အခန်း (၂၃၁၅-၂၃၁၆)
Vol. 172 Ch. 2315-2316
အခန်း(၂၃၁၅)
လနတ်ဘုရားနန်းတော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကနေ မထွက်ခွာသွားသေးဘဲ ဝူရှင်းနှင့် လမ်းခွဲခဲ့သည့် နေရာသို့ ဦးတည်၍ သွားခဲ့သည်။
ဝူရှင်း၏ ဇာစ်မြစ်သည် အလွန်တရာပင် နက်နဲလှပြီး ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ လူဝင်စားခြင်း ဖြစ်နိုင်ခြေ အလွန်များ၏။
အထူးသဖြင့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကို ရရှိပြီးနောက်တွင် ဝူရှင်း၏ စွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခု အထိ သေချာပေါက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
အကယ်၍ ဝူရှင်းကိုသာ ရှာတွေ့နိုင်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရာ၌ ကြီးမားသော အကူအညီကို ရရှိပေလိမ့်မည်။
ကျန်းချန်က ဝူရှင်း သင်ပေးထားသော နည်းလမ်းဖြင့် သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ဝူရှင်းနှင့် လမ်းခွဲခဲ့သည့်နေရာသို့ မကြာမီမှာပင် ရောက်ရှိလာခဲ့သည်။
ထိုနေရာရှိ ကျောက်တုံးတစ်ခုပေါ်တွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသောပုံရိပ် တစ်ခုသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ထိုပုံရိပ်မှာ ဝူရှင်းပင် ဖြစ်၏။
ကျန်းချန်က ထိုပုံရိပ်ကိုမြင်လျှင် ဝမ်းသာအားရ ပြောလိုက်သည်။
“ဝူရှင်း မင်းဒီမှာ ရှိနေသေးတယ်လား”
ဝူရှင်းက မျက်လုံးများကို ဖွင့်ကာ ကျန်းချန်ကို ကြည့်လိုက်သည်။
“မဟုတ်ဘူး ငါ ဒီက ထွက်သွားတာကြာပြီ.. ငါ မင်းကို စောင့်ဖို့အတွက် ပုံရိပ်ယောင် တစ်ခုကို ထားရစ်ခဲ့တာပါ”
ထိုအခါမှ ကျန်းချန်သည် သူ့ရှေ့မှ ဝူရှင်း၏ ပုံရိပ်က ခပ်ရေးရေး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
ထိုပုံရိပ်က ဝူရှင်း၏ ပုံရိပ်ယောင် ဖြစ်မှန်း သိလိုက်ရသဖြင့် သူက စူးစမ်းစွာ မေးလိုက်သည်။
“ငါ မင်းကို ရှာဖို့ ဒီနေရာကို လာမယ်ဆိုတာ မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ”
“မင်းနောက်ကျရင် နားလည်လာပါလိမ့်မယ်”
ဝူရှင်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“နတ်ကုန်းမြေတိုက်ရဲ့ လက်ရှိ အခြေအနေကို မင်းကိုယ်တိုင်ပဲ ဖြေရှင်းနိုင်လိမ့်မယ်.. အနည်းဆုံး မင်း သုံးလလောက် တောင့်ခံထားပါ.. သုံးလပြည့်ရင် ငါ မင်းဆီ လာခဲ့ပါမယ်”
ထိုစကားကိုပြောပြီးနောက်တွင် ဝူရှင်း၏ ပုံရိပ်ယောင်သည် ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
ဝူရှင်း၏ ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်ကို မြင်ရသဖြင့် ကျန်းချန်သည် ခေါင်းခါရမ်းရုံသာ တတ်နိုင်ခဲ့ပြီး ထိုနေရာကနေ လှည့်ထွက်လာခဲ့သည်။
ဤတစ်ကြိမ် နတ်ဘုရားသင်္ချိုင်းရှေးဟောင်းနယ်မြေသို့ လာရောက်သည့် ခရီးစဥ်သည် ကျန်းချန် မှန်းထားသလောက် ချောမွေ့ခြင်း မရှိသော်လည်း လုံးဝ အကျိုးအမြတ်မရှိသည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ အရေးကြီးသည့်အချိန်တွင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို အကူအညီပေးရန် တစ်ကြိမ်တောင်းဆိုနိုင်မည် မဟုတ်ပါလား။
လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူဖြစ်၍ သူ့အတွက် ကြီးမားသောအကူအညီဟု ဆို၍ ရပြီး အနည်းဆုံးတော့ လူသားဧကရာဇ်နန်းတော်က စောင့်ကြပ်နေသည့် နတ်ဆိုးတားမြစ်နယ်မြေကို ဖြေရှင်းရာတွင် ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။
