← Chapters

အခန်း (၂၃၁၃-၂၃၁၄)

Vol. 172 Ch. 2313-2314

အခန်း (၂၃၁၃-၂၃၁၄)

Vol. 172 Ch. 2313-2314

အခန်း(၂၃၁၃)

လူသားဧကရာဇ်နန်းတော်က ကျန်းချန်ကို ၆၂ဆက်မြောက် လူသားဧကရာဇ် အဖြစ် တင်မြှောက်လိုက်သော သတင်းသည် နတ်ကုန်းမြေတိုက်တွင် ပျံ့နှံ့သွားသဖြင့် မရေမတွက်နိုင်သော အင်အားစုများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

လူသားဧကရာဇ်နန်းတော် ဆိုသည်မှာ တစ်ချိန်က နတ်ကုန်းမြေတိုက်ကို အုပ်စိုးခဲ့သော အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်၏။

ယနေ့ခေတ်တွင် လူသားဧကရာဇ်နန်းတော်သည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းလျာ ပျောက်ဆုံးပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပြီး အတိတ်ကလို ခန့်ညားထည်ဝါမှုမျိုး ရှိမနေတော့ပေ။

သို့သော်လည်း ပိန်လှီသော ကုလားအုပ်သည် မြင်းထက်ကြီးမားနေဆဲ ဟူသော စကားပုံကဲ့သို့ပင် ယနေ့ခေတ် လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်ပေါ်ရှိ မည်သည့်အင်အားစုကိုမဆို ကြောက်ရွံ့သွားစေရန် လုံလောက်နေဆဲဖြစ်၏။

ထို့ကြောင့် လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ်တစ်ပါးကို တင်မြှောက်လိုက်သည် ဟူသော သတင်းသည် နတ်ကုန်းမြေတိုက်တွင် ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ကြီးမားသော လှုပ်ခတ်မှုကို သဘာဝကျစွာပင် ဖြစ်ပေါ်စေခဲ့သည်။

ယင်းအပြင် လူသားဧကရာဇ်နန်းတော်က တင်မြှောက်လိုက်သော လူသားဧကရာဇ်သည် လူသားဧကရာဇ်နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ကျန်းရွမ် မဟုတ်ဘဲ ကျန်းချန်ဟု အမည်ရသည့် လူငယ်တစ်ဦး ဖြစ်နေသည်ကို ကြားသိရလျှင် အားလုံးက ပို၍ပင် အံ့ဩ တုန်လှုပ်သွားခဲ့ကြသည်။

“ကျန်းချန်က ဘယ်သူလဲ.. လူသားဧကရာဇ်နန်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင် ကျန်းရွမ်ကို ကျော်ဖြတ်ပြီး လူသားဧကရာဇ်အရိုက်အရာကို ဘယ်လိုလုပ် ဆက်ခံနိုင်ရတာလဲ”

“မင်းရဲ့သတင်းက အရမ်းကို နောက်ကျနေတာပဲ.. ကျန်းချန်က ဘယ်သူလဲဆိုတာတောင် မင်းမသိဘူးလား.. ဒီကောင်လေးက နတ်ကုန်းမြေတိုက်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် အသစ်တစ်ယောက်ပဲ.. သူက ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှာ ရှိစဥ်ကတည်းက ကောင်းကင်အရှင် အဆင့်နဲ့တင် လုံကျိုးဟန်ကို အနိုင်ယူခဲ့တယ်"

"သိပ်မကြာခင်ကပဲ သူက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို မြေလှန်ပစ်ခဲ့ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုရဲ့ ဘိုးဘေးယိုဖိုထျန်းကိုတောင် အနိုင်ယူခဲ့သေးတယ်”

“အမှန်ပဲ.. ကျန်းချန်ရဲ့ပါရမီက ကျန့်ဝူရှင်းကိုတောင် ကျော်လွန်သွားခဲ့ပြီ.. အခုဆိုရင် သူ့ကို နတ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့တောင် သတ်မှတ်ထားကြပြီ.. ဒါပေမဲ့ သူက လူသားဧကရာဇ်နန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီး လူသားဧကရာဇ်ရဲ့ ရာထူးကို ဆက်ခံလိမ့်မယ်လို့တော့ ငါမထင်ထားခဲ့ဘူး.. ဒီအတိုင်းဆို လူသားဧကရာဇ်နန်းတော်က အရင်လို ပြန်လည် ထွန်းတောက်လာတော့မှာပဲ”

“...........”

နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်အသစ်နှင့် ပတ်သက်၍ အချိန်အတော်ကြာသည်အထိ ဆွေးနွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

နတ်ကုန်းမြေတိုက်မှ အင်အားစု အများအပြားသည် လူသားဧကရာဇ်အသစ်ကို ဂုဏ်ပြုရန်အတွက် သံတမန်များကို စေလွှတ်ခဲ့ကြသည်။

သို့ရာတွင် ကျန်းချန်က လူသားဧကရာဇ်နန်းတော်၏၆၂ဆက်မြောက် လူသားဧကရာဇ်ဖြစ်လာသည် ဟူသော သတင်းသည် နတ်ကုန်းမြေတိုက်တွင် ကြာရှည်မခံခဲ့ဘဲ ထိတ်လန့်စရာကောင်းသော သတင်းတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

ထိုသတင်းမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို အင်အားအပြည့်ဖြင့် ကျူးကျော်ဝင်ရောက်လာသော သတင်းပင်။

တစ်ချိန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး နတ်ကုန်းမြေတိုက်နှင့် ထာဝရဟင်းလင်းပြင်ကို တိုက်ရိုက် ဆက်သွယ်ထားသည့် မရေမတွက်နိုင်သော ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံများကို တည်ဆောက်ခဲ့ကြသည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ရှုံးနိမ့်သွားပြီးနောက်တွင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံများကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သော်လည်း မဖျက်ဆီးနိုင်ခဲ့ပေ။

ထို့ကြောင့် ထိုဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ တစ်ခုချင်းစီကို စည်းတံဆိပ်ခတ်ကာ စောင့်ကြပ်ရန်အတွက် အင်အားစုအသီးသီးကို နေရာချထားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို စည်းတံဆိပ်ခတ်ထားသည့် နေရာများကို နတ်ကုန်းမြေတိုက်တွင် နတ်ဆိုးတားမြစ်နယ်မြေများဟု ခေါ်ဆိုကြ၏။

ကျန်းချန် လူသားဧကရာဇ်ဖြစ်လာပြီး မကြာမီမှာပင် နတ်ကုန်းမြေတိုက်ပေါ်ရှိ နတ်ဆိုးတားမြစ် နယ်မြေများသည် တစ်ချိန်တည်းမှာပင် စည်းတံဆိပ်များ ချိုးဖျက်ခံခဲ့ရသည်။

ဤသို့ဖြင့်ပင် ဟင်းလင်းပြင်နတ်ဆိုးများသည် နတ်ကုန်းမြေတိုက်ပေါ်သို့ ကျူးကျော်လာခဲ့ကြ၏။

တစ်ခဏအတွင်းမှာပင် နတ်ကုန်းမြေတိုက်တစ်ခုလုံး၏ အခြေအနေသည် ကသောင်းကနင်း ဖြစ်သွားခဲ့ပြီး နေရာတိုင်းတွင် သတ်ဖြတ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်၏ တစ်ချိန်က အရှင်သခင် ဖြစ်ခဲ့ဖူးသည့် လူသားဧကရာဇ်နန်းတော်သည်လည်း နတ်ဆိုးတားမြစ်နယ်မြေတစ်ခုကို သဘာဝကျစွာပင် စောင့်ကြပ်နေခဲ့ရပြီး ထိုနတ်ဆိုးတားမြစ်နယ်မြေသည် နတ်ကုန်းမြေတိုက်၏ အကြီးမားဆုံးသော နတ်ဆိုးတားမြစ်နယ်မြေလည်း ဖြစ်သည်။

သို့ရာတွင် လူသားဧကရာဇ်နန်းတော်မှ စောင့်ကြပ်နေသော နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ခတ်မှုသည် အတော်လေး ခိုင်ခန့်သောကြောင့် ဟင်းလင်းပြင်နတ်ဆိုးများသည် တစ်ခဏအတွင်း ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

