← Chapters

အခန်း (၂၃၁၉-၂၃၂၀)

Vol. 172 Ch. 2319-2320

အခန်း (၂၃၁၉-၂၃၂၀)

Vol. 172 Ch. 2319-2320

အခန်း(၂၃၁၉)

တိမ်ကင်းစင်သော ကောင်းကင်ယံတွင် အနက်ရောင်ပုံရိပ် တစ်ခုသည် လေထုထဲကနေ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ပြီး ထျန်းကျီမြို့တော်၏ ဂိတ်တံခါးဝ ဆီသို့ ဆင်းသက်လိုက်သည်။

ထိုပုံရိပ်မှာ ကျန်းချန်ပင် ဖြစ်၏။

လူသားဧကရာဇ်နန်းတော် စောင့်ကြပ်နေသည့် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံမှ ဟင်းလင်းပြင် နတ်ဆိုးများကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် လူသားဧကရာဇ်မြို့တွင် ကြာရှည်မနေခဲ့ဘဲ နယ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်အတွက် တစ်ကိုယ်တော် ခရီးထွက်လာခဲ့သည်။

ရှေးခေတ်ကာလ ကပ်ဘေးကြီး ပြီးကတည်းကပင် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့်ပတ်သက်၍ မည်သည့်သတင်းမှ မကြားရတော့ပေ။

သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ကျန်ချန်းသည် ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် နည်းလမ်းရှာရမည် ဖြစ်၏။

ဆိုရလျှင် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ် တည်ရှိမှုသည် နတ်ဘုရားနယ်မြေ၏ ရှင်သန်မှုနှင့် ဆက်စပ်နေခဲ့သည်။

အကယ်၍သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အရင်ရှာတွေ့သွားခဲ့လျှင် နတ်ဘုရားနယ်မြေ စကြဝဠာသည် ပျက်စီးသွားနိုင်သည့် အလားအလာ ရှိနေခဲ့၏။

သူ့အနေဖြင့် လနတ်ဘုရားနန်းတော်ကို ပြန်လည် ပေါ်ထွက်လာစေပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို နတ်ဘုရားနယ်မြေကနေ အမြစ်ပြတ် ရှင်းလင်းလိုလျှင် ကောင်းကင်လမ်းစဥ်ကို အရင်ဆုံး ရှာတွေ့ရန် လိုအပ်နေသည် မဟုတ်ပါလား။

သို့သော်လည်း ကောင်းကင်လမ်းစဥ် ဆိုသည်မှာ အလွန်ပင် စိတ်ကူးယဥ်ဆန်သော အရာ ဖြစ်သည်။

လူသားဧကရာဇ်နန်းတော်တွင်ပင် ကောင်းကင်လမ်းစဥ်နှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ များများစားစား မရှိပေ။

အထူးသဖြင့် ရှေးခေတ်ကာလက ကပ်ဘေးကြီး နောက်ပိုင်းတွင် လူသားဧကရာဇ်နန်းတော်ရှိ ကောင်းကင်လမ်းစဥ် ဆိုင်ရာအချက်အလက်များသည် လုံးဝ ဗလာနတ္ထိ ဖြစ်နေခဲ့သည်။

ကျန်းချန်က လူသားဧကရာဇ်နန်းတော်ရှိ ရှေးဟောင်းကျမ်းစာ များကို နှံ့စပ်အောင် လေ့လာခဲ့သည့်တိုင် ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပေ။

သို့ရာတွင် သူဖခင် ကျန်းဝူရသည် နတ်ကုန်းမြေတိုက်တွင် ကောင်းကင်လမ်းစဥ်၏ သမိုင်းကို သိနိုင်သူက ထျန်းကျီနတ်မျှော်စင်နှင့် ဆန်းကြယ်နတ်မျိုးနွယ်စု တို့သာ ရှိသည်ဟု ပြောဆိုခဲ့သည်။

ထိုအင်အားစု နှစ်စုသည် ရှေးခေတ်ကာလက အမွေအနှစ်များကို ဆက်ခံထားကြသည့် အပြင် ကံကြမ္မာကို တွက်ချက်ရာတွင်လည်း အလွန်တရာ ထူးချွန်ကြပြီး သာမန်လူများ မသိရှိနိုင်သည့် အကြောင်းအရာများစွာကို သိရှိထားကြသည်။

