အခန်း (၁၅၀-၁၅၂)
Vol. 10 Ch. 150-152
အခန်း ၁၅၀
- အပိုင်း ၂၉ - နက္ခတ်တို့၏ တည်ခင်းဧည့်ခံပွဲ (၅)
ဇာတ်လမ်းဆက်ခံခြင်း စတင်သည်နှင့်တစ်ပြိုင်နက် ဇာတ်ခုံ၏အဆုံးတွင် အခန်းငယ် ခြောက်ခန်း ပေါ်ထွက်လာသည်။ ထိုအခန်းအရေအတွက်မှာ ဇာတ်လမ်းဆက်ခံခြင်းတွင် ပါဝင်သည့် ကိုယ်စားလှယ် အရေအတွက်နှင့် အတိအကျပင် တူညီ၏။
[ကိုယ်စားလှယ်များအားလုံး ကျေးဇူးပြု၍ လျှို့ဝှက်ချက်အခန်းဆီသို့ အခုချက်ချင်း ရွှေ့ပြောင်းပေးကြပါ]
ဇာတ်လမ်းဆက်ခံခြင်း၏ စနစ်မှာ ရိုးရှင်းလှသည်။ ကိုယ်စားလှယ်များသည် လျှို့ဝှက်ချက်အခန်းမှတစ်ဆင့် နက္ခတ်များနှင့် ဆက်သွယ်ပြီး ၎င်းတို့၏ ကမ်းလှမ်းချက်အားလုံးကို နားထောင်ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ ကိုယ်စားလှယ်တို့သည် ဇာတ်ခုံပေါ်သို့ တက်ကာ မိမိတို့ လက်ခံမည့် ဇာတ်လမ်းကို ကြေညာရမည် ဖြစ်သည်။
'ကိုယ်စားလှယ် ကင်ဒေါ့ဂျာ' ဟု ရေးထားသော နာမည်ကပ်ပြားတစ်ခု ရှိနေလေသည်။ ယူဂျွန်ဟော့ဘက်သို့ လှည့်ကာ ကျနော်ပြောလိုက်သည်။
"နောက်မှ တွေ့ကြတာပေါ့"
ယူဂျွန်ဟော့က ပြန်မပြောဘဲ သူ၏အခန်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ကျနော်လည်း အခန်းထဲသို့ ဝင်ကာ စားပွဲတစ်ခုတွင် ထိုင်လိုက်သည်နှင့် အပြင်ဘက်မှ အသံများအားလုံး ပြတ်တောက်သွားလေသည်။ ထိုအခန်းရှိဟင်းလင်းပြင်ကြီး တစ်ခုလုံး ပုံပျက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
[လျှို့ဝှက်ချက်အခန်း။]
ထိုအခန်းသည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ လျှို့ဝှက်အကျဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။ ဤနေရာတွင် ဖြစ်ပျက်သမျှကို ရုပ်သံလိုင်း၏ ဒိုကဲဘီများပင်လျှင် မြင်တွေ့နိုင်စွမ်း မရှိချေ။
[သင်သည် တစ်နာရီကြာအောင် လျှို့ဝှက်ချက်အခန်း၏ အရှင်သခင် ဖြစ်လာပါပြီ။]
[သင့်အား လျှို့ဝှက်ချက်အခန်း၏ စီမံခန့်ခွဲခွင့် အာဏာကို အပ်နှင်းလိုက်ပါသည်။]
[လျှို့ဝှက်ချက်အခန်းကို အသုံးပြုနိုင်သည့် အကြာဆုံး အချိန်မှာ တစ်နာရီ ဖြစ်ပါသည်။]
[ဤအချိန်အတွင်း ဖြစ်နိုင်သမျှ နက္ခတ်များစွာနှင့် အဆက်အသွယ် ပြုလုပ်ပါ။]
တံခါးကို မျှော်လင့်တကြီး ကျနော်ကြည့်လိုက်သည်။
ကောင်းပြီလေ။ ပထမဆုံး ဧည့်သည်က ဘယ်သူ ဖြစ်မလဲ။
ထိုအချိန်မှာပင် တံခါးမှတစ်ဆင့် တစ်စုံတစ်ယောက် ဝင်လာသည်။ ထိုသူသည် မြင့်မြတ်သော ကျမ်းစာများ ပါရှိသည့် လေထဲတွင် ဝဲပျံနေသော အဝါရောင် စာအုပ်တစ်အုပ် ဖြစ်၏။
[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ ရှင်သန်ခြင်းပွဲတော်ကို ရွေးချယ်ပါ]
...ပထမဆုံး ကမ်းလှမ်းသူမှာ အိန္ဒိယ ဒဏ္ဍာရီ ဖြစ်လေသည်။
………………………………………………………………………………
[‘လူသားမျိုးနွယ်ကို တည်ထောင်သူ’နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ဝေဒမှ စေ့စပ်ညှိနှိုင်းသူမှာ ‘လူသားမျိုးနွယ်ကို တည်ထောင်သူ’ ဟု ဘွဲ့နာမည်ရှိသည့် ‘မနူး’နက္ခတ် ဖြစ်သည်။ မနူး၏ ဇာတ်လမ်းကိုလည်း ကျနော် သိသည်။ အိန္ဒိယ ဒဏ္ဍာရီများကို ကျနော်သိနေ၍မဟုတ်ဘဲ Ways of Survival ကြောင့် သိနေခြင်း ဖြစ်၏။
「 အိန္ဒိယ မဟာကဗျာကျမ်းများအရ မနူးသည် မဟာရေလွှမ်းမိုးခြင်းကပ်ဘေးမှ လွတ်မြောက်လာသူ ဖြစ်သည်။ ငါးတစ်ကောင်ကို ကယ်တင်ခဲ့သည့်အတွက် အပြန်အလှန်အားဖြင့် ထိုငါးပြင်ဆင်ပေးသော သင်္ဘောဖြင့် မာလာယတောင်ထိပ်သို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏... 」
... ထိုဇာတ်လမ်းကို usaemfပြန်လည်အမှတ်ရလိုက်ပြီး မနူး အဘယ်ကြောင့် စေ့စပ်ညှိနှိုင်းရန် ရောက်လာသည်ကို သိလိုက်သည်။ မနူးသည် ‘သင်္ဘောသခင်’ (Ark's Master) ဒဏ္ဍာရီ၏ မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အေဒင်မှ နက္ခတ်များနှင့် မကြာခဏ အငြင်းပွားလေ့ရှိသည့် နက္ခတ်တစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ဤမနူးသည် ဝေဒ နက်ဗျူလာထဲတွင် မူပိုင်ခွင့် အငြင်းပွားမှုပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်လေသည်။
"ဒီဇင်ဘာ ၂၅ ၏သခင်က တိုက်ရိုက်မလာဘူးလား"
[သူက အဲ့ဒီလောက် အားနေတယ် ထင်လို့လား။ ရိုးရိုးပဲ ဖြေစမ်း။ ရှင်သန်ခြင်းပွဲတော်ကို လက်ခံမှာလား]
သူက ဤကဲ့သို့ အမူအရာမျိုးဖြင့် လာခြင်းလော။ ထို့ပြင် ဇာတ်လမ်းကို တာဝန်ယူထားသည့် မစ်သရာပင် ရောက်မလာချေ။
[မင်းမှာ နားရှိရင် ဝေဒဟာ အကြီးဆုံး နက်ဗျူလာတွေထဲက တစ်ခုဆိုတာ သိမှာပါ။ မရေမတွက်နိုင်တဲ့ ဒဏ္ဍာရီတွေဟာ ဝေဒမှာ မွေးဖွားခဲ့တာ၊ နက်ဗျူလာ အများကြီးက ငါတို့ ဒဏ္ဍာရီတွေကို ခိုးချကြတာလေ။ အထူးသဖြင့် အဲ့ဒီ အေဒင်က ကောင်တွေပေါ့...]
"အဲ့ဒီ ကိုယ့်ရေးကိုယ်တာကိစ္စတွေက ကျနော့်အတွက် အရေးမပါဘူး။ ကျနော့်အတွက်အရေးပါတာက ကျနော်သာ ရှင်သန်ခြင်းပွဲတော်ကို လက်ခံလိုက်ရင် ဝေဒက ကျနော့်ကို ဘာပေးနိုင်မှာလဲ"
[နေနတ်ဘုရားရဲ့ ကာကွယ်မှုကို မင်းဟာ ရရှိလိမ့်မယ်]
"နေနတ်ဘုရားရဲ့ ကောင်းချီးက ဘာလဲ"
[ငါက အကုန်လုံးကို ရှင်းပြနေရဦးမှာလား။ တန်ဖိုးမရှိတဲ့ သေမျိုးကောင်...]
"ကျနော့်မှာ မေးခွန်းတစ်ခု ရှိတယ်"
[ဘာလဲ]
"တန်ဖိုးမရှိတဲ့ သေမျိုး’ ဆိုတာကြီးက ခေတ်နောက်ကျနေတဲ့ စကားလုံးကြီးလို့ မထင်ဘူးလား။ ခင်ဗျားတို့အားလုံးက ထူးခြားတဲ့ ဇာတ်လမ်းတွေကို မြတ်နိုးတဲ့ နက္ခတ်တွေ ဖြစ်နေပြီးတော့ ဘယ်လောက်အထိ ဒီလို ရိုးအီနေတဲ့ စကားလုံးတွေနဲ့ လူသားတွေကို ဆက်ပြီး အထင်သေးနေဦးမှာလဲ"
မနူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျနော့်ကို စိုက်ကြည့်လေသည်။
[မင်းက ဘယ်လိုသတ္တိနဲ့ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ပြောရဲရတာလဲ...]
"ဒါက ကျနော့်အမြင်ပါ"
[သင်သည် လျှို့ဝှက်ချက်အခန်း၏ စီမံခန့်ခွဲခွင့် အာဏာကို အသုံးပြုလိုက်ပါသည်။]
[‘လူသားမျိုးနွယ်ကို တည်ထောင်သူ’နက္ခတ်ကို အခန်းထဲမှ နှင်ထုတ်လိုက်ပါပြီ။]
ကျနော့် အမိန့်အရ လူသားမျိုးနွယ်ကို တည်ထောင်သူသည် ဖျော့တော့သော အလင်းတန်းတစ်ခုဖြင့် ဝန်းရံခံလိုက်ရပြီး အော်ဟစ်သံနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူသည် အခွင့်အရေးရတုန်း ကျနော့်ကို ကောင်းကောင်းမွန်မွန် ဆွဲဆောင်ခဲ့သင့်ပေသည်။
တစ်ဖက်လူသည် ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး ဖြစ်နေစေဦးတော့ ကျနော်သည် အင်အားဖြင့် ဖိနှိပ်ခံမည်မဟုတ်ပေ။ ဇာတ်လမ်းဆက်ခံခြင်း ပြီးဆုံးသွားလျှင်တော့ တစ်မျိုးဖြစ်နိုင်သော်လည်း ယခုအချိန်တွင်တော့ ကျနော်ကသာ အသာစီးရနေသူ ဖြစ်သည်။
"နောက်တစ်ယောက်"
စကားပြောရုံရှိသေး တစ်စုံတစ်ယောက်က တံခါးကို ဖွင့်ဝင်လာသည်။ ထိုသူသည် ဟောင်းနွမ်းနေသော သရဖူတစ်ခုကို ဆောင်းထားသည့် လေလွင့်သူတစ်ဦး ဖြစ်၏။ ဤသူက ဘယ်သူနည်း။
[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ အိုလံပတ်စ်နဲ့ ပူးပေါင်းပါ]
ဒီကောင်တွေက ‘ကိုယ်စားလှယ် ကင်ဒေါ့ဂျာ’ ကိုင်တွယ်နည်း လမ်းညွှန်စာအုပ်ကို ဖတ်ထားကြတာလား။ လေသံတွေက တစ်လေသံထဲတွေပဲ။
[‘ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ’နက္ခတ်က သင့်ကို ရယ်မောနေပါသည်။]
...ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူလား။
[မင်းက ငါ့ကို သိနေပုံရတယ်]
"ကျနော် တက္ကသိုလ်ကျောင်းသားတုန်းက ခင်ဗျားရဲ့ ဇာတ်လမ်းကို ကြားဖူးပါတယ်"
[ဟုတ်လား။ လုံးဝကိုမထင်ထားဘူး။ အရှေ့တိုင်းက သေးငယ်တဲ့ နိုင်ငံလေးက ငါ့ဇာတ်လမ်းကိုသိတယ်တဲ့လား]
‘ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ’သည် အထွေထွေဘာသာတွင် ပါသော ဘုရင် အီးဒီးပပ်စ် ဖြစ်ပြီး ဆော့ဖိုကလီးစ်က မုန်းတီးသော သူတစ်ဦးလည်း ဖြစ်၏။
"ဒါနဲ့ ကျနော်က ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရားဆီက ကမ်းလှမ်းချက်ကို ကြားပြီးပါပြီ။ ခင်ဗျားက ကျနော့်ကို ဘားကပ်စ် ဂိုဏ်းထဲဝင်ဖို့ ပြောဖို့ ရောက်လာတာလား"
[ဘားကပ်စ်လား။ သူက မင်းဆီကို ချည်းတောင်ချည်းကပ်ပြီးပြီ ထင်တယ်]
တစ်စုံတစ်ခု ထူးဆန်းနေသည်။ ပါစီဖုန်းသည် ‘အိုလံပတ်စ်’ အတွက် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သော်လည်း ဒီယွန်နီဆပ်ကမူ မည်သူ့ကိုမျှ မယုံရန် ကျနော့်ကို ပြောခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ကျနော့်ကို အိုလံပတ်စ်သို့ ဝင်ရန် မတိုက်တွန်းခဲ့ချေ။ သို့သော်လည်း ဘုရင် အီးဒီးပပ်စ်ကမူ ဤတံခါးဝသို့ ပထမဆုံး ရောက်ရှိလာသူများထဲတွင် ပါဝင်နေလေသည်။
[ငါက ဘားကပ်စ် ကိစ္စနဲ့ လာတာ မဟုတ်ပါဘူး။ ရှင်သန်ခြင်း ဇာတ်လမ်းရဲ့ မူပိုင်ခွင့်ကို သုံးဖို့ လာတာလည်း မဟုတ်ဘူး]
တစ်နည်းအားဖြင့်ဆိုရသော် ဘုရင် အီးဒီးပပ်စ်သည် အခြား နက္ခတ်များနှင့် လုံးဝမတူညီသော အကြောင်းပြချက်ဖြင့် ကျနော့်ထံ လာရောက်ခြင်း ဖြစ်သည်။
...ဟုတ်မှလွဲရော သူက ‘စစ်မှန်သော’ အိုလံပတ်စ်ရဲ့ ကိုယ်စားလှယ် ဖြစ်နေတာလား။
[အိုလံပတ်စ်က မင်းကို ပေးအပ်မယ့် ဇာတ်လမ်းကတော့ လျှပ်စီးပွဲတော်ပဲ]
"ဗျာ"
ကျနော် မှင်တက်သွားရသည်။ လျှပ်စီးပွဲတော်သည် အုပ်စိုးရှင် သုံးပါးထဲမှ တစ်ပါးဖြစ်သည့် ဇုစ်၏ ဇာတ်လမ်း ဖြစ်သည်။ အီးဒီးပပ်စ်က ကျနော့် အမူအရာကို မြင်ကာ ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
[မင်းလည်း ဒီဇာတ်လမ်းကို သိနေပုံရတယ်။ ဟုတ်ပါတယ်။ မင်း ထင်တာ မှန်တယ်။ ငါတို့ ချပြတဲ့ ဇာတ်လမ်းဟာ တခြား နက်ဗျူလာတွေရဲ့ ရှင်သန်ခြင်း ဇာတ်လမ်းတွေနဲ့ မတူဘူး]
"...ခင်ဗျား ကျနော့်ကို ဒါကို ဘာလို့ ပေးရတာလဲ"
[ဒါဟာ ကံကြမ္မာ နတ်ဘုရားမ သုံးပါးက မင်းရဲ့ ကံကြမ္မာကို တစ်ချက်လောက် မြင်လိုက်ရလို့ပဲ]
...ငါ့ရဲ့ ကံကြမ္မာဟုတ်လား။
[မကြာခင်မှာ မင်းဟာ လျှပ်စီးပွဲတော်ကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီလာလိမ့်မယ်။ အေး။ မင်းဟာ ငါ့ရဲ့ ဇာတ်လမ်းကို ဆက်ခံပြီး ‘မျက်မမြင် ပရောဟိတ်’ ဖြစ်လာနိုင်ပေမဲ့... မင်းက ပရောဟိတ် တစ်ယောက်လို့ ကောလဟာလ ထွက်နေပြီးသား ဆိုတော့ ငါ့ဇာတ်လမ်းကို ဆက်ခံမှာ မဟုတ်ဘူး]
"ခဏလေး။ ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဘာလို့ ကျနော့် ကံကြမ္မာက..."
