အခန်း (၂၃၁၁-၂၃၁၂)
Vol. 172 Ch. 2311-2312
အခန်း(၂၃၁၁)
“ကျန်းထျန်းကျွင်း ဘာတွေဖြစ်နေတာလဲ.. မင်းတို့ ကျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားတားမြစ်ဓားက ဘာလို့ ဒီကောင်လေးအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိရတာလဲ”
ကျန်းချန်ကြောင့် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့ရသည့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျီထုံဟွာသည် ဒေါသတကြီး ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းထျန်းကျွင်း၏ မျက်နှာအမူအရာသည် အလွန်အမင်း သုန်မှုန်နေခဲ့၏။
နတ်ဘုရားတားမြစ်ဓားသည် ကျန်းမျိုးနွယ်စု၏ အထွတ်အထိပ်လက်နက်တစ်ခုဖြစ်သည်။
နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ထိုဓား၏ စွမ်းအားအောက်သို့ ရောက်ရှိသွားသည်နှင့် စွမ်းရည် သုံးဆယ်ရာခိုင်နှုန်းခန့် လျော့နည်းသွားလိမ့်မည် ဖြစ်၏။
သို့ရာတွင် ယခုအခါ ကျန်းချန်သည် နတ်ဘုရားတားမြစ်ဓား၏ ကန့်သတ်မှုအောက်တွင် ရှိနေသော်လည်း မည်သည့်သက်ရောက်မှုမှ မရှိသကဲ့သို့ပင် တစ်ကွက်တည်းဖြင့်ပင် နတ်ဘုရင်သတ္တမအဆင့် ကျီထုံဟွာကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
“နတ်ဘုရားတားမြစ်ဓားက ဒီကောင်လေးအပေါ်မှာ သက်ရောက်မှု ရှိမနေဘူး.. အားလုံးပဲ အတူတူလှုပ်ရှားကြစို့”
ကျန်းထျန်းကျွင်း၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက နတ်ဘုရင်သတ္တမအဆင့် အလယ်အလတ် ကျင့်ကြံသူ၏ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။
ကျီထုံဟွာသည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လျစ်လျူရှုကာ ကျန်းထျန်းကျွန်းနှင့် အတူ ကျန်းချန်ကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။
ရဲ့မျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကမူ တုံ့ဆိုင်းနေခဲ့ပြီး ဝင်ရောက် မတိုက်ခိုက်ခဲ့ပေ။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်၌ ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူ့ရှေ့မှ ကျင့်ကြံသူ သုံးယောက်စလုံးသည် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အကယ်၍ ထိုသုံးယောက်စလုံးသာ အစကတည်းက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြမည် ဆိုလျှင် သူ့ကို အနည်းငယ် ဒုက္ခပေးနိုင်ကောင်း ပေးနိုင်လိမ့်မည် ဖြစ်၏။
ယခုအခါတွင်မူ ထိုသုံးယောက်ထဲမှ တစ်ယောက်မှာ သူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး ကျန်တစ်ယောက်ကမူ လုံးဝ တိုက်ခိုက်လိုစိတ် ရှိပုံမရပေ။
ကျန်းထျန်းကျွင်း တစ်ယောက်တည်းဖြင့် သူ့ကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ တတိယမြောက် ဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကို လျင်မြန်စွာပင် ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားထံကနေ ဆန်းကြယ်သော နတ်အလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အလင်းတံခါး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက်တွင် ထိုအလင်းတံခါးထဲကနေ အနှိုင်းမဲ့ ဓားအင်မော်တယ်တစ်ပါးနဲ့ ဆင်တူသော အပြာရောင်ပုံရိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လက်ထဲရှိ အပြာရောင်ဓားဖြင့် ကျန်းထျန်းကျွင်းကို ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက် ကျဆင်းလာသော အခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးသည် ငြိမ်သက် တိတ်ဆိတ်သွားသကဲ့သို့ပင်။
ကျန်းထျန်းကျွင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သေခြင်းတရား၏ အရိပ်အငွေ့များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသလို ခံစားလိုက်ရ၏။
သူက ချက်ချင်းဆိုသလိုပင် ကျောဘက်တွင် နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်သော အချိန်မှာပင် ကောင်းကင်ယံကနေ သက်ဆင်းလာသော ဓားအလင်းသည် နတ်ဘုရင်လမ်းစဥ်ကို ဘာမှ မကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်သည်။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ကြယ်တာရာမြစ် အထက်ကောင်းကင်ယံ တစ်ခုလုံးသည် ထာဝရတိတ်ဆိတ်ခြင်းထဲသို့ နစ်ဝင်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။
နောက်ထပ် တစ်စက္ကန့်တွင်မူ ကျန်းထျန်းကျွင်း၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး တောက်ပသော ဓားအလင်းများစွာသည် ကျန်းထျန်းကျွင်း၏ ခန္ဓာကိုယ်ကနေ တိုက်ရိုက် ဖောက်ထွက်လာခဲ့ကာ ခန္ဓာကိုယ်ပေါ်၌ ဆန်းကြယ်သော သွေးပေါက်ရာ များစွာကို ကျန်ရစ်စေခဲ့သည်။
အဆုံးသတ်တွင် ကျန်းထျန်းကျွင်းသည် အော်ဟစ်သံပင် မပြုလုပ်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဥ်သည် လေထဲတွင် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားခဲ့၏။
ကျန်းထျန်းကျွင်းကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော်လည်း ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
ကျန်းထျန်းကျွင်း၏ စွမ်းရည်သည် တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၏ ဘိုးဘေး ယိုဖိုထျန်းနှင့် အတူတူလောက်သာ ဖြစ်၏။
သူ နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်တွင် ရှိစဥ်ကပင် အပြာရောင်ဧကရာဇ် ဓားကွက်၏ အကူအညီဖြင့် ယိုဖိုထျန်းကို သတ်ဖြတ်လုနီးပါး တိုက်ခိုက်ခဲ့ဖူးသည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်ပဉ္စမအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အပြာရောင်ဧကရာဇ် ဓားကွက်ကို အပြည့်အဝ အသုံးချနိုင်စွမ်း ရှိနေခဲ့ချေပြီ။
သာမန် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူများပင် ထိုဓားကွက်ကို ရင်ဆိုင်နိုင်ဖို့ မလွယ်ကူသည် ဖြစ်ရာ ကျန်းထျန်းကျွင်းသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်၏ ဓားချက်အောက်တွင် ကျန်းထျန်းကျွင်း ကျဆုံးသွားသည်ကိုမြင်လျှင် ကျီထုံဟွာသည် တစ်ခဏအတွင်း မျက်နှာပျက်သွားခဲ့သည်။
