← Chapters

အခန်း (၁၄၇-၁၄၉)

Vol. 10 Ch. 147-149

အခန်း (၁၄၇-၁၄၉)

Vol. 10 Ch. 147-149

အခန်း ၁၄၇

- အပိုင်း (၂၉) - နက္ခတ်တို့၏ တည်ခင်းဧည့်ခံပွဲ (၂)

ကျနော်၏ ရွေးချယ်မှုအပေါ် မူတည်၍ ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ နက်ဗျူလာများ၏ ကံကြမ္မာမှာ ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။ ရုတ်တရက်ကြည့်လိုက်လျှင် ကျနော်က အသာစီးရနေသော အခြေအနေမျိုးဟု ထင်ရသော်လည်း စိတ်ထဲတွင်မူ သက်သောင့်သက်သာ မရှိလှချေ။

[နက္ခတ်များသည် ဒဏ္ဍာရီများ၏ တရားဝင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေကြပါသည်။]

ကျနော့်တွင် ရွေးချယ်ခွင့် ရှိနေသယောင် ထင်ရသော်လည်း ပြဿနာမှာ ရွေးချယ်ပြီးနောက်ပိုင်းတွင်မှ ဖြစ်သည်။

နက်ဗျူလာများသည် 'ပြန်လည်ရှင်သန်ခြင်း ဇာတ်လမ်း' နှင့် ပတ်သက်လာလျှင် မူပိုင်ခွင့် ခိုးယူမှုအပေါ် အလွန်ပင် ထိရှလွယ်ကြသည်။ အထူးသဖြင့် အေဒင် နှင့် ဝေဒ တို့ကြား ရင်ဆိုင်မှုမှာ ပြင်းထန်လှ၏။ ကျနော်က တစ်ဖက်ကို ရွေးချယ်လိုက်ပါက ကျန်တစ်ဖက်က ကျနော့်အား လုံးဝ ကျောခိုင်းသွားပေလိမ့်မည်။

ကျနော်သည် နက္ခတ်တစ်ပါးပင် ဖြစ်မလာသေးသည့် အဖူးအငုံ အဆင့်သာ ရှိပါသေးသည်။ အားလုံးကို ငြင်းပယ်လိုက်ပြန်လျှင်လည်း ထိုသူတို့က ကျနော့်အပေါ် ရန်ငြိုးဖွဲ့ကြလိမ့်မည်...။

[နက္ခတ်အများအပြားက သင့်အား အမြန်ဆုံး ရွေးချယ်ရန် အလိုရှိနေကြပါသည်။]

ချီး။

ပြန်လည်ရှင်သန်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ခံရမည်ကိုလည်းကောင်း၊ နက္ခတ်များကြားတွင် ဘုံရန်သူ ဖြစ်သွားမည်ကိုလည်းကောင်း ကျနော် စိုးရိမ်မိသည်။

ငါဘာလုပ်ရမလဲ...။

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က နက္ခတ်များကြားမှ ပဋိပက္ခကို ညှိနှိုင်းပေးနေပါသည်။]

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က ဤအရာမှာ ကိုယ်စားလှယ်၏ ရွေးချယ်မှုသာ ဖြစ်ကြောင်း အလေးပေး ပြောကြားနေပါသည်။]

ပါစီဖုန်းက ကျနော်ဘက်တွင် ရှိနေပေသည်။ သို့သော် ပါစီဖုန်းက ကျနော်ကို အဘယ်ကြောင့် ကူညီနေရသနည်း။

[အချို့သော နက္ခတ်များသည် အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ၏ ဝင်ရောက်စွက်ဖက်မှုကို မကျေမနပ် ဖြစ်နေကြပါသည်။]

[အချို့သော နက္ခတ်များသည် အမှောင်ဆုံးသော နွေဦး၏ ဘုရင်မထံမှ ဖြေရှင်းချက်တစ်ခုကို တောင်းဆိုနေကြပါသည်။]

...

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က ကိုယ်စားလှယ် ကင်ဒေါ့ဂျာအား နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲသို့ ဖိတ်ကြားရန် အကြံပြုလိုက်ပါသည်။]

...တည်ခင်းဧည့်ခံပွဲဟုတ်လား။

ခဏအကြာတွင်တော့...

[‘အေဒင်’ နက်ဗျူလာက အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ၏ တိုက်တွန်းချက်ကို သဘောတူပါသည်။]

[‘ဝေဒ’ နက်ဗျူလာက အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ၏ တိုက်တွန်းချက်ကို သဘောတူပါသည်။]

...

[နက္ခတ် အမြောက်အမြားက အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ၏ တိုက်တွန်းချက်ကို သဘောတူကြပါသည်။]

ကျနော်၏ ဆန္ဒနှင့် မဆိုင်ဘဲ ကျနော့် တည်ရှိမှုမှာ ဈေးပေါပေါဖြင့် ရောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ခု လိုအပ်နေသလို ဟာတာတာ ခံစားနေရစဉ်မှာပင် ဒိုကဲဘီ ယောင်ကီမှာ ကျနော်ရှေ့သို့ ရောက်ရှိလာသည်။

[ဟင်း၊ ဟင်း။ ဆရာဒေါ့ဂျာ]

သူသည် အလျင်စလို လာခဲ့ပုံရသည်။ ယောင်ကီမှာ ချွေးများဖြင့် ရွှဲနစ်နေပေသည်။

[ဆရာ သွားရမယ့် နေရာတစ်ခု ရှိပါတယ်]

“...ဘယ်နေရာလဲ”

[အာ…ဆရာသွားနိုင်အောင် ကျနော်ကူညီပေးပါ့မယ်။ အခုပဲ ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်]

ကျနော် ဘယ်ကို သွားရမလဲဆိုတာ ခပ်ရေးရေးတော့ သိလိုက်သည်။ ယောင်ကီ စိုးရိမ်နေပုံကို ကြည့်ရုံနှင့် နက္ခတ်များထံမှ ဖိအားမှာ မနည်းလှကြောင်း သိသာလှပေသည်။

ဟင်

ကျနော့် ခန္ဓာကိုယ်မှာ ပြိုကွဲသွားပြီး ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က ပြန်လည်ရှင်သန်ခြင်း မဟုတ်ပေ။ ဝိညာဉ်က ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံဖော်လိုက်ခြင်းနှင့် ပို၍ တူပေသည်။ လေထဲတွင် လွင့်မျောနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အခြေအနေမျိုး ဖြစ်သော်လည်း ထိုသို့ဖြစ်နေခြင်းမှာ ယာယီသာ ဖြစ်သည်။

[အင်း။ ဒါက အရေးကြီးတဲ့ တွေ့ဆုံပွဲဆိုတော့...]

လိင်အင်္ဂါ မရှိသော ထိုဝိညာဉ်ခန္ဓာကိုယ်ပေါ်တွင် ရှပ်အင်္ကျီနှင့် ဝတ်စုံတစ်စုံက ဖုံးလွှမ်းသွားသည်။ အဝတ်၏ အထိအတွေ့မှာ ကျနော့်အတွက် အထူးပြုလုပ်ထားသကဲ့သို့ ခံစားရပေသည်။

[ဝေးကွာသော ညကောင်းကင်ယံတွင် ဒဏ္ဍာရီများက တောက်ပနေပါသည်။]

[နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲကို လက်ရှိအချိန်တွင် ကျင်းပနေပါသည်။]

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က သင့်အား နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲသို့ ဖိတ်ကြားလိုက်ပါသည်။]

နက္ခတ်များ၏ တည်ခံဧည့်ခံပွဲ။

ထောက်ပံ့သူရွေးချယ်ခြင်း နှင့်အတူ ဤဧည့်ခံပွဲမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရှိ နက္ခတ်များအတွက် စီစဉ်ပေးထားသော ပွဲတစ်ခု ဖြစ်သည်။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်မလာသေးသော်လည်း နက္ခတ်များသာ တက်ရောက်ခွင့်ရှိသည့် ဧည့်ခံပွဲသို့ ဖိတ်ကြားခံလိုက်ရခြင်းပင်။

ကျနော် ပြန်လည်ရှင်သန်ရန် ကျန်ရှိသော အချိန်ကို ကြည့်လိုက်သည်။

[ကျန်ရှိသော အချိန်: ၂၃:၅၄:၁၂]

၂၃ နာရီသည် ခဏတဖြုတ် သွားရောက်လည်ပတ်ရန် လုံလောက်သော အချိန်ဖြစ်သည်။ အနည်းငယ်တော့ စောနေသော်လည်း ကျနော် သွားရမည့် နေရာမှာ ထင်ရှားလှပေသည်။

“ကောင်းပြီ၊ သွားကြစို့”

နောက်ဆုံးတွင်တော့ နက္ခတ်များထံသို့ သွားရောက်လည်ပတ်ရမည့် အချိန် ရောက်ရှိလာလေပြီ။

…………………………………………………………………………………..

[သင့်အား ဖိတ်ကြားထားသောသူသည် မကြာမီ စေတမန်တစ်ဦး စေလွှတ်ပါလိမ့်မည်။]

“နားလည်ပါပြီ”

[ကျ-ကျနော် ဆရာ့ရဲ့ ပွဲဦးထွက် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်]

ဘီဟွန်းသည် ပြတ်သားသော မျက်လုံးများဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြပြီးနောက် ကျနော့် ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုနေရာတစ်ခုလုံးမှာ ဖြူဖွေးသော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေ၏။

ဤနေရာသည် ‘တိမ်တိုက်လမ်းစဉ်’ ၏ မြစ်လက်တက်တစ်ခု ဖြစ်ကြောင်း ကျနော် သိရှိလိုက်ရသည်။ ဒိုကဲဘီ အမြောက်အမြားမှာ အခြားသော ဒိုင်မင်းရှင်းများသို့ သွားရောက်ရန် ဤလမ်းကို အသုံးပြု၍ ရွေ့လျားကြခြင်းပင်။

[သင်သည် ပင်မဇာတ်ဝင်ခန်း နယ်မြေမှ ယာယီ ထွက်ခွာခဲ့ပါသည်။]

[သင်သည် ကမ္ဘာမြေအချိန် ၂၄ နာရီအတွင်း ဇာတ်ဝင်ခန်း နယ်မြေသို့ ပြန်လာရမည်။]

[အကယ်၍ သင်သည် အချိန်မီ ပြန်မလာပါက ဇာတ်ဝင်ခန်း စည်းမျဉ်းများအရ သင့်အား ဖယ်ရှားပစ်မည် ဖြစ်သည်။]

ဖယ်ရှားခြင်း။ မြေအောက်ကမ္ဘာသို့ သွားခဲ့စဉ်ကကဲ့သို့ပင် စနစ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

[သီးခြားဇာတ်ဝင်ခန်း - နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲ စတင်ပါပြီ။]

[သီးခြားဇာတ်ဝင်ခန်း - နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲ]

အမျိုးအစား

သီးခြား

ခက်ခဲမှု

?

ပြီးမြောက်ရန်အခြေအနေ

တည်ခင်းဧည့်ခံပွဲတွင် ပါဝင်ပြီး အောင်မြင်သော ပွဲဦးထွက်ကို

ပြုလုပ်ရန်။

အချိန်ကန့်သတ်ချက်

၂၄ နာရီ

ဆုလာဘ်

၁၀၀,၀၀၀ ဒင်္ဂါး၊ အချို့သော နက္ခတ်များ၏ မျက်နှာသာပေးမှု

သို့မဟုတ် မုန်းတီးမှု။

ကျရှုံးမှု

-

မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် သီးခြားဇာတ်ဝင်ခန်းများစွာ ပုန်းကွယ်နေသည်။ ကျနော့် စိတ်ကိုသာ ခိုင်ခိုင်ထားနိုင်ပါက ကျနော် ထင်ထားသည်ထက် ပို၍ များပြားသော ဒင်္ဂါးများကို ရရှိနိုင်မည်ဖြစ်သည်။

ဝေးကွာသော နေရာမှ မြင်းလေးကောင် ပျံသန်းလာသည်ကို ကျနော် မြင်လိုက်ရသည်။ ထိုဖြူဖွေးသော မြင်းများသည် အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်နေသောကြောင့် အလင်းရင်းမြစ်တစ်ခုနှင့်ပင် တူနေ၏။ ထိုမြင်းများသည် ‘ရွှေရောင် အတောင်ပံများ’ ဖြင့် ပျံသန်းလာခြင်းဖြစ်ပြီး မြင်းတို့၏ နောက်တွင်တော့ ရွှေရောင် ရထားလုံးတစ်စီး ပါရှိလေသည်။

ရထားလုံး၏ အပြင်ဘက်တွင် နေမင်း၏ သင်္ကေတကို ထွင်းထုထားသည်။ ထိုရထားလုံးကို ကြည့်လိုက်ရုံဖြင့် ကျနော် ချက်ချင်းပင် သိလိုက်ရသည်။ ဤအရာသည် ‘နေမင်း ရထားလုံး’ များ ဖြစ်နေမလား။ ထိုသို့ဆိုလျှင် ရထားလုံးထဲတွင် ရှိနေမည့်သူမှာ...

[ဟေ့… တက်လိုက်]

ကြားလိုက်ရသော အသံအစစ်ကြောင့် ကျနော် အံ့အားသင့်သွားရသည်။ အသံပိုင်ရှင်မှာ ရထားလုံးအတွင်း ရှိနေသော တည်ရှိမှုမှာ ထွားကြိုင်းကြီးမားသူ မဟုတ်ကြောင်း ပြသနေပေသည်။

[ဟေ့…စိတ်မပူစမ်းပါနဲ့။ ဒါက သင်္ကေတ နယ်မြေ ဖြစ်နေလို့ ငါ့ရဲ့ အသံအစစ်က အားပျော့နေတာ။ မြန်မြန် တက်ခဲ့တော့။ ငါ မင်းကို ကိုက်မစားပါဘူးကွာ]

ကျနော် စိုးရိမ်တကြီးဖြင့် ရထားလုံးပေါ်သို့ တက်ခဲ့လိုက်သည်။ အကယ်၍ ဤအရာက နေမင်း ရထားလုံး အစစ်အမှန်ဆိုပါက ဤရထားလုံး၏ ပိုင်ရှင်မှာ နေနတ်ဘုရား ဟီလီယော့စ် ဖြစ်ပေလိမ့်မည်...