ကျန်းချန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေမှ တစ်ဆင့် နတ်ကုန်းမြေတိုက်သို့ ကျူးကျော်လာသည့် သတင်းအားရရှိပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်၏ လက်အောက်ရှိ မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များကို ဆွေးနွေးရန်အတွက် အစည်းအဝေးခေါ်ယူခဲ့သည်။

“အားလုံးပဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို နောက်တစ်ကြိမ် ကျူးကျော်လာတဲ့ သတင်းကို သိကြမယ်လို့ ထင်ပါတယ်.. အခု နတ်ကုန်းမြေတိုက်ပေါ်မှာ ရှိတဲ့ နတ်ဆိုးတားမြစ်နယ်မြေတွေရဲ့ စည်းတံဆိပ်က ချိုးဖျက်ခံနေရပြီဆိုတော့ ငါတို့ လူသားဧကရာဇ်နန်းတော် စောင့်ကြပ်နေတဲ့ နတ်ဆိုးတားမြစ်နယ်မြေမှာ ဘယ်သူတွေ စောင့်ကြပ်နေလဲ.. ဘယ်လို အပြောင်းအလဲတွေ ရှိသလဲဆိုတာ ငါသိချင်တယ်”

ထိုစကားကိုပြောပြီးနောက်တွင် အဓိက ထိုင်ခုံတွင် ထိုင်နေသည့် ကျန်းချန်၏ အကြည့်သည် မျိုးနွယ်စုခေါင်းဆောင်များဆီသို့ ကျရောက်သွားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကျူးကျော်လာကြသဖြင့် နတ်ကုန်းမြေတိုက် တစ်ခုလုံးက ယခုအခါတွင် ကသောင်းကနင်း ဖြစ်နေခဲ့သည်။

သို့သော်လည်း ကျန်းချန် အနေဖြင့် အရာအားလုံးကို ဂရုစိုက်နေရန် အချိန်မရှိပေ။

ဆိုရလျှင် သူက လူသားဧကရာဇ်နန်းတော်ကနေ စောင့်ကြပ်နေသော နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စကို အရင်ဆုံး ဖြေရှင်းရလိမ့်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ လူသားဧကရာဇ်နန်းတော်က စောင့်ကြပ်နေသည့် နတ်ဆိုးတားမြစ် နယ်မြေသည် တစ်ချိန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အရေးပါဆုံး စခန်းများထဲမှ တစ်ခု ဖြစ်ခဲ့သည်။

ထိုဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ ထဲတွင် အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဝင်များစွာ ရှိ၏။

အကယ်၍သာ ဤနတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ချိုးဖျက်ခံရလျှင် နတ်ကုန်းမြေတိုက်၏ အခြေအနေသည် ပို၍ပင် အန္တရာယ်များသွားပေလိမ့်မည်။

“ဧကရာဇ်ကို တင်ပြပါရစေ.. လောလောဆယ်တော့ နတ်ဆိုးတားမြစ်နယ်မြေကို ကျွန်တော်တို့ ရဲ့မျိုးနွယ်စုက စောင့်ကြပ်နေပါတယ်.. သိပ်မကြာခင်ကစပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက စည်းတံဆိပ်ကို ချိုးဖျက်ဖို့ ကြိုးစားနေကြတယ် ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရဆိုရင် အကြာဆုံးဆယ်ရက် ဒါမှမဟုတ် အမြန်ဆုံး သုံးရက် အတွင်းမှာ တားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ချိုးဖျက်သွားနိုင်လောက်တယ်”

ရဲ့မျိုးနွယ်စု၏ ခေါင်းဆောင်က အလျင်အမြန်ပင် ထရပ်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အပိုစကားများ ပြောမနေတော့ဘဲ ပြတ်ပြတ်သားသားပင် အမိန့်ပေးလိုက်သည်။

“လူသားဧကရာဇ်နန်းတော်ရဲ့ အင်အားတွေကို နတ်ဆိုးတားမြစ်နယ်မြေဆီမှာ ချက်ချင်းစုစည်းပါ.. အချိန်မရွေး တိုက်ပွဲဝင်နိုင်ဖို့ အဆင်သင့် ပြင်ထားကြပါ”

“လူသားဧကရာဇ်.. ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို အကူအညီတောင်းရင် ကောင်းမယ်လို့ ထင်တယ်.. ကျွန်တော်တို့ လူသားဧကရာဇ်နန်းတော် တစ်ခုတည်းနဲ့ ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”

