← Chapters

အခန်း (၁၄၁-၁၄၃)

Vol. 10 Ch. 141-143

အခန်း (၁၄၁-၁၄၃)

Vol. 10 Ch. 141-143

အခန်း ၁၄၁

- အပိုင်း ၂၈ - အမြင့်မြတ်ဆုံး စတေးမှု (၁)

မိနစ် ၃၀ ခန့် ကြာပြီးနောက်တွင်တော့ ဆဌမအဆင့် မိစ္ဆာအားလုံးကို ရှင်းလင်းပြီးသွားပြီ ဖြစ်၏။ ကျနော်၏ အဖွဲ့သားများနှင့် ကျနော်ကိုယ်တိုင် အလွန်ပင် တက်ကြွစွာ တိုက်ခိုက်ခဲ့ကြပြီး အထူးသဖြင့် ဂုံဖီဒူမှာ ပို၍ ထူးခြားနေ၏။ မိစ္ဆာဆယ်ပါးထဲမှ တစ်ဦးဖြစ်သည့်အတိုင်း တကယ်ကို အားကိုးထိုက်သော လူဖြစ်လေသည်။

"အခုတော့ ခဏအနားယူလို့ ရပါပြီ။ နောက်ထပ် လေးနာရီလောက်နေမှ ထပ်လာကြမှာမလား"

လီဂျီဟယ်က ဓါးကို ခါးကြားရှိ ဓါးအိမ်ထဲသို့ ပြန်ထည့်ရင်း စဉ်းစားဟန်ဖြင့် မေးမြန်း၏။

ပတ်ဝန်းကျင်ကို ကျနော်ကြည့်လိုက်ရာ ထိုနေရာရှိ တိုက်ပွဲများမှာလည်း ငြိမ်သက်သွားချေပြီ။ အခြားနယ်မြေများတွင် မည်သို့ဖြစ်နေပြီလဲ မသိသော်လည်း အနည်းဆုံးတော့ ဤနေရာကို ကျနော်တို့ ကာကွယ်နိုင်ခဲ့သည်။ သို့ပေသိ လူတိုင်း ဘေးကင်းခဲ့သည်တော့ မဟုတ်ပေ။

"အဖေ။ အဖေ။ ထပါဦး။ အဖေ"

" ကူကြပါဦး"

တိုက်ပွဲအတွေ့အကြုံ မရှိသေးသည့် ကိုယ်စားလှယ်များစွာမှာ ဆဌမအဆင့် မိစ္ဆာများကို မခုခံနိုင်ခဲ့ကြချေ။ အမဲလိုက်ခွေးကြီးများ၏ လက်သည်းချက်ကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသူများနှင့် ကိုယ်တွင်းအင်္ဂါများ ပေါက်ထွက်သွားသူများလည်း ရှိလေသည်။ ထိုသူအများစုမှာ ကိုယ်စားလှယ်အသစ်များ ဖြစ်ကြသည်။

[လက်ရှိ ကိုယ်စားလှယ် အရေအတွက် - ၉၀,၅၃၁ ဦး]

ပထမဆုံး တိုက်ခိုက်မှုလှိုင်းသာ ရှိသေးသော်လည်း ဆိုလ်းဒေသ၏ ဆယ်ပုံတစ်ပုံခန့် သေဆုံးသွားခဲ့ချေပြီ။ အနည်းငယ် ဝေးကွာသော နေရာတွင်တော့ ယူဂျွန်ဟော့က ကိုယ်စားလှယ်များကို ကြည့်ရှုနေ၏။ ယူဂျွန်ဟော့ကို ကြည့်ရင်း ကျနော် အနည်းငယ် စိုးရိမ်စိတ် ဝင်လာသည်။

အင်အားအကောင်းဆုံး ကိုယ်စားလှယ်ကို စတေးခြင်းဖြင့် ဆိုလ်းဒေသရှိ ကိုယ်စားလှယ်အားလုံးကို ကယ်တင်နိုင်မည်ဟု ဒိုကဲဘီက ဆိုခဲ့ဖူးသည်။

"ဟေ့… ယူဂျွန်ဟော့"

ယူဂျွန်ဟော့က ကျနော်ဘက်သို့ လှည့်ကြည့်လာ၏။ ယူဂျွန်ဟော့ဘာကိုမြင်ချင်နေမှန်း ကျနော် အသေအချာ မသိပေ။

ကျနော် အမြဲပြောသကဲ့သို့ Ways of Survival ကို ဖတ်ရုံဖြင့် ထိုလူ၏ အကြောင်းကို အမှန်တကယ် သိနိုင်မည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် စနစ်တကျ ပြုပြင်ပြီး ပေးပို့ထားသော စာသားများကိုသာ ကျနော် နားလည်နေခြင်း ဖြစ်သည်။ အချို့သောအရာများမှာ ဖတ်၍လည်း နားမလည်နိုင်သလို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရလျှင်လည်း နားလည်နိုင်မည် မဟုတ်ပေ။

"မင်းနဲ့ ခဏလောက် စကားပြောပါရစေ"

……………………………………………………………………………..

ကျနော်တို့သည် မြင့်မားသော အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ တက်ခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် ယူဂျွန်ဟော့အပေါ်သို့ 'ဇာတ်ကောင်စာရင်း' စွမ်းရည်ကို အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ကျနော် ပြန်လည်အသုံးပြုလိုက်သည်။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်း အသက်ဝင်ပါပြီ။]

[ဤသူနှင့် ပတ်သက်သော အချက်အလက်များမှာ များပြားလွန်းလှသဖြင့် ဇာတ်ကောင်စာရင်းအား ဇာတ်ကောင်အကျဉ်းချုပ်အဖြစ် ပြောင်းလဲဖော်ပြပါမည်။]

[အသုံးပြုသူ၏ အဆင်ပြေချောမွေ့မှုအလိုက် ကျပန်းရွေးချယ်ထားသော အချက်များကိုသာ ပြသပါမည်။]

[ဇာတ်ကောင်အကျဉ်းချုပ်]

အမည်

ယူဂျွန်ဟော့

ထောက်ပံ့သူ

???

ဝိသေသလက္ခဏာများ

နောက်ပြန်ဆုတ်သူ (တတိယအကြိမ်) (ဒဏ္ဍာရီလာ)၊ ပရိုဂိမ်းမာ (ရှားပါး)၊ အမြင့်မြတ်ဆုံးဘုရင် (သူရဲကောင်း)။

သီးသန့်စွမ်းရည်များ

သူတော်စင်၏မျက်လုံး အဆင့် ၉၊ လက်ဗလာတိုက်ခိုက်ရေး အဆင့် ၁၀၊ အဆင့်မြင့်လက်နက်လေ့ကျင့်ရေး အဆင့် ၁၀၊ အဆင့်မြင့် စိတ်အကာအရံ အဆင့် ၃၊ နတ်လက်သီးအကွက်ရာချီ အဆင့် ၉၊ ဖီးနစ်နီအလျှင် အဆင့် ၈၊ ကောင်းကင်စွမ်းအားခွဲထုတ်ခြင်း

အဆင့် ၈...

(ချန်လှပ်ထားသည်)...

အထူးစွမ်းရည်

နောက်ပြန်ဆုတ်ခြင်း အဆင့် ၃၊ လွှဲပြောင်းခြင်း အဆင့် ၅။

ယူဂျွန်ဟော့မှာ သူ၏ထောက်ပံ့သူမှာ မည်သူဖြစ်သည်ကို ယခုထိတိုင် မသိသေးချေ။ သူ၏ထောက်ပံ့သူကို အဘယ်ကြောင့် မမြင်ရသနည်းဆိုသည်ကိုမူ ကျနော် သိရှိပြီး ဖြစ်သည်။

မူရင်း Ways of Survival ဝတ္ထုထဲတွင်ပင် ယူဂျွန်ဟော့၏ ထောက်ပံ့သူမှာ အဆုံးသတ်အထိ ပေါ်ထွက်မလာခဲ့ပေ။ နိဂုံးပိုင်းတွင် ပေါ်လာလိမ့်မည်ဟု ကျနော် တွေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် Ways of Survival ၏ နိဂုံးပိုင်းကို ကျနော် မဖတ်ခဲ့ရချေ။

သူ၏ထောက်ပံ့သူမှာ ကျနော်သိသော မည်သည့်နက္ခတ်များထက်မဆို 'ဖြစ်နိုင်စွမ်း' ကို ပိုမိုတွန်းလှန်နိုင်စွမ်း ရှိ၏။ ထိုနက္ခတ်ထံတွင် အခြားနက္ခတ်များကို လှည့်စားရင်း အချိန်ဘီးကို နောက်ပြန်လှည့်နိုင်သည့် စွမ်းအားရှိသည်။ Ways of Survival ၏ အဆုံးသတ်တိုင်အောင် ထိုနက္ခတ်သည် ယူဂျွန်ဟော့အား 'နောက်ပြန်ဆုတ်ခြင်း' မှလွဲ၍ မည်သည့်အရာကိုမျှ မပေးအပ်ခဲ့ပေ။

ထိုနက္ခတ်မှာ မည်သူဖြစ်ကြောင်းနှင့် ယူဂျွန်ဟော့ထံမှ မည်သည့်အရာကို ရယူလိုကြောင်းကို ကျနော် အသေအချာ မသိပေ။

"…နာဗားနားကို သတ်ဖို့ နည်းလမ်းရှိလား"

ဤမအေဘေးမှာ အမြဲတမ်း စိတ်စောလွန်းလှ၏။ အနားယူရန် အချိန်ပေးထားသော်လည်း သူ၏ဦးနှောက်မှာ တွေးတောရင်း အလုပ်ရှုပ်နေဆဲ ဖြစ်သည်။ စိတ်ဓာတ်ကျနေသည့် အခြေအနေဖြစ်လင့်ကစား ယူဂျွန်ဟော့မှာ ယူဂျွန်ဟော့ပင် ဖြစ်၏။

"အဲ့ဒါထက် ခဏလောက် အမောဖြေပါဦး။ မြင်ကွင်းက တော်တော်လှတာပဲ"

ခေါင်မိုးလက်ရန်းပေါ်တွင် ထိုင်ရင်း ကျနော် ပြောလိုက်သည်။ ယူဂျွန်ဟော့က ကျနော်ကို မေးမြန်းလာ၏။

"မင်း ဘာလုပ်နေတာလဲ"

"ကမ္ဘာကြီးကို ကြည့်နေတာလေ။ လှတယ် မဟုတ်လား"

ဆိုလ်းမြို့တော်မှာ မိစ္ဆာများကြောင့် ပျက်စီးနေလေပြီ။ ထို့ကြောင့် ကျနော်က အမြန်ပင် ထပ်ဖြည့်ပြောလိုက်ရသည်။

"မူလကတော့ ဒီနေရာက လှပတဲ့ နေရာတစ်ခုပေါ့"

"ငါက ရှုခင်းတွေကို မကြိုက်ဘူး"

"ဘာဖြစ်လို့လဲ"

"အဲ့ဒါတွေက တစ်နေ့နေ့မှာ ပျောက်ကွယ်သွားမယ့် အရာတွေမလို့ပဲ"

ရှင်ယူဆောင်းနှင့် တိုက်ခိုက်ပြီးနောက်တွင် တတိယအကြိမ် နောက်ပြန်ဆုတ်နေသော ယူဂျွန်ဟော့၏အကြောင်းကို ကျနော် အနည်းငယ် ပို၍ နားလည်လာသည်ဟု ထင်မိသည်။ သူသည် လက်မလျှော့ဘဲ သို့မဟုတ် စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ဤကမ္ဘာကြီးကို ချစ်မြတ်နိုးနိုင်မည့်သူ ဖြစ်သည်ဟု ကျနော် ယုံကြည်ချင်ခဲ့သည်။

သူ့ကို ကျနော် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီအရာတွေကို ငါတို့ ကာကွယ်ဖို့ လိုတယ်"

"ကင်ဒေါ့ဂျာ။ မင်း မသိပါဘူးကွာ"

ကျနော်၏ အထင်မှားမှုလည်း ဖြစ်နိုင်၏။ ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်ခြင်း ဖြစ်စဉ်ထဲတွင် ရှိနေဆဲဖြစ်သဖြင့် မည်သည့်အချိန်တွင်မဆို လက်လျှော့သွားနိုင်လေသည်။

အဆုံးတွင် ယူဂျွန်ဟော့၏ ရည်ရွယ်ချက်မှာ 'ဤကမ္ဘာကြီး ပျက်စီးခြင်း' ကို တားဆီးရန် ဖြစ်သော်လည်း ရှေ့နောက်မညီစွာပင် သူသည် ဤကမ္ဘာကြီးကို မည်သည့်အချိန်တွင်မဆို စွန့်လွှတ်သွားနိုင်၏။ သူ၏ အစွမ်းမှာ နောက်ပြန်ဆုတ်ခြင်းဖြစ်ပြီး ဤအချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။

"မဟုတ်ဘူး၊ ငါ သိတယ်"

ကျနော် ပြန်ဖြေလိုက်သည်။

"ဘာကိုလဲ"

"မင်းက ဘယ်အချိန်မဆို နောက်ပြန်ဆုတ်နိုင်တယ်မလို့ သေခြင်းတရားဟာ မင်းအတွက် အဓိပ္ပာယ်မဲ့သွားတယ်ဆိုတာကို ငါနားလည်တယ်"

ဒဏ်ရာရသူများကို ပြုစုပေးနေသည့် လီဆောဟွာကို ကျနော် ငုံ့ကြည့်လိုက်၏။ လီဆောဟွာသည် အမည်မသိ လူတစ်ယောက်ကို ကိုယ်တိုင် ချက်ပြုတ်ထားသော စွပ်ပြုတ်များ တိုက်ကျွေးနေသည်။ လီဆောဟွာသည် ကြိုးစားပမ်းစားရှင်သန်နေလင့်ကစား ဇာတ်ကောင် လီဆောဟွာ သေဆုံးသွားရန် ဖြစ်နိုင်စွမ်းမှာ အလွန်မြင့်မားနေ၏။

ယခု ရှင်သန်နေလင့်ကစား မနက်ဖြန်တွင် သေဆုံးသွားနိုင်ချေပင် ရှိသည်။ မနက်ဖြန်တွင် အံ့ဖွယ်နည်းဖြင့် ရှင်သန်ခဲ့လျှင်ပင် သဘက်ခါတွင် သေဆုံးသွားပေလိမ့်မည်။

စတုတ္ထအကြိမ် နောက်ပြန်ဆုတ်ခြင်းနှင့် ပဉ္စမအကြိမ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ ယူဂျွန်ဟော့၏ ကမ္ဘာတွင် အကြိမ် ၁၀၀ မြောက် နောက်ပြန်ဆုတ်ခြင်းကို ကျော်လွန်ပြီးနောက်တွင်ပင် 'သေခြင်းတရား' မှာ အမြဲရှိနေပေလိမ့်မည်။