ဟင်။

“ခင်ဗျားက...”

ရထားလုံးအတွင်း ရှိနေသူကို ကျနော် မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ တိတိကျကျ ပြောရလျှင် ထိုသူမှာ ‘လူ’ မဟုတ်ပေ။ အရသာရှိသော ဝိုင်နီများ ဖြည့်ထားသည့် ဝိုင်ခွက်တစ်ခွက်သာ ရထားလုံးအတွင်း ပျံဝဲနေခြင်းဖြစ်သည်။ ဤအခြေအနေကို ကျနော် အံ့သြနေစဉ်မှာပင် ထိုဝိုင်ခွက်က စကားပြောလိုက်သည်။

[မင်း ငါ့ကို မမှတ်မိဘူးလား]

[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်က သင့်အပေါ် စိတ်ပျက်သွားပါသည်။]

ကျနော် လန့်ဖျန့်သွားကာ မေးလိုက်မိသည်။

“...ဒီယွန်နီဆပ်လား”

တောက်ပသော လျှပ်စစ်မီးပွားများ ထွက်ပေါ်လာပြီး ဝိုင်ခွက်က အော်ဟစ်လိုက်သည်။

[ဟေ့… ငါ့နာမည်ကို အဲဒီလို ပေါ့ပေါ့တန်တန် မခေါ်နဲ့လေ။ ငါ စိတ်လှုပ်ရှားနေတာမလို့သာ ခံစားချက် ကောင်းနေတာကွ]

“...ခင်ဗျားက ဘာလို့ ဒီလို ပုံစံ ဖြစ်နေတာလဲ”

[ဒါက ဖြစ်နိုင်စွမ်းကြောင့်ပဲ။ ဖြစ်နိုင်စွမ်း ကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် ဒါက အကောင်းဆုံး ပုံစံပဲလေ။ မင်း သိတဲ့အတိုင်း မဟာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက တော်တော်လေး တင်းကျပ်တာ]

အမှန်တကယ်တော့ သူ့ထံတွင် အသွင်အပြင် အစစ်အမှန် မရှိခြင်းက ကျနော်အတွက် ပိုကောင်းသည်။ Fourth Wall ရှိနေသည်ဖြစ်စေ၊ နက္ခတ်၏ ခန္ဓာကိုယ်ကို မြင်လိုက်ရပါက ကျနော့်အခြေအနေမှာ ကောင်းမွန်နေမည်ဟု အာမခံချက် မရှိချေ။

ကျနော် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရထားလုံးမှာ စတင် ထွက်ခွာလေတော့သည်။ ဒီယွန်နီဆပ်က အဘယ်ကြောင့် ဟီလီယော့စ်၏ နေမင်း ရထားလုံးကို မောင်းနှင်နေသနည်းဆိုသည်ကို ကျနော် မသိသော်လည်း နောက်ကွယ်တွင် အကြောင်းပြချက် တစ်ခုခု ရှိပေလိမ့်မည်။

[ဒါက မင်း ငါ့ကို အပြင်မှာ တကယ် မြင်ဖူးတာ ပထမဆုံး အကြိမ် မဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား ပါ။ ငါ့နာမည်က မင်းတို့ နိုင်ငံမှာ တော်တော် နာမည်ကြီးတယ်လေ]

“ကျနော်လည်း တွေ့ရတာ ဝမ်းသာပါတယ်”

ကျနော်တို့မှာ တစ်ဦးကိုတစ်ဦး သက်တောင့်သက်သာမရှိစွာ နှုတ်ဆက်လိုက်ကြပြီး ရထားလုံး၏ ထောင့်တစ်နေရာတွင် ထိုင်လိုက်ကြသည်။ သူ၏ ပုံမှန် နောက်ပြောင်တတ်သော စရိုက်နှင့် မတူဘဲ ဒီယွန်နီဆပ်မှာ စကား သိပ်မပြောလှချေ။ သူက ရှက်တတ်သော စရိုက် ရှိနေခြင်းလော။ ဤသည်က မျှော်လင့်မထားသော အချက်ပင်။

အင်းပါလေ။ ဒဏ္ဍာရီ အားလုံးကတော့ အမှန်တရား ဘယ်ဟုတ်နိုင်မလဲ။

ရထားလုံး ခါယမ်းသွားသည့် အခါတိုင်း ခွက်ထဲရှိ ဝိုင်များမှာ စိုးရိမ်စရာ ကောင်းလောက်အောင် လှုပ်ခတ်သွားသည်။ ဝိုင်တွေသည် ကျနော်ဘက်သို့ လွင့်စင်လာလေမလားဟုပင် စိုးရိမ်မိ၏။ ထိုအရည်မှာ တစ်စုံတစ်ခု၏ သင်္ကေတ ဖြစ်ပုံရပြီး ဒီယွန်နီဆပ်အတွက် ၎င်းက ဘာကို ကိုယ်စားပြုသလဲဆိုသည်ကို ကျနော် သိလိုမိသည်။

အတွေးမျိုးစုံ ဝင်နေပြီး ခဏအကြာတွင်တော့ ဒီယွန်နီဆပ်က ပြောလိုက်သည်။

[အာ…စိတ်မရှိနဲ့။ ငါ သိတဲ့ နတ်သမီးတစ်ပါးနဲ့ ခဏလောက် စကားပြောနေလို့ကွ]

“...ခင်ဗျား တော်တော် အလုပ်များနေပုံရတယ်နော်”

[အဲဒီလို မဟုတ်ပါဘူး။ ဒီရက်ပိုင်း မိန်းကလေးတွေကို ငါကပဲ ဦးဆောင်ပြီး ဂရုစိုက်ပေးရမှာမလို့ပါ]

ထိုစကားမှာ ဟာသလား သို့မဟုတ် အတည်လားဆိုသည်ကို ကျနော် မသိခဲ့ချေ။

[ဒါနဲ့ မင်းက ငါထင်ထားတာထက် ပိုတည်ငြိမ်နေပါလား။ ငါက အခုထိ နာမည်ကြီးတဲ့ နက္ခတ်တစ်ပါးပဲလေ]

“နက္ခတ်တစ်ပါးကို တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်လို့ပါ”

[အာ… အဲဒါ ပြောမှ သတိရတယ်။ ပြီးခဲ့တဲ့အကြိမ်က ငါ မင်းကို မြေအောက်ကမ္ဘာဆီ ပို့ပေးခဲ့တာ မဟုတ်လား]

“ဟုတ်ကဲ့၊ အဲဒါအတွက် ကျေးဇူးတင်ပါတယ်”

[ကျေးဇူးတင်စရာ မလိုပါဘူး။ မြေအောက်ကမ္ဘာမှာ မင်း ဘာတွေလုပ်ခဲ့တာလဲ]

“ဟင်”

[ဘုရင်မက အဲဒီလောက်အထိ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ကိုယ်စားလှယ် တစ်ယောက်ကို နက်ဗျူလာတွေဆီကနေ ကာကွယ်ပေးဖို့ ကြိုးစားခဲ့တာဆိုပဲ... ဟမ်… မဟုတ်မှလွဲရော မင်း အဲဒီ အဖွားကြီးကို ဘာပြောလိုက်လို့...]

သူ၏ အသံမှာ အနည်းငယ် မနာလိုဖြစ်နေပုံရပေသည်။ ပါစီဖုန်း၏ တာဝန်ကို ကျနော် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြောင်း ဒီယွန်နီဆပ် သိပုံမရချေ။

“ဘာမှ မဖြစ်ခဲ့ပါဘူး”

[ဟေ့… မရှက်စမ်းပါနဲ့။ အဲဒီ အဒေါ်ကြီးက ဆွဲဆောင်မှု မရှိဘူးလား။ ငါသာ အပြင်ပန်းမှာ လူကြီးလူကောင်း တစ်ယောက်ပုံစံ ဖမ်းမနေရရင်...]

“ခင်ဗျား အဲဒီလို ပြောဖို့ လိုလို့လား။ မြေအောက်ကမ္ဘာရဲ့ ဘုရင်မက ခင်ဗျားရဲ့ မိခင် မဟုတ်ဘူးလား”

[အင်း… ဟဟ။ အဲဒီလို ယူဆချက်မျိုးလည်း ရှိတာပဲ]

“အဲဒါက အတုလား”

[ငါ အဲဒီလို မပြောခဲ့ပါဘူး]

“...”

[ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။ မင်းက အိုလံပတ်စ်အကြောင်း မသိဘူးလား။ ဒီလို တားမြစ်ချက်မျိုးက ဘာမှ မဟုတ်ပါဘူး]

စဉ်းစားကြည့်လျှင် အိုလံပတ်စ်မှာ ထိုကဲ့သို့သော နေရာမျိုးပင် ဖြစ်ပေသည်။ အိုလံပတ်စ်သည် အောက်ပိုင်းကိစ္စများကိုသာ အစဉ်တစိုက် တွေးတောနေတတ်သော နတ်ဘုရားများ၏ နိဗ္ဗာန်ဘုံတစ်ခုပင်။ သို့သော်လည်း ကျနော့်အမြင်အရတော့ ဤသည်မှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။

[အာ… ဟုတ်ပြီ။ ဒါနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ ငါ အရင်က ပို့ထားတဲ့ မက်ဆေ့ချ်ကို ရရဲ့လား။ ငါ့ဘက်မှာပဲ နေပါ။ ငါက မင်းကို ‘ဘားကပ်စ်’ရဲ့ ဒဏ္ဍာရီကို ပေးချင်လို့ပါ... မင်းရဲ့ အမူအရာက ဘာလို့ အဲဒီလို ဖြစ်နေတာလဲ]

“မလိုပါဘူး”

ကျနော် အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။ ဒီယွန်နီဆပ်မှာ အိုလံပတ်စ်၏ အဆင့်မြင့် နက္ခတ် ၁၂ ပါးထဲမှ တစ်ပါး ဖြစ်သည်။ သို့သော်လည်း ‘ဘားကပ်စ်’ ၏ ဒဏ္ဍာရီ ဆိုသည်မှာကား...

[အာဟ… ငါ နားလည်ပြီ။ ဒီလူကို ကြည့်စမ်းပါဦး။ မင်းက အေဒင် ဒါမှမဟုတ် ဝေဒက ဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်နေတာလား]

“မဟုတ်ပါဘူး။ အဲဒါကြောင့် မဟုတ်...”

[ဟေ့… အဲဒါ မင်း ဘာမှ မသိလို့ပဲ။ ပြန်လည် ရှင်သန်လာတဲ့ မေရှိယရဲ့ ဒဏ္ဍာရီကို မင်း လက်ခံရရှိရင် ဘာဖြစ်မလဲ သိလား။ မင်းရဲ့ တစ်ဘဝလုံးကို ဂရုဏာတရားတွေနဲ့ပဲ ရှင်သန်သွားရမှာ။ မင်း သေသွားပြီးရင်လည်း အတူတူပဲ။ ဟုတ်တယ်မလား။ မင်းက ဘုန်းကြီးနတ်ဘုရား တစ်ပါးလို နေထိုင်သွားရမှာနော်]

ဒီယွန်နီဆပ်က အကျယ်ကြီး အော်ဟစ်လိုက်သည်။

[အဲဒါနဲ့ နှိုင်းယှဉ်ရင် ဘားကပ်စ်ရဲ့ ဒဏ္ဍာရီက ဘယ်လောက် ကြီးကျယ်လဲဆိုတာ မင်း သိလား။ ငါ့ရဲ့ နတ်သမီးလေးတွေအကြောင်း မင်း မသိဘူးလား]

“လိင်တူချစ်သူတွေကို ဆွဲဖြဲပစ်ခဲ့တဲ့ နတ်သမီးတွေလား”

ဒီယွန်နီဆပ်မှာ အံ့အားသင့်ကာ ခုန်တက်သွားလေသည်။

[အာ... ဟ-ဟုတ်တယ်။ မင်း သူတို့နဲ့အတူ ရူးသွပ်စရာ ကောင်းတဲ့ နေ့ရက်တွေနဲ့ ညတွေကို ဖြတ်သန်းနိုင်တယ်။ မင်းအတွက် ဝိုင်တွေကိုလည်း အဆုံးမရှိ ဖြည့်ဆည်းပေးနိုင်တယ်။ အိုလံပတ်စ်ရဲ့ ကာမဂုဏ်ခံစားတဲ့ ပွဲတော်တွေအကြောင်း မင်း ကြားဖူးလား။ အက်ဖရိုဒိုက်ကိုရော သိလား။ မင်းသာ လိုချင်ရင် ငါ အက်ဖရိုဒိုက်ကို ဖိတ်ပေးမယ်...]

[‘အချစ်နှင့်အလှနတ်ဘုရားမ’ နက္ခတ်က ‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ ကို ကြည့်နေပါသည်။]

[...ငါ စောနကစကားကို မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်။ မင်း ဘယ်လို ထင်လဲ]

“ကျနော့်အတွက် စိတ်ဝင်စားစရာ မကောင်းပါဘူး”

ဒီယွန်နီဆပ်၏ ဝိုင်များမှာ မငြိမ်မသက် လှုပ်ခတ်သွားသည်။

[...အခုမှ သတိရတယ်။ အေဒင်က နတ်သမီးတစ်ပါး ပြောတာတော့ မင်းက ယောက်ျားချင်း ဆက်ဆံတာကို စိတ်ဝင်စားတယ် ဆို...]

“ဘယ်သူ ကောလဟာလ ဖြန့်နေလဲဆိုတာ ကျနော် သိသလိုပဲ။ ဒါပေမဲ့ အဲ့ဒီမိန်းကလေး ပြောတာကို လျစ်လျူရှုလိုက်ပါ။ ကျနော့်ဆီကို လာတွေ့ရတဲ့ တကယ့် အကြောင်းပြချက်ကိုပဲ သိချင်ပါတယ်”

[ဟမ်။ မင်း ဘာတွေ ပြောနေတာလဲ။ ငါတို့ နက်ဗျူလာထဲကို မင်း ဝင်လာဖို့အတွက် လာတွေ့တာပေါ့ကွ...]

