အရည်အချင်းမရှိဘဲ ပေါ့ပြက်ပြက်နိုင်လွန်းတယ်
Vol. 52 Ch. 780
လွန်ခဲ့သည့်နာရီဝက်ခန့်က တစ်ကမ္ဘာလုံးတွင် ထူထပ်လှသော အမှောင်ထုကြီး ဖုံးလွှမ်းနေခဲ့သော်လည်း ယခုအခါတွင်မူ မြင်ကွင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။
"ကိုယ့်လူတို့ရေ... ၆၆၆ကို နှစ်ချက်လောက် နှိပ်ပေးကြပါဦး။ ဒီဂြိုဟ်သားကို လူတွေရှေ့မှာတင် မီးမှုတ်ပြခိုင်းလိုက်မယ်"
"တောရိုင်းဂြိုဟ်သားဝတ်ထားတဲ့ အဝတ်အစားတစ်စုံကို လေလံတင်ပါ့မယ်။ ကြမ်းခင်းဈေး နှစ်သိန်းပါ။ ဦးသူယူနော်"
"အမေရေ ကြည့်ပါဦး... ကျွန်တော် ဂြိုဟ်သားတစ်ကောင်ဖမ်းမိပြီ။ ပွပေါက်တိုးပြီ"
"ဂြိုဟ်သားအကြောင်း ရုပ်ရှင်ရိုက်မယ့် ရိုက်ကူးရေးအဖွဲ့တွေရှိလား။ ဒီမှာ အဆင်သင့်သုံးလို့ရတဲ့ ဂြိုဟ်သားရှိတယ်နော်။ အရေအတွက်အကန့်အသတ်ရှိလို့ နှစ်ကောင်ငှားရင် တစ်ကောင်လက်ဆောင်၊ သုံးကောင်ငှားရင် နှစ်ကောင်လက်ဆောင်ပေးပါ့မယ်။ ဆက်သွယ်ရန်လိပ်စာကတော့ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ အဆောင်ဧရိယာ၂၊ အဆောက်အဦ၃၃၄ပါ..."
...
သတင်းထောက်ရဟတ်ယာဉ်က ကောင်းကင်ထက်မှတစ်ဆင့် ဤမြင်ကွင်းတစ်ခုလုံးကို ရိုက်ကူးနေလေသည်။ ယခုအချိန်တွင် သူ့လောကအမြင်မှာ ပြိုလဲသွားပုံရသည်။
ဤအရာများက အစောပိုင်းကအထိ မည်သူမှ မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးဟန်တူသည့် ဂြိုဟ်သားများလား။ အမေရိကန်ယာဉ်တန်းတစ်ခုလုံးကို ၁အချိုး ၂၀၀နှုန်းဖြင့် တစ်ကိုယ်တော်ချေမှုန်းပစ်ခဲ့သည့် ရန်သူများ ဟုတ်ပါလေစ။
ယခုတော့ သူတို့ခမျာ ကမ္ဘာမြေပေါ်ရှိ လူငယ်လေးများထံတွင် တရွတ်တိုက်ဆွဲခေါ်ခံနေရသလို နည်းမျိုးစုံနှင့် လူသိရှင်ကြားအရှက်ခွဲခံနေရပြန်သည်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့်ယှဉ်လျှင် ဂုဏ်သိက္ခာပိုင်းဆိုင်ရာစော်ကားမှုက ပိုပြင်းထန်ပေသည်။
အစပိုင်းတွင် လူသားများက ဤဂြိုဟ်သားများကို အလွန်အမင်းရွံရှာမုန်းတီးခဲ့ကြသည်။ သူတို့ယူဆောင်လာသော အန္တရာယ်ကြောင့် လူသားများမှာ မျှော်လင့်ချက်မဲ့ပြီး သူတို့နှင့်အတူ အသေခံရန်ပင် ဆန္ဒရှိခဲ့ကြသည်။
သို့သော် ယခုမူ သူတို့ ဤဂြိုဟ်သားကျူးကျော်သူများကို သနားသွားသည်။ သူတို့က သူတို့ကိုယ်သူတို့ သိုးအုပ်ထဲရောက်နေသည့် ဝံပုလွေများဟု ထင်ခဲ့ပါသော်ငြား တကယ်တမ်းတွင်မူ ဓားပြပိုင်နက်ထဲသို့ လမ်းမှားဝင်လာမိခြင်းပင်။
ဤမြင်ကွင်းများ၏ ရိုက်ခတ်မှုအောက်တွင် လူသားအားလုံးလည်း စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်လိုက်ကြသည်။ ဟွာရှားပြည်သူများ၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်လျှံလာသည်။
