← Chapters

အခန်း (၂၃၁၇-၂၃၁၈)

Vol. 172 Ch. 2317-2318

အခန်း (၂၃၁၇-၂၃၁၈)

Vol. 172 Ch. 2317-2318

အခန်း(၂၃၁၇)

“ဒီကောင်လေး နောက်ဆုံးတော့ ပြန်လာပြီပဲ”

လူသားဧကရာဇ်မြို့တော်၏ အထက်ကောင်းကင်ယံတွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ကျန်းဝူရသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

အကယ်၍ ကျန်းချန်သာ ပေါ်မလာခဲ့လျှင် ယနေ့တွင် လူသားဧကရာဇ်မြို့တော်သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် အမှန်တကယ် ပျက်စီးသွားနိုင်လောက်၏။

ရဲ့မျိုးနွယ်စု၏ ဘိုးဘေး ရဲ့ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျန်းဝူရ.. မင်းပြောတော့ ဧကရာဇ်က စစ်ကူသွားရှာတာဆို.. ဘာလို့ သူတစ်ယောက်တည်း ဖြစ်နေရတာလဲ”

ထိုစကားကိုကြားလျှင် ကျန်းဝူရသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

လူသားဧကရာဇ်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ကျန်းချန်မှ လွဲ၍ အခြားသော အားကောင်းသည့် အရှိန်အဝါများ ရှိမနေသည်ကို ခံစားမိလျှင် သူ၏ စိတ်သည် အနည်းငယ် လေးလံသွားခဲ့သည်။

ကျန်းချန်သည် လနတ်ဘုရားနန်းတော်ထံကနေ အကူအညီမရခဲ့ခြင်း ဖြစ်နိုင်ပါသလော။

အကယ်၍ ထိုအတိုင်းသာဆိုလျှင် ကျန်းချန် ပြန်ရောက်လာသော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံရန်ခက်ခဲလိမ့်မည်အား သူစိုးရိမ်မိသည်။

“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်က အစွမ်းအစနည်းနည်းပါးပါးတော့ ရှိသားပဲ”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲက လှောင်ပြောင်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့တော့ ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက လူသားဧကရာဇ်မြို့တော်ကို နင်းချေ ဖျက်ဆီးမဲ့ ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

“သေချာလို့လား”

ကျန်းချန်က စူးရှစွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ခုနစ်ပါးနဲ့ အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသုံးပါး ဆိုတဲ့အင်အားက မသေးဘူးပဲ.. ကောင်းပြီလေ မင်းတို့တွေ ဒီကိုရောက်လာမှတော့ ဒီမှာပဲ ထာဝရ အိပ်စက်လိုက်ကြတော့”

ထိုစကားကိုပြောပြီးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ပျံ့လွင့်လာခဲ့သည်။

လူသားဧကရာဇ်နန်းတော်က စောင့်ကြပ်နေသည့် နတ်ဆိုးတားမြစ်နယ်မြေထဲတွင် ဤမျှများပြားလှသော ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ ရှိနေခဲ့ပြီး စည်းတံဆိပ်ကို အလျင်အမြန် ချိုးဖျက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အကယ်၍ သူသာ အချိန်မီ ပြန်မလာနိုင်ခဲ့လျှင် လူသားဧကရာဇ်မြို့တော်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် ပျက်စီးသွားနိုင်လောက်၏။

“ဟမ့်.. သေခါနီးတောင် စကားကြီးစကားကျယ် ပြောရဲသေးတယ်”

ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲက လှောင်ပြောင်လိုက်ပြီး ကျန်အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးကို ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ငါနဲ့အတူ ဒီကောင်လေးကို သတ်စို့.. ကျန်တဲ့သူတွေကတော့ လူသားဧကရာဇ်မြို့ကို ဖျက်ဆီးပစ်ကြ”

သူ့ရှေ့မှ လူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသဖြင့် သူ တစ်ယောက်တည်းဖြင့် အနိုင်ရရန်မှာ မသေချာပေ။