“ဒါပဲလား”

ဒီယွန်နီဆပ်မှာ ခေတ္တ တိတ်ဆိတ်သွားပေသည်။ ဝိုင်ခွက်မှာ ခေတ္တ ငြိမ်သက်သွားပြီးနောက် လေထဲတွင် စက်ဝိုင်းပုံစံ တစ်ချက် ဝေ့လိုက်သည်။

[...မင်းက တော်တော် မြန်မြန် သတိထားမိတာပဲ]

“ကျနော် အများကြီး ကြားဖူးလို့ပါ”

[သောက်ဦးမလား။ ငါ့ရဲ့ ဝိုင်အချို့ကို သောက်ကြည့်ပါ]

“ကျနော် သောက်ရတာ သိပ်မကြိုက်ဘူး”

[ကောင်းပြီလေ...အင်းပါ။ မင်း ပြောတာ မှန်ပါတယ်။ အမှန်တော့ ငါ့ရဲ့ ရည်ရွယ်ချက်က မင်းကို အိုလံပတ်စ်ဆီ ခေါ်သွားဖို့ မဟုတ်ဘူး]

ကျနော် ထင်ထားသည့်အတိုင်းပင်။ သူသည် နတ်ဘုရား တစ်ပါး ဖြစ်သောကြောင့် သူ ပြောသမျှမှာ ရိုးသားမှု မရှိချေ။ နက်ဗျူလာ အားလုံးက ကျနော်ကို အာရုံစိုက်နေကြသော်လည်း အိုလံပတ်စ်၏ နက္ခတ် ၁၂ ပါးထဲမှ တစ်ပါးက ကိုယ်စားလှယ် တစ်ဦးတည်းကို လာခေါ်ခြင်းမှာ ထူးဆန်းနေပေသည်။ သို့သော်လည်း ဒီယွန်နီဆပ်၏ နောက်ထပ် စကားများက ကျနော်၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးပစ်လိုက်သည်။

[ငါ တိုက်ရိုက်ပဲ ပြောမယ်။ မင်း အိုလံပတ်စ်ကို မဝင်ဖို့ ငါ မျှော်လင့်တယ်]

“...ဗျာ”

[ပိုပြီး တိတိကျကျ ပြောရရင်...]

ထို့နောက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ နေမင်း ရထားလုံးမှာ တစ်စုံတစ်ခုနှင့် အတိုက်ခံလိုက်ရသကဲ့သို့ တုန်ခါသွားပြီး မြင်းများမှာလည်း ဟိန်းဟောက် အော်ဟစ်ကုန်ကြသည်။ ကျနော် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ဒီယွန်နီဆပ်၏ ခွက်ထဲမှ ဝိုင်များ လွင့်စင်ထွက်လာသည်ကို မြင်လိုက်ရပေသည်။

[အား... လခွမ်း။ ငါ တော်တော်လန့်သွားတာပဲ၊ သေးတောင် ထွက်ကျတယ်]

သူ၏ ဆီးမှာ မည်သည့်အရာ ဖြစ်နေမည်ကို မေးရန်ပင် ကျနော် ကြောက်ရွံ့မိပေသည်။ ထို့ကြောင့် ဖိတ်စင်နေသော ဝိုင်များကို ဂရုတစိုက် ရှောင်ကွင်းလိုက်၏။

[ချီး... တခြား နက်ဗျူလာတွေက မင်းကို လိုက်ရှာနေကြတာပဲ]

ကျနော် ကန့်လန့်ကာအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ရှိသည့် သတ္တဝါများ နေရာအနှံ့ ပျံသန်းနေသည်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါများမှာ အလှမ်းဝေးနေသေးသောကြောင့် မည်သည့် နက်ဗျူလာ ဖြစ်သည်ကို မသိရသော်လည်း ကျနော့်ကို မနှစ်မြို့ကြသည်မှာကား ရှင်းလင်းလှပေသည်။

[လီးပဲလေ။ ငါ ဒီရထားလုံးကို ဟီလီယော့စ်ဆီက ငှားဖို့ အဖိုးအခ အများကြီး ပေးခဲ့ရတာ... အခြေအနေမကောင်းတော့ဘူး။ ဒီမှာတင် ဆင်းပြီး ကျန်တဲ့လမ်းကို ပြေးတော့။ တိမ်တိုက်လမ်းအတိုင်းဆို ခဏလေးပဲ]

ဒီနေရာမှာဆင်းရမှာလား။ ဒါက လေထဲမှာလေ။

[ငါ သူတို့ကို တားထားပေးမယ်။ မြန်မြန်သွားတော့။ မင်းသာ တည်ခင်းဧည့်ခံပွဲ ခန်းမထဲ ရောက်သွားရင် ဘယ်နက်ဗျူလာကမှ မင်းကို မထိရဲတော့ဘူး]

သူ၏ စကားအဆုံးတွင် ကန့်လန့်ကာများ ပွင့်သွားသည်။ ကျနော် အောက်ဘက်ရှိ တိမ်တိုက်များကို ငုံ့ကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်၏။ ကျနော်သည် ဝိညာဉ်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် ပြုတ်ကျသွားလျှင်ပင် သေဆုံးမည် မဟုတ်ပေ။

ထို့နောက် နောက်ဘက်မှ ဒီယွန်နီဆပ်၏ အသံကို ကြားလိုက်ရသည်။

[ဒါကို စိတ်ထဲမှာ မှတ်ထားပါ။ ဘယ်သူ့ကိုမှ မယုံနဲ့]

ဒီယွန်နီဆပ် ရယ်မောနေစဉ် ကျနော် ရထားလုံးပေါ်မှ ခုန်ချလိုက်၏။

[နောက်မှ ပြန်တွေ့မယ်။ ကိုယ်စားလှယ်ကြီး ကင်ဒေါ့ဂျာ]

ကျနော် ရထားလုံးပေါ်မှ လမ်းပေါ်သို့ ခုန်ဆင်းလိုက်သည်။ ကျနော့် နောက်ဘက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရက်စက်ကြမ်းကြုတ်သော ဖိအားတစ်ခုက ကျနော့် ခန္ဓာကိုယ်ကို တွန်းကပ်လာလေသည်။ ထိုဖိအားမှာ ယခင်က တစ်ခါမျှ မခံစားဖူးသော ကြီးမားသည့် စွမ်းအားတစ်ခု ဖြစ်သည်။ စွမ်းအား၏ အနှစ်သာရ အစိတ်အပိုင်းအချို့ ဆင်းသက်လာခြင်းပင် ဖြစ်ပေမည်။

လျှပ်စီးမီးစများမှာ မိုးကြိုးမုန်တိုင်းကဲ့သို့ ကျရောက်လာ၏။ နောက်သို့ လှည့်မကြည့်ဘဲနှင့်ပင် သိနိုင်ပေသည်။ နက္ခတ်များ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှု စတင်လေပြီ။

ကျနော် တိမ်တိုက်လမ်းအတိုင်း အစွမ်းကုန် အပြေးနှင်ခဲ့သည်။ အပျက်အစီးများမှာ ကျနော့် ဦးခေါင်းပေါ်မှ ဝဲပျံသွားပြီး မြေပြင်များ ကွဲအက်သွားသည်ကို ခံစားလိုက်ရသည်။ ကျနော် လုံးဝကို နောက်လှည့်မကြည့်ခဲ့ချေ။

အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိရချေ။ နောက်ဆုံးတွင် ကြီးမားသော ရဲတိုက်ကြီးတစ်ခုကို မြင်လိုက်ရပြီး နောက်ဘက်မှ အသံများလည်း အားနည်းသွားသည်။ ကျနော် ရဲတိုက်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့၏။

“ကျနော် တည်ခင်းဧည့်ခံပွဲမှာ ပါဝင်ဖို့ လာတာပါ”

တံခါးစောင့်က ကျနော်ကို ငုံ့ကြည့်လိုက်သည်။ သူသည် စီမံခန့်ခွဲရေးဌာနမှ စေလွှတ်ထားသော အဆင့်နိမ့် ဒိုကဲဘီ တစ်ဦး ဖြစ်ပုံရသည်။

“ဘာလဲဟ။ ကိုယ်စားလှယ်တစ်ယောက်က ဒီကို တစ်ယောက်တည်း လာမယ်လို့ ငါ မကြားထားပါဘူး”

ချီး...

နေမင်း ရထားလုံးပေါ်မှ ဆင်းခဲ့မိသည်မှာ အမှားတစ်ခု ဖြစ်ပုံရပေသည်။ ထိုရထားလုံးသာဆိုလျှင် ကျနော့်အတွက် အခမဲ့ ဝင်ခွင့်လက်မှတ် ဖြစ်နေပေလိမ့်မည်။ ထိုအချိန်တွင် ရဲတိုက်အတွင်းဘက် တံခါးပွင့်သွားပြီး မျှော်လင့်မထားသော ကယ်တင်ရှင်တစ်ဦး ပေါ်လာ၏။

[သူ့ကို ပေးဝင်လိုက်ပါ။ သူက ငါ့အုပ်စုကပဲ]

ထိုသူမှာ ပါစီဖုန်း မဟုတ်ချေ။ ကျနော် ကြာမြင့်စွာကတည်းက တွေ့ဆုံချင်နေခဲ့သော နက္ခတ်က ကျနော်ကို စောင့်ကြိုနေခြင်းပင် ဖြစ်သည်။

အခန်း ၁၄၈

- အပိုင်း ၂၉ - နက္ခတ်တို့၏ တည်ခင်းဧည့်ခံပွဲ (၃)

သူသည် တည်ခင်းဧည့်ခံပွဲ ခန်းမ၏ အဝင်ဝတွင် ရပ်နေလေသည်။ ကျနော်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက သူသည် ဇာတ်ဝင်ခန်းများ စတင်ကတည်းက ကျနော်ကို ထောက်ပံ့ပေးခဲ့သည့် အဆင့်မြင့် နက္ခတ်များထဲမှ တစ်ဦး ဖြစ်ပေမည်။

「 ဖြူစင်သော ရွှေရောင်ဆံပင်များ ဖုံးလွှဲနေသည့် မျက်နှာထက်တွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ရှိနေ၏။ သူသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော အကျဉ်းထောင်ထဲ၌ ပိတ်လှောင်ခံထားရသည့် စွမ်းအားအကြီးဆုံး အာဏာပိုင်များထဲမှ တစ်ဦး ဖြစ်သည်။ မြင့်မြတ်လှသော ကိုယ်ရောင်ကိုယ်ဝါနှင့် စူးရှသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသည်နှင့် အသက်ရှူရန်ပင် မေ့လျော့သွားရသည်။ 」

ထိုစာသားမှာ ‘Ways of Survival’ ထဲမှ ဖော်ပြချက် ဖြစ်၏။ ကျနော်သည် အပင်းမိနေသူတစ်ဦးကဲ့သို့ ငေးကြည့်နေမိ၏။ သူသည် ‘Ways of Survival’ ၏ ထိပ်ဆုံးတွင် တည်ရှိနေသော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ တံခါးစောင့်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အတွင်းဘက်သို့ ကျနော်ပြေးဝင်သွားလိုက်သည်။

“ကောင်းကင်တစ်မျှ မဟာပညာရှိ”

သို့ပေသိ ရယ်မောနေသော ကောင်းကင်တစ်မျှ မဟာပညာရှိမှာ ကျနော်၏ မျက်စိရှေ့တွင်တင် ပျောက်ကွယ်သွားလေသည်။ သူသည် မီးခိုးငွေ့ကဲ့သို့ပင်။ သူနှင့် တွေ့ဆုံရန် ကျနော့်ထံတွင် အရည်အချင်း မပြည့်ဝသေးကြောင်း ပြောကြားနေသကဲ့သို့ ရှိပေသည်။

...ကိုယ်ပွားတစ်ခုလား။

ကျနော်၏ လက်များမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြုတ်ကျသွားသော်လည်း အခြေအနေမှာ ထိုမျှနှင့် ပြီးမသွားခဲ့ချေ။ ကျနော်က ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အမည်ကို ရုတ်တရက် အော်ခေါ်လိုက်သဖြင့် တည်ခင်းဧည့်ခံပွဲ ခန်းမ ပထမထပ်ရှိ နက္ခတ်များမှာ ကျနော်ထံသို့ အာရုံစိုက်လာကြသည်။

[အဲဒီလူက ဘယ်သူလဲ]

ကိုယ်စားလှယ်တစ်ဦးက နက္ခတ်တစ်ပါး၏ အမည်ပြောင်ကို ခေါ်လိုက်ခြင်း ဖြစ်သောကြောင့် နက္ခတ်အများစုမှာ ကြည်လင်သော အမူအရာ မရှိကြချေ။ တည်ခင်းဧည့်ခံပွဲ ခန်းမ အနှံ့အပြားမှ အကြည့်များမှာ ကျနော်ထံသို့ စုပြုံရောက်ရှိလာ၏။

[ကိုယ်စားလှယ်တစ်ယောက်လား]

[ဘာလဲဟ။ အဲဒီကိုယ်စားလှယ်က ဘယ်သူလဲ]

ရေတွက်၍မရနိုင်သော အကြည့်များ စုစည်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိအငွေ့အသက်မှာ ပိုမိုပူပြင်းလာပြီး ကျနော် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။ ကျနော့် စိတ်မှာ ဗလာဖြစ်သွားပြီး မည်သူက ကျနော်ကို ကြည့်နေသည်ကိုပင် မခွဲခြားနိုင်တော့ပေ။

နက္ခတ်တွေ၏ အသံအစစ်အမှန်တွေကို ကြားပြီးနောက်တွင် ကျနော် တောင့်ခံနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုသို့ တောင့်ခံနိုင်ခဲ့ခြင်းမှာ ‘Fourth Wall’ ၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်ကြောင်း ထင်ရှားလှသည်။ သူတို့၏ အကြည့်ဖြင့်ပင် ကျနော့်ကို ဤကဲ့သို့ ဖြစ်သွားစေနိုင်၏။

ယခုမှပင် ကျနော် နားလည်လိုက်တော့သည်။ ဤတည်ခင်းဧည့်ခံပွဲ ခန်းမထဲတွင် နက္ခတ်မဟုတ်သည့် တစ်ဦးတည်းသော တည်ရှိမှုမှာ ကျနော်ပင် ဖြစ်နေလေ၏။ ကျနော်သည် နက္ခတ်များ၏ ရှေ့မှောက်၌ ရပ်တည်နေရလေပြီ။

“ကဲ... ကဲ... ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ မှားယွင်းမှုတစ်ခု ရှိသွားလို့ ဒီသူငယ်ချင်းကို ကျနော် ခဏလောက် ခေါ်သွားပါရစေဦး”

ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က ကျနော်၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို မကာ တစ်နေရာသို့ ရွှေ့ပြောင်းလိုက်သည်။ တည်ခင်းဧည့်ခံပွဲ ခန်းမမှ ကျနော် ထွက်လာပြီးနောက်တွင်တော့ ငရဲခန်းမှာ ပြီးဆုံးသွားပြီး ကျနော် အသက်ကို အနိုင်နိုင်ရှူလိုက်ရ၏။

“...မင်းက ဘာလို့ ဒီကို တစ်ယောက်တည်း လာရတာလဲ”

ကျနော် လှည့်ကြည့်လိုက်ရာ လေထဲတွင် ဝဲပျံနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

“ဘီဟွန်း”

“အေး... ငါပဲ။ အမှောင်ဆုံးသော ည၏ ဘုရင်မက စေတမန်တစ်ယောက် လွှတ်လိုက်မယ်လို့ ပြောခဲ့တယ်လေ။ သူတို့တွေ မင်းနဲ့အတူ ပါမလာဘူးလား။ ဘာလို့ ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်း လျှောက်သွားနေရတာလဲ။ မင်းက ငရဲသွားချင်လို့လား”

“အခြေအနေအချို့ ရှိခဲ့လို့ပါ”

“ဟေ့... အခြေအနေအချို့ရှိခဲ့တယ်လို့ ဆင်ခြေပေးလို့ရမယ် ထင်နေတာလား။ ဒီနေရာက ဇာတ်ဝင်ခန်း နယ်မြေ မဟုတ်ဘူးနော်။ မင်းသာ အမှားတစ်ခု လုပ်မိရင် အားလုံး ပြီးသွားလိမ့်မယ်။ ဒီနေရာက...”