[ဆုံးဖြတ်ချက်က မင်းအပေါ်မှာပဲ မူတည်တယ်။ ဒါပေမဲ့ မင်း အိုလံပတ်စ်ကို သေချာပေါက် လိုအပ်လာလိမ့်မယ်။ ကဲ… ပြန်ဆုံကြတာပေါ့]
အီးဒီးပပ်စ်သည် အခန်းထဲမှ ပျောက်ကွယ်သွားသည်။ ကျနော့် စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားရသည်။ အီးဒီးပပ်စ် ပြောခဲ့သည့် ‘ကံကြမ္မာ’ ဆိုသည်မှာ မည်သို့ရှိမည်ကို မသိသော်လည်း ကံကြမ္မာ နတ်ဘုရားမ သုံးပါးသာ ပါဝင်နေပါက ၎င်းတို့ မြင်ခဲ့သည့် အရာတစ်ခုခုသည် အနာဂတ်တွင် ဖြစ်ပျက်လာပေလိမ့်မည်။
ဒါနဲ့ ငါက ဘာလို့ ဂရိနတ်ဘုရား တစ်ပါးရဲ့ ဇာတ်လမ်းကို ဆက်ခံဖို့ သင့်တော်နေရတာလဲ။ သူတို့ဇာတ်လမ်းတွေက သေချာပေါက်ကို...
[ဟယ်လို]
ကျနော့် ခေါင်းထဲတွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားတော့မည့်အချိန်မှာပင် တစ်စုံတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ လတ်ဆတ်ပြီး ချိုမြိန်သော ရနံ့တစ်ခု ရလိုက်သည်။ လှပသော နတ်သမီးလေးတစ်ပါး၏ မျက်နှာသည် ကျနော့်ရှေ့တွင် ပေါ်လာသည်။ ထိုနတ်သမီးသည် နတ်ဆိုးငယ်လေးတစ်ကောင်နှင့်ပင် ဆင်တူနေလေသည်။
အေဒင်၏ အလှည့် ရောက်လာပုံ ရသည်။
"…သင်္ဘောသခင် ရောက်လာလိမ့်မယ်လို့ ကျနော် ထင်ထားခဲ့တာ။ နတ်ခေါင်ချုပ်ကိုယ်တိုင် ရောက်လာခဲ့တာပဲ"
[ငါလာတာကို နင်က စိတ်အနှောင့်အယှက် ဖြစ်နေတာလား]
ထိုအသံကို ကြားလိုက်ရပြီးနောက် ကျနော့် ရင်ခုန်သံများ မြန်ဆန်လာရသည်။
...ယူရီအယ်သည် တကယ်ပင် ချစ်စရာကောင်းလွန်းလှသည်။
"မဖြစ်ပါဘူး။ တွေ့ရတာ ဝမ်းသာပါတယ်"
[နင့်ကို ငါ တကယ် တွေ့ချင်နေခဲ့တာ။ ကင်ဒေါ့ဂျာ]
ယူရီအယ်သည် ကျနော့်ကို အမှတ်မထင် ဆွဲဖက်လိုက်လေသည်။ ကျနော်တို့ လက်မောင်းချင်း ထိကပ်သွားပြီး ယူရီအယ် ဝတ်ဆင်ထားသည့် ပါးလွှာသော ပိုးသားဝတ်စုံမှတစ်ဆင့် ယူရီအယ်၏ အသားအရေကိုပင် ခံစားမိနေတော့သည်။ မိစ္ဆာ... ဤသည်မှာ မိစ္ဆာ၏ အထိအတွေ့ပင် ဖြစ်သည်။ ယူရီအယ်ဝတ်ဆင်ထားသောဝတ်စုံ နောက်ကျောဟောင်းလောင်းပွင့် ဝတ်စုံဖြစ်သဖြင့် ကျနော့်လက်များကို မည်သည့်နေရာတွင် ထားရမည်မှန်း မသိတော့ချေ။ ယူရီအယ်သည် ချစ်စရာကောင်းသော အရုပ်လေးတစ်ရုပ်ကို ကိုင်တွယ်သကဲ့သို့ ကျနော့်မျက်နှာကို ပွတ်သပ်နေသဖြင့် ကျနော် သက်ပြင်းချလိုက်မိသည်။
"ကျနော်လည်း... ခင်ဗျားကို တွေ့ချင်နေခဲ့တာပါ"
[အင်း။ အင်း]
အနည်းငယ် ရှက်စရာကောင်းသော်လည်း ယူရီအယ်နှင့် တွေ့ရသည်မှာ ဝမ်းသာစရာပင် ဖြစ်သည်။ ယူရီအယ်သည် ဇာတ်ဝင်ခန်း စတင်ချိန်ကတည်းက ကျနော်နှင့်အတူ ရှိနေခဲ့သည့် နက္ခတ်တစ်ပါး ဖြစ်လေသည်။
"ကျနော့်ကို မေရှိယလမ်းစဉ် ကမ်းလှမ်းဖို့ ရောက်လာတာလား"
[...အာ…. ဟုတ်သားပဲ။ အဲ့ဒါကြောင့် ငါလာခဲ့တာ]
ယူရီအယ်သည် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လာသည်။ ယူရီအယ်သည် ဤနေရာသို့ အဘယ်ကြောင့် လာခဲ့သည်ကို မေ့လျော့နေကြောင်း ထိုအမူအရာက သက်သေပြနေလေသည်။ ယူရီအယ်သည် ကျနော်နှင့် တွေ့ရသည်ကို အလွန်ပင် ကျေနပ်နေပုံရပေသည်။
[နင်က အရမ်းကို ချောလွန်းနေလို့ ငါမေ့သွားတာပဲ ဖြစ်ရမယ်]
"ခင်ဗျားပြောတာက ယုတ္တိရှိပါတယ်"
ယူရီအယ်က ပြုံးလျက် ပြောလိုက်သည်။
[ကင်ဒေါ့ဂျာ။ နင် အေဒင်ရဲ့ ဇာတ်လမ်းကို လက်ခံမှာလား]
"အဲ့ဒါကတော့... ကျနော် အနည်းငယ် စဉ်းစားဖို့ လိုပါလိမ့်မယ်"
[ဘာလို့လဲ။ ငါတို့ ဇာတ်လမ်းက အကောင်းဆုံးပဲလေ။ တခြားဟာတွေနဲ့ နှိုင်းယှဉ်လို့တောင် မရဘူး]
ဤသည်မှာ သေချာပေါက် မှန်ကန်ပေသည်။ မေရှိယလမ်းစဉ်သည် ရှင်သန်ခြင်း စနစ်ထဲတွင် အကောင်းဆုံး ဇာတ်လမ်း ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုတော့ ရှိနေ၏။
"အဲ့ဒီ ဇာတ်လမ်းကို ကျနော် လက်ခံလိုက်ရင် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ကျနော် ဆုံးရှုံးရလိမ့်မယ်"
[အဲ…. အာ။ အဲ-အဲ့ဒါ ဟုတ်သားပဲ။ နင်သာ ငါတို့ ဇာတ်လမ်းကို ရွေးချယ်လိုက်ရင် နင်က မိန်းမစိုး ဖြစ်သွားမှာလေ... အဲ့ဒီလိုတော့ ဖြစ်ခွင့်မပေးနိုင်ဘူး]
ယူရီအယ်က ကျနော့်ကို ဆွဲဆောင်စည်းရုံးလိမ့်မည်ဟု ကျနော် မျှော်လင့်ထားသော်လည်း မမျှော်လင့်ဘဲ ယူရီအယ်သည် ဂဏာမငြိမ်ဖြစ်ကာ တုန်လှုပ်သွားသည်။ ကျနော် မိန်းမစိုး ဖြစ်သွားမည့်အရေးက ယူရီအယ်အတွက် အဘယ်ကြောင့် ဤမျှအထိ ကြီးလေးသော ကိစ္စဖြစ်နေရသနည်း။ အဘယ်ကြောင့်နည်း။
[ဘ-ဘယ်လိုလုပ်ရမလဲ။ ငါသာ ကင်ဒေါ့ဂျာကို မက်တာထရွန်ဆီ ခေါ်မသွားနိုင်ရင် သူက ငါ့ကို တစ်လလောက် အင်တာနက် သုံးခွင့် ပိတ်ထားလိမ့်မယ်... ဒါပေမဲ့ သူသာ လက်ခံလိုက်ရင် ကင်ဒေါ့ဂျာက မိန်းမစိုး ဖြစ်သွားမှာ... အဲ့ဒီလို ဖြစ်သွားရင်တော့... အို၊ ခဏလေး။ မဟုတ်မှလွဲရော သူ့ရဲ့ အနေအထားက ပြောင်းလဲသွားရင်ရော...]
...ဘယ်လို အနေအထားမျိုးလဲဟ။
[က-ကောင်းပြီလေ။ ကင်ဒေါ့ဂျာ။ ဒီပြဿနာအတွက် သိပ်ပြီး စိတ်ပူမနေနဲ့။ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဖြေရှင်းနိုင်မှာပါ]
ယူရီအယ်သည် သူ့ဘာသာ တစ်စုံတစ်ခုကို အခိုင်အမာ ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ ကျနော်ကတော့ ခေါင်းကို ခပ်ပြတ်ပြတ် ခါယမ်းလိုက်သည်။
"ကျနော် အဲ့ဒါကို မလိုချင်ဘူး"
[ဟုတ်တယ်။ နင်က မိန်းမစိုး ဖြစ်သွားရင်တောင် အဆင်ပြေပါတယ်...]
"နောက်တစ်ယောက်"
…………………………………………………………………………………..
