← Chapters

တရားစီရင်ခြင်းနှင့်အထင်လွဲခြင်း

Vol. 4 Ch. 226

တရားစီရင်ခြင်းနှင့်အထင်လွဲခြင်း

Vol. 4 Ch. 226

“လေကျောင်းတော်စံအိမ်က တော်တော်ကြီးတာပဲ။”

ကျွန်မ မနေနိုင်ဘဲ ရေရွတ်လိုက်မိမယ်။ ကျွန်မတို့ရှေ့မှာမြင်နေရတဲ့ အဆောက်အဦးက အုတ်ကြွပ်ခေါင်မိုးသုံးဆင့်ရှိတယ်။ အတွင်းပန်းခြံ တစ်ခုလည်းပါသလို ပြတင်းပေါက်မြင့်မြင့်တွေ ရှိတဲ့အတွက်ကြောင့် နေရောင်ကောင်းစွာရတယ်။

ဒါပေမဲ့ ကျွန်မကလွဲလို့ တခြားသူတွေကတော့ ဒီအိမ်ကြီးရဲ့ အလှကိုမခံစားနိုင်ကြပါဘူး။ အကြောင်းက ကျွန်မတို့တွေ ဒီကိုရောက်လာတာ တရားစွဲခံရလို့လေ။

ကျွန်မ နက်ဆန်နဲ့မိုနီကာကိုကြည့်လိုက်တယ်။ မိုနီကာက နက်ဆန်ကို ပိုပြီးတော့ ချွဲပြနေသေးတယ်။

“ဒါလင်... ရာထူးကထွက်ရရင်လည်း ပြဿနာမရှိပါဘူး။ တာဝန်တွေ မရှိတော့ရင် တို့နှစ်ယောက်အချိန်ပိုဖြုန်းလို့ ရမှာပဲမဟုတ်လား။ လင်ဘိုဘုံကို ဟန်းနီးမွန်းခရီး ထွက်ကြမယ်လေ။”

အောင်မလေး၊ ရွံစရာကောင်းချက်.... အဟွက်... အဟွက်....

ကျွန်မတို့တွေ အိမ်ထဲရောက်တော့ တခြားအယ်ဒါတွေ ရောက်နှင့် နေကြပါပြီ။ ဒါပေမဲ့ သုံး​​​ယောက်မဟုတ်ဘဲ နှစ်ယောက်တည်းပါ။ သဘောကောင်းတဲ့ မြေကျောင်းတော်အယ်ဒါ ဖွားဖွားရီတရယ်... အကြောင်းအမျိုးမျိုးကြောင့် လက်ထိပ်ခတ်ခံထားရပုံပေါ်တဲ့ ရိုစယ်လီယာရယ်ပေါ့။ ရိုစယ်လီယာ့နောက်မှာတော့ အမြွှာဆီနိတ်တာတွေက သူတို့အယ်ဒါကို မျက်ခြေမပြတ် စောင့်ကြည့်လို့နေလေရဲ့။

“ရိုစယ်လီယာ... ဒါက ဘယ်လိုဖြစ်တာတုန်း။” ကျွန်မလည်း မနေနိုင်ဘဲ မေးလိုက်မိတာပေါ့။ အမြွှာဆီနိတ်တာတွေကတော့ သူတို့အယ်ဒါကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း ကျွန်မကို ပြန်ဖြေတယ်။

“ကျွန်တော်တို့ရဲ့အလိုက်မသိတဲ့အယ်ဒါက တာဝန်ဝတ္တရားတွေကို မေ့ထားပြီးတော့ ဥရောပအနှံလျှောက်သွားနေတာမလို့ ဖမ်းပြီး ပြန်ခေါ်သွားမလို့လုပ်​နေတာလေ။”

“ကံမကောင်းတာက လေကျောင်းတော်က တရားစီရင်စရာ ရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို ဖိတ်တော့တာပဲ။”