ထို့ကြောင့် ဟင်းလင်းပြင်ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲသည် အချိန်မဖြုန်းလိုတော့ဘဲ အဋ္ဌမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးနှင့် ပူးပေါင်းကာ ကျန်းချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် စီစဥ်လိုက်ခြင်းပင်။

“သတ်ကြစို့”

ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အကြီးအကဲ၏ အမိန့်နှင့်အတူ အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် တစ်ချိန်တည်းမှာပင် ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

ကျန်သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ခုနစ်ပါးသည်လည်း ဟင်းလင်းပြင် နတ်ဆိုးများကို ဦးဆောင်ကာ လူသားဧကရာဇ်မြို့တော်ကို တိုက်ခိုက်ရန် ပြေးဝင်လာခဲ့ကြသည်။

သူ့ကို ဝန်းရံထားသည့် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးကို မြင်လျှင် ကျန်းချန်သည် တွေဝေမနေတော့ဘဲ လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မ ပေးထားသည့် လနတ်တံဆိပ်ပြားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။

အကယ်၍ တစ်ယောက်ချင်းသာ ဆိုလျှင် ကျန်းချန်သည် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးအနက် မည်သူ့ကိုမှ မကြောက်ပေ။

သို့သော်လည်း သုံးယောက်ပူးပေါင်း၍ တိုက်ခိုက်လျှင်မူ သူ့အနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လက်ရှိ အခြေအနေအရ လနတ်တံဆိပ်တော်ကို အသုံးပြု၍ လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို ဆင့်ခေါ်ကာ အကျပ်အတည်းကို ဖြေရှင်းရန်သာ ရှိတော့သည် မဟုတ်ပါလော။

ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် လနတ်တံဆိပ်ပြားကနေ ဆန်းကြယ်သော လနတ်အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်နိုင်သည့် အလင်းတံခါးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကိုယ်ပွားသည် အလင်းတံခါးကနေ ထွက်လာခဲ့သည်။

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို မြင်လျှင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ အကြီးအကဲနှင့် ကျန်အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် ရုတ်တရက် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

နန်းတော်သခင်မကို စိုက်ကြည့်နေရင်း သူတို့၏ မျက်နှာများသည် အလွန်တရာပင် လေးနက်သွားကြ၏။

သူတို့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ အရှိန်အဝါထက် အားမနည်းပေ။

ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နိုင်ခြေ အလွန်များ၏။

သို့သော်လည်း နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများသည် မဟာနတ်ဆိုးဘုရင် ရှစ်ပါး၏ ထိန်းချုပ်မှုကို ခံထားရပြီး နတ်ကုန်းမြေတိုက်ပေါ်တွင် လုံးဝ ရှိမနေကြပေ။

သို့ဆိုလျှင် နတ်ကုန်းမြေတိုက်ပေါ်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် မည်ကဲ့သို့ ရှိနေနိုင်ပါအံ့နည်း။

“နတ်ကုန်းမြေတိုက်ပေါ်မှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ကျန်နေသေးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက နန်းတော်သခင်မကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ငါသိသလောက်တော့ နတ်ကုန်းမြေတိုက်မှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခုနစ်ယောက်ပဲ ရှိတယ်.. မင်းက အဲဒီခုနစ်ယောက်ထဲက တစ်ယောက်မှ မဟုတ်ဘူး.. မင်းဘယ်သူလဲ”

“တကယ်ကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ နတ်ဆိုး ကျင့်ကြံသူတွေပါလား”

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မက ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲနှင့် အခြားသူများကို အေးစက်စက် တစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်.. အခုနေ ရပ်တန့်လိုက်မယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိ သေခွင့်ရမယ်”

သူမ၏ မျက်နှာထားက တည်ကြည်နေခဲ့ပြီး သူမ၏ အကြည့်သည် ကောင်းကင်ယံထက်မှ နတ်သမီးတစ်ပါး ကဲ့သို့ အေးစက်စက် ဖြစ်နေခဲ့ကာ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကိုငုံ့ကြည့်သကဲ့သို့ ဖြစ်နေခဲ့၏။