"သေခြင်းတရားကို ခံစားသိရှိမှု မရှိတော့ဘူးဆိုရင် ဘဝရဲ့ တန်ဖိုးကလည်း ပျောက်ကွယ်သွားတာပဲ"

"မင်း ဘာသိလို့လဲ…"

"ယူဂျွန်ဟော့… သတိထားစမ်း။ လုပ်ခဲ့ပြီးတာတွေကို အကြိမ်အနည်းငယ်လောက် ထပ်ခါတလဲလဲ လုပ်နေရုံနဲ့ အခြေအနေတွေ တိုးတက်လာမယ်လို့ မထင်နဲ့"

ကျနော်၏ ပြင်းထန်သော စကားများကြောင့် ယူဂျွန်ဟော့မှာ အံ့အားသင့်သွားသည့်အလား တိတ်ဆိတ်သွား၏။

"စတုတ္ထအကြိမ် နောက်ပြန်ဆုတ်တဲ့အခါမှာ မင်းအတွက် ပိုကောင်းအောင် လုပ်နိုင်မယ့် အခွင့်အရေး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ဖြစ်မလာနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာပဲ။ ဇာတ်ခုံအကျဉ်းထောင်တုန်းက ကိစ္စကို မေ့သွားပြီလား။ အဲ့ဒီတုန်းက ငါသာ ပေါ်မလာခဲ့ရင်―"

"နောက်တစ်ကြိမ် နောက်ပြန်ဆုတ်တာက သိသိသာသာ ပိုကောင်းမှာပဲ။ ဒီတစ်ခေါက်မှာ မမျှော်လင့်ထားတဲ့ အရာတွေ အများကြီး ရှိခဲ့တာကြောင့် နောက်တစ်ခေါက်ကတော့ သေချာပေါက် ပိုကောင်းလိမ့်မယ်"

"ဘာဖြစ်လို့လဲ။ မင်းက အနာဂတ်အကြောင်းတွေ အများကြီး သိနေလို့လား"

သတင်းအချက်အလက် ပိုရှိလာလျှင် နောက်တစ်ကြိမ်တွင် ပိုကောင်းအောင် လုပ်နိုင်မည်ဟူသော ဝေဝါးသည့် ယုံကြည်ချက်တစ်ခု သူ၏စိတ်တွင် ရှိနေ၏။ တစ်စုံတစ်ခု မှားယွင်းသွားပြီဆိုတာနဲ့ ဤတစ်ခေါက်နောက်ပြန်ဆုတ်ခြင်းကို စွန့်လွှတ်လိုက်ရန်မှာ သူ့အတွက် လွယ်ကူလွန်းလှသည်။

ဤအရာမှာ 'နောက်ပြန်ဆုတ်ခြင်း စိတ်ကျရောဂါ' ၏ ရှေ့ပြေးလက္ခဏာပင် ဖြစ်၏။ Ways of Survival ထဲမှ အကြောင်းအရာအချို့ ကျနော်၏ ခေါင်းထဲသို့ ဖြတ်ပြေးသွားသည်။

၄၈ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း ဝန်းကျင်တွင် ဖြစ်ပေလိမ့်မည်။ ယူဂျွန်ဟော့သည် 'နောက်ပြန်ဆုတ်ခြင်း စိတ်ကျရောဂါ' နှင့် ပတ်သက်၍ 'မသိစိတ်ကို ရှာဖွေသူ' နက္ခတ်၏ ကိုယ်စားလှယ်နှင့် တိုင်ပင်ဆွေးနွေးခဲ့ဖူး၏။ ထိုစဉ်က သူသည် ယခု ကျနော်ပြောနေသကဲ့သို့ပင် ပြောဆိုခဲ့လေသည်။

ကျနော် ဆက်ပြောလိုက်သည်။

"ဟုတ်ပါတယ်။ မင်းပြောသလို ဖြစ်နိုင်ပါတယ်။ ၁၀ ကြိမ် ဒါမှမဟုတ် အကြိမ် ၂၀ လောက် ထပ်လုပ်ရင် သေချာပေါက် ပိုကောင်းလာမှာပါ။ ဇာတ်ဝင်ခန်းတွေ ပိုကြုံလာရပြီး အနာဂတ်တွေကို ပိုမြင်လာရမှာပေါ့။ တကယ့် ပြဿနာက တစ်နေ့မှာ မင်းက ဒီနည်းလမ်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့တဲ့ အချိန်ပဲ"

"ဒါက ဘာကို ဆိုလိုတာလဲ"

"အဲ့ဒီအချိန်ကျရင် မင်းဟာ ဒီကမ္ဘာကြီးကို တကယ် ကယ်တင်နိုင်ခဲ့တယ်လို့ ထင်လို့လား"

"…"

"ဒီအရာတွေကို အကြိမ် ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက် ထပ်ခါတလဲလဲ လုပ်ပြီးတဲ့နောက်မှာတောင် မင်းရဲ့ စိတ်နေစိတ်ထားက အခုလိုပဲ ရှိနေနိုင်ဦးမယ်လို့ ထင်လား"

"ငါ အဲ့ဒီလောက် အကြိမ်ရေအများကြီး နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး"

ကျနော်သည် ယူဂျွန်ဟော့ ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

「 …ဒါဆိုရင် မင်းက…. 」

ယူဂျွန်ဟော့ ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။

ကျနော်က ဆက်၍ ပြောလိုက်သည်။

"ဒီရက်ပိုင်း အိပ်မက်ဆိုးတွေ မက်နေတာလား"

"…"

" ကမ္ဘာကြီးကို မင်းဟာ ကယ်တင်နိုင်ခဲ့ရင်တောင် မင်းကတော့ ကယ်တင်ခံရမှာ မဟုတ်ဘူး။ မင်းဟာ ကမ္ဘာကြီးကို ကယ်တင်လိုက်တဲ့ အချိန်မှာပဲ မင်း စွန့်ပစ်ခဲ့တဲ့ ကမ္ဘာတွေက မင်းဆီကို ရောက်လာလိမ့်မယ်။ မင်းဟာ ကမ္ဘာတစ်ခုကို ကယ်တင်လိုက်သော်လည်း မင်း စွန့်ခွာခဲ့တဲ့ အခြားသော ကမ္ဘာတွေ အားလုံးက မင်းကို ငရဲဆီ ဆွဲခေါ်သွားလိမ့်မယ်"

ယူဂျွန်ဟော့ ၏ မျက်လုံးများမှာ တုန်လှုပ်သွားခဲ့သည်။ ထိုအချက်မှာ သူ ကိုယ်တိုင်လည်း မရေမရာ သိရှိထားပြီးသား အချက် ဖြစ်ပေလိမ့်မည်။

"ဒါကြောင့် ဒီတစ်ချီကို သေချာ ရှင်သန်ပါ။ ရှင်ယူဆောင်း ဟာ နှစ်ပေါင်းများစွာ လေလွင့်ခဲ့ပြီးမှ ပျက်စီးသွားခဲ့ရတာ။ မင်းဆိုရင် ရှင်ယူဆောင်းထက် ပိုဆိုးလိမ့်မယ်။ အကြိမ်ရေတွေ ထပ်ခါတလဲလဲ နောက်ပြန်ဆုတ်လေလေ မင်းဟာ ပိုပြီး ထိန်းချုပ်မရ ဖြစ်လာလေလေ ဖြစ်လာလိမ့်မယ်။ မင်းကိုယ်မင်း ပြန်မေးကြည့်လိုက်ဦး။ အစပိုင်းတုန်းကနဲ့ အခု မင်းက ဘယ်လောက်တောင် ကွာခြားသွားပြီလဲ"

"အဲ့ဒါက…"

ယူဂျွန်ဟော့ ၏ အမူအရာ တင်းမာသွားခဲ့သည်။ သူ၏ မျက်လုံးများမှာ ပြင်းထန်စွာ တုန်လှုပ်နေ၏။ အစပိုင်းတုန်းက ယူဂျွန်ဟော့ ဆိုလျှင် ဤသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒီတစ်ချီကို စွန့်ပစ်လိုက်ရင် ပိုကောင်းလာလိမ့်မယ်လို့ စိတ်ကူးမယဉ်နဲ့။ ဒီတစ်ချီဟာ မင်းအတွက် ‘လူသား’ တစ်ယောက်အနေနဲ့ ဒီကမ္ဘာရဲ့ အဆုံးသတ်ကို မြင်တွေ့ရမယ့် တစ်ခုတည်းသော အကြိမ်တောင် ဖြစ်ချင်ဖြစ်သွားနိုင်တယ် "

"…"

ယူဂျွန်ဟော့ နှုတ်ပိတ်သွားခဲ့သည်။ သူ တစ်စုံတစ်ခု ပြောချင်သော်လည်း စကားလုံးများ ထွက်မလာခဲ့ချေ။ သူ၏ မျက်နှာတွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည်။

ဟုတ်တယ်၊ ယူဂျွန်ဟော့။ စိတ်ရှုပ်ထွေးမှုတွေကို ခံစားလိုက်စမ်းပါ။

အကယ်၍ သူသာ နောက်ပြန်ဆုတ်သွားခဲ့ရင် ကျနော် ဘာဖြစ်သွားမလဲ။

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် ကောင်းမွန်လာပါသည်။]

ယူဂျွန်ဟော့ ၏ မျက်နှာတွင် အားနည်းသည့် ပြတ်သားမှု အလင်းရောင်လေး တစ်ခုကို ကျနော် မြင်လိုက်ရသည်။ ကမ္ဘာတိုင်းမှာ အလွန်ပင် ခက်ခဲလှသည်။ ဤကမ္ဘာမှာလည်း ထိုနည်းအတိုင်းပင်။

အစကနေ ပြန်စတိုင်းမှာ မင်းရဲ့ ခွန်အားရှိသမျှနဲ့ ရှင်သန်စမ်းပါကွာ။

အေးမြသော လေညင်းတစ်ချက် တိုက်ခတ်လာပြီး ကျနော်တို့နှစ်ယောက် ပျက်စီးနေသော မြို့ကြီးကို အတူတကွ ငုံ့ကြည့်နေမိကြသည်။

"ဒီဇာတ်ဝင်ခန်းက အဖြစ်အပျက်တွေအပေါ်မှာ အားကြီးတဲ့ သက်ရောက်မှုရှိတယ်။ စီးဆင်းမှုက ငါတို့ သိထားတဲ့ လမ်းကြောင်းအတိုင်း ပြန်ဖြစ်လာလိမ့်မယ်။ မင်း သိထားတဲ့ အနာဂတ်တွေကို ပြန်သုံးလို့ ရလာလိမ့်မယ်။ မင်း တစ်ယောက်ထဲပဲ သိတဲ့ ဝှက်ဖဲ တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ ဆိုးလ်ဒေသသာ တစ်နည်းနည်းနဲ့ လွတ်မြောက်သွားမယ်ဆိုရင်…"

ထိုအချိန်တွင် ခေါင်မိုးထပ် တံခါးမှာ ကျယ်လောင်သော အသံနှင့်အတူ ပွင့်သွားပြီး လူများမှာ မှောက်လျက်သား ပြုတ်ကျလာခဲ့သည်။ ပထမဆုံး ပြုတ်ကျလာသူမှာ ဂုံဖီဒူ ဖြစ်ပြီး လီဂျီဟယ် နှင့် ကလေးများမှာ သူ၏ အပေါ်တွင် ထပ်လျက်သား ပါလာကြသည်။

"ဟာ… မတွန်းနဲ့လေ"

"ဟား… သူတို့ ဘာတွေ ပြောနေကြတာလဲ သိချင်လို့ပါ။ ဦးလေးကြီး။ ဘာလို့ အဲ့ဒီလို လုပ်တာလဲ"

"ယောက်ျားတစ်ယောက်ဟာ သူတစ်ပါးရဲ့ စကားဝိုင်းထဲကို ဝင်မရှုပ်သင့်ဘူး"

"ယောက်ျားဆိုတာ ကြွက်လိုပဲ…"

…အခြေအနေကို ကျနော် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်၏ မျက်လုံးများမှာ တောက်ပနေပါသည်။]

"အားလုံးပဲ…"

လီဂျီဟယ် ထပ်မံ၍ စကားမပြောမီ ကျနော်က အရင် ကြားဖြတ် ပြောလိုက်သည်။

"ဒီနေ့တော့ နောက်ပြောင်တာကို မလုပ်ကြပါနဲ့။ ကျနော် စိတ်မပါဘူး"

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ မှာ ဝမ်းနည်းနေပါသည်။]

နက္ခတ် ဝမ်းနည်းသည် ဖြစ်စေ၊ ဝမ်းမနည်းဘူး ဖြစ်စေ အရေးမကြီးချေ။ အခု အရေးကြီးဆုံးမှာ ယူဂျွန်ဟော့ ဖြစ်သည်။

ယူရီအယ် က ကျနော်တို့ကို ဒင်္ဂါး မပေးတော့သည့်အတွက် ယောင်ဟီဝန် ဆီသို့သာ သွားလိမ့်မည်ဟု ကျနော် မျှော်လင့်မိသည်။ ယူဂျွန်ဟော့ က စကားစလာခဲ့သည်။

"ငါ ဒီဇာတ်ဝင်ခန်းအတွက် အစီအစဉ် တစ်ခု ဆွဲထားပြီးသားပါ"

"အစီအစဉ်ဟုတ်လား။ ဘာအစီအစဉ်လဲ"

ယူဂျွန်ဟော့ က ကျနော့်ဘက်သို့ လှည့်လာခဲ့သည်။

"ဒီဇာတ်ဝင်ခန်းဟာ အားအကောင်းဆုံး ကိုယ်စားလှယ် သေဆုံးရမယ့် ဇာတ်ဝင်ခန်းပဲ။ အဲ့ဒါကို ငါ စဉ်းစားနေခဲ့တာ"

ကျနော် ရုတ်တရက် ကြက်သီးများ ထသွားခဲ့သည်။

ခွေးသမားက ဘာလို့ အဲ့ဒီစကား ပြောနေတဲ့အချိန်မှာ ငါ့ကို လာကြည့်နေရတာလဲ။

လီဂျီဟယ် က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အိုး… အဲ့ဒါကို ကျမတို့လည်း ပြောနေကြတာ။ ဆရာ ဘယ်လို ဆုံးဖြတ်ထားလဲ။ ဘယ်သူက အားအကောင်းဆုံး ကိုယ်စားလှယ်လဲ"

"ငါပေါ့။ ငါကလွဲပြီး ဘယ်သူ ရှိဦးမှာလဲ"

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသော ယူဂျွန်ဟော့ ကို ကြည့်ပြီး ကျနော့် စိုးရိမ်မှုမှာ အထင်မှားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