ထို့ကြောင့်လည်း ကျန်းချန်သည် ထျန်းကျီမြို့တော်သို့ ရောက်ရှိလာခြင်း ဆိုလည်းမမှားပေ။

မကြာသေးမီက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ ထကြွမှုကြောင့် ထျန်းကျီမြို့တော်သည် ယခင်ကနှင့်စာလျှင် ပို၍ ခြောက်ကပ်နေခဲ့သည်။

ကျန်းချန်က ထျန်းကျီမြို့တော် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ထျန်းကျီနတ်မျှော်စင် ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ထျန်းကျီနတ်မျှော်စင်၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့၏။

ထျန်းကျီနတ်မျှော်စင်၏ ဌာနချုပ်သည်လည်း ထျန်းကျီမြို့တော်ကဲ့သို့ပင် လူသူမရှိသလောက် ခြောက်ကပ်ကပ် ဖြစ်နေခဲ့သည်။

“ဒီက လူကြီးမင်း.. ဘာများ အကူအညီပေးရမလဲ”

ထျန်းကျီနတ်မျှော်စင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထျန်းကျီမျှော်စင်၏ အဖွဲ့ဝင် တစ်ဦးသည် ကျန်းချန်၏ ရှေ့သို့ လှမ်းလာခဲ့ပြီး ယဥ်ကျေးစွာ မေးမြန်းလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းချန်က ထျန်းကျီနတ်မျှော်စင် သခင်ကို အထူးတလည် လာရောက် တွေ့ဆုံတယ်လို့ အကြောင်းကြားပေးပါ”

“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်အသစ် ကျန်းချန်လား”

ထျန်းကျီနတ်မျှော်စင်၏ အဖွဲ့ဝင်သည် ကျန်းချန်၏ စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့သည်။

မကြာသေးခင်က လူသားဧကရာဇ်နန်းတော်သည် ကျန်းချန်ကို ၆၂ဆက်မြောက် လူသားဧကရာဇ် အဖြစ် တင်မြှောက်ခဲ့သော သတင်းသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ထို့ကြောင့် လူသားဧကရာဇ်ကျန်းချန် ဟူသော နာမည်သည် ထျန်းကျီနတ်မျှော်စင်မှ အဖွဲ့ဝင်အတွက် အစိမ်းသက်သက်မဟုတ်ပေ။

သူက အနည်းငယ်မျှပင် မထီမဲ့မြင် မပြုရဲတော့ဘဲ တရိုတသေ ပြောလိုက်သည်။

“လူသားဧကရာဇ် ခဏလောက်စောင့်ပေးပါ.. ကျွန်တော်အခုပဲ သတင်းပို့လိုက်ပါ့မယ်”

ထို့နောက်တွင် ထျန်းကျီနတ်မျှော်စင်၏ အဖွဲ့ဝင်သည် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

သိပ်မကြာခင်မှာပင် ထျန်းကျီနတ်မျှော်စင်၏ ဧည့်ခန်းမထဲတွင် ရုတ်တရက် နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

၎င်းမှာ အသက် ၃၄ နှစ်ခန့် ရှိသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်၏။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် မီးခိုးရောင်သာမန်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုအမျိုးသားသည် မြင်ရသူကို သာမန်လူတစ်ယောက် ကဲ့သို့ပင် ခံစားရစေသည်။

သို့သော်လည်း ကျန်းချန်သည် လူလတ်ပိုင်းအရွယ်အမျိုးသားထံမှ လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါ တစ်ခုကို ခံစားမိခဲ့သည်။

သူ၏ရှေ့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကံကြမ္မာလမ်းစဥ်ကို အထူးတလည် ထူးချွန်ပြီး နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့် ၃၉ နေရာ၌ ရှိသည့် မိုကျင့်မင် ဖြစ်သည်ကို ကျန်းချန်သည် တွေးနေစရာပင်မလိုဘဲ သိခဲ့သည်။

မိုကျင့်မင်က ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်၏။

“ထျန်းကျီနတ်မျှော်စင်ဆီ လူသားဧကရာဇ် ကြွရောက်လာတာကို မိုကျင့်မင် ခရီးဦး မကြိုနိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ”