ယနေ့ခေတ် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူ တစ်ယောက်မှ မရှိတော့ပေ။
ကျန်းချန်၏ ခန့်မှန်းချက်သာ မမှားလျှင် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင်ရှစ်ပါးကို ထာဝရဟင်းလင်းပြင်၏ တစ်နေရာတွင် တားဆီးထားနိုင်ခြေ အလွန်များ၏။
တစ်နည်းပြောရလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်သို့ ရောက်လာနိုင်မည် မဟုတ်ပေ။
မဟာနတ်ဆိုးဘုရင်ရှစ်ပါး ပေါ်မလာသ၍ လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် နတ်ကုန်းမြေတိုက်ပေါ်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံးတွင် နန်းတော်သခင်မကို မည်သူက ခုခံနိုင်ပါအံ့နည်း။
--------------------
ကျန်းချန်က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကနေ ထွက်ခွာလာသည့် အချိန်တွင် လူသားဧကရာဇ်မြို့၏ အရှေ့ဘက်ရှိ မရေမတွက်နိုင်သော အစီအရင် သင်္ကေတများ ဝန်းရံထားသည့် တောင်ကုန်းတစ်ခု ရှေ့တွင် ကျန်းချန်ဟွမ်နှင့် ကျန်းဝူရ ဦးဆောင်သော လူသားဧကရာဇ်နန်းတော်မှ အစွမ်းထက်ကျင့်ကြံသူ အများအပြားသည် စုဝေးနေခဲ့ကြသည်။
သူတို့က မျက်စိရှေ့မှ တောင်ကုန်းကို စူးရှစွာ စိုက်ကြည့်နေခဲ့ကြ၏။
တောင်ထိပ်တစ်ဝိုက်ရှိ အစီအရင် မှော်သင်္ကေတများကနေ ပြင်းထန်သော လှုပ်ခတ်မှုများကို ခံစားနေရသည်။
ထို့အပြင် တောင်ထိပ်ကနေ အမြဲတစေ လျှံထွက်နေသည့် နတ်ဆိုးစွမ်းအင်များကို ကြည့်ရင်း သူတို့၏ အမူအရာများသည် အလွန်တရာပင် လေးနက်နေခဲ့သည်။
“ဒီအတိုင်းဆိုရင် နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်က ကြာကြာခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး...အားလုံးပဲ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါ”
ကျန်းချန်ဟွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်သည် အနည်းဆုံး ရက်အနည်းငယ်ခန့် ခံလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ဤတစ်ကြိမ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် စည်းတံဆိပ်ကို ချိုးဖျက်ရာတွင် အသည်းအသန် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် အလွန်ဆုံး နာရီဝက်အတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် စည်းတံဆိပ်ကို ချိုးဖျက်ကာ နတ်ကုန်းမြေတိုက်ဆီသို့ ဆင်းသက်လာကြလိမ့်မည် ဖြစ်၏။
ကျန်းချန်ဟွမ်၏ စကားကိုကြားလျှင် ကျန်းဝူရသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
သိပ်မကြာခင်က လူသားဧကရာဇ်နန်းတော်ကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းချန်သည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည့် ကျန်းထျန်းကျွင်းနှင့် ကျီထုံဟွာတို့ နှစ်ဦးကို ရှင်းလင်းပစ်ခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် လူသားဧကရာဇ်နန်းတော်၌ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ဟူ၍ သူနှင့် ရဲ့မျိုးနွယ်စုမှ ဘိုးဘေးတို့သာ ရှိပြီး အဋ္ဌမအဆင့် ကျင့်ကြံသူ အဖြစ် ကျန်းချန်ဟွမ် တစ်ဦးတည်းသာ ရှိသည်။
ကျန်းချန်က စစ်ကူအတွက် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ သွားရောက်နေသော်လည်း တစ်ခဏအတွင်းတော့ ပြန်ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ဤအချိန်တွင် စည်းတံဆိပ်ကို ချိုးဖျက်လိုက်မည်ဆိုလျှင် သူတို့ လူသားဧကရာဇ်နန်းတော်သည် ဒုက္ခများသွားပေလိမ့်မည်။
“ဝုန်း..”