အေးပါလေ။ ဒီကောင်က ဖင်ခေါင်းကျယ်တဲ့အကျင့် ပျောက်သေးတာမှမဟုတ်ဘဲ

နေပါဦး… ခဏလေး။ ဒီဇာတ်ဝင်ခန်းမှာ အားအကောင်းဆုံး ကိုယ်စားလှယ် သေမှ ပြီးဆုံးမှာဆိုတော့ သူက သူ့ကိုယ်သူ အားအကောင်းဆုံးလို့ ထင်နေတယ်ဆိုရင်…

"မင်းက သေဖို့ ကြံနေတာလား"

သူ့ကို ကျနော် မေးလိုက်သည်။

"ငါ သေလိုက်ရင် ဒီဇာတ်ဝင်ခန်းကို ရပ်တန့်နိုင်လိမ့်မယ်"

သူ၏ မြင့်မြတ်သော စိတ်ဓာတ်ကြောင့် ကျနော် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သောက်ကျိုးနည်းပြီ။

သူ၏ နောက်ပြန်ဆုတ်ခြင်း စိတ်ဓာတ်ကျမှုမှာ ရုတ်တရက် ကြည့်ကောင်းသွားသလိုပင်။ သို့ပေသိ ကျနော် သူ့ကို အမှန်တကယ် သေခွင့် မပေးနိုင်ချေ။

"မင်းက အရမ်း အလောတကြီး ဖြစ်မနေဘူးလား။ မင်းက အားအကောင်းဆုံးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ဥပမာ- ငါပေါ့ကွာ…"

အဖွဲ့သားများ အားလုံးက ကျနော့်ကို တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။ လီဂျီဟယ် က ကျနော့် ပုခုံးကို ရိုက်လိုက်ပြီး ဟန်ဆောင်၍ ရယ်မောလိုက်သည်။

"ဟေ့…ဦးလေးကြီး။ အတည်ပြောနေတာလား"

"အကိုကြီးဒေါ့ဂျာက နည်းနည်း…"

လီဂီယောင် က ကျနော့်ကို သနားစရာသတ္တဝါလေးအလား ကြည့်လာခဲ့ပြီး ရှင်ယူဆောင်း မှာလည်း ဇဝေဇဝါ ဖြစ်နေလေသည်။ ဂုံဖီဒူ နှင့် မင်ဂျီဝန် တို့မှာလည်း ထိုနည်းအတိုင်းပင်။

"မေးနေစရာ မလိုဘူး"

"…အမြင့်မြတ်ဆုံးဘုရင် က ပိုပြီး အားမကောင်းဘူးလား"

"နေပါဦး။ ဦးလေးကြီးက ကယ်တင်ခြင်း ခေါင်းဆောင်ကို အနိုင်ယူခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

အကွက်ထဲ ရောက်လာလေပြီ။

"ကယ်တင်ခြင်း ခေါင်းဆောင်က ဦးလေးကြီး အနိုင်ယူနိုင်တဲ့အထိ အားနည်းတာလား။ ကျမ မမြင်လိုက်ရပေမဲ့ သူ တစ်ခုခု လှည့်စားလိုက်တာ ဖြစ်မှာပါ။ ဟုတ်တယ်မလား"

တစ်ဖက်က ကြည့်လျှင် ထိုစကားမှာ မှန်ကန်ပေသည်။ ကျနော် ဆင်ခြေတစ်ခု ထပ်ပေးလိုက်သောအခါ ကျနော့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။

"…ငါက ဥပမာ ပေးလိုက်ရုံပါ။ ကယ်တင်ခြင်း ခေါင်းဆောင်ဟာ ယူဂျွန်ဟော့ ထက် ပိုပြီး အားကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ အဲ့တုန်းက ငါ အတော်လေး ရုန်းကန်ပြီး တိုက်ခိုက်ခဲ့ရတာ"

လီဂျီဟယ် ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

"ဆရာ။ သူပြောတာ အမှန်ပဲလား"

"…အဲ့ဒီလူက ငါနဲ့ မယှဉ်နိုင်ဘူး"

ယူဂျွန်ဟော့ ၏ စကားမှာ အဖွဲ့ကို ပို၍ ရှုပ်ထွေးသွားစေခဲ့သည်။

"ဒါဆိုရင်… ကယ်တင်ခြင်း ခေါင်းဆောင်က အားအကောင်းဆုံး မဟုတ်ဘူးလား"

"ဘုရားရေ။ ဆရာ့ထက် အားကောင်းတဲ့သူ ရှိနေသေးတာလား"

"ဒါပေမဲ့ အဆင့်သတ်မှတ်ချက်ရဲ့ စံနှုန်းက ဘာလဲ။ တိုက်ခိုက်ရေး စွမ်းအားလား။ ဒါမှမဟုတ် တိုက်ပွဲမှာ အနိုင်ရတဲ့သူလား…"

မင်ဂျီဝန် ၏ မေးခွန်းကို ကျနော် ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်တာက စွမ်းရည်အလုံးစုံ တိုက်ခိုက်ရေး စွမ်းအားကို တိုင်းတာမျိုးပဲ ဖြစ်နိုင်တယ်။ ပထမဆုံးအနေနဲ့ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတာ မဟုတ်ဘူးလေ။ တိုက်ခိုက်ပြီးရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်"

"အဲ့ဒါနဲ့ ပတ်သက်ပြီး ဒိုကဲဘီ ဘာပြောလဲ။ သူက အားအကောင်းဆုံးဆိုတော့ သူ အသိဆုံး ဖြစ်မှာပေါ့…"

ကျနော်တို့သည် ယူဂျွန်ဟော့ ကို ကြည့်လိုက်ကြသည်။

"ယူဂျွန်ဟော့… ပုံမှန်နဲ့ မတူတာ တစ်ခုခု ရှိလား။ ဒိုကဲဘီ က မင်းကို တစ်ခုခု ပြောခဲ့သေးလား"

ယူဂျွန်ဟော့ သည် လက်သီးကို ဆုပ်လိုက်ပြီး ဖြည်းညှင်းစွာ ပြန်ဖြေခဲ့သည်။

"…အင်း၊ ငါ ဘာမှ မကြားရသေးဘူး"

အဖွဲ့သားများကို လှည့်ကြည့်လိုက်ပြီး ကျနော်ပြောလိုက်သည်။

"ငါတို့တွေ ဘာမှ အတည်မပြုနိုင်သေးဘူးလို့ ထင်တယ်"

"ဒါဆိုရင် ကျမတို့ ဘာလုပ်သင့်လဲ"

"ဒါကို အခွင့်အရေး ကောင်းတစ်ခုလို့ပဲ မှတ်ယူလိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် ဒီမှာ ရှိနေတဲ့သူ ဘယ်သူမှ ယူဂျွန်ဟော့ သေသွားတာကို မမြင်ချင်ကြဘူး မဟုတ်လား။ အခုလောလောဆယ်တော့ နာဗားနားက အားအကောင်းဆုံးလို့ပဲ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပြီး သူ့ကိုပဲ ရှင်းပစ်လိုက်ကြရအောင်"

"တကယ်လို့ အမြင့်မြတ်ဆုံးဘုရင် က အားအကောင်းဆုံး ဖြစ်နေခဲ့ရင်ကော…"

"အဲ့ဒီအခါကျမှပဲ ငါတို့တွေ ထပ်စဉ်းစားကြတာပေါ့"

မင်ဂျီဝန် က ကျနော့်ကို ပြောသည်။

"ကယ်တင်ခြင်း ဘုရားကျောင်းက ဂန်ဘတ်မှာ ရှိတာ။ အဲ့ဒီမှာ နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားပြီး အင်အားချင်းလည်း အများကြီး ကွာခြားတဲ့အတွက် ချဉ်းကပ်ဖို့ မလွယ်ဘူး။ ကျမတို့ အားလုံး သွားရင်တောင်မှ လွယ်မှာမဟုတ်ဘူး"

"ငါတို့ အဲ့ဒီကို သွားမှာ မဟုတ်ဘူး။ ငါတို့ဆီကို သူလာအောင် လုပ်မှာ"

"ဘယ်လိုလုပ်မှာလဲ။ သူက လာပါ့မလား။ သူ့အတွက်က ဆုံးရှုံးမှုပဲ ဖြစ်မှာလေ…"

"နင်က သာမန် ဆင်ခြင်တုံတရားနဲ့ စဉ်းစားနေတာကိုး"

သို့ပေသိ နာဗားနား သည် သာမန် ဆင်ခြင်တုံတရား ရှိသော သူတစ်ယောက် မဟုတ်ချေ။

အခန်း ၁၄၂

- အပိုင်း ၂၈ - အမြင့်မြတ်ဆုံး စတေးမှု (၂)

မိစ္ဆာများသည် ဆိုးလ်မြို့၏ အစွန်အဖျားဒေသများမှ စုပြုံတိုးဝှေ့လာကြသည်။ ၎င်းတို့ ပေါ်ထွက်လာရာ ဂိတ်တစ်ခု ရှိနေနိုင်ပြီး မိစ္ဆာများ၏ အဆင့်အတန်းမှာလည်း လေးနာရီခြားတစ်ခါ အဆမတန် မြင့်တက်လာပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် ကျနော်တို့တွင် အချိန် ရှစ်နာရီခန့်သာ အလွန်ဆုံး ရှိတော့သည်။ နာဗားနား အား ယူဂျွန်ဟော့ နှင့် ရင်ဆိုင်တွေ့စေရန် ကျနော် ဆွဲဆောင်ရမည် ဖြစ်၏။

"ငါ လုပ်နိုင်မယ် ထင်တယ်"

ကျနော်သည် အဖွဲ့သားများကို ထားရစ်ခဲ့ကာ ဒိုကဲဘီ ဆက်သွယ်ရေးမှတစ်ဆင့် ဘီဟွန်း ကို ခေါ်ဆိုလိုက်သည်။ သို့ပေသိ ပြန်လည် ထွက်ပေါ်လာသော အသံမှာ ယောင်ကီ ထံမှ ဖြစ်နေလေသည်။

[စိတ်မကောင်းပါဘူး၊ အခုလောလောဆယ် ဘီဟွန်း က အလုပ်နည်းနည်း ရှုပ်နေလို့ပါ]

ချီးထုတ်ဘီဟွန်း။ ရာထူးတက်တော့မည် ဆိုတာနဲ့ ပေါ့လျော့ သွားတာလား။ တကယ်ကို ကျေးဇူးမသိတဲ့ ကောင်ပဲ။ သူ့ရဲ့ စွမ်းဆောင်ရည် တက်လာဖို့ ငါက ကြိုးစားပေးနေတာတောင် သူက ကျေးဇူးကိုမသိဘူး။

– ဇာတ်ဝင်ခန်းသစ်တွေမှာ ကျပန်းသေတ္တာ တွေ ရှိတယ်မလား။

[ဟုတ်ကဲ့။ ရှိပါတယ်]

– အဲ့ဒါ ၁၀ လုံးလောက် ယူမယ်။

ကျနော်က အဆင်ပြေမည်ဟု ထင်ထားသော်လည်း ယောင်ကီ မှာ အံ့သြဖွယ်ကောင်းလောက်အောင် ဝေခွဲမရ ဖြစ်နေသည်။

[ကျပန်းသေတ္တာတွေရဲ့ ရနိုင်ခြေက အရမ်းကို ဆိုးရွားတာနော်… ခင်ဗျား တကယ်ပဲ အဆင်ပြေပါ့မလား]

– အဆင်ပြေပါတယ်။

ဒိုကဲဘီ ဘာကို စိုးရိမ်နေသည်ကို ကျနော် သိသည်။ ဤကဲ့သို့သော သူမျိုးသည် ရှင်သန်နိုင်ပါ့မလားဟု စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။

[သင်သည် ‘အဓိကဇာတ်ဝင်ခန်း #၈ အထူးကျပန်းသေတ္တာ’ ၁၀ လုံးကို ဝယ်ယူပြီးပါပြီ။]

[သင်သည် ဒင်္ဂါး ၃၀,၀၀၀ သုံးစွဲခဲ့ပါပြီ။]

– ဒီလောက်ဆို တော်ပြီ။

[ဟုတ်ကဲ့။ ဇာတ်လမ်းရဲ့ ကောင်းချီးမင်္ဂလာကို ရရှိပါစေလို့ ဆုတောင်းပေးပါတယ်]

ယောင်ကီ ၏ အသံ ပျောက်ကွယ်သွားပြီးနောက် တောက်ပနေသော သေတ္တာ ၁၀ လုံးမှာ လေထဲတွင် ပေါ်လာခဲ့သည်။ ထိုသေတ္တာတို့သည် မေးခွန်းသင်္ကေတ အကြီးကြီးများ ပါရှိသော အရောင်အသွေး စုံလင်သည့် သေတ္တာများ ဖြစ်ကြသည်။

လီဂီယောင် က ကျနော့်ကို မေးလာ၏။

"အကိုကြီး။ ဒါက ဂိမ်းတွေထဲမှာ တွေ့ရတဲ့ဟာလား။ အဲ့ဒါကို ဖွင့်လိုက်ရင် ကျပန်း ပစ္စည်းကောင်းတွေ ရမှာလား"

ကလေးငယ်များမှာ အမြန်ဆုံး သတိထားမိကြသူများ ဖြစ်သည်။

"အင်း။ ဟုတ်တယ်"

[ကျပန်းသေတ္တာ။]

ကျပန်းသေတ္တာဆိုသည်မှာ SSS-အဆင့် လက်နက်များနှင့် SSS-အဆင့် စွမ်းရည်များ ရနိုင်ခြေ အလွန်နည်းပါးသော လောင်းကစားဆန်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ကျပန်းသေတ္တာဆိုသည်မှာ အမြင်မကြည်လင်သော နက္ခတ်များကို လှည့်စားရန် ဒိုကဲဘီများ ဖန်တီးထားသော ပစ္စည်းတစ်ခု ဖြစ်၏။ ထိုသေတ္တာကို ကျနော် ဘာကြောင့် ဝယ်ရသနည်း။

[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်မှာ သင့်အပေါ် အနည်းငယ် စိတ်ပျက်နေပါသည်။]

[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ် က အသက်ရှည်ခြင်း၏ အခြေခံမှာ ရိုးသားဖြောင့်မတ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်က သင့်အား ဇိမ်ခံပစ္စည်းများကို သတိထားရန် တိုက်တွန်းနေပါသည်။]

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ နက္ခတ်က သင့်တွင် ဒင်္ဂါးများ ရှိနေပါက သူ၏ထောက်ပံ့သူကို လှူဒါန်းရန် ပြောနေပါသည်။]

‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ ၏ မက်ဆေ့ချ်ကြောင့် မင်ဂျီဝန် ၏ မျက်နှာမှာ နီမြန်းသွားခဲ့သည်။

"စိတ်-စိတ်မရှိပါနဲ့။ ကျမရဲ့ ထောက်ပံ့သူက နည်းနည်းတော့…"