ထို့နောက်တွင်တော့ နက္ခတ်များစွာ ကျနော့်ထံသို့ လာရောက်ကြလေသည်။ တမ်နာ နှင့် ဂူအော့ ကဲ့သို့သော နေရာများမှ နက္ခတ်များအပြင် တကိုယ်တော် နက္ခတ်များလည်း ပါဝင်သည်။
အထူးသဖြင့် ကိုရီးယားကျွန်းဆွယ်၏ သမိုင်းဝင်အဆင့် နက္ခတ်များသည် ကျနော့်ကို အားပေးစကားများစွာ ပြောကြားခဲ့ကြပြီး ကျနော့်အနေဖြင့် သီးခြား နက်ဗျူလာ တစ်ခုခုနှင့် ဆက်ဆံရေး ထူထောင်သွားမည်ကို မလိုလားကြချေ။
[မင်းက ငါတို့ ကမ္ဘာရဲ့ မျှော်လင့်ချက်ပဲ]
[မင်းရဲ့ ဆန္ဒကို မလျှော့ချလိုက်ပါနဲ့]
သူတို့၏ စိတ်ရင်းများကို နားလည်နိုင်ပေသည်။ ဒဏ္ဍာရီလာအဆင့် နက္ခတ်များ၏ ဖိနှိပ်မှုကို ခံနေရသည့် သမိုင်းဝင်အဆင့် နက္ခတ်များသည် ကျနော့်ကို မနာလို ဖြစ်နေကြခြင်းပင်။
ညှိနှိုင်းချိန်သည် မကြာမီမှာပင် ကုန်ဆုံးသွားခဲ့သည်။ ကိုယ်စားလှယ်များသည် စင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားကြလေပြီ။ ယခုအချိန်သည် ကမ်းလှမ်းထားသည့် ဇာတ်လမ်းများကို ပြန်လည်သုံးသပ်ပြီး မည်သည့်ဇာတ်လမ်းကို ဆက်ခံမည်နည်းဆိုသည်ကို ဆုံးဖြတ်ရမည့် အချိန်ပင် ဖြစ်၏။
—ကဲ၊ အခုပဲ ဇာတ်လမ်းဆက်ခံခြင်း ရလဒ်တွေကို ကြေညာပေးတော့မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုက ဆယ်လီနာ ကင် ပါ။
စင်ပေါ်ရှိ ဒိုကဲဘီသည် အိမ်တိုင်ရာရောက်အရောင်းအဝယ် အစီအစဉ် တင်ဆက်သူတစ်ဦး၏ အငွေ့အသက်မျိုး ပေးစွမ်းနေသည်။ ထိုသို့ဖြစ်နေခြင်းမှာ သဘာဝကျပေသည်။ ဤဧည့်ခံပွဲမှတစ်ဆင့် စီမံခန့်ခွဲရေးဌာနသည် ဒင်္ဂါးအမြောက်အမြားကို ရရှိတော့မည် မဟုတ်ပါလော။
—ဆယ်လီနာ ကင်ဟာ 'နောက်ဆုံး အသိတရား' နက္ခတ်က ပေးအပ်တဲ့ 'မကျိုးပဲ့နိုင်သော အကာအကွယ်' ဇာတ်လမ်းကို ဆက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်
ဆယ်လီနာ ကင်သည် အိုလံပတ်စ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ 'မကျိုးပဲ့နိုင်သော အကာအကွယ်' မှာ ဘုရင့်အစောင့်အရှောက် ဖြစ်သည့် ဆယ်လီနာ ကင်နှင့် လိုက်ဖက်သော ဇာတ်လမ်းတစ်ပုဒ်ပင်။
အချိန်ကုန်လာသည်နှင့်အမျှ ကျနော့် အတွေးများမှာ ပို၍ မရေမရာ ဖြစ်လာရသည်။ ကျနော် မည်သူ့ကို ရွေးချယ်စေကာမူ တစ်စုံတစ်ယောက်မှာ ရန်သူ ဖြစ်လာပေလိမ့်မည်။ ကျနော် မည်သူ့ကိုမျှ မရွေးချယ်ပါက ရန်သူများမှာ ပို၍ပင် များပြားလာလိမ့်မည်။
'သေချာ စဉ်းစားပါ။ ဘယ်သူ့ကို ရန်သူအဖြစ် ပြောင်းပစ်မလဲဆိုတာကို တွေးရမယ်'
ပါစီဖုန်းက ထိုသို့ ပြောခဲ့ဖူးသည်။ ပါစီဖုန်း၏ ဆိုလိုရင်းကို ကျနော် ခပ်ရေးရေး နားလည်လိုက်မိသည်။ သို့ပေသိ ပါစီဖုန်း၏ စကားများသည် ရှင်သန်ခြင်း ဇာတ်လမ်းအားလုံးအတွက် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျနော့်တွင် အသက်တစ်ခုတည်း ရှိသည်မဟုတ်သကဲ့သို့ နောက်ထပ် ရှင်သန်ခြင်းများတွင်လည်း သူတို့၏ ဇာတ်လမ်းကို ကျနော့်အား ဆက်ခံစေလိုသူများ ရှိနေပေလိမ့်မည်။
ပြဿနာတစ်ခု ရှိနေသေးသည်။ အေဒင် နှင့် ဝေဒ တို့သည် 'ပထမဆုံး ရှင်သန်ခြင်း' ကို လက်လွှတ်မည် မဟုတ်သည်မှာ သေချာသကဲ့သို့ ကျနော် သူတို့၏ ဇာတ်လမ်းကို ဆက်ခံခဲ့လျှင်ပင် သူတို့၏ လက်အောက်ခံ ဖြစ်သွားစေမည့် ကန့်သတ်ချက်များ သေချာပေါက် ရှိလိမ့်မည်ဖြစ်သည်။
၎င်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင်။ အစကတည်းက ကိုယ်စားလှယ် နှင့် နက္ခတ်တို့၏ ဆက်ဆံရေးမှာ မမျှတခဲ့ချေ။
ခဏလေး။ 'မျှတတာ' ဟုတ်လား…
နောက်ဆုံးတွင် ယူဂျွန်ဟော့ စင်ပေါ်တက်ရမည့် အလှည့် ရောက်လာလေပြီ။
—နောက်တစ်ယောက်ကတော့ ဆိုလ်းရဲ့ အမြင့်မြတ်ဆုံးဘုရင်...
ယူဂျွန်ဟော့ လှုပ်ရှားလိုက်သည်နှင့် ပရိသတ်များသည် ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ အထူးသဖြင့် ဒဏ္ဍာရီအဆင့် နက္ခတ်များ၏ မျက်လုံးများမှာ ထူးဆန်းနေလေသည်။ သူတို့မှာ ယူဂျွန်ဟော့ကို ပိုင်ဆိုင်လိုသူများ ဖြစ်ကြသည်။ အခြားတစ်ဖက်တွင်လည်း ကြောက်လန့်နေသူများ ရှိနေ၏။...
ထိုအခိုက်အတန့်တွင် အတွေးတစ်ခု ကျနော့်ထံတွင်ပေါ်လာသည်။ ထိုစဉ် ယူဂျွန်ဟော့က ပြောလိုက်သည်။
"ကျုပ်ကတော့..."
ဒီယွန်နီဆပ်က ကျနော့်ကို မည်သူ့ကိုမျှ မယုံကြည်ရန် ပြောခဲ့သည်။ သို့သော် ထိုစကားမှာ နက္ခတ်များကိုသာ ရည်ညွှန်းခြင်းဖြစ်နေလျှင် ဤနေရာတွင် ကျနော် ယုံကြည်နိုင်သည့် လူတစ်ယောက်တော့ အနည်းဆုံး ရှိနေသေးသည်။
ကျနော် စင်မြင့်ထက်သို့ ခုန်တက်လိုက်သည်။ ဇဝေဇဝါ ဖြစ်နေသော ယူဂျွန်ဟော့၏ လက်ကို ဆွဲကိုင်ကာ ကောင်းကင်သို့ မြှောက်တင်လိုက်သည်။
"ခင်ဗျားတို့ကို ပြောစရာ ရှိတယ်"
ပရိသတ်ကို ကြည့်ရင်း ကျနော် ပြောလိုက်သည်။ နက္ခတ်များသည် အံ့အားသင့်သွားကြ၏။ မေ့လဲတော့မည့် အမူအရာ ဖြစ်နေသော ယူရီအယ်၏ မျက်နှာကိုလည်း ကျနော် မြင်လိုက်ရသည်။ နက္ခတ်များ၏ မျက်နှာများကို ကျနော် အမြန် ဝေ့ကြည့်လိုက်မိသည်။
ဇာတ်လမ်းဆက်ခံခြင်းသည် အဘယ်ကြောင့် မမျှတသနည်းဆိုသော် ဇာတ်လမ်းဆက်ခံခြင်းမှာ တစ်ဖက်သတ် 'ထောက်ပံ့မှု' ပုံစံဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။ နက္ခတ် နှင့် ကိုယ်စားလှယ်တို့၏ ဆက်ဆံရေးမှာ မည်သည့်အခါမျှ တန်းတူ မဖြစ်နိုင်ခဲ့ချေ။
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ်သည် သင်၏ စကားများအပေါ် အာရုံစိုက်နေပါသည်။]
ဒဏ္ဍာရီအဆင့် နက္ခတ်များ၏ အစွမ်းမှာ သမိုင်းဝင်အဆင့်များနှင့် ကွဲပြားသည်။ နက်ဗျူလာတစ်ခုတွင် ရှိနေသူများသည် အခြားသူများကို အထင်သေးတတ်ကြသည်။
[နက်ဗျူလာ 'ဝေဒ' သည် သင်၏ စကားများအပေါ် အာရုံစိုက်နေပါသည်။]
"ကျနော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လမ်းတွေကို ဆက်ခံဖို့ မဆုံးဖြတ်ရသေးပါဘူး"
ပရိသတ်များကြားတွင် ကြီးမားသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားလေသည်။ ယူဂျွန်ဟော့ထံသို့ ဖိအားများ ကျရောက်လာသည်နှင့်အမျှ မျက်လုံးပေါင်းများစွာ ပြူးထွက်ကုန်ကြသည်။ ကျနော်က လက်ကို ဆွဲကိုင်ထားသဖြင့် ယူဂျွန်ဟော့သည် ကျနော့်ကို စိုက်ကြည့်နေသည်။
ကျနော် သူ့ကို ပြုံးပြလိုက်ပြီး နက္ခတ်များကို ပြောလိုက်သည်။
"ကျနော်တို့ ခင်ဗျားတို့ရဲ့ ဇာတ်လမ်းတွေကို 'ဝယ်' ပါ့မယ်"
မမျှတသော ကစားပွဲတစ်ခုကို မျှတအောင် ပြုလုပ်ရန်အတွက် ပထမဦးစွာ ပြိုင်ဘက်များကို တန်းတူ ဖြစ်အောင် လုပ်ဆောင်ရပေလိမ့်မည်။
"ခင်ဗျားတို့ရဲ့ ဇာတ်လမ်းတွေကို ယူဂျွန်ဟော့ နဲ့ ကျနော့်ဆီ ရောင်းချချင်တယ်ဆိုရင် ကျနော်တို့ရဲ့ နက်ဗျူလာနဲ့ လာပြီး အရောင်းအဝယ် လုပ်ကြပါ"
[ရိုမန်နတ်ဘုရား မစ်သရာစ် (Mithras) ဟုလည်း ရှိ၏။ ဝေဒ (Vedas) ကျမ်းလာ ဗားရှင်းတွင် မစ်သရာ (Mithra) သည် ဝေဒ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ယခုမှစ၍ ထိုစာလုံးပေါင်းကိုသာ အသုံးပြုသွားမည် ဖြစ်သည်။ ထို့အပြင် မစ်သရာကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်ဟုလည်း ဆိုကြသည်။ စာရေးသူသည် ဝေဒကျမ်းလာ မစ်သရာ နှင့် ရိုမန်နတ်ဘုရား မစ်သရာ တို့ကို ပေါင်းစပ်ထားပုံရပြီး ထို့ကြောင့်ပင် ဤဇာတ်လမ်း၌ သူ့ကို 'ဒီဇင်ဘာ ၂၅ ၏ သခင်' ဟု တင်စားထားခြင်း ဖြစ်ပေသည်။
[၁] မစ်သရာ (Mithra) ဆိုသည်မှာ အင်ဒို-အီရန် နတ်ဘုရားတစ်ပါး၏ အမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သော ရိုမန်နတ်ဘုရား မစ်သရာ (Mithras) လည်း ရှိ၏။ (ဝီကီပီးဒီးယား)]
အခန်း ၁၅၁
- အပိုင်း ၃၀ - မဟူရာရဲတိုက် (၁)
အမှန်တကယ်တော့ ယခုအချိန်တွင် ကျနော် အစိုးရိမ်ရဆုံးက ယူဂျွန်ဟော့ ဖြစ်သည်။ သူသည် ဤနေရာတွင် မည်သူ့ထက်မဆို ပို၍ ယုံကြည်ရသူ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ သဘောထားကို ကျနော် အသေအချာ မသိပေ။ အကယ်၍ ယူဂျွန်ဟော့က ကျနော့်လက်ကို ခါချလိုက်ပါက ကျနော့် လုပ်ဆောင်ချက်များသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာပင် ယူဂျွန်ဟော့သည် တည်ငြိမ်နေသည်။ သူသည် ဒေါသကြီးသူ ဖြစ်သော်လည်း ဒေါသကို ထိန်းချုပ်ရာတွင် အံ့ဩဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်လှပြီး ကျနော့်ထံသို့ လျှို့ဝှက် မက်ဆေ့ချ်တစ်ခု ပေးပို့လာခဲ့သည်။
—မင်း ဘာလုပ်နေတာလဲ
[ဇာတ်ကောင် 'ယူဂျွန်ဟော့' သည် နေ့လယ်ပိုင်း ချိန်းဆိုမှု ကို အသက်သွင်လိုက်ပြီ ဖြစ်ပါသည်။]