ကျန်းဝူရ အတွေးနက်နေစဥ်မှာပင် သူ့ရှေ့ရှိ တောင်ကုန်းဆီကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တောင်ကုန်းတစ်ဝိုက်ရှိ နေရာလွတ်သည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ထို့နောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးစွမ်းအင်များစွာသည် တောင်ထိပ်အတွင်းကနေ တိုက်ရိုက်ဆိုသလို တိုးထွက်လာခဲ့ပြီး တောင်ထိပ်တစ်ဝိုက်ရှိ ပြိုလဲလုနီးပါးဖြစ်နေသော အစီအရင် သင်္ကေတများကို ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။
ထိုအစီအရင်သင်္ကေတများ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံနေသည့် အနက်ရောင် ပုံရိပ်များသည် တောင်ကုန်းအတွင်းကနေ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟင်းလင်းပြင် နတ်ဆိုးပုံရိပ်ပေါင်း ထောင်ချီသည် ကျန်းဝူရတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုဟင်းလင်းပြင်နတ်ဆိုးများ၏ အရှိန်အဝါသည် အလွန်တရာပင် သန်မာလှ၏။
အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အနက်ရောင်ပုံရိပ်ဆယ်ခု၏ အရှိန်အဝါသည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။
အထူးသဖြင့် အလယ်မှသုံးယောက်သည် ကျန်းချန်ဟွမ်ထက်ပင် အနည်းငယ်မျှ မနိမ့်ကျချေ။
ဆိုရလျှင် ဤတစ်ကြိမ် ကျူးကျော်လာသည့် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုများကို အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးနှင့် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ခုနစ်ပါးက ဦးဆောင်လာခြင်း ဖြစ်၏။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကြောက်မက်ဖွယ် အင်အားကို မြင်လိုက်ရလျှင် ကျန်းဝူရ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ဤနေရာရှိ နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ် ပျက်စီးသွားလျှင် ပေါ်ထွက်လာနိုင်သည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားသည် အလွန်တရာ အားကောင်းလိမ့်မည်ဟု သိထားသော်လည်း ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
၎င်းတို့ကို သူတို့ လူသားဧကရာဇ်နန်းတော်သည် နတ်ဘုရင် အဋ္ဌမအဆင့် တစ်ပါးနှင့် နတ်ဘုရင် သတ္တမအဆင့် နှစ်ပါးတည်းဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
“ကျန်းဝူရ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားက ငါ မှန်းထားတာထက်တောင် အများကြီး သာလွန်နေတယ်.. ငါတို့ လူသားဧကရာဇ်နန်းတော်က ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး.. အားလုံးပဲ လူသားဧကရာဇ်မြို့တော်ဆီကို ဆုတ်ခွာဖို့ ပြင်ဆင်ကြတော့”
ကျန်းချန်ဟွမ်၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့သည်။
သူတို့နှင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတို့ ကြားရှိ အင်အားကွာဟချက်သည် ကြီးမားလွန်းသဖြင့် တိုက်ခိုက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
အကယ်၍ ထိပ်တိုက် ရင်ဆိုင်နေမည်ဆိုလျှင် ယနေ့တွင် သူတို့အားလုံး အသတ်ခံရနိုင်ခြေ ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် ယခုအခါတွင် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ လူသားဧကရာဇ်မြို့တော် ဆီသို့ ဆုတ်ခွာပြီး လူသားဧကရာဇ်မြို့တော်၏ ကာကွယ်ရေး အစီအရင်ကို အားကိုးကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခုခံရင်း စစ်ကူနှင့် အတူ ပြန်လာမည့် ကျန်းချန်ကို စောင့်ဆိုင်းရန်သာ ရှိပေတော့သည်။
