ဂြိုဟ်သားဖမ်းမိရင် ကောလိပ်ဘွဲ့တိုးပေးလို့ရမလား
Vol. 52 Ch. 779
"တက်ကြဟေ့"
"ဒီကောင်တွေကို အသေသတ်ကြ"
"အော့ခ်တွေက ဘယ်တော့မှ ကျွန်ခံမှာမဟုတ်ဘူးကွ"
"ဒီမာစီယာအတွက်"
ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများမှာ ဆာလောင်နေသော ကျားများအလား အရှေ့သို့ အလုံးအရင်းတိုးဝင်သွားကြသည်။ သူတို့သည် ဂြိုဟ်သားများအပေါ် ဒေါသအရှိန်အဟုန်နှင့် စူးစမ်းလိုစိတ်များ ပြင်းပြနေကြသလို ကျောင်းတော်တွင် သင်ကြားထားသော ပညာရပ်များကိုလည်း လက်တွေ့စမ်းသပ်ချင်နေကြသည်။
"အပြာရောင်ကြယ်ရဲ့ အရှင်သခင်... မင်းတို့ အရိုင်းအစိုင်းတွေနဲ့ တန်းတူရည်တူဆွေးနွေးညှိနှိုင်းဖို့ ငါတောင်းဆိုတယ်"
ကပ္ပတိန်ဘိတ်စ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကျန်းမုန့်လောင်နှင့် သူ့အပေါင်းအပါများက ဓားပြများနှယ် ပြုမူကြလိမ့်မည်ဟု သူ အိပ်မက်ပင်မမက်ခဲ့ပေ။ ဆွေးနွေးညှိနှိုင်းဖို့ဖြစ်စေ၊ စကားအများကြီးပြောရန်ဖြစ်စေ အခွင့်အရေး လုံးဝမပေးခဲ့ကြချေ။
ထို့ပြင် ကျန်းမုန့်လောင်က ထိပ်တန်းစစ်သည်အယောက်တစ်ထောင်ကို သုတ်သင်ထားပြီးဖြစ်၏။ ယခုမူ သူတို့ထဲတွင် အဆင့်သုံးအထွတ်အထိပ်သက်ရှိဖြစ်သော ဘိတ်စ်ကလွဲ၍ ကျန်လူများမှာ အဆင့်နှစ်သက်ရှိများသာ ဖြစ်ပြီး ဒဏ္ဍာရီလာအထွတ်အထိပ်အဆင့်တွင်သာ ရှိကြသည်။
ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဒုတိယနှစ်နှင့်အထက်ရှိသည့် မည်သည့်ကျောင်းသားမဆို သူတို့ကို ခွေးရိုက်သလို အလွယ်တကူရိုက်နှက်နိုင်ပေသည်။
အဓိကအချက်ကား ဤသည်မှာ မျိုးနွယ်စုနှစ်ခုကြားရှိ စစ်ပွဲတစ်ခု လုံးဝမဟုတ်တော့ခြင်းပင်။
သူတို့က ဤအပြာရောင်ကြယ်ဂြိုဟ်သားများအတွက် လေ့ကျင့်ခန်းဆင်းရန် ပြိုင်ဘက်သက်သက်သာ ဖြစ်နေကြောင်း ဘိတ်စ် သဘောပေါက်လိုက်သည်။
အပြာရောင်ကြယ်ဂြိုဟ်သားများမှာ သူတို့ကို ရိုက်နှက်နိုင်သည်။ သေလုမျောပါးဖြစ်အောင်လည်း လုပ်နိုင်သည်။ သို့သော် သူတို့၏ တန်ပြန်တိုက်ခိုက်မှုမှာ အပြာရောင်ကြယ်ဂြိုဟ်သားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပါက ဘေးနားကကြည့်နေသော အဆင့်လေးသက်ရှိအင်အား အယောက်တစ်သိန်းက ချက်ချင်းဝင်ရောက်နှိမ်နင်းပေလိမ့်မည်။
ဒါက ဘယ်လိုစစ်ဆင်ရေးမျိုးလဲ။