ကျွန်မလည်း ရိုစယ်လီယာကို နည်းနည်းသနားမိသွားတယ်။ နက်ဆန်ရဲ့ဆီနိတ်တာတွေက နာခံတတ်တယ်လို့ပြောလို့ရပေမဲ့ ရိုစယ်လီယာအတွက်ကျ သူ့ဆီနိတ်တာတွေက သူ့ကို အကျဥ်းချဖို့တောင် တွေးနေကြပုံပဲ။

“ဒါနဲ့... ငါ့ရဲ့ပြိုင်ဖက်က ပြဿနာတစ်ခုမဟုတ်တစ်ခု ကြုံနေရပါလား။ ဒီအတိုင်းဆို ငါတို့နှစ်ယောက် မကျေပွဲ မနွှဲခင်အထိတောင် အသက်ရှင်ပါ့မလား။”

ရိုစယ်လီယာကတော့ နက်ဆန်ကို လှည့်ကြည့်ပြီးပြောလိုက်တယ်။ အခုတလော ရိုစယ်လီယာက အရင်လောက်ရန်မလိုတော့လို့ ကျွန်မက သူ့အကြောင်းကိုတောင်မေ့လုနီးပါးဖြစ်နေပါပြီ။ ပြီးတော့ သူ့ဆီကနေ စွမ်းအားကြီးတဲ့အရှိန်အဝါတွေ ဖြာထွက်နေတယ်။ အားအနည်းဆုံးအယ်ဒါဆိုတဲ့ဂုဏ်ပုဒ်က သူ့အတွက်မဟုတ်တော့ သလိုပါပဲ။

“မင်းငါ့ကို အနိုင်ယူနိုင်ရင်တောင်မှ အမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ မင်းရဲ့အဖွားကိုယ်တိုင်က သေဆုံးဖို့ဆန္ဒရှိခဲ့တာ။”

နက်ဆန်က ပြောလိုက်တယ်။ ရိုစယ်လီယာကတော့ ခေါင်းခါလိုက်ပြီး

“ကျွန်မသိပါတယ်... သိတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ရှင့်မျက်နှာကို ခပ်နာနာလေး ရိုက်ချင်နေတုန်းပဲ။”

“ကောင်းပြီလေ။”

နောက်ဆုံးတော့ နက်ဆန်ကိုယ်တိုင်တောင် ရိုစယ်လီယာကို နားချဖို့အတွက် လက်လျှော့လိုက်တဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အယ်ဒါရှားလော့ခ်နဲ့ အယ်မာတို့ဝင်လာခဲ့ပါပြီ။

“ညအရှင်... ရေကျောင်းတော်အယ်ဒါက တခြားလုပ်စရာတွေ ရှိနေသေးတယ်ဆိုပြီး ငြင်းပယ်ခဲ့တဲ့အတွက် လေဒီအယ်မာကိုပဲ တတိယတရားသူကြီးအဖြစ်ထားဖို့ ဆုံးဖြတ်ထားတယ်။ ရှင့်အတွက် အဆင်ပြေရဲ့လား။”

ဒါပေမဲ့ အယ်မာက ကျောင်းခြောက်ကျောင်းကမဟုတ်ဘဲ EUOC ကမဟုတ်လား။ ကျွန်မအတွေးလွန်နေတဲ့အချိန်မှာပဲ အယ်ဒါရီတာက အခုလိုပြောလိုက်ပါတယ်။

“လေပြင်းသခင်မက အဖွားတို့မြေကျောင်းတော်ကို အခုလိုယုံကြည်ပေးတဲ့အတွက် ဝမ်းမြောက်မိပါတယ်။”

ဟုတ်သားပဲ၊ လောလောဆယ် အယ်မာက မြေကျောင်းတော် အနာဂတ်အယ်ဒါရဲ့ရင်ခွင်ပိုက်အုပ်စိုးသူလည်း ဖြစ်နေသေးတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ရိုစယ်လီယာထက် အားမနည်းတဲ့ စွမ်းအားမျိုးကို ပြသထားပြီးပြီပဲ။

အဲဒီနောက်တော့ ကျွန်မတို့ရှေ့မှာတင်ပဲ အယ်မာက ပြည့်ဖောင်းစ ပြုနေပြီဖြစ်တဲ့ ဝမ်းဗိုက်ပေါ်ကိုလက်တင်ပြီး တခြားတရားသူကြီး နှစ်​ယောက်နဲ့အတူတူ တစ်တန်းတည်းမှာ ဝင်ထိုင်လိုက်တယ်။

“ဒီတော့ တရားလိုရှားလော့ခ်က အမှောင်ကျောင်းတော်က လေကျောင်းတော်အဖွဲ့ဝင် နာတာရှာကို မတရားကျွန်ပြုထားတယ်လို့ တရားစွဲထားတယ်။ အဲဒီအတွက် သက်သေတစ်ခုခုရှိသလား။”

အားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ အယ်ဒါရီတာက ရှားလော့ခ်ကိုကြည့်ပြီး မေးလိုက်ပါပြီ။ ရှားလော့ခ်ကတော့ လက်ကိုပိုက်ထားရင်း ပွင့်ပွင့်လင်းလင်းပဲ ပြန်မေးလိုက်တယ်။

“ အမှောင်ကျောင်းတော်ကပဲ နာတာရှာကိုသတ်ခဲ့တာလေ။ ဒါကြောင့်သေသွားပြီးနောက် ဖုတ်ကောင်ဖြစ်လာတာ တိုက်ဆိုင်မှုမဟုတ်နိုင်ဘူးလို့ ကျွန်မယုံတယ်။”

အယ်မာကတော့ စပြီးခေါင်းခါလိုက်လေရဲ့။ “အယ်ဒါရှားလော့ခ်၊ သံသယရှိရုံသက်သက်နဲ့တင် တရားခံကိုအပြစ်ပေးလို့မရတာ ရှင်သိမှာပါ။ တရားခံက သံသယအကျိုးကိုခံစားခွင့်ရှိတယ်။”

အယ်မာရဲ့စကားကြောင့် ရှားလော့ခ်က တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားတဲ့အထိ ရယ်မောလိုက်ပါတယ်။ အဲဒီနောက် နက်ဆန်ကိုကြည့်ပြီးတော့

“ဒါဆိုရင် ညအရှင်မှာရော နာတာရှာကို ဖိအားပေးခိုင်းစေထားတာ မဟုတ်ဘူးဆိုတဲ့သက်သေ ပြစရာရှိရဲ့လား။ ရှင်သူ့ကို ပြောပြခိုင်းရုံနဲ့တော့ ကျွန်မယုံမှာမဟုတ်ဘူးနော်။”

ကျွန်မရှေ့မှာရှိနေတဲ့ နက်ဆန်က သူ့အရိပ်ကိုဆွဲဆန့်လိုက်တယ်။ အရိပ်ထဲကနေ ဒဏ်ရာတွေပြန်ကောင်းနေပြီဖြစ်တဲ့ နာတာရှာ ထွက်လာပါတယ်။ အဲဒီနောက်တော့ သူက ရိုစယ်လီယာကို ကြည့်လိုက်ပြီးတော့...

“မီးလျှံကျောင်းတော်မှာ သစ္စာမီးစက်ဝန်းလို့ခေါ်တဲ့ အထွတ်အမြတ်မှော်ဂါထာတစ်ခုရှိတယ်ကြားဖူးတယ်။ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ယုံကြည်မှုမျိုး ရှိတဲ့သူတွေသာလျင် ဖြတ်သန်းနိုင်မယ့်အရာပေါ့။”

ရိုစယ်လီယာကလည်း နက်ဆန်ကို အေးစက်တဲ့အကြည့်တွေနဲ့ ပြန်ကြည့်လိုက်တယ်။ အဲဒီနောက် ကျွန်မတို့တွေ ထင်မထားတဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါလေရော။