“မင်းက အစွမ်းထက်တယ် ဆိုပေမဲ့ အချိန်နဲ့ နေရာလွတ်ကို ဖြတ်ကျော်လာတဲ့ စွမ်းအင်ကိုယ်ပွား တစ်ခုသာသာပဲ.. တကယ်လို့ မင်းကိုယ်တိုင် လာတာ ဆိုရင်တော့ ငါမင်းကို အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့ကောင်း ကြောက်ရွံ့မိလိမ့်မယ်.. ဒီလို စွမ်းအင်ကိုယ်ပွားလောက်နဲ့တော့ ငါတို့ရှေ့မှာ လာပြီးမောက်မာဖို့ အရည်အချင်း မရှိသေးဘူး.. အားလုံးပဲ ငါနဲ့အတူ ဒီအမျိုးသမီးကို အရင်သတ်ကြစို့”

ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ စကားအဆုံးသတ်တွင် အခြား အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် ကောင်းကင်ကိုပင် လွှမ်းခြုံနိုင်သော နတ်ဆိုးအရှိန်အဝါများကို ထုတ်ဖော်ကာ လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို ဖိနှိပ်လိုက်ကြသည်။

သို့သော်လည်း သူတို့သုံးယောက်၏ အရှိန်အဝါများသည် နန်းတော်သခင်မ၏ ခန္ဓာကိုယ်သို့ မရောက်မီ မီတာတစ်ရာအတွင်း အစအနပင် မကျန် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းသည် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲ၏ မျက်ဝန်းကို ပို၍ပင် လေးနက်သွားစေခဲ့သည်။

သူက ချက်ချင်းပင် အလျင်အမြန် အော်ဟစ်လိုက်သည်။

“ဒီအမျိုးသမီးရဲ့ ခွန်အားက သာမန်မဟုတ်ဘူး.. အားလုံးပဲ အစွမ်းရှိသမျှ တိုက်ခိုက်ကြ”

“ငါ့ကို တိုက်ခိုက်မယ် ဟုတ်လား.. မင်းတို့မှာ အဲဒီလို အခွင့်အရေး မရှိတော့ဘူး”

နန်းတော်သခင်မက အေးစက်စက် ကြည့်ကာ ရေရွတ်လိုက်သည်။

နန်းတော်သခင်မ၏ စကားကိုကြားလျှင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး တုံ့ပြန် ပြောဆိုရန် ပြင်လိုက်စဥ်မှာပင် လရောင်နတ်အလင်းတန်း တစ်ခုသည် သူ၏ လည်ချောင်းကို တိုက်ရိုက်ပင် ဖောက်ဝင်သွားခဲ့သည်။

သူက မျက်နှာပျက်ယွင်းသွားခဲ့ပြီး သူ၏ လည်ချောင်းကို လက်ဖြင့် အလျင်အမြန် အုပ်လိုက်သော်လည်း လည်ချောင်းမှ သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာခဲ့သည်။

သူ့နံဘေးရှိ အခြား အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား နှစ်ပါးသည်လည်း သူနှင့် ထပ်တူပင် ဖြစ်သွားကြသည်။

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲသည် လုံးဝကို အံ့ဩထိတ်လန့်သွားခဲ့၏။

သူက လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်း.. မင်း ဘယ်တုန်းက ငါတို့ကို တိုက်ခိုက်လိုက်တာလဲ”

သူတို့က အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ ဖြစ်ကြ၍ သူတို့၏ ခွန်အားသည် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူများထက် ပိုမို၍ အစွမ်းထက်သည်။

သူတို့ သုံးယောက် ပူးပေါင်းလိုက်လျှင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။

သူတို့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ၏ စွမ်းအင်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်နေရပါသနည်း။

လနတ်ဘုရား နန်းတော်၏ နန်းတော်သခင်မက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့လမ်းစဥ်က မင်းတို့ ဥာဏ်မမီနိုင်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ.. မင်းတို့က အရမ်းအားနည်းတော့ ငါ့ရဲ့လမ်းစဥ်ကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်မှာလဲ”