“လူသားတွေကို ပိုးကောင်တွေလို သဘောထားပြီး မျက်လုံးနဲ့တင် သတ်ပစ်နိုင်တဲ့သူတွေ ရှိတဲ့နေရာ ဆိုတာလား”

ကျနော် သိသည်။ ကျနော် နားလည်သည်။ ထို့ကြောင့်ပင် ကျနော် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။

ဘီဟွန်းမှာ မကျေနပ်သကဲ့သို့ နှုတ်ခမ်းဆူလိုက်ပြီး ကျနော့်ကို တစ်နေရာသို့ ခေါ်သွားလေသည်။

“ငါ မင်းကို စောင့်ဆိုင်းခန်းဆီ ခေါ်သွားပေးမယ်။ အဲဒီမှာ ခဏလောက် နားနေလိုက်ဦး။ စောင့်ဆိုင်းခန်းထဲမှာ ကြည့်လို့ရတဲ့ စခရင်တစ်ခု ရှိတယ်။ အဲဒါကို သေချာကြည့်ထား။ နားလည်လား”

ဘီဟွန်း ပြုမူပုံကို ကြည့်ရသည်မှာ တစ်ခုခု ရှိနေသည်မှာ သေချာပေသည်။ မကြာမီတွင် ကျနော် တို့မှာ စောင့်ဆိုင်းခန်းသို့ ရောက်ရှိလာခဲ့၏။ သို့ပေသိ စောင့်ဆိုင်းခန်း ရှေ့မှ ဆိုင်းဘုတ်မှာ အလွန် ထူးဆန်းနေလေသည်။

“...ကိုယ်စားလှယ် စောင့်ဆိုင်းခန်းလား။ အဲဒီလိုမျိုးလည်း ရှိတာပဲလား”

“မင်းကပဲ ကိုယ်စားလှယ် တစ်ယောက်တည်း ရှိတယ်လို့ ထင်နေတာလား။ ဒါပေမဲ့ ဒီကို တစ်ယောက်တည်း လာရဲတာတော့ မင်းတစ်ယောက်ပဲ ရှိတယ်”

တံခါးပွင့်သွားပြီး မျှော်လင့်မထားသော ပုံရိပ်တစ်ခုကို ကျနော် မြင်လိုက်ရသည်။ ထိုသူက အရင် စကားပြောလိုက်၏။

“...ကင်ဒေါ့ဂျာလား”

ကျနော်မှာ ဗလာဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်ပြီး အနေခက်စွာဖြင့် လက်လှမ်းပြလိုက်မိသည်။

“...ယူဂျွန်ဟော့”

………………………………………………………………………………….

နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲအကြောင်းကို ‘Ways of Survival’ ထဲတွင် မကြာခဏ ဖော်ပြလေ့ ရှိပေသည်။

ထိုနေရာမှာ ယူဂျွန်ဟော့က ‘နောက်ပြန်ဆုတ်ခြင်း’ ကို အသုံးပြုတိုင်း လာလေ့ရှိသော နေရာတစ်ခု ဖြစ်ပေသည်။ ယူဂျွန်ဟော့အနေဖြင့် ဖိတ်ကြားခံရသူစာရင်းတွင် ပါဝင်နေခြင်းမှာ သဘာဝကျပေသည်။ ယခုတစ်ကြိမ်တွင် မည်သူတွေ ဖိတ်ကြားခံရသည်ကို ကျနော် မသိသော်လည်း ယူဂျွန်ဟော့သည် ဒဏ္ဍာရီလာအဆင့် နက္ခတ်များနှင့် ပတ်သက်မှုတစ်ခု တည်ဆောက်ရန် ကြိုးစားပေလိမ့်မည်။

နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲမှာ နိုင်ငံအများအပြားနှင့် ပူးပေါင်းပြုလုပ်သော ပွဲတစ်ခု ဖြစ်သည်။ ဆိုးလ်ဒေသ၊ ဝါရှင်တန်ဒေသ၊ မော်စကိုဒေသနှင့် နယူးဒေလီဒေသတို့လည်း အပါအဝင်ပင်။

စီမံခန့်ခွဲရေးဌာနက အကောင်းဆုံး စွမ်းဆောင်နိုင်သော ဒေသများကို ရွေးချယ်ရန်အတွက် စွမ်းဆောင်ရည် တင်ဆက်ပွဲတစ်ခု ကျင်းပခဲ့ခြင်း ဖြစ်ဟန်တူသည်။ ပါဝင်သည့် နိုင်ငံစာရင်းကို ကျနော် ကြည့်လိုက်သောအခါ... နိုင်ငံစာရင်းမှာ ယူဂျွန်ဟော့၏ ၂၄ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းနှင့် ဆင်တူနေလေသည်။

စောင့်ဆိုင်းခန်းထဲတွင် နိုင်ငံတစ်ခုစီအတွက် သီးခြားကိုယ်စားလှယ်များ ရှိနေကြ၏။

ယူဂျွန်ဟော့က ကျနော်ကို မေးလိုက်၏။

“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ”

“မင်း ဒီမှာရှိနေတဲ့ အကြောင်းပြချက်နဲ့ ဆင်တူပါတယ်”

“မင်း ဘယ်တော့ ပြန်ရှင်လာမှာလဲ”

“မနက်ဖြန်လောက် ဖြစ်မယ် ထင်တယ်”

“တခြားသူတွေ စိုးရိမ်နေကြတယ်”

“အားနာပါတယ်”

ယူဂျွန်ဟော့နှင့် စကားပြောနေရသည်မှာ ကျနော်အတွက် တစ်မျိုးကြီး ဖြစ်နေသည်။ သူက စိတ်တိုနေသည့်အလား လက်သီးကို တင်းတင်းဆုပ်ထား၏။ ဒီရက်ပိုင်း သူ စိတ်မထိန်းနိုင်သည့် ပြဿနာများ ရှိနေသလားဟု ကျနော် သံသယဝင်မိ၏။

ယူဂျွန်ဟော့၏ ဘေးနားရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ကျနော့် ရှေ့မှ စခရင် (screen) ကြီးပေါ်တွင် ပြသနေသော မြင်ကွင်းကို ကြည့်လိုက်သည်။ စကရင်ပေါ်တွင် အလယ်အလတ်အဆင့် ဒိုကဲဘီ ရာထူးတိုး ကြော်ငြာတစ်ခု ပြသနေ၏။

–ကျနော့်ကို ဒီဇာတ်လမ်းရဲ့ ဂုဏ်ဒြပ်ကို ပေးအပ်ခဲ့ကြတဲ့ နက္ခတ်အားလုံးနဲ့ ဒိုကဲဘီအားလုံးကို ကျေးဇူးတင်ပါတယ်...

၎င်းမှာ အဆင့်နိမ့်ဒိုကဲဘီများ၏ ကိုယ်စားလှယ်ဖြစ်သူ ဘီဟွန်း၏ အင်တာဗျူး ဖြစ်သည်။

ချီးထုတ်ကောင်။ ဒါကြောင့်မလို့ သူက ငါ့ကို ကြည့်ခိုင်းထားတာကိုး…

–ဒီဂုဏ်ဒြပ်ရဲ့ တစ်ဝက်ကတော့ ကျနော့်ရဲ့ ချန်နယ်ထဲမှာ ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့တဲ့ ကိုယ်စားလှယ် တစ်ယောက်ကြောင့်ပါပဲ။ သူက လူကြီးမင်းတို့ သိတဲ့ သူငယ်ချင်း တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ကျနော် ဒီဝမ်းသာမှုကို အဲဒီကိုယ်စားလှယ်ကို တစ်ဝက် ခွဲပေးပါ့မယ်

ထိုအရှက်မရှိသည့် စကားများကြောင့် ကျနော် စိတ်မသက်မသာ ဖြစ်သွားရသည်။

ပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များက ကျနော့်ဘက်သို့ လှည့်ကြည့်နေကြသဖြင့် ကျနော် အကြည့်လွှဲလိုက်၏။ ထိုစဉ် ဘီဟွန်းက ရွှေရောင်ဥတစ်လုံးကို ထုတ်ယူပြီး ကောင်းကင်သို့ မြှောက်ပြလိုက်လေသည်။ ထိုဥက ဘာလဲဆိုသည်ကို ကျနော် ချက်ချင်း သိလိုက်ပေသည်။

–ကျန်တဲ့ တစ်ဝက်ကိုတော့ မကြာခင် မွေးဖွားလာတော့မယ့် ဒီကလေးကို ပေးပါ့မယ်

ထိုရွှေဥမှာ ရှင်ယူဆောင်း၏ ဝိညာဉ် အိပ်ပျော်နေသည့် ဥပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ကောင်းမွန်စွာ ကြီးထွားနေပုံ ရလေသည်။

“မဟုတ်မှလွဲရော…မင်းက…”

ယူဂျွန်ဟော့က ကျနော်နှင့် ဘီဟွန်း၏ ဥကို အံ့အားသင့်သော အမူအရာဖြင့် ‘သူတော်စင်၏မျက်လုံး’ ကို အသုံးပြုကာ ကြည့်လိုက်သည်။

ကျနော် ဆင်ခြေပေးလိုက်၏။

“ဒါက တစ်ခုထဲသော နည်းလမ်းပဲလေ”

“မင်း ဘာလုပ်လိုက်လဲဆိုတာရော သိရဲ့လား”

“သိတာပေါ့”

“မင်း ဒီလိုလုပ်လိုက်ရင် ရှင်ယူဆောင်းက...”

ယူဂျွန်ဟော့ ဘာကို စိုးရိမ်နေသည်ကို ကျနော် သိပေသည်။ အချိန်အကြာကြီး ‘ဇာတ်လမ်း’ ကြောင့် ခံစားခဲ့ရသူသည် ယခုအခါ အခြားသော ဝမ်းနည်းဖွယ်ရာများကို ထုတ်လုပ်ပေးရမည့်သူ ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထိုသို့ဖြစ်သွားခြင်းမှာ မည်မျှ နာကျင်ရသည်ကို ယူဂျွန်ဟော့ သိရှိကြောင်း ကျနော် ပြောနေရန် မလိုပေ။

ကျနော် သူ့ကို ပြောလိုက်၏။

“ရှင်ယူဆောင်းသာ ဒိုကဲဘီအဖြစ် မွေးဖွားလာရင် အနည်းဆုံးတော့ ဘယ်တော့မှ သေမှာ မဟုတ်ဘူး။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ပျက်စီးမသွားသရွေ့ စီမံခန့်ခွဲရေးဌာနက အလုံခြုံဆုံး နေရာပဲ”

မှန်ပေသည်။ ၎င်းမှာ တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပေ။ သို့သော်လည်း ရှင်ယူဆောင်းကို ဒိုကဲဘီ ဖြစ်စေရသည့် ကျနော်၏ အကြောင်းပြချက်အားလုံးကို ယူဂျွန်ဟော့အား မပြောနိုင်ချေ။ ယူဂျွန်ဟော့၏ မျက်လုံးများက ကျနော့် မျက်လုံးများနှင့် ဆုံသွားပေသည်။ သူ့ဘက်က ဓါးကို ဆွဲထုတ်ပြီး ကျနော်ကို ယခုပင် အပိုင်းပိုင်း ခုတ်ထစ်ပစ်တော့မည့်အတိုင်း ခံစားရ၏။

“မဟုတ်မှလွဲရော... ရှင်က ကင်ဒေါ့ဂျာလား...”