သူက လုံးဝ တုံ့ဆိုင်းမနေရဲတော့ဘဲ အလယ်ပိုင်းဒေသဘက်သို့ အသည်းအသန် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း ကျန်းချန်အနေဖြင့် ကျီထုံဟွာကို ထွက်ပြေးရန် အခွင့်အရေး မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
သူက ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ဓားအလင်းသည် ကျီထုံဟွာကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်၏။
နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ရဲ့မျိုးနွယ်စုမှ ကျင့်ကြံသူကို ကြည့်လိုက်သည်။
သူက တိုက်ပွဲတွင် မပါဝင်သော ရဲ့မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူကို ကြည့်ကာ မျက်ခုံးအနည်းငယ် ပင့်၍ မေးလိုက်၏။
“မင်းက ဘာလို့ ခုနက ငါ့ကို ဝင်မတိုက်တာလဲ”
“မင်းရဲ့စွမ်းရည်က ငါမှန်းထားတာထက် အများကြီး သာလွန်နေတယ်.. ငါဝင်တိုက်ခဲ့ရင်တောင် ကိုယ့်ဒုက္ခ ကိုယ်ရှာနေသလိုပဲ ဖြစ်သွားလိမ့်မယ်”
ရဲ့မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ဖြစ်စဥ်မှာ ရဲ့မျိုးနွယ်စုက ပါဝင်ပတ်သက်ခဲ့တယ် ဆိုပေမဲ့ ငါကိုယ်တိုင်ကတော့ အဲဒီကိစ္စမှာ မပါဝင်ခဲ့ဘူး.. တကယ်လို့ မင်းက အဲဒီကိစ္စအတွက် ရဲ့မျိုးနွယ်စုကို လက်စားချေချင်တယ်ဆိုရင် ဒီအပြစ်တွေအားလုံးကို ငါပဲ ခံယူပါ့မယ်.. ကျေးဇူးပြုပြီး ရဲ့မျိုးနွယ်စုကိုတော့ ဒုက္ခမပေးပါနဲ့”
“မင်းက ဟိုအဘိုးကြီး နှစ်ယောက်ထက် အများကြီးပိုပြီးထက်မြက်တဲ့အပြင် မှန်ကန်တဲ့ ရွေးချယ်မှုကိုလည်း လုပ်နိုင်ခဲ့တာပဲ”
ကျန်းချန်က ရဲ့မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ဓားအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကြယ်တာရာမြစ်၏ အထက်ကောင်းကင်ယံသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်နေပြီးနောက်တွင် ရဲ့မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူသည် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
ထိုကောင်လေး၏ စွမ်းရည်ဖြင့် ဆိုလျှင် လူသားဧကရာဇ်နန်းတော်တွင် အရိုက်အရာ ဆက်ခံမည်ကို တားဆီးနိုင်မည့်သူ ရှိတော့မည် မဟုတ်လောက်ပေ။
“လူသားဧကရာဇ်အသစ် ထွက်ပေါ်လာတာက လူသားဧကရာဇ်နန်းတော်အတွက် ကောင်းချီးလား၊ကျိန်စာလားဆိုတာ ငါတကယ် မသိတော့ဘူး”
ရဲ့မျိုးနွယ်စုမှ ကျင့်ကြံသူက ခေါင်းကို ခါရမ်းလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ထပ်မစဥ်းစားတော့ပေ။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် ကြယ်တာရာမြစ် အထက်ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်သည် ၆၂ဆက်မြောက် လူသားဧကရာဇ် ဖြစ်လာရန် အလားအလာ အလွန်များသဖြင့် လူသားဧကရာဇ်နန်းတော်တွင် သူတို့၏ နေရာကို တည်မြဲစေချင်လျှင် ရဲ့မျိုးနွယ်စုအနေဖြင့် ကျန်းချန်ကို အပြည့်အဝ ထောက်ခံအားပေးသင့်သည် မဟုတ်ပါလော။
-------------------
ကျန်းထျန်းကျွင်းတို့က ကျန်းချန်ကို ကြားဖြတ် တိုက်ခိုက်နေကြသော အချိန်တွင် လူသားဧကရာဇ်မြို့တော်ရှိ ကျန်းမျိုးနွယ်စုမှ ကျန်းဝူရ နေထိုင်ရာ ခြံဝန်းတွင် ကျန်းဝူရသည် ခြံဝင်း၏ အလယ်ဗဟိုရှိ ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေသော ပိန်လှီပြီး ခါးကိုင်းနေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သုန်မှုန်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