"ရပါတယ်။ တကယ်တော့ ဒါက သိပ်ပြီး ဈေးကြီးတဲ့ ပစ္စည်း မဟုတ်ပါဘူး။ အတူတူ ဖွင့်ကြည့်ကြတာပေါ့။ မင်ဂျီဝန်အတွက် တစ်လုံး ပေးပါ့မယ်"

"ပေးမလို့လား။ တကယ်ကြီးလား"

"အင်း။ သေတ္တာထဲက ထွက်လာတဲ့ ပင်မပစ္စည်းမှန်သမျှကို နင် ယူထားလို့ ရပါတယ်။ ငါကတော့ အရန်ပစ္စည်းအနေနဲ့ ထွက်လာတဲ့ သုံးစွဲလို့ရတဲ့ ပစ္စည်းလေးတွေကိုပဲ ပြန်ပေးရင် ကျေးဇူးတင်မိမှာပါ"

ယခင်ကတော့ ဤပစ္စည်းများကို ဒင်္ဂါး အနည်းငယ်ဖြင့် ရောင်းချရန် ကျနော် စီစဉ်ထားသော်လည်း ဤနေရာတွင် ရှိနေသော သူများနှင့် ကျနော်နှင့်မှာ ပတ်သက်မှုများ ရှိနေပေသည်။ သူတို့၏ စွမ်းအား မြင့်တက်လာခြင်းမှာ ကျနော့်အတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျနော့်အတွက် မည်သို့ပင်ဖြစ်နေစေကာမူ အရှုံးရှိသော လုပ်ငန်း မဟုတ်ပေ။

လီဂျီဟယ် မှာ အလကား ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားသွားပြီး သေတ္တာတစ်လုံးကို အရင်ဆုံး ဆွဲယူလိုက်သည်။

" ဦးလေးကြီးက အဲ့ဒီလို ပြောမှတော့… ကျမ ကောင်းကောင်း အသုံးချလိုက်ပါ့မယ်"

ထို့နောက်တွင်တော့ ဂုံဖီဒူ နှင့် လီဂီယောင် တို့ကလည်း သေတ္တာတစ်လုံးစီ ယူလိုက်ကြသည်။

"အကိုကြီး။ တကယ်လို့ ကျနော် SSS-အဆင့် ရသွားရင် ဘယ်လိုလုပ်မလဲ"

"ရနိုင်ခြေက ၀.၀၀၀၀၁% ပဲ ရှိတာဆိုတော့ ခက်လိမ့်မယ်"

"…တကယ်ကြီးလား"

"ဒါက စီးပွားရေး လှည့်ကွက်ပဲ။ ဒီနေ့တော့ အလှည့်စား ခံလိုက်ကြရအောင်"

ယူဂျွန်ဟော့ က ကျနော့်ကို သေချာ စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။

"ကင်ဒေါ့ဂျာ။ ဒီပစ္စည်းတွေထဲက နာဗားနား ကို ရင်ဆိုင်ဖို့ ငါ့ကို ကူညီနိုင်မယ့် အရာတစ်ခုခု ထွက်လာမယ်လို့ ထင်နေတာလား"

"အင်း… အဲ့ဒီလိုမျိုးပေါ့"

"…ဒါဟာ အသုံးမကျတဲ့ အစီအစဉ်ပဲ"

ဤမအေဘေးသည်လည်း သေတ္တာတစ်လုံးကို ယူလိုက်လေသည်။

ရှင်ယူဆောင်း မှာ သေတ္တာကို နောက်ဆုံးမှ ယူသောသူ ဖြစ်သည်။

"နင့်ကို နှစ်လုံး ပေးမယ်"

ရှင်ယူဆောင်း ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားခဲ့သည်။

"တကယ်ကြီးလား"

"အင်း"

ရှင်ယူဆောင်း မှာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ကျနော့်ထံမှ သေတ္တာများကို ယူလိုက်လေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ထိုကလေးမ၏ အမူအရာမှာ သာမန်မဟုတ်ချေ။ ကျနော် သေချာကြည့်လိုက်သောအခါ ရှင်ယူဆောင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေသည်ကို တွေ့လိုက်ရသည်။

"ကျမက ဒီလိုမျိုး ရထိုက်လို့လားဟင်…"

ရှင်ယူဆောင်း ၏ အတိတ်ကို ကျနော် ပြန်လည် မြင်ယောင်လာခဲ့သည်။ ဤအရာမှာ ရှင်ယူဆောင်း မွေးဖွားလာချိန်မှစ၍ ပထမဆုံးရရှိဖူးသော ‘လက်ဆောင်’ လည်း ဖြစ်နိုင်ပေသည်။

Ways of Survival ထဲတွင် ဤကဲ့သို့သော နောက်ခံဇာတ်ကြောင်းများဖြင့် လူများစွာ ရှိခဲ့ဖူးသည်။ တစ်စုံတစ်ဦး၏ အဆင်ပြေမှုမှာ အခြားတစ်ဦးအတွက်တော့ တကယ့်ကို စိတ်မချမ်းမြေ့စရာ ဖြစ်နေပေလိမ့်မည်။

မျက်ရည်သုတ်နေသော ရှင်ယူဆောင်း ထံသို့ ကျနော် သေတ္တာကို ကမ်းပေးလိုက်သည်။

"ဒါကို ယူထားပါ။ နင်က ငါ့ရဲ့ ကိုယ်စားလှယ်ပဲ။ အဲ့ဒီအချက်တစ်ခုထဲနဲ့တင် နင်က ဒါကို ရထိုက်ပါတယ်"

ရှင်ယူဆောင်း ၏ မျက်နှာမှာ ဝမ်းသာအားရဖြင့် နီမြန်းသွားသည်ကို မြင်လိုက်ရသောအခါ သူ့ကို ယခင်ကတည်းက ကျနော် ကောင်းကောင်း ဂရုမစိုက်မိခဲ့သည်အား နောင်တရမိသွားသည်။ ကျနော်သည် နက္ခတ် တစ်ယောက်ဖြစ်ရန် အရည်အချင်း မပြည့်မီသေးသောကြောင့် ရှင်ယူဆောင်း ကို အထူးစွမ်းရည် မပေးနိုင်သေးချေ။

ဒီကလေးမလေးကို စောင့်ရှောက်ရန် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ကော ဟုတ်ပါ့မလား။

ဤကလေးမှာ ကျနော့်ကြောင့် စိတ်မချမ်းမြေ့စရာများ ကြုံတွေ့ရနိုင်ပေသည်။ လောလောဆယ်တော့ ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သေးချေ။ သို့ပေသိ ကျနော်သည် ဤကလေးကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည် ဖြစ်သည်။

"ကဲ… ဒါဆို ဖွင့်ကြည့်ကြရအောင်။ ဒါကို စိတ်အပန်းဖြေတာ တစ်ခုလို့ပဲ သဘောထားလိုက်"

အားလုံးက ခေါင်းငြိမ့်ကြပြီး သေတ္တာများကို စတင်ဖွင့်လိုက်ကြသည်။

[‘အဓိကဇာတ်ဝင်ခန်း #၈ အထူးကျပန်းသေတ္တာ’ ကို အသုံးပြုလိုက်ပါပြီ။]

[သင်သည် အဲလိန်းတောအုပ်၏ဇီဝစွမ်းအား နှစ်ခုကို ရရှိပါသည်။]

[အတော်အတန် အသုံးဝင်သော ဖိနပ်တစ်စုံ (E-အဆင့်) ကို ရရှိပါသည်။]

[အခြားသော သုံးစွဲနိုင်သည့် ပစ္စည်းများကို ရရှိပါသည်။]

…ဒါပါပဲ။

E-အဆင့် ပစ္စည်းများနှင့် သုံးစွဲနိုင်သည့် ပစ္စည်းများသာ ထွက်လာခဲ့သည်။ အခြား အဖွဲ့ဝင်များ၏ အခြေအနေမှာလည်း အတူတူပင် ဖြစ်သည်။ ကျနော် မျှော်လင့်ထားပြီးသားပင်။ မူလကတည်းက ကျပန်းသေတ္တာဆိုသည်မှာ…

[ဂုဏ်ယူပါသည်။ တစ်စုံတစ်ဦးက ၀.၀၀၀၀၁% သော ဖြစ်နိုင်စွမ်းကို ချိုးဖျက်နိုင်ခဲ့ပါပြီ။]

လေထဲတွင် ခမ်းနားသော အောင်ပွဲခံ မီးရှူးမီးပန်းများ ပေါ်လာခဲ့သည်။ ကျနော် လှည့်ကြည့်လိုက်သောအခါ ရှင်ယူဆောင်း၏ မျက်နှာတွင် အောင်နိုင်မှုအရှိန်အဝါကို တွေ့လိုက်ရသည်။

…မဖြစ်နိုင်တာ။ တကယ်ကြီးလားဟ။

"ဦး-ဦးလေး"

ရှင်ယူဆောင်း ၏ လက်ထဲမှ အသီးငယ်လေးမှာ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။ ကျနော် အနားသို့ တိုးသွားသောအခါ ထိုပစ္စည်း၏ အစစ်အမှန်မှာ ရှင်းလင်းသွားခဲ့သည်။

မြတ်စွာဘုရား။ ဒါက ရှင်ယူဆောင်း ရလိုက်တဲ့ အရာလား။

…ငါ့ရဲ့ ကိုယ်စားလှယ်က ဘယ်လိုတောင် ကံကောင်းနေရတာလဲ။

ဘေးမှ ကြည့်နေသော ယူဂျွန်ဟော့ ပင်လျှင် အနည်းငယ် အံ့သြသွားပုံရသည်။

"နင် ပစ္စည်းကောင်းတစ်ခု ရလိုက်တာပဲ"

ထိုပစ္စည်းမှာ SSS-အဆင့် ပစ္စည်းဖြစ်သော ‘ရှေးဟောင်းသားရဲ၏ အသီး’ ဖြစ်သည်။

ပေါ်ထွက်လာရန် ၀.၀၀၀၀၁% သာ အခွင့်အရေးရှိသည့် SSS-အဆင့် ပစ္စည်းများထဲတွင်ပင် ရရှိရန် အခက်ခဲဆုံးမှာ ရှေးဟောင်းသားရဲ၏ အသီး ဖြစ်၏။ ထိုအသီးမှာ သုံးစွဲရုံသာဖြစ်သော ပစ္စည်းတစ်ခု ဖြစ်သော်လည်း အသီး၏ အာနိသင်မှာ SSS-အဆင့်နှင့် ထိုက်တန်ပေသည်။

"ဒီအသီးကို နင် ယဉ်ပါးအောင် မလုပ်နိုင်တဲ့ မိစ္ဆာတစ်ကောင်ကို ကျွေးလိုက်မယ်ဆိုရင် အဲ့ဒီမိစ္ဆာကို ယဉ်ပါးအောင် လုပ်နိုင်လိမ့်မယ်။ ဂုဏ်ယူပါတယ်။ ဒါကို သင့်တော်တဲ့အချိန်ကျမှ အသုံးပြုပါ"

ယဉ်ပါးအောင်ပြုလုပ်ခြင်းကို အသုံးပြုနိုင်သော ရှင်ယူဆောင်း အတွက် ဤထက်ကောင်းသော ပစ္စည်း မရှိတော့ချေ။ အကယ်၍ ဤအရာကို ၁-အဆင့်ထက် ကျော်လွန်၍ ဆင့်ကဲပြောင်းလဲနိုင်သော မိစ္ဆာတစ်ကောင်အပေါ် အသုံးပြုမည်ဆိုပါက ရှင်ယူဆောင်း မှာ ၄၁ ကြိမ်မြောက် ဗားရှင်းထက် ပိုမို အစွမ်းထက်လာနိုင်ပေလိမ့်မည်။

ရှင်ယူဆောင်း မှာ ကျနော့်ကို တစ်လှည့်၊ အသီးကို တစ်လှည့် တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။

"ဦးလေး… ဒါက တကယ့်ကို ကောင်းတာပဲ… ဒါပေမဲ့ ဒါကို မိစ္ဆာတွေအပေါ်မှာပဲ သုံးလို့ရတာလားဟင်"

"အင်း။ ဘာလို့လဲ"

"…ဘာမှမဟုတ်ပါဘူး"

ရှင်ယူဆောင်း မှာ ကျနော့်ကို ကြည့်ပြီး ချစ်စဖွယ် နီမြန်းသွားကာ ကျနော့်အကြည့်ကို ရှောင်ဖယ်လိုက်သည်။

လီဂီယောင် မှာ သွားရည်တမြားမြားဖြင့် ရှင်ယူဆောင်း၏ ဘေးသို့ ပြေးလာခဲ့သည်။

"ဟေး၊ အဲ့ဒါ ငါ့ကို ပေးလို့ မရဘူးလား။ ငါ့ရဲ့ တိုက်တန်နော့တဲလွာကို ပေးမယ်လေ"

"ငါ ပိုးကောင်တွေကို မုန်းတယ်"

လီဂျီဟယ် မှာလည်း မနာလိုသလိုမျိုး ကြည့်နေသည်။

"ဦးလေးကြီး။ ဘာလို့ ဒါကို လုပ်နေတာလဲ။ တကယ်ပဲ ကျမတို့ရဲ့ စိတ်လက်ပေါ့ပါးအောင်လုပ်ပေးချင်တာလား"

"မဟုတ်ပါဘူး။ သေတ္တာထဲက ထွက်လာတဲ့ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ငါ့ကို ပေးပါ"

အစကတည်းက သေတ္တာထဲမှ ထွက်လာမည့် သုံးစွဲနိုင်သော ပစ္စည်းများကိုသာ ကျနော် လိုချင်ခဲ့ခြင်း ဖြစ်သည်။

[အသံချဲ့စက် (ဒေသ ချန်နယ်) ၄ ခုကို ရရှိပါပြီ။]

[အသံချဲ့စက် (အထွေထွေ ချန်နယ်) ၄ ခုကို ရရှိပါပြီ။]

[အသံချဲ့စက် (နယ်မြေအတွင်းသာ) ၂ ခုကို ရရှိပါပြီ။]

ယူဂျွန်ဟော့ ၏ မျက်လုံးများမှာ မှေးစင်းသွားခဲ့သည်။

"မင်း ဘာလုပ်ချင်လဲဆိုတာ ငါ သိတယ်"

[အသံချဲ့စက်။]

အသံချဲ့စက်တို့မှာ ရွေးချယ်မှုအပေါ် မူတည်၍ သတ်မှတ်ထားသော ချန်နယ်များ သို့မဟုတ် နယ်မြေတစ်ခုလုံးဆီသို့ မက်ဆေ့ချ်များ ပေးပို့နိုင်သည့် အသုံးဝင်သော ပစ္စည်းများ ဖြစ်ကြသည်။

"ဒါပေမဲ့ အဲ့ဒီလူကို စကားအနည်းငယ် ပြောရုံနဲ့တော့…"

ယူဂျွန်ဟော့ ကို ကျနော် ပြောလိုက်သည်။

"အရေးကြီးတာက ပြောမယ့်စကားပဲ"

ကျနော် အသံချဲ့စက်တစ်ခုကို အသုံးပြုလိုက်သည်။

ကဲ၊ ဒါဆို စလိုက်ကြရအောင်။

နာဗားနား ကို ဆွဲဆောင်နိုင်မည့် ဇာတ်လမ်းကို ကျနော် စတင်လိုက်တော့သည်။

………………………………………………………………………………..