“အားလုံးပဲ လူသားဧကရာဇ်မြို့တော်ကို အမြန်ပြန်ဆုတ်ကြ”
ကျန်းဝူရက အပိုစကားများ ပြောမနေတော့ဘဲ လူသားဧကရာဇ်မြို့ဆီသို့ တပ်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးများသည် လူသားဧကရာဇ်နန်းတော်မှ လူများကို အလွယ်တကူဖြင့် မည်ကဲ့သို့ ဆုတ်ခွာခွင့်ပေးပါအံ့နည်း။
“အားလုံးပဲ ငါနဲ့အတူ နတ်ကုန်းမြေတိုက်က ကျင့်ကြံသူတွေကိုသတ်ပစ်ကြစို့”
ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အဋ္ဌမအဆင့်ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားသုံးပါးသည် သူတို့၏ နောက်ကနေ လိုက်ပါလာကြသည့် ဟင်းလင်းပြင် နတ်ဆိုးများကို ဦးဆောင်ကာ လောကကြီးတစ်ခုလုံးကို ဝါးမျိုမည့် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးတက်လာခဲ့ကြသည်။
“ကျန်းဝူရ.. မင်း လူသားဧကရာဇ်နန်းတော်က အဖွဲ့ဝင်တွေအားလုံးကို မြို့တော်ဆီ ပြန်ခေါ်သွားလိုက်.. ငါ သူတို့ကို တားထားပေးမယ်”
ထိုအခိုက်အတန့်တွင် ကျန်းချန်ဟွမ်၏ အိုမင်းနေသော မျက်ဝန်းများသည် တောက်ပလာခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော မဟာလမ်းစဥ် စွမ်းအားများကို ထုတ်ဖော်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ရိုက်ပင် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
“အကြီးအကဲချန်ဟွမ်”
ကျန်းဝူရ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ဟွမ်က အစွမ်းထက်သော်လည်း လက်နှစ်ဖက်က လက်လေးဖက်ကို မယှဥ်နိုင်ဟု အဆိုရှိသည် မဟုတ်ပါလော။
ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်၌ အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးပင် ရှိနေခဲ့၏။
ထိုအဋ္ဌမအဆင့် ဟင်လင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါး၏ ဝိုင်းရံတိုက်ခိုက်မှုကိုသာ ခံလိုက်ရလျှင် ကျန်းချန်ဟွမ် အတွက် သေချာပေါက် အသက်ရှင်ရန် လမ်းမရှိပေ။
သို့သော်လည်း ကျန်းချန်ဟွမ်၏ လုပ်ရပ်သည် ကိုယ့်ကိုယ်ကိုယ် စတေးပြီး သူတို့ ဆုတ်ခွာရန်အတွက် အချိန်ဆွဲပေးခြင်း ဖြစ်မှန်း ကျန်းဝူရ စိတ်ထဲတွင် ကောင်းစွာ သိထားခဲ့၏။
အကယ်၍ သူသာ ဤအခွင့်အရေးကို အသုံးချပြီး လူသားဧကရာဇ်မြို့ဆီသို့ မဆုတ်ခွာနိုင်ခဲ့လျှင် ကျန်းချန်ဟွမ်၏ စတေးမှုသည် အလဟဿ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းဝူရက သွားကို အံတင်းတင်းကြိတ်လိုက်ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ လူသားဧကရာဇ် နန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်ကာ လူသားဧကရာဇ်မြို့တော်ဆီသို့ ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။
အခန်း(၂၃၁၅)ပြီး၏။
အခန်း(၂၃၁၆)
လူသားဧကရာဇ်မြို့တော်နှင့် နတ်ဆိုးတားမြစ်နယ်မြေကြား အကွာအဝေးသည် သိပ်မဝေးလှပေ။
ကျန်းဝူရက လူသားဧကရာဇ်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများစွာကို ဦးဆောင်၍ လူသားဧကရာဇ်မြို့တော်သို့ အလျင်အမြန်ပင် ဆုတ်ခွာနိုင်ခဲ့ပြီး လူသားဧကရာဇ်မြို့တော်၏ ကာကွယ်ရေး အစီအရင်ကို အလျင်အမြန်ပင် ဖွင့်လှစ်လိုက်သည်။
သို့သော်လည်း သူတို့ လူသားဧကရာဇ်မြို့တော်သို့ ပြန်ရောက်သည့် အချိန်တွင် နတ်ဆိုးတားမြစ်နယ်မြေဘက်ကနေ ပေပေါင်း ရှစ်သောင်းမြင့်သော နတ်ဘုရင်လမ်းစဥ်သည် လေထုထဲ၌ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းဝူရသည် လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိလိုက်သည်။