“အကြီးအကဲချန်ဟွမ်.. အကြီးအကဲလို လူမျိုးကိုတောင် ဖိတ်ခေါ်နိုင်ခဲ့တယ် ဆိုတော့ ကျန်းထျန်းကျွင်းက တကယ်ကို ရင်းနှီးပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့တဲ့ပုံပဲ”
အကြီးအကဲကျန်းချန်ဟွမ်သည် နတ်ကုန်းမြေတိုက်ပေါ်ရှိ ကျန်းမျိုးနွယ်စု၏ တစ်ဦးတည်းသော အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး လူမြင်ကွင်းကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်သည်။
သူ့ကို ကျန်းချန်ဆီ အကူအညီမပေးနိုင်စေရန် အတွက် ထိုလူများသည် ကျန်းချန်ဟွမ်ကိုပင် ဖိတ်ခေါ်ထားလိမ့်မည်ဟု ကျန်းဝူရ မထင်ထားခဲ့ပေ။
ကျန်းဝူရ သိသလောက်ဆိုလျှင် ကျန်းချန်ဟွမ်သည် အမြဲတစေ ဖြောင့်မတ်သူတစ်ဦး ဖြစ်သည်။
အကယ်၍ ကျန်းချန်ဟွမ်သာ လူသားဧကရာဇ်နန်းတော်ကနေ တစ်ခဏမျှ ပျောက်ကွယ်မသွားခဲ့လျှင် ထိုအချိန်က အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် ယခု ကျန်းချန်ဟွမ်က ကျန်းချန်ကို ကယ်တင်ရန်အတွက် သူ့ကို တားဆီးရန် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ကျန်းဝူရကို အနည်းငယ် ထူးဆန်းသလို ခံစားရစေခဲ့၏။
“ငါ အဘိုးကြီးက ကိုယ့်ကိုယ်ကိုယ် သေခါနီး လူတစ်ယောက်လို့ပဲ ယူဆထားပါတယ်.. သူများကိစ္စတွေမှာ ဝင်မပါချင်တော့ပေမဲ့လည်း အတိတ်က ကျေးဇူးကြွေးတစ်ခု တင်ရှိနေခဲ့တဲ့အတွက် ဒီနေ့ ငါလာခဲ့ရတာပါ”
ကျန်းချန်ဟွမ်က ခေါင်းကို ခါရမ်းကာ ပြောလိုက်ပြီးနောက်တွင် ကျန်းဝူရကို ကြည့်လိုက်သည်။
“ကျန်းဟန်ထျန်း.. မင်း ဒီခြံဝင်းမှာပဲ ဒီအဘိုးကြီးနဲ့အတူ ရှိနေပေးပါ.. ငါမင်းကို ဒုက္ခမပေးပါဘူး”
ထိုစကားကိုကြားလျှင် ကျန်းဝူရသည် ရုတ်တရက် အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ကျွန်တော် ဘယ်သူလဲဆိုတာ အကြီးအကဲ သိနေတာလား”
ကျန်းဟန်ထျန်းဆိုသည်မှာ သူ၏ ယခင်ဘဝက နာမည်ဖြစ်သည်။
ထိုအဘိုးကြီးသည် သူ့ကို တစ်ချက် ကြည့်ရုံဖြင့်ပင် ကျန်းဟန်ထျန်းမှန်း သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ငါအနည်းအကျဥ်းတော့ ခန်းမှန်လို့ရပါတယ်”
ကျန်းချန်ဟွမ်က သက်ပြင်းချ၍ ပြောလိုက်သည်။
“အဲဒီအချိန်က ကိစ္စတချို့ကြောင့် ငါ လူသားဧကရာဇ်နန်းတော်မှာ ရှိမနေနိုင်ခဲ့ဘူး.. လူသားဧကရာဇ်နန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် ငါတောင်းပန်ပါတယ်”
“အဲဒါဆိုရင် အကြီးအကဲချန်ဟွမ်က ဘာလို့ ကျွန်တော့်ကို တားနေရတာလဲ”
“စိတ်အေးအေးထားပါ”
ကျန်းချန်ဟွမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် ငါမင်းကို လာတားတာက ကျေးဇူးကြွေးဆပ်ဖို့တင် မဟုတ်ဘူး.. မင်း ကျန်းဟန်ထျန်းရဲ့သားက လူသားဧကရာဇ်တစ်ပါးရဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ချင်လို့လည်း ပါတယ်”
ကျန်းဝူရက ခဏမျှ မှင်တက်သွားခဲ့သည်။
“အကြီးအကဲက ဘာကိုဆိုလိုတာလဲ”
“တကယ်တမ်းပြောရရင် ငါကျန်းချန်ကို သဘောကျပါတယ်.. ဒါက သူ့အတွက်တော့ စမ်းသပ်မှု တစ်ခုပဲ”