“မဖြစ်နိုင်ဘူး.. ငါက အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးပဲ.. မင်းဘယ်လိုလုပ်လိုက်လဲ ဆိုတာ ငါဘာလို့ မမြင်ရတာလဲ”

ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ အကြီးအကဲက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ဘာလို့လည်းဆိုတော့ မင်းတို့ရဲ့အတွေးတွေကို ငါက ကန့်သတ်ထားခဲ့လို့ပဲ”

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မ စကားဆုံးသည်နှင့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါး၏ ခန္ဓာကိုယ်ထဲကနေ လရောင်နတ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်သော သွေးပေါက်ရာများကို ချန်ထားရစ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသုံးယောက်၏ ခန္ဓာကိုယ်သည် လူသားပုံသဏ္ဌာန် ပျားအုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဆုံးသတ်တွင် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါး၏ ခန္ဓာကိုယ်သည် လရောင်နတ်အလင်း၏ အစွမ်းကို ထပ်မံ တောင့်မခံနိုင်တော့ဘဲ လေထဲမှာပင် ပေါက်ကွဲ ပျက်စီးသွားခဲ့ကြ၏။

အခန်း(၂၃၁၇)ပြီး၏။

အခန်း(၂၃၁၈)

အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးကို အလွယ်တကူ ရှင်းပစ်ပြီးနောက်တွင် နန်းတော်သခင်မ၏ အေးစက်စက် အကြည့်သည် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

လူသားဧကရာဇ်မြို့တော်ကို ချေမှုန်းရန် စိုင်းပြင်းနေကြသော သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများသည် ဤအခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်သော ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

သူတို့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

သူတို့၏ အကြီးအကဲ ဖြစ်သည့် အဋ္ဌမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား သုံးပါးစလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လက်ထဲတွင် အလွယ်တကူပင် အသတ်ခံလိုက်ရသည် မဟုတ်ပါလား။

ဤကဲ့သို့သော ခွန်အားမျိုးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးထက်ပင် သာလွန်ကောင်းသာလွန်နိုင်ပြီး သူတို့ ကိုင်တွယ်နိုင်သည့် အရာ မဟုတ်ပေ။

ထို့ကြောင့် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများသည် တွေဝေမနေရဲတော့ဘဲ ခြောက်လှန့်ခံရသော ယုန်သူငယ်များ ကဲ့သို့ နတ်ဆိုးတားမြစ်နယ်မြေဆီ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့ကြသည်။

နန်းတော်သခင်မက ထိုမြင်ကွင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိတ်လန့်တကြား ထွက်ပြေးနေကြသော သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများသည် လေထုထဲတွင် ချက်ချင်းပင် အေးခဲသွားကြ၏။

နောက်ထပ် တစ်ခဏတွင်မူ တောက်ပသော လရောင်နတ်အလင်းများသည် ထိုခုနစ်ယောက်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များကို လေထုထဲတွင် ပေါက်ကွဲ ပျက်စီးသွားစေခဲ့သည်။

သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို သတ်ဖြတ်ပြီးနောက်တွင် နန်းတော်သခင်မ၏ စွမ်းအင်ကိုယ်ပွားသည် မှိန်ဖျော့သော လရောင်အလင်း အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

လေထုထဲတွင် သူမ၏ အေးစက်စက်အသံ တစ်သံသာလျှင် ကျန်ရစ်ခဲ့၏။

“ကျန်းချန်.. ဒါ ငါသခင်မက မင်းကို နောက်ဆုံးအကြိမ် ကူညီပေးတာပဲ...မင်း လနတ်ဘုရားနန်းတော်ရဲ့ အကူအညီကို ရချင်ရင်တော့ နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို ရှာဖွေပြီး လနတ်ဘုရားနန်းတော်ကို အသိအမှတ်ပြုမှုရအောင် လုပ်ပေးပါ”

နန်းတော်သခင်မ ပျောက်ကွယ်သွားသည့်နေရာကို ငေးကြည့်ရင်း ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