ကျနော်တို့ကြားသို့ ဝင်ရောက်လာသော အသံကြောင့် တင်းမာနေသော အခြေအနေမှာ ပျောက်ကွယ်သွားလေသည်။ ကျနော် လှည့်ကြည့်လိုက်ရာ လှပသော ကပြားအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးတွင် အညိုရောင်လှိုင်းတွန့် ဆံပင်များနှင့် နူးညံ့သော အညိုရောင်မျက်လုံးများ ရှိသည်။ အထူးသဖြင့် ထိုအမျိုးသမီး၏ အပြုံးမှာ အလွန်ပင် လှပလွန်းလှသည်။

“မှန်ပါတယ်။ ကျနော့်ကို သိလို့လား”

“ဪ... နည်းနည်းပဲသိတာပါ။ သတင်းတွေ ကြားဖူးပါတယ်”

အရမ်းကောင်းသွားပြီ။

ထိုအမျိုးသမီးက ကျနော်ကို အရင် လာရောက် စကားပြောလိမ့်မည်ဟု မထင်မိချေ။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ဆယ်လီနာ ကင်”

“ရှင်က ကျမကို သိလို့လား”

“ခင်ဗျားက အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စားလှယ် မဟုတ်လား။ ခင်ဗျားနဲ့ပတ်သတ်ပြီး ကျနော်ကြားဖူးပါတယ်”

မှန်ပေသည်။ ကျနော် တကယ် ကြားဖူးခြင်း မဟုတ်ပေ။ ဆယ်လီနာ ကင်ကို သိနေခြင်းသာ ဖြစ်သည်။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်လာပါသည်။]

[အသုံးပြုသူ အဆင်ပြေစေရန်အတွက် ကျပန်းသတ်မှတ်ထားသော အချက်အလက်များကိုသာ ပြသပါမည်။]

[ဇာတ်ကောင် အကျဉ်းချုပ်]

ဇာတ်ကောင် : ဆယ်လီနာ ကင်

ဝိသေသလက္ခဏာများ : တိရစ္ဆာန်ချစ်သူ (ရှားပါး)၊

ဘုရင့်အစောင့်အရှောက် (သူရဲကောင်း)

ထောက်ပံ့သူ : စစ်ပွဲများကို အဆုံးသတ်သူ

သူသည် ဝါရှင်တန်ဒေသမှ ဆယ်လီနာ ကင် ဖြစ်၏။

သူသည် အန်နာ ခရော့ဖ်၏ ဇလွာတူစထွာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ‘Ways of Survival’ ထဲရှိ အသန်မာဆုံး အမျိုးသမီး ၁၀၀ ထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။ ‘လူမသတ်ဘုရင်’ ဆိုသော ဝိသေသလက္ခဏာမှာ မူလက ထိုအမျိုးသမီး ပိုင်ဆိုင်ရမည့်အရာ ဖြစ်သည်။

ကံမကောင်းစွာဖြင့် ကျနော်က လူမသတ်ဘုရင်ဘွဲ့ကို အရင် ရယူလိုက်သောကြောင့် ဆယ်လီနာ ကင်သည် အခြားသော ဝိသေသလက္ခဏာတစ်ခုကို ရရှိသွားခြင်း ဖြစ်သည်...

ကျနော် မေးလိုက်၏။

“အန်နာ ခရော့ဖ် မလာဘူးလား”

“...ရှင်က အန်နာကို သိတာလား”

“တနေ့က အိပ်မက်ထဲမှာ တွေ့ခဲ့ဖူးလို့ပါ”

“အန်နာက လာချင်ခဲ့တာပါ။ ရှင် လာမယ်ဆိုတာကိုသာ အန်နာ သိခဲ့ရင် လာမှာ သေချာတယ်”

မှန်ပေသည်။ ထိုသို့ဆိုလျှင် အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားပေလိမ့်မည်။ အဘယ်ကြောင့်နည်။ အဘယ်ကြောင့်ဆိုသော် ယူဂျွန်ဟော့ကြောင့် ဖြစ်ပေသည်။

“အဲဒီမိန်းကလေးကို သူ့လည်ပင်းကို ကောင်းကောင်း ဂရုစိုက်ထားဖို့ ပြောလိုက်ပါ”

“...ရှင်က အန်နာ ပြောပြဖူးသလိုပါပဲလား၊ ယူဂျွန်ဟော့”

အန်နာ ခရော့ဖ် ဤနေရာသို့ မလာရခြင်းမှာ ယူဂျွန်ဟော့ကြောင့် ဖြစ်၏။ ပြီးခဲ့သော နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့မှာ အန်နာ ခရော့ဖ်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။ အန်နာသည် သူ့ကိုသူ ယူဂျွန်ဟော့အပေါ် မည်သို့ပြုမူခဲ့သည်ကို သိမြင်ပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အန်နာ ဤနေရာသို့ မလာခြင်းမှာ သဘာဝကျ၏။

“ကိုရီးယားဘက်မှာတော့ အရမ်း ရုပ်ဆိုးတဲ့သူ တစ်ယောက် ပါလာတာပဲ။ ရှင်က တောင်ကိုရီးယားရဲ့ ကိုယ်စားလှယ်လား”

ကျနော် နောက်လှည့်ကြည့်လိုက်ရာ ယခုတစ်ကြိမ် စကားပြောလိုက်သူမှာ ရုရှားကိုယ်စားလှယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“အိုင်းရစ်။ အဲ့လိုပြောတာ ရိုင်းတယ်နော်။ တခြားသူတွေရဲ့ အသွင်အပြင်ပေါ် မူတည်ပြီး အကဲဖြတ်တာဟာ မကောင်းတဲ့ အလေ့အကျင့်ပဲ”

“သူက ရုပ်ဆိုးလို့ ရုပ်ဆိုးတယ်လို့ ပြောတာပဲ။ မော်စကိုမှာတော့ ရိုးသားမှုဟာ ဂုဏ်ရည်တစ်ခုပဲလေ”

ဖြူစင်သော အသားအရေနှင့် ဆံပင်ဖြူဖြူဖွေးဖွေး ရှိသည့် ထိုမိန်းကလေးမှာ ဆံပင်ကို နှစ်ဖက်ခွဲကာ ခပ်မြင့်မြင့်စည်းထားသည်။

မော်စကိုမှ ထိုမိန်းကလေးသည် မည်သူမှန်း ကျနော် သိသည်။ သို့သော်လည်း မသိသလို ဟန်ဆောင်နေလိုက်၏။ ထိုမိန်းကလေးမှာ ‘Ways of Survival’ ထဲတွင် ကျနော် အမုန်းဆုံး လူများထဲမှ တစ်ဦး ဖြစ်သည်။ ကျနော် တမင်တကာ မေးလိုက်၏။

“နင်က ဘယ်သူလဲ”

“...ရှင် မသိဘူးလား။ ကျမဆိုတဲ့ အိုင်းရစ် ဗလာဒီမီရိုဗ်နာ ရီဘီဇိုဗာကို မသိဘူးလား”

“ငါက နင့်ကို သိဖို့လိုလို့လား”

ဆယ်လီနာ ကင်က ကြားထဲမှ ဝင်ပြောပေးသည်။

“ဒေါ့ဂျာ။ ကျမ မိတ်ဆက်ပေးပါရစေ။ ဒါက အိုင်းရစ်ပါ။ သူက ရုရှားကိုယ်စားလှယ်ပါ။ ရုရှားမှာတော့ သူ့ကို ‘ရင်ပြင်နီကိုယ်စားပြု’ လို့ ခေါ်ကြတယ်”

“အဟမ်း… အဲဒါ ကျမပဲ”

ကျနော် ခေါင်းညိတ်ပြလိုက်၏။ ဝံ့ကြွားလွန်းသည့် ထိုအမည်ပြောင်နှင့် ပတ်သက်ပြီး တစ်ခုခု ပြောချင်သော်လည်း ပြဿနာတက်မည် စိုးသောကြောင့် ပါးစပ်ပိတ်ထားလိုက်ရသည်။

ဆယ်လီနာ ကင်က ဆက်ပြောသည်။

“အိုင်းရစ်၊ ဒါက ကင်ဒေါ့ဂျာပါ။ သူက တောင်ကိုရီးယားက လာတာ၊ ပြီးတော့ သူ့ရဲ့ အမည်ပြောင်က... အား-အားနာလိုက်တာ ဒေါ့ဂျာရဲ့ အမည်ပြောင်ကို ကျမ မသိလို့ပါ...”

ထိုအခါ ယူဂျွန်ဟော့က ပြောလိုက်၏။

“သူ့ အမည်ပြောင်က...”

ကျနော် အလျင်အမြန်ပင် ဖြတ်ပြောလိုက်ရသည်။

“ကျနော့်မှာ အမည်ပြောင် မရှိသေးပါဘူး”

အိုင်းရစ်၏ နှုတ်ခမ်းဖျားမှ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာ၏။

“အမည်ပြောင်တောင် မရှိဘဲနဲ့ ဒီနေရာကို ရောက်လာတာလား”

ကျနော့်တွင် အမည်ပြောင်ရှိသော်လည်း အမည်ပြောင်မှာ အလွန် ရွံစရာကောင်းနေ၍ ကျနော်မပြောလိုခြင်းသာ ဖြစ်သည်။

“ရှင် ဘာကြောင့် ဒီကိုလာဖို့ အရည်အချင်း ပြည့်မီနေလဲဆိုတာ မသိပေမဲ့ ရှင် တော်မှ ဖြစ်မယ်နော်”

ရုရှားကိုယ်စားလှယ်က တိုက်ခိုက်လိုစိတ် ပြသလာသည့်အခါ ယူဂျွန်ဟော့က ရှေ့သို့ တိုးလာသည်။ ရုရှားကိုယ်စားလှယ်သည် ယူဂျွန်ဟော့၏ ပြင်းထန်သော ခွန်အားကို ခံစားမိသွားပုံ ရ၏။ အိုင်းရစ်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။

“ဝင်မစွက်ဖက်နဲ့။ ဒါက ကျမနဲ့ အဲဒီ အရုပ်ဆိုးတဲ့ကောင်ကြားက ကိစ္စပဲ”

အိုင်းရစ်၏ သတိပေးချက် ရှိသော်လည်း ယူဂျွန်ဟော့မှာ သူ့ကို ဆက်၍ စူးစိုက်ကြည့်နေဆဲ ဖြစ်သည်။

ကောင်းတယ်။ နင်က လူရိုက်ချင်တယ်ဆိုရင်လည်း ယူဂျွန်ဟော့ကိုသာ ရိုက်လိုက်ပါ။

နောက်ဆုံးတွင် အိုင်းရစ်သည် နှုတ်ခမ်းကို ကိုက်ကာ နောက်ဆုတ်လိုက်လေသည်။

“ထားပါတော့လေ၊ ဘယ်လို အနှစ်သာရမရှိတဲ့ သမိုင်းဝင်အဆင့် နက္ခတ်က ရှင်တို့ကို ဇာတ်လမ်းတွေ ဆက်ခံဖို့ ဒီကို ခေါ်လာတာလဲတော့ မသိပေမဲ့... ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်”

...သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါး၏ ဇာတ်လမ်းကို ဆက်ခံရမည်တဲ့လား။

ကောင်းလိုက်တာ။

သူ့ပြောစကားကြောင့် နက္ခတ်များ၏ တည်ခင်းဧည့်ခံပွဲတွင် ရှိသော ‘ဇာတ်လမ်းဆက်ခံခြင်း’အကြောင်းကို ကျနော်သတိရသွားသည်။ အိုင်းရစ် ပြောနေသည်မှာ ထိုအကြောင်း ဖြစ်ပေလိမ့်မည်။

ဒေါက် ဒေါက်။

စောင့်ဆိုင်းခန်း တံခါး ပွင့်သွားပြီး အဆင့်နိမ့် ဒိုကဲဘီ တစ်ကောင် ပေါ်လာသည်။

[ကိုယ်စားလှယ်တို့။ ‘ဇာတ်လမ်းဆက်ခံခြင်း’ ကို မကြာခင်မှာ စတင်ပါတော့မယ်။ ဧည့်ခံပွဲခန်းမရဲ့ ပထမထပ်မှာ နေရာကို ယာယီ ပြင်ဆင်ထားပါတယ်။ ထပ်ဆောင်းပြောလိုတာက ပထမထပ်ဟာ သမိုင်းဝင်အဆင့် နက္ခတ်တွေအတွက်သာ ဖြစ်ပါတယ်]

[ဇာတ်လမ်းဆက်ခံခြင်း။]

နက္ခတ်များအနေဖြင့် ကိုယ်စားလှယ်များအပေါ် လွှမ်းမိုးနိုင်သည်မှာ ထောက်ပံ့သူ ရွေးချယ်မှုတစ်ခုတည်းမှ မဟုတ်ပေ။ ထောက်ပံ့ခံရသူ မဟုတ်သော်လည်း အခြား နက္ခတ်များ၏ ဇာတ်လမ်းကို ဆက်ခံခြင်းနှင့် ထိုဇာတ်လမ်း၏ စံနမူနာများကို ပြသခြင်းဖြင့် ကိုယ်စားလှယ်တစ်ဦးသည် အားအင်များကို တည်ဆောက်နိုင်ပေသည်။ ဇာတ်လမ်းကို ကျယ်ကျယ်ပြန့်ပြန့် ကြေညာခြင်းဖြင့် နက္ခတ်များသည်လည်း သူတို့၏ စွမ်းအားကို တိုးချဲ့ကြသည်။ ထိုသို့ပြုလိုပ်ခြင်းမှာ ကိုယ်စားလှယ်အတွက်ရော နက္ခတ်အတွက်ပါ နှစ်ဦးနှစ်ဖက် ကောင်းကျိုး ဖြစ်စေသည်။

ဧည့်ခံပွဲခန်းမသို့ ကျနော်တို့တွေ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြ၏။ ပထမဆုံး ဝင်သွားသူမှာ ဆယ်လီနာ ကင် ဖြစ်သည်။

[ဘုရင့်အစောင့်အရှောက် ဆယ်လီနာ ကင်]

[နင့်ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ငါ စောင့်ကြည့်နေခဲ့တာကြာပြီ]

ယခင်နှင့်မတူဘဲ နက္ခတ်များ၏ တုံ့ပြန်မှုမှာ အပြုသဘောဆောင်လှသည်။ သူတို့ ကြိုက်နှစ်သက်သော ကိုယ်စားလှယ်များနှင့် တွေ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် အကြိုက်ဆုံး နာမည်ကျော် လူပုဂ္ဂိုလ်နှင့် တွေ့ရသည်နှင့် တူလှသည်။

ထို့နောက် အိုင်းရစ်၏ အလှည့် ရောက်လာသည်။ အိုင်းရစ်သည် နက္ခတ်များ၏ ဘေးမှ ဖြတ်လျှောက်သွားပြီး ပရိသတ်ကို ဝန်ဆောင်မှုပေးသကဲ့သို့ လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်၏။

[ရင်ပြင်နီကလေး အိုင်းရစ်]