ကျန်းချန်ဟွမ်က ပြုံး၍ ပြောလိုက်သည်။
“ဒီတစ်ကြိမ် ကျန်းချန်သာ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်ဆိုရင် သူက မျိုးဆက်သစ် လူသားဧကရာဇ် ဖြစ်လာပါလိမ့်မယ်”
အခန်း(၂၃၁၁)ပြီး၏။
အခန်း(၂၃၁၂)
ကျန်းချန်ဟွမ်၏ စကားကိုကြားလျှင် ကျန်းဝူရသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ယနေ့တွင် ကျန်းချန်ဟွမ်သည် သူ့ကို လာရောက် တားဆီးခြင်းဖြစ်သော်လည်း ကျန်းထျန်းကျွင်းနှင့် ပူးပေါင်းကာ ကျန်းချန်ကို ကိုင်တွယ်ရန် ကြိုးစားနေခြင်း မဟုတ်ပုံရ၏။
သို့သော်လည်း ထိုသို့ပင် ဖြစ်လင့်ကစား ကျန်းဝူရသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
“အကြီးအကဲချန်ဟွမ်.. အကြီးအကဲရဲ့စမ်းသပ်မှုက နည်းနည်းမလွန်လွန်းဘူးလား.. ကျန်းချန်က နတ်ဘုရင် သတ္တမအဆင့်ကျင့်ကြံသူ သုံးယောက်ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ”
“ငါနားလည်ပါတယ်”
ကျန်းချန်ဟွမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“တကယ်တမ်းပြောရရင် ကျန်းချန် အရှေ့ဘက်ဒေသကို သွားကတည်းက မင်းလည်း လိုက်သွားလို့ရသားပဲ.. ဘာလို့ မင်းမလိုက်သွားတာလဲ”
ကျန်းဝူရက ခဏမျှ နှုတ်ဆိတ်သွားပြီးမှ ကျန်းချန်ဟွမ်ကိုပြောလိုက်သည်။
“ဒါက ကျန်းချန်ရဲ့ အစီအစဥ်ကြောင့်ပါ.. ဒီလိုလုပ်မှပဲ သူက လူသားဧကရာဇ်နန်းတော်ကို ပိုပြီး မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်”
“သူပြောတာအမှန်ပဲ.. ဒီနေ့ခေတ် လူသားဧကရာဇ်နန်းတော်က အရင်က လူသားဧကရာဇ်နန်းတော်လို မဟုတ်တော့ဘူး.. လူသားဧကရာဇ်နန်းတော်ရဲ့အရှုပ်ထုတ်တွေကို ရှင်းမထုတ်ဘူးဆိုရင် သူ လူသားဧကရာဇ်ဖြစ်လာရင်တောင် လူသားဧကရာဇ်နန်းတော်ကို ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်.. ဒီတစ်ကြိမ်က သူ့အတွက် အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ် မင်းကသာ မင်းရဲ့သားအတွက် စိုးရိမ်နေလို့ တချို့အရာတွေကို မမြင်နိုင်တာပါ.. မင်းရဲ့သားက မင်းထင်ထားတာထက် ပိုပြီး ကိုင်တွယ်ရခက်ခဲပါတယ.. တကယ်လို့ သူသာ သူ့ဆီမှာရှိတဲ့ ဝှက်ဖဲတွေအားလုံးကို ထုတ်သုံးလိုက်မယ် ဆိုရင် ငါတောင်မှ အသာစီးရဖို့ မလွယ်လောက်ဘူး”
ကျန်းချန်ဟွမ်က ခေါင်းကို ခါရမ်းကာ ပြောလိုက်ပြီးနောက်တွင် သူ့ရှေ့ရှိ ကျောက်စားပွဲပေါ်မှ ကျားစေ့များ ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“လာပါ ငါနဲ့အတူ ကျားတစ်ပွဲလောက် ကစားရင်း စိတ်အေးအေးထားပြီး စောင့်ကြည့်ကြတာပေါ့”
ကျန်းဝူရက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ဟွမ်၏ ရှေ့တွင် ချက်ချင်းပင် ထိုင်ချလိုက်သည်။
ကိစ္စက ဤအထိပင် ရောက်ရှိနေပြီ ဖြစ်ရာ အကယ်၍ ကျန်းချန်ဟွမ်သာ သူ့ကို လှုပ်ရှားရန် အခွင့်အရေး မပေးဖို့ ဆုံးဖြတ်ထားလျှင် သူ့အနေဖြင့် ခြံဝင်းထဲကနေ ထွက်သွားရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
ထို့အပြင် ကျန်းထျန်းကျွင်းတို့ သုံးယောက် လူသားဧကရာဇ်မြို့တော်ကနေ ထွက်ခွာသွားသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
