အခန်း (၁၅၃-၁၅၅)
Vol. 10 Ch. 153-155
အခန်း ၁၅၃
- အပိုင်း ၃၀ - မဟူရာရဲတိုက် (၃)
"... ခုနကစကားတွေက ဦးလေးကြီးကို ရည်ညွှန်းနေတာလား"
"ဘာလဲ"
"ဆိုးလ်မှာ နက္ခတ်အသစ် တစ်ပါး ပေါ်ထွက်လာတယ် ဆိုတာလေ..."
"အာ... အင်း။ အဲဒါ ဟုတ်ပါတယ်"
ပတ်ဝန်းကျင်ရှိ မိစ္ဆာများကို စိုက်ကြည့်ရင်း ကျနော် ခါးသီးစွာ ပြုံးလိုက်သည်။ လီဂျီဟယ်၏ အခြေအနေကို မြင်ပြီး ကျနော် အံ့အားသင့်သွားသော်လည်း လီဂျီဟယ်သည် အလွန်အမင်း တိုက်ခိုက်လိုစိတ် ပြင်းပြနေပုံရ၏။
မိစ္ဆာမြို့စား နော့စလော့ခ်။ ကြံ့တစ်ကောင်နှင့် တူသော ကောက်ကျစ်သည့် အဆိုပါမိစ္ဆာသည် ကိုယ်စားလှယ်ပေါင်းများစွာကို ဆွဲဖြဲသတ်ဖြတ်ခဲ့သည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။ အဆင့်မြင့်အဆင့်ရှိ မိစ္ဆာတစ်ကောင်ကို ချက်ချင်းပင် နှိမ်နင်းလိုက်နိုင်သဖြင့် ကျနော် မည်မျှ သန်မာလာသည်ကို သဘောပေါက်လိုက်၏။
လဲကျနေသော သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ လီဂျီဟယ်က ရေရွတ်သည်။
"ဒီကောင်က တကယ့်ကို သန်မာတာ... နက္ခတ်တစ်ပါး ဖြစ်လာပြီးနောက်မှာ ဦးလေးကြီး ဘယ်လောက်တောင် သန်မာသွားတာလဲ"
"ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အနိုင်ယူခဲ့တာ မဟုတ်ဘူး။ အခြားဇာတ်လမ်းတစ်ပုဒ်ရဲ့ စွမ်းအားကို ငှားသုံးခဲ့တာ"
"အခြားဇာတ်လမ်းဆိုတာ ဘာကြီးလဲ"
[မင်း... က... ဘယ်သူလဲ...]
အသက်ငင်နေဆဲဖြစ်သော နော့စလော့ခ်ကို ကျနော် လှမ်းကြည့်လိုက်သည်။
"ခဏလေးစောင့်"
ကျနော် ခြေလှမ်းလှမ်းလိုက်ပြီး နော့စလော့ခ်၏ ဦးခေါင်းကို ချေမွပစ်လိုက်၏။
[သင်သည် မိစ္ဆာနယ်မြေမှ မဟာမျိုးနွယ်ဝင် တစ်ဦးကို အနိုင်ယူလိုက်ပါပြီ။]
[၁၀,၀၀၀ ဒင်္ဂါး ရရှိပါသည်။]
['အဆင့်မြင့် မိစ္ဆာ၏ သက်သေ' ပစ္စည်းကို ရရှိပါသည်။]
[မိစ္ဆာနယ်မြေရှိ အဆင့်နိမ့်မျိုးစိတ်များသည် သင့်ကို ကြောက်ရွံ့နေပါတော့မည်။]
မူလအားဖြင့် မိစ္ဆာအစေခံတစ်ဦးကို သတ်ဖြတ်ခြင်းသည် ၎င်းတို့၏ 'မိစ္ဆာဘုရင်' ၏ အာရုံစိုက်မှုကို ရရှိစေမည် ဖြစ်သော်လည်း ဤဇာတ်ဝင်ခန်းမှာ ထိုသို့ မဟုတ်ပေ။ မဟူရာရဲတိုက် ဇာတ်ဝင်ခန်းရှိ မိစ္ဆာအားလုံးမှာ ၎င်းတို့၏ 'သခင်' အသစ်ကို စောင့်ဆိုင်းနေသူများသာ ဖြစ်သည်။
[နက္ခတ်အချို့သည် သင်၏ ထူးကဲသော တည်ရှိမှုကြောင့် အံ့အားသင့်နေကြပါသည်။]
[နက္ခတ်အတော်များများမှာ သင်၏ ဖြစ်နိုင်စွမ်းကို မေးခွန်းထုတ်နေကြပါသည်။]
အမှန်တကယ်ပင် ဖြစ်နိုင်စွမ်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေ၏။ ကျနော်၏ ခွန်အားမှာ လောလောဆယ်တွင် ဇာတ်ဝင်ခန်း၏ မျှခြေကို ချိုးဖောက်နေသည့် အဆင့်တွင် ရှိနေလေသည်။ သို့သော်လည်း နော့စလော့ခ်ကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်မှာ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်သောကြောင့်သာ မဟုတ်ပေ။
[‘မေရှိယ၏ လမ်းစဉ်’ ဇာတ်လမ်းသည် တစ်စိတ်တစ်ပိုင်း အသက်ဝင်နေပါသည်။]
အလွယ်တကူဖယ်ရှားနိုင်ခဲ့ခြင်းမှာ 'မေရှိယ၏ လမ်းစဉ်' မှ ရရှိသော 'အကြွင်းမဲ့ မြင့်မြတ်ခြင်း' အကျိုးသက်ရောက်မှု ဖြစ်၏။
မိစ္ဆာများအပေါ် အထူးစွမ်းရည်ရှိသည့် ထိုဇာတ်လမ်းကို အေဒင်ထံမှ ကျနော် ငှားရမ်းထားခြင်း ဖြစ်သည်။
[နက်ဗျူလာ အေဒင်က ‘ဇာတ်လမ်းကိုးကားခ’ ပေးဆောင်ရန် သင့်ကို တောင်းဆိုနေပါသည်။]
လေထဲတွင် လက်ဝါးကပ်တိုင် ပုံသဏ္ဌာန် ကျနော်ရေးဆွဲလိုက်ရာ မက်ဆေ့ချ်တစ်ခု ကြားလိုက်ရ၏။
[နက်ဗျူလာ အေဒင်သည် သင်၏ ဇာတ်လမ်းကိုးကားမှုအတွက် ဝမ်းမြောက်နေပါသည်။]
ဤကဲ့သို့ အချိန်တိုင်း ကိုးကားခ ပေးနေရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်သော်လည်း ခိုးယူအသုံးပြုခြင်းထက်စာလျှင် ပိုကောင်းသည်။ ထို့အပြင် ယခုအချိန်တွင် ၎င်းကို အသုံးပြုခြင်းအတွက် အခြားပေးဆပ်မှုများ ပြုလုပ်ရန် မလိုပေ။ ဤသည်မှာ အေဒင် နက်ဗျူလာမှ ပေးအပ်သော အထူးဝန်ဆောင်မှု ဖြစ်၏။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က ကျေနပ်နေပါသည်။]
ဤအရာအားလုံးမှာ ချစ်စရာကောင်းသော ယူရီအယ်ကြောင့်ပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ‘ရှင်သန်ခြင်းပွဲတော်’ မှာ ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့၏။
"ဦးလေးကြီး... ဦးလေးကြီးက ဘာသာရေးကို ယုံကြည်သွားတာလား"
လီဂျီဟယ်မှာ အသက်ကို ပြင်းပြင်းရှူရင်း ရယ်မောလိုက်သည်။ လီဂျီဟယ်၏ ညာဘက်ပခုံးနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများ ရရှိထား၏။
"တောင်းပန်ပါတယ်။ ဆိုးလ်ရဲ့ ၁၀ ယောက်မြောက် အသန်မာဆုံးလူက ကြည့်ရတာ စုတ်ပြတ်သတ်နေတယ်မလား "
"အခုက နင့်အတွက် အခက်ခဲဆုံးအချိန်ပဲ။ စိတ်မပူပါနဲ့။ နောက်ဆို အဆင်ပြေသွားမှာပါ။ ငြိမ်ငြိမ်လေးနေ။ လွဲသွားတဲ့ နင့်အရိုးကို ငါ အခု ပြန်ဆက်ပေးမယ်"
"ဟမ်။ အားးးးးး"
အဲလိန်းတောအုပ်၏ဇီဝစွမ်းအားကို အသုံးပြုသင့်သည်ဟု ကျနော် တွေးမိသည်။ သို့သော်လည်း ကျနော်၏ အနန္တနယ်ပယ် အာကာသဝတ်ရုံထဲတွင် မည်သည့်ပစ္စည်းမှ ကျန်မနေတော့ပေ။ မသေဆုံးခင်က ထိုပစ္စည်းများကို ဟန်ဆိုယောင်းထံ ကျနော် အပ်နှံခဲ့သည်။
အဋ္ဌမမြောက် ဇာတ်ဝင်ခန်းတွင် မသေဆုံးမီလေးတင် ဟန်ဆိုယောင်းနှင့် ကတိကဝတ် အသေးစားတစ်ခု ပြုလုပ်ခဲ့ပြီး ပစ္စည်းအားလုံးကို ဟန်ဆိုယောင်းထံတွင် ထားခဲ့၏။ သို့ဖြစ်ရာ... နည်းလမ်းတစ်ခုသာ ကျန်တော့သည်။
"ဒိုကဲဘီ အိတ်"
ကျနော် ပါးစပ်မှ ပြောလိုက်သည်နှင့် ရှေ့တွင် ဒိုကဲဘီအိတ်၏ စနစ်ဇယား ပေါ်လာသည်။
[နက္ခတ်အချို့သည် သင်၏ ရပိုင်ခွင့်အခွင့်အရေးများကို မေးခွန်းထုတ်နေကြပါသည်။]
ယခုအချိန်အထိ နက္ခတ်အများစုသည် ဘီဟွန်းက ကြော်ငြာများ ဖွင့်ထားပေးသောကြောင့် ကျနော် ဒိုကဲဘီအိတ်၏ အကျိုးကျေးဇူးကို ခံစားနေရသည်ကို မသိကြပေ။ ယခုအခါတွင်မူ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်သွားပြီဖြစ်၍ ဖုံးကွယ်ထားရန် မလိုတော့ချေ။
အဲလိန်းတောအုပ်၏ဇီဝစွမ်းအားကို ကျနော်ချက်ချင်းဝယ်ယူလိုက်ပြီး လီဂျီဟယ်ကို တိုက်ကျွေးလိုက်သည်။
"အွတ်... အူး"
"စားပြီးရင် အိပ်လိုက်တော့"
"…ကျေးဇူးတင်ပါတယ်။ ဦးလေးကြီး"
"အင်း... ငါ့ဈာပနမှာ ငါ့အတွက် ငိုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
"…ကျမ အခု သတိလစ်တော့မှာမလို့ ကျမကို စကားမပြောပါနဲ့တော့"
လီဂျီဟယ်မှာ အိပ်မောကျသွားလေသည်။ ကျနော် လီဂျီဟယ်ကို မလိုက်စဉ် နောက်ကျောဘက်မှ ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရ၏။
"ဦးလေး..."
နွေးထွေးသော ခံစားချက်တစ်ခု ကျနော့်ရင်ထဲ စီးဝင်လာသည်။ နောက်လှည့်ကြည့်စရာပင်မလိုဘဲ ထိုအသံပိုင်ရှင်မှာ မည်သူဖြစ်သည်ကို ကျနော် သိနေ၏။
[သင့်ကိုယ်စားလှယ်က သင့်ကို ကြည့်နေပါသည်။]
ဤခံစားချက်သာ မရှိခဲ့ပါက ဤနေရာကို ကျနော် တန်းတန်းမတ်မတ် လာနိုင်ခဲ့မည် မဟုတ်ပေ။ ငိုနေသော ရှင်ယူဆောင်းကို မြင်လိုက်ရသည့်အခါ မိဘများမှာလည်း ဤကဲ့သို့ ခံစားရမည်ဟု ကျနော် တွေးမိသည်။
"ဦးလေး"
ကျနော် ရှင်ယူဆောင်းကို ဖမ်းဆွဲလိုက်ပြီး ခပ်ဖွဖွ ပွေ့ဖက်လိုက်၏။
"ငါ မရှိတာ ကြာသွားလား"
"တစ်ပတ်တောင် ကြာသွားတာ..."
တစ်ပတ်။ ချီး... ကျနော် စီစဉ်ထားသည်ထက် နောက်ကျပြီးမှ ပြန်လည်ရှင်သန်လာခဲ့ခြင်း ဖြစ်သည်။
"သွားရအောင်။ အခြားတစ်ယောက်ဆီမှာ အပ်ထားတဲ့ ပစ္စည်းတွေကို ငါသွားရှာရဦးမယ်"
………………………………………………………………………………….