ထိုအချိန်တွင် နာဗားနား မိုးဘီးယပ်စ် သည် ဘုရားကျောင်း ပုန်းခိုရာနေရာ၌ ရှိနေ၏။ နာဗားနား သည် မျက်လုံးများကို မှိတ်ထားပြီး အဝလောကိတေသွရ ဗောဓိသတ္တ (လောကနတ်)ရုပ်တုကြီးမှာ သူ့ကို ငုံ့ကြည့်နေသည်။

အတိတ်ကိုလည်း တွယ်ကပ်မနေပါနှင့်၊ အနာဂတ်ကိုလည်း မျှော်မကြည့်ပါနှင့်။ အတိတ်သည် ပျောက်ကွယ်သွားခဲ့လေပြီ၊ အနာဂတ်သည်လည်း ရောက်မလာသေးချေ။

နာဗားနား သည် ဤစာသားများကို အာရုံပြုနေသော်လည်း ထိုတရားဒေသနာမှာ နှုတ်မြွက်ရုံဖြင့် ပျံ့နှံ့သွားခြင်းမျိုး မဟုတ်ချေ။ သူ၏ နဖူးတွင် ချွေးများ စိုရွှဲနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအင်လျှပ်ပန်းများမှာ ဟိုမှဒီမှ ခုန်ပေါက်နေ၏။ ခဏအကြာတွင် သူ၏ မျက်လုံးများမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး မက်ဆေ့ချ်တစ်ခု ရောက်ရှိလာသည်။

[သင်သည် စွမ်းရည်အသစ်တစ်ခုကို သင်ယူရာတွင် အောင်မြင်ပါသည်။]

နာဗားနား သည် မျက်လုံးများကို ဖွင့်လိုက်သည်။

"…ဒါက တော်တော်လေးကို မဖြစ်နိုင်တဲ့ အရာပဲ"

သူ၏ အထူးစွမ်းရည်ဖြစ်သော ‘ဆက်ခံခြင်း’ မှာ အထူးစွမ်းရည်ကို အသုံးပြုသည့်အခါ ဖြစ်နိုင်စွမ်းကို ဝါးမြိုပစ်သည်။ ထို့ကြောင့် ဆီလျော်သော ဖြစ်နိုင်စွမ်းတစ်ခုကို ရရှိရန်အတွက် သူ၏ ဘဝပေါင်းများစွာမှ စုဆောင်းထားသော ‘ဇာတ်လမ်း’ များကို အသုံးမပြုဘဲ ဆက်ခံခြင်း စွမ်းရည်ကို အသုံးမပြုနိုင်ချေ။

‘ငါ ဇာတ်လမ်းတွေ အများကြီး ဆုံးရှုံးသွားပြီ’

သူ၏ အတိတ်များ ပျောက်ကွယ်သွားသော်လည်း နာဗားနား သည် မကြာမီမှာပင် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့သည်။ ပစ္စုပ္ပန်တွင် ရှင်သန်နိုင်ရန်အတွက် စွန့်လွှတ်ရမည့်အရာ အချို့ ရှိစမြဲပင်။

သူသည် စွမ်းအင်ကုန်ခမ်းမှုကြောင့် ရုန်းကန်နေရသော်လည်း ဘုရားကျောင်း၏ နက်ရှိုင်းရာသို့ ဦးတည်သွားလိုက်သည်။ သူသည် မြေအောက်ထပ်သို့ ဆင်းသွားပြီး စင်္ကြံတစ်ခုကို ဖြတ်ကျော်ပြီးနောက် နူးညံ့သောအလင်းရောင်တစ်ခု ပေါ်လာ၏။

ထိုနေရာသည် ရှေးဟောင်းစတိုင် စားပွဲတစ်ခုနှင့် နှစ်ယောက်အိပ် ကုတင်တစ်လုံးရှိသော အခန်းတစ်ခု ဖြစ်သည်။ ထိုအခန်းမှာ နွေးထွေးသော လေထုနှင့် ပြည့်စုံစွာ ပြင်ဆင်ထားသည့် အခန်းတစ်ခုပင်။

"စောင့်ခိုင်းမိသလိုဖြစ်သွားတယ်။ ကဲ…ဒီနေ့ရဲ့ အစီအစဉ်ကို စတင်ကြရအောင်လား"

အခန်းထဲရှိ စားပွဲတစ်ခုတွင် အမျိုးသမီးနှစ်ဦး ထိုင်နေကြသည်။ ထိုသူတို့မှာ ပျောက်ကွယ်သွားခဲ့သော လေလွင့်သူများ၏ ဘုရင်မ လီဆော့ယောင် နှင့် ယူဆန်းအာ တို့ ဖြစ်ကြ၏။ ယူဆန်းအာ ၏ မျက်လုံးများမှာ လေဟာနယ်ကို ကြည့်ရင်း ဝိုင်းစက်နေကာ လီဆော့ယောင် က မေးလိုက်သည်။

"ဒီကလေးမလေးပေါ်က စွမ်းရည်ကို ဘယ်တော့ ဖယ်ရှားပေးမှာလဲ"

[စိတ်ကူးကူးစက်ခြင်း]

တစ်ပတ်ကျော် ကြာသွားခဲ့သော်လည်း ယူဆန်းအာ မှာ ခုခံနေဆဲပင်။ နာဗားနား က ရယ်မောလိုက်သည်။

"ငါက ဖယ်ရှားပေးမှာ မဟုတ်ဘူး။ နင့်ဘာသာနင်ပဲ ဖြေရှင်းရမှာ"

နာဗားနား ၏ အမြင်တွင် စိတ်ဝင်စားစရာ ကောင်းနေလေသည်။

"တကယ်ကိုမိုက်မဲတာပဲ။ ပစ္စုပ္ပန်မှာ ရှင်သန်မယ်လို့ ရိုးရိုးလေး ကြေညာလိုက်ရုံနဲ့တင် ရနေတာကို သူက ခုခံနေတာတဲ့လား"

"တိုတောင်းတဲ့ ဘဝမှာ ရှင်သန်ရသူတွေအတွက် အတိတ်ရဲ့ တန်ဖိုးက ကွဲပြားတယ်"

"တိုတောင်းတဲ့ ဘဝမှာ ရှင်သန်ရတာကြောင့် ပိုပြီးတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားသင့်တာပေါ့။ နင်တို့က သေဆုံးခြင်းဆိုတဲ့ ကောင်းချီးကို ရရှိထားတာတောင် အဲ့ဒါရဲ့ တန်ဖိုးကို မသိကြဘူး"

"တခြားလူတွေရဲ့ ပစ္စုပ္ပန်ကို နင့်ကိုယ်နင်နဲ့ နှိုင်းယှဉ်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီမိန်းကလေးက ‘ပစ္စုပ္ပန်’ မှာ လုံလောက်အောင် ရှင်သန်နေပါတယ်။ ဘဝပေါင်းများစွာ တစ်ဖန်ပြန်လည် မွေးဖွားနေတဲ့ နင်ကသာ ပစ္စုပ္ပန်အကြောင်းကို ဘာမှမသိတာ"

"မမေ့ပါနဲ့။ နင့်ရဲ့ ဇာတ်လမ်းက တန်ဖိုးရှိနေသေးလို့သာ ငါ နင့်ကို အသက်ရှင်ခွင့် ပေးထားတာ"

ခြိမ်းခြောက်မှုများ ရှိသော်လည်း လီဆော့ယောင် ၏ မျက်နှာမှာ တည်ငြိမ်နေသည်။ လီဆော့ယောင်သည် အာရပ်ပုံပြင် တစ်ထောင်နှင့် တစ်ည ဝတ္ထုထဲမှ ရှာဟာရာဇတ် နှင့်ပင် တူနေ၏။

နာဗားနား သည် ကုလားထိုင်တစ်လုံးကို ဖြည်းညင်းစွာ ဆွဲထုတ်ပြီး ထိုင်လိုက်သည်။ ထို့နောက် သူသည် တောင်းဆိုလိုက်၏။

"ငါ သိချင်တဲ့ အချက်အလက်တွေကို ပြောပြစမ်း"

"နင် ဘာကို သိချင်တာလဲ"

"ကင်ဒေါ့ဂျာ လို့ ခေါ်တဲ့ ကိုယ်စားလှယ် အကြောင်း"

လီဆော့ယောင် ၏ အပြုံးမှာ ပထမဆုံးအကြိမ်အဖြစ် တောင့်တင်းသွားခဲ့သည်။

" အဲ့ဒီကိုယ်စားလှယ်ကို မသိဘူး"

"ဟန်ဆောင်နေလို့လည်း အပိုပဲ။ သူက နင့်ရဲ့သားဆိုတာ ငါ သိပြီးသား။ ‘ကြားနေ’ ကောင်က ငါ့ကို ပြောပြတယ်"

"…ငါနဲ့ သူက သူငယ်ငယ်ကတည်းက ကွဲကွာခဲ့ကြတာ။ သူ ဘယ်လို ရှင်သန်နေထိုင်ခဲ့လဲဆိုတာ ငါ လုံးဝ မသိဘူး"

"နင့်ရဲ့ အတွင်းစိတ်ကို ကြည့်လိုက်ရင် သိရမှာပါလေ"

နာဗားနား ၏ နောက်ကွယ်တွင် တောက်ပသော ဘဝသံသရာ စက်ဝိုင်းကြီး စတင် လည်ပတ်လာသည်။ ထိုစက်ဝိုင်းကြီးအတွင်းမှ အဝလောကိတေသွရ၏ လက်ပေါင်းတစ်ထောင်မှာ ဆန့်ထွက်လာ၏။

ကြီးမားသော လက်ကြီးမှာ လီဆော့ယောင် ၏ ဦးခေါင်းကို လွှမ်းခြုံထားသည်။ လီဆော့ယောင် က ထိုလက်ကို မကျေမနပ် ကြည့်လိုက်သည်။

နာဗားနား က ခြိမ်းခြောက်လိုက်သည်။

"နင့်ရဲ့ မှတ်ဉာဏ်တွေကို ဖွင့်ပြလိုက်၊ မဟုတ်ရင် နင့်ဘေးက အမျိုးသမီး သေလိမ့်မယ်"

"ဒါက ကလေးကလားဆန်တဲ့ ခြိမ်းခြောက်မှုပဲ"

"နင်က ဒီလို ကလေးကလားဆန်တဲ့ ခြိမ်းခြောက်မှုတွေကို အမြဲ အရှုံးပေးလာတာပဲ မဟုတ်ဘူးလား။ အဲ့ဒါက လူသားတွေရဲ့ သဘာဝပဲ"

လီဆော့ယောင် သည် ယူဆန်းအာ ၏ ဗလာကျင်းနေသော မျက်လုံးများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"…နင် လုပ်ချင်တာ လုပ်ပါ"

[သီးသန့်စွမ်းရည် ‘အကြောင်းတရားနှင့် အကျိုးတရား၏ မူလအစ အဆင့် ၆’ အသက်ဝင်လာပါပြီ။]

အဝလောကိတေသွရ၏ လက်မှာ လီဆော့ယောင် ၏ ဦးခေါင်းထဲသို့ အခိုင်အမာ တူးဆွဝင်ရောက်သွားသည်။ လီဆော့ယောင် ၏ ဇာတ်လမ်းများမှာ စီးဆင်းလာပြီး နာဗားနား ၏ ဇာတ်လမ်းများနှင့် ရောယှက်လာခဲ့သည်။ ‘တစ်ခုတည်း’ ဖြစ်သွားသော ခံစားချက်တစ်ခု ရှိနေ၏။ နာဗားနား ၏ အာရုံများမှာ တုန်လှုပ်နေလေသည်။

သူသည် ထိုအရာများကို ဝါးမြိုသည်၊ မြည်းစမ်းသည်၊ စားသုံးသည်၊ ထို့နောက် ပျော်မွေ့လေသည်။ သူသည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ စစ်မှန်သော သုခခံစားသူတစ်ဦး ဖြစ်၏။

"ဒါက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ နင့်လို လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အနာဂတ်ရဲ့ စစ်ထုတ်ထားတဲ့ အချက်အလက်တွေကို ပိုင်ဆိုင်ထားရတာလဲ"

လီဆော့ယောင် သည် ကိုယ်ပိုင်မှတ်ဉာဏ်များကို ကာကွယ်ရန် အသည်းအသန် ကြိုးစားနေသော်လည်း ကင်ဒေါ့ဂျာ ထံမှ ရရှိထားသော တစ်စွန်းတစ်စ အနာဂတ် အသိပညာများမှာ ‘အကြောင်းတရားနှင့် အကျိုးတရား၏ မူလအစ’ ၏ စီးဆင်းမှုကို မတွန်းလှန်နိုင်ဘဲ နာဗားနား ထံသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

"စိတ်ဝင်စားစရာပဲ။ ဒါက ကင်ဒေါ့ဂျာ ရဲ့ အနှစ်သာရပဲ"

"…"

"နင်က သနားစရာကောင်းတဲ့ မိခင်တစ်ယောက်ပဲ။ နင့်ရဲ့ ကလေးကို နင် လိမ်ညာခဲ့တယ်။ နင့်ရဲ့ ကိုယ်ပိုင် အယူဝါဒတွေအတွက် နင့်ရဲ့ ကလေးကို နင် လှည့်စားခဲ့တယ်"

လီဆော့ယောင် ၏ မျက်နှာတွင် အေးစက်သော ဒေါသများ ပြည့်နှက်သွားပြီး ပြောလိုက်သည်။

"နင် ငါ့ကလေးကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး"

"…သူက စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုယ်စားလှယ် တစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ်"

ကင်ဒေါ့ဂျာသည် နာဗားနား ကို ‘ဆက်ခံခြင်း’ စွမ်းရည် အသုံးပြုရန် ဖိအားပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူသည် လူသားတစ်ယောက်သာ ဖြစ်သည်။ ဤမျှသာ ဖြစ်ပေလိမ့်မည်။ ထိုစဉ် လေထဲတွင် မက်ဆေ့ချ်တစ်ခု ပဲ့တင်ထပ်သွားသည်။

[ ကယ်တင်ခြင်း ဘုရားကျောင်း၏ ခေါင်းဆောင် နာဗားနား မိုးဘီးယပ်စ် နှင့် တိုက်ပွဲဝင်ရန် လျှောက်ထားခြင်း။ ]