မျိုးနွယ်စုခေါင်းဆောင် တစ်ဦးက အနည်းငယ် တုံ့ဆိုင်းသောအမူအရာဖြင့် ပြောလိုက်သည်။

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

“စိတ်မပူပါနဲ့.. ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ အစီအစဥ် ရှိပါတယ်.. မင်းတို့ ငါ့အမိန့်ကိုပဲ အမြန်ဆုံး အကောင်အထည်ဖော်ကြ”

ကျန်းချန်၏ စကားကိုကြားလျှင် မျိုးနွယ်စုခေါင်းဆောင်များသည် ဘာမှ အထွန့်မတက်တော့ဘဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် စစ်ပွဲအတွက် ပြင်ဆင်ရန် အစည်းအဝေးခန်းမကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

မကြာမီမှာပင် ခန်းမထဲ၌ ကျန်းချန်နှင့် ကျန်းဝူရတို့ သားအဖနှစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။

“အဖေ.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ကိစ္စကို အဖေ့လက်ထဲပဲ လောလောဆယ် အပ်ထားခဲ့ပါရစေ.. သား လူသားဧကရာဇ်မြို့ကနေ ခဏလောက် ထွက်သွားရလိမ့်မယ်”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ကျန်းဝူရကိုတိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်းက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ဆီကို အကူအညီတောင်းဖို့ ခရီးထွက်မလို့လား”

ကျန်းဝူရက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အခုချိန်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကြောင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကလည်း အလုပ်တွေ အရမ်းများနေတာ ဆိုတော့ ငါတို့ဆီ စစ်ကူလွှတ်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”

“သား သိပါတယ်.. ဒါကြောင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ဆီကို စစ်ကူတောင်းဖို့ အစီအစဥ်မရှိပါဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေတွင် သူတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ကျန်းဝူရအား ပြောပြလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ကျန်းဝူရ၏ မျက်နှာအမူအရာထက်၌ မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဘယ်လို.. ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစုဖြစ်တဲ့ လနတ်ဘုရားနန်းတော်က အခုအချိန်အထိ ရှိနေသေးတယ်လား”

“ဟုတ်တယ်အဖေ.. လနတ်ဘုရားနန်းတော်ရဲ့ အရှင်သခင်က သူ့ရဲ့စွမ်းအားတွေနဲ့ လနတ်ဘုရားနန်းတော်ကို ထိန်းသိမ်းထားခဲ့တယ်.. လနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်မက အနည်းဆုံးတော့ နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့ပြီ.. ဒါကြောင့် သားက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကို သွားပြီး လနတ်ဘုရားနန်းတော်ကို အကူအညီသွားတောင်းဆိုဖို့ အစီအစဥ်ရှိပါတယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အင်အားကြီးမားပြီး အုပ်ချုပ်သူ ၇၂ပါး၊ အကြီးအကဲ ၃၆ပါးနှင့် မဟာနတ်ဆိုးဘုရင် ရှစ်ပါး ရှိသည်။

လူသားဧကရာဇ်နန်းတော်က စောင့်ကြပ်နေသည့် နတ်ဆိုးတားမြစ်နယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အရေးပါဆုံး စခန်း ဖြစ်ရာ ထိုနေရာတွင် အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ ရှိနေမည်မှာ သေချာသည်။

၎င်းတို့က မည်မျှအစွမ်းထက်မှန်း သူ မသိသော်လည်း သူ့အနေဖြင့် ကိုင်တွယ်နိုင်မည့်အရာ မဟုတ်သည်မှာတော့ သေချာသလောက်ပင်။

ယခုအခါတွင် သူက အကူအညီ လိုအပ်နေခဲ့သည်။

ထို့ကြောင့် အကူအညီအတွက် အကောင်းဆုံးနည်းလမ်းမှာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ သွားရောက်ပြီး လနတ်ဘုရားနန်းတော်ကို အကူအညီပေးရန် တောင်းဆိုခြင်းပင် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေကာမူ လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလကတည်းပင် တည်ရှိခဲ့သည့် အင်အားစု တစ်စုဖြစ်၍ လနတ်ဘုရားနန်းတော်၏ စွမ်းရည်သည် အတိုင်းအဆမရှိ နက်နဲသည်ဟု ဆိုနိုင်သည်။

နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် နန်းတော်သခင်မတစ်ဦးတည်းကပင် ယနေ့ခေတ် နတ်ကုန်းမြေတိုက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။

အကယ်၍ လနတ်ဘုရားနန်းတော် ဆီမှ အကူအညီရမည်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူရန်မှာ သေချာပေါက်ပို၍ လွယ်ကူသွားပေလိမ့်မည် မဟုတ်ပါလား။

ကျန်းဝူရက အချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်ပင်‌ပြောလိုက်သည်။

“ကောင်းပြီ ချန်အာ.. မင်းအမြန်သွားပြီး အမြန်ဆုံးပြန်လာဖို့ ကြိုးစားပါ.. တားမြစ်နယ်မြေရဲ့ စည်းတံဆိပ်က သိပ်ကြာကြာ မခံလောက်တော့ဘူး”

“စိတ်မပူပါနဲ့အဖေ.. သားအမြန်ဆုံး ပြန်လာခဲ့ပါ့မယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လေထဲတွင် လက်ခနဲဖြစ်သွားခဲ့ပြီး ကျန်းဝူရ၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၃၁၃)ပြီး၏။

အခန်း(၂၃၁၄)

ကျန်းချန်သည် လူသားဧကရာဇ်မြို့မှ ထွက်ခွာပြီးနောက်တွင် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ အလျင်အမြန်ပင် ခရီးနှင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်တွင် သောင်းကျန်းနေသော ဟင်းလင်းပြင် နတ်ဆိုးတချို့နှင့် ရံဖန်ရံခါ ကြုံတွေ့ခဲ့ရပြီး ၎င်းတို့ကို ရှင်းလင်း သုတ်သင်ပစ်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ဟင်းလင်းပြင် နတ်ဆိုးအုပ်စုကြီးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရပေ။

စုံစမ်းမှုတချို့ ပြုလုပ်ပြီးနောက်တွင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်၏ အခြေအနေကို အတိုင်းအတာတစ်ခု အထိ နားလည်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်၏ စည်းတံဆိပ်များကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု မချိုးဖျက်ခင်ကတည်းကပင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို သတိပြုမိခဲ့ပြီး နတ်ဆိုးတားမြစ်နယ်မြေတိုင်း နီးပါးကို စောင့်ကြပ်ရန်အတွက် လူများစေလွှတ်ထားခဲ့သည်။

ထိုလုပ်ရပ်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ စည်းတံဆိပ် ချိုးဖျက်ခြင်းကို မတားဆီးနိုင်ခဲ့သော်လည်း နတ်ကုန်းမြေတိုက်ပေါ်သို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ အလုံးအရင်းနှင့် ပေါ်ထွက်လာခြင်းကိုမူ မဖြစ်ပေါ်စေခဲ့ပေ။

စည်းတံဆိပ်ကို ချိုးဖျက်ပြီးနောက်တွင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု အနည်းငယ်ကသာ နတ်ကုန်းမြေတိုက်ထဲသို့ ဝင်ရောက်လာနိုင်ခဲ့ပြီး အများစုကမူ ခုခံတားဆီးခြင်းခံထားရ၏။

“အခြေအနေက ငါထင်ထားတာထက် အများကြီး ပိုကောင်းနေပုံပဲ”

နတ်ကုန်းမြေတိုက်၏ အခြေအနေကို သိလိုက်ရပြီးနောက်တွင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် အုပ်ချုပ်သူ ၇၂ပါးနှင့် အကြီးအကဲ ၃၆ဦး ရှိ၍ အင်အားကြီးမားသော်လည်း နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင်စာရင်းဝင် ကျင့်ကြံသူများသည်လည်း ပေါ့သေးသေးများ မဟုတ်ကြပေ။

၎င်းတို့က ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနှင့် ယှဥ်လျှင် အနည်းငယ် အားနည်းနိုင်သော်လည်း အနည်းဆုံးတော့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ နတ်ကုန်းမြေတိုက်ကို လွှမ်းမိုးမည့်အချိန်အား နှောင့်နှေးစေနိုင်ပြီး သူ့အတွက် အချိန်အတိုင်းတစ်ခုကို ရရှိစေနိုင်သည် မဟုတ်ပါလား။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