[ဟားဟား။ ချစ်စရာလေးပဲ]

[ငါ စခရင်ပေါ်မှာ မြင်ခဲ့တာနဲ့ တစ်ပုံစံထဲပါလား]

အိုင်းရစ်သည် ရပ်ရမည့် နေရာတွင် ရပ်လိုက်ပြီး ကျနော့်ကို စိုက်ကြည့်လာသည်။ ကျနော့်ကို 「 မြင်တယ်မလား 」 ဟု ပြောနေသကဲ့သို့ပင်။

...မြင်တော့ရော ဘာဖြစ်လဲ။

မကြာခင် ကျနော့် အလှည့် ရောက်လာတော့မည် ဖြစ်သည်။

ဧည့်ခံပွဲခန်းမထဲသို့ ကျနော် လျှောက်လှမ်းလိုက်ရာ အကြည့်များ၏ ဖိအားများက ကျနော်ဆီသို့ ထပ်မံ၍ အလုံးအရင်းနှင့် ရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ ကျနော် တောင့်ခံနိုင်လေသည်။ တစ်ကြိမ် ကြုံဖူးပြီးသား ဖြစ်၍သော်လည်းကောင်း၊ သို့မဟုတ် ထိုအကြည့်များတွင် ကွဲပြားသော ခံစားချက်များ ပါဝင်နေ၍သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း နက္ခတ်များ၏ တုံ့ပြန်မှုမှာ ထူးဆန်းနေလေသည်။ ပူနွေးနေသော ပတ်ဝန်းကျင်အငွေ့အသက်မှာ ရေအေးနှင့် လောင်းချလိုက်သကဲ့သို့ ငြိမ်ကျသွားသည်။

...မဟုတ်မှလွဲရော ငါက လူကြိုက်မများတဲ့သူ ဖြစ်နေတာလား။

အိုင်းရစ်ကတော့ ကျနော်ကို ကြည့်ပြီး လှောင်ပြုံး ပြုံးနေပေသည်။

ထိုစဉ် တစ်စုံတစ်ယောက်၏ စကားသံထွက်လာ၏။

[...အဲဒီလူက ကိုရီးယားကျွန်းဆွယ်က ကင်ဒေါ့ဂျာပဲ]

[ကင်ဒေါ့ဂျာဟုတ်လား။ ငါသိတဲ့ ဟိုကင်ဒေါ့ဂျာလား]

စကားသံများမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။ အခြေအနေမှာ ယခင် ကိုယ်စားလှယ်များနှင့် လုံးဝ ကွဲပြားသော တုံ့ပြန်မှု ဖြစ်လို့နေ၏။

[ကင်ဒေါ့ဂျာ။ အဲဒီလူက ကင်ဒေါ့ဂျာပဲ။]

[ကင် ဒိုဂျေဂါ။ ကင် ဒိုဂျေဂါ]

[လူမသတ်ဘုရင်]

ကျနော် ခြေတစ်လှမ်း လှမ်းတိုင်း နက္ခတ်များ၏ အသံများမှာ ကျယ်လောင်လာသည်။

[ရန်သူကို ဆန့်ကျင်တဲ့သူ]

စကားသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ ခန်းမတစ်ခုလုံးတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားတော့သည်။

[ဟေ့… ငါ့ကို မှတ်မိလား။ တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီးလေ]

[ကင်ဒေါ့ဂျာ။ ငါက ဟောင်းမူ ဘုရင်ကြီး ပါ]

ဧည့်ခံပွဲခန်းမ အလယ်ကို တိတ်ဆိတ်စွာ ကျနော် ဖြတ်လျှောက်သွားသည်။

[ငြိမ်းချမ်းမြေ ကိစ္စကို ငါ သိပ်သဘောကျတာပဲ။ ကောင်လေး၊ တစ်ခုခု ပြောပါဦး]

[ဟေ့… ဒီဘက်ကို တာ့တာပြပါဦး။ ငါ မင်းကို ဒင်္ဂါး ၃,၀၀၀ တောင် ထောက်ပံ့ခဲ့တာကွ]

[မင်းက ရောက်လာသားပဲ။ ကင်ဒေါ့ဂျာ]

[ငါတို့ စောင့်ကြည့်ခဲ့တာထက် ပိုကြည့်ကောင်းနေသားပဲ]

နက္ခတ်များမှာ သူတို့၏ ဂုဏ်သိက္ခာကို မေ့လျော့သွားသဖြင့် ဧည့်ခံပွဲခန်းမတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေသည့် အိုးကြီးတစ်လုံးကဲ့သို့ ဖြစ်နေလေသည်။ သူတို့၏ ဝိညာဉ်များမှာ ပေါက်ကွဲထွက်မလိုဖြစ်နေသဖြင့် သူတို့ဘက်သို့ ကျနော် လက်မြှောက်ကာ လက်ဝှေ့ယမ်းပြလိုက်ရသည်။ ထိုအခါ နက္ခတ်များကြားတွင် ရုတ်ရုတ်သဲသဲ ပို၍ ဖြစ်သွားလေသည်။

[ရုပ်ချောတဲ့ ကင်ဒေါ့ဂျာ]

အိုင်းရစ်မှာ ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ကျနော့်ဘက်သို့ လှမ်းကြည့်နေလေသည်။ သို့သော်လည်း အိုင်းရစ်ကို ကျနော် မကြည့်ခဲ့ပေ။ ကျနော် ဤနေရာသို့ လာသည်မှာ ကစားရန် မဟုတ်ပေ။

ဇာတ်ဝင်ခန်း ပြကွက်များမှာ မျက်နှာကျက်နှင့် နံရံများအနှံ့ ပြည့်နှက်နေသည်။

ကိုယ်စားလှယ်များမှာ အော်ဟစ်ကာ သေဆုံးနေကြပြီး နက္ခတ်များကမူ ထိုမြင်ကွင်းတွေကို ကြည့်ရှုရင်း ရယ်မောနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဤနေရာမှာ မည်သို့သော နေရာမျိုး ဖြစ်သည်ကို ကျနော်တစ်ဖန် ပြန်လည် သတိပြုမိသွားလေသည်။ ဤနေရာသည် လူသားတို့၏ အဖြစ်ဆိုးအားလုံးကို ညစာစားပွဲအဖြစ် ပြောင်းလဲသွားသော နေရာပင် ဖြစ်ပေသည်။

ဧည့်ခံပွဲခန်းမ၏ ဒုတိယထပ်ကို ကျနော် မော့ကြည့်လိုက်၏။ ရယ်စရာကောင်းသော ပထမထပ်မှ နက္ခတ်များနှင့် မတူဘဲ ဒုတိယထပ်ရှိ နက္ခတ်များဆီမှမူ စိတ်ထဲ စနိုးစနောင့်ဖြစ်စေသော တိတ်ဆိတ်မှုများ ထွက်ပေါ်နေလေသည်။ သူတို့တွေသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဖြင့် ကိုယ်စီ တောက်ပနေကြသည့် နက္ခတ်များ ဖြစ်ကြ၏။

သူတို့တွေမှာ ကျနော် တိုက်ခိုက်ရမည့် တကယ့် ရန်သူများပင် ဖြစ်တော့သည်။

အခန်း ၁၄၉

- အပိုင်း ၂၉ - နက္ခတ်တို့၏ တည်ခင်းဧည့်ခံပွဲ (၄)

ကျနော့်အလှည့်ပြီးတော့ ယူဂျွန်ဟော့အလှည့်ရောက်လာပြီး သူသည် မကြုံစဖူးသော ကျော်ကြားမှုကို ခံစားနေရလေသည်။ ယူဂျွန်ဟော့ ထွက်လာချိန်တွင် ဒုတိယထပ်မှပင် အသံအချို့ ထွက်ပေါ်လာ၏။ ‘အေဒင်’ ဆိုသည့် အမည်ကို ကြားလိုက်ရသကဲ့သို့ ခံစားရသဖြင့် ကျနော့်စိတ်ထဲတမျိုးတမည်ကြီး ဖြစ်သွားလေသည်။

[ယူဂျွန်ဟော့---]

[အတော်ဆုံး အမြင့်မြတ်ဆုံးဘုရင်]

[ငါတို့ရဲ့ နက်ဗျူလာထဲကို လာခဲ့ပါ]

ဇာတ်လမ်းဆက်ခံခြင်း မစတင်မီ အချိန်အနည်းငယ် ကျန်သေးသည်။ ပထမထပ်တွင် ကျနော် ထိုင်ကာ ခေတ္တမျှ စောင့်ကြည့်နေလိုက်၏။ အဆင့်အတန်း မည်သို့ပင် ရှိစေကာမူ နက္ခတ်အားလုံးကို သတိထားရမည် ဖြစ်သည်။

ယုံကြည်ရမည့်သူများကို ကျနော်ရှာဖွေနေခြင်း မဟုတ်ပေ။ ဒီယွန်နီဆပ်က ကျနော့်ကို မည်သူ့ကိုမျှ မယုံရန် ပြောခဲ့ခြင်းမှာ အကြောင်းရင်း ရှိပေသည်။ ထို့ကြောင့် ကျနော်သည် ‘ယုံကြည်ရသူ’ ကို ရှာနေခြင်း မဟုတ်ဘဲ ‘အသုံးချနိုင်မည့်သူ’ ကိုသာ ရှာဖွေနေခြင်း ဖြစ်၏။

“ကျမ...”

အိုင်းရစ်သည် ကျနော့်ထံ ချဉ်းကပ်လာပြီး စကားပြောသည်။

အိုင်းရစ် ဘာပြောမည်ကို ကျနော် ကြိုတင် ခန့်မှန်းနိုင်၏။ အိုင်းရစ် မပြောမီ ကျနော် အရင် သတိပေးလိုက်၏။

“အသက်ရှင်ချင်ရင် အဆင်အခြင်မဲ့ မလုပ်နဲ့”

“ရှင်- ရှင် ဘာပြောလိုက်တာလဲ”

အိုင်းရစ်၏ ဗလာဖြစ်နေသော မျက်နှာမှာ လေထုထဲသို့ ကြည့်လိုက်ရင်း အံ့အားသင့်သွားတော့သည်။

[နက္ခတ်အချို့သည် သင်၏ ချင့်ချိန်နိုင်စွမ်းအပေါ် အံ့အားသင့်သွားကြပါသည်။]

[နက္ခတ်အချို့သည် ထိုသို့သော တုံ့ပြန်မှုအတွက် သင့်အား ဒင်္ဂါး ၅,၀၀၀ ထောက်ပံ့လိုက်ပါသည်။]

မျက်နှာကျက်တွင် အိုင်းရစ်၏ မျက်နှာကို အနီးကပ်ပြသနေသည့် ပြကွက်တစ်ခု ရှိနေလေသည်။ အိုင်းရစ်မှာ ရှက်သွေးဖြန်းသွားပြီး စောင့်ကြည့်နေသည့် နက္ခတ်များက တခိခိ ရယ်မောကြ၏။ အိုင်းရစ်က ရေရွတ်လိုက်၏။

“ဒါ-ဒါတွေ အကုန်လုံး ရိုက်ကူးနေတာလား”

နက္ခတ်များ၏ ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် ရုပ်သံလိုင်း ပိတ်သွားလိမ့်မည်ဟု ထင်နေခြင်းမှာ အတွေ့အကြုံနုနယ်လွန်းရာ ကျလွန်းလှပေသည်။ ကျနော်တို့ ဤနေရာသို့ ရောက်လာသည့် အချိန်မှစ၍ နက္ခတ်များ၏ မျက်လုံးများသည် ကျနော်တို့၏ တုံ့ပြန်မှုများကို စောင့်ကြည့်ရန် တောက်ပနေခဲ့လောက်မည် ဖြစ်သည်။

အထူးသဖြင့် ဒုတိယထပ်တွင် ရှိနေသူများ ဖြစ်၏။ စောင့်ဆိုင်းခန်းအတွင်း အိုင်းရစ်နှင့် ကျနော်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကို မြင်လိုက်ရချိန်တွင် နက္ခတ်များ၏ တုံ့ပြန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပုံ ရသည်။

သို့သော်လည်း သူတို့ကို ပျော်ရွှင်မှု ကျနော် မပေးချင်ပေ။ ကျနော် ပြောခဲ့သကဲ့သို့ပင် ဤနေရာသို့ လာသည်မှာ ကစားရန် မဟုတ်ချေ။ အနည်းဆုံးတော့ ကျနော့်ကို လူမိုက်တစ်ယောက်ကဲ့သို့ အထင်မခံလိုပေ။

“နောက်တစ်ခါကျမှ အကောင်းဆုံးကြိုးစားလိုက်တော့။ ကောင်မလေး”

အိုင်းရစ်၏ ပုခုံးကို ပုတ်ကာ ကျနော် ထရပ်လိုက်၏။ ကျနော် လှုပ်ရှားလိုက်သည်နှင့် ပထမထပ်ရှိ နက္ခတ်များက တုံ့ပြန်လာကြသည်။

[ကင်ဒေါ့ဂျာ။ ဒီကို လာခဲ့ပါဦး]

ပထမထပ်ရှိ နက္ခတ်အားလုံးမှာ လူသားပုံသဏ္ဌာန် သို့မဟုတ် ဇီဝပုံသဏ္ဌာန်များထက် ‘အမှတ်အသား’ ပုံစံများဖြင့် ရှိနေကြလေသည်။ သမိုင်းဝင်အဆင့် နက္ခတ်များအတွက် ဖြစ်နိုင်စွမ်း ကုန်ဆုံးမှုကို ထိန်းညှိရန် ခက်ခဲလှသောကြောင့် သူတို့၏ ခန္ဓာကိုယ်ကို ရိုးရှင်းသော အမှတ်အသားများအဖြစ် ပြောင်းလဲကာ ကုန်ကျစရိတ်ကို သက်သာအောင် ပြုလုပ်ထားကြခြင်း ဖြစ်သည်။

တစ်ချက်ကြည့်ရုံနှင့် မည်သူက မည်သူဖြစ်ကြောင်း ကျနော် မသိနိုင်ပေ။ ထို့နောက် ဝါးလုံးတစ်လုံး၊ ကောက်ရိုးများနှင့် ရှီလာ၏ ရွှေရောင် သရဖူတစ်ခုကို ကျနော် မြင်လိုက်ရ၏။

“တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး။ ပြီးတော့ ဟိုတစ်ယောက်က... ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး လား”

[အို… မင်းက ငါ့ကို မှတ်မိနေသေးတာပဲ]

[ဟုတ်တာပေါ့။ မတွေ့ရတာ ကြာပြီနော်]

ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များကို ကျနော် တွေ့ရှိခဲ့ပြီ ဖြစ်သည်။

လေထဲတွင် ပျံဝဲနေသော မျက်လုံးမှာ မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျ ဖြစ်ပုံရ၏...