အံ့အားသင့်သွားသော နာဗားနား သည် လေထဲသို့ မော့ကြည့်လိုက်သည်။ ထိုမက်ဆေ့ချ်ပေါ်လာခြင်းမှာ အသံချဲ့စက်ကို အသုံးပြုနေသော ကင်ဒေါ့ဂျာကြောင့် ဖြစ်သည်။

လီဆော့ယောင် က စောင့်မျှော်နေသကဲ့သို့ ပြောလိုက်သည်။

"ငါ့ကလေးက သန်မာပြီး ထက်မြက်တယ်။ သူ ဘာလိုအပ်လဲ၊ သူ ဘာကို အကောင်းဆုံး လုပ်နိုင်မလဲဆိုတာ သူ သိတယ်"

[ တိုက်ပွဲနေရာမှာ ဒီနေ့ မွန်းလွဲ ၂ နာရီ၊ ဂွမ်ဟွာမွန်း။ မင်း ရင်ဆိုင်ရမယ့်သူကတော့ အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့ ပဲ။ အင်အားအကောင်းဆုံး ကိုယ်စားလှယ်တွေ ဖြစ်လာဖို့ အနီးစပ်ဆုံး လူသားနှစ်ယောက်က ဆိုလ်းဒေသ ကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ကြမှာပါ။ တကယ်လို့ မင်းက ပစ္စုပ္ပန်မှာ တကယ်ပဲ ရှင်သန်နေတယ်ဆိုရင် ဒီရင်ဆိုင်မှုကို မရှောင်ပါနဲ့ ]

‘ပစ္စုပ္ပန်’ ကို အကြောင်းပြချက်အဖြစ် သုံးလိုက်တာလား။

သူသည် စစ်မှန်သော ‘ကယ်တင်ရှင်’ တစ်ဦး ဖြစ်ခဲ့လျှင် ယခုစိန်ခေါ်ချက်က ရှောင်လွှဲ၍ မရသော ရင်ဆိုင်မှုတစ်ခုဖြစ်လို့နေ၏။ ထို့အပြင် အသံချဲ့စက်ကို ပါးနပ်စွာ အသုံးပြုခြင်းမှာလည်း အံ့သြစရာ ကောင်းလှသည်။ အကယ်၍ သူသည် ဤရင်ဆိုင်မှုကို ရှောင်လွှဲခဲ့ပါက ဆိုလ်းဒေသရှိ ကိုယ်စားလှယ် အားလုံးနှင့် ကယ်တင်ခြင်း အဖွဲ့ဝင်များ၏ ပြစ်တင်ဝေဖန်မှုကို ခံရပေလိမ့်မည်။ သို့သော်လည်း ထောင်ချောက်မှန်း သိသိကြီးနှင့် သွားပါက သူသည် ငတုံးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ နာဗားနား က ရယ်မောလိုက်သည်။

"ဆွပေးတာကတော့ မဆိုးပါဘူး။ ဒါဆို ငါ ဘာလုပ်ရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ပန်းတိုင်က ဇာတ်ဝင်ခန်းကို အောင်မြင်ဖို့ မဟုတ်ဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်က ကြီးမားတယ်…"

[ ဟုတ်တာပေါ့။ မင်းရဲ့ ကြီးမားတဲ့ အစီအစဉ်က ဒီရင်ဆိုင်မှုကို သဘောတူမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း… ]

ကင်ဒေါ့ဂျာ ၏ စကားကြောင့် နာဗားနား မှာ တောင့်တင်းသွားခဲ့သည်။

[ အခု မင်း လာမယ်ဆိုရင် ယူဂျွန်ဟော့ နဲ့ တစ်သားတည်း ဖြစ်ခွင့်ရမယ့် အခွင့်အရေးကို ငါ ပေးမယ် ]

နာဗားနား သည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် ‘အကြောင်းတရားနှင့် အကျိုးတရား၏ မူလအစ’ စွမ်းရည်ကို လက်လွှတ်လိုက်ရသည်။ သူသည် ဒေါသ၊ အံ့သြမှုနှင့် အမည်မသိ အရှက်ရမှုများကြောင့် တုန်လှုပ်နေပြီး သူ၏ နှုတ်ခမ်းများကို ကိုက်ထား၏။

လီဆော့ယောင် သည် ချိတ်ဆက်ထားသော ကြိုးမျှင်မှတစ်ဆင့် နာဗားနား ၏ ပြင်းထန်သော စေ့ဆော်မှုကို ခံစားလိုက်ရသည်။ ထိုစေ့ဆော်ချက်မှာ ပိုမိုကြီးမားသော ဇာတ်လမ်းတစ်ခုအတွက် လူတစ်ဦးနှင့် တစ်သားတည်း ဖြစ်လိုသော အလိုဆန္ဒပင်။

လီဆော့ယောင် သည် ထိုအလိုဆန္ဒကို ကြည့်ကာ ရယ်မောလိုက်သည်။

" နင် ရှုံးတော့မှာပါလို့ ငါပြောသားပဲ"

…………………………………………………………………………………

[ လက်ခံတယ် ]

နာဗားနား ၏ အဖြေမှာ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။ အဖွဲ့သားများမှာ ဘာဖြစ်လာမည်ကို မသိသည့်အလား ကြောင်တောင်တောင် ဖြစ်နေကြ၏။

ကျနော် မတ်တတ်ရပ်လိုက်ပြီး ခေါင်းထဲတွင် မူးနောက်နေသည်များကို ခါထုတ်လိုက်သည်။

"ဒေါ့ဂျာ။ ဘယ်လို... မဟုတ်ဘူး။ အဆင်ပြေရဲ့လား"

မင်ဂျီဝန် က ကျနော့် ဘယ်ဘက်မျက်လုံးတစ်ဝိုက်ရှိ ညိုမည်းစွဲနေသော ဒဏ်ရာကို စိုးရိမ်တကြီး ကြည့်နေလေသည်။ ထိုဒဏ်ရာမှာ ယူဂျွန်ဟော့ ၏ နာမည်ကို ကျနော် ရောင်းစားလိုက်ပြီးနောက် ယူဂျွန်ဟော့ ချန်ထားခဲ့သော လက်ရာပင်။

ကျနော် မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဟိုလူရမ်းကားကောင် ထွက်သွားပြီလား"

ကျနော် ခဏတဖြုတ် သတိပင် လစ်သွားခဲ့သည်။

ချီး။ အသိတရားမရှိတဲ့ အစွမ်းထက်လွန်းတဲ့ မအေဘေး။

" အဖြေကို ကြားတာနဲ့ ထွက်သွားတာပဲ"

"ဒါဆို ငါတို့လည်း သွားကြမယ်"

လီဂီယောင် ၏ အနည်းငယ် စူပုတ်နေသော မျက်နှာမှာ စိတ်လှုပ်ရှားသွားသည်။

"အကိုကြီးဒေါ့ဂျာ။ ဒီတစ်ခါတော့ အတူတူ တိုက်ခိုက်ရမှာမလို့ ဝမ်းသာပါတယ်"

"အင်း"

ကျနော် မရယ်မောနိုင်ခဲ့ချေ။ နာဗားနား သည် စွမ်းရည်အသစ်များကို သေချာပေါက် ရရှိထားမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလွယ်တကူ စိန်ခေါ်နိုင်မည် မဟုတ်ပေ။ ဟုတ်ပေသည်။ ယူဂျွန်ဟော့ သည်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိမည်ဖြစ်ရာ အနိုင်အရှုံးကို ခန့်မှန်းရန် မလွယ်ကူလှချေ။ အမှန်အတိုင်းပြောရလျှင် ကျနော်က သူတို့၏ တိုက်ပွဲကို စိတ်မဝင်စားပေ။

တကယ့်ပြဿနာမှာ ကျနော့်ခေါင်းထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသော မက်ဆေ့ချ် ဖြစ်သည်။

[သင်သည် လက်ရှိတွင် ဆိုးလ်၌ အင်အားအကောင်းဆုံး ကိုယ်စားလှယ် ဖြစ်ပါသည်။]

...ကဲ၊ အခု ငါ ဘာဆက်လုပ်ရမလဲ။

အခန်း ၁၄၃

- အပိုင်း ၂၈ - အမြင့်မြတ်ဆုံး စတေးမှု (၃)

ကျနော်တို့အဖွဲ့သည် ချိန်းဆိုထားသည့် အချိန်မတိုင်မီ နာရီဝက်အလိုတွင် ဂွမ်ဟွာမွန်း အနီးသို့ ရောက်ရှိလာကြ၏။ ထိုအတောအတွင်း ကျနော့်ခေါင်းထဲ၌ စောနကမက်ဆေ့ချ်ပင် ထပ်မံ ပေါ်လာပြန်သည်။

[သင်သည် လက်ရှိတွင် ဆိုးလ်၌ အင်အားအကောင်းဆုံး ကိုယ်စားလှယ် ဖြစ်ပါသည်။]

ချီး။

ကျနော်သိပြီးသားဖြစ်ကြောင်း ပြောလိုက်ချင်တော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုစကားကို ကြားရတိုင်း ကျနော် ရှက်ရွံ့မိ၏။ ကျနော့်တွင် ရှိသမျှ စွမ်းအားအကုန် သုံးလျှင်ပင် ယူဂျွန်ဟော့ ကို အနိုင်ရမည်ဟု အာမ မခံနိုင်သလို၊ နာဗားနား ကိုလည်း မနည်းတိုက်ခိုက်၍ အနိုင်ယူခဲ့ရခြင်း ဖြစ်သည်။ ကျနော်က အဘယ်ကြောင့်အင်အားအကောင်းဆုံး ဖြစ်နေရသနည်း။

ထိုစဉ် ကျနော့်စိတ်ထဲတွင် Ways of Survival ထဲမှ ၅၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ စာကြောင်းတစ်ကြောင်း ပေါ်လာလေသည်။

「 ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲက အားသာချက်နဲ့ အားနည်းချက်တွေဟာ စွမ်းအား ဒါမှမဟုတ် စွမ်းရည်ကျွမ်းကျင်မှုတွေနဲ့ ဘာမှမဆိုင်ဘူး။ အစွမ်းထက်မှုရဲ့ စံနှုန်းဟာ ‘ဇာတ်လမ်း’ ကနေပဲ လာတာ ဖြစ်တယ်။ 」

ထို့နောက်တွင်တော့ နာဗားနား ပြောခဲ့သည့် စကားများ ရှိသေး၏။

"အားသာချက်နဲ့ အားနည်းချက်တွေဆိုတာ နောက်ဆုံးမှာတော့ ဇာတ်လမ်းကပဲ အဆုံးအဖြတ်ပေးတာပါ"

"ဒေါ့ဂျာ"

အဝေးမှနေ၍ လီဟန်းဆောင် နှင့် ယောင်ဟီဝန် တို့ ချဉ်းကပ်လာကြသည်။ ခက်ခဲသော အခြေအနေကို အတူတူ ကျော်ဖြတ်ခဲ့ပြီးနောက် သူတို့နှစ်ဦးကြားက သံယောဇဉ်မှာ ပို၍ ခိုင်မာလာပုံ ရ၏။ ယောင်ဟီဝန် က ကျနော့်ကို လက်ယမ်းပြလိုက်သည်။

"စစ်ကြေညာချက်ကို ကျမ တွေ့လိုက်တယ်။ အရမ်းကို လှပလွန်းပါတယ်"

"ဘယ်လို ခံစားရလဲ"

"ကျမကတော့ အဆင်ပြေပါတယ်။ လီဟန်းဆောင် ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်..."

"ကျုပ် အဆင်ပြေပါတယ်"

"...သူက အဆင်ပြေယောင်ဆောင်ပြီး ပြောနေတာပါ"

ယောင်ဟီဝန် ၏ စကားအဆုံးတွင် လီဟန်းဆောင် က သူ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သက်သေပြရန် သူ၏ ရင်ဘတ်ကို ထုပြလိုက်သည်။ ထိုသို့သက်သေပြခြင်းမှာ ချဲ့ကားလွန်းလှ သော်လည်း ဟန်ဆောင်နေသည်ဟု မြင်ရန်တော့ ခက်ခဲလှ၏။

လီဟန်းဆောင် သည် သံမဏိသခင် ၏ ဇာတ်လမ်းကို စတင် ဆက်ခံနေပြီ ဖြစ်သည်။ ဆိုးလ်ဒေသ အတွင်းရှိ ထိပ်သီး ကိုယ်စားလှယ် ငါးဦးထဲတွင် လီဟန်းဆောင် သည်လည်း တစ်ဦးအပါအဝင် ဖြစ်လာပေတော့မည်။ သူသည် ဇာတ်လမ်းကို ဆက်ခံခြင်းဖြင့် ပို၍ အားကောင်းလာခဲ့၏။

လီဟန်းဆောင် သည် ‘အစွမ်းထက်မှုဆိုသည်မှာ ဇာတ်လမ်းဖြစ်သည်’ ဟူသည့် အချက်အတွက် အကောင်းဆုံး ဥပမာတစ်ခုပင်။ ဤကမ္ဘာတွင် ‘အစွမ်းထက်မှု’ ကို အဆုံးအဖြတ်ပေးသည်မှာ ဇာတ်လမ်း၏ တန်ဖိုးသာ ဖြစ်သည်။

ကျနော်က ‘အင်အားအကောင်းဆုံး ကိုယ်စားလှယ်’ အဖြစ် သတ်မှတ်ခံရခြင်းမှာ ဤဘဝတွင် ကျနော် စုဆောင်းထားသော ဇာတ်လမ်းများမှာ မဖြစ်နိုင်လောက်သော အဆင့်တွင် ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့ နှင့် လူဝင်စား နာဗားနား တို့၏ ဇာတ်လမ်းများမှာလည်း ခိုင်မာတောင့်တင်းလှ သော်လည်း သူတို့၏ ဇာတ်လမ်းမှာ အတိတ်က ဇာတ်လမ်းများသာ ဖြစ်၏။

အဝေးမှ ဂွမ်ဟွာမွန်း ၏ မြင်ကွင်းကို စတင် မြင်တွေ့နေရပြီ ဖြစ်သည်။ ကျနော် အချိန်ကို စစ်ဆေးလိုက်၏။ ပထမလှိုင်း စတင်ခဲ့သည်မှာ ၃ နာရီနှင့် မိနစ် ၄၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လေးနာရီလျှင် တစ်ကြိမ် မိစ္ဆာများ ရောက်လာပေလိမ့်မည်။

ဒုတိယလှိုင်းသည် ကျနော်တို့ထံသို့ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်၏။

"ပဉ္စမအဆင့် မိစ္ဆာတွေ မကြာခင် လာတော့မယ်။ တခြား ကိုယ်စားလှယ်တွေ အဆင်ပြေပါ့မလား"

"ဒီနေရာမှာတော့ အဆင်ပြေမှာပါ"

ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယောင်ဟီဝန် နှင့် ကျန်လူများသည် ကျနော့်ကို စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။။ လွန်ခဲ့သည့် ၁၀ မိနစ်ကထက် လူများ ပို၍ ထူထပ်လာပြီး လူဦးရေမှာလည်း ဆက်တိုက် တိုးပွားနေ၏။

"ဒါက..."