သူ့အနေဖြင့် ကျန်းချန်ကို ကူညီချင်သည် ဆိုလျှင်ပင် အချိန်မီချင်မှ မီပေတော့မည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းဝူရက ဘာမှ ထပ်မစဥ်းစားတော့ဘဲ ကျန်းချန်ဟွမ်နှင့် အတူ ကစားပွဲထဲတွင်သာ အာရုံစူးစိုက်လိုက်တော့သည်။
မသိလိုက် မသိဘာသာဖြင့်ပင် နာရီဝက်ဟူသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ကျားစေ့ကို ရွှေ့ကာနီး ကျန်းချန်ဟွမ်၏ အမူအရာသည် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။
ကျန်းဝူရ၏ မျက်ဝန်းများက လင်းလက်သွားခဲ့၏။
“အကြီးအကဲချန်ဟွမ် သတင်းတစ်ခုခုရလို့လား”
ကျန်းချန်ဟွမ်က ခေါင်းညိတ်ကာ အလေးအနက် ပြောလိုက်သည်။
“အခုလေးတင်ပဲ ကျန်းမျိုးနွယ်စုမှာရှိတဲ့ ကျန်းထျန်းကျွင်းရဲ့ ဝိညာဥ်ကမ္ပည်းတိုင်က ပျက်စီးသွားခဲ့ပြီ”
“ကျန်းထျန်းကျွင်း သေသွားပြီလား”
ကျန်းချန်ဟွမ်၏ စကားကိုကြားလျှင် ကျန်းဝူရသည် ဝမ်းသာသွားခဲ့သည်။
ယခုအခါတွင် ကျန်းချန်က အလွန်အမင်း အစွမ်းထက်နေမှန်းသူသိသော်လည်း ကျန်းထျန်းကျွင်းသည် နတ်ဘုရင်သတ္တမအဆင့် သုံးယောက်ကို စုစည်းကာ ကျန်းချန်ကို ရှင်းလင်းရန် လုပ်ဆောင်နေသည်ဟု သိလိုက်ရစဥ်တွင် သူက စိုးရိမ်ပူပန်မိခဲ့သည်။
ယခု ကျန်းထျန်းကျွင်း ကျရှုံးသွားပြီ ဖြစ်ရာ ကျန်းချန်သည် ထိုအခက်အခဲကနေ ကျော်လွှားနိုင်ခဲ့ပြီဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။
“ငါ အဲဒီကောင်လေးကို လျှော့တွက်မိခဲ့တဲ့ပုံပဲ.. သူက ငါထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်နေတယ်.. သိပ်မကြာခင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာတော့မယ် ဆိုတော့ နတ်ကုန်းမြေတိုက်တစ်ခုလုံး ကသောင်းကနင်း ဖြစ်လာတော့မယ်.. ဒါကြောင့် ငါတို့ လူသားဧကရာဇ်နန်းတော်မှာလည်း လူသားဧကရာဇ်တစ်ပါး ရှိလာဖို့ အချိန်တန်ပြီ”
စကားဆုံးသည်နှင့် ကျန်းချန်ဟွမ်၏ ပုံရိပ်သည် ခြံဝန်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လူသားဧကရာဇ်နန်းတော်ရှိ ကျီမျိုးနွယ်စုတွင် ကျီချန်းယဲ့ အပါအဝင် ကျီမျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲ အများအပြားသည် အစည်းအဝေးခန်းထဲတွင် စုဝေးနေခဲ့ကြသည်။
ခန်းမအတွင်းရှိ အငွေ့အသက်သည် အထူးပင် လေးနက်နေခဲ့၏။
“အားလုံးပဲ.. ခုနကလေးတင် ဘိုးဘေးကျီထုံဟွာရဲ့ ဝိညာဥ်ကမ္ပည်းတိုင် ပျက်စီးသွားခဲ့ပြီ”
အချိန်မည်မျှကြာသွားသည် မသိရပေ။
ကျီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကျီရွမ်ရင်းသည် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ဖြိုခွဲလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျီမျိုးနွယ်စုမှ အဆင့်မြင့်ပုဂ္ဂိုလ် အများအပြား၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။
“မျိုးနွယ်စုခေါင်းဆောင် ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ခေါင်းဆောင် အမြင်မမှားဘူး ဆိုတာ သေချာရဲ့လား”
ကျီမျိုးနွယ်စု၏ အကြီးအကဲတစ်ဦး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