“ညအရှင်... ရှင်က သေချင်နေတာလား။ အဲဒီအစီအရင်က တစ်ယောက်ကိုတစ်​ယောက် သံသယနည်းနည်းလေးဝင်မိတာနဲ့ နှစ်ယောက်လုံးကို ပြာကျသွားအောင် လုပ်ပစ်မှာနော်။”

တစ်ဖက်မှာတော့ နာတာရှာက နက်ဆန်ရဲ့လက်ကိုဆွဲလိုက်ပြီး စစ်သူရဲကောင်းတစ်ယောက်က အရှင်သခင်ဖြစ်သူကို ခစား သလိုမျိုး လက်ခုံကိုနမ်းလိုက်တယ်။

“သခင်က ကျွန်မနဲ့အတူတူ ဒီလိုအရာတစ်ခုကို ဖြတ်ကျော်ချင်တာလား။ ကျွန်မက ထင်ထားသလောက် သခင့်အပေါ်သစ္စာရှိမနေရင်ရော....”

နာတာရှာဆီကနေ စိုးရိမ်တဲ့စကားထွက်လာတာကြောင့် နက်ဆန်က ရယ်မောလိုက်ပြန်ပါတယ်။

“မင်းသာ ငါ့အပေါ်မှာသစ္စာမရှိရင် ငါ့ရဲ့အစေခံဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ငါက မင်းကို အကြွင်းမဲ့ယုံကြည်တယ်။ မင်းကလည်းငါ့ကို အလားတူယုံကြည်ပေးပါ။”

သူတို့နှစ်ယောက် စကားတွေအပြန်အလှန်ဖလှယ်လို့ ပြီးချိန်မှာတော့ ရိုစယ်လီယာက စပြီးအစီအရင်ကို ဖန်တီးတယ်။ မရေမတွက်နိုင်တဲ့မှော်သင်္ကေတတွေနဲ့ မကြားဖူးတဲ့ဂါထာမန္တန် မြောက်မြားစွာကို ရေရွတ်ပြီးတဲ့နောက်မှာတော့ သက်တံရောင် မီးတောက်မုဂ်ဝကြီးက ကျွန်မတို့ရှေ့မှာပေါ်လာတယ်။

“သခင်... အတူဖြတ်ကျော်ရအောင်....”

အဲဒီနောက်တော့ နာတာရှာက နက်ဆန့်လက်ကိုဆွဲပြီး မီးတောက်တွေထဲ ဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မသူတို့ကိုမနာလိုဖြစ်လာမိပြန်ရော။

“ဟင်း... စဥ်းစားကြည့်ရင် ဒါက ချစ်သူနှစ်ယောက် သစ္စာအတူဆိုပြီး မီးပင်လယ်ထဲဖြတ်နေတာနဲ့ မတူဘူးလား။”

အခုလိုရေရွတ်လိုက်တာကို မိုနီကာလည်းကြားသွားပုံပဲ။ သူက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး

“အမှန်ပဲ၊ ကျိန်စာသံလိုက်မ။ အဲဒီ နာတာရှာဆိုတဲ့ကောင်မကိုလည်း လွှတ်ထားလို့မဖြစ်ဘူး။”

“.....” ကျွန်မကတော့ အဲဒီအချစ်ရူးမကို အရှုံးပေးလိုက်ပြီ။

ငါးမိနစ်လောက်ကြာပြီးနောက်မှာတော့ နာတာရှာနဲ့နက်ဆန်တို့ နှစ်ယောက်စလုံး မီးလျှံတွေထဲကနေ ဘေးမသီရန်မခပြန်ပြီး ထွက်လာနိုင်ပါတယ်။ နာတာရှာကတော့ ရှားလော့ခ်ရှေ့မှာ ပထမဆုံးရပ်ပြီး အခုလိုပြောလိုက်ပါတယ်။

“ဆရာ... ကျွန်မကို စိတ်ပူနေမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျွန်မက သခင့်ကို သမိုင်းတစ်လျှောက်အထူးချွန်ဆုံး အယ်ဒါဖြစ်လာရမယ်လို့ ကတိပေးထားတယ်။”