...ယခင်က ကျနော် ဝယ်ယူခဲ့သည့် ပစ္စည်းအကြောင်းကို နောက်ကျမှပင် သတိရလိုက်မိသည်။ ထိုစဉ်က ကျနော် မှတ်ပုံတင်ထားခဲ့သည့် နေ့လယ်ပိုင်း ချိန်းဆိုမှု က ယခုထိတိုင် အကျိုးသက်ရောက်မှု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျနော်က တမင်တကာပင် အရှက်မရှိသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
—ဒါမျိုးက တစ်ကြိမ်နှစ်ကြိမ်ထက်မက လုပ်ရဦးမှာ။ မင်း အသားကျအောင် လုပ်ထားသင့်တယ်
—ဘာ
—အခြေအနေတွေက မင်းအတွက် မဆိုးလှပါဘူး။ တခြား နက္ခတ်တွေရဲ့ 'ဇာတ်လမ်း' တွေကို မင်း ဆက်ခံလို့မရဘူးဆိုတာ ငါ သိတယ်
ကျနော့်စကားကြောင့် ယူဂျွန်ဟော့ တုန်လှုပ်သွားလေသည်။
—...မင်း ဒါမျိုးတွေကို ဘယ်လိုလုပ် သိနေတာလဲ
အမှန်စင်စစ် ယူဂျွန်ဟော့အတွက် ကျနော်နှင့်အတူ 'နက်ဗျူလာ' တစ်ခု တည်ထောင်ခြင်းမှာ မဆိုးလှချေ။ မူရင်းဝတ္ထု၏ ဖြစ်စဉ်အရ ယူဂျွန်ဟော့သည် ဤနေရာတွင် မည်သည့်ဇာတ်လမ်းကိုမျှ ဆက်ခံခဲ့ခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ယူဂျွန်ဟော့အပေါ်ရှိ ကန့်သတ်ချက်များကြောင့် ဖြစ်သည်။
[နောက်ပြန်ဆုတ်ခြင်း ကန့်သတ်ချက်များ]
သူသည် သေဆုံးပြီးနောက် အချိန်ကို နောက်ပြန်ဆုတ်နိုင်သော်လည်း အခြား နက္ခတ်များ၏ ဇာတ်လမ်းများကိုမူ ဆက်ခံနိုင်စွမ်း မရှိချေ။
[ကိုယ်စားလှယ် ယူဂျွန်ဟော့။ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ ပြောတာ မှန်လား။ မင်းတို့ နှစ်ယောက်က နက်ဗျူလာ တစ်ခု တည်ထောင်ကြမှာလား]
အခြေအနေကို စောင့်ကြည့်နေသည့် ဒိုကဲဘီ တင်ဆက်သူက ကြားဖြတ်မေးမြန်းလိုက်သည်။ ကျနော်က စိုးရိမ်စိတ်ကြီးစွာဖြင့် သူ၏ အဖြေကို စောင့်ဆိုင်းနေစဉ် အားလုံးက ယူဂျွန်ဟော့ကို ကြည့်လိုက်ကြသည်။
"ဟုတ်တယ်"
ကျနော် ရင်ထဲက အလုံးကြီး ကျသွားပြီး သက်ပြင်းချလိုက်မိသည်။ ပထမဆုံး အဟန့်အတားကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အစစ်အမှန် အဟန့်အတားများမှာ ယခုမှ စတင်မည် ဖြစ်၏။
အကြွင်းမဲ့ တိတ်ဆိတ်နေသည့် ကြားမှ ဒုတိယထပ်ရှိ တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။ ထိုခပ်တိုးတိုး ရယ်သံမှာ တစ်မျိုးတစ်ဖုံ နှစ်လိုဖွယ်ကောင်းနေပေသည်။ ထိုရယ်သံမှတစ်ဆင့် ပါစီဖုန်း၏ ခံစားချက်ကို ကျနော် သိလိုက်ရသည်။
「 ကင်ဒေါ့ဂျာ။ နင်နောက်ဆုံးတော့ လုပ်လိုက်ပြီပဲ။ ဒါကြောင့်လည်း ငါက နင့်ကို သဘောကျတာ 」
ကျနော့်ကို ပါစီဖုန်းသဘောကျသည်မှာ သဘာဝကျပေသည်။ ပါစီဖုန်း၏ ပုံစံမှာ ဤကဲ့သို့သော ဇာတ်လမ်းမျိုးနှင့် ကိုက်ညီလှ၏။ ပါစီဖုန်း၏ ရယ်သံကြောင့် အခြား နက္ခတ်များလည်း လိုက်၍ ရယ်မောလာကြသည်။ ရယ်သံ အများစုမှာ ဒုတိယထပ်ရှိ နက္ခတ်များဆီမှ ဖြစ်သည်။
ကံမကောင်းစွာပင် သူတို့၏ ရယ်သံများမှာ ပါစီဖုန်းကဲ့သို့သော ဆိုလိုရင်းဖြင့် ရယ်မောနေကြာခြင်း မဟုတ်ချေ။
[နက်ဗျူလာ 'ဝေဒ' က သင်၏အပေါ် စိတ်ပျက်နေပါသည်။]
[နက်ဗျူလာ 'ဂူအော့' က သင့်ကို အထင်အမြင်သေးနေပါသည်။]
ယူရီအယ်သည် ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ နက္ခတ်များ၏ တုံ့ပြန်မှုများကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။
[ဘာလဲ။ ဘာလို့ ဒီလို ဖြစ်နေကြတာလဲ။ ဒါက ကောင်းတဲ့ ကိစ္စပဲကို]
ပထမထပ်ရှိ နက္ခတ်များသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် တောင့်တမှုနှင့် စိုးရိမ်မှုများ ရောပြွမ်းနေ၏။ ပင်လယ်စစ်နတ်ဘုရား နှင့် တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး တို့မှာလည်း စိုးရိမ်နေပုံရသည်။ စိတ်ဝင်စားဆုံးဖြစ်နေသူမှာ ကျနော်တို့ဘက်သို့ လှမ်းကြည့်နေသည့် ဂိုလျော၏ ပထမဆုံးသော ဓား ပင် ဖြစ်လေသည်။
ရယ်သံများ တိတ်သွားပြီးနောက် ဒုတိယထပ်မှ တိုက်ရိုက် စော်ကားသည့် စကားများ ပျံနှံ့လာသည်။
[နက္ခတ် တစ်ပါးရဲ့ ရာဇပလ္လင်ပေါ်ကိုတောင် မတက်ရသေးတဲ့ လူတစ်ယောက်က နက်ဗျူလာ တစ်ခု တည်ထောင်ချင်နေတာလား]
[ဒိုကဲဘီ။ ဒါက ဖြစ်နိုင်လို့လား]
[ဘယ်တုန်းကများ ကြောင်တွေ ခွေးတွေက နက်ဗျူလာ တစ်ခု ဖွင့်လို့ရဖူးလို့လဲ]
သူ့ထံသို့ ပုံအောကျရောက်လာသည့် မေးခွန်းများကြောင့် ဒိုကဲဘီမှာ ဇဝေဇဝါ ဖြစ်နေပုံရသည်။
[အဲဒါက... ကိုယ်စားလှယ် ကင်ဒေါ့ဂျာဟာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ကနေ အသိအမှတ်ပြုမှုကို ရှင်းရှင်းလင်းလင်း ရရှိထားပါတယ်]
ထိုစကားနှင့်အတူ ကျနော် ဖန်တီးခဲ့သည့် ဇာတ်လမ်းများကို မျက်နှာကျက်ရှိ စခရင်ပေါ်တွင် ပြသလိုက်သည်။
[အကြွင်းမဲ့ဘုရင်မရှိသော ကမ္ဘာ၏ ဘုရင်]
ပထမဆုံး ပေါ်လာသည့် မြင်ကွင်းမှာ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓား ၏ စွမ်းအားကို ငှားရမ်းကာ အကြွင်းမဲ့ဘုရင် ၏ ပလ္လင်ကို ကျနော် ဖျက်ဆီးခဲ့စဉ်က ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ကျနော့် ဒဏ္ဍာရီမှာ ထိုနေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ စခရင်ပေါ်တွင် ပလ္လင်၏ အပိုင်းအစများ ပေါ်လာသည်။
အချို့သော နက္ခတ်များမှာ လက်ခံသည့် ပုံစံဖြင့် ခေါင်းငြိမ့်ကြသော်လည်း အချို့သော နက္ခတ်များမှာမူ အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
[သူက မြင့်မြင်တဲ့ ပလ္လင်တော်ကို ဖျက်ဆီးခဲ့တာပဲ]
[...သူက တကယ်ပဲ အဲဒီဇာတ်လမ်းနဲ့ စတင်ခဲ့တာလား]
တက်ရောက်လာသူအချို့မှာ ကျနော့် အချက်အလက်များကို မသိကြသေးပုံရသည်။ ကျနော့်ကိုယ်ကျနော် တော်တော်လေး ကျော်ကြားပြီဟု ထင်ထားခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသေးပေသည်။ ကျနော်က ဘေးပတ်ဝန်းကျင်ကို ရုတ်တရက် ဝေ့ကြည့်လိုက်ရာ ရုရှားကလေးမလေးက ကျနော့်ကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်အား မြင်လိုက်ရ၏။
[အံ့ဖွယ်အမှုကို ဆန့်ကျင်သူ]
ဒုတိယမြောက် ဇာတ်လမ်းမှာ ကပ်ဘေးတစ်ခု ဖြစ်ခဲ့သည့် ပြန်လာသူ မြုံအီဆန် ကို ကျနော် နှိမ်နင်းခဲ့စဉ်က ဖြစ်သည်။
[အချို့သော နက္ခတ်များက သင့်အပေါ် သဘောကျနေပါသည်။]
ပြန်လာသူများကို နက္ခတ်များက မနှစ်မြို့ကြသဖြင့် ထိုဇာတ်လမ်းမှာ နက္ခတ်များ၏ နှစ်သက်မှုကို ရရှိရန် သင့်တော်သော ဇာတ်လမ်းတစ်ခု ဖြစ်နေတော့သည်။ ထိုအချိန်တွင် နက္ခတ်များ၏ မျက်နှာထက်၌ စူးစမ်းလိုသော အမူအရာများ ပေါ်လာသည်။
[...ဒါက ဘာလဲဟ]
၎င်းမှာ တတိယမြောက် ပေါ်လာသည့် ဇာတ်လမ်းကြောင့် ဖြစ်ပြီး ထိုဇာတ်လမ်း၌ ကျနော်က အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ် ကို ရိုက်နှက်နေခြင်း ဖြစ်သည်။ စခရင်ကို ကြည့်ပြီး ကျနော် ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားမိသည်။ ကျနော်က ရှင်ယူဆောင်း အတွက် လက်စားချေပေးချင်ရုံသာ ဖြစ်သော်လည်း... ၎င်းမှာ ကျနော့်၏ 'ဇာတ်လမ်း' များထဲတွင် ပါဝင်နေခဲ့ခြင်းမှန်း ယခုမှသိရလေ၏။
ဒိုကဲဘီ ပေါလ် က အော်ဟစ်နေပြီး အနေရခက်သွားသည့် ဒိုကဲဘီ တင်ဆက်သူက မြန်မြန်ဆန်ဆန်ပင် ကျော်ပစ်လိုက်သည်။ ထိုအခါ နက္ခတ်များ၏ မကျေနပ်သံများ ထွက်ပေါ်လာသည်။
[ဟေ့…ဘာလုပ်တာလဲ]
[အဲ-အဲဒါက…ဟဲဟဲ… အချက်အလက်တွေ မှားယွင်းနေပုံရပါတယ်]
သို့သော် ဒိုကဲဘီ၏ စကားနှင့် မတူဘဲ စခရင်ပေါ်တွင် ဇာတ်လမ်းအမည်တစ်ခု ပေါ်လာသည်။
[ထုတ်လွှင့်သူတစ်ဦးကို အထင်အမြင်သေးခဲ့သူ]
လှေကားထိပ်မှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုရယ်သံပိုင်ရှင်မှာ ရယ်မောနေသည့် ဂိုလျော၏ ပထမဆုံးသော ဓား ဖြစ်သည်။
[ဒါကတော့ ရူးစရာပဲ။ ဟားဟားဟား]
ထို့နောက် စတုတ္ထမြောက် ဇာတ်လမ်း ပေါ်လာသည်။
[ကပ်ဘေးတို့၏ ဘုရင်ကို အမဲလိုက်ခဲ့သူ]
ထိုဇာတ်လမ်းမှာ ငြိမ်းချမ်းမြေ ၌ ယာမာတာ နို အိုရိုချိ နက္ခတ် ၏ အရိပ်ကို ကျနော် အမဲလိုက်ခဲ့စဉ်က ဖြစ်သည်။ ကျနော်၏ လျှပ်စီးဒဏ်ခံနိုင်စွမ်း ဖြင့် အိုရိုချိ ကို သတ်လိုက်သည်ကို မြင်သောအခါ နက္ခတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
[ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါးရဲ့ အရိပ်ကို..သတ်လိုက်တာလား]
[သူက ဒဏ္ဍာရီလာ ဇာတ်လမ်းလေးခုကို စုဆောင်းပြီးနေပြီလား]
နက္ခတ်များကြားတွင် ဝေခွဲမရမှုများ ပျံ့နှံ့သွားသည်။ စခရင် ပိတ်သွားပြီး ဒိုကဲဘီက ဆက်လက် ပြောကြားသည်။
[ဘာပဲဖြစ်ဖြစ် ကိုယ်စားလှယ် ကင်ဒေါ့ဂျာဟာ ယခုဆိုရင် နက္ခတ် တစ်ပါးရဲ့ ရာဇပလ္လင်ကိုရရှိဖို့ အခွင့်အလမ်းရှိနေပြီ ဖြစ်ပါတယ်။တကယ်လို့ သူသာ ဒီအခွင့်အရေးကနေတစ်ဆင့် သူ့ရဲ့ ပဉ္စမမြောက် ဇာတ်လမ်းကို ရရှိခဲ့မည်ဆိုလျှင်...]