“...တစ်ပတ်တောင် ကုန်သွားပြီ။ နင် ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”
ဟန်ဆိုယောင်းသည် မဟူရာရဲတိုက်၏ ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း ရေရွတ်လိုက်၏။
မိစ္ဆာအစေခံများ သောင်းကျန်းနေသော မဟူရာရဲတိုက်ထဲတွင် ဤကဲ့သို့ ပြုမူခြင်းမှာ ရူးသွပ်ရာရောက်လှသည်။ ကံကောင်းထောက်မစွာပင် ဟန်ဆိုယောင်း၏အသံကိုကြားပြီး မည်သည့်မိစ္ဆာအစေခံမှ ရောက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် အပေါ်ထပ်သို့ တက်သွားစဉ် အနီးနားရှိ မိစ္ဆာအစေခံအားလုံးကို ရှင်းလင်းသွားခဲ့သောကြောင့် ဖြစ်သည်။
ထိုအရာကို လုပ်ဆောင်သွားသူမှာ အခြားသူမဟုတ်ဘဲ ယူဂျွန်ဟော့ပင် ဖြစ်တော့သည်။
“ချီး... နာမည်ကြီး အဓိကဇာတ်ကောင် အစုတ်ပလုတ်ကြီး”
ဟန်ဆိုယောင်းမှာ အံကြိတ်လိုက်မိ၏။
လွန်ခဲ့သော မိနစ် ၃၀ ခန့်က ဟန်ဆိုယောင်းသည် ဤနေရာ၌ ယူဂျွန်ဟော့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ထို့နောက်တွင်တော့ ဟန်ဆိုယောင်းသည် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရလေသည်။
ဟန်ဆိုယောင်း၏ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေပြီး ခေါင်းထဲတွင်လည်း မူးဝေနေ၏။ မိစ္ဆာမျိုးစိတ်များက ဟန်ဆိုယောင်းအတွက် ပြဿနာမဟုတ်ပေ။ တကယ့်မိစ္ဆာမှာ ယူဂျွန်ဟော့သာ ဖြစ်သည်။
“လူလိမ်ကောင်။ နင်က ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို အသုံးချနိုင်ရတာလဲ... ကင်ဒေါ့ဂျာ”
ဟန်ဆိုယောင်း မည်သို့ပင် စဉ်းစားစေကာမူ နားမလည်နိုင်ပေ။
ဆိုးလ်အဆင့်သတ်မှတ်ချက်တွင် ယူဂျွန်ဟော့မှာ နံပါတ် ၃ ဖြစ်ပြီး ဟန်ဆိုယောင်းမှာ နံပါတ် ၄ ဖြစ်သည်။ သို့သော်လည်း အဘယ်ကြောင့် ကွာခြားချက်မှာ ဤမျှအထိ ကြီးမားနေရသနည်း။ ဟန်ဆိုယောင်း အသက်မဆုံးရှုံးခဲ့ရခြင်းမှာ နောက်ဆုံးအချိန်တွင် ပြောလိုက်သော စကားများကြောင့် ဖြစ်သည်။
‘ဟေ့… ဒါတွေက ကင်ဒေါ့ဂျာရဲ့ ပစ္စည်းတွေနော်။ နင်က လုချင်လို့လား’
‘...ကင်ဒေါ့ဂျာက ဘာလို့ သူ့ပစ္စည်းတွေကို နင့်ဆီမှာ ထားခဲ့ရတာလဲ’
‘အဲ့ဒါက... ကျမက အယုံကြည်ရဆုံးလူ ဖြစ်နေလို့ဖြစ်မှာပေါ့’
‘ဒါဆို ငါ နင့်ကိုသတ်ပြီး အဲ့ဒါတွေကို ယူမယ်’
‘ရှ-ရှင်က ကျမကို သတ်မလို့လား။ ကင်ဒေါ့ဂျာ ဒေါသထွက်လိမ့်မယ်နော်’
ယူဂျွန်ဟော့သည် ခဏတာ စဉ်းစားပြီးနောက်တွင်တော့ နောက်ဆုံး၌ ဟန်ဆိုယောင်းကို လွှတ်ပေးခဲ့၏။
‘ငါ့ရှေ့မှာ သူ့အကြောင်း နောက်တစ်ခါ ထပ်ပြောရင်တော့ ငါ နင့်ကို တကယ်သတ်မှာ’
ထို့နောက်တွင်တော့ သူသည် ဒုတိယထပ်သို့ ဦးတည်သွားခဲ့လေသည်။ ဟန်ဆိုယောင်းသည် ထိုအကြောင်းကို စဉ်းစားမိသည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်၏။
“အဲ့ဒီလူကတော့... အားးးးး…. မဟူရာမီးလျှံ အသူတစ်ရာနဂါး။ ရှင်က အားအကောင်းဆုံးနက္ခတ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ကျမ ဘာလို့ သူ့ကို မနိုင်ရတာလဲ”
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်သည် အလေးအနက် စဉ်းစားနေပါသည်။]
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်က ၎င်း၏အမှား မဟုတ်ကြောင်း ပြောပါသည်။]
ဟန်ဆိုယောင်း သက်ပြင်းချလိုက်၏။ ဤမြင်ကွင်းမှာ ဟန်ဆိုယောင်းကို စိတ်ဝေဒနာရှင်တစ်ဦးဟု အထင်မှားစေနိုင်သော အခြေအနေမျိုး ဖြစ်နေစေတော့သည်။
“ပြဿနာပဲ။ အဲ့ကောင်က သူ့ညီမလေးကို အပေါ်ခေါ်သွားတယ်... ဒါက ကင်ဒေါ့ဂျာ သေချာပေါက် မုန်းမယ့် ကိစ္စကြီး။ အခြေအနေက ဒီလိုဖြစ်နေတာကို ကင်ဒေါ့ဂျာက ဘယ်ရောက်နေတာလဲကွာ”
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်က သင် ဘာကို ဆိုလိုခြင်းဖြစ်ကြောင်း မေးမြန်းနေပါသည်။]
“တကယ်ကိုအသုံးမကျတဲ့ကောင်ပဲ။ ဒါနဲ့ အဲ့ဒီလူက ငါ့ရဲ့ ‘သက်သေ’ တွေကို အကုန်ယူသွားတာဆိုတော့ ငါက အစကနေ ပြန်စရတော့မယ်...”
ဟန်ဆိုယောင်းသည် ဇာတ်ဝင်ခန်းဇယားကို ဖွင့်လိုက်၏။
[အဓိကဇာတ်ဝင်ခန်း #၉ - မိစ္ဆာ၏သက်သေ]
အမျိုးအစား
အဓိက
ခက်ခဲမှု
A++
ပြီးမြောက်ရန် လိုအပ်ချက်
မိစ္ဆာမျိုးစိတ်များကို အမဲလိုက်၍ ‘မိစ္ဆာ၏သက်သေ’ ၉ ခုကို
စုဆောင်းကာ ဒုတိယထပ်ရှိ ယဇ်ပလ္လင်ပေါ်တွင် တင်ပါ။
အချိန်ကန့်သတ်ချက်
၂၃ ရက်
ဆုလာဘ်
၅၀,၀၀၀ ဒင်္ဂါး
ကျရှုံးမှု
???
မိစ္ဆာအစေခံများမှာ အလွန်စွမ်းအားကြီးသောကြောင့် ဤဇာတ်ဝင်ခန်းမှာ အနည်းငယ် ခက်ခဲသော်လည်း ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ပါက ပြီးမြောက်နိုင်ပေသည်။ အဓိကအင်အားစုများမှာ ဒုတိယထပ်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။
ဟန်ဆိုယောင်းသည် အဆင့်သတ်မှတ်ချက်အတွင်း ပါဝင်သော်လည်း အခြားသော အဆင့်ရသူများ၏ ကျော်တက်ခြင်းကို ခံရနိုင်၏။ မဟူရာရဲတိုက်၏ ဆုလာဘ်မှာ အလွန်ကောင်းမွန်သောကြောင့် ဟန်ဆိုယောင်း အနည်းငယ်မျှ နှောင့်နှေးသွားပါက အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားလိမ့်မည်။
‘ငါ ဘာလုပ်ရမလဲ’
ထိုအချိန်တွင် စင်္ကြံလမ်း၏ အခြားတစ်ဖက်မှ လူတစ်စုသည် ဟန်ဆိုယောင်း၏ အာရုံကို ဖမ်းစားလိုက်၏။ ဟန်ဆိုယောင်းသည် ဤအခြေအနေမှာ ပိုကောင်းသည်ဟု တွေးလိုက်သည်။ ဟန်ဆိုယောင်းအနေဖြင့် ထိုလူများထံမှ သက်သေများကို လုယူနိုင်လေသည်...
“ဟန်ဆိုယောင်း”
သူတို့၏မျက်နှာများကို မြင်လိုက်ရသည့်အခါ ဟန်ဆိုယောင်း သက်ပြင်းချမိသွား၏။
“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲဟ”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ဟန်ဆိုယောင်းက ပြန်ဖြေသည်။
“...ကျမ မိစ္ဆာအစေခံတွေနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရသွားတာပါ။ လီဟန်းဆောင်လည်း ဒီဝင်္ကပါထဲကို ရောက်နေတာလား”
“မှန်ပါတယ်။ ခင်ဗျား အဆင်ပြေရဲ့လား”
သူသည် အသန့်စင်ဆုံး သံမဏိ လီဟန်းဆောင်ပင် ဖြစ်သည်။
‘ဒီလူက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ’
ကင်ဒေါ့ဂျာ၏ အပေါင်းအဖော် လီဟန်းဆောင်လည်း ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ အခြေအနေ မည်မျှပင် အရေးကြီးစေကာမူ ဟန်ဆိုယောင်းအနေဖြင့် အဓိကဇာတ်ကောင်များ၏ သက်သေများကို မလုယူနိုင်ပေ...
ဟင်။
“လီဟန်းဆောင်။ အဲ့ဒီဘက်ကို မသွားနဲ့”
လှပသော မျက်နှာပိုင်ရှင်ထံမှ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာ၏။ လီဟန်းဆောင်နှင့်အတူ ပေါ်လာသော လူလေးဦးမှာ ဟန်ဆိုယောင်း သိသောလူများ မဟုတ်ပေ။
လှမ်းအော်လိုက်သောအမျိုးသမီးသည် နောက်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်သည်။
“လီဟန်းဆောင်။ ကျမစကားကို မကြားဘူးလား။ အဲ့ဒါက ထောင်ချောက် ဖြစ်နိုင်တယ်”
“ဟုတ်တယ်။ နောက်ဆုတ်ခဲ့။ ဒီဘက်ကို လာ”
“ဒါပေမဲ့...”
လီဟန်းဆောင်သည် ဟန်ဆိုယောင်းနှင့် ထိုအမျိုးသမီးတွေအကြား ဝေခွဲမရ ဖြစ်နေလေသည်။
ဟန်ဆိုယောင်းသည် လီဟန်းဆောင်ကို စကားလှမ်းပြောလိုက်၏။
"နင့်အဖွဲ့က ပြောင်းသွားတာလား။ ဘာလို့ ရုတ်တရက်ကြီး မိန်းမတွေနဲ့ ဝိုင်းနေရတာလဲ"
"ကျုပ် ဝင်္ကပါထဲမှာ အဖွဲ့နဲ့ လူချင်းကွဲသွားလို့ပါ..."
လီဟန်းဆောင်သည် အခက်တွေ့နေသည့် ပုံစံရှိပြီး အခြားအမျိုးသမီးများကလည်း သူ့ထံ ပြေးလာကာ လက်မောင်းကို ဆွဲကိုင်လိုက်ကြသည်။
"ဘာလို့ အဲ့ဒီမိန်းမပြောတာကို နားထောင်နေတာလဲ"
"အဲ့ဒီဒဏ်ရာတွေက မိစ္ဆာအစေခံတွေနဲ့ တိုက်လို့ ရထားတာ မဟုတ်ဘူး။ အဲ့ဒီမိန်းမက သံသယဖြစ်စရာကြီး"
"ဟုတ်တယ်"
"ဟန်းဆောင်က အရမ်းရိုးလွန်းတယ်။ ဒီလိုကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မယုံရဘူးရှင့်"
လီဟန်းဆောင်သည် ထိုအမျိုးသမီးများ၏ ဆွဲခေါ်ခြင်းကို အလူးအလဲ ခံလိုက်ရ၏။ ဟန်ဆိုယောင်းသည် 'ဝိသေသလက္ခဏာထောက်လှမ်းခြင်း' ကို အသက်ဝင်စေလိုက်သည်။ ထို့နောက်တွင်တော့ ဟန်ဆိုယောင်း၏ မျက်စိရှေ့တွင် ပေါ်လာသော နာမည်များကို မြင်လိုက်ရသည့်အခါ ဟန်ဆိုယောင်း၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
'…ငါ ဘာတွေကို မြင်နေရတာလဲ။ သူတို့တွေတဲ့လား'
ပျက်စီးသွားသော ကမ္ဘာကြီးတွင် လူများ အသားကျပုံမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ယောင်ဟီဝန်နှင့် လီဂျီဟယ်တို့ကဲ့သို့ မိမိကိုယ်ကိုယ် ယုံကြည်သူ အမျိုးသမီးများ ရှိသကဲ့သို့ အခြားသူများကို အသုံးချသော အမျိုးသမီးများလည်း ရှိကြသည်။ သို့သော် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ...