ရှားလော့ခ်ကတော့ တပည့်ဖြစ်သူကို မျက်နှာချင်းမဆိုင်တော့ဘဲ ကျောခိုင်းထားလိုက်တယ်။ သူ့ကြည့်ရတာစိတ်မကောင်းဖြစ်သလို ထင်ရပေမဲ့လို့ ဝမ်းလည်းဝမ်းသာနေပုံပဲ။

“နင်ဖိအားပေးခံရတာ မဟုတ်တဲ့အကြောင်းသိရလို့ ဝမ်းသာပါတယ်။ ညအရှင်၊ ရှင်ကျွန်မနယ်မြေထဲက နေရာတစ်ခုကိုရှာနေတာမဟုတ်လား။ ဒီကိစ္စအတွက် တောင်းပန်တဲ့အနေနဲ့ အဲဒီနေရာကို ရှင့်ကိုကူရှာပေးမယ်လေ။”

အဲဒီလိုနဲ့ပဲ စားပွဲဝိုင်းတရားစီရင်မှုက ပြီးသွားခဲ့ပါတယ်။ အစပိုင်းက မြေကျောင်းတော်နဲ့လေကျောင်းတော်က ကျွန်မတို့အမှောင်ကျောင်းတော်နဲ့ သိပ်မတည့်ခဲ့ပေမဲ့လို့ အခုဆိုရင်တော့ အတော်လေးရင်းနှီးလာပြီပြောရမှာပဲ။

တရားစီရင်မှုပြီးတဲ့နောက် အမှောင်ကျောင်းတော်အဖွဲ့သားတွေ သီးသန့်အစည်းအဝေးလုပ်ဖြစ်ကြပါတယ်။ ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့သူကတော့ နာတာရှာပါ။

“ဒါက အမှောင်ကျောင်းတော်အယ်ဒါ၊ ညအရှင်နက်ဆန်လက်ထက် တတိယအကြိမ်မြောက်ကျင်းပတဲ့ ဆီနိတ်တာအစည်းအဝေးပဲ။ စိန့်ပီတာစဘတ်ဆီနိတ်တာဆယ်ဗီနဲ့ ကွန်စတန်တီနိုပယ်ဆီနိတ်တာ နာတာရှာတို့အပြင် ကိုယ်ရံတော်ဒေါ်ရသီနဲ့ စကူးဘတ်မင်းသမီး မိုနီကာလည်း ဒီမှာရှိနေတယ်။”

နာတာရှာက မော်လီလုပ်သလိုမျိုး ဦးဆောင်စကားကို ပြောပြီးတဲ့ နောက်မှာတော့ ကွန်စတန်တီနိုပယ်မြို့မှာ သူသိခဲ့ရတဲ့ကိစ္စတွေကို ကျွန်မတို့နဲ့ မျှဝေပေးပါတယ်။

“အရေးအကြီးဆုံးအချက်ကတော့ လေးသူတော်စင်သီယာက ညအရှင်ရဲ့ညီမအရင်းဖြစ်တယ်ဆိုတာ ကျွန်မတို့သိလိုက်ရပြီ။ မြို့တွင်းတိုက်ပွဲတွေအရ လှံသူတော်စင်နီကိုလပ်ကလည်းပဲ အယ်ဒါအဆင့်ကိုရောက်သွားပြီလို့ ကျွန်မတို့ အတည်ပြုလိုက်နိုင်တယ်။”

နာတာရှာရဲ့စကားကြောင့် နက်ဆန်ကမျက်မှောင်ကြုတ်လိုက်တယ်။ အခုထိရဟန်းမင်းကြီးပီးယပ်က ဘာလိုချင်မှန်းမသိသေးပေမဲ့ ရိုမြူလက်ဘုရားကျောင်း အင်အားကြီးလာတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ နာတာရှာစကားမဆုံးသေးဘူး။