သိထားရမည့်အချက်မှာ ဤတစ်ကြိမ် ကျူးကျော်လာသည့် ဟင်းလင်းပြင် နတ်ဆိုးများကို ခေါင်းဆောင်လာသူများသည် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား သုံးပါးနှင့်သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားခုနစ်ပါး ဖြစ်ကြသည်။

သူက လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို လနတ်တံဆိပ်ပြားဖြင့် ဆင့်ခေါ်လိုက်သော်လည်း ခက်ခဲသော တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။

သို့သော်လည်း လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ပါးကို ဤမျှအထိ အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရှေးခေတ်ကာလက ကျင့်ကြံသူတစ်ဦး ဖြစ်သည့် နန်းတော်သခင်မသည် အလွန်တရာ အစွမ်းထက်လိမ့်မည်ဟု သိထားသော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

စွမ်းအင်ကိုယ်ပွား တစ်ခုတည်းဖြင့်ပင် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော လုပ်ဆောင်မှုကို သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အုပ်စိုးသူအဆင့်တွင် မရှိသေးလျှင်ပင် အုပ်စိုးသူအဆင့်ကို ရောက်ရန် သိပ်မလိုတော့ဟု သူ ယူဆမိသည်။

“ငါနတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်ကို အမြန်ဆုံး ရှာဖွေမှ ဖြစ်တော့မယ်ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက နာမည်ကျော်ကြားသော အုပ်စိုးသူအဆင့် အင်အားစုတစ်စု ဖြစ်ခဲ့ပြီး သူထင်ထားသည်ထက်ပင် ပိုမို အစွမ်းထက်သော အင်အားများ ကျန်ရှိနေနိုင်ဖွယ် ရှိသည်။

အကယ်၍ သူသာ နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ပြီး လနတ်ဘုရားနန်းတော်ကို အသိအမှတ်ပြုအောင် လုပ်ဆောင်နိုင်ခဲ့လျှင် လနတ်ဘုရားနန်းတော်သည် ပြန်လည် ပေါ်ထွက်နိုင်လိမ့်မည် ဖြစ်၏။

အကယ်၍သာ လနတ်ဘုရားနန်းတော်၏ အကူအညီကို ရလျှင် နတ်ကုန်းမြေတိုက် အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူရန်မှာ မခက်ခဲတော့ပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်ကာ ဆန့်ကျင်ဘက်ရှိ ထိတ်လန့်နေကြသော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများကို တိုက်ရိုက်ပင် ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

“လူသားဧကရာဇ်နန်းတော်က ကျင့်ကြံသူတွေ အားလုံး ငါ့အမိန့်ကို နားထောင်ကြ.. ဒီဟင်းလင်းပြင်နတ်ဆိုးတွေကို တစ်ယောက်မကျန် ဖျက်ဆီးပစ်”

ကျန်းချန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး ကိုယ်တိုင်ဦးဆောင်ကာ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။

ကျန်းဝူရ နှင့် ရဲ့ထျန်းချီ ကဲ့သို့ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ နှစ်ယောက်သည်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ကာ လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူများနှင့် အတူ ဟင်းလင်းပြင် နတ်ဆိုးများကို တိုက်ိခုက်ခဲ့ကြ၏။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဦးဆောင်လာသည့် အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ပါးစလုံးသည် နန်းတော်သခင်မ၏ လက်ချက်ဖြင့် ကျဆုံးသွားပြီ ဖြစ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ယခုအခါတွင် ခေါင်းဆောင်မရှိဘဲ ဖြစ်နေကြသည်။

ထို့ကြောင့် လူသားဧကရာဇ် နန်းတော်၏ တိုက်ခိုက်မှုကို ဟင်းလင်းပြင် နတ်ဆိုးများသည် ခံနိုင်ရည်မရှိခဲ့ပေ။

လူသားဧကရာဇ်နန်းတော်မှ အဖွဲ့ဝင်များက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများကို အလျင်အမြန်ပင် ချေမှုန်းပစ်လိုက်ကြပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အနည်းငယ်သာလျှင် နတ်ဆိုးတားမြစ်နယ်မြေရှိ ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံ ထဲသို့ အထိတ်တလန့် ထွက်ပြေးသွားနိုင်ခဲ့သည်။