"လီဟန်းဆောင်။ ရှင့်မှာ ပုံမှန်မဟုတ်တဲ့ အာသီသရှိမှန်း ငါ မသိခဲ့မိဘူး"
"ဗျာ"
"သူတို့အားလုံးက ယောကျ်ားတွေဆိုတာ နင် မသိဘူးလား"
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်တစ်ပါးမှာ အံ့အားသင့်သွားပါသည်။]
[အမျိုးသမီးတစ်ဦးကို ချစ်မြတ်နိုးနေသော နက္ခတ်မှာ ထိတ်လန့်သွားပါသည်။]
ဟန်ဆိုယောင်း၏ စကားကြောင့် အမျိုးသမီးများမှာ အလန့်တကြား အော်ဟစ်လိုက်ကြ၏။
"န-နင် အခု ဘာတွေ ပြောနေတာလဲ"
"ကျမတို့ကို မစွပ်စွဲနဲ့"
ဤလူများကို ယောကျ်ားများဟု ထင်ရန်မှာ မဖြစ်နိုင်လောက်အောင်ပင်။ သို့ပေသိ ဟန်ဆိုယောင်းက သူတို့ကို သိနေသည်။ သူတို့မှာ 'ကိုယ်ရောင်ဖျောက်ခြင်း' နှင့် 'တားမြစ်ထားသော ဆွဲဆောင်မှု' ကို အသုံးပြု၍ အဆင့်မြင့်သူများ သို့မဟုတ် အားနည်းသူများကို သတ်ဖြတ်လေ့ရှိသော လေးဦးတွဲ အဖွဲ့တစ်ခု ဖြစ်သည်။
ဟန်ဆိုယောင်းသည် ထိုအဖွဲ့၏ အမည်ကို မှတ်မိသွား၏။
[Pink Kids]
သူတို့သည် မိန်းကလေး အဖွဲ့အမည်ကို ယူထားသော်လည်း တကယ်တမ်းတွင်မူ အသက် ၄၀ ကျော် ယောကျ်ားကြီးများသာ ဖြစ်ကြသည်။ ဟန်ဆိုယောင်းက သူတို့ကို စကားလှမ်းပြောလိုက်၏။
"ဟေ့… အန်ကယ်တို့။ မိန်းကလေးငယ်လေးတွေအဖြစ် ဟန်ဆောင်ရတာ ပျော်ရဲ့လား။ လီဟန်းဆောင်။ ရှင်သာ သူတို့နဲ့ ဆက်နေရင် အလှည့်စားခံရပြီး အသတ်ခံရလိမ့်မယ်"
"ဒီအရူးမက ဘာတွေ လျှောက်ပြောနေတာလဲ"
"ဟန်းဆောင်။ သွားရအောင်။ သူက ထူးဆန်းတဲ့လူပဲ"
Ways of Survival ထဲတွင် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်ခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။ ဤကမ္ဘာတွင် Pink Kids ထက် ပိုဆိုးသော လူမိုက်များစွာ ရှိလေသည်။ ထို့ကြောင့် ထိုလူများကို ပြုပြင်ပြောင်းလဲပေး၍ ရနိုင်သော်လည်း...
"ကင်ဒေါ့ဂျာဆိုရင်တော့ ဒါမျိုး ပြုပြင်ပြောင်းလဲပေးဖို့ ကြိုးစားကောင်း ကြိုးစားလိမ့်မယ်..."
သို့ပေသိ ဟန်ဆိုယောင်းသည် ကင်ဒေါ့ဂျာနှင့် မတူပေ။
"ဒီလို ရွံစရာကောင်းတဲ့ အကောင်တွေကို ငါ ရှင်းပစ်ရမယ်"
ဤအတိုင်းသာဆိုလျှင် လီဟန်းဆောင်သည် Pink Kids ၏ နောက်ကျော ဓားဖြင့် ထိုးခြင်းခံရမည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသည်။ သူ သေဆုံးသွားပါက ဇာတ်ဝင်ခန်းများအပေါ် ပြင်းထန်သော သက်ရောက်မှု ရှိလိမ့်မည်။ ဟန်ဆိုယောင်း၏ ခန္ဓာကိုယ်မှ ကိုယ်ပွား အမြောက်အမြား ထွက်ပေါ်လာပြီး ဝိုင်းရံလိုက်၏။
လီဟန်းဆောင်သည် အလျင်အမြန် ရှေ့သို့ ထွက်လာသည်။
"ဘ-ဘာလုပ်မလို့လဲ"
ဟန်ဆိုယောင်းက အမိန့်ပေးလိုက်၏။
"ဖယ်စမ်း။ သူတို့ကို သတ်မလို့"
"သူတို့က လူဆိုးတွေ မဟုတ်ပါဘူး"
လီဟန်းဆောင်သည် ရှေ့မှ ဖယ်မပေးပေ။ သူသည် ပြုစားခံထားရပုံ မရသော်လည်း ထိုနေရာတွင် ခိုင်ခိုင်မာမာ ရပ်နေ၏။ ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ လီဟန်းဆောင်ပင် ဖြစ်သည်။ Pink Kids အဖွဲ့ဝင်များက လီဟန်းဆောင်ကို ကြည်နူးသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဟန်ဆိုယောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
"ရှေ့က မဖယ်ရင် ရှင့်ကိုပါ သတ်ပစ်မယ်"
"ဟန်ဆိုယောင်း။ ရှင်ဟာ သန်မာမှန်း သိပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျမတို့လည်း ကျမတို့ရဲ့ ခွန်အားကို ယုံကြည်ပါတယ်"
"ဒါဆိုရင်လည်း ငါ့အစွမ်းကို မြည်းကြည့်လိုက်လေ"
ဟန်ဆိုယောင်းသည် Pink Kids ဆီသို့ ပြေးဝင်သွားချိန်တွင် ဟန်ဆိုယောင်း၏ ကိုယ်ပွားများက လီဟန်းဆောင်ဆီသို့ ပြေးသွားကြ၏။
"သေလိုက်တော့ နှာဘူကောင်တွေ"
" မလုပ်နဲ့"
"အားးးး… ဟန်းဆောင် ကယ်ပါဦး"
လီဟန်းဆောင်သည် 'သံမဏိအသားအရေ' ကို အသက်ဝင်စေပြီး ဟန်ဆိုယောင်း၏ ကိုယ်ပွားများကို ပြင်းထန်သော ခွန်အားဖြင့် စတင်သုတ်သင်လေတော့သည်။ ပြင်းထန်လှသော ထိခိုက်မှုများကြောင့် ဟန်ဆိုယောင်းမှာ ချွေးပြန်လာရ၏။
'သူက တကယ့်ကို သံမဏိဓားပဲ'
Pink Kids အဖွဲ့ဝင်များမှာ ထွက်ပြေးရန် ကြံစည်နေသည်ကို ဟန်ဆိုယောင်း သတိထားမိလိုက်သည်။ ဤအတိုင်းဆိုလျှင် သူတို့တွေ လွတ်သွားလိမ့်မည်။ ရန်သူအဖြစ် သတ်မှတ်ပြီးမှတော့ သူတို့ကို အသက်ရှင်လျက် လွှတ်ပေးထား၍ မည်သို့မျှ ကောင်းမည်မဟုတ်ပေ။
'လုပ်မှဖြစ်တော့မယ်'
ဟန်ဆိုယောင်းသည် လျှို့ဝှက်လက်နက်ကို အသုံးပြုရန် အခြေအနေက တွန်းအားပေးလာ၏။ ဟန်ဆိုယောင်းသည် လီဟန်းဆောင်ကို ကြည့်ကာ ခါးခါးသီးသီး ပြုံးလိုက်သည်။
"ပွဲကောင်းကောင်းလေး တစ်ခုလောက် ကြည့်ချင်လား"
နောက်တစ်ခဏတွင် လီဟန်းဆောင်ကို ဝိုင်းထားသော ဟန်ဆိုယောင်း၏ ကိုယ်ပွားများသည် သူတို့၏ အဝတ်အစားများကို ချွတ်ချလိုက်ကြ၏။ ဟန်ဆိုယောင်း၏ ဖြူဖွေးသော အသားအရေမှာ ပေါ်ထွက်လာလေသည်။ လီဟန်းဆောင်သည် မျက်နှာနီမြန်းသွားကာ မျက်လုံးများကို အုပ်ရင်း လဲကျသွားတော့သည်။
"ဝါးးးး။ ဒါ ဘာကြီးလဲ"
ဟန်ဆိုယောင်းသည် လီဟန်းဆောင်၏ ခန္ဓာကိုယ်ကို နင်းကာ ရှေ့သို့ ပျံတက်သွား၏။
"ဖင်ပြောင်မကြီး"
ဟန်ဆိုယောင်းသည် လေထဲတွင် ပျံဝဲသွားပြီး ထွက်ပြေးနေသော Pink Kids အဖွဲ့ဝင်များ၏ နောက်ကျောကို ဓားမြှောင်ဖြင့် ချိန်ရွယ်လိုက်သည်။
"န-နင် ဘာလုပ်... အားးး"
'ယွန်းဝူးချွဲ။ အသက် ၄၁ နှစ်။ ဒင်္ဂါးခြံ တစ်ခုကို စီမံခန့်ခွဲခဲ့သူ'
Pink Kids အဖွဲ့၏ အခြားအဖွဲ့ဝင်တစ်ဦးသည် သေဆုံးသွားသော သူ၏အပေါင်းအဖော်ကို မြင်ပြီး အော်ဟစ်လိုက်၏။
"လီးပဲ။ ငါတို့က ဘာအမှားမှ မလုပ်ရသေးဘူးလေ"
'ဟွမ်မင်းဂျူ။ အသက် ၄၃ နှစ်။ လူကုန်ကူးမှုနဲ့... ဘာကြီးလဲဟ'
ဟန်ဆိုယောင်း၏ ဓားမြှောင်သည် သူ၏လည်ပင်းကို ဖြတ်သန်းသွား၏။ Pink Kids အဖွဲ့၏ အသွင်ပြောင်းလဲမှုမှာ ပျက်ပြယ်သွားပြီး အမွေးအမျှင်များဖြင့် ပြည့်နေသော ခြေထောက်များ ပေါ်လာလေသည်။
"ကျုပ်-ကျုပ်ကို ချမ်းသာပေးပါ"
'ဘန်တက်ဟို။ အသက် ၃၉ နှစ်။ တတိယမြောက် အပိုင်းက ကလေးတွေကို... ဘာပဲဖြစ်ဖြစ် သေလိုက်တော့'
ခဏလေးအတွင်းတွင် Pink Kids အဖွဲ့ဝင်များထဲမှ တစ်ယောက်သာ ကျန်ရှိတော့သည်။ ဟန်ဆိုယောင်းသည် ကြောက်လန့် တုန်ရင်နေသော ထိုလူလတ်ပိုင်းအရွယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
'ဒီလူက ဘာလုပ်ခဲ့တာလဲ'
ဟန်ဆိုယောင်းသည် ခေတ္တမျှ တွေးတောနေပြီး နောက်ဆုံးကျန်ရှိသည့် Pink Kids အဖွဲ့ဝင်ကို သတ်ရန် ပြင်လိုက်သော်လည်း တစ်နေရာမှ မှော်စွမ်းအင်တစ်ခု ပျံသန်းလာပြီး ဟန်ဆိုယောင်း၏ ဓားမြှောင်ကို တားဆီးလိုက်သည်။
ထို့နောက်တွင်တော့ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"နင် အမှားလုပ်လိုက်ပြီ"
"...ဘာ"
"နင် ဒီလူကို မသတ်သင့်ဘူး။ သူက ငါ့ရဲ့ ဗျူဟာအတွက် လိုအပ်တယ်"
ဟန်ဆိုယောင်းသည် ခေါင်းကို လှည့်ကြည့်လိုက်ပြီး စိတ်အေးသွားသည့် လက္ခဏာဖြင့် သက်ပြင်းချလိုက်၏။ ဟန်ဆိုယောင်းက ရယ်မောလိုက်သည်။
"နင် နောက်ကျလိုက်တာ။ ကင်ဒေါ့ဂျာ"
အပိုင်း ၁၅၄
- အခန်း ၃၀ - မဟူရာရဲတိုက် (၄)
ဟန်ဆိုယောင်းသည် ကျနော့်စကားကို ကြားပြီးနောက် ဆွံ့အသွားကာ ရေရွတ်လိုက်၏။
"…နင် တကယ်ပဲ နက္ခတ်တစ်ပါး ဖြစ်သွားတာလား"
လွန်ခဲ့သော ရက်အနည်းငယ်က ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူက ရုတ်တရက် နက္ခတ်တစ်ပါးအဖြစ် ပေါ်လာသည်မှာ အမှန်ပင် ထူးဆန်းလှသည်။ ကိုယ်စားလှယ်တစ်ဦး နက္ခတ်အဖြစ် ပြန်လည်မွေးဖွားလာခြင်းနှင့် ပတ်သက်၍ ဟန်ဆိုယောင်း တစ်ခါမျှ မဖတ်ဖူးခဲ့ချေ။
"အင်း၊ ငါက နက္ခတ်တစ်ပါးပဲ"
"တကယ်လား၊ အတည်ပြောနေတာလား"
"ဟုတ်တယ်"
ဟန်ဆိုယောင်း၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"…အဲ့ဒါက အဲ့ဒီလောက် လွယ်လို့လား"
မလွယ်ကူကြောင်း ကျနော် ပြောပြချင်သော်လည်း ဟန်ဆိုယောင်းက နားမထောင်ချေ။
"ချီး… ဒါဆို အခုကစပြီး နင်က ဇာတ်ဝင်ခန်းရဲ့ အပြင်ဘက်ကနေ ငါတို့ကို ကြည့်ပြီး ထောက်ပံ့ပေးတော့မှာလား"
"အဲ့ဒီလို မဟုတ်ဘူး။ ငါက ဇာတ်ဝင်ခန်းအတွင်းမှာတင် နက္ခတ်ဖြစ်လာတာဆိုတော့ ဇာတ်ဝင်ခန်းတွေမှာ ဆက်ပြီး ပါဝင်နေရဦးမှာပဲ"
"ဘာကွာသွားတာလဲ၊ ငါတော့ လုံးဝ ခွဲခြားလို့ မရဘူး"
အမှန်စင်စစ် ကျနော်ကိုယ်တိုင်လည်း လက်တွေ့မဆန်သလို ခံစားနေရသည်။ ဇာတ်လမ်းများကို ငှားရမ်းခြင်း၊ အခြားသော နက္ခတ်များ၊ နက်ဗျူလာများနှင့် ကုန်သွယ်ခြင်း၊ ကျနော့်အပေါ်ထားသည့် နက္ခတ်များ၏ သဘောထားကို ပြောင်းလဲစေခြင်းတို့မှာ အမှန်ပင် အိပ်မက်မက်နေသလို ဖြစ်နေလေသည်။
[နက္ခတ်အချို့က သင်၏ တိုးတက်လာမှုကို မနာလို ဖြစ်နေကြပါသည်။]
[နက္ခတ်အချို့က သင့်တွင် အမည်နာမတစ်ခု ရှိလာမည်ကို ကန့်ကွက်နေကြပါသည်။]
[နက္ခတ်အချို့က သင့်အပေါ် ရန်လိုမှု ပြသနေကြပါသည်။]
မည်သို့ပင်ဆိုစေကာမူ နက္ခတ်များမှာလည်း မနာလိုမှု၏ အကျဉ်းတန်မှုကို ပြသနေကြသည်။ သူတို့သည် ကြီးထွားလာစ အဖူးအငုံကလေးအပေါ် အဘယ်ကြောင့် ဤမျှ ရက်စက်ကြသနည်း။ သို့ပေသိ ကျနော် ယခု လုပ်နိုင်သည့်အရာတစ်ခု ရှိလေသည်။
[သင်က အခြားသော နက္ခတ်များကို စိုက်ကြည့်လိုက်ပါသည်။]
[နက္ခတ်အချို့က သင့်ကို အံ့အားသင့်စွာဖြင့် ပြန်လည် စိုက်ကြည့်နေကြပါသည်။]
[နက္ခတ်အချို့မှာ အံ့သြလွန်းသဖြင့် သောက်လက်စ ကိုကာကိုလာများပင် သီးကုန်ကြပါသည်။]
[သွယ်ဝိုက်သော မက်ဆေ့ချ် ပေးပို့ရန်အတွက် ဒင်္ဂါး ၂၀၀ အသုံးပြုလိုက်ပါပြီ။]
…မျှော်လင့်ထားသည့်အတိုင်း သွယ်ဝိုက်သော မက်ဆေ့ချ်များသည် ဒင်္ဂါးကုန်လှသည်။ ပျော်စရာကောင်းသော်လည်း ချင့်ချိန်ပြီး သုံးစွဲရပေမည်။
ဟန်ဆိုယောင်းက ကျနော့်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။
"န-နင် အခုပဲ မက်ဆေ့ချ် ပို့လိုက်တာလား။ အမည်နာမ မရှိသေးတဲ့ နက္ခတ်က နင်လား"
ဟန်ဆိုယောင်း၏ အမြင်တွင် ထိုသို့ပင် မြင်နေရခြင်း ဖြစ်သည်။
"ဟုတ်တယ်"
"နင် အခုထိ ထောက်ပံ့သူ စာချုပ် မချုပ်ဆိုခဲ့တာက ဒါကြောင့်လား"
"အင်း"
"…ဒါဆို ငါ့အတွက် နောက်ကျသွားပြီပေါ့လေ"
"အဲ့ဒီလို ပြောလို့ရတာပေါ့"
ဟန်ဆိုယောင်းသည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်သည် ဟန်ဆိုယောင်း၏ မျက်နှာရိပ်မျက်နှာကဲကို တုံ့ဆိုင်းစွာဖြင့် ဖတ်ကြည့်နေပါသည်။]
ဟန်ဆိုယောင်းက သက်ပြင်းချကာ ကျနော့်ကို တစ်ချက် ကြည့်လိုက်၏။
"ချီး... မနာလိုလိုက်တာ။ ဒါနဲ့ နင်က ဘာလို့ အမည်နာမ မရှိသေးတာလဲ"
"အဲ့ဒါက..."