“ရိုမြူလက်ချက်ကျောင်းက သူတို့တပ်မှူးတွေကို ကမ္ဘာအနှံပို့ထားပြီး နတ်ကိုးကွယ်သူဂိုဏ်းတွေကို ဖြိုခွင်းတာနဲ့ ကလေးတွေကိုဦးနောက်ဆေးတာတွေ ဆက်လုပ်နေတယ်။ ဒီတပ်မှူးတွေရဲ့အင်အားတိုးတက်လာမလာ ကျွန်မတို့မသိရပေမဲ့ တိုးတက်လာနေတဲ့ ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေကြောင့် သူတို့တွေလည်း အယ်ဒါဖြစ်လာနိုင်တယ်။”

ကျွန်မမှတ်မိသလောက် ကျောင်းတော်တွေရဲ့အင်အားက ကိုးကွယ်ယုံကြည်မှု စွမ်းအားအပေါ်မှာလည်းအခြေခံပါတယ်။ ကိုးကွယ်ယုံကြည်သူပိုများလာလေလေ အဖွဲ့ဝင်တွေကပိုပြီး စွမ်းအားကြီးလာလေလေပဲ။

“တတိယတစ်ချက်ကတော့ ကျွန်မဘုရားကျောင်းထဲကိုဝင်တုန်းက ဘုရားကျောင်းဝင်းထဲမှာ ငရဲနံကိုရနေခဲ့တာပဲ။”

ဒီတစ်ခါတော့ ကျွန်မအပါအဝင် အခန်းထဲမှာရှိနေတဲ့လူတိုင်းလိုလို တိတ်ဆိတ်သွားကြတယ်။ မိုနီကာက နှုတ်ခမ်းကိုဖိကိုက်ထားတဲ့ အထိပဲ။ ပြီးမှ သူက အားလုံးကိုပြောလိုက်တယ်။

“ကျွန်မအမေက အီလက်ထရာကို ကမ္ဘာဆီပို့လိုက်တာ တိုက်ဆိုင်မှု မဟုတ်ခဲ့ဘူးပဲ။ လင်ဘိုဘုံနဲ့ငရဲဘုံကြားကအလွှာတွေ ပါးလာနေတာ ရိုမြူလက်ချက်ကျောင်းကြောင့်လို့ ကောက်ချက်ချနိုင်ပြီပေါ့။”

နက်ဆန်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောလိုက်တယ်။ “နာတာရှာ... ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထပ်စုံစမ်းစေချင်တယ်။ ဘုရားကျောင်းက ဘာကိစ္စ ငရဲတံခါးကိုဖွင့်ချင်နေတာလဲ။ အဲဒါက သူတို့အတွက် ဘာအကျိုးရှိလို့လဲ။”

နာတာရှာကလည်း ခေါင်းညိတ်လိုက်တယ်။ “ကက်သလစ် ကျောင်းတော်ကတော့ တစ်ခုခုသိထားပုံပဲ။ EUOC ကောင်မရှင်နာ အတွက်လည်း အတူတူပဲဖြစ်နိုင်တယ်။ ကျွန်မတို့ကို သတင်းတွေ မမျှဝေထားရုံပဲရှိတာ။”

အဲဒီနောက်တော့ ကျွန်မတို့တွေ အစည်းအဝေးကိုဖြုတ်လိုက်တယ်။

....

နာတာရှာ အစည်းအဝေးခန်းထဲကနေ ထွက်လာတော့ လိုက်ကာနောက်မှာပုန်းပြီး သူ့ကိုစိုက်ကြည့်နေတဲ့ အကြည့်တစ်စုံကို သတိထားလိုက်မိရော။ အဖြူရောင်ဆံနွယ်တွေနဲ့သားမွှေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ရှားလော့ခ်ပါပဲ။

ရှားလော့ခ်က နက်ဆန်နဲ့တခြားသူတွေထွက်သွားပြီး နာတာရှာပဲ ကျန်တော့တဲ့အခါမှ နာတာရှာကိုလက်ယပ်ခေါ်တယ်။

“တပည့်... ဒီကိုလာခဲ့....”