“မျှော်စင်သခင်က ယဥ်ကျေးလွန်းနေပါပြီ”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကျန်းချန် ဒီနေ့ ဒီကို‌ရောက်လာတာက မျှော်စင်သခင်ဆီကနေ သတင်းအချို့ကို မေးမြန်းချင်လို့ပါ.. မျှော်စင်သခင်အနေနဲ့ လမ်းညွှန်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“လူသားဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် သိပြီးသားပါ.. ဒါပေမဲ့ ထျန်းကျီနတ်မျှော်စင် အနေနဲ့ ဒီကိစ္စကို တွက်ချက်လို့ မရဘူး.. ဒါကြောင့် လူသားဧကရာဇ်ကို တိကျတဲ့အဖြေတစ်ခု ပေးဖို့ ခက်ခဲပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော့်အနေနဲ့ လမ်းစ တစ်ခုကိုတော့ လူသားဧကရာဇ်ကို ညွှန်ပြပေးနိုင်ပါတယ်”

မိုကျင့်မင်က ကျန်းခန် လာရောက်တွေ့ဆုံရသည့် အကြောင်းအရင်းကို သိရှိပြီးသား ဖြစ်ပုံရပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ကျန်းချန်က အလျင်အမြန်ပင် ဂါဝရပြုကာ ပြောဆိုလိုက်၏။

“မျှော်စင်သခင်မို.. လမ်းညွှန်ပေးပါဦး”

“ရှေးခေတ်ကာလ ကပ်ဘေးကြီးပြီးကတည်းက နတ်ကုန်းမြေတိုက်မှာ ကောင်းကင်လမ်းစဥ်နဲ့ အဆက်အသွယ် ရှိခဲ့တဲ့ တစ်ဦးတည်းသောသူက ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ဘိုးဘေးပဲ.. အဲဒီတုန်းက ဆန်းကြယ်နတ်မျိုးနွယ်စုရဲ့ဘိုးဘေးက ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ခဲ့ပြီး ကောင်းကင်လမ်းစဥ်နဲ့ သဘောတူညီချက်အချို့ ရယူခဲ့တယ်"

"တကယ်လို့ ဒီလောကမှာ ကောင်းကင်လမ်းစဥ်ရဲ့ သတင်းကို သိတဲ့သူ ရှိတယ်ဆိုရင် အဲဒါက ဆန်းကြယ်နတ်မျိုးနွယ်စုပဲ ဖြစ်လိမ့်မယ်.. တကယ်လို့ လူသားဧကရာဇ်က ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်ပြီး သိချင်တယ် ဆိုရင် ဆန်းကြယ်နတ်မျိုးနွယ်စုကို သွားပြီး စုံစမ်းနိုင်ပါတယ်”

မိုကျင့်မင်က ပြုံး၍ ရှင်းပြလိုက်သည်။

“ဆန်းကြယ်နတ်မျိုးနွယ်စုလား”

မိုကျင့်မင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ရှိစဥ်က လနတ်ကျောက်တုံးကို လုယူရန်အတွက် သူနှင့် ဆန်းကြယ်နတ်မျိုးနွယ်စုမှ ကျင့်ကြံသူများ ကြားတွင် ဆက်ဆံရေး သိပ်မကောင်းခဲ့‌ပေ။

ထို့ကြောင့်လည်း ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စုသို့ အရင်မသွားဘဲ ထျန်းကျီနတ်မျှော်စင် ဆီသို့ အရင်လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခု ကြည့်ရသည်မှာ ကောင်းကင်လမ်းစဥ်၏ သတင်းကို ရရှိလိုလျှင် ဆန်းကြယ်နတ်မျိုးနွယ်စု ဆီသို့ မဖြစ်မနေ သွားရတော့မည့်ပုံ ရသည်။

“မျှော်စင်သခင်ရဲ့ လမ်းညွှန်ပေးမှု အတွက် ကျေးဇူးတင်ပါတယ်.. ကျန်းချန်မှာ အရေးတကြီး လုပ်စရာကိစ္စရှိလို့ သွားခွင့်ပြုပါဦး”

ကျန်းချန်က မိုကျင့်မင်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် လှည့်ထွက်ရန် ပြင်လိုက်သည်။

“လူသားဧကရာဇ် ခဏလေးနေပါဦး”