ယောင်ဟီဝန် တစ်ခုခုကို သတိပြုမိသွားပုံ ရသည်။ နေရာအနှံ့အပြားမှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ဆိုးလ်ရှိ လူအားလုံးမှာ ဂွမ်ဟွာမွန်း သို့ စုဝေးရောက်ရှိနေကြလေသည်။

"ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်ကို အနိုင်တိုက်ကြ"

"ဒီဇာတ်ဝင်ခန်းကို အဆုံးသတ်ဖို့အတွက် သူ့ကို သတ်ရမယ်"

လက်နက်များ ကိုင်ဆောင်ထားသည့် လူများက အော်ဟစ်နေကြသည်။ လွတ်လပ်မှု သို့မဟုတ် ညီမျှမှုအကြောင်းကို မည်သူမျှ မပြောကြချေ။ အကြောင်းမှာ လက်ရှိ လူသားများသည် ထိုကဲ့သို့ ကြီးကျယ်မြင့်မြတ်သော အယူအဆများအကြောင်း ပြောရန်အတွက် အလွန်ပင် နွမ်းပါးလွန်းနေသောကြောင့် ဖြစ်သည်။ ထိုအစား သူတို့သည် ရှင်သန်မှုအတွက် စုဝေးလာကြခြင်း ဖြစ်၏။

"အမြင့်မြတ်ဆုံးဘုရင် နောက်ကို လိုက်ကြ"

"ကယ်တင်ခြင်းအသင်းတော်ကို ဖျက်ဆီးကြ"

လီဟန်းဆောင် က ထိုမြင်ကွင်းကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒေါ့ဂျာက ဒါတွေ ဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပဲ"

"ကျနော်က မျှော်လင့်ထားရုံပါ"

ကိုယ်စားလှယ် အသစ်များ မည်မျှပင် ရောက်လာသည်ဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းအသင်းတော်က မည်မျှပင် နာမည်ကြီးသည်ဖြစ်စေ၊ ဆိုးလ်လူဦးရေ၏ အများစုမှာ ‘မူလ ကိုယ်စားလှယ်များ’ သာ ဖြစ်ကြသည်။ သူတို့သည် အုပ်စုကွဲများကို ကျော်လွန်သွားရန်အတွက် အချက်အခြာနေရာတစ်ခုသာ လိုအပ်ခြင်း ဖြစ်၏။

ဂုံဖီဒူ သည် လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"...တောင်ကိုရီးယားတော့ ပျက်စီးသွားပြီပဲ။ ချီး…ငါ့ရဲ့ မြေတွေကို ပြန်ပေးမယ့် လွှတ်တော်အမတ်တွေ သေကုန်ကြပြီလား"

"ဒီလို အခြေအနေမျိုးမှာ အဲ့ဒါတွေ ပြောနေသေးတာလား"

လီဂျီဟယ် က မဲ့ကာရွဲ့ကာ ပြောလိုက်ပြီး ဂုံဖီဒူ က သူ၏ နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။

"...ယူဆန်းအာရော ဘာဖြစ်သွားပြီလဲ။ ကယ်တင်ခြင်းအသင်းတော်ရဲ့ အဖမ်းခံလိုက်ရတယ်လို့ ကျမ ကြားတယ်"

"ငါတို့ သွားခေါ်မှာပါ။ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး"

ကျနော့်အနေဖြင့် စိတ်စော၍ မဖြစ်ပေ။ နက်ဗျူလာအချင်းချင်း စစ်ဖြစ်ရန် ရည်ရွယ်ချက်မရှိလျှင် နာဗားနား ပင်လျှင် အိုလံပတ်စ် နက်ဗျူလာ၏ ကိုယ်စားလှယ်ကို ထိရဲမည် မဟုတ်ပေ။

ကိုယ်စားလှယ်များကြောင့် ဂွမ်ဟွာမွန်းတခွင်လုံး အရှိန်အဟုန် မြင့်တက်နေစဉ် လေထုထဲ၌ တောက်ပသော မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

[အရိပ်အမြွက် ၂]

[ဆိုးလ်ဒေသအတွင်း ကိုးယောက်မြောက် အင်အားအကောင်းဆုံး ကိုယ်စားလှယ်မှာ ‘ပိုးကောင်စုဆောင်းသူ လီဂီယောင်’ ဖြစ်ပါသည်။]

သူ့နာမည် အခေါ်ခံရသောအခါ လီဂီယောင် ၏ မျက်လုံးများမှာ တောက်ပသွား၏။

"အကိုကြီး... ကျနော်က နံပါတ်ကိုးတဲ့"

"...ရယ်စရာပဲ။ ငါက အဲ့ဒီကလေးထက် ပိုအားနည်းနေတာလား"

လီဂျီဟယ် က တတွတ်တွတ် မြည်တမ်းနေသည်။

"စကားပြောတာ ရပ်ပြီး ပြင်ဆင်ကြတော့"

အဖွဲ့သားများမှာ တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်ပြကြ၏။ ဒုတိယ အရိပ်အမြွက်ကို ကြေညာလိုက်ပြီဖြစ်ရာ ဒုတိယလှိုင်းသည်လည်း မကြာမီ စတင်တော့မည် ဖြစ်သည်။

ဆိုးလ်မြို့စွန်များမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး မိစ္ဆာများ၏ အော်ဟစ်သံများကို စတင် ကြားလိုက်ရ၏။

‘အသေးစား ကပ်ဘေး’ ဟု သတ်မှတ်နိုင်သော ပဉ္စမအဆင့် မိစ္ဆာများ စတင် ထွက်ပေါ်လာ၏။ တစ်နည်းအားဖြင့်ဆိုရသော် သာမန် ကိုယ်စားလှယ်များ မယှဉ်နိုင်သော အဆင့် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကိုယ်စားလှယ် အားလုံးမှာ ဂွမ်ဟွာမွန်း အနီးတွင် စုဝေးနေကြသဖြင့် မဖြစ်နိုင်သော တိုက်ပွဲတော့ မဟုတ်ပေ။ ကာကွယ်ရမည့် နယ်မြေ ကျဉ်းမြောင်းလေ ကိုယ်စားလှယ်များကို ကယ်တင်ရန် ပို၍ လွယ်ကူလေ ဖြစ်သည်။

"ငါတို့တွေ ဒါကို လေးနာရီအတွင်း အပြတ်ရှင်းရမယ်။ အဲ့ဒီနောက်မှာတော့ စတုတ္ထအဆင့် မိစ္ဆာတွေ စတင် ထွက်ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင်တော့ အားလုံး အဆုံးသတ်သွားပြီပဲ"

အဖွဲ့သားများက ခေါင်းငြိမ့်ကြ၏။ ‘အသေးစား ကပ်ဘေး’ များအတွက် ကြောက်စရာ မရှိသော်လည်း အဆင့်မြင့် မိစ္ဆာများနှင့်တော့ မရင်ဆိုင်ချင်ကြပေ။ ဂုံဖီဒူ နှင့် လီဟန်းဆောင် တို့ကို ကိုယ်စားလှယ်များကို ဦးဆောင်၍ ခံစစ်ကွန်ရက် တည်ဆောက်ရန် ကျနော် တောင်းဆိုလိုက်သည်။

"ကျုပ်လုပ်လိုက်ပါမယ်"

"ဒီဇာတ်ဝင်ခန်း ပြီးသွားရင် ဂွမ်ဟွာမွန်းဟာ င့ါမြေ ဖြစ်လာရမယ်"

ကျနော်က ပြုံး၍ ပြန်ဖြေလိုက်၏။

"...လုပ်ဗျာ။ ခင်ဗျား စိတ်ကြိုက်သာ လုပ်ပါ"

ဝမ်းနည်းစရာမှာ ဤဇာတ်ဝင်ခန်း ပြီးဆုံးသွားလျှင် ဂုံဖီဒူ လိုလားသော ‘ဆိုးလ်မြေ’ ဆိုသည်မှာ တည်ရှိတော့မည် မဟုတ်ပေ။

ကျန်ရှိသော အဖွဲ့ဝင်များကို ကျနော် ဦးဆောင်၍ ဂွမ်ဟွာမွန်း ၏ အလယ်ဗဟိုသို့ သွားလိုက်သည်။ ဂွမ်ဟွာမွန်း ၏ အလယ်ဗဟိုတွင် မူလက မရှိခဲ့သော ကြီးမားသည့် အမိုးခုံး တစ်ခု ရှိနေ၏။

ထိုအမိုးခုံးမှာ အဆောက်အအုံအစစ် မဟုတ်ပေ။ ဂွမ်ဟွာမွန်း တွင် အားကစားကွင်းဟူ၍လည်း မရှိခဲ့ပေ။ ထိုအမိုးခုံးမှာ ကယ်တင်ခြင်းအသင်းတော်မှ ယာယီ ထည့်သွင်းထားသော နယ်မြေ ဖြစ်သည်။ အမိုးခုံး၏ အတွင်းပိုင်းမှာ ဝေဝါးနေဆဲ ဖြစ်သော်လည်း သေချာ ကြည့်လိုက်သောအခါ လူရိပ်လေးတစ်ခုမှာ အပေါ်တွင် ရပ်၍ မိန့်ခွန်း ပြောနေ၏။

–ကိုယ်စားလှယ် အားလုံးတို့... ငါတို့ရဲ့ တကယ့်ရန်သူက ဘယ်သူလဲ။ ငါတို့ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် လှံတွေ၊ ဓါးတွေနဲ့ ချိန်ရွယ်နေကြတာလဲ။

ယောင်ဟီဝန် က ထိုအသံကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားသည်။

"...ကြားနေဘုရင်ပဲ"

ကြားနေဘုရင် သည် ဒိုကဲဘီ တစ်ကောင်ကဲ့သို့ အမိုးခုံး၏ အပေါ်မှနေ၍ ‘အသံချဲ့ထွင်ခြင်း’ ကို အသုံးပြုနေခြင်း ဖြစ်၏။

–မင်းတို့ရဲ့ ခံစားချက်ကို ငါ နားလည်ပါတယ်။ ကယ်တင်ခြင်းအသင်းသားတွေပဲ ဖြစ်ဖြစ်၊ တခြား အင်အားစုတွေပဲ ဖြစ်ဖြစ် ငါတို့ အားလုံးဟာ အားနည်းတဲ့ လူသားတွေပါ။ ငါတို့ဟာ ဇာတ်ဝင်ခန်းရဲ့ သားကောင်တွေ သက်သက်ပါပဲ။ တကယ်တော့ မင်းတို့လည်း သိပါတယ်။ ငါတို့ အချင်းချင်း ဒီမှာ တိုက်ခိုက်နေလို့ ဘာအကျိုးမှ မရှိဘူးဆိုတာကိုပေါ့။ ဒါဟာ ဒိုကဲဘီတွေ လိုချင်တဲ့ အရာပဲ။

"ပါးစပ်ပိတ်ထားစမ်း။ အရင်ဆုံး စတင် တိုက်ခိုက်ခဲ့တာ ကယ်တင်ခြင်းအသင်းတော်ပဲ"

"ဟုတ်တယ်၊ သူ့ကို သတ်လိုက်ကြ"

ယောင်အီဒို က ခပ်ဖွဖွ ရယ်မောလိုက်သည်။

–အားလုံးပဲ... မိစ္ဆာတွေ လာနေတာကို မသိကြဘူးလား။ ငါတို့ တိုက်ခိုက်နေကြရင် ဆိုးလ်မြို့ကြီး ပျက်စီးသွားလိမ့်မယ်။

"ဒါဆို မင်းက ဘာလုပ်မှာလဲ"

–ဒီဇာတ်ဝင်ခန်းက အင်အားအကောင်းဆုံး ကိုယ်စားလှယ်က မိမိကိုယ်ကိုယ် စတေးလိုက်ရင် ငါတို့ အားလုံး အသက်ရှင်နိုင်မယ့် ဇာတ်ဝင်ခန်းဆိုတာ လူတိုင်း သိကြတာပဲလေ။

အားကစားကွင်း၏ ဝေဝါးနေသော အပြင်ဘက်ပိုင်းမှာ ကြည်လင်သွားပြီး အတွင်းပိုင်းကို စတင် မြင်တွေ့လိုက်ရသည်။ တောက်ပသော မီးမောင်းထိုးပြမှုများ နောက်ခံ၌ စင်မြင့်ထက်တွင် လူနှစ်ဦး ရပ်နေ၏။

–ဆိုးလ်ဒေသရဲ့ ကိုယ်စားလှယ်တွေအတွက် ရှေ့ထွက်လာကြတဲ့ သူရဲကောင်း နှစ်ယောက်။ အင်အားအကောင်းဆုံး ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပေးပါရစေ။

အမိုးခုံး၏ တစ်ဖက်ခြမ်းရှိ ကယ်တင်ခြင်းအသင်းသားများမှာ ကျယ်လောင်စွာ လက်ခုပ်တီးကြသည်။

"ယူဂျွန်ဟော့... ယူဂျွန်ဟော့"

"နာဗားနား... နာဗားနား"

ကိုယ်စားလှယ်များမှာ ရုတ်တရက် ပြောင်းလဲသွားသော ပတ်ဝန်းကျင် အခြေအနေကြောင့် အံ့အားသင့်သွားပုံ ရ၏။

"ဒါ... ဒါက ဘာလဲ"

"သူတို့ တိုက်နေကြပြီလား"

သူတို့ ဘာတွေးနေကြသည်ကို ကျနော် သိသည်။

「 ဒီအတိုင်းကြီး ဇာတ်ဝင်ခန်းကို အောင်မြင်သွားနိုင်ပါ့မလား 」

「 ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ အမြင့်မြတ်ဆုံးဘုရင်ပဲ ဖြစ်ဖြစ်... ဒီတိုက်ပွဲမှာ နှစ်ယောက်လုံး သေသွားရင် ငါတို့အတွက် ကောင်းတာ မဟုတ်ဘူးလား 」

လူသားတိုင်းမှာ သူရဲဘော ကြောင်ကြ၏။ လူသားများ မည်သည့်အချိန်တွင် အကြောက်ဆုံး ဖြစ်သည်ကို နာဗားနား သိနေသည်။ ထိုအချိန်မှာ ‘ရယူ၍ မရနိုင်သော အနာဂတ်’ အချိန်ပင် ဖြစ်၏။ အချို့သော လူများမှာ သေဆုံးသွားကြပြီ ဖြစ်သော်လည်း ကျန်ရှိသော လူများမှာ ပြန်လည် တိုက်ခိုက်ကာ ရှင်သန်မည့် နည်းလမ်းကို ရှာဖွေကြပေလိမ့်မည်။