“ဆရာ... ဘာကိစ္စရှိလို့လဲ။”

နာတာရှာအနားရောက်လာတော့ ရှားလော့ခ်က နာတာရှာလက်ကို ဖမ်းဆွဲပြီးတော့ အခန်းတစ်ခန်းထဲ ပြေးဝင်သွားရော။ ရှားလော့ခ် ဒီနေ့ထူးဆန်းနေတယ်ခံစားရပေမဲ့ နာတာရှာဘာမှမပြောဖြစ်ဘူး။ သူတို့ဆရာအပျိုကြီးက ဒီအတိုင်းပဲမဟုတ်လား။

ရှားလော့ခ်က နာတာရှာကို ထိုင်ခုံတစ်လုံးမှာထိုင်ခိုင်းပြီးနောက် အခုလိုပြောလာတယ်။

“တပည့်... ကိုယ့်ကိုယ်ကိုယ် သခင်နဲ့အစေခံဆိုတဲ့စည်းကြီး ခြားထားလိုက်ရင် တစ်ချိန်ကျရင် ကျန်ရစ်ဖြစ်လိမ့်မယ်နော်။”

“ရှန်....” သူ့ဆရာ ဘာတွေပြောနေမှန်း နာတာရှာ နားမလည်တော့ဘူး။

“ဟိုမိုနီကာတို့ ဆယ်ဗီတို့ ဘယ်လောက်ထိလက်သွက်လဲ နင်မြင်တာပဲ။ နင့်ဆရာငါလည်း အနေအေးမိလို့ခံခဲ့ရပြီးပြီ။”

“ဟိုလေ၊ ဆရာ... ဘာတွေပြောနေတာလဲ။” နာတာရှာတစ်ယောက် သူ့ဆရာရဲ့စကားတွေကိုနားထောင်ရင်း ကျက်သီးတွေတဖြန်းဖြန်း ထလာတဲ့အထိပဲ။

“ရှက်မနေစမ်းပါနဲ့။ နင်က ကလေးတစ်ယောက်အမေ ဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ အခုအပျိုပြန်ဖြစ်သွားပြီ။ နင့်မှာရှိတဲ့ အတွေ့အကြုံတွေကို အကျိုးရှိရှိအသုံးချပြီး ညအရှင်ကိုအပိုင်ဖမ်း။ ရော့ဒီဆံညှပ်လေးကို ကံကောင်းအောင်ဆောင်ထား။”

ရှားလော့ခ်က နာတာရှာရဲ့လက်ထဲ သူ့ခေါင်းက ငွေမဟူရာဆံညှပ် ဖြုတ်ပြီးထည့်ပေးလိုက်တယ်။ နာတာရှာလည်း မနေနိုင်တော့ဘဲ ဆရာဖြစ်သူဆီကနေ ထွက်ပြေးရတော့တာပဲ။

“ဆရာ... တပည့်နဲ့သခင့်ဆက်ဆံရေးက အဲဒီလိုမဟုတ်ဘူး။”

ဘုန်း....

အခန်းတံခါးပြန်ပိတ်သွားချိန်မှာတော့ ရှားလော့ခ်ရယ် နာတာရှာ ယူမသွားတဲ့ ဆံညှပ်လေးရယ်ပဲကျန်တော့တယ်။ ရှားလော့ခ်က သက်ပြင်းချလိုက်ပြီး....

“ကြည့်ရတာ ငါ့တပည့်ငတုံးမက ဟန်ဆောင်တာမူပိုလွန်းပြီး အခက်တွေ့နေပုံပဲ။ ထားပါတော့၊ လူမစွမ်းနတ်မတဲ့။ ငါကပဲ နင့်ကို ညအရှင်နဲ့ အချိန်တွေအတူကုန်ဆုံးနိုင်အောင် အခွင့်အရေးတွေ ဖန်တီးပေးရသေးတာပေါ့။”

All Chapters