ဤတစ်ကြိမ် သူတို့က ကျန်းချန်ကို ကြားဖြတ်တားဆီးခဲ့ရာတွင် သူတို့ ကျီမျိုးနွယ်စု၏ ဘိုးဘေး ကျီထုံဟွာ အပြင် တခြား နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ နှစ်ယောက်ပင် ပူးပေါင်းပါဝင်ခဲ့သည် မဟုတ်ပါလား။
အစွမ်းထက် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ သုံးယောက်က ကျန်းချန်ကို ကြားဖြတ် တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ကျန်းချန်၏ လက်ထဲ၌ သူတို့၏ ဘိုးဘေးသည် ကျရှုံးသွားခဲ့ပါသလော။
သူတို့၏ အမြင်အရ ကျန်းချန်က မည်မျှပင်သန်မာပါစေ၊ ဤမျှအထိတော့ မသန်မာလောက်ပေ။
ကျီရွမ်ရင်းက လေးနက်စွာ ပြောလိုက်သည်။
“ငါ အမြင်မမှားဘူးဆိုတာ သေချာပါတယ်.. ဒါ့အပြင် ကျန်းမျိုးနွယ်စုက ကျန်းထျန်းကျွင်းရဲ့ ဝိညာဥ်ကမ္ပည်းတိုင်လည်း ကျိုးပျက်သွားပြီလို့ ငါ သတင်းရထားတယ်”
“ကျန်းထျန်းကျွင်းလည်း ကျရှုံးသွားခဲ့ပြီလား”
ကျီမျိုးနွယ်စုမှ အဆင့်မြင့်ပုဂ္ဂိုလ် အများအပြား၏ မျက်နှာထက်တွင် ရုတ်တရက် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူသုံးယောက်က ကျန်းချန်ကို ကြားဖြတ်သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း သုံးယောက်ထဲတွင် နှစ်ယောက်သည် ကျရှုံးသွားခဲ့သည်။
ဤအချက်ကို ကြည့်လျှင် ထိုကြားဖြတ်တိုက်ခိုက်မှုသည် ကျရှုံးသွားခဲ့ပြီမှန်း ထင်ရှားနေခဲ့၏။
“မျိုးနွယ်စုခေါင်းဆောင် ကြားဖြတ်တိုက်ခိုက်မှုကျရှုံးသွားခဲ့ပြီဆိုတော့ ကျန်းချန် ပြန်ရောက်လာတာနဲ့ လူသားဧကရာဇ် အရိုက်အရာကို သေချာပေါက် ဆက်ခံနိုင်တော့မှာပဲ.. ငါတို့ အခု ဘာဆက်လုပ်သင့်လဲ”
ကျီမျိုးနွယ်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်များသည် သိသိသာသာပင် ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။
“အညံ့ခံရုံကလွဲလို့ တခြားဘာလုပ်နိုင်ဦးမှာလဲ”
ကျီရွမ်ရင်းက ခဏမျှ စဥ်းစားပြီးမှ လေးနက်စွာ ပြောလိုက်သည်။
“အခုအချိန်ကစပြီး ကျီမျိုးနွယ်စုက ကျန်းချန် လူသားဧကရာဇ်ဖြစ်လာမှာကို အပြည့်အဝ ထောက်ခံရမယ်.. ဒါ့အပြင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက အဖွဲ့ဝင်တွေကိုလည်း ချက်ချင်း လူလွှတ်ပြီး ပြန်ခေါ်လိုက်ကြပါ”
ထိုစဥ်ကဖြစ်ရပ်တွင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုသည်လည်း အဓိကအခန်းကဏ္ဍ တစ်ရပ်ကနေ ပါဝင်ခဲ့သည်။
ယခု ကျန်းချန်က လူသားဧကရာဇ် ဖြစ်လာပြီး လူသားဧကရာဇ်နန်းတော်ကို တာဝန်ယူဖို့ သေချာနေသည် ဖြစ်ရာ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု အနေဖြင့် လက်နက်ချ အညံ့ခံရုံသာ ရှိတော့၏။
သို့မဟုတ်လျှင် လူသားဧကရာဇ်မြို့တော်တွင် သူတို့ ကျီမျိုးနွယ်စုအတွက် နေရစရာနေရာ ရှိတော့မည်မဟုတ်ပေ။
လူသားဧကရာဇ်မြို့တော်၏ အပြင်ဘက်ကနေ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် မြို့တော်ထဲသို့ ဖြည်းဖြည်းချင်း လှမ်းဝင်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ ကျန်းထျန်းကျွင်းတို့ လူစုကို ရှင်းလင်းပြီး လူသားဧကရာဇ်မြို့တော်သို့ အလျင်အမြန် ပြန်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။
