ယာဉ်စီးရင်း ထိုနေရာကို ရိုက်ကူးပြနေချေသည်။
အနက်ရောင်အာကာသယာဉ်ကြီးမှာ တောင်ကုန်းများအကြား ကန့်လန့်ဖြတ်ကျနေသဖြင့် အလွန်ထင်ရှားပေါ်လွင်နေချေသည်။
"ခုနက အာကာသယာဉ်ကြီးကို လက်ဗလာနဲ့ စုတ်ဖြဲနေတဲ့လူကတော့ ပျောက်သွားပါပြီ။ သူက နိုင်ငံတော်ကလျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ စစ်သည်တစ်ယောက်လို့ ကျွန်တော်တို့ သံသယရှိပေမဲ့ အခုအချိန်အထိတော့ ဘာတုံ့ပြန်မှုမှ မရသေးပါဘူး"
"လက်ရှိအခြေအနေအရဆိုရင် ကျွန်တော်တို့ရဲ့ အခက်အခဲက မျှော်လင့်ချက်မဲ့ပုံတော့ မပေါ်ပါဘူး။ ရှေ့တန်းကနေ နောက်ဆုံးရအခြေအနေတွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်"
"ခဏနေပါဦး။ ကင်မရာ...ကင်မရာ... ဟိုဘက်ကို မြန်မြန်ရိုက်"
သတင်းထောက်က နေရာတစ်နေရာသို့ လက်ညှိုးထိုးပြပြီး အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ကင်မရာက မှန်ဘီလူးကို ချက်ချင်းချိန်ရွယ်လိုက်လေရာ ကောင်းကင်ထက်တွင် လူရိပ်များ အစုလိုက်အပြုံလိုက် ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။ သူတို့အားလုံးက အလွန်ငယ်ရွယ်ပုံပေါက်သော်လည်း ထိုမြင်ကွင်းမှာမူ သူတို့တစ်သက် မမေ့နိုင်တော့မည့် အရာပင်။
...
"တောက်...ငါတို့ကမ္ဘာမြေကို လာရဲတယ်ပေါ့။ အဲဒါတောင် ဟွာရှားနိုင်ငံကို ရောက်လာသတဲ့။ သေချင်နေကြတာလား"
လူငယ်တစ်ယောက်က ဓားပျံတစ်လက်ပေါ်တွင်ရပ်ကာ ကောင်းကင်ထက်၌ ဝဲပျံနေပြီး သူ့နောက်ကျောဘက်တွင်လည်း ဓားစွမ်းအင်များ စုစည်းနေသော ဓားပျံဆယ့်နှစ်လက်က လွင့်မျောနေချေသည်။
"ဆရာတူအစ်ကို.. ခင်ဗျားရောက်လာတာ အရမ်း မြန်မနေဘူးလား။ ဓားပျံပျံသန်းခွင့် S1လိုင်စင်တောင် ရနေပြီလား။ ကျွန်တော် သုန်းချီကို မြင်းအဖြစ်ပြောင်းပြီး စီးလာတာတောင် ခင်ဗျားကိုမီအောင် မလိုက်နိုင်ဘူး"
"ဝမ်ခိုင်.. အကုန်မင်းကြောင့်ပဲ။ အဲဒီအသုံးမကျတဲ့ ဂမ်တန်ပေါ်မှာ ဘာလို့ လက်နက်တွေ အများကြီးတပ်ထားတာလဲ။ ဘာလို့ အဲဒီလောက် နှေးကွေးနေရတာလဲ။ ရွှီဇယ့်ကို ကြည့်စမ်း။ သူ့အီဗာပြေးတာက မင်း ပျံတာထက်တောင် ပိုမြန်နေသေးတယ်"
"တိတ်တိတ်နေကြ။ တိတ်တိတ်နေကြ။ ဆရာတူအစ်မပင်းယွီ ရောက်လာပြီ"
ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ထိပ်တန်းအဆင့် ဆရာတူအစ်မကြီးဖြစ်သည့် ချန်ပင်းယွီ၏ ဂုဏ်သတင်းနှင့် အစွမ်းသတ္တိမှာမူ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
"ဆရာတူအစ်မ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တန်းပြီးချရမှာလား။ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းအတိုင်း သွားရမှာလား"
"ဆရာတူအစ်မ.. ကျွန်တော့်ကိုယ်ထဲက စွမ်းအင်တွေကို ထိန်းချုပ်လို့မရတော့သလောက် ဖြစ်နေပြီ"
"ကျွန်တော့်ရဲ့ လောင်ကျွမ်းတိတ်ဆိတ်ခြင်း အရှိန်အဝါတွေကလည်း သည်းမခံနိုင်တော့ဘူး"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက တိုက်ခိုက်ချင်ဇော ပြင်းပြနေကြသော်လည်း သူတို့ မလှုပ်ရှားရသေးခင်မှာပင် ကောင်းကင်ယံ၌ အခြားအုပ်စုတစ်စု ပေါ်လာပြန်သည်။ ထိုလူများမှာ သူတို့ထက် အရေအတွက် အဆပေါင်းများစွာ ပိုများပြားပြီး တစ်ဦးချင်းစီတိုင်းကလည်း ပြိုင်ဘက်ကင်းအရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ဤလူများက ဆရာတူအစ်မချန်ပင်းယွီထက်ပင် ပိုအစွမ်းထက်နေကြောင်း သူတို့ ခံစားမိသည်။ ထို့ပြင် သူတို့အားလုံးက တူညီသော သင်္ကေတတစ်ခုကို တပ်ဆင်ထားကြလေရာ လူတိုင်း ထိုအရာကို မှတ်မိကြသည်။ ယင်းမှာ ကျန်းမုန့်လောင်တို့မိသားစု၏ မျိုးနွယ်စုအမှတ်တံဆိပ်ပင်။
"ဆရာတူအစ်မ.. သူတို့တွေက ဘယ်သူတွေလဲ။ အတန်းပိုကြီးတဲ့ ကျောင်းသားတွေလား"
"ငါတို့ရဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်က အခြေခံမူလတန်းအဆင့်ပဲ ရှိသေးတာလား။ ငါတို့အထက်မှာ ထူးရှယ်နတ်ဘုရား အလယ်တန်းကျောင်း၊ ထူးရှယ်နတ်ဘုရား အထက်တန်းကျောင်း၊ ထူးရှယ်နတ်ဘုရား တက္ကသိုလ်တွေများ ရှိနေသေးတာလား"
"နင်တို့တွေ စိတ်ကူးယဉ်လွန်းနေပြီ"
ချန်ပင်းယွီက ရှင်းပြလိုက်သည်။
"အဲဒါ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ရံတော်တွေလေ"