ကျန်းချန်က တွေဝေမနေဘဲ လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်ကာ ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံထဲထိ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပြီး အသိုက်အမြုံအတွင်းမှ ဟင်းလင်းပြင် နတ်ဆိုးများကို အကုန်အစင် သုတ်သင်ပစ်လိုက်သည်။

“လူသားဧကရာဇ်.. ခုနက အကူအညီပေးတဲ့ အမျိုးသမီးကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ.. ဒီအမျိုးသမီးရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်”

ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို ရှင်းလင်းပြီးနောက်တွင် ရဲ့ထျန်းချီ၏ မျက်ဝန်းထဲ၌ အံ့အားသင့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တွင် လူသားဧကရာဇ်မြို့တော်သည် ပျက်စီးဖို့ အချိန်တန်ပြီဟု မူလက သူထင်မှတ်ထားခဲ့သည်။

သို့ရာတွင် မမျှော်လင့်ဘဲ လူသားဧကရာဇ်သည် စွမ်းအင်ကိုယ်ပွားတစ်ခုကို ဆင့်ခေါ်လိုက်ရုံဖြင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ပါးစလုံးသည် သတ်ဖြတ်ခံလိုက်ရပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးပင်လျှင် ထိုအမျိုးသမီး ကဲ့သို့ အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

“အမှန်ပဲ တကယ်လို့ အဲဒီအမျိုးသမီးရဲ့ မူလခန္ဓာကိုယ်ကသာ ကိုယ်တိုင် လာနိုင်မယ်ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို နှိမ်နင်းပြီး နတ်ကုန်းမြေတိုက်ပေါ်မှာ ရှိတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေရဲ့ ပြဿနာတွေကို လုံးဝ ဖြေရှင်းနိုင်မှာပဲ”

ကျန်းဝူရကလည်း‌ ခေါင်းညိတ်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

“ဒီကိစ္စက နည်းနည်းတော့ အခက်အခဲရှိတယ်.. သူမ အနေနဲ့ လောလောဆယ်တော့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူး”

ကျန်းချန်၏ စကားကိုကြားလျှင် ကျန်းဝူရသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် နန်းတော်သခင်မ မပျောက်ကွယ်မီ ပြောခဲ့သောစကားများကို ပြန်လည် သတိရလိုက်ကာ အခြေအနေကို တစေ့တစောင်း နားလည်သွားခဲ့၏။

လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အင်အားစုတစ်စု ဖြစ်သော်လည်း ယနေ့တိုင် တည်ရှိနေခဲ့သည်။

ယင်းသည် ကောင်းကင်လမ်းစဥ်၏ ဥပဒေသကို ချိုးဖောက်ခြင်းဖြစ်၍ ကောင်းကင်လမ်းစဥ်သည် လက်ခံမည် မဟုတ်ပေ။

ဆိုရလျှင် လနတ်ဘုရားနန်းတော်သည် ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို မရသရွေ့ အလွယ်တကူ ပြန်လည်ပေါ်ထွက်လာနိုင်မည် မဟုတ်‌ချေ။

သို့သော်လည်း ကောင်းကင်လမ်းစဥ် ဆိုသည်မှာ အလွန်တရာပင် စိတ်ကူးယဥ် ဆန်လှသည်။

သို့ဖြစ်၍ လနတ်ဘုရားနန်းတော် အနေဖြင့် ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှုကို ရရန်မှာ မည်မျှပင် ခက်ခဲလိမ့်မည်မှာ ဆိုဖွယ်ရာ မရှိပေ။

ကျန်းဝူရက‌ ခေါင်းခါရမ်းလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အတွေးများ မနေတော့ပေ။

သူက အနည်းငယ် စဥ်းစားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။

“ချန်အာ.. ဒီနေရာက ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို ရှင်းလင်းပြီးပြီဆိုတော့ ငါတို့ လူသားဧကရာဇ်နန်းတော် အနေနဲ့ တခြားနေရာတွေကို သွားကူညီပေးသင့်လား”