စကြဝဠာအတွင်းရှိ မျိုးနွယ်စုများထဲတွင် ဩဇာအာဏာကြီးမားသော မိသားစုများရှိ ပါရမီရှင်လူငယ်လေးများ တိုက်ခိုက်ရေးလေ့ကျင့်ချိန်မှာပင် အဆင့်လေးသက်ရှိကိုယ်ရံတော်အယောက်တစ်သိန်းအထိ ခေါ်လာလေ့မရှိကြချေ။
"ဘာလို့ အပိုစကားတွေ ပြောနေတာလဲ"
ကျန်းမုန့်လောင်သည် ဘိတ်စ်ရှေ့သို့ ရုတ်တရက်ရောက်လာပြီး သူ့မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"အရိုင်းအစိုင်း ဟုတ်လား။ ငါက တကယ့်အရိုင်းအစိုင်းပဲ။ မင်းတို့လို ယဉ်ကျေးပါတယ်ဆိုတဲ့လူတွေကိုမှ ပစ်မှတ်ထားတဲ့လူကွ။ မင်း ရုပ်ဆိုးဆိုးလေးပဲ ဖြစ်နေပါတော့လား။ အခုတော့ မင်းရဲ့မျက်နှာလှလှလေးကို ကြည့်စမ်းပါဦး။ ငါတို့ကမ္ဘာမြေက မိန်းကလေးတွေကို လာဖြားယောင်းဖို့ ကြံနေတာလား။ ငါ့ဘဝမှာ အမုန်းဆုံးက ရုပ်ရည်ချောမောတဲ့ ကောင်တွေပဲ"
ဘိတ်စ်က ကျန်းမုန့်လောင်၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း အနောက်သို့ ဆုတ်ခွာနေရသည်။
သူ့ရင်ထဲတွင် ခံရခက်လှသည်။ သူသည် သူ့မျိုးနွယ်စု၏ သဘာဝအရ အသားအရေဖြူဖျော့နေခြင်းသာဖြစ်၏။ ထိုအရာအတွက် သူ ဘာများတတ်နိုင်မည်နည်း။ အသားဖြူခြင်းက ဘာကြောင့်များ အမှားဖြစ်နေရတာလဲ။
ကျန်းမုန့်လောင်၏ လက်သီးချက်နှင့် ခြေကန်ချက်တိုင်းတွင် စွမ်းအားများ ပြည့်နှက်နေပေသည်။ ကျန်းမုန့်လောင်က လက်ရှိတွင် အဆင့်သုံးအထွတ်အထိပ်စွမ်းအင်အဆင့်ကိုသာ ပြသထားသော်လည်း အဆင့်ချင်းတူသည့် စစ်သည်တစ်ဦးဖြစ်သော ဘိတ်စ်မှာမူ လုံးဝ ပြန်မတိုက်နိုင်လောက်အောင် ဖြစ်နေရရှာသည်။
သူတို့၏သက်ရှိအဆင့်ချင်း တူညီနေလျှင်ပင် မျိုးနွယ်စုအဆင့် ကွာခြားမှုကြောင့် တိုက်ခိုက်ရေးစွမ်းရည်တွင် ကွာဟချက်သိသိသာသာရှိသင့်သည် မဟုတ်ပါလော။
သို့သော် ဤအပြာရောင်ကြယ်ဂြိုလ်သား၏ တိုက်ကွက်များမှာ သူ့စိတ်ကူးစိတ်သန်းကို ကျော်လွန်နေပေသည်။ မရပ်မနားတိုက်ခိုက်မှုများနှင့် ထူးခြားသောတိုက်ခိုက်ရေးပုံစံများက သူ့ကို လုံးဝဖိနှိပ်ထားလေသည်။
"ပဂေးဆက်ကြယ်ကြွေလက်သီး"
"လင်းပေါ်ဝေ့ပု"
"နှလုံးခြောက်သွယ်နတ်ဘုရားဓား"
"အကြမ်းခံခန္ဓာနည်းပညာ"
"ယွမ်တစ်ကျော့ပြန်သိုင်း"
"နတ်သူငယ်နိယာမ : မဟာရာဆန်ဂန်"
မိနစ်အနည်းငယ်အတွင်းမှာပင် ဘိတ်စ်၏တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားတော့သည်။
"သေစမ်း... ဒီကောင့်သွေးတွေက ဘာလို့ အစိမ်းရောင်ဖြစ်နေတာလဲ။ ကွန်ရက်က ဒီလောက်အထိ စိမ်းသွားအောင်လုပ်ထားတာလား"