နာရီဝက်မပြည့်မီမှာပင် ကျန်းချန်သည် အလယ်ပိုင်းဒေသ၏ နယ်မြေ အများစုကို ဖြတ်ကျော်ကာ နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေထဲသို့ ရောက်သည်နှင့် ကျန်းချန်သည် လနတ်ဘုရားနန်းတော်ရှိရာ ဆီသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

သူက သူ့ရှေ့ရှိ တိတ်ဆိတ် အေးချမ်းသော လနတ်ဘုရားနန်းတော်ကို မော့ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“နန်းတော်သခင်မ.. ကျန်းချန် လာရောက်တွေ့ဆုံပါတယ်.. ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါ”

ကျန်းချန်၏ စကားသံ အဆုံးမှာပင် နန်းတော်သခင်မသည် ကျန်းချန်၏ ရှေ့သို့ ဆင်းသက်လာခဲ့သည်။

နန်းတော်သခင်မ၏ အေးစက်စက် အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ကောင်လေး မင်း ငါ့ကို ဘာအတွက် လာရှာတာလဲ”

ကျန်းချန်က လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီတစ်ကြိမ် ရောက်လာတာက ချင်းရွှယ်နဲ့ တွေ့ချင်လို့ပါ သခင်မ.. ဒါ့အပြင် သခင်မဆီမှာ အကူအညီ တောင်းစရာလည်း ရှိလို့ပါ”

“ချင်းရွှယ်က လနတ်ကျောက်တုံးရဲ့ အကူအညီနဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့ပါပြီ.. အခု ချင်းရွှယ်က လနတ်ဘုရားနန်းတော်ရဲ့အမွေအနှစ်ကို လက်ခံနေတယ်.. လောလောဆယ်တော့ မင်းကို တွေ့နိုင်ဦးမှာ မဟုတ်ဘူး”

နန်းတော်သခင်မက ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“ဒါနဲ့ မင်းငါ့ကို လာတွေ့ရတဲ့ အကြောင်းအရင်း ပြောပါဦး.. ငါ မင်းကို ကူညီနိုင်မနိုင် သိရတာပေါ့”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နတ်ကုန်းမြေတိုက်၏ လက်ရှိအခြေအနေကို နန်းတော်သခင်မအား အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ရှင်းပြပြီးနောက်တွင် ကျန်းချန်သည် နန်းတော်သခင်မကို အလေးအနက်ပင် ဂါဝရပြု၍ ပြောလိုက်၏။

“သခင်မ နတ်ကုန်းမြေတိုက်ရဲ့ အင်အားစုတွေက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ကျူးကျော်မှုကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး.. ဒါကြောင့် သခင်မ အကူအညီ ပေးဖို့မျှော်လင့်ပါတယ်”

ကျန်းချန်၏ စကားကိုကြားလျှင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် တစ်ခဏမျှ နှုတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် သူမက လေးနက်စွာ ပြောလိုက်၏။

“တောင်းပန်ပါတယ်.. လနတ်ဘုရားနန်းတော်က ကူညီနိုင်မယ်မထင်ဘူး”

ထိုစကားကို ကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“နန်းတော်သခင်မ ဘာလို့..”

“မင်းထင်သလို မဟုတ်ပါဘူး”

ကျန်းချန်၏ စကားမဆုံးမီမှာပင် နန်းတော်သခင်မသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကျန်းချန်၏ စကားစကို ဖြတ်တောက်လိုက်သည်။

“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ ချန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေ ဆိုတော့ လနတ်ဘုရားနန်းတော်အနေနဲ့ ကူညီသင့်ပါတယ်.. ဒါပေမဲ့ လောလောဆယ်မှာ လနတ်ဘုရားနန်းတော်က ထွက်ပေါ်လာဖို့ မဖြစ်သေးဘူး.. မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြရရင် ချင်းရွှယ်ကို ဒီကိုခေါ်ဖို့အတွက် ယွဲ့လီကို မင်းနဲ့ထည့်ပေးလိုက်တာက ကြီးမားတဲ့ အရင်းအနှီး တစ်ခုပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများ၌ သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“နန်းတော်သခင်မ.. ဘာကြောင့်လဲဆိုတာ သိပါရစေ”