ကျနော့်တွင် အဘယ်ကြောင့် အမည်နာမ မရှိသေးသနည်း။ အမှန်ကန်ဆုံး အဖြေမှာ ကျနော်ကိုယ်တိုင်လည်း မသိခြင်းပင် ဖြစ်သည်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင်၏ နက္ခတ်အတွက် အမည်နာမတစ်ခု ရှာဖွေပေးနေပါသည်။]
ဖြစ်နိုင်သည်မှာ ကျနော့်တွင် စုဆောင်းထားသည့် ဇာတ်လမ်းများ မလုံလောက်သေးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အမည်နာမ မရှိသော နက္ခတ်တစ်ပါးသည် အိမ်မရှိဘဲ နိုင်ငံသားဖြစ်ခွင့် ရရှိထားသူနှင့် ဆင်တူလှသည်။
ဟန်ဆိုယောင်းက ရေရွတ်လိုက်သည်။
"နင်က လေလွင့်သူပဲ"
"…ပဉ္စမမြောက် ဇာတ်လမ်းက မပြီးသေးဘူး။ ဒီဇာတ်လမ်း အဆုံးသတ်တဲ့ အချိန်ကျရင် ငါ့မှာ အမည်နာမတစ်ခု ရှိလာနိုင်ပါတယ်"
[ပဉ္စမမြောက် ဇာတ်လမ်း ‘အထီးကျန် မေရှိယ’ သည် လက်ရှိအချိန်တွင် ဆက်သွားနေဆဲ ဖြစ်သည်။]
ပဉ္စမမြောက် ဇာတ်လမ်းသည် နက္ခတ်တစ်ပါး၏ ‘အဆင့်အတန်း’ ကို များစွာ သက်ရောက်မှုရှိသော ဇာတ်လမ်း ဖြစ်သည်။ ကျနော့် နက္ခတ်၏ တည်ရှိမည့်နေရာသည် ဤဇာတ်လမ်း မည်သို့ အဆုံးသတ်မည်နည်း ဆိုသည့်အပေါ်တွင် မူတည်နေပေသည်။
…ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဟန်ဆိုယောင်းက လှောင်ပြောင်လိုက်သည်။
"ဟွန်း… ကင်ဒေါ့ဂျာ၊ နင်က ဘာလို့ ရုတ်တရက် ကြည့်ကောင်းသွားတာလဲ။ နင် အခု ယူဂျွန်ဟော့ကို အနိုင်တိုက်နိုင်ပြီလား"
ယူဂျွန်ဟော့။ ကျနော် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးမှ ပြန်ဖြည်လိုက်၏။ ထိုစဉ် ယခင်က တစ်ခါမျှ မမြင်ဖူးသော မက်ဆေ့ချ်တစ်ခု ပေါ်လာလေသည်...
[‘ဖြစ်နိုင်စွမ်း မုန်တိုင်း’ ၏ သက်ရောက်မှုကို သတိပြုပါ။]
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင်၏ အဆင့်ကို လက်ရှိတွင် အကဲဖြတ်နေပါသည်။]
ကျနော့် လက်ချောင်းထိပ်များတွင် စူးခနဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤအရာသည် နက္ခတ်များအတွက် ပြဿနာတစ်ခုပင် ဖြစ်သည်။ သို့ပေသိ ‘အကဲဖြတ်ခြင်း’ ပြုလုပ်နေသရွေ့ ကျနော် အဆင်ပြေနေဦးမည် ဖြစ်၏။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် ကျနော့်အတွက် သင့်လျော်သည့် ကန့်သတ်ချက် အဆင့်ကို မသိရှိသေးချေ။
"အခုလောလောဆယ်တော့ ငါ သူနဲ့ ယှဉ်နိုင်လောက်ပြီ"
"…တကယ်လား"
အဓိကအချက်မှာ ‘အခုလောလောဆယ်’ ဆိုသည့် စကားလုံးပင် ဖြစ်သည်။ အဓိကဇာတ်ကောင်မှာ အကြောင်းပြချက်ရှိ၍ အဓိကဇာတ်ကောင် ဖြစ်နေခြင်းပင်။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်လာမှသာလျှင် သူ၏ တိုးတက်နှုန်းကို လိုက်မီနိုင်ပေမည်။ ယူဂျွန်ဟော့ ရရှိထားသည့် အကျိုးခံစားခွင့်များမှာ အလွန်ပင် ကြီးမားလှသည်။
ကျနော် ဟန်ဆိုယောင်းကို အမိန့်ပေးလိုက်၏။
"ငါပေးထားတာတွေ မြန်မြန် ပြန်ပေးတော့"
"ကျွတ်… အေးပါ"
[ကိုယ်စားလှယ် ‘ဟန်ဆိုယောင်း’ က ကတိကဝတ်ကို ဖြည့်ဆည်းလိုက်ပါပြီ။]
ဟန်ဆိုယောင်းထံတွင် အပ်နှံထားသော ဒင်္ဂါးများနှင့် ပစ္စည်းအားလုံးကို ကျနော် ပြန်လည် ရရှိလိုက်သည်။ ဟန်ဆိုယောင်းက သက်ပြင်းချကာ ဆိုသည်။
"…နှမြောစရာကြီး။ ခဏလောက်တော့ ချမ်းသာသွားတယ်လို့ ခံစားလိုက်ရတာ"
"နင့်ရဲ့ ပင်ပန်းမှုအတွက် ဒင်္ဂါး ၂၀,၀၀၀ ငါ ပေးထားတယ်လေ"
"ငါက ဒင်္ဂါး ၆၀၀,၀၀၀ ကို ပြန်ပေးလိုက်ရပြီးတော့ ၂၀,၀၀၀ ပဲ ပြန်ရတာလေ"
"ဒါဆိုရင်လည်း အဲ့ဒီ ဒင်္ဂါး ၂၀,၀၀၀ ကို ပြန်ပေးလိုက်လေ"
ဟန်ဆိုယောင်းက နှာခေါင်းရှုံ့ကာ ကျနော့်ကို ကျောခိုင်းသွားသည်။ ကျနော်သည် ဟန်ဆိုယောင်းထံမှ ပစ္စည်းများနှင့် ဒင်္ဂါးများကို လက်ခံရရှိလိုက်၏။
[ပိုင်ဆိုင်သော ဒင်္ဂါးများ : ၆၈၄,၃၅၃ ဒင်္ဂါး]
ဒီအတောအတွင်း ကျနော် ငွေအမြောက်အမြား စုဆောင်းမိခဲ့သည်။ ပုံမှန် ဝင်ငွေရှိပြီး ငွေစုဆောင်းခဲ့ခြင်းကြောင့် ဤသည်မှာ မထူးဆန်းချေ။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်လာပြီဖြစ်၍ ဒင်္ဂါးများကို အသုံးပြုရန် တွန့်ဆုတ်နေမည် မဟုတ်တော့ချေ။ ဒင်္ဂါးများသည် ယခုအချိန်မှစ၍ သူတို့၏ စစ်မှန်သော စွမ်းအားကို ထုတ်ပြတော့မည် ဖြစ်သည်။
ထို့နောက်တွင်တော့ တဖြည်းဖြည်းချင်း…
အာ… နေဦး။
အရေးကြီးသည့်အရာတစ်ခု ကျနော် မေ့နေခဲ့သည်။
"ဟန်ဆိုယောင်း။ နင့်ရဲ့ဖင်တုံးလုံးကိုယ်ပွားတွေကို ပြန်သိမ်းလိုက်တော့လေ။ ဒါက လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်မှုဖြစ်နေပြီနော်"
"ဟင်… အာ... ငါ မေ့သွားတယ်"
ဟန်ဆိုယောင်း ပြုံးလိုက်သည့်အချိန်တွင် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည့် လီဟန်းဆောင်ထံသို့ ကျနော် ချဉ်းကပ်သွားလိုက်သည်။ ဟန်ဆိုယောင်း၏ ကိုယ်ပွားများသည် လီဟန်းဆောင်ကို ဝိုင်းရံကာ ဖင်တုံးလုံးဖြင့် ကခုန်နေဆဲ ဖြစ်သည်။
[ဇာတ်ကောင် ‘လီဟန်းဆောင်’ သည် ကြောက်လန့်တကြား တုန်ရင်နေပါသည်။]
…
「 သံမဏိဓားသည် အမျိုးသမီးများနှင့်ပတ်သတ်လျှင် အားနည်းမှုရှိသည်။ 」
Ways of Survival ထဲတွင် ထိုသို့သော စာကြောင်းတစ်ကြောင်း ရှိခဲ့သော်လည်း ဤမျှ ဆိုးရွားလိမ့်မည်ဟု ကျနော် မထင်ခဲ့မိချေ။ ထို့အပြင်...