မင်းတို့အမေရိကန်စစ်တပ်ကြီးက မင်းတို့ကိုယ်မင်းတို့ သိပ်ဟုတ်လှပြီလို့ထင်နေတာ မဟုတ်လား။ ဂြိုဟ်သားတွေနဲ့ ပထမဆုံးတွေ့ဆုံမှု လုပ်ချင်တာလား။ နောက်ဆုံးတော့လည်း မင်းတို့တပ်တစ်ခုလုံး ချေမှုန်းခံလိုက်ရတာပဲမဟုတ်လား။
ငါတို့ဟွာရှားကတော့ ကြီးကျယ်မြင့်မြတ်တယ်။
လူငယ်တစ်စု ထွက်လာပြီး အဲဒီဂြိုဟ်သားတွေကို ဇောက်ထိုးဆွဲပြီး ရိုက်နှက်ရုံတင်မကဘူး။ အမေရိကန်စစ်တပ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ အာကာသယာဉ်ကြီးကိုတောင် လက်နဲ့ အပိုင်းပိုင်းဖြုတ်ပစ်လိုက်တာနော်...
ဤသည်မှာ ဘာကိုဆိုလိုလေသလဲ။ သိသူကတော့ သိကြလိမ့်မည်။
တစ်နာရီအကြာတွင် သက်ဝင်လှုပ်ရှားနေသော ဤလူမှုလက်တွေ့လေ့လာရေးသင်ခန်းစာလည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။
အာကာသယာဉ်မောင်းနှင်သူများ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ သာမန်ကမ္ဘာသားများထက် သိပ်မသာလွန်သဖြင့် သူတို့ကတော့ အစကတည်းက လက်နက်ချခဲ့ကြသည်။ ကျန်အဆင့်နှစ်သက်ရှိ အယောက်တစ်သောင်းကျော်မှာမူ အားလုံးနီးပါး ဒဏ်ရာရရှိခဲ့ကြပြီး မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေကြသည်။
ကျောင်းသားများက အတိုင်းအတာတစ်ခုအထိ လက်စလက်နကို ထိန်းခဲ့ကြသည်။ သူတို့ကို သေလုမျောပါးဖြစ်အောင်သာ ရိုက်နှက်ခဲ့ပြီး အဓိကအားဖြင့် အရှက်ခွဲရုံသာရှိသည်။ အံ့ဩစရာကောင်းသည်မှာ သူတို့ထဲင တစ်ဦးကိုမှ အသေသတ်ခြင်း မပြုခဲ့ကြပေ။
"သူတို့အားလုံးကို လူစုလိုက်ကြ"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"သေချင်ယောင်ဆောင်နေတာလား"
ကျောင်းသားများက ဂြိုဟ်သားများကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
"ငါတို့ကျောင်းအုပ်ကြီး ပြောတာကို မကြားဘူးလား"
"ဟုတ်တယ်။ မြန်မြန်လုပ်စမ်း။ ရွှေ့စမ်း။ ဆောင့်ကြောင့်ထိုင်နေ။ ခေါင်းကိုလက်နဲ့အုပ်ပြီး အောင်နိုင်သူသီချင်းကို ဆိုကြ"
"မင်းကများ ငါ့ကို စိုက်ကြည့်ရဲတယ်ပေါ့။ မသွားချင်ဘူးပေါ့လေ"
"အပြာရောင်ကြယ်ဂြိုဟ်သားတို့... ငါတို့ကိုသာ သတ်လိုက်ကြပါတော့"
စိတ်ဓာတ်များပြိုလဲသွားသော ဂြိုဟ်သားတချို့က တောင်းပန်ကြသော်ငြား အချို့ကမူ ကျွန်ပြုခံရခြင်းထက် သေခြင်းကိုသာ ရွေးချယ်လိုသော မာန်မာနမျိုး ရှိနေသေးသည်။
"သေချင်တာလား။ အဲဒီလောက် မလွယ်ဘူးလေ။ မင်းတို့က ကမ္ဘာမြေပေါ်က ငါတို့လူတွေကို သတ်ခဲ့တယ်။ မင်းတို့တွေအကုန် အပြစ်ပေးခံရမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
အဆင့်နှစ်သက်ရှိ အယောက်တစ်သောင်းကျော်ဆိုသည်မှာ ဒဏ္ဍာရီလာအဆင့်ရှိ သိုင်းပညာရှင်နှင့် နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင် အယောက်တစ်သောင်းကျော်နှင့် ညီမျှသည်။ ဤသည်မှာ အလွန်တန်ဖိုးရှိသော လူသားအရင်းအမြစ်ဖြစ်သဖြင့် သည်အတိုင်း သတ်ပစ်လိုက်ရန် အလွန်နှမြောစရာကောင်းလှသည်။