ကျနော်က နက္ခတ် တစ်ပါး ဖြစ်ရန် ရည်မှန်းထားသည်ကို သိထားကြသူများမှာ ဇဝေဇဝါ မဖြစ်သော်လည်း အခြား နက္ခတ်များမှာမူ လန့်ဖျန့်သွားကြသည်။
[၁၀ ခုမြောက် ဇာတ်ဝင်ခန်း မပြီးခင်မှာ နက္ခတ် တစ်ပါး ဖြစ်လာတော့မှာလား]
[သူက နက္ခတ် အသစ် တစ်ပါးပဲ...]
ရုတ်တရက်ဆိုသလို ကျနော့်ထံသို့ ပြင်းရှသော အကြည့်များစွာ ကျရောက်လာသည်။ အမှန်တကယ်ကို ယခုလိုမျိုး အဖြစ်အပျက်မျိုးမှာ Ways of Survival ထဲတွင်ပင် ထူးခြားလှသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ၁၀ ခုမြောက် ဇာတ်ဝင်ခန်း မတိုင်မီ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် နက္ခတ်များ သို့မဟုတ် ပြန်လာသူများမှာ အနည်းငယ်သာ ရှိ၏။
ပို၍ ဝေခွဲမရ ဖြစ်နေသည့် အငွေ့အသက်ကြားတွင် ဝေဒ ၏ မနူး က စတင်၍ စကားပြောလာသည်။
[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ ကို ငါ အသိအမှတ်ပြုမယ်။ ဒါပေမဲ့ နက်ဗျူလာ ကိုတော့ အသိအမှတ် မပြုနိုင်ဘူး။ ပြဿနာ နှစ်ခု ရှိတယ်]
နက္ခတ်များက မနူး ၏ အသံထံသို့ အာရုံစိုက်လိုက်ကြသည်။
[တစ်ခုကတော့ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ မှာ လုံလောက်တဲ့ ပေးချေနိုင်စွမ်း ရှိမရှိ ငါတို့ မသိတာပဲ။ နက်ဗျူလာ တစ်ခု မတည်ထောင်ခင်မှာ အနည်းဆုံး ရန်ပုံငွေ ရှိဖို့ လိုအပ်တယ်လို့ မထင်ဘူးလား]
"လုံလောက်တဲ့ဒင်္ဂါးတွေရှိပါတယ်"
ကျနော့်စကားကြောင့် တစ်ကျော့ပြန် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
မနူး က ကျနော့်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
[စစ်ဆေးပြီးရင်တော့ သိရမှာပါ။ ဒုတိယ ပြဿနာကတော့ ဘယ်သူက မင်းတို့ရဲ့ နက်ဗျူလာ ကို 'ထောက်ပံ့' မလဲ ဆိုတာပဲ]
ကျနော် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ နောက်ဆုံးတွင်တော့ တကယ့် စိန်ခေါ်မှုမှာ ရောက်ရှိလာပြီ ဖြစ်သည်။
[နက်ဗျူလာ တစ်ခု တည်ထောင်ဖို့အတွက် အနည်းဆုံး နက္ခတ် ငါးပါးရဲ့ ထောက်ပံ့မှုကို ရယူဖို့ လိုအပ်တယ်။ မင်းမှာ ထောက်ပံ့ပေးမယ့် နက္ခတ် ရှိလား]
"အဲဒါက..."
ကျနော် အလွယ်တကူ ပြန်မဖြေနိုင်ဖြစ်နေစဉ် မနူး က ရယ်မောလိုက်သည်။
[မဟုတ်မှလွဲရော နက်ဗျူလာ အတွက် နာမည်တောင် မရှိသေးတာတော့ မဟုတ်ပါဘူးနော်]
ယူဂျွန်ဟော့ ကို တစ်ချက်လှမ်းကြည့်ရင်း ကျနော်စကားပြောလိုက်သည်။
"ကျနော်တို့ နက်ဗျူလာ ရဲ့ နာမည်က... ကင်ဒေါ့ဂျာအဖွဲ့ပါ..."
"နာမည် မရှိသေးဘူး။ ထပ်ပြောရရင် ထောက်ပံ့သူတွေကို အခုပဲ ရှာဖွေမှာပါ"
ယူဂျွန်ဟော့က ကျနော့်စကားကို ကြားဖြတ်၍ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ နက်ဗျူလာ ကို ထောက်ပံ့ချင်တဲ့ နက္ခတ်များ ရှိပါသလား"
ယူဂျွန်ဟော့၏ စကားကို မည်သူမျှ တုံ့ပြန်ခြင်း မရှိချေ။ မနူး က ရယ်မောလိုက်သည်။
[ငါ ထင်တဲ့အတိုင်း အချိန်ဖြုန်းနေတာပဲ။ ဒိုကဲဘီ။ ဇာတ်လမ်းဆက်ခံခြင်း ကို ဆက်လုပ်တော့...]
ထိုအချိန်တွင် တစ်စုံတစ်ယောက်က လက်မြှောက်လိုက်သည်။
[အိုလံပတ်စ် 'ငရဲပြည်' က မင်းတို့ရဲ့ နက်ဗျူလာ ကို ထောက်ပံ့မယ်]
[ဘုရင်မကြီး]
ဒေါသထွက်နေသည့် မနူး က ပါစီဖုန်း ကို ဟိန်းဟောက်လိုက်သည်။
ပါစီဖုန်း ၏ စွမ်းအားတိမ်တိုက်မှာ ပြင်းထန်စွာ မြင့်တက်လာသည်။
[ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကန့်ကွက်စရာ ရှိလို့လား]
[အင့်...]
ဝေဒ ၏ အင်အား မည်မျှပင် ကြီးမားစေကာမူ နက္ခတ် မနူး သည် ငရဲပြည်၏ ဘုရင်မ ပါစီဖုန်း ကို တစ်ကိုယ်တည်း ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ နောက်ဆုံးတွင် သူသည် အခြား နက္ခတ်များဘက်သို့ လှည့်လိုက်သည်။
[တခြားသူတော့ ရှိလောက်မှာ မဟုတ်ပါဘူးနော်]
[ငါ ထောက်ပံ့မယ်]
အသံမှာ ဒုတိယထပ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး နက္ခတ်များမှာ တစ်ဖန်ပြန်၍ အံ့အားသင့်သွားကြသည်။ ထိုသူမှာ ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ ပင် ဖြစ်သည်။
[ရွှေ-ရွှေခေါင်းကွင်း၏အကျဉ်သားလား]
[တကယ်ပဲလား။ မင်း အတည်ပြောနေတာလား]
ကျနော်က သူ့ထံသို့ ကျေးဇူးတင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ က စိတ်ရှုပ်စရာ ကိစ္စတစ်ခုလို အောက်ဘက်သို့ ငုံ့ကြည့်ရင်း နားရွက်ကို ကလော်နေသည်။
[အဲ… ငါလည်း မသိတော့ဘူး... ဆောရီးပဲ။ ငါလည်း ထောက်ပံ့တယ်]
အေဒင် ၏ ယူရီအယ် ကလည်း ထောက်ပံ့မည်ဟု ကြေညာလိုက်သည်။
[နင်တို့ နက်ဗျူလာ အတွက် နာမည်ကိုလည်း ငါပေးမယ်။ နက်ဗျူလာ နာမည်က တားမြစ်ထားသော... အု… အု]
ယူရီအယ် ၏ အနီးနားရှိ ကိုးခုမြောက် အဆင့်ရှိ နတ်က္ခတ်များမှာ ထိတ်လန့်သွားပြီး ယူရီအယ် ၏ ပါးစပ်ကို ပိတ်လိုက်ကြသည်။ ယူရီအယ် ၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ ကျနော်ကတော့ ကျေးဇူးတင်မိလေသည်။ ယခုအခါ ကျန်ရှိနေသော နက္ခတ်များမှာ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။
ထောက်ပံ့မည်ဟု ကြေညာခဲ့သော နက္ခတ်သုံးပါးမှာ အခြားသူများကို ဂရုစိုက်ရန် မလိုလောက်အောင် အစွမ်းထက်ကြသည်။ ကျန်ရှိနေသူများကမူ ထိုသို့မဟုတ်ပေ။ သမိုင်းဝင်အဆင့်နှင့် ဒဏ္ဍာရီအဆင့် နက္ခတ်များအတွက်မူ နက်ဗျူလာ အသစ်တစ်ခု တည်ထောင်ရန် ကူညီရုံသက်သက်ဖြင့် မနူး ကို ဆန့်ကျင်ရန်မှာ ပုံမှန်မဟုတ်သော ကိစ္စဖြစ်သည်။
ကျနော် ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ ယူဂျွန်ဟော့မှာ လက်လျှော့မလိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ကျနော့်ထံ မက်ဆေ့ချ် ပို့လာ၏။
–ငါတို့ ဒီထက် ထောက်ပံ့သူပိုရမှာမဟုတ်တော့ဘူး
…ထောက်ပံ့သူအရေအတွက်က ဒီလောက်နဲ့ပဲ ရပ်သွားလည်း ငါဂရုမစိုက်ဘူး
–ကိစ္စမရှိဘူး။ ငါ့ရဲ့ ရည်မှန်းချက်က အထမြောက်သွားပြီလေ
–ဘာဖြစ်တယ်
–ငါ ဘာမှ မျှော်လင့်ထားတာမဟုတ်ဘူး။ အရေးကြီးတာက အချိန်အနည်းငယ် ဆွဲထားနိုင်ဖို့ပဲ
အစကတည်းက ကျနော်သည် ဤနေရာတွင် မည်သည့် နက္ခတ်၏ ဇာတ်လမ်းကိုမျှ ဆက်ခံရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ မူရင်းဝတ္ထုကို ပြန်စဉ်းစားကြည့်လျှင် ပွဲတော်၏ အဆုံးသတ်မှာ သတ်မှတ်ပြီးသား ဖြစ်သည်။ ထိုအချိန်တွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
[ငါဆိုတဲ့ ဂိုလျော၏ ပထမဆုံးသော ဓား က မင်းတို့ရဲ့ နက်ဗျူလာ ကို ထောက်ပံ့မယ်]
ဂိုလျော၏ ပထမဆုံးသော ဓား က ကျနော်တို့အတွက် ထောက်ပံ့ပေးမည်ကို ကြေညာလိုက်သည်။ ထို့နောက် သမိုင်းဝင်အဆင့် နက္ခတ်များက တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသည်။
[ဒါဆိုရင် ငါဆိုတဲ့ ပင်လယ်စစ်နတ်ဘုရား ကလည်း...ထောက်ပံ့မယ်]
[တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး ကလည်း ငြိမ်နေမှာ မဟုတ်ဘူးကွ]
ပထမထပ်ရှိ နက္ခတ်များက စတင်၍ ထောက်ပံ့လာကြသည်နှင့် ဒုတိယထပ်ရှိ နက္ခတ်များနှင့် ဒိုကဲဘီ မှာ များစွာ ထိတ်လန့်ချောက်ချားသွားကြ၏။
[ခ-ခဏစောင့်ကြပါဦး။ ဒီလိုမျိုး ရုတ်တရက်ကြီး ထောက်ပံ့မယ်လို့ ကြေညာတာက...]
သိပ်မကြာမီအချိန်တွင်…
[‘လျှို့ဝှက်ကြံစည်သူ နက္ခတ်’ က သင့် နက်ဗျူလာ ကို ထောက်ပံ့ပါမည်။]
…ဟမ်။ လျှို့ဝှက်ကြံစည်သူလား။ သူက ဘယ်နေရာမှာ ရှိနေတာလဲ။
[သင်သည် ယာယီ နက်ဗျူလာ ဖန်တီးခွင့် လက်မှတ်တစ်ခု ရရှိပါပြီ။]
…မဟုတ်မှလွဲရော
ထိုအချိန်တွင် ပွဲတော်ခန်းမမှာ စတင်တုန်ခါလာပြီး ဟင်းလင်းပြင်မှာ ပုံပျက်သွားသည်။ ကျနော် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ပွဲတော်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားလေပြီ။ ‘သူတို့’ ရောက်လာကြပြီဖြစ်၏။
[...ဒီ စွမ်းအားတိမ်တိုက် က….]