“လနတ်ဘုရားနန်းတော်ကို လနတ်အရှင်သခင်က သူ့ရဲ့ အမြင့်မြတ်ဆုံးစွမ်းအားတွေနဲ့ ထိန်းသိမ်းထားခဲ့တယ် ဆိုပေမဲ့ လနတ်ဘုရားနန်းတော်က ဒီခေတ်နဲ့ လုံးဝ မသက်ဆိုင်တော့ဘူး အကယ်၍ လနတ်ဘုရားနန်းတော်က ဒီကမ္ဘာထဲကို ထွက်လာခဲ့မယ်ဆိုရင် ကောင်းကင်လမ်းစဥ်က ခွင့်ပြုမှာမဟုတ်ဘူး.. ဒါကြောင့် လနတ်ဘုရားနန်းတော်ရဲ့ လူတွေအားလုံးက ဒီကနေ အကြာကြီး အပြင်ကို ထွက်သွားလို့မရဘူး.. ကံကောင်းတာက နတ်ဘုရားနယ်မြေစကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က အခုအချိန်မှာ အရမ်းကို အားနည်းနေတာပဲ.. မဟုတ်ရင် ယွဲ့လီက အသက်ရှင်လျက်တောင် ပြန်လာနိုင်မှာမဟုတ်ဘူး”

နန်းတော်သခင်မက လေးနက်စွာ ရှင်းပြလိုက်သည်။

နန်းတော်သခင်မ၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်းကြုတ်သွားခဲ့၏။

“တကယ်လို့ လနတ်ဘုရားနန်းတော်ကို အကူအညီပေးစေချင်ရင်တယ်ဆိုရင် နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို ရှာဖွေပြီး လနတ်ဘုရားနန်းတော်ကို သူ့ဆီက အသိအမှတ်ပြုမှု ရအောင် လုပ်နိုင်မှပဲ ဖြစ်လိမ့်မယ်”

လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက မဟာကပ်ဘေးကို ကြုံတွေ့ခဲ့ရသော အင်အားစု ဖြစ်၍ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ကိုင်တွယ်ရန်အတွက် လနတ်ဘုရားနန်းတော်ကို အကူအညီတောင်းခြင်းသည် ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ဟု သူ မူလက ထင်ထားခဲ့သည်။

ယင်းက သူ၏ အစီအစဥ်ကို လုံးဝပျက်စီးသွားစေခဲ့၏။

သို့သော်လည်း မမျှော်လင့်ဘဲ လနတ်ဘုရားနန်းတော်သည် ပေါ်ထွက်၍ မရသေးပေ။

နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်နှင့် လနတ်ဘုရားနန်းတော် အတွက် ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို ရယူခြင်းသည် လောလောဆယ်တွင် လက်တွေ့မကျသောကိစ္စ ဖြစ်သည်။

နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် မည်သည့်နေရာတွင် ပုန်းကွယ်နေမှန်းပင် သူ မသိပေ။

အကယ်၍ သိခဲ့လျှင်ပင် လနတ်ဘုရားနန်းတော်အတွက် ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို ရယူရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလကတည်းကပင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် လနတ်ဘုရားနန်းတော်သည် ကောင်းကင်လမ်းစဥ်၏ ဥပဒေသကို ဖောက်ဖျက်ထားခြင်း ဖြစ်ရာ ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို ရရှိရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါအံ့နည်း။

ဤအတိုင်းဆိုလျှင် လနတ်ဘုရားနန်းတော် အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့မည့်ပုံ ရ၏။

ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းချလိုက်စဥ်မှာပင် သူနှင့်ရင်းနှီးပြီးသားဖြစ်သော ရှေးဟောင်းတံဆိပ်ပြား တစ်ခုသည် သူ၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

“ဒါက ငါသခင်မရဲ့ နောက်ဆုံးတံဆိပ်ပြားပဲ.. တကယ်လို့ မင်းအကျပ်အတည်းနဲ့ ကြုံလာခဲ့ရင် ငါသခင်မက နေရာလွတ်ကို ဖြတ်ကျော်ပြီး မင်းကို အကူအညီ ပေးနိုင်လိမ့်မယ်.. ဒါပေမဲ့ ငါသခင်မက မင်းကို ဒီအထိပဲ အကူအညီပေးနိုင်မယ်”