အမိုးခုံးအနီးသို့ ချဉ်းကပ်ကာ နံရံကို ကျနော် ရိုက်လိုက်သည်။

[ကိုယ်စားလှယ် ‘ယောင်အီဒို’ သည် မျှတသော ယှဉ်ပြိုင်မှု အဆင့် ၃ကို အသုံးပြုနေပါသည်။]

[ယှဉ်ပြိုင်မှုတွင် ပါဝင်သူများမှလွဲ၍ ကျန်ကိုယ်စားလှယ်များအားလုံး စင်မြင့်ထက်သို့ တက်ရောက်ခွင့်မရှိပါ။]

...သူသည် ဂွမ်ဟွာဂွန် ၏ အထူးစွမ်းရည်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ ဤအခြေအနေမျိုးတွင် ယူဂျွန်ဟော့ နှင့် နာဗားနား တို့မှလွဲ၍ မည်သူမျှ တိုက်ပွဲအတွင်းသို့ ကိုယ်ထိလက်ရောက် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

ယောင်ဟီဝန် နှင့် လီဂျီဟယ် တို့ကို ကျနော်ပြောလိုက်သည်။

"ယောင်အီဒို ကို သတ်လိုက်တော့"

နောက်တစ်ခဏတွင် အားကစားကွင်းအတွင်းမှ တစ်ခုခု ပေါက်ကွဲထွက်လာ၏။ နောက်ဆုံးတွင်တော့ ယူဂျွန်ဟော့ နှင့် နာဗားနား တို့၏ တိုက်ပွဲ စတင်လေပြီ။

အမိုးခုံး၏ အပေါ်တွင် ဒိုကဲဘီ ဖန်တီးထားသော ကြီးမားသည့် မျက်နှာပြင်တစ်ခု ရှိနေသည်။

[မင်းတို့တွေက စိတ်ဝင်စားဖို့ကောင်းတာတွေ လုပ်နေတာပဲ။ ပျော်စရာကောင်းတဲ့ တိုက်ပွဲဖြစ်မှာမလို့ အားလုံး မြင်ရအောင် ငါ ပြင်ဆင်ပေးထားတယ်]

မျက်နှာပြင်ပေါ်တွင် ယူဂျွန်ဟော့ ၏ ဓါးနှစ်လက်နှင့် နာဗားနား ၏ အဖြူရောင်မှော်စွမ်းအင်တို့ ထိပ်တိုက်တွေ့နေသည်ကို ကျနော် မြင်နေရလေသည်။

ယူဂျွန်ဟော့ ၏ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း နှင့် နာဗားနား ၏ မန်ဒါးလား တို့သည် ထိုနေရာ၌ မုန်တိုင်းတစ်ခုကို ဖန်တီးနေ၏။

တိုတောင်းလှသော အချိန်အတွင်း အပြန်အလှန် တိုက်ခိုက်မှုပေါင်း ဒါဇင်ချီ၍ ပြုလုပ်ခဲ့ကြသည်။ တိုက်ပွဲမှာ သတိကြီးစွာ ထားရသည့် အသေးစိတ်ကျသော တိုက်ပွဲ ဖြစ်၏။

သူတို့သည် တစ်ဖက်လူ၏ စွမ်းရည်များကို ခန့်မှန်းရန်နှင့် အသာစီးရရန်အတွက် လွှဲပြောင်းခြင်း သို့မဟုတ် အကြောင်းတရားနှင့် အကျိုးတရား၏ မူလအစ ကို အသုံးပြုကြသည်။ ဤတိုက်ပွဲမှာ နောက်ပြန်ဆုတ်သူ နှင့် ပြန်လည်မွေးဖွားသူတို့အကြား ရင်ဆိုင်မှု ဖြစ်၏။

နာဗားနား က အရင်ဆုံး အားသွန်ခွန်စိုက် စတင်လှုပ်ရှားလိုက်သည်။ နာဗားနား ၏ မန်ဒါးလားမှာ လျင်မြန်စွာ လည်ပတ်နေပြီး သူ၏မှော်စွမ်းအင်ကို ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်အား တိုက်ခိုက်မည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် လှည့်ပတ်နေလေ၏။

ယူဂျွန်ဟော့ သည် အဖြူရောင်မှော်စွမ်းအင်ကို ရှောင်တိမ်းရင်း ကောင်းကင်ယံသို့ မြင့်မားစွာ ခုန်တက်လိုက်သည်။

ရုတ်တရက်ကြည့်လိုက်ပါက အဆုံးမရှိသော အရေအတွက်ဟု ထင်ရ၏။ အကြောင်းမှာ အဖြူရောင်မှော်စွမ်းအင်သည် သူ၏ လှုပ်ရှားမှုများအတိုင်း လိုက်ပါဆောင်ရွက်နေသောကြောင့် ဖြစ်သည်။ ယူဂျွန်ဟော့ သည် မန်ဒါးလား၏ စွမ်းအားကို ထိမှန်ရန် သူ၏ဓါးသွားများကို လျင်မြန်စွာ လွှဲယမ်းလိုက်သော်လည်း ကံမကောင်းစွာဖြင့် လွဲချော်သွား၏။

သူ၏ ဘယ်ဘက်ပုခုံးနှင့် ပေါင်တို့မှ သွေးများ ပန်းထွက်လာသည်။ ကိုယ်စားလှယ်တစ်ဦး၏ ပါးစပ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ယောင်အီဒို သည် ယောင်ဟီဝန် ထံမှ ထိတ်လန့်တကြား ထွက်ပြေးရင်း အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်နေလေသည်။

–အာ... ဒီလိုပဲ ပွဲပြီးသွားတော့မှာလား။

သို့သော်လည်း ယူဂျွန်ဟော့ ကတော့ တည်ငြိမ်နေဆဲပင်။ ယူဂျွန်ဟော့သည် အမိုးခုံး၏ မျက်နှာကျက်အနီးသို့ ခုန်တက်ကာ တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး ကို ကိုင်ဆောင်၍ အောက်သို့ ထိုးဆင်းလာသည်။ ဓါးအတွင်း၌ အပြာရောင်မှော်စွမ်းအင်များ ကိန်းဝပ်နေသော်လည်း နာဗားနား ကတော့ သူ၏ခံစစ်ကို အပြီးသတ်နေပြီ ဖြစ်သည်။

"လာစမ်းပါ၊ ယူဂျွန်ဟော့"

ထိုအချိန်တွင် တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး ၏ အရွယ်အစားမှာ ရုတ်တရက် ပြောင်းလဲသွား၏။ ဓါးမှာ ဧရာမဓါးကြီးအဖြစ် ပြောင်းလဲသွားပြီး မြင့်မားသော အဆောက်အအုံတစ်ခု၏ အရွယ်အစားအထိ ကြီးထွားလာသည်။

ဓါးကို ကိုင်ထားသော ယူဂျွန်ဟော့ ၏ လက်မောင်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။ သူ၏လက်မောင်းမှာ မဟာနတ်ဘုရားတစ်ပါး၏ ညာဘက်လက်မောင်းနှင့်ပင် တူနေလေသည်။

[သေးငယ်စေခြင်း အစွမ်းဖြင့် ပြောင်းလဲခြင်း။]

အံ့အားသင့်သွားသော နာဗားနား သည် ဓါးသွား၏ အကွာအဝေးအတွင်းမှ ထွက်ခွာရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ ကောင်းကင်ကို ခွဲထုတ်လိုက်သော ဓါးသွား၏ အလေးချိန်မှာ နာဗားနား အပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွား၏။

ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး စင်မြင့်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။

"အ"

နာဗားနား မှာ ပြင်းထန်စွာ ထိမှန်သွားပြီး ယူဂျွန်ဟော့ ၏ ဓါးကြောင့် ဖြစ်ပေါ်လာသော နက်ရှိုင်းသော ကျင်းကြီးအတွင်း လဲလျောင်းနေ၏။ ကိုယ်စားလှယ်များမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ မန်ဒါးလား၏ကိုယ်အတွင်းမှ လက်မောင်းပေါင်းများစွာ ထွက်ပေါ်လာ၏။

အဝလောကိတေသွရ ဗောဓိသတ္တ (လောကနတ်) ၏ လက်တစ်ထောင်။ ဗောဓိသတ္တ၏ လက်များသည် ဧရာမဓါးကြီးကို ပြန်လည်တိုက်ခိုက်နေလေသည်။ အကယ်၍ အမိုးခုံးသာ မရှိလျှင် ထိုနေရာမှာ ထိပ်တိုက်တွေ့မှုကြောင့် ပျက်စီးသွားပေလိမ့်မည်။ ကိုယ်စားလှယ် အားလုံးမှာ ထိုမြင်ကွင်းကြောင့် မှင်သက်နေကြ၏။

「 ဒါဟာ ဆိုးလ်ရဲ့ အင်အားအကောင်းဆုံးတွေရဲ့ ပြိုင်ပွဲပဲ 」

အင်အားအကောင်းဆုံး...

ကျနော့်အနေဖြင့် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ထိုခါးသက်သော ခံစားချက်ကို မျိုချလိုက်ပြီး အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို ကျနော် အသုံးပြုလိုက်၏။

အပေါ်ယံကြည့်လျှင် ခွန်အားချင်း ရိုးရိုးရှင်းရှင်း ယှဉ်ပြိုင်နေသည်ဟု ထင်ရသော်လည်း ဤအချိန်တွင် နာဗားနား နှင့် ယူဂျွန်ဟော့ တို့အကြား စိတ်ကူးများ စီးဆင်းနေလေသည်။

နာဗားနား က တွေးလိုက်သည်။

「 စိတ်အကာအရံ အဆင့် တက်သွားတာလား။ မှော်စွမ်းအင် လှိုင်းအလျားက ပိုပြီး အားကောင်းလာတယ် 」

「 မင်းရဲ့ စွမ်းရည်အဆင့်က ငါထင်ထားတာထက် ပိုနိမ့်နေတယ်။ အကြောင်းတရားနဲ့ အကျိုးတရားရဲ့ မူလအစ ကနေ မင်း ဘာတွေ ရခဲ့တာလဲ 」

「 မင်းက ဘယ်ဘက်ပုခုံး ဒဏ်ရာရထားသလို ဟန်ဆောင်နေပေမဲ့ ဒါဟာ ထောင်ချောက်တစ်ခုပဲ 」

「 သေးငယ်စေခြင်း အစွမ်းနဲ့ ပြောင်းလဲခြင်းက ကြာချိန်တိုတယ်။ မင်းက ဒီပွဲတစ်ခုလုံးကို ခြုံကြည့်သင့်တယ် 」

····

၎င်းမှာ ကျနော်တစ်ယောက်တည်းသာ မြင်နိုင်သော စစ်မြေပြင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မထိတွေ့သော စိတ်ကူးနှစ်ခုသည် ဖြစ်မလာသေးသော တိုက်ပွဲတစ်ခုကို ပုံဖော်နေကြ၏။

ကျနော် လှိုက်လှိုက်လှဲလှဲချီးကျူးကာ ထိုမြင်ကွင်းကို ကြည့်ရှုနေမိသည်။

အချိန် မည်မျှ ကုန်ဆုံးသွားသနည်း။

အမိုးခုံးအတွင်းရှိ မည်သူထက်မဆို ပို၍ လျင်မြန်စွာ ဤတိုက်ပွဲ၏ ‘ရလဒ်’ ကို ကျနော်သိရှိလိုက်သည်။ ကျနော် ခုန်တက်လိုက်ပြီး အမိုးခုံးကို အပေါ်စီးမှ မြင်ရသော အနီးအနားရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ဦးတည်လိုက်၏။ ထို့နောက် ကျနော်ပြောလိုက်သည်။

"ဟန်ဆိုယောင်း။ နင် စောင့်ကြည့်နေတာ ငါ သိတယ်"

ကျနော့်နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ကွဲအက်သွားပြီး အမှောင်ထုအတွင်းမှ ဟန်ဆိုယောင်း ထွက်ပေါ်လာသည်။

"...နင် ဘယ်လို သိတာလဲ"

ဟန်ဆိုယောင်း သည် ခန္ဓာကိုယ်နှင့် ကပ်နေသော အပြာရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထား၏။ ဖြစ်နိုင်သည်မှာ ထိုဝတ်စုံသည် ငြိမ်းချမ်းမြေ မှ ရရှိခဲ့သော ဝှက်ဖဲတစ်ခု ဖြစ်ပေလိမ့်မည်။

"အသံချဲ့စက်သံကို ကြားပြီးရင် နင် အဝေးမှာ မနေနိုင်ဘူးဆိုတာ ငါ သိတယ်"

"လဖွတ်ပဲလေ"

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သင့်ကို သွားဖြဲပြနေပါသည်။]

မျှော်လင့်ထားသည့်အတိုင်း ဟန်ဆိုယောင်း သည် ထောက်ပံ့သူကို ရွေးချယ်ခဲ့ပြီဖြစ်သည်။ ဟန်ဆိုယောင်း သည် ကျနော့်ထံ ချဉ်းကပ်လာပြီး လက်ရန်းပေါ်တွင် ထိုင်လိုက်၏။

"ပျော်စရာကြီးပဲ။ နင်က ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ"

"နင် ဘာလို့ စောင့်ကြည့်နေတာလဲ။ ဇာတ်ဝင်ခန်းကို အောင်မြင်အောင် မလုပ်ချင်ဘူးလား"

"အာ... ဘယ်သူက အင်အားအကောင်းဆုံးလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုလို့ပါ... နေဦး။ နင် သိနေတာလား"

"ငါ သိတယ်"

"ဘယ်သူလဲ။ ယူဂျွန်ဟော့ လား"

"မဟုတ်ဘူး"

ဟန်ဆိုယောင်း က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

"တော်သေးတာပေါ့။ အဲ့ဒီကောင်သာ သေသွားရင် ကမ္ဘာကြီးက နောက်ပြန်ဆုတ်သွားလိမ့်မယ်။ အခုတော့ ဒါက မခက်ခဲတော့ပါဘူး"

ဟန်ဆိုယောင်း က ဓါးမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်၏။

"ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်လား... နင် သူ့ကို သတ်မှာလား"

အောက်သို့ ဆင်းတော့မည့် ဟန်ဆိုယောင်း ကို ကျနော်က ခေါင်းခါပြလိုက်သည်။

"သူက အင်အားအကောင်းဆုံး မဟုတ်ဘူး"

"မဟုတ်ဘူးလား။ ဒါဆို ဘယ်သူလဲ။ ငါက ဘယ်သူ့ကို သတ်ရမှာလဲ"

ဟန်ဆိုယောင်း ကို တိတ်ဆိတ်စွာ ကျနော်စိုက်ကြည့်နေမိသည်။ ခဏအကြာတွင် ဟန်ဆိုယောင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။

"နင်...မဟုတ်မှလွဲရော"

ကျနော် ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီဇာတ်ဝင်ခန်းရဲ့ နောက်ဆုံးခန်းကို ငါတို့ အလှဆင်ကြစို့"

All Chapters