[အားလုံး ဆုတ်ခွာကြ]
နက္ခတ်များပင်လျှင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။ ကောင်းကင်ယံမှာ အကြီးအကျယ် ပုံပျက်သွားပြီး ပြင်းထန်သော လျှပ်စစ်မီးပွားများ ပေါ်လာသည်။ ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ပင်။
[မဟာတွင်းနက်ကြီး။]
ဇာတ်ဝင်ခန်းတစ်ခု အသက်ဝင်လာမှသာ ပေါ်လာလေ့ရှိသည့် ထူးဆန်းသော တွင်းနက်ကြီးမှာ ပွဲတော်ခန်းမ၏ အထက်တွင် ရုတ်တရက် ပေါ်လာသည်။ ထိတ်လန့်သွားသော မနူး က အော်ဟစ်လိုက်၏။
[အခြားကမ္ဘာမှ နတ်ဘုရားတွေ။ မင်းတို့က ဘယ်လိုသတ္တိနဲ့ ဒီကို လာရတာလဲ]
နက္ခတ်များမှာ ဟိန်းဟောက်လိုက်ကြပြီး ၎င်းတို့၏ စွမ်းအားတိမ်တိုက်များကို မြှင့်တင်လိုက်ကြသည်။ ထို့နောက် ကောင်းကင်ယံရှိ တွင်းနက်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
(ဘာလို့မလာရမှာလဲ… ငါတို့ကို ဖိတ်မထားလို့လား)
ပါစီဖုန်း နှင့် ယူရီအယ် တို့က ယူဂျွန်ဟော့ နှင့် ကျနော့်၏ နားများကို ချက်ချင်း ပိတ်ပေးလိုက်ကြသည်။ ထိုသို့လုပ်ခြင်းမှာမှာ ပြင်ပမှ နတ်ဘုရားများ၏စစ်မှန်သော အသံများ ဝင်ရောက်မလာစေရန် တားဆီးခြင်း ဖြစ်သည်။ သူတို့က ခန်းမအတွင်းရှိ ဖိအားများကို လျှော့ချပေးရင်း ကျနော်တို့၏ အရှေ့တွင် ရပ်လိုက်ကြသည်။
[စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ပွဲက ပြီးသွားပြီ။ အခုက ပြန်ရမယ့် အချိန်ပဲ]
[ဒါဆို နောက်မှ ပြန်တွေ့ကြတာပေါ့]
ပါစီဖုန်း နှင့် ယူရီအယ် တို့ စကားပြောလိုက်သည်နှင့် ယူဂျွန်ဟော့ နှင့် ကျနော်သည် ဖောက်ထွင်း၍မြင်ရသော စက်ဝိုင်းတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ထိုစက်ဝန်းမှာ နက္ခတ်များ၏ စွမ်းအားကို အသုံးပြု၍ နေရာကူပြောင်းခြင်း ဖြစ်လေသည်။ ပါစီဖုန်း နှင့် ယူရီအယ်တို့က မကြာမီ ပွဲတော်ခန်းမ၌ ဖြစ်ပွားတော့မည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမှ ကျနော်တို့ကို ကယ်တင်လိုခြင်း ဖြစ်သည်။
သို့သော်လည်း အခြားကမ္ဘာမှ နတ်ဘုရားမှာ မျှော်လင့်ထားသည်ထက် ပို၍ မြန်ဆန်နေခဲ့သည်။
နေပါဦး...
[အခြားကမ္ဘာမှ နတ်ဘုရားများက သင့်ကို ကြည့်နေပါသည်။]
[အခြားကမ္ဘာမှ နတ်ဘုရားများက သင့်ကို ကြည့်နေပါသည်။]
နောက်ဆုံးအချိန်တွင် ယူရီအယ် ၏ အော်ဟစ်သံကို ကျနော် ကြားလိုက်ရသည်။
[ကင်ဒေါ့ဂျာ]
ထို့နောက်တွင်တော့ အမှောင်ထုက ကျနော့်၏ မျက်လုံးများကို ဖုံးလွှမ်းသွားလေတော့သည်။
………………………………………………………………………………….
[မင်းက ဘယ်သူလဲ]
[ယာဉ်ထဲတွင် မှတ်တမ်းတင်ထားခြင်း မရှိပါ။]
[ဒါဆိုရင်... မဟုတ်မှလွဲရော...]
.
.
.
[■■■…]
.
.
.
.
[ ‘နောက်ဆုံးဇာတ်လမ်း’ က နောက်ဆုံးတော့ စတင်တော့မှာပဲ ]
……………………………………………………………………………..
"ဟေ့… ဒီနေရာလား"
"အဆင်ပြေပါ့မလား။ ဟိုလူတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ ဒီနေရာကို ပင်လယ်စစ်နတ်ဘုရားနဲ့ အသန့်စင်ဆုံး သံမဏိတို့ ခဏခဏ လာတတ်တယ်လို့ ပြောကြတယ်"
"ဒါက သူရဲကောင်းရဲ့ အုတ်ဂူ မလား"
မှောင်မည်းသော ညတစ်ချို့။ ဂွမ်ဟွာမွန်းတွင် စိုက်ထူထားသော အုတ်ဂူတိုင်အနီး၌ ဂူဖောက်သူအချို့ စုရုံးနေကြ၏။
ဓားပြခေါင်းဆောင် လီဒုံပါသည် ကြောက်လန့်နေသော လူများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"စိတ်ပျက်ဖို့ကောင်းတဲ့ ငတုံးတွေပဲ။ သူက ဘာသူရဲကောင်းလဲ။ သူရဲကောင်းတစ်ယောက်က ဒီလောက်အလွယ်တကူ သေပါ့မလား"
လီဒုံပါအနေဖြင့် ထိုသူရဲကောင်း၏ တည်ရှိမှုကို သိခဲ့ရသည်မှာ မကြာသေးပေ။ မိမိအသက်ကို စတေးပြီး ဆိုးလ်ကို ကယ်တင်ခဲ့သော အားအကောင်းဆုံးလူသား။ သို့သော် လီဒုံပါသည် ထိုကောလဟာလများကို မယုံကြည်ချေ။
"ကဲ… မြန်မြန်လုပ်ကြစမ်း။ အချိန်မရှိဘူး။ ဟိုအမှောင်ကောင်တွေ ထွက်မလာခင် မြန်မြန်လုပ်"
လူအများအပြားသည် ကိုးခုမြောက် ဇာတ်ဝင်ခန်းဖြစ်သော မဟူရာရဲတိုက်တွင် ပါဝင်နေကြပြီ ဖြစ်သော်လည်း လီဒုံပါအပါအဝင် လူတိုင်းက ထိုဇာတ်ဝင်ခန်းတွင် ပါဝင်နေကြသည်တော့ မဟုတ်ပေ။ အဓိက ဇာတ်ဝင်ခန်းများဆိုသည်မှာ သူကဲ့သို့ ပါးနပ်သောသူများအတွက် ပွဲတော်များသာ ဖြစ်၏။
"သူရဲကောင်း အုတ်ဂူပဲ။ ကောင်းတာ တစ်ခု၊ နှစ်ခုတော့ မြှုပ်ထားလောက်မှာပါ"
"အလောင်းကိုလည်း သေချာရှာကြစမ်း။ သူ့ကိုယ်ပေါ်မှာ တစ်ခုခု ဝှက်ထားနိုင်တယ်"
"ချီး… တော်တော်နက်နက် မြှုပ်ထားတာပဲ။ ဟေ့… အားစိုက်ပြီးတူးကြစမ်း"
ဂူဖောက်သူများသည် မြေကြီးကို အလျှင်အမြန် တူးကြ၏။ နှစ်နာရီခန့် ကြာမြင့်သွားသောအခါ။
"တွေ့...တွေ့ပြီ"
နောက်ဆုံးတွင် သူတို့၏ ဂေါ်ပြားများသည် အဖုံးတစ်ခုကို ရိုက်မိသွားသည်။ သူတို့သည် ရင်ခုန်လှုပ်ရှားစွာဖြင့် အဖုံးကို ဖွင့်လိုက်ကြ၏။ ခေါင်းတလားအတွင်း၌ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အိပ်မောကျနေလေသည်။
လီဒုံပါက ရယ်မောလိုက်၏။
"သူရဲကောင်းဟုတ်လား။ ဟက်… အိပ်ပျော်နေတဲ့ မင်းသမီးလေးကျနေတာပဲ။ ရုပ်လည်း ဆိုးလိုက်တာ"
"ဝတ်ရုံကတော့ အလန်းစားပဲ။ သူ့ဆီကနေ ချွတ်ယူလိုက်..."
ဒုန်း
"အားးးး"
"ဘာ... ဘာဖြစ်... အားးး"
ထိတ်လန့်သွားသော လီဒုံပါသည် မြေပြင်ပေါ်သို့ လဲကျသွားကာ တုန်ရင်နေတော့၏။ သေဆုံးနေခဲ့သော ထိုသူရဲကောင်းသည် ဂူဖောက်သူတစ်ဦး၏ ပုခုံးကို လှမ်းကိုင်ထားလေသည်။
ထို့နောက် ဆိုးလ်ရှိ သက်ရှိတိုင်းသည် အောက်ပါ မက်ဆေ့ချ်ကို ကြားလိုက်ရတော့၏။
[တစ်စုံတစ်ယောက်က ဇာတ်လမ်းငါးခုကို ရရှိသွားပါသည်။]
[ဆိုးလ်၏ ညကောင်းကင်ယံတွင် နက္ခတ်သစ်တစ်ခု မွေးဖွားလာပါပြီ။]
အခန်း ၁၅၂
- အပိုင်း ၃၀ - မဟူရာရဲတိုက် (၂)
မဟူရာရဲတိုက်၏ ပထမထပ်သို့ ဝင်ရောက်ခဲ့သည်မှာ ငါးရက်ပင် ရှိလေပြီ။ လီဂျီဟယ်သည် ဒဏ်ရာရထားသော လီဂီယောင်ကို ကျောပိုးကာ ရှင်ယူဆောင်းနှင့်အတူ မဟူရာရဲတိုက်၏ စင်္ကြံလမ်းအတိုင်း ပြေးလွှားနေ၏။
[ပဉ္စမအဆင့် မိစ္ဆာမျိုးစိတ် 'မဟူရာ ခြေရာခံသူ' က သင့်နောက်သို့ လိုက်နေပါသည်။]
"ခုန်လိုက်"
လီဂျီဟယ်သည် မဟူရာ ခြေရာခံသူထံမှ ထွက်ပေါ်လာသော လွှသွားကို ရှောင်တိမ်းကာ မိစ္ဆာသုတ်သင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။ မှော်စွမ်းအင်များ လေထဲတွင် လွင့်စင်သွားစဉ် လီဂျီဟယ်သည် ကလေးများကို ခေါ်ဆောင်ကာ အားကုန်သုံး၍ ပြေးလွှားနေလေသည်။
"ချီး… သူတို့အပေါ်မှာ ယဉ်ပါးအောင်လုပ်ခြင်း စွမ်းရည်က အလုပ်မလုပ်ဘူးလား"
"...ကျမက သားရဲမျိုးစိတ်တွေကိုပဲ ယဉ်ပါးအောင် လုပ်နိုင်တာလေ"
"လခွီးပဲ"
လီဂျီဟယ်သည် ပြေးလွှားနေရင်း ဆက်တိုက် ကျိန်ဆဲနေ၏။
လီဂျီဟယ်၏ နောက်တွင် လိုက်ပါလာသော မိစ္ဆာ အကောင်ရေ ဆယ်ကောင်နီးပါး ရှိနေသည်။ ပဉ္စမအဆင့် မိစ္ဆာမျိုးစိတ်များသည် အခြားသော မိစ္ဆာမျိုးစိတ်များထက် ပို၍ အားကောင်းကြ၏။ ထိုပတ်ဝန်းကျင်တွင် လီဂျီဟယ်၏ စွမ်းရည်များက မလုံလောက်သည့်အပြင် မိမိ၏ အထူးစွမ်းရည်ကိုလည်း အသုံးမပြုနိုင်ပေ။
'ဒီထဲကို မလာခဲ့သင့်ဘူး'
ကင်ဒေါ့ဂျာ သေဆုံးပြီးနောက် ကင်ဒေါ့ဂျာ အဖွဲ့ဝင်များ၏ စိတ်ဓာတ်သည် လုံးဝ ပျက်ပြားသွားခဲ့သည်။ သူတို့သည် အာရုံစူးစိုက်မှု ကင်းမဲ့ကာ တစ်ဦးချင်းစီ စတင် လှုပ်ရှားလာကြ၏။ အခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ကိုးခုမြောက် ဇာတ်ဝင်ခန်း ဖြစ်သော မဟူရာရဲတိုက် ပေါ်ထွက်လာချိန်တွင် ယူဂျွန်ဟော့သည် ဆန်းကြယ်စွာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ဇာတ်ဝင်ခန်း စတင်ခါစက ဒိုကဲဘီက သူတို့ကို ပြောခဲ့၏။
[ဒီဇာတ်ဝင်ခန်းကတော့... အင်း။ ဟားဟား… မင်းတို့ ရှုံးနိမ့်သွားလိမ့်မယ် ထင်တယ်]
လီဂျီဟယ်သည် မယုံကြည်ခဲ့ပေ။ သူတို့က ရှုံးနိမ့်စရာမရှိဟု ယုံကြည်မိခြင်းကြောင့် ဖြစ်သည်။ ဇာတ်ဝင်ခန်းများမှာ အမြဲတမ်း အနိုင်ရဖို့မဖြစ်နိုင်သလို ထင်ရသော်လည်း သူတို့သည် အမြဲတမ်း အောင်နိုင်ခဲ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း ကောင်းကောင်း လုပ်ဆောင်နိုင်မည်ဟု ထင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က လီဂျီဟယ် ထိုသို့သာ တွေးခဲ့မိသည်။