အခြားအရာများကို ထည့်မပြောလျှင်ပင် သူတို့ကို ပင်ပန်းဆင်းရဲသော အလုပ်ကြမ်းများခိုင်းစေခြင်းမှာ အလွန်ကောင်းမွန်သည့်အပြင် ကုန်ကျစရိတ်လည်း မရှိပေ။
"မင်းတို့ထဲမှာ သိုင်းပညာသင်တန်း၊ အထူးသဖြင့် 'ရှင်ခြင်းသေခြင်းအဆောင်လက်ဖွဲ့'ပညာရပ်ကို သင်ထားတဲ့လူ ဘယ်နှယောက်ရှိလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
ကျောင်းသားရာဂဏန်းခန့် လက်မြှောက်လိုက်ကြသည်။
"သူတို့တွေကို အဲဒီအဆောင်လက်ဖွဲ့နဲ့ ထိန်းချုပ်ထားလိုက်။ ဘာပဲဖြစ်ဖြစ် သူတို့က ကမ္ဘာမြေမှာ အန္တရာယ်ရှိနေတုန်းပဲ။ ဒါကြောင့် ဒါက သူတို့ကိုထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ"
"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"
"ဝှစ်... ဝှစ်... ဝှစ်"
ရှင်ခြင်းသေခြင်းအဆောင်လက်ဖွဲ့များက ဂြိုဟ်သားများ၏ ခန္ဓာကိုယ်အတွင်းသို့ နစ်ဝင်သွားပြီးနောက် မြေပြင်ပေါ်တွင် လူးလိမ့်သွားလောက်အောင် ပြင်းထန်လှသော နာကျင်မှုမျိုးကို ခံစားရလေတော့သည်။
သူတို့က သေခြင်းတရားကို မကြောက်သော်ငြား နှိပ်စက်ညှဉ်းပန်းခံရခြင်းကိုတော့ ကြောက်ရွံ့ကြသည်။
ဂြိုဟ်သားများမှာ စုပြုံတိုးဝှေ့နေကြပြီး မည်သည့်ခုခံလိုစိတ်မှလည်း မထားရဲကြတော့သလို စကားတစ်ခွန်းပင် မဟရဲတော့ပေ။ ဤအပြာရောင်ကြယ်ဂြိုဟ်သားများက မိစ္ဆာများဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြပြီ ဖြစ်၏။
"နားထောင်ကြ"
ကျန်းမုန့်လောင်က သူ့အတွင်းအားကို ထုတ်သုံးကာ အသံကျယ်အောင် ဖန်ဆင်းလိုက်သည်။
"အခု မင်းတို့တွေအားလုံးက ငါ့ရဲ့သုံ့ပန်းတွေ ဖြစ်သွားပြီ။ ငါတို့ရဲ့စီစဉ်မှုတွေကို အသာတကြည်လိုက်နာမယ်ဆိုရင် ဆင်းရဲဒုက္ခကနေ ကင်းဝေးမယ်။ မဟုတ်ရင်တော့ ငါ မင်းတို့ကို ရိုက်မှာတော့မဟုတ်ဘူး။ ဆဲဆိုအရှက်ခွဲပစ်မှာ"
"သုံ့ပန်းတွေမှာ ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးပိုင်ခွင့်မရှိဘူး"
"ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပါရစေ။ ငါ့နာမည်က ကျန်းမုန့်လောင်။ မင်းတို့ခေါ်တဲ့ အပြာရောင်ကြယ်ဂြိုဟ်က ငါတို့အတွက်တော့ ကမ္ဘာမြေပဲ။ တကယ်တော့ ငါက ကမ္ဘာမြေရဲ့ ခေါင်းဆောင်ပဲ။ အခုကစပြီး မင်းတို့ ငါ့စကားကို နာခံရမယ်။ ငါ့ဆန္ဒကို ဆန့်ကျင်မယ်ဆိုရင်တော့ မင်းတို့တွေ ပြင်းထန်တဲ့နာကျင်မှုနဲ့ အရှက်တကွဲသေဆုံးရမယ်လို့ ငါ အာမခံတယ်"
"သူတို့ကို ခေါ်သွားပြီး တိရစ္ဆာန်ရုံထဲမှာ ပိတ်ထားလိုက်။ ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေအကုန် လူစုခွဲပြီး ကျောင်းကိုပြန်ကြတော့"
...