ကျန်းမုန့်လောင်က လက်ပေါ်ရှိ အစိမ်းရောင်သွေးများကို ရွံရှာနေဟန်အမူအရာဖြင့် ခါထုတ်လိုက်သည်။
"သူ့ကို ဖမ်းခေါ်သွားကြ"
ကျန်းမုန့်လောင်က ကိုယ်ရံတော်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"ပြီးတော့ သတိလစ်နေတဲ့ ဟိုအယောက်တစ်ထောင်ကိုလည်း ခေါ်သွားကြဦး"
"သခင်လေး.. သူတို့ကို ဘယ်ကိုခေါ်သွားရမလဲ"
ကိုယ်ရံတော်တစ်ယောက်က မေးလိုက်သည်။
"စစ်တပ်ကို လွှဲပေးရမလား။ ဒါမှမဟုတ် လုံရှားတပ်ဖွဲ့ကိုလား"
"အခုလောလောဆယ်တော့ မလွှဲနဲ့ဦး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီဂြိုဟ်သားတွေမှာ ဘယ်လိုလှည့်ကွက်တွေနဲ့ စွမ်းရည်တွေရှိနေမလဲဆိုတာ ဘယ်သူမှမသိဘူးလေ။ လုံရှားတပ်ဖွဲ့က သူတို့ကို ထိန်းနိုင်ချင်မှ ထိန်းချုပ်နိုင်မှာ"
စွမ်းအင်ပြင်းအား၂၉နီးပါးရှိသော သက်ရှိတစ်ယောက်က တစ်စုံတစ်ခု မှားယွင်းသွားပါက ပြဿနာကြီးကြီးမားမား ဖန်တီးနိုင်သည်ဖြစ်ရာ သူတို့အနေနှင့် ကိုင်တွယ်နိုင်မည်မဟုတ်ချေ။
"ဒါဆို သခင်လေး... သူတို့ကို ဘယ်မှာအရင်ချုပ်ထားရမလဲ"
"အင်း..."
ကျန်းမုန့်လောင် ခဏမျှ စဉ်းစားလိုက်သည်။
"ငါ တလောတုန်းကပဲ ကျန်းနန်မြို့မှာ တိရစ္ဆာန်ရုံတစ်ခု ဆောက်ထားတယ်မဟုတ်ဘူးလား။ အဲဒီမှာ တောရိုင်းတိရစ္ဆာန်တွေမရှိသေးဘူး။ လောလောဆယ် သူတို့ကို အဲဒီမှာပဲ ထားလိုက်"
ကျန်းမုန့်လောင်၏ ကိုယ်ရံတော်များမှာ မှင်တက်သွားကြသည်။
ဂြိုဟ်သားတွေကို တိရစ္ဆာန်ရုံထဲမှာထားမယ် ဟုတ်လား။
သူတို့က လူသားများမဟုတ်ဘူးဆိုလျှင်ပင် ကျန်းမုန့်လောင်ကတော့ စင်စစ်ရက်စက်လွန်းလှသည်။
"ဪ ဟုတ်သားပဲ"
ကျန်းမုန့်လောင်က ဆက်ပြောသည်။
"တိရစ္ဆာန်ရုံစီမံကိန်းကို ဖျက်သိမ်းလိုက်တော့။ ဒီလောက်များတဲ့ ဂြိုဟ်သားတွေဆိုရင် အကုန်လုံးတောင် ဆံ့ချင်မှဆံ့မှာ။ ဟုန်းရီကို သွားပြောလိုက်။ အဲဒီနေရာကို 'ဂြိုဟ်သားကြည့်ရှုရာနေရာ'အဖြစ် ပြောင်းလိုက်မယ်။ ဝင်ကြေးက အစတုန်းကတော့ တစ်ယောက်ကို ယွမ်၁၂၀ထားထားတာ။ အခု ငါးဆတိုးကောက်လိုက်"
"ချီးကျူးဖို့ထိုက်တန်ပါပေတယ်"
ကိုယ်ရံတော်နှစ်ယောက်ကလည်း အထင်ကြီးလေးစားလေဟန် အမူအရာများ ပြသလိုက်ကြသည်။ သူတစ်ပါးကို စကားလုံးဖြင့် "အထိနာအောင်"လုပ်နိုင်စွမ်းရှိသော သူ့အရည်အချင်းကို သူတို့ အမှန်တကယ်ပင် အသိအမှတ်ပြုရပေမည်။
"ဆရာကြီးပါပဲဗျာ"
...