ထိုအခိုက်အတန့်တွင် မိုကျင့်မင်သည် ကျန်းချန်ကို ရုတ်တရက် ဟန့်တားလိုက်သည်။

ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် မိုကျင့်မင်ကို ကြည့်လိုက်သည်။

“မျှော်စင်သခင်မို.. ဘာကိစ္စရှိသေးလို့လဲ”

မိုကျင့်မင်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ လက်တစ်ဝါးစာ အရွယ်အစား ရှိသည့် ဆန်းကြယ်သည့် သလင်းကျောက်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

ထိုသလင်းကျောက်ထံကနေ ပြင်းထန်သော အသက်စွမ်းအားများ ထွက်ပေါ်နေခဲ့၏။

“လူသားဧကရာဇ်.. ဒီကျောက်တုံးကို ထျန်းကျီနတ်မျှော်စင်က မတော်တဆ ရရှိထားတာပါ.. ဒါက လူသားဧကရာဇ်အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်.. လူသားဧကရာဇ် ယူသွားလိုက်ပါ”

ကျန်းချန်က အနည်းငယ် ဝေခွဲမရ ဖြစ်သွား‌သော်လည်း အဆုံးသတ်တွင် ထိုဆန်းကြယ်သော သလင်းကျောက်ကို လက်ခံယူလိုက်သည်။

ဤဆန်းကြယ်သော ကျောက်သလင်းကနေ ထွက်ပေါ်နေသည့် အသက်စွမ်းအားသည် သူယခင်က ရရှိခဲ့သည့် အသက်သစ်ကိုင်းထက်ပင် သာလွန်နေသည် ဖြစ်ရာ ဤသလင်းကျောက်သည် အလွန်တရာ တန်ဖိုးရှိသော ရတနာ ဖြစ်သည်မှာ သေချာသလောက်ပင်။

သို့သော်လည်း ထျန်းကျီနတ်မျှော်စင်၏ မျှော်စင်သခင် ဖြစ်သည့် မိုကျင့်မင်က ထိုပစ္စည်းကို သူ့အားပေးလိုက်သည်ဆိုကတည်းကပင် ထိုပစ္စည်းသည် သူ့အတွက် တစ်စုံတစ်ရာ အသုံးဝင်မည်မှာ သေချာနေခဲ့သည်။

“မျှော်စင်သခင်မိုကို ကျေးဇူးတင်ပါတယ်.. ကျန်းချန်ကို သွားခွင့်ပြုပါဦး”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် မိုကျင့်မင်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

“ဒီကောင်လေးရဲ့ ကံကြမ္မာက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေတယ်.. ဒီကပ်ဘေးကနေ နတ်ကုန်းမြေတိုက် လွတ်မြောက်နိုင်မလား ဆိုတာက သူ့အပေါ်မှာပဲ မူတည်နေလိမ့်မယ်.. ခရီးစဥ် အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်”

မိုကျင့်မင်က ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။

ထိုသို့ ရေရွတ်လိုက်ပြီးနောက်တွင် မိုကျင့်မင်သည် ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ အဆက်မပြတ် စီးဆင်းလာခဲ့သည်။

ခဏအကြာတွင် မိုကျင့်မင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူ၏ မျက်နှာကလည်း ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။

“ဒီကမ္ဘာပေါ်မှာ ငါတွက်ချက်လို့ မရတဲ့ အရာတချို့ ရှိနေသေးတာပဲ”

မိုကျင့်မင်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက်တွင် ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်သည်။

ယင်းနောက်တွင် သူ၏ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဧည့်ခန်းမကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၃၁၉)ပြီး၏။

အခန်း(၂၃၂၀)

ဆန်းကြယ်နတ်မျိုးနွယ်စုသည် အလယ်ပိုင်းဒေသ၏ တောင်ဘက်ပိုင်းရှိ ယွမ်ခုန်းတောင်တွင် တည်ရှိသည်။

ယွမ်ခုန်းတောင်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ကောင်းကင်ပြင်ပမှ ဥက္ကာခဲများနှင့် တည်ဆောက်ထားကာ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် ဝှက်ထားသော သူတော်စင်တောင် ဖြစ်သည်ဟု ဆိုကြ၏။

ထို့ကြောင့်ပင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး မည်သည့်နေရာတွင် ရှိသည်ကို သိရှိသူ အနည်းငယ်သာ ရှိသည်။