"ဒါက ဘာတွေဖြစ်ကုန်တာလဲ"
"ဒီအတိုင်းကြီး ပြီးသွားတာလား"
သတင်းထောက်များနှင့် ကြည့်ရှုသူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ လူသားမျိုးနွယ်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ဤတိုက်ပွဲမှာ ကမန်းကတန်း ပြီးဆုံးသွားသလို ခံစားရသည်။
"အနီးကပ်ရိုက်လိုက်။ ကျန်းမုန့်လောင်ကို အနီးကပ်ဆွဲရိုက်လိုက်"
"ကြည့်စမ်း..အဲဒါ ငါ့ယောကျ်ားပဲ"
"ကမ္ဘာမြေကိုကယ်တင်ခဲ့တဲ့လူက အရမ်းချောလွန်းတယ်နော်"
"ဒီလူတွေက ဘယ်အဖွဲ့အစည်းကလဲ။ ငါ သူတို့နဲ့ ပူးပေါင်းချင်လိုက်တာ"
"ငါထင်တာတော့ ခေတ်တွေပြောင်းကုန်တော့မှာပဲ"
ကျန်းမုန့်လောင်က ကောင်းကင်ယံထက်ရှိ ရဟတ်ယာဉ်ကို မော့ကြည့်ပြီး သတင်းထောက်များကို လက်ယမ်းပြလိုက်သည်။
"သူက ငါတို့ကို ဆင်းခဲ့ဖို့အချက်ပြနေတာလား"
"ရပါတယ်။ ဆင်းလိုက်ကြရအောင်။ အခု ဘေးကင်းလောက်ပါပြီ"
ယာဉ်မောင်းသူက ရဟတ်ယာဉ်ကို ကျန်းမုန့်လောင်၏ ဘေးနားတွင် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီးနောက် သတင်းထောက်များနှင့် ကင်မရာအဖွဲ့သားများ ဆင်းလာကြသည်။
"မစ္စတာကျန်း... ကျွန်တော်တို့လူသားမျိုးနွယ်အတွက် လုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
သတင်းထောက်က ကျန်းမုန့်လောင်ကို ရိုရိုသေသေဦးညွှတ်လျက် ပြောလိုက်သည်။
လုပ်ဆောင်ပုံအဆင့်ဆင့်မှာ နောက်ပြောင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကျန်းမုန့်လောင်နှင့် သူ့လူများက လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက ခေတ်သစ်ထူးချွန်လူငယ်တိုင်းရဲ့ တာဝန်နဲ့ ဝတ္တရားပဲလေ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"အင်းလေ... ဟုတ်တာပေါ့"
ထိုသတင်းထောက်က စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။ သာမန်ထူးချွန်လူငယ်တစ်ဦးက ကမ္ဘာမြေကို ကာကွယ်သည့် ဤသို့သောအလုပ်မျိုးကို တကယ်ကိုင်တွယ်နိုင်မည်လော။
"မစ္စတာကျန်း... ခုနကခေါ်လာတဲ့ အဖွဲ့က ကျွန်တော်တို့နိုင်ငံက လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ အထူးစစ်သည်တွေလား"
ဤမေးခွန်းမှာ သတင်းထောက်၏ စိတ်ထဲတွင်သာမက ကြည့်ရှုသူအားလုံး၏ စိတ်ထဲတွင်လည်း ရှိနေချေသည်။