'ဟီဂျီဟယ်ဆိုတဲ့ငါရေ။ အခုချက်ချင်း ပြန်ချတော့။ ဒီအမှိုက်ကောင်တွေကို အကုန် ချေမှုန်းပစ်'
လီဂျီဟယ် အဘယ်ကြောင့် ဤမျှ လောတကြီး ဖြစ်နေခဲ့သည်ကို မိမိကိုယ်တိုင်ပင် မသိတော့ချေ။ ယုံကြည်မှုထက် နောင်တရစိတ်ကြောင့် ဖြစ်နိုင်၏။ တစ်စုံတစ်ယောက်၏ သေဆုံးမှုအတွက် နောင်တရနေမိပြီး မိစ္ဆာများကို ရှင်းလင်းရန် မိမိကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးနေခဲ့သည်။
လီဂျီဟယ် တစ်ဦးတည်းသာ မဟုတ်ပေ။ ယောင်ဟီဝန်၊ လီဟန်းဆောင်နှင့် အခြားအဖွဲ့ဝင်များသည်လည်း အလားတူ လောတကြီး ဖြစ်နေမှုကို ခံစားနေရသည်။ ထို့ကြောင့် သူတို့သည် မလုံခြုံမှုများကို ဖယ်ရှားရန် ဇာတ်ဝင်ခန်း နေရာသို့ စောစီးစွာ ပြေးဝင်ခဲ့ကြခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဆိုးလ်တွင် အားအကောင်းဆုံး ကိုယ်စားလှယ်များ ဖြစ်ကြသည်။ သို့သော် လီဂျီဟယ်သည် များမကြာမီမှာပင် ထိုအချက်မှာ မှားယွင်းကြောင်း သိလိုက်ရ၏။
'ချီး… ဒါက မယုံနိုင်စရာပဲ... တကယ်ကိုမယုံနိုင်စရာပဲ'
မဟူရာရဲတိုက်အတွင်း၌ လီဂျီဟယ်၏ စွမ်းအားများသည် အလုပ်မလုပ်ပေ။ သတ္တမအဆင့် အထိ ရောက်ရှိထားသော ဓါးရေးလေ့ကျင့်ခြင်း စွမ်းရည်ဖြင့် ရန်သူကို ထိမှန်အောင်လုပ်ရန် ခဲယဉ်းလှပြီး မိစ္ဆာသုတ်သင်ခြင်း၏ စွမ်းအားမှာလည်း မိစ္ဆာများကို ရန်စလိုက်သလိုသာ ဖြစ်နေ၏။ လီဂျီဟယ်၏ ဓားမှာလည်း ကျိုးပဲ့သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
"အမဂျီဟယ်"
ရှင်ယူဆောင်း၏ အော်ဟစ်သံကြောင့် လီဂျီဟယ်သည် အမြန်လှုပ်ရှားကာ မဟူရာ ခြေရာခံသူ၏ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ လီဂျီဟယ်သည် ကိုယ်စားလှယ်တစ်ဦး ကျန်ရစ်ခဲ့သော လက်နက်ကို ကောက်ယူကာ ဓါးရေးလေ့ကျင့်ခြင်းနှင့် သရဲခြေလှမ်း စွမ်းရည်တို့ကို အသုံးပြုလိုက်၏။
"အမ… နောက်မှာ"
မဟူရာ ခြေရာခံသူများထံမှ ထွက်ပေါ်လာသော အနက်ရောင် အရည်များမှာ လေထဲတွင် လွင့်စင်သွားသည်။ လီဂီယောင်၏ သေးငယ်သော ပိုးကောင်များသည် တစ်နေရာရာမှ ထွက်ပေါ်လာပြီး လီဂျီဟယ်အစား ထိုအရည်များကို ခံယူလိုက်ကြ၏။
အနက်ရောင် အရည်များ ထိမှန်သွားသော ပိုးကောင်များသည် ထူးဆန်းသော ဆဲလ်ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ ပေါက်ကွဲသွားကြသည်။ ပိုးကောင်များကြောင့် ရရှိလိုက်သော အသက်ရှူချိန်ရလိုက်သည့်အချိန်အတွင်း လီဂျီဟယ်သည် မဟူရာ ခြေရာခံသူများကို အနည်းငယ် ပို၍ ထိခိုက်အောင် ပြုလုပ်နိုင်ခဲ့သည်။
"အားးး"
မဟူရာ ခြေရာခံသူ တစ်ကောင်၏ လည်ပင်းမှ သံချပ်ကာ ကျိုးပဲ့သွားကာ ထိုမိစ္ဆာသည် ထွက်ပြေးသွား၏။ သို့သော် ကိုးကောင် ကျန်ရှိနေသေးသည်။ ထို့အပြင် မဟူရာ ခြေရာခံသူများ၏ တိုက်ခိုက်မှုမှာ အစပျိုးရုံသာ ရှိသေး၏။ တကယ့် ကြောက်စရာကောင်းသော အရာမှာ မဟူရာ ခြေရာခံသူများ၏ တစ်ဖက်တွင် ရှိနေသော သူပင် ဖြစ်သည်။
[မိစ္ဆာ မြို့စား နော့စလော့ခ်]
ထိုသူသည် လူခန္ဓာကိုယ်ရှိပြီး ကြံ့ခေါင်းတစ်လုံး ပေါက်နေသော ပုံစံရှိ၏။ သူ နီးကပ်လာတိုင်း လီဂျီဟယ်၏ ခန္ဓာကိုယ်သည် တုန်ရီနေတော့သည်။ လီဂျီဟယ်သည် ယခင်က ထိုကဲ့သို့သော မိစ္ဆာမျိုးကို မမြင်ဖူးခဲ့ပေ။
တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းကို ကြည့်လျှင် သူသည် သားရဲ ကပ်ဘေးကဲ့သို့ အားမကောင်းလှပေ။ သို့သော် သားရဲ ကပ်ဘေးတွင် ကပ်ဘေး၏ စွမ်းအားများကို ချုပ်တည်းခံထားရသော်လည်း မိစ္ဆာများမှာမူ ထိုသို့ မဟုတ်ပေ။
ထို့အပြင် လီဂျီဟယ်၏ မြင့်မားသော ခွန်အားမှာ မိမိအတွက် အဆိပ်အတောက် ဖြစ်လာခဲ့သည်။ ရန်သူ၏ စွမ်းအားကို သိရှိနေခြင်းကြောင့် ကြောက်လန့်မှုများသာ ပို၍ တိုးပွားလာ၏။ လီဂျီဟယ်သည် ဓားကို မြှောက်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ထိုစဉ် ထိုနေရာ၌...
[မဟူရာရဲတိုက်၏ ပထမထပ်တွင် 'ရှေးဟောင်း မှော်စွမ်းအင် အကာအရံ' ကို တည်ဆောက်လိုက်ပါပြီ။]
"အမ…. ဟိုမှာကြည့်လိုက်"
စင်္ကြံလမ်း၏ အဆုံးတွင် အပြာရောင် အခန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခန်းမှာ ဤမဟူရာရဲတိုက်ရှိ တစ်ခုတည်းသော နားခိုရာ နေရာ ဖြစ်၏။
လီဂျီဟယ်နှင့် ကလေးများသည် အားကုန်သုံးကာ ထိုအခန်းဆီသို့ ပြေးဝင်သွားကြပြီး မဟူရာ ခြေရာခံသူများ၏ လိုက်လံတိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့ကြသည်။ ထိုနေရာမှာ နှစ်မီတာပတ်လည်ပင် မရှိသော သေးငယ်သည့် နေရာလေး ဖြစ်သော်လည်း သူတို့ သုံးယောက်မှာ မရမက တိုးဝင်နိုင်ခဲ့ကြလေသည်။
[သင်သည် ရှေးဟောင်း မှော်စွမ်းအင် အကာအရံအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ အထူးအကာအရံကို မိနစ် ၃၀ ကြာ အသက်သွင်းထားပါမည်။]
တစ်နေ့လျှင် သုံးကြိမ် အသက်ဝင်သော ဤဘေးကင်းဇုန်သာ မရှိခဲ့လျှင် လီဂျီဟယ်နှင့် ကလေးများ သေဆုံးသွားခဲ့သည်မှာ ကြာလှပြီဖြစ်လောက်သည်။
မဟူရာ ခြေရာခံသူများသည် အကာအရံကို ထိမိသောအခါ ညည်းတွားရင်း နောက်ဆုတ်သွားကြသည်။ သူတို့သည် ဝင်ရောက်ရန် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် လက်လျှော့သွားကြ၏။ သို့သော်လည်း နော့စလော့ခ် မှာမူ ကွဲပြားသည်။
"သူ ဘာလို့ မထွက်သွားတာလဲ"
ကြံ့နှင့်တူသော မိစ္ဆာ နော့စလော့ခ်သည် အကာအရံ၏ နိယာမများကို သိရှိထားသည့်အလား မီတာအနည်းငယ်အကွာတွင် မြေပြင်ပေါ်၌ ထိုင်နေလေသည်။
"…သူက စောင့်နေတာ"
မိစ္ဆာ၏ ရှည်လျားသော လျှာသည် နှုတ်ခမ်းကိုသပ်လိုက်၏။ အရသာရှိသော အစားအစာကို စောင့်မျှော်နေသည့် အစားအသောက်ပညာရှင်တစ်ဦးကဲ့သို့ သူသည် လီဂျီဟယ်နှင့် ရှင်ယူဆောင်းကို ကြည့်နေလေသည်။ ရှင်ယူဆောင်းသည် ကြောက်မက်ဖွယ်ကောင်းသော ထိုမျက်လုံးများကြောင့် တုန်ရီနေ၏။
"အခု ဘာလုပ်ကြမလဲ။ ဆင့်ခေါ်ဖို့ သားရဲတွေလည်း မရှိတော့ဘူး"
"မိနစ် ၃၀ ကျန်သေးတယ်။ ငါ စဉ်းစားပါရစေဦး"
အကာအရံ၏ အစွန်းတွင် လီဂျီဟယ်သည် ရဲတိုက်၏ ပြတင်းပေါက်များမှတစ်ဆင့် ပြင်ပကမ္ဘာကို မြင်နေရသည်။ အထူးစီရင်ချက်များကြောင့် ပြတင်းပေါက်မှတစ်ဆင့် ထွက်ခွာ၍ မရသော်လည်း ပြင်ပကိုတော့ မြင်တွေ့နိုင်လေ၏။
လီဂျီဟယ်နှင့် အပေါင်းအဖော်များ ဖွင့်ခဲ့သော မဟူရာရဲတိုက်၏ အဝင်ဝမှတစ်ဆင့် မိစ္ဆာမျိုးစိတ်များ စီးဆင်းဝင်ရောက်နေလေသည်။
ထိုမိစ္ဆာတို့အနက် အများစုမှာ သာမန်မိစ္ဆာများ ဖြစ်ကြသော်လည်း သာမန်ကိုယ်စားလှယ်များအတွက်မူ ရင်ဆိုင်ဖို့မဖြစ်နိုင်သော မိစ္ဆာများသာ ဖြစ်လေသည်။ မဟူရာရဲတိုက်၏ မိစ္ဆာများသည် ဆိုးလ်ရှိ ကိုယ်စားလှယ်များကို ဝါးမြိုကာ ကူးစက်စေခဲ့သည်။
ထို့ကြောင့်ပင် ခံတပ်အပြင်ဘက်ရှိ မိစ္ဆာမျိုးစိတ် အများစုမှာ လီဂျီဟယ် ယခင်က သိကျွမ်းခဲ့ဖူးသူများ ဖြစ်နေရင်းဖြစ်၏။
မင်ဂျီဝန်နှင့် ဟွာရန်းသားများ။ နာဗားနား၏ ကယ်တင်ခြင်းအသင်းတော် အဖွဲ့ဝင်များ။ လီဂျီဟယ် သိကျွမ်းခဲ့သော လူများသည် လမ်းမများပေါ်တွင် လျှောက်သွားရင်း လူများကို ကိုက်ဖြတ်စားသောက်နေကြ၏။ ဤအရာအားလုံးမှာ လီဂျီဟယ်၏ အလောတကြီးဖြစ်မှု၏ ရလဒ်ပင် ဖြစ်သည်။ လီဂျီဟယ်သာ အနည်းငယ် ပို၍ သတိထားခဲ့မည်ဆိုလျှင်…
[ငါ မင်းတို့ကို မပြောခဲ့ဘူးလား။ ဒီဇာတ်ဝင်ခန်းရဲ့ ခက်ခဲမှုက လုံးဝကို ကွဲပြားတဲ့ အတိုင်းအတာတစ်ခုမှာ ရှိတယ်ဆိုတာလေ]
လီဂျီဟယ်သည် လေထဲမှ ထွက်ပေါ်လာသော ဒိုကဲဘီ၏ အသံကို ကြားလိုက်ရမှ သဘောပေါက်သွားသည်။ လီဂျီဟယ်သည် အားကောင်းသောကြောင့် ယခုအချိန်အထိ ရှင်သန်နေခဲ့ခြင်း မဟုတ်ပေ။ ကံကောင်းခဲ့သောကြောင့်သာ ဖြစ်၏။
'ချီးပဲ။ ချီးပဲ။ အတော်ကိုတုံးတဲ့မိန်းမပါကွာ'
လီဂျီဟယ်သည် မိမိ၏ အလောတကြီးဖြစ်ခဲ့မှုကို နောက်ကျမှ အပြစ်တင်နေမိသည်။ ပြင်ဆင်မှုမရှိဘဲ ဝင်ရောက်လာသူများသည် အမှောင်ထု၏ ဝင်္ကပါထဲတွင် လူစုကွဲသွားခဲ့ကြပြီး လီဂျီဟယ်သည်လည်း ဤကလေးများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်တော့သည်။ အခြားသော အဖွဲ့သားများ ဘာဖြစ်သွားသည်ကို လီဂျီဟယ် မသိပေ။ ဖြစ်နိုင်သည်မှာ သူတို့အားလုံး သေဆုံးသွားခဲ့လောက်လေပြီ။