"…ဒါတွေက အစစ်အမှန် မဟုတ်ပါဘူး"
ဟန်ဆိုယောင်း၏ ကိုယ်ပွားများသည် ဖင်တုံးလုံးဟု ထင်ရသော်လည်း ကိုယ်ပွားများထံတွင် အရေးကြီးသည့် အစိတ်အပိုင်းများရှိမနေပေ။ တစ်နည်းအားဖြင့်ဆိုရသော် လီဟန်းဆောင်သည် အရုပ်နှင့်တူသော ကိုယ်ပွားများကို မြင်ပြီး တုန်လှုတ်နေခြင်းဖြစ်၏။
ဟန်ဆိုယောင်းသည် ကျနော့်စကား၏ ဆိုလိုရင်းကို သတိထားမိသွားပြီး နောက်ပြောင်သော အမူအရာဖြင့် ရယ်မောလိုက်သည်။
"ဟွန်း… ဘာကို ဆိုလိုတာလဲ။ နင် မမြင်လိုက်ရလို့ နှမြောနေတာလား"
"ငါ ပြောပြီးသားပဲ။ နင့်လို အချိုးအစားမပြေတဲ့ ကိုယ်ခန္ဓာကို ငါ စိတ်မဝင်စားဘူး"
"…နင် မြင်တောင် မမြင်ဖူးဘဲနဲ့"
"ကြည့်ဖို့ လိုသေးလို့လား"
ကျနော် လီဟန်းဆောင်ထံသို့ သွားကာ သူ၏ ကျောကို ပုတ်ပေးလိုက်သည်။
"လီဟန်းဆောင်၊ အဆင်ပြေရဲ့လား"
"ဒ-ဒေါ့ဂျာ"
သူသည် တုံးအပုံပေါက်နေသော်လည်း ရူးသွပ်နေခြင်းတော့ မဟုတ်ချေ။ လီဟန်းဆောင်သည် ကျနော့်ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသလို ကြည့်နေသည်။
"ဒေါ့ဂျာက ဘာလို့... ခင်ဗျား... သေသွားပြီ မဟုတ်ဘူးလား"
သူ တကယ့်ကို စိတ်ဒဏ်ရာ ရသွားပုံရသည်။ ကျနော် ဟန်ဆိုယောင်းကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိသည်။ ဤသည်မှာ ဟာသဆန်သော အခြေအနေ ဖြစ်သော်လည်း သံမဏိဓားအတွက်မူ ပြင်းထန်သော ထိုးနှက်ချက် ဖြစ်ခဲ့ပေလိမ့်မည်။ အကယ်၍ ဤတစ်ကြိမ်တွင် ကျနော် တစ်ခုခု မှားယွင်းခဲ့ပါက လီဟန်းဆောင်၏ ကံကြမ္မာမှာ မသိနိုင်သော လမ်းကြောင်းသို့ လွဲချော်သွားနိုင်ပေသည်...
လောလောဆယ်တွင်မူ သူ ပြန်လည် သက်သာလာရန် အချိန်ကိုသာ အားကိုးရတော့မည်။ ထိုစဉ် ဘေးဘက်မှ အခြားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"စကားပြောခွင့်ပြုပါ..."
"…"
"ကျနော့်ကို လွှတ်ပေးလို့ ရမလား"
Pink Kids အဖွဲ့၏ နောက်ဆုံးကျန်ရှိသော အဖွဲ့ဝင်မှာ ကျနော့်မျက်စိထဲ ဝင်လာသည်။ ထိုမိန်းမပုံဖြစ်နေသော သူထံတွင် လှပသော မျက်နှာနှင့် သွယ်လျသော ကိုယ်ခန္ဓာ ရှိသည်။ လှပသော မျက်ခုံးများနှင့် နူးညံ့သော ပါးပြင်များ ရှိနေ၏။ ဤသူသည် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးဟု မည်သူက ယုံကြည်နိုင်မည်နည်း။
"နာမည် ဘယ်လိုခေါ်လဲ"
ကျနော် မေးလိုက်ရာ ချိုသာသော အသံတစ်ခုက ပြန်လည် ဖြေကြားခဲ့သည်။
"ဆ-ဆောအင်နာ ပါ"
"ဒါ သူ့ရဲ့ နာမည်ရင်း မဟုတ်ဘူး"
ဆောအင်နာသည် သူ၏ နာမည်ရင်းကို မပြောမီ တုံ့ဆိုင်းနေခဲ့သည်။
"…ကျနော့်နာမည် ကင်ယောင်ပဲ ပါ"
Pink Kids မှ ကင်ယောင်ပဲ၊ ကျနော် တွေ့ချင်နေသူကို ရှာတွေ့ခဲ့လေပြီ။
ဟန်ဆိုယောင်းက တောက်ခေါက်လိုက်၏။
"…သူ့ကို ဘာလို့ အသက်ချမ်းသာပေးထားတာလဲ။ Pink Kids ဆိုတာ အမှိုက်တွေ မဟုတ်ဘူးလား"
"အခုထိတော့ မဟုတ်သေးဘူး။ သူတို့က နောက်မှ လူဆိုးတွေ ‘ဖြစ်လာကြ’ မှာလေ။ နင် သေချာဖတ်ခဲ့မယ်ဆိုရင် Pink Kidsက မူရင်းဇာတ်လမ်းမှာ သုံးယောက်ပဲဆိုတာ သိသင့်တယ်"
"ဒါပေမဲ့ အခုက လေးယောက်လေ... ဟင်"
ကျနော် ရှင်းပြလိုက်၏။
"ဒီဦးလေးကြီးက သူတို့တွေ တကယ့်ကို နာမည်ကြီး လူဆိုးတွေ မဖြစ်လာခင်မှာကတည်းက သေသွားခဲ့တာ"
"…ဒါကြောင့် ငါ သူ့ကို မမှတ်မိတာလား"
"ကင်ယောင်ပဲက အခြေခံအားဖြင့် ဖြူစင်တဲ့သူတစ်ယောက်ပဲ။ ဒါကြောင့်လည်း သူက Pink Kids ထဲမှာ အရင်ဆုံး သေဆုံးခဲ့ရတာ"
ကင်ယောင်ပဲက ကြားဖြတ် ပြောလိုက်သည်။
"ဟိုလေ… ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ..."
"ပါးစပ်ပိတ်ထား"
ဟန်ဆိုယောင်းက သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ဒီလူက ဖြူစင်တဲ့သူ ဟုတ်လား"
"ဟုတ်တယ်"
ကျနော်ကိုယ်တိုင်လည်း မယုံကြည်နိုင်သော်လည်း ဤသည်မှာ Ways of Survival ထဲမှ သတ်မှတ်ချက်တစ်ခု ဖြစ်သည်။
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်တစ်ပါးက ခေါင်းငြိမ့်နေပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်တစ်ပါးက ထိုသို့ ဝါသနာပါသူများထဲတွင် လူဆိုးမရှိဟု အခိုင်အမာ ပြောဆိုနေပါသည်။]
အမှန်တကယ်ပင် ကင်ယောင်ပဲသည် ပထမဆုံး ဇာတ်ဝင်ခန်းတွင်ပင် မည်သူ့ကိုမျှ မသတ်ဘဲ ယနေ့အထိ အသက်ရှင်ကျန်ရစ်ခဲ့သူ ဖြစ်သည်။
ပထမဆုံး ဇာတ်ဝင်ခန်းတုန်းက ‘ပိုးကောင်သတ်ခြင်း’ နည်းလမ်းကို ကျနော် စဉ်းစားမိခဲ့ခြင်းမှာ ကင်ယောင်ပဲက ပုရွက်ဆိတ်တစ်ကောင်ကို မှားယွင်းစွာ နင်းမိပြီး အသက်ရှင်သွားခဲ့သည့် သာဓကရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ကင်ယောင်ပဲကိုယ်တိုင်ကတော့ သူ မည်သည့်အတွက်ကြောင့် အသက်ရှင်ခဲ့သည်ကို မသိရှိပေ။
သူသည် ‘ကံကောင်းထောက်မစွာ’ ရှင်သန်ခဲ့သူ ဖြစ်သည်။ ဤသူမှာ Pink Kids အဖွဲ့မှ ကင်ယောင်ပဲပင် ဖြစ်သည်။ မဟုတ်သေး၊ သူ၏ အပေါင်းအဖော်များ သေဆုံးသွားပြီဖြစ်၍ ယခုအခါတွင် အများကိန်း ‘s’ကိုဖြုတ်ပြီး Pink Kid ဟုသာ ခေါ်ရပေတော့မည်။
ဟန်ဆိုယောင်းက လက်မခံချင်သကဲ့သို့ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချီး...အဲ့တော့ရော ဘာဖြစ်လဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို အသုံးချစရာရှိလို့ ကယ်လိုက်တာမလား"
"ဟုတ်တယ်"
"ဒါဆို အခု ဘာဆက်လုပ်မှာလဲ"
"ဇာတ်ဝင်ခန်းကို ထပ်ပြီး ကျော်ဖြတ်ရဦးမှာပေါ့ဟ"
"ဒီဇာတ်ဝင်ခန်းက ဘာလဲဆိုတာ နင် သိလို့လား"
ကျနော် ကောင်းကောင်းသိသည်။ အလွန်ပင် ကောင်းကောင်း သိထားသည်။
"ဒါက ဆိုးလ်ဒေသ လွတ်မြောက်မှု မတိုင်ခင် နောက်ဆုံး ဇာတ်ဝင်ခန်းပဲ"
ကိုးခုမြောက် ဇာတ်ဝင်ခန်းဖြစ်သည့် စိတ်တစ္ဆေအကျဉ်းထောင်။ ဤဇာတ်ဝင်ခန်းတွင် ယခင်က တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော သတ္တဝါများ ထွက်ပေါ်လာမည်ဖြစ်သည်။
ကြောက်လန့်တကြား တုန်ရင်နေဆဲဖြစ်သော လီဟန်းဆောင်၊ သတိလစ်နေသော လီဂျီဟယ်နှင့် ဒဏ်ရာရနေသော လီဂီယောင်ကို ပြုစုပေးနေသည့် ရှင်ယူဆောင်းတို့ကို ကျနော်ကြည့်လိုက်မိသည်။
ဖြစ်နိုင်သည်မှာ ကျနော့်၏ အခြားအပေါင်းအဖော်များလည်း တစ်နေရာရာတွင် အသက်ရှင်နေပေလိမ့်မည်။ ယောင်ဟီဝန် ရှိနေသောကြောင့် ပထမထပ်တွင် ထိုမျှလွယ်လွယ်နှင့် ရှုံးနိမ့်ကြမည် မဟုတ်ချေ။
"ပထမထပ်က စနောက်နေသလောက်ပဲ ရှိသေးတာ။ တကယ့် ငရဲက ဒုတိယထပ်ပဲ"
ရဲတိုက်ရှိ သီးသန့်ပြတင်းပေါက်မှတစ်ဆင့် ပြင်ပရှုခင်းများကို မြင်တွေ့ရသည်။ ဆိုးလ်မြို့တစ်ခွင်တွင် လူအုပ်ကြီးက သွားလာလှုပ်ရှားနေကြသည်။ ဝမ်းနည်းစရာမှာ ‘အမြင့်မြတ်ဆုံး စတေးမှု’ နှင့် ထို့နောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ နောက်ဆက်တွဲကြောင့် ဆိုးလ်မြို့၏ တစ်ဝက်မှာ မိစ္ဆာများ၏ အစေခံများ ဖြစ်သွားခဲ့လေပြီ။
ဆိုးလ်မြို့မှ ကိုယ်စားလှယ်များသည် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေကြသည်။ ဆိုးလ်မြို့တစ်ခွင်တွင် ကူရာကယ်မဲ့မှုများ ဖုံးလွှမ်းနေသော်လည်း ‘ဇာတ်လမ်း’ ကတော့ လိုအပ်နေဆဲ ဖြစ်သည်။ ဇာတ်လမ်းမှာ အမြဲတစေ လိုအပ်ချက် ရှိနေ၏။
ဒိုကဲဘီများသည် ပိုမိုကြီးမားသော စိတ်ပျက်အားငယ်မှုများကို ရှာဖွေနေကြသည်။ နက္ခတ်များသည် ပိုမိုလှုံ့ဆော်မှုဖြစ်စေမည့် ဇာတ်လမ်းကို တောင့်တနေကြသည်။
ဟန်ဆိုယောင်းက ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါက ပုံသေကားကျ စိတ်ကူးယဉ်မှုတွေပဲ။ နောက်ပြန်ဆုတ်သူတွေ၊ ပြန်လာသူတွေ၊ ပြန်လည်မွေးဖွားသူတွေ။ အခုတော့ မိစ္ဆာတွေပါ ပါလာပြီလား"
"သူများစာကို ခိုးချထားတဲ့သူက ဒါမျိုး ပြောနေသေးတယ်..."
"ဟေ့… နင့်ကို ငါပြောတာ အကြိမ်ကြိမ်ရှိနေပြီနော်..."
ကျနော် ပုံမှန်အတိုင်း နောက်ပြောင်နေရင်းမှ ရုတ်တရက် သိချင်စိတ် ဖြစ်ပေါ်လာသည်။
"ဟန်ဆိုယောင်း"
"ဘာလဲ"
"အကယ်၍ နင်သာ Ways of Survival ရဲ့ စာရေးဆရာဆိုရင်..."