သို့သော်လည်း နတ်ကုန်းမြေတိုက်၏ အရှင်သခင် ဖြစ်ခဲ့ဖူးသော လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်ရှိ ပထမတန်းစား အင်အားစုများနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားခဲ့သည်။

ယခု တစ်ကြိမ် နတ်ကုန်းမြေတိုက်၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ထွက်လာစဥ်တွင် ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စုသို့ သွားရောက်ရန် ကြံရွယ်ထားပြီးသား ဖြစ်ရာ ဆန်းကြယ်နတ်မျိုးနွယ်စု၏ တည်နေရာကို သဘာဝကျစွာပင် သိရှိထားခဲ့သည်။

ထျန်းကျီနတ်မျှော်စင်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ဆန်းကြယ်နတ်မျိုးနွယ်စု ရှိရာ ဒေသသို့ တစ်လျှောက်လုံး ခရီးနှင်လာခဲ့ပြီး မိုင်ပေါင်းသောင်းချီကို ဖြတ်ကျော်ကာ အဆုံးသတ်၌ ကောင်းကင်ယံတွင် လွင့်မျောနေသော ဧရာမ တောင်တစ်လုံးကို ရှာတွေ့ခဲ့သည်။

ထိုတောင်သည် ပေပေါင်း တစ်သောင်းခန့် မြင့်မားပြီး တောင်တစ်ခုလုံးကို တိမ်တိုက်များနှင့် မြူခိုးများက ဝန်းရံထား၏။

ထိုဧရာမတောင်ထံကနေ ရှေးခေတ်ကာလ၏ ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။

ပေပေါင်း တစ်သောင်းမြင့်သော သူတော်စင်တောင် ရှေ့သို့ ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်၏ စကားသံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“လူသားဧကရာဇ်နန်းတော်က ကျန်းချန်.. ဆန်းကြယ်နတ်မျိုးနွယ်စုဆီ လာရောက် လည်ပတ်ပါတယ်”

ကျန်းချန်၏ စကားသံဆုံးသည်နှင့် မြူခိုးများဖြင့် လွှမ်းခြုံနေသော သူတော်စင်တောင်ထဲကနေ ထူးခြားသောပုံရိပ် အချို့သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကျန်းချန်နှင့်‌ တွေ့ခဲ့ဖူးသော ဆန်းကြယ်နတ်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ယွမ်ရန်ကျီပင် ဖြစ်သည်။

“ကျန်းချန်.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး”

သူ၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာသည့် ရင်းနှီးသော ပုံရိပ်ကိုမြင်လျှင် ယွမ်ရန်ကျီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ကျန်းချန်ဟု အမည်ရသော လူတစ်ယောက်က လူသားဧကရာဇ် ဖြစ်လာသည်ကို သိလိုက်ရပြီးနောက်တွင် ထိုလူသားဧကရာဇ်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် သူတို့ ကြုံတွေ့ခဲ့သည့် ကျန်းချန် ဖြစ်နေမလားဟု သူမရေမရာခံစားခဲ့ရသည်။

ယနေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သူထင်ထားသည့်အတိုင်းပင် အမှန်တကယ် ဖြစ်နေခဲ့၏။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ယွမ်ရန်ကျီ.. ငါဒီနေ့လာတာက မင်းတို့ရဲ့ ဘိုးဘေး ယွမ်ခွန်ဆီ လာလည်တာပါ.. သူ့ကို ထွက်တွေ့ဖို့ အကြောင်းကြားပေးပါ”

“စိတ်မကောင်းပါဘူး.. ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတဲ့အတွက် ဧည့်တွေ့နိုင်မှာ မဟုတ်ဘူး.. ကျေးဇူးပြုပြီး လှည့်ပြန်လိုက်ပါ”

ယွမ်ရန်ကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

ထိုနေ့က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကျန်းချန်သည် လနတ်ကျောက်တုံးကို သူတို့ မရရှိအောင် တားဆီးခဲ့ပြီး ဆန်းကြယ်နတ်မျိုးနွယ်စု၏ အရေးကြီးသောကိစ္စကို ဖျက်ဆီးပစ်ခဲ့သည်။