ကျန်းချန်ဟွမ်သည် သူတို့ ဆုတ်ခွာနိုင်ရန်အတွက် အချိန်ဆွဲပေးရင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားခဲ့သည်မှာ ထင်ရှားနေခဲ့၏။
“ကျန်းဝူရ.. တိုက်ပွဲက အခုမှစတာဆိုပေမဲ့ အကြီးအကဲချန်ဟွမ်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု လက်ထဲမှာ ကျဆုံးသွားခဲ့ပြီ.. အခြေအနေက ငါတို့အတွက် အရမ်းကို ဆိုးရွားနေတယ်”
ရဲ့မျိုးနွယ်စု၏ ဘိုးဘေး ရဲ့ထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်မှ စေလွှတ်လိုက်သောအင်အားသည် သူမှန်းဆထားသည်ထက်ပင် များစွာ သာလွန်နေခဲ့၏။
သူတို့ နှစ်ယောက်အပြင် ကျန်းရွမ် တစ်ယောက်တည်းသာလျှင် နတ်ဘုရင်သတ္တမအဆင့်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိ၏။
သို့ရာတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်တွင်မူ အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးနှင့် သတ္တမအဆင့် ဟင်လင်းပြင် နတ်ဆိုးနတ်ဘုရား ခုနစ်ပါး ရှိရာ သူတို့သည် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
လူသားဧကရာဇ် မြို့တော်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ စီစဥ်ခဲ့သည့် ကာကွယ်ရေးအစီအရင် ရှိသော်လည်း ထိုအစီအရင်သည် သက်တမ်းကြာခဲ့ပြီ ဖြစ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကို အချိန်ကြာကြာ တားဆီးထားနိုင်မည် မဟုတ်ပေ။
ကျန်းဝူရက လေးနက်စွာ ပြောလိုက်သည်။
“ချန်အာ ပြန်လာတဲ့အထိ တောင့်ခံထားကြတာပေါ့”
အင်အားတောင့်တင်းသော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းဝူရသည် ဘာမှလုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။
ယခု သူတို့ လုပ်ဆောင်နိုင်သည်မှာ ကျန်းချန်ကို စောင့်ဆိုင်းရန်သာ ဖြစ်၏။
အကယ်၍ ကျန်းချန်သာ လနတ်ဘုရားနန်းတော်၏ အကူအညီကို ရခဲ့မည် ဆိုလျှင် သူတို့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူရန် အခွင့်အရေး ရှိကောင်းရှိနိုင်လိမ့်မည် မဟုတ်ပါလား။
သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် လူသားဧကရာဇ်မြို့တော် အပြင်ဘက်ရှိ လေထုဆီသို့ နတ်ဆိုး အရှိန်အဝါများသည် တိမ်မဲများကဲ့သို့ တလိမ့်လိမ့် တက်လာခဲ့သည်။
“လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ် ကျန်းချင်းထျန်းရဲ့ အင်အားစုပဲ.. ဒီကျန်းချင်းထျန်က ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အရေးကြီးကိစ္စတွေကို ဖျက်ဆီးခဲ့တဲ့ အဓိက လက်သည်တရားခံပဲ”
သူ့ရှေ့မှ မြို့တော်ကို ကြည့်ရင်း ဆန်းကြယ်သောအသွင်အပြင်ရှိသည့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ မျက်ဝန်းထဲတွင် သွေးရောင်အလင်းများ လင်းလက်သွားခဲ့သည်။
“နှမြောစရာကောင်းတာက ဒီနေ့ခေတ် လူသားဧကရာဇ်မြို့တော်က အရင်လို မဟုတ်တော့ဘူး.. အတော်လေး ကျဆင်းသွားပြီပဲ”
ကျောကုန်းတွင် အတောင်ပံတစ်စုံ ပါရှိပြီး အိုမင်းသော အသွင်အပြင် ရှိသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးက အေးစက်စက် လှောင်ပြောင်လိုက်သည်။
“အချိန်မဖြုန်းဘဲ တိုက်ခိုက်ကြစို့.. ဒီနေ့ ငါတို့ လူသားဧကရာဇ်မြို့တော်ကို နင်းချေပြီး အရင်တုန်းက အကြွေးကို သွေးနဲ့ ပြန်တောင်းမယ်”
စကားဆုံးသည်နှင့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကမ္ဘာကြီးကိုပင် ပျက်စီးနိုင်သော လက်သီးချက်ဖြင့် လူသားဧကရာဇ်မြို့တော်ကို ထိုးနှက်လိုက်သည်။
“ဝုန်း..”