ကိုယ်ရံတော်အယောက်တစ်ထောင်က အဆင့်မြင့်ဂြိုဟ်သားများကို ဦးဆောင်၍ အရင်ထွက်ခွာသွားကြသော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်၏ "ကွင်းဆင်းသင်ခန်းစာ"ကတော့ ဆက်ရှိနေဆဲပင်။
သို့သော် ကိုယ်ရံတော်များ၏ စောင့်ရှောက်မှုကြောင့် တိုက်ပွဲမှာ တစ်ဖက်စောင်းနင်းနိုင်နေချေသည်။ ဂြိုဟ်သားများက သူတို့ကို မယှဉ်နိုင်ဘဲ တဖြည်းဖြည်းနောက်ဆုတ်နေရပြီး ပိတ်ဆို့ဝိုင်းရံမှုမှာ ပိုကျဉ်းမြောင်းလာသည်။
"ဝုန်း"
ယန်သုန်းအမည်ရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်သားတစ်ယောက်က အပြင်းအထန် တိုက်ခိုက်ပြီးနောက် အဆုံးတွင်မူ ဂြိုဟ်သားတစ်ယောက်ကို လဲကျအောင် လုပ်နိုင်ခဲ့သည်။ သူသည် အိတ်ထဲရှိ ကိရိယာတစ်ခုကို ထုတ်၍ နှိပ်လိုက်လေရာ ဖုန်းတစ်လုံးကို သယ်ဆောင်ထားသည့် ဒရုန်းငယ်လေးမှာ သူ့လက်ထဲသို့ ချက်ချင်းရောက်လာသည်။
ထိုဖုန်းက "လူသားများနှင့် ဂြိုဟ်သားများ၏ ပထမဆုံးတွေ့ဆုံမှု"ဟူသော အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ပြီး ကြည့်ရှုသူလူဦးရေမှာ ငါးသန်းကျော်သွားပြီဖြစ်၏။
ထိုအချိန်တွင် တိုက်ရိုက်စကားပြောခန်းမှာ ပေါက်ကွဲမတတ် ဖြစ်နေပေသည်။ တကယ်တမ်းတွင် ကြည့်ရှုသူများပင် ကမ္ဘာသားများက ဂြိုဟ်သားများအား လိုက်ဖ်လွှင့်ပြီး ရိုက်နှက်နေသည်ကို မျက်မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
"တိုက်ရိုက်ထုတ်လွှင့်သူ ဘယ်ရောက်သွားတာလဲ။ ကင်မရာက ဘာလို့ ပြောင်းသွားတာလဲ။ သူ့ကို ဂြိုဟ်သားတွေ သတ်လိုက်ပြီလား"
"မိုက်တယ်။ ဒီလိုလိုက်ဖ်မျိုးကို ငါ့ဘဝမှာ ပထမဆုံး မြင်ဖူးတာပဲ။ ဂြိုဟ်သားတွေက ဘယ်မှာလဲ။ အနီးကပ် ရိုက်ပြလို့ရမလား"
"တိုက်ရိုက်ထုတ်လွှင့်သူက လက်ဖဝါးထဲကနေ လေဆာတွေ ပစ်နေတာကို ငါမြင်လိုက်သလိုပဲ။ သူက ကျင့်ကြံသူလား"
...
"အားလုံးပဲ မင်္ဂလာပါ"
ယန်သုန်းက ကင်မရာရှေ့တွင် ပေါ်လာချေသည်။
"တောင်းပန်ပါတယ်။ ကျွန်တော်က သိပ်မတော်သေးလို့ ဒီကောင့်ကိုနှိမ်နင်းဖို့ တော်တော်အချိန်ယူလိုက်ရတယ်။ အခုတော့ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဒီဂြိုဟ်သားကို အနီးကပ်လေ့လာကြည့်ကြရအောင်"
ယန်သုန်းက သေလုမျောပါး သတိလစ်နေသော ဂြိုဟ်သားကို ကင်မရာမြင်ကွင်းထဲသို့ တရွတ်တိုက် ဆွဲခေါ်လိုက်သည်။
"ကြည့်ကြပါဦး။ သူတို့ရဲ့ အရပ်အမောင်းက ကျွန်တော်တို့လူသားတွေနဲ့ အတူတူပါပဲ။ လက်တံခြေတံတွေ ပိုရှည်ပြီး အသားအရေက အရမ်းဖြူဖျော့နေရုံပဲရှိတာ"
ယန်သုန်းက ထိုဂြိုဟ်သားကို တစ်ချက်နှစ်ချက် ပွတ်သပ်ကြည့်လိုက်သည်။
"ကျားမခွဲလို့တော့ မရဘူး။ ဒါပေမဲ့ သူ့ကိုထိကြည့်တာ ထူးခြားတဲ့ ဘာစွမ်းရည်မှ မခံစားမိဘူး"
"ဪ... ခေါင်းပေါ်က ဆံပင်ကလွဲရင် သူတို့မှာ ခန္ဓာကိုယ်အမွေး လုံးဝမရှိဘူး။ အကုန်လုံး ကျွတ်သွားတာလား။ ဒါမှမဟုတ် အစကတည်းက မရှိတာလားတော့ မသိဘူး"
...