ကျန်းချန်က လနတ်တံဆိပ်ပြားကို လျင်မြန်စွာ လှမ်းယူလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်မ”

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မက မည်မျှအထိ သန်မာမှန်း ကျန်းချန် အတိအကျမသိပေ။

ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်ပင် နန်းတော်သခင်မသည် သူ့ကို အတိုင်းမသိ နက်နဲသော ခံစားချက်အား ပေးစွမ်းနေဆဲဖြစ်သည်။

ဤလနတ်တံဆိပ်ပြားသည် သူ့အတွက် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ အကူအညီကို ရရှိသွားသကဲ့သို့ဖြစ်၍ အလွန်ပင် တန်ဖိုးရှိ၏။

“နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို မင်းအမြန်ဆုံး ရှာတွေ့မှဖြစ်မယ် ကျန်းချန်.. အနည်းဆုံးတော့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထက် အရင်ရှာတွေ့မှ ဖြစ်လိမ့်မယ် တကယ်လို့သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို အရင်ရှာတွေ့သွားရင် နတ်ဘုရားနယ်မြေ တစ်ခုလုံး အန္တရာယ်နဲ့ ကြုံရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် နန်းတော်သခင်မ၏ စကားသံသည် ကျန်းချန်၏ နားထဲ၌ ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ဘာကိုဆိုလိုတာလဲ နန်းတော်သခင်မ”

“ကောင်းကင်လမ်းစဥ် ဆိုတာက စကြဝဠာတစ်ခုရဲ့အခြေခံအုတ်မြစ်ပဲ.. ကောင်းကင်လမ်းစဥ် ပျောက်ကွယ်သွားတာနဲ့ ဒီစကြဝဠာကလည်း တဖြည်းဖြည်း ပျက်စီးခြင်းကို ဦးတည်သွားလိမ့်မယ်.. အဲဒီအချိန်က စကြဝဠာအဆင့် စစ်ပွဲရဲ့ အစပိုင်းမှာ နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဘာအားနည်းချက်မှမရှိခဲ့ဘူး.. နောက်ပိုင်းမှာတော့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက လူတွေက နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို ရှာတွေ့သွားခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်.. အဲဒါကြောင့်ပဲ ကောင်းကင်လမ်းစဥ်က အားနည်းသွားခဲ့ပြီး နတ်ဘုရားနယ်မြေက တဖြည်းဖြည်း အားနည်းလာရတာပဲ”

နန်းတော်သခင်မက ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်၍ ကျန်းချန်ကို ရှင်းပြလိုက်သည်။

ကျန်းချန်၏ စိတ်နှလုံးသားက အနည်းငယ် လေးလံသွားခဲ့သည်။

ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ကိုင်တွယ်ရုံတင်မကဘဲ နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကိုပါ အမြန်ဆုံး ရှာဖွေနိုင်မည့် နည်းလမ်းအား ရှာဖွေရတော့မည့်ပုံ ရသည်။

“သတိပေးတဲ့အတွက် သခင်မကို ကျေးဇူးတင်ပါတယ်.. ကျန်းချန်ကို သွားခွင့်ပြုပါဦး”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်ပြီးနောက်တွင် နန်းတော်သခင်မကို ချက်ချင်းပင် ဂါဝရပြုလိုက်သည်။

ထို့နောက်တွင် သူ၏ ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့၏။

“ဒီကောင်လေးမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. နှမြောစရာကောင်းတာက နတ်ဘုရားနယ်မြေက အခုအချိန်မှာ အရမ်းကို အားနည်းနေတာပဲ.. သူက နတ်ဘုရားနယ်မြေကို ဦးဆောင်ပြီး ဒီကပ်ဘေးကို ခုခံနိုင်ပါ့မလား”

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် သူမ၏ ပုံရိပ်သည်လည်း လနတ်ဘုရား နန်းတော် အတွင်းသို့ ဝင်ရောက်ကာ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၃၁၄)ပြီး၏။

All Chapters