"ငါ အဲ့ဒီလို အမှိုက်စာပေကို မရေးဘူး"
"ဥပမာလို့ပဲ ယူဆကြည့်စမ်းပါဟာ"
စိတ်တိုနေသော ဟန်ဆိုယောင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။
"…အကယ်၍ ငါသာ စာရေးဆရာဆိုရင် ဘာဖြစ်လဲ"
"အကယ်၍ နင်သာ Ways of Survival ရဲ့ စာရေးဆရာဆိုရင် ဘာကြောင့် ဒီကမ္ဘာကြီးကို ဖန်တီးခဲ့တာလဲ"
"ငါက ဘယ်လိုလုပ် သိမှာလဲ"
"နင်ကလည်း စာရေးဆရာတစ်ယောက်ပဲလေ"
"ငါ့လို ပထမတန်းစား စာရေးဆရာက တတိယတန်းစား စာရေးဆရာရဲ့ အတွေးကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
…ဟန်ဆိုယောင်းကို မေးမိသည့် ကျနော်ကပဲ ငတုံးလို ဖြစ်သွားသည်။ ဟန်ဆိုယောင်းက ဆက်ပြောသည်။
"ငါကသာ နင့်ကို အဲ့ဒါ မေးရမှာ"
"…ဘာလဲ"
ကျနော် ဟန်ဆိုယောင်း၏ နက်မှောင်သော မျက်လုံးများကို ကြည့်လိုက်မိသည်။ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို သုံးလျှင်ပင် ဟန်ဆိုယောင်းကို ကျနော် ဖတ်၍မရပေ။ သို့သော် အနည်းငယ်တော့ နားလည်သလို ရှိသည်။ ဇာတ်လမ်းကို ဖတ်ဖူးသူတစ်ဦးမှာလည်း အလားတူ အတွေးမျိုး ရှိနိုင်ပေသည်။
‘နင် ဒီကမ္ဘာကြီးရဲ့ အဆုံးသတ်ကို သိတယ် မဟုတ်လား’
ဟန်ဆိုယောင်းက ဇာတ်လမ်းအဆုံးကို မေးမြန်းနေခြင်းမှာ ထင်ရှားသည်။ ကျနော် မည်သို့မျှ ပြန်မဖြေခဲ့ပေ။
ဟန်ဆိုယောင်းက အဖြေရမည် မဟုတ်ကြောင်း သိထားသကဲ့သို့ ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်နေသည်။ ထို့နောက် ဟန်ဆိုယောင်းက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"…ဘာလို့ ဇာတ်ဝင်ခန်းတွေ ရှိနေရတာလဲ"
ကျနော် ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်လိုက်မိသည်။
ပျက်စီးသွားသော ဆိုးလ်မြို့အထက်ရှိ မှောင်မည်းနေသော ကောင်းကင်ယံကို မြင်တွေ့ရသည်။ ကျနော် နက္ခတ်တစ်ပါး ဖြစ်လာသောကြောင့်လော မသိချေ။ ကောင်းကင်ကြီးမှာ ယခင်ကနှင့် မတူတော့ပေ။
ကောင်းကင်ယံတွင် ရေတွက်၍မရနိုင်သော နက္ခတ်များမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ရှိနေကြသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုကြီးက နက္ခတ်များကို ရစ်ပတ်ထား၏။ ထိုကြယ်များသည် အနီးနားတွင် ရှိနေသယောင် ထင်ရသော်လည်း မည်သည့်အခါမျှ မရောက်ရှိနိုင်သော ကြယ်များ ဖြစ်ကြသည်။
ထိုမျှလောက် များပြားသော ကြယ်များ လင်းလက်နေသည့်တိုင်...
ဖျောက်ဖျက်၍မရသော ဝေးကွာလှသည့် အသူတစ်ရာ ချောက်ကမ်းပါးကြီး တစ်ခု ရှိနေလေသည်။ ကျနော် တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သလို ခံစားလိုက်ရသည်။
နက္ခတ်များသည် မည်သည့်အရာကို အမြဲတမ်း သည်းခံနေကြသနည်း။ သူတို့က ဘာကြောင့် ဇာတ်လမ်းအပေါ် ဤမျှအထိ စွဲလမ်းနေကြရသနည်း။
ကျနော် ထိုဝေးကွာလှသော ခံစားချက်ကို ခါထုတ်လိုက်ပြီး ပြောလိုက်သည်။
"မဟုတ်မှလွဲရော ဇာတ်ဝင်ခန်းဆိုတာက..."
အပိုင်း ၁၅၅
- အပိုင်း ၃၀ - မဟူရာရဲတိုက်၊ ၅
ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ မရေမတွက်နိုင်သော သတ္တဝါများ မေးမြန်းခြင်းခံခဲ့ရသည့် မေးခွန်းတစ်ခု ဖြစ်သည်။
'ဘာကြောင့် ငရဲလို ဇာတ်ဝင်ခန်းတွေ ရှိနေရတာလဲ'
ဤမေးခွန်းအတွက် အဖြေများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ ဥပမာအားဖြင့် ပြန်လာသူ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကတော့ ဤသို့ ပြောခဲ့ဖူးသည်။
"ဇာတ်ဝင်ခန်းတွေသာမရှိရင် စကြဝဠာကြီးက အရမ်းအထီးကျန်နေမှာပေါ့"
'ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး' နက္ခတ်ကမူ ထိုမေးခွန်းကိုပင် အမေးစကားဖြင့်ဤသို့ ပြန်ဖြေခဲ့သည်။
"ဘာလို့ 'အစားအစာ' တွေ တည်ရှိနေတာလဲလို့ ကျမကို မေးနေတာလား"
မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်၏ အဖြေမှာမူ ဤသို့ ဖြစ်၏။
"ဒါက ပိုမိုကြီးမားတဲ့ ပျက်စီးခြင်းကို ကာကွယ်ဖို့အတွက် သေးငယ်တဲ့ ဖျက်ဆီးခြင်းပဲ"
ထိုအဖြေများသည် နားထောင်သူများအဖို့ ကဗျာဆန်သလိုလို၊ ဒဿနဆန်သလိုလို ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။ သို့ပေသိ 'ကဗျာဆန်ခြင်း' နှင့် 'ဒဿနဆန်ခြင်း' ဆိုသည်မှာ အစကတည်းက ပြည့်စုံသူများအတွက်သာ ဖြစ်သော ဇိမ်ခံပစ္စည်းများ ဖြစ်၏။
ထို့ကြောင့် မဟူရာရဲတိုက်၏ ဒုတိယထပ်တွင် ရှိနေသော မိစ္ဆာနယ်စား 'တန်တာစီယို' အတွက်မူ ဇာတ်ဝင်ခန်းဆိုသည်မှာ အောက်ပါအတိုင်းပင် ဖြစ်လေသည်။
"စောက်အမှိုက်တွေ"
ဤသည်မှာ သူပြောခဲ့သောစကားအတိအကျ မဟုတ်သော်လည်း အဓိပ္ပါယ်ကတော့ ထိုအဓိပ္ပါယ်သာဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာသူ မည်သူမဆို နှစ်ပေါင်း ၅၀ ကြာပြီးနောက်တွင် အောက်ကစကားအတိုင်း ပြောကြပေလိမ့်မည်။ သို့ပေသိ နှစ်ပေါင်း ၅၀ ကြာအောင် အသက်ရှင်နိုင်ဖို့အရင်လုပ်ဖို့လိုပေမည်။
"ငါ ပင်ပန်းနေပြီ"
အသူတစ်ရာ လွင်ပြင်ကို ဖြတ်စီးဆင်းနေသော မြစ်သည် မိစ္ဆာနယ်မြေ၏ ဖီးနစ်မြစ်မှ မြစ်လက်တက်တစ်ခု ဖြစ်သည်။ မဟူရာရဲတိုက်၏ ဒုတိယထပ်တွင် ဤမျှကြီးမားသော လွင်ပြင်ကြီး မည်သို့ရှိနေသနည်းဟု မေးစရာ ရှိသော်လည်း တန်တာစီယိုကတော့ မေးခွန်းမထုတ်ပေ။
သူသိထားသောအချက် နှစ်ချက်သာ ရှိသည်။ ပထမအချက်မှာ သူသည် ကျယ်ပြောလှသော လွင်ပြင်၏ ထိပ်ဆုံးသို့ ရောက်ရှိရမည် ဖြစ်ပြီး ဒုတိယအချက်မှာ သူသည် နှစ်ပေါင်း ၁၉၄ နှစ်တိုင်အောင် ထိုသို့မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
'ချီး။ အဲ့ဒီတုန်းက ဒိုကဲဘီရဲ့ ကမ်းလှမ်းမှုကိုသာ လက်မခံခဲ့ရင် ကောင်းမှာကွာ'
လွန်ခဲ့သော ၁၉၄ နှစ်က မှတ်ဉာဏ်များသည် ယခုထက်တိုင် ထင်ရှားနေဆဲပင် ဖြစ်သည်။
[မင်းက ၇၃ ယောက်မြောက် မိစ္ဆာဘုရင် ဖြစ်ချင်လား]
မိစ္ဆာဘုရင်ဆိုသည်မှာ မိစ္ဆာအားလုံး၏ ကာလရှည်ကြာစွာ မက်ခဲ့သော အိပ်မက်ပင် ဖြစ်သည်။
[...ငါက မိစ္ဆာဘုရင် ဖြစ်နိုင်ပါ့မလား]
သူက မေးမြန်းခဲ့သည်။
သူသည် တတိယအဆင့် မိစ္ဆာတစ်ဦးဖြစ်ပြီး ထိုအဆင့်အတန်းသို့ ရောက်ရှိရန် အလွန်ဝေးကွာနေခဲ့သည်။ အဆင့်နိမ့်မိစ္ဆာများကို မည်မျှပင် စားသုံးပါစေ တက်လှမ်းရန် ခဲယဉ်းလှသည်။ ထိုကာလအတွင်း တန်တာစီယိုသည် မဟာမိစ္ဆာထက်ပင် ပို၍ မိစ္ဆာဆန်သော သတ္တဝါတစ်ဦး၏ သွေးဆောင်ဖြားယောင်းမှုကို ခံခဲ့ရသည်။
[မင်းမှာ ခွန်အားတင် မဟုတ်ဘူး၊ 'ဇာတ်လမ်း' ပါ လိုအပ်နေတာ]
[အဲ့ဒါက ဘာကို ဆိုလိုတာလဲ]
[မင်းသာ ဇာတ်ဝင်ခန်းမှာ ပါဝင်လိုက်ရင် သိလာလိမ့်မယ်]
ထို့ကြောင့် တန်တာစီယိုသည် မဟူရာရဲတိုက် ဇာတ်ဝင်ခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ သူသည် မိစ္ဆာများစွာကို သုတ်သင်ခဲ့ပြီး မဟူရာရဲတိုက်၏ ပထမထပ်မှ တက်လာသော မျိုးနွယ်စုများကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
နှစ်ပေါင်း ၁၉၄ နှစ် ကြာပြီးနောက်တွင် တန်တာစီယိုသည် 'မဟူရာရဲတိုက် ဒုတိယထပ်' ၏ အင်အားအကြီးဆုံး မိစ္ဆာ ၁၀ ပါးထဲမှ တစ်ပါး ဖြစ်လာခဲ့သည်။
သို့ပေသိ သူ ရောက်နိုင်သောနေရာမှာ ဤမျှအထိသာ ဖြစ်သည်။
'ငါ တတိယထပ်ကို တက်လို့မရဘူး'
မဟူရာရဲတိုက်၏ တတိယထပ်မှာ မိစ္ဆာဘုရင်၏ အနှစ်သာရများ ကိန်းအောင်းနေသော နေရာဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိရန်အတွက် သူသည် ဒုတိယထပ်၏ အင်အားအကြီးဆုံး သတ္တဝါများကို အနိုင်ယူရမည် ဖြစ်သည်။
သို့ပေသိ အင်အားနှင့် ဒင်္ဂါးများကို စုဆောင်းနေရုံနှင့် မလုံလောက်ပေ။ ဒုတိယထပ်၏ အကောင်းဆုံးသတ္တဝါများသည် အင်အားရှိရုံမျှဖြင့် အင်အားအကြီးဆုံး ဖြစ်မလာခဲ့ကြချေ။ တန်တာစီယို လိုအပ်နေသော အရာမှာ...
[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်က သင်နှင့် နှစ်ကိုယ်ကြား စကားပြောလိုပါသည်။]
[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် သင်၏ ဇာတ်လမ်းဆင်ပုံကို စိတ်ဝင်စားနေပါသည်။]
'ဇာတ်လမ်းဆင်ပုံဟုတ်လား။ အသုံးမကျတဲ့ ကောင်တွေ။ ငါ ဘာနဲ့ လုပ်ထားလဲဆိုတာ ငါသိတယ်'
သူသည် နက္ခတ်များကို မနှစ်သက်သော်လည်း နက္ခတ်တစ်ပါးက သူ့ကို စိတ်ဝင်စားနေသည်ကို မြင်ရသည်မှာ ကျေနပ်ဖွယ် ကောင်းလှသည်။
နက္ခတ်များက သူ့ကို စိတ်ဝင်စားနေသည်ဆိုသည်မှာ မဟူရာရဲတိုက်၏ ပထမထပ်မှ လူသစ်များ ရောက်လာတော့မည်ကို ဆိုလိုခြင်း ဖြစ်၏။ ပျော်ရွှင်စရာ ကစားပွဲမှာ ယခုမှ စတင်တော့မည် ဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီး အုပ်စုတစ်စု ထွက်ပေါ်လာသည်။ တန်တာစီယိုက ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်သည်။
"ကြိုဆိုပါတယ် ပိုးကောင်လေးတွေ။ ဒါက မဟူရာရဲတိုက်ရဲ့ ဒုတိယထပ်ပဲ"
တန်တာစီယိုသည် သံတမန်တစ်ဦးကဲ့သို့ စကားလုံးများကို အလေ့အကျင့်တစ်ခုလို ပြောဆိုရသည်ကို နှစ်သက်သည်။ မျှော်လင့်ထားသည့်အတိုင်း ပိုးကောင်အချို့က ရှေ့သို့ တိုးလာပြီး သူ့ကို မေးမြန်းကြသည်။
"ဒီနေရာက ဘာလဲ။ ခင်ဗျားက ဘယ်သူလဲ။ လမ်းပြလား"
"...ခင်ဗျားက မဟုတ်မှလွဲရော ဒိုကဲဘီတစ်ကောင်လား"
ဒိုကဲဘီများသည် တန်တာစီယို အမုန်းဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။ သို့ပေသိ သူသည် သည်းခံကာ ပြောလိုက်သည်။ သည်းခံခြင်း၏နောက်တွင် ချိုမြိန်သော ဆုလာဘ်များ ရရှိမည့် အချိန် ရှိလာပေလိမ့်မည်။
"မဟူရာရဲတိုက်ရဲ့ ဒုတိယထပ်ဆိုတာ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ လောကပဲ။ ကိုယ့်ရဲ့ခွန်အားကို အသိအမှတ်ပြုခံရတဲ့သူတွေပဲ နောက်ထပ် အထပ်ကို တက်ခွင့်ရလိမ့်မယ်။ ဒါက ရိုးရှင်းတဲ့ စည်းကမ်း မဟုတ်လား။ ထပ်ပြီး ရှင်းပြဖို့ လိုတဲ့သူရှိရင် လက်ထောင်ပါ"
"ခွန်အားကို အသိအမှတ်ပြုခံရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့က ဘယ်လိုမျိုး..."