သို့ဖြစ်ရာ ယခု ကျန်းချန်က ဆန်းကြယ်နတ်မျိုးနွယ်စုဆီ လာသောအခါတွင် သူက ကျန်းချန်ကို မည်ကဲ့သို့ မျက်နှာသာ ပေးနိုင်ပါအံ့နည်း။

ယခုအခါတွင် ကျန်းချန်၏ အဆင့်အတန်းသည် အလွန်တရာပင် ထူးခြားပြီး လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ် ဖြစ်နေသော်လည်း သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုသည် အလွန်အမင်း ကြောက်ရွံ့ခြင်းမရှိပေ။

“ယွမ်ရန်ကျီ.. မင်းတို့ဘိုးဘေး ယွမ်ခွန် ရောက်လာပြီးတဲ့နောက်မှာ မင်းတို့တွေ လနတ်ဘုရားနန်းတော်ကို သွားခဲ့လောက်မှာပါ.. ငါက မင်းတို့ကို မတားခဲ့ရင်တောင် ဆန်းကြယ်နတ်မျိုးနွယ်စုအနေနဲ့ လနတ်ကျောက်တုံးကို ရဖို့ မဖြစ်နိုင်ဘူး ဆိုတာ မင်း ကောင်းကောင်းသိမယ်လို့ ငါထင်တယ်”

ကျန်းချန်က မလိုအပ်ဘဲ ပြဿနာ မတက်ချင်၍ ယွမ်ရန်ကျီကို ပြေလည်ရာ ပြေလည်ကြောင်း ပြောလိုက်သည်။

လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်ပြီး ရှေးခေတ်ကာလ ကတည်းကပင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အလွန်တရာပင် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။

ဆိုရလျှင် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မ မလိုလားသရွေ့ နတ်ကုန်းမြေတိုက် ပေါ်ရှိ မည်သူကမှ လနတ်ဘုရားနန်းတော် ထံကနေ လနတ်ကျောက်တုံးကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

“ကျန်းချန်.. ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပဲ.. ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတဲ့ အတွက် ဧည့်တွေ့နိုင်မှာမဟုတ်ဘူး.. ကျေးဇူးပြုပြီး လှည့်ပြန်လိုက်ပါ”

“ဒါဆိုရင်လည်း မင်းတို့ရဲ့ ဘိုးဘေး ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ ငါ ဒီနေရာကနေ စောင့်နေမယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ယွမ်ရန်ကျီကို ဂရုစိုက်မနေတော့ဘဲ လေထုထဲတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်သည်။

သူက ယနေ့တွင် ဆန်းကြယ်နတ်မျိုးနွယ်စုထံ အကူအညီတောင်းရန် ရောက်လာခဲ့ခြင်း ဖြစ်ရာ ဆန်းကြယ်နတ်မျိုးနွယ်စုထဲသို့ အတင်းအကျပ် ဝင်ရောက်ပြီး ဆန်းကြယ်နတ်မျိုးနွယ်စုနှင့် ဆက်ဆံရေးကို ပို၍ တင်းမာအောင် မလုပ်လိုခဲ့ပေ။

ထို့အပြင် နတ်ကုန်းမြေတိုက်၏ ရှေးအကျဆုံး အင်အားစုများထဲမှ တစ်စု ဖြစ်၍ ဆန်းကြယ်နတ်မျိုးနွယ်စု၏ ခွန်အားသည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းသည်။

သူ့ရှေ့ရှိ သူတော်စင်တောင်၏ ကာကွယ်ရေး အစီအရင်သည် လူသားဧကရာဇ် မြို့တော်၏ ကာကွယ်ရေးအစီအရင်နှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ အစွမ်းထက်နိုင်ခြေ ရှိ၏။

ရှင်းလင်းစွာဆိုရလျှင် သူ၏ လက်ရှိခွန်အားဖြင့်ပင် ဆန်းကြယ်နတ်မျိုးနွယ်စု ထဲသို့ အတင်းအကျပ် ဝင်ရောက်ရန်မှာ သေချာပေါက် လွယ်ကူသောကိစ္စ မဟုတ်ပေ။

“မင်းစောင့်ချင်တယ် ဆိုရင်လည်း စောင့်နေလိုက်ပေါ့”

ယွမ်ရန်ကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ချာခနဲ လှည့်ထွက်သွားခဲ့ပြီး မြူခိုးများ ဝန်းရံနေသော သူတော်စင်တောင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