“လောလောဆယ်တော့ အလျင်မလိုပါနဲ့ဦး.. ဒီတစ်ကြိမ်ကျူးကျော်လာတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အစွမ်းထက်တယ် ဆိုပေမဲ့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကလည်း အားမနည်းပါဘူး.. ကျွန်တော့်အမြင်တော့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက အချိန်တိုအတွင်း အသာစီးရဖို့ မလွယ်ဘူး"

"ဒါ့အပြင် ကျွန်တော်တို့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့ပေမဲ့ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းမရှိသေးဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဒီတစ်ကြိမ် အရေးနိမ့်သွားတဲ့ အတွက် ဒေါသထွက်ပြီး အခုထက်ပိုပြီး အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို ထပ်မံ စေလွှတ်နိုင်တယ်”

ထိုစကားကို ပြောနေစဥ် ကျန်းချန်၏ အမူအရာသည် လေးနက်နေခဲ့သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ကျန်းဝူရနှင့် ရဲ့ထျန်း တို့သည် ရုတ်တရက် မျက်နှာပျက်သွားကြ၏။

ဤတစ်ကြိမ်တွင် ကျန်းချန်က လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မကို ဆင့်ခေါ်နိုင်ခဲ့၍သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဤနေရာမှတစ်ဆင့် ပိုမို အစွမ်းထက်သော ဟင်းလင်းပြင် နတ်ဆိုးများကို စေလွှတ်လိုက်လျှင် သူတို့ မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

“သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့.. ဒီဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကနေ တည်နေရာ ကူးပြောင်းတာက အကန့်အသတ်ရှိတယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုအနေနဲ့ ဒီနေရာကနေ တစ်ဆင့် ထပ်လာချင်တယ် ဆိုရင်တောင် အချိန်အတိုင်းအတာ တစ်ခုတော့ စောင့်ရလိမ့်မယ်.. အနည်းဆုံးတော့ အချိန်တိုအတွင်း မကျူးကျော်လာနိုင်ဘူး"

"ဒါ့အပြင် ဒီတစ်ကြိမ် တိုက်ပွဲမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ပါးကို ဆုံးရှုံးသွားတာ ဆိုတော့ အပြင်းအထန် ထိခိုက်သွားတယ်လို့ ပြောလို့ရတယ်.. သူတို့အနေနဲ့ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ ဟင်းလင်းပြင် နတ်ဆိုးတွေကို စေလွှတ်နိုင်စွမ်းရှိမရှိ ဆိုတာ မသေချာသေးဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒီကာလအတွင်းမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြန်ဆုံး ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို ရှာဖွေသွားမှ ဖြစ်မယ်”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဖြေရှင်းရန်အတွက် ကျန်းချန်တွင် ယခုအခါ ရွေးချယ်စရာ နှစ်ခု ရှိ၏။

ပထမတစ်ခုမှာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို နတ်ဘုရင်သတ္တမအဆင့်သို့ အမြန်ဆုံး မြှင့်တင်ရန် ဖြစ်သည်။

နတ်ဘုရင် သတ္တမအဆင့်ကိုသာ ရောက်ရှိသွားလျှင် မဟာနတ်ဆိုးဘုရင် ရှစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်အနေဖြင့် အနည်းငယ်မျှ ကြောက်ရွံ့နေစရာ လိုတော့မည် မဟုတ်ပေ။

သို့သော်လည်း အချိန်တိုအတွင်း နတ်ဘုရင် သတ္တမ အဆင့်သို့ တက်လှမ်းရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ချေ။

နောက်ထပ် နည်းလမ်းတစ်ခုမှာ နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေပြီး လနတ်ဘုရားနန်းတော်ကို ကောင်းကင်လမ်းစဥ်၏ အသိအမှတ်ပြုမှု ရရှိရန်အတွက် နည်းလမ်းရှာဖွေရန် ဖြစ်သည်။

အခန်း(၂၃၁၈)ပြီး၏။

All Chapters