"ဒီလိုမျိုးပေါ့"
တန်တာစီယို၏ လက်မောင်းမှာ ဆန့်ထွက်သွားပြီး စကားပြောနေသော အမျိုးသား၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားလေသည်။ ပိုးကောင်များသည် ကြောက်လန့်တုန်လှုပ်သော မျက်နှာအမူအရာများ ဖြစ်သွားကြ၏။ ဤသည်မှာ တန်တာစီယို အနှစ်သက်ဆုံး အခိုက်အတန့်ပင် ဖြစ်သည်။
"ဘာ... ဘာလဲဟ"
"ချီး။ ဒါက ထောင်ချောက်ပဲ"
တန်တာစီယိုသည် ရယ်မောလိုက်ပြီး ထိုအမျိုးသား၏ လည်ပင်းမှ စင်ထွက်လာသော သွေးများကို လျက်လိုက်သည်။
"ဘုရင်မကို ကာကွယ်ကြ"
ကိုယ်စားလှယ်များ အားလုံးမှာ သူ့ထံသို့ ပြေးဝင်လာကြသော်လည်း တန်တာစီယိုက ဂရုမစိုက်ချေ။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။
မိစ္ဆာမျိုးနွယ်တို့၏ ဘွဲ့အမည်များမှာ အဆင့်အတိုင်းဆိုလျှင် စော်ဘွား၊ အမတ်၊ နယ်စား၊ မြို့စား နှင့် ရွာစားဆိုပြီး ဖြစ်သည်။ မြို့စားနှင့်ရွာစားများမှာ အတွေ့ရများသော်လည်း အစွမ်းအစစ်အမှန် စွမ်းအားကွာခြားခြင်းကတော့ 'နယ်စား'အဆင့်မှ စတင်ခြင်း ဖြစ်သည်။
နယ်စားအဆင့်ရှိ မိစ္ဆာများတွင် 'ဇာတ်လမ်း' တစ်ပုဒ် ရှိသည်။ ဇာတ်လမ်းဆိုသည်မှာ သတ်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာသည့် အခါမှသာ ပွင့်လာခြင်း ဖြစ်သည်။
[ဇာတ်လမ်း ‘ပိုးကောင်သတ်ပွဲ’ စတင်ပါပြီ။]
"အားးးးး"
သူ၏ လက်များ လှုပ်ရှားလိုက်တိုင်း လူသားများသည် ပိုးကောင်များကဲ့သို့ သေဆုံးသွားကြသည်။ ဤဇာတ်လမ်းမှာ နှစ်ပေါင်း ၁၉၄ နှစ်အတွင်း ကစားသမားပေါင်းသိန်းချီကို သတ်ဖြတ်ခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ့ထက် အဆင့်နိမ့်သော သူများအပေါ်တွင် လွှမ်းမိုးနိုင်သော စွမ်းအားကို ပြသနေပေသည်။
[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် အံ့အားသင့်သွားပါသည်။]
"ဝါးဟားဟားဟား"
ပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များမှာ လျင်မြန်စွာပင် အလောင်းများ ဖြစ်သွားကြသူတွေရှိသလို ဒဏ်ရာရသူများလည်း ရှိကြကုန်သည်။
'ပျင်းစရာ ကောင်းလိုက်တာ'
ကိုယ်စားလှယ် အချို့မှာ အသုံးဝင်ပုံ ပေါက်သော်လည်း အများစုမှာမူ အမှိုက်များသာ ဖြစ်ကြ၏။ ထိုကိုယ်စားလှယ်များကို အလွန်ဆုံးမှ ပဉ္စမအဆင့် မိစ္ဆာများအဖြစ်သာ ပြောင်းလဲနိုင်ပေလိမ့်မည်။ ထို့နောက်တွင် တန်တာစီယို၏ အကြည့်မှာ တစ်စုံတစ်ဦးထံတွင် ရပ်တန့်သွားသည်။
"ဟိုး… နင်ဆိုရင်တော့ စတုတ္ထအဆင့် ဖြစ်သွားလောက်မှာပဲ"
တန်တာစီယိုသည် အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ညှစ်ကာ မြှောက်လိုက်သည်။ ထိုအမျိုးသမီး၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်သွားပြီး ကျိုးပဲ့နေသော သရဖူတစ်ခုမှာ လိမ့်ထွက်သွားသည်။ ထိုသူမှာ အလှဘုရင်မ မင်ဂျီဝန် ဖြစ်သည်။
တန်တာစီယိုက ပြောလိုက်သည်။
"နင်က ဒီလူတွေရဲ့ ခေါင်းဆောင် ဖြစ်မယ်ထင်တယ်"
သူသည် မင်ဂျီဝန်၏ ပြတ်သားသော အကြည့်ကို သဘောကျသည်။ ဤအမျိုးသမီး၏ ဇာတ်လမ်းမှာ အတော်လေး မြိန်ယှက်ဖွယ် ကောင်းပေလိမ့်မည်။
"ငါ နင့်ကို အချက်နှစ်ချက် မေးမယ်။ နင်တို့ ဘယ်က လာတာလဲ"
"နင်-နင့်ကို ပြောပြမယ်ထင်နေတာလား"
"နင်တို့လို ပိုးကောင်တွေကို ငါ အများကြီး တွေ့ဖူးပြီးသားကွ"
တန်တာစီယိုသည် ရက်စက်သော အပြုံးကို ပြုံးလိုက်ပြီး ဟွာရန်း တစ်ဦးကို နင်းခြေလိုက်သည်။ ကျိုးပဲ့သွားသော ဦးခေါင်းခွံနှင့် ဦးနှောက် အစိတ်အပိုင်းများကို ကြည့်ရင်း မင်ဂျီဝန်၏ မျက်နှာမှာ ဖြူလျော့သွားသည်။
"ခဏ... ခဏ နေပါဦး"
ဖွတ်။ ဖွတ်။
"ရပ်လိုက်တော့။ ကမ္ဘာ... ကျမတို့က ကမ္ဘာမြေက လာတာ"
တန်တာစီယိုက ရယ်မောလိုက်သည်။
"ကမ္ဘာမြေဟုတ်လား"
တန်တာစီယိုမှာ ထိုနေရာကို ကြွယ်ဝသော ဇာတ်လမ်းများ ရှိသည့် ဂြိုဟ်တစ်ခုအဖြစ် မှတ်မိနေသည်။
'မိစ္ဆာဘုရင်တွေဆိုတဲ့ဇာတ်လမ်းတွေလိုမျိုး ကမ္ဘာမြေဆိုတာ ငြိမ့်ညောင်းတဲ့ နေရာတစ်ခုပဲ'
ဇာတ်လမ်းများ ပေါများသော နေရာတွင် သားကောင်များလည်း အများကြီး ရှိပေသည်။ တန်တာစီယိုက သူ၏ နှုတ်ခမ်းကို သပ်လိုက်သည်။
"ပိုးကောင်မလေး။ နင်တို့ထဲမှာ ဇာတ်လမ်း အများဆုံး ရှိတဲ့သူက ဘယ်သူလဲ"
"ဟမ်... ဇာတ်လမ်းဟုတ်လား။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ"
မျှော်လင့်ထားသည့်အတိုင်း မင်ဂျီဝန်မှာ သူပြောသည်ကို နားမလည်ချေ။
"နင်တို့ထဲမှာ အင်အားအကြီးဆုံးက ဘယ်သူလဲ"
တန်တာစီယို၏ ဝါကျင်ကျင် မျက်လုံးများက မင်ဂျီဝန်ကို လောဘတကြီး စိုက်ကြည့်နေသောကြောင့် မင်ဂျီဝန်မှာ တုန်လှုပ်နေလေသည်။
…………………………………………………………………………………..
"အာ….. ဒါဆို ဇာတ်ဝင်ခန်းက ဘာလဲ"
"...ငါ ခုလေးတင် ပြောပြပြီးပြီလေ"
"အဲ့ဒီအရိပ်အမြွက်ဆန်တဲ့ စကားလုံးတွေကို ငါက ဘယ်လိုလုပ် နားလည်မှာလဲ"
ကျနော်သည် ဟန်ဆိုယောင်းနှင့်အတူ ဒုတိယထပ်သို့ တက်ရန် ယဇ်ပလ္လင်ဆီသို့ ဦးတည်လိုက်သည်။ လမ်းခရီးတွင် မိစ္ဆာအချို့နှင့် ထိပ်တိုက်တွေ့ခဲ့သော်လည်း အခက်အခဲမရှိ ချောချောမွေ့မွေ့ ရှိခဲ့သည်။ အကြောင်းမှာ မိစ္ဆာများကို တွေ့သည့်အခါတိုင်း ကျနော်၏ ‘နက္ခတ်၏ အဆင့်အတန်း’ ကို အသုံးပြုသောကြောင့် ဖြစ်သည်။
[ကီးးးးး ...]
ကျနော့်မျက်လုံးများနှင့် ဆုံမိသော မဟူရာခြေရာခံသူများသည် အော်ဟစ်တုန်လှုပ်သွားကြသည်။ ကျနော်သည် ဒဏ္ဍာရီလာအဆင့် သို့မဟုတ် သမိုင်းဝင်အဆင့် မဟုတ်သေးသော်လည်း နက္ခတ်တစ်ပါး ဖြစ်လာသည်နှင့် ကျနော့်၏ တည်ရှိမှုမှာ ယခင်နှင့် မတူတော့ချေ။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော့်ထက် အဆင့်နိမ့်သူများကို အကြည့်တစ်ချက် သို့မဟုတ် စကားတစ်ခွန်းဖြင့်ပင် သိသာထင်ရှားသော လွှမ်းမိုးမှုကို ပြသနိုင်ခြင်း ဖြစ်သည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် ခရီးစဉ်က အလွန်လွယ်ကူလွန်းသောကြောင့် စိတ်ပျက်နေပါသည်။]
[‘ကောင်းကင်ဘုံ၏ စာရေးတော်’နက္ခတ်က သင့်တွင် ပိုမိုကြီးမားသော အခက်အခဲများ လိုအပ်သည်ဟု ဆိုပါသည်။]
ခက်ခဲလျှင်လည်း စိတ်ညစ်ကြပြီး လွယ်ကူလျှင်လည်း ပျင်းကြပြန်သည်။ ဘယ်သူ့အကြိုက်ကို လိုက်ရမှန်းပင် မသိတော့ချေ။ တစ်ခါတလေတော့လည်း ဒီလိုနေ့မျိုး ရှိသင့်သည် မဟုတ်ပေလော။ ဇာတ်ဝင်ခန်းတစ်ခုက ‘လွယ်ကူ’ နေသည်မှာ ယခုမှ ပထမဆုံး ဖြစ်သည်။
မိစ္ဆာ၏ သက်သေများကို တစ်ခုပြီးတစ်ခု ကျနော် စုဆောင်းနေစဉ် ရင်းနှီးသော အသံတစ်ခု လေထဲမှ ထွက်ပေါ်လာသည်။
[...ကင်ဒေါ့ဂျာ။ ကြည့်ရတာ အတော်လေး အဆင်ပြေနေပုံပဲ။ ‘ဒိုကဲဘီ အိတ်’ ကို မင်းတစ်ယောက်ထဲပဲ ဖွင့်လိုက်တာလား]
ဘယ်သူ ပြောနေသည်ကို တန်းသိလိုက်သည်။ ကျနော် နှာခေါင်းရှုံ့လိုက်ပြီး မက်ဆေ့ချ် ပြန်ပို့လိုက်သည်။
– ရုတ်တရက်ကြီး ပျောက်သွားတာက ဘယ်သူလဲ။
သူသည် အလယ်အလတ်အဆင့် ဒိုကဲဘီ တစ်ဦး ဖြစ်သည်။
[အခုတော့ မင်းက အတော်လေး ဖင်ခေါင်းကျယ်နေပြီပေါ့လေ။ ငါက အလုပ်ရှုပ်နေလို့ မလာနိုင်တာပါ။ ဘာပဲဖြစ်ဖြစ် နောက်ကျသွားပေမဲ့ ဂုဏ်ပြုပါတယ်။ ငါ့ရဲ့ ချန်နယ်ကနေ နက္ခတ်အသစ်တစ်ပါး ထွက်ပေါ်လာပြီ။ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်]
– ချန်နယ်ကော အဆင်ပြေရဲ့လား။
[အေး။ မင်း နက္ခတ်တစ်ပါး ဖြစ်သွားပြီးနောက် ‘ကိုယ်စားလှယ် ရှာဖွေသူတွေ’ ထွက်သွားကြမယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ တကယ်တမ်းတော့ ပိုပြီးတောင် အခြေအနေ ကောင်းလာသေးတယ်။ အခုချိန်မှာ လူတိုင်းက ရဲတိုက် ဇာတ်ဝင်ခန်းကို လာကြည့်နေကြတော့ အတော်လေးကို အလုပ်ရှုပ်နေတာကွ။ မကြာခင် ချန်နယ်ကို ချဲ့ထွင်ရတော့မယ် ထင်တယ်]
...အဲ့ဒီလောက်တောင်လား။
အမှန်ပင် ဇာတ်ဝင်ခန်းအတွင်းမှာ ကိုယ်စားလှယ်တစ်ဦးက နက္ခတ်တစ်ပါး ဖြစ်လာခြင်းမှာ အလွန်ရှားပါးသော ကိစ္စဖြစ်သည်။
[ဒါပေမဲ့ မင်းကို မနှစ်သက်တဲ့သူတွေလည်း ရှိတယ်။ သတိထားသင့်တယ်။ အမှန်အတိုင်း ပြောရရင် မင်းက နက္ခတ်တစ်ပါး ဖြစ်နေပေမဲ့ မင်းရဲ့ ‘အဆင့်အတန်း’ က လုံးဝဥဿုံ ခိုင်မာမှု မရှိသေးဘူး]
ဘီဟွန်း ပြောသကဲ့သို့ပင်။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်နေသော်လည်း ကျနော့်၏ အထူးစွမ်းရည်မှာ နိုးထလာခြင်း မရှိသေးချေ။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော်သည် လက်ရှိအချိန်တွင် နက္ခတ်တစ်ပိုင်းတစ်စနှင့်သာ ပိုတူနေလေသည်။
[မင်းက ယူဂျွန်ဟော့ထက် ပိုသန်မာတယ်လို့ ငါကြားထားတယ်၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်...]