သို့သော်လည်း ထိုကြောက်မက်ဖွယ် နတ်ဆိုးလက်သီးချက်သည် လူသားဧကရာဇ်မြို့တော် ပတ်ပတ်လည်ရှိ ရွှေရောင်အစီအရင်၏ တားဆီးခြင်းကို ခံလိုက်ရပြီး ထိုအစီအရင်ကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ပေ။
“လူသားဧကရာဇ်မြို့တော်က နက်ရှိုင်းတဲ့အုတ်မြစ်ရှိသားပဲ”
“ကာကွယ်ရေး အစီအရင်ကို အုပ်စိုးသူအဆင့် ကျင့်ကြံသူစီရင်ထားခဲ့တာ ဆိုတော့ ချိုးဖျက်ဖို့ သိပ်မလွယ်လောက်ဘူး.. ငါ့အမြင်တော့ လူသားဧကရာဇ်မြို့တော်ကို တိုက်ခိုက်တာ ခဏရပ်ထားရင် ပိုကောင်းမယ်ထင်တယ်.. အင်မော်တယ်ကျောက်တိုင်ကို အရင်ရှာဖွေဖို့က ပိုအရေးကြီးတယ်”
ဆန်းကြယ်သော အသွင်အပြင်ရှိသည့် အဋ္ဌမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
၎င်းက လူသားဧကရာဇ်မြို့တော်ကို အလောတကြီး တိုက်ခိုက်ရန် မလိုလားသည်မှာ ထင်ရှားနေခဲ့၏။
ဤတစ်ကြိမ်တွင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အနေဖြင့် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ရသည့် အဓိကရည်ရွယ်ချက်သည် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်အတွက်သာ ဖြစ်၏။
ထို့ကြောင့် လူသားဧကရာဇ်မြို့တော်တွင် အချိန်ဖြုန်းနေခြင်းကို သဘောမကျခဲ့ပေ။
“အင်မော်တယ်ကျောက်တိုင်ကို ရှာဖို့ဆိုရင် ငါတို့အနေနဲ့ လူသားဧကရာဇ်မြို့တော်ကနေပဲ စရလိမ့်မယ်”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်သည်။
“မဟာနတ်ဆိုးဘုရင် မိုထျန်းယင်ရဲ့ စကားအရ အင်မော်တယ်ကျောက်တိုင်ကို လက်ဝယ် ရရှိထားတဲ့သူမှာ လူသားဧကရာဇ်သွေးမျိုးဆက် ရှိတယ်.. ဒါကြောင့် ငါတို့ အနေနဲ့ လူသားဧကရာဇ်မြို့တော်ကို ဖြိုခွင်းနိုင်သရွေ့အင်မော်တယ်ကျောက်တိုင်နဲ့ ပတ်သက်တဲ့ သဲလွန်စကို ရရှိနိုင်လိမ့်မယ်”
ထိုစကားကိုကြားလျှင် ဆန်းကြယ်သော အသွင်အပြင် ရှိသည့် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“မင်း လူသားဧကရာဇ်မြို့တော်ရဲ့ ကာကွယ်ရေး အစီအရင်ကို ချိုးဖျက်နိုင်မယ် ဆိုတာ သေချာရဲ့လား"
"လူသားဧကရာဇ်မြို့တော်ရဲ့ ကာကွယ်ရေးအစီအရင်က အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစီအရင် ဆိုပေမဲ့လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် အရင်လို အစွမ်းတွေက မရှိသလောက်ပဲ.. ဒီလိုအစီအရင်မျိုးက ငါတို့ကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ...အားလုံးပဲ အတူတူတိုက်ခိုက်ပြီး ဒီအစီအရင်ကို အမြန်ဆုံး ဖြိုချကြရအောင်”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အဋ္ဌမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လူသားဧကရာဇ်မြို့တော်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သူ၏ နံဘေးရှိ အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါး နှင့် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ခုနစ်ပါး တို့သည်လည်း တစ်ချိန်တည်းမှာပင် လူသားဧကရာဇ်မြို့တော်၏ ကာကွယ်ရေး အစီအရင်ကို အစွမ်းကုန် တိုက်ခိုက်လိုက်ကြ၏။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် လူသားဧကရာဇ်မြို့တော်ကို ဝန်းရံထားသော ရွှေရောင်အစီအရင် ပေါ်သို့ အဆက်မပြတ် ကျရောက်လာခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
အစပိုင်းတွင် ရွှေရောင်အစီအရင်သည် မည်သည့်သက်ရောက်မှုမှ မရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားဆယ်ပါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိတော့ဘဲ အရောင်များ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့၏။
အဆုံးသတ်တွင် ရွှေရောင်ကာကွယ်ရေး အစီအရင်သည် လေထဲတွင် ပုံပျက်သွားခဲ့ပြီး ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားခဲ့သည်။