ရုတ်တရက် လေထုထဲတွင် အေးအေးလူလူ လျှောက်လှမ်းနေသော ကျန်းချန်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လေထု တစ်နေရာကို လှမ်းကြည့်လိုက်သည်။
ထိုအခါ ပိန်လှီပြီး ခါးကိုင်းနေသော အဘိုးအိုတစ်ဦးသည် သူ၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့၏။
ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအိုကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုပိန်လှီနေသော အဘိုးအိုတွင် အရှိန်အဝါ တစ်စုံတစ်ရာမျှ ရှိမနေခဲ့ပေ။
၎င်းက ခါးကိုင်းနေပြီး သေခါနီး အဘိုးအိုတစ်ဦးနှင့်ပင် ဆင်တူနေခဲ့၏။
သို့သော်လည်း သူ့ရှေ့မှ ပိန်လှီသော အဘိုးအိုသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အနည်းဆုံး နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်နိုင်ကြောင်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။
ကျန်းချန် မြင်ဖူးသမျှ အစွမ်းထက် ကျင့်ကြံသူအားလုံးထဲတွင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မက လွဲလျှင် လနတ်ဘုရားနန်းတော်မှ အကြီးအကဲယွဲ့လီ တစ်ဦးတည်းသာလျှင် ထိုအဘိုးအိုနှင့် ယှဥ်နိုင်လိမ့်မည်ဟု သူ တွေးမိခဲ့သည်။
“စီနီယာကလည်း ကျွန်တော့်ကို သတ်ဖို့ လာခဲ့တာလား”
ကျန်းချန်က သူ့ရှေ့မှ ပိန်လှီသော အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ငါ့မှာ မင်းကို သတ်နိုင်တဲ့စွမ်းရည် မရှိပါဘူး”
ပိန်လှီသော အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါက ကျန်းချန်ဟွမ်ပါ.. လူသားဧကရာဇ်နန်းတော်ရဲ့ ၆၂ဆက်မြောက် လူသားဧကရာဇ်ကို အထူးတလည် လာရောက်တွေ့ဆုံတာပါ.. သိပ်မကြာခင်မှာ နတ်ကုန်းမြေတိုက်က အင်အားစုအများအပြားကို လူသားဧကရာဇ် အရိုက်အရာ ဆက်ခံပွဲအခမ်းအနားမှာ တက်ရောက်ဖို့ ငါဖိတ်ကြားလိုက်ပါ့မယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်က ခဏမျှမှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူက ခေါင်းခါရမ်းကာ ပြောလိုက်၏။
“လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံဖို့အတွက် အခမ်းအနား ကျင်းပစရာ မလိုပါဘူး.. အင်အားစုတွေဆီ အသိပဲ ပေးလိုက်ပါ.. ကျွန်တော်တို့မှာ အချိန်တွေအများကြီး မရှိတော့ဘူး”
ကျန်းချန်၏ စကားကိုကြားလျှင် ကျန်းချန်ဟွမ်သည် ရုတ်တရက် မှင်တက်သွားခဲ့သည်။
ကျန်းချန်က လေးနက်စွာ ပြောလိုက်၏။
“ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာတော့မယ်.. ဒါကြောင့် ကျွန်တော်က ဘာမဟုတ်တဲ့ ပကာသနကိစ္စတွေနဲ့ အချိန်မဖြုန်းချင်တော့ဘူး”
“ငါနားလည်ပါပြီ”
ကျန်းချန်ဟွမ်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်နေ့တွင် မရေမတွက်နိုင်သော ထိပ်တန်း အင်အားစုများကို အံ့ဩတုန်လှုပ်စေသည့် သတင်းတစ်ခုသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ထိုသတင်းမှာ လူသားဧကရာဇ်နန်းတော်သည် ကျန်းချန်ကို ၆၂ဆက်မြောက် လူသားဧကရာဇ်အဖြစ် တင်မြှောက်လိုက်သော သတင်းပင်။
အခန်း(၂၃၁၂)ပြီး၏။