– ငါက ပိုသန်မာတယ်။
[အိုး... ကင်ဒေါ့ဂျာ။ မင်းရဲ့ ပုံမှန်တုံ့ပြန်မှုနဲ့ ကွဲပြားနေပါလား။ မင်းမှာ ပြိုင်ဆိုင်လိုစိတ်တွေ ရှိနေတာလား]
– ငါက နက္ခတ်လေ။ သူက ကိုယ်စားလှယ်ပဲ။ ငါက ပိုသန်မာတာ သဘာဝကျပါတယ်။
[ဟင်း... တကယ်ပဲ အဲ့ဒီလိုလား]
– မင်း ဘာပြောချင်တာလဲ။ ရန်လာစတာလား။
[အာ… ကလေးလေးက မကြာခင် မွေးတော့မယ် ထင်တယ်။ ကလေးမကို ကျွေးဖို့ ဇာတ်လမ်းတစ်ခု လိုအပ်တယ်။ မင်းက ကလေးမရဲ့ ဖခင်ဖြစ်တဲ့အတွက် မိဘတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်သင့်တယ်...]
– နားလည်ပြီ။ ငါ ရှာပေးပါ့မယ်။
[ကောင်လေး၊ မင်းက မြန်မြန်ဆန်ဆန် နားလည်လို့ ငါသဘောကျတယ်။ ဒါဆို မင်းကိုပဲ အားကိုးတော့မယ်နော်]
၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ရှင်ယူဆောင်း နိုးထလာရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။ ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ အဖွဲ့သားများသည် မိစ္ဆာများ၏ အလောင်းများမှ မိစ္ဆာ၏ သက်သေများကို စုဆောင်းနေကြသည်ကို တွေ့ရသည်။
"အားလုံးပဲ။ သက်သေတွေ လုံလောက်ကြရဲ့လား"
ရှင်ယူဆောင်းက လက်ကို သတိထားကာ မြှောက်လိုက်သည်။
"ကျမကတော့ လိုသေးတယ်... ဂီယောင်လည်း..."
"...အာ…. ငါ ကူညီပေးမယ်"
ဟန်ဆိုယောင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်လောက်မည်ဟု ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ ဟန်ဆိုယောင်းသည် ရှင်ယူဆောင်းကို အတော်လေး ဂရုစိုက်ပေးနေခြင်း ဖြစ်သည်။
လီဟန်းဆောင်သည် လီဂီယောင်ကို ကျောပိုးထားရင်း ကျနော့်ကို စကားလှမ်းပြောသည်။
"ဒေါ့ဂျာ "
"ဟုတ်ကဲ့"
"ကျုပ် တစ်ခုလောက် မေးလို့ ရမလား။"
"...မေးပါ"
လီဟန်းဆောင်သည် ဟန်ဆိုယောင်း၏ အိပ်မက်ဆိုးမှ လက်မတင်လေး လွတ်မြောက်လာခဲ့သူဖြစ်ပြီး ကျနော် ရှင်သန်နေသည်ကို ယခုတိုင် မယုံကြည်နိုင်သေးသည့်ပုံ ပေါ်နေသည်။ တစ်ခါတလေတွင် သူသည် ကျနော့်လက်မောင်း သို့မဟုတ် ကျနော့်ခေါင်းကို လာကိုင်တတ်သည်။ လီဟန်းဆောင်သည် ကျနော့်ခေါင်းကို စမ်းကြည့်ပြီးနောက် ပြောလိုက်သည်။
"အရင်က ကျုပ် စစ်တပ်ထဲမှာတုန်းက ကျည်ခွံအလွတ်တစ်ခု ပျောက်သွားဖူးတယ်"
"...အဲ့ဒါက ပြဿနာကြီးပဲ။ ပြန်ရှာတွေ့ခဲ့လား"
"ရှာတွေ့ခဲ့တယ်"
"အတော်လေး ဒုက္ခရောက်သွားမှာပဲ။ ဒါနဲ့ ဘာလို့ အဲ့ဒီကိစ္စကို ပြောရတာလဲ..."
"တစ်လအကြာမှာ ရုတ်တရက်ကြီး ပြန်ရှာတွေ့ခဲ့တာလေ"
ကျနော်၏မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း လီဟန်းဆောင်ကတော့ အတည်ပေါက် ဖြစ်နေဆဲပင်။
"အဲ့ဒီအချိန်ကစပြီး ကျုပ်က အဲ့ဒီကျည်ခွံကို အိတ်ကပ်ထဲမှာ အမြဲဆောင်ထားခဲ့တယ်"
"...အဲ့ဒါက စစ်တပ်စည်းကမ်းကို ချိုးဖောက်တာ မဟုတ်ဘူးလား"
"အမှန်ပဲ"
သူ့ဘက်က အေးအေးဆေးဆေး ခေါင်းညိတ်ပြနေသည်ကို ကြည့်ပြီး ကျနော် အံ့ဩသွားမိသည်။ ကျနော်က စူးစမ်းလိုစိတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါပြီ။ ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး အဲ့ကိစ္စကိုလာပြောနေရတာလဲ"
"မဟုတ်ပါဘူး၊ ကျုပ်က အတိတ်ကို ရုတ်တရက် သတိရသွားလို့ပါ"
လီဟန်းဆောင်ကို ကြည့်ရင်း သူ ဘာကြောင့် ဤသို့ ပြောနေရသည်ကို ကျနော် မသိချေ။ သူက ကျနော့်ခေါင်းကို ဖြတ်ပြီး အိတ်ကပ်ထဲ ထည့်ထားချင်သည့် သဘောတော့ မဟုတ်လောက်ပေ။ မည်သို့ပင်ဆိုစေကာမူ ကျနော် အသက်ရှင်နေသည့်အတွက် သူ ဝမ်းသာနေသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
မကြာမီမှာပင် ဒုတိယထပ်သို့ တက်လှမ်းနိုင်မည့် ယဇ်ပလ္လင်ဆီသို့ ရောက်ရှိလာကြသည်။ မိစ္ဆာ၏ သက်သေများလည်း လုံလောက်စွာ ရှိနေပြီဖြစ်ရာ ၎င်းတို့ကို ယဇ်ပလ္လင်ပေါ်တွင် တင်ပြီး စောင့်ဆိုင်းရန်သာ ကျန်တော့သည်။ ထိုအချိန်တွင် ဟန်ဆိုယောင်းက မေးလာသည်။
"အဲ့ဒီ ဦးလေးကြီးက ငါတို့နဲ့ တူတူလိုက်မှာလား"
ကျနော် လှည့်ကြည့်လိုက်သောအခါ ဟန်ဆိုယောင်းသည် Pink Kid ကင်ယောင်ပဲကို ညွှန်ပြနေ၏။
ကျနော် ခေါင်းညိတ်ပြလိုက်ပြီး အမိန့်ပေးလိုက်သည်။
"ကင်ယောင်ပဲ။ ရှေ့ကနေ ဦးဆောင်သွားပါ"
"ရှင် အဲလေ ဗျာ"
ကင်ယောင်ပဲသည် ကြောက်လန့်သွားပြီး ဟန်ဆိုယောင်း၏ မျက်လုံးများကတော့ ကျဉ်းမြောင်းသွားသည်။
"အဲ့ဒီ ဦးလေးကြီးက ဘာအတွက်အသုံးဝင်တာလဲ"
"နင် မေ့သွားပြီလား။ ဒုတိယထပ်ကို သွားဖို့ နောက်ဆုံး ဂိတ်တံခါးက..."
ပထမထပ်တွင် မိစ္ဆာ၏ သက်သေများကို စုဆောင်းထားသူများသည် ယဇ်ပလ္လင်ပေါ်တွင် သက်သေများ တင်ပြီးနောက် ထွက်ပေါ်လာသည့် ‘မိစ္ဆာ’ ကို အမဲလိုက်နိုင်မှသာ နောက်တစ်ထပ်သို့ တက်နိုင်မည် ဖြစ်သည်။ သို့သော် ဒုတိယထပ်အတွက် ခေါ်ယူမည့် မိစ္ဆာသည် အဖွဲ့အတွင်းရှိ အားအနည်းဆုံးသူ၏ အဆင့်ပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
ဟန်ဆိုယောင်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဪ... အဲ့ဒါကြောင့် နင်က အားအနည်းဆုံးလူကို ရှေ့ဆုံးက ထားတာပေါ့"
"အတိအကျပဲ"
"...ကင်ဒေါ့ဂျာကတော့ အရှက်မရှိဆုံးပဲ"
"ဒါက အရှက်မရှိတာ မဟုတ်ဘူး။ နည်းဗျူဟာကျတာလို့ ခေါ်တယ်"
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် သင်၏ ထောင့်မကျိုးမှုအပေါ် အံ့ဩနေပါသည်။]
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’နက္ခတ်က သင့်ထံမှ နက္ခတ်တစ်ပါး၏ ဂုဏ်သိက္ခာကို မြင်လိုနေပါသည်။]
...နက္ခတ်တစ်ပါးရဲ့ ဂုဏ်သိက္ခာက ဘာလဲ။
ကျနော်သည် ဂုဏ်သိက္ခာကို အလေးထားပြီး ခက်ခဲသော ဇာတ်ဝင်ခန်းများကို ကျော်ဖြတ်လာခဲ့ခြင်း မဟုတ်ချေ။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်သော်လည်း တစ်ခါတလေတွင် ပါးနပ်စွာ ကစားရန် လိုအပ်သည်။
ဟန်ဆိုယောင်းက ဆိုသည်။
"ဒါဆိုရင် ဒီဂိတ်တံခါးကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပေါ့"
"ဘာမှ ဖြစ်မလာသရွေ့ပေါ့"
"ဘာဖြစ်နိုင်မှာမို့လို့လဲ"
"တစ်ခါတလေမှာ ငါတို့ရဲ့ အဆင့်နဲ့ မဆိုင်ဘဲ မိစ္ဆာတစ်ကောင် ထွက်လာတတ်တယ်"
ကျနော် ထိုသို့ပြောရင်း မိစ္ဆာ၏ သက်သေများကို ယဇ်ပလ္လင်ပေါ်သို့ တင်လိုက်သည်။
[မိစ္ဆာ၏ သက်သေများကို တင်ပြီးပါပြီ]
[သင့်အား စမ်းသပ်ရန် ဆီလျော်သော မိစ္ဆာတစ်ကောင်ကို ခေါ်ယူနေပါသည်]
ယဇ်ပလ္လင်ဆီမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာသည် စတင်ပေါ်ပေါက်လာသည်။
အရောင်အသွေးစုံလင်သော မီးမောင်းထိုးချက်များ လင်းလက်လာ၏။ ကျနော့်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ကင်ယောင်ပဲ၏ အဆင့်နှင့် ညီမျှသော တစ်စုံတစ်ယောက် ထွက်လာပေလိမ့်မည်။ ဒုတိယထပ်ရှိ တော်ဝင်မိစ္ဆာများထဲတွင် အားအနည်းဆုံးဖြစ်သော မိစ္ဆာရွာစားကြီး ဗေလာ ပဲ ပေါ်လာလောက်သည်။ ထိုသို့သာဆိုလျှင် နက္ခတ်တစ်ပါး၏ စွမ်းအားကိုပင် အသုံးမပြုဘဲ သူ့ကို ကျနော်နှိမ်နင်းနိုင်ပေလိမ့်မည်...။
[သင့်အား အလိုရှိနေသော မိစ္ဆာသည် ဒုတိယထပ်တွင် ရှိနေပါသည်။]
…ဟင်။
[သင့်အဆင့်နှင့် မသက်ဆိုင်သော မိစ္ဆာတစ်ကောင်ကို ခေါ်ယူနေပါသည်။]
ထိုမက်ဆေ့ချ်များကို ကြားလိုက်ရသည့်အခါ ဟန်ဆိုယောင်းသည် တောင့်တင်းသွားသည်။
"ချီး... ဒါက ဘာလဲဟ။ နင် ပြောတဲ့အဆင့်နဲ့မဆိုင်တာ ပေါ်လာတတ်တယ်ဆိုတာ ဒါမျိုးလား"
[မိစ္ဆာနယ်စား ‘တန်တာစီယို’ ဆင်းသက်လာပါပြီ။]
...နယ်စား။
ခန့်ညားသော ဦးချိုများသည် ပုခုံးများပေါ်တွင် အုပ်မိုးနေ၏။ အရောင်စုံ မီးမောင်းထိုးချက်များအောက်တွင် ပေါ်လာသော ထိုမိစ္ဆာသည် ဗေလာနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သူသည် ရက်စက်သော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
"...ဒါဆို မင်းက ယူဂျွန်ဟော့ပေါ့"