ထို့အပြင် ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း၊ ဟောင်းမူ ဘုရင်ကြီး တို့၏ အမှတ်အသား ခန္ဓာကိုယ်များလည်း ရှိနေကြသည်။ ဂယဲဘတ် လည်း ရှိနေလေသည်...

[ကင်ဒေါ့ဂျာ]

ထိုအသံကြောင့် ကျနော် နောက်လှည့်ကြည့်လိုက်ရာ ဝမ် ၁၀၀ တန် ဒင်္ဂါးပြားတစ်ပြား လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

ဝမ် ၁၀၀တန် ဒင်္ဂါးပြားဆိုပဲ။ ဘယ်သူက ဝမ် ၁၀၀တန် ဒင်္ဂါးပြား ဖြစ်နေရတာတုန်း။

[မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်]

“ဘယ်-ဘယ်သူပါလဲခင်ဗျာ...”

[စိတ်မကောင်းလိုက်တာ။ မင်းက ငါ့ကို မမှတ်မိဘူးလား]

နေဦး။ ဝမ် ၁၀၀ ဒင်္ဂါးပြားပေါ်မှာ ရှိတဲ့ ပုဂ္ဂိုဟ်က…

“စစ်သူကြီးလား”

ကျနော် အံ့အားသင့်စွာ မေးလိုက်မိ၏။ ကျနော်၏ မျိုးချစ်စိတ်ဓာတ်မှာ သုညနှင့် နီးစပ်နိုင်သော်လည်း ဤပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ဝမ် ၁၀၀တန်ဒင်္ဂါးပြားမှာ လေထဲတွင် လည်သွားပြီး ရှေ့မျက်နှာစာတွင် ထွင်းထုထားသော ပုံရိပ်ကို ပြသလိုက်၏။

[မင်းက ငါပေးထားတဲ့ အထူးစွမ်းရည်ကို သုံးနေပုံရတယ်]

“အဲဒါအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ထို ဝမ် ၁၀၀ တန်ဒင်္ဂါးပြားမှာ သစ္စာရှင်စစ်သူကြီး လီဆွန်ရှင်ပင် ဖြစ်တော့သည်။ ကျနော့်ကို ဓါးတေးသံ ပေးခဲ့သော ထိုပုဂ္ဂိုလ်မှာလည်း ဤဧည့်ခံပွဲသို့ ဖိတ်ကြားခြင်း ခံထားရလေသည်။

“ဒါနဲ့ ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲဟင်”

[...ဒီပုံစံက ငါ့ဆန္ဒအတိုင်း ဖြစ်နေတာ မဟုတ်ဘူး]

သူ ဘာကို ဆိုလိုသည်ကို ကျနော် တစ်နည်းတစ်ဖုံ နားလည်လိုက်သည်။ ပြောရလျှင် ငွေကြေးပုံသဏ္ဌာန် ဖြစ်နေသည်မှာ သစ္စာရှင်စစ်သူကြီး တစ်ဦးတည်း မဟုတ်ပေ။

ပထမထပ်၏ တစ်ဖက်ခြမ်းရှိ အစိမ်းရောင်စက္ကူကို ကြည့်ပြီး ကျနော် မေးလိုက်၏။

“ဒါဆို မဟုတ်မှလွဲရော အဲဒီပုဂ္ဂိုလ်က...”

လီဆွန်ရှင်က ခေါင်းညိတ်ပြလေသည်။

[သူက 'ဟန်းဂု'(ကိုရီယားစာလုံး)ကို တီထွင်ခဲ့တဲ့သူပဲ။ ဂွမ်ဟွာမွန်းက ရွှေရောင်ရုပ်တုကြီးကို သိတယ်မလား]

ကျနော် သိပေသည်။ မသိဘဲလည်း မနေနိုင်ပေ။ လီဆွန်ရှင်က ဆက်ပြော၏။

[အမှတ်အသားပုံစံက ငါတို့ရဲ့ လူသိအများဆုံး သင်္ကေတတွေအတိုင်းပဲ ဖြစ်ပေါ်လာတာ။ ကြည့်ရတာ သူလည်း ငါနဲ့ အတူတူပဲ ဖြစ်နေတာထင်တယ်]

ကျနော်သည် ' ဟန်းဂု တီထွင်သူ ' ဆီသို့ ဝမ်းနည်းစွာ ကြည့်လိုက်မိ၏။ ဆယ်ဂျုံ မင်းကြီးမှာ ဝမ် ၁၀၀ တန် ငွေစက္ကူ ဖြစ်နေပြီး လီဆွန်ရှင်မှာ ဝမ် ၁၀၀ တန် ဒင်္ဂါးပြား ဖြစ်နေလေသည်။ ဤမျှ ကြီးကျယ်သော ပုဂ္ဂိုလ်များမှာ ငွေကြေးအဖြစ် ကန့်သတ်ခံထားရပြီးေသူတို့၏ အမှတ်အသား ခန္ဓာကိုယ်များ ဖြစ်လာခဲ့ကြသည်။

ထိုစဉ် ဒုတိယထပ်မှ တခိခိ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ ဒုတိယထပ်ရှိ နက္ခတ်များ အားလုံးမှာ လူသားပုံသဏ္ဌာန် သို့မဟုတ် အနည်းဆုံး သက်ရှိပုံသဏ္ဌာန်များ ရှိကြသည်။

ကိုရီးယားကျွန်းဆွယ်ရှိ အကျော်ကြားဆုံး ပုဂ္ဂိုလ်များပင် လူသားပုံသဏ္ဌာန် မရရှိခဲ့ကြပေ။ ဤနက္ခတ်များ မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှ၏။ ယာမာတာ နို အိုရိုချိ၏ အရိပ်ကိုသာ အမဲလိုက်ခဲ့ရသည်မှာ ကျနော်အတွက် တကယ့်ကို ကံကောင်းခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် နက္ခတ်တစ်ပါးမှာ ကျနော်၏ အာရုံကို ဖမ်းစားသွား၏။

“အဲဒီ နက္ခတ်က ဘယ်သူလဲ”

[ဘယ်သူ့ကိုပြောတာလဲ။ ဪ… ဟိုလူလား]

ပထမထပ်နှင့် ဒုတိယထပ်ကြား လှေကားထစ်တွင် အရက်သောက်ရင်း ထိုင်နေသည့် လူတစ်ယောက်ကို ကျနော် သတိပြုမိလိုက်၏။ သူသည် ဓါးရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး အမှတ်အသားအစား လူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းထားလေသည်။ မည်သို့ပင် ကြည့်ကြည့် သူသည် ဒဏ္ဍာရီလာအဆင့် ဖြစ်ရမည်။ သို့ပေသိ ဖြတ်သွားဖြတ်လာ ဒဏ္ဍာရီလာအဆင့် နက္ခတ်များက သူ့ကို အထင်အမြင်သေးစွာ စိုက်ကြည့်နေကြလေသည်။

ယူဂျုံး ဆန်းမြုံဒန် က ကြားဖြတ်ပြောလိုက်၏။

[ကိုရီးယားကျွန်းဆွယ်ရဲ့ သမိုင်းဝင်အဆင့် နက္ခတ်တွေထဲမှာ အဲဒီလူထက် သာတဲ့သူ မရှိဘူး]

“သူက သမိုင်းဝင်အဆင့်လား”

[သူက အသန်မာဆုံး သမိုင်းဝင်အဆင့်လို့ ပြောလို့ရတယ်။ ဒါက မျိုးဆက်သစ်တွေကြားထဲမှာ နာမည်ကြီးလို့ မဟုတ်ဘဲ သူစုဆောင်းခဲ့တဲ့ ဇာတ်လမ်းတွေကနေ ရရှိလာတဲ့ ရာထူးကြောင့်ပဲ]

အကယ်စင်စစ် သူသည် လူသားခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်လောက်အောင် အင်အားရှိလျှင် ဒဏ္ဍာရီလာအဆင့် နက္ခတ်များထံတွင် ရှုံးနိမ့်မည် မဟုတ်ပေ။ ကျနော် သိသလောက်ဆိုလျှင် ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ တရုတ်ပြည်တွင်သာ ရှိသည်...

['ဂိုလျော၏ ပထမဆုံးသော ဓါး' အကြောင်း ကြားဖူးလား။ အဲဒါက မကြာသေးခင်ကမှ ပြန်လည် နိုးထလာခဲ့တယ်လို့ ကြားတယ်]

ဂိုလျော၏ ပထမဆုံးသော ဓါး။

“မဟုတ်မှလွဲရော...”

သူသည် မည်သူဖြစ်ကြောင်း ကျနော် သိရှိသွားသည်။ ကျနော် အဘယ်ကြောင့် သူ့ကို ချက်ချင်း မမှတ်မိခဲ့သနည်းဟု တွေးမိ၏။ အကယ်၍ ဤနက္ခတ်မှာ ကိုရီးယားကျွန်းဆွယ်တွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ဖြစ်လျှင် သူသည် ကျနော်၏ စိတ်ထဲသို့ ပထမဆုံး ရောက်လာသင့်သူ ဖြစ်ပေသည်။

[အားလုံး ဖယ်ကြစမ်း]

ထို့နောက် လှေကားပေါ်တွင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေသည်။ ဒုတိယထပ်မှ ဆင်းလာသော နက္ခတ်အချို့မှာ ဤဘက်သို့ လာနေကြသည်။ မည်သူမျှ သူတို့ကို ရင်မဆိုင်နိုင်ကြပေ။

လီဆွန်ရှင်က သက်ပြင်းချလိုက်၏။

[...မင်းရဲ့ ကျော်ကြားမှုက ကြီးမားတာပဲ။ သူတို့က မင်းကို ဒုတိယထပ်ကို ခေါ်သွားချင်နေကြတယ်]

ယူဂျွန်ဟော့မှာ တစ်စုံတစ်ယောက်၏ ခေါ်ဆောင်မှုဖြင့် ဒုတိယထပ်သို့ ရောက်နှင့်နေလေပြီ။ အခြားတစ်ဖက်တွင်မူ အိုင်းရစ်မှာ ပထမထပ်တွင် ကျန်ရစ်ခဲ့ပြီး ကျနော့်ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေသည်။ ဖြစ်နိုင်သည်မှာ အိုင်းရစ် ဆက်ခံရမည့် ဇာတ်လမ်းမှာ သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါးဆီမှသာ ဖြစ်ပေလိမ့်မည်။

[ဂရုစိုက်ပါ]

ကျနော် ခေါင်းညိတ်လိုက်သည်နှင့် နက္ခတ်တစ်ပါး၏ အမှတ်အသား ပေါ်လာ၏။ ထိုအမှတ်အသားမှာ မရဏမင်း ပုံသဏ္ဌာန် ဖြစ်လေသည်။ သူတို့ မည်သူဖြစ်ကြောင်းကို ကျနော် တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

[ဘုရင်မက မင်းကို ရှာနေတယ်]

သူတို့မှာ မြေအောက်ကမ္ဘာ၏ တရားသူကြီးများ ဖြစ်ကြသည်။ ထိုအချက်က သူတို့မှာ ဒဏ္ဍာရီလာအဆင့် ဖြစ်ကြောင်း ကျနော်ကို သတိရစေပေသည်။ သူတို့ကိုယ်သူတို့ ထိန်းသိမ်းရန် ပါစီဖုန်း ၏ ဇာတ်လမ်းများကို ငှားရမ်းထားကြခြင်းဖြစ်သည်။

သူတို့နှင့်အတူ လှေကားပေါ်သို့ ကျနော် တက်လှမ်းနေစဉ် လှေကားထစ်ရှိ တစ်စုံတစ်ယောက်က တံတွေးထွေးလိုက်၏။

[...မင်းတို့က စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဒုတိယထပ်က ကောင်တွေကို မြှောက်ပေးနေကြတာပဲ]

ဂိုလျော၏ ပထမဆုံးသော ဓါး ၏ စကားကြောင့် တရားသူကြီးများမှာ ဒေါသထွက်သွားကြလေသည်။

[ဂိုလျော၏ ပထမဆုံးသော ဓါး။ မင်း ဘာပြောလိုက်တာလဲ]

[မင်း သေချင်နေတာလား]

တရားသူကြီးများ၏ မှတ်ချက်ကြောင့် ဂိုလျော၏ ပထမဆုံးသော ဓါးမှာ သူ၏ ထိုင်ခုံမှ ထရပ်လိုက်၏။

[ငါက ဘယ်အချိန်မဆို သေဖို့ အဆင်သင့်ပဲ။ တိုက်မလား]

ဂိုလျော၏ ပထမဆုံးသော ဓါး ၏ အမှတ်အသား ခန္ဓာကိုယ်မှာ ကျနော် ထင်ထားသည်ထက် ပိုမို ကြီးမားနေပေသည်။ မဟုတ်ပေ၊ ဤခံစားချက်မှာ အမှတ်အသား ခန္ဓာကိုယ်၏ အရွယ်အစားကြောင့် မဟုတ်ပေ။ ဤသည်မှာ နက္ခတ်၏ 'အဆင့်အတန်း' အရွယ်အစားပင် ဖြစ်လေသည်။

[လူမိုက်တွေ မလုပ်စမ်းနဲ့။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဆုံးမှာ ကပ်တွယ်နေရတဲ့ အဆင့်နိမ့် ကပ်ပါးကောင်တွေ]

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ပထမထပ်နှင့် ဒုတိယထပ်ရှိ နက္ခတ်များ၏ အာရုံမှာ ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။ တရားသူကြီးများမှာ အနည်းငယ် အရှက်ရသွားပုံ ပေါ်သော်လည်း သူတို့၏ မာန်မာနကြောင့် လွယ်လွယ်နှင့် နောက်မဆုတ်နိုင်ကြပေ။

ဂိုလျော၏ ပထမဆုံးသော ဓါး ၏ မျက်လုံးများမှာ တောက်ပလာ၏။ သူသည် တရားသူကြီး သုံးဦး၏ အသက်ကို ချက်ချင်း ယူပစ်တော့မည့်ပုံ ပေါ်နေသည်။ သူသည် သူတို့၏ နောက်ကွယ်ရှိ ဒုတိယထပ်တွင် တော်ဝင်များကဲ့သို့ ပြုမူနေကြသော ဒဏ္ဍာရီလာအဆင့် နက္ခတ်များကို ကျော်လွန်၍ ကြည့်လိုက်၏။

[အိုလံပတ်စ်။ အေဒင်။ ဝေဒ... မင်းတို့ ဘာလို့ ဒီလို ဇနပုဒ်ကို လာကြတာလဲ ငါမသိပေမဲ့ မင်းတို့ရဲ့ အစေခံတွေကို ဒီမှာ လွှတ်မထားရင် ကောင်းမယ်]

သူ့စကားများအပြီးတွင် ဒုတိယထပ်၏ အခြေအနေမှာ တင်းမာသွားသည်။ ဂိုလျော၏ ပထမဆုံးသော ဓါး မည်မျှပင် သန်မာစေကာမူ သူတို့သည် သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါး၏ လှောင်ပြောင်မှုကို သည်းမခံနိုင်ကြပေ။ ဧည့်ခံပွဲခန်းမမှာ နက္ခတ်များအကြား တိုက်ပွဲတစ်ခု ဖြစ်တော့မည့် အခိုက်အတန့်တွင်...