"တိုက်ရိုက်ထုတ်လွှင့်သူရေ.. ဂြိုဟ်သားရဲ့ ဘောင်းဘီကို ချွတ်ပြစမ်းပါ"
"ငါလည်း ကြည့်ချင်တယ်။ ဒုံးပျံတစ်စင်း လက်ဆောင်ပေးမယ်လေ"
"ဒါက နည်းနည်းများမသွားဘူးလား။ စူပါအက်ဒမင်က ငါ့ကို ဘန်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ယန်သုန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
စူပါအက်ဒမင် : "ငါက စူပါအက်ဒမင်ပဲ။ ငါလည်း ကြည့်ချင်တယ်။ မင်းရဲ့လိုက်ဖ်ကို လုံးဝ ပိတ်မှာ မဟုတ်ဘူး"
"ကောင်းပြီလေ"
"ဝိုး"
"တကယ်ပြောင်ချောနေတာပဲ။ အမွေးတစ်ပင်မှ မရှိဘူး"
"ဒါဆို ဒီဂြိုဟ်သားတွေက ဘယ်လိုမျိုးပွားကြတာလဲ။ ဉာဏ်ကောင်းတဲ့လူတစ်ယောက်လောက် ရှင်းပြပေးကြပါဦး"
...
"ဪ တစ်ခုစဉ်းစားမိပြီ"
ယန်သုန်းက ရုတ်တရက် အော်ပြောလိုက်သည်။
"ဒီနှစ်ကျောင်းပြီးမဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ငါ့မိဘတွေက ငါ့ကို ဘွဲ့ရစေချင်နေတာ။ ဂြိုဟ်သားတစ်ကောင်ဖမ်းမိတာက ငါ့ဘွဲ့ကို တိုးမြှင့်ပေးဖို့ လုံလောက်မလား"
"တိုက်ရိုက်ထုတ်လွှင့်သူရေ... မင်း နတ်ဘုရားအဆင့်အထိတောင် တိုးသွားလို့ရတယ်။ ဒီဂြိုဟ်သားကို ရှာတွေ့တာက ကြီးကျယ်ခမ်းနားတဲ့ ရှာဖွေတွေ့ရှိမှုပဲ"
"ဘွဲ့အဆင့်တိုးဖို့အသာထား။ မင်းကြောင့် မင်းတို့ကျောင်းတစ်ကျောင်းလုံးရဲ့ အဆင့်အတန်းတောင် မြင့်သွားနိုင်တယ်"
"အဲဒီလောက်တောင်လား"
ယန်သုန်းက ဆက်ပြောသည်။
"ဒါဆို ငါ သုတေသနပညာရှင်ရာထူးရော ရနိုင်လား"
"မင်းရဲ့အတွေးက သေးလွန်းတယ်။ အနည်းဆုံးတော့ ဒေါက်တာဘွဲ့ရဖို့အထိ စဉ်းစားစမ်းပါ"
"မင်းတို့ကျောင်းက အခု ဂြိုဟ်သားသုတေသနဆိုင်ရာ ဒေါက်တာဘွဲ့ပေးအပ်ခွင့်ကို လျှောက်ထားလို့ရနေပြီ"
"မင်း သင်တန်းတက်ဖို့ ဘယ်ပါမောက္ခမဆို စိတ်ကြိုက်ရွေးလို့ရပြီ"
"ကျွန်တော်တို့ရဲ့တော်ဝင်ပညာရှင်ကြီး ဘာတွေများ မိန့်ကြားနေတာပါလိမ့်"
"ဒီလိုက်ဖ်ထဲက လူတွေက ပါရမီရှင်တွေချည်းပဲ။ ရယ်ရလွန်းလို့ အူတက်တော့မယ် ဟားဟား..."