-----------------

ယွမ်ရန်ကျီက ဆန်းကြယ်နတ်မျိုးနွယ်စု ဆီသို့ ပြန်လာခဲ့ပြီးနောက်တွင် မကြာမီမှာပင် ခန်းမဆောင်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုခန်းမဆောင်ထဲတွင် အိုမင်းသော ပုံရိပ်တစ်ခုသည် မျက်လုံးများကို မှိတ်ကာ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

ထိုသူမှာ တခြားသူ မဟုတ်ဘဲ ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေ ယွမ်ခွန် ဖြစ်၏။

ယွမ်ရန်ကျီ ရောက်လာသည်ကို ခံစားမိလျှင် ယွမ်ခွန်သည် သူ၏ ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ရန်ကျီ.. အခြေအနေ ဘယ်လိုရှိလဲ”

“ဘိုးဘေး.. အပြင်ဘက်မှာရှိနေတဲ့ လူသားဧကရာဇ် ကျန်းချန်က ကျွန်တော်တို့ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေမှာ တွေ့ခဲ့တဲ့ ကျန်းချန်နဲ့ တစ်ယောက်တည်းပါပဲ”

ယွမ်ရန်ကျီက အနည်းငယ် ဝေခွဲမရဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်ရဲ့ အကဲဖြတ်ချက်အရတော့ သူက ကျွန်တော်တို့ ဆန်းကြယ်နတ်မျိုးနွယ်စု အပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိပုံတော့ မရဘူး”

လွန်ခဲ့သော နှစ်ပေါင်းသန်းချီက သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စုတွင် အုပ်စိုးသူအဆင့်နှင့် အလွန်တရာ နီးစပ်သော ဘိုးဘေးတစ်ယောက် ရှိခဲ့ဖူး၏။

ထိုဘိုးဘေးသည် ကံကြမ္မာလမ်းစဥ်တွင် အလွန်တရာမြင့်မားသော အောင်မြင်မှုများကို ရရှိခဲ့သည်။

ထိုဘိုးဘေးသည် ဆန်းကြယ်နတ်မျိုးနွယ်စု၏ အနာဂတ်ကို တွက်ချက်ခဲ့ရာ ဆန်းကြယ်နတ်မျိုးနွယ်စုသည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ပြီး ပျက်စီးလိမ့်မည်ဟု ကြိုတင် သိမြင်ခဲ့သည်။

ထို့ကြောင့် ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် ဆန်းကြယ်နတ်မျိုးနွယ်စု မပျက်စီးစေရန်အတွက် အစီအစဥ်များကို လုပ်ဆောင်ခဲ့သည်။

သူက ရှေးခေတ်ကာလက လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် ပြုလုပ်ခဲ့ပြီး ဆန်းကြယ်နတ်မျိုးနွယ်စု ထဲတွင် ထားရှိခဲ့သည်။

ထို့နောက်တွင် အုပ်စိုးသူအဆင့် စွမ်းအားများ ပါဝင်သော နတ်ဘုရား ပစ္စည်းများကို ရှာဖွေရန် ဆန်းကြယ်နတ်မျိုးနွယ်စုကို အမိန့်ပေးခဲ့၏။

ထိုနတ်ဘုရားပစ္စည်းများကို ရရှိသရွေ့ သူက နောက်ဆုံးအဆင့်ကို ပြီးမြောက်နိုင်မည် ဖြစ်ပြီး အုပ်စိုးသူအဆင့်နှင့် ယှဥ်နိုင်သည့် အသန်မာဆုံး အလောင်းဘုရင် အဖြစ်သို့ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ဆန်းကြယ်နတ်မျိုးနွယ်စုသည် မျိုးတုန်းမည့် ကပ်ဘေးကြီးကို ခုခံရန်အတွက် ထိုရုပ်သေးရုပ်ကို ချက်ချင်းပင် အသုံးပြုနိုင်လိမ့်မည် ဖြစ်၏။

ဤနှစ်ပေါင်းများစွာ အတွင်း ဆန်းကြယ်နတ်မျိုးနွယ်စုသည် အုပ်စိုးသူအဆင့် စွမ်းအားများ ပါဝင်နေသော နတ်ဘုရား ပစ္စည်းများကို ရှာဖွေနေခဲ့သည်။