[ရပ်လိုက်ကြစမ်း---]

ပြင်းထန်လှသော ‘အသံအစစ်’ တစ်ခုသည် ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ချက်ချင်းပင် ငြိမ်ကျသွားလေသည်။

[တရားသူကြီးတို့... မလိုလားအပ်တဲ့အရာတွေ မလုပ်ကြစမ်းနဲ့။ ပြီးတော့ ဂိုလျော၏ ပထမဆုံးသော ဓါး... ရှင်လည်း အရမ်း ရိုင်းပျမနေသင့်ဘူး]

အေးစက်လှသော ထိုအသံကြောင့် တရားသူကြီးများမှာ ကျနော်ကို ပြန်လည်လမ်းပြရန် ပြင်ကြပြီး ဂိုလျော၏ ပထမဆုံးသော ဓါး မှာမူ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြန်ထိုင်ကာ အရက်သောက်နေတော့သည်။

ထိုအသံရှင်ကို ကျနော်ကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် အသံပိုင်ရှင်မှာ ‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ ဖြစ်ပေသည်။

ပါစီဖုန်း ၏ အစွမ်းကို အတိအကျမသိရသော်လည်း ပါစီဖုန်းမှာ အိုလံပတ်စ် ၏ အကြီးအကဲ သုံးဦးအနက် တစ်ဦး၏ ဇနီးဖြစ်နေခြင်းမှာ အရည်အချင်းရှိ၍သာဖြစ်သည်။ ဖြစ်နိုင်သည်မှာ ယနေ့ ဤနေရာသို့ လာရောက်ကြသော ဒဏ္ဍာရီလာအဆင့် နက္ခတ်များထဲတွင် ပါစီဖုန်း မှာ ထိပ်တန်းစာရင်းဝင် ဖြစ်ပေလိမ့်မည်။

[မတွေ့ရတာကြာပြီနော်... ကင်ဒေါ့ဂျာ]

ကျနော်နှင့်တွေ့သော ပါစီဖုန်း မှာ ယခင်အတိုင်းပင် ယူဆန်းအာ ၏ ပုံစံရှိနေဆဲ ဖြစ်သည်။ ပါစီဖုန်းမှာ တကယ့်ကို အငြိုးကြီးသည့် အဒေါ်ကြီးတစ်ယောက်ပင်။

“နေကောင်းရဲ့လား”

[တာတာရပ်စ် မှာ အသုံးမဝင်တဲ့အရာတွေ နင် လုပ်ခဲ့တာပဲ]

“ဟားဟား...”

ကျနော် ပခုံးတွန့်ပြလိုက်ပြီး ကျနော့် ပတ်ဝန်းကျင်ရှိ နက္ခတ်များကို ကြည့်လိုက်မိ၏။ နက္ခတ်များမှာ အမှတ်အသားခန္ဓာကိုယ်အစား လူသားပုံသဏ္ဌာန်ရှိနေချိန်တွင် သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် ပိုမိုခက်ခဲလှသည်။ သင်္ကေတတစ်ခုမှာ နက္ခတ်၏အမည်ကို ဖော်ညွှန်းနိုင်သော်လည်း လူသားပုံသဏ္ဍာန်တွင်တော့ မည်သူဖြစ်ကြောင်း မခန့်မှန်းတတ်တော့ချေ။

ဒုတိယထပ်တွင် ထိုင်နေသော ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ကိုလည်း တွေ့မြင်ရသည်။ ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ သည် ကျနော့်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် အကြည့်လွှဲသွားသည်။

...သူ့ရဲ့ စရိုက်က အစထဲက ဒီလိုပဲလား။

အချိန်အနည်းငယ်ကြာပြီးနောက် ဒုတိယထပ်၏ နေရာချထားမှုကို ရင်းနှီးလာပြီး အုပ်စုများကိုလည်း ကျနော် ခွဲခြားနိုင်လာသည်။

အိုလံပတ်စ်တွေ၏ အလယ်ဗဟိုတွင် ပါစီဖုန်းရှိနေပြီး ဝေဒမှာမူ အနောက်ဘက်တွင် ရှိနေလေသည်။ နက်ဗျူလာ ထဲတွင် မပါဝင်သူများ သို့မဟုတ် နက်ဗျူလာ အသေးစားများမှာမူ မြောက်ဘက်တွင် ရှိနေကြပြီး ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ လည်း ထိုအထဲတွင် ပါဝင်၏။

တောင်ဘက်ရှိ အေဒင် ကို ခွဲခြားရန်မှာ အလွယ်ကူဆုံး ဖြစ်ပေသည်။ အတောင်ပံများကြောင့်ပင် ဖြစ်သည်။ မယုံနိုင်လောက်အောင် လှပသော နတ်သမီးတစ်ဦးမှာ ကျနော့်ကို ပေါ့ပါးစွာ မျက်စိတစ်ဖက် မှိတ်ပြလေသည်။ ထိုနတ်သမီးမှာ အနက်ရောင် ဇာဂါဝန်ဖြင့် နတ်ဆိုးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော နတ်သမီးတစ်ဦး ဖြစ်သည်။

နေဦး။ နတ်ဆိုးတစ်ဦးလိုတဲ့လား။ ဟုတ်သားပဲ။ အဲ့ဒီတစ်ယောက်က ဟိုနတ်သမီးလား။

ကျနော် ရုတ်တရက် သိလိုစိတ် ပြင်းပြလာ၏။ ဖြစ်နိုင်သည်မှာ ထိုနက္ခတ်သည်...

“မြေအောက်ကမ္ဘာရဲ့ ဘုရင်မ... ကျနော် တစ်ခုလောက် မေးချင်လို့ပါ”

[ဘာမေးမှာလဲ]

“လျှို့ဝှက်ကြံစည်သူ လို့ခေါ်တဲ့ နက္ခတ် ဒီကို လာလား”

[...လျှို့ဝှက်ကြံစည်သူဟုတ်လား]

ပါစီဖုန်း ၏ အမူအရာမှာ ခေတ္တခဏ ထူးဆန်းသွား၏။ ထို့နောက် ခေါင်းခါပြလေသည်။

[ငါ မသိဘူး။ ဒါထက် ‘ဇာတ်လမ်းဆက်ခံခြင်း’ က မကြာခင် စတော့မယ်။ နင် ဆုံးဖြတ်ချက် ချပြီးပြီလား။ နင့်ရဲ့ ရှင်သန်ခြင်းကို အသုံးချချင်နေတဲ့ နက္ခတ်တွေ အနည်းငယ် ရှိနေတယ်]

“ကျနော် စဉ်းစားနေတုန်းပါပဲ”

အမှန်စင်စစ် ကျနော် စဉ်းစားထားသော နည်းလမ်းအချို့ ရှိ၏။ သို့ပေသိ...

ပါစီဖုန်း မှာ ကျနော့် အတွေးများကို ဖတ်နိုင်ပုံရပေသည်။

[မဟုတ်မှလွဲရော နင်က အားလုံးကို ငြင်းပယ်ချင်နေတာလား။ တစ်ချိန်လုံး ဒီလိုပဲ ငြင်းခဲ့တာပဲနော်]

အမှန်ပင်… ဤသည်မှာ ကျနော်၏ ရုပ်သံလိုင်းတွင် အကြိုက်ဆုံးသော ထုတ်ပြန်ချက် ဖြစ်သည်။ အမှန်တကယ်တွင်လည်း ကျနော်သည် ဤနည်းလမ်းကို ရွေးချယ်ချင်ပေသည်။

[ဒါပေမဲ့ ဒီရွေးချယ်မှုက မမှန်ဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက မူပိုင်ခွင့် အငြင်းပွားမှုတွေ စကြတော့မှာမလို့ပဲ]

“ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာထားထားတဲ့ မူပိုင်ခွင့်လား”

[သူတို့က သူတို့ပိုင်တာလို့ အခိုင်အမာ ပြောကြလိမ့်မယ်။ အဲဒါက တော်တော်လေးကို နာကျင်စရာ ကောင်းလိမ့်မယ်]

ချီး… သူတို့တွေက တကယ့်ကို လူမိုက်တွေလိုပဲ။

“ကျနော့်ကို အိုလံပတ်စ် ကို ရွေးခိုင်းနေတာလား”

ပါစီဖုန်း က ရယ်မောလိုက်၏။

[ငါက အဲဒီလို ပြောနေတာ မဟုတ်ဘူး။ အမှန်တော့ ငါက အဲဒီကောင်တွေကို မုန်းတယ်]

Ways of Survival ထဲတွင် ရေးသားထားသည့်အတိုင်း ပါစီဖုန်း မှာ အိုလံပတ်စ် နှင့် ရန်လိုသော ဆက်ဆံရေး ရှိပေသည်။ အမှန်တကယ်တွင်လည်း ဤဧည့်ခံပွဲတွင် ပါဝင်နေသော အိုလံပတ်စ် ကိုယ်စားလှယ်များမှာ ‘တတိယမျိုးဆက်’ များသာ ဖြစ်ကြ၏။ သို့ပေသိ အခြား နက်ဗျူလာ များမှ နက္ခတ်များမှာ ချဉ်းကပ်ရန် ဝန်လေးနေကြလေသည်။

သူတို့မှာ ပါစီဖုန်း ကို... သို့မဟုတ် ပို၍တိကျစွာဆိုရလျှင် ဟေးဒီးစ် ကို သတိထားနေကြခြင်း ဖြစ်လောက်မည်။ ထို့ကြောင့် ကျနော်သည် သွယ်ဝိုက်သောနည်းဖြင့် မြေအောက်ကမ္ဘာ၏ အကာအကွယ်ကို ရရှိနေခြင်း ဖြစ်တော့သည်။ ကျနော် ပထမဆုံး တွေ့ဆုံရသော ဒဏ္ဍာရီလာအဆင့် နက္ခတ်မှာ ပါစီဖုန်း ဖြစ်နေခြင်းက ကံကောင်းခြင်းပင် ဖြစ်သည်။

“ဒါဆို ဘုရင်မကြီး... ကျနော် ဘယ်သူ့ကို ရွေးသင့်တယ်လို့ ထင်လဲ။ ဝေဒ လား။ ဒါမှမဟုတ် အေဒင် လား။ အခြား နက်ဗျူလာ တစ်ခုလား”

ပါစီဖုန်း က ခေါင်းခါပြသည်။

[နင် ဘယ်သူ့ကိုပဲ ရွေးရွေး ရန်သူတစ်ယောက် ရလာလိမ့်မယ်။ ဒါ့အပြင် အဲဒီရန်သူတွေက နင် အရင်က တွေ့ဖူးသမျှ ရန်သူတွေထက် အများကြီး ပိုသန်မာလိမ့်မယ်။ နင် မြင်တဲ့အတိုင်းပဲ ‘ရှင်သန်ခြင်းဇာတ်လမ်း’ ဆိုတာ နက်ဗျူလာ တော်တော်များများရဲ့ ဒဏ္ဍာရီတွေအတွက် အခြေခံအုတ်မြစ် ဖြစ်နေတာလေ။ ဇာတ်လမ်းတစ်ပုဒ်ကို လက်ခံလိုက်တာက တစ်ခါတလေမှာ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကို ငြင်းပယ်လိုက်တာနဲ့ အတူတူပဲ]

ပါစီဖုန်း သည် ရှေ့တွင် အရသာရှိလှသော အမဲသားတုံးကြီး ရှိနေသကဲ့သို့ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်၏။ ဤဘုရင်မမှာ ဤအခြေအနေကို ပျော်ရွှင်နေပုံ ရလေသည်။ ကျနော် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီးမေးလိုက်၏။

“...ခင်ဗျားဘာကိုပြောချင်နေတာလဲ”

[ငါ့ရဲ့ အတွေးတွေကို ဝေမျှချင်ရုံသက်သက်ပါ။ သေချာစဉ်းစားကြည့်စမ်းပါ။ သူတို့ကို ရန်သူအဖြစ် ပြောင်းလဲလိုက်ရတာက ပြဿနာရော ဟုတ်ရောဟုတ်ရဲ့ဘူးလား]

သူတို့ကို ရန်သူအဖြစ် ပြောင်းလဲလိုက်ရတာက ပြဿနာ မဟုတ်ဘူးလား။

နောက်ဆုံးတွင် ဒိုကဲဘီ တစ်ဦးမှာ စင်မြင့်ပေါ်သို့ တက်သွားပြီး စကားပြောလိုက်လေသည်။

[အခုအချိန်ကစပြီး ‘ဇာတ်လမ်းဆက်ခံခြင်း’ ကို စတင်ပါတော့မယ်]

All Chapters