လူသားဧကရာဇ်မြို့တော်၏ ကာကွယ်ရေး အစီအရင်သည် ဟင်းလင်းပြင် နတ်ဆိုးများ၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ချေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းဝူရနှင့် အခြားသူများ၏ မျက်နှာထားသည် အလွန်ပင် သုန်မှုန်သွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ် နယ်မြေ၏ စည်းတံဆိပ်ကို ချိုးဖျက်၍ ဝင်ရောက်လာသည်မှာ နှစ်နာရီပင် မပြည့်သေးပေ။
ထိုအချိန်အတွင်း နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ကျန်းချန်ဟွမ် ကျဆုံးခဲ့ရပြီး ယခုအခါတွင် လူသားဧကရာဇ်မြို့တော်၏ ကာကွယ်ရေး အစီအရင်သည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် လူသားဧကရာဇ်မြို့တော်သည် အန္တရာယ်ရှိနေပြီဟုပင် ဆိုရပေတော့မည်။
“ဟားဟား မြို့တော်ရဲ့ ကာကွယ်ရေးအစီအရင် ပျက်သွားပြီ.. လူသားဧကရာဇ်မြို့တော်ကို နင်းချေဖို့ အားလုံးပဲ ငါ့နောက်က လိုက်ခဲ့ကြပါ”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲက အားပါးတရ ရယ်မောကာ ပြောလိုက်ပြီးနောက်တွင် ဟင်းလင်းပြင် နတ်ဆိုးများကို ဦးဆောင်ကာ လူသားဧကရာဇ်မြို့တော်ဆီသို့ ပြေးဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျန်းဝူရ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး အသက်စွန့် တိုက်ပွဲဝင်ရန် ပြင်လိုက်စဥ်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ တောက်ပသော အပြာရောင် ဓားအလင်းတစ်ခုသည် ရုတ်တရက် ကျဆင်းလာခဲ့၏။
ထိုအပြာရောင် ဓားအလင်းသည် ကမ္ဘာလောကကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။
“ဝုန်း..”
အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် စိတ်နှလုံးထဲကနေ အေးစိမ့်မှုကို ခံစားလိုက်ရ၏။
“ကောင်းကင်နတ်ဆိုးလက်သီး.. ချိုးဖျက်စမ်း”
ထိုဓားအလင်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေကာ ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လှုပ်ရှားမရ ဖြစ်စေခဲ့၏။
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး နတ်ဆိုးစွမ်းအားများ ဝန်းရံနေသော ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် သူ့ထံသို့ သက်ရောက်လာသော ဓားအလင်းကို ထိုးနှက်လိုက်သည်။
“ဝုန်း..”
လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် ခြေဆယ်လှမ်းမက နောက်သို့ ဆုတ်လိုက်ရ၏။
ဤအခိုက်အတန့်တွင် သူ၏ အကြည့်သည် လူသားဧကရာဇ်မြို့တော်၏ အထက်ကောင်းကင်ယံ ဆီသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် မည်သည့် အချိန်ကတည်းက ရောက်နေမှန်း မသိရသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကနေ လူသားဧကရာဇ်မြို့တော် ဆီသို့ အလျင်အမြန် ပြန်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။
“မင်း မင်း ဘယ်သူလဲ”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက အံ့ဩထိတ်လန့်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုလူငယ်သည် နတ်ဘုရင် ပဉ္စမအဆင့်သာ ရှိသော်လည်း အစောပိုင်းက ဓားချက်သည် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ဖြစ်သည့် သူ့ကိုပင် နောက်သို့ ဆုတ်သွားစေရုံသာမက ဒဏ်ရာပင် ရစေခဲ့သည်။
ယင်းကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် စွမ်းအားမျိုးသည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်၏။
“ငါက လက်ရှိ လူသားဧကရာဇ် ကျန်းချန်ပဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“ငါဧကရာဇ်ရဲ့ နေရာမှာတောင် လာပြီး ရိုင်းစိုင်းရဲတယ် ဆိုတော့ မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ
ထင်တယ်”
အခန်း(၂၃၁၆)ပြီး၏။