"ဪ... အဲဒီဝတ်ရုံဝတ်ထားတဲ့ လူတွေက ကျွန်တော့်ကိုယ်ရံတော်တွေပါ။ ကျန်တဲ့လူတွေကတော့... ကျွန်တော် ကျောင်းတစ်ကျောင်း ထောင်ထားတယ်လေ။ အဲဒီကျောင်းက ကျောင်းသားတွေပေါ့။ တကယ်တော့ ကျွန်တော်တို့က ဒီနေ့ ဒီနေရာကို သီးသန့်လာတာမဟုတ်ပါဘူး။ မကြာခင်ကမှ လူမှုလက်တွေ့လေ့လာရေး သင်တန်းတစ်ခု စီစဉ်ထားတာနဲ့ တိုက်ဆိုင်လို့ ဒီအခွင့်အရေးရလိုက်တာ။ အဲဒါကြောင့် ကျောင်းသားတွေကို လက်တွေ့စမ်းသပ်ခိုင်းလိုက်တာပေါ့။ ရလဒ်ကတော့ မဆိုးပါဘူး"
"ဒါကြောင့်ကိုး"
သတင်းထောက်မှာ ရုတ်တရက်သဘောပေါက်သွားသည်။ ထိုလူများအားလုံးက ဘာကြောင့် ဤမျှအထိ အေးအေးဆေးဆေးဖြစ်နေကြသလဲဆိုသည်ကို နားလည်လိုက်ချေပြီ။ အကယ်၍ သူတို့သာ နိုင်ငံတော်က လေ့ကျင့်ပေးထားသော အထူးစစ်သည်များဖြစ်လျှင် ယခုလို စည်းကမ်းမရှိဘဲ ပရမ်းပတာဖြစ်နေမည်လော။
ဂြိုဟ်သားတွေကို တိုက်ခိုက်နေရင်းနဲ့တောင် မင်းတို့က လိုက်ဖ်လွှင့်နေကြသေးတာလား။
"လူသားမျိုးနွယ်ရဲ့ အမေရိကန်တပ်တစ်ခုလုံး ချေမှုန်းခံလိုက်ရတဲ့အပေါ်မှာရော ဘာများပြောချင်ပါသလဲ"
"အဲဒါကတော့... သူတို့ စတင်အဆိုပြုချိန်ကတည်းက ကျွန်တော်တို့ဘက်က သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က အကြံပေးတာကို နားမထောင်ဘဲ ကျွန်တော်တို့ကို ဝင်စွက်ဖက်တယ်လို့တောင် စွပ်စွဲခဲ့ကြသေးတယ်။ ဘာတဲ့... ကျွန်တော်တို့က မနာလိုဖြစ်နေတာပါဆိုလား။ အခုတော့ သူတို့တွေ ချေမှုန်းခံလိုက်ရပြီလေ။ နောက်ဆုံးတော့ ဟွာရှားနိုင်ငံကပဲ သူတို့အမှိုက်တွေကို လိုက်ရှင်းပေးနေရတာ မဟုတ်လား"
ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်သည်။
"ငွေတွေအရင်းအမြစ်တွေအများကြီးအကုန်ခံပြီး အာကာသယာဉ်တွေအများကြီးကို တည်ဆောက်ထားရတာ။ ပိုကောင်းတာတစ်ခုခု လုပ်လို့မရဘူးလား။ အခုတော့ အိမ်တိုင်ရာရောက်စနစ်နဲ့ လာပို့ပေးသလိုဖြစ်နေပြီ။ မေ့ထွမ်ထက်တောင် ပို့ဆောင်ရေးစနစ်ပိုကောင်းနေသေးတယ်"
ကျန်းမုန့်လောင်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"သူတို့ရဲ့လုပ်ရပ်အတွက် စကားလုံးငါးလုံးနဲ့ပဲ မှတ်ချက်ပေးချင်တယ်"
"ဘာများလဲဗျ"
"အရည်အချင်းမရှိဘဲ ပေါ့ပြက်ပြက်နိုင်လွန်းတယ်"