'ဆရာသာ ဒီမှာရှိရင်။ မဟုတ်ဘူး… ဆရာ မဟုတ်ဘူး…'
" အကိုဒေါ့ဂျာရှိနေရင် သိပ်ကောင်းမှာပဲ"
လီဂျီဟယ်၏ နောက်ကွယ်မှ လီဂီယောင်၏ အသံ ထွက်ပေါ်လာသဖြင့် လီဂျီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ ငတုံးလေး။ နင်က ဒဏ်ရာရထားတာမို့ အိပ်လိုက်တော့"
ခေါင်းနောက်စေ့ကို အရိုက်ခံလိုက်ရသော လီဂီယောင်မှာ ပြန်လည် တိတ်ဆိတ်သွားသော်လည်း ကံမကောင်းစွာဖြင့် အခြားတစ်ဦး ရှိနေသေးသည်။
"ဦးလေး မသေပါဘူး။ ဘာလို့လဲတော့ မသိပေမဲ့ ကျမ အဲဒီလို ခံစားရတယ်"
ဤကလေးများက သေဆုံးသွားသူတစ်ဦးအကြောင်းကို အဘယ်ကြောင့် ထပ်ခါတလဲလဲ ပြောနေမှန်းကို လီဂျီဟယ် မသိတော့ပေ။
"အဲဒီလူက ငရဲရောက်နေပြီ။ အဲဒီ ရုပ်ဆိုးတဲ့ မျက်နှာကို မြန်မြန်မေ့လိုက်တော့"
လီဂျီဟယ်၏ ပြင်းထန်သော စကားလုံးများအပေါ် ရှင်ယူဆောင်းက မမျှော်လင့်ထားသော တုံ့ပြန်မှုကို ပြသခဲ့သည်။
"ကျမ တကယ် နားမလည်ဘူး။ လူတိုင်းက ဦးလေးကို ရုပ်ဆိုးတယ်လို့ ပြောကြပေမဲ့ သူက ဘယ်နား ရုပ်ဆိုးလို့လဲ"
ထိုမေးခွန်းမှာ အနည်းငယ် အနေရခက်စေ၏။ ယခုအချိန်အထိ လီဂျီဟယ်သည် 'ကင်ဒေါ့ဂျာက ရုပ်ဆိုးသည်' ဟူသောအချက်ကို ဆောင်ပုဒ်တစ်ခုကဲ့သို့ (ထိုသို့ပြောလျှင်တစ်ခါတစ်ရံ နက္ခတ်များက လီဂျီဟယ်ကို ဒင်္ဂါးများ ပေးတတ်သည်) အသုံးချခဲ့သော်လည်း ကင်ဒေါ့ဂျာက အဘယ်ကြောင့် ရုပ်ဆိုးသည်ဟု ပြောခံရခြင်းကို တကယ်တမ်း မစဉ်းစားခဲ့မိပေ။
"ဆိုလိုတာက၊ သူ့ရဲ့ မျက်လုံးနဲ့ နှာခေါင်း ပုံစံတွေက… ခြုံငုံကြည့်လိုက်ရင်…"
စကားပြောလေလေ လီဂျီဟယ်မှာ ပို၍ ဝေဝါးလာလေ ဖြစ်လာသည်။ ကင်ဒေါ့ဂျာက မည်သည့်နေရာတွင် ရုပ်ဆိုးသည်ကို လီဂျီဟယ် နားမလည်နိုင်ပေ။ မဟုတ်သေး… ကင်ဒေါ့ဂျာ၏ မျက်နှာမှာ ရှင်းရှင်းလင်းလင်း ပေါ်မလာပေ။ တစ်စုံတစ်ခုသော မြူမှုန်များဖြင့် ဖုံးကွယ်ထားသကဲ့သို့ဖြစ်နေလေသည်။
သို့မဟုတ် မဖန်တီးရသေးသော မျက်နှာတစ်ခုကဲ့သို့ပင်။
အဘယ်ကြောင့်နည်း။ သူ၏ မျက်နှာက အဘယ်ကြောင့် ရှင်းလင်းစွာ ပေါ်မလာရသနည်း။
လီဂျီဟယ်က ရှင်ယူဆောင်းကို ပြောလိုက်၏။
"ဒါက…သူ့မျက်နှာက ငါ့အကြိုက် မဟုတ်လို့ပါ"
"…နာရေးပွဲတုန်းကတော့ အမ အများကြီး ငိုခဲ့တာပဲလေ"
"ငါက သရုပ်ဆောင်နေတာပါ။ ငတုံးမရဲ့။ အဲဒီတုန်းက နက္ခတ်တွေက ငါ့ကို ဒင်္ဂါးတွေ အများကြီး ပေးခဲ့တာလေ"
[နက္ခတ်အချို့က လီဂျီဟယ်အား အမှန်တကယ် သရုပ်ဆောင်နေခြင်းလောဟု မေးမြန်းကြပါသည်။]
လီဂျီဟယ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"အမက အတော်ကိုရင့်ကျက်ဖို့လိုသေးတာပဲ။ လူဆိုတာ မျက်နှာတစ်ခုထဲကြည့်ပြီး အကြိုက်ကို ဆုံးဖြတ်ဖို့ သင့်တာမဟုတ်ဘူး"
"နင်ကတော့ တကယ့်ဟာမလေးပဲ…"
လီဂျီဟယ်သည် ရှင်ယူဆောင်းကို ခေတ္တမျှ ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။
"…ငါလည်း အဲဒီလောက်တော့ သိပါတယ်"
လီဂျီဟယ်က အသံတိုးတိုးဖြင့် ပြောလိုက်၏။ သိရုံနှင့် ဝန်ခံနိုင်သည်ဟု မဆိုလိုပေ။ ရင့်ကျက်မှု မရှိသေးသော လီဂျီဟယ်အတွက် ဝန်ခံဖို့ဆိုတာ မဖြစ်နိုင်ပေ။ လီဂျီဟယ်သည် ကင်ဒေါ့ဂျာအပေါ် များစွာ အကြွေးတင်နေခဲ့၏။ သူ့ကြောင့်သာ လီဂျီဟယ်တစ်ယောက် ရှင်သန်နေနိုင်ခဲ့ခြင်း ဖြစ်သည်။ လီဂျီဟယ် သိပေသည်။ လီဂျီဟယ် ကောင်းကောင်း သိသော်လည်း ဝန်မခံလိုပေ။ လီဂျီဟယ်သည် အခြေအနေကောင်းနေဆဲ အချိန်တွင် အကြွေးကို ပြန်ဆပ်ချင်ခဲ့ခြင်း ဖြစ်၏။
အမှန်စင်စစ် သူသည်… အတော်အတန် အထောက်အကူဖြစ်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ယခုမူ အကြွေးပြန်ဆပ်နိုင်မည့် အခွင့်အရေးမှာ ထာဝရ ကွယ်ပျောက်သွားလေပြီ။
[ရှေးဟောင်း မှော်စွမ်းအင် အကာအရံ၏ ကြာချိန်ကုန်ဆုံးရန် တစ်မိနစ်သာ ကျန်ပါတော့သည်။]
အကာအရံ ရှေ့ရှိ အမှောင်ထု လှုပ်ခတ်သွားသောကြောင့် လီဂျီဟယ် သတိဝင်လာသည်။ မိစ္ဆာ၏ အပြုံးမှာ ပို၍ ကြီးမားလာ၏။ အချိန်တန်ပြီဖြစ်ကြောင်း လီဂျီဟယ် သဘောပေါက်လိုက်သည်။
"ယူဆောင်း။ ဂီယောင်ကို ဆွဲထူပေးနိုင်မလား။ ငါ အချက်ပေးတာနဲ့ သူ့ကိုခေါ်ပြီး ထွက်သွားတော့"
"ဟင်"
"ငါပြောတာ နားထောင်စမ်းပါ"
သူငယ်ချင်းအတွက် အသက်စတေးခြင်းမှာ လီဂျီဟယ်နှင့် လုံးဝမတူသည့် လုပ်ရပ်ပင် ဖြစ်သည်။ သို့သော်လည်း လီဂျီဟယ်သည် ဤကဲ့သို့သော သူမျိုး ဖြစ်လာချင်ခဲ့သည်။ ထိုသိုဖြစ်လာချင်မိခြင်းမှာ သေဆုံးသွားသော လူသား၏ စံပြနမူနာကြောင့်ပင် ဖြစ်၏။
"မြန်မြန်လုပ်။ ထွက်ပြေးပြီး တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်။ ငါ ငရဲမရောက်ခင် အမြန်လုပ်"
"…နားလည်ပါပြီ။ အမလည်း ကြံ့ကြံ့ခံထားပါဦး"
အကူအညီတောင်းနိုင်မည့် အခြားသူ ရှိတော့မည် မဟုတ်ပေ။ သို့သော်လည်း လီဂျီဟယ်ဘက်က ဤကဲ့သို့သာ ပြောရမည် ဖြစ်သည်။ သို့မဟုတ်ပါက ထိုကလေးမသည် ထွက်သွားမည် မဟုတ်ချေ။
အကာအရံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လီဂျီဟယ် ရှေ့သို့ ပြေးထွက်သွားသည်။ အံ့အားသင့်သွားသော မိစ္ဆာမှာ ခုန်အုပ်လာသော်လည်း ထိုမျှသာ ဖြစ်၏။ လီဂျီဟယ်ကို ဝိုင်းရံထားသော မိစ္ဆာမျိုးစိတ်များသည် လီဂျီဟယ်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားကြသည်။ လီဂျီဟယ်၏ ဖြူဝင်းသော ပေါင်နှင့် လက်မောင်းများမှ သွေးများ စီးကျလာလေပြီ။
အကယ်၍ အနီးအနားတွင် ရေကန်တစ်ခုသာ ရှိခဲ့လျှင်။ မဟုတ်သေး၊ လွန်ခဲ့သော ရက်အနည်းငယ်က အဆက်အသွယ် ပြတ်တောက်သွားသည့် လီဂျီဟယ်၏ ထောက်ပံ့သူနှင့်သာ အဆက်အသွယ် ရနိုင်ခဲ့လျှင်အလွန်ကောင်းမည်ဖြစ်သည်။
"…ငါ မသေချင်ဘူး"
ဓါးရေးလေ့ကျင့်ခြင်း၏ လမ်းကြောင်းမှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး လီဂျီဟယ် အားနည်းလာသည်။ မိစ္ဆာ၏ အပြုံးမှာ ပို၍ပင် ကြီးမားလာ၏။ လီဂျီဟယ်၏ ဦးခေါင်းနောက်စေ့ကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ထိမှန်သွားပြီး မြင်ကွင်းမှာ ခေတ္တမျှ ဝေဝါးသွားသည်။
လီဂျီဟယ် တစ်ယောက်တည်း ရေရွတ်နေမိ၏။
"ငါ အသက်ရှင်ချင်တယ်…"
ယခင်ကလည်း အလားတူအဖြစ်မျိုး ကြုံဖူးသည်ဟု ထင်ရသည်။ ထိုစဉ်က ဘာဖြစ်ခဲ့သနည်း။
ထိုအခိုက်အတန့်တွင် လီဂျီဟယ်ရှေ့၌ အလင်းရောင်တစ်ခု ပေါ်လာသည်။ မဟူရာ ခြေရာခံသူများ၏ ခန္ဓာကိုယ်များမှာ နှစ်ပိုင်းကွဲသွားကြ၏။ အခြေအနေမှာ မေရှိယ ကြွဆင်းလာပြီး လှိုင်းလုံးများ နှစ်ခြမ်းကွဲသွားသည့်အလား ဖြစ်၏။
လီဂျီဟယ်မှာ မှော်ဝင်နေသကဲ့သို့ ကြည့်နေမိ၏။
ဇဝေဇဝါဖြစ်နေသော မိစ္ဆာ မြို့စား နော့စလော့ခ်က ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်း၏ပတ်ဝန်းကျင်တွင် အားကောင်းသော လျှပ်စစ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ လျှပ်စစ်စီးကြောင်းကြောင့် ဖြစ်ပေါ်လာသော အလင်းလမ်းကြောင်းပေါ်တွင် အမျိုးသားတစ်ဦး ရှိနေလေသည်။
အား… အား…
လီဂျီဟယ် ထစ်ထစ်အအ ပြောလိုက်သော်လည်း အသံထွက်မလာပေ။ သူသည် လီဂျီဟယ် မှတ်မိနိုင်ခြင်း မရှိခဲ့သည့် မျက်နှာပိုင်ရှင် ဖြစ်သည်။ သူ တစ်စုံတစ်ခု ပြောနေသော်လည်း လီဂျီဟယ် မကြားရပေ။ နောက်တစ်ခဏတွင် သူ၏မျက်နှာကို ဖုံးကွယ်ထားသော မြူများ ပျောက်ကွယ်သွားသည်။
မိစ္ဆာမြို့စားမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ဘာအတွက်ကြောင့်နည်း။ လီဂျီဟယ် မသိပေ။ သို့သော်လည်း အချက်တစ်ချက်မှာ သေချာနေသည်။
ယခုတစ်ကြိမ်တွင်မူ ထိုအမျိုးသား၏ မျက်နှာကို မြင်နေရပြီ ဖြစ်သည်။
'…ဦးလေးကြီး။ ဒါက ဦးလေးကြီးရဲ့ မျက်နှာလား'
[အမည်မရှိသေးသော နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
လီဂျီဟယ်သည် စနစ်မက်ဆေ့ချ်ကို နားထောင်ရင်း ပြုံးကာ ရှေ့သို့ လဲကျသွားလေပြီ။
[ဘာသာပြန်သူအမှာ
Monsterကို သားရဲ၊ Demonကို မိစ္ဆာလိုပဲ နောက်ပိုင်းဘာသာပြန်ပါတော့မယ်။ အခန်း ၁၅၃မှာ အဲ့ဒီ၂ခုက မျိုးစိတ်မတူဘူးရေးထားပါတယ်။ ရှင်ယူဆောင်းရဲ့ အစွမ်းနဲ့ ပတ်သတ်ပြီး ဘာသာပြန်တဲ့နေရာမှာ ရောထွေးနိုင်တာကြောင့် စကားလုံးအသုံးအနှုန်းကို ၁၅၂ကစပြီး သေချာခွဲခြားလိုက်ပါပြီ]