အဆုံးသတ်တွင် သူတို့သည် လနတ်ကျောက်တုံး၏ သတင်းကို ရရှိခဲ့ပြီး ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ကာ ရှာဖွေခဲ့သော်လည်း ကျန်းချန်နှင့် တွေ့ဆုံခဲ့သဖြင့် လနတ်ကျောက်တုံးကို ရယူရန် ပျက်ကွက်ခဲ့ရသည်။

နောက်ပိုင်းတွင် ဘိုးဘေးယွမ်ခွန်သည် လနတ်ဘုရားနန်းတော်သို့ သွားရောက်ခဲ့သော်လည်း အဆုံးသတ်တွင် လက်ဗလာဖြင့်သာ ပြန်လှည့်ခဲ့ရ၏။

ထိုအချိန်မှစ၍ ယွမ်ရန်ကျီနှင့် အခြားသူများသည် ကျန်းချန်ကို ဆန်းကြယ်နတ်မျိုးနွယ်စုဆီ ပျက်စီးခြင်းများ ယူဆောင်လာမည့်သူ အဖြစ် သတ်မှတ်ထားခဲ့ကြ၏။

သို့သော်လည်း ယနေ့ ကျန်းချန်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏ ခန့်မှန်းချက်သည် မှားယွင်းနိုင်ကြောင်း ယွမ်ရန်ကျီ သတိပြုမိလိုက်သည်။

သူ၏အမြင်အရ ကျန်းချန်သည် သူတို့ ဆန်းကြယ်နတ်မျိုးနွယ်စု မျိုးတုံးမည့် ကပ်ဘေးကြီး၏ အရင်းအမြစ် မဖြစ်နိုင်သည်မှာ သေချာသလောက်ပင်။

ယွမ်ရန်ကျီ၏ သုံးသပ်မှုကို ကြားလျှင် ဘိုးဘေးယွမ်ခွန်သည် ဘာစကားမျှ မပြောခဲ့ပေ။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်စိမ်းပြား တစ်ခုသည်သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။

ယွမ်ခွန်က သူ၏ လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပြားကို ထိန်းချုပ်လိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို အဆက်မပြတ် ပြုလုပ်ကာ လျင်မြန်စွာ တွက်ချက်လိုက်သည်။

တဖြည်းဖြည်းနှင့် ယွမ်ခွန်၏ နဖူးတွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ပြီး မျက်နှာက အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

အဆုံးသတ်တွင် သူ၏ လည်ချောင်းထဲကနေ ချိုအီသော အရသာတစ်ခုကို ခံစားလိုက်ရပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

ယွမ်ရန်ကျီက ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပင် မေးလိုက်သည်။

“ဘိုးဘေး ဘယ်လိုဖြစ်ရတာလဲ”

“ငါ့ရဲ့ ခွန်အားနဲ့တောင် ဒီလျှို့ဝှက်ဆန်းကြယ် ကျောက်စိမ်းပြားကို ထိန်းချုပ်ဖို့ ခက်ခဲနေဆဲပဲ”

ယွမ်ခွန်က ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မင်းအခုချက်ချင်း ကျန်းချန်ကို ဆန်းကြယ်နတ်မျိုးနွယ်စုဆီ ဖိတ်ခေါ်လိုက်ပါ.. ပြီးရင် သူ့ကို ကောင်းကောင်း ဧည့်ခံထားလိုက်.. သုံးရက်ကြာရင် ငါသူ့ကို လာတွေ့မယ်”

သူ၏ စွမ်းဆောင်ရည်ဖြင့် ဆန်းကြယ်နတ်မျိုးနွယ်စု၏ ကပ်ဘေး အရင်းအမြစ်ကို မတွက်ချက်နိုင်ခဲ့သော်လည်း ဆန်းကြယ်နတ်မျိုးနွယ်စု၏ ဝေဝါးနေသော အနာဂတ်တွင် အလင်းရောင် အစအနလေး တစ်ခုကို သူမြင်လိုက်ရသည်။

ဆိုရလျှင် ထိုအလင်းရောင် အစအနလေးမှာ လူသားဧကရာဇ် ကျန်းချန် ဖြစ်နိုင်ရန် အလားအလာ အလွန်များနေခဲ့၏။

အခန်း(၂၃၂၀)ပြီး၏။

All Chapters